ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည် (အပိုင်း သုံး)
ဘုရားသခင်ကို ယုံကြည်ရန်နှင့် အသက်တာ၌ မှန်သော လမ်းကြောင်းကို လျှောက်လှမ်းရန်အတွက် အနည်းဆုံးအနေဖြင့် သင်သည် ဂုဏ်သိက္ခာနှင့် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်ရမည်၊ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ထိုက်တန်ပြီး တန်ဖိုးရှိသည်ဟု သဘောထားခြင်း ခံရမည်ဖြစ်သည်။ သင်၏ အကျင့်စာရိတ္တနှင့် တည်ကြည်မှုတွင် အနှစ်သာရရှိသည်၊ သင်သည် သင်ကတိထားသမျှ လုပ်ဆောင်ပြီး မိမိ၏စကားအတိုင်း တည်သည်ဟု လူတို့ ခံစားရမည်ဖြစ်သည်။ လူတို့က သင့်ကို ဤအတိုင်း တန်ဖိုးဖြတ်ရမည်။ သင်သည် သင့်စကားတည်ရန် ကျိန်းသေသည်၊ သင်ကတိပြုသည့်အရာကို လုပ်ဆောင်ရန် ကျိန်းသေသည်၊ သင့်အား တာဝန်ပေးထားသည့်အရာကို ကျေပွန်စွာနှင့် စိတ်နှလုံးအကြွင်းမဲ့သာမက သင့်အား တာဝန်အပ်နှင်းခဲ့သောလူအနေဖြင့် လုံးဝ အားရကျေနပ်သည်အထိ ဆောင်ရွက်ရန် ကျိန်းသေသည်ဟု လူတို့ပြောသင့်သည်။ ဤသည်မှာ မိမိစကားအတိုင်းတည်သည့် လူတစ်ဦးပင် မဟုတ်လော။ ဤသို့သော လူတို့သည် ဂုဏ်သိက္ခာဖြင့် အသက်ရှင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သူကမျှ မည်သည့်အရာကိုမျှ တာဝန်မပေးရဲစဖူးသော လူအချို့ရှိ၏။ အခြားသူများက ထိုသူတို့ကို အမှုကိစ္စများ တာဝန်ပေးသောအခါ၌ပင် ယင်းမှာ ၎င်းတို့က ပို၍ သင့်တော်သူ တစ်ဦးဦးကို ရှာမတွေ့သောကြောင့်၊ ထိုသူတို့သည်သာ ရွေးချယ်စရာ ဖြစ်သောကြောင့်ဖြစ်ပြီး လူတစ်ဦးဦးက ထိုသူတို့ကို စောင့်ကြပ်ဖို့ စီစဉ်ရဦးမည်ဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးနည်း။ ယင်းမှာ ဂုဏ်သိက္ခာရှိသော လူတစ်ဦး ဟုတ်သလော။ (မဟုတ်ပါ။) ထိုသူတို့ပြောသမျှကို သင်တို့သည် ပိုင်းခြားစိစစ်ပြီး ဆန်းစစ်ရန် လိုသည်၊ ယင်းကို သင်တို့ ကြိုတွက်ရန်လိုသည့်အပြင် သူတို့၏ လေသံကို အာရုံစိုက်ပြီး သင့်အနီးအနားရှိ လူတို့ထံမှ အတည်ပြုချက်နှင့် မှန်ကန်ကြောင်း သက်သေပြချက်ကို ရှာဖွေရန်လိုသည်။ ထိုသူတို့က စကားတစ်ခုခု ပြောသောအခါဖြစ်စေ၊ တစ်စုံတစ်ခုနှင့် ပတ်သက်၍ ပြောဆိုသောအခါဖြစ်စေ သူတို့ကို ယုံကြည်စိတ်ချရသည့် အဆင့်မှာ သုညနားနီးနီး ဖြစ်လေသည်။ ထိုသူတို့ ပြောပြနေသည့်အရာမှာ ရှိကောင်းရှိနိုင်သော်လည်း ယင်းကို သူတို့ ပုံကြီးချဲ့နေခြင်း သို့မဟုတ် ဖော့ပြောနေခြင်း ဖြစ်မည်၊ သို့မဟုတ် ယင်းက လုံးဝ မရှိဘဲနှင့်၊ လုပ်ကြံပြောဆိုနေခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် ထိုသူတို့က အဘယ့်ကြောင့် အမှုအရာများကို လုပ်ကြံပြောဆိုရသနည်း။ ထိုသူတို့သည် လူတို့ကို လှည့်ဖြားရန်၊ မိမိတို့ကို အလွန်ထက်မြက်ပြီး လုပ်နိုင်စွမ်းရှိသည်ဟု ထင်မြင်စေရန် အလိုရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ သူတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ အခြားလူတို့က ဤကဲ့သို့သော လူပုဂ္ဂိုလ်များကို နှစ်သက်သလော။ (မနှစ်သက်ပါ။) ၎င်းတို့က သူတို့ကို အဘယ်မျှ မနှစ်သက်သနည်း။ လူတို့သည် ထိုကဲ့သို့သော လူများကို ရွံမုန်းပြီး အထင်အမြင်သေးကာ ထိုသူတို့ကို မည်သည့်အခါမျှ မတွေ့ဆုံခဲ့ဖူးလျှင် ပို၍ကောင်းမည်ဟုပင် ခံစားနိုင်သည်။ လူတို့သည် ထိုသို့သောလူများနှင့် အတူရှိနေသောအခါ သူတို့ ပြောသမျှအရာတိုင်းကို ယုံကြည်ခြင်း သို့မဟုတ် အတည်ယူခြင်း မရှိကြပေ။ ၎င်းတို့သည် စကားအနည်းငယ်သာ ပြောပြီး အပေါ်ယံကိစ္စ အချို့အကြောင်းကို သာမန်ကာလျှံကာ ပြောခြင်းဖြင့် ဟန်ဆောင်လုပ်ပြကြသည်။ ဤလူတို့က အမှန်တရားကို ပြောသောအခါ၌ပင် အခြားလူတို့က ထိုသူတို့ကို မယုံကြည်ကြပေ။ ဤကဲ့သို့သောလူကို လုံးလုံးလျားလျား အသုံးမကျသည့်အပြင် နိမ့်ကျသည်။ သူတို့ကို မည်သူမျှ တန်ဖိုးရှိသည်ဟု မယူဆပေ။ လူတစ်ဦး၏ အပြုအမူက ဤအဆင့်သို့ ရောက်သွားသောအခါ ထိုသူ၌ ဂုဏ်သိက္ခာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) သူတို့ကို မည်သူမျှ တာဝန်မပေး၊ မည်သူမျှ မယုံကြည်၊ မည်သူမျှ မိမိ၏စိတ်ရင်းအတိုင်း မဆက်ဆံကြ၊ သူတို့ပြောသည့်အရာကို မည်သူမျှ မယုံကြည်ပေ။ အခြားလူတို့က နားထောင်ရုံထောင်ကြပြီး ထို့ထက် မပိုပေ။ ဤလူတို့က “ဤတစ်ကြိမ်တွင် ကျွန်ုပ် အမှန်တရားကို ပြောနေသည်” ဟု ပြောသောအခါ သူတို့ပြောနေသည့်အရာက မှန်ကန်နေလျှင်ပင် မည်သူမျှ မယုံကြည် သို့မဟုတ် မည်သည့် အာရုံစိုက်မှုမျှ မပေးကြပေ။ ထိုသူတို့က “ကျွန်ုပ်ပြောသမျှက အမှားချည်းသာ ဖြစ်သည်မဟုတ်၊ မှန်သလော” ဟု ပြောသောအခါ လူတို့က “သင် ပြောသည့်အရာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပိုင်းခြားစိတ်ဖြာဖို့ အရေးမစိုက်။ သင်စကားပြောသည်ကို နားထောင်ရသည်မှာ အလွန်ပင်ပန်းသည်။ ကျွန်ုပ်သည် သင်၏ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များကို ပိုင်းခြားစိတ်ဖြာကာ ဆန်းစစ်ဖို့လိုပြီး ယင်းက ဒုက္ခသာလျှင် များလွန်းသည်။ ထိုသို့ပြုရင်း ကုန်သွားသည့်အချိန်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဆင်ခြင်နှလုံးသွင်းရန် သို့မဟုတ် ဓမ္မသီချင်းတစ်ပုဒ်ဆိုဖို့ သင်ယူရန်အတွက် အသုံးပြုနိုင်ပြီး ထိုအရာများပြုခြင်းမှ အကျိုးအမြတ်အချို့ကို အမှန်ပင် ရရှိမည်ဖြစ်သည်။ သင့်အား စကားပြောရာမှ မည်သည့်အရာကိုမျှ ကျွန်ုပ် မရရှိနိုင်ပေ။ သင်ပြောသည့် စကားတစ်ခွန်းမျှ မမှန်သည့်အပြင် ကျွန်ုပ်သည် သင်နှင့်လုံးဝ မပတ်သက်လို” ဟု ပြန်ပြောကြသည်။ ၎င်းတို့သည် ထိုသို့သော လူတို့ကို ဤပုံစံအတိုင်း စွန့်ခွာကြသည်။ ယခုခေတ်တွင် ဘာသာတရားမရှိသူများက “သင် သမ္မာတရားကို ကြားလိုသလော သို့မဟုတ် မုသားကိုသာ ကြားဖို့ ပို၍ လိုလားမည်လော” ဟု ပြောသည်ကို မကြာခဏ ကြားရလိမ့်မည်။ မည်သူမျှ မုသားများကို မကြားလိုပေ။ ထို့ကြောင့် အမြဲတမ်း လိမ်ညာပြီး မလိမ့်တပတ်လုပ်သော သူတို့သည် လူတို့အနက် အနိမ့်ကျဆုံး ဖြစ်၏။ တန်ဖိုးမရှိကြပေ။ ထိုသူတို့အား မိမိတို့၏ စိတ်ရင်းအတိုင်း ဆက်ဆံဖို့ သို့မဟုတ် မိတ်ဆွေဖွဲ့ဖို့ နေနေသာသာ၊ ထိုသူတို့ကို မည်သူမျှ အာရုံမစိုက်လိုကြ၊ သူတို့နှင့် မည်သူမျှ မပတ်သက်လိုကြပေ။ ထိုသို့သော လူတို့သည် အကျင့်စာရိတ္တ သို့မဟုတ် ဂုဏ်သိက္ခာတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤသို့သော လူတို့ကို တွေ့ဆုံသည့်သူတိုင်း သူတို့ကို ရွံမုန်းသွားကြမည်။ ထိုသူတို့သည် သူတို့၏ စကားများ၊ လုပ်ဆောင်ချက်များ၊ အကျင့်စာရိတ္တနှင့် တည်ကြည်မှုတွင် လုံးဝ ယုံကြည်စိတ်ချ၍မရပေ။ ထိုသို့သောလူများ၌ လုံးဝ အနှစ်သာရ မရှိပေ။ ထိုသူတို့သည် ဆုကျေးဇူးနှင့် ပါရမီရှိခဲ့ပါက သူတို့ကို လူတို့ နှစ်သက်ပြီး လေးစားမည်လော။ (မလေးစားပါ။) သို့ဆိုလျှင် လူတို့သည် တစ်ဦးနှင့်တစ်ဦး အဆင်ပြေရန်အလို့ငှာ မည်သည့်အရာ လိုအပ်သနည်း။ ၎င်းတို့၌ အကျင့်စာရိတ္တ၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာနှင့် အခြားသူများက သူတို့၏ စိတ်ရင်းအတိုင်း ပွင့်ပွင်းလင်းလင်း ဆက်ဆံနိုင်သည့် လူတစ်ဦးဖြစ်ဖို့ လိုအပ်သည်။ ဂုဏ်သိက္ခာရှိသည့် လူတို့အားလုံး၌ ကိုယ်ရည်ကိုယ်သွေး အတိုင်းအတာတစ်ခု ရှိကာ တစ်ခါတစ်ရံ အခြားသူများနှင့် အဆင်မပြေသော်လည်း ရိုးသားကြသည့်အပြင် ထိုသူတို့အပေါ် ယုံမှားစေခြင်း သို့မဟုတ် လိမ်လည်လှည့်စားမှု မရှိပေ။ အခြားသူများက အခြေခံအားဖြင့် သူတို့ကို လေးစားသမှု ပြုကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ရိုးသားသည်၊ ဂုဏ်သိက္ခာ၊ တည်ကြည်မှုနှင့် အကျင့်စာရိတ္တ ရှိကြသည်။ သူတို့သည် အခြားသူများကို မည်သည့်အခါမျှ အခွင့်အရေးမယူကြ။ လူတို့ ဒုက္ခရောက်သောအခါ ကူညီကြသည်။ လူတို့ကို အသိတရားနှင့် အသိစိတ်ဖြင့် ဆက်ဆံကြပြီး သူတို့နှင့်ပတ်သက်၍ မည်သည့်အခါမျှ ရှောင်တခင် ထင်မြင်ချက် မပေးကြပေ။ အခြားလူတို့နှင့်ပတ်သက်၍ အကဲဖြတ်သောအခါ သို့မဟုတ် ဆွေးနွေးသောအခါ ဤသူတို့ပြောသမျှက တိကျမှန်ကန်သည်။ သူတို့သိသည့်အရာကို ပြောပြီး မသိသည့်အရာကို ပါးစပ်မသရမ်းကြပေ။ ကွန့်ညွန့်၍ စကားမပြောဘဲ သူတို့၏ စကားများကို အထောက်အထား သို့မဟုတ် ထောက်ခံချက်အဖြစ် အသုံးချနိုင်သည်။ တည်ကြည်မှုကို ပိုင်ဆိုင်သောသူတို့သည် စကားပြောပြီး ပြုမူလုပ်ဆောင်သောအခါ အတော်ပင် လက်တွေ့ကျပြီး ယုံကြည်စိတ်ချ၍ရသည်။ တည်ကြည်မှုမရှိသော လူတို့ကို မည်သူမျှ တန်ဖိုးရှိသည်ဟု မသတ်မှတ်ပေ။ သူတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာကို မည်သူမျှ အာရုံမစိုက်၊ သို့မဟုတ် သူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို အရေးကြီးသည်ဟု သဘောမထားသည့်အပြင် သူတို့ကို မည်သူမျှ မယုံကြည်ပေ။ ဤသည်မှာ သူတို့က မုသားအမြောက်အမြား ပြောပြီး ရိုးသားသောစကား အလွန်နည်းပါးစွာ ပြောသောကြောင့်၊ ယင်းမှာ သူတို့သည် လူတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ သို့မဟုတ် ထိုသူတို့အတွက် တစ်စုံတစ်ခု ပြုလုပ်သောအခါ ရိုးသားမှန်ကန်မှု ကင်းမဲ့သောကြောင့် ဖြစ်ကာ လူတိုင်းကို လိမ်လည်လှည့်စားပြီး ကျီစားဖို့ ကြိုးစားပြီး သူတို့ကို မည်သူမျှ မနှစ်သက်ပေ။ သင်တို့၏အမြင်၌ ယုံကြည်စိတ်ချ၍ရသောသူ တစ်စုံတစ်ဦးကို သင်တို့တွေ့ဖူးသလော။ သင်တို့သည် မိမိတို့ကိုယ်ကို အခြားလူတို့၏ ယုံကြည်မှုရထိုက်သည်ဟု ထင်သလော။ အခြားလူတို့က သင်တို့ကို ယုံကြည်နိုင်သလော။ အကယ်၍ လူတစ်ဦးက အခြားလူတစ်ဦး၏ အခြေအနေအကြောင်း သင့်အား မေးလျှင် သင်သည် ထိုသူကို သင့်ကိုယ်ပိုင် စိတ်ဆန္ဒအတိုင်း တန်ဖိုးဖြတ်ခြင်းနှင့် အကဲဖြတ်ခြင်း မပြုသင့်ပေ။ သင်၏ စကားများသည် တကယ်ဖြစ်ရမည်၊ မှန်ကန်တိကျရမည်ဖြစ်ပြီး အချက်အလက်နှင့် ကိုက်ညီရမည်။ သင် အမှန်တကယ် နားလည်သော မည်သည့်အရာကိုမဆို ပြောပြသင့်ပြီး သင် ထိုးထွင်းအမြင်မရှိသော အရာများအကြောင်း မပြောသင့်ပေ။ ထိုသူ့အပေါ် တရားမျှတမှု ရှိရမည်။ ယင်းမှာ စိတ်ချယုံကြည်ရသော ပြုမူလုပ်ဆောင်နည်းဖြစ်သည်။ သင်သည် အပေါ်ယံအဆင့် ဖြစ်ရပ်ကိုသာ လေ့လာစောင့်ကြည့်ထားပြီး သင်ပြောလိုသည့်အရာမှာ ထိုလူနှင့်ပတ်သက်၍ သင်၏ကိုယ်ပိုင် အကဲဖြတ်ချက်သာ ဆိုပါက သင်သည် ထိုလူအပေါ်၌ ကျိုးကြောင်းမဆင်ခြင်သော ဆုံးဖြတ်ချက်တစ်ခုကို မပေးရသည့်အပြင် သူ့ကို မစီရင်ရပေ။ သင်သည် သင်ပြောသည့်အရာကို “ဤသည်မှာ ကျွန်ုပ်၏ကိုယ်ပိုင် အကဲဖြတ်ချက်သာ ဖြစ်သည်” သို့မဟုတ် “ဤသည်မှာ ကျွန်ုပ် ခံစားရသည့်ပုံသာ ဖြစ်သည်” ဟူ၍ အစချီရမည်။ ထိုသို့ဖြင့် သင်၏ စကားများက အတော်လေး မျှတမည်ဖြစ်ပြီး သင်ပြောသည့်အရာကို ကြားပြီးနောက် တစ်ဖက်လူက သင့်စကား၏ ရိုးသားမှုနှင့် သင်၏ မျှတသော စိတ်ထားကို သတိပြုမိနိုင်မည် ဖြစ်ကာ သင့်ကို ယုံကြည်စိတ်ချနိုင်မည် ဖြစ်သည်။ ဤအရာကို ဖြစ်မြောက်အောင် လုပ်နိုင်မည်ဟု သင်တို့ သေချာသလော။ (မသေချာပါ။) ဤအရာက သင်တို့သည် အခြားသူများအပေါ် ထိုမျှ မရိုးသားကြောင်း၊ သင်တို့သည် ပြုမူနေထိုင်သည့်ပုံနှင့် အရေးကိစ္စများအား ကိုင်တွယ်သည့်ပုံ၌ ရိုးသားမှန်ကန်မှုနှင့် ရိုးသားသောစိတ်ထား ကင်းမဲ့ကြောင်း သက်သေပြသည်။ လူတစ်ဦးက သင့်ကို “ကျွန်ုပ် သင့်ကို ယုံကြည်ပါသည်။ ထိုလူနှင့်ပတ်သက်၍ သင် မည်သို့ ထင်သနည်း” ဟု မေးသည်ဆိုပါစို့။ ပြီးလျှင် သင်က “သူက ကောင်းပါသည်” ဟု ပြန်ဖြေသည်။ ထိုသူက “ပို၍အသေးစိတ် ကျအောင် ဖြေနိုင်မည်လော” ဟု မေးသည်။ ထိုအခါ သင်က “သူက လိမ္မာသည်။ သူက တာဝန်ထမ်းဆောင်သောအခါ အဖိုးအခ ပေးလိုစိတ်ရှိပြီး လူတို့နှင့် အဆင်ပြေသည်” ဟု ပြောသည်။ ဤပြောဆိုချက်သုံးခုထဲမှ တစ်ခုခုအတွက် လက်တွေ့ကျသော အထောက်အထား ရှိသလော။ ယင်းတို့က ထိုသူ၏ အကျင့်စာရိတ္တနှင့်ဆိုင်သည့် သက်သေအဖြစ် အသုံးချရန် လုံလောက်သလော။ မလုံလောက်ပေ။ သင်သည် ယုံကြည်၍ရသလော။ (မရပါ။) ဤပြောဆိုချက် သုံးခုအနက် မည်သည့်ပြောဆိုချက်တွင်မျှ အသေးစိတ်တစ်ခုတလေ မပါဝင်၊ ယင်းတို့သည် သိမ်းကျုံးဖော်ပြသော၊ အနှစ်သာရကင်းမဲ့သော၊ ဝတ်ကျေတမ်းကျေပြောသော စကားများသာ ဖြစ်၏။ အကယ်၍ သင်သည် ထိုသူနှင့် ယခုလေးတင်မှ တွေ့ဆုံထားပြီး ပုံပန်းသဏ္ဌာန်များကို အခြေခံ၍ ထိုသူကောင်းသည်ဟု ပြောနေသည်ဆိုပါက ယင်းသည် ပုံမှန်ဖြစ်မည်။ သို့သော် သင်သည် ထိုသူနှင့် အချိန်အတန်ကြာ အဆက်အသွယ်ရှိထားပြီးဖြစ်လျှင် ထိုသူနှင့်ပတ်သက်၍ ကြီးကြီးမားမား ပြဿနာအချို့ကို ရှာဖွေတွေ့ရှိနိုင်ပြီး ဖြစ်သင့်သည်။ လူတို့က ထိုသူနှင့်ပတ်သက်၍ သင်၏ စိတ်နှလုံး အတွင်းကျကျမှ သင်၏ ထင်မြင်ယူဆချက်နှင့် ရှုထောင့်အမြင်သည် မည်သည့်အရာဖြစ်သည်ကို ကြားလိုသော်လည်း သင်က စစ်မှန်သော သို့မဟုတ် နှိုင်းချိန်တတ်သော၊ သို့မဟုတ် အခရာဖြစ်သောအရာ တစ်ခုမျှ မပြောသဖြင့် သင့်ကို ယုံကြည်မည် မဟုတ်သည့်အပြင် သင့်ကို နောက်ထပ် ပေါင်းသင်းဆက်ဆံလိုမည် မဟုတ်ချေ။
ညီအစ်ကို မောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသောအခါ သူတို့အပေါ် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြပြီး ယင်းက သင့်အတွက် အကျိုးရှိဖို့အလို့ငှာ သူတို့အပေါ် အတွင်းစကား ပြောရမည် ဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် သင်၏စိတ်ရင်းအတိုင်း ဆက်ဆံပြီး လူတို့အပေါ် အတွင်းစကားပြောရန် ပို၍ပင် အရေးကြီးသည်။ သို့မှသာ သင် အလုပ်ကို အတူတူကောင်းစွာ လုပ်ဆောင်မည်ဖြစ်သည်။ သို့သော် လူတစ်ဦးက သင့်အား သူ၏ စိတ်ရင်းအတိုင်း မဆက်ဆံပါက၊ သူသည် သမ္မာတရားကို လက်မခံသောသူတစ်ဦး ဖြစ်ပါက၊ ထိုအစား အလွန် လှည့်ဖြားတတ်သောလူတစ်ဦးဖြစ်ပါက သင့်အနေဖြင့် သူ့အား သင့်စိတ်ရင်းအတိုင်း ဆက်ဆံခြင်းက မိုက်မဲရာကျမည်ဖြစ်ပြီး ထိုသို့ပြုခြင်းက အလွယ်တကူ ဒုက္ခရောက်စေနိုင်သည်။ ညီအစ်ကို မောင်နှမများနှင့် မည်သို့ပေါင်းသင်းဆက်ဆံရမည်ဟူသည့် စည်းမျဉ်းများ ရှိသင့်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားအား လက်ခံနိုင်သော လူတို့ကိုသာ သင့်စိတ်ရင်းအတိုင်း ဆက်ဆံသင့်ပြီး တကယ့်ကို ပွင့်လင်းသင့်သည်။ ဆိုးယုတ်သော လူတို့နှင့် မယုံကြည်သူများအား သင့်စိတ်ရင်းအတိုင်း ဆက်ဆံလျှင် သင်သည် မိုက်မဲရာကျပြီး မသိနားမလည်သည့်အပြင် ဉာဏ်ပညာ၌ ချို့တဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လက်ခံနိုင်သော ညီအစ်ကို မောင်နှမများထံ၌သာ သင့်စိတ်ရင်းအတိုင်း ဆက်ဆံရမည်။ လှည့်ဖြားတတ်သောလူများ၊ နားဝေတိမ်တောင်ဖြစ်သောလူများ၊ ဆိုးယုတ်သော လူများနှင့် မယုံကြည်သူများဖြစ်သည့် သမ္မာတရားအား လက်ခံမှုတစ်ခုမျှ လုံးဝမရှိသော လူတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြပေ။ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ထိုသူတို့အား သင့်စိတ်ရင်းအတိုင်း မဆက်ဆံနှင့်။ ထိုသူတို့အား သင့်စိတ်ရင်းအတိုင်း ဆက်ဆံခြင်းသည် နတ်ဆိုးများအား သင့်စိတ်ရင်းအတိုင်း ဆက်ဆံခြင်းပင်ဖြစ်ပြီး နောက်ဆုံးတွင် သင့်အား ထိုသူတို့၏ အကြံအစည်များနှင့် ထောင်ချောက်များ၏ သားကောင်ဖြစ်ခြင်းဆီသို့ ခေါ်ဆောင်သွားနိုင်ဖွယ် ရှိလေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များရှိပြီး ယုံကြည်သူများကြားတွင် အယောင်ဆောင် ယုံကြည်သူများနှင့် မယုံကြည်သူများ ရှိကြ၏။ ဤလူတို့ မည်သူမျှ ညီအစ်ကို မောင်နှမများ မဟုတ်ကြသဖြင့် မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ထိုသူတို့ကို ညီအစ်ကိုမောင်နှမများကဲ့သို့ မမှတ်ယူနှင့်။ ကြင်နာတတ်ပြီး သမ္မာတရားကို ချစ်သောသူတို့၊ သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော သူတို့သာလျှင် ညီအစ်ကိုမောင်နှမများ ဖြစ်ပြီး စစ်မှန်သော ဤညီအစ်ကို မောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသောအခါ သင်၏စိတ်ရင်းအတိုင်း သူတို့ကို ဆက်ဆံရမည်။ သူတို့အား တကယ်ပင် ပွင့်လင်းရမည်ဖြစ်ပြီး သို့မှသာ သင်တို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ရန်နှင့် သင်၏တာဝန်များကို ထမ်းဆောင်စဉ် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိမည် ဖြစ်သည်။ တစ်ခါတစ်ရံ လူနှစ်ဦး ပေါင်းသင်းဆက်ဆံသောအခါ သူတို့၏ ပင်ကိုစရိုက်ချင်းက ပဋိပက္ခဖြစ်သည်၊ သို့မဟုတ် သူတို့၏ မိသားစုပတ်ဝန်းကျင်များ၊ နောက်ခံအခြေအနေများ သို့မဟုတ် စီးပွားရေးအခြေအနေများက တန်းတူမရှိပေ။ သို့တစေ ထိုလူနှစ်ဦးက အချင်းချင်း မိမိတို့၏ စိတ်ရင်းများအတိုင်း ဆက်ဆံနိုင်ပြီး မိမိတို့၏ အရေးကိစ္စများနှင့်ပတ်သက်၍ လုံးလုံးလျားလျား ပွင့်လင်းနိုင်ကာ မည်သည့်မုသား သို့မဟုတ် လိမ်လည်လှည့်ဖြားမှုမျှ မပါဘဲ ပြောဆိုနိုင်သည့်အပြင် အချင်းချင်း မိမိတို့၏ စိတ်ရင်းအတိုင်း ဆက်ဆံနိုင်သည်ဆိုပါက ဤနည်းဖြင့် သူတို့သည် စစ်မှန်သော မိတ်ဆွေများဖြစ်လာနိုင်မည် ဖြစ်သည်။ ယင်းမှာ သိကျွမ်းရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခြင်းကို ဆိုလိုသည်။ တစ်ဖက်လူ၌ အခက်အခဲတစ်ခု ရှိသောအခါ သူတို့က သင့်ကို လိုက်ရှာပြီး အခြားမည်သူမျှ လိုက်ရှာမည် မဟုတ်သည့်အပြင် သူတို့ကို ကူညီရန်အတွက် သင့်ကိုသာ ယုံကြည်စိတ်ချမည် ဖြစ်သည်။ အကယ်၍ သင်သည် သူတို့အား အပြစ်ဖော်ဆုံးမလျှင်ပင် သူတို့က ပြန်၍ခံပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သင်သည် ရိုးသားမှန်ကန်သော စိတ်နှလုံးရှိသည့် ရိုးသားသော လူတစ်ဦးဖြစ်မှန်း သူတို့သိကြ၍ဖြစ်၏။ သင့်ကို သူတို့ ယုံကြည်စိတ်ချသောကြောင့် သင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ သူတို့ကို မည်သို့ဆက်ဆံသည်ဖြစ်စေ သူတို့ နားလည်နိုင်မည်ဖြစ်သည်။ သင်တို့သည် ထိုသို့သောလူများ ဖြစ်နိုင်သလော။ သင်တို့သည် ထိုသို့သောလူများ ဟုတ်သလော။ မဟုတ်လျှင် သင်သည် ရိုးသားသောလူ မဟုတ်ပေ။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ ပထမဦးစွာ သူတို့အား သင်၏ စစ်မှန်သော စိတ်နှလုံးနှင့် ရိုးသားမှန်ကန်မှုကို သတိပြုမိစေရမည်။ အတူတကွ စကားပြောဆိုခြင်းနှင့် အလုပ်လုပ်ခြင်းအပြင် အခြားသူများနှင့် ထိတွေ့ဆက်ဆံရာတွင် အကယ်၍ လူတစ်ဦး၏ စကားများက ဝတ်ကျေတမ်းကျေ ဖြစ်သည်၊ စကားကြီးစကားကျယ် သုံးသည်၊ အာလာပသလ္လာပများ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးဖြစ်သည်၊ စိတ်ချယုံကြည်၍မရသည့်အပြင် စိတ်ကူးသက်သက်ဖြစ်သည် ဆိုပါက၊ သို့မဟုတ် သူသည် အခြားသူများ၏ အကူအညီကိုသာ ရှာဖွေဖို့ ပြောဆိုသည် ဆိုပါက သူတို့၏ စကားများအားလုံး၌ ခိုင်လုံမှုကင်းမဲ့ပြီး ရိုးသားမှန်ကန်မှု နည်းနည်းလေးမျှပင် မရှိပေ။ ဤသည်မှာ အခြားသူများက မည်သူပင်ဖြစ်စေ၊ ထိုအခြားသူများနှင့် သူတို့၏ ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူ မဟုတ်ပေ။ လူတစ်ဦးသည် အပျက်သဘောဆောင်သော အခြေအနေတစ်ခု၌ ရှိနေပြီး သူက သင့်အား “ကျွန်ုပ် လွန်စွာ အပျက်သဘောဆောင်နေသည်မှာ အတိအကျ အဘယ်အတွက်ကြောင့် ဖြစ်ရသည်ကို ကျွန်ုပ်အား ပြောပါ။ ယင်းကို ကျွန်ုပ် လုံးဝ သဘောမပေါက်နိုင်ပါ” ဟု ရိုးသားမှန်ကန်စွာ ပြောသည်ဆိုပါစို့။ ထို့အပြင် အမှန်မှာ သင်၏ စိတ်နှလုံးထဲတွင် သူ့ပြဿနာကို တကယ်နားလည်သော်လည်း သူ့ကို ပြောပြမည့်အစား “ဘာမျှမဟုတ်ပါ။ သင်သည် အပျက်သဘောဆောင်နေခြင်းမရှိပါ။ ကျွန်ုပ်လည်း ထိုသို့ ဖြစ်တတ်သည်” ဟု ပြောသည်ဆိုပါစို့။ ဤစကားများမှာ ထိုသူအတွက် ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်သော်လည်း သင့်စိတ်ထားက ရိုးသားမှန်ကန်ခြင်း မရှိပေ။ သင်သည် ထိုသူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်။ သူ့ကို ပို၍ စိတ်ချမ်းသာစေပြီး ဖြေသိမ့်ဖို့ရန်အတွက် သင်သည် သူ့အား ရိုးသားစွာ စကားပြောခြင်းကို ရှောင်ကြဉ်ခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်နိုင်ရန်အလို့ငှာ သင်သည် သူ့ကို အလေးအနက် ကူညီနေခြင်းမရှိသည့်အပြင် သူ၏ပြဿနာကို ထင်ထင်ရှားရှား ပြသခြင်းမရှိပေ။ သင်သည် ရိုးသားသော လူတစ်ဦး ပြုလုပ်သင့်သည့်အရာကို မပြုလုပ်ခဲ့သေးပေ။ သူ့အား နှစ်သိမ့်ရန်နှင့် သင်တို့အကြား ခပ်တန်းတန်းဖြစ်ခြင်း သို့မဟုတ် သဘောထားကွဲလွဲခြင်း မရှိအောင် သေချာစေဖို့ ကြိုးစားရန်အလို့ငှာ သင်သည် သူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေလျက်ရှိကာ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်နေခြင်း မဟုတ်ချေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် ဤအခြေအနေမျိုးကို ကြုံတွေ့သောအခါ ဘာလုပ်သင့်သနည်း။ သင်သည် သူ့အား သင် တွေ့ရှိဖူးပြီး ဖော်ထုတ်ခဲ့ပြီးသောအရာကို ပြောပြရန်လိုသည်။ “ကျွန်ုပ်တွေ့ရှိဖူးသည့်အရာနှင့် တွေ့ကြုံဖူးသည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ်ပြောသည့်အရာ မှန်သည်၊ မှားသည်ကို သင်ဆုံးဖြတ်ပါ။ မှားလျှင် သင် လက်ခံစရာ မလိုပါ။ မှန်လျှင် သင် လက်ခံမည်ဟု မျှော်လင့်သည်။ သင့်အနေဖြင့် နားထောင်ရခက်ပြီး သင့်အား စိတ်ဆင်းရဲစေသည့်အရာတစ်ခုကို ကျွန်ုပ်ပြောပြပါက ယင်းကို ဘုရားသခင်ထံမှ သင် ခံယူနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်။ ဤအရေးကိစ္စကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်သည်။ သင်သည် အရှက်ခွဲခံရပြီဖြစ်ကာ သင့်ကို မည်သူမျှ ချီးပင့်မြှောက်စားမနေကြဟု သင်ခံစားရပြီး သင့်ကို အခြားလူတိုင်းက အထင်သေးသည်၊ သင်သည် တိုက်ခိုက်ခံနေရသည်၊ ထို့ပြင် သင်သည် မည်သည့်အခါမျှ ထိုသို့ မတရားသဖြင့် မခံရဖူးဟု ထင်သောကြောင့် ယင်းကို သင် လက်မခံနိုင်သည့်အပြင် အပျက်သဘောဆောင်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာ ဟုတ်သလော၊ သင် မည်သို့ထင်သနည်း” ဟူ၍ဖြစ်သည်။ ထိုအခါ ဤအရာကို ကြားရပြီးနောက် သူက ယင်းမှာ အမှန်တကယ်ဖြစ်သည့် အခြေအနေဖြစ်မှန်း ခံစားရလေသည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲ၌ အမှန်တကယ်ရှိသည့် အရာပင်ဖြစ်သော်လည်း သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပါက ယင်းကို သင် ပြောမည်မဟုတ်ပေ။ သင်က “ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်တတ်သည်” ဟု ပြောကာ တစ်ဖက်လူက လူတိုင်း အပျက်သဘောဆောင်တတ်သည်ဟု ကြားရသောအခါ သူ့အနေဖြင့် အပျက်သဘောဆောင်သည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်မှတ်ပြီး အဆုံးတွင် သူ၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ပစ်တော့ချေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ပြီး သူ့ကို ရိုးသားသော စိတ်ထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ကူညီလျှင် သူ့အား သမ္မာတရားကို နားလည်ရန်နှင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။
ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းက ရှုထောင့်များစွာ ခြုံငုံသည်။ တစ်နည်းအားဖြင့် ရိုးသားခြင်းအတွက် စံနှုန်းသည် အကြောင်းအရာတစ်ခုတည်းမှတစ်ဆင့် ရရှိခြင်းမဟုတ်ပေ။ သင်သည် မရိုးသားနိုင်မီတွင် အကြောင်းအရာများစွာ၌ စံနှုန်းဖြင့် ကိုက်ညီရမည်။ လူအချို့က ရိုးသားဖို့ရန်အတွက် မလိမ်ညာမိဖို့သာလိုသည်ဟု အစဉ် ထင်မြင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ရိုးသားခြင်းသည် မလိမ်ညာခြင်းသာ ပါဝင်သလော။ မဟုတ်ပေ။ အခြားရှုထောင့်အချို့နှင့်လည်း ဆက်နွှယ်နေသည်။ ရှေးဦးစွာ သင်သည် မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်ကိုယ်တိုင်၏ မျက်စိဖြင့် မြင်ပြီးသောအရာ၊ သို့မဟုတ် တခြားတစ်ယောက်ယောက်က သင့်အား ပြောပြသည့်အရာတစ်ခုဖြစ်စေ၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းခြင်းဖြစ်စေ၊ သင်ထမ်းဆောင်သင့်သည့် တာဝန်၊ သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာဖြစ်စေ သင်သည် ယင်းကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အစဉ် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အမှုအရာများကို ချဉ်းကပ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိမိထင်သည့်အရာကို ပြောပြီး ရိုးသားစွာ စကားပြောလော့။ အနှစ်မရှိသော၊ ဟိတ်ဟန်များသော သို့မဟုတ် ကြားကောင်းသော စကားများကို မပြောနှင့်။ မြှောက်ပင့်သော၊ သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သော မှားယွင်းသည့်အရာများကို မပြောဘဲ၊ သင်၏စိတ်နှလုံးတွင်ရှိသော စကားများကို ပြောဆိုလော့။ ဤသည်မှာ ရိုးသားသောသူတစ်ယောက် ဖြစ်ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော မှန်ကန်သော အတွေးအမြင်များကို ဖော်ပြခြင်းဟူသည့် ဤသည်မှာ ရိုးသားသောသူများ လုပ်ဆောင်ရမည့်အရာဖြစ်သည်။ သင်ထင်သည့်အရာနှင့် သင့်စိတ်နှလုံးထဲတွင် မျိုသိပ်ထားသည့် စကားများကို မည်သည့်အခါမျှ မပြောသကဲ့သို့၊ သင်ပြောဆိုသည့်အရာသည် သင်ထင်သည့်အရာနှင့် အစဉ် ကွဲလွဲနေလျှင်၊ ဤသည်မှာ ရိုးသားသူတစ်ယောက် လုပ်ဆောင်သည့်အရာ မဟုတ်ပေ။ ဥပမာ သင်သည် သင်၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ဟု ဆိုပါစို့၊ လူတို့က မည်သို့ဖြစ်သည်ကို မေးကြသောအခါ သင်က “ငါ့တာဝန်ကို ကောင်းကောင်းလုပ်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ရသေးဘူး” ဟု ပြောသည်။ အမှန်တကယ်တွင် သင်က လုံ့လမရှိသည်ကို သင်၏ စိတ်နှလုံးထဲတွင် သိပေသည်။ သို့သော် သင်က အမှန်အတိုင်း မပြောပေ။ ထိုအစား သင်သည် အမှန်တရားများကို ဖုံးဖိပြီး တာဝန်ကို ရှောင်ရှားရန်အတွက် အကြောင်းပြချက်များ၊ မှန်ကန်ကြောင်းပြဆိုချက်များ၊ ဆင်ခြေများမျိုးစုံ ရှာဖွေသည်။ ဤသည်မှာ ရိုးသားသောသူတစ်ယောက်က လုပ်ဆောင်သောအရာ ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် ဤအရာများကိုပြောပြီး လူတို့ကို အရူးလုပ်ကာ ဖြစ်သလိုလုပ်ဆောင်သည်။ သို့သော် သင့်အတွင်းတွင် ရှိသည့်အရာ၊ သင့်အတွင်းရှိ ရည်ရွယ်ချက်များ၏ အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် သင့်အတွင်းရှိ အမှုအရာများနှင့် ရည်ရွယ်ချက်များကို ဖွင့်ပြပြီး ယင်းတို့ကို စိတ်ဖြာလေ့လာခြင်း မပြုနိုင်လျှင်၊ ယင်းတို့ကို သန့်စင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အသေးအဖွဲကိစ္စမဟုတ်ပေ။ သင်သည် မှန်ကန်စွာဖြင့် “ငါ့တာဝန်ကို လုပ်တဲ့နေရာမှာ ငါ နည်းနည်းအချိန်ဆွဲနေတယ်။ ဝတ်ကျေတမ်းကျေလုပ်ပြီး အာရုံမစိုက်ဘူး။ စိတ်ရွှင်နေတဲ့အခါမှာ နည်းနည်းအားစိုက်နိုင်တယ်။ စိတ်မကြည်တဲ့အခါမှာ အားလျော့ပြီး အားမစိုက်ချင်သလို၊ အသွေးအသား သက်သာမှုကို တပ်မက်တယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်ဖို့ ငါ ကြိုးစားတာတွေက မထိရောက်ဘူး။ ပြီးခဲ့တဲ့သုံးလေးရက်မှာ အခြေအနေက ပြောင်းလဲနေတယ်။ ငါ အစွမ်းကုန်လုပ်ဖို့၊ ထိရောက်မှု တိုးတက်စေဖို့၊ ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ငါ ကြိုးစားနေပါတယ်” ဟူ၍ ပြောဆိုရမည်။ ဤသည်မှာ စိတ်နှလုံးအတွင်းမှ ပြောဆိုခြင်းဖြစ်သည်။ အခြားသော စကားပြောဆိုသည့်နည်းလမ်းမှာ စိတ်နှလုံးအတွင်းမှ မဟုတ်ပေ။ ပြုပြင်ခြင်းခံရမည်ကိုလည်းကောင်း၊ သင်၏ပြဿနာများကို လူများ ရှာဖွေတွေ့ရှိမည်ကိုလည်းကောင်း၊ လူများက သင့်ကို တာဝန်ခံခိုင်းမည်ကိုလည်းကောင်း သင်ကြောက်ရွံ့သောကြောင့် သင်သည် အမှန်တရားများကို ဖုံးဖိရန် အကြောင်းပြချက်၊ မှန်ကန်ကြောင်းပြဆိုချက်နှင့် ဆင်ခြေမျိုးစုံကို ရှာတွေ့ခဲ့သည်။ ပြုပြင်ခြင်းခံရခြင်းကို ရှောင်ရှားရန်အလို့ငှာ ရှေးဦးစွာ အခြားလူများကို အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုခြင်းအား ရပ်တန့်စေပြီးနောက်တွင် တာဝန်ကို သင် လွှဲပြောင်းပေးသည်။ ဤသည်မှာ သင့် အလိမ်အညာများ၏ အရင်းအမြစ်ဖြစ်သည်။ လိမ်ညာသူများက မည်မျှစကားပြောဆိုသည်ဖြစ်စေ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများက မှန်ကန်ပြီး အဖြစ်မှန်ဖြစ်ဖို့ သေချာသည်။ သို့သော် ၎င်းတို့ပြောဆိုသည့် အဓိကကျသောအရာအချို့က မမှန်ကန်မှုအနည်းငယ်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်အနည်းငယ် ပါဝင်လိမ့်မည်။ ထို့ကြောင့် မည်သည်က မှန်ကန်ပြီး မည်သည်က မှားယွင်းသည်ကို ပိုင်းခြားသိမြင်ပြီး ခွဲခြားရန် အလွန်အရေးကြီးသည်။ သို့ရာတွင် ဤသည်မှာ လုပ်ဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများသည် အစွန်းအထင်းရှိပြီး တန်ဆာဆင်ထားခြင်း ရှိလိမ့်မည်။ ၎င်းတို့ပြောဆိုသည့် အချို့အရာများသည် အမှန်တရားများနှင့် ကိုက်ညီလိမ့်မည်ဖြစ်ပြီး အချို့အရာများသည် အမှန်တရားများနှင့် ဆန့်ကျင်လိမ့်မည်။ ထိုသို့ဖြင့် အမှန်တရားများ၊ လုပ်ကြံထားသောအရာများက ရောထွေးလျက်၊ အမှန်နှင့် အမှားကို ခွဲခြားသိမြင်ရန် ခက်ခဲသည်။ ဤသည်မှာ အလှည့်စားဆုံးသောသူဖြစ်ပြီး ခွဲခြားဖော်ထုတ်ရန် အခက်ခဲဆုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင်၊ သို့မဟုတ် ရိုးသားမှုကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ ဤသို့ဆိုလျှင် လူတို့ရွေးချယ်သင့်သည့် လမ်းကြောင်းမှာ မည်သည့်လမ်းကြောင်း ဖြစ်သနည်း။ မည်သည့်လမ်းကြောင်းက ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းဖြစ်သနည်း။ သင်တို့သည် သမ္မာတရားကို ပြောဆိုပြီး သင်တို့၏ တကယ့်အခြေအနေများနှင့် ပြဿနာများကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်ရန် သင်ယူသင့်သည်။ ဤသည်မှာ ရိုးသားသောသူများ လက်တွေ့လုပ်ဆောင်ပုံ ဖြစ်ပြီး ထိုသို့သော လက်တွေ့လုပ်ဆောင်မှုက မှန်ကန်ပေသည်။ အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်သော လူတို့အားလုံးသည် ရိုးသားရန်အတွက် ကြိုးပမ်းလိုစိတ် ရှိကြသည်။ ရိုးသားသော လူတို့သည်သာ အမှန်တကယ် ပျော်ရွှင်ပြီး အေးချမ်းသည့်အပြင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် စစ်မှန်သော ပျော်ရွှင်မှုကို ခံစားရနိုင်သည်။
လူတို့သည် ရိုးသားခြင်းကို တွေ့ကြုံသည့်အခါ လက်တွေ့ကျသော ပြဿနာများစွာ ပေါ်ပေါက်လာသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မတွေးဘဲ စကားပြောပြီး ခဏတာ ချွတ်ချော်ကာ မုသားကိုဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသော စေ့ဆော်မှု သို့မဟုတ် ရည်ရွယ်ချက်၊ သို့မဟုတ် ဝင့်ဝါမှုနှင့် မာန်မာန၏ လွှမ်းမိုးခြင်းကို ခံရပြီးလျှင် ရလဒ်အနေဖြင့် ယင်းကို ဖုံးကွယ်ရန်အတွက် မုသားများကို ပို၍ပို၍ ဆက်ပြောနေရသည်။ အဆုံးတွင် ၎င်းတို့သည် စိတ်နှလုံးထဲ၌ မအေးချမ်းသော်လည်း ထိုမုသားများကို ပြန်နုတ်၍ မရတော့ပေ။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ပြုပြင်ရန်၊ မိမိတို့သည် မုသားဆိုခဲ့မိကြောင်း ဝန်ခံရန်အတွက် သတ္တိမရှိသည့်အပြင် ၎င်းတို့၏ အမှားများက ဤပုံစံအတိုင်း ဆက်ကာဆက်ကာ သွားနေတော့သည်။ ဤသို့ဖြစ်ပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ကျောက်ဆောင်ကြီးက ဖိထားသကဲ့သို့ အစဉ်သဖြင့် ဖြစ်နေလေတော့သည်။ ၎င်းတို့သည် ဖွင့်ပြောပြရန်၊ ၎င်းတို့၏ အမှားကို ဝန်ခံပြီး နောင်တရရန် အခွင့်အရေးကို အစဉ်အမြဲ ရှာတွေ့လိုကြသည်။ သို့သော် ဤအရာကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ အဆုံးတွင် ၎င်းတို့က သေချာစဉ်းစားပြီး “နောင်တစ်ချိန်တွင် ငါ၏တာဝန်ကို ထမ်းဆောင်ရသောအခါ ဤအရာအတွက် ဖာထေးလုပ်ဆောင်ပေးမည်” ဟု မိမိတို့ကိုယ်ကို ပြောကြသည်။ ဖာထေးလုပ်ဆောင်ပေးမည်ဟု ၎င်းတို့က အစဉ်ပြောကြသော်လည်း မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ မုသားပြောဆိုပြီးနောက်တွင် တောင်းပန်ခြင်းကဲ့သို့ပင် မရိုးရှင်းလှ။ မုသားပြောဆိုပြီး လှည့်စားခြင်း၌ ပါဝင်ခြင်း၏ ထိခိုက်မှုနှင့် အကျိုးဆက်များအတွက် သင်ဖာထေးလုပ်ဆောင်ပေးနိုင်သလော။ မိမိကိုယ်မိမိ လွန်စွာမုန်းတီးလျက်ဖြင့် သင်သည် နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ထိုအရာမျိုးကို မည်သည့်အခါမျှ မလုပ်ဆောင်တော့လျှင် သင်သည် ဘုရားသခင်၏ သည်းခံခြင်းနှင့် သက်ညှာခြင်းကို လက်ခံရရှိနိုင်သည်။ သင်သည် ချိုသာသော စကားများကို ပြောပြီး သင်၏ မုသားများအတွက် နောင်တစ်ချိန်တွင် ထေမိအောင် လုပ်ဆောင်ပေးပါမည်ဟု ဆိုသော်လည်း အမှန်တကယ် နောင်တမရဘဲ နောက်ပိုင်းတွင်လည်း ဆက်လက်၍ လိမ်လည်လှည့်စားလျှင်၊ သင်သည် နောင်တရဖို့ သင်၏ငြင်းဆန်မှုတွင်အလွန်တရာ ခေါင်းမာသည့်အပြင် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ ဤအရာကို အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်သောလူတို့က သတိပြုမိသင့်သည်။ မုသားများကို ပြောကာ လှည့်စားခြင်း၌ ပါဝင်ပြီးနောက်တွင် ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက်သာ စဉ်းစားခြင်းက မလုံလောက်ပေ။ အရေးကြီးဆုံးမှာ သင်သည် မှန်ကန်စွာ နောင်တရရမည်။ သင်သည် ရိုးသားလိုလျှင် လိမ်ညာပြီး လှည့်စားခြင်းပြဿနာကို ဖြေရှင်းရမည်။ အမှန်အတိုင်းပြောပြီး လက်တွေ့ကျသော အရာများကို လုပ်ဆောင်ရမည်။ တစ်ခါတစ်ရံတွင် အမှန်အတိုင်း ပြောဆိုခြင်းက သင်၌မျက်နှာပျက်ခြင်းနှင့် ပြုပြင်ခံရခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး ဖြစ်မည်ဖြစ်ပြီး ထိုဖြစ်စဉ်တစ်ခုတည်း၌ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကျေနပ်စေခြင်းမှာ ထိုက်တန်မည်ဖြစ်ကာ ယင်းမှာ သင့်ကို စိတ်သက်သာမှု ရစေသည့် အရာတစ်ခုဖြစ်လိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်သည် နောက်ဆုံးတွင် ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ နောက်ဆုံးတွင် သင့်ကိုယ်သင် ကာကွယ်ဖို့ သို့မဟုတ် မိမိကိုယ်ကိုယ် သက်သေထူဖို့ မကြိုးစားဘဲ သင်၏ စိတ်နှလုံး၌ ရှိသောအရာကို ပြောဆိုလာနိုင်မည် ဖြစ်ကာ ဤသည်မှာ စစ်မှန်သော ကြီးထွားမှုပင် ဖြစ်သည်။ သင့်အနေဖြင့် ပြုပြင်ခြင်းခံရသည်ဖြစ်စေ၊ အစားထိုးခံရသည်ဖြစ်စေ သင်၏စိတ်နှလုံးတွင် တည်ကြည်ခိုင်မာမည် ဖြစ်၏။ အကြောင်းမှာ သင်မလိမ်ညာခဲ့ခြင်းကြောင့် ဖြစ်သည်။ သင်၏တာဝန်ကို မှန်ကန်စွာ မလုပ်ဆောင်ခဲ့သောကြောင့် သင့်အနေဖြင့် ပြုပြင်ခြင်း ခံရသည်မှာ တရားသည်၊ သင့်အနေဖြင့် ယင်းအတွက် တာဝန်ယူသင့်သည်ဟု သင်ခံစားရမည်ဖြစ်၏။ ဤသည်မှာ အပြုသဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်သည်။ သို့တိုင်အောင် သင်သည် လှည့်စားခြင်း၌ ပါဝင်လျှင် အကျိုးဆက်များမှာ အဘယ်အရာဖြစ်မည်နည်း။ သင်သည် လှည့်စားခြင်း၌ ပါဝင်ပြီးနောက်တွင် သင်၏စိတ်နှလုံး၌ မည်သို့ခံစားရမည်နည်း။ စိတ်မအေးပေ။ သင်၏စိတ်နှလုံးတွင် အစဉ်သဖြင့် အပြစ်နှင့် ဖောက်ပြန်ပျက်စီးမှု ခံစားရမည်ဖြစ်သည်။ စွပ်စွဲခံရသကဲ့သို့ အစဉ်ခံစားရမည် ဖြစ်သည်။ “ငါအဘယ်သို့ မုသားများ ပြောနိုင်ရသနည်း။ နောက်တစ်ဖန် ငါအဘယ်သို့ လှည့်စားခြင်း၌ ပါဝင်လိုက်မိပြန်သနည်း။ အဘယ်ကြောင့် ငါဤသို့ ဖြစ်နေရသနည်း” ဟူ၍ဖြစ်သည်။ သင်သည် ဦးခေါင်းကို မော့မထားနိုင်သကဲ့သို့၊ ဘုရားကို ရင်မဆိုင်နိုင်အောင် အရှက်ရလွန်းသကဲ့သို့ ခံစားရမည်ဖြစ်သည်။ အထူးသဖြင့် လူတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသောအခါ ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို လက်ခံရရှိသောအခါ ဘုရားကို လှည့်စားရသည်မှာ ရှက်စရာကောင်းသည်ဟု ၎င်းတို့ ပို၍ပင်ခံစားရကာ သူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပြစ်တင်ခံရသည့်စိတ်ကို ပိုမိုခံစားရကာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း လျော့နည်းသွားသည်။ ဤအရာက မည်သည့်ပြဿနာကို ထင်ရှားစေသနည်း။ လူတို့အား လှည့်စားခြင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ထုတ်ဖော်ခြင်း တစ်ခုပင်ဖြစ်သည်။ ဘုရားသခင်ကို ပုန်ကန်ခုခံခြင်းပင် ဖြစ်သောကြောင့် ယင်းသည် သင့်ကို နာကျင်မှုပေးလိမ့်မည်ဖြစ်သည်။ သင်သည် လိမ်ညာပြီး လှည့်ဖြားသောအခါ သင်သည် အလွန် ကျွမ်းကျင်စွာနှင့် ပါးနပ်စွာ စကားပြောပြီးပြီဖြစ်ကာ သင်၏ လိမ်လည်လှည့်ဖြားမှုနှင့်ဆိုင်သည့် မည်သည့်သဲလွန်စ သေးသေးလေးကိုမျှ ထုတ်ဖော်မထားခဲ့ဟု ခံစားကောင်း ခံစားရမည်ဖြစ်သည်။ သို့သော် ထို့နောက်တွင် သင်သည် ပြစ်တင်စွပ်စွဲခြင်းအသိကို ခံစားရမည်ဖြစ်ကာ ယင်းက သင့်နောက်သို့ ဘဝတစ်လျှောက်လုံး လိုက်ကောင်းလိုက်နေမည် ဖြစ်သည်။ အကယ်၍ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် တမင်တကာ လိမ်လည်လှည့်ဖြားပြီး ဤအရာ၏ ကြီးလေးမှုကို သင် နားလည်သည့်တစ်နေ့ ရောက်လာလျှင် ယင်းက သင်၏ စိတ်နှလုံးကို ဓားတစ်ချောင်းကဲ့သို့ ထိုးဖောက်မည်ဖြစ်ပြီး သင်သည် ကျေရာကျေကြောင်းလုပ်ဖို့ အခွင့်အရေးတစ်ခုကို အမြဲတမ်း ရှာဖွေနေမည်ဖြစ်သည်။ ထို့အပြင် သင်၌ အသိတရားမရှိ၊ သင်၏အသိစိတ်ဖြင့် မည်သည့်အခါမျှ အသက်ရှင်ခဲ့ခြင်း မရှိသည့်အပြင် လူ့သဘာဝမရှိ၊ အကျင့်စာရိတ္တ သို့မဟုတ် ဂုဏ်သိက္ခာမရှိခြင်း မဟုတ်ခဲ့လျှင် ယင်းမှာ သင် ပြုလုပ်သင့်သောအရာ ဖြစ်သည်။ အကယ်၍ သင်၌ အကျင့်စာရိတ္တနှင့် ဂုဏ်သိက္ခာ အနည်းငယ်အပြင် အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်း တစ်ခုတလေရှိပါက သင်သည် လိမ်လည်လှည့်ဖြားမှု၌ ပါဝင်နေကြောင်း သင် သဘောပေါက်သောအခါ ဤအပြုအမူက ရှက်စရာဖြစ်ကြောင်း၊ ဂုဏ်သရေပျက်စရာဖြစ်ပြီး နိမ့်ကျကြောင်း သင် ခံစားရမည် ဖြစ်သည်။ သင်သည် မိမိကိုယ်ကို စက်ဆုပ်ရွံရှာပြီး အလွန် မုန်းတီးမည်ဖြစ်ကာ မုသားများနှင့် လိမ်လည်လှည့်ဖြားခြင်း လမ်းကြောင်းကို စွန့်လွှတ်မည်ဖြစ်သည်။ စာတန်အမျိုး၌ အသိတရားနှင့် ပုံမှန်လူ့သဘာဝ အသိစိတ် ကင်းမဲ့သည်။ ၎င်းတို့သည် ၎င်းတို့ပြောသည့် မုသားများအားလုံးကို ဆက်၍ သတိမမူသည့်အပြင် စိတ်အနှောင့်အယှက် မဖြစ်ကြပေ။ ထို့ပြင် မိမိတို့၏ လိမ်ညာမှုအတွက် သဘောတရားအရ အခြေခံအကြောင်းရင်းပင် ရှိကာ ယင်းမှာ မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည်မဟုတ် ဟူ၍ဖြစ်ပြီး ထို့ကြောင့် ၎င်းတို့သည် နောင်တရဖို့ ခေါင်းမာစွာဖြင့် ငြင်းဆန်ကြသည်။ အသိတရားနှင့် အသိစိတ်ရှိသော လူတို့မှာ ခြားနားသည်။ ဤလူတို့က စာတန်၏ ယိုယွင်းမှုကိုသာ ကြုံခဲ့ကြရပြီး ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘာထားများကို ထုတ်ဖော်သော်လည်း ဆိုးယုတ်သော လူများမဟုတ်ကြ၊ သူတို့၌ အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်း ရှိသည်၊ ပုံမှန်လူ့သဘာဝ လိုအပ်ချက်များအပြင် ပင်ကိုအသိစိတ်များနှင့် ကောင်းမွန်သော၊ တရားမျှတသော၊ အပြုသဘောဆောင်သော အရာများအား ချစ်ခြင်းနှင့်ဆိုင်သည့် လိုအပ်ချက်များ ရှိကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် မိမိတို့၏ အသိစိတ်၌ လိပ်ပြာမသန့်သောအခါ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး အမှန်တကယ် နောင်တရနိုင်ကြသည်။ စာတန်သည် အလွန်အမင်း ဆိုးယုတ်ခြင်းကိစ္စပင် ဖြစ်၏။ ယင်းက အပြုသဘောဆောင်သော အရာများကို မနှစ်သက်၊ ကောင်းသော အရာများကို မနှစ်သက်၊ ထို့ပြင် ယင်း၏ သဘာဝထဲတွင် မှောင်မိုက်ပြီး ဆိုးယုတ်သော အရာများသာ ရှိသည်၊ ဖောက်ပြန်ပျက်စီးပြီး မလိုမုန်းထားသော အရာများသာလျှင် ရှိသည်။ ယင်း၌ လူ့သဘာဝမရှိ၊ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် လိုအပ်ချက်များ မရှိသည့်အပြင် အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်းလည်း မရှိပေ။ သို့သော် လူတို့သည် ခြားနားကြသည်။ လူတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံခဲ့ရပြီး ၎င်းတို့၌ အသိတရားနှင့် အသိစိတ် ရှိသည်။ အသိတရားရှိသည့် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ နားလည်သဘောပေါက်မှု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို သို့မဟုတ် အခြားလူတို့ကို လှည့်ဖြားဖို့ ကြိုးစားသောအခါ မိမိတို့အသိတရား၏ စွပ်စွဲခြင်းနှင့် အပြစ်တင်ခြင်းကို ခံစားရနိုင်ပြီး ဤပြစ်တင်စွပ်စွဲခြင်းက ၎င်းတို့ကို ဒုက္ခပေးလေ၏။ လူတစ်ဦးသည် ဤဒုက္ခကို ခံစားရသောအခါ၊ သူသည် ဤစွပ်စွဲခြင်းနှင့် အပြစ်တင်ခြင်းကို ခံစားရသောအခါ သူ၏ အသိတရားက စတင်၍ နားလည်သဘောပေါက်မှု ရှိလာသည်။ လူတို့သည် ရိုးသားသင့်ကြောင်းနှင့် သူတို့သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းသင့်ကြောင်း သဘောပေါက်ခြင်း ဖြစ်သည်။ သူ၌ ဤလိုအပ်ချက် ရှိသောအခါ ယင်းမှာ ကောင်းသောအရာ ဖြစ်၏။ ယခုပင် သင်တို့သည် လိမ်လည်လှည့်ဖြားသောအခါ အပြစ်တင်ခြင်းအသိ တစ်ခုခုကို ခံစားရသလော။ (ခံစားရပါသည်။) အပြစ်တင်ခြင်းကို ခံစားရခြင်းက သင်တို့၌ အသိတရားနှင့်ဆိုင်သည့် နားလည်သဘောပေါက်မှု အချို့ရှိကြောင်းနှင့် သင်တို့အတွက် မျှော်လင့်ချက်အနည်းငယ် ရှိသေးကြောင်း သက်သေပြသည်။ ဤသည်မှာ ကယ်တင်ခြင်း ရရှိရန်အတွက် သင်ပိုင်ဆိုင်ရမည့် မရှိမဖြစ်လိုအပ်သည့် အနိမ့်ဆုံး နားလည်သဘောပေါက်မှု အဆင့်နှင့် အပြုအမူမျိုး ဖြစ်သည်။ အကယ်၍ သင်၏အသိတရားက မည်သည့်အပြစ်တင်ခြင်းကိုမျှ မခံစားရလျှင် ဤသည်မှာ ခက်ခဲသည့်အပြင် ယင်းမှာ သင်၌ လူ့သဘာဝမရှိဟု ဆိုလိုသည်။ ယခုတွင် သင်တို့သည် အခြားသူများအား လိမ်လည်လှည့်ဖြားပြီးနောက် နောင်တရဖို့ သိကြသလော။ အကယ်၍ နောင်တရဖို့ ခေါင်းမာစွာဖြင့် ငြင်းဆန်လျှင် အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့သည် ရွေးနုတ်၍မရ ဖြစ်နေမည်။ ဘုရားသခင်သည် အသိတရား၊ အသိစိတ် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် လိုအပ်ချက်များ၊ အကောင်းနှင့် အဆိုးကို ပိုင်ခြားသိမြင်နိုင်စွမ်း၊ အပြုသဘောဆောင်သော အရာများနှင့် ကောင်းသောအရာများအား ချစ်ခြင်း၊ မကောင်းမှုအား မုန်းတီးခြင်းနှင့် သမ္မာတရားအား လက်ခံနိုင်စွမ်းတို့ကို ပိုင်ဆိုင်သောသူတို့အား ကယ်တင်မည်ဖြစ်ကြောင်း ယခု သင်တို့အားလုံး မြင်တွေ့နိုင်သည်။ ထိုသို့သော လူတို့သည် ကယ်တင်ခြင်းကို ခံရနိုင်သည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။