“ချစ်လို့” သီချင်းအကြောင်း မိတ်သဟာယ (အပိုင်း သုံး)
နောက်တစ်ကြောင်းကို ကြည့်သည့်အခါ “ချစ်လို့၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်တို့ကို စာတန်ရဲ့ စွမ်းအားကနေ လွတ်မြောက်စေပြီး ကယ်တင်ခြင်း ရစေတယ်” ဟူ၍ ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ “ချစ်လို့”ဟူသော စကားလုံးနှစ်လုံးက မသင့်လျော်သော အကြောင်းပြချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အမှုတော်၏ ရလဒ်ဖြစ်သည်နှင့်အမျှ “ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်တို့ကို စာတန်ရဲ့ စွမ်းအားကနေ လွတ်မြောက်စေပြီး ကယ်တင်ခြင်း ရစေတယ်”ဟူသည့် စကားရပ်နှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းပေ။ သို့သော် အဘယ်ကြောင့် ဓမ္မတေးသီချင်းရေးသူက “ချစ်လို့”ဟူသည့်စကားများကို ရှေ့တွင် အမြဲ ဖြည့်စွက်ရမည်နည်း။ ဤအရာမှ မည်သည့် သင်ခန်းစာကို သင်တို့ သင်ယူကြလေပြီနည်း။ ဘုရားသခင်၏စိတ်သဘောထား အနှစ်သာရအပေါ် မှတ်ချက်ပေးခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်သည် အထူးသဖြင့် ဂရုစိုက်ကာ နှိမ့်ချခြင်းနှင့် ဆင်ခြင်မြော်တွေးခြင်း သဘောထားတစ်ခုကို ခံယူရမည်။ သင့်အနေဖြင့် မထိန်းမသိမ်းနိုင်လောက်အောင် ပြင်းထန်သော မဟုတ်တရုတ်စကားကို ပြောနိုင်စွမ်းရှိလျှင်၊ သင် ပြောသမျှတိုင်းသည် အဓိပ္ပာယ်မရှိသောအရာနှင့် အနှစ်မဲ့သော စကားများ၊ ယုံတမ်းစကားနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြစ်လျှင် ဘုရားသခင်၏ စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားမိလိမ့်မည်ဖြစ်ပြီး သူ့အား သင့်ကို စက်ဆုပ်ကာ မုန်းစေလိမ့်မည် ဖြစ်သည်။ အနည်းငယ် တိကျလုံလောက်မှုမရှိစွာ ပြောရလျှင် ဘုရားသခင်၏ အနှစ်သာရနှင့် ယှဉ်သည့်အခါ ဘုရားသခင်အပေါ် လူ၏ သိမြင်မှုသည် သမုဒ္ဒရာထဲက ရေစက်တစ်စက် သို့မဟုတ် ကမ်းခြေပေါ်မှ သဲတစ်ပွင့်သာဖြစ်သည်ဟု ပြော၍ ရနိုင်သည်။ ထိုနှစ်ခုကြားက ကွာဟချက်သည် ကြီးမားပြီး လူတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို သမ္မာတရားအဖြစ် ထင်ရာမြင်ရာ သဘောထားကာ ယင်းတို့ကို စကားများအဖြစ်သို့ ဖန်တီးလျက် အမှုအရာများကို ဘောင်ခတ်ဝံ့ဆဲဖြစ်ကာ သဘောရှိ ကောက်ချက်များ ချဝံ့ကြသေးလျှင် အကြီးစား ပြဿနာတစ်ခု ရှိလိမ့်မည်။ ယင်းသည် မည်သည့် အကြီးစား ပြဿနာ ဖြစ်သနည်း။ (ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းဖြစ်သည်။) ဘုရားသခင်ကို ပြစ်မှားစော်ကားရန်မှာ သဘောသဘာဝအားဖြင့် ဒုက္ခပေးပြီး ဆိုးရွားသည်။ သင်၏ ခံစားချက်အရဖြစ်သော အလိုဆန္ဒအရ ဘုရားသခင်ကို ပြစ်မှားစော်ကားလိုခြင်း မရှိလျှင် သင်တို့အားလုံးကို ငါ ယခုတင် ပြောပြီးဖြစ်သည့်အရာကို သင် စွဲမြဲစွာ လိုက်နာသင့်သည်။ ဆိုလိုသည်မှာ သတိထားပြီး သင်တို့၏ လျှာများကို သတိချပ်သင့်သည်။ မိမိ၏လျှာကို သတိချပ်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘုရားသခင်နှင့်ပတ်သက်၍ သဘောရှိ မှတ်ချက်မပေးနှင့်၊ သူ့ကို ဘောင်မခတ်နှင့်။) မှန်ပေ၏။ ရူပါရုံများ ပါဝင်သည့် ကိစ္စရပ်များအတွက် “ရူပါရုံများ ပါဝင်ခြင်း”သည် ယေဘုယျ ဖော်ပြချက်တစ်ခုသာ ဖြစ်သည်။ သာ၍ တိကျစွာပြောရလျှင် ထိုအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ အမှုတာ်နှင့် စိတ်သဘောထား အနှစ်သာရတို့ ပါဝင်သည့် ကိစ္စရပ်များနှင့် ဆက်စပ်သည်။ ထို့ကြောင့် ဤရူပါရုံများနှင့် ဆက်စပ်သည့် ကိစ္စရပ်များအပေါ် သတိရှိစွာ ပြောဆိုပြီး ပြုမူဆောင်ရွက်လော့၊ ပြီးလျှင် ထင်ရာမြင်ရာ ဘောင်မခတ်နှင့်၊ မဝေဖန်နှင့်။ လူအချို့က “ယင်းမှာ ငါ တွေးထင်သည့်အရာသာ ဖြစ်သည်”ဟု ပြောကြသော်လည်း သင့်အနေဖြင့် ထိုအရာက ယင်းကဲ့သို့သာဖြစ်သည်ဟု တွေးထင်ခြင်းသည် တိကျမှန်ကန်သလော။ မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု မမှတ်ယူလွန်းနှင့်။ သင် တွေးထင်သည့်အရာက မှန်ကန်တိကျခြင်းမရှိသကဲ့သို့ သင်သည် အဓိပ္ပာယ်မရှိသောအရာကို ပြောနေဆဲဖြစ်ကာ အမှုအရာများကို ထင်ရာမြင်ရာ ဘောင်ခတ်ဆဲဖြစ်လျှင် ယင်းမှာ ဝေဖန်ခြင်း၊ ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ပြီးလျှင် သင်သည် မိမိထင်သည်ထက် သာ၍ ရရှိကောင်းရရှိနိုင်သည်။ လူအချို့သည် ဤအရာကို မခံယူနိုင်ဘဲ “ယင်းမှာ ကျွန်ုပ် မြင်သည့်ပုံစံသာ ဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို စကားပြောခွင့်မပေးလျှင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ဟန်ဆောင်ရန် ကိုယ်တော် စေခိုင်းနေခြင်း ဖြစ်သည်”ဟု ပြောကြသည်။ ယင်းသည် အဘယ်သို့ဖြစ်ပြီး သင့်ကိုယ်သင် ဟန်ဆောင်ရန် စေခိုင်းခြင်း ဖြစ်ရသနည်း။ ထိုအရာသည် သင့်ကို သတိထားရန်နှင့် သေသေချာချာ မစဉ်းစားထားသကဲ့သို့ မှန်မမှန်စစ်ဆေးရန် မကြိုးစားခဲ့သည့် မည်သည့်အရာကိုမဆို မပြောဆိုရန် သင့်ကို အကြံပေးနေခြင်း ဖြစ်သည်။ သင်၏ အကျိုးအတွက် ဖြစ်သည်။ သင့်၏ ကွယ်ကာမှုအတွက် ဖြစ်သည်။ သင် တွေးထင်သည့်အရာ မှားယွင်းလျှင် သင် ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များက မည်သည့်အရာဖြစ်လိမ့်မည်ကို သင် သိသလော။ သင်၏ စကားများအတွက် သင် တာဝန်ခံရလိမ့်မည် ဖြစ်သည်။ အန္တိခရစ်ဖြစ်သောသူ မည်သူမဆို မကောင်းမှုများစွာ ကျူးလွန်မိပြီး ဖြစ်ကာ ၎င်းတို့အတွက် နောက်ဆုံး အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လေပြီနည်း။ မိမိတို့၏ လုပ်ဆောင်ချက်များအတွက် ၎င်းတို့ တာဝန်ခံရပြီးဖြစ်ကာ အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ရပြီးဖြစ်သည်။ ထို့ကြောင့် သင့်ထံတွင် စိတ်ကူးတစ်ခု သို့မဟုတ် သိနားလည်မှုတစ်ခုခုရှိလျှင် ထိုအရာကို မပြောမီ မှန်မမှန်စစ်ဆေးခြင်းက အကောင်းဆုံး ဖြစ်သည်။ ထိုအရာကို ဆောင်းပါးတစ်ပုဒ်အဖြစ် မရေးသားနိုင်မီ ထိုအရာမှသည် စာသားအဖြစ် သို့မဟုတ် ဓမ္မတေးသီချင်းတစ်ပုဒ်အဖြစ် ရေးဖွဲ့သီကုံးခြင်း မပြုနိုင်မီ လုံလောက်သော အဖြစ်မှန် အခြေခံနှင့် အယူအဆဆိုင်ရာ ထောက်ပံ့မှု သင်လိုအပ်သည်။ သင့်ထံတွင် မလုံလောက်သော အချက်များနှင့် အယူအဆဆိုင်ရာ ထောက်ပံ့မှုရှိလျှင် သင် သက်သေပြလိုသည့် အချက်များ သို့မဟုတ် “သမ္မာတရား”အဖြစ် သင် ယုံကြည်သည့်အရာများသည် အလွန် လက်တွေ့မကျပေ။ ယင်းတို့သည် အနှစ်မဲ့သော သဘောတရားများနှင့် အထင်အမြင်မှားစေသော စကားများသာ ဖြစ်သည်။ သင်သည် ရဲတင်းစွာ အဆင်အခြင်မဲ့ပြီး ပြစ်မှားစော်ကားသော စကားများကို ပြောနေသည်ဟုသာ ဆိုနိုင်ပေမည်။
ဘုရားသခင်၏ သူ၏ အမှုတော် အစမှသည် ယခုထက်ထိတိုင် အလွန်များသော သမ္မာတရားများကို ဖော်ပြပြီးဖြစ်ကာ လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူတို့၏ အမျိုးမျိုးသော လိုအပ်ချက်များပါဝင်သည့် နှုတ်ကပတ်တော်များ အလွန်များ၏။ ဤအရာအားဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ လူတို့၏ အတွေ့အကြုံ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် လူတို့၏ သိမြင်မှုနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် လူတို့၏ သိမြင်မှုတို့ ပါဝင်သည့် အကြောင်းအရာများအကြောင်းကို ရေးသား၍ရနိုင်သည့် ဓမ္မတေးသီချင်းများ အလွန်များသည်ဟု ဆိုလိုသည်။ သင် အတွေ့အကြုံရှိသည့် မည်သည့်သွင်ပြင်လက္ခဏာအကြောင်းကိုမဆို သင် ရေးသားနိုင်သည်။ သင့်ထံတွင် အတွေ့အကြုံမရှိလျှင် ကြုံရာကျပန်း မရေးနှင့်။ သင့်ထံတွင် အတွေ့အကြုံရှိသော်လည်း ဓမ္မတေးသီချင်းများရေးသားရာတွင် မတော်လျှင် မရေးသားမီ လမ်းညွှန်မှု ရရှိရန် ဓမ္မတေးသီချင်းများကို သိနားလည်သည့် တစ်စုံတစ်ဦးအား သင် ရှာဖွေနိုင်သည်။ ဓမ္မတေးသီချင်းများကို နားမလည်သည့် လူတို့သည် နေရာဖြည့်ဖို့သက်သက်ဖြင့် ယင်းတို့ကို မဆင်မခြင် ရေးသားခြင်းအား သေချာပေါက် ရှောင်ကြဉ်သင့်သည်။ ဓမ္မတေးသီချင်းများ ရေးသားသည့် လူတို့သည် အတွေ့အကြုံရှိရမည်ဖြစ်ပြီး စည်းမျဉ်းများကိုလည်း သဘောပေါက်ရမည်။ ရေးသားထားသည့် ဓမ္မတေးသီချင်းက လူတို့အတွက် အသုံးဝင်နိုင်ရန်အလို့ငှာ ၎င်းတို့အနေဖြင့် ရိုးသားစစ်မှန်စွာ စကားပြောရမည်ဖြစ်ပြီး လက်တွေ့ကျသည့် စကားများကို ပြောရမည်။ ဓမ္မတေးသီချင်းအချို့သည် လုံးဝ လက်တွေ့မကျဘဲ လူတို့အတွက် မည်သည့်အရာမျှ မလုပ်ဆောင်ပေးသည့် စကားများနှင့် အယူဝါဒများသာဖြစ်သည့် အရာများကို ပြောဆိုသည်။ ဤဓမ္မတေးသီချင်းမျိုးကို မရေးသားခြင်းက ပိုကောင်းသည်။ လူအချို့သည် ဓမ္မတေးသီချင်းများကို ရေးသားပြီး အခြားလူတို့ကို မွမ်းမံစေကာ ထိုဓမ္မတေးသီချင်းများကို မွမ်းမံသောသူတို့သည် အတွေ့အကြုံမရှိကြဘဲ ဟန်ဆောင် အတွေ့အကြုံနှင့် စာပေ ပါရမီသာ ရှိကြသည်။ ဤသည်မှာ လှည့်ဖြားခြင်း မဟုတ်လော။ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် အတွေ့အကြုံ မရှိကြသည့်တိုင် အခြားသူတို့အတွက် ဓမ္မတေးသီချင်းများကို မွမ်းမံလိုကြသေး၏။ ၎င်းတို့တွင် မိမိကိုယ်ကို သိသည့်အသိ ကင်းမဲ့သည်။ ထို့ကြောင့် အတွေ့အကြုံ သို့မဟုတ် စစ်မှန်သည့် အသိပညာ မရှိသောသူတို့သည် ဓမ္မတေးသီချင်းများကို လုံးဝ မရေးသားသင့်ပေ။ တစ်နည်းအားဖြင့် ၎င်းတို့သည် မည်သူ့ကိုမျှ မည်သည့် ကောင်းကျိုးမျှ လုံးဝ ပြုလိမ့်မည် မဟုတ်သကဲ့သို့ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အရူးလုပ်နေမိကြလိမ့်မည်။
ဓမ္မတေးသီချင်းများကို သီဆိုခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် ဘုရားသခင်ကို ချီးမွမ်းရန် ဖြစ်ပြီး တစ်စိတ်တစ်ဒေသအားဖြင့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းနှင့် မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ခြင်းတွင် ပါဝင်ရန်ဖြစ်ကာ ထိုအရာမှ မိမိကိုယ်ကို အကျိုးခံစားခွင့်ပေးခြင်း ဖြစ်သည်။ ဓမ္မတေးသီချင်းတစ်ပုဒ်တွင် တန်ဖိုးရှိမရှိဆိုသည်အတွက် အဓိကသော့ချက်သည် သီချင်းစာသားများက လူတို့ကို အကျိုးပြုကာ ကောင်းကျိုးဖြစ်စေခြင်း ရှိမရှိဟူသည်တွင် တည်ရှိသည်။ ကောင်းမွန်သည့် အတွေ့အကြုံဆိုင်ရာ ဓမ္မတေးသီချင်းတစ်ပုဒ်ဖြစ်လျှင် လူတို့ကို ကောင်းကျိုးပြုပြီး အသုံးဝင်သည့် စကားလုံးများစွာ ထိုဓမ္မတေးသီချင်းတွင် ရှိလိမ့်မည်။ အသုံးဝင်သည့် စကားလုံးများက မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင်၏ အတွေ့အကြုံတွင် တစ်စုံတစ်ရာကိုသင် ကြုံရသည့်အချိန်တိုင်းတွင် သင် စဉ်းစား၍ရသည့် သီချင်းစာသားများကို ရည်ညွှန်းသည်။ ဤစကားလုံးများက သင့်ကို လမ်းညွှန်မှုနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးသည်။ လက်တွေ့ကျသည့် အတွေ့အကြုံများမှလာသော ဤစကားလုံးများမှ သင် ရပ်တည်သင့်သည့်နေရာ၊ သင် ခံယူသင့်သည့် သဘောထား၊ သင် ခံယူသင့်သည့် ရပ်တည်ချက်၊ သင်ရှိသင့်သည့် ယုံကြည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်းတို့ကို ရှာတွေ့နိုင်ရန်အလို့ငှာ ယင်းတို့က သင့်အား အကူအညီ၊ လှုံ့ဆော်အားပေးမှုနှင့် လမ်းပြမှုတစ်ခုခု ပေးနိုင်သည် သို့မဟုတ် အလင်းတစ်ခုခု ပေးနိုင်သည်။ သို့မဟုတ် ထိုစကားလုံးများမှနေ၍ သင်၏ ကိုယ်ပိုင် လွဲချော်ခြင်းများ၏ သွင်ပြင်လက္ခဏာတစ်ခုခုကို သင် သတိပြုမိနိုင်ပြီး သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေ၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ချက် သို့မဟုတ် သင်၏ အတွေးများနှင့် စိတ်ကူများ၏ သွင်ပြင်လက္ခဏာတစ်ခုခုကို သတိပြုမိနိုင်သည်။ ဤအရာအားလုံးသည် လူတို့အတွက် အထောက်အကူ ဖြစ်၏။ အဘယ်ကြောင့် လူတို့အတွက် အထောက်အကူ ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီပြီး လူတို့၏ အတွေ့အကြုံများနှင့် သဘောပေါက်နားလည်မှုများ ဖြစ်သောကြောင့် ဖြစ်သည်။ သင်၏ ဘဝ အတွေ့အကြုံအတွက် အကျိုးရှိနိုင်သည့်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့် စပ်လျဉ်း၍ သင့်ကို အကူညီပေး၊ လမ်းညွှန်၊ ဉာဏ်အလင်းပေးနေနိုင်သည့် သို့မဟုတ် သတိပေးနေနိုင်သည့် သီချင်းစာသားများတွင် အမှန်တကယ် လက်တွေ့ကျသည့် အရာများရှိလျှင် ဤစကားလုံးများက တန်ဖိုးရှိပြီး လက်တွေ့ကျပေသည်။ အချို့သော သီချင်းစာသားများက ရိုးရိုးယဉ်ယဉ် ဖြစ်သော်လည်း လက်တွေ့ကျသည်။ အချို့သော သီချင်းစာသားများကို ကျကျနန ရေးသားကောင်းရေးသားထားခြင်း မရှိနိုင်ပေ။ ယင်းတို့သည် ကဗျာလင်္ကာ သို့မဟုတ် စကားပြေနှင့် တူကောင်းမတူနိုင်သကဲ့သို့ အားလုံးက အရပ်သုံးစကားနှင့် စိတ်ရင်းအတိုင်းစကားတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုစကားလုံးများက သမ္မာတရား သိနားလည်ခြင်းကို ဖော်ပြလျှင်၊ သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံတစ်ခုကို သိရှိစေလျှင် သင့်အတွက် တည်ဆောက်စရာဖြစ်သည်၊ လက်တွေ့ကျပြီး တန်ဖိုးရှိပေသည်။ ယခုတွင် သင်တို့၌ ရှိသည့်အကြီးမားဆုံး အခက်အခဲမှာ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ မသိကြခြင်းဖြစ်သည်။ သီချင်းစာသားများက အနှစ်မဲ့သည့် စကားများ၊ သို့မဟုတ် စကားများနှင့် အယူဝါဒများ ဟုတ်မဟုတ် သင်တို့ မသိမြင်နိုင်ကြ။ သီဆိုသည့် မည်သည့် စကားလုံးမဆိုက သင်တို့အတွက် အဆင်ပြေသည်။ သီချင်းစာသားများက လက်တွေ့ကျခြင်း ရှိမရှိ၊ ယင်းတို့တွင် သမ္မာတရား အလင်းရှိမရှိ၊ လူတို့အတွက် ကောင်းကျိုးတစ်ခုတလေ ရှိမရှိ၊ သို့မဟုတ် သင်တို့အတွက် အကျိုးကျေးဇူး တစ်ခုတလေ ရှိမရှိဟူသည်တို့ကို သင်တို့ မတွေးဆကြ။ ဤစဉ်းစားဆင်ခြင်ခြင်းတစ်ခုမျှ စိတ်ထဲမပေါ်လာပေ။ ပြီးလျှင် သီဆိုပြီးနောက်တွင် သီချင်းစာသားများက အတော်လေး ကောင်းမွန်ပြီး နှစ်လိုဖွယ်ကောင်းသည်ဟု သင် တွေးထင်ဆဲဖြစ်သည်။ သို့သော် သင့်အပေါ် ထိုသီချင်းစာသားများက မည်သို့ သက်ရောက်မှုမျိုးရှိမည်ကို သင် မသိ။ ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်းမဲ့သည့် လူတစ်ဦး မဟုတ်လော။
“ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟုခေါ်သည့် ဓမ္မတေးသီချင်းတစ်ပုဒ် ရှိပြီး ထိုဓမ္မတေးသီချင်းတွင်ရှိသည့် စာကြောင်းတိုင်းသည် လက်တွေ့ကျသော အတွေ့အကြုံမှလာသည့် နားလည်သဘောပေါက်မှုတစ်ခု ဖြစ်သည်။ ထိုဓမ္မတေးသီချင်းသည် လူတို့အတွက် ကြီးမားသည့် အကူအညီ ဖြစ်သည်။ ထိုဓမ္မတေးသီချင်းကို သင်တို့ တစ်ဦးတလေက ကြားဖူးကြသလော။ သီချင်းစာသားများ ကောင်းလေ၊ လူတို့၏ အသက်တာများအတွက် သာ၍ တည်ဆောက်စရာဖြစ်လေ၊ ယင်းတို့ကို လက်ခံရန် သင်တို့ မလိုမလားဖြစ်လေ ဖြစ်သည်။ သင်တို့သည် ထိုသီချင်းစာသားများကို မကြည့် သို့မဟုတ် အလေးတစ်ခုမျှ မထားကြပေ။ ဤကောင်းမွန်သည့် အရာများကို သင်တို့ တန်ဖိုးမထားကြ။ တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို မည်သို့ ထိန်းသိမ်းရမည်ကို သင်တို့ မသိကြ။ ထိုအရာကို သင်တို့ ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် သင်တို့၏ လက်ထဲမှ ထိုအရာ လွတ်ထွက်သွားသည်။ သင်တို့အားလုံး အမှန်တကယ် ချွတ်ခြုံကျကာ သနားဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ဤဓမ္မတေးသီချင်းကို စုဝေးပွဲများအတောအတွင်းတွင် အကြိမ်များစွာ ငါ အကြံပြုပြီးဖြစ်သည်။ ထိုသို့သော ဓမ္မတေးသီချင်းများကို ပုံမှန် သီဆိုခြင်းသည် သင်တို့၏ ဝင်ရောက်မှုအပေါ်သို့လည်းကောင်း၊ ဘုရားသခင်၌ သင်တို့၏ ယုံကြည်ခြင်း ကြီးထွားမှုအပေါ်သို့လည်းကောင်း၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံခြင်းကို သင်တို့ ရရှိခြင်းအပေါ်သို့လည်းကောင်း ပံ့ပိုးပေးသည့် သက်ရောက်မှုတစ်ခု ရှိသည်။ ဤသက်ရောက်မှုများက အတိုင်းမသိ ဖြစ်သည်။ ဤသည်မှာ တန်ဖိုးရှိသော ဓမ္မတေးသီချင်းတစ်ပုဒ်ဖြစ်သည်။ ထို့ကြောင့် ငါ အကြံပြုသည့်တိုင် သင်တို့တစ်ဦးကမျှ မသီဆိုကြ။ မည်သည့်အရာက စစ်မှန်မှုဖြစ်ပြီး မည်သည့်အရာက စကားများနှင့် အယူဝါဒများသာဖြစ်သည်ကို သင်တို့ မသိကြသေး။ ထို့ကြောင့် ဤဓမ္မတေးသီချင်းများကို ပို၍ မကြာခဏ သင်တို့ သီဆိုရန် လိုအပ်ပြီး အမှန်တကယ် ခံစားရန် လိုအပ်သည်။ ဤတစ်ခုကို ငါတို့ စိစစ်ကြစို့။
ဓမ္မတေးသီချင်း၏ ပထမဆုံး စာကြောင်းက “ဘုရားသခင်ကို ချစ်ဖို့ ရွေးချယ်လျက်၊ သူအလိုရှိသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်ထံမှ ယူသွားခွင့်ပေးသည်”ဟု ဖော်ပြသည်။ မည်သည့်အရာကို ယူသွားသနည်း။ လူတစ်ဦး၏ အဆင့်အတန်း၊ လူတစ်ဦး၏ မိသားစု၊ လူတစ်ဦး၏ ပုံရိပ်နှင့် လူတစ်ဦး၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။ ယောဘအပေါ် ကျရောက်သည့် စစ်ဆေးမှုများ၏ အရိပ်လက္ခဏာများမှာ အဘယ်အရာများဖြစ်ခဲ့သနည်း။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ (ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကို သူ ယူဆောင်သွားခဲ့သည်။) ဘုရားသခင်သည် သူ့ထံမှ အရာရာကို ယူဆောင်သွားခဲ့ပြီး တစ်ခဏချင်းတွင် သူသည် မည်သည့်အရာမျှ မရှိသကဲ့သို့ သူ၏ တစ်ကိုယ်လုံးက အနာစိမ်းများဖြင့် ဖုံးသွားခဲ့သည်။ ဤအရာကို ခံစားခွင့်ကို ပိတ်ပင်ခြင်းဟု ခေါ်သည်။ ခိုင်လုံစွာပြောရလျှင် ခံစားခွင့်ပိတ်ပင်ခြင်းဖြစ်ပြီး ဤလုပ်ရပ်၏ ယေဘုယျ ခြုံငုံသုံးသပ်ချက်မှာ ဘုရားသခင်က ယောဘကို စစ်ဆေးလိုခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး စမ်းသပ်မှုတွင်ရှိသည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များထဲမှ တစ်ခုမှာ ခံစားခွင့်ပိတ်ပင်ခြင်း ဖြစ်သည်။ ဆက်ဖတ်သွားလျှင် “နာကျင်မှု အနည်းငယ်မျှ ရှိသော်လည်း၊ ညည်းညူခြင်း စကားလုံး ကျွန်ုပ် မပြော။” ယင်းသည် လူသား သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) “ဝမ်းနည်းမှု အနည်းငယ်ရှိ။” သင်တို့၏ အမြင်တွင် လူတို့သည် ၎င်းတို့ထံမှ ဘုရားသခင် သိမ်းယူသည့်အခါ အခက်တွေ့ကြသလော။ (အခက်တွေ့ကြပါသည်။) ၎င်းတို့ အခက်တွေ့ကြသည်။ ၎င်းတို့ စိတ်ဆင်းရဲကြသည်၊ ဝမ်းနည်းကြသည်၊ ကူကယ်ရာမဲ့ကြပြီး စိတ်ပျက်အားငယ်ကြသည်။ ၎င်းတို့ ငိုကြွေးချင်ကြသည်၊ ဝုန်းဒိုင်းကြဲကာ ပုန်ကန်ချင်ကြသည်။ ဤဝမ်းနည်းခြင်းအတွက် အသေးစိတ်အချက်များစွာရှိသည်။ ထို့ကြောင့် ဤစကားသည် လက်တွေ့ကျသလော။ (လက်တွေ့ကျပါသည်။) “ညည်းညူခြင်း စကားလုံး ကျွန်ုပ် မပြော။” လူသည် ညည်းညူခြင်းတစ်ချက်မျှ မရှိဘဲနေသလော။ မဖြစ်နိုင်ပေ။ သို့သော် လူတို့သည် ဤကဲ့သို့ တရိပ်ရိပ် ကြိုးပမ်းရန် လိုအပ်သည်။ ဤအရာကို ၎င်းတို့ တွေ့ကြုံရန် လိုအပ်ပြီး ဤသဘောထားမျိုး ခံယူရန် လိုအပ်သည်။ ဤစကားလုံးများတွင် လူတို့အတွက် အပြုသဘောဆောင်သော လမ်းညွှန်မှုတစ်ခုခု ပါရှိသလော။ (ပါရှိပါသည်။) “ညည်းညူခြင်း စကားလုံး ကျွန်ုပ် မပြော။” ညည်းညူမှုများ မရှိခြင်းသည် လူတို့ ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ညည်းညူမှုများ မရှိသင့်ပေ။ လူတို့တွင် ညည်းညူမှုများရှိလျှင် မိမိတို့ကိုယ်ကို သိရှိပြီး ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူသင့်ကြပေ။ ၎င်းတို့ ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို လူ၏ ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်သည်။ လူတို့သည် မညည်းညူသင့်ပေ။ ညည်းညူခြင်းသည် ဘုရားသခင်၏ အမှုနှင့် စမ်းသပ်မှုများကို ပုန်ကန်ခြင်းတစ်မျိုးဖြစ်ပြီး စစ်မှန်သော ကျိုးနွံနာခံခြင်း မဟုတ်ပေ။ နောက်တစ်ကြောင်းက “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့်၊ လူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ထိုက်တန်ပေ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်မှာ အမှန်တရားတစ်ခုဖြစ်သော်လည်း ဤအမှန်တရားကို ၎င်းတို့ အသိအမှတ်မပြုလျှင် ဤစကားကို ၎င်းတို့ ပြောဆိုနိုင်သလော။ ထိုအရာကို လူတို့က အသိအမှတ်မပြုလျှင် ထိုအရာကို ဝန်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့ ဝန်မခံလျှင် ထိုသို့သောစကားများကို ၎င်းတို့ပြောကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ဤစာကြောင်းသည် လူတို့၏ စစ်မှန်သော အတွေ့အကြုံမှ ဆင်းသက်လာပေသည်။ “လူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ထိုက်တန်ပေ” ဟူသည့် စကားရပ်သည် အတော်လေး ရိုးရှင်းပုံရသော်လည်း ယင်း၏ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသဖြင့် ၎င်းတို့က ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်ကြကာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ထိုက်တန်ကြသည်ဟူ၍ ဖြစ်၏။ ထိုအရာတွင် မည်မျှ ဆင်းရဲဒုက္ခ ပါဝင်ပါစေ ထိုက်တန်သည်။ ဘုရားသခင် လုပ်ဆောင်သမျှအားလုံး မှန်ကန်သည်။ ဤစကားလုံးများက လက်တွေ့ကျသလော။ (လက်တွေ့ကျပါသည်။) ဤသည်မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လိုလိုလားလားလက်ခံနေစဉ်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် လူတို့အတွက် ကယ်တင်ခြင်းဖြစ်ကြောင်းနှင့် ဘုရားသခင်က ဤသို့ ပြုမူဆောင်ရွက်သင့်ကြောင်း အသိအမှတ်ပြုနေစဉ်တွင်ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်းအပေါ် လုံးဝ စိတ်ခံစားချက်အရဖြစ်သော အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဤသည်မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ဘုရားသခင်၏ အမှုပြုခြင်း နည်းလမ်းအပေါ် ကျိုးနွံနာခံသည့် သဘောထားတစ်ခု ဖြစ်သည်။ လူတို့သည် ဤသဘောထားမျိုး ရှိသင့်ကြသလော။ (ရှိသင့်ပါသည်။) ဧကန်အမှန် ရှိသင့်ကြ၏။ ထို့ကြောင့် ဤဓမ္မတေးသီချင်းကို သီဆိုပြီးနောက်တွင် လူတို့ကို အကျိုးပြုသလော။ (ပြုပါသည်။) မည်သည့်အကျိုးကျေးဇူးကို ယူဆောင်လာသနည်း။ ဤစကားလုံးများကို သင် မသီဆိုလျှင် ဤအမှန်တရားကို သင် သိလိမ့်မည် မဟုတ်။ မည်သည့် အမြင်မျိုး သင် စွဲကိုင်သင့်သည်၊ သင် မည်သို့ ကျိုးနွံနာခံသင့်သည်၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျိုးနွံနာခံကာ လက်ခံရန် မည်သည့် သဘောထားမျိုး သင် ခံယူသင့်သည်ဟူသည်တို့ကို သင် သိမည်မဟုတ်ပေ။ သို့သော် ဤဓမ္မတေးသီချင်းကို သင် သီဆိုပြီး ယင်း၏ သီချင်းစာသားများကို တွေးဆလျှင် စကားလုံးများ မည်မျှ ကောင်းမွန်လှသည်ကိုလည်းကောင်း၊ ယင်းတို့ မှန်ကန်သည်ကိုလည်းကောင်း သင် ခံစားမိလိမ့်မည်။ သင်က ထိုစကားများကို “အာမင်”ဟု ဆိုနိုင်ပြီး ယင်းတို့သည် အတွေ့အကြုံမှ အရင်းခံသည်ကို အသိအမှတ်ပြုနိုင်ပေသည်။ ယင်းတို့သည် အဆင့်မြင့်သည့် စကားများဟု ထင်ရသလော။ (မထင်ရပါ။) သို့သော် ယင်းတို့သည် သင့်ကို တက်ကြွပြီး အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခုကို ပေးလျက် အပြုသဘောဆောင်သည့် လမ်းညွှန်မှုကို ယူဆောင်ပေးသည်။ သင့်ထံတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ရှိကြောင်းကို သင် တွေ့ရှိပြီး ဘုရားသခင်က သင့်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည့်အခါ ယင်းတို့က သင့်အား မှန်ကန်သည့် ရှုထောင့်အမြင်နှင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးလိမ့်မည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အခါ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့ လက်ခံသင့်ကြောင်းကို ဦးစွာပထမ သင် အသိအမှတ်ပြုရမည်။ ပြောစရာ တစ်ခုမျှ မရှိ။ ဘုရားသခင်နှင့် မငြင်းခုံနှင့်။ သူ၏ ရည်ရွယ်ချက်များကို သင် နားလည်နိုင်သည်ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဦးစွာ သင် ကျိုးနွံနာခံရမည်။ အဘယ်သူသည် သင့်အား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိစေခဲ့သနည်း။ အဘယ်သူသည် သင့်အား ဘုရားသခင်ကို အတိုက်အခံဖြစ်စေခဲ့သနည်း။ သင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံထိုက်သည်။ ဤကျိုးနွံနာခံခြင်းသည် မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခု မဟုတ်လော။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်က ဤသီချင်းစာသားများကို သီဆိုပြီးနောက်တွင် မည်သို့ ခံစားမည်နည်း။ ယင်းတို့သည် အလွန် လက်တွေ့မကျသလော။ ယင်းတို့သည် ကမ္ဘာတုန်လောက်သောအရာ သို့မဟုတ် ထိုမျှအဆင့်မြင့်သောအရာ မဟုတ်။ အတော်လေး သာမန်ဖြစ်သော်လည်း အဖြစ်မှန်တစ်ခုကို သိရှိစေပြီး တစ်ချိန်တည်းတွင် ဤဓမ္မတေးသီချင်းကို သီဆိုသူအားလုံးအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးသည်။ ယင်းတို့ကို လှပစွာ ပြင်ဆင်ရေးသားထားခြင်း မရှိနိုင်သော်လည်း လက်တွေ့ကျလေသည်။
နောက်တစ်ကြောင်းကို ကြည့်သည့်အခါ “ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်။” ဤစကားသည် မှန်ကန်သလော။ (မှန်ပါသည်။) ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှန်ကန်သနည်း။ လူအချို့က “‘ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ’၊ ယင်းသည် သိသာထင်ရှားနေသည် မဟုတ်လော။ အယူဝါဒ မဟုတ်လော”ဟု ပြောကြသည်။ ဤစာကြောင်းက “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်”ဟူသည့် နောက်တစ်ကြောင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်သည်။ ဤစကားရပ်သည် အဘယ်သို့ ဖြစ်လာသနည်း။ မည်သည့် စိတ်နေစိတ်ထားနှင့် မည်သည့် အခြေအနေက ထိုအရာကို ဖြစ်ပေါ်စေသနည်း။ (ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို လူတို့ အမှန်တကယ် ယုံကြည်လျှင် ဘုရားသခင်ကို သူတို့ အဓိပ္ပာယ်ကောက်လွဲကြလိမ့်မည် မဟုတ်ပါ။) ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း သင် ခံယူထားသဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အဓိပ္ပာယ်ကောက်မလွဲသင့်ပေ။ သို့ဆိုလျှင် အထင်လွဲမှု ဖြစ်ပေါ်လျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို အလျင်အမြန် ဘေးဖယ်ပြီး သမ္မာတရား ရှာဖွေလော့။ အယူဝါဒအရ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် သိသည့်တိုင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အဓိပ္ပာယ်ကောက်လွဲသေးလျှင် ဤတွင် အမှားမှာ မည်သည့်နေရာတွင် ရှိသနည်း။ (သမ္မာတရားကို လက်မခံခြင်း ဖြစ်သည်။) ယင်းမှာ မှန်၏။ ထို့ကြောင့် လူတို့သည် ကျိုးနွံနာခံတတ်သင့်ကာ ဘုရားသခင် ရည်ရွယ်ချက်များကို အဓိပ္ပာယ်ကောက် မလွဲသင့်ပေ။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း သင် ခံယူထားသဖြင့်၊ ဤသည်မှာ သင် နားလည်သည့် သဘောတရားတစ်ခု ဖြစ်သဖြင့် တကယ့် အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ အဘယ်ကြောင့် ဘုရားသခင်၏ စိတ်နှလုံးကို သင် အဓိပ္ပာယ်ကောက်လွဲသနည်း။ ဤအရာက သင်သည် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ဟူသည့် အချက်ကို အမှန်တကယ် လက်မခံသေးကြောင်း သက်သေပြသည်။ သို့ဆိုလျှင် ဤစာကြောင်းက အရိပ်အမြွက်တစ်ခုအဖြစ် အသုံးခံသည် မဟုတ်လော။ ထိုအရာက သင့်ကို မည်သည့်အရာ အဆိုပြုသနည်း။ (ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်၊ ဤအချက်ကို ခိုင်မာစွာ ကျွန်ုပ်တို့ အသိအမှတ်ပြုရပါမည်။) ဘုရားနှုတ်ကပတ်တော် မှန်ကန်သည်ကို၊ သမ္မာတရား ဖြစ်သည်ကို သင် ယုံကြည်ရမည်။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း သင် ခံယူထားသည့်အတွက် အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ်ဖြစ်စေ၊ ရည်မှန်းချက်အဖြစ်ဖြစ်စေ မခံယူနှင့်။ ထိုအစား ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သင် ကြည့်ရမည်။ ထို့အပြင် ဘုရားသခင်က သင့်ကို စစ်ဆေးလိုသည်မှာ အမှန်တရားဖြစ်သလော။ (ဟုတ်ပါသည်။) ထိုအရာ အမှန်တရားဖြစ်သည်ကို သင် ထိန်းသိမ်းလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အဓိပ္ပာယ်ကောက်လွဲနိုင်သလော။ ထိုသို့သော စကားရပ်များကို သင်က “ဘုရားသခင်က ကျွန်ုပ်ကို ရှုတ်ချတော့မည်လော။ ကျွန်ုပ် ရှုတ်ချခြင်းခံရလျှင်၊ အပြစ်ပေးခြင်းခံရလိမ့်မည်လော။ ဘုရားသခင်က ကျွန်ုပ်ကို သဘောမကျစရာအဖြစ် မြင်ပြီး ဖျက်ဆီးလိမ့်မည်များ ဖြစ်သလော”ဟူသကဲ့သို့ စိတ်ထဲတွင် သင် တွေးဆသည်ဆိုပါစို့။ ဤအရာများက အထင်လွဲခြင်းများသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် အထင်လွဲခြင်းများသာ ဖြစ်၏။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်” ဟူသည့် စာကြောင်းသည် သင်တို့အားလုံးကို တစ်စုံတစ်ရာ နားလည်သဘောပေါက်စေသည် မဟုတ်လော။ သင်တို့အနေဖြင့် သင်တို့၏ အထင်လွဲခြင်းများမှ လွတ်မြောက်ကာ သင့်ကို ဘုရားသခင်ပေးသည့် စမ်းသပ်မှုများ၊ သူ၏ တရားစီရင်ခြင်းနှင့် သူ၏ ပြစ်တင်ဆုံးမမှုတို့ကို လက်ခံသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လက်ခံခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များ မှန်ကန်ကြောင်း၊ သမ္မာတရား ဖြစ်ကြောင်း သင်၏ ခိုင်မာသော အသိအမှတ်ပြုခြင်း ဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး မှားယွင်းသူများမှာ ၎င်းတို့ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မှန်းဆရန် ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို အသုံးပြု၍ မရပေ။ ဘုရားသခင်သည် မှားယွင်းခြင်းမရှိ။ ဘုရားသခင် မှားယွင်းခြင်းမရှိဟု သက်သေပြထားသဖြင့် လူတို့သည် သူလုပ်ဆောင်သည့်အရာအားလုံးကို လက်ခံသင့်ကြပေသည်။
ဆက်ဖတ်သွားလျှင် “မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရာတွင် အလွန် မသန့်စင်မှုများစွာ မကြာခဏ ကျွန်ုပ် ရှာတွေ့ပေ။” ဟူ၍ဖြစ်သည်။ ဤမသန့်စင်မှုကို မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် မည်သို့ ခွဲခြားသိမြင်သနည်း။ (လူတို့က သူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့်အခါတွင် ဖြစ်သည်။) လူတို့က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည့်အခါတွင် ခွဲခြားသိမြင်ရခြင်း ဖြစ်သည်။ ဤသည်မှာ ယင်း၏ တစ်ဖက်ခြမ်းဖြစ်သည်။ ဘုရားသခင်က လူတို့ကို စစ်ဆေးသည့်အခါ၊ လူတို့အတွက် သူ စီစဉ်သည့် အခြေအနေများက ၎င်းတို့ အကြိုက် မဟုတ်သည့်အခါ ၎င်းတို့က “ငါ့ကို ဘုရားသခင် မချစ်တော့သလော။ ဘုရားသခင်သည် ဖြောင့်မတ်သည် မဟုတ်လော။ ဤအရာကို လုပ်ဆောင်ရာတွင် သူ ဖြောင့်မတ်သည် မဟုတ်လော။ သူ၏ လုပ်ရပ်များက သမ္မာတရားနှင့် မကိုက်သကဲ့သို့ သူသည် လူတို့၏ အခက်အခဲများကို ထောက်ထားခြင်းမရှိပါ”ဟု မကြာခဏ တွေးကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံ၊ ဘုရားသခင်နှင့် စပ်လျဉ်းသည့် အတွေးများ၊ အယူအဆများ၊ ရှုထောင့်များနှင့် သံသယများ ဖြစ်ပေါ်လျက်၊ ဘုရားသခင်အပေါ် အမြဲ ကျိတ်ကြံစည်နေကြသည်။ ဤအရာများက မသန့်စင်မှုများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာလည်း လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ညွှန်ပြသောအရာတစ်ခု ဖြစ်သည်။ နောက်တစ်ကြောင်းဖြစ်သည့် “ငါ၏ အစွမ်းရှိသမျှဖြင့် မကြိုးပမ်းလျှင်၊ စုံလင်စေခြင်းခံရဖို့ ခက်ခဲကောင်းခက်ခဲနိုင်သည်”တွင် ဤစကားလုံးများသည် ဓမ္မတေးသီချင်းရေးသူ၏ အတွေးများဖြစ်သည်။ ယင်းတို့ကို ဆင်ခြင်သုံးသပ်မှုမှတစ်ဆင့် သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် မသန့်စင်မှုနှင့်ပတ်သက်၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိ၊ ဘုရားသခင်ကို အမြဲ အထင်လွဲနေပြီး သူက သမ္မာတရားဖြစ်ကြောင်း နှုတ်ဖြင့်သာ အသိအမှတ်ပြုသော်လည်း အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ သင်၏ ကိုယ်ပိုင် အယူအဆများကို မရမက ဖက်တွယ်ထားသည်၊ ဘုရားသခင်ကို ပုန်ကန်သည်၊ သူနှင့်ပတ်သက်၍ ညည်းညူသည်၊ သူ့ကို အဓိပ္ပာယ်ကောက်လွဲပြီး သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံပေ။ ဤအရာများကို သင် လက်မလွတ်လျှင် စုံလင်ခြင်းခံရဖို့ သင့်အတွက် အလွန် ခက်လိမ့်မည်။ ဆိုလိုသည်မှာ စုံလင်စေခြင်းခံရဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရားကို လက်မခံနိုင်သောကြောင့် ဖြစ်သည်။ သင်၏ အမြင်တွင် ဤသီချင်းစာသားများအတွက် လက်တွေ့ကျသော ဘက်ခြမ်း ရှိသည် မဟုတ်လော။ (ရှိပါသည်။) ဤဓမ္မတေးသီချင်း၏ စာကြောင်းတိုင်းတွင် အခြေအနေများကို လူတို့ အမှန်တကယ် တွေ့ကြုံသည့်အခါ ဖြစ်ပေါ်သည့် တကယ့် အခြေအနေများနှင့်ဆိုင်သည့် အသုံးအနှုန်းနှင့် ဖော်ပြချက်များ ပါဝင်သည်။
နောက်တစ်ကြောင်းဖြစ်သည့် “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ”ဟူသည်ကို ကြည့်ကြစို့။ ဤနေရာတွင် အခက်အခဲများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်လည်းကောင်း၊ ဂုဏ်အသရေနှင့်လည်းကောင်း ဆက်စပ်နေသည်။ ဤသည်မှာ တကယ့်အတွေ့အကြုံမှ ပေါက်ဖွားသည့် အရာတစ်ခု မဟုတ်လော။ လူတစ်ဦး၏ တကယ့် လုပ်ရပ်များနှင့် အတွေ့အကြုံများမှ ဖြစ်ပေါ်သည့် စစ်မှန်သော ယုံကြည်ခြင်းနှင့် သဘောထားတစ်မျိုး ဖြစ်သည် မဟုတ်လော။ ဤစကားလုံးများကို မမျှော်လင့်ဘဲ ဖန်တီးထားခြင်း မဟုတ်ပေ။ ယင်းတို့သည် စိတ်နေစိတ်ထားတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု၊ အဖြစ်အပျက်တစ်ခု၏ နောက်ခံဖြစ်ရပ်မှ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ဤသဘောထားကို သင် အဘယ်သို့ ထင်မြင်သနည်း။ လူတို့သည် အခက်အခဲများကို ကြံ့ကြံ့ခံကြပြီး ဤအခက်အခဲများက လူတို့အား မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားကို ခံစားခွင့်မပေးဘဲ အခြား အခက်အခဲများကြားတွင် ကြီးမားသည့် စိတ်ဆင်းရဲမှုတစ်ခု ဖြစ်စေလျက် ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို ဆုံးရှုံးမှု ဖြစ်စေသည်။ သို့သော် ဤမျှထိ လုပ်ဆောင်ပြီးဖြစ်သဖြင့် ၎င်းတို့သည် စစ်မှန်သော ယုံကြည်မှုနှင့် ဘုရားသခင်နှင့်ဆိုင်သော သိမြင်မှုတို့ ဖြစ်ပေါ်ကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားခြင်းဖြစ်ကြောင်း၊ ဘုရားသခင်ထံမှ အထူး မျက်နှာသာပေးခြင်း ဖြစ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို ခက်ခဲစေခြင်း မဟုတ်ကြောင်း ၎င်းတို့ ခံစားမိကြသည်။ ထိုအရာသည် ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ချစ်ခြင်းဖြစ်သောကြောင့် ဘုရားသခင်က ထိုသို့ ၎င်းတို့ကို ခံစားခွင့်မပေးဘဲထားကာ စစ်ဆေးလျက်၊ ထိုသို့ ၎င်းတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမလျက် ဤသို့ အမှုပြုခြင်းဖြစ်သည်ဟု တွေးကြသည်။ ဤသည်မှာ လူတို့တွင် ရှိသင့်သည့် လက်တွေ့ဘဝ ဆက်စပ်အကြောင်းအရာမှ ဖြစ်ပေါ်သည့် စစ်မှန်သော၊ အပြုသဘောဆောင်သော စိတ်အခြေအနေတစ်ခု ဖြစ်သည်။ မည်သည့် လူစားမျိုးက “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ”ဟု ပြောမည်နည်း။ “ချစ်လို့”ဟူသည့် ဓမ္မတေးသီချင်းရေးသည့် လူစားမျိုး မဟုတ်ပေ။ ၎င်းတို့ ပြောနိုင်သမျှမှာ နားဝေတိမ်တောင်ဖြစ်သော၊ အနှစ်မဲ့သည့် စကားများ၊ ကြီးကျယ်သော စကားရပ်များနှင့် ဆောင်ပုဒ်များ ဖြစ်သည်။ ၎င်းတို့က “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ”ဟု ပြောနိုင်ကြမည်လော။ ၎င်းတို့သည် ထိုစကားများကို လှိုက်လှိုက်လှဲလှဲ ပြောနိုင်ကြမည်လော။ ပြောနိုင်မည် မဟုတ်။ ၎င်းတို့ ပြောသမျှမှာ အနှစ်မဲ့သည့် စကားများ၊ ချဲ့ကားထားသော စကားများနှင့် လူတို့ နားထောင်ရန် လိုလားသည့် စကားများဖြစ်ပြီး အဆုံးတွင် ဓမ္မတေးတစ်ပုဒ်အဖြစ် အတူတကွ စုစည်းပြင်ဆင်ပြီး မိမိတို့ကိုယ်ကို အတော်လေး စွမ်းဆောင်နိုင်ကာ လိမ္မာပါးနပ်သည်ဟု တွေးထင်ကြလေသည်။ ငါ၏ အမြင်တွင် ထိုသီချင်းစာသားများတွင်ရှိသည့် စကားတစ်လုံးမျှသည် မည်သည့် တန်ဖိုးမျှ မရှိပေ ယင်းတို့သည် အဓိပ္ပာယ်မဲ့သော အရာချည်းသာဖြစ်သည်။ ယင်းတို့ကို ဖျက်ပစ်သင့်ပြီး အနာဂတ်တွင် ထိုသို့သော ဓမ္မတေးသီချင်းများကို မည်သူကိုမျှ သီဆိုခွင့်မပေးသင့်ပေ။ သင်တို့ သီဆိုလိုလျှင် စစ်မှန်သည့်၊ အူလှိုက်သည်းလှိုက်ဖြစ်သော စကားများပါရှိသည့် “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသကဲ့သို့သော ဓမ္မတေးသီချင်းများကို သီဆိုသင့်သည်။ ဤစကားလုံးများသည် လူတို့အတွက် တည်ဆောက်စရာ ဖြစ်ကြ၏။
ပထမအပိုဒ်၏ နောက်ဆုံး စာကြောင်းက “အခက်အခဲမှတစ်ဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ” ဟု ဖော်ပြသည်။ ဆိုလိုသည်မှာ လူတို့ကို ကျိုးနွံနာခံခြင်း သွန်သင်ပေးသည်မှာ အခက်အခဲ ဖြစ်သည်။ ထို့နောက် “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟု ဖော်ပြသည်။ ဤစာကြောင်းသည် အကြောင်းအရာနှင့် အမှန်တကယ် ဆီလျော်သည်။ ဤသည်မှာ ဤအရာအားလုံးကို ကြုံတွေ့ခြင်းအားဖြင့် ရရှိသည့် နောက်ဆုံး သိနားလည်ခြင်းနှင့် အတွေ့အကြုံ ဖြစ်သည်။ အတိအကျဆိုရလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့ကို ကယ်တင်ရန် ဖြစ်သည်။ လူတို့ နားလည်သင့်သည့်အရာမှာ လူတို့အတွက် ဘုရားသခင်၏ စိတ်နှလုံးသည် အကောင်းဆုံးဖြစ်ပြီး သူ လုပ်ဆောင်သမျှတိုင်းက ၎င်းတို့အတွက် အကျိုးရှိသည်ဟူ၍ ဖြစ်၏။ သူ လုပ်ဆောင်သည့်အရာသည် လူတို့ကို သောကရောက်စေရန် သို့မဟုတ် စိတ်အနှောင့်အယှက်ပေးရန် မဟုတ်ဘဲ ထို့ထက် ၎င်းတို့ကို သန့်စင်စေရန် ဖြစ်သည်။ ယင်းမှာ ဓမ္မတေးသီချင်းရေးသူက လှိုက်လှိုက်လှဲလှဲ ပြောနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ မည်သည့် စိတ်နှလုံးမျှသည် ဘုရားသခင်၏ စိတ်နှလုံးထက် သာ၍ မကောင်းပေ။ ဤသည်မှာ လူ့သဘာဝနှင့်ဆိုင်သော အသုံးအနှုန်း ဖြစ်သည်။ အတွေ့အကြုံနှင့် သိနားလည်မှု ပမာဏ တစ်ခုခုမရှိဘဲ၊ ဘုရားသခင်၏ အမှုတော်၊ လူတို့ကို ကယ်တင်သည့် သူ၏ နည်းလမ်း၊ ဤတိကျသည့် အသေးစိတ် အချက်များနှင့်ဆိုင်သည့် အတွေ့အကြုံနှင့် သိနားလည်မှုမရှိဘဲ တစ်စုံတစ်ဦးက “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသကဲ့သို့သော စကားများကို ပြောဆိုနိုင်သလော။ လုံးဝ မမြွက်ဆိုနိုင်ပေ။ “အခက်အခဲမှတစ်ဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ”ဟူသည့် စကားရပ်ကို တစ်ဖန် ကြည့်လော့။ ဤစာကြောင်းတွင် လက်တွေ့ကျသည့် ဘက်ခြမ်း ရှိသလော။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးနောက်တွင် လူတို့ ရရှိသည့် သို့မဟုတ် အကျိုးခံစားရသည့် အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အခက်အခဲမှာ အဘယ်နည်း။ ထိုအရာသည် စားဖို့ အလုံအလောက် မရှိခြင်း၊ ဝတ်ဖို့ အလုံအလောက်မရှိခြင်း၊ သို့မဟုတ် ထောင်ဒဏ်နှင့်ဆိုင်သည့် အခက်အခဲများကို တွေ့ကြုံခြင်းတို့အား ဆိုလိုသလော။ ထိုအရာသည် ဤပုံစံများဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို မရည်ညွှန်းပေ။ ထို့ထက် သမ္မာတရား၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် အပင်ပန်းခံသော ဂရုစိုက်ခြင်းနှင့် စပ်လျဉ်း၍ လူတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် တွေ့ကြုံသည့် ရုန်းကန်ကြိုးစားမှုတစ်ခု ဖြစ်သည်။ ဤအရာကို တွေ့ကြုံပြီးနောက်တွင် လူတို့သည် ၎င်းတို့၏ မျှော်လင့်ချက်အရ ၎င်းတို့၏ စိတ်နှလုံးထဲတွင် များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်ဟု ခံစားကြသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ သိနားလည်သွားကြသည်၊ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံသင့်ကြောင်း သိကြသည်၊ ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်ကို သင်ယူကြပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာနှင့်ဆိုင်သည့် နက်ရှိုင်းသော အတွေ့အကြုံတစ်ခုကို ဆည်းပူးရရှိကြကာ ထို့နောက်တွင်မှ ၎င်းတို့က၊ “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟု ပြောနိုင်ကြလေသည်။ လူအများစုသည် ထိုသို့သော စာကြောင်းတစ်ကြောင်းကို မပြောဆိုနိုင်ကြပေ။ ဤဓမ္မတေးသီချင်းကို ငါနှစ်သက်သည်။ ဤဓမ္မတေးသီချင်းမျိုးကို ငါ နှစ်သက်သည်။ ဤဓမ္မတေးသီချင်းကို သင်တို့ မကြာခဏ သီဆိုလျှင် သင်တို့အတွက် လုံးဝ အထောက်အကူ ဖြစ်လိမ့်မည်။ ထိုအရာတွင်ရှိသည့် စာကြောင်းတိုင်းသည် သင်တို့၏ နေ့စဉ်အသက်တာတွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ချုပ်ထိန်းသော သက်ရောက်မှုတစ်ခု ရှိသည်။ သင်တို့၏ လက်တွေ့ကျသော အတွေ့အကြုံနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင်တို့၏ ဝင်ရောက်မှုအတွက် လမ်းညွှန်လည်းဖြစ်သလို အကူအညီတစ်ခုလည်း ဖြစ်သည်။ သင်တို့အားလပ်သည့်အခါ ဤတေးသီချင်းစာသားများကို မကြာခဏ ပိုမို၍ ဖတ်ရှုခြင်းသည် သင်တို့အတွက် ကောင်းလိုက်လေခြင်းပါတကား။ အခြေအနေ သို့မဟုတ် ဆက်စပ်အကြောင်းအရာ တစ်ခုခုအားဖြင့် မြွက်ဆိုထားခြင်းမရှိသည့် စာကြောင်းတစ်ခုတလေ ဤဓမ္မတေးသီချင်းတွင် ရှိသလော။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုထဲသို့ ဝင်ရောက်ခြင်း မပါဝင်သည့် စာကြောင်းတစ်ခုတလေ ရှိသလော။ စာကြောင်းတိုင်းတွင် ပါဝင်သည်။ ယင်းတို့တစ်ခုမျှ အနှစ်မဲ့သော စကားများ မပါရှိပေ။ “ဘုရားသခင်ကို ချစ်ဖို့ ကျွန်ုပ် ရွေးချယ်ခဲ့သော်လည်း ကျွန်ုပ်၏ ချစ်ခြင်းက ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် ရောပေသည်”ဟူသည့် နောက်ဆုံး စာကြောင်းအနည်းငယ်ကို ကြည့်လော့။ ဘုရားသခင်ကို ချစ်ရန် ရွေးချယ်ခြင်းသည် ကျယ်ပြန့်သည့်၊ ယေဘုယျဖြစ်သည့်၊ အယူအဆဆိုင်ရာ စကားတစ်ခု ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်း၊ မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အတွက် မိမိ၏ အသက်တာကို အသုံးခံခြင်းဟု အမှန်တကယ် ဆိုလိုသည်။ ယင်းကို ဤနေရာတွင် “ဘုရားသခင်ကိုချစ်ဖို့”ဟူသည့် စကားရပ်ဖြင့် အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြထားသည်။ လူတို့က ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများဖြင့် ရောနေဆဲဖြစ်သည်ဟု ခံစားကြသည်။ မိမိတို့ကိုယ်ကို သိရှိခြင်းနှင့် သမ္မာတရားနှင့်ဆိုင်သော အတွေ့အကြုံ တစ်ခုမျှမရှိဘဲ အဘယ်သူသည် ထိုသို့သော စကားရပ်တစ်ခုကို ပြောဆိုနိုင်မည်နည်း။ သင်တို့ မုချ ပြောဆိုနိုင်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအတွေ့အကြုံ ကင်းမဲ့ကြသောကြောင့် ဖြစ်သည်။ ဆက်လက်၍ “ပေတရု၏ စိတ်ဝိညာဉ်ကဲ့သို့ စိတ်ဝိညာဉ်တစ်ခု ရရှိဖို့ ကျွန်ုပ်ကြိုးပမ်းရမည်”ဟု ဆိုသည်။ ဓမ္မတေးသီချင်းရေးသူ၏ ရည်မှန်းချက်မှာ ပေတရုကဲ့သို့ဖြစ်ရန် ဖြစ်သည်။ သင်တို့သည်လည်း စံအမှတ်တစ်ခုနှင့် ရည်မှန်းချက်တစ်ခု သတ်မှတ်ပြီးဖြစ်သည်။ သင်တို့သည်လည်း ပေတရုကဲ့သို့ ဖြစ်လိုကြသည်။ ထို့ကြောင့် သင်တို့၏ လမ်းကြောင်းမှာ အဘယ်နည်း။ သင်တို့သည်လည်း ကြိုးပမ်းရမည်ဖြစ်သည်။ သို့သော် “ကျွန်ုပ်၏ ချစ်ခြင်းက ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် ရောပေသည်”ဟူသည့် စကားရပ်ကို သင်တို့ ပြောဆိုနိုင်သလော။ သင်၏ ချစ်ခြင်းမေတ္တာက သင်၏ကိုယ်ပိုင် စိတ်ကူးများဖြင့် ရောခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကိုပင် သင်မသိလျှင် ပေတရု၏ စိတ်ဓာတ်ကဲ့သို့သော စိတ်ဓာတ်တစ်ခုကို သင် မည်သို့ ရရှိလိမ့်မည်နည်း။ ဤစကားရပ်အတွက် လက်တွေ့ကျသော အမြင်တစ်ခု ရှိ၏။ ဆက်ဖတ်သွားလျှင် သာ၍ပင်ကောင်းသည်။ “ကျွန်ုပ်၏ ချစ်ခြင်းကို ဘုရားသခင် မည်သို့ လက်ခံပါစေ၊ ကျွန်ုပ်၏ တစ်ခုတည်းသော စိတ်ဆန္ဒက ကိုယ်တော့်ကို စိတ်ကျေနပ်ဖို့ပင်။” ဤသည်မှာ လူတို့က အခက်အခဲများနှင့် စမ်းသပ်မှုများ တွေ့ကြုံပြီးနောက်တွင် မိမိတို့ကိုယ်ကို တောင်းဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်သည့် သဘောထားတစ်ခု၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ သမ္မာတရားကို လိုက်စားသည့် သဘောထားတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်ခြင်းသည် မိမိစွမ်းဆောင်ရရှိနိုင်သည့် အတိုင်းအတာကို ပဓာနမထားဘဲ မိမိ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိပြီးခြင်း ဖြစ်သည်။ ဤစကားလုံးများအတွက် လက်တွေ့ကျသည့် အမြင်တစ်ခု ရှိသည်။ ယင်းတို့ကို ဖတ်ရှုပြီးနောက်တွင် သင်တို့ ခွန်အားရကာ လှုံ့ဆော်ခြင်းခံရသလော။ (လှုံ့ဆော်ခြင်းခံရပါသည်။) ယင်းတို့ကို ဖတ်ရှုပြီးနောက်တွင် လူတို့ကို ရည်မှန်းချက်တစ်ခု၊ တွန်းအားတစ်ခု၊ ဦးတည်ချက်တစ်ခု ပေးသည်။ တစ်ခါတစ်ရံ လူတို့က ၎င်းတို့ မည်သို့ ပြုမူဆောင်ရွက်သည်ဖြစ်စေ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိဟု ခံစားပြီး အပျက်သဘောဆောင်ခြင်းထဲသို့ ထိုးကျသွားသည်။ သို့သော် ဤစကားများကို ၎င်းတို့ ဖတ်ရှုကာ လူတို့အပေါ် ဘုရားသခင် များစွာ မတောင်းဆိုသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ငါလုပ်ဆောင်ရမည့်အရာဟူသမျှမှာ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ အခြား မည်သည့်အရာကိုမျှ ငါ မတောင်းဆိုပါ။ ငါ၏ ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများနှင့် နှစ်သက်မှုများကို လက်လွှတ်ရန်နှင့် ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်ဆောင်ရန်သာ ငါ ကြိုးစားသည်။ ယင်းမှာ လုံလောက်သည်”ဟူ၍ တွေးတောကြသည်။ အဆုံးတွင် အားလုံးက “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ။ အခက်အခဲမှတစ်ဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ။ ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည့် စကားလုံးများကသာ အဓိကအကျဆုံးဖြစ်ပေသည်။ ဤစကားလုံးများက အတော်လေး လက်တွေ့ကျပေသည်။
ခြုံကြည့်သော် “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ” ဟူသည့် ဓမ္မတေးသီချင်းသည် စစ်မှန်သော အတွေ့အကြုံကို ပြောသည်။ ဘုရားသခင်၏ အမှုတော်၊ သူ၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် စမ်းသပ်မှုများကို တွေ့ကြုံပြီးနောက်တွင် လူတို့သည် ကျိုးနွံနာခံရန် သင်ယူကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာကြပြီး သူ၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍ မကောင်းသည်ကို သိကြသည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်သော သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပြီး လူတို့ တွေ့ကြုံသည့်အရာ ဖြစ်သည်။ လူတို့ အသိအမှတ်ပြုသင့်သည့်အရာလည်း ဖြစ်သည်။ သင်တို့သည် လက်တွေ့ကျသော အတွေ့အကြုံနှင့်လည်းကောင်း၊ အသိပညာနှင့်လည်းကောင်း သက်ဆိုင်သည့် ဤသီချင်းစာသားများကို သံစဉ်ညှိကာ မကြာခဏ သီဆိုလျှင် ယင်းတို့က သင်တို့ကို ကောင်းကျိုးများစွာ ပြုလိမ့်မည်။ တစ်နည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မတေးသီချင်းများကို သီဆိုခြင်းသည် လူတို့အား သမ္မာတရားကို သာ၍နားလည်ရန်နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သာ၍ လျင်မြန်စွာ ဝင်ရောက်ရန် ကူညီနိုင်သည်။ နောက်တစ်နည်းအားဖြင့် စစ်မှန်မှုရှိသည့် လူတို့ ရေးသားထားသော ဤအတွေ့အကြုံဆိုင်ရာ ဓမ္မတေးသီချင်းများကို သီဆိုခြင်းအားဖြင့် သင်တို့၏ အတွေ့အကြုံနှင့် သိနားလည်မှုတို့ သာ၍ လျင်မြန်စွာ တိုးတက်လိမ့်မည်။ ဤသည်တို့မှာ လူတို့တွင် အတွေ့အကြုံအချို့ရှိပြီးနောက် ချရေးထားသည့် ထိုးထွင်းအမြင်များနှင့် သိနားလည်မှုများဖြစ်ပြီး ယင်းတို့တွင် လူတို့ ရှိသင့်သည့် လမ်းကြောင်းနှင့် ဝင်ရောက်မှု ဦးတည်ချက်တို့လည်း ပါဝင်သည်။ ယင်းတို့သည် သင်တို့အတွက် ရရှိနိုင်သော အသင့်ပြင်ဆင်ထားသည့်အရာ ဖြစ်ပြီး သင်တို့အဖို့ ကြီးမားသော အကူအညီ ဖြစ်လိမ့်မည်။ ထိုသို့သော အတွေ့အကြုံဆိုင်ရာ သီချင်းစာသားများကို တွဲဖက်ရန် တေးဂီတကို သင်တို့ အဘယ်ကြောင့် မရေးသားကြသနည်း။ အဘယ်ကြောင့် အနှစ်မဲ့သည့်၊ လက်တွေ့မကျသကဲ့သို့ ရိုးအီနေသော သီချင်းစာသားများအတွက် တေးဂီတကို သင်တို့ အမြဲ ရေးဖွဲသီကုံးကြသနည်း။ သင်တို့သည် အလွန် ပိုင်းခြားသိမြင်ခြင်း မရှိကြ၊ မည်သည့်အရာက ကောင်းမွန်သည့် ဓမ္မတေးသီချင်းတစ်ပုဒ် ဖြစ်စေသည်ကို သင်တို့ မသိကြ။ သင်တို့ အလွန် စိတ်ပျက်ဖွယ်ဖြစ်လှပါတကား။ ဤအတွေ့အကြုံဆိုင်ရာ ဓမ္မတေးသီချင်းများက လူတို့ကို အလွန် ကောင်းကျိုးများစွာ ပြု၏။ ဤလက်တွေ့ကျသော စကားလုံးများကို ပုံမှန် သီဆိုခြင်းက ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သိသာစွာ အကူအညီပေးလျက် ယင်းတို့ကို မိမိ၏ စိတ်နှလုံးတွင် စွဲထင်ကျန်စေသည်။ သင်တို့သည် ကျေးဇူးတော်ခေတ်၏ အဆင့်များဖြစ်သည့် ဘုရားသခင်၏ ကျေးဇူးတော်၊ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ ကောင်းချီးများအပြင်၊ သူ၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ချီးမွမ်းခြင်းတွင် အစဉ်အမြဲ ပိတ်မိနေလျှင် သမ္မာတရား စစ်မှန်မှုထဲသို့ သင်တို့ တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်နိုင်လိမ့်မည်လော။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အခြေအနေတို့သည် အလွန် သနားစရာကောင်းလောက်အောင် သေးငယ်နေသည်၊ အပေါ်ယံ အဆင့်တစ်ခုတွင် အမြဲ ပိတ်မိနေသည်။ သင်တို့ကို လမ်းပြရန် ကောင်းမွန်သည့် ဓမ္မတေးသီချင်းအချို့ မရှိဘဲ သမ္မာတရား စစ်မှန်မှုထဲသို့ သင်တို့ဘာသာ ဝင်ရောက်ရန် အလွန် ပင်ပန်းရလိမ့်မည်။ “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည့် ဓမ္မတေးသီချင်းကို ကြည့်လော့၊ သင်၏ အားလပ်ချိန်တွင် ဤဓမ္မတေးသီချင်းကို ဆုတောင်းရင်းဖြင့်ဖတ်ရှုလော့။ ယင်းတွင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် သင့်ကို လမ်းပြကာ ကူညီမည့် လမ်းကြောင်းတစ်ခု ပါရှိ၏။ သင့်အနေဖြင့် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခုရှိရန်အလို့ငှာ မှန်ကန်သည့် ဦးတည်ချက်တစ်ခုကို သင့်အား ပေးနိုင်သည်။ မှန်ကန်သည့် ရှုထောင့်အမြင်အချို့မှာ အဘယ်နည်း။ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့်၊ လူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ထိုက်တန်ပေ။” ဤသည်မှာ လူတို့ ရှိသင့်သည့် မှန်ကန်ပြီး ဖြူစင်သော ရှုထောင့်အမြင်မျိုးဖြစ်သည် မဟုတ်လော။ ထို့အပြင် “ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်”ဟူသည့် စကားများသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဧကန်အမှန်ပင် ယင်းတို့ကို သင် လက်ခံရမည်။ ယင်းတို့ကို သင် စိတ်ဝင်စားကာ တွေ့ကြုံရမည်ဖြစ်ပြီး အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ နင်းလျှောက်ရမည့် လမ်းကြောင်းတစ်ခု သင့်အတွက် ရှိလိမ့်မည်။ ဤစကားလုံးများသည် သင်၏ လုပ်ရပ်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် ဦးတည်ချက်တစ်ခု ဖြစ်လာလိမ့်မည်။ ထို့နောက် “ငါ၏ အစွမ်းရှိသမျှဖြင့် မကြိုးပမ်းလျှင်၊ စုံလင်စေခြင်းခံရဖို့ ခက်ခဲကောင်းခက်ခဲနိုင်သည်”ဟူသည့်အရာ ရှိသည်။ ဤအရာကလည်း မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခုကို ကိုယ်စားပြုသည်။ “အခက်အခဲမှတစ်ဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ။ ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည်မှာ အဘယ်သို့နည်း။ ဤသည်မှာ ရှိသင့်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) သေချာစွာ ကြည့်လော့။ ဤနေရာတွင် စာကြောင်းတစ်ကြောင်းမျှသည် အနှစ်မဲ့သော စကား သို့မဟုတ် စကားများနှင့် အယူဝါဒများသက်သက် မဟုတ်ပေ။ အားလုံးက စစ်မှန်သည့် အတွေ့အကြုံမှ ပေါက်ဖွားလာသော သိနားလည်မှုနှင့် ထိုးထွင်းအမြင်တို့ကို ပြောသည်။ ယခုလေးတင်က “ချစ်လို့” ဟူသော ဓမ္မတေးသီချင်းနှင့် ယှဉ်ကြည့်လျှင် မည်သည့်အရာက လက်တွေ့ကျသည်ဟု သင်တို့ ထင်သနည်း။ လက်တွေ့ကျသည့်အရာကို ထိန်းသိမ်းသင့်စဉ်တွင် အနှစ်မဲ့သည့်အရာကို ဖယ်ရှားရှင်းလင်းကာ စွန့်ပစ်သင့်ပေသည်။ ထိုအရာကို အားမပေးသင့်ပေ။ အချို့က “ထိုဓမ္မတေးသီချင်းများ သီဆိုရသည်ကို ကျွန်ုပ် ကျင့်သားရလာပြီးဖြစ်သည်။ ယင်းတို့သည် ကျွန်ုပ်၏ စိတ်နှလုံးထဲ ဝင်ရောက်ပြီးဖြစ်ကာ ယင်းတို့မရှိဘဲ ကျွန်ုပ် မနေနိုင်ပါ”ဟု ပြောကြသည်။ ယင်းတို့မရှိဘဲ သင် မနေနိုင်လျှင် ဆက်၍ ဆက်သီဆိုပါလေ။ အနှစ်နှစ်ဆယ်ကြာ သီဆိုပြီးနောက်တွင် သင် မည်သည့်အရာ ရရှိပြီးဖြစ်သည်၊ သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို ငါ ကြည့်မည်။ “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည့် ဓမ္မတေးသီချင်းကို သင် သီဆိုလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သီဆိုပြီးသည်နှင့် သင်၏ စိတ်နှလုံးကို ဆွဲဆောင်လိမ့်မည်။ တစ်လ သို့မဟုတ် နှစ်လ သီဆိုပြီးနောက်တွင် သင်၏ အခြေအနေသည် အတိုင်းအတာတစ်ခုထိ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ ယင်း၏ စကားလုံးများကို လှိုက်လှိုက်လှဲလှဲ သင် အမှန်တကယ် လက်ခံလျှင် သင်၏ အတွင်းပိုင်း အခြေအနေ ကွဲပြားလိမ့်မည် ဖြစ်ကာ ထိုအခြေအနေကို သင် လုံးဝ ပြောင်းလဲစေပြီး ဖြစ်လိမ့်မည်။ အနှစ်မဲ့သည့် သဘောတရားများနှင့် အဓိပ္ပာယ်မဲ့သော အရာများနှင့်ဆိုင်သည့် ထိုဓမ္မတေးသီချင်းများကို သင့်တစ်ဘဝလုံး သီဆိုနိုင်သည်။ သို့သော် ထိုအရာက အသုံးဝင်လိမ့်မည် မဟုတ်။ ထိုအနှစ်မဲ့ပြီး အပေါ်ယံဆန်သော ဓမ္မတေးသီချင်းများကို သီဆိုခဲ့ကြပြီး မိမိတို့ တစ်ဘဝလုံး သီဆိုသော်လည်း သမ္မာတရား မရရှိခဲ့ကြသည့် ကျေးဇူးတော်ခေတ်တွင်ရှိသော လူများကဲ့သို့ပင် ထိုအရာသည် အချိန်ဖြုန်းခြင်းတစ်ခုသာ ဖြစ်သည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။