လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည် (အပိုင်း နှစ်)

လူတို့သည် မိမိတို့၏တာဝန်ထမ်းဆောင်စဉ် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရင်း ပြဿနာများရှိလာသည့်အခါ မည်သို့ ကိုင်တွယ်ရမည်ကို လေ့လာဖို့လိုအပ်သည်။ ၎င်းတို့ကို ကိုင်တွယ်ဖို့ စည်းမျဉ်းမှာ အဘယ်နည်း။ မည်သည့် အကျိုးသက်ရောက်မှုကို ရရှိသင့်သနည်း။ လူတိုင်းနှင့် သဟဇာတဖြစ်စွာ အလုပ်လုပ်ရန် သင်ယူလော့။ သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်၊ စည်းမျဉ်းများဖြင့် သူတစ်ပါးတို့နှင့် ဆက်ဆံပြီး ခံစားချက်များဖြင့် သို့မဟုတ် စိတ်မြန်လက်မြန်ဖြင့် မဆက်ဆံနှင့်။ ဤသို့ဖြင့် အသင်းတော်တွင် သမ္မာတရား စိုးမိုးမည်မဟုတ်လော။ သမ္မာတရားက စိုးမိုးသရွေ့ အမှုအရာများကို မျှတပြီး ကျိုးကြောင်းသင့်လျော်သည့် နည်းလမ်းဖြင့် ကိုင်တွယ်မည်မဟုတ်လော။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လူတိုင်းအတွက် အကျိုးဖြစ်စေသည်ဟု သင်တို့ မထင်သလော။ (အကျိုးဖြစ်စေပါသည်။) အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် သင်တို့အတွက် အလွန်အကျိုးဖြစ်စေသည်။ ရှေးဦးစွာ သင့်တာဝန်များကို သင်ထမ်းဆောင်သည်နှင့်အမျှ သင့်အတွက် အပြုသဘောဆောင်စွာ စိတ်ဓာတ်မြှင့်တင်ပေးပြီး တန်ဖိုးရှိသည်။ ထို့အပြင် သင်တို့ကို အမှားများမပြုလုပ်မိစေရန်၊ အနှောင့်အယှက်အဖျက်အဆီးများ မဖြစ်ပေါ်စေရန်၊ အန္တိခရစ်လမ်းကြာင်းကို မလျှောက်စေရန် တားဆီးပေးသည်။ သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းအား လျှောက်မိမည်ကို စိုးရွံ့သလော။ (စိုးရွံ့မိပါသည်။) အကြောက်တရားသည် သူ့ချည်းသက်သက် အသုံးတည့်သလော။ အသုံးမတည့်ပေ။ အကြောက်တရားချည်းသက်သက်က ပြဿနာကို မပြုပြင်ပေးနိုင်ပေ။ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြောက်ရွံ့ခြင်းက ပုံမှန်ဖြစ်ပါသည်။ ယင်းက အကြင်သူသည် သမ္မာတရားချစ်သူတစ်ဦး ဖြစ်ကြောင်း၊ သမ္မာတရားအပေါ် အားထုတ်ကြိုးပမ်းလိုပြီး သမ္မာတရားကို လိုက်စားဖို့ လိုလားသူတစ်ဦးဖြစ်ကြောင်း ပြသည်။ သင်သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့လျှင်၊ သမ္မာတရားကို ရှာဖွေသင့်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာသင့်သည်။ အခြားသူများနှင့် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူခြင်းအားဖြင့် သင် စတင်ရမည်။ ပြဿနာတစ်ခုရှိလျှင်၊ လူတိုင်းက စည်းမျဉ်းများအပြင်၊ ဖြေရှင်းချက်နှင့် စပ်လျဉ်းသည့် တိကျသော တွေးခေါ်မြော်မြင်မှုနှင့် အစီအစဉ်တို့ကို သိနိုင်ဖို့အလို့ငှာ၊ ပြဿနာကို မိတ်သဟာယနှင့်လည်းကောင်း၊ ဆွေးနွေးခြင်းဖြင့်လည်းကောင်း ဖြေရှင်းလော့။ ဤအရာက သင့်ကို တစ်ဦးတည်း ဆုံးဖြတ်ချက်ချခြင်းမှ တားဆီးသည် မဟုတ်လော။ ထို့အပြင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို အလိုအလျောက် လက်ခံရရှိနိုင်စွမ်းရှိလိမ့်မည်။ သို့သော် ဘုရားသခင် ရွေးချယ်သောလူတို့၏ ကြီးကြပ်မှုကိုလည်း လက်ခံရန် သင်ယူရမည်။ ယင်းမှာ သင့်ထံမှ စိတ်ရှည်ခြင်း၊ လက်ခံခြင်းလိုအပ်သည်။ တစ်စုံတစ်ဦးက သင့်ကို ကြီးကြပ်နေကြောင်း၊ သင်၏အလုပ်ကို ကြည့်ရှုစစ်ဆေးနေကြောင်း၊ သို့မဟုတ် သင်မသိဘဲ သင့်ကို စုံစမ်းစစ်ဆေးနေကြောင်း သင်မြင်ပါက၊ သင် သွေးဆူပြီး ဤလူကို ရန်သူတစ်ဦးကဲ့သို့ သဘောထားကာ ၎င်းကို စက်ဆုပ်ပါက၊ ပြီးလျှင် ၎င်းပျောက်ကွယ်သွားစေဖို့ တောင့်တရင်း၊ ၎င်းကို သစ္စာဖောက်အဖြစ်ပင် တိုက်ခိုက်ကာ ကိုင်တွယ်ပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ ယင်းသည် အလွန်အမင်း မဆိုးယုတ်သလော။ ဤအရာနှင့် နတ်ဆိုးမင်းကြီးအကြား ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ လူများကို မျှတစွာ ဆက်ဆံခြင်း ဖြစ်သလော။ သင်သည် လမ်းကြောင်းမှန်ကို လျှောက်ပြီး မှန်ကန်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်လျှင် လူများက သင့်အား စုံစမ်းစစ်ဆေးခြင်းမှ သင်သည် မည်သည့်အရာကို ကြောက်ဖို့လိုသနည်း။ သင်ကြောက်ရွံ့နေလျှင် ယင်းက သင်၏စိတ်နှလုံးထဲတွင် ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေသည့် အရာတစ်ခုရှိကြောင်း ပြသသည်။ သင်၏စိတ်နှလုံးထဲတွင် ပြဿနာရှိကြောင်း သင်သိလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံသင့်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ သင်၌ ပြဿနာရှိသည်ကို သင်သိသော်လည်း၊ သင့်ကို ကြီးကြပ်ဖို့၊ သင်၏ အလုပ်ကို ကြည့်ရှုစစ်ဆေးဖို့၊ သင်၏ ပြဿနာကို စုံစမ်းစစ်ဆေးဖို့ မည်သူ့ကိုမျှ ခွင့်မပြုပါက၊ သင်သည် အလွန်အမင်း ယုတ္တိမတန်ခြင်း ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံနေခြင်း ဖြစ်သည်။ ဤအခြေအနေတွင် သင်၏ ပြဿနာသည် ပို၍ပင် ဆိုးရွားလေသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် မယုံကြည်သူတစ်ဦး ဖြစ်သည်ဟု သိမြင်ပါက၊ အကျိုးဆက်များသည် သာ၍ပင် ဒုက္ခပေးမည်ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လက်ခံနိုင်သည့် သူများသည် ဆင်ခြင်တုံတရား အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့၌ သည်းခံခြင်းနှင့် ပုံမှန်လူ့သဘာဝ ရှိလေသည်။ သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ချက် ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်‌သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆန်းစစ်လျက် ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် မိမိသဘောအတိုင်း လုပ်ဆောင်တော့မည် သို့မဟုတ် တစ်စုံတစ်ခုကို ဆုံးဖြတ်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက သင့်ကို ယင်းက မသိလိုက်ဘဲ ကာကွယ်နေခြင်း မဟုတ်လော။ ဟုတ်သည်။ ယင်းမှာ သင် ကာကွယ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ ညီအစ်ကိုမောင်နှမများ၊ သို့မဟုတ် သင့်ပတ်ဝန်းကျင်ရှိ လူများမှနေ၍ မိမိကိုယ်ကို အမြဲ သတိထားကာကွယ်ခြင်း မရှိသင့်ပေ။ သင့်ကို အခြားသူများက နားလည်အောင် သို့မဟုတ် သင်၏အရှိအတိုင်းကိုမြင်အောင် ခွင့်မပြုဘဲ သင့်ကိုယ်သင် အမြဲတမ်း ဖုံးကွယ်ထားပြီး မိမိကိုယ်ကို ကွယ်ဝှက်မထားနှင့်။ သင်၏စိတ်နှလုံးသည် အခြားသူများထံမှ မိမိကိုယ်ကို အမြဲ သတိထား စောင့်ကြပ်နေပါက ၎င်းသည် သင်၏ သမ္မာတရားရှာဖွေခြင်းကို ထိခိုက်စေမည်ဖြစ်ပြီး၊ သင့်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးသွားရဖို့ လွယ်မည်ဖြစ်သည်သာမက၊ စုံလင်အောင်ပြုခြင်းခံရမည့် အခွင့်အရေးများစွာကိုလည်း ဆုံးရှုံးစေမည်ဖြစ်သည်။ အခြားသူများမှ မိမိကိုယ်ကို အမြဲ သတိထားကာကွယ်လျှင် သင့်စိတ်နှလုံးထဲတွင် လျှို့ဝှက်ချက်များ ရှိလာပြီး လူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် မဟုတ်ချေ။ သင့်အနေဖြင့် အမှားများလုပ်မိပြီး လမ်းမှားလျှောက်မိဖို့ လွယ်လိမ့်မည်ဖြစ်ပြီး သင်သည် အမှားလုပ်မိသောအခါ ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်။ ထိုအချိန်တွင် သင် မည်သို့ထင်မည်နည်း။ “ကျွန်ုပ်သာ သိခဲ့မည်ဆိုလျှင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် အစကတည်းက ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းပြီး ပြဿနာတစ်စုံတစ်ရာ ရှိမည်မဟုတ်သည်မှာ သေချာသည်။ သို့သော် ကျွန်ုပ်အား အခြားသူများက ရိပ်စားမိမည်ကို အမြဲကြောက်နေသောကြောင့် အခြားသူများထံမှ မိမိကိုယ်ကို ကာကွယ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် အခြားမည်သူမျှ အမှားမလုပ်ခဲ့။ ပထမဆုံးအမှားကို လုပ်ခဲ့သူက ကျွန်ုပ်ပင်ဖြစ်သည်။ ရှက်စရာကောင်းပြီး မိုက်မဲသောအရာပင်” ဟူ၍ ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေရာ၌ အာရုံစိုက်နိုင်ပြီး အခက်အခဲများ ရှိလာသည့်အခါ ညီအစ်ကိုညီအစ်မများနှင့် မိတ်သဟာယဖွဲ့ရာ၌ ရင်ဖွင့်နိုင်မည်ဆိုလျှင် သင့်ညီအစ်ကို မောင်နှမများက သင့်ကို ကူညီပေးနိုင်ပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို နားလည်အောင် ထောက်ကူပေးနိုင်သည်။ ယင်းသည် သင်၏ တာဝန်ထမ်းဆောင်ရာတွင် မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းခြင်းမှ ကာကွယ်ပေးနိုင်သောကြောင့် သင်သည် ကျရှုံးခြင်း သို့မဟုတ် လဲကျသွားခြင်း ရှိမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ခံရမည် မဟုတ်ချေ။ ထိုအစား သင်သည် အကာအကွယ် ရရှိမည်ဖြစ်ပြီး သင်၏တာဝန်ကို လျော်ညီစွာထမ်းဆောင်ကာ ဘုရားသခင်၏ လက်ခံမှုကို ရရှိမည်ဖြစ်သည်။ ညီညွတ်သော ပူးပေါင်းလုပ်ဆောင်ခြင်းမှ လူတို့ရရှိသော အကျိုးကျေးဇူးများမှာ ကြီးမားလိုက်လေခြင်း။

“သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု” ဟူသော စကားလုံးများသည် ဆိုလိုရင်းအဓိပ္ပာယ်အတိုင်း နားလည်ရန် လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်။ ဤစကားများ၏ လက်တွေ့ကျသော သဘောထားကို အသက်ရှင်နေထိုင်ဖို့မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။ အဘယ်ကြောင့် မလွယ်ကူသနည်း။ (လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ လူသား၌ မာနထောင်လွှားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ခေါင်းမာခြင်း စသည်တို့ကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး ဤအရာများက သမ္မာတရားကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုအား နှောင့်ယှက်ဟန့်တားကြသည်။ သင်သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးကို သင် ထုတ်ဖော်ပြသည်။ ဥပမာ “သင်က ကျွန်ုပ်ကို ထိုလူနှင့် ပူးပေါင်းဆောင်ရွက်စေသော်လည်း ထိုသူသည် အဆင့်မီသလော။ ကျွန်ုပ်က အစွမ်းအစ မရှိသည့်သူတစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်လျှင် လူများက ကျွန်ုပ်ကို အထင်သေးမည် မဟုတ်လော” ဟု တွေးသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် “ထိုလူသည် အလွန် ထုံထိုင်းလွန်းပြီး ငါပြောသည့်အရာကို သူနားမလည်ပေ” သို့မဟုတ် “ငါပြောစရာရှိသည့်အရာသည် စဉ်းစဉ်းစားစားဖြစ်ပြီး ထိုးထွင်းအမြင်ရှိသည်။ သူတို့ကို ပြောလိုက်ပြီး သူတို့ဘာသာသူတို့ လုပ်ဆောင်စေလျှင် ငါထင်ပေါ်ပါဦးမည်လော။ ငါ၏အဆိုပြုချက်သည် အကောင်းဆုံးဖြစ်သည်။ ယင်းကို ငါပြောရုံသာ ပြောလိုက်ပြီး ၎င်းတို့ကို လုပ်ဆောင်ခွင့် ပေးလိုက်လျှင် ငါပံ့ပိုးကူညီပေးခဲ့သည်ကို မည်သူက သိမည်နည်း” ဟုပင် သင်တွေးနိုင်သည်။ ထိုသို့သော အတွေးများနှင့် ထင်မြင်ချက်များ၊ ထိုသို့သော ဆိုးယုတ်သော စကားများကို ကြားနေကျ၊ မြင်နေကျဖြစ်သည်။ သင်၌ ထိုသို့သော အတွေးများနှင့် ထင်မြင်ချက်များ ရှိလျှင် သင်သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားသလော။ သင်သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို စွမ်းဆောင်ရရှိနိုင်သလော။ ယင်းမှာ မလွယ်ကူပေ။ စိန်ခေါ်မှုအတိုင်းအတာ ရှိသည်။ “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု” ဟူသည့် စကားများသည် ပြောရန် လွယ်ကူသည်။ သင်၏ နှုတ်ကိုသာ ဖွင့်လိုက်ပါ၊ ထိုစကားများ ချက်ချင်းထွက်လာပေသည်။ သို့သော် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ သင့်ထဲ၌ တားဆီးပိတ်ပင်မှုများ ဘွားခနဲ အမြောက်အမြား ပေါ်လာလေသည်။ သင်သည် ဟိုဟိုသည်သည် တွေးလေသည်။ တစ်ခါတစ်ရံတွင် သင်သည် စိတ်ကောင်းဝင်နေသည့်အခါ အခြားသူများနှင့် မိတ်သဟာယအနည်းငယ် ပြုနိုင်ကောင်း ပြုနိုင်ဦးမည်ဖြစ်သော်လည်း သင်၏ စိတ်အခြေအနေ မကောင်းသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့် နှောင့်ယှက်ခံရလျှင် သင် လုံးဝ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ခေါင်းဆောင်များအနေဖြင့် လူအချို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အခြားသူများကို အစဉ် အထင်သေးသည်။ အခြားသူများနှင့်ပတ်သက်၍ အစဉ် ဇီဇာကြောင်သည်။ ပြီးလျှင် အခြားသူများ၏ အားနည်းချက်များကို ၎င်းတို့မြင်သည့်အခါ ထိုလူများကို ၎င်းတို့ ဝေဖန်အပြစ်တင်ပြီး တိုက်ခိုက်လေသည်။ ဤအရာက ထိုသို့သော ခေါင်းဆောင်များကို အကျင့်ပျက်သောသူများ ဖြစ်စေပြီး ၎င်းတို့သည် လူစားထိုး ခံကြရသည်။ “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု” ဟူသည့် စကားများသည် မည်သည့်အရာကို ဆိုလိုသည်ကို ၎င်းတို့နားမလည်ကြသလော။ အမှန်မှာမူ ၎င်းတို့သည် အတော်အတန် နားလည်ကြသော်လည်း ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း တကယ်ကို မရှိကြပေ။ ၎င်းတို့သည် အဘယ်ကြောင့် လုပ်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို အလွန် ချစ်မြတ်နိုးပြီး ၎င်းတို့၏ စိတ်သဘောထားသည် အလွန် မာနထောင်လွှားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကြွားဝါလိုကြသည်။ ၎င်းတို့ ဂုဏ်အဆင့်အတန်း ရရှိသောအခါ အခြားသူများလက်ထဲ ကျရောက်သွားပြီး ၎င်းတို့ တကယ့်အာဏာ မရှိဘဲ ကျန်ရစ်မည်ကို စိုးရွံ့သည့်အတွက် ယင်းကို လက်လွှတ်ကြမည် မဟုတ်ချေ။ အခြားသူများ၏ ဖယ်ကြဉ်ခြင်းကို ခံရပြီး အထင်ကြီးလေးစားခြင်း မခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏စကားများသည် အာဏာ၊ သို့မဟုတ် ဩဇာမရှိမည်ကိုလည်းကောင်း စိုးရွံ့ကြသည်။ ယင်းမှာ ၎င်းတို့ စိုးရွံ့သည့်အရာဖြစ်သည်။ ၎င်းတို့သည် မည်မျှ မာနထောင်လွှားကြသနည်း။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်များ ပျောက်ဆုံးပြီး ထင်ရာမြင်ရာ မဆင်မခြင် လုပ်ရပ်ကို လုပ်ဆောင်ကြသည်။ ပြီးလျှင် ယင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ညံ့ဖျင်းစွာ ထမ်းဆောင်ရုံသာမက ၎င်းတို့၏ လုပ်ရပ်များသည်လည်း ဖျက်လိုဖျက်ဆီးလုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေသည်။ ၎င်းတို့သည် ရာထူးပြောင်းရွှေ့ခြင်းနှင့် လူစားထိုးခြင်း ခံကြရသည်။ ငါ့ကိုပြောလော့။ ထိုသို့သော စိတ်သဘောထား ရှိသည့် ထိုသို့သော လူတစ်ဦးသည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည့် နေရာတစ်ခုတလေ ရှိသလော။ ၎င်းတို့ကို မည်သည့်နေရာတွင် ထားပါစေ ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိမ့်မည် မဟုတ်သည်ကို ငါစိုးရွံ့သည်။ ၎င်းတို့သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့သည် တာဝန်တစ်ခုကို မိမိတို့ဘာသာ ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု ဆိုလိုသလော။ သေချာပေါက် မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့ဘာသာ တာဝန်တစ်ခုကို ထမ်းဆောင်လျှင် ပို၍ပင် ချုပ်တည်းမှုနည်းလိမ့်မည် ဖြစ်သည်။ ထင်ရာမြင်ရာ မဆင်မခြင် လုပ်ရပ်ကို ပို၍ပင် လုပ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ သင်၏တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိသည် သင်၏ ပင်ကိုစွမ်းရည်များ၊ သင်၏အစွမ်းအစ ကြီးမားခြင်း၊ သင်၏ လူ့သဘာဝ၊ သင်၏ စွမ်းရည်များ၊ သို့မဟုတ် သင်၏ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော ကိစ္စတစ်ခုမဟုတ်ပေ။ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံသူတစ်ဦး ဟုတ်မဟုတ်နှင့် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အခြားလူများကို မျှတစွာ ဆက်ဆံနိုင်လျှင် အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်ခြင်းရှိမရှိတွင် အဓိကအချက်သည် ထိုသူက သမ္မာတရားကို လက်ခံပြီး ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိပေါ်တွင် မူတည်သည်။ လူတို့၏ အစွမ်းအစ၊ ဆုကျေးဇူး၊ ပင်ကိုစွမ်းရည်၊ အသက် စသည်တို့သည် အဓိကအရာမဟုတ်ပေ။ ထိုအရာများအားလုံးသည် အရံများဖြစ်သည်။ အရေးကြီးဆုံးအရာမှာ လူတစ်ယောက်က သမ္မာတရားကို ချစ်မချစ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရန်ဖြစ်သည်။ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်တွင် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများက ဤသည်မှာ မှန်ကန်သည်ကို ဝန်ခံလိမ့်မည်။ လက်တွေ့ဘဝတွင် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ကြုံရသောအခါ ဤသမ္မာတရားများကို အကောင်အထည်ဖော်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သမ္မာတရားသည် ၎င်းတို့၏ ကိုယ်ပိုင်စစ်မှန်မှု၊ ၎င်းတို့ကိုယ်တိုင်၏ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်။ ၎င်းတို့ပြုမူနေထိုင်ပြီး အမှုအရာများကို လုပ်ဆောင်သည့် စံချိန်စံညွှန်းနှင့် စည်းမျဉ်းများဖြစ်လာလိမ့်မည်။ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သည့် အရာဖြစ်လာလိမ့်မည်။ တရားဒေသနာတစ်ခုကို နားထောင်သောအခါ သမ္မာတရားကို မချစ်သောသူများသည်လည်း ယင်းသည် မှန်ကန်သည်ဟု ဝန်ခံလိမ့်မည်။ ၎င်းတို့က အားလုံးနားလည်သည်ဟု ထင်လိမ့်မည်။ ၎င်းတို့သည် အယူဝါဒများကို ၎င်းတို့စိတ်နှလုံးတွင် မှတ်သားပြီးဖြစ်သည်။ သို့သော် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားရန် အသုံးပြုသောစည်းမျဉ်းများနှင့် စံချိန်စံညွှန်းများက အဘယ်နည်း။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများအရ အစဉ် စဉ်းစားသည်။ သမ္မာတရားကို အသုံးပြု၍ အမှုအရာများကို မစဉ်းစားပေ။ သမ္မာတရားကို လက်တွေ့လုပ်ခြင်းဖြင့် ၎င်းတို့က ဆုံးရှုံးမှုရှိလိမ့်မည်ကို ကြောက်ရွံ့ပြီး အခြားလူများက ဝေဖန်အပြစ်တင်ပြီး အထင်သေးခံရမည်ကို၊ သိက္ခာကျမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့က အပြန်အလှန်စဉ်းစားပြီး နောက်ဆုံးတွင် “ငါ့ရဲ့ အဆင့်အတန်း၊ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားတွေကိုပဲ ကာကွယ်မယ်။ ဒါက အဓိကပဲ။ ဒါတွေ ပြည့်စုံသွားရင် ငါကျေနပ်မယ်။ ဒါတွေ မပြည့်စုံရင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပျော်မှာမဟုတ်ဘူး။ ပျော်စရာကောင်းတယ်လို့လည်း မြင်မှာမဟုတ်ဘူး” ဟူ၍ တွေးကြသည်။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဟုတ်သလော။ လုံးဝ မဟုတ်ပေ။ အချို့သောလူတို့သည် တရားဒေသနာများကို နားထောင်သောအခါ အလွန်အလေးအနက်ထားပြီး မှတ်စုပင် ရေးတတ်ကြသည်။ သော့ချက်စကားလုံး သို့မဟုတ် အရေးကြီးသော စကားစုတစ်ခုကို ကြားလိုက်တိုင်း ယင်းကို မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော်လည်း နောက်ပိုင်းတွင် ယင်းကို အသုံးမပြုကြပေ။ အချိန်မည်မျှ ကြာသွားပါစေ တကယ့်အပြောင်းအလဲကို မမြင်ရချေ။ ဤသည်မှာ သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးကဲ့သို့ ထင်ရသလော။ သမ္မာတရားကို ချစ်သောသူများသည် ယင်းကို ၎င်းတို့နားလည်ပါက လက်တွေ့လုပ်ဆောင်နိုင်သော်လည်း သမ္မာတရားကို မချစ်သောသူများသည် သမ္မာတရားကို ၎င်းတို့ နားလည်နိုင်လျှင်ပင် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြချေ။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းရှိမရှိဟူသည့် အကြီးမားဆုံးသော ညွှန်ပြချက်မှာ ၎င်းကို လက်တွေ့ကျင့်သုံးနိုင်ခြင်းရှိမရှိ ဟူသည်ပင်။ သမ္မာတရားကို မချစ်သောသူသည် အမှားနှင့်အမှန်ကို ခွဲခြားနိုင်သည်ဟု သင်တို့ထင်သလော။ (မခွဲခြားနိုင်ကြပေ။) အမှန်တွင် သူတို့ ခွဲခြားနိုင်သည်။ ဥပမာအားဖြင့် သူတို့သည် ယခင်က တစ်စုံတစ်ဦးကို သနားကြင်နာခဲ့သော်လည်း ထိုလူက ၎င်းတို့၏ အကျိုးစီးပွားကို အနှောင့်အယှက်ပေးလျှင် “ထိုသူသည် လွန်လွန်းသည်၊ ကျွန်ုပ် သူ့အား ယခင်က ကူညီခဲ့သည်၊ ယခု သူ ကျွန်ုပ်ကို ဤကဲ့သို့ ဆက်ဆံသည်” ဟု ပြောကြမည်ဖြစ်သည်။ သင် မြင်သလော၊ သူတို့သည် အသိစိတ်အကြောင်းကို ပြောဆိုနေကြသော်လည်း လူတစ်ဦး၏ အသိစိတ်သို့မဟုတ် အမှားအမှန်ကို တိုင်းတာရန် မည်သည့်စံနှုန်းကို အသုံးပြုကြသနည်း။ ၎င်းတို့အတွက် အသုံးဝင်သော မည်သူဖြစ်စေ၊ ထို့ပြင် သူတို့အတွက် အကျိုးရှိသော မည်သည့်စကားလုံး သို့မဟုတ် လုပ်ရပ်ဖြစ်စေ ဤအရာများသည် အပြုသဘောဆောင်ပြီး ၎င်းတို့အတွက် အကျိုးမရှိသော မည်သည့်အရာမဆို အပျက်သဘောဆောင်သည်။ ဤသည်မှာ ထိုသူတို့၏ တစ်ကိုယ်ကောင်းဆန်သော ရှုမြင်ပုံဖြစ်သည်။ ဤသို့သော လူစားမျိုးက သမ္မာတရားကို ရနိုင်မည်ဟု သင်တို့ထင်သလော။ (မရနိုင်ပါ။) အဘယ့်ကြောင့် မရနိုင်သနည်း။ (ထိုသူတို့၏ လုပ်ရပ်များသည် စည်းမျဉ်းနှင့်မညီသည့်အပြင် သမ္မာတရားနှင့်အညီ လက်တွေ့မလုပ်ဆောင်ပါ။ ယင်းအစား ၎င်းတို့သည် မိမိတို့ကိုယ်ကျိုးအတွက် လုပ်ဆောင်ပြီး အရာတိုင်းတွင် မိမိတို့အတွက် လျှို့ဝှက်ကြံစည်ကြသောကြောင့် သမ္မာတရားကို မရနိုင်ပါ။) အမှန်ပင်။ သူတို့က သမ္မာတရားကို မရနိုင်ကြပေ။ သမ္မာတရားကို မည်သို့သောလူစားမျိုးအတွက် ပြင်ဆင်ထားသောကြောင့်နည်း။ သမ္မာတရားကို ချစ်ပြီးလျှင် သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်သူများအတွက် ပြင်ဆင်ထားသည်။ ဤသူတို့သည် သမ္မာတရားကို ရရှိနိုင်သူများဖြစ်ကြပြီး နောက်ဆုံးတွင် သမ္မာတရားကို ပိုင်ဆိုင်ပြီး ပေးရမည့်သူများဖြစ်ကြသည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ခြင်း၊ မိမိတစ်ကိုယ်ရေ အကျိုးစီးပွားများ သို့မဟုတ် မိမိအနှစ်သက်ဆုံးသော အရာများကိုပင် စွန့်လွှတ်ရစေကာမူ မဖြစ်ဖြစ်သည့်နည်းဖြင့် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်နိုင်ခြင်းနှင့် ယင်းတို့အားလုံးကို ဆက်ကပ်ပူဇော်ခြင်းကို ဆိုလိုသည်။ ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်သည်။

လူတို့က မည်သည့်အရာကို တန်ဖိုးအထားဆုံးဟု သင်တို့ ထင်သနည်း။ လူ့ဘဝလော။ (ဟုတ်ပါသည်။) အမှန်မှာ လူ့ဘဝမဟုတ်ပေ။ ဘုရားသခင်အတွက် အသက်စွန့်ရန် သင့်အား တောင်းဆိုခဲ့သည်ဆိုပါစို့။ သင်စွန့်လွှတ်နိုင်မည်လော။ သင့်အား ဘုရားသခင်အတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်ပြီး ချက်ချင်းသေရန် တောင်းဆိုခဲ့သည်ဆိုပါစို့၊ ယင်းကို သင်လုပ်နိုင်မည်လော။ ဤသို့လုပ်နိုင်သောသူ အချို့ရှိသည်။ ထို့ကြောင့် လူတို့အတွက် အသက်သည် အရေးကြီးဆုံးအရာ မဟုတ်၊ အမှန်တွင် အချို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကို ဆက်ကပ်ရန်၊ သို့မဟုတ် ဘုရားသခင်အတွက် အချိန်မရွေး၊ နေရာမရွေး သူတို့အသက်ကို ပေးလှူရန် အသင့်ရှိကြသည့်အတိုင်းပင် ဖြစ်သည်။ သို့သော် အထူးသဖြင့် ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား သို့မဟုတ် ဂုဏ်သတင်းနှင့် အဆင့်အတန်းက ခြိမ်းခြောက်ခံရသည့်အခါ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သူတို့၏ ဇာတိပကတိကို ပုန်ကန်နိုင်သလော။ ဤသည်မှာ လုပ်ရအခက်ဆုံးဖြစ်၏။ ဤအခြေအနေတွင် လူတစ်ဦးအတွက် အရေးကြီးဆုံးအရာမှာ အဘယ်နည်း။ (သူတို့၏ အကျိုးစီးပွား၊ အနာဂတ်နှင့် ကံကြမ္မာဖြစ်သည်။) မှန်၏။ ယင်းသည် အသက်မဟုတ်၊ ၎င်းတို့၏ အကျိုးစီးပွား၊ အဆင့်အတန်း၊ အနာဂတ်နှင့် ကံကြမ္မာတို့ဖြစ်၏။ ဤသည်တို့မှာ လူတို့ တန်ဖိုးအထားဆုံးနှင့် အမြတ်နိုးဆုံးအရာများ ဖြစ်သည်။ ဘုရားသခင်အတွက် မိမိ၏အသက်ကို ပေးလှူနိုင်သူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူဟူ၍ မလွဲမသွေ ဖြစ်ချင်းမျိုး မဟုတ်ပေ။ ဘုရားသခင်အတွက် အသက်စွန့်နိုင်ခြင်းသည် ဆောင်ပုဒ်တစ်ခုသာ ဖြစ်နိုင်လိမ့်မည်။ သင်သည် မိမိအသက်ကို ဘုရားသခင်ထံ ဆက်ကပ်ပူဇော်နိုင်သည်ဟု ပြောသော်လည်း သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စွန့်လွှတ်နိုင်သလော။ မာနကိုရော လက်လွှတ်နိုင်သလော။ မည်သည့်အရာကို စွန့်လွှတ်ဖို့ ပိုလွယ်သနည်း။ (အသက်ကိုစွန့်လွှတ်ဖို့ ပိုလွယ်သည်။) မှန်၏။ လူအချို့သည် ရွေးချယ်စရာ ရင်ဆိုင်ရသောအခါတွင် မိမိတို့၏ ကိုယ်ပိုင်အသက်ကို စတေးနိုင်သော်လည်း အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စွန့်လွှတ်နိုင်ခြင်း သို့မဟုတ် မိမိတို့၏ မှားယွင်းသော လမ်းကြောင်းကို စွန့်လွှတ်နိုင်ခြင်း မရှိကြပေ။ သင်သည် လမ်းနှစ်လမ်းအနက် ရွေးရမည်ဆိုပါစို့။ တစ်လမ်းမှာ ရိုးသားသူတစ်ဦးဖြစ်ဖို့ ရွေးချယ်ခြင်း၊ အမှန်တရားပြောခြင်းနှင့် သင့်စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောခြင်း၊ အခြားသူများနှင့် သင့်စိတ်ထဲရှိသည့်အရာကို ဖွင့်ပြောခြင်း၊ သို့မဟုတ် သင်၏အမှားများကို ဝန်ခံခြင်းနှင့် အမှန်တရားများကို အရှိအတိုင်းပြောခြင်း၊ အခြားသူများကို သင်၏ဖောက်ပြန်ပျက်စီးသော အကျည်းတန်မှုကို ပြခြင်းနှင့် သင့်ကိုယ်သင် အရှက်ရစေခြင်းလမ်းဖြစ်သည်။ အခြားတစ်ခုမှာ ဘုရားသခင်အတွက် သင့်အသက်ကို အာဇာနည်အဖြစ်ပေးခြင်းနှင့် သင်သေဆုံးသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းလမ်းဖြစ်သည်။ သင် အဘယ်လမ်းကို ရွေးသနည်း။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏အသက်ကိုစွန့်ဖို့ ရွေးချယ်သည်။ ကိုယ်တော့်အတွက် ကျွန်ုပ်သေဖို့ လိုလားသည်။ သေပြီးနောက်တွင် ကျွန်ုပ်၏ ဆုလာဘ်ကို ကျွန်ုပ်ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိမ့်မည်” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်အတွက် မိမိ၏အသက်ကို ချခင်းပေးခြင်းသည် စိတ်ပိုင်းဖြတ်ချက် ရှိသူများအားဖြင့် တစ်ခုတည်းသော အားမာန်ပါသော တွန်းအားတစ်ခုဖြင့် ဖြစ်မြောက်စေနိုင်သည်။ သို့ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက ထိုသို့သောတွန်းအားတစ်ခုဖြင့် ဖြစ်မြောက်စေနိုင်သလော။ တွန်းအားနှစ်ခုဖြင့်ပင် မလုပ်ဆောင်နိုင်ပေ။ တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ သင်သည် စိတ်ဆန္ဒရှိပါက သင်သည် တွန်းအားတစ်ခုတည်းဖြင့် ကောင်းစွာ လုပ်ဆောင်နိုင်သော်လည်း မုသားမပါဘဲ အမှန်တရားကို ပြောခြင်း ဖြစ်ရပ်တစ်ခုတည်းက အပြီးအပိုင် ရိုးသားသောလူတစ်ဦး မဖြစ်စေပေ။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုပါဝင်ပြီး ယင်းက အတွေ့အကြုံ ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ် လိုအပ်သည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်း၏ အခြေခံစံနှုန်းကို မရောက်ရှိနိုင်မီ သင်၏လှည့်စားတတ်သော စိတ်သဘောထား ဖြစ်သည့် မုသားများနှင့် လိမ်လည်လှည့်စားခြင်းများကို ဖယ်ရှားပစ်ရမည်။ ဤသည်မှာ လူတိုင်းအတွက် ခက်ခဲသည် မဟုတ်လော။ ယင်းက အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ ဘုရားသခင်သည် ယခုအခါတွင် လူတစ်စုကို စုံလင်စေပြီး ရရှိလိုပြီး သမ္မာတရားကို လိုက်စားသူအားလုံးသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို လက်ခံရမည်ဖြစ်ကာ ယင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ လှည့်စားတတ်သော စိတ်သဘောထားများကို ဖြေရှင်းဖို့နှင့် ၎င်းတို့ကို ရိုးသားသောလူများဖြစ်စေဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်လူများ ဖြစ်စေဖို့ဖြစ်သည်။ ဤသည်မှာ တစ်ချက်တည်းသောတွန်းအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းက စစ်မှန်သော ယုံကြည်ခြင်း လိုအပ်ပြီး ယင်းကို မရရှိနိုင်မီတွင် အကြင်သူသည် စမ်းသပ်မှုများစွာနှင့် စစ်ဆေးမှုများစွာကို ခံစားရမည် ဖြစ်သည်။ ဘုရားသခင်က သင့်အား ရိုးသားသောသူတစ်ဦးဖြစ်ဖို့နှင့် အမှန်တရားကို ပြောရန် ယခုတောင်းဆိုလျှင် အမှန်တရားများ၊ သင်၏ အနာဂတ်နှင့် ကံကြမ္မာ၊ သင့်အတွက် အကျိုးဖြစ်ကောင်းဖြစ်မည်မဟုတ်သော အကျိုးဆက်များပါဝင်သော အရာတစ်ခုခုကို ပြောရမည်ဖြစ်ကာ၊ အခြားလူတို့က သင့်ကို အထင်မကြီးတော့လျှင်၊ သင်၏ ဂုဏ်သတင်း ပျက်စီးပြီဟု ခံစားရလျှင် ထိုသို့သော အခြေအနေမျိုးတွင် သင်သည် ပွင့်လင်းပြီး အမှန်ကိုပြောနိုင်သလော။ သင်သည် ရိုးသားနိုင်သေးသလော။ ဤသည်မှာ လုပ်ဆောင်ရန် အခက်ခဲဆုံးအရာဖြစ်သည်။ သင်၏ အသက်ကို စွန့်လွှတ်ခြင်းထက် များစွာပို၍ ခက်ခဲသည်။ သင်က “ကျွန်ုပ်အား အမှန်တရားကို ပြောစေခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ အမှန်တရားကိုပြောခြင်းထက် ဘုရားအတွက် အသေသာခံလိုက်မည်။ ကျွန်ုပ်သည် ရိုးသားသောလူတစ်ဦး လုံးဝ မဖြစ်လိုပါ။ လူတိုင်းအား ကျွန်ုပ်ကို အထင်သေးပြီး ကျွန်ုပ်သည် သာမန်လူတစ်ယောက်ဖြစ်သည်ဟု တွေးထင်ခွင့် ပေးမည့်အစား သေသာ သေလိုက်မည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာက လူတို့ အမြတ်နိုးဆုံးအရာကို ပြသလော။ လူတို့ အမြတ်နိုးဆုံးအရာမှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် ထိန်းချုပ်ခြင်းခံရသည့် အရာများဖြစ်သည်။ အသက်က ဒုတိယသာဖြစ်သည်။ အခြေအနေက တွန်းအားပေးလာလျှင် ၎င်းတို့သည် မိမိတို့၏ အသက်ကို ပေးဖို့ အားအင်အကုန်ထုတ်မည် ဖြစ်သော်လည်း အဆင့်အတန်းနှင့် ဂုဏ်သတင်းကို စွန့်လွှတ်ရန် မလွယ်ကူပေ။ ဘုရားသခင်ကို ယုံကြည်သည့်လူများအတွက်မူ မိမိတို့၏ အသက်ကို ပေးခြင်းသည် အဆုံးစွန် အရေးမပါသောကြောင့် ဖြစ်သည်။ လူများကို သမ္မာတရားကို လက်ခံဖို့၊ သူတို့၏စိတ်နှလုံးတွင်ရှိသော မည်သည့်အရာကိုမဆို ပြောဆိုပြီး ပွင့်လင်းကာ လူတိုင်းအား ဖော်ထုတ်ပြသသော အမှန်တကယ် ရိုးသားသည့် လူများဖြစ်ဖို့ ဘုရားသခင်က တောင်းဆိုသည်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အမှန်မှာမူ ဘုရားသခင်က သင့်ကို သင်၏အသက်ကို စွန့်လွှတ်ရန် မခိုင်းစေပေ။ သင်၏အသက်ကို ဘုရားသခင်က ပေးထားသည် မဟုတ်လော။ သင်၏အသက်သည် ဘုရားသခင်အတွက် အဘယ်အသုံးကျမည်နည်း။ ယင်းကို ဘုရားသခင်က အလိုမရှိပေ။ ဘုရားသခင်သည် သင့်အား ရိုးသားစွာ စကားပြောဆိုစေလိုသည်။ သင်သည် မည်သူဖြစ်ပြီး သင့်စိတ်နှလုံးတွင် မည်သည့်အရာ စဉ်းစားသည်ကို ပြောဆိုစေလိုသည်။ ဤအရာများကို သင်ပြောနိုင်သလော။ ဤတွင် လုပ်ဆောင်ရမည့်အရာသည် ခက်ခဲလာသည်။ သင်က “ကျွန်ုပ်အား ကြိုးစားလုပ်ကိုင်စေပါ။ ကျွန်ုပ်တွင် လုပ်ဆောင်ရန် အားအင်ရှိပါမည်။ ကျွန်ုပ် ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ အားလုံးကို စွန့်လွှတ်စေပါ၊ ကျွန်ုပ်စွန့်လွှတ်နိုင်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိဘနှင့် သားသမီး၊ ကျွန်ုပ်၏ အိမ်ထောင်နှင့် အသက်မွေးအလုပ်တို့ကို လွယ်ကူစွာ စွန့်ခွာပါမည်။ သို့သော် ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောခြင်း၊ ရိုးသားစွာ ပြောဆိုခြင်းတို့မှာ ကျွန်ုပ်မလုပ်နိုင်သော အရာဖြစ်သည်” ဟု ပြောဆိုနိုင်သည်။ ယင်းကို သင် မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ သင်လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက် သင်နှင့်သိသော၊ သို့မဟုတ် ရင်းနှီးသော မည်သူမဆိုသည် သင့်အပေါ် ထင်မြင်ပုံ ကွဲပြားသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် သင့်ကို အထင်ကြီးတော့မည် မဟုတ်ပေ။ သင်သည် ဂုဏ်သိက္ခာ ဆုံးရှုံးသွားမည်ဖြစ်ပြီး လုံးလုံး အရှက်ကွဲပြီးဖြစ်ပေလိမ့်မည်။ သင်၏ သမာဓိနှင့် သိက္ခာသည်လည်း ရှိလိမ့်မည်မဟုတ်တော့ချေ။ အခြားလူတို့၏ စိတ်နှလုံးတွင်ရှိသော သင်၏ မြင့်မားသော ဂုဏ်အဆင့်အတန်းနှင့် သိက္ခာတို့သည် တည်ရှိတော့မည်မဟုတ်ပေ။ ဤအကြောင်းကြောင့် ဤသို့သော အခြေအနေမျိုးတွင် မည်သို့ပင်ဖြစ်စေ သင် အမှန်တရားကို ပြောလိမ့်မည်မဟုတ်ပေ။ ဤအရာကို လူတို့ ကြုံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲပြီးဆုံးသောအခါတွင် အချို့က အဆုံး၌ ၎င်းတို့၏ အခက်အခဲများကို ကျော်လွှားသွားပြီး အခြားလူများကမူ မကျော်လွှားကြသေးဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများ၊ ၎င်းတို့၏ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် သိက္ခာဆိုသောအရာများ၏ ထိန်းချုပ်ခြင်းကို ဆက်၍ ခံနေရဆဲဖြစ်သည်။ ဤသည်မှာ အခက်အခဲတစ်ခုဖြစ်သည် မဟုတ်လော။ ရိုးသားစွာပြောဆိုပြီး အမှန်တရားကို ပြောခြင်းသက်သက်သည် ကြီးကျယ်သော စွမ်းဆောင်ချက်တစ်ခုခု မဟုတ်၊ သို့တိုင် သတ္တိရှိသော သူရဲကောင်းများစွာ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဆက်ကပ်၊ မိမိတို့ကိုယ်ကို အသုံးခံပြီး သူတို့၏အသက်တာကို အသုံးခံဖို့ ကတိသစ္စာပြုထားကြသူ များစွာရှိသကဲ့သို့ ဘုရားသခင်အား ကြီးကျယ်ခမ်းနားသော အရာများကို ဆိုခဲ့ဖူးသောသူများကလည်း တကယ်လုပ်ဖို့ မဖြစ်နိုင်မှန်း တွေ့ရှိကြသည်။ ဤအရာအားဖြင့် ငါဘာကိုဆိုလိုသနည်း။ လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ လုပ်ငန်းတစ်ချို့တလေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးကြီးမားမား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် ထူးဆန်းသောတန်ခိုးများ ပြုစေရန် မလိုအပ်သကဲ့သို့ သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ချေ။ ဘုရားသခင်လိုအပ်သမျှမှာ သင့်အနေဖြင့် သူ၏နှုတ်ကပတ်တော်များအတိုင်း စွဲစွဲမြဲမြဲ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သောအခါ သင်နားလည်ထားသည့်အရာကို ပြုလုပ်လော့၊ သင်သဘောပေါက်နားလည်ထားသည့်အရာကို ဆောင်ရွက်လော့၊ သင်ကြားခဲ့သည့်အရာကို ကောင်းစွာ မှတ်သားလော့၊ ပြီးနောက် လက်တွေ့လုပ်ဆောင်ချိန် ရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ယင်းတို့ကို သင်၏ဘဝ၊ သင်၏ စစ်မှန်မှုများနှင့် သင်အသက်ရှင်နေထိုင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။ သင်သည် ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်းနှင့် အဆင့်အတန်းကို အမြဲရှာဖွေသည်။ သင်သည် ချီးမြှောက်ခြင်းကို အမြဲရှာဖွေ၏။ ဤသည်ကိုမြင်သောအခါ ဘုရားသခင်သည် မည်သို့ခံစားရသနည်း။ သူသည် ယင်းကို ရွံရှာ၍ သင်နှင့် ခပ်ခွာခွာနေလိမ့်မည်။ ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်း၊ အခြားသူများထက် သာလွန်ခြင်း၊ ခံ့ညားကျော်ကြားခြင်း၊ ထူးကဲခြင်းနှင့် မှတ်သားထိုက်ခြင်းတို့ကို သင် ပို၍ လိုက်စားလေ၊ သင့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်ဟု ဘုရားသခင် ပို၍ မြင်ရလေဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး နောင်တရခြင်းမရှိပါက ဘုရားသခင်သည် သင့်အား ရွံရှာမုန်းတီးကာ သင့်အား စွန့်ပစ်မည်ဖြစ်သည်။ ဘုရားသခင်က ရွံရှာစရာဟု မြင်သောသူတစ်ဦး မဖြစ်အောင် ရှောင်ကြဉ်လော့။ ဘုရားသခင် ချစ်သောလူတစ်ဦး ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့ရရှိနိုင်မည်နည်း။ ဖန်ဆင်းခံတစ်ဦး၏ အနေအထားတွင် ရပ်တည်လျက် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ဆောင်ရွက်လျက်၊ မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်လျက်၊ ရိုးသားသူဖြစ်သည့်အပြင် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်လျက် သမ္မာတရားကို ကျိုးကျိုးနွံနွံ လက်ခံခြင်းဖြင့် ရရှိနိုင်သည်။ ဤသည်မှာ လုံလောက်၏၊ ဘုရားသခင် ကျေနပ်လိမ့်မည်။ လူတို့သည် ရည်မှန်းချက်စွဲကိုင်ခြင်း သို့မဟုတ် အသုံးမကျသော အိပ်မက်များကို လက်သင့်ခံထားခြင်းမပြုရန်၊ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို မရှာဖွေရန် သို့မဟုတ် လူစုလူဝေးမှ ထင်ရှားပေါ်လွင်စေဖို့ မကြိုးစားရန် သေချာစေရမည်။ ထို့ထက်ပင် သူတို့သည် လူတို့ကြားတွင် မြင့်မြတ်ထူးကဲသော၊ သို့မဟုတ် မဟာလူသား၊ သာလွန်သော ပုဂ္ဂိုလ်ဖြစ်ရန် မကြိုးစားရသည့်အပြင် အခြားသူတို့က ထိုသူတို့ကို ကိုးကွယ်ဆည်းကပ်စေရန် မကြိုးစားရ။ ယင်းသည် ဖောက်ပြန်ပျက်စီးသော လူသားတို့၏ ဆန္ဒဖြစ်ပြီး စာတန်၏ လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို မကယ်တင်ပေ။ အကယ်၍ လူတို့သည် နောင်တရခြင်းမရှိဘဲ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းတို့ကို မရပ်မနား လိုက်စားနေပါက ၎င်းတို့အတွက် ကုစားရာမရှိဘဲ အဆုံးသတ်တစ်ခုတည်းသာ ရှိ၏။ ဖယ်ရှားရှင်းလင်းခြင်းခံရရန် ဖြစ်သည်။ ယနေ့ သင်တို့သည် အလျင်အမြန် နောင်တရပါက အချိန်ရှိပါသေးသည်။ သို့သော် ဘုရားသခင်က သူ၏အမှုကို ပြီးမြောက်သည့်နေ့ ရောက်လာသောအခါ ဘေးဒုက္ခများ ပို၍ကြီးမားလာပြီးနောက် သင်သည် အခွင့်အလမ်းရှိတော့မည် မဟုတ်ချေ။ ထိုအချိန်ရောက်သောအခါ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို လိုက်စားသည့်တိုင် နောင်တရရန် ဇွတ်အတင်း ငြင်းဆန်သူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ ဘုရားသခင်၏အလုပ်က ကယ်တင်သော လူအမျိုးအစားနှင့် သူ၏ကယ်တင်ခြင်း၏ အဓိပ္ပာယ်ကို သင်တို့ ရှင်းရှင်းလင်းလင်း သိရမည်။ ဘုရားသခင်သည် လူတို့ကို သူ၏ရှေ့မှောက် ရောက်လာရန်၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ သမ္မာတရားကို လက်ခံရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီး ဘုရားသခင် ပြောဆိုပြီး မိန့်မှာသည့်အတိုင်း လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုသည်။ ဤသည်မှာ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများ၊ စာတန်ဆန်သော အတွေးအခေါ်များနှင့် ဆန့်ကျင်သော၊ သို့မဟုတ် လူသား၏ “ပျော်ရွှင်မှု” အား လိုက်စားခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ဘဲ သို့မဟုတ် သမ္မာတရားကို လက်မခံဘဲ စာတန်၏ အတွေးအခေါ်များနှင့် စာတန်ဆန်သော စိတ်သဘောထားဖြင့် နောင်တမရဘဲ အသက်ရှင်နေသေးသောသူ မည်သူဖြစ်စေ ထိုလူစားမျိုးကို ဘုရားသခင်က မကယ်တင်နိုင်ပါ။ သင်သည် ဘုရားသခင်နောက် လိုက်သော်လည်း ဤသည်မှာ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်မှာ ပြောစရာမလိုချေ။ သို့သော် သင့်ကို ဘုရားသခင်က ရွေးချယ်သည့် အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူ၊ အမှန်တကယ် ဘုရားသခင်နောက် လိုက်သူ၊ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သူနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်နိုင်သူတစ်ဦးအဖြစ်သို့လည်းကောင်း၊ စာတန်နောက် မလိုက်ဘဲ၊ သို့မဟုတ် ၎င်း၏အာဏာအောက်တွင် အသက်မရှင်တော့ဘဲ သူတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားထားခဲ့သူအဖြစ်သို့လည်းကောင်း သင့်အား ပြောင်းလဲရန်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်နောက်လိုက်ကာ သူ၏အိမ်တော်၌ မိမိ၏တာဝန်ကို ထမ်းဆောင်သည့်တိုင် အရာရာနှင့်စပ်လျဥ်း၍ သမ္မာတရားကို ချိုးဖောက်ပြီး သူ၏နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်းမရှိ၊ သူ့ကိုပင် ဆန့်ကျင်ခြင်းရှိမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ လက်ခံမှု ရရှိနိုင်သလော။ လုံးဝမရရှိနိုင်ချေ။ ဤအရာအားဖြင့် ငါဘာကိုဆိုလိုသနည်း။ တာဝန်ထမ်းဆောင်ခြင်းက အမှန်တွင် မခက်သည်သာမက သစ္စာစောင့်သိစွာနှင့် လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုအဖြစ် ထိုသို့လုပ်ဖို့လည်း မခက်ပါချေ။ သင့်သည် အသက်စတေးရန်ဖြစ်စေ၊ အထူးဖြစ်သည့်အရာတစ်ခုတလေကိုဖြစ်စေ၊ ခက်ခဲသည့်အရာ တစ်ခုတလေကိုဖြစ်စေ ပြုလုပ်ရန် မလိုအပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လမ်းညွှန်ချက်များကို ရိုးသားစွာနှင့် စွဲစွဲမြဲမြဲ လိုက်နာရုံသာဖြစ်ကာ သင့်ကိုယ်ပိုင် အကြံဉာဏ်များကို ထည့်သွင်းခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်လုပ်ငန်းကို မစီမံဘဲ သမ္မာတရားလိုက်စားသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသာ လိုအပ်သည်။ လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် သူတို့တွင် အခြေခံအားဖြင့် လူသားအသွင်သဏ္ဌာန် ရှိမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရှိပြီး ရိုးသားသောလူတစ်ဦး ဖြစ်လာသောအခါ စစ်မှန်သောလူသား၏ ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ကြလိမ့်မည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။