ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည် (အပိုင်း တစ်)
သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဆန္ဒရှိလျှင် သမ္မာတရားကို သင် ဦးစွာ နားလည်ရမည်။ သမ္မာတရားကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေရမည်။ သမ္မာတရား ရှာဖွေရာတွင် အဓိကသော့ချက်မှာ ဘုရားနှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ရန် သင်ယူခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ထိုသို့စဉ်းစားဆင်ခြင်ခြင်း၏ ရည်ရွယ်ချက်မှာ ယင်းတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရန်ဖြစ်သည်။ ရှာဖွေခြင်းမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ လူများထံမှ ဘုရားသခင် တောင်းဆိုသည့်အရာကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များတွင် တွေ့ရှိနိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကိုလည်းကောင်း သင်နားလည်လိမ့်မည်။ ထိုသို့သောနားလည်မှုတစ်ခုကို သင်ရရှိသည့်အခါတွင် သမ္မာတရားကို သင်နားလည်လိမ့်မည်။ သမ္မာတရားကို သင်နားလည်ပြီးသည်နှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုကို လမ်းပြပေးရမည့် စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် လွယ်ကူ၏။ ထို့နောက်တွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်ယူသည်နှင့် သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်လိမ့်မည်။ ထိုသို့သော အချိန်တွင် ယခင်က သင်နားမလည်နိုင်ခဲ့သောအရာများကို သင်နားလည်လိမ့်မည် ဖြစ်သည်။ ယခင်က သင် ရှင်းလင်းစွာ မမြင်နိုင်ခဲ့သောအရာများကို သင်သိနားလည်လိမ့်မည် ဖြစ်ပြီး ယခင်က သင့်အတွက် ဖြေရှင်းရန် မဖြစ်နိုင်သော ပြဿနာများကို သင်ဖြေရှင်းနိုင်လိမ့်မည်။ အမှုကိစ္စများစွာတွင် လှုံ့ဆော်မှုနှင့် အသစ်သော ထိုးထွင်းအမြင်တို့ကို သင်စတင်ရရှိလိမ့်မည်ဖြစ်သည်။ လက်တွေ့အကောင်အထည်ဖော်ရန် လမ်းကြောင်းများသည် သင့်အတွက် ပွင့်လာလိမ့်မည်ဖြစ်ကာ သမ္မာတရားကို သင် တစိုက်မတ်မတ် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှုထဲသို့ သင်အပြည့်အဝ ဝင်ရောက်မည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် သင်၏တာဝန်၌ သင်စိတ်မနှစ်ထားသကဲ့သို့ သမ္မာတရား၏ စည်းမျဉ်းများကိုလည်း သင်မရှာဖွေပါက၊ သင်သည် မရေမရာဖြစ်ကာ သို့မဟုတ် မရှင်းမလင်းဖြစ်ကာ အမှုကိစ္စများကို သင်တတ်နိုင်သမျှ အလွယ်ကူဆုံးနည်းလမ်းဖြင့်သာ လုပ်ဆောင်ပါက ဤသည်မှာ မည်သည့်စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ အမှုကိစ္စများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏တာဝန်ကို သစ္စာစောင့်သိမှု မရှိလျှင်၊ သင်၏တာဝန်အပေါ် တာဝန်သိစိတ်မရှိလျှင်၊ သို့မဟုတ် တာဝန်နှင့်ပတ်သက်သည့် ခံယူချက်တစ်ခုမျှ မရှိလျှင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော။ သင်၏တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်လော။ သင်၏ တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်စွမ်းမရှိလျှင် သမ္မာတရား၏ စစ်မှန်မှုကို သင်ဝင်ရောက်နိုင်မည်လော။ သေချာပေါက် မဝင်ရောက်နိုင်ပေ။ သင်၏တာဝန်ကို သင်ထမ်းဆောင်တိုင်း သင်သည် စိတ်မဝင်စားဘဲ၊ မည်သည့်အားထုတ်မှုမျှမရှိသည့်အပြင် ဂိမ်းတစ်ခု ကစားနေသည့်အလား စဉ်းစားဆင်ခြင်မှုမရှိဘဲ အိုးနင်းခွက်နင်းဖြင့် လုပ်ဆောင်ပါက ဤသည်မှာ ပြဿနာမဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းဖြင့်ထမ်းဆောင်ခြင်းမှ သင်သည် မည်သည့်အရာကို ရရှိနိုင်သနည်း။ နောက်ဆုံးတွင် သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါ တာဝန်သိစိတ် မရှိကြောင်း၊ ဝတ်ကျေတမ်းကျေပြုကြောင်းနှင့် ဖြစ်သလိုလုပ်ကြောင်းကို လူများမြင်လိမ့်မည်ဖြစ်ကာ ထိုအခြေအနေတွင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိပြီဖြစ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်သည် ဖြစ်စဉ်တစ်လျှောက်လုံး စောင့်ကြည့်နေသည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြောမည်နည်း။ (ဤလူသည် သူ၏စေခိုင်းချက်၊ သို့မဟုတ် သူ၏ယုံကြည်မှုဖြင့် မထိုက်တန်ပါ။) သင်သည် ယုံကြည်စိတ်ချထိုက်ခြင်း မရှိကြောင်းနှင့် သင့်ကို ဖယ်ရှားရှင်းလင်းသင့်ကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ ထို့ကြောင့် သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ထိုတာဝန်သည် အရေးကြီးသောတာဝန်တစ်ခု ဖြစ်သည်ဖြစ်စေ၊ သာမန်တာဝန်တစ်ခုဖြစ်သည်ဖြစ်စေ သင့်ကို ပေးအပ်ထားသော အလုပ်ထဲသို့ စိတ်မနှစ်လျှင်၊ သို့မဟုတ် သင်၏တာဝန်ကို စံမီအောင် မထမ်းဆောင်လျှင်၊ ထိုတာဝန်ကို ဘုရားသခင်၏ စေခိုင်းချက်အဖြစ် သင်မမြင်ဘဲ၊ သို့မဟုတ် သင်၏ကိုယ်ပိုင် တာဝန်နှင့် ဝတ္တရားအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း မရှိဘဲ ဝတ်ကျေတမ်းကျေဟန်ပန်ဖြင့် အမှုကိစ္စများကို အစဉ်သဖြင့် ဆောင်ရွက်လျှင် ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လိမ့်မည်။ “ယုံကြည်စိတ်ချထိုက်ခြင်း မရှိ” ဟူသည့် ဤစကားများသည် သင်၏ တာဝန်ကို သင်ထမ်းဆောင်သည့် ပုံစံအား သတ်မှတ်ပေးလိမ့်မည်။ ယင်းတို့က ဆိုလိုသည်မှာ သင်သည် သင်၏တာဝန်ကို စံနှုန်းပြည့်အောင် ထမ်းဆောင်ခြင်း မရှိကြောင်း၊ သင်သည် ဖယ်ရှားရှင်းလင်းခံရပြီး ဖြစ်ကြောင်းနှင့် သင်၏စရိုက်သည် စံမမီဟု ဘုရားသခင်က ပြောကြောင်းဖြစ်သည်။ သင့်အား အမှုကိစ္စတစ်ခုကို ပေးအပ်သည့်တိုင် ဤသည်မှာ ထိုကိစ္စအပေါ် သင်ထားရှိသည့် သဘောထားဖြစ်ပြီး သင် ကိုင်တွယ်သည့်ပုံစံဖြစ်လျှင် နောင်တွင် သင်သည် နောက်ထပ်တာဝန် တစ်ခုတလေဖြင့် တာဝန်ပေးစေခိုင်းခြင်း ခံရမည်လော။ သင်သည် အရေးကြီးသည့်အရာ တစ်ခုတလေဖြင့် ပေးအပ်ခြင်း ခံရနိုင်မည်လော။ စစ်မှန်သော နောင်တရခြင်းကို သင်မပြသရွေ့ သေချာပေါက် ပေးအပ်ခြင်း ခံရနိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် စိတ်ထဲတွင် သင့်အပေါ် အချို့သော မယုံကြည်မှုနှင့် မကျေနပ်ချက်တို့ အစဉ်သဖြင့် ထားရှိလိမ့်မည်။ ဤသည်မှာ ပြဿနာဖြစ်လိမ့်မည် မဟုတ်လော။ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ မည်သည့်အခွင့်အလမ်းကိုမဆို သင်ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပြီး သင် ကယ်တင်ခြင်း မခံရနိုင်ပေ။
လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် “ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း” ကို သင်၏စစ်မှန်မှု ဖြစ်စေရမည်။ သင်ခိုကပ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင်အာရုံပျံ့လွင့်သည့်အချိန် သို့မဟုတ် ပျော်ပျော်နေလိုက်ချင်သည့် အချိန်တိုင်းတွင် ထိုအရာကို သင်စဉ်းစားဆင်ခြင်သင့်၏။ “ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင် အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော” ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကာ သစ္စာမရှိသကဲ့သို့ သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့သည်ကို သိလာလျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က “ထိုအခိုက်အတန့်တွင် တစ်ခုခုမှားနေသည်ကို ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်” ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြောင်းလဲရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် အပိုအလုပ်တစ်ခုကဲ့သို့ ယင်းကို ဂရုမစိုက်။ ယင်းကို စိတ်နှစ်မြုပ်လုပ်ကိုင်ခြင်းမရှိ။ သင်သည် ဤသို့ ထပ်မံ၍ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမခွင့် ပေးရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ရှိရမည်။ ထိုမှသာ သင်သည် အမှန်တကယ် နောင်တရနိုင်သည်။ သင်၏ အသိစိတ်က ရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင့်သဘောထားက ပြောင်းလဲမှသာ သင့်ကိုယ်သင် ပြောင်းလဲနိုင်ပေသည်။ သင်နောင်တရသောအခါတွင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် အကြွင်းမဲ့လုပ်ဆောင်ခြင်းရှိမရှိကိုလည်း မကြာခဏ သုံးသပ်ရမည်။ ထို့နောက် အတိုင်းအတာအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုပြီး သင်တို့ကိုယ်တိုင်အပေါ် အသုံးချရင်း သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်ပြဿနာများတည်ရှိသေးသည်ကို သင်သိရှိရလိမ့်မည်။ ပြဿနာများကို ဤနည်းဖြင့်၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အစဉ် ဖြေရှင်းခြင်းအားဖြင့် သင်သည် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် သင်၏တာဝန် ထမ်းဆောင်ခြင်းကို လက်တွေ့အရှိတရားအတွင်းသို့ မဆောင်ကြဉ်းလေသလော။ သင်၏တာဝန်ကို ထိုနည်းလမ်းဖြင့် ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် သင်ထမ်းဆောင်ပြီးသားဖြစ်သည် မဟုတ်လော။ သင့်အသိစိတ်၏ တန်ပြန်စွပ်စွဲချက် တစ်ခုမျှ မရှိတော့လျှင်၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အရည်အချင်းများကို ပြည့်မီပြီး သစ္စာရှိခြင်းအား ဖော်ပြနိုင်လျှင် ထိုအခါမှသာ သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိလိမ့်မည် ဖြစ်သည်။ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် ထပ်တိုး ဝန်ထုပ်တစ်ခုဆိုသည်ထက် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည့် တာဝန်တစ်ခုဖြစ်သကဲ့သို့ ခံစားရလိမ့်မည်ဖြစ်ကာ အခြားတစ်စုံတစ်ဦးအတွက် လုပ်ဆောင်ရသည့် အလုပ်တစ်ခုကဲ့သို့ လုံးဝ ခံစားရလိမ့်မည် မဟုတ်ပေ။ တာဝန်တစ်ခုကို ဤသို့ထမ်းဆောင်ခြင်းအားဖြင့် သင် စိတ်ကျေနပ်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် အသက်ရှင်နေသည်ဟု သင်ခံစားရသည်။ ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် စိတ်ငြိမ်သက်ခြင်းကို ခံစားရစေသည်။ ယင်းကြောင့် သင်သည် လူနှင့်အနည်းငယ် ပို၍တူလာပြီး ဖုတ်ကောင်နှင့်တူခြင်းက ပို၍ နည်းလာမည် မဟုတ်လော။ ဤသို့ သင်ပြုမူဆောင်ရွက်ခြင်းသည် လွယ်ကူသလော။ စင်စစ်အားဖြင့် လွယ်ကူပေသည်။ သို့ရာတွင် သမ္မာတရားကို လက်မခံသည့်သူများအတွက်မူ မလွယ်ကူပေ။
အမှန်မှာမူ လူတစ်ဦးသည် မိမိ၏တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းအထိ ထမ်းဆောင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သို့ဆိုစေ ၎င်း၏စိတ်နှလုံး၌ ချင့်ချိန်အကဲဖြတ်နိုင်စွမ်း ရှိ၏။ ထိုသူသည် သမ္မာတရားအပေါ် ပေါ့တန်သော နားလည်မှု ရှိလျှင်ပင်၊ ဒေသနာများကို စဉ်ဆက်မပြတ် နားထောင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို မကြာမကြာ ဖတ်ရှုလျှင်၊ အခြားသူများနှင့် မကြာမကြာ မိတ်သဟာယပြုလျှင် သူသည် အနည်းဆုံးအနေဖြင့် အချို့သော အယူဝါဒများကို နားလည်နိုင်လိမ့်မည်။ ဤအယူဝါဒများကို မိမိ၏ခြင်တွယ်အဖြစ် မှတ်ယူခြင်းအားဖြင့် မိမိ၏တာဝန်ကို မည်မျှကောင်းစွာ ထမ်းဆောင်နေပြီး စည်းမျဉ်းများကို လိုက်နာနေခြင်း ရှိမရှိကိုလည်း သူအကဲဖြတ်နိုင်သည်။ ဤရှင်းလင်းပြတ်သားမှုသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည့်သူများအားလုံး နားလည်သဘောပေါက်နိုင်သည့်အရာဖြစ်၏။ အချိန်အတော်များများတွင် လူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ဝတ်ကျေတမ်းကျေဖြင့် ဆောင်ရွက်ကြသည်။ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ဖို့ မဆိုထားနှင့်၊ အစွမ်းရှိသမျှဖြင့် ၎င်းတို့ ဆက်ကပ်ခြင်းပင် မရှိကြချေ။ ၎င်းတို့၏တာဝန်သည် မည်သည့်အရာဖြစ်ပါစေ ၎င်းတို့က လျစ်လျူရှုကြသည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို တွေ့ကောင်း တွေ့နိုင်သော်ငြားလည်း ဖြေရှင်းချက်ရှာဖို့ မကြိုးစားဘဲ မိမိတို့နှင့် မသက်ဆိုင်သည့်အလား ပြုမူပြီး ယင်းကို ဖြေရှင်းဖို့ ဝတ်ကျေတမ်းကျေ ကြိုးစားအားထုတ်မှုအချို့ကို ပြုလေသည်။ ၎င်းတို့အတွက် အမှုကိစ္စများကို ခက်ခဲအောင် လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ ဤကိစ္စတွင်လည်း အလွန်စိတ်ထက်သန်ဖို့ မလိုအပ်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထင်မြင်လေသည်။ သို့ရာတွင် မိမိတို့ကိုယ်ကို ထိုနည်းအားဖြင့် ညှိနှိုင်းပြင်ဆင်ခြင်းသည် ၎င်းတို့၏ စိတ်အတွင်းပိုင်း အခြေအနေကို မသိမသာ ပို၍ ဆိုးလာစေသည်။ တာဝန်ယူစိတ် မရှိဘဲ သင်၏တာဝန်ကို ထမ်းဆောင်လျှင် သင်၏ စိတ်နှလုံးသည် မလွဲဧကန်ပင် ဝတ်ကျေတမ်းကျေဖြစ်လာလိမ့်မည်။ သစ္စာစောင့်သိရန် မဆိုထားနှင့်၊ တာဝန်များကို ခေါင်းခံနိုင်လိမ့်မည် မဟုတ်ချေ။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ငြင်းပယ်မိလိမ့်မည်။ သင်သည် ဖြစ်သလိုလုပ်ရုံမျှ လုပ်ခြင်းထက် မည်သည့်အရာမျှ ပို၍ လုပ်ဆောင်ခြင်း မရှိဘဲ၊ ဉာဏ်အလင်းအသစ်၊ သို့မဟုတ် ထိုးထွင်အမြင် အသစ်တစ်ခုမျှ မရှိဘဲ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် စည်းကမ်းများကို အစဉ် လိုက်နာနေ၏။ သင်၏တာဝန်ကို ထိုသို့သော နည်းလမ်းအားဖြင့် ထမ်းဆောင်ခြင်းသည် အကျိုးမရှိပေ။ သင် အလုပ်လုပ်ပေးအစေခံမှု ပေးသည့်အချိန်တွင်ပင် ယင်းသည် မလုံလောက်ပေ။ သင်၏ အလုပ်လုပ်ပေးခြင်းသည်ပင် မလုံလောက်လျှင်၊ သင်သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်နိုင်သလော။ လုံးဝ မဖြစ်နိုင်ချေ။ လုံလောက်မှုမရှိဘဲ အလုပ်လုပ်ပေးသောသူတို့သည် ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။ နားဝေတိမ်တောင်ဖြစ်သော လူအချို့သည် သမ္မာတရားကို စိုးစဉ်းမျှ နားလည်ခြင်း မရှိချေ။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရုံမျှ ထမ်းဆောင်ခြင်းကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ၎င်းတို့က သဘောထားကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရုံသက်သက်ဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တွေးထင်ကြသည်။ ထိုသို့သော လူတစ်ဦးကို သင်က “သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော” ဟု မေးလျှင် ထိုသူက “ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်လော” ဟု ပြန်ဖြေလိမ့်မည်။ ထိုသူသည် မှန်ကန်ပါသလော။ ထိုစကားများသည် နားဝေတိမ်တောင် ဖြစ်နေသူတစ်ဦး၏ စကားများဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ထိရောက်စွာ လက်တွေ့လုပ်ဆောင်ဖို့အတွက် အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှကို ထိုတာဝန်ထဲတွင် ထည့်ရမည်ဖြစ်သည်။ သမ္မာတရားကို ထိရောက်စွာ လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများနှင့်အညီ သင် ပြုမူဆောင်ရွက်ရမည်။ သင်သည် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့် လုပ်ဆောင်လျှင် စစ်မှန်သော အကျိုးမရှိပေ။ ဤအရာကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်ဆို၍ မရပေ။ ယင်းမှာ အလုပ်လုပ်ပေးခြင်းမျှသာ ဖြစ်သည်။ သင်သည် သိသာထင်ရှားစွာ အလုပ်လုပ်ပေးနေခြင်းသာဖြစ်သဖြင့် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကွဲပြားခြားနားသည်။ အလုပ်လုပ်ပေးခြင်းဟူသည်မှာ သင်လုပ်ဆောင်ရန် မနှစ်သက်သည့်အရာ မှန်သမျှကို ပစ်ပယ်ထားရင်း သင့်ကို သဘောကျစေသည့်အရာများကို သင်၏သဘောအတိုင်း လုပ်ဆောင်နေခြင်းသက်သက်သာ ဖြစ်သည်။ သင်သည် အခက်အခဲများ မည်မျှကြုံတွေ့ပါစေ သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေပေ။ အပြင်ပန်းတွင် သင်၏တာဝန်ကို သင် ထမ်းဆောင်နေသည်ဟု ထင်ရနိုင်သော်လည်း ယင်းမှာ အလုပ်လုပ်ပေးခြင်းမျှသာ ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းအားဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း မရှိသူ မည်သူမဆိုသည် အလုပ်လုပ်ပေးခြင်းမှလွဲ၍ မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း မရှိ။ ဘုရားသခင်၏ မိသားစုထဲတွင် လူများစွာတို့သည် လူ့အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခိုခြင်းအားဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးပမ်းအားထုတ်ကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ပင်ပန်းတကြီး အလုပ်လုပ်ကိုင်ကြလင့်ကစား မည်သည့်အရာမျှ ပြစရာမရှိဘဲ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ပေ၊ သို့မဟုတ် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် လူများသည် မကြာခဏဆိုသကဲ့သို့ မိမိတို့၏ကိုယ်ပိုင် ဆန္ဒအတိုင်း ပြုမူဆောင်ရွက်ပြီး မိမိတို့၏ တာဝန်များကို မိမိတို့၏ကိုယ်ပိုင် ဆန္ဒအတိုင်း ထမ်းဆောင်လျှင် ၎င်းတို့သည် မကောင်းမှုပြုနေခြင်း မဟုတ်လင့်ကစား ဤသည်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း မယူဆပေ။ အဆုံးတွင် ၎င်းတို့ အလုပ်လုပ်သည့်နှစ်များသည် ၎င်းတို့ကို သမ္မာတရားတစ်ခုမျှ နားလည်စေခြင်း မရှိဘဲ ၎င်းတို့သည် မိမိတို့ဝေမျှနိုင်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ တစ်ခုမျှ မရှိပေ။ ဤသည်မှာ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ ဤလူများကို မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဦးဆောင်လမ်းပြပေးသည့် ရည်ရွယ်ချက်များသည် မမှန်ကန်သောကြောင့် ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် အကြောင်းရင်းမှာ ကောင်းချီးများ ရရှိဖို့အတွက် သေချာပေါက် ဖြစ်ကာ ၎င်းတို့က ဘုရားသခင်နှင့် အပေးအယူ လုပ်လိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရရှိခြင်းအတွက်သက်သက်ဖြင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ ၎င်းတို့တွင် အခြားရွေးချယ်စရာ မရှိသောကြောင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ကြခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် မရှင်းမလင်းဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်သောပုံစံဖြင့် ဖြစ်သလို လုပ်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသဖြင့် အားလုံးမှာ အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။ တာဝန်များမည်မျှကို ၎င်းတို့ထမ်းဆောင်ပါစေ ၎င်းတို့၏ လုပ်ရပ်များက စစ်မှန်သော အကျိုးမရှိပေ။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ကြောက်စိတ်ရှိသူများအတွက်မူ ကွဲပြားခြားနားသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ ပြုမူလုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ဘုရားမိသားစုနှင့် သူရွေးချယ်ထားသောလူများ၏ အကျိုးအတွက် မည်သို့ပြုမူလုပ်ဆောင်ရမည်ကိုလည်းကောင်း စဉ်ဆက်မပြတ် ချင့်ချိန်စဉ်းစားနေကြသည်။ ၎င်းတို့သည် စည်းမျဉ်းများနှင့် ရလဒ်များအကြောင်း အစဉ်သဖြင့် နက်နက်ရှိုင်းရှိုင်း တွေးတောနေကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ပြသရန် အစဉ်သဖြင့် ကြိုးပမ်းအားထုတ်နေကြသည်။ ဤသည်မှာ စိတ်နှလုံး၏ မှန်ကန်သော သဘောထားဖြစ်သည်။ ဤလူများသည် သမ္မာတရားကို ရှာဖွေပြီး အပြုသဘောဆောင်သောအရာများကို ချစ်သောလူများဖြစ်သည်။ ဤလူစားမျိုးသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်၏ လက်ခံခြင်းခံရပြီး သူ၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိသည်။ သမ္မာတရားကို မချစ်သောသူများသည် အပြင်ပန်းတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည့်ပုံပေါက်သော်ငြားလည်း သမ္မာတရားကို စိုးစဉ်းမျှ မရှာဖွေကြချေ။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဆန္ဒနှင့်အညီ ပြုမူဆောင်ရွက်ကြပြီး ဆိုးကျိုးတစ်ခုခု မရှိသည့်အရာများနှင့် မိမိတို့အတွက် အကျိုးဖြစ်စေသည့်အရာများကိုသာ လုပ်ဆောင်သည်။ ၎င်းတို့သည် အနည်းဆုံးသော အားထုတ်မှုသာ ပြုပြီး မည်သည့်အခက်အခဲကိုမဆို ရှောင်ကြဉ်သည့်တိုင် ဘုရားရွေးချယ်ထားသော လူများ၏ အသိအမှတ်ပြုခြင်းနှင့် ဂုဏ်သတင်းကောင်းတို့ကို လိုချင်ကြသေးသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးက အာရုံစိုက်သည့်အရာ ဖြစ်လျှင် ၎င်းတို့၏တာဝန်များကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ၎င်းတို့ ထမ်းဆောင်နိုင်မည်လော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်တို့သည် အပြင်ပန်းတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည့် ပုံပေါက်သော်လည်း စင်စစ်အားဖြင့် သင်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သန်နေခြင်း မဟုတ်ပေ။ သင်တို့၏ အာရုံစိုက်မှုအားလုံးက ကိုယ်ကျိုးကြည့်သော အကြံအစည်များနှင့် အပိုင်ကြံခြင်းများအပေါ် စိတ်အလွန်ထက်သန်နေသောကြောင့် သင်တို့သည် ယုံကြည်မှု ထားရှိလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်လင့်ကစား မည်သည့်တိုးတက်မှုမျှ လုံးဝ ရှိမည် မဟုတ်ပေ။ သင်တို့သည် မကြာခဏ အတူတကွ စုဝေးကာ ဘုရားနှုတ်ကပတ်တော်များကို အတူတကွ စားသောက်၍ ဒေသနာများနားထောင်ပြီး မိတ်သဟာယပြုလင့်ကစား ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ပိတ်လိုက်ပြီး သင်၏ အစည်းအဝေးနေရာမှ ထွက်ခွာလာသည်နှင့် ယင်းတို့ထဲမှ မည်သည့်အရာမျှ သင်တို့၏စိတ်နှလုံးထဲတွင် ဆက်လက်ကျန်ရှိမည် မဟုတ်ချေ။ ဘုရားနှုတ်ကပတ်တော် တစ်လုံးမျှ၊ သမ္မာတရား စကားတစ်လုံးမျှ သင်၏စိတ်နှလုံးထဲတွင် မတည်ရှိပေ။ တစ်ခါတစ်ရံတွင် သင်သည် သူ၏နှုတ်ကပတ်တော်များကို မှတ်စုစာအုပ်ထဲတွင် ချရေးသော်လည်း သင်၏ စိတ်နှလုံးထဲတွင်မူ မသိမ်းထားဘဲ မျက်စိတစ်မှိတ်အတွင်း အားလုံးကို သင်မေ့လျော့သွား၏။ ထို့အပြင် သင်တို့သည် နေ့စဉ်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားကို မည်သည့်အခါမျှ အာရုံပြုဆင်ခြင်ခြင်း မရှိပေ။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားစည်းမျဉ်းများကို သင် မည်သည့်အခါမျှ မရှာဖွေပေ။ မည်သည့်အခက်အခဲများကို သင်တွေ့ကြုံရပါစေ ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားကို သင်ကျင့်သုံးသည်။ ပြုပြင်ခြင်းအလယ်တွင်ပင် သင်သည် ဘုရားသခင်ကို ဆုတောင်းခြင်း၊ သို့မဟုတ် သမ္မာတရား ရှာဖွေခြင်းကို မည်သည့်အခါမျှ မပြုပေ။ ဤအရာတွင် သင်တို့သည် ဘာသာတရားမရှိသူများနှင့် ကွာခြားခြင်း မရှိသည့်ပုံပေါက်သည်။ သင်တို့သည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးဖြစ်သော်လည်း အသက်ဝင်ရောက်ခြင်းရော၊ သမ္မာတရား စစ်မှန်မှုပါ လုံးဝ မရှိပေ။ ထိုသို့ အလုပ်လုပ်ပေးခြင်းဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို လဲလှယ်ရန် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် မရှိပေ။ ဤပုံစံဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သင်တို့အတွက် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ ခက်ခဲသည်။ အသက်နှင့် သမ္မာတရား ရရှိဖို့ ခက်ခဲ၏။ သင်တို့ကြားတွင် အစွမ်းအစကောင်းကို ပိုင်ဆိုင်သူများ ရှိကြသော်လည်း ၎င်းတို့၏ ယုံကြည်မှုက ဆယ်စုနှစ်ကျော် ကြာမြင့်ပြီဖြစ်လင့်ကစား စကားလုံးများနှင့် အယူဝါဒ အနည်းငယ်သာ တတွတ်တွတ်ပြောနိုင်ပြီး အပေါ်ယံစကားများနှင့် အယူဝါဒများဖြင့်သာ ရပ်တန့်နေကြသည်။ ၎င်းတို့သည် အယူဝါဒ အနည်းငယ် နားလည်ရုံဖြင့် စိတ်ကျေနပ်နေကြပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမျှဖြင့် လုံလောက်သည်ဟု ထင်နေကြသည်။ ၎င်းတို့အတွက် ပို၍ နက်နက်နဲနဲ စူးစမ်းလေ့လာရန် ခက်ခဲလိမ့်မည်။ သို့ဖြစ်၍ လူများ၏ စိတ်နှလုံးများသည် သမ္မာတရားကို နားလည်ရန် မကြိုးစားရသေးပေ။ ထို့ကြောင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်သည့် အတိုင်းအတာသည် အလွန်နည်းပါးသည်။ ၎င်းတို့လုပ်ဆောင်သမျှသည် စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်နာခြင်းသာ ဖြစ်သည်။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ကို သင်တို့ အမေးခံရလျှင် သင်တို့က “ပို၍ ဆုတောင်းပါ။ ဆင်းရဲဒုက္ခကို လိုလိုလားလား လက်ခံလော့။ သင်၏ တာဝန် ထမ်းဆောင်စဉ်တွင် မပျင်းရိနှင့်၊ သို့မဟုတ် ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ စည်းမျဉ်းများအတိုင်း ပြုမူပြီး ဘုရားသခင်၏ မိသားစု တောင်းဆိုသည့်မည်သည့်အရာကိုမဆို ကျိုးနွံနာခံလော့” ဟု ပြောကောင်းပြောမည်ဖြစ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်သက်ဆိုင်သော အပေါ်ယံ၊ အယူအဆဆိုင်ရာ ရှုထောင့်များကို သင်တို့ ဆွေးနွေးနိုင်စွမ်းရှိသော်လည်း သမ္မာတရား၏ စည်းမျဉ်းများနှင့် ပတ်သက်သော သီးခြားကိစ္စများအပေါ် သင်တို့ နားလည်မှု နည်းပါးလှသည်။ ဤအရာက လူအများစုသည် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်သော်လည်း သမ္မာတရား၏ စစ်မှန်မှုကို နားမလည်ကြောင်း ပြသ၏။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြချေ။ သမ္မာတရားကို နားမလည်သည့်လူများသည် သမ္မာတရားနှင့် ပတ်သက်သော စကားအချို့နှင့် အယူဝါဒအချို့ကို ပြောပြကောင်း ပြောပြနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ငါတို့ သဘောထားသင့်သလော။ (သဘောမထားသင့်သည်မှာ အမှန်ဖြစ်၏။) သို့ဆိုလျှင် သင်တို့သည် နောင်တွင် မည်သည့်အရာကို အာရုံစိုက်ရမည်နည်း။ သင်တို့သည် ဆုတောင်းရင်း၊ စုဝေးရင်း၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရင်း၊ ဒေသနာများ နားထောင်ပြီး ဘုရားသခင်ကို ချီးမွမ်းသော ဓမ္မသီချင်းများ သီဆိုရင်း ပုံမှန်ဝိညာဉ်ရေးအသက်တာကို အသက်ရှင်နေထိုင်သင့်သည်။ ဤကျင့်ကြံမှုများကို အပြင်ပန်း လိုက်နာစောင့်ထိန်းခြင်းအပြင် သင်၏ တာဝန်ကို ဘေးဖယ်ထား၍ မဖြစ်ဘဲ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်သည်။ သင်တို့နားလည်ဖို့ အရေးကြီးဆုံးသော အရာတစ်ခုလည်း ရှိသည်။ သမ္မာတရားကို သင်လိုက်စားလိုလျှင်၊ သမ္မာတရားကို သင်နားလည်ပြီး ရရှိလိုလျှင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာ အသက်ရှင်ဖို့ နည်းလမ်း၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်တွေးဆဖို့နည်းလမ်းတို့ကို သင်ယူရမည်ဖြစ်သည်။ သမ္မာတရားကို ချင့်ချိန်တွေးဆစဉ်တွင် ထည့်တွက်စဉ်းစားရန် လုပ်ရိုးလုပ်စဉ်များ ရှိသလော။ စည်းမျဉ်းစည်းကမ်းတစ်ခုတလေ ရှိသလော။ အချိန်အကန့်အသတ် တစ်ခုတလေ ရှိသလော။ အချို့သော နေရာများတွင် လုပ်ဆောင်ရန် လိုအပ်သလော။ မလိုအပ်ပါ။ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အချိန်မရွေး၊ သို့မဟုတ် နေရာမရွေး ချင့်ချိန်တွေးဆနိုင်သည်။ နေ့ရက်တစ်ခုကို မဖြုန်းတီးမိစေရန်အတွက် ပုံမှန်အားဖြင့် နားနေချိန်၊ သို့မဟုတ် စိတ်ကူးယဉ်သည့်အချိန်တို့အတွက် သင် သုံးလေ့ရှိသော အချိန်ကို ဘေးဖယ်ထားပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် ချင့်ချိန်တွေးဆရာတွင် ထိုအချိန်ကို အသုံးပြုလော့။ လူများသည် အချိန်ကို မည်သို့ ဖြုန်းတီးကြသနည်း။ ၎င်းတို့၏ နေ့ရက်များကို အလဟဿ စကားစမြည်ပြောခြင်း၊ ၎င်းတို့ စိတ်ဝင်စားသည့် အရာများလုပ်ဆောင်ခြင်း၊ သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သည့် ပေါ့ပျက်သော အရာများတွင် ပါဝင်ပတ်သက်ခြင်းတို့ဖြင့် ၎င်းတို့နေ့ရက်များကို ကုန်ဆုံးကြသည်။ ပြီးလျှင် ၎င်းတို့၌ အခြားမည်သည့်အရာမျှ လုပ်ဆောင်စရာ မရှိသည့်အခါတွင် အကျိုးမရှိသည့်အရာများနှင့် ဖြစ်ပျက်ပြီးသော အရာများအကြောင်းကို ၎င်းတို့ တွေးကြသည်။ အနာဂတ်တွင် မည်သည့်အရာများ ဖြစ်ပျက်နိုင်မည်ကိုလည်းကောင်း၊ အနာဂတ်နိုင်ငံတော်သည် မည်သည့်နေရာတွင် ရှိမည်ကိုလည်းကောင်း၊ ငရဲသည် မည်သည့်နေရာတွင် ရှိသည်ကိုလည်းကောင်း စသည်ဖြင့် ၎င်းတို့ စိတ်ကူးကြသည်။ ဤအရာများသည် ပေါ့ပျက်သော အရာများ ဖြစ်သည်မဟုတ်လော။ သင်သည် အပြုသဘောဆောင်သည့် အရာများအပေါ် ဤအချိန်ကို အသုံးချပါက၊ ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်တွေးဆခြင်းနှင့် သမ္မာတရားကို မိတ်သဟာယပြုခြင်းတို့အတွက် အချိန်ကို ပိုအသုံးချရင်း ဘုရားသခင် ရှေ့မှောက်တွင် သင် ငြိမ်သက်ပါက၊ သင်၏လုပ်ရပ်တစ်ခုချင်းစီကို ဆင်ခြင်သုံးသပ်ပါက၊ ယင်းတို့ကို ဘုရားသခင် စိစစ်ရန်အတွက် သူ့ရှေ့မှောက်တွင် တင်ပြပါက၊ ထို့နောက်တွင် သင့်ထံတွင် မည်သည့်ပြဿနာက မပြေလည်သေးဘဲ ကျန်ရှိနေသေးသည်ကိုလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် မည်သည့်အခက်အခဲများကို ကိုင်တွယ်ရန် ကျန်ရှိနေသေးသည်ကိုလည်းကောင်း၊ သင် မကြာခဏ ထုတ်ဖော်ပြလေ့ရှိသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အထူးသဖြင့် ဘုရားသခင်ကို အပုန်ကန်ဆုံးနှင့် အန္တရာယ်အကြီးဆုံးဖြစ်သည့် စိတ်သဘောထားတို့ကို ဘုရားနှုတ်ကပတ်တော်၌ သမ္မာတရားရှာဖွေခြင်းအားဖြင့် ဖြေရှင်းပြီးခြင်း ရှိမရှိကိုလည်းကောင်း ဆင်ခြင်သုံးသပ်ပါက၊ ဤပြဿနာများအားလုံးကို အချိန်ကာလတစ်ခုအတွင်းတွင် ဖြေရှင်းနိုင်ပါက သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည် ဖြစ်သည်။
ဘုရားနှုတ်ကပတ်တော်ကို အာရုံပြုဆင်ခြင်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သင် အများအားဖြင့် သုံးတတ်သည့် ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် စကားအသုံးအနှုန်းများအကြောင်းကို မကြာမကြာ တွေးတောပြီး မိတ်သဟာယပြုလော့။ သင့်ကိုယ်သင် မေးလော့။ “ဤအရာများသည် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သဘောတရားအရလည်းကောင်း မည်သည့်အရာကို ဆိုလိုကြောင်းကို ကျွန်ုပ် သိကောင်းသိနိုင်သော်လည်း ဤအရာများ၏ လက်တွေ့ကျမှုများမှာ အဘယ်နည်း။ ဤလက်တွေ့ကျမှုများတွင် မည်သည့်အရာများ ပါဝင်သနည်း။ ထိုဝိညာဉ်ရေးရာ စကားအသုံးအနှုန်းများတွင် ပါဝင်သည့် လက်တွေ့ကျမှုများကို ကျွန်ုပ် မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ယင်းတို့ကို ကျွန်ုပ် မည်သည့်နေရာမှ စတင်၍ လက်တွေ့လုပ်ဆောင်ပြီး ယင်းတို့ထဲသို့ ဝင်ရောက်သင့်သနည်း” ဤသည်မှာ သင်တို့ အာရုံပြုဆင်ခြင်သင့်သည့်ပုံစံဖြစ်သည်။ ဤနေရာသည် ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်မှု စတင်သည့် နေရာဖြစ်သည်။ အကြင်သူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ရန်နည်းလမ်းကို မသင်ယူရသေးလျှင် သမ္မာတရားကို နားလည်ဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲ၏။ လူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိလျှင် ထိုသူသည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ အကြင်သူသည် သမ္မာတရားကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သမ္မာတရား မရရှိဘဲ အကြင်သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) ၎င်းတို့ မဖြည့်ဆည်းနိုင်ပေ။ ယင်းမှာ သေချာ၏။ အကြောင်းမှာ လူများသည် သမ္မာတရားကို နားမလည်ဘဲ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့်သာ အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ကို ခုခံသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားအလိုတော်ကို မည်သို့မည်ပုံ ဖြည့်ဆည်းနိုင်သနည်း။ လုံးဝ ဖြည့်ဆည်း၍ မရနိုင်ချေ။ သို့ဆိုလျှင် အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့အာရုံပြုဆင်ခြင်ရမည်နည်း။ ဥပမာအနေဖြင့် “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း” ဟူသည့် ကြားနေကျစကားရပ်ကို ဆင်ခြင်တွေးတောသည့်အခါတွင် အောက်ပါအချက်တို့သည် သင် ချင့်ချိန်တွေးဆသင့်သည့်အရာဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် အဘယ်နည်း။ အမှားတစ်စုံတစ်ခု ပြောခြင်းသည် ဘုရားသခင်ကို မကြောက်ရွံ့ခြင်း သဘောသက်ရောက်သလော။ ထိုသို့သော နည်းလမ်းဖြင့် စကားပြောခြင်းသည် မကောင်းမှုဖြစ်သလော။ ဘုရားသခင်က ယင်းကို အပြစ်တစ်ခုအဖြစ် မှတ်ယူသလော။ မည်သည့်လုပ်ရပ်များသည် မကောင်းမှု ဖြစ်သနည်း။ ကျွန်ုပ်၏ အတွေးများ၊ ရည်ရွယ်ချက်များ၊ အကြံဉာဏ်များနှင့် ထင်မြင်ယူဆချက်များ၊ ကျွန်ုပ်၏ စကားများနှင့်လုပ်ရပ်များ၏ ကြံရွယ်ချက်များနှင့် ဇာစ်မြစ်များ၊ ပြီးလျှင် ကျွန်ုပ်ထဲတွင် ထုတ်ဖော်ပြသည့် စိတ်သဘောထားအမျိုးမျိုးတို့အားလုံးသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဤအရာများထဲမှ မည်သည့်အရာကို ဘုရားသခင် အသိအမှတ်ပြုသနည်း။ မည်သည့်အရာကို သူ မုန်းတီးသနည်း။ မည်သည့်အရာကို သူ ပြစ်တင်ရှုတ်ချသနည်း။ မည်သည့်အရေးကိစ္စများတွင် လူများသည် အမှားကြီးများ လုပ်လေ့ရှိသနည်း။ ဤအရာများအားလုံးကို ချင့်ချိန်တွေးဆထိုက်သည်။ သင်တို့အနေဖြင့် သမ္မာတရားကို ချင့်ချိန်တွေးဆနေကျ ဖြစ်သလော။ (ကျွန်ုပ်တို့သည် သမ္မာတရားကို ချင့်ချိန်တွေးဆခြင်းတွင် အချိန်များစွာ မသုံးကြပါ။ များသောအားဖြင့် ကျွန်ုပ်တို့ ဦးနှောက်များသည် အလိုအလျောက်စနစ်ဖြင့် လှုပ်ရှားနေခြင်း ဖြစ်သည်။) နှစ်များတစ်လျှောက် သင်တို့ အချိန်မည်မျှ ဖြုန်းတီးပစ်ပြီးဖြစ်သည်ကို တွေးကြည့်လော့။ သမ္မာတရားနှင့်သက်ဆိုင်သော၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သော၊ အသက်ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သော၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတို့နှင့်သက်ဆိုင်သော ကိစ္စများအကြောင်းကို သင်တို့ မည်မျှ မကြာခဏ တွေးတောပြီးဖြစ်သနည်း။ သင်တို့သည် ဤကိစ္စများအပေါ် လေးနက်စွာ တွေးတောပြီးဖြစ်သလော။ သင်တို့သည် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်အထိ ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ပြီးဖြစ်သည့်အခါတွင် ထိုအချိန်သည် သင့်အနေဖြင့် အသီးအပွင့်ကို စတင်၍ မြင်လာမည့်အချိန်၊ အသက်ဝင်ရောက်မှု ရှိမည့်အချိန် ဖြစ်သည်။ ယခုအခါတွင် သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အာရုံပြုဆင်ခြင်ရမည်ကို မသိသေးသကဲ့သို့ သမ္မာတရားကို နားလည်ခြင်းလည်း မရှိသေးပေ။ သင်သည် အသက်ထဲသို့ မဝင်ရောက်ရသေးပေ။ ဤအရာကို ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး သင်၏အချိန်ကို ဖြုန်းတီး၍မဖြစ်ပေ။ လူတစ်ဦးသည် အသက်မည်မျှကြီးပါစေ နည်းပညာကို မည်သို့သင်ယူရမည်၊ ငွေရှာပြီး မိမိ၏မိသားစုကို မည်သို့ထောက်ပံ့ရမည်၊ ကောင်းမွန်သော ဘဝကို မည်သို့နေထိုင်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည်၊ မိမိ၏အနာဂတ်သည် အဘယ်ပုံစံရှိမည် စသည်တို့ကို စတင်၍ တွေးတောလာသည့်အခါတွင် ဤအရာက ဤလူ၏စိတ်သည် ရင့်ကျက်လာပြီးဖြစ်ကာ အမှီအခိုကင်းသော ဘဝတစ်ခုကို စတင်၍ နေထိုင်အသက်ရှင်နေကြောင်းကို ဆိုလိုသကဲ့သို့ပင် ဖြစ်လေသည်။ ထိုအရာများအကြောင်း မတွေးတောဘဲ ထိုသို့သောအရာများအကြောင်းကို မည်သည့်အခါမျှ မတွေးတောဖူးသည့်သူတစ်ဦးသည် အတွေးအခေါ် မရှိသောသူ၊ သို့မဟုတ် အမှီအခိုကင်းသည့် ထင်မြင်ယူဆချက်များ မရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသူသည် ဘဝနှင့်ပတ်သက်သည့် ဤအရာများကို နားမလည်နိုင်သောကြောင့် သူ၏မိဘများကို အရာရာတွင် မှီခိုအားထားရသည်။ သုံးစွဲရန် ငွေကြေး၊ စားသောက်ရန် အစားအစာနှင့် ဝတ်စားဆင်ယင်ရန် အဝတ်တို့အတွက် မိဘများကို သူမှီခိုအားထားရသည်။ သူ၏မိဘများသာ သူ့ကို ပြုစုစောင့်ရှောက်ခြင်း မရှိပါက သူသည် ခိုကိုးရာမဲ့ဖြစ်ကာ ဆာလောင်ပြီး ချမ်းအေးနေပေလိမ့်မည်။ ထိုသို့သောလူတစ်ဦးသည် အမှီအခိုကင်းစွာ အသက်ရှင်နိုင်သလော။ ဤသည်မှာ ရင့်ကျက်သောသူတစ်ဦး ဖြစ်သလော။ (မဟုတ်သည်မှာ မှန်ပါသည်။) သင်တို့သည် ယခုအချိန်တွင် မည်သည့်အဆင့်တွင် ရှိနေသနည်း။ သင်၏ ယုံကြည်ခြင်းတွင် အရွယ်ရောက်သည့် အဆင့်သို့ ရောက်ပြီးဖြစ်သလော။ သင်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှကသာ ရေမလောင်းခဲ့လျှင်၊ အထက်ကသာ သင်တို့ကို တရားမဟောခဲ့လျှင်၊ မည်သူတစ်ဦးတစ်ယောက်မျှကသာ သင်တို့ကို ဦးမဆောင်ဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်များကို သင်တို့ဘာသာ စားသောက်ခွင့်ပေးပြီး ဓမ္မသီချင်းများကို သင်တို့ဘာသာ နားထောင်ခွင့်ပေးခဲ့လျှင် ယခုအခါတွင် သင်တို့သည် အသက်ဝင်ရောက်မှု ရှိနိုင်မည်လော။ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ စည်းမျဉ်းနှင့်အညီ ပြုမူဆောင်ရွက်နိုင်မည်လော။ (မဆောင်ရွက်နိုင်ပါ။) ဤနေရာတွင် ပြဿနာတည်ရှိ၏။ ဤအရာက သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် နုနယ်လွန်းသေးသည်ဟု ဆိုလိုပေသည်။ သင်တို့၏ တာဝန်ကိုပင် သင်တို့ ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း မရှိသကဲ့သို့ အရွယ်မရောက်ကြသေးပေ။ လက်ရှိအခြေအနေများတွင် တစ်စုံတစ်ဦးက သင်တို့ကို ဦးဆောင်လမ်းပြပြီး ထိန်းကျောင်းပေးလျှင် သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်တို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ သင်တို့သည် ယုံကြည်သူတစ်ဦး၏ ပုံသဏ္ဌာန်မျိုး ရှိသည်။ သို့ရာတွင် နောင်တွင် သင်တို့ကို လမ်းပြပေးမည့်သူ မည်သူမျှမရှိလျှင်၊ သင်တို့ ခိုင်မာစွာ ရပ်တည်နိုင်ပြီး သင်တို့၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားစစ်မှန်မှု မည်မျှကို သင်တို့ ရရှိပြီးဖြစ်ကြောင်း ပေါ်လွင်လာမည် မဟုတ်လော။ အချိန်တန်သည်ထိ သင်သည် သမ္မာတရား စစ်မှန်မှု တစ်ခုမျှ မရှိကြောင်းကို သဘောမပေါက်လျှင် ယင်းမှာ သောကများဖွယ်ရာဖြစ်သည် မဟုတ်လော။ ယင်းသည် အလွန် အန္တရာယ်ရှိသည့်အရာဖြစ်သည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်သည့်အခါတွင် သင်၏သက်သေခံချက်တွင် မည်သို့ ခိုင်မာစွာ ရပ်တည်ရမည်ကို သင်သိမည်မဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များအား မည်သို့ဖြည့်ဆည်းရမည်ကိုလည်း သင်သိမည် မဟုတ်ချေ။ သင်၏ စိတ်နှလုံးထဲတွင် လမ်းကြောင်း၊ ဦးတည်ချက် ရှိမည်မဟုတ်သကဲ့သို့ မည်သည့်သမ္မာတရားမျှ သင့်ထဲတွင် အမြစ်တွယ်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင်သည် မည်သို့ ခိုင်မာစွာ ရပ်တည်နိုင်မည်နည်း။ သမ္မာတရား၏ စစ်မှန်မှုကို သင်မပိုင်ဆိုင်လျှင် စုံစမ်းသွေးဆောင်ခြင်းများကို ကြုံရသည့်အခါတွင် သင်သည် မှောက်မှားနိုင်ခြေရှိလိမ့်မည်။ မကောင်းမှုလုပ်ပြီး အသင်းတော်အလုပ်ကို ကဖျက်ကယက်လုပ်ဖို့ ကြိုးစားသည့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို သင်ကြုံတွေ့ရသည့်အခါတွင် သူတို့၏ အရှိအတိုင်းကို သင်သတိပြုမိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့ သူတို့၏ လက်ထဲမှ သင်ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ချေ။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနောက်သို့ သင်လိုက်နိုင်သေးလျှင် သင်ပြဿနာတက်လိမ့်မည်။ ဤမေးခွန်းနှစ်ခုသည် သင့်ကို ထုတ်ဖော်ပြီးဖြစ်လိမ့်မည်။ သင်သည် ဖယ်ရှားရှင်းလင်းခံရမည့် အန္တရာယ်ရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ရာတွင် သင့်အတွက် ဘုရားနှုတ်ကပတ်တော်ကို မကြာမကြာ အာရုံပြုဆင်ခြင်ပြီး သမ္မာတရားကို ချင့်ချိန်တွေးဆရန် လိုအပ်ပေသည်။ ဤနည်းအားဖြင့်သာ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပြီး သမ္မာတရားကို ရရှိနိုင်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။