ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

အပိုင်း သုံး

ဆက်လက်၍ နောဧ၏အဖြစ်အပျက်နှင့် ထိုအရာက ဘုရားသခင်၏အမှုတော် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်ဟူသည့် ခေါင်းစဉ်နှင့် မည်သို့ ဆက်နွှယ်မှုရှိသည်ကို ငါတို့ ဆွေးနွေးသွားမည်။

ကျမ်းစာ၏ ဤအပိုင်း၌ နောဧအပေါ် ဘုရားသခင်အဘယ်အရာပြုနေသည်ဟု သင်တို့မြင်သနည်း။ ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ဤမှာထိုင်နေသည့်သူအားလုံးက ကျမ်းစာကိုဖတ်ရှုခြင်းမှ သိချင်သိမည် ဖြစ်သည်။ ဘုရားသခင်က နောဧကို သင်္ဘောဆောက်ခိုင်းသည်၊ ထို့နောက်တွင် ဘုရားသခင်သည် ကမ္ဘာကို ဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို အသုံးပြုခဲ့သည်။ လူသားမျိုးနွယ်၏ နောက်မျိုးဆက်အတွက် ဘိုးဘေးများ ဖြစ်လာရန်၊ အသက်ရှင်ကျန်ရစ်စေရန်၊ နောဧတို့ မိသားစုရှစ်ယောက်ကို ကယ်တင်ခြင်းငှာ ဘုရားသခင်က နောဧကို သင်္ဘောဆောက်စေခဲ့သည်။ ကျမ်းစာကို ဖတ်ကြည့်ကြစို့။

ခ။ နောဧ

၁။ ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးပြီး ဖျက်ဆီးရန် ရည်ရွယ်၏၊ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

ကမ္ဘာဦး ၆:၁၈-၂၂ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန် အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည် အတိုင်းလည်း နောဧ ပြုလေ၏။

ဤကျမ်းပိုဒ်များကိုဖတ်ပြီးသည့်နောက် နောဧက မည်သူဖြစ်သည်ကို သင်တို့အနေဖြင့် အကြမ်းဖျင်း နားလည် လာသလော။ နောဧက မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ မူရင်းစာသား၌ “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏” ဟုဆိုထားသည်။ ယခုခေတ်လူများ၏ နားလည်မှုအရ ထိုအချိန်အခါက ဖြောင့်မတ်သောသူဆိုသည်မှာ မည်သို့သောလူမျိုးနည်း။ ဖြောင့်မတ်သောသူဆိုသည်မှာ စုံလင်သည့်သူ ဖြစ်ရမည်။ ဤစုံလင်သည့်လူသည် လူ့အမြင်၌စုံလင်ခြင်းလော၊ သို့တည်းမဟုတ် ဘုရားသခင်၏ အမြင်၌ စုံလင်ခြင်းလော ဆိုသည်ကို သင်တို့သိသလော။ ဤစုံလင်သည့်လူသည် ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူ ဖြစ်ပြီး လူ့အမြင်၌ မဟုတ်သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဤအချက်မှာ သေချာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် မျက်စိကန်းပြီး မမြင်နိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင် သာလျှင် ကမ္ဘာတစ်ခုလုံးနှင့် လူအယောက်ချင်းစီတိုင်းကို ကြည့်ရှုကာ နောဧမှာ စုံလင်သည့်သူဖြစ်သည်ကို ဘုရားသခင်သာလျှင် သိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏အစီအစဉ်သည် နောဧကို သူခေါ်သည့် အခိုက်အတန့်မှ စတင်ခဲ့သည်။

ထိုခေတ်၌ အင်မတန်အရေးကြီးသည့်အရာကိုလုပ်ခြင်းငှာ နောဧကိုခေါ်ရန် ဘုရားသခင်ရည်ရွယ်ခဲ့သည်။ သူသည် အဘယ်ကြောင့် ၎င်းကို လုပ်ခဲ့ရခြင်းဖြစ်သနည်း။ ထိုအချိန်အခါက သူ့နှလုံးသားထဲတွင် ဘုရားသခင်သည် အစီအစဉ်တစ်ခုရှိခဲ့၍ဖြစ်သည်။ သူ၏အစီအစဉ်မှာ ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးရန်ဖြစ်သည်။ ကမ္ဘာကြီးကို အဘယ်ကြောင့် ဖျက်ဆီးသနည်း။ ဤစာစုတွင် ပြောပြထားသည်၊ “ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။” “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဟူသည့်စာစုမှ သင်တို့ အဘယ်အရာကို မြင်သနည်း။ ကမ္ဘာကြီးနှင့် ကမ္ဘာပေါ်က လူများသည် အဆုံးစွန်အထိ ပျက်စီးနေသည့်အချိန်တွင် ကမ္ဘာပေါ်ရှိ ဖြစ်ရပ်တစ်ခုဖြစ်သည်။ ၎င်းမှာ “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဆိုသည့်အရာဖြစ်သည်။ ယခုခေတ်စကားနှင့် ဆိုလျှင် “အဓမ္မအမှုနှင့်ပြည့်စုံသည်” ဆိုသည်မှာ အရာအားလုံး ကမောက်ကမဖြစ်နေခြင်းကို ဆိုလိုသည်။ လူသားအတွက် သက်ရှိသတ္တဝါအားလုံးတွင် စနစ်ကျမှုမရှိဘဲ ပရမ်းပတာ ဖြစ်နေပြီး စီမံခန့်ခွဲဖို့ရန် ခက်ခဲသည်ဟု ဆိုလိုသည်။ ဘုရားသခင်၏အမြင်တွင်မူ ကမ္ဘာပေါ်၌ လူသားများသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြသည်ဟု ဆိုလိုသည်။ မည်သည့်အတိုင်းအတာထိ ပျက်စီးကြသနည်း။ ဘုရားသခင်က မကြည့်ချင်လောက်တော့သည့်အထိ၊ သည်းမခံနိုင်လောက်တော့ သည့်အထိ ပျက်စီးကြသည်။ ဘုရားသခင်က ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ရလောက်သည့်အထိ ဖောက်ပြန်ပျက်စီးနေကြခြင်း ဖြစ်သည်။ ကမ္ဘာကိုဖျက်ဆီးရန် ဆုံးဖြတ်ပြီးသည့်အခါ ဘုရားသခင်သည် သင်္ဘောဆောက်ခြင်းငှာ လူတစ်ဦးကိုရှာရန် စီစဉ်ခဲ့သည်။ ထို့နောက် ဘုရားသခင်က ဤအရာကို ပြုဖို့ရန် နောဧကို ရွေးချယ်ခဲ့သည်။ နောဧကို သင်္ဘောဆောက် စေရန်ဖြစ်သည်။ အဘယ်ကြောင့် နောဧကို ရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏အမြင်၌ နောဧသည် ဖြောင့်မတ်သည့်လူဖြစ်ပြီး ဘုရားသခင်က သူ့ကို မည်သည့်အရာပင် ညွှန်ကြားသည်ဖြစ်စေ ထိုအတိုင်း သူလုပ်ဆောင်လိမ့်မည်ဖြစ်သောကြောင့်တည်း။ သူ့ကို ဘုရားသခင်လုပ်ခိုင်းသည့်အရာမှန်သမျှကို သူလုပ်လိမ့်မည်ဟု ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ သူ၏အမှု ပြီးမြောက်စေဖို့၊ သူတာဝန်ပေးစေခိုင်းထားသည်ကို ပြီးမြောက်စေဖို့၊ မိမိနှင့်အတူ အလုပ်လုပ်စိမ့်သောငှာ ဘုရားသခင်သည် ဤသို့သော လူတစ်ယောက်ကို ရှာတွေ့လိုခဲ့ပေသည်။ ထိုအချိန်အခါက နောဧအပြင် ဤသို့သောအလုပ်မျိုးကို ပြီးဆုံးအောင်လုပ်နိုင်မည့် အခြားလူရှိသလော။ လုံးဝမရှိပေ။ ဘုရားသခင်တာဝန်ပေး စေခိုင်းထားသည်ကို ပြီးဆုံးအောင်လုပ်နိုင်မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ၊ တစ်ဦးတည်းသော သင့်တော်သည့်သူမှာ နောဧဖြစ်သောကြောင့် ဘုရားသခင်က သူ့ကိုရွေးချယ်ခဲ့သည်။ သို့ရာတွင် လူများကို ကယ်တင်ခြင်းနှင့် ပတ်သက်၍ ထိုအချိန်အခါက ဘုရားသခင်၏ နယ်ပယ်နှင့် စံသတ်မှတ်ချက်များက ယခုနှင့် အတူတူပင်ဖြစ်သလော။ ကွဲပြားခြားနားမှုတစ်ခု ဧကန်ပင်ရှိသည်ဟု ဖြေရပေလိမ့်မည်။ အဘယ်ကြောင့် ငါမေးသနည်း။ ထိုအချိန်အခါက ဘုရားသခင်၏အမြင်တွင် နောဧသာလျှင် ဖြောင့်မတ်သည့်လူဖြစ်သည်။ သွယ်ဝိုက်အနက်အရ သူ့မိန်းမ၊ သားနှင့်ချွေးမတို့အားလုံးသည် ဖြောင့်မတ်သည့်သူများ မဟုတ်ပေ။ သို့ရာတွင် နောဧကြောင့် ဤလူများကို ဘုရားသခင်က ကယ်တင်ခဲ့သည်။ ဘုရားသခင်သည် ယခုခေတ်လူများကို တောင်းဆိုသကဲ့သို့ သူတို့ကို မတောင်းဆိုခဲ့ဘဲ ထိုအစား နောဧ၏မိသားစုရှစ်ယောက်လုံးကို အသက်ရှင်စေခဲ့သည်။ နောဧ၏ ဖြောင့်မတ်မှုကြောင့် ဘုရားသခင်၏ကောင်းချီးကို သူတို့ရခဲ့ကြသည်။ နောဧသာ မရှိလျှင် ဘုရားသခင်တာဝန်ပေးစေခိုင်းသည်ကို သူတို့ ပြီးဆုံးအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုအချိန်က ကမ္ဘာ၏ပျက်စီးခြင်းမှ ရှင်သန်လွတ်မြောက်ရမည့် လူက နောဧသာဖြစ်ပြီး အခြားလူများက ဆွေမျိုးဆက်စပ်ပြီး အကျိုးခံစားရသည့်သူများသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏စီမံခန့်ခွဲသည့်အမှုကို တရားဝင် စတင် မလုပ်ဆောင်ခင်အချိန်က လူများကို သူဆက်ဆံသည့်၊ တောင်းဆိုသည့် စည်းမျဉ်းနှင့် စံသတ်မှတ်ချက်များသည် အတော်အတန် သက်သာမှုရှိသည်ကို ပြသည်။ ယနေ့ခေတ်လူများ အနေနှင့်ကြည့်လျှင် နောဧ၏မိသားစု ရှစ်ယောက် အပေါ်တွင် ဘုရားသခင်ဆက်ဆံခဲ့သည့်ပုံစံက တရားမျှတမှုကင်းမဲ့သည်ဟု ထင်မြင်ရသည်။ သို့ရာတွင် ယခုခေတ် လူများအပေါ်တွင် လုပ်ဆောင်သည့် အမှုပမာဏနှင့် သူဆက်သွယ်ပြောဆိုသည့် သူ၏နှုတ်ကပတ်တော် ပမာဏနှင့် ယှဉ်ကြည့်လျှင် နောဧ၏မိသားစုရှစ်ယောက်ကို ဘုရားသခင်ဆက်ဆံခဲ့သည့် ပုံစံသည် ထိုအချိန်အခါက သူ၏အမှုနောက်ကွယ်မှ အမှု၏ အခြေခံသဘောတရားတစ်ခုသာ ဖြစ်သည်။ ယှဉ်ကြည့်လျှင် ဘုရားသခင်ထံမှ နောဧ၏ မိသားစု ရှစ်ယောက်သည် ပိုရရှိသလော သို့မဟုတ် ယနေ့ခေတ် လူများက ပိုရရှိသလော။

နောဧသည် ခေါ်တော်မူခြင်းခံရသည်မှာ ရိုးရှင်းသည့် အချက်တစ်ခုဖြစ်သည်။ သို့ရာတွင် ငါတို့ပြောနေသည့် အဓိကအချက်ဖြစ်သည့် ဤမှတ်တမ်းထဲမှ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အလိုတော်နှင့် သူ၏အနှစ်သာရတို့မှာ မရိုးရှင်းပေ။ ဘုရားသခင်၏ ဤသွင်ပြင်လက္ခဏာအချို့ကို နားလည်ရန် အရင်ဦးဆုံး ဘုရားသခင်ခေါ်လိုရှိသည့် လူပုဂ္ဂိုလ်မျိုးကို ငါတို့နားလည်ရမည်။ ဤသည်မှတစ်ဆင့် သူ၏စိတ်သဘောထား၊ အလိုတော်နှင့် အနှစ်သာရကို နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ အင်မတန် အရေးကြီးသည်။ သို့ဆိုလျှင် ဘုရားသခင်၏အမြင်၌ သူခေါ်ဆိုသည့်ဤသူက မည်သို့သောလူမျိုးနည်း။ ဤသူမှာ သူ၏ညွှန်ကြားချက်များကို လိုက်လျှောက်နိုင်သည့်၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူဖြစ်ရမည်။ တစ်ချိန်တည်းမှာပင် တာဝန်ဝတ္တရားကို နားလည်သည့်သူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြီးမြောက်အောင် ပြုလုပ်ရမည့် တာဝန်ဝတ္တရားအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်မည့်သူဖြစ်ရမည်။ ဤသို့ဆိုလျှင် ဤလူက ဘုရားသခင်ကို သိသည့်လူ ဖြစ်ဖို့ရန် လိုအပ်သလော။ မဟုတ်ပေ။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်၏အမှုကို ကြုံဖူးခြင်း သို့မဟုတ် ဘုရားသခင်၏သွန်သင်ချက်များကို ကြားဖူးခြင်းတို့ သိပ်မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ နောဧသိထားချက်မှာ အလွန်နည်းသည်။ နောဧသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်ဟု ဤနေရာတွင် မှတ်တမ်းတင်ထားသော်လည်း ဘုရားသခင်ကို သူကိုယ်တိုင်မြင် ခဲ့ဖူးသလော။ လုံးဝ မမြင်ဖူးပေ။ အဘယ်ကြောင့်ဆိုလျှင် ထိုခေတ်၌ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများသာ လူတို့ထံ လာခြင်းဖြစ်သည်။ သူတို့သည် အကြောင်းကိစ္စများကို လုပ်ကိုင်ပြောဆိုရာတွင် ဘုရားသခင်ကို ကိုယ်စားပြုနိုင် သော်လည်း သူတို့သည် ဘုရားသခင်၏အလိုတော်နှင့် ရည်မှန်းချက်များကို သယ်ဆောင်ပေးခြင်း သက်သက်သာ ဖြစ်သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားရှေ့၌ မျက်နှာချင်းဆိုင် ကိုယ်ထင်ပြခြင်း မရှိပေ။ ကျမ်းစာ၏ ဤအပိုင်း၌ နောဧဟူသည့် ဤပုဂ္ဂိုလ်က အဘယ်အရာကို ပြုလုပ်ခဲ့ရသည်နှင့် သူ့ကို ဘုရားသခင်ပေးသည့် ညွှန်ကြားချက်များကိုသာ ငါတို့မြင်ရသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် ဘုရားသခင်ဖော်ပြခဲ့သည့် အနှစ်သာရက မည်သို့ဖြစ်သနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် သေသေချာချာ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အကြောင်းအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ပေါ်ပေါက်လာသည်ကို မြင်သည့်အခါ၊ ထိုအရာကို တိုင်းတာသတ်မှတ်သည့် စံတစ်ခု သူ့အမြင်တွင် ရှိလိမ့်မည်။ ဤစံသတ်မှတ်ချက်က ဤအကြောင်းကိစ္စကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု စတင်လုပ်ဆောင်မည်လော သို့မဟုတ် အခြေအနေနှင့် အကြောင်းအရာများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ သူသည် စိတ်မဝင်စားခြင်း သို့မဟုတ် အရာအားလုံးအပေါ်၌ ခံစားချက်မရှိခြင်း မဟုတ်ပေ။ စင်စစ်အားဖြင့် ထိုအချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောသည့် ကျမ်းပိုဒ်တစ်ခုရှိသည်။ “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအကြိမ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် လူသားကိုသာ ဖျက်ဆီးမည်ဟု ပြောခဲ့သလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က အဘယ်ကြောင့် ဖျက်ဆီးလိုသနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ နောက်ထပ် ဖွင့်ပြချက် တစ်ခုရှိသည်။ ဘုရားသခင်၏အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် သတ္တဝါ အားလုံးတို့၏ မနာခံမှုတို့အပေါ်တွင် သူ၏သည်းခံမှုနှင့် ပတ်သက်၍ အကန့်အသတ်တစ်ခုရှိသည်။ သူ၏ အကန့်အသတ်က မည်သို့ဖြစ်သနည်း။ ဘုရားသခင် ပြောသကဲ့သို့ ပင်ဖြစ်သည်။ “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စာစုက အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်နောက် လိုက်ခဲ့ကြသည့်သူများအပါအဝင်၊ ဘုရားသခင်၏ အမည်နာမကို ခေါ်ဆိုခဲ့သည့်၊ ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသည့်၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသည့်၊ သက်ရှိအားလုံးကို ဆိုလိုသည်။ သူတို့၏အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဤသည်ကို ဘုရားသခင်မြင်သည့်အခါ ဘုရားသခင်သည် သူတို့ကို ဖျက်ဆီးရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကန့်အသတ်ဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားကို ဘုရားသခင်က မည်မျှအထိ သည်းခံသနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို မလျှောက်တော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးပြီး မကောင်းမှုနှင့်ပြည့်ရုံသာမကဘဲ ကမ္ဘာကို ဘုရားသခင်က အုပ်ချုပ်သည်၊ ဘုရားသခင်သည် လူသားများကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သည့်သူကို မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သူတစ်ယောက်မျှ မရှိတော့သည့် အတိုင်းအတာထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပြုသည့် အတိုင်းအတာထိဖြစ်သည်။ လူသား၏ ပျက်စီးမှုသည် ဤအခြေအနေကိုရောက်သည်နှင့် ဘုရားသခင်သည် ဆက်ပြီး သည်းခံတော့မည် မဟုတ်ပေ။ မည်သည့်အရာနှင့် အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်ခြင်းနှင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို တစ်ပိုင်းတစ်စ ဖွင့်ပြခြင်းတစ်ခု မဟုတ်သလော။ လက်ရှိခေတ်ကာလတွင် ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သူ ရှိသေးသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူရှိသေးသလော။ ဤခေတ်ကာလတွင် ကမ္ဘာပေါ်တွင်ရှိသည့် သတ္တဝါအားလုံး၏ အပြုအမူသည် ဘုရားသခင်၏အမြင်၌ ပျက်စီးနေပြီလော။ ယနေ့ခေတ်ကာလတွင် ဘုရားသခင်မှ စုံလင်အောင် ပြုလိုသည့်သူများ၊ ဘုရားသခင်၏နောက်ကိုလိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍ အသွေးအသားနှင့် လူသားအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအတိုင်းအတာကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်နေသည့်အရာအားလုံး၊ သင်တို့၏ နားနှင့် ကြားနေရသည့်အရာများ၊ သင်တို့၏ မျက်လုံးနှင့် မြင်တွေ့နေရသည့်အရာများနှင့် ဤကမ္ဘာ၌ နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရသည့်အရာများသည် အဓမ္မ အမှုနှင့် ပြည့်စုံနေသည် မဟုတ်လော။ ဘုရားသခင်၏ အမြင်၌ ဤသို့သောကမ္ဘာ၊ ဤသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧတုန်းကကာလ၏ နောက်ခံနှင့် လုံးဝ မတူညီသော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် ထိုအချိန်အခါကနှင့် လုံးဝ အတူတူပင် ရှိနေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း အခြေအနေအရပ်အရပ်ကို ကြည့်လျှင် ဘုရားသခင်၏အမြင်၌ ဤကမ္ဘာသည် ဖျက်ဆီးခြင်းခံရသင့်သည်မှာ ကြာလှချေပြီ။ ကမ္ဘာက ရေနှင့်လွှမ်းမိုးပြီး ဖျက်ဆီးခံရသည့်အချိန်နှင့်စာလျှင် ယခုအခြေအနေသည် လုံးဝမတူပေ။ သို့ရာတွင် ကွာခြားချက်က အဘယ်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏နှလုံးသားကို ဝမ်းအနည်းစေဆုံးသောအရာတစ်ခုလည်းဖြစ်ပြီး သင်တို့ထဲမှ မည်သူမျှ နားမလည်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ချင်ဖြစ်နေမည်ဖြစ်သည်။

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးနေခဲ့စဉ်က သင်္ဘောဆောက်ပြီး ပြင်ဆင်မှုအချို့ ပြုလုပ်ရန်အတွက် ဘုရားသခင်သည် နောဧကို ခေါ်နိုင်ခဲ့သည်။ ဘုရားသခင်က ဤအလုပ်တသီတတန်းကို လုပ်ဆောင်ဖို့အတွက် နောဧဟူသည့် လူတစ်ဦးကို ခေါ်ယူနိုင်ခဲ့သည်။ သို့ရာတွင် ယခုလက်ရှိခေတ်ကာလ၌ ဘုရားသခင် ခေါ်ယူရန် လူတစ်ယောက်မျှ မရှိပေ။ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ထိုင်နေသည့် လူအယောက်ချင်းစီတိုင်းက အကြောင်းရင်းကို ကောင်းစွာ နားလည်ပြီး သိကောင်းသိနေနိုင်သည်။ ငါထုတ်ဖော်ပြောဆိုရန် လိုအပ်သလော။ ၎င်းကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုခြင်းက သင်တို့ကို အရှက်ရစေပြီး အားလုံးကို စိတ်ဆိုးသွားစေနိုင်သည်။ အချို့လူများက ဤသို့ ပြောကောင်း ပြောနိုင်သည်- “ဘုရားသခင်၏အမြင်၌ ကျွန်ုပ်တို့သည် ဖြောင့်မတ်သည့်လူများ၊ စုံလင်သည့် လူများ မဟုတ်သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်စုံတစ်ခုပြုလုပ်ရန် ညွှန်ကြားလာပါက ကျွန်ုပ်တို့သည် ထိုအရာကို လုပ်နိုင်ဦးမည် ဖြစ်သည်။ ယခင်က ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ဘုရားသခင်ပြောခဲ့သောအခါ ကျွန်ုပ်တို့သည် ကပ်ဘေး ကျရောက်လျှင် လိုအပ်မည့် အစားအစာများနှင့် ပစ္စည်းများကို စတင်ပြင်ဆင်ခဲ့ကြပါသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လုပ်ခဲ့ကြသည် မဟုတ်ပါလော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုနှင့် အကယ်ပင် ပူးပေါင်း ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည် မဟုတ်ပါလော။ ကျွန်ုပ်တို့ ပြုခဲ့သည့် ဤအရာများသည် နောဧပြုခဲ့သည့်အရာနှင့် ယှဉ်၍ မရသလော။ ကျွန်ုပ်တို့ပြုခဲ့သည့်အရာကို ပြုလုပ်ခြင်းမှာ စစ်မှန်သည့် နာခံမှုပင် မဟုတ်လော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ညွှန်ကြားချက်များကို လိုက်နာနေခဲ့ခြင်း မဟုတ်လော။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ယုံကြည်သည့်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ပြော သည့်အတိုင်း လုပ်ခဲ့ကြသည်မဟုတ်လော။ ထိုသို့ဖြစ်ပါက၊ ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းနည်းနေဆဲရှိသနည်း။ ဘုရားသခင်သည် သူခေါ်စရာ လူတစ်ယောက်မျှ မရှိဟု အဘယ်ကြောင့်ပြောသနည်း။” သင်တို့၏လုပ်ရပ်များနှင့် နောဧ၏လုပ်ရပ်ကြား၌ ကွာခြားချက်တစ်စုံတစ်ရာ ရှိသလော။ မည်သည့်ကွာခြားချက်နည်း။ (ကပ်ဘေးအတွက် အစားအစာ ပြင်ဆင်သည်မှာ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရည်ရွယ်ချက် ဖြစ်ပါသည်။) (ဘုရားသခင်၏အမြင်၌ နောဧသည် ဖြောင့်မတ်သူ ဖြစ်သော်လည်း ကျွန်ုပ်တို့၏ လုပ်ရပ်များသည် “ဖြောင့်မတ်ခြင်း” ကို မရောက်နိုင်ပါ။) သင်တို့ပြောသည့် အရာများက သိပ်အလှမ်းမဝေးပေ။ နောဧလုပ်ခဲ့သည့်အရာမှာ ယခုခေတ်လူများလုပ်နေသည်နှင့် အခြေခံအားဖြင့် ကွဲပြားသည်။ ဘုရားသခင်ညွှန်ကြားခဲ့သည့်အတိုင်း နောဧလုပ်ခဲ့သောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် အဘယ်အရာလုပ်ချင်သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ခုလုပ်ဖို့ ညွှန်ကြားခဲ့သည်။ သို့ရာတွင် ရှင်းပြချက် အများအပြား မပါဘဲနှင့် သူထလုပ်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့ ဘုရားသခင်ကို ခုခံခြင်း သို့မဟုတ် စိတ်နှစ်ခွလည်း မရှိခဲ့ပေ။ သူသည် သန့်စင်ပြီး ရိုးရှင်းသည့် နှလုံးသားနှင့် လျော်ညီစွာ လုပ်ခဲ့ခြင်းသာဖြစ်သည်။ ဘုရားသခင်က သူ့ကို လုပ်စေသမျှကို သူလုပ်ခဲ့သည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် နားထောင်ခြင်းတို့က အလုပ်လုပ်သည့်နေရာတွင် သူ၏ခံယူချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာနှင့် ပတ်သက်ပြီး ရိုးရှင်းစွာနှင့် တည့်မတ်စွာ သူကိုင်တွယ်သည့် ပုံစံပင်ဖြစ်သည်။ သူ၏အပြုအမူများ၏ အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ သူ၏အနှစ်သာရသည် ကြိုတွက်ခြင်းနှင့် ခုခံခြင်း မဟုတ်သည့်အပြင် မိမိ၏ ကိုယ်ကျိုးများ၊ မိမိ၏အမြတ်အစွန်းနှင့် ဆုံးရှုံးခြင်းတို့ကိုတွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးမည်ဟုပြောသည့်အခါ မည်သည့်အချိန်တွင် ပြုမည်နည်းဟု သူမမေးခဲ့ပေ သို့မဟုတ် အမှုအရာများ မည်သို့ဖြစ်လာမည်ကိုလည်း မမေးခဲ့ပေ။ ကမ္ဘာကို မည်သို့ ဖျက်ဆီးမည်နည်းဆိုသည်ကိုလည်း ဘုရားသခင်အား လုံးဝ မမေးခဲ့ပေ။ ဘုရားသခင်ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် ထိုအရာကို မည်သို့ပင် လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ ဘုရားသခင်တောင်းဆိုသည့်အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်းပင် စတင်လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားနှင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူလုပ်ဆောင်ခဲ့သည်။ ကပ်ဘေးမှ လွတ်မြောက်ရေးအတွက် အထောက်အကူဖြစ်ရန် သူလုပ်ခဲ့ခြင်းလော။ မဟုတ်ပေ။ ကမ္ဘာကြီး မပျက်စီးမီ မည်မျှကြာမည်ဆိုသည့်အကြောင်း ဘုရားသခင်ကို သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်ကို မေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ထိုအရာကိုလည်း သူမသိခဲ့ပေ။ သူသည် နာခံ၍ နားထောင်ခဲ့ကာ သင့်လျော်သလို လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ ယခုခေတ်လူများမှာ ထိုကဲ့သို့မဟုတ်ပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အချက်အလက်အနည်းငယ် ပေါက်ကြားသည်နှင့်၊ အနှောင့်အယှက် သို့မဟုတ် ပြဿနာတစ်ခုခု၏ အရိပ်လက္ခဏာကို သိသည်နှင့် ကပ်ဘေးအပြီးမှာ စားရမည့်အရာ၊ သောက်ရမည့်အရာနှင့် အသုံးပြုမည့်အရာကို ပြင်ဆင်ဖို့၊ ကပ်ဘေးကျရောက်လျှင် ထွက်ပြေးလွတ်မြောက်ရန် လမ်းများကိုပင် ပြင်ဆင်လျက် မည်သည့်အဖိုးအခပင်ဖြစ်ပါစေ၊ အဖိုးအခကို ဂရုမထားဘဲ သူတို့ချက်ချင်း စတင်လှုပ်ရှားကြလိမ့်မည်။ ပိုပြီးစိတ်ဝင်စားစရာကောင်းသည်မှာ ဤအရေးပါသည့် အခိုက်အတန့်တွင် လူ့ဦးနှောက်များသည် အင်မတန်မှ “အသုံးဝင်” ကြသည်။ ဘုရားသခင်က မည်သည့်ညွှန်ကြားချက်မျှ မပေးသည့်အခြေအနေတွင် လူသားသည် အရာအားလုံးကို အလွန်သင့်တော်စွာစီစဉ်နိုင်သည်။ ထိုအရာကို ဖော်ပြရန် “စုံလင်သည်” ဟူသည့် စကားကို သင်တို့အသုံးပြုနိုင်သည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားသခင်၏ရည်ရွယ်ချက်များ၊ သို့မဟုတ် ဘုရားသခင် လိုလားသည့်အရာကိုမူ မည်သူမျှ ဂရုမစိုက်ကြဘဲ နားလည်ဖို့ရန် မည်သူမျှ မကြိုးစားကြပေ။ ဤသည်မှာ ယနေ့ခေတ် လူများနှင့် နောဧတို့၏ အကြီးဆုံးကွာခြားချက် မဟုတ်သလော။

နောဧအဖြစ်အပျက်၏ ဤမှတ်တမ်းတွင် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်သလော။ လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့ အပေါ်တွင် ဘုရားသခင်၏ သည်းခံမှုမှာ အကန့်အသတ်ရှိသည်။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ သူသည် ဆက်လက်သည်းခံမည် မဟုတ်တော့ဘဲ သူ၏စီမံခန့်ခွဲမှု အသစ်နှင့် အစီအစဉ်အသစ်တို့ကို အစပြုလိမ့်မည်။ သူလုပ်ရမည့်အရာကို စလုပ်မည်ဖြစ်ကာ သူ၏ လုပ်ဆောင်ချက်များနှင့် သူ့စိတ်သဘော၏ အခြားတစ်ဖက်ကို ဖွင့်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသားအနေဖြင့် သူ့ကို ဘယ်တော့မျှ မစော်ကားရပေဆိုခြင်းကို ပြသရန် သို့မဟုတ် သူသည် အာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်နေသည်ကို ပြသရန်မဟုတ်သကဲ့သို့ သူ့အနေဖြင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်သည်ကို ပြသဖို့ရန်လည်းမဟုတ်ပေ။ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်မျိုးကို သူ၏မျက်မှောက်တွင် ရှင်သန်ခွင့်ပြုရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပြုရန် ခွင့်မပြုနိုင်တော့ခြင်း၊ စိတ်ရှည်သည်းခံမှု မရှိတော့ခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအားလုံးသည် သူ့ကို ဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ယောက်မျှ မရှိတော့သည့်အခါ၊ သူသည် ထိုသို့သော လူသားမျိုးနွယ်မျိုးကို ဆက်၍ သည်းခံတော့မည် မဟုတ်ဘဲ ဤသို့သော လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ရန်ဖြစ်သည့် သူ၏အစီအစဉ်ကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ ဤသို့သောလုပ်ရပ်ကို သူ့စိတ်သဘောထားနှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်၌ နေထိုင်သည့် ဖန်ဆင်းခံအရာအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤသည်က လက်ရှိခေတ်ကာလတွင် ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန်နှင့် သူကယ်တင်လိုသည့်လူများကို ကယ်တင်ရန် မစောင့်နိုင်ဖြစ် သည်ကို ပြသည်မဟုတ်လော။ ဤသို့သော အခြေအနေမျိုး အောက်တွင် ဘုရားသခင်သည် အဘယ်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်လျှောက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဘာပဲဖြစ်ဖြစ် ဆန့်ကျင်သည့်သူများ အနေဖြင့် သူ့ကို မည်ကဲ့သို့ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်ပေ၊ သို့တည်းမဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်းပြောဆိုကြပုံကို မဟုတ်ပေ။ သူ့နောက်ကို လိုက်လျှောက်သောသူများ၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် သူ၏ကယ်တင်ခြင်းခံရသည့် အရာများ၊ သူ့အားဖြင့် စုံလင်အောင်ပြုခြင်း ခံရသည့်သူများသည် သူ့ကို ကျေနပ်အားရစေခြင်း ရှိမရှိကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲပြီး အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် အပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကိုသာ ရံဖန်ရံခါ ပြုလုပ်သည်။ ဥပမာ ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ အစရှိသဖြင့်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကိုလိုက်ပြီး သူ့အားဖြင့် ကယ်တင်ခြင်းခံရဆဲဆဲရှိသည့် သူများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်။ တစ်ဖက်တွင် သူသည် စုံလင်အောင်ပြုပေးရန် သူရည်ရွယ်ထားသည့် လူများကို အဆုံးစွန်သော စိတ်ရှည်သည်းခံခြင်းကို ပေးနိုင်ပြီး ထိုသူတို့ကို သူတတ်နိုင်သမျှ ကြာကြာစောင့်နိုင်သည်။ အခြားတစ်ဖက်တွင်မူ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ကဲ့သို့သော လူများကို အလွန်အမင်း ရွံရှာမုန်းတီးသည်။ ဤစာတန်ကဲ့သို့သော လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် ကိုးကွယ်ခြင်းများ ပြုမပြုကို ဂရုမစိုက်သော်လည်း သူ့နှလုံးသားထဲတွင် သူတို့အတွက် သည်းခံပေးလျက် သူတို့ကို စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ကဲ့သို့သော လူများ၏အဆုံးသတ်ကို သူသတ်မှတ်သကဲ့သို့ပင် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များရောက်ရှိလာဖို့ကိုလည်း သူစောင့်နေသည်။

နောက်ကျမ်းပိုဒ်ကို ကြည့်ကြစို့။

၂။ ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီး

ကမ္ဘာဦး ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဖွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

ဤကျမ်းပိုဒ်မှ မည်သည့်အရာကို သင်တို့တွေ့သနည်း။ ဤကျမ်းပိုဒ်ကို အဘယ်ကြောင့် ငါရွေးခဲ့ခြင်း ဖြစ်သနည်း။ သင်္ဘောပေါ်မှ နောဧနှင့်သူ့မိသားစု၏ဘဝကို အဘယ်ကြောင့် ငါမရွေးချယ် မကောက်နှုတ်သနည်း။ အကြောင်းမှာ ထိုအချက်အလက်သည် ယနေ့ ငါတို့ပြောဆိုနေသည့် အကြောင်းအရာနှင့် များစွာဆက်စပ်မှုမရှိ၍ ဖြစ်သည်။ ငါတို့အာရုံစိုက်နေသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို ဖြစ်သည်။ ထိုအသေးစိတ် အချက်အလက်များကို သင်တို့သိချင်သည်ဆိုလျှင် သမ္မာကျမ်းစာကို ယူ၍ သင်တို့ကိုယ်တိုင် ဖတ်ကြည့်နိုင်သည်။ ထိုအကြောင်းကို ဤနေရာတွင် ပြောသွားမည်မဟုတ်။ ယနေ့ ငါတို့ပြောနေသည့် အဓိကအရာမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သို့သိနိုင်ပုံဖြစ်သည်။

နောဧက ဘုရားသခင်၏ညွန်ကြားချက်များကို လက်ခံပြီး သင်္ဘောကိုတည်ဆောက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းငှာ ရေလွှမ်းမိုးခြင်းကို ဘုရားသခင်အသုံးပြုသည့်နေ့များကို ဖြတ်သန်းကျော်လွှားခဲ့ပြီး သူ့မိသားစုဝင် ရှစ်ယောက်လုံး အသက်ရှင်ကျန်ရစ်ခဲ့သည်။ နောဧ၏ မိသားစု ရှစ်ယောက်မှလွဲ၍ လူသားမျိုးနွယ်အားလုံး ဖျက်ဆီးခြင်းခံခဲ့ရပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နောဧကိုမူ ဘုရားသခင်က ကောင်းချီးပေးပြီး သူ့သားနှင့်သူ့ကို အချို့အရာများပြောခဲ့သည်။ ဤအရာများက ဘုရားသခင်က သူ့ကို ပေးသနားသည့်အရာများဖြစ်ပြီး သူ့အတွက် ဘုရားသခင်၏ကောင်းချီးလည်းဖြစ်သည်။ ဤသည်မှာ သူ့ကို နားထောင်နိုင်ပြီး သူ၏ညွှန်ကြားချက်များကို လက်ခံနိုင်သူကို ဘုရားသခင်ပေးသည့် ကောင်းချီးနှင့် ကတိတို့ဖြစ်ကာ ဘုရားသခင် လူသားများကို ဆုချီးမြှင့်သည့် ပုံစံလည်းဖြစ်သည်။ တစ်နည်းအားဖြင့် နောဧသည် ဘုရားသခင်အမြင်တွင် စုံလင်သောသူဖြစ်ခြင်း သို့မဟုတ် ဖြောင့်မတ်သည့်လူ ဖြစ်ခြင်းတို့နှင့် မသက်ဆိုင်ဘဲ၊ ဘုရားသခင်ကို သူမည်မျှ သိသည်ဆိုသည်နှင့်မသက်ဆိုင်ဘဲ၊ အတိုချုပ်ပြောရလျှင် နောဧနှင့် သူ့သားသုံးယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး ဘုရားသခင်၏အမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ဘုရားသခင်၏ ညွှန်ကြားချက်များနှင့်အညီ သူတို့လုပ်သင့်သည့်အရာကို လုပ်ခဲ့ ကြသည်။ အကျိုးရလဒ်အနေနှင့် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ပြီးနောက် သက်ရှိသတ္တဝါအမျိုးမျိုးနှင့် လူသားများကို ထိန်းသိမ်းရာတွင် ဘုရားသခင်ကို ကူညီခဲ့ကြပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် နောက်တစ်ဆင့်အတွက် ကြီးမားသည့်အထောက်အပံ့ ဖြစ်စေခဲ့သည်။ နောဧ လုပ်ဆောင်ခဲ့သည့်အရာအားလုံးအတွက် ဘုရားသခင်က သူ့ကို ကောင်းချီးပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်လူများအတွက်မူ နောဧလုပ်ခဲ့သည့်အရာက ထုတ်ဖော်ပြောဆိုရန်ပင် မထိုက်တန်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့က ဤကဲ့သို့ပင် တွေးနိုင်သည်။ နောဧသည် ဘာမျှမလုပ်ခဲ့ပေ။ သူ့ကိုကယ်ဖို့ ဘုရားသခင်က စိတ်ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် သေချာပေါက် ကယ်တင်ခြင်းခံရမှာဖြစ်သည်။ သူအသက်ရှင်ကျန်ရစ်သည်မှာ သူ့ကြောင့်မဟုတ်ပေ။ လူက အားနည်းသည့်အတွက် ဤအရာသည် ဘုရားသခင်က ဖြစ်စေချင်ခဲ့သည့်အရာဖြစ်သည် စသဖြင့်ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင် စဉ်းစားနေခဲ့သည့်အရာ မဟုတ်ပေ။ ဘုရားသခင်အတွက်မူ လူတစ်ယောက်သည် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ သူ့နှုတ်ကပတ်တော်ကို နားထောင်နိုင်ကာ သူ၏ညွှန်ကြားချက်များနှင့် သူတာဝန်ပေးစေခိုင်းသည့်အရာကို နာခံနိုင်ပြီး သူ၏အလိုတော်နှင့် သူ၏အစီအစဉ်တို့က ချောမွေ့စွာ ပြီးမြောက်နိုင်ဖို့ သူ၏အမှုတော်၊ သူ၏အလိုတော်နှင့် သူ၏ အစီအစဉ်တို့၌ ပူးပေါင်းဆောင်ရွက်နိုင်သရွေ့ ထိုသူသည် သူ၏ အမှတ်ရခြင်းနှင့် ကောင်းချီးကို လက်ခံရရှိဖို့ ထိုက်တန်သည်။ ဘုရားသခင်သည် ဤသို့သောလူမျိုးများကို တန်ဖိုးထားပြီး သူတို့၏အပြုအမူ၊ ချစ်ခြင်းနှင့် သူ့အပေါ်တွင် ချစ်ခင်မှုများကို နှစ်သက်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် နောဧကို အဘယ်ကြောင့် ကောင်းချီးပေးခဲ့သနည်း။ အဘယ်ကြောင့် ဆိုလျှင် ဤသည်မှာ လူသား၏ထိုသို့သောလုပ်ရပ်များနှင့် နာခံခြင်းအပေါ်တွင် ဘုရားသခင် ပြုမူဆက်ဆံသည့် ပုံစံဖြစ်၍ဖြစ်သည်။

နောဧကို ဘုရားသခင်ကောင်းချီးပေးခြင်းနှင့်ပတ်သက်၍ အချို့လူများက ဤသို့ပြောလိမ့်မည်။ “လူသားက ဘုရားသခင်ကိုနားထောင်ပြီး ဘုရားသခင်ကို ကျေနပ်စေလျှင် ဘုရားသခင်အနေဖြင့် လူသားကို ကောင်းချီးပေးသင့်ပါသည်။ ဤအချက်က ပြောနေရန်ပင် မလိုသည့်အရာမဟုတ်လော။” ငါတို့ ထိုကဲ့သို့ ပြောနိုင်သလော။ “မပြောနိုင်ပါဘူး” ဟု အချို့ကပြောသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ငါတို့မပြောနိုင်ရသနည်း။ အချို့လူများက “လူသားသည် ဘုရားသခင်၏ကောင်းချီးကို မွေ့လျော်ခြင်းငှာ မထိုက်တန်ပါ” ဟုပြောကြသည်။ ၎င်းက လုံးဝဥဿုံ မှန်နေခြင်းမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင်တာဝန်ပေးစေခိုင်းထားသည့် အရာကို လူတစ်ယောက်က လက်ခံလိုက်သည့်အခါ သူ၏လုပ်ရပ်များသည် ကောင်းသလော ဆိုးသလော၊ သူသည် နာခံမှုရှိသလော၊ ထိုသူသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေသလောနှင့် သူတို့၏လုပ်ဆောင်သည့် အရာသည် အဆင့်မီသလော စသည့်အရာတို့ကို စီရင်ဆုံးဖြတ်ရန် ဘုရားသခင်၌ စံသတ်မှတ်ချက်တစ်ခုရှိသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူသား၏နှလုံးသားဖြစ်ပြီး သူတို့၏ အပေါ်ယံလုပ်ရပ်များမဟုတ်ပေ။ လူများက မည်သို့လုပ်ဆောင် သည်နှင့် မဆိုင်ဘဲ သူတို့သည် လုပ်ဆောင်နေသရွေ့ ဘုရားသခင်က ထိုသူကို ကောင်းချီးပေးသင့်သည်ဆိုခြင်းမှာ မမှန်ကန်ပေ။ ဤသည်မှာ လူသားက ဘုရားသခင်ကို နားလည်မှုလွဲခြင်း ဖြစ်သည်။ ဘုရားသခင်သည် အဆုံးသတ်ရလဒ်ကိုသာ ကြည့်ရုံသက်သက်တင်မဟုတ်ဘဲ အကြောင်းကိစ္စများ တိုးတက်ပြောင်းလဲလာစဉ်အတွင်း၌ လူတစ်ဦး၏နှလုံးသားနှင့် ထိုသူ၏သဘောထားက မည်သို့ပုံစံရှိသည်ကို သာ၍အလေးပေးပြီး သူတို့နှလုံးသား၌ နာခံမှု၊ စာနာထောက်ထားမှု၊ ဘုရားသခင်ကို ကျေနပ်စေဖို့ အတွက် ဆန္ဒတို့ ရှိမရှိကိုလည်း ကြည့်ရှုသည်။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်ကို မည်မျှသိခဲ့သနည်း။ ယခု သင်တို့သိသည့် အယူဝါဒများလောက် များသလော။ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် အသိပညာကဲ့သို့သော သမ္မာတရား၏ အချက်အလက်များနှင့် ပတ်သက်လျှင် သူသည် သင်တို့ကဲ့သို့ ရေလောင်းပေးမှုနှင့် ထိန်းကျောင်းပေးမှုများကို ရရှိခဲ့သလော။ မရခဲ့ပေ။ သို့ရာတွင် ငြင်း၍မရသည့် အချက်တစ်ချက်ရှိသည်။ ယနေ့ခေတ်လူတို့၏ သိမှု၊ စိတ်နှင့် နှလုံးသားအတွင်းမှာပင်လျှင် ဘုရားသခင် အပေါ်တွင်ထားသည့် သူတို့၏ သဘောထားနှင့် အယူအဆများက ဝေဝါးပြီး ရှုပ်ထွေးနေသည်။ လူအချို့သည် ဘုရားသခင်၏တည်ရှိမှုအပေါ်တွင် အဆိုးမြင်သည့် သဘောထားကို ကိုင်စွဲထားသည်ဟူ၍ပင် ပြောနိုင်သည်။ သို့ရာတွင် နောဧ၏ နှလုံးသားနှင့် သူ၏အသိစိတ်ထဲတွင်မူ ဘုရားသခင်၏တည်ရှိမှုဟာ အကြွင်းမဲ့ဖြစ်ပြီး ယုံမှားဖွယ်ရာ မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်အပေါ် သူ၏နာခံမှုသည် အစစ်အမှန်ဖြစ်ပြီး စမ်းသပ်မှုကို ခံနိုင်ပေသည်။ ဘုရားသခင်အပေါ်တွင် သူ့နှလုံးသားသည် သန့်စင်ပြီး ပွင့်လင်းသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းကို လိုက်လျှောက်စိမ့်သောငှာ သူ့ကိုယ်သူ ယုံကြည်လက်ခံအောင် ပြုရန် အယူဝါဒများနှင့်ဆိုင်သည့် အသိပညာများစွာကို သူမလိုအပ်ခဲ့သကဲ့သို့ ဘုရားသခင် တာဝန်ပေး စေခိုင်းသည့်အရာကို လက်ခံနိုင်ပြီး ဘုရားသခင်လုပ်ခိုင်းသည့် အရာများကို လုပ်ဆောင်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန် အချက်အလက်များစွာကိုလည်း သူမလိုအပ်ခဲ့ပေ။ ဤသည်မှာ ယနေ့ခေတ်လူများနှင့် နောဧ၏အကြားမှ ပဓာနကျသည့် ကွာခြားချက်ဖြစ်ပြီး ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူ၏ တိကျသည့် အဓိပ္ပာယ်သတ်မှတ်ချက်အမှန်ဖြစ်သည်။ ဘုရားသခင် အလိုရှိသည်မှာ နောဧကဲ့သို့သော လူမျိုးများဖြစ်သည်။ သူသည် ဘုရားသခင်ချီးမွမ်းသည့်လူစားမျိုးဖြစ်ပြီး ဘုရားသခင် ကောင်းချီးပေးသည့်လူစားမျိုး အတိအကျပင်ဖြစ်သည်။ ဤအချက်မှ ဉာဏ်အလင်းတစ်စုံတစ်ရာကို သင်တို့ရကြသလော။ လူများက အခြားလူများကို အပြင်ပန်းမှကြည့်ကြသော်လည်း ဘုရားသခင်ကြည့်သည့် အရာကမူ လူတို့၏နှလုံးသားနှင့် သူတို့၏ အနှစ်သာရကိုဖြစ်သည်။ ဘုရားသခင်သည် လူအားလုံးကို သူ့အပေါ်တွင် စိတ်မပါ့တပါဖြစ်ခြင်း သို့မဟုတ် သံသယများရှိခြင်းတို့ကို ခွင့်မပြုသကဲ့သို့ သူ့ကို လူများက သံသယရှိခြင်း သို့မဟုတ် စမ်းသပ်ခြင်းတို့ကို မည်သို့မျှ ခွင့်မပြုပေ။ ထို့ကြောင့် ယနေ့ခတ်လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျက်နှာချင်းဆိုင်မြင်နေရသော်လည်း သို့မဟုတ် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်၍ပင် စကားပြောဆိုနိုင်သော်လည်း သူတို့နှလုံးသားနက်ရှိုင်းရာထဲမှ တစ်စုံတစ်ခုကြောင့်၊ သူတို့၏ ပျက်စီးသည့် အနှစ်သာရ၏ တည်ရှိခြင်းနှင့် ဘုရားသခင်အပေါ်တွင် သူတို့၏ ရန်လိုသည့် သဘောထားတို့ကြောင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းမှ ပိတ်ဆို့ခံထားရပြီး ဘုရားသခင်အပေါ်တွင် နာခံမှုမရှိစေရန် ပိတ်ကာထားခံရသည်။ ထိုအကြောင်းကြောင့် နောဧအပေါ် ဘုရားသခင်ပေးသနားခဲ့သည့် တူညီသည့် ကောင်းချီးကို လက်ခံရရှိဖို့ရန် သူတို့အတွက် အင်မတန်မှ ခက်ခဲသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။