ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၆

ယခုတွင် ငါသည် သင်တို့အတွက် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းသည်။ (လူအမျိုးမျိုးတို့ကို အမျိုးမျိုးသော ပြစ်တင်ဆုံးမခြင်းများ သတ်မှတ်ပြီး၊ ၎င်းတို့သည် ပြဋ္ဌာန်းသော နေ့မှ စတင်သက်ရောက်မှုရှိသည်)

ငါသည် ငါ၏ကတိများကို တည်သကဲ့သို့၊ အရာရာသည် ငါ၏လက်ထဲတွင် ရှိ၏- သံသယရှိသူ မည်သူမဆို မုချ အဆုံးစီရင် ခံရလိမ့်မည်။ မည်သည့် စာနာထောက်ထားမှုအတွက်မျှ နေရာမရှိ။ ၎င်းတို့သည် ချက်ခြင်း မျိုးဖြုတ်ခံရလိမ့်မည်၊ ထိုသို့ဖြင့် မုန်းတီးမှုကို ငါ၏နှလုံးသားမှ ဖယ်ရှားပေမည်။ (ယခုအချိန်မှစ၍ အဆုံးစီရင်ခြင်းခံရသူ မည်သူမဆိုသည် ငါ၏နိုင်ငံသားတစ်ဦး ဖြစ်ရမည်မဟုတ်သကဲ့သို့၊ စာတန်၏ သားစဉ် မြေးဆက်တစ်ဦး ဖြစ်ရမည်ကို အတည်ပြုပြီးပြီ ဖြစ်သည်။)

သားဦးများအနေဖြင့်၊ သင်တို့သည် သင်တို့၏အနေအထားများကို ထိန်းသိမ်းထားသင့်ပြီး၊ သင်တို့၏ ကိုယ်ပိုင်တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းသင့်ကာ၊ စပ်စုသောသူများ မဖြစ်သင့်ပေ။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အတွက် သင်တို့သည် မိမိကိုယ်ကိုယ် ဆက်ကပ်သင့်ပြီး၊ သင်တို့သွားသည့်နေရာတိုင်းတွင် ငါ့အတွက် ကောင်းသောသက်သေခံခြင်းကို ပြုသင့်ကာ၊ ငါ၏နာမကို ဘုန်းထင်ရှားစေသင့်၏။ ရှက်ဖွယ်သော လုပ်ရပ်တို့ကို မကျူးလွန်နှင့်။ ငါ၏သားများနှင့် ငါ၏လူတို့အားလုံးအတွက် ပုံသက်သေ ဖြစ်လော့။ တစ်ခဏမျှပင် အကျင့်တရားမပျက်လေနှင့်။ သင်တို့သည် အယောက်တိုင်းရှေ့တွင် သားဦးများ၏ ပင်ကိုလက္ခဏာဆောင်လျက် အမြဲ ရှိရမည်ဖြစ်ကာ ဖော်လံဖားရမည်မဟုတ်။ ယင်းထက်၊ ခေါင်းမော့လျက် ရှေ့ဆက် ခြေလှမ်းလှမ်းသင့်၏။ ငါ၏နာမကို အရှက်ရစေရန်မဟုတ်ဘဲ၊ ငါ၏နာမကို ဘုန်းထင်ရှားစေကြရန် သင်တို့ကို တောင်းဆိုနေခြင်းဖြစ်သည်။ သားဦးများဖြစ်ကြသောသူတို့ အသီးသီးသည် ၎င်းတို့ တစ်ဦးချင်းကိုယ်တိုင် လုပ်ငန်းတာဝန် ရှိကြပြီး၊ အရာရာတိုင်းကို မလုပ်ဆောင်နိုင်ကြပေ။ ဤသည်မှာ သင်တို့ကို ငါပေးထားသော တာဝန်ဖြစ်ပြီး၊ ထိုတာဝန်ကို ခေါင်းရှောင်ရမည် မဟုတ်။ သင်တို့ကို ငါ ပေးအပ်ထားသည့် အရာကို ဖြည့်ဆည်းရန် သင်တို့သည် မိမိတို့ကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနှင့် အစွမ်းရှိသမျှဖြင့် ဆက်ကပ်ကြရမည်။

ယနေ့မှရှေ့ဆက်၍၊ စကြဝဠာလောကအနှံ့တွင် ငါ၏သားများအားလုံးနှင့် ငါ၏လူမျိုးအားလုံးကို ထိန်းကျောင်းခြင်းတာဝန်အား ဖြည့်ဆည်းဖို့ ငါ၏ သားဦးများထံ အပ်နှံလိမ့်မည်ဖြစ်ပြီး၊ ထိုတာဝန်ကို ဖြည့်ဆည်းဖို့ မိမိတို့၏ နှလုံးသားနှင့် စိတ်တစ်ခုလုံးကို ဆက်ကပ်နိုင်ခြင်း မရှိသူ မည်သူမဆိုအား ငါ ပြစ်တင်ဆုံးမမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း ဖြစ်၏။ ငါသည် ငါ၏သားဦးများအပေါ်တွင်ပင် သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ လျှော့ပေါ့ ပေးလိမ့်မည် မဟုတ်။

ငါ၏သားများနှင့် ငါ၏လူတို့ကြားတွင် ငါ၏သားများထဲမှတစ်ဦးကို လှောင်ပြောင်ကာ စော်ကားသောသူ ရှိပါက၊ ငါ၏ သားဦးများသည် ငါကိုယ်တိုင်အား ကိုယ်စားပြုကြသည့်အတွက် ငါသည် ထိုသူတို့ကို ပြင်းထန်စွာ အပြစ်ပေးမည်။ ငါ၏သားဦးများကို တစ်စုံတစ်ယောက်က ပြုသောအရာသည် ငါ့ကို ပြုခြင်းပင်ဖြစ်၏။ ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ထဲမှ အပြင်းထန်ဆုံးသောအမိန့် ဖြစ်သည်။ ဤအမိန့်ကို ချိုးဖောက်သော ငါ၏သားများနှင့် ငါ၏လူများထဲမှ မည်သူမဆိုအပေါ် ငါ၏ဖြောင့်မတ်ခြင်းကို ငါ၏သားဦးများ၏ ဆန္ဒများနှင့်အညီ စီရင်ဖို့ ၎င်းတို့ကို ငါအခွင့်ပေးမည်။

ငါ့ကို ပေါ့ပြက်စွာ သဘောထားပြီး ငါ၏အစားအစာ၊ အဝတ်အစားနှင့် အိပ်စက်ခြင်းကိုသာ အာရုံစိုက်သူ၊ ငါ၏အပြင်ပန်း အရေးကိစ္စများကိုသာ အရေးစိုက်လုပ်ဆောင်ပြီး၊ ငါ၏ဝန်ထုပ်ဝန်ပိုးကို အလေးထားခြင်းမရှိသကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အာရုံမစိုက်သောသူ မည်သူမဆိုကို ငါသည် တဖြည်းဖြည်း စွန့်ပစ်မည်။ ဤသည်မှာ နားရှိသောသူအားလုံးတို့ကို ညွှန်ကြားခြင်းဖြစ်သည်။

ငါ့အတွက် အစေခံခြင်းကို ပြီးစီးအောင်လုပ်ဆောင်သောသူ မည်သူမဆိုသည် ရေးကြီးခွင်ကျယ်မလုပ်ဘဲ နာခံစွာ ဆုတ်ခွာကြလိမ့်မည်။ သတိထားလော၊ သို့မဟုတ်ပါက ငါသည် သင့်ကို ဖယ်ထုတ်လိမ့်မည်။ (ဤသည်ကား နောက်ဆက်တွဲ အမိန့်တစ်ခုဖြစ်သည်။)

ငါ၏ သားဦးများသည် ယခုမှစ၍ သံလှံတံကို ကောက်ကိုင်ကာ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကို အုပ်စိုးရန်၊ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကြားတွင် လျှောက်လှမ်းရန်နှင့်၊ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကြားတွင် ငါ၏တရားစီရင်မှု၊ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို ဖော်ဆောင်ရန်၊ ငါ၏ဩဇာအာဏာကို စတင် စီမံဆောင်ရွက်ကြလိမ့်မည်။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ပြည့်စုံကာ ငါ၏ သားဦးများသည် ငါနှင့်အတူ စိုးစံနိုင်ကြသောကြောင့်၊ ငါ၏သားများနှင့် ငါ၏လူမျိုးတို့သည် ရပ်စဲခြင်းမရှိဘဲ၊ ငါ့ကို ကြောက်ရွံ့လိမ့်မည်၊ ငါ့ကို ချီးမွမ်းလိမ့်မည်၊ ငါ့ကို ကောင်းချီးဩဘာပေးကာ ဘုန်းထင်ရှားစေကြလိမ့်မည်။

ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ဤအမှု တိုးတက်သည်နှင့်အမျှ ၎င်းတို့ကို သင်တို့အား ငါပြောပြမည်။ အထက်က စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များမှ၊ ငါ၏ အမှုကို လုပ်ဆောင်သည့် ခြေလှမ်းအပြင်၊ မည်သည့်အဆင့်သို့ ငါ၏အမှု ရောက်ရှိပြီးဖြစ်သည်ကို သင်တို့ မြင်ရကြလိမ့်မည်။ ဤသည်မှာ အတည်ပြုချက်တစ်ခု ဖြစ်လိမ့်မည်။

ငါသည် စာတန်ကို တရားစီရင်နှင့်ပြီးဖြစ်သည်။ ငါ၏ အလိုသည် ပိတ်ဆီးခြင်း မခံရသကဲ့သို့၊ ငါ၏သားဦးတို့သည် ငါနှင့်အတူ ဘုန်းထင်ရှားခြင်း ရှိကြပြီးဖြစ်သောကြောင့် ငါသည် ကမ္ဘာလောကနှင့် စာတန်နှင့်ဆိုင်သည့် အရာခပ်သိမ်းတို့အပေါ် ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို ကျင့်သုံးနှင့်ပြီးဖြစ်သည်။ ငါသည် စာတန်အပေါ် နည်းနည်းမျှပင် မကူ သို့မဟုတ် လုံးဝ အာရုံစိုက်ခြင်း မရှိပေ (၎င်းသည် ငါနှင့် စကားပြောဆိုရန်ပင် မထိုက်တန်သောကြောင့် ဖြစ်သည်)။ ငါလုပ်ချင်သောအရာကိုသာ ငါဆက်လုပ် နေသည်။ ငါ၏အမှုသည် ချောမွေ့စွာဖြင့် တစ်ဆင့်ချင်း ရှေ့ဆက်နေသကဲ့သို့၊ ငါ၏အလိုသည် ကမ္ဘာမြေကြီးတစ်ခုလုံးအနှံ့ ပိတ်ဆီး၍မရပေ။ ဤအရာသည် စာတန်ကို အတိုင်းအတာတစ်ခုအထိ အရှက်ရစေခဲ့ပြီး၊ ၎င်းသည် လုံးဝ ဖျက်ဆီးခံရပြီး ဖြစ်သော်လည်း၊ ဤအရာကို၌က ငါ၏အလိုကို မဖြည့်ဆည်း ရသေးပေ။ ငါသည် ငါ၏သားဦးများအား ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့အပေါ် ဖော်ဆောင်ရန်လည်း အခွင့်ပေး၏။ တစ်ဖက်တွင်၊ စာတန်ကို ငါမြင်ခွင့်ပြုသည်မှာ ၎င်းအပေါ် ငါ၏အမျက်ဒေါသ ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ၎င်းကို ငါ၏ဘုန်းအား မြင်ခွင့်ပေးသည် (ငါ၏ သားဦးများသည် စာတန်၏ အရှက်ရခြင်းအဖို့ အထူးကဲဆုံးသော မျက်မြင်သက်သေများဖြစ်ကြသည်ကို မြင်ခွင့်ပေးသည်)။ ငါသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ပြစ်ဒဏ်မပေး။ ယင်းထက်၊ ငါ၏ သားဦးများကို ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်အား ငါ ဖော်ဆောင်ခွင့်ပေးသည်။ စာတန်သည် ငါ၏သားများကို စော်ကားလေ့ရှိခဲ့၍၊ ညှဉ်းပန်းနှိပ်စက်လေ့ ရှိခဲ့သကဲ့သို့ ဖိနှိပ်လေ့ ရှိခဲ့သောကြောင့်၊ ယနေ့တွင် ၎င်း၏အစေခံခြင်း ပြီးဆုံးသည့်နောက်၊ ငါသည် ငါ၏အရွယ်ရောက်သော သားဦးများအား ၎င်းကို ဖယ်ထုတ်ခွင့်ပြုမည်။ စာတန်သည် ကျရှုံးခြင်းအပေါ် ဆန့်ကျင်နိုင်စွမ်း မရှိပေ။ ကမ္ဘာလောကထဲက တိုင်းနိုင်ငံအားလုံး ဆိုင်းတွသွားခြင်းသည် အကောင်းဆုံး သက်သေ ဖြစ်သည်။ တိုက်ခိုက်နေကြသော လူတို့နှင့် စစ်မက်ဖြစ်နေသော နိုင်ငံတို့သည် စာတန်၏နိုင်ငံတော် ပြိုလဲခြင်း၏ သိသာသော သရုပ်သကန်များဖြစ်ကြသည်။ ငါသည် ယခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မပြသခဲ့သည့်အကြောင်းရင်းမှာ စာတန်အပေါ် အရှက်ရစေရန်နှင့် ငါ၏နာမကို တစ်ဆင့်ချင်း ဘုန်းထင်ရှားစေရန် ဖြစ်သည်။ စာတန်သည် လုံးဝ အပြတ်ရှင်းခံရပြီးချိန်တွင်၊ ငါသည် ငါ၏ တန်ခိုးကို စတင် ပြသမည်- ငါပြောသောအရာ အမှန်ဖြစ်လာပြီး၊ လူသားအယူအဆများနှင့် ကိုက်ညီခြင်းမရှိသော သဘာဝလွန်အရာတို့သည် ပြည့်စုံလိမ့်မည် (ဤသည်မှာ မကြာမီ လာလတ္တံ့သော ကောင်းချီးများကို ရည်ညွှန်း၏)။ ငါသည် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်ဖြစ်ကာ၊ ငါ၌ စည်းမျဉ်းများ မရှိသောကြောင့်၊ ပြီးလျှင် ငါသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲက အပြောင်းအလဲများနှင့်အညီ စကားပြောဆိုသောကြောင့်၊ ယခင်က ငါပြောပြီးသောအရာသည် ပစ္စုပ္ပန်တွင် သေချာပေါက်သက်ဆိုင်ခြင်း မရှိပေ။ သင်၏ကိုယ်ပိုင်အယူအဆများကို မဖက်တွယ်လေနှင့်။ ငါသည် စည်းမျဉ်းများကို လိုက်နာသော ဘုရားသခင်တစ်ပါး မဟုတ်။ ငါနှင့်ပတ်သက်၍မူ၊ အရာရာအားလုံး လွတ်လပ်သည်၊ ထူးကဲသာလွန်ကာ၊ လုံးဝ လွတ်ငြိမ်းခွင့်ပေးထား၏။ ယမန်နေ့က ပြောခဲ့သောအရာသည် ယနေ့ ခေတ်ကုန်ခြင်း သို့မဟုတ် ယနေ့တွင် ဘေးဖယ်ထားခံရခြင်း ဖြစ်ကောင်း ဖြစ်လိမ့်မည် (သို့သော် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် ပြဋ္ဌာန်းထားသည့်အတွက် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်)။ ဤအရာတို့သည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်ထဲက အဆင့်များ ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းတို့ကို မဖက်တွယ်လေနှင့်။ နေ့ရက်တိုင်းတွင် အလင်းသစ်ရှိပြီး၊ ထုတ်ဖော်ပြမှုအသစ်များရှိကာ၊ ယင်းမှာ ငါ၏ အစီအစဉ်ဖြစ်သည်။ နေ့ရက်တိုင်းတွင် ငါ၏အလင်းသည် သင့်အထဲတွင် ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ငါ၏အသံသည် စကြဝဠာလောကဆီသို့ ထုတ်လွှင့်လိမ့်မည် ဖြစ်သည်။ နားလည်သလော။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင့်ကို ငါပေးအပ်ထားသော တာဝန် ဖြစ်သည်။ သင်သည် ထိုအရာကို တစ်ခဏမျှပင် လျစ်လျူရှုခြင်း မပြုရ။ ငါလက်ခံသော လူတို့ကို ငါသည် အဆုံးတိုင်အောင် အသုံးပြုမည်ဖြစ်ပြီး၊ ဤအရာသည် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သောကြောင့်၊ အဘယ်လူစားမျိုးက ဘယ်အရာ လုပ်သင့်သည်ကို ငါသိသည့်အပြင်၊ အဘယ်လူစားမျိုးက ဘယ်အရာ လုပ်ဆောင်နိုင်သည်ကို ငါသိ၏။ ဤသည်မှာ ငါ၏အရာခပ်သိမ်း စွမ်းဆောင်နိုင်စွမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၈)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၉

ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြီးမြောက်ခဲ့သော လုပ်ဆောင်မှု၏ နယ်ပယ်ထဲတွင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြားသောလက္ခဏာသွင်ပြင်တစ်ခုကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၀

ယုံကြည်ခြင်း လုံးဝမရှိသူများသည် မြင်နိုင်သည့်အရာအားလုံးသည် တည်ရှိ၍ မမြင်နိုင်သည့်အရာ သို့မဟုတ် လူတို့မှ အလွန်ဝေးကွာသောအရာ အားလုံးသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၆

လူ့ဇာတိခံယူသည့် ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်ကိုလည်း အသိအမှတ်ပြုသည်ဟု သင်ပြောသော်လည်း သင်သည် သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၉

လက်တွေ့ကျခြင်းကိုသိခြင်းနှင့် ဘုရားသခင်၏အလုပ်ကို ရှင်းလင်းစွာ မြင်နိုင်ခြင်းတို့အားလုံးကို သူ၏နှုတ်ကပတ်တော်တွင် တွေ့ရသည်။ သင်သည် ဘုရားသခင်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။