အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၁) (အပိုင်း နှစ်)

စာတန်၏ နောက်ထပ်မည်သည့် စကားလုံးများနှင့် အသုံးအနှုန်းများက သူ၏ အကျည်းတန်လှသည့် မျက်နှာကို လူများမြင်နိုင်ခွင့် ပေးသနည်းဆိုသည်ကို ယခုကြည့်ကြပါစို့။ ကျမ်းပိုဒ် တချို့ကို ဆက်ဖတ်ကြည့်ကြစို့။

ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား

ယောဘ ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်ရှိခဲ့ပြီး စာတန်သည်လည်း သူတို့အလယ်တွင် လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ ၂:၁-၅ နောက်တဖန် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်လာပြန်၏။ စာတန်သည်လည်း ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရန် သူတို့အလယ်သို့ လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူ့နှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ဘုရားသခင်နှင့် စာတန်အကြားက အပြန်အလှန် ပြောစကားဖြစ်ပြီး၊ ဘုရားသခင် ပြောသည့်အရာနှင့် စာတန်ပြောသည့်အရာများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဘုရားသခင်က အများကြီး ပြောခဲ့သလော။ (မပြောခဲ့ပါ။) သူအများကြီး မပြောခဲ့ပါ၊ ထို့ပြင် အင်မတန် ရိုးစင်းစွာ ပြောခဲ့၏။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဘုရားသခင်၏ ရိုးစင်းသည့် နှုတ်ကပတ်တော်များထဲတွင် ငါတို့ မြင်နိုင်သလော။ “ဤသည်မှာ မလွယ်ပါ” ဟုတချို့က ပြောကြလိမ့်မည်။ ထို့ကြောင့် စာတန်၏ ပြန်ပြောစကားများထဲတွင် သူ၏အကျည်းတန်မှုကို ငါတို့မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ယေဟောဝါ ဘုရားသခင်က စာတန်ကို မည်သည့်မေးခွန်းမျိုး မေးခဲ့သည်ကို ဦးစွာကြည့်ကြပါစို့။ (“အသင် အဘယ်အရပ်က လာသနည်း။”) ဤသည်မှာ ရိုးရိုးစင်းစင်း မေးခွန်းတစ်ခုလော။ (ဟုတ်ပါသည်။) ဤအထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ရှိသလော။ (မရှိပါ။) ဤသည်မှာ မေးခွန်းသက်သက်ဖြစ်၏၊ ဖြူစင်သည်၊ တခြား မည်သည့်ရည်ရွယ်ချက်မှ မပါ။ “သင်မည်သည့်နေရာက လာသနည်း” ဟု ငါသင်တို့ကို မေးမည်ဆိုလျှင်၊ သင်တို့ မည်သို့ ပြန်ဖြေကြမည်နည်း။ ဤသည်မှာ အဖြေရခက်သည့် မေးခွန်းလော။ “လှည့်လည်၍ အရပ်ရပ် သွားလာသည့်အမှုထဲက လာပါသည်” ဟု သင်တို့ ပြန်ဖြေကြမည်လော။ (မဟုတ်ပါ။) သင်တို့သည် ဤသို့ ပြန်ဖြေကြမည် မဟုတ်၊ ထို့ကြောင့် စာတန်က ဤကဲ့သို့သောနည်းဖြင့် ပြန်ဖြေသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ခံစားရသနည်း။ (စာတန်က ယုတ္တိမတန်ဘဲ ပါးနပ်သည်ဟု ခံစားရပါသည်။) ထိုသို့ ခံစားရသလော။ ငါမည်သည့်အရာ ခံစားနေရ သည်ကို သင်ပြောနိုင်မည်လော။ ဤစကားလုံးများကို ငါမြင်တိုင်း ငါရွံရှာ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အရည်မရ အဖတ်မရများကို ပြောနေသောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ မေးခွန်းကို သူပြန်ဖြေခဲ့ပါသလော။ (မဖြေပါ။) အဘယ်ကြောင့်နည်း။ သူ့စကားလုံးများက အဖြေမဟုတ်သည့်အတွက် ဖြစ်သည်၊ မည်သည့်ရလဒ်မျှ မရှိခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ မေးခွန်းကို ဦးတည်ထားသည့် အဖြေမဟုတ်သောကြောင့် ဖြစ်သည်။ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဤစကားလုံးများကို သင်နားလည်ပါသလော။ နားလည်သလော။ စာတန် မည်သည့်နေရာက လာသနည်း။ အဖြေကို သင်တို့ ရလိုက်ကြသလော။ (မရပါ။) ဤသည်မှာ စာတန်၏ စဉ်းလဲမှု၏ “ထူးခြားပြောင်မြောက်မှု” ဖြစ်သည်၊ မည်သည့်အရာအား အမှန်တကယ် သူပြောနေသည်ကို မည်သူ့ကိုမျှ မသိစေခြင်းဖြစ်သည်။ ဤစကားလုံးများကို ကြားပြီး စာတန်ပြောခဲ့သည်ကို မရိပ်စားမိနိုင် သေးသော်လည်း သူကတော့ ပြန်ဖြေလို့ ပြီးသွားနှင့်ပြီ။ သူကတော့ အံကိုက်ပင် ပြန်ဖြေလိုက်သည်ဟု ထင်နေ၏။ သင်တို့ကရော မည်ကဲ့သို့ခံစားရသနည်း။ (ရွံရှာပါသည်။) ရွံရှာသည်၊ ယခု ဤစကားလုံးများကို စတင်ရွံရှာလာမိသည်။ စာတန်က တိုက်ရိုက်မပြောပါ၊ ဤသို့ဖြင့် သင့်ကို ခေါင်းကုတ်စေပြီး သူ့စကားလုံးများ၏ အရင်းအမြစ်ကို မသိမြင်နိုင်ဘဲ ဖြစ်စေသည်။ တစ်ခါတစ်ရံ သူက တမင်တကာ စဉ်းလဲစွာ ပြောဆိုပြီး တစ်ခါတစ်ရံ သူ၏ကိုယ်ပိုင် အနှစ်သာရ၊ သူ့ကိုယ်ပိုင် သဘာဝ၏ ကြီးစိုးခြင်းကို ခံရသည်။ ဤစကားလုံးများမှာ စာတန်၏နှုတ်ထဲမှ မဆိုင်းမတွ ထွက်လာခဲ့လေသည်။ ဤစကားများကို အချိန်ယူပြီး စဉ်းစားခဲ့ခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချက်ချာသည်ဟု တွေးရင်း စာတန်က ပြောခဲ့ခြင်းဖြစ်သည်။ သူသည် ဤစကားများကို အလိုအလျောက် ဖော်ပြခဲ့ခြင်းဖြစ်သည်။ သူမည်သည့်နေရာကများ လာသနည်းဟု သူ့ကို သင်မေးလိုက်သည်နှင့် သင့်ကိုဖြေကြားရန် ဤစကားများကို သူသုံးလေသည်။ သင့်မှာ တော်တော်ကို အကြံအိုက်နေသည်၊ သူဘယ်ကလာသည်ကို ဘယ်သောအခါမျှ သင်သိလိမ့်မည်မဟုတ်။ ဤကဲ့သို့ ပြောဆိုသည့်သူများ သင်တို့ထဲတွင် ရှိသလော။ (ရှိပါသည်။) ဤသို့ ပြောဆိုခြင်းသည် မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်၏။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးကို သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေပြီး လှည့်စားသည် မဟုတ်လော။ တစ်ယောက်ယောက်က မနေ့က သူဘယ်သွားခဲ့သည်ကို တခြားသူများကို မသိစေချင်ဘူး ဆိုပါစို့။ “မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း” ဟု သင်က သူ့ကို မေးမည်ဆိုလျှင် မနေ့က သူတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် ပြန်မဖြေပေ။ “မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်” ဟု ပြန်ပြောလိမ့်မည်။ ၎င်းတို့က သင့်မေးခွန်းကို ပြန်ဖြေခဲ့ပါ၏လော။ ပြန်ဖြေပါ၏၊ သို့သော် ယင်းမှာ သင်လိုချင်သည့် အဖြေမဟုတ်ပေ။ ဤသည်မှာ လူသားမာယာ၏ “ပြောင်မြောက်မှု” ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင်ဘယ်တော့မျှ မသိရှိနိုင်ပါ၊ သို့မဟုတ် ၎င်းတို့ စကားလုံးများ၏ နောက်ကွယ်က အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကိုလည်း မသိမြင်နိုင်ပေ။ ၎င်းတို့၏ နှလုံးသားထဲတွင် သူတို့ကိုယ်ပိုင် ဇာတ်လမ်းရှိနေသည့်အတွက် သူတို့အဘယ်အရာကို ကြိုးစားရှောင်နေ သည်ကို သင်မသိ။ ဤသည်မှာ ယုတ်ညံ့သော ဖောက်ပြန်ခြင်းပင်။ သင်တို့အနေဖြင့်လည်း မကြာခဏ ဤနည်းလမ်းဖြင့် ပြောကြသလော။ (ပြောပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်က အဘယ်အရာနည်း။ တစ်ခါတစ်ရံ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ ကိုယ့်ရာထူးဂုဏ်ဒြပ်၊ ကိုယ့်ပုံရိပ်ကို စောင့်ရှောက်ရန်၊ ကိုယ်ရေးကိုယ်တာ ဘဝ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန်၊ ကိုယ့်ဂုဏ်သတင်းကို ကယ်ရန်ပင် မဟုတ်လော။ ရည်ရွယ်ချက်က မည်သည့်အရာပင် ဖြစ်နေပါစေ၊ ယင်းက သင်၏ကိုယ်ကျိုးများနှင့် ခွဲခြားမရသကဲ့သို့၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်ထားလေသည်။ ဤသည်မှာ လူသား၏ သဘာဝပင် ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့သော သဘာဝမျိုးရှိသည့် လူတိုင်းသည် စာတန်နှင့် ဆင်တူကြသည် မဟုတ်သလော။ ငါတို့ ဤကဲ့သို့ ပြော၍ရနိုင်၏၊ ဟုတ်သည် မဟုတ်လော။ အများအားဖြင့် သရုပ်သကန်များသည် စက်ဆုပ်စရာနှင့် ရွံရှာစရာ ကောင်းပေသည်။ သင်တို့သည်လည်း ယခု ရွံရှာနေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ပထမ ကျမ်းပိုဒ်ကို ပြန်ကြည့်လျှင် စာတန်က ယေဟောဝါကို ဤကဲ့သို့ အဖြေပေး၏- “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့ သလော။” ၎င်းက ယေဟောဝါ၏ ယောဘအပေါ် အကဲဖြတ်ချက်ကို စတင်တိုက်ခိုက်သည်။ ဤတိုက်ခိုက်မှုတွင် ရန်လိုမှုများ စွန်းထင်းနေ၏။ “ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။” ဤသည်မှာ ယောဘ အပေါ်ပြုသော ယေဟောဝါ၏ အမှုကို စာတန်၏ နားလည်သဘောပေါက်မှု နှင့် အကဲဖြတ်မှုဖြစ်သည်။ စာတန်က ထိုအရာကို ဤကဲ့သို့ အကဲဖြတ်လေသည်။ “သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” စာတန်သည် အမြဲပင် မရေမရာနှင့် ပြောဆိုသော်လည်း ဤနေရာတွင်တော့ သေချာမှုနှင့် ပြောလေသည်။ သို့သော် သေချာမှုနှင့် ပြောသော ဤစကားလုံးများက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သော ယေဟောဝါ ဘုရားသခင်ကို ဝေဖန်ထိုးနှက်ခြင်း၊ စော်ကားကျိန်ဆဲခြင်းနှင့် ပြိုင်ဆိုင်ခြင်း ဖြစ်သည်။ ယင်းကို ကြားရသည့်အခါ သင်တို့ မည်ကဲ့သို့ ခံစားကြရသနည်း။ မနှစ်သက်ခြင်းကို ခံစားရသလော။ ၎င်း၏ ရည်ရွယ်ချက်များကို မြင်နိုင်ပါသလော။ ပထမဦးဆုံး ၎င်းက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်သည့် ယောဘအား ယေဟောဝါ၏ အကဲဖြတ်ချက်ကို ငြင်းပယ်လိုက်သည်။ ထို့နောက် ယေဟောဝါကို ကြောက်ရွံ့မှုနှင့် ယောဘ ပြောဆိုလုပ်ကိုင်သမျှကို သူငြင်းပယ်သည်။ ယင်းမှာ စွပ်စွဲရိပ်များ လွှမ်းနေသလော။ ယောဟောဝါ ပြောဆိုလုပ်ကိုင်သမျှကို စာတန်က စွပ်စွဲ၊ ငြင်းပယ်ပြီး သံသယဝင်သည်။ “အမှုအရာများက ဤသို့ဆိုပြီး ကိုယ်တော်ကပြောလျှင် ကျွန်ုပ်မှာ ယင်းကို အဘယ်ကြောင့် မမြင်ရသနည်း။ ကိုယ်တော်သည် သူ့ကို ကောင်းချီးအများအပြား ပေးထားသည်တကား၊ သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲ အဘယ်သို့နေမည်နည်း” ဟုပြောလျက် သူက မယုံကြည်ပါ။ ဤသည်မှာ ဘုရားသခင်ပြုသမျှကို ငြင်းပယ်နေခြင်း မဟုတ်လော။ စွပ်စွဲခြင်း၊ ငြင်းပယ်ခြင်း၊ စော်ကားကျိန်ဆဲခြင်း- ၎င်း၏ စကားလုံးများက ရန်မူနေခြင်းဖြစ်သည် မဟုတ်လော။ ထိုအရာများသည် ၎င်း၏ နှလုံးသားထဲက စာတန်တွေးသည့် အရာ၏ ဖော်ပြချက်အမှန် မဟုတ်လော။ စကားလုံးများသည် ယခုလေးတင် ငါတို့ဖတ်ခဲ့သည့် “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူသော စကားလုံးများနှင့် လုံးဝမတူပေ။ ထိုစကားလုံးများနှင့် ဤစကားလုံးများသည် တခြားစီဖြစ်၏။ ဤစကားလုံးများမှတစ်ဆင့် စာတန်သည် ဘုရားသခင် အပေါ် သူ၏သဘောထားနှင့် သူ့နှလုံးသားတွင် ထိန်းထားသည့် ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စက်ဆုပ်သည့်သဘောကို လုံးဝ ဖွင့်ချပြလေသည်။ ဤအရာဖြစ်လာ သည့်အခါ သူ၏ မလိုမုန်းထားစိတ်နှင့် မကောင်းသည့် သဘာဝများက လုံးလုံးလျားလျား ထုတ်ဖော်ခြင်း ခံလိုက်ရ၏။ ဘုရားသခင်ကို ကြောက်ရွံ့သူများကို သူစက်ဆုပ်၏၊ မကောင်းသည့်အကျင့်ရှောင်သူများကို သူစက်ဆုပ်သည်၊ ယေဟောဝါက လူသားအပေါ် ကောင်းချီးများ ချပေးသည်ကို ပို၍ပင် သူစက်ဆုပ်ပါသေးသည်။ “ယောဘက ကိုယ်တော့်ကို ကြောက်ရွံ့ပြီး မကောင်းသည့်အကျင့်ကို ရှောင်သည်ဟု ကိုယ်တော် ပြောသည်။ ကျွန်ုပ်မူကား ထို့သို့မမြင်ပါ” ဟု ပြောလျက် ဘုရားသခင်က သူ့ကိုယ်ပိုင် လက်တော်နှင့် ပျိုးထောင်ခဲ့သည့် ယောဘကို ဖျက်ဆီးရန်၊ ပျက်ကိန်းဆိုက်စေရန် အခွင့်အရေးကို သူအသုံးချချင်သည်။ ယေဟောဝါကို ရန်စဖို့ရန်နှင့် သွေးဆောင်ဖို့ရန် နည်းလမ်းအမျိုးမျိုးကို သူအသုံးပြု၏။ ယေဟောဝါ ဘုရားသခင်က ယောဘကို အကြောင်းမဲ့သက်သက် ခြယ်လှယ်ခြင်း ခံရစေရန်၊ ဘေးပြုခြင်း ခံရစေရန်နှင့် ကိုင်တွယ်ခြင်း ခံရစေရန် သူ့ထံသို့ လွှဲပြောင်းပေးရန် နည်းလမ်းအမျိုးမျိုးကို စာတန် အသုံးပြုသည်။ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်ပြီး စုံလင်သည့် လူကို ရှင်းပစ်ရန် ဤအခွင့်အရေးကို သူအသုံးချချင်သည်။ သူ့အထဲ၌ ဤကဲ့သို့သော နှလုံးသားမျိုးရှိခြင်းက ယာယီခဏမျှ စိတ်ကူးပေါက်ခြင်း ပေလော။ မဟုတ်ပါ၊ ယာယီစိတ်ကူးပေါက်ခြင်း မဟုတ်။ သူအကောင်အထည်ဖော်ထားသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူစစ်ကြောသည်။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ် ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ ဘုရားသခင်ကို ၎င်းက မည်သူကိုမျှ မရစေချင်ပေ။ ၎င်းကို ကိုးကွယ်စေဖို့၊ ၎င်းနှင့်အတူ ဆိုးယုတ်သော လုပ်ရပ်များ ကျူးလွန်စေဖို့အလို့ငှာ သိမ်းပိုက်ဖို့၊ ထိန်းချုပ်ဖို့၊ ကြီးကြပ်ကွပ်ကဲဖို့ ဘုရားသခင် အလိုရှိသောသူမှန်သမျှကို ၎င်းက လိုချင်၏၊ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။ သာမန်အားဖြင့် စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟုဆိုပြီး သင်တို့က မကြာခဏ ပြောကြသည်၊ သို့သော် ယင်းကို သင်တို့ မြင်ပြီးသွားပြီလော။ လူသား၏ ဆိုးရွားပုံကိုသာ သင်တို့မြင်နိုင်ပြီး စာတန်၏ အမှန်တကယ် ဆိုးရွားပုံကို သင်တို့ လက်တွေ့ မမြင်ရသေး။ သို့သော် ယောဘနှင့် ပတ်သက်နေသော ဤကိစ္စရပ်တွင် ထိုအရာကို သင်တို့ မြင်ပြီလော။ (မြင်ပါပြီ။) ဤကိစ္စသည် စာတန်၏ အကျည်းတန်လှသည့် မျက်နှာထားနှင့် သူ၏အနှစ်သာရကို အင်မတန် ရှင်းလင်းသွားစေပေသည်။ စာတန်က ဘုရားသခင်နောက်ကို နောက်ယောင်ခံလိုက်ရင်း သူနှင့်စစ်ဆင်နွှဲ နေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် အလိုရှိသော သူများကို သိမ်းပိုက်ရန်နှင့် ချုပ်ကိုင်ရန်၊ ဘုရားသခင် အလိုရှိသောသူများကို အပြီးတိုင် ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ သူတို့က မကွယ်ပျောက်ပါက စာတန်၏အသုံးပြုခြင်းကို ခံရရန် သူပိုင်ဆိုင်သောသူ ဖြစ်လာသည်။ ဤသည်မှာ သူ၏ရည်ရွယ်ချက်ဖြစ်ပေသည်။ ဘုရားသခင် ကရော မည်သည့်အရာကို လုပ်ဆောင်ပါသနည်း။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ရိုးစင်းသည့် ဝါကျတစ်ကြောင်းကိုသာ ပြောခဲ့၏။ ဘုရားသခင်ပြုသည့် အရာများနှင့် ပတ်သက်ပြီး ဤထက်ပို မှတ်တမ်းတင်ထားခြင်း မရှိပါ၊ သို့သော် စာတန် လုပ်ကိုင်ပြောဆိုခြင်းများနှင့် ပတ်သက်သည့် နောက်ထပ် မှတ်တမ်းများစွာကို ငါတို့မြင်ရ၏။ အောက်က ကျမ်းစာ တစ်ပိုဒ်ထဲတွင် ယေဟောဝါက စာတန်ကို “အသင် အဘယ်အရပ်က လာသနည်း” ဟုမေးခဲ့၏။ စာတန်က မည်သို့ဖြေခဲ့သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူ၍သာ ဖြေပါသည်။) ထိုဝါကျသာ ဖြစ်နေ သေး၏။ ယင်းက အဘယ်သို့ စာတန်၏ ဆောင်ပုဒ်၊ စာတန်၏ အပြောင်မြောက်ဆုံးလက်ရာ ဖြစ်လာရသနည်း။ စာတန်သည် အမုန်းနှင့် ပြည့်နေသည် မဟုတ်လော။ ရွံရှာဖွယ်ဖြစ်သည့် ဤဝါကျကို တစ်ကြိမ်ပြောရုံနှင့် လုံလောက်သည်။ အဘယ်ကြောင့် စာတန်က ဤဝါကျကိုသာ အမြဲတမ်း ထပ်တလဲလဲ ပြောရသနည်း။ ဤအရာက အချက်တစ်ချက်ကို သက်သေပြ၏။ စာတန်၏ သဘာဝက မပြောင်းလဲပါဟူသည့်အချက် ဖြစ်သည်။ စာတန်သည် သူ၏ အကျည်းတန်လှသော မျက်နှာကို ဖုံးကွယ်ဖို့ ဟန်ဆောင်မှုကို အသုံးမပြုနိုင်ပါ။ ဘုရားသခင်သည် သူ့ကို မေးခွန်းတစ်ခု မေးလိုက်ပြီး သူက ထိုကဲ့သို့သောနည်းနှင့် ပြန်ဖြေသည်၊ လူများကို သူဆက်ဆံပုံကို ပြောရန်မလိုတော့ပေ။ သူသည် ဘုရားသခင်ကို အားမနာ၊ ဘုရားသခင်ကို မကြောက်ရွံ့ပါ၊ ထို့ပြင် ဘုရားသခင်ကို မနာခံပါ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် လက်လွတ်စပယ် စိတ်ကြီးဝင်ရဲလေသည်၊ ဘုရားသခင်၏ မေးခွန်းကို ခါထုတ်ပစ်ရန် တူညီသည့် စကားလုံးများကိုသာ အသုံးပြုရဲသည်၊ ဘုရားသခင်၏ မေးခွန်းအတွက် အဖြေတစ်ခုတည်းကိုသာ ထပ်တလဲလဲအသုံးပြုရဲသည်၊ ဘုရားသခင်ကို ဝေခွဲမရဖြစ်သွားစေခြင်းငှာ အဖြေကို အသုံးပြုရန် ကြိုးပမ်းရဲသည်၊ ဤသည်မှာ စာတန်၏ အကျည်းတန်သော မျက်နှာပင်ဖြစ်ပေသည်။ သူက ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို မယုံကြည်ပါ၊ ဘုရားသခင်၏ အာဏာကို မယုံကြည်ပါ၊ ထို့ပြင် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံဖို့ကိုလည်း လုံးဝမလိုချင်ပေ။ သူသည် အစဉ်တစိုက် ဘုရားသခင်ကို ဆန့်ကျင် လေသည်၊ ဘုရားသခင် ပြုသည့်အရာအားလုံးကို ဖျက်ဆီးရန်ကြိုးစားရင်း ဘုရားသခင်ပြုသည့်အရာအားလုံးကို အစဉ်တစိုက်သာ တိုက်ခိုက်နေ၏။ ဤသည်မှာ သူ၏ မကောင်းသော ရည်ရွယ်ချက်ဖြစ်သည်။

ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင်၊ စာတန်ပြောဆိုသော ဤကျမ်းပိုဒ်နှစ်ခုနှင့် ယောဘဝတ္ထုထဲမှ စာတန် လုပ်ဆောင်သည့် အရာများသည် သူ၏ဘုရားသခင်ကို ခုခံမှု၏ ကိုယ်စားပြုသောအရာဖြစ်ပြီး ဤအရာက မိမိ၏ စရိုက်အမှန်ကို ပြနေခြင်းဖြစ်သည်။ စာတန်၏ စကားလုံးများနှင့် လုပ်ရပ်များကို လက်တွေ့ဘဝတွင် သင်တွေ့ဖူးပြီလော။ ထိုအရာများကို သင်တွေ့သည့်အခါတွင် စာတန်ပြောသည့်အရာများ မဟုတ်ဘဲနှင့် လူသားကပြောသည့် အရာများဟု သင်ထင်ကောင်း ထင်နိုင်၏။ ထိုအရာများကို လူသားက ပြောသည့်အခါတွင် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ စာတန်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ ယင်းကို သင့်အနေဖြင့် မှတ်မိလျှင်ပင် စာတန်က အမှန်တကယ်ပင် ထိုအရာများကို ပြောသည့်အကြောင်း သင်မသိရှိနိုင်သေးပေ။ သို့သော် ယခု ဤနေရာတွင်တော့ စာတန်ကိုယ်တိုင်က ပြောခဲ့သည့်အရာအား တိတိပပ သင်မြင်သွားပေပြီ။ စာတန်၏အကျည်းတန်လှသည့် မျက်နှာနှင့် ဆိုးယုတ်မှုအကြောင်းကို ပြတ်သားပြီး ကျောက်သလင်းလို ကြည်လင်သည့် နားလည်မှု ယခု သင့်မှာရှိပေပြီ။ ထို့ကြောင့် စာတန်ပြောခဲ့သော ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် စာတန်၏သဘာဝကို သိဖို့ရန်ယနေ့လူများအတွက် အဖိုးတန်ပါသလော။ ယနေ့လူသားများသည် စာတန်၏ အကျည်းတန်လှသည့် မျက်နှာကို မှတ်မိဖို့ရန်၊ စာတန်၏ မူလ မျက်နှာအစစ်ကို မှတ်မိရန်အတွက် ဤကျမ်းနှစ်ပိုဒ်ကို စုဆောင်းလေ့လာရန် ထိုက်တန်ပါ၏လော။ ဤအရာကို ပြောခြင်းက သိပ်ပြီး မသင့်တော်ဟု ထင်ရသော်လည်း ဤနည်းလမ်းဖြင့် ယင်းကို ဖော်ပြခြင်းအား တိကျသည်ဟု မှတ်ယူရနိုင်ပါသေးသည်။ ဤနည်းလမ်းဖြင့်ပင် ငါပြောနိုင်၏၊ အကယ်၍ သင်တို့သည် အရာကို နားလည်နိုင်လျှင် လုံလောက်ပါပြီ။ ထပ်ခါထပ်ခါပင် စာတန်သည် ယေဟောဝါပြုသည့် အရာများကို တိုက်ခိုက်၏၊ ယေဟောဝါ ဘုရားသခင်ကို ယောဘ၏ ကြောက်ရွံ့မှုအကြောင်း စွပ်စွဲချက်များ ထုတ်လေသည်။ ယောဘကို သွေးဆောင်ရန် ယေဟောဝါက ခွင့်ပြုအောင် သူလုပ်ရင်း နည်းအမျိုးမျိုးနှင့် ယေဟောဝါကို ရန်စရန် သူကြိုးပမ်းသည်။ ထို့ကြောင့် သူ၏စကားလုံးများက လွန်လွန်ကဲကဲပင် ရန်ကိုနှိုးဆွစေသည်။ ထို့ကြောင့် ပြောပါ၊ စာတန်သည် ဤစကားလုံးများကို ပြောလိုက်သည်နှင့် သူအဘယ်အရာလုပ်ချင်သည်ကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) စာတန်က အဘယ်အရာလုပ်ချင် သည်ကို ဘုရားသခင်က နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်၏နှလုံးသားထဲတွင် သူသည် ဖြောင့်မတ်သောလူသား၊ စုံလင်သောလူသားဟု မှတ်ယူသည့် ဘုရားသခင်၏ အစေခံ၊ ဘုရားသခင် ကြည့်ရှုပေးသည့် ယောဘဟူသော ဤလူသည် ထိုကဲ့သို့သော သွေးဆောင်မှုမျိုးကို ကြံ့ကြံ့ခံနိုင်သလော။ (ခံနိုင်ပါသည်။) ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာဖြစ်နိုင်သည်ဟု ထိုကဲ့သို့ သေချာပေါက် ပြောနိုင်ရသနည်း။ ဘုရားသခင်က လူသား၏ နှလုံးသားကို အမြဲတမ်း ဆန်းစစ်နေသလော။ (ဆန်းစစ်နေပါသည်။) သို့ဆိုလျှင် စာတန်သည်ရော လူသား၏နှလုံးသားကို ဆန်းစစ်နိုင်သလော။ (မဆန်းစစ်နိုင်ပါ။) စာတန်က မဆန်းစစ်နိုင်ပါ။ စာတန်သည် လူသား၏နှလုံးသားကို မြင်နိုင်လျှင်ပင် သူ၏ဆိုးယုတ်သော သဘာဝက သန့်ရှင်းခြင်းကို သန့်ရှင်းခြင်းဟု မည်သည့်အခါမျှ မယုံကြည်နိုင်ပါ၊ သို့မဟုတ် ယုတ်ညံ့ခြင်းကို ယုတ်ညံ့ခြင်းဟု မမြင်နိုင်ပေ။ ဆိုးယုတ်သည့် စာတန်သည် သန့်ရှင်းသည့်၊ ဖြောင့်မတ်သည့် သို့မဟုတ် တောက်ပသည့် မည်သည့်အရာကိုမျှ လုံးဝတန်ဖိုးမထားနိုင်ပေ။ သူ၏သဘာဝမှတစ်ဆင့်၊ သူ၏ဆိုးယုတ်မှုမှ တစ်ဆင့် လုပ်ဆောင်ဖို့ရန်နှင့် သူအသုံးပြုသော နည်းလမ်းများအားဖြင့် လုပ်ဆောင်ရန် စာတန်သည် အင်အားအစွမ်းကုန် အသုံးမပြုဘဲ မနေနိုင်ပါ။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို သူကိုယ်တိုင် ခံရလျှင်ပင် ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်ရန် သူဝန်မလေးပေ။ ဤအရာသည် ဆိုးယုတ်ခြင်း၊ ဤအရာသည် စာတန်၏ သဘောသဘာဝ ဖြစ်သည်။ သို့ဆိုလျှင် ဤကျမ်းပိုဒ်ထဲတွင် “အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” ဟု စာတန်ပြော၏။ လူသား၏ ဘုရားသခင်ကို ကြောက်ရွံ့မှုသည် ဘုရားသခင်ထံမှ အကျိုးအမြတ်များစွာ လူသားက ရရှိနေခဲ့သောကြောင့်ပင် ဖြစ်သည်ဟု စာတန်ကထင်သည်။ လူသားက ဘုရားသခင်ထံမှ အကျိုးအမြတ်များကို ရရှိသောကြောင့် ဘုရားသခင် ကောင်းမြတ်သည်ဟု လူသားက ပြောသည် ဟူ၍ပင်။ ယင်းမှာ ဘုရားသခင် ကောင်းမြတ်၍ မဟုတ်ဘဲနှင့် လူသားက အကျိုးအမြတ်များစွာ ရရှိသောကြောင့် ဘုရားသခင်ကို ဤနည်းလမ်းဖြင့် သူကြောက်ရွံ့ခြင်း ဖြစ်သည်ဟူ၍ပင်။ ဘုရားသခင်သည် လူသားကို အကျိုးအမြတ်များ ခံစားခွင့် မပေးဘဲထားလိုက်သည်နှင့် သူက ဘုရားသခင်ကို စွန့်ခွာသွားလိမ့်မည်ဟု စာတန်ထင်၏။ စာတန်၏ ဆိုးယုတ်သည့် သဘာဝထဲတွင် လူသား၏ နှလုံးသားက ဘုရားသခင်ကို အမှန်တကယ်ပင် ကြောက်ရွံ့နိုင်သည် ဆိုသည်ကို သူမယုံကြည်ပေ။ သူ၏ဆိုးယုတ်သည့် သဘာဝကြောင့် သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို သူမသိ၊ ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုဆိုသည်ကို သိရန်မှာမူ ဝေလာဝေးဖြစ်၏။ ဘုရားသခင်ကို နာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သူမသိ။ ထိုအရာများကို သူမသိသည့်အတွက် လူသားကလည်း ဘုရားသခင်ကို ကြောက်ရွံ့နိုင်မည်မဟုတ်ဟု သူထင်သည်။ ပြောပါ၊ စာတန်သည် မဆိုးယုတ်ဘူးလော။ (ဆိုးယုတ်ပါသည်။) စာတန်သည် ဆိုးယုတ်၏။ ငါတို့အသင်းတော်ကလွဲ၍ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများ၊ သို့မဟုတ် ဘာသာရေးနှင့် လူမှုအုပ်စုများသည် ၎င်းတို့ထဲက မည်သူမျှ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပါ၊ သို့မဟုတ် ဘုရားသခင်က အမှုပြုနိုင်သည်ဆိုသည်ကို မယုံကြည်ကြ။ ထို့ကြောင့် သင်ယုံကြည်သည်မှာလည်း ဘုရားသခင်ကို မဟုတ်ဟု ၎င်းတို့က ထင်ကြ၏။ လိင်မှုရှုပ်ပွေသူတို့က လူတိုင်းအား ၎င်းကဲ့သို့ပင် လိင်မှုရှုပ်ပွေသည်ဟု မြင်သည်။ အမြဲ လိမ်ညာသောသူက အဘယ်သူမျှ ရိုးသားခြင်းမရှိဟု မြင်ပြီး၊ လူအားလုံးက အလိမ်အညာများ ပြောနေကြသည်ဟု မြင်သည်။ ဆိုးယုတ်သည့်လူက လူတိုင်းကို ၎င်းကဲ့သို့ ဆိုးယုတ်သည်ဟု မြင်ပြီး တွေ့ကရာလူတိုင်းနှင့် ရန်ဖြစ်ချင်သည်။ သူတပါးထက်စာလျှင် ရိုးသားသည့် လူများမှာမူ လူတိုင်းကို ၎င်းတို့ကဲ့သို့ ရိုးသားသည်ဟု မြင်ကြ၏။ ထို့ကြောင့် ၎င်းတို့ အမြဲတမ်း နှပ်ချခံရသည်၊ အမြဲတမ်း လှည့်စားခံရပြီး ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ ဘာမျှမလုပ်နိုင်ကြပါ။ သင်တို့ ပို၍သေချာသွားဖို့ရန်အတွက် ဥပမာ အနည်းငယ်ကို ငါပြောခြင်းဖြစ်သည်။ စာတန်၏ ဆိုးယုတ်သည့် သဘာဝသည် ယာယီစေ့ဆော်မှု သို့မဟုတ် သူ၏ပတ်ဝန်းကျင်ကြောင့် ဖြစ်လာသည့်အရာမျိုး မဟုတ်သကဲ့သို့၊ အကြောင်းပြချက် သို့မဟုတ် နောက်ခံအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် ယာယီ သရုပ်သကန်မျိုးလည်း မဟုတ်ပါ။ လုံးဝကို မဟုတ်ပါ။ သူသည် ဤပုံစံ မဖြစ်ဘဲ မနေနိုင်ပေ။ ကောင်းသည့်အရာဟူ၍ ဘာတစ်ခုမျှ သူမလုပ်နိုင်ပါ။ နားဝင်ချိုဖွယ်အရာ တစ်ခုခုကို သူပြောလျှင်ပင် သူက သင့်ကို ညှို့ယူဖမ်းစားခြင်းဖြစ်သည်။ နားဝင်ချိုလေလေ၊ ပါးနပ်လေလေဖြစ်ပြီး၊ သူ့စကားလုံးများက ပိုပြီး သိမ်မွေ့လေလေ၊ စကားလုံးများ၏နောက်ကွယ်မှ သူ၏မကောင်းသည့် ရည်ရွယ်ချက်များသည်လည်း ပို၍ပင် မလိုတမာ ဖြစ်လာလေလေဖြစ်သည်။ ဤကျမ်းနှစ်ပိုဒ်တွင် စာတန်သည် မည်ကဲ့သို့သောမျက်နှာမျိုး၊ မည်ကဲ့သို့သော သဘာဝမျိုးကို ပြသနည်း။ (ယုတ်ညံ့ဖောက်ပြန်ခြင်း၊ မလိုတမာဖြစ်ခြင်းနှင့် ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) သူ၏အရင်းခံ ပင်ကိုလက္ခဏာမှာ ဆိုးယုတ်ခြင်းဖြစ်သည်။ အထူးသဖြင့် ဆိုးယုတ်ပြီး မလိုတမာဖြစ်ခြင်းဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။