ဘုရားသခင်အား ယုံကြည်ခြင်းသည် လောက၏ မကောင်းသောခေတ်ရေစီးကြောင်းများကို ထိုးဖောက်မြင်ခြင်းမှ စတင်ရမည် (အပိုင်း တစ်)

လူငယ်အချို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ၎င်းတို့အနေဖြင့် ကွန်ပျူတာဂိမ်းများ ကစားသည်ကို နှစ်သက်ခြင်းဟူသည့် အကျင့်ဆိုးကို ဖယ်ရှားရန် အလွန်ခက်ခဲသည်။ ကွန်ပျူတာ ဂိမ်းများသည် မည်သည့်အရာမျိုးများ ပါဝင်ကြသနည်း။ ၎င်းတို့တွင် ကြမ်းကြုတ်သော အရာများစွာ ပါဝင်သည်။ ဂိမ်းကစားခြင်းဟူသည်မှာ နတ်ဆိုးများ၏ နယ်ပယ်ဖြစ်သည်။ အများစုအတွက်၊ ဤဂိမ်းများကို အချိန်ကြာမြင့်စွာ ၎င်းတို့ ကစားသည့်အခါ၊ တကယ့် အလုပ်တစ်ခုတလေကိုမျှ ၎င်းတို့ မလုပ်နိုင်တော့ချေ။ ကျောင်း သို့မဟုတ် အလုပ်ကို ၎င်းတို့ မသွားချင်ကြတော့ပေ၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်များကို မစဉ်းစားချင်ကြတော့ချေ၊ ၎င်းတို့၏ ဘဝများကို သာ၍ပင် မစဉ်းစားကြပေ။ ယခုတွင် လူ့အသိုင်းအဝိုင်းရှိ လူငယ်များ၏ စိတ်နှလုံးသည် မည်သည့်အရာများနှင့် ပြည့်နှက်နေသနည်း။ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ရွှင်မြူးထူးခြင်းတို့မှလွဲ၍ သူတို့၏စိတ်နှလုံးမှာ ဂိမ်းကစားခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ ပြောသမျှနှင့် တွေးသမျှတိုင်းက အဓိပ္ပာယ်မဲ့ပြီး လူမဆန်ချေ။ ၎င်းတို့ တွေးသည့်အရာများကို ဖော်ပြဖို့ “ညစ်ပတ်သည်” သို့မဟုတ် “ဆိုးယုတ်သည်” ဆိုသည့် စကားလုံးများကိုပင် အသုံးပြု၍ မရနိုင်။ ၎င်းတို့သည် သာမန်လူ့သဘာဝရှိသောသူတို့၌ ရှိသင့်သည့်အရာများ မဟုတ်ဘဲ၊ ၎င်းတို့အားလုံးက အဓိပ္ပာယ်မဲ့၊ လူမဆန်သောအရာများသာ ဖြစ်ကြသည်။ သာမန် လူ့သဘာဝနှင့်ဆိုင်သော ကိစ္စရပ်များ သို့မဟုတ် ခေါင်းစဥ်များအကြောင်း သင်ပြောဆိုပါက၊ ထိုအကြောင်း ၎င်းတို့ မကြားနိုင်ကြ၊ စိတ်မဝင်စားကြသကဲ့သို့၊ ယင်းကို ကြားလိုစိတ်လည်း မရှိဘဲ၊ သင့်အပေါ် မလိုမုန်းထားပင် ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် သာမန်လူတို့နှင့်ဆိုင်သည့် ပုံမှန်ဘာသာစကား သို့မဟုတ် ပုံမှန်အကြောင်းအရာများ မပြောကြချေ။ ၎င်းတို့ဆွေးနွေးသည့် အကြောင်းအရာအားလုံးမှာ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့နှင့်သာ ဆိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးများ၌ လောကီခေတ်ရေစီးကြောင်းများဖြင့် ပြည့်နေကြ၏၊ ထို့ကြောင့် မည်သည့် အနာဂတ် အလားအလာများ ၎င်းတို့တွင် ရှိကြသနည်း။ သူတို့၌ အနာဂတ်ရှိသလော။ (မရှိကြ၊ ဤလူတို့သည် အလကားဖြစ်သွားကြမည်။) “အလကား” ဟူသည်မှာ အလွန်သင့်တော်သည့် စကားလုံးဖြစ်သည်။ ယင်းက ဘာကိုဆိုလိုသနည်း။ သာမန် လူသားမျိုးနွယ်တို့ ပါဝင်သင့်သည့် လှုပ်ရှားသွားလာမှုများတွင် ၎င်းတို့ ပါဝင်နိုင်သလော။ (မပါဝင်နိုင်ပေ။) ဤလူတို့သည် မိမိတို့၏ လေ့လာမှုများကို ကောင်းကောင်း မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ အလုပ်တစ်ခု လုပ်ရာတွင် ၎င်းတို့ကို အားထုတ်ကြိုးပမ်းစေပါက၊ ဤအရာကို ၎င်းတို့ လုပ်ဆောင်ဖို့ လိုလားသလော။ (မလိုလားကြပေ။) ၎င်းတို့သည် မည်သည့်အရာကို တွေးမည်နည်း။ ၎င်းတို့က၊ “အလုပ်လုပ်ရာတွင် မည်သည့်အဓိပ္ပါယ် ရှိသနည်း။ ဤအလုပ်သည် အလွန် ပင်ပန်းလှ၏။ ကျွန်ုပ်သည် ယင်းမှ ဘာရရှိနိုင်မည်နည်း။ မောပန်းပြီး နာကျင်ရုံမှတပါး ဘာမှမရပေ။ ဂိမ်းကစားခြင်းက များစွာပို၍ ပျော်စရာကောင်းသည်၊ သက်သောင့်သက်သာရှိပြီး မွေ့လျော်ဖွယ်ဖြစ်သည်။ ကွန်ပျူတာရှေ့တွင် ကျွန်ုပ်ရှိနေပြီး ကမ္ဘာတုထဲ၌ နေသောအခါ၊ အရာရာကို ကျွန်ုပ်ပိုင်ဆိုင်၏။” အကယ်၍ သင်သည် ၎င်းတို့ကို အလုပ်သို့ အချိန်မီရောက်စေပြီး သတ်မှတ်ထားသည့်အချိန် ၉ နာရီမှ ၅ နာရီအထိ အလုပ်လုပ်စေပါက ယင်းနှင့်ပတ်သက်၍ ၎င်းတို့ အဘယ်သို့ ခံစားရမည်နည်း။ ထိုအချိန်ဇယားအတိုင်း အလုပ်လုပ်ဖို့ရန်နှင့် ဤနည်းအတိုင်း လိုက်နာဖို့ရန် ၎င်းတို့ လိုလားသလော။ (မလိုလားကြပါ။) လူများသည် ဂိမ်းများကို မပြတ်ကစားပြီး ကွန်ပျူတာပေါ်တွင် အချိန်ဖြုန်းသည့်အခါ၊ ခဏကြာပြီးနောက် ၎င်းတို့၏ စိတ်ဆန္ဒ ကွယ်ပျောက်ကာ ၎င်းတို့သည် အကျင့်စာရိတ္တ ပျက်ပြားလာကြသည်။ ဘာသာတရားမရှိသူများသည် ခေတ်ရေစီးကြောင်းနောက်လိုက်ခြင်းကို ပျော်ပိုက်ကြပြီး ဖက်ရှင်များကို နှစ်သက်ကြသည်၊ အထူးသဖြင့် လူငယ်များနှင့် ထိုသူတို့အများစုသည် မိမိတို့၏ သင့်လျော်သောအလုပ်များကို အာရုံမစိုက်ကြသည်သာမက၊ မှန်ကန်သောလမ်းကြောင်းကိုလည်း မလျှောက်လှမ်းကြချေ။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မစီမံနိုင်၊ ၎င်းတို့၏ ဆရာများက ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့၊ ဤရေပန်းစားမှုနှင့်ပတ်သက်၍ နိုင်ငံတစ်ခုတလေ၏ ပညာရေးစနစ်က ယင်းကို မလွန်ဆန်နိုင်ပေ။ နတ်ဆိုးများနှင့် စာတန်တို့သည် လူတို့ကို စုံစမ်းသွေးဆောင်ဖို့နှင့် ၎င်းတို့ကို စာရိတ္တပျက်ပြားခြင်းသို့ ပို့ဆောင်ရန် အမှုအရာများကို အသုံးပြုလေသည်။ ပုံတူ လောကထဲ အသက်ရှင်သူတို့အတွက် သာမန် လူ့သဘာဝနှင့်ဆိုင်သော ဘဝနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ ၎င်းတို့ မည်သို့မျှ စိတ်မဝင်စားကြချေ။ ၎င်းတို့သည် အလုပ်လုပ်လိုစိတ်၊ သို့မဟုတ် လေ့လာသင်ယူလိုစိတ်ကို မရှိကြ။ ၎င်းတို့၏ တစ်ခုတည်းသော စိတ်ဝင်စားမှုမှာ ဂိမ်းကစားခြင်းဖြစ်ပြီး တစ်စုံတစ်ရာက သူတို့ကို ဆွဲဆောင်သိမ်းသွင်းနေသကဲ့သို့ ဖြစ်လေသည်။ ဂိမ်းကစားသောသူတို့သည် ဂိမ်းထဲမှဇာတ်ကောင်ထဲ ဝင်ကစားလိုက်သည်နှင့် သူတို့၏ဦးနှောက်က သူတို့အား စိတ်လှုပ်ရှားစေပြီး အတော်ပင် ထင်ယောင်ထင်မှားဖြစ်စေသည့် အရာတစ်ခုကို စတင်၍ ထုတ်လုပ်ပေးကာ ထိုသူတို့သည် ဂိမ်းကစားခြင်းကို စွဲလမ်းလာကြပြီး ဂိမ်းကစားခြင်းအကြောင်းကို အမြဲတမ်း စဉ်းစားနေကြကြောင်း သိပ္ပံပညာရှင်တို့က အခိုင်အမာဆိုထားကြသည်။ ၎င်းတို့ ငြီးငွေ့သည့် တစ်ခဏ၊ သို့မဟုတ် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုခုကို ၎င်းတို့ လုပ်ဆောင်နေသည့်အချိန်အတွင်းတွင်၊ ယင်းအစား ဂိမ်းများကို ၎င်းတို့ ကစားချင်ကြပြီး ဂိမ်းများ ကစားခြင်းက တဖြည်းဖြည်း ၎င်းတို့၏ ဘဝလုံးလုံး ဖြစ်လာလေသည်။ ဂိမ်းများ ကစားခြင်းသည် ဆေးတစ်မျိုးကို သုံးဆောင်ခြင်းကဲ့သို့ ဖြစ်သည်။ လူတစ်ဦးက ယင်းကို စွဲသွားသည်နှင့်တစ်ပြိုင်နက် ယင်းကို ဖြတ်ဖို့နှင့် ယင်းမှ ကျောခိုင်းဖို့ ခက်ခဲလာပြီးလျှင် ယင်းက သူ့ကိုဖျက်ဆီးလေသည်။ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဤအကျင့်ဆိုးကို ၎င်းတို့ ရသည်နှင့်တစ်ပြိုင်နက် ယင်းကို ဖြတ်ဖို့ ခက်ခဲလာကြလေသည်။ အချို့ကလေးများက ညစဉ်ညတိုင်း တစ်ညလုံးမအိပ်ဘဲ ဂိမ်းကစားကြပြီး ၎င်းတို့၏ မိဘများသည် ၎င်းတို့ကို မထိန်းချုပ်သကဲ့သို့ မစောင့်ကြပ်သဖြင့် ကလေးများသည် ကွန်ပြူတာရှေ့တွင် မိမိတို့ကိုယ်ကို သေသည်အထိ ဂိမ်းကစားခြင်းဖြင့် အဆုံးသတ်ကြသည်။ သူတို့သည် မည်ကဲ့သို့ သေဆုံးသွားကြသနည်း။ သိပ္ပံဆိုင်ရာ အထောက်အထားက သူတို့၏ဦးနှောက် ပျက်စီးသွားခြင်းဖြစ်သည်ဟု ဆို၏။ သူတို့က မိမိကိုယ်ကို သေသည်အထိ ကစားခဲ့ကြခြင်းပင်။ ဂိမ်းကစားခြင်းသည် သာမန်လူများ လုပ်သင့်သည့် အရာတစ်ခု ဖြစ်သည်ဟု သင်တို့ပြောမည်လော။ ယင်းသည် လူများ၏ သာမန်လူ့သဘာဝအတွက် လိုအပ်ပါက၊ ယင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်ပါက၊ လူတို့က အဘယ်သို့ ၎င်းတို့ကို မဖြတ်နိုင်ရသနည်း။ လူတို့သည် အဘယ်ကြောင့် ထိုအတိုင်းအတာအထိ ယင်းတို့၏ ညှို့ယူဖမ်းစား ခံနိုင်ရသနည်း။ ဤအရာက သက်သေပြသော အရာတစ်ခုမှာ ဂိမ်းကစားခြင်းသည် ကောင်းမွန်သောလမ်းကြောင်း မဟုတ်သည်ကိုပင်။ တစ်နေ့တာလုံးကို အင်တာနက်တွင် စိတ်နှစ်မြှုပ်ထားခြင်းဖြင့် အချိန်ကုန်ဆုံးစေခြင်း၊ အွန်လိုင်းတွင် ဟိုဟိုသည်သည်ရှာဖွေခြင်း၊ ဖောက်ပြားသော အရာများကို ကြည့်ရှုခြင်းနှင့် ဂိမ်းဆော့ခြင်းတို့ကဲ့သို့သော အရာများ၌ တစ်နေ့လုံး ကစားခြင်းသည် လူတို့ကို အဓိပ္ပါယ်မဲ့သောအရာများဖြင့်သာ မိမိကိုယ်ကို အရည်အသွေးနိမ့်ကျစေနိုင်ပြီး လူတို့ကို ထိခိုက်နာကျင်စေနိုင်ပါသည်။ ဤအရာတစ်ခုကမျှ မှန်ကန်သောလမ်းကြောင်း မဟုတ်ချေ။ ယနေ့ခေတ်တွင် ဆယ်ကျော်သက်များ၊ လူငယ်များနှင့် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများအားလုံးကပင် ဗီဒီယိုဂိမ်းများ ကစားကြသည်။ ၎င်းတို့ကို ကစားသောသူ ပို၍ များလာလေသည်။ လူအများစုက ဤအရာသည် ကောင်းသောအရာမဟုတ်ကြောင်း သိကြသော်လည်း သူတို့သည် မိမိကိုယ်ကို မထိန်းနိုင်ကြပေ။ ဤဂိမ်းကစားခြင်းက မျိုးဆက်သစ်လူငယ်များကို ထိခိုက်စေပြီး လူမြောက်မြားစွာကိုလည်း ထိခိုက်စေခဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင် ဂိမ်းများက မည်သို့ပေါ်လာကြသနည်း။ ၎င်းတို့က စာတန်မှ လာသည်မဟုတ်လော။ “ဗီဒီယိုဂိမ်းများသည် ခေတ်မီသိပ္ပံပညာဆိုင်ရာ တိုးတက်မှု၏ သင်္ကေတ၊ သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုများဖြစ်သည်” ဟုဆိုသည့် အချို့သော အဓိပ္ပာယ်မရှိသောလူမျိုးကလည်း ရှိလေသည်။ သို့နှင့် ဤရှင်းပြချက်ကား အဘယ်နည်း။ ရွံရှာဖွယ်ကောင်း၏။ ဂိမ်းကစားခြင်းသည် ကောင်းသောလမ်းကြောင်း မဟုတ်သကဲ့သို့ မှန်ကန်သောလမ်းကြောင်းလည်း မဟုတ်ပေ။ ဤဂိမ်းကစားခြင်းသည် လူမှုရေးခေတ်ရေစီးကြောင်းများ နောက်လိုက်ခြင်းကိစ္စသက်သက် မဟုတ်ရုံမျှမက ဂိမ်းဆော့ခြင်းက သင့်ရည်ရွယ်ချက်အသိစိတ်ကို ဖျက်ဆီးပစ်သည်ဟုပင် ဘာသာတရားမရှိသူများက ပြောကြသည်။ အကယ်၍ သင်သည် ဤမျှ လွယ်ကူသောအရာကို မဖြတ်နိုင်ပါက ဤကိစ္စရပ်တွင် သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက သင်သည် အန္တရာယ်ထဲ ကျရောက်နေချေပြီ။ ယနေ့ခေတ်တွင် လူတို့သည် လူငယ်ဖြစ်စေ လူကြီးဖြစ်စေ ဗီဒီယိုဂိမ်းများ ဆော့ကစားခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ အဖြစ်များနေပြီး တစ်ကမ္ဘာလုံးက ဤသို့ ဖြစ်နေသည်။ သင်သည် ဘုရားသခင်ကို မည်မျှကြာကြာ ယုံကြည်ခဲ့ပါစေ ဗီဒီယိုဂိမ်းကစားခြင်းကဲ့သို့သော အရာတစ်ခုကိုပင် မထိန်းချုပ်ထားနိုင်လျှင် တစ်နေ့တွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ပျင်းခြောက်ခြောက်နှင့် ငြီးငွေ့ဖွယ်ကောင်းသည်ဟု သင်ခံစားရသောအခါ သင်သည် ဘာသာတရားမရှိသူများကဲ့သို့ စိတ်ကြွဆေးမျိုးစုံဖြင့် မူးယစ်ဆေးဝါးကို စတင်စမ်းသပ်တော့မည် မဟုတ်လော။ ယင်းက အလွန့်အလွန် အန္တရာယ်များလှ၏။ သင်သည် ဘုရားသခင်ကို ယုံကြည်ကောင်းယုံကြည်မည် ဖြစ်သော်လည်း သင်၌ အခြေခံအုတ်မြစ် မရှိသည့်အပြင် သင်သည် သမ္မာတရားကို မရရှိခဲ့သောကြောင့် သင်သည် ကိုယ်တော်အား သစ္စာဖောက်မည့်အန္တရာယ်၌ လုံးလုံးလျားလျား ရှိနေဆဲဖြစ်သည်။ သင့်အပေါ်ကျရောက်သည့် မည်သည့်အရာကိုမဆို ကြုံဆုံရလျှင် သင် ကောင်းကောင်းကြီး လဲကျသွားနိုင်လေသည်။ ဤဆိုးယုတ်သောလောကတွင် စုံစမ်းသွေးဆောင်ခြင်း များစွာရှိပြီး ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသူများအား သွေးဆောင်ရန် စာတန်က နည်းလမ်းပေါင်းစုံကို အသုံးပြုသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မပြုဘဲ သင့်နှလုံးသားနှင့် စိတ်သည် မကြာခဏ ဗလာဖြစ်နေပါက သင်သည် အလွန်အန္တရာယ်ရှိ၏။ သင်တို့၏ စိတ်နှလုံးသည် များသောအားဖြင့် ဗလာဖြစ်နေသလော။ လူငယ်များမှာ အချိန်တော်တော်များများ ဗလာဖြစ်နေကြသည်။ ဤပြဿနာကို မဖြေရှင်းဘဲထားခြင်းက အလွန် အန္တရာယ်များသည်။ ဘုရားသခင်ကို ယုံကြည်သည်နှင့်အမျှ သင်သည် သူ၏နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုသင့်ပြီး သမ္မာတရားအချို့ကို သင်လက်ခံနိုင်သောအခါ ယင်းသည် အလှည့်အပြောင်းတစ်ခု ဖြစ်လာပြီးလျှင် သင်သည် ဤအန္တရာယ်ရှိသော အချိန်နာရီမှ လွတ်မြောက်ကာ အသင်းတော်တွင် ခိုင်မာစွာရပ်တည်နိုင်မည် ဖြစ်သည်။

ပိုပို၍များပြားသော လူငယ်များသည် ဘုရားသခင့်အိမ်တော်၌ ပါဝင်လာကြပြီး တော်တော်များများမှာ အသက်နှစ်ဆယ်ကျော်များ ဖြစ်ကြသည်။ သူတို့သည် ဘဝ၏အထွတ်အထိပ်ကို ရောက်နေကြပြီး သူတို့၏ ဘဝပန်းတိုင်ကို မဆုံးဖြတ်ကြရသေးပေ။ သူတို့၌ ရည်မှန်းချက်မရှိကြဘဲ ဘဝဟူသည့် အရာကို နားမလည်ကြသေးပေ။ ဤလူတို့၌ မည်သည့်အရာ ထင်ရှားသနည်း။ သင်တို့အတွက် ငါ၌ စကားအသုံးအနှုန်း နှစ်ခုရှိ၏။ ငယ်ရွယ်နုပျိုမှုမာန်နှင့် ပိုင်းခြားသိမြင်မှုကင်းမဲ့ခြင်းပင်။ အဘယ့်ကြောင့် ငါ ထိုသို့ဆိုရသနည်း။ “ငယ်ရွယ်နုပျိုမှုမာန်” ဟူသော အဓိပ္ပါယ်ကို ဦးစွာ ဆွေးနွေးကြပါစို့။ “ငယ်ရွယ်နုပျိုမှုမာန်” သည် ဘာဖြစ်သည်ကို သင်တို့ရှင်းပြနိုင်သလော။ ယင်းက မည်သို့သော စိတ်ထားမျိုးနည်း။ ယင်း၌ မည်သို့သော သရုပ်သကန်များ ရှိသနည်း။ (ယင်းသည် သူတို့ ကြိုက်သည့်အရာက အကောင်းဆုံး၊ သူတို့စိတ်ကူးသမျှက မှန်ကန်ပြီး မည်သူ့ကိုမျှ နားထောင်ချင်စိတ်မရှိဟု လူများ ထင်ကြသည့် အခါမျိုး၌ဖြစ်သည်။) တစ်နည်းအားဖြင့် ဤစိတ်ထားမျိုးက “မာနထောင်လွှားခြင်း” ပင်ဖြစ်သည်။ ဤသည်မှာ ဤအသက်အရွယ်အုပ်စု၌ ရှိတတ်သော လူတို့၏ ပုံမှန်စိတ်သဘောထား ဖြစ်သည်။ သူတို့၏ လူနေမှုပတ်ဝန်းကျင်၊ သို့မဟုတ် နောက်ခံအခြေအနေတို့ မည်သို့ပင်ရှိစေကာမူ၊ သို့မဟုတ် သူတို့သည် မည်သည့်မျိုးဆက်မှဖြစ်စေ ဤအသက်အရွယ်အုပ်စုရှိ လူတိုင်းသည် ငယ်ရွယ်နုပျိုမှုမာန်ကို ပိုင်ဆိုင်ထားသည်။ အဘယ့်ကြောင့် ငါ ဤသို့ဆိုရသနည်း။ ငါသည် သူတို့ကိုဆန့်ကျင်၍ အစွဲစိတ်ရှိခြင်း၊ သို့မဟုတ် သူတို့အား အထင်သေးခြင်းမဟုတ်ပေ၊ ထို့ထက် ယင်းက ဤအသက်အရွယ်အုပ်စုထဲမှ လူတို့သည် စိတ်သဘောထားတစ်မျိုးကို စွဲကိုင်ထားကြခြင်း၊ ယင်းက အလွန်အမင်း မောက်မာသိမ်ဖျင်းပြီး မာနကြီးသော စိတ်ထားတစ်ခု ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ သူတို့၌ လောကီရေးရာ အတွေ့အကြုံများစွာမရှိဘဲ ဘဝနှင့် ပတ်သက်၍ အနည်းငယ်ကိုသာ နားလည်ကြသည့်အတွက် လောကကြီးထဲတွင်၊ သို့မဟုတ် ဘဝတွင် အမှုအရာအချို့ကို သူတို့ ကြုံတွေ့ရသော အခိုက်အတန့်၌ “ငါနားလည်ပြီ၊ ငါသဘောပေါက်သွားပြီ၊ ငါ ယခု အရာရာကို သိပြီ။ အသက်ကြီးသောသူတို့ ပြောနေကြသည့်အရာကို ငါနားလည်ပြီ။ လူ့အဖွဲ့အစည်း၌ ရေပန်းစားနေသည့် အရာကို အမီလိုက်နိုင်ပြီ။ ယခုတွင် ဆဲလ်ဖုန်းများ မည်မျှ လျင်မြန်စွာ တိုးတက်လာသည်ကိုလည်းကောင်း၊ ယင်းတို့၏ အစိတ်အပိုင်းများ မည်မျှရှုပ်ထွေးဆန်းပြားနေသည်ကိုလည်းကောင်း ကြည့်လော့။ ငါအကုန်သိသည်၊ မည်သည့်အရာမျှနားမလည်သော သင်တို့ သက်ကြီးရွယ်အိုများကဲ့သို့မဟုတ်” ဟု တွေးတတ်ကြသည်။ သက်ကြီးရွယ်အိုတစ်ဦးက သူတို့ထံ အကူအညီ တစ်စုံတစ်ခု လာတောင်းသည့်အခါ သူတို့က “လူများသည် အသက်ကြီးလာသောအခါ အသုံးမကျပေ။ သူတို့သည် ကွန်ပြူတာပင် မသုံးတတ်ကြ၊ အသက်ရှင်နေသည်ပင် ဘာအကျိုးထူးသနည်း” ဟုပင် ပြောကြမည်။ ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ ငယ်ရွယ်နုပျိုမှုမာန်၏ သရုပ်သကန်တစ်ခုဖြစ်၏။ လူငယ်များ၌ ပိုကောင်းသော မှတ်ဉာဏ်ရှိပြီး စိတ်ကူးသစ်များကို ပိုမိုမြန်ဆန်စွာ လက်ခံကြကာ အသစ်အဆန်းများကို သင်ယူတတ်မြောက်သည့်အခါတိုင်း အသက်ကြီးသူများကို အထင်သေးကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုပင်။ ထို့အပြင် ဤစိတ်သဘောထားမျိုးက သာမန်လူ့သဘာဝ၏ စိတ်သဘောထားလော။ ယင်းက သာမန်လူ့သဘာဝ၏ သရုပ်သကန်ဟု ယူဆရမည်လော။ (မယူဆရပါ။) ထို့ကြောင့် ယင်းကို ငယ်ရွယ်နုပျိုမှုမာန်ဟု ခေါ်သည်။ သို့ဖြစ်၍ ၎င်းကို အဘယ့်ကြောင့် “မာနထောင်လွှားခြင်း” ဟု မခေါ်ဘဲ “မာန်” ဟု ခေါ်ရသနည်း။ ယင်းမှာ လူငယ်များအတွက် ထူးခြားသော စိတ်သဘောထားတစ်ခု ဖြစ်သောကြောင့် အသေးအမွှားလေးတစ်ခုကို သင်ယူတတ်မြောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်သွားကြသည်၊ ၎င်းတို့သည် စကြဝဠာအတွင်းရှိ မိမိတို့၏ နေရာကို မသိကြဘဲ သူတို့ သင်ယူထားသည့်အရာကို အရင်းအနှီးအဖြစ် မှတ်ယူကြသည်။ ငယ်ရွယ်စဉ်တွင် လူတို့အားလုံးသည် ထိုသို့ဖြစ်ကြသည်မှာ အသက်အရွယ် အနည်းငယ်ရ၍ အနည်းငယ်ပိုနားလည်လာပြီး ဘဝ၏ အတက်အကျများကို ပို၍ တွေ့ကြုံလာရသည့်အချိန်ထိ ဤကဲ့သို့ ဖြစ်တတ်သည်။ ထို့နောက် သူတို့သည် ပို၍ရင့်ကျက်လာပြီး တည်ငြိမ်လာကာ ပိုမိုနှိမ့်ချစွာဖြင့် ပြုမူနေထိုင်ရသည်ကို သဘောကျကြသည်။ တစ်စုံတစ်ခုကို လုပ်တတ်သောအခါတွင် ကြီးကြီးကျယ်ကျယ် မလုပ်တော့သည့်အပြင် တစ်စုံတစ်ခုကို မလုပ်နိုင်သည့်အခါ စိတ်မဆိုးကြတော့ချေ။ လူငယ်များသည် မယုံနိုင်လောက်အောင်ပင် ဘဝင်မြင့်တတ်သည်။ တစ်ခုခုလုပ်တတ်သည့်အခါတိုင်း ၎င်းကို ကြွားလုံးထုတ်လိုကြပြီး မိမိကိုယ်ကို ဟုတ်လှပြီဟု ထင်တတ်ကြသည်။ တစ်ခါတစ်ရံ စိတ်လှုပ်ရှားလာသောအခါ သူတို့သည် အခြားသူများထက် သာလွန်နေပြီ၊ ကမ္ဘာကြီးသည် သူတို့အတွက် ကြီးကြီးမားမား မဟုတ်တော့ဘဲ ကမ္ဘာကြီးအစား အခြားဂြိုလ်ပေါ်တွင် နေထိုင်နိုင်သည်ဟု စတင်ခံစားလာကြသည်။ ဤသည်မှာ မာန်ဖြစ်သည်။ ငယ်ရွယ်နုပျိုမှုမာန်ကို အဓိကအားဖြင့် စကြဝဠာအတွင်းရှိ မိမိ၏နေရာကိုလည်းကောင်း၊ လူတို့သည် မည်သည့်အရာကို လိုအပ်ပြီး ဘဝတွင် မည်သည့် လမ်းကြောင်းကို လိုက်လျှောက်သင့်သည်ကိုလည်းကောင်း၊ မည်သို့သောအခြေအနေတွင် နေထိုင်ရန် အန္တရာယ်ရှိပြီး သူတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း မသိနားမလည်ခြင်းက အမှတ်အသားပြုသည်။ ယင်းမှာ “သူတို့က ပိုင်းခြားသိမြင်မှု မရှိသည့်အပြင် ဘဝအကြောင်းလည်း မသိကြ” ဟု လူတို့ မကြာခဏ ပြောတတ်ကြသည့် စကားအတိုင်းဖြစ်သည်။ ဤအသက်အရွယ်အုပ်စုရှိ လူများသည် မာန်တက်သော ဤစိတ်သဘောထားမျိုး ရှိတတ်သောကြောင့် ဤအရာများကို ထုတ်ဖော်ပြကြသည်။ လူတိုင်းက သူတို့ထက် နိမ့်ကျသည်ဟု ထင်သည့် လူငယ်များရှိကာ ၎င်းတို့ မကြိုက်သည့်အရာ တစ်ခုခု သင်ပြောသည့်အခါ သင့်ကို သူတို့ မသိချင်ယောင်ဆောင်၍သာ နေကြမည်။ ငယ်ရွယ်သူများ မည်သည့်အရာ စဉ်းစားနေကြမည်ကို မိဘများ နားလည်ရန် ခက်ခဲသည်။ စကားတစ်ခွန်းမှားလျှင် သူတို့သည် ဝုန်းဒိုင်းကြဲလျက် ကျွဲမြီးတိုသွားကြသည်။ သူတို့နှင့် ဆက်သွယ်ရခက်သည်။ ယနေ့ခေတ်တွင် မိဘများသည် သားသမီးများကို စီမံခန့်ခွဲရန်နှင့် ပညာပေးရန် ခက်ခဲနေရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းမှာ မိဘများက ပညာမတတ်သည့်အပြင် လူငယ်များ၏စိတ်ကို နားမလည်သောကြောင့် မဟုတ်ဘဲ လူငယ်များ၏ တွေးခေါ်ပုံက မူမမှန်ဖြစ်လာခြင်းကြောင့်ပင်။ လူငယ်များ အားလုံးသည် လောကီခေတ်ရေစီးကြောင်းများကို နှစ်သက်ကြပြီး သူတို့သည် ၎င်းတို့၏ ဖမ်းထားချုပ်နှောင်ခြင်းကို ခံနေကြရသည်။ သူတို့အားလုံးသည် စာတန်၏ ယဇ်ပူဇော်ခံသားကောင်များ ဖြစ်ကြသည်၊ သူတို့သည် အလွန်လျင်မြန်စွာ စာရိတ္တ ပျက်ပြားလာကြပြီး သူတို့အနေဖြင့် ယင်းကို သတိပြုမိရန် ခက်ခဲသည်။ ထို့ကြောင့် မိဘတစ်ဦးဖြစ်ရန်မှာ မလွယ်ကူပေ။ အချို့သောမိဘများသည် သားသမီးများကို ပညာပေးရန်အတွက် ကလေးစိတ်ပညာ သင်ယူဖို့ကိုပင် အစွမ်းကုန် ကြိုးစားအားထုတ်ကြလေသည်။ ယနေ့ခေတ် ကလေးငယ်များစွာသည် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဖြစ်ခြင်းနှင့် စိတ်ကျဝေဒနာကဲ့သို့ ထူးဆန်းသောရောဂါများကို ခံစားနေရပြီး ထိန်းသိမ်းရခက်စေပါသည်။ လူတို့တွင် ဤပြဿနာများအတွက် လမ်းကြောင်း၊ သို့မဟုတ် သေချာသော ရှင်းလင်းချက်မရှိကြဘဲ ကျောင်းများနှင့် လူ့အဖွဲ့အစည်းထဲမှ ပညာရှင်များက “ပုန်ကန်တတ်သောစိတ်” သို့မဟုတ် “ပုန်ကန်တတ်သောအဆင့်” ကဲ့သို့သော အသုံးအနှုန်းများကို တီထွင်ခဲ့ကြသည်။ ယခင်မျိုးဆက်များတွင် ဤအသုံးအနှုန်းများ အဘယ့်ကြောင့် မရှိခဲ့သနည်း။ ယနေ့ခေတ် သိပ္ပံပညာသည် များစွာ တိုးတက်မြင့်မားလာပြီး ထူးဆန်းသော အသုံးအနှုန်းအမျိုးမျိုး ပေါ်ပေါက်လာကြသည်။ ဤလူသားမျိုးနွယ်မှာမူ ပိုပိုပြီး စာရိတ္တ တစ်စတစ်စလျော့ပါးလာကြသည်၊ သာမန်လူ့သဘာဝနှင့်ဆိုင်သော အရာများက လျော့ပါးလာသည်။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကြောင့် ဖြစ်လာသည် မဟုတ်လော။ (ဟုတ်သည်။) ထို့ကြောင့် လူငယ်လူရွယ်ဖြစ်သော သင်တို့သည် ငါ့စကားကို နားထောင်လိုသော စိတ်ရင်းအမှန်ဖြင့် ယခု ဤနေရာ၌ ထိုင်ပြီး ယခုကဲ့သို့ ငါမိတ်သဟာယပြုသည်ကို နားထောင်နိုင်ကြရခြင်း အကြောင်းရင်းမှာ သင်တို့တစ်ယောက်မျှ ကြီးမြတ်သောကြောင့်မဟုတ်၊ သမ္မာတရားအား လိုက်စားသော လမ်းကြောင်းကို ရွေးချယ်လိုစိတ် ရှိသောကြောင့်မဟုတ်။ ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဖြစ်၏၊ ဘုရားသခင်က သင်တို့ကို ဤလောကသို့၊ သို့မဟုတ် စာတန်ထံသို့ ပေးအပ်မထားသောကြောင့်ဖြစ်သည်။ သူတို့ကို ဖျောင်းဖျဖို့ မည်သူကြိုးစားနေပါစေ ဘုရားသခင်ကို မယုံကြည်သော လူ့အဖွဲ့အစည်းထဲက ထိုလူငယ်တို့ကို သင်မြင်တွေ့သည်။ ထိုသူတို့အား ငါစကားပြောလျှင်ပင် အကြောင်းထူးမည်မဟုတ်ပေ။ ယင်းက ငယ်ရွယ်နုပျိုမှုမာန်ဟူသည့် ပြဿနာပင်လော။ သူတို့သည် မည်သည့်လူမျိုးစားနည်း။ သူတို့၌ အသိတရား၊ သို့မဟုတ် အသိစိတ်မရှိလျှင် သားရဲများနှင့် နတ်ဆိုးများသာ ဖြစ်ကြလေ၏။ အကယ်၍ သင်သည် ထိုသူတို့အား လူ့စကားဖြင့် ပြောဆိုလျှင် သူတို့ နားလည်နိုင်ပါမည်လော။ ယင်းက သူတို့နှင့် ဆက်သွယ်ရခက်သည့် ပြဿနာမဟုတ်တော့ဘဲ သူတို့သည် နားထောင်ရန် လုံးဝ ငြင်းဆန်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် စောင့်ရှောက်ခြင်းကြောင့် ယခု သင်တို့သည် သူ၏အလုပ်ကို လက်ခံနိုင်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်းနှင့် သမ္မာတရားလမ်းကြောင်းကို စိတ်ဝင်စားမှု ရှိနိုင်ခြင်းဖြစ်လေသည်။ ထို့ကြောင့် သင်တို့သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရန် ဤအခွင့်အရေးကို တန်ဖိုးထားပြီး ဤကာလအတွင်း ဘုရားသခင်အပေါ် သင်တို့၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်ကို ခိုင်မာစွာတည်ဆောက်ရန် ကြိုးပမ်းရမည်။ သို့ပြုလျှင် သင်တို့သည် လုံခြုံမည်ဖြစ်ပြီး ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးရိုက်ခတ်ခြင်းကို အလွယ်တကူ ခံရမည်မဟုတ်ပေ။ လူတို့သည် ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးခြင်းခံရသည်နှင့်တစ်ပြိုင်နက် ယင်းတို့၏ စိုးမိုးခြယ်လှယ်ခြင်းကို အလွယ်တကူ ခံရပြီး သင်သည် ယင်းတို့၏ စိုးမိုးခြယ်လှယ်ခြင်းကို နောက်တစ်ဖန်ခံရသည့်အခါ ဘုရားသခင်သည် သင့်အား အလိုရှိမည်လော။ အလိုရှိမည် မဟုတ်ပေ။ သူသည် သင့်အား အခွင့်အရေးပေးထားပြီးဖြစ်ပြီး ဘုရားသခင်သည် သင့်အား လုံးဝအလိုရှိတော့မည် မဟုတ်ချေ။ ဘုရားသခင်သည် သင့်ကို အလိုမရှိသောအခါ သင်၌ အန္တရာယ်ကျရောက်မည်ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်မည်ဖြစ်သည်။

ယခု ငါတို့သည် “ငယ်ရွယ်နုပျိုမှုမာန်” အကြောင်းကို ဆွေးနွေးပြီးသောအခါ “ပိုင်းခြားသိမြင်မှုကင်းမဲ့ခြင်း” အကြောင်းပြောကြပါစို့။ “ပိုင်းခြားသိမြင်မှုကင်းမဲ့ခြင်း” သည် အတော်အတန် စာစကား ပေစကား ကျလေသည်။ ယင်းက တိုက်ရိုက်အားဖြင့် မည်သည့်အရာကို ဆိုလိုသည်ကို ရှင်းပြလော့။ (ယင်းမှာ လူတစ်ယောက်က အဆိုးနှင့် အကောင်းကို ခွဲခြား၍ မပြောနိုင်သည့်အချိန်၊ သူတို့က အကောင်းဟု ယူဆသည့်အရာသည် အမြဲတမ်း ကောင်းနေမည်ဖြစ်ပြီး အဆိုးဟု ယူဆသည့်အရာက အမြဲတမ်း ဆိုးနေမည်ဟု ထင်ကြကာ သူတို့အား အမှုအရာများကို မည်သို့ ရှင်းပြနေပါစေ နားထောင်ကြမည် မဟုတ်သည့်အချိန် ဖြစ်သည်။) (ယင်းမှာ တစ်စုံတစ်ယောက်သည် အမှားနှင့် အမှန်မသိ၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့နေချိန်ဖြစ်သည်။) ၎င်းသည် အနည်းနှင့်အများဆိုသလို ထိုစကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ် ဖြစ်ကာ အမှားနှင့် အမှန်မခွဲခြားနိုင်ခြင်းနှင့် မည်သည့်အရာများက အပြုသဘောနှင့် မည်သည့်အရာများက အပျက်သဘောဆောင်သည်ကို မသိခြင်းဖြစ်သည်။ ထိုသူတို့၏ ငယ်ရွယ်နုပျိုမှုမာန်ကြောင့် လူတို့ပြောသော မည်သည့်အရာကိုမျှ သူတို့ နားမဝင်ဘဲ သူတို့က “သူတစ်ပါးပြောသမျှသည် မှားသည်ဖြစ်၍ ငါပြောသမျှသည် မှန်၏။ မည်သူကမျှ အမှုအရာများက မည်သို့ဖြစ်သည်ကို ပြောပြဖို့ မကြိုးစားသင့်၊ ငါ သူတို့ကို နားထောင်မည်မဟုတ်ချေ။ ငါသည် တကယ်ပင် ခေါင်းမာနေမည်၊ ငါမှားနေလျှင်ပင် ငါဆက်၍ ခေါင်းမာနေပြီး ငါ၏စိတ်ကူးများအတိုင်း ရှေ့ဆက်တိုးနေမည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ သူတို့၌ရှိသော စိတ်သဘောထားမျိုးဖြစ်၏။ ၎င်းတို့သည်ပိုင်းခြားသိမြင်မှု မရှိကြပေ။ အပေါ်ယံတွင် သူတို့သည် အယူဝါဒတစ်ခုပြီး တစ်ခုအကြောင်း လေပန်းနိုင်ပြီး အခြားသူများထက် ယင်းတို့အကြောင်း ပို၍ ရှင်းရှင်းလင်းလင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနိုင်သည်။ သို့ဖြစ်လျှင် လုပ်ဆောင်ရမည့်အချိန် ရောက်လာသောအခါ အဘယ့်ကြောင့် အမြဲပင် မရေမရာ ဖြစ်သွားကြသနည်း။ သူတို့သည် အမှန်ကို ကောင်းစွာသိသော်လည်း နားမထောင်တတ်ဘဲ သူတို့ကြိုက်သလို လုပ်ကြပြီး သူတို့စိတ်ကြိုက် ပြုမူကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိ ရုတ်တရက် စိတ်ပြောင်းတတ်ခြင်း၊ အဓိပ္ပါယ်မဲ့ခြင်းပင်ဖြစ်သည်။ ကမ္ဘာကြီး၏ ခေတ်ရေစီးကြောင်းကို လိုက်သောသူများသည် အတော်ပင် အဓိပ္ပါယ်မဲ့ကြ၏။ ၎င်းတို့သည် ပါကောကစားနည်းနှင့် ဘန်ဂျီခုန်ခြင်းကို စိတ်ဝင်စားကြပြီး ပြင်းထန်သော အားကစားမျိုးစုံတွင် စိတ်လှုပ်ရှားမှုကို ရှာဖွေလိုကြသည်။ ဤသည်မှာ အဓိပ္ပါယ်မဲ့သည် မဟုတ်လော။ သင်တို့အားလုံးလည်း ပါကောကစားနည်း၌ စိတ်ဝင်စားကြသလော။ (ကျွန်ုပ်စိတ်ဝင်စားခဲ့သည်။) သို့ဆိုလျှင် ယင်းကို သင်ဘာကြောင့်ကြိုက်သနည်း။ ပါကောကစားနည်းသည် အန္တရာယ်ရှိသည်ကို သင်မသိခဲ့သလော။ ပါကောကစားသည့်အခါ သင်၌ အသက်အန္တရာယ်ရှိနေကြောင်း သင်မသိခဲ့သလော။ လူသားများသည် ပင့်ကူများ၊ တောက်တဲ့များ မဟုတ်ကြပေ။ နံရံကိုတွယ်တက်လျှင် ပြုတ်ကျမည်မှာ သေချာသည်။ လူသားများတွင် ထိုစွမ်းရည်မျိုး မရှိသည့်အပြင် ထိုစွမ်းရည်သည် သာမန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်သည့်အရာ မဟုတ်ချေ။ ယင်းကို သင်တို့ အဘယ်သို့ သဘောကျရသနည်း။ ဤအရာများသည် လူများကို အမြင်အာရုံနှင့် စိတ်ခံစားမှုဆိုင်ရာ လှုံ့ဆော်မှုတစ်မျိုးကို ပေးစွမ်းနိုင်သောကြောင့် လူတို့က ပါကောကစားလိုခြင်းဖြစ်သည်။ ဤအတွေးကို အုပ်စိုးသောအရာကား အဘယ်နည်း။ ယင်းက “ပင့်ကူလူသား” ဇာတ်ကားမှ လာသလော။ လူတို့အထဲ၌ ကမ္ဘာကို ကယ်တင်လိုပြီး မဟာသူရဲကောင်းဖြစ်လိုသည့် စိတ်ထားနှင့် နက်ရှိုင်းသောဆန္ဒ ရှိသည်မဟုတ်လော။ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားဇာတ်လမ်းများစွာတွင် ခေါင်မိုးတစ်နေရာမှ တစ်နေရာသို့ ပျံဝဲနေသော သူရဲကောင်းများပါဝင်ပြီး ၎င်းတို့ကို လူများက အမှန်တကယ် သဘောကျကြသည်။ ယင်းမှာ ဤအရာများက လူငယ်များ၏ စိတ်ထဲ၌ စွဲထင်နေသည့်ပုံဖြစ်၏။ သို့ဆိုလျှင် သူတို့သည် ဤကဲ့သို့ အဆိပ်သင့်ခြင်းကို မည်သို့ ခံရနိုင်သနည်း။ ဤသည်မှာ လူတို့၏ နှစ်သက်မှုများ၊ လိုက်စားမှုများနှင့် သက်ဆိုင်၏။ လူတိုင်းက သူရဲကောင်းဖြစ်ရန်၊ စူပါမင်းဖြစ်ရန်၊ အထူးစွမ်းအားများကို ပိုင်ဆိုင်ရန် အလိုရှိသောကြောင့် စာတန်ကို ကိုးကွယ်ကြသည်။ သာမာန်လူများက ဤအဓိပ္ပါယ်မဲ့သည့်အရာများကို ကြိုက်ကြသလော၊ ငါ့ကိုပြောလော့။ သာမာန်လူများသည် ဤအထူးစွမ်းအားများ ပိုင်ဆိုင်ကြသလော။ လုံးဝ မပိုင်ဆိုင်ကြပေ။ ဤအရာများအားလုံးကို လူတို့က ဖန်တီးပြီး စိတ်ကူးယဉ်ခဲ့ခြင်း မဟုတ်လော။ အကယ်၍ ဤထူးဆန်းသောအရာများ အမှန်တကယ်ရှိခဲ့ပါက ယင်းတို့ကို ပိုင်ဆိုင်သူများသည် နတ်ဆိုးပူးခြင်းခံရသူများ ဖြစ်မည်မဟုတ်လော။ အာဒံနှင့်ဧဝတို့ခေတ်တွင် ပါကောကစားနည်း ရှိခဲ့သလော။ သမ္မာကျမ်းစာထဲတွင် ပါကောအကြောင်းရေးထားသည့် အကြောင်းအရာ တစ်ခုတလေရှိသလော။ (မရှိပါ။) ပါကောကစားနည်းသည် ဆိုးသွမ်းသော မျက်မှောက်ခေတ် လူ့အသိုင်းအဝိုင်း၏ ထုတ်ကုန်ဖြစ်သည်။ ယင်းသည် စာတန်က လူတို့ကို လှည့်ဖြားပြီး ဖောက်ပြန်စေသော နည်းလမ်းများထဲမှ တစ်ခုဖြစ်၏။ စာတန်သည် ငယ်ရွယ်သူများ၏ အထူးအဆန်းနှင့် စိတ်လှုပ်ရှားဖွယ်ရာများအတွက် အထုံပါမှုကို အခွင့်ကောင်းယူ၍ တီထွင်ကာ ကြံဖန်စိတ်ကူးပြီး မုသားအချို့ကို ခင်းပြခြင်းဖြစ်သည်။ ဤသည်မှာ ပိုင်းခြားသိမြင်မှုမရှိသော ဤဆယ်ကျော်သက်များကို လမ်းလွဲစေပြီး ၎င်းတို့အား စာတန်၏ ထူးဆန်းပြီး စိတ်လှုပ်ရှားဖွယ်ရာ အထူးစွမ်းအားများကို လိုက်စားရန် ဦးတည်စေသည်။ ယင်းသည် လူများကို အဆိပ်ခတ်နေခြင်း မဟုတ်သလော။ ဤအရာများက လူတို့၏စိတ်ထဲသို့ ဝင်ရောက်သော အခိုက်အတန့်တွင် အဆိပ်ဖြစ်လာသည်။ အကယ်၍ သင်သည် ဤအဆိပ်ကို သတိမပြုမိနိုင်ပါက သင်သည် ၎င်းကို လုံးဝစွန့်လွှတ်နိုင်မည် မဟုတ်သည့်အပြင် ၎င်း၏လွှမ်းမိုးမှု၊ နှောင့်ယှက်မှုနှင့် ထိန်းချုပ်မှုတို့ကို သင်မည်သည့်အခါမျှ ရှင်းလင်းမည်မဟုတ်ပါ။ ဤအဆိပ်ကို အလွယ်တကူ ဖယ်ရှားနိုင်သလော။ (အလွယ်တကူ မဖယ်ရှားနိုင်ပါ။) ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ လူအချို့က ဤအရာများကို မစွန့်လွှတ်လိုကြချေ။ သူတို့သည် ဤအရာများက ကောင်းမွန်ပြီး အဆိပ်မဟုတ်ဟု ထင်ကြကာ ဤကဲ့သို့တွေးသောအခါတွင် ၎င်းတို့ကို လက်မလွှတ်နိုင်ကြပေ။ ထို့ကြောင့် စာတန်၏စုံစမ်းသွေးဆောင်မှုများသို့ သင့်ကိုယ်သင် မကျဆင်းစေရန်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု နုငယ်နေသေးချိန်၌ သင်၏စိတ်နှလုံးကို ယိုယွင်းစေနိုင်ပြီး သင့်အား အဆိပ်သင့်စေနိုင်သည့် အရာမှ ကင်းဝေးရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် သင်သည် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကာ မိုက်မဲပြီး မာန်မာနနှင့် ပြည့်နှက်နေဆဲဖြစ်သောကြောင့်တည်း။ သင်သည် သင့်ကိုယ်သင် အပြုသဘောဆောင်သည့်အရာများဖြင့် လုံလုံလောက်လောက် မပြင်ဆင်ရသေးသည့်အပြင် သမ္မာတရားစစ်မှန်မှု တစ်ခုကိုမျှ မပိုင်ဆိုင်ပေ။ ယုံကြည်ခြင်းစကားဖြင့် ပြောဆိုရလျှင် သင့်တွင် အသက်မရှိသလို ဝိညာဉ်ရင့်ကျက်မှုလည်း မရှိပေ။ သင်၌ ရှိသည့်အရာမှာ အသင့်ဖြစ်ခြင်းအနည်းငယ်သာရှိပြီး ဘုရားသခင်ကို ယုံကြည်လိုသောဆန္ဒဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်သည်၊ ယင်းမှာ လျှောက်လှမ်းဖို့ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး လူကောင်းဖြစ်ဖို့ နည်းလမ်းဖြစ်သည်ဟု သင်ထင်မြင်နေသည့်တိုင် သင်သည် “ငါသည် ဘာသာတရားမရှိသူများကြားတွင် လူဆိုးမဟုတ်၊ ငါသည် ပါကောကို နှစ်သက်သော်လည်း မည်သည့်အမှားမျှ မလုပ်ခဲ့ဖူးပါ။ ငါသည် လူကောင်းတစ်ယောက်ပင် ဖြစ်နေဆဲပင်” ဟု စဉ်းစားနေသည်။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသလော။ သင်သည် အမှားတစ်စုံတစ်ရာ မလုပ်ထားသောကြောင့် သင့်တွင် ဖောက်ပြန်သော စိတ်သဘောထားမရှိဟု သင်ထင်သလော။ သင်သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများထဲတွင် အသက်ရှင်သည်၊ ယင်းသည် သင်၏ စိတ်နှလုံးသည် ဆိုးယုတ်သောအရာများနှင့် ပြည့်နှက်နေကြောင်း ပြသရန် လုံလောက်ပါသည်။

လူတစ်ဦးကို သူ၏ပတ်ဝန်းကျင်က များစွာ လွှမ်းမိုးသလော၊ ငါ့ကိုပြောလော့။ သင်သည် ယခု အသင်းတော်၌ သင်၏တာဝန်ကို ထမ်းဆောင်နေပြီဖြစ်ပြီး ယင်းသည် သင်ရောက်ရှိနေသော ပတ်ဝန်းကျင်ဖြစ်သည်။ သင်သည် သင်၏ ညီအစ်ကို မောင်နှမများနှင့် နေ့တိုင်းရှိနေကာ ဘုရားသခင်ကို ယုံကြည်သူများ ဝန်းရံလျက်ရှိပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌လည်း တည်ကြည်ခိုင်မာလေသည်။ အကယ်၍ သင့်ကို ဘာသာတရားမရှိသူများကြားတွင် ထားပါက၊ သင့်ကို ၎င်းတို့အလယ်တွင် နေထိုင်စေပါက သင့်နှလုံးသားထဲတွင် ဘုရားသခင် ရှိနေဦးမည်လော။ သင်သည် ထိုသူတို့နှင့် အဆက်အသွယ်ရှိလျှင်၊ သို့မဟုတ် သူတို့ကြားတွင် နေထိုင်ခဲ့လျှင် သင်သည် သူတို့ကဲ့သို့ ခေတ်ရေစီးကြောင်းများနောက် လိုက်မည်မဟုတ်လော။ အချို့က “အဆင်ပြေပါသည်၊ ငါ့ကို စောင့်ရှောက်ပြီး ကာကွယ်ပေးနေသည့် ဘုရားသခင်ရှိသည်၊ သို့ဖြစ်၍ ငါ ထိုလမ်းကြောင်းကို လုံးဝ လျှောက်မည်မဟုတ်” ဟု ပြောကြသည်။ သင်သည် ထိုကတိမျိုး ပြုဝံ့သလော။ ဤအရာများကို သင်ချစ်မြတ်နိုးပြီး လိုက်လျှောက်နေသမျှကာလပတ်လုံး သင်သည် ခေတ်ရေစီးကြောင်းများကို တစ်ဇွတ်ထိုး လိုက်နေနိုင်သည်။ သင်၏စိတ်နှလုံးထဲ၌ ယင်းကမှားသည်ကို သိသော်လည်း “ဘုရားသခင်၊ ကျွန်ုပ်ကို ခွင့်လွှတ်ပါ၊ ဤအရာက ကျွန်ုပ်အမှားဖြစ်သည်” ဟု ကိုယ့်ကိုယ်ကိုယ် ပေါ့ပေါ့တန်တန် ပြောလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် အပြစ်ရှိသကဲ့သို့၊ သို့မဟုတ် အခြားတစ်ခုခုကို ခံစားရခြင်း လုံးဝ ရှိတော့မည်မဟုတ်ဘဲ သင်သည် “မည်သို့ဆိုစေ ဘုရားသခင်သည် အဘယ်မှာနည်း။ အဘယ့်ကြောင့် ကျွန်ုပ်သူ့ကို မတွေ့ရသနည်း။” ဟု စဉ်းစားနေမည်။ သင်သည် ဘုရားသခင်ကို အဆက်မပြတ် သံသယဝင်နေမည်ဖြစ်ပြီး သင်တစ်ချိန်ကရှိခဲ့သော ယုံကြည်ခြင်းသည် တစ်စတစ်စဖြင့် ပျောက်ကွယ်သွားလိမ့်မည်။ သင့်စိတ်နှလုံးက ဘုရားသခင်ကို လုံးလုံးလျားလျား ငြင်းပယ်သည့်အချိန်၌ သင်သည် သူ့နောက်သို့ လိုက်ချင်တော့မည် မဟုတ်၊ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်ရန် မည်သည့်အရာကိုမျှ လုပ်ချင်တော့မည် မဟုတ်သည့်အပြင် သင်သည် အစကတည်းက တာဝန်တစ်ခုကို ထမ်းဆောင်ရန် ရွေးချယ်ခဲ့ခြင်းအတွက်ပင် နောင်တရလိမ့်မည်။ လူတို့သည် အဘယ့်ကြောင့် ဤမျှ လွယ်လွယ်ကူကူ ပြောင်းလဲနိုင်ကြသနည်း။ အမှန်တွင် သင်က ပြောင်းလဲသွားခြင်းမဟုတ်၊ သင်သည် သမ္မာတရား စစ်မှန်မှုကို နဂိုကတည်းက လုံးဝမရရှိခဲ့ခြင်းပင် ဖြစ်သည်။ အပေါ်ယံတွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သော်လည်း လောကီနှင့် စာတန်၏ အတွေးများ၊ အမြင်များ၊ လူများနှင့် ဆက်ဆံပုံနည်းလမ်းများနှင့် သင့်အထဲရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ မရှင်းထုတ်နိုင်သည့်အပြင် သင်သည် စာတန်နှင့်ဆိုင်သော အရာများဖြင့် ပြည့်နှက်နေသေးသည်။ သင်သည် ထိုအရာများဖြင့် အသက်ရှင်နေသေးသည်၊ ထို့အတွက်ကြောင့် သင်သည် ဝိညာဉ်ရင့်ကျက်မှု၌ သေးငယ်နေဆဲဖြစ်၏။ သင်သည် အန္တရာယ်ရှိသော အဆင့်တွင် ရှိနေသေးသည်။ သင်သည် ဘေးကင်းမှု၊ သို့မဟုတ် လုံခြုံမှု မရှိသေးချေ။ သင်၌ စာတန်၏ စိတ်သဘောထားရှိနေသေးသရွေ့ ဆက်လက်၍ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်လိမ့်မည်။ ဤပြဿနာကိုဖြေရှင်းရန် မည်သည့်အရာများသည် ဆိုးယုတ်ပြီး စာတန်နှင့်ဆိုင်ကြောင်း၊ ယင်းတို့က မည်သို့အန္တရာယ်ရှိကြောင်း၊ စာတန်က ဤအရာများကို အဘယ့်ကြောင့်ပြုလုပ်ကြောင်း၊ လူတို့သည် ယင်းတို့ကို လက်ခံလိုက်သောအခါ မည်ကဲ့သို့သော အဆိပ်များသင့်ပြီး ထိုသူတို့သည် မည်သည့်အရာများ ဖြစ်လာကြကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် လူတို့ကို အဘယ်သို့သောလူစားမျိုးဖြစ်ရန် တောင်းဆိုကြောင်း၊ မည်သည့်အရာများက သာမန်လူ့သဘာဝဆန်သည့် အရာများဖြစ်ကြောင်း၊ မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်ကြောင်းကိုလည်းကောင်း ဦးစွာ သင်နားလည်ထားရမည်ဖြစ်သည်။ သင်၌ ပိုင်းခြားသိမြင်မှုရှိပြီး ဤအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှသာလျှင် လမ်းကြောင်းရှိမည်ဖြစ်သည်။ ထို့အပြင် အပြုသဘောဆောင်သော အပိုင်းတွင် သင်သည် သင်၏ ရိုးသားမှုနှင့် သစ္စာစောင့်သိခြင်းကို ဆက်ကပ်နေချိန်တွင်လည်း သင်၏တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရပါမည်။ ချွတ်ချော်ခြင်း၊ သို့မဟုတ် ခိုကတ်ခြင်း မရှိနှင့်၊ သင်၏တာဝန်၊ သို့မဟုတ် သင့်အား ဘုရားသခင် အပ်နှင်းထားသည့် အရာများကို ဘာသာတရားမရှိသူများ၏ ရှုထောင့်၊ သို့တည်းမဟုတ် စာတန်၏ အတွေးအခေါ်များအားဖြင့် လုပ်ကိုင်ခြင်းမပြုနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် စားသောက်ရမည်၊ သမ္မာတရား၏ လက္ခဏာအားလုံးကို နားလည်ရန် ကြိုးစားရမည်၊ တာဝန်တစ်ခု ထမ်းဆောင်ခြင်း၏ အရေးပါပုံကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး တာဝန်ကို သင်၏ထမ်းဆောင်နေစဉ် သမ္မာတရား၏ လက္ခဏာအားလုံးကို လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ရမည်ဖြစ်ပြီး ဘုရားသခင်၊ သူ၏အလုပ်နှင့် သူ၏စိတ်နေသဘောထားကို သိလာရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်မသိလိုက်ဘဲ သင်၏ အတွင်းစိတ်အခြေအနေက ပြောင်းလဲသွားလိမ့်မည်၊ သင့်အတွင်း၌ ပို၍ အပြုသဘောဆောင်ကာ တက်ကြွသော အရာများ ရှိလာမည်ဖြစ်ပြီး အပျက်သဘောဆောင်ပြီး အပြုခံရသည့်အရာများ ပို၍နည်းပါးလာ၍ အမှုအရာများကို သင်၏ ပိုင်းခြားသိမြင်နိုင်စွမ်းသည် ယခင်ကထက် ပို၍ အားကောင်းလာမည်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှုတွင် ဤအတိုင်းအတာအထိ တိုးတက်လာသောအခါ သင်သည် ဤလောကရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံတို့အပေါ် ချင့်ချိန်နိုင်စွမ်းရှိနိုင်မည်ဖြစ်ပြီး ပြဿနာများ၏ အနှစ်သာရကို မြင်နိုင်မည်ဖြစ်သည်။ ဘာသာတရားမရှိသူများ ဖန်တီးထားသည့် ဇာတ်ကားကို သင်ကြည့်ရှုပါက ယင်းကို ကြည့်ရှုပြီးသည့်နောက်တွင် လူတို့သည် မည်သည့်အဆိပ်များကို သင့်နိုင်သည်ကို လည်းကောင်း၊ စာတန်သည် ဤနည်းလမ်းများနှင့် ခေတ်ရေစီးကြောင်းများအားဖြင့် လူတို့အထဲ၌ မည်သည့်အရာ သွတ်သွင်းပြီး ထည့်ပေးကာ ယင်းက လူတို့အထဲ၌ မည်သည့်အရာကို ဆုတ်ယုတ်စေရန် ရည်ရွယ်သည်ကိုလည်းကောင်း သင်ရိပ်မိနိုင်မည်ဖြစ်သည်။ သင်သည် ဤအရာများကို တဖြည်းဖြည်း ရိပ်စားနိုင်လိမ့်မည်။ သင်သည် ထိုရုပ်ရှင်ကိုကြည့်ပြီးသည့်နောက်တွင် အဆိပ်သင့်မည် မဟုတ်တော့ဘဲ ယင်းကို ပိုင်းခြားသိမြင်လိမ့်မည်။ ယင်းမှာ သင်သည် ပိုင်းခြားသိမြင်မှု အမှန်တကယ် ရှိသည့်အချိန် ဖြစ်လိမ့်မည်ဖြစ်သည်။

မဟာသူရဲကောင်းအချို့နှင့် စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်ရှုပြီးနောက် လူငယ်အချို့သည် လိုအင်ဆန္ဒတစ်ခု စွဲကပ်လာကြသည်။ အဓိက ဇာတ်ကောင်များကဲ့သို့ ထူးကဲသောစွမ်းရည်များ ပိုင်ဆိုင်နိုင်ရန် အလိုရှိကြ၏။ သူတို့ ဤသို့ အဆိပ်သင့်ကြသည် မဟုတ်လော။ ထိုဇာတ်ကားများကို မကြည့်ခဲ့ပါက ထိုအဆိပ်ဖြင့် သင် ထိခိုက်နိုင်သလော။ မထိခိုက်နိုင်ပေ။ သို့ဆိုလျှင် ငါဘာကိုဆိုလိုသနည်း။ ယင်းက သင်သည် ဆိုးယုတ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်ခြင်းကြောင့်ဖြစ်သည်၊ ထို့ကြောင့် သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့သောအခါ ၎င်းတို့ကို သင် ဦးစွာကြုံတွေ့ရသောကြောင့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် သက်ဆိုင်သည့် အရာများဖြင့် လွှမ်းမိုးခြင်းခံရနိုင်ကာ ၎င်းတို့ကို အပြုသဘောဆောင်သည့် အရာများအဖြစ်၊ သာမန်နှင့် သင့်လျော်သောအရာများအဖြစ် သဘောထားလိမ့်မည်။ ဤသည်မှာ စာတန်သည် လူတို့ကို အဆိပ်ခတ်သော နည်းလမ်းတစ်ခုဖြစ်သည်။ ငါ့ကိုပြောလော့။ စာတန်သည် ဆိုးယုတ်သည်မဟုတ်လော။ စာတန်သည် လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများစွာရှိသည်။ ဤကဲ့သို့သော ဇာတ်ကားမျိုးကို ကြည့်ဖူးသူတိုင်း ဤစိတ်ဆန္ဒမျိုးရှိကြသည်ဟု ပြောကောင်းပြောနိုင်သည်။ စိတ်ကူးယဉ် ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး အားလပ်ချိန်တိုင်း သူ့ခြံဝန်းထဲတွင် တံမြက်စည်းစီးပြီး လျှောက်ပြေးတတ်သော ကလေးငယ်တစ်ဦး ရှိခဲ့သည်။ အစပိုင်းတွင် သူသည် မည်သို့ကြိုးစားသော်လည်း မပျံသန်းနိုင်ခဲ့ဘဲ တစ်နေ့တွင် သူ တကယ်ပင် စ၍ ပျံသန်းပါတော့သည်။ သူသည် မိမိဘာသာ ပျံသန်းခြင်းမဟုတ်၊ သူ့ကို ပျံသန်းစေသည်မှာ ပြင်ပစွမ်းအားတစ်ခု ဖြစ်သည်။ စတင်၍ ပျံသန်းပြီးနောက် သူသည် မထိန်းနိုင်တော့ဘဲ ရုပ်ရှင်ထဲက ဇာတ်ကောင်က အော်ဟစ်သည့်အတိုင်းပင် ထူးဆန်းသော အော်သံဖြင့် အော်ဟစ်သည်။ စိတ်ဓာတ်တစ်မျိုးသည် သူ့အထဲသို့ ဝင်သွား၏။ တံမြက်စည်း စီးနင်းခြင်းက သာမန်လူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုလော။ သင်သည် မြင်း၊ သို့မဟုတ် မြည်းစီး၍ ရသည်၊ အဘယ့်ကြောင့် တံမြက်စည်းစီးပြီး ပျံသန်းရမည်နည်း။ ဤသည်က ဖြစ်နိုင်သည့်အရာ တစ်ခုလော။ ယင်းက သာမာန်လူများ ပြုလုပ်သည့်အရာ မဟုတ်သည်ကို သင်ချက်ချင်းပြော၍ရသည်။ တံမြက်စည်းများသည် မပျံသန်းနိုင်ဘဲ နတ်ဆိုးများ၏ အကူအညီဖြင့်သာ ပျံသန်းနိုင်သောကြောင့် ၎င်းသည် စာတန်နှင့် နတ်ဆိုးများ၏အလုပ်ပင် ဖြစ်သည်။ စာတန်နှင့် နတ်ဆိုးများသည် သာမာန်လူတို့မလုပ်သော အံ့သြဖွယ်၊ ထူးဆန်းပြီး မဖြစ်နိုင်သော အရာများကို ပြုလုပ်ကြသည်။ စာတန်လုပ်ဆောင်သောအရာများနှင့် ပတ်သက်၍ သင်တို့တွင် အနည်းငယ်ပိုင်းခြားသိမြင်မှု ရှိသလော။ ထိုအရာများအပေါ် သင်တို့ မည်သို့သော သဘောထားမျိုး ရှိသင့်သနည်း။ ၎င်းတို့ကို စွန့်လွှတ်သင့်သည်မဟုတ်လော။ သင်တို့သည် အချိန်ရသောအခါ မိမိစိတ်ထဲ၌ မည်သည့် ထူးခြားဆန်းပြားသည့် အရာများ ရှိနေကြောင်းသိရန် စစ်ဆေးလျက် မိမိကိုယ်ကို ပြန်သုံးသပ်သင့်သည်။ သင်တို့စိတ်ထဲတွင် အဘယ့်ကြောင့် ထူးဆန်းသောအရာများစွာ ရှိကြသနည်း။ သင်တို့မျိုးဆက်၏ လူတို့သည် အဆိပ်သင့်လွန်းသောကြောင့် သင်တို့အားလုံး ခေါင်မိုးတစ်ခုမှ တစ်ခုသို့ လူးလာပျံသန်းရန်၊ ပင့်ကူလူသား၊ သို့မဟုတ် လင်းနို့လူသားဖြစ်ရန်နှင့် သာလွန်သော သက်ရှိတစ်ဦးဖြစ်ရန် အလိုရှိကြသည်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသည့် လူတို့ ရှိသင့်သော၊ သို့မဟုတ် ပိုင်ဆိုင်သင့်သောအရာ မဟုတ်ချေ။ အကယ်၍ သင်သည် သာမန်လူ့သဘာဝရှိသူများ မလိုအပ်သည့် အရာများကို မရမက ရှာဖွေနေပြီး ၎င်းတို့ကို တွေ့ကြုံခံစားရန် ထပ်တလဲလဲ ကြိုးစားပါက သင်သည် နတ်ဆိုးများ၏ အလုပ်ကို ဆွဲဆောင်နိုင်သည်။ လူတို့သည် နတ်ဆိုးများ ဝင်ပူးလာသောအခါ ဒုက္ခရောက်ကြတော့သည်၊ စာတန်၏ ဖမ်းဆီးခြင်းကို ခံရပြီးလျှင် ၎င်းတို့သည် အန္တရာယ်ထဲ ကျရောက်သွားကြသည်။ ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ လူများသည် ဘုရားသခင်ကို ပုံမှန်ဆုတောင်းသင့်သည်။ သူတို့သည် စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်ခြင်း၊ သို့မဟုတ် စာတန်၏ အထင်အမြင်မှားစေခြင်းကို မခံရသင့်ပေ။ နတ်ဆိုးများနှင့် ညစ်ညူးသောဝိညာဉ်များ ဝိုင်းအုံ၍ သောင်းကျန်းနေသည့် ဤဆိုးညစ်သောကာလတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် အကာအကွယ်သည် သင်နှင့်အမြဲရှိဖို့ ဆုတောင်းနိုင်လျှင်၊ သင်၏စိတ်နှလုံးသည် သူ့ထံမှ လမ်းမလွဲစေဖို့အတွက် သင့်ကို စောင့်ရှောက်ကွယ်ကာရန် တောင်းလျှောက်နိုင်လျှင်၊ ဘုရားသခင်ကို ရိုးသားမှုဖြင့်လည်းကောင်း၊ သင်၏စိတ်နှလုံးဖြင့်လည်းကောင်း ကိုးကွယ်နိုင်လျှင် ဤသည်မှာ မှန်ကန်သောလမ်းကြောင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်တို့သည် ဤလမ်းကြောင်းကို လျှောက်ရန် ဆန္ဒရှိကြသလော။ သင်တို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင်၊ သူ၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အမြဲနေထိုင်လိုသလော၊ သို့တည်းမဟုတ် သင့်ကိုယ်ပိုင် လွတ်လပ်သောကမ္ဘာအတွင်း နေထိုင်လိုသလော။ အကယ်၍ ဘုရားသခင်သည် သင်တို့အား ဆုံးမပဲ့ပြင်ပါက တစ်ခါတစ်ရံတွင် သင်တို့အား ရုပ်ပိုင်းဆိုင်ရာ အနည်းငယ် ထိခိုက်စေနိုင်သည်။ ယင်းကို လက်ခံဖို့ သင်တို့ဆန္ဒရှိသလော။ (ရှိပါသည်။) ယခု ဆန္ဒရှိသည်ဟု သင်တို့ဆိုသော်လည်း ယင်း၏ လက်တွေ့အဖြစ်နှင့် ရင်ဆိုင်ရသောအခါ စတင်ညည်းတွားလာနိုင်သည်။ ဒုက္ခခံလိုစိတ်ရှိခြင်းက မလုံလောက်ပေ၊ သင်သည် သမ္မာတရား လိုက်စားလိုသော ဆန္ဒလည်း ရှိရပါမည်။ သမ္မာတရားကို နားလည်မှသာ ခိုင်မြဲစွာ ရပ်တည်နိုင်မည် ဖြစ်သည်။ လူငယ်များ လွန်စွာ မတည်မငြိမ်ဖြစ်ခြင်း၊ မိမိတို့၏သင့်လျော်သော တာဝန်များကို အရေးမစိုက်ခြင်း၊ သို့မဟုတ် သင့်လျော်သောအရာများကို စိတ်ထဲမထားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ်၊ သို့မဟုတ် သမ္မာတရားကို လိုက်စားလိုစိတ် မရှိခြင်းတို့သည် စိုးရိမ်ဖွယ်ရာဖြစ်၏။ ဤသည်မှာ အန္တရာယ်ရှိ၏။ ယင်းက ၎င်းတို့၏ အဆုံးသတ်သည် ရှင်ခြင်းဖြစ်မည်ကိုဖြစ်စေ၊ သေခြင်းဖြစ်မည်ကိုဖြစ်စေ ပြောရခက်၏။ ယနေ့ခေတ်တွင် တရားဒေသနာများကို နှစ်အတော်ကြာ နားထောင်ခဲ့ကြဖူးသည့် လူငယ်အချို့ရှိသည်။ သူတို့သည် သမ္မာတရားကို စတင်၍ စိတ်ဝင်စားလာကြပြီး တရားဒေသနာများကို နားထောင်သည့်အခါ မှတ်သားလိုစိတ် ရှိကြသည်။ ဖြောင့်မတ်ခြင်းအတွက် ဆာလောင်မွတ်သိပ်မှုမျိုး ခံစားရပြီး သမ္မာတရားကို နားလည်နိုင်ကြသည်။ ဆိုလိုသည်မှာ ထိုသူတို့တွင် အခြေခံအုတ်မြစ်ရှိပြီဖြစ်ကာ သမ္မာတရားသည် သူတို့၏နှလုံးသားထဲတွင် အမြစ်တွယ်နေသမျှကာလပတ်လုံး သူတို့သည် များစွာ ပိုမိုလုံခြုံလာမည်ဖြစ်သည်။ သူတို့သည် သမ္မာတရားကို ဆက်လက်လိုက်စားနေပါက သူတို့သည် သမ္မာတရားကို နားလည်နိုင်၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပြီး ကယ်တင်ခြင်းရရှိရန် ဤအရာက အာမခံနိုင်မည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။