ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၂

ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက သင်တို့၏ အစေခံခြင်းမှာ ရပ်စဲလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံကြသည့် လူများဖြစ်သောကြောင့်၊ အနည်းဆုံး အနေဖြင့် သင်တို့သည် သင်တို့၏ အစေခံခြင်း၌ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု ရှိနိုင်စွမ်းရှိရမည့်အပြင် သင်ခန်းစာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူနိုင်စွမ်းရှိရမည်။ အထူးသဖြင့် အသင်းတော်၌ အလုပ်လုပ်နေကြသော သင်တို့အတွက်၊ သင်တို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများ တစ်ဦးဦးက သင်တို့ကို ကိုင်တွယ် ဖြေရှင်းဝံ့မည်လော။ သင်တို့၏ အမှားများကို သင်တို့ရှေ့၌ တစ်စုံတစ်ဦးက ဗြောင်ကျကျ ပြောဝံ့မည်လော။ သင်တို့သည် အခြားသူများအထက်၌ မြင့်မြင့်မားမား ရပ်တည်ကြ၏၊ ဘုရင်များကဲ့သို့ ကြီးစိုးကြလေတကား။ သင်တို့သည် ဤကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးများကို လေ့လာခြင်း သို့မဟုတ် ၎င်းတို့အထဲသို့ ဝင်ရောက်ခြင်းပင် မရှိပါဘဲလျက် ဘုရားသခင်အား အစေခံခြင်းအကြောင်းကို ပြောနေသေးသည်တကား။ လက်ရှိတွင် သင့်အား အသင်းတော် အနည်းငယ်ကို ဦးဆောင်စေသော်လည်း သင့်ကိုယ်သင် မစွန့်လွှတ်သည်သာမက၊ “ငါတို့သည် အခြားသူများ၏ ချုပ်ထိန်းခြင်း မခံသင့်သည့်အပြင် ယနေ့ခေတ်တွင် ငါတို့ တွေးခေါ်မြော်မြင်မှု ကင်းမဲ့စွာ နာခံခြင်း မပြုသင့်ဟု ဘုရားသခင် မြွက်ဆိုထားသကဲ့သို့၊ ဤအရာကို ဤနည်းဖြင့် ပြုလုပ်သင့်သည်ဟု ငါထင်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကာ သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များကိုပင် ဖက်တွယ်ထားကြသည်။ ထို့အတွက်ကြောင့် သင်တို့အယောက်စီတိုင်းက သင်တို့ကိုယ်ပိုင် ထင်မြင်ချက်ကို ဆုပ်ကိုင်ပြီး မည်သူမျှ အချင်းချင်း မနာခံကြပေ။ သင်၏ အစေခံခြင်းမှာ ချောင်ပိတ်မိသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း သင်သည် “ငါမြင်သည့်အတိုင်းဆိုလျှင် ငါ့နည်းလမ်းမှာ ပစ်မှတ်နှင့် မဝေးပေ။ မည်သို့ဖြစ်စေ ငါတို့ တစ်ဦးစီတွင် သဘောထား ကိုယ်စီရှိသည်- သင့်သဘောထားကို သင်ပြောပြီး ငါ့သဘောထားကို ငါပြောမည်။ သင့်ရူပါရုံများ အကြောင်းကို သင် မိတ်သဟာယပြုပြီး ငါ့ဝင်ရောက်မှု အကြောင်းကို ငါပြောမည်” ဟု သင်ပြောနေသေးသည်။ ကိုင်တွယ်ဖြေရှင်းသင့်သည့်အရာ မြောက်မြားစွာအတွက် သင် လုံးဝ တာဝန်ယူခြင်းမရှိ၊ သို့မဟုတ် သင်တို့ကိုယ်စီက မိမိကိုယ်ပိုင် ထင်မြင်ချက်များကို ရင်ဖွင့်နေပြီး မိမိကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် မျက်နှာကို နှိုင်းချင့်စွာ ကာကွယ်နေကြကာ အမှန်ပင် ကြံဖန် လုပ်ဆောင်ကြသည်။ သင်တို့အနက်မည်သူမျှ မိမိကိုယ်ကိုယ် နှိမ့်ချလိုစိတ် မရှိသည့်အပြင်၊ အသက်တာသည် ပို၍မြန်ဆန်စွာ တိုးတက်နိုင်ရန်အလို့ငှာ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များကို ထေမိစေဖို့ရာ မည်သည့်ဘက်ကမျှ အစပျိုးလိမ့်မည်မဟုတ်ချေ။ သင်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူသင့်ကြ၏။ သင်တို့က၊ “ကျွန်ုပ်သည် သမ္မာတရား၏ ဤရှုထောင့်နှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု မရှိပါ။ ယင်းနှင့် ပတ်သက်၍ သင် မည်သည့်အတွေ့အကြုံ ရှိပါသနည်း။” ဟု ပြောနိုင်သည်၊ သို့မဟုတ် “ဤရှုထောင့်နှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ထက် အတွေ့အကြုံ ပိုရှိသည်။ ကျေးဇူးပြု၍ လမ်းညွှန်ချက်တစ်ချို့ ကျွန်ုပ်ကို ပေးနိုင်မည်လော” ဟု သင် ပြောနိုင်သည်။ ယင်းသည် ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နည်းလမ်း ကောင်းဖြစ်မည် မဟုတ်လော။ သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတစ်လေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ပူးပေါင်း ဆောင်ရွက်ရာတွင်၊ သင်ပြောသော စကားအချို့မှာ မသင့်လျော်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ ယင်းကို နောက်မှ မိတ်သဟာယပြုပြီး ယင်းအပေါ် ရှင်းလင်းသော နားလည်မှု ရယူလော့။ ယင်းကို လျစ်လျူမရှုနှင့်။ ဤသို့သော မိတ်သဟာယမျိုးနောက်တွင် ညီအစ်ကို သို့မဟုတ် မောင်နှမများ၏ ပျော့ကွက်များကို သင်ထေမိစေနိုင်မည်။ အလုပ်ထဲတွင် ဤကဲ့သို့ ပို၍နက်နဲစွာ ရွေ့လျားသွားခြင်း အားဖြင့်သာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အမြဲတမ်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။ ယခုပင်လျှင် ထိုကဲ့သို့သောအရာများမှာ သင်တို့အထဲတွင် ပေါ်ပေါက်ဆဲဖြစ်သည်။ ယိုးမယ်ဖွဲ့စရာများကို တမင်တကာ ရှာဖွေပြီး အသေးအဖွဲကိစ္စအချို့ကို ငြင်းခုံကြစဉ် မျက်နှာတစ်ခုလုံး နီမြန်းလာကာ၊ မည်သူမျှ မိမိကိုယ်ကိုယ် လက်လျှော့လိုစိတ်မရှိ၊ လူတိုင်း သူ့အတွင်းစိတ်ကူးများကို တစ်ပါးသူထံမှ ဖုံးကွယ်ထားလျက် တစ်ဖက်သားကို မမှိတ်မသုန် စောင့်ကြည့်ပြီး အမြဲတမ်း သတိထားနေလျက်၊ မိတ်သဟာယ ပြုစဉ် အချင်းချင်း တိုက်ခိုက်သည်အထိပင် ဖြစ်ကြသည်။ ဤသို့သော စိတ်သဘောထားမျိုးမှာ ဘုရားသခင်အတွက် အစေခံခြင်းနှင့် သင့်လျော်သလော။ သင်တို့၏အလုပ်ကဲ့သို့သော အလုပ်က ညီအစ်ကိုမောင်နှမများကို တစ်စုံတစ်ရာ ဖြည့်စွမ်းပေးနိုင်သလော။ လူတို့ကို မှန်ကန်သော အသက်တာ လမ်းကြောင်းဆီသို့ သင် လမ်းမညွှန် ပေးနိုင်သည်သာမက၊ သင်၏ ညီအစ်ကိုမောင်နှမများထဲ၌ သင့်ကိုယ်၌၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်ပင် ထည့်သွင်းပေးနေသည်။ အခြားသူများကို သင်နာကျင်စေနေသည် မဟုတ်လော။ သင့်အသိစိတ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ယင်းသည် ရိုးတွင်းခြင်ဆီအထိ ပုပ်ပျက်သည်တကား။ သင်သည် စစ်မှန်မှုထဲသို့ မဝင်ရောက်သည့်အပြင် သမ္မာတရားကိုလည်း သင် လက်တွေ့မကျင့်သုံးပေ။ ထို့ထက်မက အခြားသူများအား သင်၏ ဆိုးယုတ်သောသဘာဝကို အရှက်မရှိ ထုတ်ပြနေသည်။ သင်သည် အရှက်တရားကို တကယ်ပင် မသိချေ။ ဤညီအစ်ကို မောင်နှမများကို သင့်အား အပ်နှံထားသော်လည်း သင်သည် သူတို့ကို ငရဲသို့ ပို့ဆောင်နေသည်။ သင်သည် အသိစိတ် ပုပ်ပျက်သွားသောသူတစ်ဦး မဟုတ်ပေသလော။ သင်၌ အရှက်တရား လုံးဝမရှိချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၉

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၅

ဘုရားသခင် လောကသို့ လာသည်မှာ အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဖို့ ဖြစ်သည်။ သင်ကျွမ်းဝင်သောအရာ၊ သင်မြင်သောအရာ၊ သင်ကြားသောအရာ၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၅

ဘုရားသခင်သည် လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ အကြောင်းမှာ ယင်းသည် သူ၏အလုပ် လိုအပ်ချက်အရ ဖြစ်သည့်အပြင် လူအတွက်လည်း လိုအပ်ပေသည်။ လူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၄

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။