အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍ (အပိုင်း တစ်)
သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်လိုပါက၊ ဘုရားသခင်၏ အမှုကို သင်သိရမည်၊ ယခင်က (ဓမ္မသစ်နှင့် ဓမ္မဟောင်းထဲက) သူပြုခဲ့သည့် အမှုကို သိရမည်ဖြစ်ပြီး၊ ထို့အပြင်၊ သူ၏ ယနေ့အမှုကို သိရမည်။ ဆိုလိုသည်မှာ သင်သည် နှစ်ပေါင်း ၆၀၀၀ ကျော်ကြာ ဆောင်ရွက်ခဲ့သည့် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်ကို သိရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိတရားကို ဖြန့်ဝေရန် စေခိုင်းခံရပါက၊ သင်သည် ဘုရားသခင်၏ အမှုကို မသိဘဲ ထိုသို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သမ္မာကျမ်းစာ၊ ဓမ္မဟောင်းကျမ်းနှင့် ထိုအချိန်က ယေရှု၏အမှုနှင့် နှုတ်ကပတ်တော်တို့နှင့်ပတ်သက်၍ သင်တို့၏ ဘုရားသခင် အဘယ်အရာပြောဆိုထားသည်ကို တစ်စုံတစ်ယောက်က သင့်အား မေးကောင်းမေးနိုင်သည်။ အကယ်၍ သင်သည် သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်းကို မပြောနိုင်ပါက၊ ၎င်းတို့သည် လက်ခံယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ထိုအချိန်က၊ ယေရှုသည် သူ၏ တပည့်တော်များနှင့်အတူ ဓမ္မဟောင်းကျမ်းနှင့်ပတ်သက်၍ များစွာ ပြောဆိုခဲ့ပေသည်။ ၎င်းတို့ဖတ်သမျှတိုင်းသည် ဓမ္မဟောင်းကျမ်းမှ ဖြစ်၏။ ဓမ္မသစ်ကျမ်းကို ယေရှု ကားစင် တင်ခံခဲ့ရသည့်နောက်၊ ဆယ်စုနှစ် အချို့ကြာမှသာ ရေးသားခဲ့ပေသည်။ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ရန်၊ သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်း သမ္မာတရားနှင့် ဣသရေလနိုင်ငံ၌ ယေဟောဝါ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ဘုရားသခင်၏ အမှုတို့ကို အဓိကအားဖြင့် သဘောပေါက်သင့်ပြီး၊ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုကိုလည်း သင်တို့ နားလည်ရမည် ဖြစ်သည်။ ဤအရာများမှာ လူအားလုံး အလေးထားဆုံးသော ကိစ္စရပ်များဖြစ်ပြီး အမှု၏ အဆင့်နှစ်ဆင့်နှင့် သက်ဆိုင်သည့် အတွင်းဇာတ်လမ်းမှာ ၎င်းတို့ မကြားဖူးသည့်အရာ ဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါတွင်၊ ပထမဦးစွာ သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်နှင့်သက်ဆိုင်သည့် ပြောဆိုခြင်းကို ဘေးဖယ်ထားလော့။ သင်တို့ လိုက်စားရှာဖွေသည်မှာ အားလုံးထဲတွင် အမြင့်မားဆုံးအရာ- ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် သက်ဆိုင်သည့် အသိပညာ- ဖြစ်သကဲ့သို့၊ ဤအရာနှစ်ခုထက် မည်သည့်အရာမျှ သာ၍ အဆင့်မြင့်သောအရာ မရှိသောကြောင့်၊ အမှု၏ ဤအဆင့်သည် ၎င်းတို့လက်လှမ်းမမီသည့်အရာဖြစ်သည်။ မြင့်မားသည့်အရာကို သင်တို့ပထမဦးစွာပြောဆိုပါက၊ မည်သူမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိုသို့သော အမှုကို မတွေ့ကြုံဖူးကြသည့်အတွက်၊ ယင်းသည် ၎င်းတို့အတွက် မခံမရပ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ ယင်းသည် အစဉ်အလာ မရှိသကဲ့သို့၊ လူသားအတွက် လက်ခံရန် မလွယ်ကူပေ။ ထိုသူတို့၏အတွေ့အကြုံများမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ရံဖန်ရံခါဖြစ်သည့် လုပ်ဆောင်ချက်အချို့နှင့်အတူ အတိတ်က ဟောင်းနွမ်းသော အရာများဖြစ်သည်။ ၎င်းတို့ တွေ့ကြုံသောအရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့ လုပ်ဆောင်ချက် သို့မဟုတ် ဘုရားသခင်၏ ယနေ့အလိုတော် မဟုတ်ချေ။ ၎င်းတို့သည် အလင်းသစ်မရှိသကဲ့သို့ အသစ်သော အရာများမရှိဘဲ၊ အလေ့အကျင့်ဟောင်းများအတိုင်း လုပ်ဆောင်ကြဆဲ ဖြစ်သည်။
ယေရှု၏ခေတ်တွင်၊ ယေဟောဝါကို အစေခံသောသူတို့သည် ယဇ်ပရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက်၊ ဗိမာန်တော်ထဲတွင် မဆုတ်မနစ်သော သစ္စာစောင့်သိမှုဖြင့် ထိုသို့ လုပ်ဆောင်စဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေရှုထဲ၌ အဓိက လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်လည်း ရှိခဲ့ကြသော်လည်း၊ ဘုရားသခင်၏ လက်ရှိအလိုကို သဘောမပေါက်နိုင်ခဲ့ကြသကဲ့သို့၊ ယေဟောဝါကို အလေ့အထဟောင်းများနှင့်အညီ ဆက်လက် သစ္စာရှိရုံမျှ သစ္စာရှိခဲ့ကြပြီး အသစ်သော လမ်းပြမှု မရှိခဲ့ကြချေ။ ယေရှုသည် ကြွလာခဲ့ပြီး အမှုအသစ်ကို ယူဆောင်လာခဲ့သည်၊ သို့သော် ဗိမာန်တော်အထဲ၌ အစေခံခဲ့ကြသူတို့သည် အသစ်သော လမ်းပြမှု မရှိခဲ့ကြသကဲ့သို့၊ အသစ်သော အမှုလည်း မရှိခဲ့ကြပေ။ ဗိမာန်တော်ထဲတွင် အစေခံရင်း၊ ၎င်းတို့သည် အလေ့အထဟောင်းများကို ထိန်းသိမ်းရုံမျှထိန်းသိမ်းနိုင်ကြပြီး၊ ဗိမာန်တော်ကို မစွန့်ခွာဘဲ၊ ၎င်းတို့သည် အသစ်သော ဝင်ရောက်မှု တစ်ခုတစ်လေမျှ ရရှိနိုင်စွမ်း မရှိကြချေ။ အသစ်သောအမှုကို ယေရှုက ယူဆောင်လာခဲ့ပြီး၊ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရန် ဗိမာန်တော်ထဲသို့ မသွားခဲ့ပေ။ ဘုရားသခင်၏အမှုနယ်ပယ်သည် အချိန်ကြာမြင့်စွာက ပြောင်းလဲခဲ့ပြီးဖြစ်သည့်အတွက်၊ သူသည် သူ၏အလုပ်ကို ဗိမာန်တော်ပြင်ပတွင်သာ လုပ်ဆောင်ခဲ့သည်။ သူသည် ဗိမာန်တော်အတွင်းတွင် အမှုပြုခြင်းမရှိဘဲ၊ လူသားသည် ဘုရားသခင်ကို ထိုနေရာတွင် အစေခံသောအခါ၊ ယင်းသည် အမှုအရာများကို အရှိအတိုင်း ထိန်းသိမ်းရုံထိန်းသိမ်းဖို့သာ အသုံးတော်ခံပြီး မည်သည့်အမှုသစ်ကိုမျှ ဖြစ်ပေါ်စေနိုင်ခြင်း မရှိပေ။ ထိုနည်းတူ၊ ယနေ့ ဘာသာရေး ပုဂ္ဂိုလ်များသည် သမ္မာကျမ်းစာကို ကိုးကွယ်ကြဆဲဖြစ်သည်။ သင်သည် ၎င်းတို့ထံ ဧဝံဂေလိတရား ဖြန့်ဝေပါက၊ ၎င်းတို့သည် သင့်အား သမ္မာကျမ်းစာ၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အရေးမပါသော အသေးစိတ်များကို တေ့ပေးလိမ့်မည်ဖြစ်ပြီး သင့်ကို မှင်တက်စေပြီး မည်သို့ပြောရမည်မှန်းမသိ ဖြစ်စေလျက်၊ ၎င်းတို့ အထောက်အထားများစွာ ရှာတွေ့လိမ့်မည်။ ထို့နောက် ၎င်းတို့သည် သင့်အပေါ် အမည်နာမသမုတ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ ယုံကြည်ခြင်း၌ မိုက်မဲသူဖြစ်သည်ဟု ထင်ကြလိမ့်မည်။ ၎င်းတို့က၊ “သင်သည် သမ္မာကျမ်းစာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပင် မသိ၊ ထို့ကြောင့် သင်သည် ဘုရားသခင်၌ ယုံကြည်သည်ဟု မည်သို့ပြောနိုင်သနည်း။” ဟု ပြောကြလိမ့်မည်။ ထို့နောက် ၎င်းတို့သည် သင့်ကို အထင်သေးကြလိမ့်မည်ဖြစ်ပြီး၊ “သင်တို့ ယုံကြည်သည်မှာ ဘုရားသခင်ဖြစ်သည့်အတွက်၊ သူသည် သင်တို့ကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများအကြောင်း အဘယ်ကြောင့် အားလုံး မပြောပြသနည်း။ သူသည် သူ၏ဘုန်းအသရေကို ဣသရေလမှ အရှေ့အရပ်သို့ ယူဆောင်ပြီးဖြစ်သည့်အတွက်၊ ဣသရေလ၌ လုပ်ဆောင်ခဲ့သည့် အမှုကို သူ အဘယ်ကြောင့် မသိရပါသနည်း။ ယေရှု၏အမှုကို သူ အဘယ်ကြောင့် မသိသနည်း။ သင်တို့ မသိကြပါက၊ ယင်းမှာ သင်တို့ကို မပြောရသေးသည်ကို သက်သေပြပေသည်။ သူသည် ယေရှု၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဤအရာများကို သူ အဘယ်ကြောင့် မသိနိုင်ရသနည်း။ ယေရှုသည် ယေဟောဝါ လုပ်ဆောင်ခဲ့သော အမှုကို သိ၏။ သူသည် အဘယ်ကြောင့် မသိနိုင်ရသနည်း။” ဟုလည်း ပြောလိမ့်မည်။ အချိန်ကျသောအခါ၊ ၎င်းတို့အားလုံးသည် သင့်အား ထိုသို့သော မေးခွန်းများကို မေးလိမ့်မည်။ ၎င်းတို့၏ ဦးခေါင်းများထဲတွင် ထိုသို့သောအရာများနှင့် ပြည့်နေသည်။ ၎င်းတို့အနေဖြင့် အဘယ်သို့ မမေးဘဲ နေနိုင်မည်နည်း။ သင်တို့ထဲမှ ဤရေစီးကြောင်းအတွင်းတွင် ရှိသူတို့သည် ယနေ့ ဘုရားသခင် လုပ်ဆောင်ခဲ့သော တစ်ဆင့်ပြီးတစ်ဆင့် အမှုများကို ရင်ပေါင်တန်းလိုက်ကြပြီးဖြစ်သည့်အတွက်၊ သမ္မာကျမ်းစာကို အာရုံမစိုက်ကြချေ၊ သင်တို့သည် သင်တို့၏မျက်စိများဖြင့် ဤတစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သော အမှုကို မြင်ကြပြီးဖြစ်ကာ၊ အမှု၏ အဆင့်သုံးဆင့်ကို ရှင်းလင်းစွာ ရှုမြင်ကြပြီးဖြစ်သောကြောင့် သမ္မာကျမ်းစာကို ပစ်ချထားခဲ့ကြရပြီး ယင်းကို လေ့လာမှု ရပ်ထားခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့သည် ဤ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သောအမှုနှင့် သက်ဆိုင်သည့် အသိပညာ မရှိကြသည့်အတွက်၊ ကျမ်းစာကို မလေ့လာဘဲ မနေနိုင်ကြပေ။ လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသကဲ့သို့၊ ထို့အတူ ယေရှုသည်လည်း အခေါ်ခံခဲ့ရသည်။ ၎င်းတို့လုပ်ဆောင်သော အလုပ်များ ကွာခြားကြသော်လည်း၊ ၎င်းတို့သည် တူညီစွာ အခေါ်ခံခဲ့ကြရသည်။ ငါ့ကိုပြောလော့၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများ အဘယ်ကြောင့် မတူခဲ့ကြသနည်း။ ယောဟန် မျက်မြင်ကြုံတွေ့ခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံကပါ လာသော ရူပါရုံတစ်ခု ဖြစ်ပြီး၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောရန်ရည်ရွယ်သည့် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုနိုင်ခဲ့သည်။ ယောဟန်၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အဘယ်ကြောင့် ကွာခြားသနည်း။” ဟု မေးကြလိမ့်မည်။ ယေရှုပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး၊ ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်ခဲ့သည်မှာ ရူပါရုံတစ်ခုဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ပေ။ ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုပြောခဲ့သကဲ့သို့ စကားများစွာ ပြောဆိုခဲ့ကြသော်လည်း၊ ယေရှုနှင့် တူညီသော ကိုယ်ပိုင်လက္ခဏာ အဘယ်ကြောင့် မရှိခဲ့ကြသနည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပေသည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပြီး တိုက်ရိုက် အမှုပြုနေသည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် ခေတ်သစ်နှင့်သက်ဆိုင်သည့် အမှု၊ ယခင်က မည်သူမျှ မလုပ်ဆောင်ခဲ့သေးသည့် အမှုကို လုပ်ဆောင်ခဲ့သည်။ သူသည် အသစ်သောလမ်းကို ဖွင့်ပေးခဲ့သည်၊ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်၊ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့မှာမူ သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာကိုသာ ကိုယ်စားပြုခဲ့ကြသကဲ့သို့၊ ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အလုပ်မည်မျှလုပ်ဆောင်ခဲ့ကြပါစေ၊ ၎င်းတို့ ဆောင်ရွက်ခဲ့သည့် အံ့သြဖွယ်ရာများ မည်မျှ ကြီးမားခဲ့ပါစေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများသာ ဖြစ်ကြဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နာမဖြင့် အမှုပြုခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း ခံရပြီးနောက် အလုပ်လုပ်ခဲ့ကြပေသည်။ ထို့အပြင် ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါ စတင်ခဲ့သည့် ခေတ်များတွင် အလုပ်လုပ်ခဲ့ကြပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြချေ။ အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများမျှသာ ဖြစ်ခဲ့ကြပေသည်။ ဓမ္မဟောင်းကျမ်းတွင် ပရောဖက်များစွာသည် ဟောကိန်းများ ပြောဆိုခဲ့ကြသည်၊ သို့မဟုတ် အနာဂတ္တိကျမ်းများ ရေးသားခဲ့ကြလေသည်။ မည်သူကမျှ ၎င်းတို့သည် ဘုရားသခင်ဖြစ်သည်ဟု မပြောခဲ့သော်လည်း၊ ယေရှု စတင်အမှုပြုလျှင်ပြုချင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်အဖြစ် သက်သေခံခဲ့သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤအချိန်တွင် သင်သည် သိထားနှင့်ပြီး ဖြစ်သင့်သည်။ ယခင်က၊ တမန်တော်များနှင့် ပရောဖက်များသည် သြဝါဒစာအမျိုးမျိုးကို ရေးသားခဲ့ကြပြီး၊ ပရောဖက်ပြုချက်များစွာ ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် လူတို့သည် ယင်းတို့ထဲမှအချို့ကို သမ္မာကျမ်းစာထဲတွင် ထည့်ဖို့ ရွေးချယ်ခဲ့ကြပြီး၊ အချို့မှာ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းတို့ပြောသမျှ အရာရာတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောကြသည့် လူများရှိသည့်အတွက်၊ အဘယ်ကြောင့် ထိုအရာထဲမှ အချို့သည် ကောင်းသည်ဟု မှတ်ယူခံရပြီး၊ အချို့သည် မကောင်းဟု မှတ်ယူခံရသနည်း။ ပြီးလျှင် အဘယ်ကြောင့် အချို့မှာ ရွေးချယ်ခံရပြီး အခြားအရာများက အရွေးချယ်မခံရသနည်း။ ထိုအရာတို့သည် သန့်ရှင်းသောဝိညာဉ်တော်က အမှန်တကယ် ပြောဆိုထားသော နှုတ်ကပတ်တော်များဖြစ်ပါက၊ လူတို့အနေဖြင့် ယင်းတို့ကို ရွေးချယ်ရန် လိုအပ်မည်လော။ အဘယ်ကြောင့် ခရစ်ဝင်ကျမ်းလေးကျမ်း အသီးသီးတွင် ယေရှု၏ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ခဲ့သည့် အမှုနှင့် သက်ဆိုင်သည့် ဖြစ်စဉ်များ ကွဲပြားရသနည်း။ ဤသည်မှာ ထိုအရာများကို မှတ်တမ်းတင်ခဲ့သူတို့၏ အမှားဖြစ်သည် မဟုတ်လော။ လူအချို့က၊ “ပေါလုနှင့် ဓမ္မသစ်ကျမ်း၏ အခြား စာရေးသူများ ရေးသားခဲ့သည့် သြဝါဒစာများနှင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် လူသား၏အလိုဆန္ဒမှ တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာခဲ့ပြီး၊ လူသား၏အယူအဆများနှင့် ရောယှက်ခဲ့သည့်အတွက်၊ ယနေ့တွင် ကိုယ်တော် (ဘုရားသခင်) ပြောဆိုသော နှုတ်ကပတ်တော်များတွင် လူသား၏ မစင်ကြယ်မှုများ မတည်ရှိပါသလော။ ၎င်းတို့သည် လူသား၏ အယူအဆများ တစ်ခုမျှ အမှန်တကယ် မပါရှိပါသလော” ဟု မေးကြလိမ့်မည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု၏ဤအဆင့်သည် ပေါလုနှင့် များစွာသော တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့သော အလုပ်နှင့် လုံးဝခြားနားပေသည်။ ကိုယ်ပိုင်လက္ခဏာတွင်သာ ကွဲပြားခြားနားရုံသာမက၊ အဓိကအားဖြင့် ဆောင်ရွက်ခဲ့ကြသည့် အလုပ်တွင်လည်း ခြားနားမှုရှိလေသည်။ သခင်၏ရှေ့မှောက်တွင် ပေါလုသည် ထိုးလှဲခံရပြီးနောက်၊ သူသည် အလုပ်လုပ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်လမ်းပြခြင်းကို ခံခဲ့ရကာ စေလွှတ်ခံရသူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အသင်းတော်များထံသို့ သြဝါဒစာများ ရေးသားခဲ့ပြီး ဤသြဝါဒစာများ အားလုံးသည် ယေရှု၏သွန်သင်မှုများအတိုင်း လိုက်ခဲ့သည်။ ပေါလုသည် သခင်ယေရှု၏ နာမဖြင့် အလုပ်လုပ်ဖို့ စေလွှတ်ခံခဲ့ရသော်လည်း၊ ဘုရားသခင်ကိုယ်တိုင် ကြွလာခဲ့ချိန်တွင်၊ သူသည် မည်သည့်အမည်နာမဖြင့်မျှ အလုပ်မလုပ်ခဲ့သကဲ့သို့ သူ၏ အမှုတွင် ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ကိုယ်စားပြုခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုကို တိုက်ရိုက်လုပ်ဆောင်ရန် လာခဲ့သည်- သူသည် လူသားအားဖြင့် စုံလင်စေခြင်း မခံခဲ့ရသကဲ့သို့၊ သူ၏အမှုသည် မည်သူတစ်ဦးတစ်ယောက်မျှ၏ သွန်သင်မှုများအရ ဆောင်ရွက်ခဲ့သည် မဟုတ်ပေ။ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများနှင့်သက်ဆိုင်၍ ပြောဆိုခြင်းဖြင့် ဦးဆောင်သည်မဟုတ်ဘဲ၊ ယင်းအစား သူရှိသည့်အရာနှင့်အညီ သူ၏အမှုကို တိုက်ရိုက် ဆောင်ရွက်ခဲ့သည်။ ဥပမာအားဖြင့်၊ အစေခံသူများ၏ စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း အချိန်အခါ၊ သေခြင်းတရား၏ စမ်းသပ်မှု၊ ဘုရားသခင်ကို ချစ်ခြင်း အချိန်အခါ။...ဤအရာအားလုံးသည် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသော အလုပ်ဖြစ်ပြီး၊ လူသား၏ အတွေ့အကြုံများထက် မျက်မှောက်ခေတ်၏ အလုပ် ဖြစ်သည်။ ငါပြောဆိုပြီးသော နှုတ်ကပတ်တော်များတွင် မည်သည့်အရာများသည် လူသား၏အတွေ့အကြုံများ ဖြစ်သနည်း။ ယင်းတို့အားလုံးသည် ဝိညာဉ်တော်မှ တိုက်ရိုက်လာသည် မဟုတ်လော၊ ပြီးလျှင် ယင်းတို့ကို ဝိညာဉ်တော်က ထုတ်ပြန်သည် မဟုတ်လော။ သမ္မာတရားကို သင်တို့ မရိပ်စားမိနိုင်သည်မှာ သင်၏အရည်အချင်း ညံ့ဖျင်းလွန်းသောကြောင့်သာ ဖြစ်သည်။ ငါပြောသော အသက်၏ လက်တွေ့ကျသည့် လမ်းခရီးသည် လမ်းကြောင်းကို လမ်းညွှန်ပေးဖို့ဖြစ်ပြီး၊ ယခင်က မည်သူ တစ်ဦးတစ်ယောက်ကမျှ လုံးဝ မပြောဆိုခဲ့ဖူးသကဲ့သို့၊ ဤလမ်းကြောင်းကို မည်သူကမျှ တွေ့ကြုံဖူးခြင်းလည်း မရှိပေ၊ သို့မဟုတ် ဤလက်တွေ့အရှိတရားကို သိရှိဖူးခြင်းမရှိခဲ့ပေ။ ဤနှုတ်ကပတ်တော်များကို ငါမမြွက်ဆိုမီ၊ ၎င်းတို့ကို မည်သူကမျှ မပြောခဲ့ဖူးပေ။ ထိုသို့သော အတွေ့အကြုံများကို မည်သူကမျှ မပြောဆိုခဲ့ဖူးသကဲ့သို့၊ ထိုသို့သော အသေးစိတ်များကိုလည်း မည်သည့်အခါကမျှ မပြောခဲ့ဖူးပေ၊ ထို့အပြင် မည်သူကမျှ ဤအရာများကို ထုတ်ဖော်ပြရန် ထိုသို့သောအခြေအနေများကို မည်သည့်အခါကမျှ မထောက်ပြခဲ့ဖူးချေ။ ယနေ့ ငါဦးဆောင်သော လမ်းကို မည်သူမျှ မဦးဆောင်ခဲ့ဖူးသကဲ့သို့၊ လူသားက ဦးဆောင်ခဲ့ပါကလည်း၊ ယင်းသည် အသစ်သောလမ်းဖြစ်မည် မဟုတ်ပေ။ ဥပမာအားဖြင့်၊ ပေတရုနှင့် ပေါလုတို့ကို ကြည့်လော့။ ယေရှုက လမ်းကြောင်းကို ဦးမဆောင်မီတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများ မရှိခဲ့ကြပေ။ ယေရှုပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှု ဦးဆောင်ခဲ့သည့် လမ်းကြောင်းကို ၎င်းတို့ တွေ့ကြုံခဲ့ကြသည်မှာ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ဖြစ်ခဲ့ပေသည်။ ဤအရာမှ၊ ၎င်းတို့သည် အတွေ့အကြုံများစွာ ရရှိခဲ့ကြပြီး၊ သြဝါဒစာများ ရေးသားခဲ့ကြသည်။ ထို့ကြောင့်၊ လူသား၏ အတွေ့အကြုံများသည် ဘုရားသခင်၏အမှုနှင့် မတူသကဲ့သို့၊ ဘုရားသခင်၏အမှုသည် လူသား၏အယူအဆများနှင့် အတွေ့အကြုံများက ဖော်ပြသည့် အသိပညာနှင့် မတူပေ။ ယနေ့တွင် ငါသည် အသစ်သောလမ်းကြောင်းကို ဦးဆောင်နေပြီး အမှုသစ်ကို လုပ်ဆောင်နေသည်ဟု အဖန်ဖန် ငါပြောပြီးဖြစ်ကာ၊ ငါ၏အမှုနှင့် ငါ၏ မိန့်မြွက်ချက်များသည် ယောဟန်နှင့်၊ အခြားပရောဖက်များ၏ အမှုအရာများနှင့် ခြားနားပေသည်။ ငါသည် ပထမဦးစွာ အတွေ့အကြုံများရပြီး၊ ထို့နောက် ယင်းတို့ကို သင်တို့အား ပြောခြင်း လုံးဝမဟုတ်ပေ- ယင်းသည် စစ်မှန်သော ကိစ္စတစ်ရပ် လုံးဝ မဟုတ်ပေ။ ထိုသို့သာဖြစ်ခဲ့ပါက၊ ယင်းက သင်တို့ကို အချိန်ကြာမြင့်စွာကပင် နှောင့်နှေးစေပြီးဖြစ်မည် မဟုတ်လော။ အတိတ်ကာလတွင်၊ လူများစွာ ပြောဆိုခဲ့သော အသိပညာသည်လည်း ချီးမြှောက်ခြင်း ခံခဲ့ရသော်ငြား၊ ၎င်းတို့၏ စကားအားလုံးသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များဟုခေါ်သော လူများ၏ စကားများပေါ် အခြေခံပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ ထိုစကားများသည် လမ်းခရီးကို မညွှန်ပြခဲ့ဘဲ ၎င်းတို့၏ အတွေ့အကြုံများမှ လာခဲ့ပေသည်၊ ၎င်းတို့တွေ့မြင်ခဲ့သည်များနှင့် ၎င်းတို့၏ အသိပညာတို့မှ လာခဲ့ပေသည်။ အချို့မှာ ၎င်းတို့၏ အယူအဆများဖြစ်ပြီး၊ အချို့မှာ ၎င်းတို့ အကျဉ်းချုပ်ထားသော ၎င်းတို့၏ အတွေ့အကြုံများ ပါဝင်ပေသည်။ ယနေ့တွင်၊ ငါ့အမှု၏သဘာဝသည် ၎င်းတို့ အလုပ်သဘာဝနှင့် လုံးဝကွာခြားသည်။ ငါသည် အခြားသူများ၏ ဦးဆောင်ခြင်းခံရသည့် အဖြစ်ကို မတွေ့ကြုံဖူးသကဲ့သို့၊ ငါသည် အခြားသူများ၏ စုံလင်စေခြင်းကို လက်မခံခဲ့ပေ။ ထို့အပြင် ငါပြောဆိုကာ မိတ်သဟာယပြုပြီးဖြစ်သည့် အရာအားလုံးသည် အခြားမည်သူနှင့်မျှ မတူသကဲ့သို့၊ အခြားမည်သူမျှကလည်း လုံးဝ မပြောဆိုဖူးပေ။ ယနေ့တွင်၊ သင်တို့ မည်သူဖြစ်သည်ဖြစ်စေ၊ သင်တို့၏အလုပ်သည် ငါပြောဆိုသော နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ဤမိန့်မြွက်ချက်များနှင့် အမှုတို့မရှိဘဲ၊ ဤအရာများ (အစေခံသူများ၏ စမ်းသပ်ခံရခြင်း၊ ပြစ်တင်ဆုံးမခြင်း အချိန်များ...) ကို မည်သူ တွေ့ကြုံနိုင်စွမ်း ရှိမည်နည်း၊ ပြီးလျှင် ထိုသို့သော အသိပညာကို မည်သူသည် ပြောဆိုနိုင်စွမ်း ရှိမည်နည်း။ သင်သည် ဤအရာကို အမှန်တကယ် မြင်နိုင်စွမ်းမရှိသလော။ အမှု၏ အဆင့်ကို ပဓာနမထားဘဲ၊ ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ စတင်မိတ်သဟာယ ပြုကြပြီး ယင်းတို့နှင့်အညီ အလုပ်လုပ်ကြကာ၊ ထိုအရာမှာ သင်တို့ထဲမှ မည်သူမျှ တွေးဖူးသည့် လမ်းခရီးမဟုတ်ပေ။ ဤနေရာအထိ ရောက်လာပြီးနောက်၊ သင်သည် ထိုသို့သော ရှင်းလင်းပြီး ရိုးရှင်းသည့် မေးခွန်းကို မြင်နိုင်စွမ်းမရှိသလော။ ယင်းမှာ တစ်စုံတစ်ဦး အကြံထုတ်ဖူးသည့် လမ်းခရီးမဟုတ်သကဲ့သို့၊ မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်အပေါ်တွင်မျှလည်း အခြေခံထားခြင်း မဟုတ်ပေ။ ယင်းမှာ လမ်းကြောင်းသစ်ဖြစ်ပြီး တစ်ချိန်က ယေရှုပြောခဲ့သော နှုတ်ကပတ်တော်အများအပြားပင် သက်ဆိုင်ခြင်း မရှိတော့ပေ။ ငါပြောသည်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည့် အမှုဖြစ်ပြီး၊ ယင်းသည် တစ်ခုတည်း တည်တံ့သည့် အမှုဖြစ်သည်။ ငါလုပ်ဆောင်သော အမှုနှင့် ငါပြောသောနှုတ်ကပတ်တော်များ အားလုံးသည် အသစ်ဖြစ်၏။ ဤသည်မှာ ယနေ့၏ အမှုသစ် မဟုတ်လော။ ယေရှု၏ အမှုသည်လည်း ဤကဲ့သို့ဖြစ်၏။ သူ၏အမှုသည်လည်း ဗိမာန်တော်အထဲရှိ လူများ၏အလုပ်နှင့် ကွဲပြားခြားနားပြီး၊ ယင်းသည် ဖာရိရှဲတို့၏အလုပ်နှင့်လည်း ခြားနားခဲ့သကဲ့သို့၊ ဣသရေလလူမျိုးအားလုံး လုပ်ခဲ့သော အလုပ်နှင့်လည်း မည်သည့်ဆင်တူခြင်းမျှ မရှိပေ။ ယင်းကို မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက်၊ လူတို့သည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပေ- “ယင်းကို ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ခဲ့သလော။” ယေရှုသည် ယေဟောဝါ၏ ပညတ်တရားကို မကိုင်စွဲခဲ့ပေ။ လူသားကို သွန်သင်ရန် သူကြွလာချိန်တွင်၊ သူပြောဆိုခဲ့သမျှအားလုံးသည် အသစ်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းမှ ရှေးသန့်ရှင်းသူများနှင့်ပရောဖက်များ ပြောဆိုခဲ့သောအရာနှင့် ခြားနားလေသည်၊ ဤအရာကြောင့် လူတို့သည် မရေမရာဖြစ်မြဲ ဖြစ်ခဲ့ကြသည်။ ဤသည်မှာ လူသားကို ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ခက်ခဲစေသည့်အရာ ဖြစ်သည်။ အမှု၏ ဤအဆင့်သစ်ကို လက်ခံခြင်းမပြုမီတွင်၊ သင်တို့ အများစုလျှောက်လှမ်းသော လမ်းကြောင်းမှာ ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ၏ အခြေခံအုတ်မြစ်ကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဝင်ရောက်ရန် ဖြစ်ခဲ့သည်။ သို့သော် ယနေ့တွင်၊ ငါလုပ်ဆောင်သောအလုပ်သည် အလွန် ခြားနားသောကြောင့် သင်တို့အနေဖြင့် ထိုအရာ မှန်သည်၊ မှားသည်ကို မခွဲခြားနိုင်ကြပေ။ ယခင်က သင်မည်သည့် လမ်းကြောင်း လျှောက်ခဲ့သည်ကို ငါဂရုမစိုက်သကဲ့သို့၊ ငါသည် မည်သူ၏ “အစာ” ကို သင်စားခဲ့သည် သို့မဟုတ် မည်သူ့ကို သင်၏ “ဖခင်” အဖြစ် သဘောထားခဲ့သည်ကိုလည်း စိတ်မဝင်စားပေ။ ငါသည် လူကို လမ်းပြရန် ကြွလာပြီး အမှုသစ်ကို ယူဆောင်လာခဲ့သည့်အတွက်၊ ငါ့နောက်လိုက်သူအားလုံးသည် ငါပြောသည့်အရာနှင့်အညီ ပြုမူလုပ်ဆောင်ကြရမည် ဖြစ်သည်။ သင် မွေးဖွားသည့် “မိသားစု” သည် မည်မျှအာဏာရှိသည် ဖြစ်စေ၊ သင်သည် ငါ့နောက်သို့လိုက်ရမည်၊ သင်သည် သင်၏ ယခင် အလေ့အထများနှင့်အညီ မပြုမူရ၊ သင်၏ “အုပ်ထိန်းသော ဖခင်” သည် ဖယ်ပေးသင့်ပြီး သင်သည် သင်၏ပိုင်ထိုက်သောဝေစုကို ရယူရန် သင်၏ဘုရားသခင်ရှေ့မှောက်သို့ လာသင့်သည်။ သင်၏အလုံးစုံသည် ငါ့လက်ထဲတွင်ရှိပြီး သင်သည် သင်၏အုပ်ထိန်းသူဖခင်အား ကျိုးကြောင်းမမြင်သည့် ယုံကြည်မှုကို အလွန်အမင်း မဆက်ကပ်သင့်ပေ။ သူသည် သင့်ကို လုံးလုံးလျားလျား မထိန်းချုပ်နိုင်ပေ။ ယနေ့၏အမှုသည် ထီးထီးမားမား တည်နေသည်။ ယနေ့ ငါပြောသမျှအားလုံးသည် အတိတ်က အခြေခံအုတ်မြစ်ပေါ်တွင် အခြေမပြုထားသည်မှာ သိသာပေသည်။ ယင်းသည် အသစ်သော စတင်မှုဖြစ်ပြီး ယင်းသည် လူသား၏လက်ဖြင့် ဖန်ဆင်းထားသည်ဟု သင်ပြောဆိုပါက၊ သင်သည် ကယ်တင်၍မရနိုင်လောက်အောင် မျက်စိကန်းနေသူ တစ်ဦး ဖြစ်ပေသည်။
ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ရွေးချယ်ခံထားရသည့် ဣသရေလလူမျိုးများထဲမှ ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ဟူ၍ အဘယ်ကြောင့် အခေါ် မခံခဲ့ကြရသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အဘယ်ကြောင့် သက်သေမခံခဲ့သနည်း။ ယေရှုက သူ၏အမှုကို စတင်ပြီး သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုကို အဘယ်ကြောင့် သက်သေခံခဲ့သနည်း။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို အဘယ်ကြောင့် သက်သေ မခံခဲ့သနည်း။ ဇာတိပကတိနှင့် သက်ဆိုင်သည့် လူများဖြစ်ကြသော ၎င်းတို့သည် “သခင်” ဟု အခေါ်ခံခဲ့ကြရသည်။ ထိုသူတို့ မည်သို့ အခေါ်ခဲ့ကြရသည် ဖြစ်စေ၊ ၎င်းတို့၏ အလုပ်သည် ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုကြလေသည်။ ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ အမည်နာမများနှင့် ဆက်နွှယ်မှုမရှိပေ။ ယင်းကို ၎င်းတို့ ဖော်ပြသည့်အရာနှင့် ၎င်းတို့ အသက်ရှင် နေထိုင်သည့်အရာက ကိုယ်စားပြုပေသည်။ ဓမ္မဟောင်းကျမ်းတွင်၊ သခင်ဟု အခေါ်ခံရခြင်းတွင် ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူတစ်ဦးသည် မည်သည့်နည်းဖြင့်မဆို အခေါ်ခံရကောင်း ခံရမည် ဖြစ်သော်လည်း၊ ၎င်း၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် ပြောင်းလဲ၍မရနိုင်ပေ။ ခရစ်တော် အတုအယောင်များ၊ ပရောဖက် အတုအယောင်များနှင့် လှည့်ဖြားသူများအကြားတွင် “ဘုရားသခင်” ဟု အခေါ်ခံရသူများလည်း ရှိသည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ အရင်းအမြစ်၌ ၎င်းတို့သည် လူတို့ကို လှည့်စားသူများ၊ လူသားများဖြစ်ကြပြီး၊ ဘုရားသခင်မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မရှိကြချေ။ မျိုးနွယ်စု ၁၂ စု ထဲတွင် ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည် မဟုတ်လော။ ယေရှုသည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည်- ယေရှုတစ်ဦးတည်းသာ လူ့ဇာတိခံ ဘုရားသခင်ဟု အဘယ်ကြောင့် အခေါ်ခံခဲ့ရသနည်း။ ယေရမိကိုလည်း လူသားဟု သိခဲ့ကြသည် မဟုတ်လော။ ပြီးလျှင် ယေရှုကို လူသားဟု သိကြသည် မဟုတ်လော။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်စား ကားစင်တင်ခံခဲ့ရသနည်း။ ယင်းမှာ ၎င်း၏ အနှစ်သာရသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ ယင်းမှာ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ အမည်နာမသည် အရေးပါသလော။ ယေရှုသည်လည်း လူသားဟုလည်း အခေါ်ခံခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သည်၊ သူသည် တန်ခိုးအာဏာကို လက်ခံရန်နှင့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ ဤအရာက ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် လူသားဟု အခေါ်ခံခဲ့ရသော အခြားသူများနှင့် ကွဲပြားခြားနားသည်ကို သက်သေပြပေသည်။ ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောဝံ့သနည်း။ မည်သူမဆိုသည် ထိုသို့သောအရာများကို ပြောဝံ့သလော။ သင်သည် ထိုသို့သောအရာများကို ပြောဆိုပါက၊ ဧဇရအနာဂတ္တိကျမ်းသည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရသနည်း၊ ပြီးလျှင် ရှေးသန့်ရှင်းသူများနှင့် ပရောဖက်များ၏ ကျမ်းများကိုလည်း အလားတူ အဘယ်ကြောင့် ပြုခဲ့သနည်း။ ၎င်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက၊ သင်တို့သည် အဘယ်ကြောင့် ထိုသို့ပြောင်းလဲလွယ်သေ ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းပြည့်မီသလော။ ဣသရေလမှ အဖြစ်အပျက် အများအပြားသည်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ ပြီးလျှင် သင့်အနေဖြင့် အတိတ်က ဤရေးသားချက်များအားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ယုံကြည်ပါက၊ ကျမ်းများထဲမှ အချို့သည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရပါသနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပါက၊ ယင်းတို့အားလုံးကို ထားရှိသင့်ပြီး၊ အသင်းတော်များရှိ ညီအစ်ကို မောင်နှမများထံသို့ ဖတ်ရှုရန် ပေးပို့သင့်ပေသည်။ ယင်းတို့ကို လူ့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုသင့်ပေ။ ထိုသို့လုပ်ခြင်းသည် မှားယွင်း၏။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာသည် စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများမှ လာသည့်အရာများ ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏အသိပညာသည် ထိုအချိန်က ၎င်းတို့၏ တကယ့်အတွေ့အကြုံများ၏ နောက်ခံအကြောင်းအရာ နှင့်အညီ ဖြစ်ပြီး၊ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူက ယုံကြည်စိတ်ချစွာ ပြောနိုင်မည်နည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက၊ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့သည် ယေရှု၏အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာကွဲပြား၍ အဘယ်ကြောင့် အသီးသီး ပြောဆိုခဲ့ကြသနည်း။ ဤအရာကို သင်တို့ မယုံကြည်ပါက၊ ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာထဲက ဖြစ်စဉ်များကို ကြည့်လော့- ယင်းတို့ အားလုံး ကွဲပြားခြားနားနေပြီး ၎င်းတို့အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။ မသိနားမလည်သောသူများစွာက၊ “လူ့ဇာတိခံ ဘုရားသခင်သည်လည်း လူသားတစ်ဦး ဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးဝ လာနိုင်ပါသလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူ့အလိုဆန္ဒဖြင့် ရောနှောခဲ့ပါက၊ ကိုယ်တော်ပြောဆိုသော စကားများသည် လူ့အလိုဆန္ဒဖြင့် အကယ်ပင် ရောနှောမနေပါသလော။” ဟု မေးကြသည်။ ထိုသို့သော အရာများကို ပြောဆိုသောလူများသည် မျက်ကန်း၍ မသိမိုက်မဲ ကြလေတကား။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်လော့။ ယေရှု လုပ်ဆောင်ခဲ့သောအရာများနှင့် သူ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ၎င်းတို့မှတ်တမ်းတင်ခဲ့သည့် အရာကို ဖတ်လော့။ ဖြစ်စဉ်အသီးသီးသည် အကယ်ပင် အတော်အတန်ကွဲပြားသကဲ့သို့၊ အသီးသီး၌ မိမိကိုယ်ပိုင် ရှုထောင့် ရှိလေသည်။ ဤကျမ်းများ၏ စာရေးသူများက ရေးသားခဲ့သည့် အရာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုပါက၊ အားလုံးသည် တူညီပြီး တစ်သမတ်တည်း ဖြစ်သင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကွာဟချက်များ ရှိရသနည်း။ ဤအရာကို မမြင်နိုင်ရန်မှာ၊ လူသားသည် အလွန့်အလွန် မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို သက်သေခံရန် သင် စေခိုင်းခြင်း ခံရပါက၊ မည်သည့် သက်သေခံချက်မျိုးကို သင်ပေးနိုင်သနည်း။ ဘုရားသခင်ကို ထိုသို့သိရှိခြင်းနည်းလမ်းသည် သူ့ကို သက်သေခံနိုင်သလော။ အခြားသူများက သင့်ကို၊ “ယောဟန်နှင့် လုကာတို့၏ မှတ်တမ်းများသည် လူ့အလိုဆန္ဒများ ရောနှောနေခဲ့ပါက၊ သင်တို့၏ ဘုရားသခင်ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် လူ့အလိုဆန္ဒနှင့် ရောနှောနေသည် မဟုတ်လော။” ဟု မေးပါက၊ ရှင်းလင်းသောအဖြေကို သင်ပေးနိုင်မည်လော။ လုကာနှင့် မဿဲတို့သည် ယေရှု၏နှုတ်ကပတ်တော်များကို ကြားခဲ့ကာ ယေရှု၏ အမှုကို မြင်ပြီးနောက်တွင်၊ ၎င်းတို့သည် ယေရှုလုပ်ဆောင်ခဲ့သော အမှုနှင့် သက်ဆိုင်သည့် အချက်အလက် အချို့ကို အသေးစိတ် ပြန်လည်ပြောပြသောပုံစံဖြင့် မိမိတို့၏ ကိုယ်ပိုင်အသိပညာကို ပြောပြခဲ့ကြသည်။ ၎င်းတို့၏ အသိပညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြည့်အဝ ထုတ်ဖော်ပြခံရခြင်း ဖြစ်သည်ဟု သင်ပြောနိုင်သလော။ သမ္မာကျမ်းစာ ပြင်ပတွင်၊ ၎င်းတို့ထက် သာ၍ မြင့်မားသည့် အသိပညာတစ်ခုရှိသည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များစွာ ရှိခဲ့ကြပေသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့၏စကားများကို နောက်မျိုးဆက်များက လက်မခံခဲ့ကြသနည်း။ ၎င်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံခဲ့ကြရသည် မဟုတ်လော။ ယနေ့၏အမှုတွင် ငါသည် ယေရှု၏အမှု၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံ၍ ငါ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုများကို ပြောဆိုနေခြင်းမဟုတ်သကဲ့သို့၊ ယေရှု၏ အမှု၏ နောက်ခံအကြောင်းအရာနှင့်ယှဉ်၍ ငါ၏ကိုယ်ပိုင် အသိပညာကို ပြောနေခြင်းလည်း မဟုတ်သည်ကို သိလော့။ ထိုအချိန်က ယေရှုသည် မည်သည့်အမှုကို လုပ်ဆောင်ခဲ့သနည်း။ ထို့အပြင် ယနေ့ ငါသည် မည်သည့်အမှုကို လုပ်ဆောင်နေသနည်း။ ငါ လုပ်ဆောင်ကာ ပြောဆိုသည့်အရာသည် အစဉ်အလာ မရှိပေ။ ယနေ့ ငါလျှောက်သောလမ်းသည် ယခင်က လုံးဝ မနင်းလျှောက်ဖူးပေ၊ အတိတ်က ခေတ်များနှင့်သက်ဆိုင်သည့် လူများနှင့် မျိုးဆက်များက မည်သည့်အခါတွင်မျှ မလျှောက်ဖူးကြပေ။ ယနေ့တွင်၊ ယင်းကို စတင်ဆောင်ရွက်ပြီဖြစ်ကာ ဤသည်မှာ ဝိညာဉ်တော်၏ အမှု မဟုတ်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ခဲ့သော်ငြားလည်း၊ အတိတ်က ခေါင်းဆောင်များအားလုံးသည် ၎င်းတို့၏ အလုပ်ကို အခြားသူများ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်၊ ဘုရားသခင်ကိုယ်တိုင်၏အမှုသည် ကွဲပြားခြားနား၏။ ယေရှု၏ အမှုအဆင့်သည်လည်း အလားတူ ဖြစ်ခဲ့ပေသည်- သူသည် လမ်းခရီးသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ သူကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး လူသားသည် နောင်တရပြီး ဝန်ချရမည်ဟု ပြောဆိုခဲ့သည်။ ယေရှုသည် သူ၏အမှုကို ပြည့်စုံစေခဲ့သည့်နောက်တွင်၊ ပေတရု၊ ပေါလုနှင့် အခြားသူများသည် ယေရှု၏အမှုကို စတင်၍ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုနှင့်ရိုက်ခံခဲ့ရပြီး၊ ကောင်းကင်သို့ တက်ကြွသွားခဲ့သည့်နောက်တွင်၊ ၎င်းတို့သည် ကားတိုင်၏ လမ်းခရီးကို ဖြန့်ဝေဖို့ ဝိညာဉ်တော်၏ စေလွှတ်ခြင်း ခံခဲ့ရသည်။ ပေါလု၏ စကားများသည် ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း၊ ယင်းတို့သည်လည်း သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ ဒုက္ခခံစားခြင်း၊ ဦးခေါင်းအုပ်ခြင်း၊ ဗတ္တိဇံခံယူခြင်း၊ သို့မဟုတ် လိုက်လျှောက်ရမည့် အခြားအယူဝါဒများကဲ့သို့သော ယေရှု ပြောဆိုပြီးခဲ့သည့် အရာအားဖြင့် ချထားခဲ့သော အခြေခံအုတ်မြစ် အပေါ်တွင် အခြေခံထားခဲ့ပေသည်။ ဤအရာအားလုံးကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ပြောဆို ထားခဲ့ပေသည်။ ၎င်းတို့သည် ဘုရားသခင် အသုံးပြုခဲ့သော လူများသာ ဖြစ်ခဲ့ကြသည့်အတွက်၊ အသစ်သော လမ်းခရီးကို ဖွင့်လှစ်နိုင်စွမ်း မရှိခဲ့ကြချေ။
ထိုအချိန်က ယေရှု၏မိန့်မြွက်ချက်များနှင့် အမှုသည် အယူဝါဒကို စွဲကိုင်မထားခဲ့သကဲ့သို့၊ သူသည် သူ၏အမှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်သက်ဆိုင်သည့် အမှုနှင့်အညီ မဆောင်ရွက်ခဲ့ပေ။ ယင်းသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အမှုအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူသည် သူထုတ်ဆောင်လာသည့် အမှုအတိုင်း၊ သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်းနှင့် သူ၏ အမှုတော်အတိုင်း ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားအတိုင်း အမှုမပြုခဲ့ပေ။ သူလုပ်ဆောင်ခဲ့သည့် မည်သည့် အရာမျှ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်အညီ မဟုတ်ခဲ့သကဲ့သို့၊ သူသည် ပရောဖက်များ၏ စကားများကို ပြည့်စုံစေရန် အမှုပြုဖို့ ကြွလာခဲ့သည်လည်း မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံစေဖို့အလို့ငှာ အသေအချာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သကဲ့သို့၊ သူသည် အယူဝါဒကို လိုက်နာဖို့ သို့မဟုတ် ရှေးပရောဖက်များ၏ ကြိုတင် ဟောကြားချက်များကို တမင်သက်သက် အကောင်အထည်ဖော်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သို့ရာတွင် သူ၏လုပ်ဆောင်ချက်များသည် ရှေးပရောဖက်များ၏ ဟောကြားချက်များကို မနှောင့်ယှက်ခဲ့သကဲ့သို့၊ ယခင်က သူလုပ်ဆောင်ပြီးခဲ့သော အမှုကိုလည်း မနှောင့်ယှက်ခဲ့ပေ။ သူ့အမှု၏ အဓိကအချက်မှာ မည်သည့်အယူဝါဒကိုမျှ လိုက်နာခြင်း မဟုတ်ဘဲ၊ ယင်းအစား သူကိုယ်တိုင် လုပ်ဆောင်သင့်သောအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သကဲ့သို့ ရှေ့ဖြစ်ဟောသူလည်း မဟုတ်ခဲ့ဘဲ၊ သူ လုပ်ဆောင်သင့်သည့် အမှုကို လုပ်ဆောင်ဖို့ အမှန်တကယ် ကြွလာခဲ့သည့် လုပ်ဆောင်သူတစ်ဦးဖြစ်ပြီး သူသည် သူ၏အသစ်သောခေတ်ကို စတင် ဖွင့်လှစ်ရန်နှင့် သူ၏ အသစ်သော အမှုကို ဆောင်ရွက်ရန် ကြွလာခဲ့ပေသည်။ ဟုတ်ပေ၏၊ ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ရန် ကြွလာခဲ့ချိန်က၊ သူသည် ဓမ္မဟောင်းကျမ်းထဲက ရှေးပရောဖက်များ ပြောကြားခဲ့သော စကားများစွာကိုလည်း ပြည့်စုံစေခဲ့ပေသည်။ ထို့အတူ ယနေ့၏ အမှုသည်လည်း ဓမ္မဟောင်းကျမ်း ထဲက ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေခဲ့သည်။ ငါသည် “အဝါရောင်သမ်းနေသည့် နှစ်ချုပ် စာအုပ်ဟောင်း” ကို မကိုင်စွဲထားရုံသာ ဖြစ်၏၊ ထိုမျှသာ ဖြစ်ပေသည်။ ငါလုပ်ဆောင်ရမည့် သာ၍ များသော အမှုရှိသည့်အတွက်၊ သင်တို့ကို ငါပြောဆိုရမည့် သာ၍များသော နှုတ်ကပတ်တော်များ ရှိသကဲ့သို့၊ ဤအမှုနှင့် ဤနှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို ရှင်းပြခြင်းထက် သာ၍များစွာ အရေးပါလှပေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိသကဲ့သို့၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ငါသည် အသစ်သော အမှုကို လုပ်ဆောင်ဖို့ ရည်ရွယ်သည်မှာ သမ္မာကျမ်းစာ၏ မည်သည့် ကျမ်းပိုဒ်ကိုမှ ပြည့်စုံစေခြင်းအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ ရှေးပရောဖက်များ၏ စကားများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေသို့ ကြွလာခဲ့ပါက၊ မည်သူသည် ပို၍ ကြီးမြတ်သနည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်၊ ပရောဖက်များသည် ဘုရားသခင်ကို စီမံကွပ်ကဲသလော၊ သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို စီမံကွပ်ကဲသလော။ ဤစကားများကို သင်မည်သို့ ရှင်းပြသနည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။