ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

အပိုင်း လေး

၃။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် ဘုရားသခင်သည် သက်တံကို ပြုလုပ်သည်

ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဆက်လက်၍ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် ဘုရားသခင်က သက်တံကို ပြုလုပ်ခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာ၏ ဤအပိုင်းကို ကြည့်ကြစို့။

သက်တံက အဘယ်အရာဖြစ်သည်ကို လူအများစုသိပြီး သက်တံနှင့်ပတ်သက်သည့် ဖြစ်ရပ်အချို့ကို ကြားဖူးခဲ့ကြသည်။ သမ္မာကျမ်းစာထဲတွင်ပါသည့် သက်တံနှင့်ပတ်သက်သည့် အဖြစ်အပျက်ကိုမူ အချို့က ယုံသည်။ အချို့ကလည်း ယုံတမ်းစကားကဲ့သို့ သဘောထားသည်။ အချို့ကမူ လုံးဝမယုံပေ။ မည်သို့ပင်ဖြစ်စေ သက်တံနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှအားလုံးသည် တစ်ကြိမ်က ဘုရားသခင် လုပ်ခဲ့သည့်အရာအားလုံးဖြစ်ပြီး လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုအတွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာများ ဖြစ်သည်။ ဤအရာများကို သမ္မာကျမ်းစာထဲတွင် တိတိကျကျ မှတ်တမ်းတင်ထားခဲ့သည်။ ဤမှတ်တမ်းများက ဘုရားသခင်က ထိုအချိန်အခါက မည်သို့စိတ်နေစိတ်ထားရှိခဲ့သည် သို့မဟုတ် ဘုရားသခင်ပြောခဲ့သည့် နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်တို့ကို ငါတို့အား မပြောပေ။ ထို့အပြင် ဘုရားသခင်က ထိုအရာများကို ပြောခဲ့သည့်အခါ မည်ကဲ့သို့ခံစားနေခဲ့ရသည်ကိုလည်း မည်သူကမျှ နားမလည်နိုင်ပေ။ သို့ရာတွင် ဤအဖြစ်အပျက်တစ်ခုလုံးနှင့် ပတ်သက်ပြီး ဘုရားသခင်၏ စိတ်အခြေအနေကိုမူ စာကြောင်းများကြားထဲတွင် ဖွင့်ပြထားသည်။ ထိုအချိန်အခါက သူ၏အတွေးများသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ စာလုံးအသီးသီးနှင့် စာစုအသီးသီးမှတစ်ဆင့် စာမျက်နှာမှ ခုန်ထွက်လာဘိသည့်အလားဖြစ်သည်။

လူများအလေးထားသင့်သည့်အရာမှာ ဘုရားသခင်၏ အတွေးများဖြစ်ပြီး သူတို့သိဖို့ရန် အလုပ်သင့်ဆုံး အရာတစ်ခု ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏အတွေးများသည် ဘုရားသခင်အပေါ် လူသား၏ နားလည်မှုနှင့် နီးကပ်စွာ ဆက်နွှယ်နေပြီး ဘုရားသခင်အပေါ် လူသား၏နားလည်မှုသည် အသက်တာထဲသို့ လူသား၏ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ မရှိမဖြစ်သည့် ကွင်းဆက်တစ်ခုဖြစ်သောကြောင့်တည်း။ ဤသို့ဆိုလျှင် ဤအရာများ ဖြစ်ပျက်ခဲ့သည့် ထိုအချိန်တွင် ဘုရားသခင်က အဘယ်အရာကို စဉ်းစားနေခဲ့သနည်း။

နဂိုမူလက ဘုရားသခင်သည် သူ့အမြင်၌ အလွန် ကောင်းမွန်ပြီး သူ့နှင့်နီးစပ်သည့် လူသားကို ဖန်ဆင်းခဲ့သည်။ သို့ရာတွင် သူ့ကို ပုန်ကန်ကြပြီးနောက် ထိုသူတို့သည် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ထိုကဲ့သို့ ချက်ချင်း ပျောက်ကွယ် သွားသည်မှာ ဘုရားသခင်ကို နာကျင်စေသလော။ နာကျင်စေ သည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် ဤနာကျင်မှုကို သူမည်သို့ဖော်ပြသနည်း။ သမ္မာကျမ်းစာထဲ၌ ၎င်းကို မည်သို့ မှတ်တမ်းတင်ထားသနည်း။ သမ္မာကျမ်းစာ၌ ဤကဲ့သို့ မှတ်တမ်းတင်ထားသည်။ “သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။” ဤရိုးရှင်းသည့် စာကြောင်းသည် ဘုရားသခင်၏ အတွေးများကို ဖွင့်ပြနေသည်။ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းက သူ့ကို အင်မတန်မှ နာကျင်စေခဲ့သည်။ လူသား၏စကားနှင့်ပြောရလျှင် သူသည် အင်မတန်မှ ဝမ်းနည်းခဲ့၏။ ငါတို့ စိတ်ကူးကြည့်နိုင်ရသည်။ တစ်ချိန်က သက်ရှိသတ္တဝါများနှင့်ပြည့်နေခဲ့သည့် ကမ္ဘာသည် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရခြင်းအပြီးတွင် မည်သို့ပုံစံမျိုးဖြစ်နေမည်နည်း။ တစ်ချိန်က လူသားတို့နှင့်ပြည့်နေခဲ့သည့် ကမ္ဘာသည် ယခု မည်သို့ပုံစံမျိုးဖြစ်နေမည်နည်း။ လူနေထိုင်မှုများမရှိ၊ သက်ရှိသတ္တဝါများမရှိ၊ နေရာတိုင်းတွင် ရေများနှင့် ရေမျက်နှာပြင်ပေါ်တွင် လုံးဝ ရှုပ်ပွနေသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ကမ္ဘာကို သူဖန်ဆင်းခဲ့စဉ်က ဘုရားသခင်၏ မူရင်း ရည်ရွယ်ချက်ဖြစ်သလော။ လုံးဝမဟုတ်ပေ။ ဘုရားသခင်၏မူရင်း ရည်ရွယ်ချက်မှာ ကုန်းမြေ တစ်လျှောက်တွင် သက်ရှိသတ္တဝါများကို မြင်ရဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများက သူ့ကို ကိုးကွယ်နေကြသည်ကို မြင်ရဖို့ဖြစ်ပြီး နောဧသာလျှင် သူ့ကို ကိုးကွယ်နေသည့် တစ်ဦးတည်းသောသူဖြစ်ရန် သို့မဟုတ် သူတာဝန်ပေး စေခိုင်းသည့်အရာကို ပြီးမြောက်စိမ့်သောငှာ သူ၏ခေါ်ဆိုမှုကို တုံ့ပြန်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်ရန် မဟုတ်ပေ။ လူသားမျိုးနွယ် ပျောက်ကွယ်သွားသည့်အခါ ဘုရားသခင်သည် မူလက သူရည်ရွယ်ထားသည့်အရာကို မဟုတ်ဘဲ လုံးဝ ဆန့်ကျင်ဖက်ဖြစ်နေခြင်းကို မြင်ခဲ့သည်။ သူ့နှလုံးသားသည် မည်သို့မနာကျင်ဘဲ နေမည်နည်း။ ထို့ကြောင့် သူ၏သဘောထားနှင့် သူ၏စိတ်ခံစားချက်များကို ဖွင့်ပြသည့်အခါတွင် ဘုရားသခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်မျိုးကို သူချမှတ်ခဲ့ သနည်း။ ဘုရားသခင်သည် လူသားကို ရေလွှမ်းမိုးခြင်းနှင့် နောက်တစ်ကြိမ် မဖျက်ဆီးတော့ဟူသော ကတိတစ်ခုဖြစ်သည့် လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်အဖြစ် တိမ်ထဲတွင် လေးတစ်ခုပြုလုပ်ရန် (မှတ်ရန်၊ ငါတို့မြင်ရသည့် သက်တံ) ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤသည်မှာ ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် တစ်ကြိမ်ဖျက်ဆီးခဲ့သည်ကို ပြောရန်၊ ဤသို့သောအရာကို ဘုရားသခင်က အဘယ်ကြောင့် ပြုခဲ့သည်ကို လူသားတို့ ထာဝရသတိရနေစေရန်ဖြစ်သည်။

ဤအကြိမ်၌ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းက ဘုရားသခင် လိုလားခဲ့သည့် အရာဖြစ်သလော။ ဘုရားသခင် လိုလားသည့်အရာ လုံးဝ မဟုတ်ပေ။ ကမ္ဘာပျက်စီးပြီးနောက် ကမ္ဘာ၏သနားစရာမြင်ကွင်း၏ သေးငယ်သည့် တစ်စိတ်တစ်ပိုင်းကို ငါတို့ စိတ်ကူးကြည့်၍ရနိုင်သည်။ သို့ရာတွင် ထိုအချိန်အခါက ဘုရားသခင်၏အမြင်၌ ဤမြင်ကွင်းသည် မည်သို့ဖြစ်ခဲ့မည်ဆိုသည်ကို ငါတို့နီးစပ်အောင် စိတ်ကူးကြည့်၍မရနိုင်ပေ။ ထိုအချိန်အခါမှ လူများဖြစ်ဖြစ် ယခုခေတ်မှ လူများဖြစ်ဖြစ် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရပြီးနောက် ကမ္ဘာ၏ပုံရိပ်ဖြစ်သည့် ထိုမြင်ကွင်းကို ဘုရားသခင်မြင်သည့်အခါ သူမည်သို့ခံစားနေခဲ့ရမည်ကို မည်သူမျှ စိတ်ကူးကြည့်နိုင်မည် သို့မဟုတ် နားလည်နိုင်မည်မဟုတ်ဟု ငါတို့ဆိုနိုင်သည်။ လူသား၏မနာခံမှုကြောင့် ဘုရားသခင်သည် ထိုကဲ့သို့လုပ်ဖို့ရန် ဖြစ်လာရသည်။ သို့ရာတွင် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီး၏ ပျက်စီးခြင်းကြောင့် ဘုရားသခင်၏ နှလုံးသား၌ ခံစားရသည့် နာကျင်မှုသည် မည်သူမျှ ဉာဏ်မမီနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် လက်တွေ့အရှိတရားတစ်ခုဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် ထိုကဲ့သို့သောအရာကို တစ်ကြိမ်က လုပ်ခဲ့ဖူးသည်ကို လူများကိုပြဖို့ရန်ဖြစ်သည့်၊ ဤကဲ့သို့ပုံစံမျိုးနှင့် ဘုရားသခင်သည် ကမ္ဘာကို ထပ်၍ဖျက်ဆီးမည်မဟုတ်သည်ကို လူသားများအား ကျိန်ဆိုပြဖို့ရန်ဖြစ်သည့် ပဋိညာဉ်တစ်ခုကို လူသားမျိုးနွယ်နှင့် ပြုလုပ်ခဲ့သည်။ ဤပဋိညာဉ်၌ ဘုရားသခင်၏ နှလုံးသားကို ငါတို့မြင်ရသည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့သည့်အခါ ဘုရားသခင်၏ နှလုံးသားသည် နာကျင်ခံစားရသည်ကို ငါတို့မြင်တွေ့ရသည်။ လူ့ဘာသာစကားအရပြောရလျှင် လူသားမျိုးနွယ်ကို ဘုရားသခင်ဖျက်ဆီးပြီး လူသားအားလုံး ပျောက်သွားသည်ကို ဘုရားသခင် မြင်သည့်အခါ သူ့နှလုံးသားသည် ငိုကြွေးရင်း သွေးများယိုစီးနေခဲ့သည်။ ငါတို့ အကောင်းဆုံးဖော်ပြနိုင်သမျှမှာ ထိုမျှသာဖြစ်သည် မဟုတ်လော။ ဤစကားလုံးများကို လူသား၏စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် လူသားများက အသုံးပြုသည်။ သို့ရာတွင် လူ့ဘာသာစကားသည် ချို့တဲ့လှသည့်အတွက် ဘုရားသခင်၏ခံစားချက်များနှင့် စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် ၎င်းတို့ကို အသုံးပြုခြင်းသည် ငါ့အတွက် အလွန်ဆိုးဝါးသည့်ပုံ မထင်ရသကဲ့သို့ ၎င်းတို့မှာ လွန်ကဲလှသည်ဟုလည်း မရှိပေ။ အနည်းဆုံးအနေဖြင့် ထိုအချိန်အခါက ဘုရားသခင်၏စိတ်အခြေအနေမှာ မည်သို့ဖြစ်နေခဲ့သည်ကို အလွန်ရှင်းလင်း၍ လျော်ကန်သည့်နားလည်မှုအား ထိုအရာက သင်တို့ကိုပေးသည်။ သက်တံကို နောက်တစ်ခါ မြင်ရသည့်အခါ သင်တို့မည်သို့စဉ်းစားကြမည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် တစ်ချိန်က ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ခြင်းကို မည်ကဲ့သို့ ဝမ်းနည်းခဲ့ရသည်ကို သင်တို့ သတိရပေလိမ့်မည်။ ဘုရားသခင်က ဤလောကကိုမုန်းတီးခဲ့ပြီး လူသားများကို ရွံရှာခဲ့သော်လည်း သူ၏လက်များနှင့် သူကိုယ်တိုင် ဖန်ဆင်းခဲ့သည့် လူသားများကို သူဖျက်ဆီးခဲ့စဉ်က သူ့နှလုံးသားက မည်သို့နာကျင်ခဲ့ရသည်၊ ဖြေဖျောက်ဖို့ရန် မည်သို့ကြိုးစားခဲ့ရသည်၊ တွန့်ဆုတ်ခြင်းများ မည်သို့ခံစားခဲ့ရပြီး ခံယူနိုင်ဖို့ မည်သို့ခက်ခဲခဲ့သည်ကို သင်တို့အနေဖြင့် အမှတ်ရပေလိမ့်မည်။ သူ့ကိုသက်သာစေသည့် တစ်ခုတည်းသောအရာက နောဧ၏မိသားစုရှစ်ယောက်သာ ဖြစ်သည်။ ဖန်ဆင်းထားသည့်အရာအားလုံးအပေါ် ဘုရားသခင်၏ အပတ်တကုတ် လုံ့လစိုက်ထုတ်ခဲ့ရမှုများကို အကျိုးရှိစေခဲ့သည်မှာ နောဧ၏ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင်သည် နာကျင်နေရသည့်အချိန်မှာ သူ့နာကျင်မှုကို သက်သာစေနိုင်သည်မှာ ထိုအရာသာဖြစ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်သည် နောဧမိသားစုသည် သူ၏ကျိန်ဆိုမှုအောက်၌မဟုတ်ဘဲ ကောင်းချီးမင်္ဂလာအောက်၌ နေထိုင်နိုင်ဖို့ မျှော်လင့်လျက်၊ ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးသည်ကို သူတို့အနေဖြင့် မည်သည့်အခါမျှ ထပ်မမြင်ရစေဖို့ရန် မျှော်လင့်လျက်၊ ထို့ပြင် သူတို့သည်လည်း ဖျက်ဆီးခြင်းမခံရဖို့ မျှော်လင့်လျက် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏မျှော်လင့်ချက်များ အားလုံးကို နောဧ၏မိသားစုအပေါ်တွင် ပုံအပ်ထားခဲ့သည်။

ဤနေရာတွင် ဘုရားသခင့်စိတ်သဘောထား၏ မည်သည့်အပိုင်းကို ငါတို့နားလည်သင့်သနည်း။ လူသားသည် ဘုရားသခင်နှင့် ရန်သူကဲ့သို့ဖြစ်ခဲ့သည့်အတွက် ဘုရားသခင်သည် လူသားကို ရွံရှာခဲ့သည်။ သို့ရာတွင် သူ့နှလုံးသားထဲတွင်မူ လူသားမျိုးနွယ်အတွက် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် သနားညှာတာမှုတို့သည် မပြောင်းမလဲ တည်ရှိခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့သည့်အခါ ပင်လျှင် သူ့နှလုံးသားသည် မပြောင်းမလဲ တည်ရှိခဲ့သည်။ လူသားတို့သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ပြီး ဘုရားသခင်ကို အတိုင်းအတာတစ်ခုအထိ မနာခံသည့်အခါ သူ၏စိတ်သဘောထားနှင့် အနှစ်သာရကြောင့် သူ၏စည်းမျဉ်းများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကြောင့် သူသည် လူသားမျိုးနွယ်ကို သနားကြင်နာဆဲဖြစ်ပြီး သူတို့ ဆက်လက်ရှင်သန်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းအမျိုးမျိုးပင် အသုံးပြုခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို မနာခံမှုတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို မည်သို့ပင် ခေါ်သည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ ပံ့ပိုးပေးသည်ဖြစ်စေ၊ ကူညီပေးသည်ဖြစ်စေ သို့မဟုတ် သူတို့ကို သည်းခံသည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ပေ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုအလယ်တွင် လူသားတို့ နောက်ပြန်လှည့်လာရန် စောင့်စားရင်း သူ၏သည်းခံမှုကို အဆုံးစွန်ထိပေးဖို့ကို ဘုရားသခင်သည် မမေ့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်သွားသည့်အခါတွင်မူ တွန့်ဆုတ်နှောင့်နှေးနေခြင်းမရှိဘဲ သူလုပ်စရာရှိသည်ကို လုပ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားကို ဖျက်ဆီးခြင်းအမှုမှာ ဘုရားသခင်သည် လူသားကိုဖျက်ဆီးဖို့ စပြီးစီစဉ်သည့်အချိန်မှ သူ့အမှုကို အမှန်တကယ် အစပြုခြင်းကာလအထိ တိကျသည့် အချိန်အပိုင်းအခြားနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ဤဖြစ်စဉ်သည် လူသားကို နောက်ပြန်လှည့်စေဖို့ဟူသည့် ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီ ဤအချိန်ကာလ၌ ဘုရားသခင်က မည်သည့်အရာကိုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်းတို့ကို များစွာပြုလုပ်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားမှာ မည်မျှပင် နာကျင်မှု၊ ဝမ်းနည်းမှုများ ရှိနေပါစေ လူသားမျိုးနွယ်အပေါ်တွင် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် များပြားလှသည့် သနားကြင်နာမှုများကို ဆက်လက်ထားရှိခဲ့သည်။ ဤအချက်မှ ငါတို့ အဘယ်အရာကို တွေ့ရသနည်း။ လူသားတို့အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး အပြောသက်သက်မဟုတ်ခြင်းကို သံသယဖြစ်နေစရာမလိုဘဲ မြင်တွေ့ရသည်။ ဤသည်မှာ စစ်မှန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ကာ သိသာသည်။ အတုမဟုတ်ပေ၊ မသန့်ရှင်းခြင်း၊ လှည့်စားခြင်း သို့မဟုတ် အယောင်ဆောင်ခြင်းတို့ မရှိပေ။ လူများက သူ့ကိုချစ်ခင်ဖွယ်ကောင်းသူအဖြစ် မြင်စေရန် ပရိယာယ် သို့မဟုတ် ပုံရိပ်အတုအယောင်များ ဖန်တီးခြင်းတို့ကို ဘုရားသခင်သည် မည်သည့်အခါမျှ အသုံးမပြုပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို လူများမြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားဝါဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် ဤသွင်ပြင်လက္ခဏာများက လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ရန် မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ဖို့ရန် မထိုက်တန်သလော။ ဤနေရာတွင် ငါသင်တို့ကို မေးလိုသည်။ ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက် ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်မှ စကားလုံးများသက်သက်မျှသာဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာဖြစ်သလော။ မဟုတ်ပေ။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း အစရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများ အားလုံးသည် သူအမှုပြုသည့်အခါတိုင်း အသုံးပြုခြင်းခံရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလိုတော်၌ သရုပ်ထင်ကာ လူတစ်ယောက်ချင်းစီ အပေါ်တွင် ထင်ဟပ်၍ ဖြည့်ဆည်းထားသည်။ သင်သည် ယခင်က ဤအချက်ကို ခံစားဖူးခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ ဝိညာဉ်ကို နှိုးထစေရန် သူ၏ ရိုးသားသည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုလျက် လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဂရုစိုက်နေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် ထိုင်နေသည့်သူများ မည်မျှများသည်ဖြစ်စေ လူအသီးသီးသည် ဘုရားသခင်၏ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအပေါ်တွင် မတူညီသည့် ခံစားချက်နှင့် အတွေ့အကြုံများ ရှိခဲ့ကြသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ဤတွေ့ကြုံခံစားမှုများနှင့် သူ့အပေါ် ဤခံစားချက်များနှင့် ဝန်ခံမှုများသည် အတိုချုပ်ပြောရလျှင် ဤအပြုသဘောဆောင်သည့်အရာအားလုံးသည် ဘုရားသခင်ထံမှလာခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်း၏ ဘုရားသခင်နှင့်ပတ်သက်သည့် အတွေ့အကြုံများနှင့် အသိပညာတို့ကို စုစည်းပြီး ဤအရာများကို ယနေ့ဤသမ္မာကျမ်းစာ၏ ကျမ်းပိုဒ်များကို ငါတို့ ဖတ်ရှုခြင်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ သင်တို့၌ ဘုရားသခင်နှင့်ပတ်သက်၍ ပိုပြီးစစ်မှန်ကာ သင့်တင့်လျောက်ပတ်သည့် နားလည်မှုကို ယခု ရှိကြပြီလော။

ဤအဖြစ်အပျက်ကိုဖတ်ပြီး ဤအဖြစ်အပျက်မှတစ်ဆင့် ဖွင့်ပြသည့် ဘုရားသခင်၏စိတ်သဘောထား အချို့ကို နားလည်ပြီးနောက် ဘုရားသခင်အပေါ်တွင် မည်သို့သော နားလည်ချက် အသစ်စက်စက်များ သင်တို့၌ ရှိလာသနည်း။ ဘုရားသခင်နှင့် သူ့နှလုံးသားအပေါ် ပိုနက်ရှိုင်းစွာ သင်တို့ကို သိကျွမ်းစေခဲ့ပြီလော။ နောဧ၏အဖြစ်အပျက်ကို ပြန်ကြည့်သည့်အခါတွင် ခြားနားသည့် ခံစားမှုကို ခံစားရသလော။ သင်တို့၏အမြင်အရ ဤကျမ်းပိုဒ်များကို ပြောဆိုဆွေးနွေးရန်မှာ မလိုအပ်ခြင်းမျိုး ဖြစ်နေခဲ့မည်မဟုတ်လော။ ယခု ဤကျမ်းပိုဒ်များကို ငါတို့ ပြောဆိုဆွေးနွေးပြီးသည့်အခါ ၎င်းမှာ မလိုအပ်ဟု သင်တို့ထင်သလော။ လိုအပ်ခဲ့သည် မဟုတ်လော။ ငါတို့ ဖတ်ခဲ့သည်မှာ အဖြစ်အပျက်ဇာတ်လမ်းတစ်ခုဖြစ်သော်လည်း တစ်ချိန်က ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အမှု၏ စစ်မှန်သည့် မှတ်တမ်းတစ်ခုဖြစ်သည်။ ငါ၏ ဦးတည်ချက်က ဤအဖြစ်အပျက်များ သို့မဟုတ် ဤဇာတ်ကောင်၏ အသေးစိတ်အချက်အလက်များကို သင်တို့ နားလည်စေရန်မဟုတ်သကဲ့သို့ ဤဇာတ်ကောင်ကို သင်တို့အနေဖြင့် သွားလေ့လာနိုင်ဖို့ရန်လည်း မဟုတ်သည့်အပြင် သမ္မာကျမ်းစာကို သင်တို့ နောက်တစ်ဖန် သွားလေ့လာရန်လည်း လုံးဝမဟုတ်ပေ။ သင်တို့ နားလည်သလော။ ဤသို့ဆိုလျှင် ဤအဖြစ်အပျက်များသည် ဘုရားသခင်အပေါ် သင်တို့၏သိမြင်မှုအတွက် အထောက်အပံ့ဖြစ်စေခဲ့သလော။ ဤအဖြစ်အပျက်က ဘုရားသခင်အပေါ် သင်တို့၏ နားလည်မှုထဲသို့ မည်သည့်အရာကို ထပ်ပြီးဖြည့်ဆည်းပေးခဲ့သနည်း။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမတို့ ငါတို့ကို ပြောပြကြပါ။ (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်ပျက်စီးနေသည့် လူသားများဖြစ်သည့် ကျွန်ုပ်တို့ထဲမှ မည်သူမျှ မပိုင်ဆိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည်ဆိုခြင်းကို တွေ့ခဲ့ပါသည်။) တောင်ကိုရီးယားမှ ညီအစ်ကိုမောင်နှမတို့ ငါတို့ကို ပြောပြပါ။ (လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပါသည်။ လူသားအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် သူ၏စိတ်သဘောထားကို သယ်ဆောင်ပြီး သူ၏ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သာလွန်ခြင်းနှင့် သည်းခံခြင်းတို့ကို သယ်ဆောင်ပါသည်။ ထိုအရာကို ကျွန်ုပ်တို့အနေဖြင့် ပိုပြီးနားလည်အောင်ကြိုးစားဖို့ ထိုက်တန်ပါသည်။) (တစ်ဖက်တွင် ထိုအချိန်အခါက ပြောဆိုဆွေးနွေးမှုမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်၍ သန့်ရှင်းသည့် စိတ်သဘောထားကို ကျွန်ုပ်မြင်နိုင်ပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင်ထားရှိသည့် စိုးရိမ်မှု၊ လူသားတို့အပေါ် ဘုရားသခင်၏ သနားကြင်နာမှုကိုလည်း ကျွန်ုပ်မြင်ရပါသည်၊ ဘုရားသခင် ပြုသည့်အရာတိုင်းနှင့် သူ့မှာရှိသည့် စိတ်ကူးနှင့် အကြံအစည်တိုင်းတို့သည် လူသားအားလုံးအတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် အလေးထားမှုကို ဖွင့်ပြနေသည်ကို မြင်နိုင်သည်။) (အတိတ်က ကျွန်ုပ်၏နားလည်မှုသည် လူသားများက အတိုင်းအတာ တစ်ခုအထိ ဆိုးယုတ်လာသည့်အတွက် ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းကို အသုံးပြု၍ ကမ္ဘာကိုဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး သူက လူသားများကို စက်ဆုပ်ရွံရှာ၍ ဤလူသားမျိုးနွယ်ကို ဘုရားသခင်က ဖျက်ဆီးခဲ့သည့်အလားဖြစ်သည်။ ဘုရားသခင်က နောဧ၏အဖြစ်အပျက်ကို ယနေ့ပြောပြပြီး ဘုရားသခင်၏ နှလုံးသားက သွေးယိုစီးနေသည်ဟု ပြောပြီးသည့်အခါမှသာလျှင် ဘုရားသခင်သည် ဤလူသားအားလုံးကို စွန့်ပစ်ဖို့ အကယ်ပင် တွန့်ဆုတ်ခဲ့သည်ကို ကျွန်ုပ်သိလိုက်ရပါသည်။ လူသားမျိုးနွယ်သည် မနာခံလွန်းသည့်အတွက်သာ ဘုရားသခင်က ရွေးစရာလမ်းမရှိတော့ဘဲ သူတို့ကို ဖျက်ဆီးခဲ့ရခြင်းဖြစ်ပါသည်။ စင်စစ်အားဖြင့် ထိုအချိန်မှာ ဘုရားသခင်၏ နှလုံးသားသည် အင်မတန် ဝမ်းနည်းနေခဲ့ပါသည်။ ဤအချက်မှ လူသားအားလုံး အပေါ်တွင်ထားသည့် ဘုရားသခင်၏စိတ်သဘောထား၊ သူ၏ဂရုစိုက်မှုနှင့် အလေးထားမှုတို့ကို ကျွန်ုပ်မြင်နိုင်ပါ၏။ ဤသည်မှာ ယခင်က ကျွန်ုပ်မသိခဲ့သည့်အရာ ဖြစ်ပါသည်။) သိပ်ကောင်းသည်။ သင်တို့ နောက်တစ်ယောက် ဆက်ပြောပါ။ (နားထောင်ပြီးသည့်နောက် ကျွန်ုပ်သည် အလွန်စိတ်ထိခိုက်သွား ခဲ့ပါသည်။ ယခင်က သမ္မာကျမ်းစာကို ကျွန်ုပ်ဖတ်ဖူးပါသည်။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို သိနိုင်ဖို့ ဘုရားသခင်က ဤအရာများကို တိုက်ရိုက်ခွဲခြမ်းစိတ်ဖြာပေး လိုက်သည့် ယနေ့ကဲ့သို့သော အတွေ့အကြုံမျိုး တစ်ခါမျှ မရခဲ့ဖူးပါ။ ဘုရားသခင်အနေဖြင့် သမ္ဘာကျမ်းစာကို ကျွန်ုပ်တို့ နားလည်နိုင်ဖို့ရန် ကျွန်ုပ်တို့ကို ဤကဲ့သို့ရှင်းပြပေးခြင်းက လူသား၏ ဖောက်ပြန်ပျက်စီးမှုမတိုင်ခင်က ဘုရားသခင်၏ အနှစ်သာရသည် လူသားမျိုးနွယ်အတွက် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုသာဖြစ်သည်ကို ကျွန်ုပ်အား သိစေပါသည်။ လူသားသည် ဖောက်ပြန်ပျက်စီးလာခဲ့သည့်အချိန်မှ ယခုအချိန် နောက်ဆုံးသောနေ့ရက်များအထိ ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သယ်ဆောင်လာ သော်လည်း သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့က မပြောင်းမလဲ တည်ရှိနေခဲ့ပါသည်။ ဤသည်မှာ လူသားသည် ဖောက်ပြန်ပျက်စီးခြင်း ရှိမရှိနှင့်မသက်ဆိုင်ဘဲ ဖန်ဆင်းခြင်းမှ ယခုအထိ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအနှစ်သာရသည် မပြောင်းလဲခြင်းကို ပြပါသည်။) (ဘုရားသခင်၏ အနှစ်သာရသည် သူ၏အမှုနေရာ သို့မဟုတ် အချိန်ရှိ အပြောင်းအလဲတစ်ခုကြောင့် ပြောင်းလဲမည်မဟုတ်ခြင်းကို ယနေ့ ကျွန်ုပ်တွေ့မြင်ခဲ့ရပါသည်။ ဘုရားသခင်သည် ကမ္ဘာကို ဖန်ဆင်းနေသည်ဖြစ်စေ သို့မဟုတ် လူသားတို့ ဖောက်ပြန်ပျက်စီးလာသည့်နောက်တွင် ကမ္ဘာကို ဖျက်ဆီးသည်ဖြစ်စေ သူလုပ်သမျှတိုင်းက အဓိပ္ပာယ်ရှိပြီး သူ၏စိတ်သဘောထား ပါဝင်နေသည်ကိုလည်း ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဆုံးအစမရှိ တိုင်းတာ၍မရသည်ကို ကျွန်ုပ်တွေ့မြင်ခဲ့ရပြီး အခြားညီအစ်ကို မောင်နှမတို့ ပြောသွားသကဲ့သို့ပင်၊ ဘုရားသခင်က ကမ္ဘာကို ဖျက်ဆီးခဲ့သည့် အချိန်တွင် လူသားများအပေါ်တွင်ထားရှိသည့် သူ၏ဂရုစိုက်မှုနှင့် သနားကြင်နာမှုကိုလည်း ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။) (ဤအရာများမှာ ယခင်က ကျွန်ုပ်အနေဖြင့် အကယ်ပင် မသိခဲ့သည့်အရာများဖြစ်ပါသည်။ ယနေ့ နားထောင်ပြီး သည့်နောက် ဘုရားသခင်သည် အကယ်ပင် ယုံကြည်စိတ်ချ ရသည်၊ အကယ်ပင် ယုံကြည်အားကိုးရသည်၊ ယုံကြည်ဖို့ရန် ထိုက်တန်သည်၊ သူသည် အမှန်ပင် တည်ရှိသည် စသည်တို့ကို ခံစားခဲ့ရပါသည်။ ဘုရားသခင်၏စိတ်သဘောထားနှင့် ချစ်ခြင်းမေတ္တာသည် ဤမျှအထိ ခိုင်လုံသည်ကို ကျွန်ုပ်၏နှလုံးသားထဲမှ စစ်မှန်စွာ နားလည်နိုင်ပါသည်။ ဤသည်မှာ ယနေ့ ကျွန်ုပ်နားထောင်ပြီးနောက် ရရှိလိုက်သည့် ခံစားချက်ဖြစ်ပါ၏။) သိပ်ကောင်းသည်။ သင်တို့ကြားခဲ့သည့် အရာများကို နှလုံးသွင်းခဲ့ကြပုံရပေသည်။

ယနေ့ငါတို့ပြောဆိုဆွေးနွေးခဲ့ကြသည့် သမ္မာကျမ်းစာ အဖြစ်အပျက်များ အားလုံးအပါအဝင် ကျမ်းပိုဒ် အားလုံးမှ အထူးအချက်တစ်ချက်ကို သင်တို့သတိထားမိကြသလော။ ဘုရားသခင်သည် သူ၏အတွေးများကို ဖော်ပြရန် သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ကို ရှင်းပြရန် သူ့ကိုယ်ပိုင် ဘာသာစကားကို သုံးခဲ့ဖူးသလော။ ဘုရားသခင်အနေဖြင့် လူသားများကို မည်မျှအလေးထားသည် သို့မဟုတ် မည်မျှချစ်သည်ကို ဖော်ပြဖို့ရန် သာမန် ဘာသာစကားကို သူသုံးခဲ့သည့် မှတ်တမ်းတစ်ခုတစ်လေများ ရှိသလော။ မရှိပေ။ မှန်သည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖတ်ဖူးသည့်သူများ သို့တည်းမဟုတ် သမ္မာကျမ်းစာအပြင် အခြားစာအုပ်များစွာကို ဖတ်ဖူးသည့်လူများ သင်တို့အထဲ၌ အမြောက်အမြားရှိကြသည်။ သင်တို့ထဲမှ တစ်ဦးတလေသည် ထိုကဲ့သို့စကားများကို မြင်ဖူးသလော။ လုံးဝ မမြင်ဖူးကြပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ့အမှုအကြောင်း မှတ်တမ်းမှတ်ရာများအပါအဝင် သမ္မာကျမ်းစာထဲမှ မှတ်တမ်းများထဲတွင် ဘုရားသခင်သည် သူ၏ခံစားချက်များကို ဖော်ပြရန် သို့မဟုတ် လူသားများအပေါ် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုများကို ဖွင့်ပြရန် သူ၏ကိုယ်ပိုင် နည်းလမ်းများကို မည်သည့်ခေတ် သို့မဟုတ် မည်သည့်ကာလ တွင်မျှ လုံးဝမသုံးခဲ့သကဲ့သို့ သူ၏ခံစားချက်များနှင့် သူ့စိတ်ခံစားမှုများကို ညွှန်းဆိုဖို့ မိန့်ခွန်း သို့မဟုတ် မည်သည့်လုပ်ရပ်များကိုမျှ မသုံးခဲ့ဖူးပေ။ ဤသည်မှာ အချက်အလက် အမှန်တစ်ခုဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ငါထိုအရာကို ပြောသနည်း။ ဤအရာများကို အဘယ်ကြောင့် ငါပြောဆိုနေရသနည်း။ အဘယ်ကြောင့်ဆိုလျှင် ဤအရာများ၌လည်း ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းမှုနှင့် သူ၏စိတ်သဘောထား ပါဝင်နေသည့် အတွက်ဖြစ်သည်။

ဘုရားသခင်သည် လူသားကိုဖန်ဆင်းခဲ့သည်။ သူတို့သည် ဖျက်ဆီးခြင်း ခံရပြီးသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် နောက်ကို လိုက်လျှောက်ကြသည်ဖြစ်စေ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ သူ အမြတ်နိုးရဆုံး ချစ်ရသူများအဖြစ်၊ သို့မဟုတ် လူသားများပြောသကဲ့သို့ သူ၏အချစ်မြတ်နိုးရဆုံးသော လူများအဖြစ် ဆက်ဆံသည်။ ဘုရားသခင်က သူသည်ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟုပြောသော်လည်း ထိုစကားတွင် အဆင့်အတန်း ကွာခြားမှု အနည်းငယ်ရှိမည်ဟု ထင်ကောင်းထင်ရနိုင် သော်လည်း စင်စစ်အားဖြင့် ဘုရားသခင်က လူသားများအတွက် လုပ်ပေးခဲ့ပြီးသည့် အရာရာတိုင်းသည် ဤဆက်နွှယ်မှုသဘာဝကို များစွာကျော်လွန်နေသည်။ ဘုရားသခင်သည် လူများကိုချစ်၏၊ ဂရုစိုက်၏၊ လူသားများကို သူအရေးထားသည့်အပြင် စဉ်ဆက်မပြတ် ရပ်တန့်ခြင်းမရှိဘဲ လူသားတို့ကို ထောက်ပံ့ပေးသည်။ ဤကဲ့သို့လုပ်ရခြင်းမှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာရထိုက်သည့်အရာဖြစ်သည်ဟု သူ့နှလုံးသားထဲ၌ ဘုရားသခင်သည် မည်သည့်အခါကမျှ မခံစားရပေ။ ထို့အပြင် လူသားများကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာပေးအပ်ခြင်းသည် လူသားများကို ကြီးစွာကူညီပေးနေခြင်းဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည်လူသားများကို သူ၏နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ် ငြိမ်သက်စွာ ထောက်ပံ့နေခြင်းဖြစ်သည်။ လူသားများသည် သူ့ထံမှ မည်မျှထိ ထောက်ပံ့မှုနှင့် အကူအညီတို့ ရရှိနေသည်ဖြစ်စေ ဘုရားသခင်သည် နာမည်ကောင်းရဖို့ တွေးတောခြင်း သို့မဟုတ် ကြိုးစားခြင်း မည်သည့်အခါမျှ မရှိပေ။ ဤအချက်ကို ဘုရားသခင်၏အနှစ်သာရက သတ်မှတ်ပေး ထားပြီး ဘုရားသခင့် စိတ်သဘောထား၏ စစ်မှန်သည့်ဖော်ပြမှု အတိအကျပင်ဖြစ်သည်။ ထို့ကြောင့်လည်း သမ္မာကျမ်းစာထဲတွင် သို့မဟုတ် အခြားမည်သည့်စာအုပ်ထဲတွင်ပင်ဖြစ်စေ ဘုရားသခင် အနေဖြင့် သူ၏အတွေးများကို ဖော်ပြထားခြင်းကို ငါတို့ မည်သည့်အခါမျှ မတွေ့ရခြင်းဖြစ်ပြီး လူသားများ သူ့ကိုကျေးဇူးတင်စိမ့်သောငှာ သို့မဟုတ် သူ့ကိုချီးမွမ်းစိမ့်သောငှာ သူသည် ဤအရာများကိုလုပ်ရခြင်းအကြောင်း သို့မဟုတ် လူသားများကို အင်မတန် ဂရုစိုက်ရခြင်းအကြောင်း ဖော်ပြထားခြင်း သို့မဟုတ် တရားဝင်ကြေညာထားခြင်းကို မည်သည့်အခါမျှ မတွေ့ရခြင်း ဖြစ်သည်။ သူစိတ်ထိခိုက် နေရလျှင်ပင်၊ သူ့နှလုံးသားသည် အပြင်းအထန် နာကျင် နေရလျှင်ပင်၊ လူသားများအပေါ် ထားရှိသည့် သူ၏ဝတ္တရား သို့မဟုတ် စိုးရိမ်စိတ်ကို မည်သည့်အခါမျှ မမေ့ဘဲ သူသည် ဤနာကျင်မှုများကို တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ခံစားနေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှာ ဘုရားသခင်သည် သူလုပ်နေကျအတိုင်း လူသားများကို ဆက်လက်ထောက်ပံ့သည်။ လူသားများသည် တစ်ခါတစ်ရံ သူ့ကိုချီးမွမ်းပြီး သက်သေခံ လျှင်ပင် ဤအပြုအမူသည် ဘုရားသခင်တောင်းဆိုသည့် အရာများမဟုတ်ပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားများအတွက် သူလုပ်ပေးခဲ့သည့် ကောင်းသောအရာများ အတွက် ကျေးဇူးတင်မှုနှင့် အလဲအလှယ်ပြုရန် သို့မဟုတ် ထိုအရာအတွက် ပြန်လည်ပေးဆပ်စေရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့ပေ။ တစ်ဖက်မှာလည်း ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရှားသူများ၊ ဘုရားသခင်နောက် အမှန်လိုက်လျှောက်ကာ သူ့စကားကိုနားထောင်ကာ သူ့အပေါ် သစ္စာစောင့်သိသူများနှင့် နာခံသူများဖြစ်သည့် ဤသို့သော လူများသည် ဘုရားသခင်၏ကောင်းချီးများကို မကြာခဏရရှိ မည့်သူများဖြစ်ပြီး ဘုရားသခင်သည် ထိုသို့သော ကောင်းချီးများကို မခြွင်းမချန် ချပေးသနားလိမ့်မည်။ ထို့အပြင် ဘုရားသခင်ထံမှ လူသားများရရှိသည့် ကောင်းချီးများသည် မကြာခဏပင် သူတို့၏စိတ်ကူးများထက်သာလွန်ကာ လူသားများ ပြုလုပ်ခဲ့သည့်အရာ သို့မဟုတ် အဖိုးအခပေးကာ လဲလှယ်၍ရသည့်အရာများထက်လည်း သာလွန်နေသည်။ လူသားများသည် ဘုရားသခင်၏ကောင်းချီးများကို ခံစားရသောအခါ ဘုရားသခင်မည်သည့်အရာလုပ်နေသည်ကို ဂရုစိုက်သည့်သူရှိသလော။ ဘုရားသခင် မည်ကဲ့သို့ ခံစားနေရသည်ကို အရေးထားသည့်သူ ရှိသလော။ ဘုရားသခင်၏ နာကျင်မှုကို နားလည်ဖို့ရန် ကြိုးစားသည့်သူ ရှိသလော။ ဤမေးခွန်းသုံးခုလုံးအတွက် အဖြေမှာ မရှိပါဟူ၍ပင် ဖြစ်တော့သည်။ နောဧ အပါအဝင် လူသားတိုင်းက ထိုအခိုက်အတန့်တွင် ဘုရားသခင်ခံစားနေခဲ့ရသည့် ခံစားချက်ကို နားလည်နိုင်သလော။ ဘုရားသခင်သည် ထိုသို့သော ပဋိညာဉ်ကို တည်ထောင်ရခြင်းအကြောင်း မည်သူနားလည်နိုင်သနည်း။ နားမလည်နိုင်ကြပေ။ လူသားများသည် ဘုရားသခင်၏ နာကျင်မှုကို အသိအမှတ်မပြုခြင်းမှာ သူတို့အနေဖြင့် ဘုရားသခင်၏နာကျင်မှုကို နားမလည်၍မဟုတ်သကဲ့သို့ လူသားနှင့် ဘုရားသခင်အကြားမှ ခြားနားချက်ကြောင့်လည်း မဟုတ် သို့မဟုတ် သူတို့၏ ဂုဏ်အဆင့်အတန်း ကွာခြားမှုကြောင့်လည်း မဟုတ်ဘဲ လူသားသည် ဘုရားသခင်၏ ခံစားချက်များကို အလေးမထား၍ဖြစ်သည်။ ဘုရားသခင်သည် အမှီအခိုကင်းသည်ဟု လူသားများထင်ကြသည်၊ ဘုရားသခင်သည် လူသားများ၏ ဂရုစိုက်မှုကို မလိုအပ်၊ သူ့ကိုနားလည်ရန်နှင့် သူ့ကို အရေးထားရန် မလိုအပ်ဟု ထင်ကြသည်။ ဘုရားသခင်သည် ဘုရားဖြစ်သည်၊ ထို့ကြောင့် သူ့ထံ၌ နာကျင်မှုမရှိ၊ စိတ်ခံစားမှုမရှိ၊ ဘုရားသခင်သည် ဝမ်းနည်းမည်မဟုတ်၊ သောကကို မခံစားရဘဲ ငိုပင်မငို။ ဘုရားသခင်သည် ဘုရားဖြစ်သည်၊ ထို့ကြောင့် သူသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်များကို မလိုအပ်၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကို မလိုအပ်။ အကယ်၍ သူသည် အချို့သော အခြေအနေများ၌ ဤအရာများကို လိုအပ်ပါက သူသည် သူကိုယ်တိုင် ဖြေရှင်းလိမ့်မည်ဖြစ်ပြီး လူသားများထံမှ မည်သည့်အကူအညီမျှ လိုအပ်မည်မဟုတ်။ အပြန်အလှန်အားဖြင့် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ထောက်ပံ့ခြင်း၊ အားပေးခြင်းနှင့် အချိန်တိုင်း၊ နေရာတိုင်းတွင်ပင် သူတို့၏ စိတ်ခံစားမှုများကို နှစ်သိမ့်ပေးရန် ဘုရားသခင်ကို လိုအပ်ကြသည်မှာ အားနည်းပြီး မရင့်ကျက်သည့် လူသားများဖြစ်သည်။ လူသားသည် အားနည်းသူ ဖြစ်သည်၊ သူတို့သည် ဘုရားသခင်၏ ဘက်ပေါင်းစုံမှ စောင်မကြည့်ရှုခြင်းကို လိုအပ်သည်၊ ဘုရားသခင်ထံမှ သူတို့လက်ခံရရှိသည့် ဂရုစိုက်မှုမှန်သမျှကို သူတို့ရထိုက်သည်၊ မိမိတို့ဥစ္စာဟု သူတို့ခံစားရသည့် ဘယ်အရာကိုမဆို ဘုရားသခင်ထံမှ တောင်းဆိုသင့်သည်ဟူသည့် ဤသို့သော အတွေးသည် လူသား၏နှလုံးသား နက်ရှိုင်းသောနေရာတွင် ပုန်းကွယ်နေ၏။ ဘုရားသခင်သည် သန်မာသူဖြစ်သည်၊ သူ့ထံ၌ အရာအားလုံးရှိပြီး သူသည် လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်သူနှင့် ကောင်းချီးများကို ချပေးသူဖြစ်သင့်သည်။ သူသည် ဘုရားသခင်ဖြစ်နေပြီး ဖြစ်သောကြောင့် သူသည် အတိုင်းအဆမဲ့ တန်ခိုးကြီးပြီး လူသားမျိုးနွယ်ထံမှ အဘယ်အရာမျှ မလိုအပ်ဟု ထင်တတ်ကြသည်။

လူသားသည် ဘုရားသခင်၏ဖွင့်ဟချက်များ တစ်ခုတလေကိုမျှ ဂရုမစိုက်သောကြောင့် လူသားသည် ဘုရားသခင်၏ပူဆွေးခြင်း၊ နာကျင်ခြင်းနှင့် ပျော်ရွှင်ခြင်းများကို မည်သည့်အခါကမျှ မခံစားခဲ့ဖူးပေ။ သို့ရာတွင် အပြန်အလှန် အနေဖြင့် လူသား၏မျက်နှာအမူအရာများ အားလုံးကို ဘုရားသခင်သည် သူ၏လက်ဖမိုးကဲ့သို့ သိရှိလေသည်။ လူအယောက်စီတိုင်း၏ ပြောင်းလဲနေသည့် အတွေးများကို လေ့လာကာ ထိုသို့အားဖြင့် သူတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းပြီး သူတို့ကို လမ်းပြလျက် အလင်းပေးကာ လူတိုင်း၏ လိုအပ်ချက်များကို အချိန်တိုင်း နေရာတိုင်းတွင် ဘုရားသခင်အနေဖြင့် ဖြည့်ဆည်းပေးနေသည်။ လူသားမျိုးနွယ် အပေါ် ဘုရားသခင်လုပ်ပေးခဲ့သည့် အရာအားလုံးနှင့် ထိုသူတို့ကြောင့် သူပေးဆပ်ခဲ့ရသည့် အဖိုးအခများနှင့်ဆိုရလျှင် ဘုရားသခင်သည် လူသားထံမှ တစ်စုံတစ်ခုကို တောင်းဆိုလိမ့်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် ကျမ်းပိုဒ်ကို ကျမ်းစာထဲတွင် သို့မဟုတ် ယနေ့အချိန်ထိ ဘုရားသခင်ပြောဆိုခဲ့သည့်အရာများထဲမှ လူသားများသည် ရှာတွေ့နိုင်သလော။ မရှာတွေ့နိုင်ပေ။ တစ်ခြားတစ်ဖက်မှာ လူသားများသည် ဘုရားသခင်၏ တွေးတောခြင်းကို မည်မျှပင် လျစ်လျူရှုပါစေ ထိုသူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားသည့် လှပသောပန်းတိုင်ကို သူတို့ လက်ခံရရှိနိုင်ရန် ဘုရားသခင်၏ လမ်းခရီးကို သူတို့ကိုလိုက်လျှောက်ခွင့်ပြုခြင်းငှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထပ်တလဲလဲ ဦးဆောင်ကာ၊ လူသားမျိုးနွယ်ကို ထပ်တလဲလဲ ထောက်ပံ့၍ ကူညီပေးသည်။ ဘုရားသခင်အတွက် ဆိုရလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ကျေးဇူးတော်၊ သူ၏ကရုဏာ၊ သူ၏ကြင်နာခြင်းနှင့် သူ၏ဆုလာဒ်များအားလုံးသည် သူ့ကိုချစ်ကာ သူ့နောက် လိုက်လျှောက်သည့် သူများအပေါ် ခြွင်းချန်ထားခြင်းမရှိဘဲ ချပေးသနားခြင်းခံရမည့်အရာဖြစ်သည်။ သို့ရာတွင် ဘုရားသခင်သည် သူခံစားရသည့် နာကျင်မှုနှင့် သူ၏ စိတ်အခြေအနေကို မည်သူတစ်ဦးတစ်ယောက်ထံသို့မျှ ဖွင့်ပြခြင်းမရှိဘဲ သူ့အပေါ် စာနာထောက်ထားမှု မရှိခြင်း သို့မဟုတ် သူ့အလိုတော်ကို မသိရှိခြင်းတို့အတွက် မည်သူ့ကိုမျှ စောဒကမတက်ခဲ့ပေ။ ဘုရားသခင်သည် ဤအရာများ အားလုံးကို တိတ်တဆိတ် ခံစားဖြစ်ပြီး လူသားများ နားလည်လာမည့်နေ့ကို စောင့်မျှော်နေပေသည်။

ဤအရာများကို ဤနေရာတွင် အဘယ်ကြောင့် ငါပြောနေရသနည်း။ ငါပြောခဲ့သည့်အရာများမှ သင်တို့အနေဖြင့် အဘယ်အရာကို မြင်တွေ့ခဲ့ပြီနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် မျက်စိအလျှမ်းတတ် ကြဆုံး အရာတစ်စုံတစ်ခုရှိနေသည်၊ ကြီးမြတ်သည့်လူများအဖြစ်၊ လူကောင်းများအဖြစ်၊ သို့မဟုတ် မိမိတို့စိတ်ကူး၏ ဘုရားအဖြစ် လူများက မှတ်ယူကြသည့် သူများအပါအဝင် မည်သည့် လူပုဂ္ဂိုလ်ကမျှ မပိုင်ဆိုင်ဘဲ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့် အရာတစ်စုံတစ်ခုရှိသည်။ ထိုအရာမှာ အဘယ်အရာနည်း။ ၎င်းမှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းပြောရလျှင် သင်၏သားသမီးများနှင့် ပတ်သက်လာလျှင် သင်သည် မည်သည့်အရာကိုမျှ မကတ်သတ်ဘဲ ရက်ရောတတ်သောကြောင့် သင်သည် မိမိမှာ အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏မိဘနှင့် ပတ်သက်လာပါကလည်း သင်သည် ကိုယ့်ကိုယ်ကိုယ် ကိုယ်ကျိုးမငဲ့ဟု ထင်တတ်သည်။ သင်မည်သို့တွေးသည်ဖြစ်စေ အနည်းဆုံးအနေနှင့် သင့်ထံတွင် “ကိုယ်ကျိုးမငဲ့ခြင်း” ဟူသည့်စကားလုံးနှင့်ပတ်သက်သည့် အယူအဆတစ်ခုရှိပြီး ထိုစကားလုံးကို အပြုသဘောဆန်သည့် အရာအဖြစ်မှတ်ယူကာ ကိုယ်ကျိုးမငဲ့သောသူတစ်ဦး ဖြစ်ခြင်းမှာ အင်မတန် မြင့်မြတ်သည်ဟု မှတ်ယူထားကြသည်။ သင်သည် ကိုယ်ကျိုးမငဲ့သည့်အချိန်၌ သင့်ကိုယ်သင် ကြီးမြတ်သည်ဟု ထင်သည်။ သို့ရာတွင် အရာများအားလုံးအကြား၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများ အကြားနှင့် ဘုရားသခင်၏ အမှုမှတစ်ဆင့် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သည့်သူ တစ်ယောက်မျှ မရှိပေ။ အဘယ်ကြောင့် ထိုသို့ဖြစ် ရသနည်း။ လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်၍ ဖြစ်သည်။ အဘယ်ကြောင့် ငါထိုသို့ပြောသနည်း။ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကတွင်နေ၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်လျှောက်ကောင်း လိုက်လျှောက် လိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်သည် သင်တို့ကို မည်သို့ထောက်ပံ့ပေးနေသည်၊ မည်သို့ချစ်သည်နှင့် မည်သို့ အရေးထားသည်ကို မည်သည့်အခါမျှ မတွေ့မြင်ပေ သို့မဟုတ် နားမလည်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်မြင်သနည်း။ သင့်ကို ချစ်မြတ်နိုးသည့် သို့မဟုတ် တုန်နေအောင်ချစ်ကြသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိမည့် အရာများ၊ သင်တို့ဂရုစိုက်သည့်လူများနှင့် ချစ်မြတ်နိုးသည့် အရာများကို သင်မြင်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟုပြောသည့်အရာပင် ဖြစ်တော့သည်။ သို့ရာတွင် ထို “ကိုယ်ကျိုးမငဲ့သော” လူများသည် သူတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်နှင့်ဆန့်ကျင်စွာ လူသား၏ ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန်လာပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းလာသည်။ လူသားများယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး ယုတ္တိမတန်ကာ ညစ်ညူး နေလျက် ဘုရားသခင်နှင့် သဟဇာတမဖြစ်ဘဲ သက်ဆိုင်ခြင်း လည်းမရှိပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ့အတွက်သာလျှင် ဖြစ်သည်၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းမှာမူ သူ့အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက်ဖြစ်ပေသည်။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် လူသားများသည် ဘုရားသခင်ထံမှ တည်ငြိမ်သည့် ထောက်ပံ့မှုကို ရရှိနေခြင်းဖြစ်သည်။ ယနေ့ငါပြောသည့် ခေါင်းစဉ်နှင့် ပတ်သက်ပြီး သင်တို့အနေဖြင့် နက်နက်ရှိုင်းရှိုင်း ထိရောက်ခြင်း မရှိကောင်းမရှိဘဲဖြစ်နိုင်ပြီး ထောက်ခံသည့်အနေဖြင့် ခေါင်းလေးညိတ်နေရုံသာ ဖြစ်ကောင်းဖြစ်မည်၊ သို့ရာတွင် သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ သင်ကြိုးစားသည့်အခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာလျှင် အခြေအနေပေါ် မမူတည်၊ ပြစ်မျိုးမှဲ့မထင်ခြင်းကြောင့် ဤလောကကြီးထဲ၌ သင်ခံစားသိရှိနိုင်သော လူများ၊ အမှုအရာများနှင့် အရာဝတ္ထုများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုသာလျှင် စစ်မှန်ပြီး ခိုင်မာသည်ကို သင်သည် အမှုမဲ့စွာ ရှာဖွေတွေ့ရှိ လာလိမ့်မည်။ ဘုရားသခင်မှလွဲပြီး ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အခြားသူများ၏ ထိုအရာအားလုံးသည် မရိုးသားသည့် အပေါ်ယံ အတုယောင်သာဖြစ်သည်။ ထိုအထဲ၌ ရည်မှန်းချက်၊ ရည်ရွယ်ချက်အချို့နှင့် အပေးအယူသဘော ပါဝင်ကာ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ထိုအရာသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ပြောနိုင်သည်။ သဘောတူကြသလော။

သင်တို့သည် ဤအကြောင်းအရာများနှင့် အလွန် မရင်းနှီးမှန်း၊ ဤအရာများကို သင်တို့အမှန်တကယ် နားလည်လာနိုင်ဖို့ အချိန်အနည်းငယ် လိုအပ်မှန်း ငါသိသည်။ ဤကိစ္စရပ်များနှင့် အကြောင်းအရာများကို သင်တို့သည် ပို၍မရင်းနှီးလေလေ ဤအကြောင်းအရာများကို သင်တို့ နှလုံးသားထဲတွင် လိုအပ်နေသည်ကို ထိုအရာက ပို၍ သက်သေပြလေလေဖြစ်သည်။ အကယ်၍ ဤအကြောင်းအရာများကို ငါမဖော်ပြခဲ့လျှင် သင်တို့ထဲ တစ်ယောက်ယောက်က ဤအကြောင်းများကို နည်းနည်းပါးပါး သိလိမ့်မည်ဟု ထင်သလော။ သင်တို့သည် မည်သည့်အခါမျှ သိခွင့်ရမည်မဟုတ်ဟု ငါယုံကြည်သည်။ ထိုအရာမှာ သေချာပေါက်ပင်ဖြစ်သည်။ သင်တို့သည် မည်မျှပင် နားလည်နိုင်သည်ဖြစ်စေ သို့မဟုတ် သဘောပေါက်နိုင်သည် ဖြစ်စေ၊ အချုပ်အားဖြင့်ဆိုရလျှင် ငါပြောသည့် ဤအကြောင်းအရာများသည် လူအများစု လစ်ဟာနေသည့် အရာများဖြစ်ပြီး သူတို့အသိသင့်ဆုံး အရာများဖြစ်သည်။ ဤအကြောင်းအရာများသည် လူတိုင်းအတွက် အလွန်အရေးကြီးသည်၊ ၎င်းတို့သည် တန်ဖိုးရှိပြီး အသက်ဖြစ်၍ သင်တို့ရှေ့ဆက်သွားမည့်လမ်း၌ သင်တို့ပိုင်ဆိုင်ထားရမည့် အရာများဖြစ်သည်။ လမ်းညွှန်ချက်အဖြစ် ဤအရာများမရှိပါက၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့အပေါ် နားလည်ခြင်း မရှိပါက၊ ဘုရားသခင်နှင့်ပတ်သက်လာလျှင် သင်၌ အစဉ်အမြဲ မေးစရာရှိနေမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားလည်ခြင်းပင် မရှိပါက သူ့ကို မည်သို့လျှင် ကျကျနန ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်၏ စိတ်ခံစားမှုများ၊ သူ၏အလိုတော်၊ သူ၏စိတ်အခြေအနေ၊ သူတွေးနေသည့်အရာ၊ သူ့ကို ဝမ်းနည်းစေသည့်အရာနှင့် သူ့ကိုပျော်ရွှင်စေသည့်အရာတို့ကို သင်ဘာမျှမသိသောကြောင့် သင်သည် ဘုရားသခင်၏ နှလုံးသားကို မည်သို့လျှင် စာနာထောက်ထားနိုင်မည်နည်း။

ဘုရားသခင် စိတ်မကောင်းသည့်အချိန်တိုင်း သူသည် သူ့နောက်ကိုလိုက်ကာ သူ့ကိုချစ်ပါသည်ဟု ကြွေးကြော်ပြီး သူ့ခံစားချက်များကို လုံးဝလျစ်လျူရှုကြသည့်၊ သူ့ကို ဂရုမစိုက်ကြသည့် လူသားမျိုးနွယ်ကို ရင်ဆိုင်ရသည်။ သူ့နှလုံးသားသည် မည်သို့လျှင် မနာကျင်ဘဲနေမည်နည်း။ ဘုရားသခင်၏စီမံခန့်ခွဲမှု အမှုထဲတွင် ဘုရားသခင်သည် သူ့အမှုကို စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်ပြီး လူတိုင်းကို စကားပြောနေကာ ထိန်ချန်ထားခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းမရှိဘဲ သူတို့ကိုရင်ဆိုင်နေခြင်းဖြစ်သော်လည်း အပြန်အလှန်အားဖြင့် သူ့နောက်ကိုလိုက်သည့်လူတိုင်းသည် သူနှင့်ဝေးကွာနေပြီး ဘယ်သူကမှ သူ၏အထံတော်သို့ တက်ကြွစွာ တိုးဝင်ချဉ်းကပ်ဖို့ရန်၊ သူ့နှလုံးသားကိုနားလည်ဖို့ရန်၊ သူ့ခံစားချက်များကို ဂရုစိုက်ပေးဖို့ရန် မလိုလားကြပေ။ ဘုရားသခင်၏ အကျွမ်းဝင်သူများ ဖြစ်လာချင်ကြသည့်သူများ ပင်လျှင် ဘုရားသခင်အထံတော်သို့ မတိုးဝင်မချဉ်းကပ်လိုကြပေ၊ သူ့နှလုံးသားကို စာနာထောက်ထားရန် သို့မဟုတ် သူ့ကိုနားလည်ရန် မလိုချင်ကြပေ။ ဘုရားသခင်သည် ဝမ်းမြောက်ကာ ပျော်ရွှင်နေသည့်အချိန်တွင် သူ၏ပျော်ရွှင်မှုကို မျှဝေခံစားပေးဖို့ လူတစ်ယောက်မျှ ရှိမနေပေ။ ဘုရားသခင်သည် လူသားများ၏ အထင်မြင်လွဲမှားမှု ခံရချိန်တွင် သူ၏ နာကျင်နေသည့် နှလုံးသားကို နှစ်သိမ့်ပေးမည့်လူ ရှိမနေပြန်ပေ။ သူ၏နှလုံးသား နာကျင်နေချိန်မှာလည်း သူ့ကိုယုံကြည်ကာ နားထောင်ပေးရန် ဆန္ဒရှိသည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေပြန်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုနှစ်ထောင်ချီ တစ်လျှောက်တွင် ဘုရားသခင်၏ ပျော်ရွင်မှုနှင့် ပူဆွေးမှုများကို ဘုရားသခင်နှင့်အတူ မျှဝေခံစားနိုင်သည့်သူကို မဆိုထားနှင့် ဘုရားသခင်၏စိတ်ခံစားမှုများကို နားလည်သည့်သူ၊ ဤအရာ များကို နားလည်သည့်သူ သို့မဟုတ် သဘောပေါက်သည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ဘုရားသခင်သည် အထီးကျန် နေသည်။ သူအထီးကျန်နေပေ၏။ သူ့ကိုဆန့်ကျင်သည့် ဖောက်ပြန်ပျက်စီးသည့် လူသားများကြောင့်သာ ဘုရားသခင်သည် အထီးကျန်နေခြင်းမဟုတ်ဘဲ ဝိညာဉ်ရေးရာကို လိုက်စားကြသူများ၊ ဘုရားသခင်ကို သိကျွမ်းရန်နှင့် နားလည်ဖို့ရန် ဖွေရှာသူများကြောင့် ပို၍အထီးကျန်ရပြီး သူတို့ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ အပ်နှံထားခြင်းငှာ လိုလားသောသူများပင်လျှင် သူ့အတွေးများကို မသိသကဲ့သို့ သူ၏စိတ်သဘောထားနှင့် စိတ်ခံစားမှုများကို နားမလည်ကြပေ။

နောဧအဖြစ်အပျက်၏အဆုံး၌ ဘုရားသခင်သည် ထိုအချိန်က သူ၏ခံစားချက်များကို ဖော်ပြဖို့ရန် သာမန် မဟုတ်သည့် နည်းလမ်းတစ်ခုကို သုံးခဲ့သည်ကို ငါတို့မြင်ရသည်။ ဤနည်းလမ်းသည် အလွန်ထူးခြားသည်၊ ၎င်းနည်းလမ်းမှာ လူသားများနှင့် ပဋိညာဉ်ဖွဲ့ရန်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာကြီးကို ဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို ဘုရားသခင် အသုံးပြုခြင်းသည် အဆုံးသတ်ကြောင်း ကြေညာခြင်းနည်းလည်းဖြစ်သည်။ ပြင်ပမှကြည့်လျှင် ပဋိညာဉ်ဖွဲ့ခြင်းသည် အင်မတန်မှပင် သာမန်ဖြစ်သည့် လုပ်ရပ်တစ်ခုဟုထင်ရသည်။ နှစ်ဦးနှစ်ဘက်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းဟူသည့် ရည်ရွယ်ချက် ဖြစ်မြောက်နိုင်ရန်အလို့ငှာ ကျူးလွန်ဖောက်ဖျက်သည့် လုပ်ရပ်များမပြုရန် နှစ်ဘက်စလုံးကို လိုက်နာဆောင်ရွက်စေရန် စကားလုံးများကို အသုံးပြုခြင်းထက် ဘာမျှမပိုပေ။ ပုံစံအရ ဤသည်မှာ အင်မတန်မှပင် သာမန်ဆန်သည်၊ သို့သော် နောက်ကွယ်မှ အရင်းခံအကြောင်းများနှင့် ဤအရာကို ဘုရားသခင်လုပ်ဆောင်ရခြင်း၏ အဓိပ္ပာယ်တို့အရ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားနှင့် စိတ်အခြေအနေတို့၏ မှန်ကန်သည့် ဖော်ပြခြင်းဖြစ်သည်။ သင်သည် ဤစကားများကို ဘေးဖယ်၍ လျစ်လျူရှုပါက၊ အကယ်၍ ငါသည် ဤအရာများ၏ သမ္မာတရားကို သင်တို့အား မပြောခဲ့ပါက၊ လူသားများသည် ဘုရားသခင်၏တွေးတောခြင်းကို အမှန်တကယ်ပင် မည်သည့်အခါမျှ သိရှိရမည် မဟုတ်ပေ။ ဤပဋိညာဉ်ကို ဖွဲ့နေစဉ်တွင် ဘုရားသခင်သည် ပြုံးနေခဲ့လိမ့်မည် သို့မဟုတ် သူ၏ မျက်နှာအမူအရာသည် လေးနက်ကောင်း လေးနက် နေလိမ့်မည်ဟု သင့်စိတ်ကူးထဲ၌ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် လူများ၏စိတ်ကူးထဲတွင် ဘုရားသခင်သည် မည်သည့် အဖြစ်များဆုံးသော ဖော်ပြမှုပုံစံ ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အထီးကျန်မှုကို မဆိုထားနှင့်၊ ဘုရားသခင်၏နှလုံးသားနှင့် နာကျင်မှုကို မည်သူမျှ မမြင်နိုင်ပေ။ မိမိတို့ကို ဘုရားသခင်ယုံကြည်လာအောင် သို့မဟုတ် ဘုရားသခင်၏ ယုံကြည်မှုနှင့် ထိုက်တန်လာအောင် မည်သူမျှ မလုပ်နိုင်ပေ သို့မဟုတ် ဘုရားသခင်အနေဖြင့် သူ၏အတွေးများကို ဖော်ပြပေးနိုင်သည့်သူ သို့မဟုတ် သူ၏နာကျင်မှုကို ပြောပြပေးနိုင်သည့် လူတစ်ယောက်ဖြစ်လာအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာကို လုပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ခြင်းဖြစ်သည်။ အပေါ်ယံအားဖြင့် ဘုရားသခင်သည် အတိတ်ကို ပြီးပြတ်စေပြီး ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီးကို သူဖျက်ဆီးခြင်းအတွက် ပြီးပြည့်စုံသည့် အဆုံးသတ်ကို ပြုလုပ်လျက် ယခင်လက်ဦးလူသားများကို နှုတ်ဆက်ဖို့ရန် လွယ်ကူ သည့်အရာကို ပြုခဲ့သကဲ့သို့ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤအခိုက်အတန့်မှ နာကျင်မှုကို သူ၏ အတွင်းနှလုံးသားထဲတွင် မြှုပ်နှံခဲ့သည်။ ဘုရားသခင်သည် ပြောပြရမည့်လူတစ်ယောက်မျှ မရှိသည့်အချိန်က ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် မဖျက်ဆီးတော့ဟုပြောလျက် လူသားများနှင့် ပဋိညာဉ်ဖွဲ့ခဲ့သည်။ သက်တံပေါ်လာသောအခါအခါ ဤသည်မှာ လူသားများကို ဤသို့သောကိစ္စများဖြစ်ခဲ့ဖူးမှန်း အသိပေးရန် ဖြစ်ပြီး ဆိုးယုတ်သောအရာများ မပြုကြရန် လူသားများကို သတိပေးရန်ဖြစ်သည်။ ထိုကဲ့သို့သော နာကျင်ရသည့် အခြေအနေ၌ပင်လျှင် ဘုရားသခင်သည် လူသားများကို မမေ့ဘဲ သူတို့ကို အလေးထားနေဆဲ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကိုယ်ကျိုးမငဲ့မှုတို့ မဟုတ်သလော။ သို့ရာတွင် လူသားများ ခံစားနေရသည့်အချိန်တွင် သူတို့သည် အဘယ်အရာကို တွေးကြသနည်း။ ဤသည်မှာ လူသားများ ဘုရားသခင်ကို အလိုအပ်ဆုံး အချိန်မဟုတ်သလော။ ဤသို့သောအချိန်များတွင် လူများသည် သူတို့ကိုနှစ်သိမ့်ပေးဖို့ရန် ဘုရားသခင်ကို အတင်းဆွဲခေါ်ကြသည်။ မည်သည့်အချိန်ပင် ဖြစ်ပါစေ ဘုရားသခင်သည် လူသားများကို စိတ်ပျက်စေမည်မဟုတ်သည့်အပြင် ဘုရားသခင်သည် လူများကို သူတို့၏အကျပ်အတည်းများမှ အစဉ်အမြဲ လွတ်မြောက်စေပြီး အလင်းထဲတွင် နေစေမည်ဖြစ်သည်။ ဘုရားသခင်သည် လူများကို များစွာထောက်ပံ့ပေးသော်လည်း လူများ၏ နှလုံးသားထဲတွင်မူ ဘုရားသခင်သည် နှစ်သိမ့်ရာအားဆေး ဟူသည့် စိတ်ချသေချာစေခြင်း ဆေးလုံးထက်မပိုခဲ့ပေ။ ဘုရားသခင်သည် ခံစားနေရသည့်အခါ၊ သူ၏နှလုံးသားသည် ထိခိုက်သည့်အခါ၊ သူ့ကိုအဖော်ပြုနှစ်သိမ့်ပေးရန် ဖန်ဆင်းခံလူသားတစ်ယောက်ရှိခြင်းသည် သူ့အတွက်မူ လွန်ကဲလှသည့် ဆန္ဒဖြစ်သည်မှာ ယုံမှားဖွယ်ရာမဟုတ်ပေ။ လူသားသည် ဘုရားသခင်၏ ခံစားချက်များကို မည်သည့်အခါမျှ အလေးမပေးခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကိုနှစ်သိမ့်ပေးနိုင်မည့် လူတစ်ယောက်ရှိနေဖို့ မည်သည့်အခါမျှ မတောင်းဆိုပေ သို့မဟုတ် မမျှော်လင့်ပေ။ သူ၏စိတ်နေစိတ်ထားကို ဖော်ပြဖို့ ဘုရားသခင်သည် သူ့ကိုယ်ပိုင်နည်းကိုသာ သုံးခဲ့သည်။ ဘုရားသခင်အနေဖြင့် ဆင်းရဲဒုက္ခအချို့ကို ခံစားရခြင်းမှာ ကြီးကျယ်သည့်ကိစ္စဖြစ်သည်ဟု လူသားများက မတွေးကြပေ၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် နားလည်သည့်အခါမှသာ၊ သူလုပ်သမျှအရာတိုင်း၌ ဘုရားသခင်၏ လေးနက်သည့် ရည်ရွယ်ချက်များကို စစ်မှန်စွာ သဘောပေါက်လာနိုင်သည့်အခါမှသာ၊ ဘုရားသခင်၏ကြီးမြတ်မှုနှင့် ကိုယ်ကျိုးမငဲ့မှုတို့ကို သင်ခံစားနိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် သက်တံကို အသုံးပြုပြီး လူသားနှင့် ပဋိညာဉ်ဖွဲ့ခဲ့သော်လည်း အဘယ်ကြောင့် ထိုအရာကို သူပြုခဲ့သည်၊ အဘယ်ကြောင့် ထိုပဋိညာဉ်ကို ဖွဲ့ဆိုခဲ့သည်ကို မည်သူ့ကိုမျှ လုံးဝ မပြောခဲ့ပေ၊ သူသည် သူ၏အတွေးမှန်များကို မည်သူ့ကိုမျှ မပြောခဲ့ဟု ဆိုလိုသည်။ ဤသို့ဖြစ်ရခြင်းမှာ သူကိုယ်တိုင် သူ့လက်နှင့် ဖန်ဆင်းခဲ့သည့် လူသားများအတွက် ထားရှိသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို နားလည်နိုင်သည့်သူ တစ်ယောက်မျှ မရှိ၍ဖြစ်ပြီး ဘုရားသခင် လူသားများကို ဖျက်ဆီးခဲ့သည့်အချိန်က သူ၏နှလုံးသားမှာ မည်မျှနာကျင်ခံစားခဲ့ရသည်ကို သဘောပေါက်နိုင်သည့်သူ တစ်ယောက်မျှ မရှိ၍ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူမည်သို့ခံစားရသည်အား လူများကို ပြောပြလျှင်ပင် သူတို့သည် ဤယုံကြည်မှုကို ခံယူနိုင်မည်မဟုတ်ပေ။ နာကျင်နေရသော်လည်း ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ဆင့်နှင့်အတူ ရှေ့ဆက်နေဆဲဖြစ်သည်။ ဆင်းရဲဒုက္ခကို သူကိုယ်တိုင် တိတ်တဆိတ် သည်းညည်းခံလျက် ဘုရားသခင်သည် သူ၏အကောင်းဆုံးအပိုင်းနှင့် အကောင်းဆုံးအရာများကို အစဉ်အမြဲ ပေးနေခဲ့သည်။ ဘုရားသခင်သည် ဆင်းရဲဒုက္ခများကို မည်သည့်အခါမျှ ပွင့်ပွင့်လင်းလင်း ဖွင့်ချမပြခဲ့ပေ။ ထိုအစား သူသည် ၎င်းတို့ကို ကြံ့ကြံ့ခံပြီး တိတ်တဆိတ် စောင့်နေသည်။ ဘုရားသခင်၏ ခံနိုင်ရည်သည် အေးစက်၊ ထုံထိုင်းကာ ကူကယ်ရာမဲ့နေခြင်း မဟုတ်ပေ သို့မဟုတ် အားနည်းမှု၏ လက္ခဏာတစ်ရပ်မဟုတ်ပေ။ ဘုရားသခင်၏ချစ်ခြင်းနှင့် အနှစ်သာရသည် အစဉ်အမြဲ ကိုယ်ကျိုးကိုမငဲ့ခြင်းသာဖြစ်သည်။ ဤသည်မှာ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့၏ သဘာဝအလျောက် ဖော်ပြခြင်းဖြစ်ပြီး စစ်မှန်သည့် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်၏ ပင်ကိုလက္ခဏာ၏ စစ်မှန်သည့် သရုပ်သကန်လည်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူအချို့သည် ငါဆိုလိုသည့်အရာများကို တလွဲအနက်ယူကောင်း ယူနိုင်သည်။ ဘုရားသခင်၏ခံစားချက်များကို သည်းထိတ်ရင်ဖိုစရာ ဖန်တီးမှုများစွာနှင့် ဤကဲ့သို့ အသေးစိတ်ဖော်ပြခြင်းသည် လူသားများကို ဘုရားသခင်အတွက် ဝမ်းနည်းစေချင်၍ များလော။ ထိုသို့သော ရည်ရွယ်ချက်မျိုး ရှိသလော။ (မရှိပါ။) ငါ့အနေနှင့် ဤအရာများကို ပြောရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သင်တို့သိကျွမ်းလာစေရန်၊ သူ၏အစိတ်အပိုင်းတိုင်းကို နားလည်စေရန်၊ သူ၏ စိတ်ခံစားမှုများကို နားလည်စေရန်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့သည် သူ၏အမှုမှတစ်ဆင့် အထင်အရှားနှင့် တဖြည်းဖြည်း ဖော်ပြခြင်းခံရပြီး လူသား၏ အနှစ်မဲ့သည့် စကားလုံးများ၊ သူတို့၏ စာများနှင့် အယူဝါဒများ၊ သို့မဟုတ် သူတို့၏ စိတ်ကူးများအားဖြင့် ပုံဖော်ခံထားရသည်နှင့် တခြားစီ ဖြစ်သည်ကို သင်တို့နားလည်စေရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အနှစ်သာရသည် ပန်းချီများ မဟုတ်၊ စိတ်ကူးထားသည့်အရာ၊ လူသားများတည်ဆောက်ကာ လုပ်ကြံဖန်တီးထားသည့်အရာ လုံးဝမဟုတ်ဘဲ အမှန်တကယ် တည်ရှိ၏။ ဤအရာများကို သင်တို့ ယခု သိသွားပြီလော။ သင်တို့ သိသွားပြီဆိုလျှင် ယနေ့ ငါ၏နှုတ်ကပတ်တော်များသည် ပန်းတိုင်ကို ရရှိခဲ့ချေပြီ။

ယနေ့ ငါတို့ ခေါင်းစဉ်သုံးခုကို ဆွေးနွေးခဲ့ကြသည်။ ဤခေါင်းစဉ်သုံးခုကို မိတ်သဟာယဖွဲ့ ဆွေးနွေးခြင်းမှ လူတိုင်းသည် များစွာသင်ယူရရှိခဲ့ကြလိမ့်မည်ဟု ငါယုံကြည်သည်။ ဤခေါင်းစဉ်သုံးခုမှ ငါဖော်ပြခဲ့သည့် ဘုရားသခင်၏အတွေးများ သို့မဟုတ် ငါဖော်ပြခဲ့သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရများသည် ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏သဘောပေါက်မှုများနှင့် နားလည်မှုတို့ကို ပြောင်းလဲပေးခဲ့ပြီး လူတိုင်း၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းများကိုပင် ပြောင်းလဲခဲ့ သည့်အပြင် လူတိုင်း၏ နှလုံးသားထဲတွင် ကြည်ညိုကြသည့် ဘုရား၏ပုံရိပ်ကို ပြောင်းလဲခဲ့သည်။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာ၏ ဤအခန်းနှစ်းခန်းမှ ဘုရားသခင်၏ စိတ်သဘောထားများအကြောင်း သင်တို့သင်ယူခဲ့ ရသည့်အရာများသည် သင်တို့အတွက် အကျိုးရှိမည်ဟု ငါမျှော်လင့်သည်၊ ထို့ပြင် သင်တို့ပြန်သွားပြီးနောက် ထိုအကြောင်းကို သင်တို့အနေဖြင့် ပိုမို ကြိုးစားတွေးဆကြ မည်ဟုလည်း ငါမျှော်လင့်သည်။ ယနေ့စည်းဝေးပွဲသည် ဤမှာပင် ပြီး၏။ နှုတ်ဆက်ပါသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။