အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇) (အပိုင်း တစ်)

ဘုရားသခင်၏ အခွင့်အာဏာ၊ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သန့်ရှင်းခြင်းအကြောင်း ခြုံငုံသုံးသပ်ချက်

ဆုတောင်းပြီးသည့်အချိန်တွင် သင်တို့၏ စိတ်နှလုံးများမှာ ဘုရားသခင်၏မျက်မှောက်တွင် ငြိမ်သက်သွားသည်ဟု ခံစားကြ ရသလော။ (ခံစားရပါသည်။) လူတစ်ဦး၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပါက၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနိုင်၊ နားလည်နိုင်မည် ဖြစ်ပြီး သမ္မာတရားကိုလည်း ကြားနိုင်၊ နားလည်နိုင်မည် ဖြစ်သည်။ အကယ်၍ သင့်စိတ်နှလုံးကို မငြိမ်သက်စေနိုင်လျှင်၊ သင့်စိတ်နှလုံးက အမြဲတမ်း မျောလွင့်နေလျှင်၊ သို့မဟုတ် အခြားအကြောင်းများကို အမြဲစဉ်းစားနေလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာရန် တွေ့ဆုံပွဲများ တက်ရောက်သည့်အခါ ဤအရာက သင့်အပေါ် သက်ရောက်မှု ရှိလိမ့်မည်။ ငါတို့ ဆွေးနွေးလာနေသည့် အကြောင်းအရာများ၏ အချက်အချာက အဘယ်နည်း။ အဓိကအချက်များကို ငါတို့အားလုံး အနည်းငယ် ပြန်တွေးကြည့်ကြပါစို့။ ပထမပိုင်း၌ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ကို သိရှိခြင်းနှင့် ပတ်သက်ပြီး ဘုရားသခင်၏ အခွင့်အာဏာအကြောင်းကို ငါတို့ဆွေးနွေးခဲ့သည်။ ဒုတိယပိုင်း၌ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အကြောင်းကို ငါတို့ဆွေးနွေးခဲ့ကြပြီး တတိယအပိုင်း၌ ဘုရားသခင်၏ သန့်ရှင်းမှုအကြောင်းကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ တစ်ချိန်စီ ငါတို့ဆွေးနွေးခဲ့သည့် သတ်သတ်မှတ်မှတ် အကြောင်းအရာတိုင်းက သင်တို့အပေါ်တွင် ခံစားမှုတစ်ခုခုကို ကျန်ရစ်စေခဲ့သလော။ “ဘုရားသခင်၏ အခွင့်အာဏာ” ဆိုသည့် ပထမပိုင်းထဲတွင် မည်သည့်အရာက သင်တို့အပေါ် အစွဲထင်ဆုံး ခံစားမှုကို ကျန်ရစ်စေသနည်း။ မည်သည့်အပိုင်းက သင်တို့အပေါ် အကြီးမားဆုံး သက်ရောက်မှုရှိခဲ့သနည်း။ (ဘုရားသခင်သည် ပထမဦးစွာ သူ့နှုတ်ကပတ်တော်၏ အခွင့်အာဏာနှင့် ဘုန်းတန်ခိုးကို မိတ်သဟာယပြုခဲ့သည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်တမျှ နှစ်လိုဖွယ်ကောင်းပြီး သူ၏ နှုတ်ကပတ်တော်က အမှန်ဖြစ်လာမည်။ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရပင် ဖြစ်သည်။) (စာတန်အပေါ် ဘုရားသခင်၏ အမိန့်မှာ သူသည် ယောဘကို သွေးဆောင်ရုံ သွေးဆောင်နိုင်သော်လည်း သူ၏အသက်ကို မနုတ်ယူရဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအရာမှ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခွင့်အာဏာကို မြင်ရပါသည်။) အခြားအချက်များ ထပ်ဖြည့်ရန် ရှိသေးသလော။ (ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲရှိ အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး သူသည် လူသားနှင့် ပဋိညာဉ်ဖွဲ့ရန်နှင့် လူသားအပေါ် သူ၏ကောင်းချီးများကို ချပေးရန် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်၊ ဤအရာများ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခွင့်အာဏာ အတွက် ဥပမာများဖြစ်ကြသည်။ ထို့နောက် သခင်ယေရှုသည် လာဇရုကို သူ၏သင်္ချိုင်းဂူထဲမှ ထွက်လာဖို့ မည်ကဲ့သို့ အမိန့်ပေးခဲ့သည်ကို ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်- ဤအရာက အသက်ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ ထိန်းချုပ်မှု အောက်တွင်ရှိကြောင်း၊ စာတန်၌ အသက်ရှင်ခြင်းနှင့် သေခြင်းကို ထိန်းချုပ်ရန် တန်ခိုးမရှိကြောင်းနှင့်၊ ဘုရားသခင်၏ အလုပ်သည် ဇာတိပကတိ၌လုပ်ဆောင်သည်ဖြစ်စေ၊ ဝိညာဉ်တော်ထဲ၌ လုပ်ဆောင်သည်ဖြစ်စေ သူ၏အခွင့်အာဏာသည် အတုမရှိကြောင်းကို ပြသသည်။) ဤသည်မှာ မိတ်သဟာယဖွဲ့ချက်ကို ကြားနာပြီးနောက် သင်တို့ရရှိခဲ့သော သိနားလည်ခြင်းတစ်ခုဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အခွင့်အာဏာဟု ဆိုရာတွင် “အခွင့်အာဏာ” ဆိုသည့် စကားလုံးအပေါ် သင်တို့၏ နားလည်ပုံမှာ အဘယ်နည်း။ ဘုရားသခင်၏ အခွင့်အာဏာ အတိုင်းအတာအတွင်း ဘုရားသခင် လုပ်ဆောင်ပြီး ထုတ်ဖော်သည့်အရာ၌ လူတို့က မည်သည့်အရာကို တွေ့မြင်ကြသနည်း။ (ကျွန်ုပ်တို့သည် ဘုရားသခင်၏ အနန္တတန်ခိုး နှင့် ဉာဏ်ပညာကို တွေ့မြင်ပါသည်။) (ဘုရားသခင်၏ အခွင့်အာဏာသည် အမြဲရှိနေကြောင်းနှင့်၊ ၎င်းက အမှန်တကယ် တည်ရှိကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်ရပါသည်။ အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှု၌ သူ၏အခွင့်အာဏာကို ကြီးမားသော အတိုင်းအတာဖြင့် ကျွန်ုပ်တို့ မြင်ရသည့်အပြင်၊ လူတစ်ဦးစီတိုင်း၏ အသက်တာအား သူချုပ်ကိုင်ရာတွင် သေးငယ်သော အတိုင်းအတာဖြင့် ၎င်းကို ကျွန်ုပ်တို့မြင်ရသည်။ ဘုရားသခင်သည် အမှန်ပင် လူ့အသက်တာ၏ ဆုံမှတ်ခြောက်ခုကို ကြိုတင်စီစဉ်ပြီး ထိန်းချုပ်သည်။ ထို့ပြင် ဘုရားသခင်၏ အခွင့်အာဏာက အတုမရှိ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး ဖန်ဆင်းထားသည့် အရာနှင့် ဖန်ဆင်းမထားသည့် အရာတို့က ၎င်းကို ပိုင်ဆိုင်ခွင့် မရှိကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့အဆင့်အတန်း၏ သင်္ကေတတစ်ခုပင် ဖြစ်သည်။) “ဘုရားသခင်၏ အဆင့်အတန်းနှင့် ဘုရားသခင်၏ စိတ်နေသဘောထား၏ သင်္ကေတများ” အပေါ် သင်တို့၏ နားလည်ခြင်းမှာ အတော်ပင် အယူဝါဒဆန်ပုံပေါက် နေသည်။ သင်တို့၌ ဘုရားသခင်၏ အခွင့်အာဏာအပေါ် ခြေခြေမြစ်မြစ် ဖြစ်သော သိနားလည်ခြင်း ရှိသလော။ (ဘုရားသခင်သည် ကျွန်ုပ်တို့ကို ငယ်စဉ်ကတည်းက စောင့်ကြပ် ကွယ်ကာလာခဲ့ပြီး၊ ထိုအရာ၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အခွင့်အာဏာကို တွေ့မြင်ရပါသည်။ ကျွန်ုပ်တို့အား ချောင်းမြောင်းခဲ့သည့် အန္တရာယ်များကို ကျွန်ုပ်တို့ သတိမထားခဲ့သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို ကန့်လန့်ကာ နောက်ကွယ်မှ အမြဲတမ်း ကာကွယ် ပေးနေခဲ့ပါသည်၊ ဤသည်မှာလည်း ဘုရားသခင်၏ အခွင့်အာဏာပင်ဖြစ်သည်။) မှန်လိုက်လေ။ ကောင်းလိုက်လေ။

ဘုရားသခင်၏ အခွင့်အာဏာကို ငါတို့ ဆွေးနွေးသည့်အခါ ငါတို့၏ ဗဟိုအချက်အချာ၊ ငါတို့၏ အဓိကအချက်က အဘယ်နည်း။ ဤအရာကို အဘယ်ကြောင့် ငါတို့ဆွေးနွေးဖို့ လိုအပ်သနည်း။ ဤအကြောင်းအရာကို ဆွေးနွေးရသည့် ပထမဆုံးရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဖန်ဆင်းရှင်ဆိုသည့် အဆင့်အတန်းနှင့် အရာခပ်သိမ်းကြားက သူ၏ နေရာကို လူတို့၏စိတ်နှလုံးထဲ၌ အခြေကျစေဖို့ ဖြစ်သည်။ ဤသည်မှာ ဦးစွာ လူတို့အနေဖြင့် သိရန်၊ မြင်ရန်နှင့် ခံစားရန်အတွက် ဆောင်ကြဉ်းပေးနိုင်သည့် အရာပင် ဖြစ်သည်။ သင်မြင်ရသည့်အရာနှင့် သင်ခံစားရသည့် အရာတို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှုတို့မှ လာလေသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ အခွင့်အာဏာမှတစ်ဆင့် သူတို့ မြင်ရ၊ သင်ယူရပြီး သိရသည့် အရာအားလုံးတို့မှ မည်သည့် စစ်မှန်သောနားလည်ခြင်းကို ရကြသနည်း။ ပထမရည်ရွယ်ချက်ကို ငါတို့ ဆွေးနွေးကြပြီးဖြစ်သည်။ ဒုတိယမှာ ဘုရားသခင် သူ့အခွင့်အာဏာနှင့် လုပ်ထားသည့်အရာ၊ ပြောထားသည့်အရာနှင့် ထိန်းချုပ်ထားသည့် အရာအားလုံးမှတစ်ဆင့် ဘုရားသခင်၏ တန်ခိုးနှင့် ဉာဏ်ပညာကို လူတို့ သိမြင်စေဖို့ ဖြစ်သည်။ ၎င်းမှာ ဘုရားသခင်သည် အရာအားလုံးအပေါ် သူ၏ထိန်းချုပ်မှု၌ အဘယ်မျှ တန်ခိုးကြီးပြီး၊ အဘယ်မျှ ဉာဏ်ပညာရှိသည်ကို သင့်အား တွေ့မြင်ခွင့်ပေးရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ အခွင့်အာဏာအကြောင်း ငါတို့ အရင်ဆွေးနွေးချက်၏ ဗဟိုအချက်အချာနှင့် အဓိကအချက် မဟုတ်လော။ ထိုဆွေးနွေးချက်ကတည်းက အချိန်များစွာပင် မကြာသေးသော်လည်း၊ သင်တို့တစ်ချို့က ဤအရာကို မေ့လျော့သွားပြီဟူသည်မှာ သင်တို့သည် ဘုရားသခင်၏ အခွင့်အာဏာအပေါ် နက်ရှိုင်းသော နားလည်ခြင်း မရှိသေးကြောင်း သက်သေပြသည်။ လူသားသည် ဘုရားသခင်၏ အခွင့်အာဏာကို မမြင်တွေ့ဖူးသေးဟုပင် ပြောနိုင်သည်။ ယခု သင်တို့၌ နားလည်မှု အနည်းငယ် ရှိကြပြီလော။ ဘုရားသခင်သည် သူ၏ အခွင့်အာဏာ ကျင့်သုံးသည်ကို သင်မြင်သည့်အခါ အမှန်တကယ် သင်မည်သို့ ခံစားရသနည်း။ ဘုရားသခင်၏တန်ခိုးကို သင် တကယ်ခံစား ရဖူးသလော။ (ခံစားဖူးပါသည်။) ဘုရားသခင်က အရာခပ်သိမ်းကို မည်သို့ ဖန်ဆင်းခဲ့သည့်အကြောင်း သူ၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရသည့်အခါ သူ၏တန်ခိုးကို သင် ခံစားရပြီး သူ၏ အနန္တတန်ခိုးကို သင်ခံစားရသည်။ လူသားများ၏ ကံကြမ္မာပေါ် ဘုရားသခင်၏ အုပ်စိုးမှုကို သင်မြင်ရသည့်အချိန်တွင် သင်မည်သို့ ခံစားရသနည်း။ သူ၏တန်ခိုးနှင့် သူ၏ဉာဏ်ပညာကို သင်ခံစား ရသလော။ ဘုရားသခင်သည် ဤတန်ခိုးကို မပိုင်ဆိုင်ခဲ့လျှင်၊ သူသည် ဤဉာဏ်ပညာကို မပိုင်ဆိုင်ခဲ့လျှင် သူသည် အရာခပ်သိမ်းအပေါ်နှင့် လူသားတို့၏ ကံကြမ္မာအပေါ် အုပ်စိုးမှုရှိရန် အရည်အချင်း ရှိမည်လော။ ဘုရားသခင်က တန်ခိုးနှင့် ဉာဏ်ပညာကို ပိုင်ဆိုင်သည်ဖြစ်၍ သူ၌ အခွင့်အာဏာရှိသည်။ ဤသည်မှာ အတုမရှိပေ။ ဖန်ဆင်းခြင်း ခပ်သိမ်းထဲတွင် ဘုရားသခင်ကဲ့သို့၊ တန်ခိုးနှင့်ပြည့်စုံသည့် လူတစ်ဦး သို့မဟုတ် ဖန်ဆင်းခံသတ္တဝါကို သင်တွေ့ဖူးသလော။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းသော၊ ထိုအရာအားလုံးကို ထိန်းချုပ်ပြီး အုပ်စိုးနိုင်စွမ်းသော တန်ခိုးနှင့်ပြည်စုံသည့် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ရှိသလော။ လူသားမျိုးနွယ်တစ်ရပ်လုံးကို အုပ်ချုပ်၍ ဦးဆောင်နိုင်သည့်၊ နေရာတိုင်း အချိန်တိုင်းတွင် ရှိနေနိုင်သည့် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ရှိသလော။ (မရှိပါ။) ဘုရားသခင်၏ အတုမရှိ အခွင့်အာဏာနှင့် ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို သင်တို့ ယခုနားလည်ပြီလော။ သင်တို့၌ ယခု ဤအရာအပေါ် နားလည်မှု အတော်အသင့် ရှိပြီလော။ (ရှိပါပြီ။) ဤအရာက ဘုရားသခင်၏ အတုမရှိ အခွင့်အာဏာနှင့် ပတ်သက်သည့် အကြောင်းအရာအား ငါတို့၏ ပြန်လည်လေ့လာ စစ်ဆေးခြင်းကို အဆုံးသတ်လေသည်။

ဒုတိယပိုင်းတွင် ငါတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ဤအကြောင်းအရာအထဲတွင် ငါတို့များစွာ မဆွေးနွေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုအဆင့်တွင် ဘုရားသခင်၏ အလုပ်သည် အဓိကအားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ပါဝင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နိုင်ငံတော်ခေတ်တွင် ရှင်းရှင်းလင်းလင်းနှင့် အပြည့်အစုံ ထုတ်ဖော်ထားသည်။ သူသည် ဖန်ဆင်းခြင်း ကာလကတည်းက မည်သည့်အခါမျှ မပြောဖူးခဲ့သည့် နှုတ်ကပတ်တော်များကို ပြောထားပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး တွေ့ကြုံသောသူအားလုံး၊ လူအားလုံးတို့က သူ၏ နှုတ်ကပတ်တော်များတွင် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား ထုတ်ဖော်ထားသည်ကို သိမြင်ပြီးဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ပတ်သက်ပြီး ငါတို့ဆွေးနွေးချက်၏ အဓိကအချက်က အဘယ်အရာနည်း။ သင်တို့ ယင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သလော။ ယင်းကို အတွေ့အကြုံမှ သင်တို့နားလည်ကြသလော။ (ဘုရားသခင်က သောဒုံမြို့ကို မီးရှို့ဖျက်ဆီးခဲ့သည်မှာ ထိုအချိန်တုန်းက လူများသည် အလွန်အမင်း အကျင့်ပျက်နေကြပြီး ဘုရားသခင်ကို အမျက်တော်ရှစေခဲ့ကြသည့်အတွက် ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်တို့ ဤအချက်မှ သိမြင်ရသည်။) ပထမဦးစွာ ကြည့်ကြစို့- ဘုရားသခင်သာ သောဒုံမြို့ကို မဖျက်ဆီးခဲ့လျှင် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိနိုင်မည်လော။ သင်သည် သိမြင်နိုင်ဦးမည် ဖြစ်သည်၊ မှန်သလော။ သင်သည် ယင်းကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်ဖော်ပြထားသည့် နှုတ်ကပတ်တော်များနှင့် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် လူသားကို သူဦးတည်ထားခဲ့သည့် ကျိန်ခြင်းများတွင်လည်း မြင်နိုင်သည်။ နိနေဝေမြို့အပေါ် သူသက်ညှာလိုက်ခြင်းတွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သင်တို့ မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဤလက်ရှိခေတ်တွင် ဘုရားသခင်၏ ကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်း အချို့တို့ကို လူတို့တွေ့နိုင်သည်၊ ပြီးလျှင် လူသား၏နောင်တရပြီးနောက် ဘုရားသခင်၏ စိတ်အပြောင်းအလဲ၌လည်း ယင်းကို လူတို့မြင်နိုင်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် ငါတို့၏ ဆွေးနွေးချက်ကို အစပျိုးဖို့ ဤဥပမာနှစ်ခုကို တင်ပြလိုက်ပြီးနောက်၊ ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ထားပြီးဖြစ်သည်ကို အတော်ရှင်းလင်းစွာ မြင်ရသော်လည်း၊ အမှန်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရကို ဤသမ္မာကျမ်းစာ ပုံဝတ္ထုနှစ်ပုဒ်ထဲ၌ ထုတ်ဖော် ထားသည့်အရာ၌ ကန့်သတ်မထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ၏အလုပ်ထဲတွင် သင်တို့ လေ့လာမြင်တွေ့ ထားပြီး တွေ့ကြုံထားသည့်အရာမှ သင်မြင်တွေ့သည့်အတိုင်း ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား ဆိုသည်မှာ အဘယ်နည်း။ သင်တို့ကိုယ်တိုင်၏ အတွေ့အကြုံများမှ ပြောလော့။ (လူတို့အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ပတ်ဝန်းကျင်များတွင် လူတို့က သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်နိုင်သည့်အချိန်တွင် ဘုရားသခင်က သူတို့အား လမ်းပြသည်၊ ဉာဏ်အလင်းပြပြီး၊ သူတို့၏ စိတ်နှလုံးထဲတွင် တောက်ပခြင်းကို သူတို့အား ခံစားရစေသည်။ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို ခုခံကာ သူ၏အလိုတော်အတိုင်း မလုပ်ဆောင်သည့်အချိန်တွင် ဘုရားသခင်က သူတို့ကို စွန့်ပစ်ထားသကဲ့သို့ သူတို့၏ အတွင်းထဲတွင် ကြီးမားသော အမှောင်ထု ရှိနေသည်။ သူတို့ ဆုတောင်းသည့်အခါ၌ပင် သူ့ကို ဘာပြောရမှန်းမသိ ဖြစ်နေတတ်သည်။ သို့သော် သူတို့သည် ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို ဘေးဖယ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် သူတို့ကိုယ်တိုင် တိုးတက်အောင် ကြိုးစားရန် လိုလိုလားလား ရှိလာသည့်အချိန်တွင်ကား သူတို့သည် ဘုရားသခင်၏ ပြုံးနေသည့်မျက်နှာကို တစ်ဖြည်းဖြည်း မြင်နိုင်လာသည်။ ကျွန်ုပ်တို့သည် ဤအရာမှ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ သန့်ရှင်းမှုကို တွေ့ကြုံကြရသည်။ ဘုရားသခင်သည် သန့်ရှင်းသောနိုင်ငံတော်တွင် ပေါ်ထွန်းသော်လည်း၊ သူသည် ညစ်ညမ်းသောနေရာများ၌ မိမိကိုယ်ကိုယ် ဖုံးကွယ်သည်။) (ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူတို့အား သူဆက်ဆံသည့်ပုံစံတွင် မြင်ပါသည်။ ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများသည် ဝိညာဉ်အသက်တာနှင့် အစွမ်းအစတွင် ခြားနားကြပြီး ဘုရားသခင်က ကျွန်ုပ်တို့ တစ်ဦးချင်းထံမှ တောင်းဆိုသည့် အရာမှာလည်း ခြားနားလေသည်။ ကျွန်ုပ်တို့ အားလုံးသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို မတူညီသော အတိုင်းအတာများဖြင့် ရရှိနိုင်ကြကာ၊ ကျွန်ုပ်သည် ဤအရာတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မြင်တွေ့ရသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ လူသားများသည် လူသားကို ဤနည်းအတိုင်း ဆက်ဆံနိုင်စွမ်း မရှိကြသော်လည်း ဘုရားသခင်က ဆက်ဆံနိုင်စွမ်းရှိသည်။) ယခုတွင် သင်တို့အားလုံးသည် သင်တို့ ရှင်းလင်းစွာ ထုတ်ဖော်ပြောနိုင်သည့် လက်တွေ့ကျသော အသိပညာ တစ်ရပ် ရှိကြပြီဖြစ်သည်။

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိခြင်း၏ သော့ချက်က မည်သည့်အသိပညာ ဖြစ်သည်ကို သင်တို့ သိကြသလော။ ဤအကြောင်းအရာနှင့် ပတ်သက်၍ အတွေ့အကြုံမှနေ၍ ပြောနိုင်စရာ အများကြီးရှိသော်လည်း၊ ဦးစွာ ငါ့အနေဖြင့် သင်တို့ကို ပြောပြရမည့် အဓိကအချက်အလက် အနည်းငယ်ရှိသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်ဖို့ လူတစ်ဦးသည် ဘုရားသခင်၏ ခံစားချက်များကို ဦးစွာနားလည်ရမည်- ကိုယ်တော် မည်သည်ကိုမုန်းသည်၊ ကိုယ်တော် မည်သည်ကိုရွံရှာသည်၊ ကိုယ်တော် မည်သည်ကိုချစ်သည်၊ ကိုယ်တော် မည်သူ့ကိုသည်းခံပြီး သနားကြင်နာသည်၊ ထို့ပြင် ကိုယ်တော်သည် မည်သို့သော လူမျိုးအပေါ် သနားကြင်နာမှုကို ပေးအပ်သည် စသည်တို့ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်က မည်မျှလောက်ချစ်ပါစေ၊ သူက လူတို့အတွက် ကရုဏာနှင့် ချစ်ခြင်းမေတ္တာ မည်မျှလောက်ရှိပါစေ ဘုရားသခင်သည် သူ၏ အဆင့်အတန်းနှင့် အနေအထားကို စော်ကားသော မည်သူ့ကိုမျှ သည်းမခံသည်သာမက၊ သူ၏ဂုဏ်သိက္ခာကို စော်ကားသော မည်သူ့ကိုမှလည်း သည်းမခံသည်ကို နားလည်ထားရမည်။ ဘုရားသခင်သည် လူတို့ကို ချစ်သော်လည်း လူတို့ကို သူ အလိုမလိုက်ပါ။ သူသည် လူတို့ကို သူ၏အချစ်၊ သူ၏ကရုဏာနှင့် သူ၏သည်းခံခြင်းကို ပေးသော်လည်း၊ သူသည် သူတို့ကို ဘယ်သောအခါမျှ ဖူးဖူးမှုတ်မထားပါ။ ဘုရားသခင်၌ သူ၏ နည်းဥပဒေသများနှင့် သူ၏ ကန့်သတ်ချက်များ ရှိသည်။ ဘုရားသခင်၏ အချစ်ကို သင် မည်မျှ ခံစားရပြီးပါစေ၊ ထိုအချစ်က မည်မျှ နက်ရှိုင်းနေပါစေ၊ သင်သည် ဘုရားသခင်ကို အခြားလူတစ်ယောက်အား ဆက်ဆံသကဲ့သို့ လုံးဝမဆက်ဆံရပါ။ ဘုရားသခင်က လူတို့ကို အဆုံးစွန်ရင်းနှီးမှုဖြင့် ဆက်ဆံသည်မှာ မှန်သော်လည်း အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို တစ်ခြားလူတစ်ယောက်ကဲ့သို့ပင်၊ သူသည် အခြားဖန်ဆင်းခံ သက်ရှိကဲ့သို့ပင်၊ သူငယ်ချင်းတစ်ယောက်သဖွယ် သို့မဟုတ် ကိုးကွယ်ခံအရာဝတ္ထုတစ်ခုကဲ့သို့ သဘောထားမိလျှင် ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးကွယ်ထားပြီး ထိုလူများကို စွန့်ပစ်ထားလိမ့်မည်။ ဤသည်မှာ သူ၏ စိတ်သဘောထားဖြစ်ပြီး၊ လူတို့သည် ဤအကြောင်းကိစ္စကို ပေါ့ပေါ့တန်တန် မှတ်ယူ၍ မဖြစ်ပေ။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ သူမိန့်ဆိုသည့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို တွေ့ရလေ့ရှိသည်- သင်သည် လမ်းများ မည်မျှကို ခရီးပြုပြီးပါစေ၊ သင် အလုပ်မည်မျှကို ပြုလုပ်ပြီးပါစေ သို့မဟုတ် ဒုက္ခမည်မျှကို ကြံ့ကြံ့ခံပြီးပါစေ ဘုရားသခင်၏ စိတ်သဘောထားကို သင်စော်ကားမိသည်နှင့် ဘုရားသခင်သည် သင်တို့တစ်ဦးချင်းအား သင်ပြုလုပ်ထားသည့် အရာကို အခြေခံ၍ ပြန်ပေးဆပ်လိမ့်မည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်က လူတို့ကို အဆုံးစွန်သော ရင်းနှီးမှုနှင့် ဆက်ဆံသော်လည်း လူတို့က ဘုရားသခင်ကို သူငယ်ချင်းကဲ့သို့ သို့မဟုတ် ဆွေမျိုးကဲ့သို့ ဆက်ဆံ၍ မရပါ။ ဘုရားသခင်ကို သင့် “အပေါင်းအဖော်” ဟု မခေါ်နှင့်။ သူ့ထံက ချစ်ခြင်းမေတ္တာမည်မျှ သင်ရထားသည်ဖြစ်စေ၊ သူက သင့်ကို သည်းခံမှုမည်မျှ ပေးထားသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို သင်၏ မိတ်ဆွေသဖွယ် မဆက်ဆံရပါ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင် ဖြစ်သည်။ သင် နားလည်သလော။ ဤအရာနှင့် ပတ်သက်ပြီး ငါထပ်ပြောဖို့ လိုသလော။ သင်တို့တွင် ဤအကြောင်းကိစ္စအပေါ် တင်ကြို နားလည်ခြင်းတစ်ခုခု ရှိသလော။ ယေဘုယျအားဖြင့်ပြောရလျှင် သူတို့က အယူဝါဒများကို နားလည်သည်ဖြစ်စေ သို့မဟုတ် ဤကိစ္စကို ယခင်က လုံးဝ မစဉ်းစားထားသည်ဖြစ်စေ ဤသည်မှာ လူတို့လုပ်မိရန် အလွယ်ဆုံးသော အမှားဖြစ်သည်။ လူတို့က ဘုရားသခင်ကို စော်ကားမိသည့်အခါ ယင်းက အဖြစ်အပျက်တစ်ခု သို့မဟုတ် သူတို့ပြောသည့် အရာတစ်ခုကြောင့် ဖြစ်ကောင်း ဖြစ်မည်မဟုတ်ဘဲ သူတို့၏ ကိုင်စွဲထားသည့် စိတ်သဘောထားနှင့် သူတို့ရောက်နေသည့် အခြေအနေကြောင့်သာ ဖြစ်ကောင်းဖြစ်မည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော အရာဖြစ်သည်။ လူတစ်ချို့က သူတို့သည် ဘုရားသခင်ကို နားလည်သည်၊ သူ့အကြောင်း အသိပညာတစ်ချို့ ရှိသည်ဟု ယုံကြည်ပြီး ဘုရားသခင်ကို ကျေနပ်စေသည့် အရာတစ်ချို့ကိုပင် သူတို့ လုပ်ကောင်းလုပ်ကြမည်။ သူတို့သည် ဘုရားသခင်နှင့် တန်းတူဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် ခင်မင်ရင်းနှီးမှုထဲသို့ သူတို့ကိုယ်သူတို့ ပါးနပ်စွာ လမ်းကြောင်းပေးထားကြပြီဟု စတင်ခံစားကြသည်။ ဤသို့သော ခံစားချက်မျိုးများသည် အင်မတန် လွဲမှားနေသည်။ အကယ်၍ သင်သည် ဤအရာအပေါ် နက်ရှိုင်းသော နားလည်မှုမရှိလျှင်၊ သင်သည် ဤအရာကို ရှင်းရှင်းလင်းလင်း နားမလည်လျှင် သင်သည် ဘုရားသခင်ကို အလွယ်တကူ စော်ကားမိလိမ့်မည်ဖြစ်ပြီး သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို စော်ကားမိလိမ့်မည် ဖြစ်သည်။ ဤအရာကို သင် အခုနားလည်ပြီ ဟုတ်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အတုမရှိသည်မဟုတ်လော။ ယင်းမှာ လူတစ်ယောက်၏စရိုက် သို့မဟုတ် ကိုယ်ကျင့်တရား အဆင့်အတန်းနှင့် တူညီနိုင်ပါမည်လော။ လုံးဝ မတူညီနိုင်ပါ။ ထို့ကြောင့် သင်သည် ဘုရားသခင်က လူတို့ကို မည်ကဲ့သို့ ဆက်ဆံပါစေ သို့မဟုတ် သူက လူတို့ကို မည်ကဲ့သို့ စဉ်းစားပါစေ ဘုရားသခင်၏ အနေအထား၊ အခွင့်အာဏာနှင့် အဆင့်အတန်းက ဘယ်သောအခါမျှ မပြောင်းသည်ကို သင်မေ့၍မရပါ။ လူသားမျိုးနွယ် အတွက် ဘုရားသခင်သည် အစဉ်အမြဲပင် အရာခပ်သိမ်းတို့၏ သခင်ဖြစ်ပြီး ဖန်ဆင်းရှင်လည်းဖြစ်သည်။

ဘုရားသခင်၏ သန့်ရှင်းမှုနှင့် ပတ်သက်၍ သင်တို့ မည်သည့်အရာကို လေ့လာပြီးပြီနည်း။ “ဘုရားသခင်၏ သန့်ရှင်းခြင်း” အကြောင်း၊ ထိုအပိုင်းတွင် စာတန်၏ ယုတ်မာစဉ်းလဲမှုကို အဖြည့်ခံတစ်ခုအဖြစ် အသုံးပြုထားသည် ဟူသည့် အချက်မှလွဲပြီး ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ငါတို့ဆွေးနွေးချက်၏ အဓိကအချက်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း မဟုတ်သလော။ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းဆိုသည်မှာ ဘုရားသခင် ကိုယ်တိုင်အတွက် အတုမရှိ ဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းမှာ ဖန်ဆင်းခံသက်ရှိများက မပိုင်ဆိုင်သည့် အရာပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိပါဟု ငါတို့ ပြောခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ နားလည်နိုင်ရမည့် အရာဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းဟူသည့် အကြောင်းအရာအပေါ် ဆွေးနွေးပွဲသုံးကြိမ် ပြုလုပ်ခဲ့ကြသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ မည်သို့ယုံကြည်သနည်း ဆိုသည်ကို သင်တို့ကိုယ်တိုင်၏ နားလည်မှုနှင့် သင်တို့ကိုယ်ပိုင် စကားလုံးများဖြင့် ဖော်ပြနိုင်သလော။ (ဘုရားသခင်က ကျွန်ုပ်တို့အား မိတ်သဟာယပြုခဲ့သည့် နောက်ဆုံးအချိန်က ကျွန်ုပ်တို့ သူ့ရှေ့တွင် ဦးညွှတ်ခဲ့ကြသည်။ ဘုရားသခင်က သူ့အားကိုးကွယ်ရန် ပျပ်ဝပ်ခြင်းနှင့် ဦးညွှတ်ခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့အား သမ္မာတရားကို မိတ်သဟာယပြုပေးခဲ့သည်။ သူ၏ တောင်းဆိုချက်များအား မဖြည့်ဆည်းခင် သူ့အားကိုးကွယ်ရန် ဦးညွှတ်ကိုးကွယ်ခြင်းက သူ၏အလိုတော်နှင့် မကိုက်ညီသည်ကို ကျွန်ုပ်တို့မြင်ခဲ့ရပြီး၊ ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်တို့မြင်ခဲ့ရသည်။) အလွန်မှန်ပါသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် ရိုးစင်းစွာနှင့် ရှင်းလင်းစွာ စကားပြောသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ သူသည် တည့်တိုးနှင့် အချက်ကျသည်။ စာတန်ကမူ ဝေ့လည်ကြောင်ပတ်ပုံစံဖြင့် စကားပြောတတ်ပြီး မုသားများနှင့် ပြည့်နှက်သည်။ ကျွန်ုပ်တို့ ဘုရားသခင်ရှေ့မှောက်တွင် နောက်ဆုံးအကြိမ် ပျပ်ဝပ်လှဲလျောင်း ခဲ့ကြသည့် နောက်ဆုံးအချိန်တွင် ဖြစ်ပျက်ခဲ့သည့် အရာမှနေ၍ သူ၏ နှုတ်ကပတ်တော်များနှင့် သူ၏ လုပ်ဆောင်ချက်များက အစဉ်အမြဲ နည်းဥပဒေကျသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ သူသည် ကျွန်ုပ်တို့ မည်ကဲ့သို့ ပြုမူသင့်ကြောင်း၊ ကျွန်ုပ်တို့ မည်ကဲ့သို့ လိုက်နာသင့်ကြောင်းနှင့်၊ ကျွန်ုပ်တို့ မည်ကဲ့သို့ လက်တွေ့လုပ်ဆောင် သင့်ကြောင်း ကျွန်ုပ်တို့အား ပြောသည့် အချိန်တွင် သူသည် အမြဲတမ်း ရှင်းလင်းပြီး ကျစ်လျစ်ပြည်စုံသည်။ သို့သော်လည်း လူတို့က ဤကဲ့သို့မဟုတ်ပေ။ စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကတည်းက သူတို့သည် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ရေစေ့ဆော်မှုများနှင့် ရည်မှန်းချက်များ အပြင် စိတ်ထဲရှိ သူတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေးအလိုဆန္ဒများဖြင့် ပြုမူကာ စကားပြောခဲ့ကြပြီးဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ကြည့်ရှုစောင့်ရှောက်ကာ ဂရုစိုက်ပြီး ကာကွယ်ပေးသည့် ပုံစံမှနေ၍ ဘုရားသခင်လုပ်သမျှအားလုံးက အပြုသဘောဆောင်ပြီး ရှင်းလင်းကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ယင်းသည် ကျွန်တော်တို့အနေဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်း၏ အနှစ်သာရအား ထုတ်ဖော်ထားသည်ကို မြင်တွေ့ရသည့် ပုံစံပင်ဖြစ်သည်။) ဟုတ်လိုက်လေ။ တစ်ယောက်ယောက်က တစ်ခုခု ထပ်ဖြည့်ရန် ရှိသေးသလော။ (ဘုရားသခင်က စာတန်၏ မကောင်းမှုအနှစ်သာရကို ဘုရားသခင်၏ ဖော်ထုတ်ပြခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်ရသည်။ ဘုရားသခင်က စာတန်၏ အနှစ်သာရကို ထုတ်ဖော်သောအခါ ကျွန်ုပ်တို့သည် စာတန်၏ မကောင်းမှုအပေါ် အသိပညာ ပိုရရှိပြီး လူသားမျိုးနွယ်၏ ဒုက္ခအရင်းအမြစ်ကို ကျွန်ုပ်တို့ မြင်တွေ့ရသည်။ အတိတ်က ကျွန်ုပ်တို့သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်ရှိသော လူသား၏ဒုက္ခကို သတိမပြုမိခဲ့ကြပေ။ ကျော်ကြားမှုနှင့် အခွင့်အလမ်းအား လိုက်စားခြင်းမှလာသည့် ဒုက္ခအားလုံးသည် စာတန်၏အလုပ်ဖြစ်သည် ဟူသည့် ဤအရာကို ဘုရားသခင်က ထုတ်ဖော်ပြခဲ့ပြီးနောက်မှသာ ကျွန်ုပ်တို့ သိမြင်ရသည်။ ထို့နောက်မှသာ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် လူသားမျိုးနွယ်၏ စစ်မှန်သည့် ကယ်တင်ခြင်းဖြစ်သည်ကို ကျွန်ုပ်တို့ ခံစားခဲ့ရသည်။) ၎င်းကို ထပ်ဖြည့်ရန် အခြားအရာတစ်ခုခု ရှိသေးသလော။ (ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် ပတ်သက်ပြီး စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာကင်းမဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့် သန့်ရှင်းခြင်း၏ အနှစ်သာရကို နားမလည် သောကြောင့်အပြင်၊ ကျွန်ုပ်တို့သည် သူ၏ရှေ့မှောက်တွင် ပျပ်ဝပ်ပြီး ဦးညွတ်သည့်အခါ မစင်ကြယ်သော အတွေးများ၊ ကွယ်ဝှက် ထားသော စေ့ဆော်မှုများနှင့် ရည်ရွယ်ချက်များဖြင့် ထိုသို့ ပြုလုပ်ကြသည့်အတွက် ဘုရားသခင်မှာ သဘောမကျဖြစ်ရသည်။ ဘုရားသခင်သည် စာတန်နှင့် ကွာခြားကြောင်း ကျွန်ုပ်တို့ တွေ့နိုင်သည်။ စာတန်က လူတို့အား သူ့ကို ကြည်ညိုပြီး မြှောက်ပင့်စေချင်သည်၊ ပျပ်ဝပ်ပြီး ကိုးကွယ်စေချင်သည်။ စာတန်တွင် စည်းမျဉ်းဥပဒေ မရှိပေ။ ဤအရာမှလည်း ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်အား နားလည်စေသည်။) အလွန်ကောင်းလေစွ။ ယခုတွင် ဘုရားသခင်၏ သန့်ရှင်းခြင်း အကြောင်းကို ငါတို့ မိတ်သဟာယပြုပြီးဖြစ်၍ ဘုရားသခင်၏ ပြီးပြည့်စုံခြင်းကို သင်တို့ တွေ့သလော။ (တွေ့ပါသည်။) ဘုရားသခင်သည် အပြုသဘောဆောင်သည့် အရာများအားလုံး၏ ဇာစ်မြစ်ဖြစ်ပုံကို သင်တို့တွေ့၏လော။ ဘုရားသခင်သည် သမ္မာတရားနှင့် တရားမျှတမှု၏ ပြယုဂ်ဖြစ်ပုံကို သင်တို့ တွေ့နိုင်သလော။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၏ အရင်းအမြစ် ဖြစ်ပုံကို သင်တို့တွေ့၏လော။ ဘုရားသခင် ပြုလုပ်သမျှ၊ သူဖော်ပြသမျှနှင့်၊ သူထုတ်ဖော်ပြသမျှ အရာအားလုံး၌ အပြစ်အနာအဆာမရှိသည့်ပုံကို သင်တို့တွေ့၏လော။ (တွေ့ပါသည်။) ဤသည်တို့မှာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်၍ ငါပြောပြီးသည့်အရာ၏ အဓိကအချက်များဖြစ်သည်။ ယနေ့ ဤစကားလုံးများသည် သင်တို့အတွက် အယူဝါဒသက်သက်သဖွယ် ဖြစ်နေလိမ့်မည်၊ သို့သော်လည်း သင်သည် စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကို သူ၏ နှုတ်ကပတ်တော်နှင့် သူ၏အလုပ်များမှ တွေ့ကြုံပြီး မျက်မြင်တွေ့သည့် တစ်နေ့တွင် ဘုရားသခင်သည် သန့်ရှင်းကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ခြားနားကြောင်းနှင့်၊ သူ၏စိတ်နှလုံး၊ စိတ်သဘောထားနှင့် အနှစ်သာရတို့အားလုံးသည် သန့်ရှင်းကြောင်း သင် လှိုက်လှိုက်လှဲလှဲ ပြောလာလိမ့်မည်။ ဤသန့်ရှင်းခြင်းသည် ဘုရားသခင်၏ ပြီးပြည့်စုံမှုကို လူသားက တွေ့မြင်ရန်နှင့် ဘုရားသခင်၏ သန့်ရှင်းခြင်း၏ အနှစ်သာရက လုံးဝ စင်ကြယ်သည်ကို တွေ့မြင်ရန် အခွင့်ပေးလေသည်။ သူသည် အတုမရှိ ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို သူ့သန့်ရှင်းခြင်း၏ အနှစ်သာရက အဆုံးအဖြတ်ပေးသည့်အပြင် ယင်းက သူသည် အတုမရှိ ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို လူသားအား မြင်တွေ့ခွင့်ပြုပြီး သက်သေပြစေသည်။ ဤသည်မှာ အဓိကအချက် ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။)

ယနေ့ ငါတို့သည် ယခင်မိတ်သဟာယပြုချက်များမှ အကြောင်းအရာအချို့တို့၏ ခြုံငုံသုံးသပ်ချက်တစ်ခုကို ပြုလုပ်ပြီးပြီ ဖြစ်သည်။ ဤအရာက ယနေ့သုံးသပ်ချက်ကို အဆုံးသတ်သည်။ သင်တို့အားလုံးသည် အချက်အလက်နှင့် အကြောင်းအရာ တစ်ခုစီ၏ အဓိကအချက်များကို စွဲစွဲမြဲမြဲ မှတ်သားကြမည်ဟု ငါမျှော်လင့်သည်။ ၎င်းတို့ကို အယူဝါဒသက်သက်အဖြစ် မယူဆကြနှင့်၊ သင် အချိန်ပိုအနည်းငယ် ရသောအခါ ၎င်းတို့ကို အမှန်တကယ်ဖတ်ပြီး တွေးတောဆင်ခြင်လော့။ ၎င်းတို့ကို သင်တို့ စိတ်နှလုံးထဲတွင် အောက်မေ့ပြီး လက်တွေ့အရှိတရားထဲသို့ ယူဆောင်လော့၊ သို့ပြုလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းအား ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် လက်တွေ့အရှိတရားအကြောင်း ငါပြောခဲ့သမျှ အားလုံးကို သင် အမှန်တကယ် နားလည်လာလိမ့်မည်။ သို့သော်လည်း ၎င်းတို့ကို သင်၏ မှတ်စုစာအုပ်ထဲ၌သာ ချရေးထားပြီး၊ ၎င်းတို့ကို မဖတ်လျှင် သို့မဟုတ် ပြန်၍ မဆင်ခြင်လျှင် ၎င်းတို့ကို သင်ကိုယ်နှိုက်အတွက် ဘယ်သောအခါမှ ရရှိလိမ့်မည်မဟုတ်ပါ။ ယခု သင်နားလည်ပြီ မဟုတ်လော။ ဤအကြောင်းအရာ သုံးခုကို မိတ်သဟာယပြုပြီးသည့်နောက်တွင် လူတို့သည် ဘုရားသခင်၏ အဆင့်အတန်း၊ အနှစ်သာရနှင့် စိတ်သဘောထားတို့အား ယေဘုယျ သို့မဟုတ် အတိအကျ နားလည်ခြင်းကို ရရှိပြီးသည့်အခါ ဘုရားသခင်အပေါ် လူတို့၏ နားလည်ခြင်းမှာ စုံလင်လိမ့်မည်လော။ (စုံလင်မည်မဟုတ်ပါ။) ယခု ဘုရားသခင်အပေါ် သင်တို့ကိုယ်တိုင်၏ နားလည်ခြင်းထဲတွင် ပိုမိုနက်ရှိုင်းသော နားလည်ခြင်း လိုအပ်သည်ဟု သင်ခံစားရသော အခြားမည်သည့်နယ်ပယ်များ ရှိသလော။ ဆိုလိုသည်မှာ ဘုရားသခင်၏ အခွင့်အာဏာ၊ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ သန့်ရှင်းခြင်းအား သင် ယခု နားလည်ထားပြီးဖြစ်ရာ၊ သူ၏ အတုမရှိသည့် အဆင့်အတန်းနှင့် အနေအထားမှာ သင်၏စိတ်ထဲတွင် အခြေကျပြီး ဖြစ်ကောင်း ဖြစ်လိမ့်မည်၊ သို့သော်လည်း သင့်အနေဖြင့် သူ၏ လုပ်ဆောင်ချက်များ၊ သူ၏တန်ခိုးနှင့် သူ၏အနှစ်သာရတို့၏ အသိပညာကို သင်ကိုယ်တိုင်၏ အတွေ့အကြုံအားဖြင့် မြင်တွေ့၊ နားလည်ပြီး နက်ရှိုင်းလာရန် တည်ရှိနေဆဲပင်ဖြစ်သည်။ ယခု သင်တို့သည် ဤမိတ်သဟာယပြုချက်များအား နားထောင်ပြီးဖြစ်ရာ၊ သင်တို့၏ စိတ်နှလုံးထဲတွင် အနည်းနှင့်အများ စွဲမြဲသော ယုံကြည်ချက် အခြေခိုင်ပြီဖြစ်သည်- ဘုရားသခင်သည် အမှန်တကယ် တည်ရှိပြီးလျှင်၊ သူက အရာခပ်သိမ်းကို စီမံခန့်ခွဲသည်မှာ အဖြစ်မှန် တစ်ခုဖြစ်သည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မည်သူကမှ စော်ကားမည်မဟုတ်ပါ။ သူ၏ သန့်ရှင်းခြင်းမှာ မည်သူကမှ မေးခွန်းထုတ်မည် မဟုတ်သည့် သေချာမှုတစ်ခု ဖြစ်သည်။ ဤသည်တို့မှာ အဖြစ်မှန်များဖြစ်သည်။ ဤမိတ်သဟာယ ပြုချက်များက ဘုရားသခင်၏ အဆင့်အတန်းနှင့် အနေအထားကို လူသား၏ စိတ်နှလုံးထဲတွင် အခြေခံအုတ်မြစ်ရှိရန် အခွင့်ပေးသည်။ ဤအခြေခံအုတ်မြစ် မြဲမြံပြီးသောအခါ လူတို့သည် ပို၍နားလည်ရန် ကြိုးစားကြရမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။