အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၃) (အပိုင်း တစ်)

ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်ကို သိခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို ပြောခဲ့ပြီး မကြာသေးခင်က ဤခေါင်းစဉ်နှင့်ပတ်သက်၍ အလွန်အရေးကြီးသည့်အရာတစ်ခုကို ပြောခဲ့သည်။ မည်သည့် ခေါင်းစဉ်ဖြစ်သနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ငါပြောခဲ့သည့် ခေါင်းစဉ်နှင့် အကြောင်းအရာများကို လူတိုင်း ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပုံရသည်။ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ပတ်ဝန်းကျင်၏ အချက်အလက် အနည်းငယ်နှင့် လူသားတို့အသက်တာများတွင် သူတို့ အတွက် လိုအပ်သည့် အစာအာဟာရများကို ပြင်ဆင်ပေးသည့် ဘုရားသခင်နှင့် ပတ်သက်သော အချက်အလက်အနည်းငယ်ကို ယခင်တစ်ခေါက်က ငါပြောဆိုခဲ့သည်။ အမှန်တကယ်တွင် ဘုရားသခင် ပြုလုပ်သည့်အရာက လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန် အတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးခြင်း၊ သူတို့ အတွက် နေ့စဉ်အစားအစာကို ပြင်ဆင်ပေးခြင်းသာ မဟုတ်ဘဲ လူသားတို့ရှင်သန်ရပ်တည်ရန်အတွက်၊ လူသားမျိုးနွယ်၏ အသက်တာများအတွက် လိုအပ်ပြီး ထူးခြား၍ များပြားလှသည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့ကို ပြည့်စုံစေရန်ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များသည် လူသားတို့ ရှင်သန်ရပ်တည်နေရေးနှင့် သူတို့၏ နေ့စဉ်အစားအစာ အတွက် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခြင်းတွင်သာ ကန့်သတ်မထားဘဲ ထို့ထက်ပိုပြီး ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုရှိသည်။ ဤလုပ်ဆောင်မှု နှစ်မျိုးအပြင် လူသားတို့ဘဝအတွက် လိုအပ်သည့် ရှင်သန်ရပ်တည်နိုင်မှု အတွက် ပတ်ဝန်းကျင်များနှင့် အခြေအနေများကိုလည်း ပြင်ဆင်ထားသည်။ ဤသည်မှာ ယနေ့ ငါတို့ဆွေးနွေးမည့် ခေါင်းစဉ်ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်လည်း ဆက်နွှယ်မှုရှိသည်။ ဤကဲ့သို့မဟုတ်လျှင် ဤအကြောင်းကို ဤနေရာတွင် ပြောဆိုခြင်းက အဓိပ္ပာယ်မရှိဖြစ်နေမည်ဖြစ်သည်။ လူများက ဘုရားသခင်ကို သိချင်သည်ဆိုသော်လည်း “ဘုရားသခင်” အပေါ်၊ ထိုစကားလုံးအပေါ်၊ သို့မဟုတ် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ အချက်အလက်များ အားလုံးတို့အပေါ် အရှိအတိုင်းသာ နားလည်သည်ဆိုလျှင် ယင်းမှာ စစ်မှန်သည့် နားလည်မှု မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သိကျွမ်းရန် အတွက် နည်းလမ်းက အဘယ်အရာနည်း။ ယင်းမှာ သူ၏လုပ်ဆောင်ချက်များမှတစ်ဆင့် သူ၏ရှုထောင့်တိုင်းကို သိကျွမ်းခြင်း၊ သူ့ကိုသိကျွမ်းခြင်းဖြစ်သည်။ ထို့ကြောင့် နောက်တစ်ခုတွင် အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းသည့်အခါတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များ အပေါ် ငါတို့မိတ်သဟာယပြုရမည်ဖြစ်သည်။

ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများအပေါ် အခြေခံပြီး အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အချိန် ကတည်းက အရာအားလုံးသည် လှုပ်ရှား လည်ပတ်လျက်ရှိပြီး ဆက်လက်၍ ပုံမှန်ဖွံ့ဖြိုးတိုးတက် နေသည်။ သူ့မျက်မှောက်တော်အောက်တွင်၊ သူ့စည်းမျဉ်းအောက်တွင် အရာအားလုံးသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲလျက် ပုံမှန်ဖွံ့ဖြိုးတိုးတက် နေသည်။ ဘယ်အရာမျှ ဤနိယာမများကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ ဘယ်အရာမျှ ဤနိယာမများကို မဖျက်ဆီးပစ် နိုင်ပေ။ ဘုရားသခင်၏ စည်းမျဉ်းကြောင့် သက်ရှိသတ္တဝါ အားလုံးက ပွားများနိုင်ခြင်းဖြစ်ပြီး သူ၏စည်းမျဉ်းနှင့် စီမံခန့်ခွဲမှုကြောင့် သက်ရှိသတ္တဝါအားလုံး ရှင်သန် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စည်းမျဉ်းအောက်တွင် သက်ရှိအားလုံး ဖြစ်တည်လာပြီး ရှင်သန်ကြီးထွားကာ ပျောက်ကွယ်ပြီး အစီအစဉ် တကျပုံစံနှင့် ပြန်လည်မွေးဖွားသည်ဟု ဆိုလိုသည်။ နွေဦးရာသီ ရောက်သည့်အခါတွင် ခပ်ဖွဲဖွဲရွာနေသည့်မိုးက နွေဦး၏ခံစားချက်ကို သယ်ဆောင်လာပြီး ကမ္ဘာမြေကို စွတ်စိုစေသည်။ မြေပြင်သည် စတင်ပျော့ပြောင်းလာကာ မြက်ပင်များ ပေါက်လာပြီး မြေကြီးကိုဖြတ်သန်း၍ အပေါ်ကို ထိုးဖောက်လာကာ သစ်ပင်များက တဖြည်းဖြည်းနှင့် စိမ်းလန်းလာသည်။ ဤသက်ရှိအရာ အားလုံးက ကမ္ဘာမြေကြီးဆီကို လတ်ဆတ်သည့် ရှင်သန်တက်ကြွမှုများ သယ်ဆောင်လာသည်။ ဤသည်မှာ အရာအားလုံး ဖြစ်တည်လာပြီး ရှင်သန်ကြီးထွားလာသည့် မြင်ကွင်းဖြစ်သည်။ တိရစ္ဆာန်ပေါင်းစုံသည်လည်း နွေဦး၏နွေးထွေးမှုကို ခံစားပြီး နှစ်သစ်တစ်ခုကို စတင်ရန်အတွက် သူတို့၏တွင်းများထဲမှ ထွက်လာသည်။ သက်ရှိသတ္တဝါအားလုံးသည် နွေရာသီတွင် နေပူစာလှုံကြပြီး ရာသီဥတုက သယ်ဆောင်လာသည့် နွေးထွေးမှုကို နှစ်သက်ခံစားကြသည်။ သူတို့ လျင်မြန်စွာ ကြီးထွားကြ သည်။ သစ်ပင်များ၊ မြက်ပင်များနှင့် အပင်အမျိုးအစား အားလုံးသည် အလွန်လျင်မြန်စွာ ကြီးထွားလာ ပြီးနောက်တွင် ဖူးပွင့်ပြီး အသီးသီးကြသည်။ လူသားတို့ အပါအဝင် သက်ရှိသတ္တဝါအားလုံးသည် နွေရာသီတွင် အလွန်အလုပ်ရှုပ်ကြသည်။ ဆောင်းဦးရာသီတွင် မိုးသည် ဆောင်းဦးရာသီ၏ အေးမြမှုကို သယ်ဆောင်လာပြီး သက်ရှိသတ္တဝါအမျိုးအစားအားလုံးသည် ရိတ်သိမ်းရာသီကို စတင်တွေ့ကြုံလာကြသည်။ အရာအားလုံးသည် အသီးသီးကြပြီးလျှင် ဆောင်းရာသီအတွက် အစားအစာကို ကြိုတင်ပြင်ဆင်ရန်အလို့ငှာ လူသားတို့သည် ဤအသီးအနှံအမျိုးအစား အမျိုးမျိုးကို စတင်ရိတ်သိမ်းကြသည်။ ဆောင်းရာသီတွင် အရာအားလုံးသည် တိတ်ဆိတ်စွာနေ ရန်အတွက် အေးမြခြင်းတွင် တဖြည်းဖြည်း စတင်ခိုနားလာ ကြပြီး ဤရာသီတွင် လူများလည်း အနားယူကြသည်။ နွေဦးရာသီမှ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီကို ကူးပြောင်းခြင်းများဖြစ်သည့် ပြောင်းလဲမှုများက ဘုရားသခင် တည်ထောင်ခဲ့သည့် နိယာမများအရ ဖြစ်ပေါ်ကြသည်။ ဤနိယာမများကို အသုံးပြု၍ သက်ရှိသတ္တဝါနှင့် လူသားအားလုံးကို သူဦးဆောင်ပြီး မတူညီသည့်အပူချိန်၊ မတူညီသောဥတုများရှိသည့် ရပ်တည် ရှင်သန်နိုင်သော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရင်း လူသားတို့အတွက် အရောင်စုံလင် ကြွယ်ဝလှသည့် ဘဝကို တည်ထောင်ခဲ့သည်။ ဤအစီအစဉ်တကျပြုလုပ်ထားသည့်၊ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်အောက်တွင် လူသားများသည်လည်း အစီအစဉ်တကျနှင့် ရှင်သန်နိုင်၊ ပွားများနိုင်သည်။ လူသားများက ဤနိယာမများကို မပြောင်းလဲနိုင်၊ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် အဘယ်အရာမျှ ဤအရာများကို မချိုးဖောက်နိုင်ပေ။ ကမ္ဘာကြီးတွင် မည်သည့်အစွန်းရောက်သော ပြောင်းလဲမှုများ ဖြစ်ပွားပါစေ၊ ဤနိယာမများက ဆက်လက်တည်ရှိနေပြီး ဘုရားသခင်တည်ရှိသည့်အတွက် ဤနိယာမများ တည်ရှိသည်။ ဤအရာသည် ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏ စီမံခန့်ခွဲမှုကြောင့်ဖြစ်သည်။ ဤကဲ့သို့သော အစီအစဉ်ကျပြီး ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်မျိုးတွင် လူသားတို့၏ ဘဝများသည် ဤနိယာမနှင့်စည်းမျဉ်းများအတွင်းတွင် ရှေ့ဆက်သွား သည်။ ဤနိယာမများသည် လူသားမျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ဤနိယာမ အတွင်းတွင် လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ရပ်တည်ခဲ့ကြသည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အစီအစဉ်တကျဖြစ်သော ရှင်သန်ရပ်တည်နိုင်သည့် ဤပတ်ဝန်းကျင်နှင့် ဖြစ်တည်မှုများကို လူတို့သည် လူသားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နှစ်သက်ခံစား ခဲ့ကြသည်။ ဤနိယာမအမျိုးအစားများသည် အစကတည်းက တည်ရှိနေသည်ကို လူများခံစားကြရ သော်လည်း၊ ဤအရာများကို လုံးဝ မနှစ်သက်ကြ သော်လည်း၊ ဤနိယာမများကို ဘုရားသခင်သည် စီစဉ်ကိုင်တွယ်နေပြီး စိုးမိုးထားသည်ကို သူတို့မခံစားနိုင် သော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် ဤမပြောင်းလဲသည့်အမှုကို အမြဲတမ်း အာရုံစိုက်နေသည်။ ဤမပြောင်းလဲသည့် အမှုတွင် သူ၏ရည်ရွယ်ချက်က လူသားတို့ ရှေ့ဆက်နိုင်ရန်အလို့ငှာ လူသားတို့၏ ဆက်လက်ရှင်သန်နိုင်ရေးအတွက်ဖြစ်သည်။

လူသားမျိုးနွယ်အားလုံးကို ပြုစုပျိုးထောင်ရန်အလို့ငှာ ဘုရားသခင်သည် အရာအားလုံးအတွက် အကန့်အသတ်များ ချမှတ်သည်

ယနေ့ သတ္တဝါအားလုံးအပေါ် ဘုရားသခင် သယ်ဆောင်လာသည့် ဤသဘာဝနိယာမ အမျိုးအစားများ က လူသားမျိုးနွယ်အားလုံးကို မည်သို့ ပြုစုပျိုးထောင်ပုံကို ငါပြောသွားမည်။ ဤသည်မှာ အလွန်ကြီးမားသည့် ခေါင်းစဉ်ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ရှင်းရှင်း လင်းလင်း အသေးစိတ်ချပြနိုင်ရန်အတွက် အပိုင်းလိုက်ခွဲပြီး တစ်ခုချင်းဆွေးနွေးနိုင်သည်။ ဤနည်းအားဖြင့် သင်တို့ အတွက် လွယ်လွယ်နှင့် သဘောပေါက်နိုင်မည်ဖြစ်ပြီး တဖြည်းဖြည်းချင်း နားလည်နိုင်သည်။

ပထမဦးဆုံး ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များ အတွက် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေကြီး ပေါ်တွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများနှင့် ရေအစုအဝေးများအမျိုးမျိုးရှိသည်။ ၎င်းတို့မှာ မတူညီသည့် မြေပြင်အနေအထားများ မဟုတ်ပေလော။ ဘုရားသခင်သည် ဤမတူညီသည့် မြေပြင်အနေအထား အမျိုးအစားများကြားတွင် နယ်နိမိတ် စည်းများ ရေးဆွဲခဲ့သည်။ နယ်နိမိတ်စည်းများ ရေးဆွဲသည့် အကြောင်းကို ပြောသည့်အခါ တောင်များတွင် သူတို့၏ အကန့်အသတ်ဘောင်များရှိသည်၊ လွင်ပြင်များတွင် သူတို့၏ အကန့်အသတ်ဘောင်များ ရှိသည်၊ သဲကန္တာရများတွင် အတိုင်းအတာတစ်ချို့ရှိပြီး တောင်ကုန်းများတွင် ပုံသေနေရာတစ်ခု ရှိသည်ဟု ဆိုလိုသည်။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ပုံသေပမာဏ နှင့် ရေအစုအဝေးများလည်း ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ အရာအားလုံးကို အလွန် ရှင်းလင်းတိကျစွာ ခွဲခြမ်းခဲ့သည်။ တောင်တစ်ခု၏အချင်းဝက်က ကီလိုမီတာ မည်မျှရှိသည်၊ သူ၏အတိုင်းအတာက မည်မျှရှိသည် စသည်တို့ကို ဘုရားသခင်က ပိုင်းခြားသတ်မှတ်ပြီးဖြစ်သည်။ လွင်ပြင်တစ်ခု၏ အချင်းဝက်က ကီလိုမီတာ မည်မျှ ရှိသည်နှင့် သူ၏အတိုင်းအတာကိုလည်း သူပိုင်းခြား သတ်မှတ်ပြီး ဖြစ်သည်။ အရာအားလုံးကို ဖန်ဆင်း သည့်အခါတွင်လည်း သဲကန္တာရ၏ အတိုင်းအတာနှင့် တောင်ကုန်းတို့၏အတိုင်းအတာ၊ သူတို့၏ ပမာဏများ၊ အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည် စသည်တို့ကို သူသတ်မှတ်ခဲ့သည်၊ ဤအရာများ အားလုံးကိုလည်း သူသတ်မှတ်ခဲ့သည်။ မြစ်များနှင့် အင်းအိုင်များ၏ အတိုင်းအတာကိုလည်း ဤအရာများကို သူဖန်ဆင်းခဲ့သည့်အချိန်တွင် သတ်မှတ်ခဲ့သည်၊ သူတို့အားလုံးတွင် နယ်နိမိတ်စည်းများ ရှိကြသည်။ ဤသို့ဆိုလျှင် “နယ်နိမိတ်စည်းများ” ဟု ပြောသည့်အခါ အဘယ်အရာကိုဆိုလိုသနည်း။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စည်းမျဉ်းပုံစံက အရာအားလုံးအတွက် နိယာမများကို ချမှတ်နေခြင်းဖြစ်ကြောင်းကို ခုတင်ပြောခဲ့ကြသည်။ ဆိုလိုသည်မှာ တောင်များ၏ အတိုင်းအတာနှင့် နယ်နိမိတ်စည်းများသည် ကမ္ဘာ၏လည်ပတ်မှုကြောင့် သို့မဟုတ် အချိန်ကုန်လွန်မှုကြောင့် ကျယ်မသွား သို့မဟုတ် လျော့မသွားပေ။ ဤအရာသည် ပုံသေဖြစ်သည်။ ဤ “ပုံသေဖြစ်မှု” က ဘုရားသခင်၏ စည်းမျဉ်းဖြစ်သည်။ လွင်ပြင်များ၏ နေရာများအတွက်မူ၊ သူတို့၏ အတိုင်းအတာက အဘယ်အရာဖြစ်သည်၊ သူတို့ကို အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည်ဆိုသည်ကို ဘုရားသခင်သည် သတ်မှတ်ထားပြီးဖြစ်သည်။ သူတို့တွင် နယ်နိမိတ်စည်း တစ်ခုရှိသည်။ အဖုအထစ်တစ်ခုက လွင်ပြင်အလယ်တွင် သူ့ဘာသာ ပေါ်ထွက်လာမည် မဟုတ်ပေ။ လွင်ပြင်က ရုတ်တရက် တောင်အဖြစ် ပြောင်းသွားမည် မဟုတ်ပေ၊ ဤသို့ ဖြစ်မည်မဟုတ်ပေ။ ယခုတင်ပြောခဲ့သည့် နိယာမများနှင့် နယ်နိမိတ်စည်းများက ဤအရာကို ရည်ညွှန်းသည်။ သဲကန္တာရနှင့်ပတ်သက်၍မူ သဲကန္တာရ၏ အခန်းကဏ္ဍ သို့မဟုတ် အခြားမြေပုံစံ အနေအထားများ သို့မဟုတ် ပထဝီဝင်ဆိုင်ရာနေရာများကို ဤနေရာ၌ ပြောမည်မဟုတ်ဘဲ သူတို့၏ နယ်နိမိတ်စည်းများကိုသာ ပြောမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းအောက်တွင် သဲကန္တာရ၏ အတိုင်းအတာသည်လည်း ကျယ်လာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အား သူ၏နိယာမ၊ သူ၏အတိုင်းအတာကို ပေးအပ်ပြီးဖြစ်၍ ဖြစ်သည်။ သူ၏နေရာက မည်မျှကျယ်သည်နှင့် သူ၏ အခန်းကဏ္ဍက အဘယ်အရာဖြစ်သည်၊ အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည်၊ အဘယ်အရပ်မှာ ရှိသည် စသည့်အရာများကို ဘုရားသခင်သည် သတ်မှတ်ထားပြီး ဖြစ်သည်။ သူသည် သူ၏အတိုင်းအတာကို ကျော်သွားမည် မဟုတ်ပေ။ သူ၏အနေအထားကို ရွှေ့မည်မဟုတ်ဘဲ၊ သူ၏အကျယ်အဝန်းကို သူ့ဘာသာ ချဲ့ထွင်မည်မဟုတ်ပေ။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ရေများ၏ စီးဆင်းမှုများသည် အစီအစဉ်တကျပြုလုပ်ထားပြီး အဆက်မပြတ် ဖြစ်ပေါ်နေသော်လည်း၊ သူတို့၏နယ်မြေ သို့မဟုတ် သူတို့၏ နယ်နိမိတ်စည်းများကို မည်သည့်အခါမျှ ကျော်မသွားဖူးပေ။ သူတို့အားလုံးက သူတို့စီးဆင်းရမည့် ဦးတည်ချက်အတိုင်း စီးဆင်းရင်း အစီအစဉ်တကျပုံစံနှင့် ဦးတည်ချက် တစ်ခုတည်းသို့စီးဆင်းသည်။ ထို့ကြောင့် ဘုရားသခင်၏ စည်းမျဉ်း၏ နိယာမများအောက်တွင် မြစ်များ သို့မဟုတ် အင်းအိုင်များက အလိုလို ခြောက်သွေ့သွားမည်မဟုတ်ပေ။ သို့မဟုတ် ကမ္ဘာ၏လည်ပတ်ခြင်း၊ အချိန်ကုန်ဆုံးခြင်းတို့ကြောင့် သူ၏ဦးတည်ချက် သို့မဟုတ် သူ၏စီးဆင်းမှုပမာဏကို အလိုလို ပြောင်းလဲမည်မဟုတ်ပေ။ ဤအရာများ အားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာအားလုံး၌ သူတို့၏ သတ်မှတ်ထား သည့်နေရာ၊ အကျယ်အဝန်းနှင့် အတိုင်းအတာများ ရှိကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ သူတို့၏ နယ်နိမိတ် စည်းများကို သတ်မှတ်ခဲ့ပြီး အလိုလို ပုံစံတစ်မျိုး ပြောင်းခြင်း၊ အသစ်ပြန်ဖြစ်ခြင်း၊ ပြောင်းလဲခြင်းတို့ မဖြစ်နိုင်ပေ။ “အလိုလို” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ရာသီဥတု၊ အပူချိန် သို့မဟုတ် ကမ္ဘာ၏လည်ပတ်မှု မြန်နှုန်းကြောင့် ရမ်းသမ်း၍ ရွှေ့ခြင်း၊ ချဲ့ခြင်း သို့မဟုတ် သူတို့၏မူလနဂိုပုံစံကို ပြောင်းလဲခြင်း ဖြစ်မည်မဟုတ်ဟု ဆိုလိုသည်။ ဥပမာ တောင်တစ်လုံး၌ သူ့အမြင့်နှင့်သူရှိသည်၊ အောက်ခြေက သူ့နေရာနှင့်သူရှိသည်၊ သူ၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်ခုရှိပြီး သူ့အပင်ပမာဏနှင့်သူရှိသည်။ ဤအရာများ အားလုံးကို ဘုရားသခင် စီစဉ်ပြီးတွက်ချက်ခဲ့ခြင်းဖြစ်ပြီး သူ၏အမြင့်သို့မဟုတ် အကျယ်အဝန်းက သူ့အလိုလို ပြောင်းလဲသွားမည် မဟုတ်ပေ။ လွင်ပြင်များအတွက်မူ လူအများစုသည် လွင်ပြင်များတွင် နေထိုင်ကြပြီး ရာသီဥတု ပြောင်းလဲခြင်းက သူတို့၏နေရာ သို့မဟုတ် သူတို့တည်ရှိမှု၏ တန်ဖိုးအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ဤမြေအနေအထားအမျိုးမျိုးတွင် ပါဝင်သည့် အရာများပင်လျှင် သူ့အလိုလို ပြောင်းလဲမည်မဟုတ်ပေ။ ဥပမာ သဲကန္တာရတွင် ပါဝင်သည့် အရာများ၊ မြေအောက်က တွင်းထွက်ပစ္စည်းများ၊ ပါဝင်သည့် သဲပမာဏ၊ သဲ၏အရောင်များ၊ ၎င်း၏အထူ၊ ဤအရာများက သူ့အလိုလို မပြောင်းလဲပေ။ အဘယ်ကြောင့် သူ့အလိုလို မပြောင်းလဲကြသနည်း။ ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဤမတူညီသည့် မြေပြင်အနေအထားများ နှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့ အားလုံးအတွင်းတွင် သူသည် စီစဉ်ထား၍ စနစ်တကျရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် အရာအားလုံးကို စီမံခန့်ခွဲနေသည်။ ထို့ကြောင့် ဤပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရပြီးနောက်တွင် နှစ်ထောင်ချီ၍၊ နှစ်သောင်းချီ၍ တည်ရှိနေဆဲဖြစ်သည်။ သူတို့သည် သူတို့၏ အခန်းကဏ္ဍတစ်ခုစီကို လုပ်ဆောင်နေဆဲဖြစ်သည်။ အချို့အချိန်ကာလအတွင်းတွင် မီးတောင်များ ပေါက်ကွဲသော်လည်း၊ အချို့ကာလ အတွင်းတွင် ငလျင်လှုပ်မှုများ ဖြစ်ပေါ်သော်လည်း၊ ကြီးမားသည့် ကုန်းမြေရွေ့ပြောင်းမှုများ ရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်မြေအနေအထားကိုမဆို သူ၏ နဂိုလုပ်ဆောင်မှုများကို လုံးဝ ဆုံးရှုံးခွင့်ပြုမည်မဟုတ်ပေ။ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှု၊ ဤနိယာမများအပေါ် သူ၏စိုးမိုးမှုနှင့် ဆုပ်ကိုင်ထားမှုများကြောင့် လူသားမျိုးနွယ် မှ ခံစားသည့်၊ လူသားမျိုးနွယ်မှ မြင်တွေ့ရသည့် ဤအရာအားလုံးသည် ကမ္ဘာမြေကြီးအပေါ်တွင် အစီအစဉ် တကျပုံစံနှင့် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် ကမ္ဘာတွင်ဖြစ်တည်နေသည့် ဤမြေအနေအထား အမျိုးမျိုးအားလုံးကို မည်သည့်အတွက်ကြောင့် ဤနည်းလမ်းနှင့် စီမံသနည်း။ ရည်ရွယ်ချက်မှာ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးတွင် ရပ်တည်ရှင်သန်နေသည့် သက်ရှိသတ္တဝါများ အားလုံးသည် တည်ငြိမ်သည့် ပတ်ဝန်းကျင်ကို ရရှိပြီး ဤတည်ငြိမ်သည့် ပတ်ဝန်းကျင်တွင် ဆက်လက်ရှင်သန်ပြီး ပွားများနိုင်ကြရန်အတွက် ဖြစ်သည်။ ရွေ့လျားနိုင်သည့် သက်ရှိများ၊ မရွေ့လျားနိုင်သည့်သက်ရှိများ၊ မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူသည့်အရာများနှင့် မရှူသည့်အရာများ၊ ဤအရာအားလုံးသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် တမူထူးခြားသည့် ပတ်ဝန်းကျင် တစ်ခုကို ပြုလုပ်ဖန်တီးကြသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားမျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်နိုင်ပြီး ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားများကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ငြိမ်းချမ်းစွာနှင့် ဆက်လက် ရှင်သန်စေနိုင်သည်။

ယခု ပြောခဲ့သည့်အကြောင်းအရာက အတော်အတန် ကျယ်ပြန့်သည့် အကြောင်းအရာဖြစ်သည်။ ထို့ကြောင့် သင်တို့အတွက် အလှမ်းဝေးကောင်းဝေးနေနိုင်သည်။ သို့သော် သင်တို့ နားလည်နိုင်သည် မဟုတ်လော။ ဆိုလိုသည်မှာ အရာအားလုံးအပေါ် သူ၏အုပ်စိုးမှုထဲတွင် ရှိသည့် ဘုရားသခင်၏နိယာမတရားများသည် အလွန် အရေးကြီးသည်။ အလွန်အရေးကြီးသည်။ ဤနိယာမများ အတွင်းတွင် သက်ရှိအားလုံးကြီးထွားရန်အတွက် ကြိုတင်သတ်မှတ်ချက်က အဘယ်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏ စည်းမျဉ်းကြောင့်ဖြစ်သည်။ သူ၏ စည်းမျဉ်းအတွင်းတွင် အရာအားလုံးသည် သူတို့၏ကိုယ်ပိုင် လှုပ်ရှားလည်ပတ်မှုများကို လုပ်ဆောင်ကြခြင်းသည် သူ၏စည်းမျဉ်းကြောင့်ဖြစ်သည်။ ဥပမာ တောင်များက သစ်တောများကို ပျိုးထောင်ပေးသည်။ သစ်တောများက တစ်လှည့် သူတို့ထဲတွင် နေထိုင်ကြသည့် ငှက်နှင့် သားရဲတိရစ္ဆာန်များကို စောင့်ရှောက်သည်။ လွင်ပြင်များက လူသားတို့ ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အတွက်နှင့် ငှက်နှင့် သားရဲအမျိုးမျိုးတို့အတွက် ပြင်ဆင်ထားသည့် ဇာတ်စင်တစ်ခု ဖြစ်သည်။ လွင်ပြင်များသည် လူသားအများစုကို ပြန့်ပြူးသည့် မြေပေါ်တွင် နေခွင့်ပေးပြီး လူများ၏ဘဝများကို အဆင်ပြေစေသည်။ လွင်ပြင်များတွင် မြက်ခင်းပြင်များလည်း ပါဝင်သည်။ အလွန်ကြီးမားသည့် မြက်ခင်းပြင်များ ဖြစ်သည်။ မြက်ခင်းပြင်များသည် ကမ္ဘာမြေကြီး၏ သဘာဝပေါက်ပင်များ ဖြစ်သည်။ သူတို့သည် မြေကြီးကို ကာကွယ်ပေးပြီး မြက်ခင်းပြင်များပေါ်တွင်နေသည့် ကျွဲနွား၊ သိုးနှင့် မြင်းများကို ပြုစုစောင့်ရှောက်သည်။ သဲကန္တာရသည်လည်း သူ၏တာဝန်ကို ဆောင်ရွက်သည်။ သဲကန္တာရမှာ လူသားများ နေထိုင်ရန်အတွက် နေရာမဟုတ်ပေ။ သူ၏တာဝန်က စိုစွတ်သည့်ရာသီဥတုများကို ပိုမိုခြောက်သွေ့စေရန်ဖြစ်သည်။ မြစ်များနှင့် အင်းအိုင်တို့၏ စီးဆင်းမှုသည် လူသားများ၏ သောက်ရေအတွက် အဆင်ပြေစေသည်။ သူတို့စီးဆင်းသည့်အရပ်တိုင်းတွင် လူများ၌ သောက်ရန်ရေရှိမည် ဖြစ်ပြီး ဤစီးဆင်းမှုများက အရာအားလုံး၏ ရေလိုအပ်မှုကို ဖြည့်ဆည်းရာ၌ အထောက်အကူပြု၏။ ယင်းတို့သည် မြေအနေအထား အမျိုးမျိုးအတွက် ဘုရားသခင်ရေးဆွဲထားသည့် နယ်နိမိတ်စည်းများ ဖြစ်သည်။

ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ် စည်းများကြောင့် မြေအနေအထားအမျိုးမျိုးသည် အသက်ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို ထုတ်လုပ်ပေးပြီး ဤရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်များသည် ငှက်များနှင့် သားရဲတိရစ္ဆာန် အမျိုးမျိုးတို့အတွက် အဆင်ပြေ၍ ရှင်သန်ရပ်တည်ရေး အတွက် နေရာတစ်နေရာကိုလည်း သယ်ဆောင်ပေးသည်။ ဤအရာမှ သက်ရှိသတ္တဝါအမျိုးမျိုး၏ ရှင်သန်ရပ်တည်နိုင် သည့် ပတ်ဝန်းကျင်သည် ဖွံ့ဖြိုးတိုးတက်လာသည်။ ဤသည်မှာ နောက်ပြောမည့် ဒုတိယအချက်ဖြစ်သည်။ ဦးစွာအနေဖြင့် ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများက မည်သည့်နေရာတွင် နေထိုင်သနည်း။ သစ်တောများနှင့် တောအုပ်များတွင် နေကြသလော။ ဤအရာများက သူတို့၏ ဇာတိမြေနေရာများ ဖြစ်သည်။ ထို့ကြောင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များအတွက် နယ်နိမိတ်စည်းမျဉ်းများ ပြုလုပ်ခြင်းအပြင် ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်။ သဘာဝနိယာမ တရားများကိုလည်း သတ်မှတ်ခဲ့သည်။ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြားက မတူညီမှုများ၊ မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်တို့ တည်ရှိမှုကြောင့် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်တို့သည် ရှင်သန်ရပ်တည်မှု အတွက် မတူညီသည့် ပတ်ဝန်းကျင်တို့ ရှိကြသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများသည် အပင်အမျိုးမျိုးကြားတွင် နေထိုင်ကြသည်၊ ငါးများက ရေတွင်နေပြီး အပင်များက ကုန်းမြေပေါ်တွင် ပေါက်သည်။ ကုန်းမြေတွင် တောင်များ၊ လွင်ပြင်များ၊ တောင်ကုန်းများကဲ့သို့ နေရာအမျိုးမျိုးပါဝင်သည်။ ထို့ကြောင့် ငှက်များနှင့် သားရဲတိရစ္ဆာန်တို့၌ သူတို့၏ သတ်မှတ်ထားသည့် မွေးရပ်မြေ ရှိသွားသည်နှင့် အခြားနေရာများကို လျှောက်ပြီး လှည့်လည်မသွားလာ တော့ပေ။ သူတို့၏ မွေးရပ်မြေက တောများနှင့် တောင်များဖြစ်သည်။ အကယ်၍ တစ်နေ့တွင် သူတို့၏ မွေးရပ်မြေက ဖျက်ဆီးခံရလျှင် ဤအစီအစဉ်က ပရမ်းပတာ ဖြစ်သွားပါလိမ့်မည်။ ဤအစီအစဉ်က ပရမ်းပတာဖြစ်သွား သည်နှင့်တစ်ပြိုင်နက် ဖြစ်လာမည့် အကျိုးဆက်များက အဘယ်အရာများနည်း။ မည်သူတို့ကို အရင်ဦးဆုံး ထိခိုက်မည်နည်း။ (လူသားမျိုးနွယ်ဖြစ်ပါသည်။) လူသားမျိုးနွယ်ဖြစ်သည်။ ဘုရားသခင်ချမှတ်ခဲ့သည့် ဤနိယာမများနှင့် အကန့်အသတ်များအတွင်းတွင် တမူထူးခြားသည့်ဖြစ်ရပ်မျိုး သင်တို့တွေ့ဖူးသလော။ ဥပမာ ဆင်များက သဲကန္တာရထဲတွင် ဤအတိုင်း လှည့်ပတ် သွားလာနေခြင်းမျိုး။ ဤအရာကို သင်တို့ တွေ့ဖူးသလော။ ဤကဲ့သို့သာဆိုလျှင် အလွန်ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်နေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆင်များက တောထဲတွင်နေထိုင်ပြီး ဤနေရာက သူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သည့် အသက်ရှင်သန်ရေး အတွက် ပတ်ဝန်းကျင်ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့၌ ရှင်သန်ရေးအတွက် သူ့ပတ်ဝန်းကျင်နှင့်သူရှိပြီး သတ်မှတ်ထားသည့် သူ့မွေးရပ်မြေနှင့်သူရှိသည်။ ထို့ကြောင့် ဆင်က အဘယ်ကြောင့် လျှောက်ပြီး သွားလာနေမည်နည်း။ ခြင်္သေ့ သို့မဟုတ် ကျားများက ပင်လယ်ဘက်တွင် လှည့်လည်သွားလာနေကြခြင်းကို မည်သူမြင်ဖူးသနည်း။ မည်သူမျှ မမြင်ဖူးဘူး မဟုတ်လော။ ခြင်္သေ့နှင့် ကျားတို့၏ မွေးရပ်မြေက သစ်တောများနှင့် တောင်များဖြစ်သည်။ ပင်လယ်ထဲတွင်ရှိသည့် ဝေလငါးများနှင့် ငါးမန်းများက သဲကန္တာရထဲတွင် သွားလာနေသည်ကို မြင်ဖူးကြသလော။ မည်သူမျှ ဤကဲ့သို့ မမြင်ဖူးကြဘူး မဟုတ်လော။ ဝေလငါးများနှင့် ငါးမန်းများက ပင်လယ်ထဲတွင် သူတို့အိမ်ကိုပြုလုပ်ကြသည်။ လူတို့၏ သက်ရှိ ပတ်ဝန်းကျင်တွင် ဝက်ဝံညိုများနှင့်အတူတူ နေသည့်လူများ ရှိသလော။ သူတို့အိမ်များ၏ အတွင်းအပြင်တွင် ဒေါင်းများ သို့မဟုတ် အခြားငှက်များ အမြဲတမ်းဝန်းရံနေသည့် လူများ ရှိသလော။ လင်းယုန်များ သို့မဟုတ် တောငန်းများသည် မျောက်များနှင့် ဆော့ကစားနေကြသည်ကို မည်သူမြင်ဖူး သနည်း။ (မမြင်ဖူးပါ။) ဤကဲ့သို့သာဆိုလျှင် ဤအရာများအားလုံးက တမူထူးဆန်းနေသည့် ဖြစ်ရပ်များ ဖြစ်နေမည်ဖြစ်သည်။ သင်တို့၏အမြင်များတွင် တမူထူးခြားသည့်ဖြစ်ရပ်များကို ငါပြောပြရသည့် အကြောင်းရင်းက ဘုရားသခင်ဖန်ဆင်းခဲ့သည့် သတ္တဝါအားလုံးသည် တစ်နေရာထဲတွင် ပုံသေသတ်မှတ်ခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူနိုင်သည်ဖြစ်စေ၊ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူတို့အားလုံးတွင် နိယာမများရှိသည်ကို သင်တို့ နားလည်စေရန်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင်မဖန်ဆင်းခင် ရှေးယခင်ကတည်းက သူတို့၏ ကိုယ်ပိုင်မွေးရပ်မြေအတွက်၊ သူတို့၏ ကိုယ်ပိုင်ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင် အတွက် သူပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဤသက်ရှိ သတ္တဝါများသည် သူတို့၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ထားသည့် ကိုယ်ပိုင်ပတ်ဝန်းကျင်၊ သူတို့၏ ကိုယ်ပိုင်အစားအစာ၊ သတ်မှတ်ထားသည့် ကိုယ်ပိုင် မွေးရပ်မြေများ၊ သူတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် သင့်တော်သော သတ်မှတ်ထားသည့် ကိုယ်ပိုင်နေရာများ၊ သူတို့ရှင်သန်ရပ်တည်ရန်အတွက် သင့်တော်သည့် အပူချိန် နှင့် နေရာများရှိကြသည်။ ဤနည်းအားဖြင့် သူတို့သည် လျှောက်ပြီး လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားတို့၏ရှင်သန်ရပ်တည်ရေးကို ထိခိုက်ခြင်း သို့မဟုတ် သူတို့၏အသက်ရှင်သန်မှုများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင် စီမံသည့် ပုံစံပင်ဖြစ်သည်။ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံး ပတ်ဝန်းကျင်ကို ထောက်ပံ့ရန်ဖြစ်သည်။ အရာအားလုံး ထဲက သက်ရှိသတ္တဝါတိုင်းတွင် ရှင်သန်ရပ်တည်နိုင်ရန် အတွက် သူတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်းတွင် အသက်ရှင်သန်နိုင်သည့် အစားအစာများ ရှိကြသည်။ ဤအစားအစာများနှင့်အတူ အသက်ရှင်ရပ်တည်နိုင်ရေး အတွက် သူတို့၏ ဇာတိပတ်ဝန်းကျင်အတွင်းတွင် သူတို့ကို သတ်မှတ်ထားသည်။ ဤကဲ့သို့ ပတ်ဝန်းကျင် အမျိုးအစားတွင် သူတို့သည် ဘုရားသခင် သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ရှင်သန်ဆဲ၊ ပွားများဆဲ၊ ရှေ့ဆက်နေကြဆဲ ဖြစ်သည်။ ဤနိယာမ အမျိုးအစား များကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားထားခြင်း ကြောင့်၊ အရာအားလုံးသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်စွာ ပြုမူလှုပ်ရှားပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အပြန်အလှန် မှီခိုနေကြသည်။

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး သူတို့အတွက် နယ်နိမိတ်စည်းများကို တည်ထောင်ခဲ့သည်၊ သူတို့အထဲတွင် သူသည် သက်ရှိအမျိုးအစားအားလုံးကို ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုအတောအတွင်း သူသည် လူသားတို့အတွက် မတူညီသည့် ရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းတို့ကိုလည်း ပြင်ဆင်ခဲ့သည်၊ ထို့ကြောင့် လူသားများ ရှင်သန်ရပ်တည်ရန်အတွက် နည်းလမ်း တစ်ခုသာ ရှိခြင်းမဟုတ်သည်ကို သင်မြင်နိုင်၏။ သူတို့တွင် ရှင်သန်ရပ်တည်နိုင်ရန် ပတ်ဝန်းကျင်အမျိုးအစား သည်လည်း တစ်ခုသာ ရှိသည်မဟုတ်ပေ။ လူသားတို့၏ ဘဝကို အသွေးအသားနှင့် ဆက်လက်ရှင်သန်နိုင်စေ ရန်အတွက် အလွန်အရေးကြီးသည့် အစားအစာနှင့် ရေအရင်းအမြစ် အမျိုးအစား အမျိုးမျိုးကို ဘုရားသခင် ပြင်ဆင်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ သို့သော် ဤလူသားမျိုးနွယ်ထဲတွင် လူအားလုံးက အစေ့အဆန်များ နှင့်သာ ရပ်တည်စားသောက်နေကြသည် မဟုတ်ပေ။ လူများတွင် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားများကြောင့် မတူညီသည့် ရှင်သန် ရပ်တည်နိုင်ရေး နည်းလမ်းများ ရှိကြသည်။ ဤရှင်သန် ရပ်တည်နိုင်ရေး နည်းလမ်းများအားလုံးကို ဘုရားသခင် ပြင်ဆင်ပြီး ဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးက လယ်စိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားအားလုံးက ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းမှသာ အစားအစာကို ရရှိခြင်းမဟုတ်ပေ။ ဤအရာသည် ယခုပြောဆိုမည့် တတိယအချက်ဖြစ်သည်။ လူသားတို့၏ ရှင်သန်နေထိုင်မှုပုံစံအမျိုးမျိုးမှ နယ်နိမိတ်စည်းမျဉ်းများ ဖြစ်ပေါ်လာသည်။ ဤသို့ဆိုလျှင် လူသားများတွင် အခြား မည်သည့် ဘဝနေထိုင်မှုပုံစံ အမျိုးအစားများ ရှိသနည်း။ လူသားများတွင် အခြား မည်သည့်အစားအစာအရင်းအမြစ် အမျိုးအစားများ ရှိသနည်း။ အဓိကအမျိုးအစားအချို့ ရှိသည်။

ပထမဆုံးက အမဲလိုက်သည့် ဘဝနေထိုင်မှုပုံစံ ဖြစ်သည်။ အားလုံး ဤအရာကို သိသည်။ အမဲလိုက်ခြင်းနှင့် အသက်မွေးသည့်သူများက အဘယ်အရာကို စားသနည်း။ (တောကောင်။) သူတို့က တောထဲတွင်ရှိသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်တို့ကို စားသည်။ “တောကောင်” က ခေတ်စကားလုံးဖြစ်သည်။ မုဆိုးများက တောကောင်အနေနှင့် မတွေးပေ။ ယင်းတို့ကို အစားအစာအနေနှင့် သူတို့၏နေ့စဉ်အစားအစာအနေနှင့် တွေးသည်။ ဥပမာ သူတို့ သမင်တစ်ကောင် ရသည်။ သူတို့ ဤသမင်ကို ရသည့်အခါတွင် လယ်သမားက မြေကြီးထဲမှ ကောက်ပဲသီးနှံတို့ကို ရသကဲ့သို့ပင်ဖြစ်သည်။ လယ်သမား တစ်ယောက်က မြေကြီးထဲမှ ကောက်ပဲသီးနှံများကိုရပြီး သူ၏ကောက်ပဲသီးနှံများကို မြင်ရသည့်အခါတွင် ပျော်ရွှင်ပြီး စိတ်ကျေနပ်မှုရသည်။ စားစရာ ကောက်ပဲသီးနှံများ ရှိသည့်အတွက် မိသားစုသည် ဆာလောင်မည်မဟုတ်ပေ။ သူ့နှလုံးသားက စိတ်သက်သာရာရပြီး ကျေနပ်မှုရရှိသည်။ မုဆိုးတစ်ဦးသည်လည်း သူဖမ်းမိသည့်အကောင်ကို ကြည့်သည့်အခါတွင် စိတ်သက်သာ ကျေနပ်မှုကိုရရှိသည်။ အဘယ်ကြောင့်ဆိုလျှင် အစားအစာအတွက် စိတ်ပူစရာ မလိုတော့၍ဖြစ်သည်။ နောက်တစ်ခါ စားရန်အတွက် စားစရာရှိသည်။ ဆာလောင်မည်မဟုတ်တော့ပေ။ ဤသူမှာ အသက်မွေးရန်အတွက် အမဲလိုက်သူဖြစ်သည်။ အမဲလိုက်ပြီး အစာရှာသည့်သူအများစုက တောင်ပေါ် သစ်တောများတွင် နေထိုင်သည်။ သူတို့သည် လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ ထိုနေရာတွင် စိုက်ပျိုးနိုင်သည့်မြေကို ရှာဖွေတွေ့ရှိရန် မလွယ်ပေ။ ထို့ကြောင့် သူတို့သည် သက်ရှိအမျိုးမျိုး၊ သားကောင်အမျိုးမျိုးတို့အပေါ်တွင် ရှင်သန်ရပ်တည်သည်။ ဤသည်မှာ သာမန်လူသားတို့နှင့် ကွဲပြားသည့် ပထမ ဘဝနေမှုပုံစံဖြစ်သည်။

ဒုတိယအမျိုးအစားက မွေးမြူရေး ဘဝနေမှုပုံစံ ဖြစ်သည်။ အသက်မွေးရန်အတွက် မွေးမြူရေးလုပ်သူများက လယ်စိုက်ပျိုးခြင်း လုပ်ကြသလော။ (မလုပ်ကြပေ။) ဤသို့ဆိုလျှင် သူတို့ဘာလုပ်သနည်း။ ဤနေရာ၌ မွန်ဂိုလူမျိုးပါသည်ဆိုလျှင် သင်တို့၏ လှည့်လည်သွားလာတတ်သည့် ဘဝနေမှုပုံစံကို အနည်းငယ် ပြောနိုင်သည်။ (အများအားဖြင့် ကျွန်ုပ်တို့သည် အသက်မွေးဝမ်းကျောင်းအတွက် ကျွဲနွားနှင့်သိုးများကို မွေးမြူပါသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပါ။ ဆောင်းရာသီ၌ ကျွန်ုပ်တို့၏ မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ်ပြီး စားသောက်ပါ၏။ ကျွန်ုပ်တို့၏ အဓိကအစားအစာမှာ အမဲသားနှင့် သိုးသားဖြစ်ပါ၏။ နွားနို့လက်ဖက်ရည် သောက်ပါ၏။ မွေးမြူရေးသမားများက လေးရာသီလုံး အလုပ်ရှုပ်နေသော်လည်း သူတို့က ကောင်းကောင်းစားကြသည်။ နွားနို့၊ နို့ထွက်ပစ္စည်း သို့မဟုတ် အသားတို့ပြတ်လတ်ခြင်းမရှိကြပေ။) မွန်ဂိုလူမျိုးများက အမဲသားနှင့် သိုးသားကို အဓိကစားသည်။ နွားနို့နှင့် သိုးနို့သောက်သည်။ သူတို့၏မျက်နှာတွင် နေရောင်ကျရောက်နေလျက် သူတို့၏ ဆံပင်ကို လေတိုက်နေလျက် သူတို့၏တိရစ္ဆာန်များကို မွေးမြူထိန်းကျောင်းရန်အတွက် ကွင်းပြင်ထဲတွင်ရှိသည့် ကျွဲများနှင့် မြင်းများကို စီးကြသည်။ သူတို့တွင် ခေတ်ပေါ်ရှင်သန်နေထိုင်မှု၏ ဖိအားများမရှိပေ။ သူတို့သည် ကျယ်ပြန့်သည့် အပြာရောင် ကောင်းကင်ကြီးနှင့် မြက်ခင်းလွင်ပြင်များကိုသာ တစ်နေကုန် တွေ့မြင်ရသည်။ မွေးမြူရေးလုပ်ပြီး အသက်မွေးသူများ အများစုသည် မြက်ခင်းပြင်များပေါ်တွင်သာ နေကြပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သူတို့၏လှည့်လည်သွားလာသည့် ဘဝနေမှုပုံစံအတိုင်း ဆက်လက်နေထိုင်နိုင်ကြသည်။ မြက်ခင်းပြင်များပေါ်က ဘဝသည် အနည်းငယ် အထီးကျန်သော်လည်း အလွန်ပျော်ရွှင်ရသည့် ဘဝလည်း ဖြစ်သည်။ ဆိုးဝါးသည့် ဘဝနေမှုပုံစံတစ်ခု မဟုတ်ပေ။

တတိယအမျိုးအစားမှာ ငါးဖမ်းခြင်း ဘဝနေမှုပုံစံ ဖြစ်သည်။ ပင်လယ်အနား သို့မဟုတ် သေးငယ်သည့် ကျွန်းများပေါ်တွင်နေထိုင်သည့် လူအနည်းငယ်ရှိသည်။ သူတို့က ရေများနှင့်ပတ်လည်ဝိုင်းနေပြီး ပင်လယ်ကြီးကို မျက်နှာမူနေသည်။ ဤလူအများက အသက်မွေး ဝမ်းကျောင်းအတွက် ငါးဖမ်းသည်။ အသက်မွေးဝမ်းကျောင်း အတွက် ငါးဖမ်းသည့် ဤလူများအတွက် အစားအစာ အရင်းအမြစ်က အဘယ်အရာနည်း။ ငါးအမျိုးအစား အားလုံး၊ ပင်လယ်စာနှင့် ရေထွက်ပစ္စည်းများ မဟုတ်လော။ ဟောင်ကောင်သည် တံငါရွာလေးသာ ဖြစ်ခဲ့စဉ်က ထိုအရပ်တွင်နေထိုင်သည့် လူများသည် အသက်မွေး ဝမ်းကျောင်းအတွက် ငါးဖမ်းကြသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ နေ့စဉ် ငါးသွားဖမ်းကြသည်။ သူတို့၏ အဓိကအစားအစာက ငါးနှင့်ပင်လယ်စာအမျိုးမျိုးတို့ ဖြစ်သည်။ သူတို့သည် ဆန်၊ ဂျုံနှင့် နေ့စဉ် လိုအပ်သည့်အရာများကိုလည်း ငါးအချို့နှင့် ရံဖန်ရံခါ လဲလှယ်တတ်ကြသည်။ ဤသည်မှာ ရေနားတွင်နေသည့် သူများ၏ မတူညီသည့် ဘဝနေမှုပုံစံများဖြစ်သည်။ ရေနားတွင်နေထိုင်သည့်သူများသည် သူတို့အကျိုးအတွက် ရေကိုမှီခိုအားထားကြပြီး ငါးဖမ်းခြင်းက သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်သည်။ ဤအရာသည် သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်ပြီး သူတို့၏ အစားအစာ အရင်းအမြစ်လည်းဖြစ်သည်။

အသက်မွေးရန်အတွက် လယ်စိုက်ပျိုးသည့်သူများကို ဖယ်လိုက်လျှင် အထက်တွင် ဖော်ပြခဲ့သော မတူညီသည့် ဘဝနေမှု ပုံစံသုံးမျိုးရှိသည်။ မွေးမြူရေး၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် ရပ်တည်သည့်သူများကို ထားလိုက်လျှင် လူအများစုက အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးကြသည်။ လယ်စိုက်ပျိုးသည့် သူများက အဘယ်အရာလိုအပ်သနည်း။ မြေကြီးလိုအပ်သည်။ သူတို့သည် အသက်ရှင်သန်ရပ်တည်နိုင်ရန်အတွက် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ကောက်ပဲသီးနှံများ စိုက်ပျိုး၏။ သူတို့၏အစားအစာကို ကမ္ဘာမြေကြီးမှ ရသည်။ ဟင်းသီးဟင်းရွက်၊ အသီးများ သို့မဟုတ် အစေ့အဆန်များကို စိုက်သည်ဖြစ်စေ၊ သူတို့၏ အစာနှင့် နေ့စဉ်လိုအပ်ချက်များကို သူတို့အားလုံး ကမ္ဘာမြေကြီးမှ ရရှိသည်။

ဤမတူညီကြသည့် ဘဝနေမှုပုံစံများအတွက် အခြေခံ လိုအပ်သည့်အခြေအနေများက မည်သို့နည်း။ ရှင်သန် ရပ်တည်ရန်အတွက် သူတို့၏ပတ်ဝန်းကျင်ကို အခြေခံ ထိန်းသိမ်းမှု မလိုအပ်သလော။ တစ်နည်းအားဖြင့် အမဲလိုက်ခြင်းဖြင့် အသက်မွေးသူများက တောတောင်သစ်ပင်များ သို့မဟုတ် ငှက်များနှင့် သားရဲတိရစ္ဆာန်များကို ဆုံးရှုံးရသည်ဆိုလျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းမှုမှာ ပျောက်ဆုံးသွားတော့မည်။ ဤလူမျိုးစုများနှင့် ဤကဲ့သို့သောလူများ သွားရမည့် ဦးတည်ချက်မှာ မရေမရာဖြစ်လာမည်ဖြစ်ပြီး သူတို့သည် ပျောက်ပင်ပျောက်ကွယ်သွားမည်။ ထို့ပြင် စားဝတ်နေရေးအတွက် မွေးမြူရေးလုပ်သူများက အဘယ်အရာကို အားထားရမည်နည်း။ သူတို့အမှန်တကယ် မှီခိုနေကြသည်မှာ မွေးမြူရေးတိရစ္ဆာန်များမဟုတ်ဘဲ သူတို့၏ မွေးမြူရေးတိရစ္ဆာန်များ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်၊ မြက်ခင်းပြင်ဖြစ်သည်။ မြက်ခင်းပြင်များ မရှိလျှင် သူတို့၏မွေးမြူရေး တိရစ္ဆာန်များကို အဘယ်အရပ်၌ အစာကျွေးမည်နည်း။ ကျွဲနွားများနှင့် သိုးများက အဘယ်အရာကို စားကြမည်နည်း။ မွေးမြူရေး တိရစ္ဆာန်များမရှိလျှင် လှည့်လည်နေထိုင်သည့် လူမျိုးစုများက အသက်မွေးဝမ်းကျောင်းစရာ ရှိမည် မဟုတ်ပေ။ သူတို့တွင် အသက်မွေးဝမ်းကျောင်း လုပ်စရာရှိမည်မဟုတ်ပေ။ သူတို့၏ အသက်မွေး ဝမ်းကျောင်း အရင်းအမြစ်မရှိလျှင် လူများက အဘယ်အရပ်ကို သွားကြမည်နည်း။ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရန်က အလွန်ခက်ခဲလာမည်။ သူတို့တွင် အနာဂတ်ရှိမည်မဟုတ်တော့ပေ။ ရေအရင်းအမြစ်မရှိလျှင် မြစ်များနှင့် အင်းအိုင်များက ခြောက်သွေ့လာမည်။ အသက်ရှင်ရန်အတွက် ရေကို မှီခိုအားထားရသည့် ငါးအားလုံးက ရှိပါတော့မည်လော။ ဤငါးများ ရှိတော့မည်မဟုတ်ပေ။ အသက်မွေးဝမ်းကျောင်းအတွက် ရေနှင့် ငါးကို အမှီပြုရသည့် လူများက ဆက်ပြီး ရှင်သန်ရပ်တည်နိုင်ပါ့မည်လော။ သူတို့တွင် စားစရာမရှိလျှင်၊ သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်မရှိလျှင် ဤလူများသည် ဆက်လက်ရှင်သန်ရပ်တည်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် ရှင်သန်ရပ်တည်နိုင်ရေးနှင့်ပတ်သက်ပြီး ပြဿနာရှိလာလျှင် ထိုလူမျိုးများသည် ရှေ့ဆက်နိုင်မည်မဟုတ်ပေ။ ပျောက်ကွယ်သွားနိုင်သည်။ ကမ္ဘာမြေကြီးမှ ပျက်သုဉ်း သွားနိုင်သည်။ နောက်ပြီးလျှင် အသက်မွေး ဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးသူများသည် သူတို့၏ မြေများကို ဆုံးရှုံးသွားလျှင်၊ အပင်များ မစိုက်နိုင်ဖြစ်ပြီး အပင်အမျိုးမျိုးမှ အစားအစာများကို သူတို့ရမည် မဟုတ်တော့လျှင် ရလဒ်က အဘယ်အရာ ဖြစ်လာမည်နည်း။ အစားအစာမရှိလျှင် လူများက ဆာလောင်ပြီး သေဆုံးကုန်ကြမည် မဟုတ်လော။ လူများက ဆာလောင်ပြီး သေကြေကုန်လျှင် ဤလူမျိုးသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ထို့ကြောင့် ဤအရာသည် ပတ်ဝန်းကျင်အမျိုးမျိုးကို ဘုရားသခင် ထိန်းသိမ်းသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။ ပတ်ဝန်းကျင် အမျိုးမျိုးနှင့် ဂေဟစနစ်များကို ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်တစ်ခုစီတိုင်းတွင်ရှိသည့် မတူညီသည့် သက်ရှိသတ္တဝါများကို ထိန်းသိမ်းခြင်းတွင် ဘုရားသခင်၌ ရည်ရွယ်ချက် တစ်ခုသာရှိသည်။ လူပေါင်းစုံကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ကြသည့် လူများကို စောင့်ရှောက်ရန်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။