ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏

ကျွန်ုပ်တို့၏ ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်အထံတော်မှလာပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်၏ ကျေးဇူးတော်ကို တွေ့မြင်နိုင်သောကြောင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင် စေခိုင်းထားသော လုပ်ငန်းတာဝန်ကို ပြီးမြောက် အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ အလုပ်အတွက်လည်း မဟုတ်၊ လူသားများ၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက ကျွန်ုပ်တို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ အလုပ်အတွက် ညှဉ်းဆဲသတ်ဖြတ် ခံခဲ့ကြရသောသူများနှင့် မထိုက်တန်ပါ။ ကျွန်ုပ်တို့ကို အရာရာ ထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် မထိုက်တန်ပါချေ။

ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းတော်မူခဲ့သည်၊ ဘုရားသခင်သည် ဤလူသားသတ္တဝါကို ဖန်ဆင်းတော်မူခဲ့သည်၊ ထို့အပြင် ကိုယ်တော်သည် ရှေးဂရိယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုတို့၏ ဗိသုကာလည်း ဖြစ်ခဲ့ပါသည်။ ဘုရားသခင်သည်သာ ဤလူသားများကို နှစ်သိမ့်မှုပေးပြီး ဘုရားသခင်သည်သာ ဤလူသားများကို နေ့ရောညပါ စောင့်ရှောက်လျက်ရှိပါသည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် အဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်မှ ခွဲထုတ်၍မရနိုင်သည့်အပြင် လူသားများ၏ သမိုင်းဖြစ်စဉ်နှင့် နောင်အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်တော်များမှ ခွဲခြား၍ မရနိုင်ပါ။ သင်သည် ခရစ်ယာန်စစ်စစ်တစ်ဦး ဖြစ်ပါက မည်သည့်တိုင်းနိုင်ငံမဆို၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့မှာ ဘုရားသခင်၏ အကြံအစည်တော်များအရ ဖြစ်ကြောင်းကို သင် အသေအချာ ယုံကြည်ပါလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် တိုင်းနိုင်ငံတို့၏ ကံကြမ္မာကိုသိပြီး ဘုရားသခင်သည်သာ ဤလူသားတို့၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်ထားသည်။ အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသားများသည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တတရားဖြင့် အပြစ်များကို ဝန်ချတောင်းပန်ရမည် သို့မဟုတ်ပါက လူသားများ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။

နောဧလက်ထက်သို့ ပြန်ကြည့်လျှင် လူသားတို့သည် အတော်ဆိုးရွားစွာပင် အကျင့်ပျက်နေကြပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် သွေဖည်နေခဲ့သည်။ ဘုရားသခင်၏ စောင့်ရှောက်မှု မရှိတော့ဘဲ ဘုရားသခင်၏ ကတိတော်များလည်း ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏အလင်း ကင်းမဲ့ကာ အမှောင်ကမ္ဘာထဲတွင် ရှင်သန်နေခဲ့ကြသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် သဘာဝအားဖြင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာကာ အကျည်းတန်သော ဆိုးယုတ်ခြင်းဆီသို့ သူတို့ကိုယ်သူတို့ အထိန်းအကွပ်မဲ့စွာ လွှတ်ချခဲ့ကြလေသည်။ ထိုကဲ့သို့သော လူများမှာ ဘုရားသခင်ကို စွန့်ခွာခဲ့သည့်အတွက် ဘုရားသခင်၏ ကတိတော်ကို မရရှိကြတော့ဘဲ ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံတော်ကိုကြားရန် မထိုက်တန်တော့ပေ။ သူတို့သည် ဘုရားသခင် သူတို့အား နှင်းအပ်ထားသမျှကို ဖယ်ထားခဲ့ကြရုံမက ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့ထားခဲ့ကြသည်။ သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့သည် စဉ်းစားဉာဏ်မဲ့စွာဖြင့် လူ့သဘောသဘာဝထက် လွန်ကျူး၍ အကျင့်စာရိတ္တများ ပျက်ပြားလာခဲ့ပြီး ပို၍ပို၍ ဆိုးယုတ်လာခဲ့ကြသည်။ ဤအကြောင်းကြောင့် သူတို့သည် သေခြင်းနှင့် နီးလာခဲ့ပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် စီရင်ခြင်းကို ခံရကြတော့သည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်ပြီး အပြစ်ကို ရှောင်ကြဉ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ စကားတော်နှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း သင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါအမျိုးမျိုးကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ပြီးသည့်အခါ ဘုရားသခင်သည် ကမ္ဘာကြီးကို ပျက်စီးစေခဲ့သည်။ နောဧသည် ယေဟောဝါ ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့်အတွက် နောဧနှင့် မိသားစုဝင် ခုနစ်ဦးတည်းသာလျှင် ဤဖျက်ဆီးခြင်းမှ အသက်ရှင် လွတ်မြောက်ခဲ့သည်။

ထို့နောက် ယခုခေတ်ကို ကြည့်လျှင်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်၍ မကောင်းမှုကို ရှောင်ကြဉ်သည့် နောဧကဲ့သို့သော ဖြောင့်မတ်သည့်သူများ မရှိတော့ပါ။ သို့တိုင် ဘုရားသခင်သည် ဤလူသားများအပေါ် သဘောထားကြီးလှပြီး ဤနောက်ဆုံးသောကာလအတွင်း လူသားများကို အပြစ်မှ ဖြေလွှတ်ပေးပါသည်။ ဘုရားသခင်သည် မိမိပေါ်ထွန်းလာရန် တောင့်တကြသူများကို ရှာဖွေတော်မူသည်။ ကိုယ်တော်သည် ကိုယ်တော်၏ အသံတော်ကို ကြားနိုင်မည့်သူများ၊ ကိုယ်တော် စေခိုင်းထားသော အလုပ်ကို မမေ့လျော့ဘဲ ၎င်းတို့၏ ကိုယ်စိတ်နှလုံးတို့ကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံထားသူများကို ရှာလျက်ရှိသည်။ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်ကဲ့သို့ နာခံကြပြီး ကိုယ်တော်ကို မဆန့်ကျင်သူများကို ရှာလျက်ရှိပါသည်။ ဘုရားသခင်ကို သင်ကိုးကွယ်ဆည်းကပ်ရာတွင် မည်သည့် ဖိအားအတားအဆီးမျှ မရှိလျှင် ဘုရားသခင်သည် ကရုဏာတော်ဖြင့် သင့်ကို စောင်မကြည့်ရှုလျက် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကိုလည်း ပေးတော်မူလိမ့်မည်။ အကယ်၍ သင်သည် ရာထူးအဆင့်အတန်းကြီးမြင့်သူ၊ နာမည်ဂုဏ်သတင်း ကျော်စောသူ၊ အသိပညာကြွယ်ဝသူ၊ များလှစွာသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ၊ နောက်လိုက်နောက်ပါ အခြွေအရံများ ပေါများသူ ဖြစ်သော်လည်း ဘုရားသခင့်အထံတော်သို့ သင်လာ၍ ကိုယ်တော်ပေးအပ်သော တာဝန်နှင့် အလုပ်ကို လက်ခံပြီး ကိုယ်တော်စေခိုင်းသမျှကို ထမ်းဆောင်ရန်အတွက် ထိုအရာများက သင့်အား တားဆီးထားခြင်းမရှိလျှင် သင်လုပ်ဆောင်သမျှသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံးနှင့် လူသားတို့တွင် အဖြောင့်မတ်ဆုံး လုပ်ဆောင်မှုပင် ဖြစ်လိမ့်မည်။ သင်ပိုင်ဆိုင်ထားရှိသော အရာများနှင့် သင့်ရည်မှန်းချက်များကြောင့် ဘုရားသခင်ပေးအပ်သော တာဝန်ကို သင်ငြင်းဆန်ပါက သင်လုပ်ဆောင်သမျှ ပျက်စီးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် သင်၏ရုံးခန်း မည်မျှပင် အဆင့်မြင့်သည်ဖြစ်စေ၊ သင့်လုပ်ငန်းတွင် သင်၏ အသိပညာနှင့် စွမ်းရည်ကို အားထားပါက သင်သည် အမြဲကျရှုံးနေမည်သာဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့နေမည်သာ ဖြစ်မည်။ အကြောင်းမှာ ဘုရားသခင်သည် သင်လုပ်ဆောင်သမျှကို လက်မခံဘဲ၊ သင့်အလုပ်ကို တော်မှန်သည့် အလုပ်ဟု မမှတ်ယူပါ သို့မဟုတ် လူသားတို့အကျိုးအတွက် သင်လုပ်ဆောင်နေသည်ဟု လက်မခံပါ။ ကိုယ်တော်က သင်လုပ်ဆောင်သမျှသည် ဘုရားသခင်၏ လူသားတို့အပေါ် အကာအကွယ်ပေးမှုကို ဖယ်ရှားရန်အတွက်သာမက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ရန်အတွက် လူသားတို့၏ ခွန်အားနှင့် အသိပညာကို အသုံးချနေခြင်းဖြစ်သည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် လူသားတို့အား အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ လူသားတို့တွင် ဘုရားသခင်နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ပျောက်ဆုံးသွားသည့် အကန့်အသတ်မဲ့ဘဝ၏ အစဆီသို့ ဆိုက်ရောက်စေသည်ဟု ဘုရားသခင် မိန့်တော်မူလိမ့်မည်။

လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် သုတပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် သုတပညာသည် လူသားတို့ကို အုပ်စိုးရန် နည်းလမ်းများ ဖြစ်လာခဲ့ပြီး လူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုခြင်း မရှိတော့ဘဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်အတွက် အခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးနယ်မှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။ သို့နှင့် လူတို့၏ စိတ်နှလုံးအလိုကို ဖြည့်ဆည်းရန်အတွက် လူမှုသိပ္ပံသီအိုရီများ၊ လူသားဆင့်ကဲဖြစ်စဉ်သီအိုရီနှင့် ဘုရားသခင်က လူကိုဖန်ဆင်းခဲ့သည့် အမှန်တရားကို ဆန့်ကျင်သည့် အခြားသော သီအိုရီများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာပေါ်ထွက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်သူများမှာ ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်းကာလအတွင်း ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များအကြောင်း သမိုင်းမှတ်တမ်းများကို စိတ်ကူးယဉ် ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားလာသောသူတို့ တစ်နေ့တခြား သာ၍များလာကြသည်။ လူများသည် ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကောင်းမြတ်မှု၊ ဘုရားသခင် ရှိတော်မူခြင်းနှင့် အရာရာအပေါ် အုပ်စိုးခြင်းအပေါ် သက်ဝင်ယုံကြည်မှုတို့ကို သတိမမူကြတော့ပါ။ လူသားတို့၏ ဆက်လက်ရှင်သန်မှုနှင့် တိုင်းနိုင်ငံများ၏ ကံကြမ္မာတို့သည်လည်း ၎င်းတို့အတွက် အရေးပါခြင်း မရှိတော့ပေ။ လူတို့သည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့ကိုသာ အလေးထားသော အနှစ်သာရကင်းမဲ့သည့် လောကကြီးတွင် နေထိုင်ကြလေသည်။...အနည်းငယ်သော လူတို့သည် ယနေ့ ဘုရားသခင် အလုပ်လုပ်တော်မူသည့် နေရာကို ရှာဖွေရန် သို့မဟုတ် လူသားတို့၏ ဘဝခရီးပန်းတိုင်ကို ဘုရားသခင် မည်သို့ ဦးဆောင်ပြီး ပြင်ဆင်ပေးမည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု မှတ်ယူထားကြသည်။ ဤနည်းဖြင့် လူသားတို့က သိရှိခြင်းမရှိဘဲနှင့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် လူသားတို့၏ လိုအင်ဆန္ဒများနှင့်ညီရန် သာ၍သာ၍ မစွမ်းနိုင်ဘဲ ဖြစ်လာကာ ဤလောကတွင် နေထိုင်ရသည်မှာ သွားလေသူတို့လောက် ပျော်ရွှင်မှုမရဟု ခံစားနေကြသောသူများ အများအပြားပင် ရှိလေသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုကဲ့သို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆိုကြသည်။ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု မရှိသောကြောင့် နိုင်ငံအုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် ခေတ်မီလူမှုအဖွဲ့အစည်းကို ထိန်းသိမ်းထားရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ အချည်းနှီးပင်ဖြစ်သည်။ လူသားတို့၏ လစ်ဟာနေသော နှလုံးသားကို မည်သူမျှ ဖြည့်ဆည်းခြင်းငှာ မစွမ်းသာပါ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ လူသား၏ဘဝ မဖြစ်နိုင်၊ သူ့အား ဖိစီးနှိပ်စက်နေသော ဤလစ်ဟာနေမှုကို မည်သည့် လူမှုသီအိုရီကမျှ မလွတ်ငြိမ်းစေနိုင်သောကြောင့် ဖြစ်ပါသည်။ သိပ္ပံပညာ၊ သုတပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်ပါသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည် ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားနေကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲ ကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ ရင်ဆိုင်ရမည် သို့မဟုတ် ထိုလမ်းကြောင်းကို မည်သို့ ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပါ။ လူသားတို့သည် သိပ္ပံနှင့် သုတပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။ ဤကမ္ဘာကြီးတွင် သင်သည် လွတ်လပ်သောနိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ လူ့အခွင့်အရေးမရှိသည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ သင့်အနေဖြင့် လူသားတို့၏ ကံကြမ္မာမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ သင်သည် အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ လူသားတို့၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ဘဝခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုခြင်းမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ စိတ်ရှုပ်ထွေးစေသော လစ်ဟာမှုခံစားချက်မှ လွတ်မြောက်ရန်မှာ သာ၍ပင် ခက်ပါလိမ့်မည်။ လူသားအားလုံးတွင် ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်သည်၊ သို့သော် ထိုပြဿနာများကို မည်သည့် မဟာလူသားကမျှ မဖြေရှင်းနိုင်ပါ။ အဆုံးမှာတော့ လူသားဆိုသည်မှာ လူသားသာ ဖြစ်ပေသည်။ ဘုရားသခင်၏ နေရာနှင့် အသက်တာကို မည်သည့် လူသားကမျှ အစားထိုးနိုင်ခြင်း မရှိပါ။ လူသားတို့သည် လူတိုင်း အစာရေစာဝလင်လျက် သာတူညီမျှမှုနှင့် လွတ်လပ်ခြင်းတို့ ပါဝင်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့၏ဘဝအတွက် ဘုရားသခင်၏ ထောက်မမှုတို့ကိုလည်း လိုအပ်ပါသည်။ ဘုရားသခင်အထံတော်မှ ကယ်တင်ခြင်းနှင့် အထောက်အပံ့တို့ကို လက်ခံရရှိပြီးမှသာ လူသားတို့၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန်ဆန္ဒနှင့် ဝိညာဉ်ရေးရာလစ်ဟာမှုတို့ကို ဖြေရှင်းပြေလည်စေနိုင်မည် ဖြစ်သည်။ နိုင်ငံတစ်ခု သို့မဟုတ် တိုင်းပြည်တစ်ခုမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။

သင့်နိုင်ငံသည် လောလောဆယ် အောင်မြင်ကြီးပွားနေသည်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ သို့သော် သင့်ပြည်သူများကို ဘုရားသခင်အထံတော်မှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက သင့်နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ဆုံးရှုံးမှု များလာသည်ကို မြင်လာရလိမ့်မည်။ သင့်နိုင်ငံ၏ ခေတ်မီသော လူမှုအဖွဲ့အစည်းကြီးသည်လည်း ခြေဖဝါးအောက်တွင် ချနင်းခံရမှု တိုးပွားလာလိမ့်မည်ဖြစ်ပြီး မကြာမီ လူများတို့သည် ဘုရားသခင်အား ဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ သို့နှင့် နိုင်ငံတစ်ခု၏ ကံကြမ္မာသည် ပျက်စီးဆုံးရှုံးခြင်းသို့ အမှတ်တမဲ့ ကျရောက်လိမ့်မည်။ ဘုရားသခင်၏ကျိန်ခြင်းကို ခံရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်သည် အင်အားကြီးနိုင်ငံများကို မြှင့်တင်ပေးလိမ့်မည်။ ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားပင် ပစ်နိုင်သည်။ နိုင်ငံတစ်ခု တိုးတက်ခြင်း၊ ကျဆုံးခြင်းတို့သည် ထိုနိုင်ငံကို အုပ်ချုပ်သူများ ဘုရားသခင်ကို ကိုးကွယ်မှု ရှိမရှိနှင့် ပြည်သူများကို ဘုရားသခင်နှင့် နီးကပ်စေအောင်၊ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်အောင် ဦးဆောင်နိုင်ခြင်း ရှိမရှိ တို့အပေါ် အခြေခံသည်။ သို့ပင်လျှင် ဤနောက်ဆုံးသောကာလတွင် ဘုရားသခင်အား အမှန်တကယ် ရှာဖွေဆည်းကပ်သောသူများမှာ ပို၍ရှားပါးလာသည့်အတွက် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများကို ဘုရားသခင်သည် အထူးမျက်နှာသာ ပေးထားပါသည်။ ဘုရားသခင်သည် ယင်းတို့ကို ကမ္ဘာ့ဖြောင့်မှန်သောအဖွဲ့အဖြစ် ဖွဲ့စည်းရန် စုစည်းထားရာ ဘာသာမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်မဆည်းကပ်သောသူများသည် ဖြောင့်မှန်သောအဖွဲ့နှင့် ဆန့်ကျင်ဘက် ဖြစ်လာသည်။ ဤနည်းဖြင့် ဘုရားသခင်အထံတော်တွင် လူသားတို့အကြားတွင် မိမိ၏ အလုပ်ကို လုပ်ဆောင်သည့် နေရာတစ်ခု ရှိသည်သာမက ဘုရားသခင်ကို ဆန့်ကျင်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းရန်အတွက် ဖြောင့်မတ်သော အာဏာ စီရင်ရေးကို ကျင့်သုံးသော နိုင်ငံများလည်း ရှိပါသည်။ ဤသို့ဖြစ်စေကာမူ ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်ရန် ရှေ့တော်သို့ လာရောက်သည့်သူမှာ ပိုများမလာပါ၊ အကြောင်းမှာ လူသားတို့သည် ဘုရားသခင်နှင့် အလွန်ဝေးကွာစွာ ရှောင်ဖယ်နေကြပြီး လူသားတို့၏ အတွေးထဲတွင် ဘုရားသခင် မရှိခဲ့သည်မှာ လွန်စွာကြာခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ဖြောင့်မတ်မှုကို ကျင့်သုံး၍ မဖြောင့်မှန်မှုကို ဆန့်ကျင်သော နိုင်ငံများသည်သာ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိနေပါမည်။ သို့သော် ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ဝေးနေသေးပြီး မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ၎င်းတို့၏ ပြည်သူများအား ဘုရားသခင်၏ ဦးဆောင်မှုကို ခံယူရန် ခွင့်ပြုမည်မဟုတ်ပါ၊ မည်သည့်နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ကိုးကွယ်ရန် စုရုံးပေးမည် မဟုတ်ပါ။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်း၊ အုပ်ချုပ်သူပါတီတိုင်း၏ နှလုံးသားထဲအပြင် လူတိုင်း၏ နှလုံးသားထဲ၌ပင်လျှင် ရှိနေရမည့် မိမိ၏နေရာမှန်ကို ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ဖြောင့်မတ်သည့် စွမ်းပကားများ အမှန်ရှိသော်လည်း လူ့နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခန့်ပါ။ ဘုရားသခင်၏ ကောင်းချီးမပါပါက နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်ကာ ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း နည်းလာပါမည်။ လူသားတို့အတွက်မူ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ မရှိခြင်းသည် နေရောင်ခြည်မရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှပင် စေ့စပ်သေချာစွာ ကြိုးစားလုပ်ဆောင်စေကာမူ၊ လူသားများအနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှပင် အတူလုပ်ဆောင်စေကာမူ၊ ထိုလုပ်ဆောင်မှုများက ဖြစ်ပြီးသောအရာများအား နောက်ပြန်လှည့်ရန် သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲရန် မစွမ်းသာပါ။ လူသားတို့သည် နိုင်ငံသားများ စား၊ ဝတ်၊ နေရေး ပြေလည်လျှင်၊ ငြိမ်းအေးချမ်းသာစွာ နေရလျှင်၊ အုပ်ချုပ်ဦးဆောင်သူကောင်းလျှင် ထိုနိုင်ငံကို နိုင်ငံကောင်းတစ်ခုဟု ထင်မြင်ယူဆကြသည်။ ဘုရားသခင်က ထိုသို့မယူဆပါ။ ဘုရားသခင်ကို ကိုးကွယ် ဆည်းကပ်မည့်သူ မရှိသည့် နိုင်ငံသည် ဘုရားသခင် သုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု ယူဆပါသည်။ လူသားတို့၏ တွေးခေါ်ပုံသည် ဘုရားသခင်တွေးခေါ်ပုံနှင့် အလွန်ကွာခြားပါသည်။ နိုင်ငံတစ်ခု၏ ခေါင်းဆောင်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းမပြုပါက ထိုနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံတွင် ခရီးပန်းတိုင်လည်း ရှိမည်မဟုတ်ပါ။

ဘုရားသခင်သည် လူတို့၏နိုင်ငံရေးတွင် မပါဝင်ပါ၊ သို့သော် နိုင်ငံတစ်ခု၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားပါသည်။ ဘုရားသခင်သည် ဤကမ္ဘာကြီးနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ထားပါသည်။ လူသားတို့၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်တော်မှာ အတွင်းကျကျ ချိတ်ဆက်နေပြီး မည်သည့် လူ၊ မည်သည့် တိုင်းနိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်အောက်မှ ကင်းလွတ်နိုင်ခြင်းမရှိပါ။ အကယ်၍ လူသားတို့သည် မိမိတို့၏ ကံကြမ္မာကို သိလိုပါက ဘုရားသခင်၏ ရှေ့တော်သို့ လာရမည်။ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်ပြီး နာခံလိုက်လျှောက်သောသူများကို ဘုရားသခင်က အောင်မြင်ကြီးပွားစေပါသည်။ ဘုရားသခင်ကို ဆန့်ကျင် ပစ်ပယ်သူများကို ဘုရားသခင်ကလည်း ငြင်းပယ်ဖယ်ရှားမည်ဖြစ်သည်။

သမ္မာကျမ်းစာထဲမှ သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခဲ့သည့် မြင်ကွင်းကို ပြန်လည်သတိရလျက် လောတ၏မိန်းမ မည်ကဲ့သို့ ဆားတိုင်ဖြစ်သွားခဲ့သည်ကိုလည်း စဉ်းစားကြည့်ပါ။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာထဲ၌ထိုင်ကာ မိမိတို့၏အပြစ်များအတွက် မည်သို့ နောင်တရသည်ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ ကျော်က သခင်ယေရှုကို ကားတိုင်ပေါ်တွင် ရိုက်ထားပြီးနောက် ယုဒလူမျိုးများ မည်သည့်နောက်ကို လိုက်လျှောက်ခဲ့ကြသည်ကိုလည်းကောင်း ပြန်ပြောင်းသတိရပါ။ ယုဒလူများသည် ဣသရေလလူများထံမှ နှင်ထုတ်ခြင်းခံရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ကြသည်။ လူအများအပြား အသတ်ခံခဲ့ရပြီး ယုဒနိုင်ငံ တစ်ခုလုံးသည် မကြုံစဖူး ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သူတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် ရိုက်ခဲ့ကြပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြကာ ဘုရားသခင်၏ စိတ်နေသဘောထားကို ထိပါးစော်ကားခဲ့ကြသည်။ သူတို့လုပ်ခဲ့သည့် အပြစ်ကို သူတို့ပေးဆပ်ခဲ့ရပြီး သူတို့ လုပ်ဆောင်ခဲ့သည့် အရာများ၏ နောက်ဆက်တွဲ အကျိုးဆက်ကို ခံခဲ့ကြရသည်။ သူတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့သည်၊ ငြင်းပယ်ခဲ့သည်၊ သို့အတွက်ကြောင့် သူတို့တွင် ဘုရားသခင်၏ အပြစ်ပေးခံရခြင်း ဆိုသည့် ကံကြမ္မာတစ်ခု ရှိလေသည်။ ဤသည်မှာ သူတို့၏ တိုင်းနိုင်ငံအပေါ် သူတို့၏ အုပ်ချုပ်သူများ သက်ရောက်စေခဲ့သော ခါးသီးဖွယ် အကျိုးဆက်နှင့် ဘေးဒုက္ခပင် ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ဘုရားသခင်သည် အလုပ်လုပ်ရန်အတွက် ဤလောကသို့ ပြန်ကြွလာခဲ့သည်။ ဘုရားသခင်၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ ဘာသာမဲ့အယူဝါဒကို ယုံကြည်သူများရှိရာ တရုတ်နိုင်ငံပင်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ ပညာနှင့် အင်အားတို့အားဖြင့် လူတစ်စုကို ပိုင်ဆိုင်ပြီးဖြစ်သည်။ ထိုကာလအတွင်း ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခြင်းကို ခံရပြီး ဦးခေါင်းတော် ချစရာနေရာမရှိ၊ နားခိုစရာနေရာ မတွေ့နိုင်ဘဲ အလွန် ဒုက္ခကြီးစွာ ခံခဲ့ရသည်။ သို့ဖြစ်စေကာမူ ဘုရားသခင်သည် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အလုပ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် မိမိ၏အသံတော်ကို ဖွင့်ဟပြီး ဧဝံဂေလိ တရားတော်ကို ဖြန့်ကြက်ခဲ့သည်။ ဘုရားသခင်၏ ဘုန်းတော်ကြီးမြတ်မှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိပါ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသည့် နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် ဘုရားသခင်သည် မိမိအလုပ်ကို မည်သည့်အခါမျှ ရပ်နားခြင်းမရှိခဲ့ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားတိုင်းကို ကယ်တင်ရန် အစွမ်းကုန် ဆောင်ရွက်သည့်အတွက် ကိုယ်တော်၏ အလုပ်နှင့် စကားတော်တို့ကို လက်ခံသည့်သူများ ပိုမိုများလာခဲ့သည်။ ဘုရားသခင် ရယူရန် အလိုတော်ရှိ သည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်စွမ်းအားကမျှ မခံနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ စကားတော်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ အကြံအစည်တော်ကို နှောင့်ယှက်ဟန့်တားသူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို နောက်ဆုံးတွင် ခံရကြပါမည်။ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်တိုင်းပြည်မဆိုသည် ဤကမ္ဘာပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ တိုင်းနိုင်ငံတိုင်းနှင့် လုပ်ငန်းများမှ လူတိုင်းကို ကျွန်ုပ် တိုက်တွန်း နှိုးဆော်လိုသည်မှာ ဘုရားသခင်၏ အမှုတော်ကို ကြည့်ရှုရန်၊ လူသားတို့၏ ကံကြမ္မာကို သတိမူကြရန် ဖြစ်ပါသည်။ ဤနည်းအားဖြင့် ဘုရားသခင်အား အသန့်ရှင်းဆုံး၊ ဂုဏ်အသရေအရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားတို့ ကိုးကွယ်ဆည်းကပ်ရာ တစ်ပါးတည်းသောသူ ဖြစ်စေလျက် ဘုရားသခင် အစအဦး ဖန်ဆင်းခဲ့သော ဧဒင်ဥယျာဉ်အတွင်း နေထိုင်ခဲ့သော အာဒံနှင့်ဧဝတို့ကဲ့သို့ ထာဝရဘုရား၏ ကတိတော်များဖြင့် နေထိုင်ခဲ့ကြသော အာဗြဟံ၏ မျိုးဆက်များအဖြစ်၊ လူသားအားလုံးကို ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာများဖြင့် အသက်ရှင်စေမည် ဖြစ်ပါသည်။

ဘုရားသခင်၏ အလုပ်သည် ကြီးမားပြင်းထန်သော လှိုင်းလုံးများ တလိပ်လိပ်တက်လာသကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို မထိန်းချုပ်နိုင်သလို မည်သူကမျှလည်း ဘုရားသခင်၏ ခြေတော်ရာများကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်၏ စကားတော်ကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသောသူများသည်သာ ဘုရားသခင်၏ ခြေတော်ရာနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ ကတိတော်များကိုလည်း ခံစားရမည်ဖြစ်သည်။ ထိုသို့ မဟုတ်သူများမှာမူ ဘေးဒုက္ခများနှင့် တွေ့ကြုံခံစားရမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံထိုက်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။