အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၃) (အပိုင်း နှစ်)

စာတန်သည် လူသားကို ဖျက်ဆီးရာတွင် အသိပညာကို မည်သို့အသုံးပြုသည်ဆိုသည့် အကြောင်းကို ယခုပင် ငါတို့ ဆွေးနွေးပြောဆိုပြီးလေပြီ။ ထို့ကြောင့် စာတန်သည် လူသားကို ဖျက်ဆီးရန် သိပ္ပံကို မည်သို့အသုံးပြုသည်ဆိုသည့် အကြောင်းကို နောက်ထပ် မိတ်သဟာယပြုကြစို့။ ဦးစွာပထမ၊ သိပ္ပံကို လေ့လာကာ လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းချင်သော လူသား၏ သိချင်စိတ်ပြင်းပြမှု၊ လူသား၏ဆန္ဒကို ဖြည့်ဆည်းပေးရန် စာတန်သည် သိပ္ပံ၏နာမည်ကို အသုံးပြု၏။ စာတန်သည် သိပ္ပံအတွက်ကြောင့် လူသား၏ ရုပ်ဝတ္ထု လိုအပ်ချက်များနှင့် ၎င်းတို့၏ဘဝအရည်အသွေးကို မပြတ်တမ်းမြှင့်တင်ရန် လူသား၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေး၏။ ထို့ကြောင့် စာတန်သည် ဤမူမမှန်သော အကြောင်းပြချက်ဖြင့် လူသားကို ဖျက်ဆီးရန် သိပ္ပံကို အသုံးပြုခြင်းဖြစ်သည်။ စာတန်က သိပ္ပံကို ဤနည်းဖြင့် အသုံးပြုလျက် ဖျက်စီးသည်မှာ လူသား၏ အတွေးအခေါ် သို့မဟုတ် လူသား၏ စိတ်သာ ဖြစ်သလော။ ငါတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့လာရသည့် ငါတို့ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများထဲမှ အခြားမည်သည့်အရာကို စာတန်သည် သိပ္ပံကို အသုံးပြု၍ ဖျက်ဆီးသနည်း။ (သဘာဝပတ်ဝန်းကျင် ဖြစ်ပါသည်။) မှန်သည်။ သင်တို့သည် ဤအရာကြောင့် အလွန်အမင်း ဒုက္ခရောက်ကြပြီးဖြစ်ကာ အလွန်အမင်း ထိခိုက်ခံရကြပြီးဖြစ်ပုံပေါ်သည်။ လူသားကို လှည့်စားရန်အတွက် အမျိုးမျိုးသော ရှာဖွေတွေ့ရှိချက်များနှင့် သိပ္ပံဆိုင်ရာ ကောက်ချက်များ အားလုံးကို အသုံးပြုခြင်းအပြင်၊ စာတန်သည် ဘုရားသခင်က လူသားတို့ကို ပေးထားခဲ့သည့် ရှင်သန်နေသော ပတ်ဝန်းကျင်အား အကြောင်းမဲ့ ဖျက်ဆီးခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရန် သိပ္ပံကိုလည်း နည်းလမ်းတစ်ခုအနေနှင့် အသုံးပြု၏။ လူသားသည် သိပ္ပံဆိုင်ရာ သုတေသနကို ဆောင်ရွက်ပါက၊ လူသား၏ ရှင်သန်နေသော ပတ်ဝန်းကျင်နှင့် ဘဝ အရည်အသွေးတို့သည် ဆက်လက်တိုးတက်လိမ့်မည်ဖြစ်သည့်အပြင်၊ သိပ္ပံပညာ တိုးတက်ခြင်း၏ ရည်ရွယ်ချက်မှာ လူသား၏ နေ့စဉ်တိုးလာနေသော ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ ဘဝအရည်အသွေးကို အဆက်မပြတ် တိုးတက်စေရန် လိုအပ်မှုတို့ကို ဖြည့်တင်းပေးရန် ဖြစ်သည် ဆိုသည့် မူမမှန်သည့် အကြောင်းပြချက် အောက်တွင် စာတန်သည် ဤအရာကို လုပ်ဆောင် လေသည်။ ဤသည်မှာ စာတန်၏ သိပ္ပံတိုးတက်မှုနှင့်ဆိုင်သည့် အယူအဆရေးရာ အခြေခံ အကြောင်းရင်း ဖြစ်သည်။ သို့ရာတွင်၊ သိပ္ပံက လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ယူပြီး ဖြစ်သနည်း။ ငါတို့ ဆက်နွှယ်သည့် ပတ်ဝန်းကျင်တွင် မည်သည့်အရာ ပါဝင်သနည်း။ လူသားမျိုးနွယ်တို့ ရှူသွင်းသော လေသည် ညစ်ညမ်းလာပြီ မဟုတ်လော။ ငါတို့ သောက်သုံးသော ရေသည် အမှန်တကယ် သန့်စင်သေးသလော (မသန့်စင်တော့ပါ။) ငါတို့ စားသုံးနေသော အစားအစာသည် သဘာဝအတိုင်း ဟုတ်ပါ၏လော။ အများစုသည် ဓါတုဓာတ်မြေသြဇာ နှင့် မျိုးဗီဇ ပြုပြင်မှုကို အသုံးပြုကာ စိုက်ပျိုးထားခြင်းဖြစ်ပြီး သိပ္ပံနည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းဖြင့် သန္ဓေပြောင်းလဲခြင်းတို့သည်လည်း ရှိကြသည်။ ငါတို့စားသုံးသည့် ဟင်းသီးဟင်းရွက်တို့နှင့် အသီးအနှံတို့သည်ပင် သဘာဝအတိုင်း မဟုတ်တော့ပေ။ သဘာဝအတိုင်းဖြစ်သော ကြက်ဥ တစ်လုံးကိုပင် ရှာတွေ့ဖို့ မလွယ်သလို၊ ကြက်ဥများသည် စာတန်၏ သိပ္ပံဟူသော အရာဖြင့် ပြုပြင်ခံထားရနှင့်ပြီးဖြစ်လျက်၊ ယခင်ရှိခဲ့ဖူးသော အရသာမျိုး မရှိတော့ပေ။ ခြုံ၍ကြည့်ပါက၊ လေထု တစ်ခုလုံးသည် ဖျက်ဆီးခံထားရပြီး၊ ညစ်ညမ်းပြီး ဖြစ်သည်။ တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် မြေပြင် အထက်အောက်ရှိ အရာအားလုံးတို့မှာ သိပ္ပံဆိုင်ရာ အောင်မြင်မှု ဟုဆိုသော အရာကြောင့် အားလုံး ပျက်စီးပြီးဖြစ်သည်။ အကျဉ်းချုပ်အားဖြင့်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံး၊ ရှင်သန်နေသော ပတ်ဝန်းကျင်သည် သိပ္ပံဟူသောအရာကြောင့် ဖျက်စီးခံရကာ ပျက်စီးပြီးဖြစ်သည်။ လူအများအပြားတို့သည် ၎င်းတို့ ရှာဖွေသည့် ဘဝ၏ အရည်အသွေးအရ မိမိတို့၏ စိတ်ဆန္ဒများနှင့် ကိုယ်ခန္ဓာ နှစ်ခုလုံးကို ဖြည့်ဆည်းရင်း ၎င်းတို့ အမြဲမျှော်လင့်ခဲ့သည့်အရာကို ရရှိပြီးဖြစ်သည့် လူများစွာ ရှိသော်လည်း၊ လူသားနေထိုင်သည့် ပတ်ဝန်းကျင်မှာ သိပ္ပံက ယူဆောင်ခဲ့သည့် “အောင်မြင်မှု” အမျိုးမျိုးတို့ကြောင့် အခြေခံအားဖြင့် ဖျက်ဆီးခံရကာ ပျက်စီးပြီး ဖြစ်သည်။ ယခုအချိန်တွင်၊ သန့်ရှင်းသည့် လေတစ်ရှိုက်ကိုပင် ကျွန်ုပ်တို့ ရှူခွင့် မရှိကြတော့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာ ဖြစ်သည်မဟုတ်လော။ ဤနေရာမျိုးတွင် နေထိုင်ရမည့် အချိန်တွင်၊ လူသားအတွက် ပြောပြစရာ ပျော်ရွှင်မှု တစ်ခုတစ်လေ ရှိပါသလော။ လူသား အသက်ရှင် နေထိုင်သည့် ဤနေရာနှင့် ရှင်သန်သော ပတ်ဝန်းကျင်သည် အစအဦးကတည်းက လူသားအတွက် ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ လူတို့ သောက်သုံးသော ရေ၊ လူတို့ရှူရှိုက်သော လေ၊ လူတို့စားသုံးသော အစားအစာ၊ အပင်များ၊ သစ်ပင်များနှင့် သမုဒ္ဒရာများ- ဤရှင်သန်နေသော ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတိုင်းအား လူသားကို ဘုရားသခင်က ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင် ချမှတ်ပေးခဲ့သည့် သဘာဝနိယာမနှင့်အညီ လည်ပတ်လျက် သဘာဝအလျောက် ဖြစ်လေသည်။ သိပ္ပံသာမရှိခဲ့ပါက၊ လူတို့သည် ပျော်ရွှင်ခဲ့လိမ့်မည် ဖြစ်ကာ အရာရာတိုင်းကို ဘုရားသခင်၏ နည်းလမ်းအတိုင်း၊ ၎င်းတို့ခံစားရန် ဘုရားသခင် အပ်နှင်းခဲ့သောအရာနှင့်အညီ၊ ယင်းတို့၏ အသန့်ရှင်း အသန့်ပြန့်ဆုံးအခြေအနေကို ခံစားနိုင်ကြမည် ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ဤအရာအားလုံးကို စာတန်က ဖျက်ဆီးထား၍ ပျက်စီးခဲ့လေပြီ။ လူသား၏ အဓိက အသက်ရှင်နေထိုင်ရာနေရာသည် သန့်ရှင်းခြင်း မရှိတော့ပေ။ သို့သော် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည် သို့မဟုတ် ဤအရာ မည်သို့ ဖြစ်လာသည်ကို အဘယ်သူကမျှ သတိမပြုမိနိုင် ကြသလို၊ ပို၍ပင် များပြားသောလူတို့သည် သိပ္ပံပညာကို ချဉ်းကပ်ကြပြီး ၎င်းတို့ထံတွင် စာတန် သွတ်သွင်းထားသော အယူအဆများမှတဆင့် သိပ္ပံကို သိနားလည်ကြလေသည်။ ဤသည်မှာ အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ယခုအချိန်တွင် စာတန်သည် လူတို့ တည်ရှိသည့်နေရာအပြင် ၎င်းတို့ ရှင်သန်သည့် ပတ်ဝန်းကျင်ကို နေရာယူထားပြီး ၎င်းတို့ကို ဤအခြေအနေထဲသို့ ပျက်စီးစေလျက်နှင့် ဤနည်းဖြင့် လူသားမျိုးနွယ်သည် ဆက်လက်တိုးတက်နေရင်းဖြင့်၊ ဘုရားသခင်အတွက် ဤလူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရန် လိုအပ်မှုတစ်ခုတစ်လေ ရှိပါသလော။ လူသားမျိုးနွယ်သည် ဤအတိုင်း ဆက်၍ တိုးတက်ပါက၊ မည်သည့်လားရာသို့ ၎င်းတို့ ဦးတည်မည်နည်း။ (၎င်းတို့ မျိုးဖြုတ်ခံရကြပါလိမ့်မည်။) ၎င်းတို့ မည်သို့ မျိုးဖြုတ်ခံရကြမည်နည်း။ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် လူသား၏ လောဘတကြီး ရှာဖွေမှုအပြင်၊ ၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် သုတေသနကို နက်နက်နဲနဲ ပြုလုပ်ပြီးနောက်၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ ထိုသို့သော နည်းလမ်းဖြင့် မရပ်မနား ဆောင်ရွက် ကြလေသည်။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်များမှာ အဘယ်နည်း။ ဦးဆုံးအနေဖြင့်၊ ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီဖြစ်ပြီး ဤအရာ ဖြစ်ပျက်သည့်အချိန်တွင် လူတို့၏ ကိုယ်ခန္ဓာများ၊ ၎င်းတို့၏ အတွင်းအင်္ဂါများသည် ဤဟန်ချက်မညီသည့် ပတ်ဝန်းကျင်အားဖြင့် စွန်းထင်းကာ ထိခိုက်ခဲ့ရကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါတို့ သည်လည်း ကမ္ဘာလောကအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေ တစ်ခုဖြစ်သည်မှာ မှန်သည်မဟုတ်လော။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို နားလည်၏၊ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်ဝစေရန် အသိပညာကို အသုံးပြုရင်း၊ လူ့ဘဝ၏ အနာဂတ်ကို မရပ်မနား စူးစမ်းလေ့လာရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏ နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းဖြင့် အမြဲလိုက်လျှောက်ပါက- လူသားမျိုးနွယ် အတွက် ဤအရာ မည်သို့ အဆုံးသတ်မည်ကို သင် သတိပြုမိနိုင်သလော။ (မျိုးသုဉ်းခြင်း ဖြစ်ပါလိမ့်မည်။) ဟုတ်ပေသည်၊ မျိုးသုဉ်းခြင်းဖြင့် အဆုံးသတ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်သည် မိမိ၏ ကိုယ်ပိုင် မျိုးသုဉ်းပျောက်ကွယ်ခြင်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း သာ၍ ချဉ်းကပ်လာပေသည်။ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်၏။ အမှုအရာများကို သင်တို့ ခွဲခြားသိမြင်ရန် ကြိုးစားသည့်အခါ ဇဝေဇဝါဖြင့်သာ လုပ်မိကြဖို့အလို့ငှာ သိပ္ပံဟူသည် ယခုအချိန်တွင် လူသားအတွက် စာတန်ပြင်ဆင်ထားသော မှော်ဆေးရည်တစ်မျိုးအလား ထင်ရ၏။ မည်မျှပင် ကြိုးစား၍ ကြည့်သည်ဖြစ်စေ၊ အမှုအရာများကို သင်တို့ ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့၊ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ယင်းအရာတို့ကို အဖြေမရှာနိုင် ကြပေ။ သို့ရာတွင် စာတန်သည် သင်၏အာသီသကို ပြင်းပြလာစေရန်နှင့် သင့်အား နဖားကြိုးတပ်ကာ အသူရာချောက်နက် နှင့် သေမင်းဆီသို့ တစ်လှမ်းချင်း ဆက်လျှောက်စေရန် သိပ္ပံ၏နာမည်ကို အသုံးပြုလေသည်။ ဤသို့ဖြစ်သည် မဟုတ်လော (ဟုတ်ပါသည်။) ဤသည်မှာ လူကို စာတန် ဖောက်ပြန်ပျက်စီးစေသည့် ဒုတိယနည်းလမ်း ဖြစ်၏။

ရိုးရာယဉ်ကျေးမှုသည် လူကို စာတန် ဖျက်ဆီးသည့် တတိယနည်းလမ်းဖြစ်၏။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတွင် ဆင်တူမှုများစွာ ရှိသော်လည်း၊ ကွာခြားချက်မှာ ရိုးရာယဉ်ကျေးမှု၌ အချို့သော ဇာတ်လမ်းပုံပြင်များ၊ သွယ်ဝိုက် ရည်ညွှန်းချက်များနှင့် ဇာစ်မြစ်များရှိ၏။ စာတန်သည် လူတို့ကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် အယူသီးသော ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် အထင်ကြီးမှုများ ကျန်ရစ်စေလျက် ရိုးရာပုံပြင်များစွာ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင် မြင်ရသည့် ဇာတ်လမ်းများကို လုပ်ကြံဖန်တီး ထားလေသည်။ ဥပမာအားဖြင့်၊ တရုတ်ပြည်တွင် “ပင်လယ်ကို ဖြတ်သော မသေမျိုးရှစ်ဦး”၊ “အနောက်ဘက်သို့ ခရီး”၊ “ကျောက်စိမ်း ဧကရာဇ်”၊ “နဂါးဘုရင်ကို အောင်နိုင်သော နီကျား” နှင့် “နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ” တို့ ရှိ၏။ ဤအရာတို့သည် လူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီ မဟုတ်လော။ သင်တို့ထဲမှ အချို့သည် အသေးစိတ် အားလုံးကို သိပင် မသိသော်ငြား၊ ယေဘုယျ ဇာတ်လမ်းများကို သင်တို့ သိကြလိမ့်ဦးမည်ဖြစ်ပြီး သင်တို့ မမေ့နိုင်ဖို့အလို့ငှာ သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေသည်မှာ ဤယေဘုယျ အကြောင်းအရာဖြစ်ပေသည်။ ဤအရာတို့သည် စာတန်က လူသားအတွက် အချိန်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး၊ ယင်းသည် မတူသောအချိန်များတွင် ဖြန့်ဖြူးထားပြီးဖြစ်ပေသည်။ ဤအရာတို့သည် လူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ တိုက်စားပစ်ပြီး၊ ဖမ်းစားခြင်းတစ်ခုပြီး တစ်ခုအောက်တွင် လူတို့ကို ထားလေ၏။ ဆိုလိုသည်မှာ ထိုသို့သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးသော အရာတို့ကို သင် လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်၏ နှလုံးသားထဲတွင် ၎င်းတို့ ကပ်ငြိသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင်သည် ညှို့ယူဖမ်းစား ခံထားရသည့်အလား ဖြစ်သည်- သင်သည် ဤယဉ်ကျေးမှုဆိုင်ရာ အဆောင်အယောင် အဆင်တန်ဆာများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းမထွက်သာအောင်မိနေပြီး လွှမ်းမိုးခံလာရလေသည်။ ၎င်းတို့သည် သင်၏ဘဝ၊ သင်၏ ဘဝပေါ် အမြင်နှင့် အမှုအရာများအပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကို လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းခရီးအတွက် သင်၏ လိုက်စားမှုကို ၎င်းတို့က လွှမ်းမိုးလေသည်။ ဤသည်မှာ ဧကန်အမှန် ဆိုးယုတ်သော မန္တန်တစ်ခုဖြစ်၏။ သင် ကြိုးစားနိုင်သမျှ ကြိုးစားလော့၊ ၎င်းတို့ကို ခါချမရနိုင်ပေ။ ၎င်းတို့ကို သင်ခုတ်ဖြတ် ပစ်သော်ငြား၊ ခုတ်လှဲမရနိုင်ပေ၊ သင်သည် ၎င်းတို့ကို ရိုက်နှက် သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူတို့သည် ဤသို့သော မန္တန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ထားရှိခံရပြီးနောက်၊ ၎င်းတို့၏ နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူရင်း စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့် စတင်ကိုးကွယ်ကြ လေသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ပြီး ကြည်ညို လေးစားရမည့် အရာတစ်ခုဖြစ်သည့် ၎င်းတို့၏ ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် မှတ်ယူသည်အထိပင် လုပ်ဆောင်ကြလေသည်။ ဤအရာတို့သည် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏ နှလုံးသားများ ထဲတွင် အမှုမဲ့အမှတ်မဲ့ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူသော်လည်း၊ ထို့နောက် သင်သည် ၎င်းတို့ကို အမှန်တကယ် ရှိသော လူပုဂ္ဂိုလ်များဖြစ်စေရင်းနှင့် စစ်မှန်သော အရာများအဖြစ် ပြောင်းလဲစေရင်း ဤဇာတ်လမ်း ပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် သင်အသိအမှတ်ပြုလေသည်။ သင် သတိမမူမိခြင်းတွင်၊ သင်သည် ဤအယူအဆများ နှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်နှင့် သင်၏ နှလုံးသားထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံမိလေသည်- ဤသည်မှာ ဧကန်အမှန် မန္တန်တစ်ခုဖြစ်၏။ ဤစကားများကို သင်တို့ ကြားရသလော။ (ကြားပါသည်။) သင်တို့ထဲတွင် ဗုဒ္ဓအား အမွှေးတိုင် ထွန်းကာ၊ ကိုးကွယ်ကြသူ တစ်ဦးတစ်လေ ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ဗုဒ္ဓအား အမွှေးတိုင်ထွန်းကာ၊ ကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ (ငြိမ်းချမ်းမှုအတွက် ဆုတောင်းခြင်းဖြစ်ပါသည်။) ထိုအကြောင်းကို ယခု စဉ်းစားကြည့်ပါက၊ ငြိမ်းချမ်းမှုအတွက် စာတန်အား ဆုတောင်းဖို့မှာ ရယ်ဖွယ်ဖြစ်သည်မဟုတ်သလော။ စာတန်သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပါသလော။ (မဆောင်ကြဉ်းပါ။) သင်တို့သည် ထိုအချိန်က မည်မျှ မသိနားမလည်ခဲ့သည်ကို မြင်ကြသည် မဟုတ်လော။ ထိုသို့သော အပြုအမူမျိုးသည် ရယ်ဖွယ်ရာဖြစ်သည်၊ ပညာမဲ့ရာကျပြီး နုံအရာ ရောက်သည် မဟုတ်လော။ စာတန်သည် သင့်ကို မည်သို့ ဖျက်ဆီးရမည်ကိုသာ တွေးတော၏။ စာတန်သည် သင့်အား ငြိမ်းချမ်းမှုကို မပေးနိုင်ပေ၊ ယာယီသက်သာမှုသာ ပေးနိုင်၏။ သို့ရာတွင် ဤသက်သာမှုကို ရရှိဖို့ သင်သည် ကတိသစ္စာ ပြုရမည်ဖြစ်ပြီး၊ သင်၏ ကတိ သို့မဟုတ် စာတန်ကို သင်ပြုထားသော သင်၏ကတိသစ္စာကို သင်ဖောက်ဖျက်ခဲ့ပါက၊ စာတန်သည် သင့်အား မည်သို့နှိပ်စက်သည်ကို သင် မြင်ရလိမ့်မည်။ သင့်ကို ကတိသစ္စာ ပြုစေရာတွင်၊ အမှန်မှာ ၎င်းက သင့်အား ထိန်းချုပ်ချင်လေသည်။ သင်တို့က ငြိမ်းချမ်းမှုအတွက် ဆုတောင်းသည့်အချိန်တွင်၊ ငြိမ်းချမ်းမှုကို သင်တို့ ရရှိခဲ့ကြပါသလော။ (မရခဲ့ပါ။) သင်တို့သည် ငြိမ်းချမ်းမှုကို မရခဲ့ကြဘဲ ဆန့်ကျင်ဖက်အနေဖြင့် သင်၏ အားထုတ်မှုများက ကံဆိုးခြင်းနှင့် အဆုံးမရှိသော ဘေးဒုက္ခများ- အမှန်တကယ် အကန့်အသတ်မဲ့သော ခါးသီးခြင်း သမုဒ္ဒရာတစ်ခုကို သယ်ဆောင်လာခဲ့၏။ စာတန်၏ အုပ်စိုးမှုတွင် ငြိမ်းချမ်းမှုဟူသည် မရှိ၊ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤသည်မှာ ရှေးရိုးစွဲအယူသီးမှု၊ ရိုးရာယဉ်ကျေးမှုများက လူသားမျိုးနွယ်ထံ ယူဆောင်ပြီးသည့် အကျိုးဆက်ဖြစ်၏။

လူကို စာတန် ဖျက်ဆီးသည့် နောက်ဆုံးနည်းလမ်းမှာ လူမှုရေး ရေပန်းစားမှုများ မှတဆင့် ဖြစ်သည်။ “လူမှုရေး ရေပန်းစားမှုများ” တွင် အကြောင်းအရာများစွာ ပါဝင်၏။ လူအချို့က၊ “လူမှုရေး ရေပန်းစားမှုများဆိုသည်မှာ နောက်ဆုံးပေါ် ဖက်ရှင်များ၊ အလှအပပစ္စည်းများ၊ ဆံပင်ပုံစံများနှင့် အစားကောင်း အသောက်ကောင်းများကို ဆိုလိုသလော” ဟူ၍ ပြောကြသည်။ ဤအရာတို့ကို လူမှုရေး ရေပန်းစားမှုများဟု မှတ်ယူပါသလော။ ၎င်းတို့သည် လူမှုရေး ရေပန်းစားမှုများ၏ အစိတ်အပိုင်းတစ်ခုကို ဖန်တီးသော်လည်း၊ ငါတို့သည် ၎င်းတို့အကြောင်းကို ဤနေရာတွင် ပြောမည်မဟုတ်။ လှုမှုရေး ရေပန်းစားမှုများက လူတို့အထဲသို့ ယူဆောင်လာသော အယူအဆများ၊ ကမ္ဘာကြီးထဲတွင် ၎င်းတို့က လူတို့ကို မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်စေသည့် နည်းလမ်းနှင့် လူတို့အထဲတွင် ၎င်းတို့ ယူဆောင်သည့် ဘဝပန်းတိုင်းများနှင့် အမြင်တို့အကြောင်းကိုသာ ငါတို့ ဆွေးနွေးချင်သည်။ ဤအရာများသည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤရေပန်းစားမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ် လာပြီး လူတို့ကို အသိစိတ်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ဆုံးရှုံးဖို့ ဖြစ်စေရင်း၊ ၎င်းတို့၏ ကိုယ်ကျင့်တရားများနှင့် အကျင့်စရိုက် အရည်အသွေးတို့ကို သာ၍ပင် အားနည်းစေလျက်၊ လူသားမျိုးနွယ်ကို အဆက်မပြတ် ဆုတ်ယုတ်စေသည့် ဆိုးယုတ်သော လွှမ်းမိုးမှု သယ်ဆောင်သည်မှာ ယခုတွင် လူအများစုသည် ဂုဏ်သိက္ခာ၊ လူ့သဘာဝ မရှိသလို၊ ဆင်ခြင်တုံတရားရှိဖို့ မဆိုထားနှင့်၊ အသိစိတ် တစ်ခုတစ်လေပင် မရှိဟု ငါတို့ ပြောနိုင်သည့်အတိုင်းအတာထိ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် သင်တို့ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ရေပန်းစားမှုများဖြစ်သည်။ ရေပန်းစားမှု အသစ်တစ်ခုသည် ကမ္ဘာလောက တစ်လျှောက် ရိုက်ခတ်သည့်အခါ၊ အရေအတွက် အနည်းငယ်သော လူတို့သာ ဖက်ရှင်ရှေ့ဆောင်များ အဖြစ် ပြုမူရင်း ခေတ်အမီဆုံးဖြစ်ကောင်း ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အသစ်သော အရာတစ်ချို့ကို စတင်လုပ်ဆောင်ပြီးနောက် အယူအဆ အမျိုးအစားတစ်ချို့ သို့မဟုတ် ရှုထောင့်အမျိုးအစား တစ်ချို့ကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား အမှုမဲ့အမှတ်မဲ့နှင့် ဆန္ဒအလျောက် မဟုတ်ဘဲ ထိုအရာကို လက်ခံကာ၊ ထိုအထဲတွင် နစ်မြုပ်ပြီး ထိန်းချုပ် ခံရသည်အထိတိုင်၊ ဤရေစားမှုမျိုးဖြင့် အဆက်မပြတ် ကူးစက်ခံရ၏၊ လက်သင့်ခံရကာ ဆွဲဆောင်ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့သော ရေပန်းစားမှုများက ကိုယ်နှင့် စိတ်မကျန်းမာသူ၊ သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိသူများနှင့် အပြုသဘောဆောင်သောအရာနှင့် အပျက် သဘောဆောင်သော အရာတို့ကြား မခွဲခြားတတ်သူတို့ကို စာတန်ထံမှလာသော ဘဝအမြင်များနှင့် တန်ဖိုးတို့ကို တစ်ခုပြီး နောက်တစ်ခု ပျော်ရွှင်စွာ လက်ခံစေလေသည်။ ၎င်းတို့သည် ဘဝကို မည်သို့ ချဉ်းကပ်ရမည့်အကြောင်း စာတန် ပြောသည့်အရာနှင့် ၎င်းတို့အပေါ် စာတန် “နှင်းအပ်” သည့် အသက်ရှင်ဖို့နည်းလမ်းကို လက်ခံကြသကဲ့သို့၊ ၎င်းတို့အနေဖြင့် ခုခံဖို့ သတိမူမိခြင်းရှိဖို့ မဆိုထားနှင့်၊ ခွန်အား မရှိသကဲ့သို့ အစွမ်းအစလည်း မရှိကြချေ။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ တဖြည်းဖြည်း နားလည် လာနိုင်မည့် ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ရွေးချယ်ထား၏။ ဥပမာအားဖြင့်၊ အတိတ်က မည်သူမျှ လိမ်လည်ခြင်းမခံရဖို့အလို့ငှာ စီးပွားလုပ်ကိုင်ခဲ့ကြ၏၊ မည်သူ ဝယ်ယူနေသည်ဖြစ်စေ ကုန်ပစ္စည်းများကို တူညီသောစျေးနှုန်းဖြင့် ၎င်းတို့ ရောင်းချခဲ့ကြသည်။ ဤနေရာတွင် ကောင်းမွန်သော အသိစိတ်နှင့် လူ့သဘာဝ၏ အစိတ်အပိုင်းအချို့ ဖော်ပြထားသည် မဟုတ်လော။ လူတို့သည် ကောင်းမွန်သော ယုံကြည်ချက်ဖြင့် မိမိတို့၏ စီးပွားရေးကို စီမံခန့်ခွဲသည့်အချိန်တွင်၊ ၎င်းတို့သည် အသိစိတ်အချို့၊ လူ့သဘာဝအချို့ ထိုအချိန်က ရှိခဲ့ကြသေးသည်ကို မြင်နိုင်၏။ သို့ရာတွင် ငွေကြေးအတွက် လူသား၏ သာ၍ တိုးပွားနေသော တောင်းဆိုချက် နှင့်အတူ၊ လူတို့သည် ငွေ၊ အကျိုးအမြတ်နှင့် ကာမဂုဏ်တို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် သာ၍ သာ၍ ချစ်ခင်လာ ခဲ့ကြလေသည်။ အတိုချုပ်အနေဖြင့်၊ လူတို့သည် ငွေကြေးကို ပို၍အရေးကြီးသော အရာအဖြစ် ယခင်ကထက် ရှုမြင်လာခဲ့ကြလေသည်။ လူတို့သည် ငွေကြေးကို ပို၍ အရေးကြီးသောအရာအဖြစ် မြင်ကြသောအခါ၊ ၎င်းတို့၏ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ မိမိတို့၏ နာမည်ကောင်းနှင့် မိမိတို့၏ သိက္ခာတို့ကို အမှုမဲ့အမှတ်မဲ့ သာ၍ အလေးပေးမှု စတင်လျော့ပေါ့ကြသည် မဟုတ်လော။ ၎င်းတို့သည် စီးပွားရေးတွင် ပါဝင်ပတ်သက်သည့်အခါ၊ အခြားသူများသည် လူတို့ကို လိမ်လည်ပြီး ချမ်းသာရန်အလို့ငှာ၊ အမျိုးမျိုးသော နည်းလမ်းများအား သုံးလျက်ရှိသည်ကို သင် တွေ့ရသည်။ ရရှိသည့် ငွေကြေးသည် မစင်ကြယ် သော်လည်း၊ ၎င်းတို့သည် ချမ်းသာသည်ထက် ချမ်းသာလာကြ၏။ ၎င်းတို့သည် သင်ကဲ့သို့ပင် အလားတူစီးပွားရေး လုပ်ကိုင်သော်လည်း၊ ၎င်းတို့၏ မိသားစုတစ်ခုလုံးသည် သင့်ထက်ပို၍ ဘဝကို မွေ့လျော်ကြပြီး၊ သင့်အဖို့မှာမူ “ငါသည် အဘယ်ကြောင့် ထိုသို့ မလုပ်နိုင်သနည်း။ ငါသည် အဘယ်ကြောင့် သူတို့ရှာဖွေသမျှလောက် မရှာဖွေနိုင် သနည်း။ ငါ၏လုပ်ငန်း ကြီးပွားစေဖို့၊ ငွေကြေး ပိုရရှိဖို့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားရမည်” ဟုဆိုရင်း ဝမ်းနည်းနေရ၏။ ထို့နောက်တွင် သင်သည် ငွေများစွာ မည်သို့ ရှာဖွေရမည်ကို အစွမ်းကုန် စဉ်းစားတွေးတောသည်။ စျေးဝယ်သူ အားလုံးကို တူညီသောစျေးနှုန်းဖြင့် ပစ္စည်းများကို ရောင်းချခြင်း ဟူသော၊ ပုံမှန်ငွေကြေးရှာဖွေမှု နည်းလမ်းအတိုင်း သင် ရရှိသော အကျိုးအမြတ် တစ်ခုတစ်လေသည် လိပ်ပြာသန့်သန့်ဖြင့် ရခြင်းဖြစ်၏။ သို့သော် ဤသည်မှာ အလျင်အမြန် ချမ်းသာစေမည့် နည်းလမ်းမဟုတ်ချေ။ အကျိုးအမြတ် ဖန်တီးလိုသည့် ပြင်းပြသောဆန္ဒဖြင့် မောင်းနှင်ခံရလျက်၊ သင်၏ စဉ်းစားတွေးခေါ်မှုသည် ညင်သာသော ပြောင်းလဲခြင်း တစ်ခုကို ကြုံရ၏။ ဤပြောင်းလဲမှုအတွင်းတွင်၊ သင်၏ ပြုမူနေထိုင်မှု စည်းမျဉ်းများသည်လည်း စတင် ပြောင်းလဲ၏။ သင်သည် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် လိမ်ညာသည့်အခါ၊ “လူတစ်ဦးကို ဤတစ်ကြိမ်တည်းသာ ငါ လိမ်မည်။ ငါနောက်တစ်ကြိမ် ထပ်မလုပ်တော့။ လူတို့ကို ငါ လိမ်၍မဖြစ်။ လိမ်လည်ခြင်းတွင် ဆိုးရွားသော အကျိုးဆက်များရှိသည်။ ငါ့ကို ဒုက္ခများစွာ ရောက်စေလိမ့်မည်” ဟု ဆိုရင်း သံသယများ သင်ရှိ၏။ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် သင်လိမ်လည် သောအခါ၊ သင်၏စိတ်နှလုံးတွင် စောင့်စည်းမှု အချို့ရှိ၏။ ဤသည်မှာ လူသား၏အသိစိတ် လုပ်ဆောင်ပုံဖြစ်သည်- တစ်စုံတစ်ဦးကို သင် လိမ်လည်သည့်အခါ သဘာဝမကျသကဲ့သို့ သင့်ကို ခံစားစေဖို့အလို့ငှာ သင့်ကို သိက္ခာစောင့်ထိန်းစေပြီး သင့်ကို ပြစ်တင်မိစေသည်။ သို့ရာတွင် သင်သည် တစ်စုံတစ်ယောက်ကို အောင်မြင်စွာ လိမ်လည် ပြီးသည့်အခါ၊ သင့်ထံတွင် ယခင်ကထက် ငွေကြေး ပိုမိုရှိလာသည်ကို သင် တွေ့ရပြီး၊ ဤနည်းလမ်းသည် သင့်အတွက် များစွာ အကျိုးအမြတ် ရှိနိုင်သည်ဟု သင် ထင်၏။ သင်၏စိတ်နှလုံးထဲတွင် စူးသော နာကျင်မှု ရှိနေသော်ငြား၊ သင်သည် သင်၏ “အောင်မြင်မှု” အပေါ် မိမိကိုယ်ကိုယ် ဂုဏ်ယူသည့်အလား ခံစားရဆဲဖြစ်ပြီး၊ သင့်ကိုယ်သင်လည်း အတော်အတန် ကျေနပ်မိ၏။ ပထမဦးဆုံးအကြိမ်၊ သင်၏ ကိုယ်ပိုင် အပြုအမူ၊ သင်၏ ကိုယ်ပိုင် လှည့်ဖြားတတ်သည့် နည်းလမ်းများကို သင် သဘောကျမိလေသည်။ ထို့နောက်တွင်၊ လူသားသည် ဤလိမ်လည်ခြင်းဖြင့် စွန်းထင်းသွားသည်နှင့် တစ်ပြိုင်နက်၊ ယင်းသည် လောင်းကစားမှုပြုရာတွင် ပါဝင်မိပြီးနောက် လောင်းကစားသမား ဖြစ်လာသူနှင့် အတူတူပင် ဖြစ်သည်။ သင်၏ သတိမမူမိခြင်းတွင်၊ သင်သည် မိမိ၏ ကိုယ်ပိုင် လိမ်လည်သောအပြုအမူကို သဘောကျကာ၊ လက်ခံကြ၏။ သတိမမူမိခြင်းဖြင့်၊ သင်သည် လိမ်လည်ခြင်းကို တရားဝင် စီးပွားဖြစ် အပြုအမူတစ်ခုနှင့် သင်၏ ရှင်သန်ရေးနှင့် အသက်မွေးမှုအတွက် အသုံးအဝင်ဆုံး နည်းလမ်းအဖြစ် မှတ်ယူကြလေသည်။ ဤအရာပြုလုပ်ခြင်းအားဖြင့် သင်သည် ဥစ္စာပစ္စည်းကို အလျင်အမြန် ရှာဖွေနိုင်သည်ဟု ထင်သည်။ ဤသည်မှာ ဖြစ်စဉ်တစ်ခု ဖြစ်၏။ အစ၌၊ လူတို့သည် ဤအပြုအမူမျိုးကို လက်မခံနိုင်ကြသကဲ့သို့၊ ဤအပြုအမူနှင့် ကျင့်ကြံမှုတို့ကို အထင်အမြင်သေးကြ၏။ ထို့နောက် ၎င်းတို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကြိုးစားရင်း ဤအပြုအမူကို မိမိတို့ကိုယ်တိုင် စမ်းလုပ်ကြည့်ကြကာ ၎င်းတို့၏ နှလုံးသားများသည် တဖြည်းဖြည်း စတင်ပြောင်းလဲလာ၏။ ဤသည်မှာ မည်သို့သော ပြောင်းလဲခြင်းမျိုး ဖြစ်သနည်း။ ယင်းမှာ လူမှုရေး ရေပန်းစားမှုက သင့်အထဲတွင် သွတ်သွင်းထားသည့် ဤရေပန်းစားမှုနှင့် ဤအယူအဆများကို အတည်ပြုခြင်းနှင့် ခွင့်ပြုခြင်းပင်ဖြစ်သည်။ နားမလည်လိုက်ဘဲ၊ သင်သည် လူတို့နှင့် စီးပွားရေးလုပ်သည့်အချိန်တွင် ၎င်းတို့ကို မလိမ်လည်ပါက၊ သင် ထိခိုက်နစ်နာသည်ဟု ခံစားရသည်၊ သင် လိမ်ညာမှု မပြုပါက တစ်စုံတစ်ခုကို ဆုံးရှုံးရသည့်အလား သင် ခံစားရ၏။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ ဤလိမ်ညာခြင်းသည် သင်၏ တကယ့်ဝိညာဉ်၊ သင်၏ မဏ္ဍိုင်နှင့် သင်၏ဘဝတွင် စည်းမျဉ်း တစ်ခုဖြစ်သည့် မရှိမဖြစ်သော အပြုအမူမျိုး ဖြစ်လာသည်။ လူသားသည် ဤအပြုအမူနှင့် ဤအတွေးအခေါ်ကို လက်ခံပြီးသည့် နောက်တွင်၊ ဤအရာက လူ၏ စိတ်နှလုံးထဲတွင် ပြောင်းလဲမှုတစ်ခု ယူဆောင်ပြီး ဖြစ်သည် မဟုတ်လော။ သင်၏နှလုံးသားသည် ပြောင်းလဲသွားပြီဖြစ်သည်၊ ထို့ကြောင့် သင်၏ သိက္ခာသည်လည်း ပြောင်းလဲသွားသလော။ သင်၏ အသိတရားသည်ကော ပြောင်းလဲသွားပြီလော။ သင်၏ လူ့သဘာဝ ပြောင်းလဲပြီလော။ သင်၏ အသိစိတ် ပြောင်းလဲပြီလော။ (ပြောင်းလဲ ပါသည်။) ဟုတ်ပေ၏၊ ဤလူ၏ အစိတ်အပိုင်းအားလုံးသည် ၎င်းတို့၏ နှလုံးသားမှ ၎င်းတို့၏ အတွေးများအထိ၊ ၎င်းတို့ အတွင်းအပြင် ပြောင်းလဲသည့် အတိုင်းအတာအထိ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှု တစ်ခုကို ကြုံကြရလေသည်။ ဤပြောင်းလဲမှုသည် သင့်ကို ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးရာ ဆွဲခေါ်သွားပြီး၊ သင်သည် စာတန်နှင့် ပို၍ပို၍ နီးကပ်စွာ ပေါင်းစည်းလာ၏၊ သင်သည် စာတန်နှင့် ပို၍ ပို၍ ဆင်တူလာလေသည်။

ဤလူမှုရေး ရေပန်းစားမှုများကို ကြည့်သည့်အခါ၊ ၎င်းတို့သည် လူတို့အပေါ် ကြီးမားသောလွှမ်းမိုးမှုတစ်ခု ရှိသည်ဟု သင်ဆိုမည်လော။ ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်နစ်နာစေသော သက်ရောက်မှု ရှိပါသလော။ (ရှိပါသည်။) ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်စေသော သက်ရောက်မှု ဧကန်ရှိပါသည်။ လူသားနှင့်ပတ်သက်၍ စာတန်သည် လူမှုရေး ရေပန်းစားမှု တစ်ခုပြီးတစ်ခုကို အသုံးပြုလျက် မည်သည့်အရာကို ဖျက်ဆီးသနည်း (လူ၏ အသိစိတ်၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝ၊ ကိုယ်ကျင့်တရားနှင့် ဘဝအပေါ် အမြင်တို့ ဖြစ်ပါသည်။) ၎င်းတို့သည် လူတို့အထဲတွင် တဖြည်းဖြည်း ဆုတ်ယုတ်ခြင်းကို ဖြစ်စေကြသည် မဟုတ်လော။ လူမှုရေး ရေပန်းစားမှုထဲတွင် ပိတ်မိကြသည့် လူတို့သည် ငွေကြေးနှင့်၊ ရုပ်ဝတ္ထု တပ်မက်မှုများ၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ အားပေးမိကြဖို့အလို့ငှာ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ ရိပ်မြုံထဲသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန် ဤလူမှုရေး ရေပန်းစားမှုများကို အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုး၊ စာတန်နတ်ဆိုးဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်သက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ပြန်ဆွဲထားမည့် ကန့်သတ်ချုပ်ချယ်မှုများ၊ နှောင်ကြိုးများမဲ့လျက် မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် သောက်စားပျော်မြူးရန် ဆန္ဒရှိကြလေသည်။ ထို့ကြောင့် လူသားသည် ဤသို့သော ရေပန်းစားမှုများထဲ၌ နစ်မြုပ် လာပြီးသည့်အခါ၊ သင် သင်ယူထားသော အသိပညာသည် သင့်ကိုယ်သင် လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါသလော။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုသည် ဤကြောက်မက်ဖွယ် အကျပ်အတည်းမှ လွတ်မြောက်ဖို့ သင့်ကို ကူညီပေးနိုင်ပါသလော။ လူသား သိသည့် ရိုးရာကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာတို့သည် လူတို့ကို သည်းခံခြင်းကို ကျင့်ကြံဖို့ ကူညီ ပေးနိုင်သလော။ ဥပမာအားဖြင့်၊ စရိုက်သုံးခု ဂန္တဝင်စာအုပ်ကို ကြည့်လော့။ ၎င်းသည် လူတို့အား ဤရေပန်းစားမှုတို့၏ နွံအိုင်ထဲမှ မိမိတို့၏ ခြေများကို ကူညီ ဆွဲထုတ်ပေးနိုင်သလော (မကူညီပေးနိုင်ပါ။) ဤသို့ဖြင့် လူသားသည် ပို၍ ပို၍ ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ တင်စီးလာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ မလိုမုန်းထားလာလေသည်။ လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး မကောင်းသော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။ (ကောင်းပါသည်။) ယခုပင် ငါက ပြောဆိုသည့် ဤအရာများအားလုံးကို ကြားပြီးသည့်နောက်တွင်၊ သင်တို့အနေဖြင့် စာတန် ဖျက်ဆီးထားသည့် ဤကမ္ဘာလောက၊ ဤပတ်ဝန်းကျင်နှင့် ဤသို့သောလူမျိုးတို့ကြားတွင် အသက်ရှင်နေထိုင်ရန်မှာ ထိတ်လန့်စရာ ကောင်းသည်ဟု ထင်ကြသည် မဟုတ်လော (ထင်ပါသည်။) သို့ဆိုလျှင်၊ သင်တို့ကိုယ်သင်တို့ သနားစရာကောင်းသည်ဟု ခံစားဖူးသလော။ ယခုအချိန်တွင် အနည်းငယ်မျှ ခံစားရမည်မဟုတ်လော (ဟုတ်ပါသည်။) သင်တို့၏ လေသံကို ကြားရသည်မှာ “စာတန်သည် လူသားကို ဖျက်ဆီးသည့် များစွာသော နည်းလမ်း အမျိုးမျိုးရှိ၏။ ၎င်းသည် အခွင့်အရေး ဟူသမျှကို အရယူကာ၊ ငါတို့ဦးလှည့်သမျှ နေရာတိုင်းတွင် ရှိနေသည်။ လူသားသည် ကယ်တင်ခံ ရနိုင်သေးသလော” ဟူ၍ သင်တို့ စဉ်းစား နေဟန်ရှိ၏။ လူသားသည် ကယ်တင် ခံရနိုင်သေးသလော။ လူသားသည် ၎င်းတို့ကိုယ်၎င်းတို့ ကယ်တင်နိုင်သလော။ (မကယ်တင်နိုင်ပါ။) ကျောက်စိမ်းဧကရာဇ်သည် လူသားကို ကယ်တင် နိုင်သလော။ ကွန်ဖြူးရှပ်သည် လူသားကို ကယ်တင်နိုင်သလော။ ကွမ်ရင်ဗောဓိသာရသည် လူသားကို ကယ်တင်နိုင်သလော (မကယ်တင်နိုင်ပါ။) ဤသို့ဆိုလျှင် မည်သူက လူသားကို ကယ်တင် နိုင်သနည်း (ဘုရားသခင် ဖြစ်ပါသည်။) သို့ရာတွင် အချို့သောလူတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဤမေးခွန်းများ ဖြစ်ပေါ်ကြလိမ့်မည်- “စာတန်သည် အင်မတန် စိတ်ဖောက်ပြန်သည့် သွေးရူးသွေးတန်း ဖြစ်ခြင်းဖြင့် ငါတို့အား အလွန် ကြမ်းတမ်းစွာ ထိခိုက်စေသည်မှာ ငါတို့တွင် ဘဝကို ရှင်သန်ရန် မျှော်လင့်ချက်မရှိသလို၊ ဘဝကို ရှင်သန်ရန် မည်သည့်ယုံကြည်မှုမျှ မရှိကြ။ ငါတို့အားလုံးသည် ဖောက်ပြန်ပျက်စီးခြင်းအလယ်တွင် အသက်ရှင်ကြပြီး၊ လူတိုင်းတစ်ဦးစီတိုင်းသည် ဘုရားသခင်ကို မည်သည့်နည်းနှင့်မဆို ဆန့်ကျင်ကြကာ၊ ယခုတွင် ငါတို့၏ နှလုံးသားများသည် နိမ့်နိုင်သမျှ နိမ့်ကျလေပြီ။ ဤသို့ဆိုလျှင် စာတန်သည် ငါတို့ကို ဖျက်ဆီးနေစဉ်တွင် ဘုရားသခင် အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် မည်သည့်အရာကို လုပ်နေပါသနည်း။ ငါတို့အတွက် ဘုရားသခင် မည်သည့်အရာကို လုပ်နေပါစေ၊ ငါတို့ လုံးဝ မခံစားရကြပါ”။ အချို့သောလူတို့သည် ဧကန်မလွဲ စိတ်ဓါတ်ကျကာ အတော်အတန် စိတ်ပျက်အားလျော့ ကြသည်မှာ မှန်ပါသလော။ သင်တို့အဖို့၊ ဤခံစားချက်သည် လွန်စွာ နက်ရှိုင်း၏၊ အဘယ်ကြောင့်ဆိုသော် ငါ ပြောနေခဲ့သည့်အရာများ အားလုံးသည် လူတို့အနေဖြင့် တဖြည်းဖြည်း နားလည်လာကြစေရန်၊ ၎င်းတို့ မျှော်လင့်ချက်မဲ့သည်ဟု ပိုပိုပြီး ခံစားရစေရန်၊ ဘုရားသခင်က ၎င်းတို့ကို စွန့်ပစ်ထားပြီးဖြစ်သည်ကို ပိုပိုပြီး ခံစားမိကြစေရန် လူတို့ကို အခွင့်ပေးဖို့ ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် မစိုးရိမ်နှင့်။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယခေါင်းစဉ်ဖြစ်သော “စာတန်၏ ဆိုးယုတ်မှု” သည် ငါတို့၏ အမှန်တကယ် အဓိက ဆိုလိုရင်း မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအနှစ်သာရကို ဆွေးနွေးရန်အတွက်မူ၊ ယခု လူသားက မည်သည့်အခြေအနေမျိုးတွင် ရှိသည်ကို လူတို့အား ရှင်းလင်းစေဖို့ရန်အလို့ငှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေပုံနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို ပထမဦးစွာ ငါတို့ ဆွေးနွေးရမည်ဖြစ်သည်။ ဤအကြောင်းကို ဆွေးနွေးခြင်း၏ ရည်မှန်းချက်တစ်ခုမှာ စာတန်၏ ဆိုးယုတ်မှုကို လူတို့အား သိခွင့်ပေးဖို့ဖြစ်လင့်ကစား၊ အခြားသော ရည်မှန်းချက်မှာ စစ်မှန်သော သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို လူတို့အား သိခွင့်ပေးဖို့ ဖြစ်သည်။

ယခုတင် ငါတို့ ဆွေးနွေးပြီးသည့် ဤအရာများအကြောင်းကို ယခင်တစ်ခေါက်နှင့်စာလျှင် ပို၍ အသေးစိတ် ငါဆွေးနွေးပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်တို့၏ နားလည်မှုသည် ယခုအခါ အနည်းငယ် ပို၍ နက်ရှိုင်းလာသလော။ (နက်ရှိုင်းလာပါသည်။)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။