အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၂) (အပိုင်း သုံး)

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် စပ်လျဉ်း၍၊ ရင်းနှီးသော ခေါင်းစဉ်တစ်ခုဖြစ်နိုင်သော်လည်း ဆွေးနွေးပြောဆိုသည့်အခါ အချို့ လူတို့အတွက် စိတ်ကူးသက်သက် အနည်းငယ် ဖြစ်ကောင်းဖြစ်လာနိုင်ပြီး အနည်းငယ် နက်နဲကာ ၎င်းတို့ အလှမ်းဝေးကောင်းဝေးနေနိုင်သည်။ သို့ရာတွင် စိုးရိမ်ပူပန်စရာမလိုပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ အဘယ်အရာဖြစ်သည်ကို သင်တို့နားလည်စေရန် ငါကူညီမည်။ လူတစ်ဦးသည် မည်သို့သော လူအမျိုးအစား ဖြစ်ကြောင်း နားလည်ဖို့ရန်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် ၎င်းတို့ လုပ်ရပ်များ၏ ရလဒ်တို့ကို ကြည့်လော့၊ ထို့နောက် ထိုလူ၏ အနှစ်သာရကို သင်မြင်နိုင်လိမ့်မည် ဖြစ်သည်။ ဤနည်းအတိုင်း ဆို၍ရနိုင်ပါသလော။ (ဆိုနိုင်ပါသည်။) ထိုသို့ဖြစ်လျှင် ပထမဦးစွာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်၍ ဤရှုထောင့်မှ မိတ်သဟာယပြုကြစို့။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်၊ ထို့ကြောင့် စာတန်၏ လူသားအပေါ် လုပ်ဆောင်ချက်များသည် ၎င်းတို့ကို မရပ်မနား ဖောက်ပြန်ပျက်စီးစေရန် ဖြစ်သည်။ စာတန်သည် ဆိုးယုတ်သည်၊ ထို့ကြောင့် ၎င်းဖျက်ဆီးထားသော လူများသည်လည်း ဧကန်မုချ ဆိုးယုတ်၏၊ ဟုတ်ပါသလော။ “စာတန်က ဆိုးယုတ်သော်လည်း ၎င်းဖျက်ဆီးထားသော တစ်စုံတစ်ယောက်သည် သန့်ရှင်းကောင်း သန့်ရှင်းလိမ့်မည်” ဟု တစ်ဦးတစ်လေက ပြောမည်လော။ ယင်းသည် ရယ်စရာတစ်ခု ဖြစ်လိမ့်မည်၊ မဟုတ်လော။ ထိုသို့သောအရာသည် ဖြစ်နိုင်မည်လော။ (မဖြစ်နိုင်ပါ။) စာတန်သည် ဆိုးယုတ်သည်၊ ၎င်းတွင် ဆိုးယုတ်မှုတွင် ပဓာနကျသည့်အရာတစ်ခုနှင့် လက်တွေ့ကျသည့်ဖက် နှစ်ခုလုံးရှိသည်။ ဤသည်မှာ အချည်းနှီး စကားမျှသာ မဟုတ်။ ငါတို့သည် စာတန်ကို သွားပုပ်လေလွင့် ပြောဆိုရန် ကြိုးပမ်းနေခြင်း မဟုတ်ပေ။ ငါတို့သည် သမ္မာတရားနှင့် လက်တွေ့အရှိတရားအကြောင်းကို မိတ်သဟာယ ပြုနေခြင်းသာ ဖြစ်သည်။ ဤအကြောင်းအရာ၏ လက်တွေ့ အရှိတရားအပေါ် မိတ်သဟာယပြုခြင်းသည် လူအချို့ သို့မဟုတ် အချို့သော လူအုပ်စုများကို ထိခိုက်ကောင်း ထိခိုက်မိလိမ့်မည်၊ သို့ရာတွင် မလိုမုန်းထားသော ရည်ရွယ်ချက်မရှိပေ။ သင်တို့သည် ယနေ့တွင် ဤအရာကို ကြားကြရပြီး အနည်းငယ် မသက်မသာ ဖြစ်နိုင်ကောင်းဖြစ်နိုင်သည်၊ သို့သော် မကြာမီ တစ်နေ့နေ့တွင် ထိုအရာကို သင်တို့ အသိအမှတ် ပြုလာနိုင်သောအခါ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စက်ဆုပ်ရွံရှာကြလိမ့်မည်ဖြစ်ပြီး ယနေ့ ငါတို့ပြောဆိုသည့်အရာသည် သင်တို့အဖို့ အလွန်အသုံးဝင်ပြီး အလွန်တန်ဖိုးရှိသည်ဟု သင်တို့ခံစား ကြရလိမ့်မည်။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်။ ထို့ကြောင့် စာတန် လုပ်ရပ်များ၏ အကျိုးဆက်များသည် မလွဲဧကန် ဆိုးယုတ်သည် သို့မဟုတ် အနည်းဆုံးအနေဖြင့် ဆိုးယုတ်မှုနှင့် ဆက်နွှယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) သို့ဖြစ်လျှင် စာတန်သည် လူကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ လောကထဲနှင့် လူသားမျိုးနွယ်များကြား စာတန် လုပ်ဆောင်သည့် ဆိုးယုတ်မှုထဲမှ၊ မည်သည့် တိကျသော ရှုထောင့်များသည် လူတို့အဖို့ မြင်သာပြီး သတိထားမိ လောက်စရာ ဖြစ်သနည်း။ ဤအရာကို သင်တို့ ယခင်က စဉ်းစားဖူးသလော။ သင်တို့သည် ထိုကိစ္စကို သိပ်ထည့်စဉ်းစားကောင်း စဉ်းစားမည်မဟုတ်၊ ထို့ကြောင့် အဓိကကျသော အချက်အချို့ကို ငါတင်ပြပါရစေ။ စာတန်အဆိုပြုသည့် ဆင့်ကဲဖြစ်စဉ်သီအိုရီကို လူတိုင်း သိကြသည်၊ ဟုတ်ပါ၏လော။ ဤသည်မှာ လူက လေ့လာသင်ကြားသည့် အသိပညာနယ်ပယ်တစ်ခု ဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်ရာ၊ စာတန်သည် ပထမဦးစွာ လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုပြီး ၎င်းတို့အား အသိပညာ ပေးဖို့ရန် မိမိကိုယ်တိုင်၏ ဆိုးယုတ်သော နည်းလမ်းများကို အသုံးပြုလေသည်။ ထို့နောက် ၎င်းသည် အသိပညာ၊ သိပ္ပံနှင့် နက်နဲသော အရာများ သို့မဟုတ် လူအများ လေ့လာစူးစမ်းလိုစိတ်ရှိသော ကိစ္စရပ်များတွင် သူတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးရင်း လူကို ဖောက်ပြန်ပျက်စီးစေဖို့ သိပ္ပံပညာကို အသုံးပြုလေသည်။ လူကို ဖျက်ဆီးရန် စာတန် နောက်ထပ်သုံးသော အရာများမှာ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးခြင်းတို့ဖြစ်ပြီး ယင်းနောက်တွင် လူမှုရေး ရေပန်းစားမှုများ ဖြစ်သည်။ ဤအရာများအားလုံးသည် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် ကြုံရသည့် အရာများဖြစ်ပြီး အားလုံးသည် လူတို့နှင့် ကပ်လျက် တည်ရှိကြလေသည်။ ထိုအရာများအားလုံးသည် ၎င်းတို့ မြင်သောအရာ၊ ၎င်းတို့ကြားသောအရာ၊ ၎င်းတို့ ထိတွေ့သောအရာနှင့် ၎င်းတို့ တွေ့ကြုံသော အရာများနှင့် ဆက်နွှယ်နေသည်။ လူသားအယောက်စီတိုင်းသည် ၎င်းတို့ ဖြစ်ချင်လျှင်ပင် ထိုအရာများမှ မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင် သို့မဟုတ် မလွတ်ကင်းစေနိုင်ဘဲ ၎င်းတို့၏ အသက်တာများကို ဤအရာများ ဝန်းရံလျက် အသက်ရှင်ကြလေသည်။ ဤအရာများနှင့် ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အကူအညီမဲ့ပြီး၊ လူသား လုပ်နိုင်သမျှမှာ အလွှမ်းမိုးခံရဖို့၊ ကူးစက်ခံရဖို့၊ ထိန်းချုပ်ခံရဖို့နှင့် ထိုအရာများဖြင့် ချုပ်နှောင် ခံရဖို့သာ ဖြစ်သည်။ လူသားသည် ထိုအရာများမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ အစွမ်းတန်ခိုး ကင်းမဲ့လေသည်။

၁။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပုံ

ပထမဦးစွာ၊ အသိပညာအကြောင်း ငါတို့ပြောကြမည်။ အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် “အသိပညာ” ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်- “အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။” ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (အဓိပ္ပာယ်မရှိပါ။) လုံးဝမှန်သည်။ ယင်းသည် အဓိပ္ပာယ်မရှိ။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ အသိပညာကို သင်ပိုမိုသင်ယူလေ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုတွင် အသိပညာက လူတို့ကို မည်သည့်အရာ သင်ပေး နေသည်ကို ငါတို့မြင်သနည်း။ စာတန်၏အတွေးခေါ်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူများကြားတွင် စာတန် ပျံ့နှံ့စေသည့် ရှင်သန်ခြင်းနှင့်ဆိုင်သော အတွေးအခေါ်များနှင့် စည်းမျဉ်းများသည် သမ္မာတရား နှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသလော။ ထိုအရာတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့၊ အမှန်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ လူတို့က၊ “ဘဝသည် လှုပ်ရှားမှုဖြစ်၏” ဟူ၍ လည်းကောင်း၊ “လူသည် သံဖြစ်သည်၊ ထမင်းသည် သံမဏိ ဖြစ်သည်၊ အစာတစ်နပ် လွတ်ပါက လူသည် ငတ်မွတ်မှုကို ခံစားရသည်။” ဟူ၍ လည်းကောင်း မကြာခဏ ပြောကြသည်။ ဤဆိုရိုးစကားများမှာ အဘယ်နည်း။ ၎င်းတို့သည် ယုတ္တိအမှားများဖြစ်ကြပြီး၊ ၎င်းတို့ကို ကြားရခြင်းက စက်ဆုပ်ရွံရှာဖွယ် ခံစားချက်တစ်ခု ဖြစ်စေသည်။ လူသား၏ အသိပညာဟုဆိုသည့် အရာတွင်၊ စာတန်သည် ၎င်း၏ အသက်ရှင်မှုအတွက် အတွေးအခေါ်နှင့် ၎င်း၏ အတွေးကို အနည်းငယ် စိမ့်ဝင်စေသည်။ ဤအရာကို စာတန်က လုပ်သည် နှင့်အမျှ၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖို့၊ အရာခပ်သိမ်းနှင့် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အုပ်စိုးခြင်းကို ငြင်းပယ်နိုင်ဖို့အလို့ငှာ စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် ရှုထောင့် အမြင်များကို လူအား ခံယူခွင့်ပေးလေသည်။ ထို့ကြောင့် လူ၏ လေ့လာသင်ယူမှုများ တိုးတက်လာပြီး သာ၍များသော အသိပညာကို သူရရှိသည်နှင့်အမျှ၊ ဘုရားသခင်၏ တည်ရှိမှုမှာ မှေးမှိန်လာသည်ဟု သူခံစားရပြီး ဘုရားသခင် တည်ရှိသည်ဟုပင် ခံစားကောင်း ခံစားရတော့မည်မဟုတ်ပေ။ စာတန်က ရှုထောင့်အမြင်များ၊ အယူအဆများနှင့် အတွေးများကို လူ၏စိတ်ထဲ ထည့်သွင်းထားသည်နှင့်အမျှ၊ လူသည် ဤဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသည် မဟုတ်လော။ (ပျက်စီးပါသည်။) လူသည် မိမိ၏အသက်တာကို ယခုတွင် မည်သည့်အရာပေါ်အခြေခံသနည်း။ သူသည် ယင်းအသိပညာ အပေါ် အခြေခံကာ အမှန်တကယ် အသက်ရှင်နေပါသလော။ အသက်မရှင်ပေ။ လူသည် သူ၏အသက်တာကို ဤအသိပညာ အတွင်းတွင် ကွယ်ဝှက်ထားသော စာတန်၏ အတွေးများ၊ အမြင်များနှင့် အတွေးအခေါ်များအပေါ် အခြေပြုနေပေသည်။ ဤသည်မှာ လူသားကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ ပဓာနကျသော အစိတ်အပိုင်း ဖြစ်ပေါ်သည့်နေရာဖြစ်သည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်ပန်းတိုင်နှင့် လူသားကို ဖောက်ပြန်ပျက်စီးစေခြင်းအတွက် ၎င်း၏နည်းလမ်း နှစ်ခုလုံး ဖြစ်သည်။

အသိပညာ၏ အပေါ်ယံအကျဆုံးသော သွင်ပြင်လက္ခဏာကို ဆွေးနွေးခြင်းဖြင့် ငါတို့ အစပြုမည်။ ဘာသာစကားများထဲက သဒ္ဒါနှင့် စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) စကားလုံးများက လူကို မပျက်စီးစေပေ။ ယင်းတို့သည် လူများက စကားပြောဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခုဖြစ်သကဲ့သို့ ဘုရားသခင်နှင့် လူတို့ ဆက်သွယ်ရန် အသုံးပြုသည့် တန်ဆာပလာလည်း ဖြစ်သည်။ ဘာသာစကားနှင့် စကားလုံးများသည် ယခုအခါ ဘုရားသခင်က လူတို့နှင့် ဆက်သွယ်သောနည်းဖြစ်သည်ကို ပြောဖို့မလိုပေ။ ယင်းတို့သည် တန်ဆာပလာများဖြစ်ပြီး မရှိမဖြစ် လိုအပ်သည်။ တစ်နှင့်တစ်ပေါင်း နှစ်ဖြစ်ပြီး နှစ်အမြောက်နှစ် ညီမျှခြင်း လေးဖြစ်သည်။ ဤသည်မှာ အသိပညာ မဟုတ်လော။ သို့သော် ဤအရာက သင့်ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ ဤသည်မှာ သာမန်အသိ- သတ်မှတ်ထားသော ပုံစံတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့် လူကို ဖောက်ပြန်မပျက်စီးစေနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အသိပညာအမျိုးအစားက လူကို ဖောက်ပြန်ပျက်စီး စေသနည်း။ ဖောက်ပြန်ပျက်စီးစေသော အသိပညာမှာ စာတန်၏ ရှုထောင့်အမြင်များနှင့် အတွေးများ ရောယှက်နေသော အသိပညာ ဖြစ်သည်။ စာတန်သည် ဤရှုထောင့်အမြင်များနှင့် အတွေးများကို အသိပညာ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ထဲသို့ စွဲမှတ်အောင် သွန်သင်ရန် ကြိုးစားသည်။ ဥပမာအားဖြင့်၊ ဆောင်းပါး တစ်ခုတွင်၊ ၎င်းတို့ကိုယ်၌ထဲက ရေးသားထားသော စကားလုံးများတွင် အမှားဘာမျှမရှိပေ။ ပြဿနာမှာ ဆောင်းပါး ရေးသားသည့်အချိန်၌ စာရေးသူ၏ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်အပြင်၊ ၎င်းတို့ အတွေးများ၏ အကြောင်းအရာပေါ် တည်လေသည်။ ဤအရာများသည် စိတ်ဝိညာဉ်နှင့် ဆိုင်သော အရာများဖြစ်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်မြင်သံကြား ဖျော်ဖြေမှု အစီအစဉ်တစ်ခုကို ကြည့်နေပါက၊ ယင်းအထဲက မည်သည့်အရာ အမျိုးအစားသည် သင်၏ အမြင်ကို ပြောင်းလဲစေနိုင်သနည်း။ သရုပ်ဆောင်များ ပြောသော စကားလုံးများကိုယ်၌က လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) မည်သို့သောအရာမျိုးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေလိမ့်မည်နည်း။ ယင်းသည် ဒါရိုက်တာ၏ အမြင်များကို ကိုယ်စားပြုသည့် အစီအစဉ်၏ အဓိက စိတ်ကူးများနှင့် အကြောင်းအရာများဖြစ်ပေမည်။ ယင်းအမြင်များကို သယ်ဆောင် လာသော အချက်အလက်များသည် လူများ၏ စိတ်နှလုံးများနှင့် စိတ်ဓာတ်ကို ယိမ်းယိုင်စေနိုင်သည်။ ထိုသို့မဟုတ်လော။ လူများကို ဖျက်ဆီးရန် စာတန်က အသိပညာကို အသုံးပြုခြင်း အကြောင်း ငါ၏ဆွေးနွေးချက်ထဲ၌ အဘယ်အရာကို ငါရည်ညွှန်း နေကြောင်း ယခု သင်တို့သိကြပြီ။ သင်တို့ နားလည်မှု လွဲမည်မဟုတ်၊ မှန်၏လော။ ထို့ကြောင့် သင်သည် နောက်တစ်ခါ ဝတ္ထု သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ဖတ်သည့်အခါ ရေးသားထားသည့် စကားများတွင် ဖော်ပြထားသော အတွေးများသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်း ရှိမရှိ သို့မဟုတ် လူသားမျိုးနွယ်ကို ဖြည့်ဆည်း ပေးခြင်း ရှိမရှိ ဆိုသည်ကို သင်သုံးသပ်နိုင်မည်လော။ (ကျွန်ုပ်တို့ အတိုင်းအတာ အနည်းငယ် လုပ်နိုင်ပါသည်။) ဤသည်မှာ တဖြည်းဖြည်းချင်း လေ့လာပြီး တွေ့ကြုံရမည့် တစ်စုံတစ်ရာမျိုးဖြစ်ပြီး ယင်းမှာ ချက်ချင်း အလွယ်တကူ နားလည်ရသည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ဥပမာအားဖြင့်၊ အသိပညာ နယ်ပယ်တစ်ခုကို သုတေသန ပြုလုပ်ခြင်း သို့မဟုတ် လေ့လာခြင်း လုပ်သည့်အခါ ထိုအသိပညာ၏ အချို့သော အပြုသဘောဆောင်သော ရှုထောင့်များသည် ယင်းနယ်ပယ် အကြောင်းနှင့်ဆိုင်သည့် ယေဘူယျ အသိပညာကို သင် နားလည်စေရန် ကူညီကောင်း ကူညီနိုင်သော်လည်း၊ လူတို့သည် မည်သည့်အရာကို ရှောင်ရှားသင့်သည်ကိုလည်း သိစေနိုင်သည်။ ဥပမာအားဖြင့်၊ “လျှပ်စစ်” ကိုကြည့်ပါ- ဤသည်မှာ အသိပညာနယ်ပယ် တစ်ခုဖြစ်သည် မဟုတ်လော။ လျှပ်စစ်က လူကို ဓာတ်လိုက်ပြီး ထိခိုက်နိုင်သည်ကို သင်မသိခဲ့ပါက၊ သင်သည် အလွန်မသိ နားမလည်ဖြစ်လိမ့်မည် မဟုတ်လော။ သို့သော် ဤအသိပညာ နယ်ပယ်ကို သင်နားလည်လာသည်နှင့်တစ်ပြိုင်နက်၊ လျှပ်စစ် ပစ္စည်းများကို ထိကိုင်ခြင်းနှင့်ပတ်သက်၍ သင်သည် သတိမမူဘဲ ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့၊ လျှပ်စစ်ကို မည်သို့ အသုံးပြုရမည်ကို သိလိမ့်မည်။ ဤအရာများသည် နှစ်ခုစလုံး အပြုသဘောဆောင်သောအရာများ ဖြစ်သည်။ အသိပညာက လူတို့ကို ပျက်စီးစေပုံအရ၊ ငါတို့ ဆွေးနွေးနေခဲ့ပြီး ဖြစ်သည့်အရာနှင့်ပတ်သက်၍ သင်တို့ရှင်းလင်းသလော။ ကမ္ဘာပေါ်တွင် လေ့လာရသည့် အသိပညာ အမျိုးအစားများစွာရှိပြီး ၎င်းတို့ကို မိမိအတွက် ခွဲခြားသိဖို့ရန် သင့်အနေဖြင့် အချိန်ယူရမည်ဖြစ်သည်။

၂။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို အသုံးပြုပုံ

သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ လူသား အယောက်စီတိုင်း၏ စိတ်ထဲတွင် သိပ္ပံပညာသည် သိက္ခာ မြင့်မြင့်မားမား စွဲကိုင်ထားပြီး နက်နဲ သိမ်မွေ့လှသည်ဟု ယူဆခံထားရသည် မဟုတ်လော။ သိပ္ပံပညာကို ဖော်ပြသည့်အခါ၊ “ဤသည်မှာ သာမန်လူများ နားမလည်နိုင်သည့် အရာဖြစ်သည်၊ သိပ္ပံဆိုင်ရာ သုတေသနပညာရှင်များ သို့မဟုတ် ကျွမ်းကျင်သူများ ကသာ မီနိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ကဲ့သို့သော သာမန်လူတို့နှင့် ဘာမျှသက်ဆိုင်ခြင်း မရှိပါ” ဟု လူတို့ မခံစားရသလော။ ယင်းသည် သာမန်လူတို့နှင့် ဆက်စပ်မှု တစ်ခုတစ်လေ ရှိပါသလော။ (ရှိပါသည်။) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို မည်သို့ အသုံးပြုသနည်း။ ဤတွင် ကျွန်ုပ်တို့၏ ဆွေးနွေးချက်ထဲတွင်၊ မိမိတို့၏ကိုယ်ပိုင် အသက်တာများထဲ၌ လူတို့ မကြာခဏ ကြုံတွေ့ရသည့် အရာများအကြောင်းသာ ငါတို့ ဆွေးနွေးပြောဆို ကြမည်ဖြစ်ပြီး အခြားကိစ္စရပ်များကို လျစ်လျူရှုကြမည်ဖြစ်သည်။ “ဗီဇ” ဟူသည့် စကားလုံးတစ်လုံး ရှိ၏။ ယင်းကို သင်ကြား ဖူးပါသလော။ သင်တို့အားလုံးသည် ဤဝေါဟာရနှင့် အကျွမ်းတဝင် ရှိကြသည်၊ မဟုတ်လော။ မျိုးစေ့ဗီဇများကို သိပ္ပံပညာအားဖြင့် ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်လော။ လူတို့အဖို့ ဗီဇများသည် အတိအကျ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ကိုယ်ခန္ဓာသည် လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုဖြစ်သည်ဟု လူတို့ကို ခံစားစေသည် မဟုတ်လော။ လူတို့ကို ဤအကြောင်းအရာ အစပျိုး လိုက်သည့်အချိန်တွင်၊ အသေးစိတ်များကို ပိုသိလိုပြီး ပိုလိုချင်ကြမည့် အထူးသဖြင့် စူးစမ်းချင်စိတ်ပြင်းပြသည့် လူအချို့ ရှိကြမည်မဟုတ်လော။ ဤစူးစမ်းချင်စိတ် ပြင်းပြသည့် လူတို့သည် ဤအကြောင်းအရာအပေါ် မိမိတို့၏အင်အားကို ဗဟိုပြုထားလိမ့်မည်ဖြစ်ပြီး၊ လုပ်စရာ အခြားအရာများ မရှိသည့်အခါ ထိုအရာနှင့်ပတ်သက်၍ အသေးစိတ် ပိုမို လေ့လာသင်ယူဖို့ရန် စာအုပ်များထဲနှင့် အင်တာနက်ပေါ်တွင် သတင်းအချက်အလက် ရှာဖွေကြလိမ့်မည်ဖြစ်သည်။ သိပ္ပံပညာ ဆိုသည်မှာ အဘယ်နည်း။ ရှင်းရှင်းပြောရလျှင်၊ သိပ္ပံပညာ ဆိုသည်မှာ လူသားက စူးစမ်းလိုစိတ် ပြင်းပြနေသည့် အတွေးများ နှင့် အရာဝတ္ထုများ၏ သဘောတရားများ၊ လူတို့ မသိရှိသည့်အရာနှင့် ဘုရားသခင်က ၎င်းတို့ကို ပြောပြမထားသည့် အရာများ ဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာ လူသားက စူးစမ်းရှာဖွေလိုသည့် နက်နဲမှုများအကြောင်း အတွေးအခေါ်နှင့် သဘောတရားများ ဖြစ်သည်။ သိပ္ပံပညာ၏ နယ်ပယ်ကား အဘယ်နည်း။ ယင်းက တော်တော်ကျယ်ပြန့်သည်ဟု သင် ဆိုနိုင်သည်။ လူသားသည် မိမိ စိတ်ဝင်စားသောအရာတိုင်းကို သုတေသနပြုပြီး လေ့လာကြသည်။ သိပ္ပံပညာတွင် ဤအရာများ နှင့်ဆိုင်သော အသေးစိတ်အချက်များနှင့် ဥပဒေသများကို သုတေသနပြုခြင်း ပါဝင်ပြီးနောက်၊ လူတိုင်းကို “ဤသိပ္ပံပညာရှင်များသည် တကယ်ကို အံ့ဩချီးမွမ်းဖွယ် ဖြစ်သည်။ ဤအရာများကို နားလည်လောက်သည့် များလှစွာသော အရာများကို ၎င်းတို့ သိရှိကြသည်။” ဟု စဉ်းစားစေဖို့ ဖြစ်စေသည့် ယုတ္တိရှိသော သဘောတရားများကို တင်ပြခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် သိပ္ပံပညာရှင်များကို အလွန် လေးစားကြည်ညိုမှု ရှိကြသည်၊ မဟုတ်လော။ သိပ္ပံပညာကို သုတေသနပြုကြသည့် လူတို့သည် မည်သည့် အမြင်မျိုးကို သင်စွဲကိုင်သနည်း။ ၎င်းတို့သည် စကြဝဠာကို သုတေသန ပြုချင်ကြသည် မဟုတ်လော၊ သူတို့စိတ်ဝင်စားသည့် နယ်ပယ်တွင်ရှိသော နက်နဲသည့်အရာများကို သုတေသန ပြုချင်ကြသည် မဟုတ်လော။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အချို့သော သိပ္ပံပညာရပ်များ၌၊ လူတို့သည် ထင်မြင်ချက်ဖြင့် ၎င်းတို့၏ ကောက်ချက်များချတတ်ကြပြီး အခြားအရာများ၌မူ လူတို့သည် ကောက်ချက်များချရန် လူသား၏ အတွေ့အကြုံအပေါ် အမှီပြု ကြသည်။ သို့တိုင် အခြားသိပ္ပံပညာနယ်ပယ်များ၌၊ လူတို့သည် သမိုင်းနှင့် နောက်ခံအကြောင်းတို့ လေ့လာခြင်းများအပေါ် အခြေခံ၍ ၎င်းတို့၏ ကောက်ချက်များ ချလာတတ်ကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ထိုသို့လျှင် သိပ္ပံပညာက လူတို့အတွက် မည်သည့်အရာ လုပ်ဆောင် ပေးသနည်း။ သိပ္ပံညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ အရာဝတ္ထုများကို လူတို့အား မြင်ခွင့်ပေးခြင်းမျှသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရုံမျှသာ ဖြစ်သည်၊ သို့သော် ထိုအရာက အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် ဥပဒေသများကို လူတို့အားမသိစေနိုင်ပေ။ လူသည် သိပ္ပံပညာ ထဲတွင် အဖြေများကို ရှာတွေ့ပုံရသော်လည်း၊ ထိုအဖြေများသည် ပဟေဠိဆန်ပြီး လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်မှုဖြစ်သော ယာယီ စိတ်ကျေနပ်မှုကိုသာ ယူဆောင်ပေးသည်။ သိပ္ပံပညာမှ အဖြေများ ရရှိပြီဟု လူက ခံစားရသည်၊ ထို့ကြောင့် မည်သည့် ပြဿနာ ပေါ်ပေါက်ပါစေ၊ ထိုပြဿနာကို သက်သေပြဖို့နှင့် လက်ခံဖို့ ၎င်းတို့၏ သိပ္ပံပညာအမြင်များကို အခြေပြု အကြောင်းအရင်း အဖြစ် အသုံးပြုကြလေသည်။ လူ၏ နှလုံးသားသည် သိပ္ပံပညာ၏ ပိုင်ဆိုင်ခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့နှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှ လာပြီး အဖြေများ အတွက် ဘုရားသခင်ကို ရှာဖွေသင့်သည်ဆိုသော စိတ် မရှိတော့သည့် အဆင့်အထိ ဖြားယောင်းခြင်းခံရလေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးသည် သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှု တစ်ခုရှိကာ သုတေသန ပြုခြင်းက မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်လျက်၊ ပို၍ အဓိပ္ပါယ်မဲ့လေ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မရှာဖွေကြသကဲ့သို့ သူတည်ရှိသည်ကို မယုံကြည်ကြပေ။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီးဖြစ်သည့် လူအချို့ပင်လျှင် ပေါက်ပေါက်ရှာရှာ စိတ်ကူးဖြင့် သွား၍ ဗက်တီးရီးယားပိုးကို သုတေသနပြုကြလိမ့်မည် သို့မဟုတ် အကြောင်းကိစ္စတစ်ခုအဖို့ အဖြေရရန် အချက်အလက်အချို့ကို ရှာဖွေကြလိမ့်မည်။ ထိုသို့သော လူတို့သည် အကြောင်းကိစ္စများကို သမ္မာတရား၏ ရှုထောင့်အမြင်မှ မကြည့်သကဲ့သို့၊ များသောအားဖြင့် ပြဿနာများကို ဖြေရှင်းရန် သိပ္ပံပညာ အမြင်များ၊ သို့မဟုတ် အသိပညာ သို့မဟုတ် သိပ္ပံဆိုင်ရာ ဖြေရှင်းချက်များကို အားထား လိုကြသည်။ ဘုရားသခင်ကို ၎င်းတို့ အားမကိုးကြသကဲ့သို့ ဘုရားသခင်ကို မရှာဖွေကြပေ။ ဤသို့သော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) သိပ္ပံပညာကို ၎င်းတို့ လေ့လာသကဲ့သို့ ဘုရားသခင်ကို သုတေသန ပြုလိုသည့် လူအချို့ပင် ရှိသည်။ ဥပမာအားဖြင့်၊ သင်္ဘောရပ်နားသည့် တောင်ကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာ ရှိသည်၊ ထိုသို့ဖြင့် သင်္ဘောရှိခဲ့ကြောင်းကို ၎င်းတို့ သက်သေပြခဲ့ကြသည်။ သို့သော် သင်္ဘော၏ ပေါ်ထွန်းခြင်းတွင် ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့မမြင်ကြပေ။ ၎င်းတို့သည် ဇာတ်လမ်းများ နှင့် သမိုင်းကိုသာ ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသန ပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒ ဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင် တည်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည် ဆိုသည်ကို ဆုံးဖြတ်ပေးသည့် ရလဒ်တစ်ခုကို ဘယ်သောအခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် သိပ္ပံပညာသည် လူသားအတွက် မည်သည့်အရာ လုပ်ဆောင် သနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ယင်းက လူကို ဘုရားသခင်အား လေ့လာသင်ယူ စေသည် မဟုတ်လော။ ယင်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းကို ပိုမိုသံသယ ဝင်စေသည် မဟုတ်လော။ (ဝင်စေပါသည်။) ဤသို့လျှင် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေရန် သိပ္ပံပညာကို မည်သို့ အသုံးပြုလိုသနည်း။ လူတို့ကို လှည့်ဖြား၍ ထုံအစေရန် စာတန်သည် သိပ္ပံပညာဆိုင်ရာ ကောက်ချက်ချမှုများကို အသုံးပြုလိုပြီး လူတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မရှာဖွေဖို့ သို့မဟုတ် မယုံကြည်ဖို့ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုချင်သည် မဟုတ်လော။ (အသုံးပြုချင်ပါသည်။) ထို့အတွက်ကြောင့် ဤသည်မှာ သိပ္ပံပညာသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများ ထဲမှ တစ်ခုဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။

၃။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ

ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့် အရာများစွာရှိသလော သို့မဟုတ် ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤ “ရိုးရာယဉ်ကျေးမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့က ၎င်းကို ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်- ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အစအဦး ကတည်းက၊ ဘဝ၏ နည်းလမ်းများ၊ ဓလေ့ထုံးတမ်းများ၊ ဆိုရိုးစကားများနှင့် စည်းမျဉ်းစည်းကမ်းများကို မိသားစုများ၊ လူမျိုးစုများနှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွင်းတွင်ပင် လက်ဆင့်ကမ်းခဲ့ကြပြီး လူတို့၏အတွေးများထဲတွင် သွတ်သွင်းခြင်းခံလာခဲ့ရသည်။ လူတို့က ယင်းတို့ကို ၎င်းတို့ ဘဝများ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုအဖြစ် ယူဆကြပြီး ယင်းတို့ကို ဘဝသက်သက် ဖြစ်သည့်အလား လိုက်နာလျက်၊ စည်းမျဉ်းစည်းကမ်းများအဖြစ် မှတ်ယူကြလေသည်။ အမှန်တွင်၊ ယင်းတို့ကို ၎င်းတို့၏ ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ဤအရာများကို ဘယ်သောအခါမျှ မပြောင်းလဲချင်ကြ သို့မဟုတ် မပစ်ပယ်လိုကြပေ။ ကွန်ဖြူးရှပ်နှင့် မင်းရှပ်စ်တို့မှ လက်ဆင့်ကမ်းလာကြသည့် အရာများနှင့် တရုတ် တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့က လူတို့ကို သင်ကြားပေးခဲ့သည့် အရာများကဲ့သို့သော လူတို့ တကယ့်အရိုးစွဲ ချိုးကပ်ခဲ့သည့် အခြားသော ရိုးရာယဉ်ကျေးမှု သွင်ပြင် လက္ခဏာများရှုထောင့်များ ရှိသည်။ ဤသည်မှာ မှန်၏လော။ ရိုးရာယဉ်ကျေးမှုတွင် မည်သည့်အရာများ ပါဝင် သနည်း။ လူတို့ ဆင်နွှဲသော အားလပ်ရက်များ ပါဝင်သလော။ ဥပမာအားဖြင့်၊ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ နဂါးလှေပွဲတော်အပြင် တစ္ဆေပွဲတော်နှင့် လမုန့်ပွဲတော်တို့ ဖြစ်ကြသည်။ မိသားစုအချို့တို့သည် သက်ကြီးသူများ အသက် အပိုင်းအခြားတစ်ခုသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ကလေးများ အသက်တစ်လပြည့်၊ သို့မဟုတ် ရက်တစ်ရာ ပြည့်သည့် နေ့များကိုပင် ဆင်နွှဲကြသည်။ စသည်ဖြင့် ဖြစ်၏။ ဤအရာအားလုံးသည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အားလပ်ရက်များပင် ဖြစ်သည်။ ဤအားလပ်ရက်များကို အခြေခံနေသော ရိုးရာယဉ်ကျေးမှု ရှိသည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှု၏ အဓိကအချက်က အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ယင်းသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပြောဆိုခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ဘုရားသခင်ကို ယဇ်ပူဇော်ရန်၊ ဘုရားသခင်၏ ယဇ်ပလ္လင်သို့သွားပြီး သူ၏ သွန်သင်မှုများကို ခံယူရန်အတွက် လူတို့တွင် အားလပ်ရက် တစ်ခုတစ်လေ ရှိသလော။ ဤသို့သော အားလပ်ရက်များ ရှိသလော။ (မရှိပါ။) ဤအားလပ်ရက်များအားလုံးတွင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ခေတ်သစ်ကာလများတွင် ယင်းတို့ကို စားခြင်း၊ သောက်ခြင်းနှင့် အပျော်အတွက် အခါသမယများ အဖြစ် မြင်ကြသည်။ ရိုးရာယဉ်ကျေးမှုကို အခြေခံနေသော အရင်းအမြစ်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုသည် မည်သူ့ထံမှ လာသနည်း။ (စာတန်ထံမှ လာပါ၏။) ၎င်းသည် စာတန်ထံမှလာသည်။ ဤရိုးရာယဉ်ကျေးမှု အားလပ်ရက်များ၏ မြင်ကွင်းများ နောက်ကွယ်တွင်၊ စာတန်သည် လူသားထဲသို့ အချို့သော အရာများကို သွတ်သွင်းလေသည်။ ဤအရာများမှာ အဘယ်နည်း။ လူတို့အနေဖြင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို သတိရသည်ကို သေချာစေခြင်းဖြစ်သည်- ယင်းသည် ထိုအရာများထဲမှ တစ်ခုမဟုတ်သလော။ ဥပမာအားဖြင့် သင်္ချိုင်းကန်တော့ပွဲနေ့ အတွင်းတွင် လူတို့သည် အုတ်ဂူများကို ရှင်းလင်းကြပြီး မိမိတို့၏ဘိုးဘေးဘီဘင်များကို မမေ့စေရန်အလို့ငှာ မိမိတို့၏ ဘိုးဘေးဘီဘင်များကို ပူဇော်ပသကြသည်။ ထို့ပြင်၊ လူတို့ မျိုးချစ်စိတ်ရှိဖို့ စာတန်က သေချာသတိရစေသည်၊ ယင်းနှင့်ဆိုင်သော ဥပမာမှာ နဂါးလှေပွဲတော် ဖြစ်သည်။ လမုန့်ပွဲတော်ကော အဘယ်သို့နည်း။ (မိသားစု ပြန်လည် ဆုံတွေ့ခြင်းများ ဖြစ်ပါ၏။) မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ၏ နောက်ခံအကြောင်းက အဘယ်နည်း။ ယင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ စိတ်လှုပ်ရှားစွာ ဆက်သွယ်ရန်နှင့် ဆက်နွှယ်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ တရုတ်နှစ်သစ်ကူး အကြိုနေ့ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မီးပုံးပွဲတော်ကို ကျင်းပသည်ဖြစ်စေ၊ ဤပွဲလမ်းသဘင် ကျင်းပခြင်းများ၏ နောက်ကွယ်က အကြောင်းရင်းများကို ဖော်ပြသည့် နည်းလမ်းများစွာရှိသည်။ ထိုအကြောင်းရင်းများကို မည်သို့ဖော်ပြသည်ဖြစ်စေ၊ တစ်ခုစီသည် ဘုရားသခင်ထံမှ ၎င်းတို့ လမ်းလွှဲသွားစေရန်နှင့် ဘုရားသခင် ရှိသည်ကို မသိဘဲလျက် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ သို့မဟုတ် စာတန်ထံသို့ ယဇ်ပူဇော် ဆက်ကပ်ကြစေရန်၊ လူ့ဇာတိ၏လိုအင်များအတွက် စားရန်၊ သောက်ရန်နှင့် ပျော်ပါးကြရန်အလို့ငှာ သူ၏ အတွေးအခေါ်များ နှင့် စဉ်းစားမှုတို့ကို လူတို့ထဲသို့ သွတ်သွင်းသည့် စာတန်၏ နည်းလမ်းဖြစ်သည်။ ဤအားလပ်ရက်များ တစ်ခုစီကို ကျင်းပသည်နှင့်အမျှ၊ စာတန်၏ အတွေးများနှင့် အမြင်များသည် လူတို့၏ စိတ်များအတွင်းတွင် ၎င်းတို့ သိရှိခြင်းမရှိဘဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားထားလေသည်။ လူတို့သည် ၎င်းတို့၏ လေးဆယ်အရွယ်များ ငါးဆယ်အရွယ်များ သို့မဟုတ် ပိုကြီးရင့်သည့် အသက်အရွယ်များ ရောက်လာသည့်အခါ၊ စာတန်၏ ဤအတွေးများနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဤအယူအဆများကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်လွတ်စပယ် သံသယကင်းစွာ နောက်မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုနှင့် ဤအားလပ်ရက်များသည် လူတို့ကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ သင်သိသလော။ (လူတို့သည် ဤရိုးရာဓလေ့များ၏ စည်းမျဉ်းများဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခြင်းခံရသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန် အချိန် သို့မဟုတ် အားအင် မရှိကြချေ။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ တရုတ်နှစ်သစ်ကူးအတွင်းတွင် လူတိုင်း ဆင်နွှဲကြသည်၊ သင်မဆင်နွှဲရပါက ဝမ်းနည်းမှုကိုသင်ခံစားရသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် သင်ထိန်းသိမ်းထားသော အယူသည်းမှုများ တစ်ခုတစ်လေ ရှိသလော။ “နှစ်သစ်ကူးကို ကျွန်ုပ်မဆင်နွှဲလိုက်ရပါ၊ တရုတ်နှစ်သစ်ကူးနေ့သည် ဆိုးဝါးသည့်နေ့ဖြစ်သည့်အတွက် ကျန်သည့် တစ်နှစ်လုံး ဆိုးဝါးလိမ့်မည် မဟုတ်လော” ဟု သင်ခံစားရကောင်း ခံစား ရလိမ့်မည်။ သင်သည် နေမထိထိုင်မသာ ဖြစ်ပြီး အနည်းငယ် စိုးရွံ့လိမ့်မည် မဟုတ်လော။ မိမိတို့၏ ဘိုးဘွားဘီဘင်များကို နှစ်များစွာကြာ ပူဇော်ပသမှု မပြုခဲ့သည့် လူအချို့နှင့် သေဆုံးသောသူက ၎င်းတို့ကို ငွေတောင်းသည့် အိပ်မက်တစ်ခု ရုတ်တရက် မက်ကြသည့် လူအချို့ပင် ရှိကြလေသည်။ ၎င်းတို့ မည်ကဲ့သို့ခံစားရမည်နည်း။ “ယခု သေသွားသည့် ဤလူက သုံးရန်ငွေလိုသည်မှာ ဝမ်းနည်းဖို့ ကောင်းလေစွ။ သူတို့အတွက် စက္ကူငွေ အချို့ကို ကျွန်ုပ်မီးရှို့မည်၊ ကျွန်ုပ်မလုပ်ပါက မကောင်းရာ ကျပေမည်။ အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် ဒုက္ခ ဖြစ်ကောင်းဖြစ်စေလိမ့်မည်- မည်သည့်အချိန်တွင် ကံဆိုးမိုးမှောင် ဆိုက်ရောက်လာမည်ကို အဘယ်သူပြောနိုင်သနည်း။” ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်း တိမ်တိုက်လေးက အမြဲတစေ ရှိပေလိမ့်မည်။ ဤစိုးရိမ်ပူပန်မှုကို ၎င်းတို့အား အဘယ်သူ ပေးသနည်း။ (စာတန်ပေးပါသည်။) စာတန်သည် ဤစိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ နည်းလမ်းများထဲက တစ်ခုမဟုတ်သလော။ သင့်အနေဖြင့် မှင်တက်မိခြင်းသို့ ဆိုက်ရောက်ဖို့၊ ၎င်းကို အလျှော့ပေးကာ ကျိုးနွံနာခံဖို့အလို့ငှာ သင့်ကိုထိန်းချုပ်ရန်၊ သင့်ကို ခြိမ်းခြောက်ရန် နှင့် သင့်ကို ချည်နှောင်ရန်၊ ၎င်းသည် မတူညီသော ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို အသုံးပြု လေသည်။ ဤသည်ကား စာတန်က လူကို ဖောက်ပြန်ပျက်စီး စေပုံဖြစ်သည်။ မကြာခဏပင် လူတို့သည် အားနည်းသည့်အခါ သို့မဟုတ် အခြေအနေကို ၎င်းတို့ အပြည့်အဝ သတိမပြု မိသည့်အခါ၊ အမှုမဲ့အမှတ်မဲ့ဖြင့် နားဝေတိမ်တောင်ဖြစ်သည့် ပုံစံဖြင့် တစ်စုံတစ်ရာကို ပြုလုပ်ကောင်းပြုလိမ့်မည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ အမှုမဲ့အမှတ်မဲ့ ကျရောက်သွားပြီး အမှတ်တမဲ့ ပြုမူမိကောင်း ပြုမူမိလိမ့်မည် ဖြစ်ကာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မသိဘဲ အမှုအရာ များစွာကို လုပ်ဆောင်မိကောင်း လုပ်ဆောင်မိကြလိမ့်မည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းဖြစ်သည်။ ယခုတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ရိုးရာယဉ်ကျေးမှုများကို စွန့်ခွာရန် တွန့်ဆုတ်နေသော၊ မစွန့်လွှတ်နိုင်သော လူအတော်များများ ရှိ၏။ ဤသို့သော အားလပ်ရက်များကို ၎င်းတို့ ဆင်နွှဲဖို့ ဆန္ဒရှိကြပြီး စာတန်ကို တွေ့ဆုံကာ တစ်ဖန် စိတ်ကျေစေလိုသည့်၊ မိမိတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုယူဆောင်လိုသည့် ဆန္ဒရှိကြသည်မှာ အထူးသဖြင့် ၎င်းတို့ အားနည်းပြီး ပြုသမျှနုကြရသည့်အခါတွင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအဖို့ နောက်ခံအကြောင်းရင်းကား အဘယ်နည်း။ မြင်ကွင်းများနောက်ကွယ်တွင် စာတန်၏လက်မဲက ကြိုးများဆွဲနေခြင်းဖြစ်သလော။ စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိန်းချုပ်နေခြင်း ဖြစ်သလော။ စာတန်က ဤအရာများအားလုံး အပေါ် ဩဇာလွှမ်းမိုးသလော။ (လွှမ်းမိုးပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှုထဲ အသက်ရှင်ကြပြီး ဤရိုးရာဓလေ့ အားလပ်ရက်မျိုးများကို ဆင်နွှဲသည့်အခါ၊ ဤသည်မှာ စာတန်အားဖြင့် ၎င်းတို့ လှည့်စားခံရပြီး ဖောက်ပြန်ပျက်စီး ရသည့်အပြင်၊ စာတန်၏ အရူးလုပ်ခံရပြီး၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်ကို ပျော်ရွှင်ကြသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ သင်တို့အားလုံး အသိအမှတ် ပြုသည့်၊ သိထားကြသည့် အရာတစ်ခု ဖြစ်သည်။

၄။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အယူသီးခြင်းကို အသုံးပြုပုံ

“အယူသီးခြင်း” ဟူသည့် ဝေါဟာရနှင့် သင်ရင်းနှီးသည်၊ ဟုတ်ပါသလော။ အယူသီးခြင်းနှင့် ရိုးရာယဉ်ကျေးမှု အကြားတွင် ဆက်နွှယ်မှုအချို့ ရှိ၏၊ သို့သော် ယနေ့တွင် ထိုအရာတို့ကို ငါတို့ ပြောမည်မဟုတ်။ ယင်းထက် အများဆုံး ကြုံရသည့် အယူသီးခြင်း ပုံစံများကို ငါဆွေးနွေးမည်- ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်း၊ အမွှေးနံ့သာထွန်းခြင်းနှင့် ဗုဒ္ဓကိုကိုးကွယ်ခြင်းတို့ ဖြစ်ကြသည်။ လူအချို့က ဂမ္ဘီရပညာကို ကျင့်သုံးကြသည်၊ အခြားသူတို့က ဗုဒ္ဓကို ကိုးကွယ်ပြီး အမွှေးနံ့သာ ထွန်းကြသည်၊ သို့သော် အခြားသူများက ၎င်းတို့၏ ကံကြမ္မာများကို ဖတ်ရှုစေသည် သို့မဟုတ် တစ်စုံတစ်ယောက်အား ၎င်းတို့၏ မျက်နှာရုပ်အင် လက္ခဏာကို ဖတ်စေပြီး ၎င်းတို့၏ ကံကြမ္မာများကို ပြောပြ စေကြသည်။ သင်တို့ထဲမှ ဘယ်နှစ်ဦးသည် သင်တို့၏ ကံကြမ္မာကို ဟောစေခြင်း သို့မဟုတ် မျက်နှာဖတ်စေခြင်းများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သနည်း။ ဤသည်မှာ လူအများစု စိတ်ဝင်စားကြသည့် တစ်စုံတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့်နည်း။ ဗေဒင်ဟောခြင်းနှင့် ဂမ္ဘီရပညာမှ လူတို့သည် အဘယ်သို့သော အကျိုးအမြတ်မျိုးကို ရကြသနည်း။ ထိုအရာမှ မည်ကဲ့သို့သော စိတ်ကျေနပ်မှုမျိုးကို ရကြသနည်း။ (သိချင်စိတ်ပြင်းပြခြင်း ဖြစ်ပါသည်။) ယင်းမှာ သိချင်စိတ်ပြင်းပြခြင်းသာဖြစ်သလော။ ငါမြင်သ​လောက်မှာမူ ယင်းလည်း သေချာပေါက် မဟုတ်ပေ။ ဂမ္ဘီရပညာနှင့် ဗေဒင်ဟောခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ အဘယ်ကြောင့် ယင်းကို လုပ်ဆောင်ရသနည်း။ အနာဂတ်ကို မြင်ရန် မဟုတ်လော။ လူအချို့သည် အနာဂတ်ကို ဟောကိန်းထုတ်ရန် ၎င်းတို့၏ ရုပ်အင်ကို ဖတ်စေကြသည်၊ အခြားသူများက ၎င်းတို့တွင် ကံကောင်းခြင်း ရှိမရှိကို မြင်ရန် ထိုအရာကို လုပ်ဆောင်ကြသည်။ အချို့သောလူတို့က ၎င်းတို့၏ အိမ်ထောင်ရေး မည်သို့ဖြစ်မည်ကို ကြည့်ရန် ထိုအရာကို လုပ်ဆောင်ကြပြီး၊ သို့တိုင် အခြားသူများက လာမည့်နှစ်တွင် ကံဇာတာမည်သို့ဖြစ်မည်ကို ကြည့်ရန် လုပ်‌ဆောင်ကြသည်။ လူအချို့တို့က ၎င်းတို့၏ ရှေ့ရေးများနှင့် ၎င်းတို့ သားများ သမီးများ၏ ရှေ့ရေးများ မည်သို့ဖြစ်မည်ကို ကြည့်ရန် ၎င်းတို့၏ရုပ်အင်ကို ဖတ်စေကြပြီး၊ အချို့သော စီးပွားရေးသမားများက မည်သည့်လုပ်ဆောင်ချက်များ လုပ်ဆောင်သင့်သည်နှင့်ပတ်သက်၍ မျက်နှာဖတ်သူ၏ လမ်းပြမှုကို ရှာဖွေရင်း၊ ၎င်းတို့ငွေမည်မျှ ရမည်ကို သိဖို့ရန် လုပ်ဆောင်ကြလေသည်။ ထို့ကြောင့်၊ သိလိုစိတ် ပြင်းပြမှုကို ကျေနပ်မှုပေးရန်သာ ဤအရာကို လုပ်ဆောင်ခြင်းဖြစ်သလော။ လူတို့သည် ၎င်းတို့၏ရုပ်အင်ကို ဖတ်စေသည့်အခါ သို့မဟုတ် ဤအရာမျိုးများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင် အနာဂတ် ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ် အတွက်ဖြစ်သည်။ ဤအရာအားလုံးက ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာသည် တစ်ခုတစ်လေ အသုံးဝင်သလော။ (အသုံးမဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ ဤအရာများမှတစ်ဆင့် အသိပညာအချို့ကို ရရှိသည်မှာ ကောင်းသည့်အရာ မဟုတ်သလော။ ဤကျင့်သုံးမှုများသည် သင့်ကို ဒုက္ခပြဿနာက ထိုးနှက်သောအခါ အကူအညီပေးကောင်းပေးနိုင်ပြီး၊ ဤဒုက္ခ ပြဿနာများ မကျရောက်ခင် ယင်းတို့ကို သင်သိပါက သင်ရှောင်ရှားနိုင်မည် မဟုတ်လော။ သင်သည် သင်၏ကံကြမ္မာကို ပြောပြစေလျှင် သင့်အနေဖြင့် လာမည့်နှစ်၌ ကံကောင်းခြင်းကို ခံစားနိုင်ဖို့နှင့် သင်၏စီးပွားရေးလုပ်ငန်းမှတဆင့် ကြီးမားသော ချမ်းသာကြွယ်ဝခြင်း ရှိလာနိုင်ဖို့အလို့ငှာ ဝင်္ကပါထဲမှ မှန်ကန်သော လမ်းကြောင်းအား ရှာရမည့်ပုံကို သင့်အား ထိုအရာက ပြသကောင်းပြသလိမ့်မည်။ ထို့ကြောင့် ယင်းသည် အသုံးဝင်သလော၊ အသုံးမဝင်သလော။ အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ငါတို့နှင့် ဆက်နွှယ်မှုမရှိသကဲ့သို့ ယနေ့ ငါတို့၏ မိတ်သဟာယပြုခြင်းတွင် ဤခေါင်းစဉ် ပါဝင်လိမ့်မည်မဟုတ်ပေ။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်သည် အယူသီးခြင်းကို မည်သို့အသုံးပြုသနည်း။ လူတို့အားလုံးသည် မိမိတို့၏ ကံကြမ္မာကို သိချင်ကြ၏၊ ထို့ကြောင့် စာတန်သည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ကောင်းကောင်း အသုံးချလေသည်။ လူတို့သည် အနာဂတ်တွင် ၎င်းတို့ကို မည်သည့်အရာ ဖြစ်ပျက်မည်၊ ပြီးလျှင် ရှေ့တွင် မည်သည့်လမ်းမျိုးရှိနေသည်တို့ကို လေ့လာသိရှိဖို့ရန်အလို့ငှာ ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်းနှင့် ရုပ်အင်ဖတ်ခြင်းတို့တွင် စိတ်ပါဝင်စား ကြ၏။ သို့သော်လည်း၊ အဆုံးတွင်၊ လူတို့ အလွန် စိတ်ဝင်စားကြသည့် ကံကြမ္မာနှင့် ရှေ့ရေးများက မည်သူ၏လက်ထဲတွင် ရှိပါသနည်း။ (ဘုရားသခင်၏ လက်တော်တွင် ရှိပါသည်။) ဤအရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဤနည်းလမ်းများကို အသုံးပြုရာတွင်၊ စာတန်က လူတို့အား အဘယ်အရာကိုသိစေလိုသနည်း။ ၎င်းသည် လူတို့၏ အနာဂတ် ကံကြမ္မာကို ၎င်းကသိပြီး၊ ဤအရာများကို သိရုံမျှမက ၎င်းက ထိန်းချုပ်သည်ကို လူတို့အား ပြောပြရန် စာတန်က ရုပ်အင်ဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်းတို့ကို အသုံးပြုချင်သည်။ စာတန်သည် လူတို့အနေဖြင့် ၎င်းကို မျက်စိမှိတ်ပြီးယုံကြည်ကာ ၎င်း၏ စကားတစ်လုံးမကျန် လိုက်နာသည်အထိ လူတို့ကို ထိန်းချုပ်ဖို့ ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဤနည်းလမ်းများကို အသုံးပြုချင်လေသည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်အင်ဗေဒဖတ်ခြင်း လုပ်ဆောင်ပါက၊ ဗေဒင်ဆရာက သူ၏မျက်လုံးများကို မှိတ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်က သင့်ကို ဖြစ်ပျက်ခဲ့သည်များ အားလုံးအား ပြောပြပါက၊ စိတ်ထဲတွင် သင် မည်ကဲ့သို့ခံစားရမည်နည်း။ သင်က၊ “သူ အလွန်တိကျမှန်ကန်သည်။ ငါ၏ အတိတ်ကို ယခင်က မည်သူ့ကိုမျှ ငါမပြောခဲ့ဖူးပါ၊ သူ ဤအရာကို မည်ကဲ့သို့သိသနည်း။ ငါ ဤဗေဒင်ဆရာကို အမှန်ပင်လေးစား သွားပြီ။” ဟု ချက်ချင်း ခံစားရလိမ့်မည်။ စာတန်အတွက်က သင့်အတိတ်ကို သိရန် အလွန်လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်က သင့်ကို ယနေ့ထိတိုင် လမ်းပြပြီးဖြစ်သကဲ့သို့၊ စာတန်က ထိုအချိန် တစ်လျှောက်လုံး လူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး၊ သင့်နောက်သို့ လိုက်နေခဲ့သည်။ သင့်ဘဝ၏ ဆယ်စုနှစ်များကုန်လွန်ခြင်းက စာတန်အဖို့ ဘာမျှမဟုတ်သလို ဤအရာများကို သိရန် စာတန်အတွက် မခက်ခဲပေ။ စာတန်ပြောခဲ့သမျှ တိကျမှန်ကန်သည်ကို သင်သိသောအခါ၊ သင့်စိတ်နှလုံးကို သူ့အားပေးနေသည် မဟုတ်လော။ သင်၏အနာဂတ်နှင့် ကံကြမ္မာတို့ကို ထိန်းချုပ်ဖို့ ၎င်းအပေါ် မှီခိုနေသည် မဟုတ်လော။ တစ်ခဏချင်းတွင် သင်၏ စိတ်နှလုံးသည် ၎င်းကို လေးစားမှုအချို့နှင့် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး လူအချို့အတွက် ၎င်းတို့၏ ဝိညာဉ်များသည် ဤအချိန်တွင် ၎င်း၏လုယူခြင်းကိုခံရနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် သင်သည် ဗေဒင်ဆရာကို ချက်ချင်းမေးလိမ့်မည်- “နောက်ရော ကျွန်ုပ်ဘာလုပ်သင့်သနည်း။ လာမည့်နှစ်ထဲမှာ ကျွန်ုပ် အဘယ်အရာကို ရှောင်ရှားသင့် သနည်း။ အဘယ်အရာတို့ကို ကျွန်ုပ် မလုပ်ရမည်နည်း။” ထို့နောက်တွင်၊ သူက “သင် ထိုနေရာသို့ မသွားရ၊ ဒီအရာကို မလုပ်ရ၊ ထိုထိုသောအရောင်ရှိသည့် အဝတ်အစားများကို မဝတ်နှင့်၊ သင်သည် အကြင်မည်သော နေရာများကို သွားတာ လျှော့သင့်သည်၊ အချို့သော အရာများကို ပိုမိုလုပ်ဆောင်ပါ...” ဟုပြောလိမ့်မည်။ သူပြောသမျှအားလုံးကို သင်သည် စိတ်နှလုံး ထဲတွင် ချက်ချင်း မှတ်ယူလိမ့်မည် မဟုတ်လော။ သင်သည် သူ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် ပိုမိုလျင်မြန်စွာ အာဂုံဆောင်ထားလိမ့်မည်။ ၎င်းတို့ကို အဘယ်ကြောင့် အလွန်လျင်မြန်စွာ သင် အလွတ်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ကံကောင်းခြင်းအတွက် စာတန်ကို အမှီပြုချင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းက သင်၏စိတ်နှလုံးကို သိမ်းလိုက်သည့်အချိန် ဖြစ်သည် မဟုတ်လော။ ၎င်း၏ ဟောကိန်းထုတ်မှုများ တစ်ခုပြီးတစ်ခု အမှန်တကယ် ဖြစ်လာသောအခါ၊ သင်သည် လာမည့်နှစ်က မည်သည့်ကံကြမ္မာကို ယူဆောင်လာမည်ကို သိရှိရဖို့ ၎င်းထံသို့ ချက်ချင်းပြန်သွားချင်လိမ့်မည် မဟုတ်လော။ (ပြန်သွားချင် ပါမည်။) စာတန်က သင့်အား လုပ်ဆောင်ရန် ပြောသည့် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ၎င်းက ရှောင်ရန်ပြောသည့် အရာများကိုလည်း သင်ရှောင်ကြဉ်လိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သူပြောသမျှ အားလုံးကို သင်နာခံနေသည် မဟုတ်လော။ အလွန်လျင်မြန်စွာ၊ သင်သည် သူကို လက်ခံယုံကြည်ခြင်းထဲသို့ ကျရောက်သွားလိမ့်မည်၊ လှည့်ဖြားခံရမည်ဖြစ်ပြီး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်လာ လိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သူပြောသည့်အရာကို သမ္မာတရား အဖြစ် သင်ယုံကြည်သောကြောင့် ဖြစ်ပြီး၊ သင်၏ အတိတ်က အသက်တာ၊ သင်၏ယခုအသက်တာနှင့် အနာဂတ်က အဘယ်အရာ ဆောင်ကြဉ်းလာမည့် အကြောင်းကို သူသိသည်ဟု သင်ယုံကြည်သောကြောင့် ဖြစ်သည်။ ဤကား လူတို့ကို ထိန်းချုပ်ရန် စာတန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် အမှန်အားဖြင့်၊ မည်သူက အမှန်တကယ် ထိန်းချုပ် နေပါသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်က ထိန်းချုပ်၏၊ စာတန်မဟုတ်ပေ။ စာတန်သည် ဤနေရာတွင် မသိနားမလည်သည့် လူများကို လှည့်စားရန်၊ ရုပ်ဝတ္ထု လောကကိုသာမြင်ပြီး ထိုအရာအပေါ် အားကိုးနေသည့် လူတို့ကို လှည့်စားရန် သူ၏ပရိယာယ်များကို အသုံးပြုနေခြင်း သာဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ ကျရောက်ကြပြီး သူ၏စကားတစ်လုံးစီတိုင်းကို နာခံကြ လေသည်။ သို့ရာတွင် လူတို့က ဘုရားသခင်ကို ယုံကြည်လိုပြီး ဘုရားသခင် နောက်သို့ လိုက်လိုသည့်အခါ၊ စာတန်က အလျှော့ပေးဖူးပါသလော။ စာတန်က အလျှော့မပေးပေ။ ဤအခြေအနေတွင်၊ လူတို့သည် စာတန်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်နေကြသလော။ (ကျရောက်နေပါသည်။) ဤအရာနှင့်စပ်လျဉ်း၍ စာတန်၏ အပြုအမူက အရှက် ကင်းမဲ့သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အဘယ်ကြောင့် ပြောနိုင်သနည်း။ မမှန်မကန်နှင့် လှည့်စားတတ်သော နည်းဗျူဟာများ ရှိသောကြောင့်ဖြစ်သည်။ စာတန်သည် အရှက်ကင်းမဲ့ပြီး လူတို့ကို ၎င်းတို့နှင့် ပတ်သက်သမျှတိုင်းကို ၎င်းက ထိန်းချုပ်ထားသကဲ့သို့ ၎င်းတို့၏ တကယ့်ကံကြမ္မာကို ထိန်းချုပ်ထားသည်ဟု တွေးမိစေခြင်းထဲသို့ လူတို့ကို လှည့်စားသည်။ ဤအရာက မသိမနားလည်သည့် လူတို့ကို ၎င်းအား လုံးဝ နာခံဖို့ ဖြစ်စေသည်။ စကားအနည်းငယ်မျှဖြင့် ၎င်းတို့ အလှည့်စားခံရကြလေသည်။ မှင်တက်မိခြင်းဖြင့် လူတို့သည် ၎င်း၏ရှေ့မှောက်တွင် ဦးညွှတ် ကြသည်။ ထိုသို့လျှင်၊ စာတန်သည် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း၊ ၎င်းကို သင်ယုံကြည်ရန် မည်သည့်အရာကို ၎င်းက ပြောသနည်း။ ဥပမာ၊ သင့်မိသားစုတွင် လူဘယ်နှစ်ဦး ရှိသည်ကို သင့်အနေဖြင့် စာတန်ကို ပြောကောင်း ပြောခဲ့မည် မဟုတ်သော်လည်း၊ ၎င်းက သင့်မိသားစု၌ လူဘယ်နှစ်ယောက် ရှိသည်ဆိုသည်နှင့် သင့်မိဘများနှင့် သားသမီးများ၏ အသက်အရွယ်များကို ပြောကောင်းပြောနိုင် လိမ့်ဦးမည်ဖြစ်သည်။ ဤအရာမတိုင်မီ သင့်အနေဖြင့် စာတန်နှင့်ပတ်သက်၍ မယုံသင်္ကာမှုများနှင့် သံသယများရှိကောင်း ရှိမည်ဖြစ်သော်လည်း၊ ဤအရာများအား ၎င်းက ပြောသည်ကို ကြားပြီးနောက်တွင်၊ သင်သည် နည်းနည်းပိုပြီး ယုံကြည်ဖွယ်ရာ ကောင်းသည်ဟု ခံစားလာရမည် မဟုတ်လော။ ထိုအခါ စာတန်က၊ သင့်အတွက် အလုပ်အကိုင်က အခုတလော မည်မျှ ခက်ခဲနေကြောင်း၊ သင့် အထက်လူကြီးများက သင်နှင့်ထိုက်သည့် အသိအမှတ်ပြုခြင်းကို မပေးဘဲ သင့်အား ဆန့်ကျင်၍ အမြဲတစေ လုပ်နေကြသည်၊ စသဖြင့် ပြောကောင်းပြောလိမ့်မည်။ ယင်းကို ကြားပြီးသည့်နောက်တွင်၊ သင်က၊ “လုံးဝ မှန်လေစွ။ အလုပ်မှာ ကိစ္စတွေက အဆင်ကိုပြေမနေခဲ့တာပဲ” ဟု သင်တွေးမိလိမ့်မည်။ ထိုသို့ဖြင့် သင်သည် စာတန်ကို အနည်းငယ် ပို၍ယုံကြည်လိမ့်မည်။ ထို့နောက် ၎င်းသည် သင်ကို ပို၍ပင် ယုံကြည်လာစေလျက် သင့်ကို လှည့်ဖြားရန် အခြားတစ်စုံတစ်ရာကို ပြောလိမ့်မည်။ နည်းနည်းချင်းစီဖြင့်၊ သင်သည် ခုခံနိုင်စွမ်းမရှိတော့ဘဲ သို့မဟုတ် ၎င်းကို နောက်ထပ် မယုံသင်္ကာဖြစ်ခြင်း တစ်စုံတစ်ရာ မရှိတော့သည်ကို သင့်ကိုယ်သင် တွေ့ရှိရလိမ့်မည်။ စာတန်သည် အသေးအဖွဲ လှည့်စားမှုလေးများ၊ မဖြစ်စလောက်သည့် လှည့်စားမှု သေးသေးလေးတို့ကိုပင် အသုံးပြုရုံမျှပြုပြီး ဤနည်းဖြင့် သင့်ကို ဝေခွဲမရဖြစ်စေသည်။ သင်သည် ဝေခွဲမရဖြစ်လာသည်နှင့်အမျှ၊ သင်၏ တိကျသော ရပ်တည်မှုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်၊ သင်ဘာလုပ်ရမည်ကို မသိဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန် ပြောသည့်အရာကို သင်သည် စတင်လိုက်နာလိမ့်မည်။ ဤသည်မှာ လူကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော “ထူးခြားပြောင်မြောက်သော” နည်းလမ်းဖြစ်ပြီး၊ ယင်းက သင့်ကို သူ၏ထောင်ချောက်ထဲသို့ အမှတ်တမဲ့ ကျရောက်စေပြီး သူ၏ ဖြားယောင်းခြင်းကိုခံရစေလေသည်။ လူတို့က ကောင်းသည့် အရာများအဖြစ် စိတ်ကူးထားသည့် အရာ အနည်းငယ်ကို စာတန်က သင့်ကိုပြောပြီးနောက်၊ မည်သည့်အရာ လုပ်ရမည် ဆိုသည်နှင့် မည်သည့်အရာ ရှောင်ရမည်ဆိုသည်ကို ၎င်းက သင့်ကို ပြောသည်။ ဤသည်မှာ သင် အမှတ်တမဲ့ လှည့်ဖြားခံရသည့် ပုံဖြစ်သည်။ ယင်းအတွက် အလှည့်ဖြားခံရသည်နှင့်တစ်ပြိုင်နက် အမှုအရာများသည် သင့်အတွက် ခွတီးခွကျ ဖြစ်ပေလိမ့်မည်။ စာတန်ပြောသည့် အရာနှင့် သင့်ကို သူလုပ်ခိုင်းထားသည့်အရာကို စဉ်ဆက်မပြတ် သင်တွေးတော နေလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမှတ်တမဲ့ဖြင့် ၎င်း၏ ပိုင်ဆိုင်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့ဖြစ်ရခြင်းမှာ လူသားမျိုးနွယ်သည် သမ္မာတရား ကင်းမဲ့သောကြောင့် ဖြစ်၏၊ ထို့ကြောင့် စာတန်၏ ဖြားယောင်းမှု နှင့် စုံစမ်းသွေးဆောင်မှုတို့ကို ခိုင်ခိုင်မာမာ ခံရပ်နိုင်ခြင်း မရှိကြပေ။ စာတန်၏ ဆိုးယုတ်မှုနှင့် ၎င်း၏ လှည့်ဖြားမှု၊ သစ္စာဖောက်မှုနှင့် မလိုမုန်းထားမှုတို့ကို ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အလွန် မသိနားမလည်ကြ‌၊ မရင့်ကျက် ကြသကဲ့သို့ အားနည်းကြ၏၊ ဟုတ်သည် မဟုတ်လော။ ဤသည်မှာ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများထဲမှ တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားသည် စာတန်၏ အမျိုးမျိုးသော နည်းလမ်းများဖြင့်၊ နည်းနည်းချင်း အမှတ်တမဲ့ လှည့်ဖြားခံရပြီး လှည့်စားခံရသည်၊ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောကြားတွင် ပိုင်းခြားသိမြင်ဖို့ အစွမ်းအစ ကင်းမဲ့ သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤဝိညာဉ် အသက်တာနှင့် စာတန်အပေါ် အောင်နိုင်သည့် အစွမ်းအစ ကင်းမဲ့ကြလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။