ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

အပိုင်း ခြောက်

ယောဘ၏ သက်သေခံချက်သည် ဘုရားသခင်ကို စိတ်ချမ်းသာစေသည်

ယောဘသည် နှစ်လိုဖွယ်ကောင်းသော လူသားတစ်ဦး ဖြစ်သည်ဟု သင်တို့အား ငါယခုဆိုပါက သင်တို့သည် ဤစကားများထဲမှ အနက်အဓိပ္ပာယ်ကို သဘောပေါက်နိုင်ခြေ ရှိမည်မဟုတ်ဘဲ ဤအရာအားလုံးကို ငါပြောရခြင်း၏ နောက်ကွယ်မှ သဘောထားကို နားလည်သဘောပေါက်နိုင်ခြေ ရှိမည်မဟုတ်ပေ၊ သို့သော်လည်း ယောဘခံခဲ့ရသော စမ်းသပ်မှုများ နှင့် တူညီသော သို့မဟုတ် ဆင်တူသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ ဘေးဒုက္ခကို သင်တို့ ဖြတ်သန်းဖူးသည့် နေ့ရက်၊ သင်တို့အတွက် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ထားသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ စုံစမ်းနှောင့်ယှက်ခြင်းများအကြားတွင် စာတန်ကို အောင်နိုင် လွှမ်းမိုးရန်နှင့် ဘုရားသခင်ကို သက်သေခံရန်အတွက် သင်၌ရှိသမျှကို ပေးပြီး အရှက်ကွဲခြင်းနှင့် အခက်အခဲကို သည်းခံသည့် နေ့ရက်အထိ စောင့်ကြလော့၊ ထိုအခါ သင်သည် ငါပြောသော ဤစကားများ၏ အဓိပ္ပာယ်ကို သဘောပေါက်နိုင် လိမ့်မည်။ ထိုအချိန်တွင် သင်သည် ယောဘထက် အလွန်နိမ့်ကျကြောင်း သင်သိလိမ့်မည်၊ ယောဘသည် မည်မျှ နှစ်လိုဖွယ်ကောင်းကြောင်းနှင့် သူသည် အတုယူထိုက်ကြောင်း သင်သိလိမ့်မည်၊ ထိုအချိန် ရောက်သောအခါ သင်သည် ယောဘပြောခဲ့သည့် စံပြုထိုက်သော ထိုစကားများမှာ ဤခေတ်ကာလများ၌ နေထိုင်ပြီး ပျက်စီးယိုယွင်းသောသူ တစ်ဦးအတွက် မည်မျှအရေးကြီးကြောင်း သင်သဘောပေါက်လာ လိမ့်မည်ဖြစ်ပြီး ယောဘစွမ်းဆောင်ခဲ့သောအရာသည် ယနေ့ခေတ် လူများ စွမ်းဆောင်ရန် မည်မျှပင် ခက်ခဲကြောင်းကို သင်သဘောပေါက်လာလိမ့်မည် ဖြစ်သည်။ ခက်ခဲသည်ဟု သင်ခံစားရသည့်အခါ ဘုရားသခင်၏ စိတ်နှလုံးမှာ မည်မျှစိုးရိမ်ပူပန်ကြောင်းကို သင်နားလည်လာမည်၊ ယင်းကဲ့သို့ လူများကို ရရန်အတွက် ဘုရားသခင် ပေးခဲ့သော အဖိုးအခမှာ မည်မျှပင် ကြီးမားကြောင်းနှင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြုခဲ့ပြီး အသုံးပြုခဲ့သည်တို့မှာ မည်မျှပင် အဖိုးထိုက်ကြောင်းကို သင်နားလည်လာမည် ဖြစ်သည်။ ယခုအခါ သင်တို့သည် ဤစကားများကို ကြားခဲ့ပြီး ဖြစ်သောကြောင့် ယောဘအပေါ် တိကျမှန်ကန်ပြီး မှန်သော အကဲဖြတ်ချက်တစ်ခု သင်တို့၌ ရှိသလော။ သင်တို့၏ အမြင်တွင် ယောဘသည် အမှန်တကယ် စုံလင် ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သော လူတစ်ဦး ဖြစ်ခဲ့သလော။ လူအများစုက ဖြစ်ခဲ့ပါသည်ဟူ၍ ပြောကြလိမ့်မည်ဟု ငါကျိန်းသေ ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယောဘ လုပ်ဆောင်ခဲ့ပြီး ထုတ်ဖော်ခဲ့သော ဖြစ်ရပ်မှန်များမှာ မည်သည့် လူသားတစ်ဦးတစ်ယောက်မျှ သို့မဟုတ် စာတန်အနေဖြင့် မငြင်းနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့မှာ စာတန်အပေါ် ယောဘ အောင်နိုင်ခြင်း၏ တန်ခိုးအရှိဆုံး သက်သေဖြစ်သည်။ ဤသက်သေသည် ယောဘထဲမှ ထွက်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင် လက်ခံရရှိသော ပထမဦးဆုံး သက်သေခံချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများထဲ၌ ယောဘအောင်နိုင်ပြီး ဘုရားသခင်အား သက်သေခံခဲ့သည့်အခါ ဘုရားသခင်သည် ယောဘထဲ၌ မျှော်လင့်ခြင်းကို မြင်ခဲ့ပြီး သူ၏စိတ်နှလုံးသည် ယောဘအားဖြင့် သက်သာရာ ရခဲ့သည်။ ဖန်ဆင်းမှုအစမှ ယောဘခေတ်အထိ ဤအကြိမ်မှာ ဘုရားသခင်သည် စိတ်ချမ်းသာခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်းနှင့် လူသားကြောင့် စိတ်ချမ်းသာရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်ကြောင်းကို ပထမဆုံးအကြိမ် စစ်မှန်စွာ ခံစားခဲ့ရခြင်း ဖြစ်ပြီး သူ့အတွက်ဖြစ်သော စစ်မှန်သော သက်သေခံချက်ကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းနှင့် ရခဲ့ခြင်း ဖြစ်သည်။

ယောဘ၏ သက်သေခံချက်နှင့် ယောဘ၏ အမျိုးမျိုးသော ရှုထောင့်များ၏ ဖြစ်စဉ်များကို ကြားပြီးနောက်တွင် လူအများစုသည် ၎င်းတို့ ရှေ့၌ရှိသော လမ်းကြောင်းအတွက် အစီအစဉ်များ ရှိကြလိမ့်မည်ဟု ငါယုံကြည်သည်။ ထို့အပြင် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသော လူအများစုသည် စတင်ကာ ဖြည်းဖြည်းချင်း ကိုယ်ရောစိတ်ပါ ငြိမ်းအေးလာပြီး တဖြည်းဖြည်း စိတ်သက်သာရာ ရကြလိမ့်မည်ဟုလည်း ငါယုံကြည်သည်...

အောက်ပါကျမ်းပိုဒ်များမှာ ယောဘနှင့်သက်ဆိုင်သော ဖြစ်စဉ်များ ဖြစ်သည်။ ဆက်လက် ဖတ်ရှုကြပါစို့။

၄။ ဘုရားသခင်အကြောင်းကို ယောဘသည် နားနှင့်ကြားခဲ့၏

ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။

ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။

ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။

ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘအား မထုတ်ဖော်ပြခဲ့သော်လည်း ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏

ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရား တစ်ခု ရှိကြောင်းကို သင်တို့ထဲမှ တစ်စုံတစ်ဦး သဘောပေါက်ခဲ့ပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ဆူရှိကြောင်းကို ယောဘ မည်ကဲ့သို့ သိခဲ့သနည်း။ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးအပြင် အရာခပ်သိမ်းကို အုပ်စိုးကြောင်းကို သူ မည်ကဲ့သို့ သိခဲ့သနည်း။ ဤမေးခွန်းကို အဖြေပေးသော ကျမ်းပိုဒ် တစ်ပိုဒ် ရှိသည်၊ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။ (ယောဘ ၄၂:၅-၆) ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက် ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီထဲမှ လေ့လာသိရှိခဲ့ကြောင်း ငါတို့သိရသည်။ သူ၏အသက်တာနှင့် အရာခပ်သိမ်းအလယ်၌ ဘုရားသခင် တည်ရှိကြောင်း သူအတည်ပြုပြီးသည့်နောက်တွင် ဘုရားသခင် နောက်သို့ လိုက်လျှောက်သော လမ်းကြောင်းကို သူစတင်လျှောက်လှမ်းခဲ့ခြင်းမှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်၊ ၎င်းမှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော လမ်းခရီးကို လိုက်နာနိုင်သော်လည်း ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် မတူညီခဲ့သလော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ထိုအရာ၏ သုံးသပ်ချက်မှာ သူသည် ဘုရားသခင်အား ကြားခဲ့သော်လည်း ဘုရားသခင်သည် မည်သည့်နေရာ၌ ရှိကြောင်း သို့မဟုတ် ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေခဲ့ကြောင်းကို သူမသိခဲ့ပေ၊ ၎င်းတို့မှာ ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများဖြစ်သည်၊ ဓမ္မဓိဌာန်ကျကျ ဆိုပါက သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း ဘုရားသခင်သည် သူ့အား မည်သည့်အခါမျှ ထင်ရှားပြခဲ့ခြင်း သို့မဟုတ် စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားပြောခြင်း သို့မဟုတ် တစ်စုံတစ်ရာ အမိန့်ပေးခြင်း မရှိခဲ့ဖူးသော်လည်း ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီး သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲနှင့် အရာခပ်သိမ်း၏အလယ်မှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီးနောက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် အကြောင်းရင်းများနှင့် နည်းစနစ် ဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် ဘုရားသခင်ကို မည်မျှပင် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ပါစေ၊ သူ၏ တည်ကြည်မှုကို မည်မျှပင် ခိုင်မြဲစွာ ဆုပ်ကိုင်ခဲ့ပါစေ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့အား ထင်ရှားပြခဲ့ခြင်း မရှိပေ။ ဤကျမ်းပိုဒ်ကို ဖတ်ကြပါစို့။ သူက “ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ” (ယောဘ ၉:၁၁) ဟူ၍ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်က ဆိုနေသောအရာမှာ ယောဘသည် သူ၏နံဘေး၌ ဘုရားသခင်ရှိခဲ့ကြောင်းကို ခံစားရခြင်း ရှိကောင်းရှိနိုင်သည် သို့မဟုတ် ခံစားခဲ့ရခြင်း မရှိဘဲ နေကောင်းနေနိုင်သည်၊ သို့သော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ခဲ့ဖူးခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏ရှေ့၌ ဖြတ်လျှောက်ကြောင်း သို့မဟုတ် လုပ်ဆောင်နေကြောင်း၊ သို့မဟုတ် လူသားကို လမ်းပြနေကြောင်းကို သူစိတ်ကူးမိခဲ့သည့် အချိန်များ ရှိခဲ့သော်လည်း သူမည်သည့်အခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားအပေါ် လူသား မမျှော်လင့်ထားသည့် အချိန်၌ ကြွလာသည်၊ လူသားသည် သူ့ထံ ဘုရားသခင် မည်သည့်အချိန်၌ ကြွလာကြောင်း သို့မဟုတ် သူ့အပေါ် မည်သည့်နေရာမှ ကြွလာကြောင်းကို မသိပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မမြင်နိုင်ခြင်းကြောင့် ဖြစ်သဖြင့် လူသားအတွက်မူကား ဘုရားသခင်သည် ပုန်းကွယ်နေခြင်းပင် ဖြစ်သည်။

ဘုရားသခင်သည် ယောဘ မမြင်အောင် ပုန်းကွယ်ခြင်းကြောင့် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း တုန်လှုပ်မှု မရှိ

သမ္မာကျမ်းထဲမှ ဤကျမ်းပိုဒ်တွင် ယောဘက၊ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ” (ယောဘ ၂၃:၈-၉) ဟု ဆက်၍ ဆိုလေသည်။ ဤဖြစ်စဉ်၌ ယောဘ၏ အတွေ့အကြုံများထဲတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူမမြင်အောင် ပုန်းကွယ်နေခဲ့ကြောင်း ငါတို့သိရသည်၊ ဘုရားသခင်သည် သူ့အား ပွင့်ပွင့်လင်းလင်း ထင်ရှားပြခဲ့ခြင်း မရှိသကဲ့သို့ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်း မရှိပေ၊ သို့သော် ယောဘသည် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင် တည်ရှိကြောင်း ယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လမ်းလျှောက်နေနိုင်ကြောင်း၊ သို့မဟုတ် သူ၏နံဘေး၌ လုပ်ဆောင်နေနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ဘေးမှ သူ၏အသက်ကို ထိန်းချုပ်နေကြောင်းကို အမြဲတစေ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သူ၏ ယုံကြည်ခြင်းအပေါ် သစ္စာစောင့်နိုင်ခဲ့သည်၊ ၎င်းကို အခြားသောသူ မည်သူမျှ လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘအား စကားပြောခြင်း သို့မဟုတ် သူ့အား ထင်ရှားပြခြင်း မရှိခဲ့သောကြောင့်ဖြစ်ပြီး အကယ်၍ သူသည် စစ်မှန်စွာ မယုံကြည်ခဲ့ပါက သူရှေ့ဆက်သွားနိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော လမ်းခရီးကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤအရာမှာ မမှန်သလော။ ဤစကားများကို ပြောသော ယောဘအကြောင်းကို သင်ဖတ်ရသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင်ဘက်မှ ပုံကြီးချဲ့ပြောခြင်း မဟုတ်ကြောင်း သင်ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြား လူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့အား စကားပြောခြင်း သို့မဟုတ် ထင်ရှားပြခြင်း မရှိခဲ့သော်လည်း ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ဆုပ်ကိုင်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ခဲ့သေးသည်၊ ထိုမျှမက ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူစိုးရိမ်သည့် ရလဒ်ကြောင့် ဘုရားသခင်ရှေ့၌ မီးရှို့သောယဇ်များကို မကြာခဏ ပူဇော်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်း၌ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးကြောင်းနှင့် သူ၏ယုံကြည်ခြင်းမှာ မည်မျှပင် ခိုင်မာပြီး စစ်မှန်ကြောင်းကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူမမြင်အောင် ပုန်းကွယ်ခဲ့ခြင်းကြောင့် ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းပယ်ခဲ့သည့်အပြင် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးခြင်းကြောင့် သူ၏ယုံကြည်ခြင်းပျက်၍ ဘုရားသခင်ကို စွန့်ပစ်ခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ဘဲ အရာခပ်သိမ်းအပေါ် အုပ်စိုးသည့် ဘုရားသခင်၏ ဝှက်ထားသော အမှုအကြား၌ ဘုရားသခင်၏ တည်ရှိမှုကို သူသဘောပေါက်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရသည်။ ဘုရားသခင် ပုန်းကွယ်ခဲ့ခြင်းကြောင့် ဖြောင့်မတ်ခြင်းကို သူလက်မလွှတ်ခဲ့သည့်အပြင် ဘုရားသခင်သည် မည်သည့်အခါမျှ သူ့အား ထင်ရှားပြခဲ့ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန်အတွက် ဘုရားသခင်ကို သူ့အား ပွင့်လင်းစွာ ထင်ရှားပြရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူရှုမြင်ခဲ့နှင့်ပြီးဖြစ်၍ သူသည် အခြားသူများ မရခဲ့သော ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့သည်ဟု ယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယောဘ မမြင်အောင် ပုန်းကွယ်၍ နေခဲ့သော်လည်း ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းမှာ မည်သည့်အခါမျှ တုန်လှုပ်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ရသည့် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ယောဘသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးပြီး ကောင်းချီးမင်္ဂလာများ သို့မဟုတ် ဘေးဒုက္ခ အကြောင်း မတွေးပေ

သမ္မာကျမ်းစာထဲမှ ယောဘ၏ ဇာတ်လမ်းများထဲတွင် မည်သည့်အခါမျှ ရည်ညွှန်းခဲ့ခြင်း မရှိသော ဖြစ်ရပ်မှန် တစ်ခုရှိသည်၊ ၎င်းမှာ ယနေ့ ငါတို့အာရုံပြုမည့်အရာ ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ခဲ့ဖူးခြင်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားသံများကို မကြားခဲ့သော်လည်း ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ထို့အပြင် ဘုရားသခင်အပေါ် ယောဘ၏ သဘောထား အဘယ်သို့ရှိခဲ့သနည်း။ ၎င်းမှာ ယခင်က ရည်ညွှန်းခဲ့သည်နှင့်အညီ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူ၍ပင် ဖြစ်သည်။ ဘုရားသခင်၏နာမကို သူကောင်းချီးပေးခြင်းမှာ အခြေအနေအပေါ် မမူတည်ပါ၊ မည်သည့်အခြေအနေ၌မဆို အကြောင်းပြချက် မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို ပေးခဲ့ပြီး ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးကြောင်းကို ငါတို့မြင်ရသည်၊ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှသည် ဘုရားသခင်ရှေ့၌ ဖွင့်ချထားပြီး ဘုရားသခင်အား ပိတ်ပင်ခဲ့ခြင်း မရှိပေ။ သူ၏စိတ်နှလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်အား သူ့အတွက် တစ်စုံတစ်ခု လုပ်ပေးရန် သို့မဟုတ် သူ့အား တစ်စုံတစ်ခုပေးရန် မည်သည့်အခါမျှ မတောင်းခဲ့ပေ၊ ထို့အပြင် ဘုရားသခင်အား သူကိုးကွယ်ခြင်းဖြင့် တစ်စုံတစ်ခုကို ရမည်ဟူ၍ လွန်ကဲသော အလိုဆန္ဒများကို သူ သိုလှောင်ထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အရောင်းအဝယ်များအကြောင်း မပြောသည့်အပြင် ဘုရားသခင်ထံ တောင်းခံချက်များနှင့် တောင်းဆိုချက်များကို တင်ခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏နာမကို သူချီးမွမ်းခြင်းသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အာဏာကြောင့် ဖြစ်ခဲ့ပြီး ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်ခဲ့ခြင်း ရှိမရှိအပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင်၏ တန်ခိုးနှင့် အာဏာသည် ပြောင်းလဲခြင်း မရှိသဖြင့် လူပုဂ္ဂိုလ်တစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံရခြင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခကျရောက်သည့်အခါတွင်လည်း ၎င်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်ပင် ဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးနှင့် အာဏာသည် လူသား၏ ခပ်သိမ်းသောအရာအပေါ် အုပ်စိုး၍ ပြင်ဆင်တော်မူ၏၊ မတည်တံ့သော လူသား၏ ကံကြမ္မာမှာ ဘုရားသခင်၏ တန်ခိုးနှင့် အာဏာ ထုတ်ဖော်ခြင်းပင် ဖြစ်ပြီး တစ်စုံတစ်ဦး၏ သဘောထားကို ပဓာနမထားဘဲ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်။ ဤသည်မှာ ယောဘခံစားခဲ့ရပြီး သူ၏အသက်တာ နှစ်များအတောအတွင်း သိလာခဲ့ခြင်း ဖြစ်သည်။ ယောဘ၏ အတွေးအခေါ်နှင့် လုပ်ရပ်အားလုံးကို ဘုရားသခင် ကြားခဲ့ပြီး ယင်းတို့သည် ဘုရားသခင်ရှေ့သို့ ရောက်ခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု အမြင်ခံခဲ့ရသည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ယင်းကဲ့သို့ စိတ်နှလုံးမျိုးရှိသည့်အတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံး၌၊ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာ ဖြစ်ပါစေ ၎င်းသည် သူ့အပေါ် ကျရောက်မည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်ထံ တောင်းဆိုချက်များ တင်ခြင်းကို မပြုခဲ့ပေ။ သူ့ကိုယ်သူ တောင်းဆိုခဲ့သောအရာမှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်၊ ဤအရာမှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ၎င်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာပင် ဧကန်ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် တစ်စုံတစ်ရာသော စကားများကို ပြောခြင်း၊ အမိန့်တစ်စုံတစ်ရာကို ထုတ်ပြန်ခြင်း၊ သွန်သင်ချက် တစ်စုံတစ်ရာကို ပေးခြင်း သို့မဟုတ် သူ့အား တစ်စုံတစ်ရာကို ညွှန်ကြားခြင်းကို ကြားခဲ့ဖူးခြင်းလည်း မရှိပေ။ ယနေ့ခေတ် စကားများဖြင့်ဆိုပါက ဘုရားသခင်သည် သူ့အား ဉာဏ်အလင်းဖွင့်ပြချက်၊ သမ္မာတရားနှင့်စပ်လျဉ်း၍ လမ်းပြမှု သို့မဟုတ် ထောက်ပံ့မှုတို့ကို မပေးခဲ့သောအခါ သူ့အတွက် ယင်းကဲ့သို့ အသိပညာနှင့် ဘုရားသခင်အပေါ် သဘောထား တစ်ခုကို ပိုင်ဆိုင်နိုင်ရန်မှာ အဖိုးထိုက်ပြီး သူ့အတွက်မူကား ယင်းကဲ့သို့ အရာများကို ထင်ရှားစွာပြခြင်းမှာ ဘုရားသခင်အတွက် လုံလောက်ခဲ့ပြီး သူ၏ သက်သေခံချက်မှာ ဘုရားသခင်၏ ချီးကျူးခြင်းနှင့် ဘုရားသခင်၏ မြတ်နိုးခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိပေ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင် သူ့အား သွန်သင်ချက် တစ်စုံတစ်ရာကို ဖွင့်ဟပြောဆိုခြင်းကို ကြားခဲ့ဖူးခြင်း မရှိသော်လည်း ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးနှင့် သူကိုယ်တိုင်သည် ဘုရားသခင်ရှေ့တွင် အလွန်လေးနက်သော အယူအဆအကြောင်းကိုသာ ပြောနိုင်သောသူများ၊ ဝါကြွားနိုင်သောသူများနှင့် ယဇ်များကို ပူဇော်ရန် ပြောသော်လည်း ဘုရားသခင်အပေါ်၌ မည်သည့်အခါမျှ စစ်မှန်သော အသိပညာ မရှိခဲ့သည့်အပြင် ဘုရားသခင်ကို မည်သည့်အခါမှ စစ်မှန်စွာ မကြောက်ရွံ့ခဲ့သောသူများထက် ပို၍ပင် အဖိုးထိုက်တန်ခဲ့ပေသည်။ ယောဘ၏ စိတ်နှလုံးသည် စင်ကြယ်ခဲ့ပြီး ဘုရားသခင်ထံမှ မဖုံးကွယ်ခဲ့ခြင်းကြောင့် သူ၏လူ့သဘာဝမှာ ရိုးသားပြီး ကြင်နာတတ်သည် သာမက တရားမျှတမှုနှင့် အပြုသဘောဆန်သော အရာကို နှစ်သက်ခဲ့သည်။ ယင်းကဲ့သို့ စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာလျှင် ဘုရားသခင် လမ်းခရီးနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်နိုင်စွမ်းရှိမည်ဖြစ်သည်။ ယင်းကဲ့သို့သော လူသား တစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်သည်၊ သူ၏အာဏာနှင့် တန်ခိုးကို မြင်နိုင်ပြီး သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် နာခံခြင်းကို ရရှိနိုင်စွမ်းရှိခဲ့သည်။ ဤကဲ့သို့ လူသားတစ်ဦးတည်းသာလျှင် ဘုရားသခင်၏နာမကို စစ်မှန်စွာ ချီးမွမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် ဘေးဒုက္ခ ကျရောက်စေမည် မကျရောက်စေမည်ကို သူမကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခြင်းကို ခံရကြောင်းကို သူသိခဲ့ပြီး လူသားအတွက် စိုးရိမ်မှုဆိုသည်မှာ မိုက်မဲမှု၊ ပညာမဲ့မှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှု၏ လက္ခဏာတစ်ခုဖြစ်ပြီး အရာခပ်သိမ်းအပေါ်ရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းကြောင့်ပင် ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အသိပညာပင် ဧကန်အမှန် ဖြစ်သည်။ ထိုသို့ဆိုသော် ယောဘ၌ သင်တို့ထက် ဘုရားသခင်နှင့်ပတ်သက်၍ ပိုမိုများပြားသော အယူအဆဆိုင်ရာ အသိပညာ ရှိခဲ့သလော။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အမှုတော်နှင့် မိန့်မြွက်ချက်များမှာ အနည်းငယ်သာ ဖြစ်ခဲ့သောကြောင့် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို ရရန်မှာ လွယ်သည့်ကိစ္စ မဟုတ်ခဲ့ပေ။ ယောဘ၏ ယင်းကဲ့သို့ အောင်မြင်မှု တစ်ခုမှာ စွမ်းဆောင်မှုကြောင့် မဟုတ်ခဲ့ပေ။ သူသည် ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့သည်သာမက ဘုရားသခင် စကားပြောသည်ကို ကြားဖူးခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခြင်း မရှိပေ။ ဘုရားသခင်အပေါ် ယင်းကဲ့သို့ သဘောထားတစ်ခု ရှိနိုင်ခြင်းမှာ သူ၏လူ့သဘာဝနှင့် ယနေ့ခေတ်လူတို့ ပိုင်ဆိုင်ခြင်းမရှိသော သူ၏ ကိုယ်တိုင်ကိုယ်ကျ လိုက်စားမှု၊ လူ့သဘာဝတစ်ခုနှင့် လိုက်စားမှုရလဒ်ကြောင့်သာ လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုခေတ်ကာလ၌ ဘုရားသခင်က “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ” ဟုဆိုခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ကာလ၌ ဘုရားသခင်သည် သူ့အပေါ် ယင်းကဲ့သို့ အကဲဖြတ်ချက်ကို ပြုလုပ်နှင့်ပြီဖြစ်၍ ယင်းကဲ့သို့ သုံးသပ်ချက်တစ်ခုကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ယနေ့တွင် မည်မျှပင် ပို၍ မှန်ကန်ခဲ့လိမ့်မည်နည်း။

ဘုရားသခင်သည် လူသားများ မမြင်နိုင်အောင် ပုန်းကွယ်နေသော်လည်း အရာခပ်သိမ်းအလယ်၌ သူ၏ လုပ်ဆောင်ချက်များအားဖြင့် သူ့ကို သိစေရန် လူသားအတွက် လုံလောက်ပေသည်

ယောဘသည် ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ပြောသော စကားများကို ကြားဖူးခဲ့ခြင်း မရှိပေ၊ ဘုရားသခင်၏ အမှုတော်ကို ကိုယ်တိုင် ကြုံတွေ့ခံစားဖူးခြင်းမှာ ပို၍ပင် မဖြစ်နိုင်သော်လည်း စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ဘုရားသခင်ကို သူ၏ကြောက်ရွံ့ခြင်းနှင့် သက်သေခံချက်ကို အားလုံး မြင်တွေ့ခဲ့ရပြီး ၎င်းတို့သည် ဘုရားသခင်၏ချစ်ခြင်း၊ ကြည်နူးခြင်းနှင့် ချီးကျူးခြင်းကို ခံရသည်၊ ထို့အပြင် လူတို့သည် ၎င်းတို့ကို အားကျခြင်းနှင့် သဘောကျခြင်း ရှိကြသည်သာမက ချီးမွမ်းသီချင်းများကို သီဆိုကြသည်။ သူ၏အသက်တာနှင့်ပတ်သက်၍ ကြီးမြတ်ခြင်း သို့မဟုတ် သာမန်ထက်လွန်ကဲခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ၊ သာမန်လူ တစ်စုံတစ်ဦးကဲ့သို့ပင် နေထွက်ချိန် အလုပ်သွား၍ နေဝင်ချိန် အိမ်ပြန်ကာ သာမည အသက်တာ တစ်ခုဖြင့် သူအသက်ရှင်ခဲ့သည်။ ကွဲပြားချက်မှာ အနည်းငယ်သော သာမည ဆယ်စုနှစ်များ အတောအတွင်း အခြားသောသူ တစ်စုံတစ်ဦးမှ မရရှိခဲ့သော ဘုရားသခင်၏လမ်းခရီးကို ထိုးထွင်းသိမြင်သောဉာဏ်ကို သူရခဲ့ပြီး ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အချုပ်အခြာအာဏာကို သဘောပေါက်ကာ နားလည်ခဲ့သည်။ သူသည် သာမန်လူ တစ်စုံတစ်ဦးထက် ပို၍တော်သောသူ မဟုတ်ခဲ့ပေ၊ သူ၏အသက်တာမှာ အထူးသဖြင့် ကျားကုတ်ကျားခဲ ဖြစ်ခဲ့ခြင်း မရှိသကဲ့သို့ သူ၌မမြင်ရသော အထူးကျွမ်းကျင်မှုများ မရှိခဲ့ပေ။ သူအမှန်တကယ် ပိုင်ဆိုင်ခဲ့သောအရာမှာ ရိုးသားသော၊ ကြင်နာသော၊ ဖြောင့်မတ်သော လူ့သဘာဝ ဖြစ်ခဲ့သည်၊ မျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး အပြုသဘောဆောင်သော အရာများကို နှစ်သက်သော လူ့သဘာဝ တစ်ခု ဖြစ်သည်၊ သာမန်လူ အများစုသည် ထိုအရာများကို တစ်ခုမျှ ပိုင်ဆိုင်ကြခြင်း မရှိပေ။ သူသည် ချစ်ခြင်းနှင့် မုန်းခြင်းကို ပိုင်းခြားသိမြင်ခဲ့သည်၊ တရားသော အသိတစ်ခု ရှိခဲ့သည်၊ အလျှော့မပေးဘဲ ဇွဲကောင်းခဲ့သည်၊ စဉ်းစားတွေးခေါ်ရာ၌ အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ သာမည အသက်တာဖြင့် အသက်ရှင်စဉ်ကာလအတွင်း ဘုရားသခင် ပြုခဲ့ပြီးသော သာမန်ထက် လွန်ကဲသော အမှုအရာများ အားလုံးကို မြင်ခဲ့ရပြီး ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မြင်ခဲ့ရသည်၊ ဘုရားသခင်၏ ပူပန်မှု၊ သဘောထားကြီးမှုနှင့် လူသားအတွက် ကာကွယ်မှုတို့ကို သူမြင်ခဲ့ရပြီး အထွတ်အမြတ်ဖြစ်သော ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းနှင့် အာဏာကို မြင်ခဲ့ရသည်။ သာမန် လူ တစ်စုံတစ်ဦးထက် ကျော်လွန်သည့် ဤအရာများကို ယောဘရနိုင်ခဲ့ခြင်း၏ ပထမအကြောင်းရင်းမှာ သူ၌ စင်ကြယ်သော စိတ်နှလုံးရှိခဲ့ခြင်းနှင့် သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဖန်ဆင်းရှင်၏ ဦးဆောင်မှုကို ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ သူ၏လိုက်စားမှုဖြစ်သည်၊ သူ၏လိုက်စားမှုမှာ အပြစ်အနာအဆာကင်း၍ စုံလင်ခဲ့ပြီး ကောင်းကင်ဘုံ၏အလိုနှင့် ကိုက်ညီကာ ဘုရားသခင်၏ချစ်ခြင်းကိုခံရ၍ မကောင်းမှုကို ရှောင်သော သူတစ်စုံတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို မမြင်နိုင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်သော်လည်း ယောဘသည် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်၊ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီး ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း သူသည် ဆုချီးမြှင့်သော လုပ်ဆောင်ချက်များနှင့် လူသားထံမှ သိမ်းရုပ်ခြင်း အားလုံးများမှာ ဘုရားသခင်ထံမှ လာကြောင်းကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော သာမန်လူ တစ်စုံတစ်ဦးနှင့် မကွာခြားဘဲ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းပေါ်၌ရှိသော ဘုရားသခင်၏ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးနောက် သူလိုက်လျှောက်ခြင်းအပေါ် အကျိုးသက်ရောက်စေရန် အခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင် အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်နေပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူပုဂ္ဂိုလ်တစ်ဦး၏ အသက်တာထဲမှ မည်သည့် အစိတ်အပိုင်း၌မဆို မြင်နိုင်ခဲ့ပေသည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိကြောင်းကို သူသဘောပေါက်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်အတောအတွင်း သူ၏ အသက်တာ၏ ထောင့်စွန်းတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို မြင်၍ သဘောပေါက်နိုင်ခဲ့သည့်အပြင် ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ပုန်းကွယ်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းကို တားဆီးခဲ့ခြင်း မရှိသကဲ့သို့ ၎င်းတို့သည် အရာခပ်သိမ်းအပေါ်၌ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာအကြောင်း သူ၏ အသိပညာအပေါ် အကျိုးသက်ရောက်စေခဲ့ခြင်း မရှိပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ပုန်းကွယ်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ ဖြစ်မြောက်ခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်းအလယ်၌ နှုတ်ဆိတ်၍ နေသော်လည်း အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံးအသံနှင့် သူ၏ နှုတ်ကပတ်တော်များကို ထုတ်ဖော်သော ဘုရားသခင်၏ စိတ်နှလုံးအသံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ အကယ်၍ လူတို့သည် ယောဘကဲ့သို့ တူညီသော လူ့သဘာဝနှင့် လိုက်စားမှုရှိပါက ၎င်းတို့သည် ယောဘကဲ့သို့ တူညီသော ဖြစ်မြောက်မှုနှင့် အသိပညာကို ရနိုင်ပြီး ယောဘကဲ့သို့ အရာခပ်သိမ်းအပေါ်၌ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာအကြောင်း တူညီသော နားလည်မှုနှင့် အသိပညာကို ရရှိနိုင်ကြောင်းကို သင်မြင်ရပေမည်။ ဘုရားသခင်သည် ယောဘအား ထင်ရှားပြခဲ့ခြင်း သို့မဟုတ် သူ့အား စကားပြောခဲ့ခြင်း မရှိသော်လည်း ယောဘသည် စုံလင်၍ ဖြောင့်မတ်နိုင်ခဲ့သည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်။ တစ်နည်းဆိုသော် ဘုရားသခင်သည် လူသားအား ထင်ရှားပြရန်နှင့် စကားပြောရန် မလိုအပ်ဘဲ အရာခပ်သိမ်းအလယ်၌ရှိသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအပေါ်ရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာသည် ဘုရားသခင်၏ တည်ရှိခြင်း၊ တန်ခိုးနှင့် အာဏာကို လူသားတစ်ဦး သိလာရန်အတွက် လုံလောက်ပြီး ဘုရားသခင်၏တန်ခိုးနှင့် အာဏာသည် ဤလူအား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သည့် လမ်းခရီးနောက်သို့ လိုက်စေရန်အတွက် လုံလောက်ပေသည်။ ယောဘကဲ့သို့သော သာမန်လူသားတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းကို ရယူနိုင်ခဲ့ပါက ဘုရားသခင်နောက်သို့လိုက်သော သာမန်လူပုဂ္ဂိုလ် အယောက်စီတိုင်းသည်လည်း ရယူနိုင်သင့်သည်။ ဤစကားများသည် ကျိုးကြောင်းဆီလျော်သော ကောက်ချက် သဖွယ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤအရာသည် အမှုအရာများ၏ ဥပဒေသများနှင့် ဆန့်ကျင်ခြင်း မရှိပေ။ သို့သော်လည်း အဖြစ်မှန်များသည် မျှော်လင့်ချက်များနှင့် ကိုက်ညီခြင်း မရှိသေးပေ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းသည် ယောဘနှင့် ယောဘ တစ်ဦးတည်း၏ ကျွမ်းကျင်မှု ဖြစ်သည်ဟု ထင်ရလိမ့်မည်။ “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း” ဟုဆိုသောအခါ လူတို့က ဤသည်မှာ ယောဘသာလျှင် လုပ်ဆောင်သင့်ကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးမှာ ယောဘ၏ အမည်ဖြင့်သာ တံဆိပ်တပ်ထားပြီး အခြားသူများနှင့် မသက်ဆိုင်ကြောင်း တံဆိပ်တပ်ထားသကဲ့သို့ ဖြစ်ခဲ့သည်။ ဤအရာအတွက် အကြောင်းရင်းမှာ သိသာထင်ရှားပေသည်၊ ယောဘ တစ်ဦးတည်းသာလျှင် ရိုးသားသော၊ ကြင်နာပြီး ဖြောင့်မတ်သော၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းအပြင် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် လူ့သဘာဝတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းကြောင့် ယောဘ တစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို လိုက်နာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာမှအဓိပ္ပာယ်ကို သင်တို့အားလုံး နားလည်ရမည်၊ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် ရိုးသားသော၊ ကြင်နာပြီး ဖြောင့်မတ်ခြင်းရှိပြီး မျှတမှုနှင့် ဖြောင့်မတ်ခြင်းအပြင် အပြုသဘောဆောင်သော လူ့သဘာဝတစ်ခုကို မည်သူမျှ မပိုင်ဆိုင်ခြင်းကြောင့် ဘုရားသခင်ကို မည်သူမျှ ကြောက်ရွံ့ခြင်း မရှိဘဲ မကောင်းမှုကို မရှောင်နိုင်ခြင်းဖြစ်သဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို မည်သည့်အခါမျှ မရနိုင်ပေ သို့မဟုတ် စမ်းသပ်မှုများအလယ်တွင် မြဲမြံစွာ ရပ်တည်နိုင်ခြင်း မရှိပေ။ ယောဘမှလွဲ၍ လူအားလုံးသည် စာတန်၏ ချုပ်နှောင်ခြင်းနှင့် ကျော့ကွင်း၌ ပိတ်မိခြင်းကို ဆက်၍ ခံရကြသည်၊ ၎င်းတို့ အားလုံးသည် ၎င်း၏စွပ်စွဲခြင်း၊ တိုက်ခိုက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရပြီး စာတန်ဝါးမြိုရန် ကြိုးစားခြင်းကို ခံရသောသူများဖြစ်ကာ ၎င်းတို့အားလုံးသည် လွတ်လပ်မှု ကင်းမဲ့ကြပြီး၊ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးသော အကျဉ်းသားများ ဖြစ်ကြသည်။

အကယ်၍ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရန်လိုပါက သူသည် ဘုရားသခင်ကို အဘယ်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်နည်း

ယနေ့ခေတ် လူများသည် ယောဘကဲ့သို့သော လူ့သဘာဝကို မပိုင်ဆိုင်ကြခြင်းကြောင့် ၎င်းတို့၏ သဘာဝနှင့် သဘောထား၏ အနှစ်သာရသည် ဘုရားသခင်အပေါ် မည်သို့ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ ၎င်းတို့သည် မကောင်းမှုကို ရှောင်ကြသလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှုကို ရှောင်ခြင်း မရှိသောသူများကို ဘုရားသခင်၏ ရန်သူများဟူသော ဤစကားစုဖြင့်သာ အကျဉ်းချုပ်သုံးသပ်နိုင်သည်။ သင်တို့သည် ဤစကားစုကို မကြာခဏ ပြောကြသော်လည်း သင်တို့သည် ၎င်းတို့၏ အဓိပ္ပာယ်အမှန်ကို မည်သည့်အခါမျှ သိခဲ့ကြခြင်း မရှိပေ။ “ဘုရားသခင်၏ ရန်သူများ” ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်၊ ၎င်းတို့မှာ ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်ကြောင်း ပြောနေခြင်း မဟုတ်သော်လည်း လူကသာ ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ၊ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါ မည်သူ့ထံ၌ ၎င်းတို့၏ ရည်မှန်းချက်များ၊ စိတ်ပါဝင်စားမှုများနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများထဲတွင် ၎င်းတို့သည် ၎င်းတို့ကိုယ်ကို မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခဲ့သည်၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးခဲ့ပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်၍ အတည်ပြုရဦးမည်၊ မကြာသေးမီက ကောင်းချီးမင်္ဂလာတစ်စုံတစ်ခုကို လက်ခံရရှိခဲ့ပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်း များစွာ ပေးခဲ့ပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက် ပြေးလျက်နေခဲ့ပြီး မြောက်မြားစွာ ခံစားရခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်သည် အကျွန်ုပ်အား တုံ့ပြန်သည့်အနေဖြင့် ကတိတစ်စုံတစ်ရာကို ပေးခဲ့ပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင် သလော...အယောက်တိုင်းသည် ယင်းကဲ့သို့ တွက်ချက်မှုများကို ၎င်းတို့၏စိတ်နှလုံးအတွင်း အဆက်မပြတ်နှင့် မကြာခဏ ပြုတတ်ကြပြီး ၎င်းတို့၏ စိတ်ပါဝင်စားမှုများနှင့် ရည်မှန်းချက်များနှင့် အပေးအယူများပါသော တောင်းဆိုချက်များ ကို ဘုရားသခင်ထံ တင်ပြကြသည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အဆက်မပြတ် စစ်ဆေးခြင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော အစီအစဉ်များကို အဆက်မပြတ် တီထွင်ခြင်းနှင့် သူ၏အဆုံးသတ်အတွက် ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံခြင်းနှင့် ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားခြင်း၊ ဘုရားသခင်သည် သူအလိုရှိသော အရာကို ပေးမည် သို့မဟုတ် မပေးမည်ကို ကြည့်ခြင်းတို့ကို ပြုလျက်နေသည်။ ဘုရားသခင်ကို လိုက်စားနေသည့် တစ်ချိန်တည်း၌ပင် လူသားသည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ သဘောမထားပေ။ သူသည် ဘုရားသခင်နှင့် အပေးအယူများလုပ်ရန် အမြဲကြိုးစားခဲ့သည်၊ သူ့အပေါ် မရပ်မနား တောင်းဆိုချက်များကို တင်ပြပြီး ခြေလှမ်းတိုင်းတွင် သူ့အား ဖိအားပေးခြင်းပင်ပြု၍ တစ်လက်မ ပေးပြီးနောက် တစ်မိုင်လောက် ယူရန် ကြိုးစားလျက်ရှိသည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင် လူသားသည် သူနှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ သို့မဟုတ် တိကျသော အခြေအနေများ၌ ၎င်းတို့ကိုယ်ကို ရောက်ရှိနေကြောင်း သိသည့်အခါ မကြာခဏ ခွန်အားနည်းခြင်း၊ မတုန်မလှုပ် ဖြစ်ခြင်းနှင့် ၎င်းတို့၏ အလုပ်ထဲ၌ ပေါ့ဆခြင်းဖြစ်လာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူစရာများ အပြည့်ရှိသည်။ သူသည် ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ကတည်းက လူသားသည် ဘုရားသခင်အား ကော်နူကိုပီယာ ခေါ် ဆွစ်တပ်မတော် စွယ်စုံသုံးဓားကဲ့သို့ သဘောထားခဲ့ပြီး သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော အကြွေးရှင်အဖြစ် သဘောထားခဲ့ကာ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်၍ ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ် စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သကဲ့သို့ သဘောထားခဲ့သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ “ဘုရားသခင်အပေါ် ယုံကြည်ခြင်း” ၏ အခြေခံအသိဖြစ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အသိဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှ သူ၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် သက်ဆိုင်နိုင်ခြေ ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်ကြောင်း လူသားသည် မည်သည့်အခါမျှ သဘောထားခဲ့ခြင်း သို့မဟုတ် နားလည်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ အခြေအနေများအရ လူသား၏ အနှစ်သာရမှာ သိသာထင်ရှားပေသည်။ ထို့အပြင် ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးမှာ အငြိုးထားတတ်ခြင်း၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို လက်သင့်ခံခြင်း၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်ခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်၍ အလိုကြီးခြင်းကြောင့် ဖြစ်သည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ၊ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးခဲ့ပြီးခြင်း မရှိပေ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခြင်း မရှိသည့်အပြင် သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံဖူးခြင်း မရှိပေ။ ဘုရားသခင်သည် မည်မျှ ကြီးမားသော အဖိုးအခကို ပေးပါစေ သို့မဟုတ် အလုပ်မည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ၎င်းကို သတိမပြုမိဘဲ လုံးလုံးလျားလျား စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိသည်၊ ဤအရာ၏ သွယ်ဝှက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို လိုက်နာရန် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံရန် အလိုမရှိခြင်း ဖြစ်သည် သာမက သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်လိုခြင်းပင် ဖြစ်သည်။ ၎င်းမှာ ယနေ့ခေတ် လူသား၏ အနေအထား ဖြစ်သည်။ ယခု ငါတို့ ယောဘကို နောက်တစ်ကြိမ် ကြည့်ကြပါစို့။ ပထမဆုံးအနေဖြင့် သူသည် ဘုရားသခင်နှင့် အပေးအယူ တစ်ခု လုပ်ခဲ့သလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို မြဲမြံစွာ ဆုပ်ကိုင်ရာတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက် တစ်စုံတစ်ရာ သူ၌ရှိခဲ့သလော။ ထိုအချိန်က ဘုရားသခင်သည် အစွန်အဖျားမှ တစ်စုံတစ်ဦးအား လာရန် ပြောခဲ့ပြီးပြီလော။ ထိုအချိန်က ဘုရားသခင်သည် အဆုံးသတ် အကြောင်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကတိများ ပေးခဲ့ခြင်း မရှိသည့်အပြင် ၎င်းမှာ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်ဟူသော ဤနောက်ခံအကြောင်းနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ ယနေ့ခေတ် လူများသည် ယောဘနှင့် နှိုင်းယှဉ်ခြင်းကို ရင်ဆိုင်ရဲသလော။ အလွန်ပင် ကွာဟချက် တစ်ခုရှိပြီး ၎င်းတို့မှာ မတူညီသော အတန်းအစားများထဲ၌ ရှိကြသည်။ ယောဘသည် ဘုရားသခင်အကြောင်း အသိပညာ မြောက်မြားစွာ မရှိခဲ့သော်လည်း သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား ပေးခဲ့ပြီး သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အပေးအယူ မလုပ်ခဲ့သည့်အပြင် ဘုရားသခင်အပေါ် လွန်ကဲသော အလိုဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိခဲ့ပါ၊ ထိုသို့မဟုတ်ဘဲ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏” ဟူ၍ သူယုံကြည်ခဲ့သည်။ ဤအရာမှာ များစွာသော အသက်တာ နှစ်များအတောအတွင်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို စစ်မှန်စွာ စွဲကိုင်ရာမှ သူမြင်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နည်းတူစွာ၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူသည့် ရလဒ်ကိုလည်း သူရခဲ့သည်။ ဤဝါကျနှစ်ကြောင်းမှာ သူ၏အသက်တာ အတွေ့အကြုံများအတွင်း ဘုရားသခင်အပေါ် သူ၏နာခံခြင်း သဘောထား၏ ရလဒ်ကြောင့် မြင်ခဲ့ပြီး သိလာသော အရာဖြစ်၍ ၎င်းတို့မှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများ၌ အောင်နိုင်ခဲ့သော သူ၏ တန်ခိုးအရှိဆုံး လက်နက်များ ဖြစ်သည့်အပြင် ဘုရားသခင်ကို သက်သေခံရာတွင် မြဲမြံစွာ သူရပ်တည်ရခြင်း၏ အုတ်မြစ်လည်း ဖြစ်သည်။ ဤနေရာတွင် သင်တို့သည် ယောဘအား နှစ်လိုဖွယ်ကောင်းသူ တစ်ဦးအဖြစ် တွေးကြည့်ကြသလော။ သင်တို့သည် ယင်းကဲ့သို့သော သူတစ်ဦးဖြစ်ရန် မျှော်လင့်ကြသလော။ သင်တို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ခံရမည်ကို စိုးရိမ်သလော။ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို သင်တို့လည်းခံရန် ဘုရားသခင်ထံ ဆုတောင်းဖို့အတွက် သင်တို့ စိတ်ဆုံးဖြတ်ခြင်း ရှိသလော။ ယင်းကဲ့သို့သော အရာများကို လူအများစုအနေဖြင့် ဆုတောင်းဝံ့မည် မဟုတ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ သင်တို့၏ ယုံကြည်ခြင်းမှာ သနားစရာကောင်း လောက်အောင်ပင် သေးငယ်သည်မှာ ထင်ရှားမြင်သာပါသည်၊ ယောဘနှင့် နှိုင်းယှဉ်ပါက သင်တို့၏ ယုံကြည်ခြင်းမှာ ဖော်ပြရန်ပင် မထိုက်တန်ပေ။ သင်တို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်၊ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြပေ၊ ဘုရားသခင်အား သင်တို့ သက်သေခံရာ၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်း မရှိကြသည့်အပြင် စာတန်၏ တိုက်ခိုက်မှုများ၊ စွပ်စွဲချက်များနှင့် စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏ ကတိများကို လက်ခံရရှိစေရန် မည်သည့်အရာက သင်တို့အား အရည်အချင်းပြည့်မီစေသနည်း။ ယောဘ၏ ဘဝဇာတ်ကြောင်းကို ကြားခဲ့ပြီး လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားကို ကယ်တင်ခြင်း၏ အဓိပ္ပာယ်ကို နားလည်ပြီးနောက် ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို လက်ခံရန် သင်တို့၌ ယုံကြည်ခြင်း ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို လိုက်နာဖို့အတွက် သင်တို့ကိုယ်ကို အခွင့်ပေးရန် သင်တို့၌ အနည်းငယ်သော စိတ်ဆုံးဖြတ်ချက် မရှိသင့်သလော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။