အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၂) (အပိုင်း တစ်)

ပြီးခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက် မိတ်သဟာယပြုကြမည်။ ပြီးခဲ့သည့်အခေါက်က မည်သည့် အကြောင်းအရာအား ငါတို့ဆွေးနွေးခဲ့သည်ကို သင်မှတ်မိနိုင်သလော။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက် အရင်းအမြစ်ဖြစ်၏” ဟူသည့် ဤအကြောင်းအရာသည် သင်တို့နှင့် အလွန်အလှမ်းဝေးလှသည်ဟု ခံစားရသော အကြောင်းအရာလော။ သို့မဟုတ် သင်တို့၏စိတ်နှလုံးထဲတွင် ယင်းနှင့်ပတ်သက်၍ အကြမ်းဖျင်းအယူအဆတစ်ခု ရှိနှင့်ပြီးပြီလော။ ဤအကြောင်းအရာ အပေါ် ငါတို့၏ နောက်ဆုံးမိတ်သဟာယပြုချက်၏ အခရာအချက်မှာ မည်သည့်အရာဖြစ်ကြောင်း တစ်စုံတစ်ဦးက တစ်ခဏမျှ ပြောပြနိုင်သလော။ (ဘုရားသခင်သည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်သည်ကို ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းမှတစ်ဆင့် ကျွန်ုပ်တွေ့ရပါ၏။ အတိတ်က၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့ပေးသောအခါ သူသည် သူ၏ရွေးချယ်ခြင်းခံရသူတို့ကိုသာ သူ၏နှုတ်ကပတ်တော်ကို ထောက်ပံ့ပေးသည်ဟု ကျွန်ုပ်အမြဲထင်ခဲ့၏၊ အရာခပ်သိမ်းကို အုပ်စိုးသည့် နိယာမများမှတစ်ဆင့် ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပြုစုပျိုးထောင်ပေးနေသည်ကို ကျွန်ုပ်လုံးဝ မမြင်ခဲ့ပါ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်း၏ဘဝများသည် သူ့အားဖြင့် ထောက်ပံ့ပေးခံရသည်၊ ဘုရားသခင်က ဤနိယာမများကို စီစဉ်ပြီး အရာခပ်သိမ်းကို ပြုစုပျိုးထောင်ပေးသည်ဟု ကျွန်ုပ်ခံစားခဲ့ရသည်မှာ ဤသမ္မာတရား နှင့်ဆိုင်သော ဘုရားသခင်၏ ဆွေးနွေးမှုမှတစ်ဆင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းမှတစ်ဆင့်၊ သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်မြင်ရပါ၏။) ပြီးခဲ့သည့်အခေါက်က၊ အဓိကအားဖြင့် ဘုရားသခင်၏အရာခပ်သိမ်း ဖန်ဆင်းခြင်းနှင့် ၎င်းတို့အတွက် နိယာမများနှင့် အခြေခံသဘောတရားများကို သူချမှတ်ခဲ့ပုံအကြောင်းကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ထိုကဲ့သို့သောနိယာမများနှင့် ထိုကဲ့သို့သော အခြေခံ သဘောတရားများအောက်တွင်၊ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်နှင့် ဘုရားသခင် မြင်ကွင်းအတွင်းတွင် လူသားနှင့်အတူ အသက်ရှင်နေထိုင်၍ သေဆုံးကြကာ၊ လူသားနှင့်အတူ ယှဉ်တွဲနေထိုင်ကြသည်။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခြင်းအကြောင်းနှင့် ၎င်းတို့၏ကြီးထွားသည့် နိယာမများအပြင်၊ ၎င်းတို့၏ကြီးထွားမှု လမ်းကြောင်းများနှင့် ပုံစံများကို သတ်မှတ်ရန် သူ၏ကိုယ်ပိုင်နည်းစနစ်များကို အသုံးပြုခြင်းအကြောင်းတို့ကို ငါတို့ဦးစွာပြောဆိုခဲ့ကြသည်။ အရာခပ်သိမ်း ဆက်လက်ကြီးထွား၍ ပွားများကာ တစ်ဦးပေါ်တစ်ဦး မှီခိုခြင်းဖြင့် ဆက်လက်ရှင်သန်နိုင်ဖို့အလို့ငှာ ဤမြေ၌ အရာခပ်သိမ်း ရှင်သန်သည့် နည်းလမ်းများကိုလည်း သူချမှတ်ခဲ့၏။ ဤကဲ့သို့သော နည်းနာများနှင့် နိယာမများဖြင့်၊ အရာခပ်သိမ်းသည် ဤမြေတွင် အားမထုတ်ရဘဲနှင့် ငြိမ်းချမ်းစွာ တည်ရှိပြီး ကြီးထွားနိုင်ကြကာ၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းပြမှုအောက်တွင် အမြဲ ရှေ့ဆက်ရွေ့လျားရင်း၊ အသက်ရှင်နေထိုင်ဖို့ တည်ငြိမ်သောအိမ်နှင့် တည်ငြိမ်သော အခြေအနေတစ်ခုရှိနိုင်သည်၊ အမြဲ ရှေ့သို့တက်လှမ်းနိုင်လေသည်။

ပြီးခဲ့သည့်အခေါက်က အရာခပ်သိမ်းအတွက် ဘုရားသခင် ထောက်ပံ့ပေးခြင်းနှင့်ဆိုင်သည့် အခြေခံအယူအဆကို ငါတို့ဆွေးနွေး ခဲ့ကြသည်- အရာခပ်သိမ်းသည် လူသားမျိုးနွယ်၏ အကျိုးအတွက် တည်ရှိပြီး အသက်ရှင်ဖို့အလို့ငှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ဤနည်းဖြင့် ထောက်ပံ့ပေး၏။ တစ်နည်းအားဖြင့် ဘုရားသခင် ချမှတ်ခဲ့သော နိယာမများကြောင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ခု တည်ရှိခြင်းဖြစ်၏။ လူသားမျိုးနွယ်အနေဖြင့် ၎င်း၏ လက်ရှိ အသက်ရှင်နေသည့် ပတ်ဝန်းကျင်ရှိသည်မှာ ထိုသို့သော နိယာမများကို ဘုရားသခင်၏ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း တို့ကြောင့်သာ ဖြစ်သည်။ ယင်းသည် ပြီးခဲ့သည်အခေါက်က ငါတို့ပြောဆိုခဲ့ကြသည့်အရာနှင့် ယခင်က ငါတို့ပြောခဲ့သည့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့ကြား ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်၏။ ထိုတိုးတက်မှု တည်ရှိခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အတိတ်က ဘုရားသခင်ကို သိကျွမ်းခြင်းအကြောင်း ငါတို့ပြောဆိုကြသည့်အခါ လူသားမျိုးနွယ်ကို ဘုရားသခင်က ကယ်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်း နယ်ပယ်အတွင်းမှ ငါတို့ ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ရွေးချယ်ခံရသူတို့၏ ကယ်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဖြစ်သည်— ထိုနယ်ပယ်အတွင်းတွင် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ သူ၏စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏အလိုတော်နှင့် သူ့အနေဖြင့် လူသားကို သမ္မာတရားနှင့် အသက်တို့ဖြင့် မည်သို့ ထောက်ပံ့ပေးသည်တို့ကို ငါတို့ ပြောဆိုခဲ့ကြသည်။ သို့ရာတွင် ပြီးခဲ့သည့်အခေါက်က၊ ငါတို့စတင်ခဲ့ကြသည့် အကြောင်းအရာသည် သမ္မာကျမ်းစာ၌ ပါဝင်သည့် အကြောင်းအရာများနှင့် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို ဘုရားသခင် ကယ်တင်ခြင်းနှင့်ဆိုင်သော နယ်ပယ်အထိသာ ကန့်သတ်ထားခြင်း မဟုတ်။ ယင်းထက်၊ ထိုအကြောင်းအရာသည် သမ္မာကျမ်းစာ၏ ဘောင်ခတ်မှုများနှင့် သူ၏ အရွေးချယ်ခံလူတို့အပေါ် ဘုရားသခင် ဆောင်ရွက်သည့် အမှု၏ အဆင့်သုံးဆင့်အပြင်က ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းကို ဆွေးနွေးလျက်၊ ဤနယ်ပယ်ကို ကျော်လွန်ကာ တိုးချဲ့လေသည်။ ထို့ကြောင့် ငါ၏ မိတ်သဟာယ ဤအပိုင်းကို သင်တို့ကြားသည့်အခါ ဘုရားသခင်နှင့်ပတ်သက်သော သင်တို့၏ အသိပညာကို သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သို့သာ ကန့်သတ်မထားရ။ ယင်းအစား၊ သင်တို့၏ရှုထောင့်အမြင်ကို ဖွင့်မြဲဖွင့်ထားရမည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအတွင်းရှိ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ အရာခပ်သိမ်းကို ဘုရားသခင် အမိန့်ပေးကာ စီမံခန့်ခွဲပုံကို သင်မြင်ရမည်။ ဤနည်းစနစ်နှင့် ဤအခြေခံအုတ်မြစ်မှတစ်ဆင့်၊ သင်သည် အရာခပ်သိမ်းကို ဘုရားသခင်မည်သို့ထောက်ပံ့သည်ကို မြင်နိုင်၏။ အရာခပ်သိမ်းကို ဘုရားသခင်ထောက်ပံ့ပုံက ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏ စစ်မှန်သော အရင်းအမြစ်ဖြစ်ကြောင်းနှင့် ဤသည်မှာ အမှန်စင်စစ် ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာဖြစ်ကြောင်းကို လူသားမျိုးနွယ်အား နားလည်စေ၏။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် သြဇာအာဏာ၊ သူ၏ အရာအားလုံးတို့သည် ယခုလက်ရှိ သူ့နောက်ကို လိုက်သောသူများ အတွက်သာ မရည်ရွယ်ဘဲ၊ ဤလူတစ်စုဖြစ်သည့် သင်တို့အတွက်သာ မရည်ရွယ်ဘဲ၊ အရာခပ်သိမ်းအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်၊ အရာခပ်သိမ်း၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်၏။ ဘုရားသခင် စိုးမိုးထားသည့် အရာများသည် သင်တို့၏မျက်စိများဖြင့် မြင်နိုင်သည့်အရာများ ဖြစ်ရုံမျှသာမဟုတ်- အားလုံးမြင်နိုင်သည့် ရုပ်ဝတ္ထုလောကသာမက၊ လူသားမျက်စိများဖြင့် မြင်၍မရနိုင်သည့် ရုပ်ဝတ္ထုလောကကို ကျော်လွန်သည့် အခြားလောကနှင့် ယင်းကိုပင် ကျော်လွန်သည့် လူသားမျိုးနွယ် နေထိုင်၍မရသည့် ဂြိုဟ်များနှင့် ကမ္ဘာ့အပြင်ဘက် အာကာသ ဟင်းလင်းပြင်တို့ ပါဝင်သည်ကို သင်တို့အား ငါပြောချင်သောကြောင့်၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနယ်ပယ်ကို ဖော်ပြရန် ငါသည် “အရာခပ်သိမ်း” ဟူသော ဝေါဟာရကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှု နယ်ပယ်ဖြစ်၏။ ဘုရားသခင်၏ အုပ်စိုးမှုနယ်ပယ်သည် အလွန် ကျယ်ပြန့်၏။ သင်တို့အပိုင်းအတွက် သင်တို့နားလည်သင့်သည့်အရာ၊ မြင်သင့်သည့်အရာနှင့် မည်သည့်အရာများကို သင်တို့အသိပညာ ရှိသင့်သည်နှင့် ပတ်သက်၍ သင်တို့အသီးသီးသည် နားလည်ဖို့၊ မြင်ဖို့နှင့် ရှင်းလင်းပြတ်သားမှု ရှိကြဖို့ လိုအပ်ကာ ရှိကိုရှိရမည် ဖြစ်သည်။ ဤ “အရာခပ်သိမ်း” ဟူသည့် ဝေါဟာရ၏ နယ်ပယ်သည် ဧကန်အမှန် လွန်စွာကျယ်ပြန့်သော်လည်း ယင်းနယ်ပယ်အတွင်းရှိ သင်တို့လုံးဝမမြင်နိုင်သည့်၊ သို့မဟုတ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဆက်ဆံလာနိုင်မည် မဟုတ်သည့် အရာများအကြောင်းကို သင်တို့အား ငါပြောမည်မဟုတ်ပေ။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏ စစ်မှန်သောအဓိပ္ပာယ်ကို လူတိုင်းခံစားနိုင်ရန်အလို့ငှာ၊ လူသားများက ထိတွေ့ဆက်ဆံနိုင်၊ နားလည်နိုင်ပြီး သဘောပေါက်နိုင်သည့် ယင်းနယ်ပယ်အတွင်းရှိ အရာများကိုသာ သင်တို့ကို ငါပြောပြမည်။ ဤနည်းဖြင့်၊ သင်တို့ကိုပြောသော ငါ၏ မိတ်သဟာယ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာမျှ အနှစ်သာရမဲ့လိမ့်မည် မဟုတ်ပေ။

ပြီးခဲ့သည်အခေါက်က အရာခပ်သိမ်းအတွက် ဘုရားသခင် မည်သို့ထောက်ပံ့သည်ကို လူတို့အနေဖြင့် အခြေခံသိနားလည်မှု ရရှိနိုင်ကြဖို့အလို့ငှာ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော အကြောင်းအရာနှင့်ဆိုင်သည့် ရိုးရှင်းသော ခြုံငုံသုံးသပ်ချက်တစ်ရပ်ပေးရန် ပုံပြောသည့် နည်းလမ်း တစ်ခုကို ငါတို့အသုံးပြုခဲ့၏။ သင်တို့အား ဤအခြေခံအယူအဆကို သွန်သင်ပေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုသည် သမ္မာကျမ်းစာနှင့် သူ၏ အမှုအဆင့်သုံးဆင့်အား ကျော်လွန်သည်ကို လူတို့ နားလည်စေဖို့ဖြစ်သည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ အာရုံစိုက်သည့် အမှုဖြစ်သော၊ လူသားတို့ မမြင်နိုင်သည့်၊ မထိတွေ့မဆက်ဆံနိုင်သည့် သာ၍ များသောအမှုကို လုပ်ဆောင်နေသည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲခြင်းအပေါ်နှင့် သူ၏ရွေးချယ်ခံလူတို့ကို ရှေ့သို့ဆက်၍ ဦးဆောင်လမ်းပြခြင်း တစ်ခုတည်းကိုသာ အမှုပြုနေပြီး၊ အခြားသော ဤအမှုတစ်ခု တစ်လေတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိပါက၊ သင်တို့အားလုံး အပါအဝင် ဤလူသားမျိုးနွယ်အတွက် ရှေ့ဆက်တက်လှမ်းရန် လွန်စွာခက်ခဲမည်ဖြစ်သည်။ ဤလူသားမျိုးနွယ်နှင့် ဤလောကသည် ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပေ။ ဤတွင် ယနေ့ သင်တို့ကို ငါ မိတ်သဟာယပြုမည့် အကြောင်းအရာဖြစ်သည့် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏ အရေးပါမှု တည်ရှိလေသည်။

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် ခေါင်းစဉ်များနှင့် ပါဝင်သည့်အကြောင်းအရာများ အများအပြားကို ငါတို့ဆွေးနွေးခဲ့ကြပြီးပြီ၊ သို့သော်လည်း ဘုရားသခင်သည် သင်တို့အား သူ၏နှုတ်ကပတ်တော်ဖြင့် ပံ့ပိုးပေး၍ သင်တို့အပေါ်၌ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ခြင်း တို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့် အရာများ ပေးသနားသည်ကို သင်တို့၏စိတ်နှလုံးများထဲတွင် သိသလော။ အချို့သူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနား၏၊ သူသည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်မှုနှင့် နှစ်သိမ့်မှုတို့ကို ပေးပြီး စောင့်ရှောက်မှုနှင့် အကာအကွယ်တို့ကို ဖြစ်နိုင်သမျှနည်းလမ်းတိုင်းဖြင့် ကျွန်ုပ်အား သူပေးပါသည်” ဟု ပြောကောင်းပြောနိုင်၏။ အခြားသူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် နေ့စဉ်စားစရာ၊ သောက်စရာများ ပေးပါသည်” ဟုပြောမည်ဖြစ်ပြီး၊ အချို့ကမူ “ဘုရားသခင်သည် ကျွန်ုပ်ကို အရာခပ်သိမ်း ပေးသနားပါ၏” ဟုပင် ပြောလိမ့်မည်။ ၎င်းတို့၏နေ့စဉ်အသက်တာများ၌ လူတို့ ကြုံရသည့် ပြဿနာများကို သင်တို့သည် သင်တို့ကိုယ်တိုင်၏ ရုပ်ခန္ဓာဘဝအတွေ့အကြုံ၏ နယ်ပယ်နှင့်ဆက်နွှယ်သော နည်းလမ်းဖြင့် တုန့်ပြန်ကောင်း တုန့်ပြန်နိုင်သည်။ ဘုရားသခင်သည် လူအသီးသီးအပေါ် အမှုအရာများစွာ ပေးသနားပေသည်၊ သို့သော် ဤနေရာ၌ ငါတို့ဆွေးနွေးနေသည့်အရာမှာ လူတို့၏ နေ့စဉ် လိုအပ်ချက်များ ဆိုင်ရာ နယ်ပယ်၌သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ လူတစ်ဦးစီ၏ အမြင်နယ်ပယ်ကို တိုးချဲ့ဖို့နှင့် အမှုအရာများကို ကျယ်ပြန့်သော ရှုထောင့်မှ သင့်ကို မြင်ခွင့်ပေးရန်ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ် ဖြစ်သည့်အတွက် သူ့အနေဖြင့် အရာခပ်သိမ်း၏အသက်ကို မည်သို့ ထိန်းသိမ်းသနည်း။ တနည်းအားဖြင့်၊ သူ၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အရာခပ်သိမ်း ဆက်လက်တည်ရှိနိုင်ရန် အလို့ငှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖြစ်တည်မှုနှင့် ယင်းဖြစ်တည်မှုအား ကျောထောက် နောက်ခံပြုထားသည့် နိယာမများကို ထိန်းသိမ်းရန် ၎င်းတို့အား မည်သည့်အရာကို ပေးသနည်း။ ယင်းမှာ ယနေ့ ငါတို့၏ ဆွေးနွေးမှု အဓိကအချက်ဖြစ်သည်။ ငါပြောသွားသည့်အရာကို သင်တို့ နားလည်သလော။ ဤအကြောင်းအရာသည် သင်တို့အတွက် အလွန်စိမ်းနေနိုင်သော်လည်း အလွန်လေးနက်သည့် မည်သည့် အယူဝါဒများအကြောင်းကိုမျှ ငါပြောမည် မဟုတ်ပေ။ သင်တို့အနေဖြင့် ငါ၏ စကားများကို နားထောင်နိုင်ပြီး ယင်းတို့မှ နားလည်မှုရနိုင်ရှိသည်ကို သေချာအောင် ငါ ကြိုးပမ်းမည်။ သင်တို့အနေဖြင့် မည်သည့် ဝန်ထုပ်ဝန်ပိုးကိုမျှ ခံစားဖို့မလိုပေ၊ ဂရုတစိုက်နားထောင်ရန်သာလိုသည်။ သို့ရာတွင် ဤအချိန်၌ ငါသည် နောက်တစ်ဖန် အလေးပေးပြောရဦးမည်ဖြစ်သည်၊ ငါအဘယ် အကြောင်းအရာကို ပြောနေသနည်း။ ငါ့ကိုပြောလော့။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်ပါသည်။) ထိုသို့ဆိုပါက ဘုရားသခင်သည် အရာခပ်သိမ်းကို မည်သို့ထောက်ပံ့ပေးသနည်း။ “ဘုရားသခင်သည် အရာခပ်သိမ်း အတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟုဆိုနိုင်ရန် အရာခပ်သိမ်းကို သူမည်သည့်အရာ ထောက်ပံ့ပေးသနည်း။ ဤအရာနှင့်ပတ်သက်၍ သင်တို့၌ အယူအဆများ၊ သို့မဟုတ် အတွေးအခေါ်များ တစ်ခုတစ်လေ ရှိသလော။ ကြည့်ရသည်မှာ သင်တို့၏နှလုံးသားများနှင့် သင်တို့၏ စိတ်များတွင် လုံးဝနီးပါး မသိရှိသည့် အကြောင်းအရာကို ငါက ဆွေးနွေးပေးနေပုံရသည်။ သို့သော် သင်တို့သည် ဤအကြောင်းအရာ နှင့် ငါပြောမည့်အရာများကို အသိပညာ၊ လူ့ယဉ်ကျေးမှု၊ သို့မဟုတ် သုတေသန တစ်ခုတစ်လေနှင့် ဆက်စပ်ခြင်းထက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်တွေးနိုင်မည်ဟု ငါမျှော်လင့်၏။ ငါသည် ဘုရားသခင် အကြောင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းကိုသာ ပြောနေခြင်းဖြစ်၏။ ဤသည်မှာ သင်တို့အဖို့ ငါ၏အကြံပြုချက် ဖြစ်သည်။ သင်တို့ နားလည်ကြသည်မှာ သေချာပါသည်။

ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အရာများစွာကို ပေးသနားခဲ့၏။ လူတို့မြင်နိုင်သည့်အရာ၊ ဆိုလိုသည်မှာ လူတို့ ခံစားနိုင်သည့်အရာအကြောင်းကို ပြောခြင်းဖြင့် ငါစတင်မည်။ ဤအရာများသည် လူတို့က မိမိတို့၏ စိတ်နှလုံးများထဲတွင် လက်ခံကာ နားလည်နိုင်သည့် အရာများဖြစ်၏။ ထို့ကြောင့်၊ ရုပ်ဝတ္ထု လောကအကြောင်း ဆွေးနွေး၍ ဘုရားသခင်သည် လူသားမျိုးနွယ်အား မည်သည့်အရာ ထောက်ပံ့ပေးပြီး ဖြစ်သည်ဆိုသည့်အကြောင်း ပြောဆိုခြင်းဖြင့် အစပြုကြပါစို့။

၁။ လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ “လေ” သည် လူသားတို့ နေ့စဉ်ထိတွေ့နိုင်သည့် ဒြပ်ထည်တစ်ခု ဖြစ်ပြီး၊ လူသားတို့ အိပ်စက်နေသည့်အခါ၌ပင် အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ် အတွက် အလွန့်အလွန် အရေးကြီးပေသည်- ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ် လိုအပ်ပေသည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤဒြပ်ထည်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအတွက် သူ၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ သို့သော် လေကိုဖန်ဆင်း ပြီးနောက် ဘုရားသခင်သည် သူ၏ အမှု ပြီးစီးပြီဟု စဉ်းစားဆင်ခြင်လျက် ရပ်တန့်ခဲ့သလော။ သို့မဟုတ် လေ၏ သိပ်သည်းမှု မည်မျှဖြစ်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ လေတွင် မည်သည့်အရာ ပါဝင်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ (ထည့်သွင်းစဉ်းစားပါသည်။) ဘုရားသခင်သည် လေကို ဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း၊ ပြီးလျှင်သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူသားများသည် လေကိုလိုအပ်၏၊ ၎င်းတို့ အသက်ရှူရန် လိုအပ်သည်။ ပထမအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်အတွက် သင့်တော်ရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ အမှန်တွင်၊ လူတို့အတွက် ဤမေးခွန်း၏ အဖြေကို ကိန်းဂဏန်း သို့မဟုတ် အချက်အလက်အရ သိဖို့ အထူးတလည် မလိုအပ်သကဲ့သို့၊ အဖြေကို သိဖို့မှာ တကယ်ကို မလိုအပ်ပေ။ ယေဘုယျ ထင်မြင်ချက် တစ်ရပ်ရှိရုံမျှက လုံးဝ လုံလောက်ပေသည်။ ဘုရားသခင်သည် လူသား၏ အဆုတ်က ရှူရန်အတွက် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသား ခန္ဓာကိုယ်များထဲသို့ ၎င်းတို့၏ အသက်ရှူခြင်းမှတစ်ဆင့် လေက အလွယ်တကူ ဝင်ရောက်နိုင်ဖို့ရန်အလို့ငှာနှင့် အသက်ရှူစဉ် လူသား၏ ခန္ဓာကိုယ်ကို မထိခိုက်ဖို့ရန်အလို့ငှာ လေကို သူ ဖန်ဆင်းခဲ့လေသည်။ ဤအရာများသည် လေကို ဖန်ဆင်းသည့် အချိန်တွင် ဘုရားသခင် စဉ်းစားဆင်ခြင်သည့်အရာများ ဖြစ်သည်။ ဤနောက်၊ လေတွင် မည်သည့်အရာ ပါဝင်သည်ကို ငါတို့ ပြောကြမည်။ လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူသားများအဖို့ အဆိပ်မရှိသကဲ့သို့ အဆုတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသည် လေသည် ချောမောစွာ ဝင်ထွက်ရမည် ဖြစ်ကြောင်းနှင့် ရှူသွင်းပြီးနောက်တွင် အဆုတ်များနှင့် ကိုယ်ခန္ဓာထဲရှိ သွေးအပြင် စွန့်ထုတ်လေတို့က တစ်ပေါင်း တစ်စည်းတည်း ကောင်းကောင်းမွန်မွန် ဇီဝဖြစ်စဉ် လုပ်ဆောင်ဖို့အလို့ငှာ၊ လေအတွင်းရှိ ဒြပ်ထည်များ၏ သဘာဝနှင့် ပမာဏတို့ ရှိနေသင့်ပေသည်။ ထို့အပြင်၊ လေတွင် အဆိပ်အတောက်ဖြစ်စေသာ ဒြပ်ပစ္စည်းများ တစ်ခုတစ်လေ မပါရှိသင့်သည်ကို သူ ထည့်စဉ်းစားခဲ့ရသည်။ လေအတွက် ဤစံနှစ်ရပ်နှင့်ပတ်သက်၍ သင်တို့ကို ပြောပြရာတွင် ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို အထူးသီးသန့် အသိပညာ တစ်ခုတစ်လေကိုမျှ ပေးဖို့မဟုတ်ဘဲ၊ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သုံးသပ်ချက်များနှင့်အညီ အမှုအရာ တစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့ပြီး သူ ဖန်ဆင်းသည့် အရာတိုင်းသည် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်သည်ကို သင်တို့အား ပြသဖို့ ဖြစ်သည်။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏနှင့် ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ ကမ္ဘာမြေဆီသို့ လွင့်မျောလာသည့် ဖုန်မှုန့်ပမာဏတို့အတွက်မူ- ဘုရားသခင်၌ ဤအရာများကို စီမံခန့်ခွဲရန်အတွက် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် ပြိုကွဲသွားစေခြင်း နည်းလမ်းများလည်း ရှိပေသည်။ လေထဲ၌ ဖုန်မှုန့်ပမာဏ အချို့ရှိသော်လည်း လူ၏ကိုယ်ခန္ဓာ သို့မဟုတ် အသက်ရှူခြင်းကို အန္တရာယ်မပြုစေရန် ဘုရားသခင်က ထိုအရာကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစား ရှိသည့် ဖုန်မှုန့်အမှုန်များ ဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင် ဖန်ဆင်းခြင်းသည် နက်နဲမှုတစ်ခုဖြစ်သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှကဲ့သို့ ရိုးရှင်းသော အရာ ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင် ဖန်ဆင်းခြင်း၌ပင် သူ၏နက်နဲမှု၊ သူ့စိတ်၏ လုပ်ဆောင်ချက်များ၊ သူ၏ တွေးခေါ်ပုံနှင့် ဉာဏ်ပညာတို့အားလုံး ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ (လက်တွေ့ကျပါသည်။) ဆိုလိုသည်မှာ ရိုးရှင်းသော အရာများကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစား နေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေသကဲ့သို့ လူသားများကို အန္တရာယ်မဖြစ်စေနိုင်ပေ၊ ထို့နည်းတူ လေ၏ သိပ်သည်းမှုသည် လူတို့အသက်ရှူရန်အတွက် သင့်တော်သည်။ လူသားက စဉ်ဆက်မပြတ် ရှူသွင်းရှူထုတ်ပြုလုပ်သည့် ဤလေသည် လူသားများ၏ကိုယ်ခန္ဓာ၊ အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အကန့်အသတ်မရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာဖြစ်ပြီး၊ လူတို့အသက်ရှူရန် မရှိမဖြစ်သော အရာဖြစ်၏။

၂။ အပူချိန်

ငါတို့ ဆွေးနွေးမည့် ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင် တစ်ရပ်အဖို့ လိုအပ်သောအရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဥပမာ ဆိုကြပါစို့၊ အပူချိန်သည် လေးဆယ်ဒီဂရီ စင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်း အားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ထိုသို့သော အခြေအနေများထဲတွင် အသက်ရှင်ဖို့မှာ လူတို့အတွက် ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်း ကျဆင်းလျှင်ကော အဘယ်သို့ဖြစ်မည်နည်း။ အပူချိန်က အနုတ် လေးဆယ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်သည်ဆိုပါစို့- လူသားတို့သည် ဤအခြေအနေများကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန် အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အနည်းနှင့်အများ အနုတ်သုံးဆယ် ဒီဂရီ စင်တီဂရိတ်နှင့် လေးဆယ်ဒီဂရီ စင်တီဂရိတ်ကြားတွင် ဖြစ်၏။ မြောက်အရပ်မှ တောင်အရပ်တွင်ရှိသော နယ်မြေများထဲက အပူချိန်များသည် အခြေခံအားဖြင့် ဤအတိုင်းအတာအတွင်းတွင် ရှိသည်။ အလွန်အေးသောဒေသများတွင် အပူချိန်များသည် အနုတ်ငါးဆယ် မှ ခြောက်ဆယ်ဒီဂရီ စင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသများတွင် ဘုရားသခင်က လူသားတို့ကို နေထိုင် အသက်ရှင်ခွင့်ပြုမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်၊ ဤအေးခဲသော ဒေသများသည် အဘယ်ကြောင့်တည်ရှိနေသနည်း။ ဤအရာတွက် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်ပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသော နေရာများကို ကာကွယ်ထား၏၊ ထိုနေရာတွင် နေထိုင်ရန် လူသားအတွက် သူ မစီစဉ်ထားဟု ဆိုလိုသည်။ ဤနေရာများသည် လူသားမျိုးနွယ် အတွက် မဟုတ်ပေ။ သို့သော် ဘုရားသခင်သည် ထိုကဲ့သို့သော နေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဤနေရာများသည် ဘုရားသခင်က လူသားကို နေထိုင်ရန် သို့မဟုတ် ရှင်သန်ရန်ပင် ခွင့်မပြုသည့် နေရာများဖြစ်ပါက၊ ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာ တည်ရှိ၏။ ဆိုလိုသည်မှာ လူသား ရှင်သန်သည့် ပတ်ဝန်းကျင်၏ အပူချိန် အတိုင်းအတာကို ဘုရားသခင်က အတန်အသင့် ချိန်ညှိထားပြီး ဖြစ်သည်။ ယင်းတွင် အလုပ်လုပ်နေသည့် သဘာဝ နိယာမ တစ်ရပ်လည်း ရှိပေသည်။ ဘုရားသခင်သည် အပူချိန်ကို ထိန်းသိမ်းကာ ထိန်းချုပ်ဖို့ရန် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ၎င်းတို့မှာ မည်သည့်အရာများနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ် ဆောင်ကြဉ်း ပေးနိုင်သည်၊ သို့သော် ဤအနွေးဓါတ်သည် များလွန်းပါက၊ လူတို့ ခံနိုင်ရည်ရှိသလော။ နေအနီးသို့ ချဉ်းကပ်ဝံ့သူ တစ်စုံတစ်ဦး ရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် သိပ္ပံပညာနှင့်ဆိုင်သော ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ နေသည် ပူလွန်းသောကြောင့်ဖြစ်၏။ အလွန်နီးကပ်လာသည့် မည်သည့်အရာမဆို အရည်ပျော်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ စေ့စပ်သော တိုင်းတာချက်များနှင့် သူ၏ စံနှုန်းများနှင့်အညီ လူသားမျိုးနွယ် အထက်တွင် နေ၏အမြင့်ကို သတ်မှတ်ဖို့ တိတိကျကျ လုပ်ဆောင်ခဲ့သည်။ ထို့နောက် ကမ္ဘာ၏ ဝင်ရိုးစွန်းနှစ်ခုဖြစ်သည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ ရှိကြ၏။ ဤဒေသများသည် လုံးလုံးလျားလျား အေးခဲနေကာ ရေခဲမြစ်များ ဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်ဒေသများတွင် နေနိုင်သလော။ ထိုသို့သော နေရာများသည် လူသားရှင်သန်ဖို့ သင့်တော်သလော။ (မသင့်တော်ပါ။) ရှင်သန်ခြင်းအဖို့ မသင့်တော်သည်နှင့်အညီ လူတို့အနေဖြင့် ထိုနေရာများသို့ မသွားကြပေ။ လူတို့သည် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားကြသည့် အတွက် ရေခဲမြစ်များက ထိန်းသိမ်းပြီးသားဖြစ်သွားပြီး၊ ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်း တည်းဟူသော ၎င်းတို့၏ရည်ရွယ်ချက်ကို ထမ်းဆောင်နိုင် ကြလေသည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိပါက၊ နေ၏ စဉ်ဆက်မပြတ်သော အပူဒဏ်သည် ကမ္ဘာပေါ်က လူတို့ကို ပျက်ဆီးခြင်းသို့ ရောက်စေလိမ့်မည် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူသား ရှင်သန်ရေးအတွက် သင့်တော်သော အပူချိန်တစ်ရပ်ကို ဤအရာနှစ်ခုအားဖြင့်သာ ထိန်းသိမ်းထား သလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် တောအုပ်များထဲ၌ ရှိကြကုန်သော အပင်အမျိုးအစား အားလုံး စသည့် သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူကာ ထိုသို့ စုပ်ယူခြင်းဖြင့် လူသားမျိုးနွယ် အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးသည့်နည်းဖြင့် နေ၏အပူစွမ်းအင်ကို လျော့ပါး စေလေသည်။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ လွှမ်းခြုံသည့် ဧရိယာကို မည်သူမျှ မသတ်မှတ်နိုင်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်ကို မည်သူမျှ မထိန်းချုပ်နိုင်သကဲ့သို့ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လမ်းကြောင်း၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကိုလည်း မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေမှ လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအထိ ဤရေအရင်းမြစ် အမျိုးမျိုးသည်လည်း လူသားနေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ရေအရင်းအမြစ်များအပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေများကဲ့သို့သော ပထဝီမြေဖွဲ့စည်းမှု အမျိုးအစား အမျိုးမျိုးလည်း ရှိ၏၊ ၎င်းတို့အားလုံးက မိမိတို့၏ ပထဝီမြေ အကျယ်အဝန်းနှင့် ဧရိယာအတိုင်း အချိုးကျသည့် အတိုင်းအတာ အထိ အပူချိန်ကို ထိန်းညှိပေးလေသည်။ ဥပမာ တောင်တစ်တောင်သည် အဝန်း ကီလိုမီတာ တစ်ရာရှိပါက၊ ဤကီလိုမီတာ တစ်ရာသည် ကီလိုမီတာတစ်ရာနှင့်တန်သည့် အသုံးဝင်မှုကို ပေးလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည်နှင့်ပတ်သက်၍မူ၊ ဤသည်မှာ ဘုရားသခင်က ဆင်ခြင်သုံးသပ်ပြီးဖြစ်သည့် အရေအတွက်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ် ရှိပြီး အမှုအရာတစ်ခုစီ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များ ပါရှိသည်။ ဥပမာအနေဖြင့် သစ်တောများနှင့် သီးပင်စားပင် အမျိုးအစားမျိုးစုံကို စဉ်းစားကြည့်လော့- ၎င်းတို့တည်ရှိပြီး ပေါက်ရောက်သည့် ဧရိယာ၏ အကွာအဝေးနှင့် အတိုင်းအတာသည် မည်သည့်လူသားမဆို၏ ထိန်းချုပ်နိုင်ခြင်းကို ကျော်လွန်ပြီး ဤအရာများအပေါ် မည်သူမျှ အဆုံးအဖြတ်မပေးနိုင်ပေ။ ထိုနည်းတူ၊ ၎င်းတို့ ရေမည်မျှစုပ်ယူသည်ကို မည်သည့်လူသားကမျှ မထိန်းချုပ်နိုင်သကဲ့သို့ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှ စုပ်ယူသည်ကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာ အားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် နယ်ပယ်အတွင်းတွင် ရှိကြ၏။

လူသားအနေဖြင့် ထိုသို့သော သင့်တော်သည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်နိုင်သည်မှာ ကဏ္ဍအမျိုးမျိုး၌ ဘုရားသခင်၏ စေ့စပ်သေချာသော စီစဉ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း နှင့် စီမံမှုများကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် နေမင်း၊ လူတို့မကြာခဏကြားရသည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း အပြင် မြေပေါ်မြေအောက်နှင့် ရေထဲတွင်ရှိကြသော သက်ရှိအရာ အမျိုးမျိုး၊ ပြီးလျှင် သစ်တောများနှင့် အခြားသော သဘာဝပေါက်ပင်အမျိုးအစားများ ဖုံးလွှမ်းထားသည့်နေရာ အတိုင်းအတာနှင့်၊ ရေအရင်းအမြစ်များ၊ ရေအစုအဝေး အမျိုးမျိုး၊ ပင်လယ်ရေနှင့် ရေချို ပမာဏများ၊ ပြီးလျှင် ပထဝီမြေဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးကဲ့သို့သော လူသားအနေဖြင့် မိမိ၏ မျက်လုံးများဖြင့်မြင်သော အရာတစ်ခုစီတိုင်း- ဤအရာများ အားလုံးသည် လူသားအသက်ရှင်နေထိုင်နိုင်ရေးအတွက် ပုံမှန် အပူချိန်များကို ထိန်းသိမ်းရန် ဘုရားသခင်အသုံးပြုသည့် အရာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ထိုသို့သော သင့်တော်သည့် အပူချိန်များရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် လူသား အသက်ရှင်နိုင်သည်မှာ ဘုရားသခင်က ဤအရာအားလုံးကို နက်နက်ရှိုင်းရှိုင်း တွေးတောပြီးဖြစ်သောကြောင့်သာ ဖြစ်သည်။ ယင်းသည် အေးလွန်း၍ မရသကဲ့သို့ ပူလွန်း၍လည်း မရပေ- လူ၏ကိုယ်ခန္ဓာမှ ကျင့်သားရနိုင်သည်ထက် ကျော်လွန်သည့် အပူချိန်များရှိသည့် နေရာများဖြစ်သည့် ပူလွန်းသောအရပ်များသည် သင့်အတွက် ဘုရားသခင်က သေချာပေါက် ဖယ်ပေးထားခြင်း မဟုတ်ပေ။ အပူချိန်နိမ့်လွန်းသော နေရာများ၊ လူသားများ ရောက်ရှိပြီးနောက် မိနစ်အနည်းငယ်အတွင်း လုံးဝ အေးခဲသွားမည့်၊ ၎င်းတို့အနေနှင့် စကားပင်မပြောနိုင်၊ ဦးနှောက်များ အေးခဲသွားပြီး စဉ်းစားတွေးခေါ်၍မရဘဲ၊ မကြာမီ အသက်ရှူကျပ်သွားမည့် အေးလွန်းသော နေရာများ- ထိုသို့သော နေရာများကိုလည်း လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖယ်ထားပေးခြင်း မဟုတ်ပေ။ လူတို့အနေဖြင့် မည်ကဲ့သို့သော သုတေသနမျိုးကို ဆောင်ရွက်လိုသည် ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းတို့ ဆန်းသစ်တီထွင်လိုသည် သို့မဟုတ် ထိုသို့သော ကန့်သတ်ချက်များကို ထိုးဖောက်ထွက်လိုသည်ဖြစ်စေ- လူတို့အနေဖြင့် မည်သည့်အတွေးများမဆို ရှိပါစေ၊ ၎င်းတို့သည် လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည့် အကန့်အသတ်များကို မည်သည့်အခါမျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားအတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ဤအကန့်အသတ်များကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်ဖြစ်ပြီး၊ မည်သည့် အပူချိန်များကို လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည်ကို ဘုရားသခင် အကောင်းဆုံး သိသောကြောင့် ဖြစ်သည်။ သို့ရာတွင် လူသားတို့ကိုယ်တိုင်ကမူ မသိကြပေ။ လူသားတို့ မသိကြဟု ငါအဘယ်ကြောင့်ပြောသနည်း။ အဘယ်သို့သော မိုက်မဲသည့်အရာများကို လူသားတို့ လုပ်ဆောင် ခဲ့သနည်း။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကို စိန်ခေါ်ရန် လူများစွာက စဉ်ဆက်မပြတ် ကြိုးပမ်းကြပြီးဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ထိုနေရာတွင် အခြေချနိုင်ဖို့အလို့ငှာ နယ်မြေကို သိမ်းပိုက်ရန် ထိုနေရာများသို့ အစဉ်သွားလိုကြသည်။ ယင်းသည် ရယ်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဝင်ရိုးစွန်းများကို စေ့စပ်သေချာစွာ သုတေသနပြုခဲ့ပြီးလျှင်ပင်၊ ထို့နောက် မည်သို့နည်း။ အပူချိန်များကို သင်ကျင့်သားရနိုင်ပြီး ထိုနေရာ၌ နေနိုင်လျှင်ပင်၊ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့၏ လက်ရှိ ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်ကို သင် “တိုးတက်” စေမည်ဆိုပါက၊ ယင်းသည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် အကျိုးပြုမည်လော။ လူသားမျိုးနွယ်သည် ၎င်းတို့အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်ရှိ၏၊ သို့သော် လူသားတို့သည် ထိုနေရာ၌ တိတ်ဆိတ်စွာနှင့် လိုလိုလားလား ရှိမနေဘဲ၊ ယင်းအစား ၎င်းတို့အသက်ရှင်နေထိုင်၍ မရနိုင်သည့် နေရာများသို့ မရမက စွန့်စားသွားကြ၏။ ဤအရာ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ၎င်းတို့သည် သင့်တော်သော ဤအပူချိန်၌ ဘဝကို ငြီးငွေ့ကာ စိတ်မရှည်ဖြစ်လာကြပြီး၊ များလှစွာသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ခံစားထားကြရပြီး ဖြစ်သည်။ ထို့အပြင် ဤပုံမှန်ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်သည် လူသားမျိုးနွယ်၏ လုံးဝနီးပါး ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် နောက်ထပ်ဖျက်ဆီးခြင်းများ ပြုလုပ်ရန်၊ သို့မဟုတ် “အရေး” တစ်ခုကို လိုက်စားရန်၊ “အစပျိုးသည့်” နည်းလမ်းတစ်ရပ်ကို ရှာဖို့ရန် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း သို့လည်း သွားလျှင်ကောင်းမည်ဟု ယခု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ မမိုက်မဲပေဘူးလော။ ဆိုလိုသည်မှာ၊ ၎င်းတို့၏ ဘိုးဘေးဖြစ်သူ စာတန်၏ခေါင်းဆောင်မှုအောက်၌ ဤလူသားမျိုးနွယ်သည် အဓိပ္ပာယ်မရှိသည့်အရာကို တစ်ခုပြီးတစ်ခု ဆက်၍လုပ်ဆောင်နေကာ၊ ၎င်းတို့အတွက် ဘုရားသခင် ဖန်ဆင်းထားသည့် လှပသောအိမ်ကို မဆင်မခြင် အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေကြ၏။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်၏ ရှင်သန်မှုက အတော်အတန် အန္တရာယ် ရှိလာသည်ကို မြင်သောအခါ၊ လူများစွာသည် ရှင်သန်ရန် နည်းလမ်းတစ်ခုကို တည်ဆောက်ဖို့ ဆန္ဒရှိလျက် လကမ္ဘာကို သွားရောက်လည်ပတ်ဖို့ နည်းလမ်းများ ရှာဖွေကြလေသည်။ သို့သော် နောက်ဆုံးတွင်၊ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့ပေသည်။ လူသားများသည် အောက်စီဂျင်မရှိဘဲ အသက်ရှင်နိုင်သလော။ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့သည့်အတွက်၊ လူသားနေနိုင်သည့် နေရာတစ်ခု မဟုတ်ပေ၊ သို့ရာတွင် လူသားသည် ထိုနေရာသို့ သွားရန် ဆန္ဒရှိလျက်သာ ရှိနေ၏။ ဤအပြုအမူကို မည်သို့ ခေါ်ဆိုသင့်သနည်း။ ယင်းသည်လည်း မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်း မဟုတ်လော။ လကမ္ဘာသည် လေမရှိသော နေရာတစ်ခုဖြစ်ပြီး၊ ယင်း၏ အပူချိန်သည် လူသား ရှင်သန်ခြင်းအတွက် မသင့်တော်ပေ- ထို့ကြောင့် ယင်းသည် လူသားအတွက် ဘုရားသခင် ဖယ်ထားပေးသည့် နေရာမဟုတ်ပေ။

ယခုလေးတင် ငါတို့ပြောသည့် အကြောင်းအရာဖြစ်သည့် အပူချိန်သည် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ကြုံတွေ့သည့် အရာတစ်ခုဖြစ်သည်။ အပူချိန်သည် လူ့ကိုယ်ခန္ဓာ အားလုံးက အာရုံခံစားနိုင်သည့် အရာတစ်ခု ဖြစ်သော်လည်း၊ ဤအပူချိန် မည်သို့ဖြစ်ပေါ်လာသည်၊ သို့မဟုတ် လူသားရှင်သန်မှု အတွက် သင့်တော်စေရန် ဤအပူချိန်ကို မည်သူက တာဝန်ယူထားပြီး ထိန်းချုပ်ထားသည်ကို မည်သူမျှ မစဉ်းစားကြပေ။ ဤသည်မှာ ငါတို့ယခု သင်ယူနေသည့်အရာဖြစ်သည်။ ဤအရာအတွင်း၌ ဘုရားသခင်၏ဉာဏ်ပညာ ရှိသလော။ ဤအရာအတွင်း၌ ဘုရားသခင်၏လုပ်ဆောင်ချက် ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူသား ရှင်သန်မှုအတွက် သင့်တော်သည့် အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ် ဖန်ဆင်းခဲ့သည်ကို ထောက်ရှုကြည့်သော်၊ ဤသည်မှာ အရာခပ်သိမ်းအတွက် ဘုရားသခင် ထောက်ပံ့ပေးသည့် နည်းလမ်းတစ်ရပ် ဟုတ်သလော။ (ဟုတ်ပါသည်။) မှန်ပေ၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။