စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ (ကောက်နုတ်ချက် ၆၇)
သမ္မာတရားစစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် မည်သည်ကို ရည်ညွှန်းသနည်း။ ၎င်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ရည်ညွှန်းသည်။ လူတို့သည် သမ္မာတရားကို နားလည်၍ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ သမ္မာတရားသည် ၎င်းတို့၏ စစ်မှန်မှု ဖြစ်လာလိမ့်မည်၊ ၎င်းတို့၏အသက် ဖြစ်လာလိမ့်မည်။ လူများသည် သမ္မာတရားနှင့်အညီ နေထိုင်သည့်အခါ ၎င်းတို့တွင် သမ္မာတရားစစ်မှန်မှု ရှိကြ၏။ လူများသည် စကားများနှင့် အယူဝါဒများကိုသာ ပြောဆို၍ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြလျှင် ၎င်းတို့၌ သမ္မာတရားစစ်မှန်မှု မရှိချေ။ ၎င်းတို့က စကားများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု ထင်ရ၏၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ကြသဖြင့် ၎င်းတို့၌ သမ္မာတရားစစ်မှန်မှု မရှိကြောင်း သက်သေပြနေ၏။ ထို့ကြောင့် လူတို့သည် သမ္မာတရားစစ်မှန်မှုကို မည်သို့ ဝင်ရောက်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့ဘဝ၌ ကျင့်သုံးရမည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့် သမ္မာတရားအသိကို ရရှိလိမ့်မည်။ ယင်းသည် အသိအမြင်တစ်ခု မဟုတ်၊ ထိုအစား တကယ့်အတွေ့အကြုံနှင့် စစ်မှန်သော သိနားလည်ခြင်း ဖြစ်၏။ ထို့ပြင် ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားစစ်မှန်မှုကို ဝင်ရောက်ခဲ့ပြီဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့သည် မည်သည့် သမ္မာတရားများကို တွေ့ကြုံခဲ့ပြီး စစ်မှန်သောအသိကို ရရှိထားပြီနည်း။ သမ္မာတရားသည် သင်တို့၏အသက် ဖြစ်လာပြီဟူသော ခံစားချက် သင်တို့ထံတွင် ရှိဖူးသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်တစ်ခုကို ဖတ်ရှုသည့်အခါ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ထည့်သွင်းဆွေးနွေးသည်ဖြစ်စေ၊ သင်သည် ထိုနှုတ်ကပတ်တော်များဖြင့် သင့်ကိုယ်သင် နှိုင်းယှဉ်ကာ ဆင်ခြင်ကြည့်နိုင်၏။ ထိုနှုတ်ကပတ်တော်များသည် သင်၏ အခြေအနေများနှင့် အပြည့်အဝ တစ်ထပ်တည်းကျ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏စိတ်နှလုံး အတွင်းအကျဆုံးကို ထိတို့လိုက်သကဲ့သို့ သင်သည် အလွန့်အလွန် စိတ်လှုပ်ရှားရ၏။ ထို့နောက် ကိုယ်တော့် နှုတ်ကပတ်တော်များသည် လုံးဝ မှန်ကန်သည်ဟု ခံစားကာ သင်သည် ၎င်းတို့ကို အပြည့်အဝ လက်ခံ၏။ ထို့ပြင် သင်၏ကိုယ်ပိုင် အခြေအနေများအပေါ် သိမြင်မှု ရရှိရုံသာမက သူ၏ရည်ရွယ်ချက်များနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤပုံစံအတိုင်း စားသောက်ခြင်းအားဖြင့် သင်သည် အကျိုးကျေးဇူးများ ရရှိ၏၊ အသိဉာဏ်ပွင့်လင်းကာ အလင်းလည်း ရလာ၏၊ အထောက်အပံ့ ရရှိ၏၊ သင်၏ အခြေအနေများသည်လည်း ပြောင်းလဲလာ၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းမွန်လှသည်ဟု ထင်မြင်ပြီး အလွန်ပျော်ရွှင် ကျေနပ်မိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိမြင်မှု ရရှိခဲ့ပြီဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ဤကျမ်းပိုဒ်မှ မည်သည့်အရာကို ဆိုလိုသည်ကို နားလည်သည်ဟုလည်းကောင်း၊ ၎င်းတို့အား မည်သို့တွေ့ကြုံ၍ မည်သို့လက်တွေ့ လုပ်ဆောင်ရမည်ကို သင်သိသည်ဟုလည်းကောင်း ခံစားနေရ၏။ သင်တို့သည် ဤအတိုင်း မကြာခဏ ခံစားကြရသလော။ (ခံစားရပါသည်။) သို့ဆိုလျှင် ဤခံစားချက်ကို ရသည်နှင့် သင်တို့သည် ဘုရားသခင် နှုတ်ကပတ်တော်၏ ဤအပိုဒ်မှ သမ္မာတရားကို ရရှိလိုက်ပြီဟု ထင်ကြသလော။ (မထင်ပါ။) မထင်သောကြောင့် ဤခံစားချက်သည် သိမြင်ခြင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခု၊ စိတ်နှလုံး၏ ယာယီ နိုးကြွမှုတစ်ခုမျှသာ ဖြစ်သည်ဟု ဆိုလို၏။ ဆုလာဘ်တစ်ခုခုနှင့် ဝင်ရောက်မှုတစ်ခုခုကို ရရှိခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုအတွင်း ဝင်ရောက်ခြင်းကို ကိုယ်စားမပြုချေ။ ၎င်းသည် ကနဦး အတွေ့အကြုံတစ်ခု၊ သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ခြင်းတစ်ခုမျှသာ ဖြစ်၏။ သမ္မာတရားကို နားလည်ခြင်းမှ သမ္မာတရားစစ်မှန်မှုအတွင်း ဝင်ရောက်ခြင်းသို့ ရောက်ရှိရန်ဆိုသည်မှာ များပြားသော အချိန်ပမာဏတစ်ခု လိုအပ်သည့် ခက်ခဲရှုပ်ထွေးသော ဖြစ်စဉ်တစ်ခု ဖြစ်၏။ စကားများနှင့် အယူဝါဒများကို နားလည်ခြင်းမှ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းဆီသို့ ကူးပြောင်းရာ၌ အကျိုးရလဒ်များ ရရှိရန်အတွက် အတွေ့အကြုံတစ်ခု၊ နှစ်ခုမျှ၊ သို့မဟုတ် အနည်းငယ်မျှသော အတွေ့အကြုံများသည်ပင် မလုံလောက်ချေ။ သင်သည် တစ်ခုတည်းသော အတွေ့အကြုံမှ သေးငယ်သော ဆုလာဘ်တစ်ခုကို ရနိုင်၏၊ သို့သော် ဆုလာဘ် အစစ်အမှန်ကို ရရှိခံစားရန်နှင့် သမ္မာတရားအား နားလည်ခြင်း၏ အကျိုးရလဒ်ကို ရရှိရန်အတွက်မူ အတွေ့အကြုံများစွာ လိုအပ်ပေသည်။ ၎င်းသည် ပြဿနာတစ်ခုကို ဆင်ခြင်ကြည့်ခြင်းနှင့် တူ၏။ တစ်ကြိမ် ဆင်ခြင်ခြင်းသည် ခပ်ရေးရေး နားလည်မှုတစ်ခုကို ဖြစ်ပေါ်စေ၏၊ သို့သော် အကြိမ်များစွာ ဆင်ခြင်ခြင်းသည် ပိုမိုကြီးမားသော ဆုလာဘ်များကို ဖြစ်ထွန်းစေရုံမက အကြောင်းအရာအား ရှင်းလင်းစွာ မြင်ရန် သင့်ကို ထောက်ကူပေးလိမ့်မည်။ သင်သည် ပြဿနာအား နှစ်အနည်းငယ် ကြာအောင် ဆင်ခြင်ကြည့်လျှင် ၎င်းကို အပြည့်အဝ နားလည်လာပေမည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းအား ရရှိလိုပြီး သမ္မာတရားကို နားလည်ချင်လျှင် အတွေ့အကြုံအချို့ ရှိသည်ဆိုရုံမျှလောက် မရိုးရှင်းချေ။ သင်တို့သည် ဤကဲ့သို့သော အတွေ့အကြုံများကို ကိုယ်တိုင် ကြုံခဲ့ကြပြီလော။ လူအယောက်တိုင်းတွင် အကြိမ်အနည်းငယ် ကြုံခဲ့ပြီးနိုင်၏။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပထမဆုံး စတင် တွေ့ကြုံသည့်အခါ ခပ်ရေးရေး နားလည်မှုတစ်ခု ရှိနေ၏၊ သို့သော် ၎င်းတို့၏အသိမှာ အပေါ်ယံသာ ရှိသေး၏။ ယင်းသည် အယူဝါဒကို နားလည်ခြင်းနှင့် ဆင်တူသည်၊ ၎င်းတို့၏ အသိမှာ အနည်းငယ် ပို၍ လက်တွေ့ကျသလို ထင်ရပြီး ထိုအသိအား စာတစ်ကြောင်း နှစ်ကြောင်းဖြင့် ရှင်းလင်းစွာ မရှင်းပြနိုင်ခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ အသိသည် စကားများနှင့် အယူဝါဒများထက် အနည်းငယ် ပို၍ လက်တွေ့ကျကြောင်းကို ၎င်းတို့၏ မိတ်သဟာယဖြင့် အခြားသူတို့အား ခံစားမိစေ၏။ အကယ်၍ ၎င်းတို့၏ အတွေ့အကြုံများ ပိုမို နက်ရှိုင်းလာကာ အချို့သော အသေးစိတ်များကိုလည်း ပြောဆိုနိုင်လျှင် ၎င်းတို့၏အသိသည် ပို၍ပင် လက်တွေ့ကျသည်ဟု ခံစားမိပေလိမ့်မည်။ လူများသည် ယင်းနောက်တွင် အတွေ့အကြုံများကို အချိန်တစ်ခုစာမျှ ဆက်လက် ရရှိကြ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် စစ်မှန်သော သိနားလည်ခြင်းဖြင့် ပြောဆိုနိုင်လျှင် ၎င်းတို့၏ အသိသည် သိမြင်နားလည်ခြင်းမှ ဆင်ခြင်တုံတရား ရှိခြင်းဆီသို့ မြင့်တက်သွားလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်း ဖြစ်၏။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်၍ ပိုမိုတွေ့ကြုံကြပြီး ယင်းတို့အား လက်တွေ့လုပ်ဆောင်ကြသည့်အခါ ၎င်းတို့သည် သမ္မာတရား၏ စည်းမျဉ်းများကို နားလည် သဘောပေါက်နိုင်လာသည့်အပြင် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိနိုင်ကြလိမ့်မည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်း အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤအချိန်၌ ၎င်းတို့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပေးသည့်အခါ နားထောင်ကြသူများက ထိုသက်သေခံချက်အား လက်တွေ့ကျသည်ဟု ခံစားမိကြပြီး ရွှန်းရွှန်းဝေအောင် ချီးမွမ်းကြပေလိမ့်မည်။ လူတစ်ယောက်သည် ဤအဆင့်ကို ရောက်ရှိသည့် အချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ အသက်စစ်မှန်မှု ဖြစ်လာလိမ့်မည်။ သမ္မာတရားကို ရရှိခဲ့ပြီဟု ဆိုနိုင်သည်မှာလည်း ဤကဲ့သို့သော လူမျိုးသာ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံ၍ သမ္မာတရားအား ရရှိခြင်းကို ရှင်းလင်းအောင် ပြဆိုသည့် ဖြစ်စဉ် ဖြစ်ပြီး အနည်းဆုံး နှစ်အနည်းငယ်မျှ ဖြစ်စေ၊ ဆယ်နှစ်ကျော် ကြိုးစားအားထုတ်မှုပင်ဖြစ်စေ မပါရှိဘဲ မရရှိနိုင်သည့် အရာတစ်ခုလည်း ဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်တွေ့ကြုံ၍ လက်တွေ့လုပ်ဆောင်သည့်အခါ အတော်ပင် လွယ်ကူလိမ့်မည်ဟု ထင်မှတ်၏။ သို့သော် ၎င်းတို့အပေါ် အကြောင်း တစ်စုံတစ်ရာ ကျရောက်သည့်အချိန်၌ မည်သို့ ရင်ဆိုင်ရမည်၊ သို့မဟုတ် ဖြေရှင်းရမည်ကို မသိကြဘဲ အခက်အခဲမျိုးစုံ ဖြစ်ပေါ်လာ၏။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် အတားအဆီးများကို ဖြစ်ပေါ်စေလိမ့်မည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အနှောင့်အယှက်များကို ဖြစ်ပေါ်စေလိမ့်မည်။ အဟန့်အတားများနှင့် ကျရှုံးမှုများကို ရင်ဆိုင်ရသည့်အခါတွင်လည်း မည်သို့ တွေ့ကြုံရမည်ကို သိကြတော့မည် မဟုတ်ချေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့် လူများသည် အထူးသဖြင့် ပျော့ညံ့ကြပြီး အလွယ်တကူ အပျက်သဘောဆောင်လာကြ၏။ ၎င်းတို့သည် တိုက်ခိုက်ခြင်း၊ အသရေဖျက်ခြင်းနှင့် ဝေဖန်ခြင်းတို့ကို ခံရသည့်အခါ အလွယ်တကူ ပြိုလဲကြသည့်အပြင် ပြန်မထနိုင်ကြချေ။ အကယ်၍ ဤပြဿနာများအား သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းနိုင်လျှင်၊ လူတစ်ယောက်သည် ခိုင်မာစွာ ရပ်တည်ရန် ဘုရားသခင်အား အားကိုးနိုင်လျှင် ၎င်းတို့သည် သမ္မာတရား အားထုတ်လိုက်စားခြင်း လမ်းကြောင်းကို စတင်နိုင်ကြ၏။ လူတစ်ယောက်သည် သမ္မာတရားကို စိတ်မဝင်စားသည့်အပြင် သမ္မာတရားကို တွေ့ကြုံကာ ရရှိရမည့် အဖိုးတန်သော အရာတစ်ခုအဖြစ် သဘောမထားလျှင် ၎င်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် ခွန်အား မရှိချေ။ ၎င်းသည် အခက်အခဲများ၏ ပထမဆုံး အရိပ်အယောင် သန်းသည်နှင့် ပြိုလဲကာ ပိတ်မိသွားလိမ့်မည်။ ဤသို့သော လူအမျိုးအစားသည် သူရဲဘောကြောင်သူ ဖြစ်ပြီး ၎င်းအနေဖြင့် သမ္မာတရားကို ရရှိရန် မလွယ်ကူချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်၏၊ ကိုယ်တော်က လူများကို နှင်းအပ်ထားသည့် အသစ်သောအသက်တစ်ခု ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားကို လက်ခံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရားနှင့် အသက်ကို ရရှိရန် ဖြစ်ပေသည်၊ သမ္မာတရားကို မိမိ၏ကိုယ်ပိုင်အသက်ကဲ့သို့ တွေ့ကြုံရန်လည်း ဖြစ်ပေသည်။ သမ္မာတရားသည် လူတစ်ယောက်၏အသက် ဖြစ်မလာမီ သမ္မာတရားကို လက်ခံခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်ဖြစ်သည်။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဤအရာက ဖြေရှင်းနိုင်သနည်း။ ပုန်ကန်မှု၊ အယူအဆများနှင့် စိတ်ကူးများ၊ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်မှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ စက်ဆုပ်ဖွယ်ကောင်းမှု၊ မရိုးဖြောင့်မှု၊ လိမ်ညာလှည့်ဖြားမှု၊ ဝတ်ကျေတမ်းကျေ လုပ်မှု၊ တာဝန်မဲ့မှုနှင့် အသိစိတ်၊ အသိတရား ကင်းမဲ့မှု ကဲ့သို့သော အရာများကို အဓိကအားဖြင့် ဖြေရှင်းပေး၏။ သို့ဖြစ်၍ ဤအရာမှ ရရှိသည့် နောက်ဆုံး အကျိုးရလဒ်မှာ အဘယ်နည်း။ လူတစ်ယောက်သည် ဘုရားသခင်ကို နာခံသော၊ သူ့ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုသော၊ သူ့ကို ကိုးကွယ်သော၊ သူ့ကို သစ္စာရှိကာ အမှန်တကယ် ချစ်သော၊ သူ့ကို သေသည့်တိုင်အောင် ကျိုးနွံနာခံမည် ဖြစ်သော ရိုးသားသူ တစ်ယောက် ဖြစ်နိုင်ခြင်းပင် ဖြစ်၏။ ဤသို့သော လူမျိုးသည် စစ်မှန်သော လူသားတစ်ယောက်၏ အသွင်ဖြင့် လုံးလုံးလျားလျား အသက်ရှင်နေထိုင်နေသည်။ ၎င်းသည် သမ္မာတရားနှင့် လူ့သဘာဝရှိသည့် လူတစ်ယောက် ဖြစ်လာခဲ့ပေပြီ။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းတွင် လူတစ်ယောက် ရောက်ရှိနိုင်သည့် အမြင့်ဆုံးသော နယ်ပယ်ဖြစ်၏။
သို့ဆိုလျှင် လူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ပြီး တွေ့ကြုံနိုင်သနည်း။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ချေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အမှန်တကယ် ရှိနေသည့် ပြဿနာတစ်ခု ဖြစ်ပြီး ယင်းတို့သည် လူများ၏ လက်တွေ့ဘဝများ၌ ပင်ကိုအားဖြင့် မကြာခဏ ပေါ်ထွက်လာကြ၏။ လူများအပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ မည်သည်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အမြဲတမ်း ပေါ်ထွက်လာကြလိမ့်မည်။ ဥပမာအားဖြင့် လူများသည် မည်သည်ကို ပြောဆို၊ လုပ်ဆောင်သည်ဖြစ်စေ၊ များသောအားဖြင့် ၎င်းတို့တွင် သေချာသော ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များ ရှိကြ၏။ ပိုင်းခြားသိမြင်နိုင်သော အမြင်ရှိသူများသည် လူများ၏ ပြောဆို လုပ်ဆောင်ပုံက စစ်မှန်သလော၊ အတုအယောင်လော ဆိုသည်ကိုသာမက ၎င်းတို့၏စကားများနှင့် လုပ်ဆောင်ချက်များအတွင်း၌ ဖုံးကွယ်ထားသည့် အရာများနှင့် ၎င်းတို့အတွင်း ရှိနေသည့် လှည့်ကွက်များကိုလည်း သိမြင်ခံစားနိုင်ကြ၏။ သို့ဆိုလျှင် ဤအရာများသည် ပင်ကိုအားဖြင့် ပေါ်ထွက်လာကြသလော။ လူများသည် ၎င်းတို့ကို ဖုံးကွယ်ထားနိုင်ကြသလော။ လူများသည် မည်သည်ကိုမျှ မပြောဆို၊ မလုပ်ဆောင်သည့်တိုင် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ တုံ့ပြန်ချက်တစ်ခု ရှိနေဆဲဖြစ်သည်။ ဤအရာများသည် ပထမအနေဖြင့် ၎င်းတို့၏ အမူအရာမှ ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏စကားများနှင့် လုပ်ဆောင်ချက်များမှတစ်ဆင့် ပို၍ပင် ပေါ်ထွက်လာကြ၏။ ပိုင်းခြားသိမြင်နိုင်သော အမြင်ရှိသူများက အမြဲတမ်း သတိပြုမိလိမ့်မည်ဖြစ်ပြီး လူနုံလူအများကသာ ယင်းကို မခွဲခြားနိုင်ကြပေ။ လူများအနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်မှာ ပုံမှန်ဖြစ်သည်၊ ဤသည်မှာ လူအယောက်တိုင်းအတွက် တည်ရှိနေသည့် တကယ့်ပြဿနာတစ်ခု ဖြစ်သည်ဟု ဆိုနိုင်၏။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်သည် သူ၏အမှုတော်၌ သမ္မာတရား အများအပြားကို ဖော်ပြခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့ အပြစ်များ၏ အကြောင်းရင်းများကို ဖြေရှင်းပေးရန်၊ လူများကို စာတန်၏ ဖောက်ပြန်ပျက်စီးမှုမှ ကယ်တင်ရန်၊ လူများအား ကယ်တင်ခြင်းရရှိ၍ စာတန်၏စွမ်းအားမှ လွတ်မြောက်အောင် ကူညီရန်နှင့် အထူးသဖြင့် လူများအား အသက်၊ သမ္မာတရားနှင့် လမ်းခရီးကို နှင်းအပ်ရန်အတွက် ဤသမ္မာတရားများကို ဖော်ပြခြင်း ဖြစ်သည်။ လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံကြလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မသန့်စင်နိုင်သဖြင့် ကယ်တင်ခြင်းကို မရနိုင်ကြချေ။ ထို့ကြောင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော သူတို့သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း၌ ကြိုးစား အားထုတ်ကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်ချိန်တွင် မိမိကိုယ်ကို ဆင်ခြင်၍ မိမိကိုယ်ကို သိရန် ကြိုးစားကြလိမ့်မည်။ ထို့ပြင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကိုလည်း ရှာဖွေကြလိမ့်မည်။ သမ္မာတရားကိုချစ်သော သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကို သိရန် ကြိုးစားခြင်းကို အာရုံစိုက်ကြ၏။ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အကျည်းတန်မှုကို ထုတ်ဖော်သည့် မှန်တစ်ချပ်ကဲ့သို့ ဖြစ်ကြောင်း ခံစားမိကြ၏။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံလာကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုလည်း တဖြည်းဖြည်း ဖြေရှင်းကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခံရခြင်း နည်းပါးလာသည်ကို ၎င်းတို့ မြင်ရသည့်အချိန်တွင်၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ကျိုးနွံနာခံကြသည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ များစွာ ပို၍ လွယ်ကူကြောင်းကိုလည်းကောင်း၊ အခက်အခဲများလည်း မရှိတော့ကြောင်းကိုလည်းကောင်း ခံစားရကြလိမ့်မည်။ ဤအချိန်တွင် ၎င်းတို့အတွင်း၌ စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို မြင်ကြရလိမ့်မည်။ ပြီးလျှင် “အနန္တတန်ခိုးရှင် ဘုရားသခင်သည် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ကျေးကျွန်ဘဝနှင့် အချုပ်အနှောင်များမှ ကယ်တင်ခဲ့ပြီး ငါ့အား စာတန်၏စွမ်းအားမှ ကယ်တင်ခဲ့လေပြီ” ဟူသော ဘုရားသခင်အား စစ်မှန်သည့် ချီးမွမ်းခြင်းသည် ၎င်းတို့၏ စိတ်နှလုံး၌ ဖြစ်ပေါ်လာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံရခြင်းမှ ရရှိသည့် အကျိုးရလဒ် ဖြစ်၏။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို မတွေ့ကြုံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မသန့်စင်နိုင်သကဲ့သို့ စာတန်၏စွမ်းအားမှလည်း မလွတ်မြောက်နိုင်ကြပေ။ သမ္မာတရားကို မချစ်ခင်ကြသော လူအများအပြား ရှိကြ၏၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှု၍ တရားဒေသနာများကို ကြားနာကြသည့်တိုင် ထိုနောက်တွင် စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုကြ၏။ အကျိုးဆက်အဖြစ် ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာကြသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကိုမျှ မဖြေရှင်းကြပေ။ ဤလူများသည် ၎င်းတို့ အစဉ်ဖြစ်ခဲ့သည့်ပုံစံအတိုင်း ထူးမခြားနားသော စာတန်များနှင့် နတ်ဆိုးများ ဖြစ်နေကြဆဲဖြစ်၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ဝေသရွေ့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်အနည်းငယ်ကို ၎င်းတို့ ရွတ်ဖတ်ပြီး သူ၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အခြားသူများနှင့် မိတ်သဟာယပြုသရွေ့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ များစွာသော စကားများနှင့် အယူဝါဒများကို ၎င်းတို့ ပြောနိုင်သရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ ပြီးလျှင် ၎င်းတို့အနေဖြင့် အယူဝါဒများကို နားလည်နိုင်ကာ မိမိကိုယ်ကို ထိန်းချုပ်မှုကို သင်ယူနိုင်သရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ထင်ခဲ့ကြ၏။ အကျိုးဆက်အဖြစ် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက် စိတ်သဘောထားများတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိကြသေးချေ။ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပြောဆိုနိုင်သဖြင့် အံ့အားသင့်ကြ၏။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသည့်နောက်တွင် ၎င်းတို့သည် လက်ချည်းဗလာဖြစ်ပြီး မည်သည့်သမ္မာတရားကိုမျှ မရရှိခဲ့သေးဘဲ အချည်းနှီး အသက်ရှင်၍ ဤနှစ်များအားလုံးတွင် အချိန်ဖြုန်းခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဤကဲ့သို့သော အတုအယောင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အများအပြားရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့တွင် အားစိုက်ထုတ်ရမည့်အစား လုပ်ငန်းလုပ်ဆောင်ခြင်းနှင့် တရားဒေသနာများ ဟောခြင်းကိုသာ အာရုံစိုက်နေကြ၏။ သို့ဖြစ်ရာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် ရှိကြသလော။ လုံးဝ မရှိကြချေ။
ဘုရားသခင်ကို ယုံကြည်သောသူများအတွက် အရေးကြီးဆုံး စစ်မှန်မှုမှာ အဘယ်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အရေးကြီးဆုံး အပိုင်းမှာ အဘယ်နည်း။ လူတစ်ယောက်သည် ဦးဆုံးအနေဖြင့် စည်းမျဉ်းများကို နားလည်သဘောပေါက်မှု ရှိရမည်ဟူသော အပိုင်း မဟုတ်လော။ သို့ဆိုလျှင် စည်းမျဉ်းများဟူသည်မှာ အဘယ်နည်း။ ယင်းတို့သည် သမ္မာတရား၏ လက်တွေ့ကျသောအပိုင်း၊ အကျိုးရလဒ်များကို အာမခံနိုင်သော စံနှုန်းပင် ဖြစ်၏။ စည်းမျဉ်းများသည် ဤမျှလောက် ရိုးရှင်းပေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် အဓိပ္ပာယ် ကောက်သည့်အခါ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်သည်ဟု ယူဆ၏၊ သို့သော် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိချေ။ ယင်းသည် သမ္မာတရား၏ စည်းမျဉ်းများကို နားမလည်သောကြောင့် ဖြစ်၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ မှန်ကန်သည်ဟုလည်းကောင်း၊ ယင်းတို့မှာ သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း ယူဆ၏၊ သို့သော် သမ္မာတရား၏ လက်တွေ့ကျသောဘက်သည် မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့် အခြေအနေများကို ရည်ရွယ်သည်၊ ဤနေရာ၌ စည်းမျဉ်းများမှာ မည်သည့်အရာများဖြစ်သည်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် အဘယ်ဖြစ်သည်တို့ကို သင် မသိချေ။ သင်သည် ဤအရာကို သဘောပေါက် နားလည်နိုင်ခြင်း မရှိပေ။ သင်သည် အယူဝါဒကိုသာ နားလည်၍ သမ္မာတရားကို နားမလည်ကြောင်း သက်သေပြခြင်း ဖြစ်၏။ အကယ်၍ သင်သည် အယူဝါဒကိုသာ နားလည်ကြောင်း အမှန်တကယ် သတိပြုမိနိုင်လျှင် မည်သည်ကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။ ဦးဆုံးအနေဖြင့် သမ္မာတရား၏ လက်တွေ့ကျသောဘက်အတွက် မှန်ကန်တိကျသော ထင်မြင်ချက်တစ်ခု ရှိရမည်၊ စစ်မှန်မှု၏ မည်သည့် သွင်ပြင် လက္ခဏာတို့မှာ အပေါ်လွင်ဆုံးဖြစ်ကြောင်းနှင့် ဤစစ်မှန်မှုကို ဝင်ရောက်ရန်အတွက် မည်သို့ လက်တွေ့ လုပ်ဆောင်သင့်ကြောင်းကို မြင်ရမည်။ ဤနည်းအတိုင်း ရှာဖွေ စူးစမ်းခြင်းအားဖြင့် သင်သည် လမ်းကို ရှာတွေ့လိမ့်မည်။ သင်သည် စည်းမျဉ်းများကို နားလည်ခြင်း ရရှိ၍ ဤစစ်မှန်မှုကို အသက်ရှင် နေထိုင်နေသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို ရရှိပြီး ဖြစ်သွားပေလိမ့်မည်။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်းမှ ဖြစ်လာသည့် အောင်မြင်မှု ဖြစ်၏။ သင်သည် သမ္မာတရား အများအပြား၏ စည်းမျဉ်းများကို နားလည်နိုင်၍ ၎င်းတို့ထဲမှ အချို့အား လက်တွေ့လုပ်ဆောင်နိုင်သည်ဆိုလျှင် သင့်ထံ၌ သမ္မာတရား စစ်မှန်မှု ရှိသည့်အပြင် သင်သည် အသက်ကိုလည်း ရရှိခဲ့လေပြီ။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ရှာဖွေသည်ဖြစ်စေ၊ သမ္မာတရား၏ စစ်မှန်မှုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း မည်သည့်နေရာ၌ ရှိနေသည်၊ သူ၏သတ်မှတ်ချက်များမှာ အဘယ်အရာဖြစ်သည် ဆိုသည်တို့ကို သဘောပေါက်သွားသည်နှင့်၊ သင်သည် အမှန်တကယ် နားလည်၍ အဖိုးအခ ပေးနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်နှင့် ဤသမ္မာတရားအား ရရှိသွားပြီဖြစ်သည်။ ဤသမ္မာတရားကို ရရှိနေသည့်အချိန်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တဖြည်းဖြည်း ပြေလည်လာမည် ဖြစ်ပြီး ဤသမ္မာတရားသည်လည်း သင်နှင့်တစ်သားတည်း ဖြစ်လာလိမ့်မည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့်အညီ မိမိတာဝန်နှင့် လုပ်ဆောင်ချက်တိုင်းကို ဆောင်ရွက်ပြီး ကျင့်ကြံပြုမူနိုင်လျှင် သင်သည် ပြောင်းလဲသွားခဲ့ပြီဆိုသည့် အဓိပ္ပာယ်မဟုတ်လော။ သင်သည် မည်သို့သော လူအမျိုးအစား ဖြစ်လာပြီနည်း။ သင်သည် သမ္မာတရား စစ်မှန်မှုရှိသည့် လူတစ်ယောက် ဖြစ်လာလေပြီ။ သမ္မာတရား စစ်မှန်မှုရှိသော လူတစ်ယောက်သည် စည်းမျဉ်းနှင့်ညီသော လုပ်ရပ်များကို လုပ်ဆောင်သည့် လူတစ်ယောက်လော။ စည်းမျဉ်းနှင့်ညီသော လုပ်ရပ်များကို လုပ်ဆောင်သည့် လူတစ်ယောက်သည် သမ္မာတရားကို ရရှိထားပြီလော။ သမ္မာတရားကို ရရှိထားသော လူတစ်ယောက်သည် သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်နေသလော။ သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်နေသူ တစ်ယောက်သည် သမ္မာတရားနှင့် လူ့သဘာဝရှိသလော။ သမ္မာတရားနှင့် လူ့သဘာဝရှိသော လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီသော လူများသည် ကိုယ်တော်ရယူချင်သည့် လူအမျိုးအစားများ ဖြစ်ကြ၏။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းကိုခံရခြင်းတို့နှင့် ပတ်သက်သည့် အတွေ့အကြုံ ဖြစ်သည်။ ဤသည်မှာ ကိုယ်တော့်နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှ အစပြုခြင်းဖြင့် သမ္မာတရားကို ရရှိသည့်ဖြစ်စဉ် ဖြစ်သည်သာမက ကယ်တင်ခြင်းကို ရရှိသည့် ဖြစ်စဉ်လည်း ဖြစ်၏။ ဤလမ်းသည် သမ္မာတရားကို အားထုတ်လိုက်စားခြင်း လမ်းပင်ဖြစ်ပြီး ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်းခံရသော လမ်းလည်း ဖြစ်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။