စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ (ကောက်နုတ်ချက် ၆၈)
သမ္မာတရား ရရှိခြင်းနှင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းတို့သည် မည်သည့်အပေါ်မှီတည်ကြောင်း သင်တို့ ယခု နားလည်ကြသလော။ ယင်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ အပေါ် မှီတည်ကြသည်။ ယင်းတို့ နှစ်ခု၌သာ မှီတည်သည်။ ထိုမျှပင် ရိုးရှင်းပေသည်။ ဘုရားသခင်က ဖော်ပြသည့် သမ္မာတရားသည် စာအရေးအသားပုံစံဖြင့် မှတ်တမ်းတင်ထားသော်လည်း သမ္မာတရား စစ်မှန်မှုသည် စာဖြင့် မှတ်တမ်းတင်ထားခြင်း မရှိ။ လူတို့အတွက် စာအရေးအသားမှ နားလည်လွယ်ပြီး သဘောပေါက်လွယ်ဖို့ဆိုသည်မှာ ပို၍ပင် နည်းပေသည်။ သို့ဆိုလျှင် သမ္မာတရားကို နားလည်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ကို အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြင့်လည်းကောင်း၊ သူ၏ အလုပ်များကို တွေ့ကြုံခံစားခြင်းဖြင့်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုတို့ဖြင့်လည်းကောင်း လုပ်ဆောင်နိုင်သည်။ သမ္မာတရား စစ်မှန်မှုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရသော လူတို့မှတစ်ဆင့် အမှန်တကယ် ဖြစ်ပေါ်နိုင်သည်။ ယင်းသည် အတွေ့အကြုံမှလာသည့် အရာတစ်ခု၊ လူတို့ ရှင်သန်ဖြတ်သန်းရသည့် အရာတစ်ခု ဖြစ်သည်။ သမ္မာတရားသည် အနှစ်မဲ့သောအယူအဆတစ်ခု မဟုတ်သကဲ့သို့ ရိုးရှင်းပြီး နာပျော်ဖွယ်ကောင်းသော စာတစ်ပိုဒ်လည်း မဟုတ်ချေ။ ယင်းသည် အသက်စွမ်းအားဖြင့် ကြွယ်ဝသော ဘာသာစကားတစ်ခု ဖြစ်သည်။ အသက်၏ ထာဝရ နီတိများဖြစ်သည်။ အကြင်သူတစ်ယောက်၏ သက်တမ်းတစ်လျှောက်လုံးအတွက် ဘဝတွင် အဖော်ပြုပေးနိုင်သော လက်တွေ့အကျဆုံးနှင့် တန်ဖိုးအရှိဆုံးသောအရာဖြစ်သည်။ သမ္မာတရားသည်ကား အဘယ်နည်း။ သမ္မာတရားသည် လူသား၏ အသက်တွင် တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်ကာ ကျင့်ကြံပြုမူခြင်းတွင်ဖြစ်စေ၊ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင်ဖြစ်စေ လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများ ဖြစ်သည်။ သမ္မာတရားသည် အကြင်သူကို ဘဝတွင် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကိုပေးသည်။ ယင်းသည် အကြင်သူကို စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ ထောက်ကူပေးပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်းဖြင့် အသက်ရှင်ရန်လည်း ထောက်ပံ့ပေးသည်။ ဤအကြောင်းကြောင့် လူတို့သည် သမ္မာတရားမရှိဘဲ မနေနိုင်ကြခြင်းပင်။ သို့ဆိုလျှင် ယခုအခါတွင် အသက်ရှင် နေထိုင်ရန် မည်သည့်အရာကို သင် အားကိုးအားထားပြုသနည်း။ သင့်တွင် မည်သည့် အတွေးများနှင့် အမြင်များ ရှိသနည်း။ ကိစ္စများကို လုပ်ဆောင်ရာတွင် သင်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှာကား အဘယ်နည်း။ သင့်တွင် သမ္မာတရား စစ်မှန်မှုရှိပါက သင်၏ ဘဝတွင် စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တို့ရှိသည်။ သင့်တွင် သမ္မာတရား စစ်မှန်မှု မရှိပါက သင့်အသက်တွင် စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တို့ မရှိချေ။ သင်သည် စာတန်၏ အတွေးအခေါ်များအားဖြင့်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှု၏ အရာများအားဖြင့်လည်းကောင်း ဧကန်မုချ အသက်ရှင်နေခြင်းပင်ဖြစ်သည်။ ယင်းသည် ဘာသာတရားမရှိသူများ နေထိုင်ပုံဖြစ်သည်။ သင်တို့ ဤကိစ္စကို ရိပ်စားမိနိုင်ကြသလော။ ဤပြဿနာကို ဖြေရှင်းရန် အကြင်သူသည် သမ္မာတရားကို ရှာဖွေကာ လက်ခံရမည်။ သမ္မာတရားကို ရရှိရန် လွယ်ကူသလော။ (ဘုရားသခင်အပေါ်တွင် အားကိုးအားထားပြုပါက လွယ်ကူပါသည်။) ဘုရားသခင်အပေါ် အားကိုးအားထားပြုစဉ်တွင် အကြင်သူသည် မိမိကိုယ်ကိုလည်း အားကိုးအားထားပြုရမည်။ သင့်တွင် ဤစိတ်ချယုံကြည်မှု၊ ဤစိတ်ဆန္ဒနှင့် သင့်စိတ်နှလုံးတွင် “စာတန်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများအကြား၌ ကျွန်ုပ် မနေချင်။ ကျွန်ုပ်သည် ယင်းတို့၏ ထိန်းချုပ် လှည့်စား ခံရကာ ယင်းသို့ဖြင့် လုံးဝ အရူးအလုပ် မခံလို၊ ဘုရားသခင်အား ကျွန်ုပ်ကို ရွံရှာရန် မလုပ်ဆောင်လို။ ဤနည်းအားဖြင့် ကျွန်ုပ်သည် ဘုရားသခင်ရှေ့မှောက်တွင် နေထိုင်ရန် မထိုက်တန်ဖြစ်လိမ့်မည်”ဟုဆိုသော ဤသတ်မှတ်ချက်တစ်ခုတို့ ရှိရမည်။ သင့် စိတ်နှလုံးတွင် ဤသို့ ခံစားချက်ရှိရမည်။ သို့ပါက ကိစ္စများ သင့်ထံသို့ ဖြစ်ပွားလာသည့်အခါတွင် သင်နားလည်နိုင်ပြီး သင်၏ လက်တွေ့ဘဝတွင် ရရှိနိုင်ကာ ယင်းကို ကိစ္စတိုင်းအတွက် သင်လက်တွေ့လုပ်ဆောင်နိုင်ပါက သမ္မာတရားသည် ထိုအခါ သင်၏ စစ်မှန်မှု ဖြစ်လာမည် မဟုတ်လော။ သမ္မာတရားသည် သင်၏ စစ်မှန်မှု ဖြစ်လာသည့်အခါ သင်၏ ဘဝသည် ရင့်ကျက်ကြီးထွားခြင်း မရှိမည်ကို သင်စိုးရိမ်ရဦးမည်လော။ လူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိ သင် မည်သို့ ဆုံးဖြတ်နိုင်သနည်း။ ထိုသူပြောသည့်အရာမှ မြင်တွေ့နိုင်သည်။ စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုသော သူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုကို မပိုင်ဆိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် ၎င်းတို့ပြောသည့်အရာသည် အနှစ်မရှိသကဲ့သို့ လက်တွေ့မကျပေ။ သမ္မာတရားစစ်မှန်မှုရှိသော လူတစ်ယောက်၏ စကားများသည် လူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ ပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ရိုးရှင်းသော စကားလုံးအနည်းငယ်မျှဖြင့် နှစ်များစွာ သင့်ကို နှောင့်ယှက်နေသော ပြဿနာတစ်ခု ပြေလည်သွားနိုင်သည်။ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်လိမ့်မည်။ အမှုကိစ္စများသည် သင့်အတွက် ခက်ခဲတော့မည် မဟုတ်။ ချည်နှောင်ပြီး ချုပ်ချယ်ခံရခြင်းကို ခံစားရတော့မည်မဟုတ်။ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရရှိလိမ့်မည်။ ထိုသို့သောသူ ပြောသည့်အရာသည် သမ္မာတရားစစ်မှန်မှု ဟုတ်သလော။ ယင်းမှာ သမ္မာတရား စစ်မှန်မှုဖြစ်သည်။ ထိုသူသည် မည်သည့်အရာကို ပြောပါစေ သင်၏ ပြဿနာကို သင်နားမလည်လျှင်၊ သူပြောသမျှ မည်သည့်အရာမျှ ယင်း၏ အကြောင်းရင်းဇာစ်မြစ်ကို မပြေလည်စေလျှင် ၎င်းတို့ ပြောဆိုသည့်အရာသည် စကားများနှင့် အယူဝါဒများသာဖြစ်သည်။ စကားများနှင့် အယူဝါဒများသည် လူတို့ကို ပံ့ပိုးကူညီနိုင်သလော။ စကားများနှင့် အယူဝါဒများသည် လူတို့ကို မပံ့ပိုးနိုင်၊ သို့မဟုတ် မကူညီနိုင်သကဲ့သို့ လူတို့၏ အမှန်တကယ်ဖြစ်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ စကားများနှင့် အယူဝါဒများကို ပြောလေလေ၊ နားထောင်သူက စိတ်အနှောင့်အယှက်ဖြစ်လေလေ ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် အခြားပုံစံဖြင့် ပြောဆိုသည်။ စကားလုံးအနည်းငယ်ဖြင့် ၎င်းတို့သည် ပြဿနာ၏ အရင်းအမြစ်အကြောင်းရင်း၊ သို့မဟုတ် ရောဂါ၏ မူလဇာစ်မြစ်ကို ထောက်ပြနိုင်သည်။ ဝါကျတစ်ကြောင်းတည်းကပင် လူတို့ကို နိုးထစေနိုင်ပြီး အဓိကပြဿနာများကို ရှာတွေ့နိုင်သည်။ ဤသည်မှာ လူတို့၏ အခက်အခဲများကို ဖြေရှင်းပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ထောက်ပြရန်အတွက် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည့် စကားလုံးများကို အသုံးပြုခြင်းဖြစ်သည်။
နောက်ဆုံးသောကာလတွင် လူ့ဇာတိခံ ဘုရားသခင် ကြွလာပြီဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်ကို ထောက်လျှင် လူသားတို့သည် မည်သည်ကို အရရှိသင့်ဆုံးနည်း။ ယင်းမှာ သမ္မာတရား၊ အသက်ပင်ဖြစ်သည်။ အခြားမည်သည်ကမျှ အရေးမပါပေ။ ခရစ်တော် ကြွလာခဲ့စဉ်က သူဆောင်ကြဉ်းခဲ့သည်မှာ သမ္မာတရား၊ အသက် ပင်ဖြစ်သည်။ သူက လူသားတို့ကို အသက်နှင့် ထောက်ပံ့ပေးရန် လာခဲ့သည်။ သို့ဆိုလျှင် လူတစ်ယောက်သည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် မည်သို့ လုပ်ဆောင်သနည်း။ သမ္မာတရားနှင့် အသက်ကို ရရှိရန် မည်သည်ကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဖြောင့်မတ်မှုကို ဆာလောင်ငတ်မွတ်သူ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်တင်းသည်အထိ စားသောက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သမ္မာတရားဖြစ်သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များသည် ကြွယ်ဝကာ အလျှံပယ်ဖြစ်သည်။ တန်ဖိုးရှိသော အရာများသည် နေရာတိုင်းတွင် ရှိ၍ နေရာအနှံ့တွင် ရတနာများ ရှိသည်။ လှပသော ခါနန်တိုင်း၏ ကြွယ်ဝမှုများကို ခံစားပျော်မွေ့ကာ သမ္မာတရားကို ချစ်မြတ်နိုးသူတို့သည် စိတ်နှလုံး၌ ဝမ်းမြောက်ခြင်းဖြင့် ပွင့်လန်းနေပေသည်။ ၎င်းတို့ စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ဝါကျတိုင်းတွင် သမ္မာတရားနှင့် အလင်းတို့ ရှိကြသည်။ ယင်းတို့ အားလုံးသည် တန်ဖိုးရှိသည်။ သမ္မာတရားကို မချစ်သူတို့သည် ဒုက္ခသုက္ခဖြင့် မျက်နှာမှုန်ကုပ်နေကြ၏။ ၎င်းတို့သည် စားပွဲသောက်ပွဲတွင် ထိုင်နေလျက် အငတ်ဘေး ဆိုက်နေရကာ ၎င်းတို့၏ သနားစဖွယ် အခြေအနေကို ပြကြသည်။ သမ္မာတရားကို ရှာဖွေနိုင်သူတို့၏ ရရှိမှုများသည် ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး မရှာဖွေနိုင်သူတို့မှာ လမ်းဆုံးသို့ ရောက်ရှိပေမည်။ ယခုအချိန်တွင် အရာတိုင်း၌ သမ္မာတရား ရှာဖွေရန် လည်းကောင်း၊ သမ္မာတရား၏ နားလည်မှုကို ရောက်စေရန်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ရန်လည်းကောင်း သင်ယူနေခြင်းသည် အကြီးမားဆုံး အလေးထားစရာဖြစ်သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည့်အရာပင် ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန်မှာ သမ္မာတရားနှင့် အသက်တို့ ရရှိရန်ဖြစ်သည်။ သမ္မာတရားကို မည်သည့်အတွက် အသုံးပြုသနည်း။ လူတို့၏ ဝိညာဉ်ရေးရာလောကကို ကြွယ်ဝစေရန် သုံးသလော။ လူတို့ကို ကောင်းမွန်သော ပညာရေးပေးရန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သမ္မာတရားသည် လူသား၏ မည်သည့် ပြဿနာကို ဖြေရှင်းပေးသနည်း။ သမ္မာတရားသည် လူသား၏ ဖောက်ပြန်သောစိတ်သဘောထားကို ဖြေရှင်းရန်၊ လူသား၏ အပြစ်ရှိသော သဘာဝကို ဖြေရှင်းရန်၊ လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်တွင် နေထိုင်စေရန်နှင့် သာမာန် လူ့သဘာဝကို အသက်ရှင်နေထိုင်စေရန်အတွက် တည်ရှိနေရခြင်းဖြစ်သည်။ လူအချို့သည် သမ္မာတရားသည် မည်သည်ဖြစ်သည်ကို နားမလည်ကြ။ သူတို့က သမ္မာတရားသည် လေးနက်ကာ စိတ္တဇဆန်သည်၊ ထို့ပြင် သမ္မာတရားသည် နက်နဲမှုတစ်ခုဟုလည်း အစဉ်အမြဲ ခံစားကြသည်။ သူတို့က သမ္မာတရားသည် လူတို့ လက်တွေ့လုပ်ဆောင်ရန် အရာတစ်ခု၊ ကျင့်သုံးရန်အရာတစ်ခု ဖြစ်ကြောင်း နားမလည်ကြပေ။ လူအချို့သည် ဘုရားသခင်အပေါ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်ကြာ ယုံကြည်ထားပြီး သမ္မာတရားသည် မည်သည်ဖြစ်သည်ကို တိတိကျကျ နားမလည်ကြသေးပေ။ ဤကဲ့သို့ လူမျိုးသည် သမ္မာတရားကို ရရှိပြီး ဖြစ်သလော။ (မဟုတ်ပါ။) သမ္မာတရားကို မရရှိသေးသူတို့သည် သနားစရာ မကောင်းသလော။ လွန်စွာပင် သနားစရာကောင်းသည်။ ဓမ္မတေးထဲတွင် သီဆိုကြသလိုပင် သူတို့သည် “စားပွဲသောက်ပွဲတွင် ထိုင်နေလျက် အငတ်ဘေးဆိုက်” နေကြသည်။ သမ္မာတရားကို ရရှိခြင်းသည် မခက်ခဲသကဲ့သို့ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည်လည်း မခက်ခဲပေ။ သို့သော် လူတို့သည် သမ္မာတရားကို အစဉ်သဖြင့် အလွန်အမင်း မနှစ်မြို့လျှင် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်သို့ အစဉ်လာရမည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ အတွင်းအခြေအနေများကို စစ်ဆေးရမည်။ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းကို သင်မည်သို့ပြသသည်ကို ကြည့်ရမည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် မည်သည့်ပုံစံက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ကြောင်း၊ သင်သည် မည်သည့်အရာများ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသဘောထားရှိကြောင်းတို့ကို ကြည့်ရမည်။ ဤအရာများကို မကြာခဏ ဆန်းစစ်ရမည်။ ဥပမာ တစ်စုံတစ်ယောက်က သင့်ကို “သင့် အလိုကို မှီခိုနေရုံမျှဖြင့် သင်၏ တာဝန်ကို မထမ်းဆောင်နိုင်၊ သင်သည် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်စဉ်းစားကာ သိကျွမ်းသင့်သည်”ဟု ဆိုဆုံးမလေရာ သင်က ဒေါသထွက်ကာ “ငါ့တာဝန်ကို ငါထမ်းဆောင်ပုံမှာ မကောင်းသော်လည်း သင်ထမ်းဆောင်ပုံက အဘယ်သို့ ကောင်းရသနည်း။ ငါတာဝန် ထမ်းဆောင်ပုံတွင် အဘယ်က မှားနေသနည်း။ ဘုရားသခင်က ငါ့ စိတ်နှလုံးကို သိသည်”ဟု ခွန်းတုံ့ပြန်လေလျှင် ဤသည်မှာ မည်ကဲ့သို့ သဘောထားမျိုးနည်း။ သမ္မာတရားကို လက်ခံသည့် သဘောထားမျိုးလော။ (မဟုတ်ပါ။) ကိစ္စများ ကြုံလာရသည့်အခါ အကြင်သူသည် သမ္မာတရားကို လက်ခံသည့် သဘောထား ဦးစွာရှိရမည်။ ဤကဲ့သို့ သဘောထားမျိုး မရှိခြင်းသည် ရတနာကို လက်ခံရန် တန်ဆာမရှိခြင်းကဲ့သို့ပင် ဖြစ်သောကြောင့် သင့်ကို သမ္မာတရား ရရှိဖို့ မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။ အကယ်၍ လူတစ်ယောက်သည် သမ္မာတရားကို မရရှိနိုင်လေလျှင် သူ၏ ဘုရားသခင်အပေါ် ယုံကြည်မှုသည် အချည်းနှီးပင်။ ဘုရားသခင်အပေါ် ယုံကြည်ရခြင်း ရည်ရွယ်ချက်မှာ သမ္မာတရား ရရှိရန်ပင် ဖြစ်သည်။ အကယ်၍ အကြင်သူသည် သမ္မာတရားကို မရရှိနိုင်ပါက သူ၏ ဘုရားသခင်အပေါ် ယုံကြည်မှုသည် ကျရှုံးပေသည်။ သမ္မာတရား ရရှိရန်ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားသည် သင်၏ စစ်မှန်မှု ဖြစ်လာသည့်အချိန်၊ သင်၏ အသက်ဖြစ်လာသည့်အချိန်ပင် ဖြစ်သည်။ ယင်းသည် သမ္မာတရားကို ရရှိခြင်းဟူသည့်အရာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဟူသည့်အရာပင် ဖြစ်သည်။ ဘုရားသခင်က သူ၏ ထိုနှုတ်ကပတ်တော်များကို မည်သည်အတွက် ပြောဆိုသနည်း။ ဘုရားသခင်က ယင်းသမ္မာတရားတို့ကို မည်သည်အတွက် ဖော်ပြသနည်း။ လူတို့ သမ္မာတရားကို လက်ခံစေရန်၊ ယင်းသို့ဖြင့် ဖောက်ပြန်ပျက်ဆီးမှုသည် သန့်စင်လာစေရန်၊ ယင်းသို့ဖြင့် လူတို့ သမ္မာတရားကို ရရှိစေရန်၊ ယင်းသို့ဖြင့် သမ္မာတရားသည် သူတို့၏ အသက်ဖြစ်လာစေရန် အတွက်ဖြစ်သည်။ အခြားအဘယ်အကြောင်းကြောင့်များ ဘုရားသခင်သည် သမ္မာတရား အမြောက်အမြားကို ဖော်ပြလိမ့်မည်နည်း။ သမ္မာကျမ်းစာနှင့် ယှဉ်ပြိုင်ရန်လော။ “သမ္မာတရား တက္ကသိုလ်”ကို တည်ထောင်ကာ လူတစ်စုကို လေ့ကျင့်သင်ကြားရန်လော။ နှစ်ခုလုံး မဟုတ်ပါ။ ထိုအစား ယင်းသည် လူသားမျိုးနွယ်ကို အပြည့်အဝကယ်တင်ရန်၊ လူတို့ သမ္မာတရားကို နားလည်ကာ နောက်ဆုံးတွင် ရရှိနိုင်ရန် အတွက်ဖြစ်သည်။ သင်အခု နားလည်သည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည်က အရေးအကြီးဆုံးနည်း။ (သမ္မာတရားကို ရရှိခြင်းနှင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်း ဖြစ်ပါသည်။) ဤနေရာမှစ၍ အရေးအကြီးဆုံးမှာ သင်တို့ သမ္မာတရား စစ်မှန်မှုသို့ မည်သို့ဝင်ရောက်သည်နှင့် သင်တို့ ဝင်ရောက် နိုင်ခြင်း ရှိမရှိတို့သာ ဖြစ်လေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။