အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဘုရားသခင်၏ အခွင့်အာဏာ (၂) (အပိုင်း ခြောက်)

ဆဌမဆုံမှတ်- သေခြင်း

၄။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်လော့

လူတစ်ယောက် မွေးဖွားသည့် အခိုက်အတန့်တွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် ၎င်းအတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ၎င်း၏ အတွေ့အကြုံကို စတင်လေသည်။ ပြောစရာမလိုသည်မှာ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့၊ သူ၏ သြဇာအာဏာကို သိရှိလာပြီး ကိုယ်တိုင် တွေ့ကြုံရဖို့၊ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချပေးခဲ့သည့် ကံကြမ္မာ၏ နိယာမများအတွင်း နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် မည်သူမဆိုအတွက် ၎င်းတို့ဘဝ၏ ဆယ်စုနှစ်များတစ်လျှောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သောဆယ်စုနှစ်များတစ်လျှောက် လူတို့၏ ကိုယ်ပိုင် ဘဝအတွေ့အကြုံများမှတဆင့် လူတိုင်းအတွက် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်ပြဋ္ဌာန်းထားသည်ကို သတိပြုမိဖို့ အလွန်လွယ်ကူသင့်ပြီး အသက်ရှင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သဘောပေါက်ဖို့ သို့မဟုတ် ခြုံငုံဆန်းစစ်ဖို့ လွယ်ကူသင့်ပေသည်။ ဤဘဝသင်ခန်းစာများကို လက်ခံသည်နှင့် အမျှ၊ ဘဝက မည်သည့်နေရာမှလာသည်ကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ နှလုံးသားက မည်သည့်အရာ အမှန်တကယ် လိုအပ်သည်၊ မည်သည့်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်း ဆီသို့ ဦးဆောင်လိမ့်မည် ဆိုသည်နှင့်၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်တို့ကို တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ၏အုပ်စိုးမှုအောက်ကို မလာလျှင်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ အချိန်ကျလာသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့်အခါ၊ ၎င်း၏နှလုံးသားသည် အကန့်အသတ်မရှိသည့် ထိတ်လန့်မှုနှင့် စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်း သတိပြုမိလာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုသည်ကို နားမလည် သကဲ့သို့ လူသားကံကြမ္မာက မည်သူ၏ လက်ထဲ၌ ရှိသည်ဆိုသည်ကို သတိမပြုမိသေးပါက၊ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင် နိုင်မည်မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ ၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။ ဘဝကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား တွေ့ကြုံဖို့နှင့် သူ၏ သြဇာအာဏာကို သိလာရဖို့ အခွင့်အရေးတစ်ရပ်ဟု ရှုမြင်ပါက၊ ဘဝကို ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် မိမိတာဝန်ကို လုပ်ဆောင်ပြီး မိမိ၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်အရေးအနေနှင့် မြင်ပါက၊ ဘဝအပေါ် ဧကန်မုချ မှန်ကန်သည့်အမြင် ရှိပေလိမ့်မည်၊ ဖန်ဆင်းရှင်အားဖြင့် ကောင်းကြီးခံစားရပြီး လမ်းပြခံရသည့် ဘဝတစ်ခုကို ဧကန်မုချ အသက်ရှင်ရလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲ၌ ဧကန်မုချ လျှောက်လှမ်းလိမ့်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဧကန်မုချ သိလိမ့်မည်၊ သူ့အုပ်စိုးမှုအောက်သို့ ဧကန်မုချ လာလိမ့်မည် ဖြစ်ပြီး သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများနှင့် သူ၏ သြဇာအာဏာအဖို့ ဧကန်မုချ မျက်မြင်သက်သေတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်က ဧကန်မုချ ချစ်ကာ လက်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူကသာ သေခြင်းအပေါ် တည်ငြိမ်သည့် စိတ်သဘောကို ထိန်းသိမ်းနိုင်ပြီး ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုနိုင်သည်ကို ပြောဖို့မလိုအပ်ပေ။ သေခြင်းအပေါ် ဤကဲ့သို့သော သဘောထားမျိုးကို သိသိသာသာ ထိန်းသိမ်းနိုင်ခဲ့သည့် လူတစ်ဦးမှာ ယောဘ ဖြစ်ပေသည်။ ယောဘသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ဆီသို့ ယူဆောင်ကာ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေလျက် ဖန်ဆင်းရှင်ထံပါးသို့ သူပြန်သွားခဲ့လေသည်။

၅။ ဘဝတွင် ယောဘ၏ လိုက်စားမှုများနှင့် ရရှိခြင်းများက သူ့ကို သေခြင်းအား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခွင့်ပေးသည်

ကျမ်းစာထဲတွင် ယောဘအကြောင်း ရေးထား၏- “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဤသည်မှာ ယောဘ သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိသကဲ့သို့ နာကျင်မှုမခံစားရဘဲ ဤလောကမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုသည်။ အယောက်တိုင်း သိကြသည့်အတိုင်း၊ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက် များကြောင့် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့ပြီး သူ့ကို တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီး ခိုင်လုံသောနည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုနှင့် ဖန်ဆင်းရှင်က သူ၏ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့် အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာတို့ကို ရရှိခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပို၍ပင် ကောင်းသည့် နေရာတစ်ခု၌ထားရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘအပေါ် ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများနှင့် ပတ်သက်၍ မုချ စိတ်ပူပန်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းကို သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့သည့်အတွက်၊ သူ့မှာ စိုးရိမ် ပူပန်မှုများမရှိ၊ နောင်တရစရာ ဘာမျှမရှိခဲ့သကဲ့သို့၊ မှန်ပေ၏၊ သေခြင်းကိုလည်း မကြောက်ခဲ့ပေ။ သူသည် မိမိ၏ ကိုယ်ပိုင် အဆုံးသတ်နှင့် ပတ်သက်စိုးရိမ်စရာအကြောင်း မရှိခဲ့ပေ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးဖြင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ထိုသို့ ရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူမျှ ထိန်းသိမ်းနိုင်စွမ်းမရှိသနည်း။ အကြောင်းပြချက်က တစ်ခုသာရှိ၏။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘသည် ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ပျော်ရွှင်ခဲ့လေသည်။ ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယနေ့ခေတ် လူတို့သည် ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ရရှိနိုင်သလော။ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်အခြေအနေ သင်တို့ ရှိပါသလား။ ဤနေ့ခေတ် လူတို့သည် အခြေအနေများ အမှန်ရှိကြသည့်အတွက်၊ ယောဘကဲ့သို့ အဘယ်ကြောင့် ပျော်ရွှင်စွာ အသက်မရှင်နိုင်ကြပါသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။

၆။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ထံပါးသို့ ပြန်လာနိုင်သည်

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့် ဆိုင်သော ရှင်းလင်းသည့် အသိပညာနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းတို့နှင့်ဆိုင်သော တစ်ဦးတစ်ယောက်၏ အသိပညာက သေချာပေါက် ရောထွေးနေလိမ့်မည်။ အရာ အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို လူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ၊ အရာအားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို ဝန်ခံရသည်ကို လူတို့ နားမလည်ကြ၊ ထိုသို့သော အချုပ်အခြာ အာဏာကို စွန့်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပေ။ ဤအကြောင်းကြောင့်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ ၎င်းတို့ အချိန်ကျလာသည့်အခါ၊ ၎င်းတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပေ။ ၎င်းတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလွန်များလှသော ဝန်လေးမှု၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ၏။ ဤအရာက သူတို့အား သေခြင်းကို ကြောက်ရွံ့စေသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်း အတွက်၊ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပေ။ မည်သူမှ အမှုအရာများ၏ ဖြစ်စဉ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝန်လေးမှု သို့မဟုတ် စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်နိုင်ဖို့ ဆန္ဒရှိပါက၊ တစ်ခုတည်းသော နည်းလမ်းမှာ နောင်တများကို မချန်ထားရစ်ဖို့ဖြစ်သည်။ နောင်တများမပါဘဲ စွန့်ခွာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ၏ သြဇာအာဏာကို သိဖို့နှင့် ဤအရာများကို ကျိုးနွံနာခံဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့်သာ လူသား၏ ခိုက်ရန်ဒေါသ၊ မကောင်းမှု၊ စာတန်၏ ကျေးကျွန်ဘဝမှ ဝေးရာတွင် နေနိုင်ပေသည်။ ဤနည်းဖြင့်သာ ဖန်ဆင်းရှင်၏ လမ်းပြခြင်းနှင့်ကောင်းကြီးပေးမှုခံရသည့် ယောဘ၏ဘဝကဲ့သို့သော ဘဝတစ်ခု၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝတစ်ခု၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝတစ်ခု၊ ရိုးသားပြီး ပွင့်လင်းသည့် ဘဝတစ်ခုကို အသက်ရှင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ ဖန်ဆင်းရှင်၏ စမ်းသပ်မှုများနှင့် ပိတ်ပင်မှုများ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပေသည်။ ဤနည်းဖြင့်သာ ယောဘပြုသကဲ့သို့ မိမိ၏ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးကျူးခြင်းကို ရရှိနိုင်ကာ သူ၏ အသံကို ကြားပြီး၊ သူ ပေါ်ထွန်းသည်ကို မြင်နိုင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိ၊ စိုးရိမ်မှုမရှိ၊ နောင်တများမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံး နိုင်သည်။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင်နေထိုင်ကာ ဘဝဆုံမှတ်တိုင်းကို အလင်းထဲတွင် ဖြတ်သန်းနိုင်သည်၊ မိမိ၏ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ ဖြစ်သော မိမိ၏ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပေသည်၊ ပြီးလျှင် ဖန်ဆင်းခံ လူသားအနေဖြင့် သူ၏ချီးကျူးခြင်းခံရလျက် ဖန်ဆင်းရှင်၏ နံဘေးတွင် အမြဲထာဝရရပ်တည်နိုင်ပေသည်။

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ အခွင့်အရေးအား မလွဲချော်နှင့်

အထက်တွင် ဖော်ပြထားသည့် ဆုံမှတ်ခြောက်ခုသည် သာမန်လူတိုင်း ၎င်းတို့၏ဘဝတွင် ဖြတ်သန်းရမည့် ဖန်ဆင်းရှင် ချမှတ်ပေးခဲ့သော အလွန်အရေးကြီးသည့် အဆင့်များဖြစ်ပါသည်။ လူသား ရှုထောင့်မှနေ၍၊ ဤဆုံမှတ်တိုင်းက အစစ်အမှန်ဖြစ်သည်၊ မည်သည့်အရာကိုမှ ရှောင်၍မရနိုင်သကဲ့သို့ အရာအားလုံးက ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းနှင့် သူ၏ အချုပ်အခြာ အာဏာတို့ကို ဆက်နွှယ်မှုရှိနေသည်။ ထို့ကြောင့် လူသား တစ်ယောက်အတွက်၊ ဤဆုံမှတ်တစ်ခုချင်းစီက အရေးကြီးသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး တစ်ခုချင်းစီတိုင်းကို မည်သို့ဖြတ်သန်းရမည် ဆိုသည့် မေးခွန်းကို သင်တို့အားလုံး ယခု ရင်ဆိုင်ရပေသည်။

လူသားဘဝကို ဖန်တီးသည့် ဆယ်စုနှစ်အချို့သည် ကြာလည်း မကြာသကဲ့သို့ တိုလည်း မတိုပေ။ မွေးဖွားခြင်းနှင့် အရွယ် ရောက်ခြင်းကြားက အနှစ်နှစ်ဆယ်ဝန်းကျင်က မျက်စိတစ်မှိတ် အတွင်းတွင် ကုန်ဆုံးသွားပြီး ဘဝတွင် ဤအချိန်၌ လူတစ်ယောက်ကို အရွယ်ရောက်သူ တစ်ယောက်အဖြစ် သတ်မှတ်သော်လည်း ဤအသက်အရွယ်အုပ်စုထဲက လူတို့သည် လူသားဘဝနှင့် လူသားကံကြမ္မာနှင့် ပတ်သက်၍ နောက်ထပ် ဘာမျှမသိပေ။ ၎င်းတို့ အတွေ့အကြုံ ပိုရလာတာနှင့်အမျှ လူလတ်ပိုင်းသို့ ရောက်လာသည်။ အသက်သုံးဆယ်နှင့် လေးဆယ် အရွယ်ရှိသည့် လူတို့သည် ဘဝနှင့် ကံကြမ္မာအပေါ် တိုးတက် လာသည့် အတွေ့အကြုံတစ်ခု ရလာသည်၊ သို့သော်လည်း ဤအရာများနှင့် ပတ်သက်၍ သူတို့၏ အယူအဆများက အလွန် ဝေဝါးဆဲဖြစ်၏။ လူအချို့တို့က အသက်လေးဆယ်အရွယ် မရောက်ခင် အထိ ဖန်ဆင်းရှင် ဖန်ဆင်းထားသည့် လူသားမျိုးနွယ်နှင့် စကြဝဠာကို စတင်နားလည်ဖို့၊ လူသား၏ဘဝက မည်သည့်အရာဖြစ်သည်၊ လူသား၏ ကံကြမ္မာက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို စတင်နားမလည်ကြပေ။ လူအချို့တို့က ဘုရားသခင်၏ နောက်လိုက်များ အတော်ကြာဖြစ်ပြီး လူလတ်ပိုင်း ရောက်သော်လည်း စစ်မှန်သော ကျိုးနွံနာခံခြင်းအား ပိုင်ဆိုင်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် တိကျသည့် အသိပညာနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုကို မပိုင်ဆိုင်ကြ သေးပေ။ လူအချို့သည် ကောင်းကြီးရဖို့ ကြိုးစားခြင်းထက် မည်သည့်အရာကိုမှ ဂရုမစိုက်ကြချေ။ သူတို့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီး ဖြစ်သော်လည်း သူတို့သည် လူသား ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားအား အနည်းငယ်မျှ မသိ သို့မဟုတ် နားမလည်ကြ သကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုတို့ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော လက်တွေ့ကျသည့် သင်ခန်းစာထဲသို့ အနည်းအကျဉ်းမျှပင် မဝင်ရောက်ကြသေးချေ။ ထိုသို့သော လူတို့သည် လုံးလုံးလျားလျား မိုက်မဲပြီး မိမိတို့၏ ဘဝများကို အချည်းနှီးအသက်ရှင်ကြလေသည်။

လူသား၏ ဘဝတစ်ခုကို ဘဝအတွေ့အကြုံအဆင့်နှင့် လူသားကံကြမ္မာနှင့်ဆိုင်သော အသိပညာတို့ဖြင့် ခွဲခြားပါက၊ အကြမ်းဖျင်း အဆင့်သုံးခုအဖြစ် ကွဲနိုင်၏။ ပထမအဆင့်က မွေးဖွားခြင်းနှင့် လူလတ်ပိုင်းကြားက နှစ်များ၊ သို့မဟုတ် မွေးဖွားခြင်းမှ သုံးဆယ် အရွယ်အထိဖြစ်သော လူငယ်ပိုင်းဖြစ်သည်။ ဒုတိယ အဆင့်က လူလတ်ပိုင်းမှ သက်ကြီးပိုင်း သို့မဟုတ် အသက်သုံးဆယ်မှ ခြောက်ဆယ်အထိဖြစ်သည့် ရင့်ကျက်ခြင်း ဖြစ်သည်။ တတိယအဆင့်က အသက်ခြောက်ဆယ်မှစပြီး သက်ကြီးပိုင်းမှ လောကထဲက ထွက်ခွာသွားသည့်အချိန်အထိ အရွယ်ရောက်လာသည့်ကာလ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုသော် မွေးဖွားခြင်းမှ လူလတ်ပိုင်းအထိ ကံကြမ္မာနှင့် ဘဝအပေါ် လူအများစု၏ အသိပညာက အခြားသူများ၏ စိတ်ကူးများကိုသာ သံယောင်လိုက်နေခြင်းနှင့် ကန့်သတ်ခံရကာ စစ်မှန်သည့်၊ လက်တွေ့ကျသည့် အနှစ်သာရ မရှိသလောက်ပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်း၌ ဘဝအပေါ် အမြင်နှင့် လောကထဲတွင် မိမိလမ်းကို မည်သို့ပြုလုပ်သည်ဆိုသည့် အရာအားလုံးသည် အတော်အတန်ရိုးစင်းလေသည်။ ဤသည်မှာ လူပျိုပေါက် အချိန်ကာလ ဖြစ်သည်။ ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းမှု အားလုံးကို မြည်းစမ်းပြီးနောက်မှသာ ကံကြမ္မာကို အမှန်တကယ် နားလည်မှုရှိလာသကဲ့သို့ ကံကြမ္မာ၏ ပြောင်းလဲလို့မရခြင်းကို မသိစိတ်၏စေ့ဆော်မှုအရ နှလုံးသားအတွင်း နက်နက်ထဲတွင် တဖြည်းဖြည်းနှင့် အသိအမှတ် ပြုလာကာ လူသား၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာသည် အမှန်တကယ် တည်ရှိသည်ကို တဖြည်းဖြည်းနှင့် သိမြင်လာသည်။ ဤသည်မှာ လူတစ်ယောက်၏ အရွယ်ရောက်ခြင်း အချိန်ကာလ ဖြစ်ပါသည်။ လူတစ်ယောက်သည် ကံကြမ္မာကို ဆန့်ကျင် ရုန်းကန်ခြင်း ရပ်လိုက်သည့်အချိန်၊ ပဋိပက္ထဲ ဝင်ရောက်ဖို့ ဆန္ဒ မရှိတော့သကဲ့သို့ ယင်းအစား ဘဝတွင် မိမိတို့၏ဘဝကြမ္မာကို သိပြီး၊ ကောင်းကင်ဘုံ၏ အလိုကို ကျိုးနွံနာခံသည့်အခါ၊ ဘဝတွင် မိမိတို့၏အောင်မြင်မှုများနှင့် မှားယွင်းမှုများကို ခြံငုံဆန်းစစ်ပြီး မိမိဘဝအပေါ် ဖန်ဆင်းရှင်၏ တရားစီရင်မှုကို စောင့်သည့်အခါ၊ လူတစ်ဦးသည် အရွယ်ရောက်သည့် ကာလထဲသို့ ဝင်ရောက် လေသည်။ ဤအချိန်ကာလသုံးခုအတွင်း လူတို့ရရှိသည့် မတူညီသည့် အတွေ့အကြုံများနှင့် ရှာမှီးရရှိသောဥစ္စာများကို ထောက်စာလျှင်၊ သာမန် အခြေအနေများအောက်တွင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ တစ်ဦးတစ်ယောက်၏ အခွင့်အလမ်းတံခါးပေါက်မှာ သိပ်မကြီးပေ။ လူတစ်ယောက်က အသက် ခြောက်ဆယ်အထိ အသက်ရှင်မည်ဆိုလျှင်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့ အနှစ်သုံးဆယ် ဝန်းကျင်လောက်သာ ရှိသည်။ ပိုကြာသည့် အချိန်ကာလကို လိုချင်လျှင်၊ သူ၏အသက်က လုံလောက်သည့်အထိ ရှည်မှသာ၊ ရာစုနှစ်တစ်ခုအထိ အသက်ရှင် နိုင်မှသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ သာမန်နိယာမများအရ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း အကြောင်းကိစ္စကို တစ်ဦးတစ်ယောက်က ပထမဆုံး တွေ့ကြုံသည့်အချိန်မှ ထိုအချုပ်အခြာအာဏာ၏ အမှန်တရားကို သိမြင်လာနိုင်သည့် အချိန်အထိ၊ ထိုအချိန်မှစ၍ ထိုအချုပ်အခြာ အာဏာကို ကျိုးနွံနာခံနိုင်သည့် အချိန်အထိသည် အလွန်ရှည်သည့် ဖြစ်စဉ် ဖြစ်သော်လည်း နှစ်များကို အမှန်တကယ် ရေတွက်ကြည့် ပါက၊ ဤဆုလာဘ်များကိုရဖို့ အခွင့်အရေးရှိသည့်အချိန်မှာ နှစ်သုံးဆယ် သို့မဟုတ် လေးဆယ်ထက် မပိုပေ။ ပြီးလျှင် လူသားဘဝ၏ အနှစ်သာရက ဘယ်မှာတည်ရှိသည်ကို ပိုင်းခြား မသိမြင်နိုင်ဖို့နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၏ အရေးကြီးမှုကို သဘောမပေါက်ဖို့အလို့ငှာ လူတို့သည် ကောင်းချီးရဖို့ သူတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များနောက်သို့ မကြာခဏ ပါသွားတတ်ကြသည်။ ထိုသို့သော လူတို့သည် လူသားဘဝနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ရဖို့ လူသားကမ္ဘာထဲကို ဝင်ရောက်ရန် ဤတန်ဖိုးရှိသည့် အခွင့်အရေးကို မမြတ်နိုးကြသကဲ့သို့ ဖန်ဆင်းရှင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို ရရှိဖို့ ဖန်ဆင်းခံတစ်ယောက်အတွက် ထိုအရာက မည်မျှ တန်ဖိုးမဖြတ်နိုင်သည်ကို နားမလည်ကြချေ။ ထို့ကြောင့် လူတို့က ဘုရားသခင်၏ ပုဂ္ဂိုလ်စစ်စစ်ကို ရုတ်တရက် ရှုမြင်နိုင်ပြီး ဖြစ်နိုင်သမျှမြန်မြန် ကောင်းချီးများရရှိဖို့ အလို့ငှာ ဘုရားသခင်၏ အမှုကို အမြန်ပြီးစေချင်သည့်သူများ၊ လူသား၏အဆုံးသတ်ကို ဘုရားသခင်က အမြန်ဆုံးစီစဉ်ဖို့ ဆန္ဒရှိသည့်သူများသည် အဆိုးဆုံး မနာခံခြင်းအမျိုးအစားနှင့်ဆိုင်သည့် အပြစ်ရှိပြီး ၎င်းတို့သည် အလွန်အမင်း မိုက်မဲကြသည်ဟု ငါဆို၏။ ထိုစဉ်အတောအတွင်းတွင်၊ စိတ်ပိုင်းဆိုင်ရာ အဆုံးစွန်သော ထိုးထွင်းဉာဏ်ရှိသည့် လူတို့ထဲက ပညာရှိသူများသည် ၎င်းတို့၏အချိန်အကန့်အသတ်အတွင်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့ ဤထူးခြားသည့် အခွင့်အရေးကို ဖမ်းဆုပ်ရန် ဆန္ဒရှိသူများ ဖြစ်သည်။ ဤမတူညီသည့် ဆန္ဒနှစ်ခုက အလွန် ကြီးမားစွာ ကွဲလွဲနေသော အမြင်များနှင့် လိုက်စားမှုများကို ဖော်ထုတ်လေသည်။ ကောင်းချီးများကို ရှာဖွေသည့်သူများသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကာ ဘုရားသခင်၏ အလိုကို ထည့်သွင်းစဉ်းစားခြင်းမရှိ၊ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဘယ်သောအခါမှ မရှာဖွေ၊ ယင်းကို ကျိုးနွံနာခံဖို့ ဘယ်သောအခါမှ ဆန္ဒမရှိဘဲ ၎င်းတို့ စိတ်ကျေနပ်သည့်အတိုင်းသာ အသက်ရှင် နေထိုင်ချင်ကြလေသည်။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သည့် အကျင့်ပျက်သူများဖြစ်ကာ ဖျက်ဆီးခံရမည်မှာ ဤလူအုပ်စုဖြစ်ပေသည်။ ဘုရားသခင်ကိုသိဖို့ ကြိုးစားသူတို့သည် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားနိုင် ကြသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားနေကြပြီး ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံမှုအပြည့်ရှိသူများနှင့် ဘုရားသခင်၏ ဆန္ဒကို ဖြည့်ဆည်းသည့် လူမျိုးများဖြစ်ဖို့ ကြိုးစားကြလေသည်။ ထိုသို့သောလူများသည် အလင်းထဲနှင့် ဘုရားသခင်၏ ကောင်းချီးများ အလယ်တွင် အသက်ရှင်ကာ သူတို့သည် ဘုရားသခင်၏ ချီးကျူးခြင်းကို အမှန်တကယ် ခံစားကြရ လိမ့်မည်။ မည်သို့ပင်ဖြစ်စေ လူသား၏ရွေးချယ်မှုက အသုံးမဝင်သကဲ့သို့ ဘုရားသခင်၏ အမှု မည်မျှကြာမည် ဆိုသည့်အပေါ် လူသားက ပြောပိုင်ခွင့်မရှိပါ။ လူတို့အတွက် ဘုရားသခင်ထံ ပုံအပ်ဖို့၊ သူ့၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့က ပိုပြီးကောင်းပါသည်။ သင်က သူ့ထံ မပုံအပ်ပါက၊ သင် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ အကျိုးဆက်အနေဖြင့် ဆုံးရှုံးမှုတစ်ခုတစ်လေ ဘုရားသခင် ခံရလိမ့်မည်လော။ သင်က ဘုရားသခင်ထံ မပုံအပ်ဘဲ၊ ယင်းအစား ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားပါက၊ သင်သည် မိုက်မဲသည့် ရွေးချယ်မှုကို ပြုလုပ်နေခြင်း ဖြစ်ပြီး အဆုံး၌သင်သည် ဆုံးရှုံးမှုကို ကြုံရမည့် တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။ လူတို့သည် ဘုရားသခင်နှင့် မြန်နိုင်သမျှ မြန်မြန် ပူးပေါင်းလုပ်ဆောင်မှသာ၊ သူ၏စီစဉ်ညွှန်ကြားမှုများကို အလျင်အမြန် လက်ခံမှသာ၊ သူ့၏ သြဇာအာဏာကိုသိကာ ၎င်းတို့အတွက် သူလုပ်ခဲ့သည့်အရာအားလုံးကို နားလည်မှသာ၊ ၎င်းတို့သည် မျှော်လင့်ခြင်း ရှိလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ အသက်တာများသည် အချည်းနှီး အသက်ရှင်လိမ့်မည် မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိပေလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။