အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၁) (အပိုင်း သုံး)

စာတန်အကြောင်း ပြော၍ပြီးပြီဖြစ်သောကြောင့် ငါတို့ဘုရားသခင် အကြောင်းကို ပြန်ပြောကြစို့။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အတောအတွင်း ဘုရားသခင်၏ တိုက်ရိုက်ပြော စကားထဲမှ အနည်းအကျဉ်းကိုသာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် ထားပြီး၊ ထိုအရာများကို အင်မတန် ရိုးရှင်းစွာပင် မှတ်တမ်းတင်ထား၏။ ထို့ကြောင့် အစအဦးမှ စလိုက်ကြပါစို့။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊ ဥပဒေသများနှင့် သူ၏ ပညတ်တော်များကို ပေးသည့်နေရာမှာပင်ဖြစ်စေ၊ သို့မဟုတ် အသက်တာအတွက် အမျိုးမျိုးသော စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းသည့် နေရာမှာပင်ဖြစ်စေ၊ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ရည်ရွယ်ထားသည့် ရည်မှန်းချက်မှာ အဘယ်အရာ ဖြစ်သည်ကို သင်တို့သိပါသလော။ အရင်ဦးစွာ ဘုရားသခင်ပြုသည့် အရာမှန်သမျှသည် လူသားတို့၏ ကောင်းကျိုးအတွက်ဖြစ်သည်ဆိုသည်ကို သေချာပေါက် ပြောနိုင်သလော။ (ဟုတ်ကဲ့၊ ပြောနိုင်ပါသည်။) ဤဝါကျမှာ အတော်ပင် ထွေပြားပြီး ပေါ့တန်သည်ဟု သင်တို့ တွေးကောင်းတွေးလိမ့်မည်၊ သို့သော် တိတိကျကျပြောရလျှင် ဘုရားသခင် ပြုသမျှသည် လူသားကို သာမန်ဘဝတစ်ခု ရှင်သန်နိုင်ရန် ဦးဆောင်လမ်းပြဖို့အတွက် ဖြစ်သည်။ ယင်းက လူသားမှာ သူ၏စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းစေရန်ပင်ဖြစ်စေ သို့မဟုတ် သူ၏ပညတ်များကို စောင့်ထိန်းစေရန်ပင် ဖြစ်စေ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စာတန်ကို မကိုးကွယ်ရန်၊ စာတန်၏ ဘေးပြုခြင်းကို မခံရရန်ဖြစ်သည်။ ဤအရာသည် အခြေခံကျဆုံး ဖြစ်ပြီး အစအဦး လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်။ အစအဦးတွင် လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ခဲ့သောအခါ ဘုရားသခင်က ရိုးရှင်းသည့်ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းတချို့ကိုယူပြီး ဖြစ်နိုင်သည့် ကဏ္ဍတိုင်းကို ခြုံငုံသည့် စည်းကမ်းချက်များကို ထုတ်ခဲ့၏။ စည်းကမ်းချက်များက အင်မတန် ရိုးရှင်းသော်လည်း ဤအရာများသည် ဘုရားသခင်၏ အလိုတော်ထဲတွင်ပင် ရှိနေပေသည်။ ဘုရားသခင်သည် လူသားများကို တန်ဖိုးထား၏၊ မြတ်နိုး၏၊ အင်မတန်မှပင် ချစ်ခင်၏။ ဟုတ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သူ၏နှလုံးသားက သန့်ရှင်းသည်ဟု ငါတို့ပြော၍ရသလော။ သူ့နှလုံးသားက စင်ကြယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်တွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်များ ရှိနေသလော။ (မရှိပါ။) သို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်က မှန်ကန်ပြီး အပြုသဘောဆောင်သည်ပေါ့။ (ဟုတ်ပါသည်။) ဘုရားသခင်က မည်သို့သော စည်းကမ်းချက်များ ထုတ်ခဲ့ပါစေ၊ သူအမှုပြုစဉ်ကာလတစ်လျှောက်တွင် ထိုအရာများအားလုံးက လူသားအပေါ် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပြီးလျှင် ၎င်းတို့က လမ်းခရီးကို ဦးဆောင်ပေး၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်ထဲတွင် ကိုယ်ကျိုးဖက်သည့် အတွေးများ ရှိနေသလော။ လူသားနှင့် ပတ်သက်သည့်နေရာတွင် ဘုရားသခင်ထံ နောက်ထပ် ရည်ရွယ်ချက်များ ရှိနေသလော၊ သို့မဟုတ် လူသားကို တခြားနည်းလမ်းဖြင့် သူအသုံးပြုချင်သည်မှာ ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပါ။ ဘုရားသခင်သည် သူပြောသည့်အတိုင်း ပြု၏၊ သူ့နှလုံးသားထဲတွင်လည်း ဤနည်းအတိုင်းသာ သူတွေးတောသည်။ ရည်ရွယ်ချက် အမျိုးမျိုးအဖုံဖုံ မရှိ၊ ကိုယ်ကျိုးဖက်သည့် အတွေးများ မရှိပါ။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ သူ့အတွက် မလုပ်ဆောင်ဘဲ အရာအားလုံးကို ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ မပါဘဲနှင့် လူသားအတွက် အကြွင်းမဲ့ လုပ်ဆောင်သည်။ သူ့ထံတွင် လူသားအတွက် အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ရှိသော်လည်း မည်သည့်အရာတစ်ခုကိုမျှ သူကိုယ်တိုင် အတွက် သူမလုပ်ပါ။ သူလုပ်သမျှ အရာခပ်သိမ်းသည် လူသားတွေအတွက် သက်သက်သာ ဖြစ်ပြီး၊ လူသားများကို ကာကွယ်ရန်၊ လူသားများကို လမ်းလွဲသွားခြင်းမှ ထိန်းထားရန်သာဖြစ်သည်။ ထို့ကြောင့် ဤနှလုံးသားသည် အဖိုးမတန်ပေဘူးလော။ (အဖိုးတန်ပါသည်။) အဖိုးတန်သည့် ဤနှလုံးသား၏ အရိပ်အယောင် အသေးငယ်ဆုံး လေးပင်လျှင် စာတန်အထဲတွင် သင်တွေ့ရသလော။ တွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) အရိပ်အယောင် တစ်ခုတလေကိုမျှ စာတန်ထဲ မတွေ့နိုင်ပါ။ ဘုရားသခင်ပြုသည့် အရာရာတိုင်းသည် သဘာဝအလျောက်သာ ဖော်ပြခံရသည်။ ဘုရားသခင် အမှုပြုသည့်နည်းလမ်းကို ကြည့်ခြင်းအားဖြင့် သူမည်သို့အမှုပြုသနည်း။ ဘုရားသခင်သည် ဤပညတ်များနှင့် သူ့နှုတ်ကပတ်တော်များကို ယူပြီးလျှင် လူသားတစ်ဦးစီတိုင်းအပေါ် စည်းကြပ်ရင်း သတ္တုကွင်းနှင့် တင်းကျပ် စေသောမန္တန်က ကဲ့သို့ လူတိုင်း၏ ခေါင်းပတ်ပတ်လည်၌ တင်းတင်း ကျပ်ကျပ် ချည်နှောင်ထားသလော။ ဘုရားသခင်သည် ဤကဲ့သို့သော နည်းဖြင့် အမှုပြုသလော။ (မပြုပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် အမှုပြုသနည်း။ (ကျွန်ုပ်တို့ကို သူလမ်းပြ ပါသည်။) (သူက အကြံဉာဏ်ပေးပြီး ခွန်အားပေးပါသည်။) ယင်းမှာ ဒုတိယတစ်နည်း။ ထပ်ရှိသေးသလော။ သူက ခြိမ်းခြောက်သလော။ ဘုရားသခင်သည် သင်တို့ကို ကွေ့လည်ကြောင်ပတ် ပြောသလော။ (မပြောပါ။) သမ္မာတရားကို သင်နားမလည်သည့်အခါ ဘုရားသခင်က သင့်ကို မည်ကဲ့သို့လမ်းပြသနည်း။ (သူက အလင်းပေးပါသည်။) ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသည့်အရာနှင့် သင်မည်သည့်အရာ လုပ်သင့်သည်ကို ရှင်းရှင်းလင်းလင်းပြောပြရင်း သင့်ကို သူအလင်းပေး၏။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းများမှ သင်သည် ဘုရားသခင်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိသည်ဟု ခံစားရသနည်း။ ဘုရားသခင်သည် သင်နားလည်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေ သည်ဟု ထိုအရာများက သင့်ကို ခံစားစေသလော။ (မခံစားစေပါ။) ထိုသို့ဆိုလျှင် ထိုအရာများက သင့်ကို မည်ကဲ့သို့ခံစားစေသနည်း။ ဘုရားသခင်က သင်နှင့် အထူးသဖြင့် နီးကပ်သည်၊ သင်တို့အကြားတွင် မည်သည့်အကွာအဝေးမျှ မရှိ။ ဘုရားသခင်က သင့်ကို လမ်းပြသည့်အခါ၊ သူက သင့်ကို ထောက်ပံ့ပေးသည့်အခါ၊ သင့်ကို ကူညီပြီး မစသည့်အခါ၊ ဘုရားသခင်၏ ဖော်ရွေခြင်း၊ သူ၏လေးစားဖွယ်ဖြစ်ခြင်းကို သင်ခံစားရ၏၊ သူမည်မျှ နှစ်လိုဖွယ်ဖြစ်သနည်း၊ အဘယ်မျှ နွေးထွေးသနည်းဆိုသည်ကို သင်ခံစားရသည်။ သို့သော် ဘုရားသခင်က သင်၏ဖောက်ပြန်ပျက်စီးမှုကို အပြစ်ဟူသည့်အခါ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်ပုန်ကန်သောကြောင့် သင့်ကို တရားစီရင်ပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ဘုရားသခင်သည် အဘယ်သို့သော နည်းလမ်းကို အသုံးပြုသနည်း။ သူသည် သင့်ကို နှုတ်ကပတ်တော်များနှင့် အပြစ်ဆိုသလော။ ပတ်ဝန်းကျင်မှတစ်ဆင့်၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို သူဆုံးမပဲ့ပြင်သလော။ (ပဲ့ပြင်ပါသည်။) ဤဆုံးမပဲ့ပြင်ခြင်းသည် မည်သည့်အဆင့်သို့ ရောက်သနည်း။ (လူသားက ခံနိုင်သည့် အဆင့်အထိရောက်ပါသည်။) သူ၏ ဆုံးမပဲ့ပြင်သည့် အဆင့်သည် စာတန်က လူသားကို ဘေးပြုသည့်အဆင့်ထိ ရောက်သလော။ (မရောက်ပါ။) ဘုရားသခင်က သိမ်မွေ့သည့်နည်း၊ ချစ်ခင်နူးညံ့ပြီး ဂရုတစိုက်ရှိသည့် နည်းဖြင့် အမှုပြု၏၊ အထူးသဖြင့် ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းဖြင့်ဖြစ်သည်။ “ဘုရားသခင်သည် ငါ့ကို ဤအရာလုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော စိတ်ခံစားမှုများကို သူ့နည်းလမ်းက သင့်ကို မခံစားစေပါ။ မခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုကဲ့သို့သော ပြင်းထန်သည့် စိတ်နေစိတ်ထားမျိုး၊ သို့မဟုတ် ပြင်းထန်သည့် ခံစားချက်မျိုးကို ဘုရားသခင်က သင့်ကို ဘယ်သောအခါမျှ မပေးပါ။ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရ သနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်က ဘုရားသဘောသဘာဝနှင့် ပြည့်စုံပြီး အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤအချိန်များတွင် ဘုရားသခင်ထံမှ ဝေးကွာနေသည်ဟု သင်ခံစားရသလော။ ဘုရားသခင်ကို သင်အထိတ်တလန့် ဖြစ်သလော။ (မဖြစ်ပါ။) မဖြစ်ပေ၊ ယင်းအစား ဘုရားသခင်ကို ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုကို သင်ခံစားရ၏။ ဤအရာများအားလုံးကို ဘုရားသခင်၏ အမှုကြောင့် လူများက ခံစားရသည် မဟုတ်လော။ စာတန်က လူ့အပေါ် လုပ်ဆောင်မည်ဆိုလျှင် ၎င်းတို့က ခံစားချက်များ ရှိကြပါ့မည်လော။ (မရှိပါ။) လူသားကို မစရန် လူသားအတွက် အစဉ်မပြတ် ထောက်ပံ့ပေးရန် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြု သည်။ လူသားက အားနည်းသည့်အခါ၊ စိတ်ဓာတ်ကျသည့်အခါ၊ ဘုရားသခင်က ပြင်းပြင်း ထန်ထန် လုံးဝမပြောဆိုပါ။ “စိတ်ဓာတ်မကျနှင့်။ အဘယ်အတွက်ကြောင့် စိတ်ဓာတ်ကျနေရသနည်း။ အဘယ် အတွက်ကြောင့် အားနည်းနေသနည်း။ အားနည်းနေစရာ မည်သည့်အကြောင်း ရှိသနည်း။ သင်အလွန်အားနည်းပြီး အမြဲတမ်း စိတ်ဓာတ်ကျနေသည်၊ အသက်ရှင်ရသည်မှာ အဘယ်ထူး သနည်း။ သေသာ သေလိုက်တော့” ဟု သူမပြောပေ။ ဘုရားသခင်သည် ဤကဲ့သို့သော နည်းဖြင့် အမှုပြုသလော။ (မပြုပါ။) ဤနည်းဖြင့် ပြုမူရန် ဘုရားသခင် ထံတွင် သြဇာအာဏာရှိသလော။ (ရှိပါသည်။) သို့သော် ဘုရားသခင်က ဤနည်းဖြင့် ပြုမူသလော။ (မပြုမူပါ။) ဘုရားသခင်က ဤနည်းဖြင့် မပြုမူရသည့် အကြောင်းရင်းမှာ သူ၏ အနှစ်သာရကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကြောင့်ပင်ဖြစ်သည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းတည်းဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ဤသည်မှာ လူသား၏ ကြွားဝါမှုကြောင့် ဖြစ်ပေါ်လာသည့် အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုထဲတွင် ဘုရားသခင် ထုတ်ဆောင် လာသည့် အရာတစ်ခုပင် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှုပြုသည့် နည်းလမ်းများ အားလုံးသည် လူသားအား ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့ခွင့် ပေးသလော။ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ အပါအဝင်၊ လူသားအပေါ် ဘုရားသခင် ရရှိလိုသည့် ရလဒ်များအပါအဝင်၊ လူသားအပေါ် အမှုပြုရန် ဘုရားသခင် ရွေးချယ်လိုသည့် ကွဲပြားခြားနားသော နည်းလမ်းများ၊ သူပြုသည့် အမှုအမျိုးအစား၊ လူသားကို သူနားလည်စေချင်သည့် အရာအပါအဝင်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်းများ အားလုံးထဲတွင် ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များထဲတွင် ဆိုးယုတ်ခြင်း သို့မဟုတ် ဉာဏ်ဆင်ထားသည့်အရာ တစ်ခုတလေများ သင်တွေ့သလော။ (မတွေ့ပါ။) သို့ဆိုလျှင် ဘုရားသခင်ပြုသည့် အရာရာတိုင်းတွင်၊ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်းတွင်၊ သူ့နှလုံးသားထဲသူတွေးသည့် အရာရာတိုင်းအပါအဝင် သူဖွင့်ပြသည့် ဘုရားသခင်၏ အနှစ်သာရ အားလုံးထဲတွင် ဘုရားသခင်ကို သန့်ရှင်းသည်ဟု ငါတို့ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) သန့်ရှင်းခြင်းကို လောကကြီးထဲတွင် သို့မဟုတ် ကိုယ့်ကိုယ်တိုင်ထဲတွင် လူသားတစ်ယောက်တလေကများ တွေ့ဖူး သလော။ ဘုရားသခင်က လွဲပြီး ယင်းကို လူတစ်ယောက်ယောက်ထဲ သို့မဟုတ် စာတန်အထဲတွင်သင်တွေ့ဖူးသလော။ (မတွေ့ဖူးပါ။) ယခုထိ ငါတို့ ပြောလာခဲ့သမျှ အရာများမှ ဘုရားသခင်ကို အတုမရှိ၊ သန့်ရှင်းသည့် ဘုရားသခင် ကိုယ်တော်တိုင်ဟု ငါတို့ ခေါ်ဆိုနိုင်သလော။ (ခေါ်ဆိုနိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူသားအပေါ် ဘုရားသခင်အမှုပြုသည့် ကွဲပြားခြားနားသော နည်းလမ်းများ အပါအဝင် ဘုရားသခင်က လူသားကိုပေးသည့် အရာအားလုံးထဲတွင် လူသားကို ဘုရားသခင် ပြောသည့်အရာများ၊ လူသားကို ဘုရားသခင် သတိပေးသည့်အရာများ၊ သူအကြံဉာဏ်ပေးပြီး ခွန်အားပေးသည့် အရာတွေအားလုံးမှာ အနှစ်သာရ တစ်ခုတည်းကနေ ပေါ်ပေါက်လာသည်။ အားလုံးက ဘုရားသခင်၏သန့်ရှင်းခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အကယ်၍ ထို့သို့ သန့်ရှင်းသည့် ဘုရားသခင်သာ မရှိခဲ့လျှင် သူပြုသည့်အမှုများကို လုပ်ဆောင်ရန် မည်သည့်လူသားကမျှ သူ့နေရာကို အစားထိုးနိုင်မည် မဟုတ်ပါ။ အကယ်၍ ဘုရားသခင်က လူများကို ယူပြီး သူတို့ကို စာတန်ဆီ အပြည့်အဝ လွှဲပြောင်းပေးခဲ့လိုက်မည်ဆိုလျှင် ယနေ့ သင်တို့အားလုံး ရောက်နေကြမည့် အခြေအနေမျိုးကို သင်တို့ စဉ်းစား မိကြသလော။ သင်တို့အားလုံးက ဤနေရာမှာ ပြီးပြည့်စုံပြီး အထိအခိုက် မရှိဘဲနှင့် ထိုင်နေကြပါ့မည်လော။ (မဟုတ်ပါဘူး။) ထို့ကြောင့် သင်တို့က မည်သို့ဖြစ်နေမည်နည်း။ သင်တို့ရော “မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟု ပြောကြမည်လော။ အင်မတန်မှ ဟိတ်ဟန်ထုတ်ပြီး လမ်းလျှောက်မည်လော၊ ဘုရားသခင် ရှေ့တွင် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ကြွားဝါမည်လော၊ ဤသို့သောနည်းဖြင့် ပြောဆိုရင်း ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်ကြ မည်လော။ (ဟုတ်ပါသည်။) တစ်ရာရာခိုင်နှုန်း လုပ်ကြမည်ပေါ့။ လုံးဝ လုပ်ကြပါလိမ့်မည်။ လူသားအပေါ် စာတန်၏ သဘောထားက စာတန်၏ သဘာဝသည် ဘုရားသခင်နှင့်လုံးဝဥဿုံ ကွာခြားသည်ဆိုသည်ကို ၎င်းတို့ကို မြင်စေ၏။ သူ၏အနှစ်သာရက ဘုရားသခင်နှင့် လုံးဝ ခြားနားသည်။ စာတန်၏ မည်သည့်အနှစ်သာရသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သနည်း။ (သူ၏ဆိုးယုတ်မှုဖြစ်သည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူအများစုက ဘုရားသခင်၏ ဖော်ပြခြင်းနှင့် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို မမှတ်မိသည့် အကြောင်းရင်းမှာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၊ စာတန်၏ ပျက်စီးခြင်းနှင့် စာတန်၏လူနေမှု ခြံဝင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သန့်ရှင်းခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် သန့်ရှင်းခြင်းကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုရမည်ကို ၎င်းတို့ မသိကြပါ။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်သိမြင်သည့် အခါတွင်ပင် ထိုအရာကို ဘုရားသခင်၏ သန့်ရှင်းခြင်းအဖြစ် သေချာပေါက် သင်အဓိပ္ပာယ် မဖွင့်ဆိုနိုင်သေးပါ။ ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းမှု အကြောင်း လူသားများ သိနားလည်မှုထဲက ခြားနားချက်ဖြစ်သည်။

လူသားအပေါ် လုပ်ဆောင်သည့် စာတန်၏ အလုပ်က မည်သည့်အင်္ဂါရပ်မျိုးကို ကိုယ်စားပြုသနည်း။ သင်တို့ကိုယ်တိုင်၏ အတွေအကြုံများမှ ဤအရာကို သိသင့်၏၊ စာတန်၏ကိုယ်စားအပြုဆုံး အင်္ဂါရပ်တို့၊ သူအများဆုံး လုပ်ဆောင်သည့်အရာတို့၊ လူအယောက်ချင်း စီတိုင်းတွင် လုပ်ဆောင်ရန် သူကြိုးစားသည့် အရာများကို ဖြစ်သည်။ သင်တို့ မမြင်နိုင်လောက်သော အင်္ဂါရပ်မျိုး သူ့တွင် ရှိ၏၊ ထို့ကြောင့် စာတန်သည် အဘယ်မျှထိ ဆိုးဝါးပြီး မုန်းတီးသည်ကို သင်တို့ မတွေးအောင်ဖြစ်သည်။ ဤအင်္ဂါရပ်မှာ မည်သည့်အရာဖြစ်သည်ကို တစ်ယောက်တလေကများ သိသလော။ ငါ့ကို ပြောပြပါ။ (သူလုပ်သမျှက လူသားကို ဘေးပြုရန်သာ လုပ်ခြင်းဖြစ်သည်။) လူသားကို ဘေးပြုရန် အမှုအရာတွေကို သူလုပ်ဆောင်သည်။ လူသားကို သူက မည်သို့ဘေးပြုသနည်း။ ပိုပြီး တိတိကျကျနှင့် အသေးစိတ် ငါ့အား ပြနိုင်မည်လော။ (သူက လူသားကို ညှို့ယူသည်၊ ဆွယ်သည်၊ သွေးဆောင်ပါသည်။) ယင်းမှာ အမှန်ပင်ဖြစ်သည်။ ဤအရာက သွင်ပြင်လက္ခဏာတချို့ကို ပြ၏၊ နောက်ထပ်ကော။ (လူသားကို သူလှည့်ဖြားပါသည်။) သူက လှည့်ဖြားသည်၊ တိုက်ခိုက်ထိုးနှက်သည်၊ စွပ်စွဲသည်။ ဟုတ်ပေ၏၊ အရာများ အားလုံးဖြစ်သည်။ နောက်ထပ်ရော ရှိသေးသလော။ (သူက အလိမ်အညာတွေ ပြောပါသည်။) လှည့်စားခြင်းနှင့် လိမ်ညာခြင်းသည် စာတန်ထံသို့ သဘာဝအလျောက် အများဆုံးလာပေသည်။ သူသည် မကြာမကြာလိမ်လွန်းသဖြင့် စဉ်းစားစရာပင် မလိုဘဲနှင့် အလိမ်အညာ စကားများက သူ့နှုတ်မှ ထွက်လာသည်။ နောက်ထပ်ကော။ (ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှုကို ပြပါသည်။) တစ်ခုက သိပ်ပြီး အရေးမပါလှပါ။ သင်တို့ကို ကြောက်လန့်သွားစေမည့် အရာတစ်ခုကို ငါပြောပြမည်။ သို့သော် သင်တို့ကို အလန့်တကြားဖြစ်သွားစေရန် ငါပြောသည် မဟုတ်။ ဘုရားသခင်သည် လူသားအပေါ် အမှုပြုပြီး လူသားက ဘုရားသခင်၏ သဘောထားနှင့် သူ၏နှလုံးသားကိုပါ မြတ်နိုးသည်။ ဆန့်ကျင်ဘက်အနေနှင့် စာတန်သည် လူသားကို မြတ်နိုးသလော။ လူသားကို သူမမြတ်နိုးပေ။ သူတွေးသမျှသည် လူသားကို ဘေးပြုဖို့အကြောင်းဖြစ်သည်။ မှန်သည် မဟုတ်လော။ လူသားကို ဘေးပြုရန် သူအချိန်ယူ စဉ်းစားနေသည့်အခါ သူက အပူတပြင်းစိတ်မျိုးနှင့် စဉ်းစားသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်လာလျှင် စာတန်၏ မလိုတမာစိတ်နှင့် ဆိုးယုတ်သည့် သဘာဝကို ကုံလုံစွာ ဖော်ပြနိုင်ပြီး၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ဤနေရာတွင် ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုမှာ သူသည် အမြဲတမ်း လူသားကို အတင်းအကျပ် နေရာယူခြင်းပြုပြီး ပိုင်ဆိုင်ချင်သည်၊ အယောက်ချင်းစီတိုင်းကိုဖြစ်သည်။ ထိုသို့ဖြင့် လူသားကို သူအပြည့်အဝ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအထိ ရောက်နိုင်ရန်၊ လူသားကို ဘေးပြုရင်း ဤရည်ရွယ်ချက်နှင့် ပြင်းထန်သည့် ရည်မှန်းချက်ကို သူရနိုင်ရန်ဖြစ်သည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ သင်၏သဘောတူညီချက်နှင့် ဖြစ်သလော၊ သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့်လော။ သင်သိပြီး ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲနှင့် ဖြစ်သလော။ သင်လုံးဝမသိဘဲနှင့် ဖြစ်ခြင်းဖြစ်သည်။ သင်သတိမမူမိသည့် အခြေအနေများတွင် သူသည် မည်သည့်အရာကိုမျှ မပြောသေးသည့်အခါ၊ သို့မဟုတ် ဘာကိုမျှ သူမလုပ်သေးသည့်အခါ၊ အကြောင်းပြချက်များ၊ ဆက်စပ်စဉ်းစားရမည့် အခြေအနေများ မရှိသည့်အခါ၊ သင့်ဘေးတွင်၊ သင့်ပတ်လည်တွင် သူရှိနေနိုင်သည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ပြီးလျှင် သင့်ကို အပြည့်အဝ ထိန်းချုပ်ပြီး ဘေးပြုမည့် ရည်ရွယ်ချက်ကို ရယူရင်း သင့်ကို အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်တော့သည်။ ဤသည်မှာ လူသားတို့အတွက် ဘုရားသခင်ကို စာတန်ဆန့်ကျင်တိုက်ခိုက်သည့် ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူပင်ဖြစ်သည်။ ဤအရာကို ကြားရသည့်အခါ သင်တို့ မည်သို့ခံစားရသနည်း။ (ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ထိတ်လန့်ပြီး ကြောက်ရွံ့ပါသည်။) ရွံရှာသည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ရွံရှာသည်ဟု သင်တို့ ခံစားရသည့်အခါ စာတန်က အရှက်မဲ့သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) စာတန်က အရှက်မဲ့သည်ဟု ခံစားရသည့်အခါ သင်တို့ကို အမြဲထိန်းချုပ်ချင်နေသည့် သင်တို့ပတ်လည်က လူများ၊ ရာထူးဂုဏ်ဒြပ်နှင့် ကိုယ်ကျိုးအတွက် ပြင်းထန်သည့် ရည်မှန်းချက်များရှိသော သူများကို သင်တို့ ရွံရှာကြသလော။ (ရွံရှာပါသည်။) သို့ဖြစ်လျှင် လူသားကို အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်ရန်အတွက် စာတန်သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ ဤအချက်ကို သင်တို့ရှင်းကြ၏လော။ “အတင်းအကျပ် နေရာယူခြင်း” နှင့် “ပိုင်ဆိုင်ခြင်း” ဟူသည့် စကားစုနှစ်ခုကို သင်တို့ ကြားရသည့်အခါ၊ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ရွံရှာကြသည် မဟုတ်လော။ ၎င်းတို့၏ ဆိုးယုတ်သည့် သဘောကို မြည်းစမ်းမိပါ၏လော။ သင်၏ သဘောတူညီချက် သို့မဟုတ် သင်၏ သိနားလည်မှု မပါဘဲနှင့် သူသည် သင့်ကို နေရာယူ၏၊ ပိုင်ဆိုင်၏၊ ဖျက်ဆီး၏၊ သင့်နှလုံးသားထဲတွင် မည်သည့်အရာကို မြည်းစမ်းမိသနည်း။ စက်ဆုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ရွံရှာခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ နည်းလမ်းကို သင်က စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်းကို ခံစားရသည့်အခါ ဘုရားသခင်အတွက်ကျတော့ရော မည်ကဲ့သို့ခံစားချက်မျိုး သင့်မှာ ရှိသနည်း။ (ကျေးဇူးတင်ခြင်းဖြစ်ပါသည်။) သင့်ကို ကယ်တင်သည့်အတွက် ကျေးဇူးတင်သည်ပေါ့။ ထို့ကြောင့် ယခု အခိုက်အတန့်တွင် ဘုရားသခင်ကို သင်၏အရာအားလုံး တာဝန်ယူခွင့်ပေးရန်နှင့် သင်၏အရာအားလုံးကို အုပ်စိုးခွင့်ပေးရန် သင့်မှာ လိုအင်ဆန္ဒ သို့မဟုတ် စိတ်သဘော ရှိသလော။ (ရှိပါသည်။) မည်သည့် အကြောင်းအချက်နှင့်နည်း။ စာတန်၏ အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်ခြင်း ခံရမည်ကို ကြောက်သောကြောင့် ရှိပါသည်ဟု ပြောခြင်းလော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုး မရှိရ၊ ယင်းက မမှန်ကန်ပါ။ မကြောက်နှင့် ဘုရားသခင်က ဤနေရာတွင် ရှိ၏၊ ကြောက်စရာ ဘာမျှမရှိ၊ ဟုတ်ပါသလော။ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို သင်နားလည်ပြီးသည်နှင့် ဘုရားသခင်၏ ချစ်ခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သည့် ရည်ရွယ်ချက်များ၊ လူသားအတွက် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်း၊ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား စသည့်အရာများနှင့် ပတ်သက်ပြီး ပိုတိကျသည့် နားလည်မှု သို့မဟုတ် ပိုလေးနက်သည့် မြတ်နိုးမှု သင့်မှာ ရှိသင့်သည်။ စာတန်သည် အင်မတန်မှ မုန်းတီး၏၊ သို့သော် ဤအချက်က ဘုရားသခင်ကို သင့်ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ အားထားမှုနှင့် ကိုးစားမှုကို မစေ့ဆော်ပေးသေးလျှင် သင်သည် မည်ကဲ့သို့သောလူမျိုး ဖြစ်မည်နည်း။ သင့်ကို ယင်းသို့ ဘေးပြုရန် စာတန်ကို အခွင့်ပေးချင်သည်လော။ စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှုကို မြင်ပြီးသည့်နောက် ငါတို့ ပြန်လှည့်ပြီး ဘုရားသခင်ကို ကြည့်ကြသည်။ ယခု ဘုရားသခင်ကို သင်၏ သိကျွမ်းခြင်းက တစ်စုံတစ်ရာ ပြောင်းလဲသွားသလော။ (ပြောင်းလဲသွား ပါသည်။) မည်သို့သော ပြောင်းလဲခြင်းမျိုးနည်း။ ဘုရားသခင်သည် သန့်ရှင်း၏ဟု ငါတို့ပြောနိုင်သလော။ ဘုရားသခင်က အပြစ်အနာအဆာ မရှိဟု ငါတို့ ပြောနိုင်သလော။ “ဘုရားသခင်က အတုမရှိ သန့်ရှင်းခြင်းဖြစ်သည်” ဘုရားသခင်က ဤကဲ့သို့သောဂုဏ်ပုဒ်မျိုးကို ခံယူနိုင်သလော။ (ခံယူနိုင်ပါသည်။) သို့ဆိုလျှင် လောကကြီးထဲနှင့် အရာအားလုံးအကြားတွင် လူသား၏ နားလည်မှုအောက်တွင် ကြံ့ကြံ့ခံနိုင်သည့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင်လော။ တခြားသူ ရှိသလော။ (မရှိပါ။) ထို့ကြောင့် အတိအကျပြောလျှင် ဘုရားသခင်က လူသားကို မည်သည့်အရာ ပေးသနည်း။ သင်အာရုံစိုက်မနေသည့်အခါ သူသည် သင့်ကို ဂရုစိုက်မှု၊ အလေးထားမှုနှင့် ထောက်ထားမှု အနည်းငယ်သာ ပေးသည်လော။ ဘုရားသခင်က လူသားကို မည်သည့်အရာ ပေးခဲ့ပြီနည်း။ ဘုရားသခင်က လူသားကို အသက်ပေးသည်၊ လူသားကို အရာအားလုံးပေးပြီး မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် တစ်ခုတလေမျှ မရှိဘဲနှင့် လူသားအပေါ် ခြွင်းချက်မရှိ ပေးသနားခဲ့သည်။ လူသားကို စာတန်၏ ဘေးပြုခြင်း၊ စာတန်၏ သွေးဆောင်ခြင်းများနှင့် စာတန်၏ ညှို့ယူဖမ်းစားခြင်းမှ ဝေးရာကို သယ်ဆောင်ရင်း၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် သူ၏ အကျည်းတန်သည့် မျက်နှာကို လူသားကို သိခွင့်ပေးရင်း လူသားကို ဦးဆောင်လမ်းပြရန် သမ္မာတရားကို သူအသုံးပြုသည်၊ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ သူ့အသက်ကို အသုံးပြုသည်။ ဘုရားသခင်၏ လူသားများအတွက် ချစ်ခြင်းနှင့် ပူပန်ခြင်းက စစ်မှန်သလော။ ယင်းက သင်တို့အယောက်ချင်းစီတိုင်း တွေ့ကြုံနိုင် သည့်အရာ တစ်ခုလော။ (ဟုတ်ပါသည်။)

သင်ယုံကြည်သည့် နှစ်များတစ်လျှောက် ဘုရားသခင် သင့်အပေါ်ပြုခဲ့သည့် အရာတွေအားလုံးကို ယခုအချိန်အထိ သင်တို့ အသက်တာများအပေါ် ပြန်ကြည့်ကြည့်ပါ။ သင်တို့ ယင်းကို နက်ရှိုင်းစွာ ခံစားရသည်ဖြစ်စေ မခံစားရသည် ဖြစ်စေ၊ ယင်းက အလိုအပ်ဆုံး ဖြစ်ခဲ့သည်သာ မဟုတ်လော။ သင်ရယူရန် အလိုအပ်ဆုံးအရာ ဖြစ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက သမ္မာတရား မဟုတ်လော။ ဤအရာက အသက်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က သင့်အပေါ် ဉာဏ်ပွင့်ခြင်းကို နှင်းအပ်ထားပြီးလျှင် သူပေးထားသည့် အရာအားလုံးအတွက် အပြန်အလှန်အားဖြင့် သူ့ကို တစ်ခုခုပြန်ပေးရန် တောင်းဆိုခဲ့ဖူးသလော။ (မပြုလုပ်ဖူးပါ။) ထိုသို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က ဤအရာကို အဘယ်ကြောင့် လုပ်သနည်း။ ဘုရားသခင်ထံတွင်လည်း သင့်ကို နေရာယူရန် ရည်ရွယ်ချက် ရှိလေသလော။ (မရှိပါ။) ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နန်းတက်ချင်သလော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏ နန်းတက်ခြင်းနှင့် စာတန်၏ အတင်းအကျပ် နေရာယူခြင်းက မည်သို့ကွာသနည်း။ ဘုရားသခင်သည် လူသား၏ နှလုံးသားကို ရယူလိုသည်၊ လူသား၏ နှလုံးသားကို သူနေရာယူလိုသည်၊ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က လူသားကို သူ၏ရုပ်သေးရုပ်များ၊ သူ၏ စက်ယန္တရားများ ဖြစ်လာစေချင်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူသား၏ နှလုံးသားကို ဘုရားသခင် နေရာယူလိုခြင်းနှင့် လူသားကို စာတန်၏ အတင်းအကျပ် နေရာယူခြင်း၊ ပိုင်ဆိုင်ခြင်းကြားတွင် ကွာခြားချက်ရှိပါသလော။ (ရှိပါသည်။) ဘုရားသခင်က သင့်နှလုံးသားကို မည်သည့်အတွက် လိုချင်သနည်း။ ထို့အပြင် ဘုရားသခင်က သင့်ကို မည်သည့်အတွက် နေရာယူချင်သနည်း။ “လူသား၏ နှလုံးသားကို ဘုရားသခင် နေရာယူသည်” ဆိုသည်ကို သင်တို့၏ စိတ်နှလုံးများထဲတွင် မည်သို့နားလည်သနည်း။ ဤနေရာတွင် ဘုရားသခင်ကို ငါတို့ မျှမျှတတ ပြုမှရမည်၊ မဟုတ်လျှင် လူများက ငါတို့ကို အမြဲတမ်း အထင်လွဲပြီး “ဘုရားသခင်က ငါ့ကို အမြဲတမ်း နေရာယူချင်သည်။ သူက ငါ့ကို အဘယ်အရာအတွက် နေရာယူချင်သနည်း။ ငါနေရာယူ မခံချင်ပါ။ ကိုယ့်ဘာသာကိုယ်သာ ဖြစ်ချင်သည်။ စာတန်က လူများကို နေရာယူသည်ဟု ပြောသည်။ သို့သော် ဘုရားသခင်ကလည်း လူတို့ကို နေရာယူသည်သာဖြစ်သည်။ ဤအရာများက အတူတူပင် မဟုတ်လော။ တခြားသူများ ငါ့အား နေရာယူသည်ကို ခွင့်မပြုလိုပါ။ ငါသည် ငါကိုယ်တိုင်ပင်ဖြစ်သည်” ဟု တွေးကြလိမ့်မည်။ ဤအရာတွင် ကွာခြားချက်က အဘယ်နည်း။ တစ်မိနစ် အချိန်ယူပြီး စဉ်းစားကြပါ။ “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုသည်မှာ အနှစ်မဲ့သော စကားစုလောဟု သင်တို့ကို ငါမေး၏။ ဘုရားသခင်၏ လူသားကို နေရာယူခြင်းက သင့်နှလုံးသားထဲတွင် သူနေထိုင်ပြီး သင်၏စကားလုံးတိုင်းနှင့် လုပ်ရှားမှုတိုင်းတွင် သင့်ကို အုပ်စိုးသည်ဟု ဆိုလိုခြင်းလော။ သင့်ကို ထိုင်ရန် သူပြောလျှင် သင်မတ်တပ် မရပ်ရဲသလော။ အရှေ့ဘက်ကို သွားရန် သူသင့်ကိုပြောလျှင် သင်က အနောက်ဘက်ကို မသွားရဲသလော။ နေရာယူခြင်းဆိုသည်မှာ ဤသို့သောအရာကို ဆိုလိုခြင်းဖြစ်သလော။ (မဟုတ်ပါ။) (ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူသားက အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။) လူသားကို ဘုရားသခင် စီမံခန့်ခွဲခဲ့သည့် ဤနှစ်များတစ်လျှောက် နောက်ဆုံးအဆင့်က ယနေ့အထိ လူသားအပေါ် သူပြုသည့်အမှုထဲတွင် သူပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံး၏ လူသားအပေါ် ရည်ရွယ်ထားသည့် ရလဒ်က မည်သည့်အရာများနည်း။ လူသားက ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အသက်ရှင်နေထိုင်ခြင်းလော။ “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုခြင်း၏ တိုက်ရိုက် အဓိပ္ပာယ်ကို ကြည့်လျှင် ဘုရားသခင်က လူသား၏ နှလုံးသားကို ယူပြီးလျှင် ယင်းကို နေရာယူလိုက်ပြီး ယင်းအထဲ နေထိုင်ကာ ပြန်မထွက်လာတော့သကဲ့သို့ မြင်ရ၏။ လူသားက ဘုရားသခင်သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သွားရန်အတွက် လူသား၏နှလုံးသားကို သဘောရှိ စီစဉ်ရန်နှင့် အုပ်စိုးရန် ထိုအထဲမှာ သူနေထိုင်ပြီး လူသားနှလုံးသား၏ အရှင်သခင်ဖြစ် လာခြင်းပေတည်း။ ဤသဘောတရား၌ လူတိုင်းက ဘုရားသခင်ဖြစ်လာနိုင်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်နေသဘောထား ပိုင်ဆိုင်နိုင်ကြဘိသကဲ့သို့ မြင်ရသည်။ ထို့ကြောင့် ထိုကဲ့သို့သာဆိုလျှင် လူသားသည် ဘုရားသခင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်သလော။ “နေရာယူခြင်း” ဆိုသည်ကို ဤနည်းလမ်းဖြင့် ရှင်းပြရနိုင်သလော။ (မရနိုင်ပါ။) သို့ဆိုလျှင် အဘယ်အရာနည်း။ သင်တို့ကို ငါဤအရာမေးမည်၊ လူသားကို ထောက်ပံ့ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးနှင့် သမ္မာတရားအားလုံးသည် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ ဖွင့်ပြချက်ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သေချာပါသည်။ သို့သော် လူသားကို ထောက်ပံ့ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင် လက်တွေ့လုပ်ဆောင်ရန်လော၊ ဘုရားသခင် ကိုယ်တော်တိုင်က ပိုင်ဆိုင်ရန်လော၊ တစ်မိနစ်လောက် အချိန်ယူပြီး စဉ်းစားကြည့်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည့်အခါ သူက အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်သနည်း။ ဤနှုတ်ကပတ်တော်များသည် အဘယ်ကလာသနည်း။ ဘုရားသခင်သည် လူသားကို တရားစီရင်သည့်အခါ သူပြောသည့် နှုတ်ကပတ်တော်များ၏ ပါဝင်သည့်အကြောင်းအရာက မည်သည့်အရာများနည်း။ ၎င်းတို့က မည်သည့်အရာအပေါ် အခြေပြုထားသနည်း။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် အခြေပြုထားသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းအားဖြင့် လူသားထံတွင် ရရှိသည့်ရလဒ်က ဘုရားသခင်၏ အနှစ်သာရအပေါ်မှာ အခြေပြုထားသလော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူသားကို ဘုရားသခင်၏ နေရာယူခြင်းက အနှစ်မဲ့သည့် စကားစုလော။ မဟုတ်သည်မှာ သေချာ၏။ သို့ဆိုလျှင် ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို လူကို အဘယ်ကြောင့် ပြောရသနည်း။ ဤနှုတ်ကပတ်တော်များကို ပြောရသည့် သူ့ရည်ရွယ်ချက်က မည်သည့်အရာများနည်း။ သူသည် လူသား၏အသက်တာအဖြစ် အသုံးချဖို့ ဤနှုတ်ကပတ်တော်များကို သူအသုံးပြုချင်သည်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က ဤနှုတ်ကပတ်တော်များ၌ သူပြောခဲ့သည့် ဤသမ္မာတရား အားလုံးကို လူသား၏ အသက်တာအဖြစ် ဆောင်ရွက်ဖို့ အသုံးပြုချင်သည်။ လူသားက သမ္မာတရားအားလုံးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယူဆောင်ပြီး ထိုအရာများကို သူ့ကိုယ်ပိုင် အသက်တာအဖြစ် သဏ္ဌာန်ပြောင်းလဲလိုက်သည့်အခါ လူသားက ဘုရားသခင်ကို နာခံနိုင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့နိုင်သလော။ မကောင်းသည့်အကျင့်ကို ရှောင်နိုင်သလော။ လူသားက နေရာကို ရောက်ပြီဆိုသည့်အခါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုကို သူနာခံနိုင်သလော။ သို့ဆိုလျှင် လူသားက ဘုရားသခင်၏ သြဇာအာဏာကို နာခံရမည့် အနေအထားတွင် ရှိမနေဘူးလော။ ယောဘ သို့မဟုတ် ပေတရုတို့ကဲ့သို့ လူများသည် ၎င်းတို့လမ်းခရီး၏ အဆုံးကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာက ရင့်ကျက်သွားပြီဟု မှတ်ယူခံရသည့်အခါ၊ ဘုရားသခင်ကို စစ်မှန်သည့် သိကျွမ်းမှု ရှိသည့်အခါ၊ စာတန်က ၎င်းတို့ကို လမ်းလွဲစေနိုင်တုန်းပင်လော။ စာတန်က ၎င်းတို့ကို နေရာယူနိုင်တုန်းပဲလော။ စာတန်က ၎င်းတို့ကို အတင်းအကျပ် ပိုင်ဆိုင်နိုင်တုန်းပင်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။ ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းခံပြီးရသည့် ပုဂ္ဂိုလ်တစ်ယောက်လော။ (ဟုတ်ပါသည်။) အဓိပ္ပာယ်အဆင့်တွင် ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းခံပြီးသည့် ဤသို့သောပုဂ္ဂိုလ်မျိုးကို သင်တို့ မည်ကဲ့သို့မြင်ကြသနည်း။ ဘုရားသခင်အတွက် အခြေအနေများအောက်တွင် ဤပုဂ္ဂိုလ်၏နှလုံးသားကို နေရာယူပြီးပါပြီ။ သို့သော် ဤပုဂ္ဂိုလ်က မည်သည့်အရာကို ခံစားရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ လမ်းခရီးက လူသားအထဲတွင် အသက်ဖြစ်လာပြီး အသက်သည် လူသား၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို နေရာယူလိုက်ကာ သူအသက်ရှင်နေထိုင်သည့် အရာအပါအဝင် သူ၏အနှစ်သာရကိုပါ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လုံလောက်အောင် လုပ်သလော။ ဘုရားသခင်အတွက် လူသားများ၏နှလုံးသားက ဤအခိုက်အတန့်တွင် သူ၏နေရာယူခြင်းကို ခံထားရသလော။ (ခံထားရပါသည်။) ဤအဓိပ္ပာယ်အဆင့်ကို သင်တို့ ယခု မည်သို့နားလည်သနည်း။ သင့်ကို နေရာယူသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင့်ကို နေရာယူသည့်အရာ အတိအကျက မည်သည့်အရာနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ပါ။) ယင်းမှာ ဘုရားသခင်၏ လမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာတရားက သင့်အသက်ဖြစ်လာပြီး နှုတ်ကပတ်တော်က သင့်အသက် ဖြစ်လာသည်။ ဤအချိန် လူသားထံတွင် ဘုရားသခင်ထံကလာသည့် အသက်ရှိ၏၊ သို့သော် အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သည်ဟု ငါတို့မပြောနိုင်ပါ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားက ရရှိသင့်သည့် အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သည်ဟု ငါတို့မပြောနိုင်ပါ။ ထို့ကြောင့် လူသားက မည်မျှကြာကြာ ဘုရားသခင်နောက် လိုက်သည်ဖြစ်စေ ဘုရားသခင်ထံမှ နှုတ်ကပတ်တော် မည်မျှများများ ရရှိသည်ဖြစ်စေ လူသားသည် ဘယ်သောအခါမျှ ဘုရားသခင် ဖြစ်မလာနိုင်ပါ။ ယင်းသည် မှန်ပါ၏လော။ (မှန်ပါသည်။) အကယ်၍ တစ်နေ့တွင် ဘုရားသခင်က “သင့်နှလုံးသားကို ငါနေရာယူပြီးပြီ၊ သင့်အသက်ကို ယခု ငါပိုင်ဆိုင်ပြီ” ဟု ပြောလျှင် သင်က ဘုရားသခင်ဖြစ်သည်ဟု ခံစားရမည်လော။ (မခံစားရပါ။) သို့ဖြစ်လျှင် သင်အဘယ်အရာဖြစ်လာမည်နည်း။ ဘုရားသခင်ကို အကြွင်းမဲ့ နာခံခြင်း မရှိလာဘူးလော။ သင်၏ ခန္ဓာနှင့် သင်၏ နှလုံးသားက ဘုရားသခင် သင့်အပေါ် ချပေးသည့် အသက်နှင့် ပြည့်နေမည် မဟုတ်ဘူးလော။ ဘုရားသခင်က လူသား၏ နှလုံးသားကို နေရာယူလိုက်သည့်အခါ ဤအရာသည် အင်မတန်မှ သာမန်ဖြစ်သော သရုပ်သကန်ပင်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ ထို့ကြောင့် ယင်းကို ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် လူသားက ဘုရားသခင် ဖြစ်လာနိုင်သလော။ (မဖြစ်လာနိုင်ပါ။) လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို ရရှိပြီးသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသည့်အကျင့်ကို ရှောင်သည့်အခါ၊ ဘုရားသခင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) လူသားက ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) မည်သည့်အရာပဲဖြစ်နေဖြစ်နေ အားလုံးကို ပြောဆိုလုပ်ကိုင် ပြီးသွားသည့်အခါတွင် လူသားက လူသားအဖြစ် ရှိနေဆဲပင်ဖြစ်သည်။ သင်သည် အဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ ဘုရားသခင်ထံမှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်လက်ခံရရှိခဲ့သောအခါနှင့် ဘုရားသခင်၏ လမ်းခရီးကို သင်လက်ခံရရှိခဲ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လာသော အသက်ကိုသာ ပိုင်ဆိုင်ရခြင်း ဖြစ်ပြီး သင်မည်သည့်အချိန်တွင်မျှ ဘုရားသခင် ဖြစ်မလာနိုင်ပါ။

ပြီးခဲ့သည့်အချိန်တုန်းက ခေါင်းစဉ်ကို ပြန်သွားရလျှင် ငါသင်တို့ကို မေးခွန်းတစ်ခု မေးခဲ့၏၊ အာဗြဟံက သန့်ရှင်းသလော။ (မသန့်ရှင်းပါ။) သူမသန့်ရှင်းပါ၊ ဤသည်ကို ယခုနားလည်ကြပြီ၊ ဟုတ်သည် မဟုတ်လော။ ယောဘရော သန့်ရှင်းသလော။ (မသန့်ရှင်းပါ။) ဤသန့်ရှင်းခြင်း အတွင်းတွင် ဘုရားသခင်၏ အနှစ်သာရ ပါဝင်သည်။ လူသားတွင် ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထား မရှိပါ။ လူသားက ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို တွေ့ကြုံခဲ့ပြီး၊ ၎င်းတို့၏ လက်တွေ့အရှိတရားဖြင့် လောက်ငပြည့်စုံ လာလျှင်ပင်၊ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို လူသားသည် လုံးဝ မပိုင်ဆိုင်နိုင်သေးပေ။ လူသားက လူသားပင်ဖြစ်သည်။ နားလည်သည် မဟုတ်လော။ သို့ဆိုလျှင် “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဟူသော စကားစုကို သင်တို့ ယခုမည်သို့ နားလည်ကြသနည်း။ (ယင်းက လူသား၏ အသက်ဖြစ်လာသော ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ လမ်းခရီးနှင့် သူ၏သမ္မာတရား ဖြစ်ပါသည်။) ဤစကားလုံးများကို သင်တို့ အလွတ်ရသွားကြပေပြီ။ ပိုပြီး နက်ရှိုင်းသည့် နားလည်မှု သင်တို့တွင် ရှိလိမ့်မည်ဟု ငါမျှော်လင့်၏။ “ထို့ကြောင့် ဘုရားသခင်၏ သံတော်ဆင့်များနှင့် ကောင်းကင်တမန်များ မသန့်ရှင်းပါဟု အဘယ်ကြောင့် ပြောသနည်း” ဟု လူတချို့က မေးကောင်း မေးနိုင်သည်။ ဤမေးခွန်းကို သင်တို့ မည်သို့ထင်ကြသနည်း။ ယခင်က သင်တို့ မစဉ်းစားမိခြင်းလည်း ဖြစ်နိုင်သည်။ ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါသုံးမည်။ စက်ရုပ်တစ်ရုပ်ကို သင်စက်ဖွင့်လိုက်သည့်အခါ ယင်းစက်ရုပ်က ကလည်းကနိုင်သည်၊ စကားလည်းပြောနိုင်သည်။ သူပြောသည့်အရာကို သင်လည်း နားလည်နိုင်သည်၊ သို့သော် သူ့ကို ချစ်စရာကောင်းသည်ဟု သင်ခေါ်နိုင်သလော။ အသက်ဝင်သည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့ကို သင်ပြော၍ရသော်လည်း စက်ရုပ်မှာတော့ အသက်မရှိသည့်အတွက် နားလည်မည် မဟုတ်ပါ။ သူ၏လျှပ်စစ်ဓာတ်အားပေး ကိရိယာကို သင်ပိတ်လိုက်သောအခါ စက်ရုပ်သည် ဟိုဟိုသည်သည် လှုပ်ရှားနိုင်သေးသလော။ စက်ရုပ်သည် စက်ဖွင့်ခြင်း ခံရသည့်အခါမှာ အသက်ဝင်ပြီး ချစ်စရာကောင်းသည်ကို သင်မြင်နိုင်သည်။ ၎င်းကို သင်က အကဲဖြတ်သည်၊ ယင်းက ခြေခြေမြစ်မြစ်ဖြစ်သည့် အကဲဖြတ်ချက် ဖြစ်ပါစေ သို့မဟုတ် အပေါ်ယံသဘောဆန်သည့် အကဲဖြတ်ချက် ဖြစ်ပါစေ၊ အဘယ်သို့ပဲဖြစ်ဖြစ် သူလှုပ်ရှားနေသည်ကို သင့်မျက်လုံးနှင့် မြင်နိုင်သည်။ သို့သော် သူ၏ လျှပ်စစ်ဓာတ်အားပေး ကိရိယာကို သင်ပိတ်လိုက်သည့်အခါ သူ့အထဲတွင် ဝိသေသလက္ခဏာ တစ်မျိုးမျိုး သင်တွေ့သလော။ အနှစ်သာရ တစ်မျိုးမျိုး သူပိုင်ဆိုင်နေသည်ကို သင်တွေ့သလော။ ငါပြောနေသော အရာ၏ ဆိုလိုရင်းကို နားလည်ကြပါသလော။ (နားလည်ပါသည်။) တစ်နည်းပြောရလျှင် စက်ရုပ်က လှုပ်ရှားနိုင်ပြီး ရပ်တန့်နိုင်သော်လည်း သူ့ကို အနှစ်သာရ တစ်မျိုးမျိုး ရှိသည်ဆိုပြီး သင်ပြောဆို၍ လုံးဝမရပါ။ ဤသည်မှာ အမှန်တရား မဟုတ်ဘူးလော။ ဤအရာအပေါ် ငါတို့ ထပ်မဆွေးနွေးတော့ပါ။ အဓိပ္ပာယ်ကို သင်တို့ အကြမ်းဖျင်း နားလည်ရန် ဤအရာက လုံလောက်ပါသည်။ ငါတို့၏ မိတ်သဟာယဖွဲ့ ဆွေးနွေးခြင်းကို ဤနေရာ၌ပင် အဆုံးသတ်လိုက်ကြပါစို့။ နှုတ်ဆက်ပါသည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

အောက်ခြေမှတ်စု(များ)-

က။ “သတ္တုကွင်းနှင့်တင်းကျပ်စေသောမန္တန်” ဆိုသည်မှာ အနောက်အရပ်သို့ ခရီးပြုခြင်းဟူသည့် တရုတ်ဝတ္ထုထဲတွင် ဘုန်းကြီးတန်ဆန်ကျန်းအသုံးပြုခဲ့သော မန္တန်တစ်ခုဖြစ်သည်။ စွန်းဝူခုန်းကို မခံနိုင်လောက်အောင် ခေါင်းကိုက်စေပြီး ထိန်းချုပ်နိုင်ရန်အတွက် သူ၏ခေါင်းတွင် စွပ်ထားသည့် သတ္တုကွင်းကို တင်းကျပ်စေရန် ဤမန္တန်ကို ဘုန်းကြီးက အသုံးပြုခဲ့သည်။ ဤသို့ဖြင့် ၎င်းသည် လူတစ်ဦးအား ချုပ်နှောင်ထားသောအရာကို ဖော်ပြရန်အတွက် ဥပစာစကားတစ်ခု ဖြစ်လာခဲ့သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။