ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက် (အပိုင်း တစ်)
ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် ပတ်သက်၍ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံမှာ အဘယ်နည်း။ (ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက အလွန်ခက်ခဲသည်ဟု ခံစားရသည်။) အဘယ်ကြောင့် ခက်ခဲသည်ဟု ခံစားရသနည်း။ (ကျွန်ုပ်သည် အမှန်ပင် ရိုးသားသူတစ်ယောက်ဖြစ်ချင်သည်။ သို့သော် နေ့စဉ် မိမိကိုယ်ကို ဆန်းစစ်သောအခါ မရိုးသားဘဲ ကျွန်ုပ်၏ အပြောအဆိုတွင် မသန့်စင်မှုများစွာပါဝင်သည်ကို တွေ့ရသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်၏ စကားများ၌ ခံစားချက်များ ထည့်ပြောသည်။ သို့မဟုတ် ကျွန်ုပ်စကားပြောသောအခါတွင် ရည်ရွယ်ချက်အချို့ရှိသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ပေါ့ပေါ့တန်တန် ပြောဆိုလုပ်ဆောင်သည်၊ သို့မဟုတ် ဝေ့ဝိုက်၍ ပြောသည်၊ သို့မဟုတ် ပန်းတိုင်တစ်ခုကို ရရှိဖို့အတွက်သက်သက်ဖြင့် လက်တွေ့အရှိတရားကို ဆန့်ကျင်သောအရာများ၊ လှည့်စားသောအရာများ၊ တစ်ဝက်သာ မှန်ကန်သောအရာများ၊ အခြားသော မုသားအမျိုးအစားများကို ပြောသည်။) ဤအပြုအမူအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်သည်။ ဤအရာတို့သည် လူတို့၏ ကောက်ကျစ်ပြီး လှည့်စားသော အစိတ်အပိုင်းနှင့် သက်ဆိုင်သည်။ လူတို့သည် အဘယ်ကြောင့် လှည့်ဖြားတတ်ကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ဖြစ်မြောက်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မသမာသောနည်းလမ်းများကို အသုံးပြုကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ပွင့်လင်းခြင်း၊ ရိုးသားခြင်းမရှိပေ။ ၎င်းတို့သည် ရိုးသားသောသူများမဟုတ်ပေ။ လူတို့က ၎င်းတို့၏ အန္တရာယ်များမှုနှင့်၊ ကောက်ကျစ်မှု၊ သို့မဟုတ် မလိုမုန်းထားမှုနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းတို့ကို ထုတ်ဖော်ပြသည်မှာ ဤသို့သော အချိန်များတွင်ဖြစ်သည်။ ဤသည်မှာ ရိုးသားရာတွင် အခက်အခဲရှိသည့်နေရာဖြစ်သည်။ မိမိ၏ စိတ်နှလုံးတွင် ဤ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသဖြင့်၊ ရိုးသားသူတစ်ယောက်ဖြစ်ရန် အထူးပင် ခက်ခဲသည်ဟု အမှန်ပင် ထင်ရသည်။ သို့သော် သင်သည် သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်ပြီး၊ သမ္မာတရားကို လက်ခံနိုင်သောသူဖြစ်လျှင် ရိုးသားသူဖြစ်ခြင်းသည် အလွန်ခက်ခဲမည်မဟုတ်ပေ။ များစွာပို၍ လွယ်ကူသည်ဟု သင် ခံစားရလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးများမှာ လူတို့၏ ယုတ်မာမှု၊ လှည့်စားမှု၊ မလိုမုန်းထားမှု၊ လူတို့၏ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များဖြစ်သည်ဆိုသည်ကို ကိုယ်တွေ့ အတွေ့အကြုံရှိသောသူများက ကောင်းစွာသိသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကျန်ရှိနေသရွေ့ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက အလွန်ခက်ခဲလိမ့်မည်။ သင်တို့အားလုံးသည် ရိုးသားသူတစ်ယောက်ဖြစ်ရန် လေ့ကျင့်နေကြသည်။ ထို့ကြောင့် ဤကိစ္စတွင် သင်တို့၌ အတွေ့အကြုံအချို့ရှိသည်။ သင်တို့၏ အတွေ့အကြုံမှာ အဘယ်သို့ဖြစ်သနည်း။ (နေ့စဉ် ကျွန်ုပ်ပြောသော အဓိပ္ပာယ်မရှိသောစကားများနှင့် ကျွန်ုပ်ပြောခဲ့သော မုသားများအားလုံးကို ကျွန်ုပ်ချရေးသည်။ ထို့နောက်တွင် မိမိကိုယ်ကို ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်။ ဤလိမ်ညာမှု အများစု၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်မျိုးမျိုးရှိကြောင်း၊ မာန်မာနအတွက်၊ သိက္ခာဆယ်ဖို့အတွက် ထိုအရာများကို ကျွန်ုပ်ပြောခဲ့ခြင်း ဖြစ်ကြောင်းကို တွေ့ရသည်။ ကျွန်ုပ်ပြောသည့်အရာက သမ္မာတရားနှင့်မညီသည်ကို သတိပြုမိသော်လည်း လိမ်ညာပြီး ဟန်မဆောင်ဘဲ မနေနိုင်ပါ။) ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး အလွန်ခက်ခဲသောအရာ ဖြစ်သည်။ ထိုအရာကို သင် သတိပြုမိခြင်းရှိမရှိက အရေးမကြီးပေ။ အဓိကအချက်မှာ သင်သည် သင်၏ ရည်ရွယ်ချက်များကို ရရှိရန်အတွက်၊ သင်၏ ကိုယ်ပိုင်ပုံရိပ်နှင့် သိက္ခာကို ထိန်းသိမ်းရန်အတွက် သင်လုပ်သည့်အရာက မှားသည်ကို သိလျက်ဖြင့် ခေါင်းမာစွာ ဆက်လိမ်ညာခြင်းဖြစ်သည်။ မသိနားမလည်ခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုလျှင် လိမ်ညာခြင်းပင်ဖြစ်သည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် အဓိကအချက်မှာ သင်၏ စေ့ဆော်မှုများ၊ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်ဖြစ်သည်။ ဤသည်မှာ မုသားပြောသည့် ပြဿနာကို အရင်းအမြစ်မှနေ၍ ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မိမိ၏ တစ်ကိုယ်ရေပန်းတိုင်များကို ရရှိရန်အတွက်၊ ဆိုလိုသည်မှာ မိမိကိုယ်တိုင် အကျိုးအမြတ်ရရှိရန်၊ အခြေအနေတစ်ခုကို အခွင့်ကောင်းယူရန်၊ မိမိကိုယ်ကို အမြင်ကောင်းစေရန်၊ သို့မဟုတ် အခြားလူများ၏ ထောက်ခံမှုကို ရရှိရန်တို့ဖြစ်သော ဤအရာများသည် မုသားများပြောဆိုသောအခါ လူတို့၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များဖြစ်သည်။ ဤသို့သော လိမ်ညာမှုမျိုးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည်။ ဤသည်မှာ မုသားများပြောဆိုခြင်းနှင့်ပတ်သက်ပြီး သင်လိုအပ်သည့် ပိုင်းခြားသိမြင်မှုဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤအရာအားလုံးက သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းရှိမရှိဆိုသည့်အပေါ်တွင် မူတည်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး သင့်ကိုယ်သင် ထောက်ခံခြင်းမရှိဘဲ ပြောဆိုနိုင်လျှင်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားအား ထည့်သွင်းစဉ်းစားခြင်းကို ရပ်တန့်ပြီး ထိုအစား အသင်းတော်အလုပ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားနိုင်လျှင်၊ မုသားများပြောဆိုခြင်းကို သင် ရပ်တန့်လိမ့်မည်။ မှန်မှန်ကန်ကန်ဖြင့် ရိုးရိုးတန်းတန်း ပြောဆိုနိုင်လိမ့်မည်။ ဤဝိညာဉ်ရင့်ကျက်မှုမရှိလျှင် သင်သည် မှန်မှန်ကန်ကန် ပြောဆိုနိုင်မည်မဟုတ်ဘဲ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် နည်းပါးပြီး သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို သက်သေပြနေပေမည်။ ထို့ကြောင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် သမ္မာတရားအား နားလည်ခြင်းဖြစ်စဉ်၊ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားခြင်းဖြစ်စဉ် လိုအပ်သည်။ ဤအရာကို ဤသို့ ကြည့်ရှုသောအခါတွင် အတွေ့အကြုံရှစ်နှစ်မှ ဆယ်နှစ်အထိမရှိဘဲ ရိုးသားသူတစ်ယောက်ဖြစ်ရန် မဖြစ်နိုင်ပေ။ ဤကာလသည် အသက်တာတွင် ကြီးထွားတိုးတက်ခြင်း ဖြစ်စဉ်၊ သမ္မာတရားအားနားလည်ခြင်း၊ ရရှိခြင်း ဖြစ်စဉ် ဖြစ်သည်။ လူအချို့က “လိမ်ညာခြင်း၏ ပြဿနာကို ဖြေရှင်းခြင်း၊ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် အမှန်တကယ်ပင် ဤမျှခက်သလော”ဟု မေးကောင်းမေးနိုင်သည်။ ဤသည်မှာ မည်သူနှင့်ပတ်သက်၍ ပြောသည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်လျှင် အချို့သော အမှုကိစ္စများနှင့်ပတ်သက်လာသည့်အခါ သူသည် လိမ်ညာခြင်းကို စွန့်လွှတ်နိုင်လိမ့်မည်။ သို့သော် သမ္မာတရားကို မချစ်သောသူဖြစ်လျှင် လိမ်ညာပြောဆိုခြင်းကို စွန့်လွှတ်ခြင်းသည် ပို၍ပင် ခက်ခဲလိမ့်မည်။
မိမိကိုယ်ကို ရိုးသားသူတစ်ယောက်ဖြစ်ရန် လေ့ကျင့်ခြင်းသည် အဓိကအားဖြင့် မုသားများ ပြောသည့်ပြဿနာကို ဖြေရှင်းသည့်ကိစ္စဖြစ်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းလည်းဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းတွင် အဓိကကျသော လေ့ကျင့်မှု ပါဝင်သည်။ သင်သည် လူတစ်ယောက်ကို လိမ်ညာပြီး လှည့်စားခဲ့သည်ကို သဘောပေါက်သောအခါတွင် ထိုသူကို ဖွင့်ပြောသင့်သည်။ သင့်ကိုယ်သင် ဖွင့်ချပြပြီး တောင်းပန်သင့်သည်။ ဤအလေ့အကျင့်သည် လိမ်ညာခြင်းကို ဖြေရှင်းရန်အတွက် အလွန်ပင် အကျိုးရှိသည်။ ဥပမာ သင်သည် တစ်စုံတစ်ယောက်ကို လှည့်စားခဲ့လျှင်၊ သို့မဟုတ် ၎င်းတို့ကို သင်ပြောသည့်စကားများတွင် မသန့်စင်မှု၊ သို့မဟုတ် ကိုယ်ပိုင် ရည်ရွယ်ချက်တစ်ခုခုရှိခဲ့လျှင် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်သင့်သည်။ သင်က ထိုသူအား “သင့်ကို ကျွန်ုပ်ပြောသောအရာသည် မုသားဖြစ်သည်။ ကျွန်ုပ်၏ ကိုယ်ပိုင်မာနကို ကာကွယ်ရန် ရည်ရွယ်သည်။ ပြောပြီးသည့်နောက်တွင် ကျွန်ုပ်သည် အနေရခက်မိသည်။ ထို့ကြောင့် ကျွန်ုပ်သည် ယခု သင့်ကို တောင်းပန်ခြင်းဖြစ်သည်။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ခွင့်လွှတ်ပါ” ဟူ၍ ပြောသင့်သည်။ ဤသည်မှာ အလွန်ပင် နှစ်သက်အားရဖွယ်ဖြစ်သည်ဟု ထိုသူက ခံစားရမည်။ မုသားတစ်ခုကို ပြောပြီး ထိုအတွက် တောင်းပန်သည့်လူတစ်ယောက် မည်သို့ရှိနေနိုင်သည်ကို တွေးတောလိမ့်မည်။ ဤသို့သော သတ္တိသည် ထိုသူ အလွန် လေးစားသောအရာတစ်ခုဖြစ်သည်။ ဤသို့သော အလေ့အကျင့်ကို လုပ်ဆောင်ခြင်းမှ မည်သည့်အကျိုးအမြတ်ကို ရရှိသနည်း။ ဤအရာ၏ ရည်ရွယ်ချက်သည် အခြားလူများ၏ လေးစားမှုကို ရရှိရန်မဟုတ်ဘဲ မလိမ်ညာရန်အတွက် မိမိကိုယ်ကို ပို၍ ထိရောက်မှုရှိစွာ ချုပ်ထိန်းပြီး ဟန့်တားရန်ဖြစ်သည်။ ထို့ကြောင့် သင်သည် လိမ်ညာပြီးနောက်တွင် ထိုသို့ လိမ်ညာခြင်းအတွက် တောင်းပန်ခြင်းကို လက်တွေ့လုပ်ဆောင်ရမည်။ ဤသို့ ပိုင်းခြားစိစစ်ခြင်း၊ သင့်ကိုယ်သင် ဖွင့်ချပြခြင်း၊ လူတို့အား တောင်းပန်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် သင့်ကိုယ်သင် လေ့ကျင့်လေလေ၊ ရလဒ်များက ကောင်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ပြောသည့် မုသားအရေအတွက်က နည်းသည်ထက် နည်းပါးလေလေ ဖြစ်လိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ပြီး မလိမ်ညာရန် သင့်ကိုယ်သင် ချုပ်တည်းဖို့အတွက် ပိုင်းခြားစိစစ်ပြီး သင့်ကိုယ်သင် ဖွင့်ချပြခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် သတ္တိလိုအပ်ပြီး လူတစ်ယောက်အား လိမ်ညာပြီးနောက်တွင် ထိုသူကို တောင်းပန်ခြင်းသည် ပို၍ပင် သတ္တိ လိုအပ်သည်။ သင်တို့သည် ဤအရာကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ လက်တွေ့လုပ်ဆောင်လျှင်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်ကောင်းဖြစ်လျှင် ရှင်းလင်းသော ရလဒ်များကို မြင်တွေ့ရရန် အာမခံချက်ရှိသည်။ ပြီးလျှင် သင်၏ လိမ်ညာမှုများကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ မိမိ၏ လိမ်ညာမှုများကို ဖယ်ရှားခြင်းသည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် ပထမအဆင့်ဖြစ်သည်။ ထိုအရာကို သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ကြာ အားစိုက်ထုတ်ခြင်းမရှိဘဲ မလုပ်ဆောင်နိုင်ပေ။ လိမ်ညာသည့်ပြဿနာကို ဖြေရှင်းပြီးသည့်နောက်တွင် ဒုတိယအဆင့်မှာ လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းပြဿနာကို ဖြေရှင်းရန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် လှည့်စားခြင်းနှင့် လှည့်ဖြားခြင်းဖြစ်ဖို့ရန် လူတစ်ယောက်က လိမ်ညာဖို့ မလိုပေ။ ဤအရာများကို လုပ်ရပ်သက်သက်ဖြင့် ပြီးမြောက်နိုင်သည်။ လူတစ်ယောက်သည် အပြင်ပန်းအားဖြင့် လိမ်ညာခြင်း မရှိနိုင်သော်လည်း၊ သူ၏ စိတ်နှလုံးတွင် လိမ်လည်လှည့်စားမှုများ ရှိနေနိုင်သေးသည်။ သူသည် အခြားလူတိုင်းထက် ဤအရာကို ပို၍သိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအရာကို အလေးအနက်တွေးတောပြီး သေချာစွာ စဉ်းစားခဲ့သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် သိမြင်ရန် သူ့အတွက် လွယ်ကူသည်။ လိမ်ညာသည့် ပြဿနာ ပြေလည်သွားသည်နှင့် နှိုင်းယှဉ်ချက်အားဖြင့် လှည့်ဖြားတတ်ခြင်းနှင့် လှည့်စားခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အနည်းငယ် ပို၍ လွယ်ကူသည်။ သို့သော် မိမိသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်။ အကြောင်းမှာ လူသည် လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းကို ဆောင်ရွက်သောအခါ ရည်ရွယ်ချက်၏ အုပ်စိုးခြင်းကို ခံရသောကြောင့်ဖြစ်သည်။ လူတို့က ဤအရာကို အပြင်ပန်းမှနေ၍ မသိမြင်နိုင်သကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်းလည်းမရှိပေ။ ဘုရားသခင်ကသာ ဤအရာကို စိစစ်နိုင်ပြီး သူကသာ ဤအရာကို သိမြင်သည်။ ထို့ကြောင့် လူတစ်ယောက်သည် ဘုရားသခင်ထံသို့ ဆုတောင်းခြင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်းအားဖြင့်သာ လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းပြဿနာများကို ဖြေရှင်းနိုင်သည်။ လူတစ်ယောက်သည် သူ၏ စိတ်နှလုံးတွင် သမ္မာတရားကို မချစ်လျှင်၊ သို့မဟုတ် ဘုရားသခင်ကို မကြောက်ရွံ့လျှင် သူ၏ လှည့်ဖြားခြင်းနှင့် လှည့်စားမှုကို မဖြေရှင်းနိုင်ပေ။ သင်သည် ဘုရားသခင်ရှေ့တွင် ဆုတောင်းပြီး သင်၏ အမှားများကို ဝန်ခံနိုင်သည်။ ဝန်ချပြီး နောင်တရနိုင်သည်၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာနိုင်သည်။ ထိုအချိန်က မည်သည့်အရာကို သင်စဉ်းစားနေခဲ့သည်၊ မည်သည့်အရာကို သင်ပြောခဲ့သည်၊ သင်၏ ရည်ရွယ်ချက်က မည်သို့ဖြစ်သည်၊ လှည့်ဖြားခြင်းကို မည်သို့ ဆောင်ရွက်ခဲ့သည်ဆိုသည်တို့ကို မှန်မှန်ကန်ကန် ဖော်ပြနိုင်သည်။ ဤအရာအားလုံးမှာ လုပ်ဆောင်ရန် အတော်အတန် လွယ်ကူသော အရာများဖြစ်သည်။ သို့ရာတွင် အခြားလူတစ်ယောက်ထံသို့ သင့်ကိုယ်သင် ဖွင့်ချပြရန် သင့်အား တောင်းဆိုလျှင် သင်သည် သိက္ခာဆယ်လိုသောကြောင့် သင်၏ သတ္တိနှင့် စိတ်ပြတ်သားမှုကို ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်သည်။ ထိုအခါ ဖွင့်ပြောပြီး သင့်ကိုယ်သင် ဖွင့်ချပြခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်က သင်၏ ကိုယ်ပိုင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များကို အခြေခံပြီး ပြောဆိုနေခြင်း၊ လုပ်ဆောင်နေခြင်းကို ရံဖန်ရံခါ တွေ့ရသည်၊ သင်လုပ်ဆောင်သည့်၊ ပြောသည့်အရာများတွင် လှည့်စားမှု၊ မသန့်စင်မှု၊ လိမ်ညာမှု၊ သို့မဟုတ် လှည့်စားမှုအဆင့်တစ်ခုအထိ ရှိနေသည်ဆိုသည်ကို ယေဘုယျအနေဖြင့် ဝန်ခံကောင်း ဝန်ခံနိုင်မည်။ သို့သော် ထို့နောက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ရန်၊ အစမှ အဆုံးအထိ အမှုအရာများက မည်သို့ဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သင်ပြောသည့် မည်သည့်စကားများက လှည့်စားခြင်းပါဝင်သည်၊ ထိုစကားများ နောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်ရှိသည်၊ မည်သည့်အရာကို သင်စဉ်းစားနေသည်ဆိုသည်နှင့် သင့်အနေဖြင့် မလိုမုန်းထားခြင်း၊ သို့မဟုတ် ရက်စက်ယုတ်မာပုံရှိမရှိတို့ကို ရှင်းပြခိုင်းလျှင် သင်က တိတိကျကျ မပြောလိုပေ၊ သို့မဟုတ် အသေးစိတ် မဖော်ပြလိုပေ။ လူအချို့က “ဤသည်မှာ အရှိအတိုင်းပင်ဖြစ်သည်။ ငါသည် အလွန် လှည့်စားသော၊ မသိမသာဖြင့် ထိခိုက်တတ်ပြီး၊ စိတ်မချရသောသူသာဖြစ်သည်” ဟူ၍ပင် ဖော့၍ပြောကြသည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကိုဖြစ်စေ၊ ၎င်းတို့သည် မည်မျှပင် လှည့်စားတတ်ပြီး မသိမသာဖြင့် ဒုက္ခပေးတတ်သည်ကိုဖြစ်စေ ကောင်းမွန်စွာ ရင်ဆိုင်ရန် ၎င်းတို့တွင် အရည်အချင်းမရှိသည်ကို ပြသည်။ ဤလူတို့သည် အစဉ်သဖြင့် ခေါင်းရှောင်သည့် ပုံစံနှင့် အခြေအနေတွင် အစဉ် ရှိကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို ဗွေမယူတတ်သလို လိုက်လျောကြသည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် ဒုက္ခမခံနိုင်ကြ၊ သို့မဟုတ် မပေးဆပ်နိုင်ကြပေ။ လူများစွာတို့သည် စကားများနှင့် အယူဝါဒများကို နှစ်ချီ၍ ဟောပြောကာ “ငါသည် လှည့်စားပြီး မသိမသာ ဒုက္ခပေးတတ်သည်။ ငါ၏ လုပ်ရပ်များတွင် မကြာခဏပင် လှည့်စားမှုရှိသည်။ လူတို့ကို လုံးဝ ရိုးသားစစ်မှန်စွာ မဆက်ဆံပါ” ဟု အစဉ် ပြောဆိုကြသည်။ သို့သော် ထိုသို့နှစ်များစွာ အော်ဟစ်ပြီးနောက်တွင် ၎င်းတို့သည် ယခင်ကကဲ့သို့ပင် လှည့်စားလျက်ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလှည့်စားသောအခြေအနေကို ၎င်းတို့ ဖွင့်ပြသောအခါ၌ အမှန်တကယ် ပိုင်းခြားစိစစ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ထံမှ မည်သည့်အခါမျှ မကြားရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲများတွင် မိမိကိုယ်ကို ပိုင်းခြားစိစစ်ခြင်းနှင့် မိမိကိုယ်ကို သိမြင်ခြင်းနှင့်ဆိုင်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တို့ကို မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်။ အခြားလူများထံသို့ မည်သည့်အခါမျှ မိမိတို့ကိုယ်ကို ဖွင့်ချမပြပေ၊ သို့မဟုတ် လူတို့ကို လိမ်ညာလှည့်စားပြီးနောက်တွင် မတောင်းပန်ကြပေ။ ထိုသို့သော အမှုကိစ္စများနှင့်ပတ်သက်ပြီး မိမိတို့ကိုယ်ကို မည်သို့ သိမြင်လာသည်၊ သို့မဟုတ် မည်သို့ နောင်တရခဲ့သည်ဆိုသည်ကိုလည်း လုံးဝ မပြောပေ။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြကြောင်း၊ အမှန်တကယ် နောင်တရခြင်းမရှိကြကြောင်းကို သက်သေပြပေသည်။ ၎င်းတို့က မိမိတို့ လှည့်စားတတ်ကြောင်း၊ ရိုးသားသူတစ်ယောက်ဖြစ်လိုကြောင်း ပြောသောအခါတွင် ၎င်းတို့က ဆောင်ပုဒ်များကို အော်ပြီး အယူဝါဒကို ဟောပြောနေခြင်း သက်သက်သာဖြစ်သည်။ ဤထက် မပိုပေ။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်ခြင်းမှာ ရေစုန်မျှောလိုက်ပြီး လူအများနောက်သို့လိုက်ဖို့ ကြိုးစားနေသောကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် အသင်းတော်အသက်တာ၏ ပတ်ဝန်းကျင်က ၎င်းတို့ကို အပေါ်ယံလုပ်ဆောင်ပြီး ဟန်လုပ်ရန် အတင်းအကျပ်စေခိုင်းသောကြောင့် ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ဆောင်ပုဒ်များကို အော်ဟစ်သူများနှင့် အယူဝါဒကို ဟောပြောသူများသည် မည်သည့်အခါမျှ အမှန်တကယ် နောင်တရကြလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို သေချာပေါက် ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။
လူတို့ကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်အလိုရှိသော သမ္မာတရားတိုင်းသည် လူတို့အား အဖိုးအခပေးဆပ်ရန်၊ ၎င်းတို့၏ လက်တွေ့အသက်တာများတွင် ထိုသမ္မာတရားတိုင်းကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရန် တောင်းဆိုသည်။ ဘုရားသခင်က လူတို့အား စကားများနှင့် အယူဝါဒများကို ရွတ်ဖတ်ခြင်း၊ မိမိကိုယ်ကို သိမြင်မှုအား ပြောဆိုခြင်း၊ မိမိတို့ လှည့်စားတတ်ကြောင်း၊ လူလိမ်များဖြစ်ကြောင်း၊ ကောက်ကျစ်ကြောင်း၊ ကလိမ်ကကျစ်ပြုလုပ်ပြီး လှည့်ဖြားကြောင်း၊ လိမ်လည်ကြောင်းကို အသိအမှတ်ပြုခြင်းမျှအားဖြင့် ပါးစပ်ပြောမျှသာ လုပ်ဆောင်ရန် ဖြစ်စေ၊ ဤအရာများကို အကြိမ်ရေအနည်းငယ် ကျယ်လောင်စွာ ပြောဆိုပြီး ပစ်ထားလိုက်ရန်ဖြစ်စေ မတောင်းဆိုပေ။ လူတစ်ယောက်သည် ဤအရာအားလုံးကို ဝန်ခံသော်လည်း ထို့နောက်၌ အနည်းငယ်မျှပင် မပြောင်းလဲလျှင်၊ သူသည် ဆက်လက်၍ လိမ်ညာပြီး လှည့်စားကာ လှည့်ဖြားလျှင်၊ တူညီသော ဆိုးယုတ်သော လှည့်ကွက်များ၊ တစ်စုံတစ်ခုကို သူ ကြုံတွေ့သောအခါ တူညီသော ဆိုးယုတ်သော နည်းလမ်းများကို အသုံးချလျှင်၊ သူ၏ နည်းစနစ်များ၊ နည်းလမ်းများက မည်သည့်အခါမျှ မပြောင်းလဲလျှင် ဤသူသည် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်စွမ်းရှိသလော။ သူသည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်လိမ့်ဦးမည်လော။ လုံးဝ မပြောင်းလဲနိုင်ပေ။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ပြီး သိရှိနိုင်ရမည်။ ညီအစ်ကိုမောင်နှမများရှေ့တွင် သင့်ကိုယ်သင် ဖွင့်ဟပြီး ချပြရန်၊ သင်၏ အခြေအနေမှန်ကို မိတ်သဟာယဖွဲ့ပြရန် သတ္တိရှိရမည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မချပြရဲလျှင်ဖြစ်စေ၊ မစိစစ်ရဲလျှင်ဖြစ်စေ၊ သင်၏ အမှားများကို ဝန်မခံရဲလျှင်ဖြစ်စေ မိမိကိုယ်ကို သိသောသူဖြစ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လိုက်စားခြင်းပင်မရှိပေ။ လူတိုင်းသည် သူတစ်ပါးတို့၏ အထင်ကြီးလေးစားမှုကို ရဖို့အတွက် ကြွားဝါသော၊ အခြားလူများ၏ လေးစားမှုကို ရရှိရန်အတွက်သက်သက်ဖြင့် ဘုရားသခင်ကို မည်မျှချစ်ကြောင်း၊ ဘုရားသခင်ကို မည်မျှနာခံကြောင်း၊ ဘုရားသခင်အပေါ် မည်မျှ သစ္စာစောင့်သိမှုရှိကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မည်မျှချစ်ကြောင်းတို့ကို သက်သေခံသော ထိုဘာသာရေးသမားများကဲ့သို့ဖြစ်လျှင်၊ လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ၏ အစီအစဉ်များထားရှိပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် သီးသန့်နေရာတစ်ခုကို ထိန်းသိမ်းထားလျှင် မည်သူက တကယ့်အတွေ့အကြုံများကို ပြောဆိုနိုင်မည်နည်း။ တစ်ဦးနှင့်တစ်ဦးပြောပြရန် တစ်ဦးတလေတွင် စစ်မှန်သောအတွေ့အကြုံ အဘယ်သို့ ရှိနိုင်မည်နည်း။ “သင်၏ အတွေ့အကြုံများကို မျှဝေခြင်းနှင့် မိတ်သဟာယပြုခြင်း” ဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သည့် သင်၏အတွေ့အကြုံနှင့် အသိကို မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင်ရှိသည့် အတွေးတိုင်း၊ သင်၏အခြေအနေ၊ သင့်ထံတွင် ပေါ်လွင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ဤအရာတို့ကို အခြားလူများအား သိမြင်ခွင့်ပေးခြင်း၊ ထို့နောက်တွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ပြဿနာကို ဖြေရှင်းခြင်းတို့ ဖြစ်သည်။ အတွေ့အကြုံများကို ဤနည်းဖြင့် မိတ်သဟာယဖွဲ့သည့်အခါမှသာ လူတိုင်းက အကျိုးဖြစ်ပြီး ဆုလာဘ်များကို ခံစားရသည်။ ဤအရာသည်သာ စစ်မှန်သော အသင်းတော်အသက်တာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် ဓမ္မတေးသီချင်းတစ်ပုဒ်အပေါ် သင်၏ အသိအမြင်များကို အနှစ်မဲ့ ပြောဆိုပြီးတော့ သင်သည် ရှေ့ဆက်လုပ်ဆောင်ခြင်းလုံးဝမရှိဘဲ၊ သင်၏ တကယ့်အခြေအနေ၊ သို့မဟုတ် ပြဿနာများကို ယူဆောင်လာခြင်းမရှိဘဲ သင်ကျေနပ်သလို မိတ်သဟာယပြုခြင်းသက်သက်ဖြစ်လျှင်၊ ထိုသို့သော မိတ်သဟာယမျိုးသည် အကျိုးမဖြစ်စေပေ။ လူတိုင်းက အယူဝါဒဆိုင်ရာ၊ သို့မဟုတ် သီအိုရီဆိုင်ရာ အသိအမြင်များကို ပြောကြသော်လည်း တကယ့်အတွေ့အကြုံများမှ ၎င်းတို့ ရရှိသော အသိပညာအကြောင်း လုံးဝ မပြောလျှင်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဘဝများ၊ ၎င်းတို့၏ လက်တွေ့ဘဝ ပြဿနာများနှင့် ၎င်းတို့၏ ကိုယ်ပိုင်အတွင်းရေးများ ပြောခြင်းကို ရှောင်လျှင် စစ်မှန်သော မိတ်သဟာယက မည်သို့ ဖြစ်ပေါ်နိုင်မည်နည်း။ စစ်မှန်သော ယုံကြည်မှု အဘယ်သို့ ရှိနိုင်မည်နည်း။ မည်သည့်အရာမျှ ရှိနိုင်မည်မဟုတ်။ အကယ်၍ ဇနီးသည်တစ်ဦးက သူမ၏ခင်ပွန်းသည်အား သူမ၏စိတ်နှလုံးထဲရှိ စကားများကို လုံးဝ ထုတ်မပြောပြပါက၊ ရင်းနှီးမှုဟု မှတ်ယူသလော။ သူတို့သည် အချင်းချင်း၏ စိတ်ကို သိဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ဤသို့ဆိုလျှင် သူတို့က “နင့်ကိုငါချစ်တယ်”ဟု အစဉ်မပြတ် ပြောကြသည်ဆိုကြပါစို့။ ဤအရာကိုသာ သူတို့ပြောသော်လည်း သူတို့၏ စိတ်နှလုံးများထဲ အမှန်တကယ် စဉ်းစားနေကြသည့်အရာ၊ သူတို့၏ လက်တွဲဖော်ထံမှ သူတို့မျှော်လင့်သည့်အရာ သို့မဟုတ် သူတို့၌ရှိနေသည့် ပြဿနာများတို့ကို မည်သည့်အခါမျှ အချင်းချင်း ဖွင့်ပြခြင်း၊ သို့မဟုတ် ပြောပြခြင်း မရှိဖူးချေ။ သူတို့သည်မည်သည့်အခါမျှ အချင်းချင်း စိတ်ချယုံကြည်ခြင်း မရှိကြပေ။ ပြီးလျှင် သူတို့သည် အတူတကွရှိနေကြသည့်အခါ တစ်ဦးနှင့်တစ်ဦး အပေါ်ယံ ယဉ်ကျေးသိမ်မွေ့သော စကားများမှအပ ဘာမျှမရှိကြပေ။ သူတို့သည် အမှန်တကယ် လင်မယားဖြစ်ကြသလော။ မဟုတ်သည်မှာ သေချာသည်။ အလားတူပင် အကယ်၍ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း စိတ်ချယုံကြည်နိုင်စွမ်း ရှိကာ၊ အချင်းချင်း ကူညီနိုင်စွမ်း ရှိပြီး၊ အချင်းချင်း ကူညီနိုင်စွမ်းနှင့် ထောက်ပံ့နိုင်စွမ်းရှိဖို့ ဆိုပါက အယောက်တိုင်းစီသည် ၎င်းတို့၏စစ်မှန်သော အတွေ့အကြုံများ အကြောင်းကို ပြောရမည် ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ဘာမျှ မပြောဘဲ လူနားလည်သည့် စကားများနှင့် အယူဝါဒကိုသာ ဟောလျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်သည့် အယူဝါဒအနည်းငယ်ကိုသာ ဟောပြီး ဆန်းသစ်မှုမရှိသော စကားလုံးဟောင်းများကိုသာပြောကာသင့်စိတ်နှလုံးထဲရှိသည့်အရာကို ဖွင့်မပြောပါက သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်သကဲ့သို့ ရိုးသားသူတစ်ဦး ဖြစ်နိုင်စွမ်း မရှိပေ။ တူညီသည့် ဥပမာကို အသုံးပြုရလျှင် နှစ်အချို့ကြာ အတူနေထိုင်ခဲ့စဉ်တွင်၊ ခင်ပွန်းနှင့် ဇနီးတို့သည် ရံဖန်ရံခါ စတင်စကားများ ရန်ဖြစ်ကြလျက်၊ အချင်းချင်း နေသားကျဖို့ ကြိုးစားကြသည်။ သို့ရာတွင် သင်တို့နှစ်ဦးလုံးတွင် သာမန်လူ့သဘာဝ ရှိပါက၊ ပြီးလျှင် ဘဝတွင် သို့မဟုတ် အလုပ်တွင် သင် ကြုံတွေ့ရသည့် မည်သည့်အခက်အခဲများကိုမဆို၊ သင်စိတ်ထဲ၌တွေးနေသည့် မည်သည့်အရာမဆို၊ အမှုအရာများကို ဖြေရှင်းဖို့ သင်မည်သို့ စီစဉ်နေပါစေ၊ သင်၏သားသမီးများအနာဂတ်အတွက် သင်၌ ရှိသည့် အကြံဉာဏ်များ၊ သို့မဟုတ် အစီအစဉ်များဖြင့် ပတ်သက်လျှင် သင်သည် သူ့ကို အစဉ် ပွင့်လင်းစွာ စကားပြောပြီး သူကလည်း သင့်ကို ထိုသို့စကားပြောလျှင် သင်သည် သင်၏လက်တွဲဖော်ကို ဤအရာအားလုံးကို ပြောပြလျှင် သင်တို့နှစ်ဦးသည် အချင်းချင်း အထူးတလည် ရင်းနှီးနေမည် မဟုတ်လော။ သို့သော် သူသည် သူ၏အတွင်းကျကျ အတွေးများကို သင့်အား မည်သည့်အခါမျှ မပြောဘဲ၊ အိမ်သို့ လစာ ယူဆောင်လာခြင်းသာလုပ်ဆောင်လျှင်၊ သင်က သူ့အား သင်၏အတွေးများကို မည်သည့်အခါမျှ မပြောဘဲ၊ သင်တို့သည် မည်သည့်အခါမျှ အချင်းချင်း စိတ်ချယုံကြည်ခြင်းမရှိကြလျှင်၊ သင်တို့နှစ်ဦးကြားတွင် စိတ်ခံစားချက်ဆိုင်ရာ ကွာဟချက် တစ်ခု ရှိနေသည်မဟုတ်လော။ သင်တို့သည် အချင်းချင်း၏ အတွေးများနှင့် အစီအစဉ်များကို နားမလည်ကြသည့်အတွက် ကွာဟချက် ရှိနေမည်မှာ သေချာသည်။ အဆုံး၌ သင်၏လက်တွဲဖော်သည် မည်သည့် လူစားမျိုးဖြစ်သည်ကို သင်သိမြင်နိုင်မည်မဟုတ်သကဲ့သို့၊ သူကလည်း သင်မည်သည့်လူစားမျိုးဖြစ်သည်ကို သိနိုင်မည်မဟုတ်ပေ။ သင်သည် သူ၏လိုအပ်ချက်များကို နားလည်မည်မဟုတ်သကဲ့သို့၊ သူကလည်း သင်၏လိုအပ်ချက်များကို နားလည်မည်မဟုတ်ပေ။ လူတို့သည် နှုတ်ဖြင့်ဖြစ်စေ၊ ဝိညာဉ်ရေးရာဖြင့်ဖြစ်စေ ပြောဆိုဆက်ဆံခြင်း မရှိပါက၊ ၎င်းတို့ကြားတွင် ရင်းနှီးမှုရဖို့ ဖြစ်နိုင်ချေ မရှိပေ။ ပြီးလျှင် ၎င်းတို့သည် အချင်းချင်းအတွက် မထောက်ပံ့နိုင်သကဲ့သို့ မကူညီနိုင်ပေ။ သင်သည် ဤအရာကို တွေ့ကြုံပြီးဖြစ်သည်မဟုတ်လော။ သင်၏ မိတ်ဆွေက သူတွေးနေသည့်အရာအားလုံးနှင့် သူခံစားနေရသည့် မည်သည့်အရာမဆို သို့မဟုတ် သူထားရှိသည့် မည်သည့်ပျော်ရွှင်မှုကိုမဆို သင့်အား ဖွင့်ဟလျက်၊ အရာအားလုံးကို ယုံကြည်စွာ ရင်ဖွင့်ပြောပြပါက၊ သင်သည် အထူးပင် သူနှင့်ရင်းနှီးသည်ဟု ခံစားရမည်မဟုတ်သလော။ ဤအရာများကို သင့်အား သူပြောဖို့ လိုလားနေသည့်အကြောင်းအရင်းမှာ သင်က သူ့ကိုလည်း သင်၏အတွင်းကျကျ အတွေးများကို ယုံကြည်စွာ ပြောပြထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် အထူးပင်ရင်းနှီးပြီး ဤအရာကြောင့် သင်တို့ အချင်းချင်း အလွန်သင့်မြတ်ကာ အချင်းချင်း ကူညီနိုင်ကြလေသည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအကြား ဤမိတ်သဟာယဖွဲ့ခြင်းမျိုးနှင့် အပြန်အလှန်ပြုခြင်းမျိုး မရှိလျှင် ၎င်းတို့သည် သဟဇာတဖြစ်စွာ အဆင်ပြေနိုင်မည်မဟုတ်သကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် အတူတကွ ကောင်းစွာ အလုပ်လုပ်ဖို့ မဖြစ်နိုင်သည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ဝိညာဉ်ရေးရာ ပြောဆိုဆက်ဆံမှုနှင့် ပွင့်လင်းစွာ ပြောဆိုနိုင်သည့် အရည်အချင်း လိုအပ်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ရန် လူတစ်ယောက်တွင်ရှိရမည့် စည်းမျဉ်းတစ်ခုဖြစ်သည်။
အချို့က ရိုးသားသူတစ်ဦးဖြစ်ရန် သမ္မာတရားကို ပြောပြီး စိတ်နှလုံးအတွင်းမှ ပြောဆိုရမည်၊ လိမ်ညာလှည့်စားလျှင် ထိုသူသည် ဖွင့်ပြောကာ မိမိကိုယ်ကိုယ် ဖွင့်ချပြရမည်ဖြစ်သည်၊ မိမိတို့၏ အမှားများကို ဝန်ခံရမည်ဆိုသည်ကို ကြားသည့်ခါ ၎င်းတို့က၊ “ရိုးသားရန် ခက်ခဲသည်။ ကျွန်ုပ်တွေးသမျှကို အခြားသူများအား ပြောရမည်လော။ အပြုသဘောဆောင်သောအရာများကို မိတ်သဟာယဖွဲ့ခြင်းမှာ မလုံလောက်သလော။ အခြားသူများအား ကျွန်ုပ်၏ မကောင်းသော သို့မဟုတ် ဖောက်ပြန်ပျက်စီးသော ဘက်ကို ပြောပြရန်မလိုအပ်ပေ၊ ကျွန်ုပ်ပြောပြရန်လိုသလော” ဟု ဆိုကြ၏။ အကယ်၍ သင်သည် အခြားသူတို့အား ဖွင့်ချမပြပါက၊ သင့်ကိုယ်သင် လေ့လာဆန်းစစ်ခြင်း မပြုပါက သင်သည် သင့်ကိုယ်သင် မည်သည့်အခါမျှ သိလိမ့်မည်မဟုတ်။ သင်သည် မည်သည့်အရာဖြစ်ကြောင်း မည်သည့်အခါမျှ သတိပြုမိလိမ့်မည်မဟုတ်ဘဲ အခြားသူများက သင့်ကို ဘယ်သောအခါမျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ အကယ်၍ သင့်အား အခြားသူများ ယုံကြည်စေလိုလျှင် သင်သည် ပထမဦးစွာ ရိုးသားရမည်။ ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျှင် သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ ကိုယ်ကျင့်စရိုက်မြင့်မားခြင်း ရှိကြောင်း အမြဲအယောင်ဆောင်လျှင်၊ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံလျှင်၊ လူတို့က သင်သည် တည်ကြည်မှုရှိသည်၊ ကြီးမြတ်သည်၊ မိမိကိုယ်ကို ငြင်းပယ်သည်၊ တရားမျှတသည်၊ အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြလျှင် ဤသည်မှာ လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်း မဟုတ်လော။ အချိန်ကြာလျှင် လူတို့သည် သင့်ကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် အယောင်ဆောင်ခြင်း မပြုနှင့်၊ သို့မဟုတ် သင့်ကိုယ်သင် မဖုံးကွယ်နှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်လျှင်၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာနှစ်မျိုးလုံးပါဝင်သော သင်၏အတွေးများနှင့် အစီအစဉ်များအားလုံးကို ဖွင့်ချပြနိုင်လျှင် ဤသည်မှာ ရိုးသားမှုမဟုတ်သလော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟလျှင် ငါ့ရှေ့တွင် သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ သို့သော် အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မြင့်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် သင့်အား မည်သို့ ထင်မည်နည်း။ မည်သည့်အရာကို ပြောဆိုလိမ့်မည်နည်း။ သူက၊ “သင်သည်လုံးလုံးလျားလျားပင်လှည့်စားသူတစ်ယောက်ဖြစ်သည်။ သင်သည် လုံးလုံးလျားလျားပင် သူတော်ကောင်း ဟန်ဆောင်ပြီး ယုတ်မာ၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်” ဟု ဆိုလိမ့်မည်။ ထို့ကြောင့် ဘုရားက သင့်အား စီရင်လိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက၊ ဘုရားသခင်ရှေ့ သို့မဟုတ် အခြားသူတို့ရှေ့တွင် မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ သင့်စိတ်အတွင်းရှိသော အခြေအနေနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းက လေ့ကျင့်ခြင်း အချိန်ကာလတစ်ခုအပြင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့လည်း လိုအပ်ပေသည်။ သင်သည် အရာခပ်သိမ်းတွင် စိတ်နှလုံးထဲမှနေ၍ ရိုးရှင်းစွာ၊ ပွင့်လင်းစွာပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးဖြင့် သင် တိုးတက်နိုင်ပေသည်။ သင်သည် အကြီးစား အခက်အခဲကို ကြုံတွေ့လျှင် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏စိတ်နှလုံးထဲတွင်တွန်းလှန်တိုက်ခိုက်ပြီး ဇာတိပကတိကို အောင်မြင်ဖို့ လိုအပ်သည်။ ထိုသို့သင့်ကိုယ်သင် လေ့ကျင့်ရာတွင် နည်းနည်းချင်းဆိုသလို သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ဖွင့်ဟလာမည်။ သင်သည် ပို၍ပို၍သန့်စင်လာမည်ဖြစ်ကာသင်၏ အပြောနှင့် အလုပ်၏ သက်ရောက်မှုများသည် ယခင်ကထက် ကွာခြားလိမ့်မည်။ သင်၏အလိမ်အညာများနှင့် လှည့်စားမှုများသည် ပို၍ နည်းပါးလာမည်ဖြစ်ကာ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် အသက်ရှင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။
စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင်၊ လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်။ လူတို့သည် စာတန်ကဲ့သို့ပင် ကဏ္ဍတိုင်း၌ အယောင်ဆောင်ကြပြီး ဟန်လုပ်ကြသည်။ အမှုကိစ္စအားလုံးတွင် လှည့်ဖြားခြင်း၊ အလေးအနက်မထားခြင်းတို့ကို ကျင့်သုံးကြသည်။ ၎င်းတို့က လှည့်ဖြားခြင်း၊ အလေးအနက်မထားခြင်းတို့ကို ကျင့်သုံးခြင်းမရှိသည့်အရာတစ်ခုမျှ မရှိပေ။ လူအချို့သည် ဈေးဝယ်ထွက်ခြင်းကဲ့သို့သော အလွန်အတွေ့ရများသည့် ပြုဖွယ်ဆောင်တာများတွင်ပင် လှည့်ဖြားသော အရာများကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ခေတ်အဆန်ဆုံး ဝတ်စုံကို ဝယ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့က ထိုအရာကို အလွန်နှစ်သက်သော်လည်း ဘုရားကျောင်းထဲတွင် မဝတ်ဆင်ရဲပေ။ အကြောင်းမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့အကြောင်းကို ပြောပြီး ၎င်းတို့ကို လေးနက်မှုမရှိဟု ပြောမည်စိုးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က အခြားလူများ၏ မမြင်ကွယ်ရာတွင်သာ ဝတ်ကြသည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုးဖြစ်သနည်း။ လှည့်စားသော လိမ်လည်သော စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်။ လူတစ်ယောက်က အဘယ်ကြောင့် ခေတ်ဆန်သော ဝတ်စုံတစ်ခုကို ဝယ်သော်လည်း ညီအစ်ကိုမောင်နှမများရှေ့တွင် မဝတ်ရဲသနည်း။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများကို နှစ်သက်သည်။ ဘာသာမဲ့များကဲ့သို့ ကမ္ဘာလောက၏ ရေပန်းစားသော အရာများနောက်သို့ လိုက်သည်။ ညီအစ်ကိုမောင်နှမများက သူ့အကြောင်းသိမည်ကိုလည်းကောင်း၊ သူမည်မျှ လေးနက်မှုမရှိကြောင်း မြင်မည်ကိုလည်းကောင်း၊ သူသည် လေးစားထိုက်သော၊ ဖြောင့်မတ်သောသူမဟုတ်ကြောင်း မြင်မည်ကိုလည်းကောင်း ကြောက်ရွံ့သည်။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများနောက်ကို လိုက်ပြီး ထိုအရာများကို စွန့်လွှတ်ဖို့အတွက် အခက်အခဲဖြစ်သည်။ ထို့ကြောင့် အိမ်တွင်သာ ဝတ်ဆင်နိုင်ပြီး ညီအစ်ကိုမောင်နှမများအား မြင်ခွင့်ပေးဖို့ စိုးရွံ့သည်။ သူနှစ်သက်သောအရာများကို လူမြင်မခံနိုင်လျှင် အဘယ်ကြောင့် ထိုအရာများကို သူ မစွန့်လွှတ်နိုင်သနည်း။ သူ့အား ထိန်းချုပ်နေသော စာတန်ဆန်သောစိတ်သဘောထားတစ်ခုမရှိသလော။ သူသည် စကားများနှင့် အယူဝါဒများကို စဉ်ဆက်မပြတ် ပြောဆိုပြီး သမ္မာတရားကို နားလည်သည့်ပုံစံရှိသည့်တိုင်အောင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်နေသော သူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် အစဉ်သဖြင့် အပြောနှင့် အလုပ်တွင် ဟန်ဆောင်နေလျှင်၊ အခြားလူများအား သူ၏ အရှိအတိုင်း မြင်ခွင့်မပြုလျှင်၊ အခြားလူများရှေ့တွင် ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်၏ ပုံရိပ်ဖြင့် အစဉ်ဟန်ဆောင်လျှင် ထိုသူနှင့် ဖာရိရှဲတို့ကြား၌ မည်သည့်ကွာခြားချက်ရှိသနည်း။ သူသည် မကောင်းသော မိန်းမတစ်ယောက်၏ ဘဝကို နေထိုင်လိုသည်။ သို့သော် သူ၏ ဗြဟ္မစရိယအကျင့်အတွက် တည်ဆောက်ထားသော အထိမ်းအမှတ်တစ်ခုလည်း ရှိလိုကြသည်။ သူသည် လူအများရှေ့တွင် သူ၏ ထူးခြားဆန်းပြားသော ဝတ်စုံအား ဝတ်၍မရသည်ကို ကောင်းစွာသိကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဝယ်သနည်း။ ငွေကို ဖြုန်းတီးခြင်းမဟုတ်လော။ ယင်းမှာ သူသည် ဤသို့သောအရာမျိုးကို နှစ်သက်ပြီး ထိုဝတ်စုံကို တမ်းတမ်းစွဲဖြစ်နေသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုဝတ်စုံကို ဝယ်မှဖြစ်မည်ဟု ခံစားမိသည်။ သို့သော် ဝယ်ပြီးသည်နှင့် အပြင်တွင် ဝတ်လို့မရပေ။ သုံးလေးနှစ်ကုန်သွားပြီးနောက်တွင် သူသည် ထိုဝတ်စုံကို ဝယ်မိသည်ကို နောင်တရပြီး “ငါသည် ထိုသို့ ပြုလုပ်ရသည်အထိ အဘယ်သို့ဖြစ်ပြီး အလွန်မိုက်မဲကာ အလွန်စက်ဆုပ်ဖွယ်ဖြစ်ခဲ့ရသနည်း” ဟူ၍ ရုတ်တရက် အသိတရားရသွားသည်။ သူပင်လျှင် မိမိလုပ်သည့်အရာကို စက်ဆုပ်မိသည်။ သို့သော် သူ၏ လုပ်ရပ်များကို မထိန်းချုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိနှစ်သက်ပြီး လိုက်စားသည့်အရာကို လက်မလွှတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် မိမိကိုယ်ကို ကျေနပ်စေရန်အတွက် မရိုးသားသည့် နည်းဗျူဟာများနှင့် လှည့်ကွက်ကို ခံယူကျင့်သုံးသည်။ သူသည် ဤသို့သော အသေးအဖွဲကိစ္စတွင် လှည့်စားသော စိတ်သဘောထားကို ဖွင့်ပြလျှင် ပို၍ကြီးမားသော အရာတစ်ခုနှင့်ပတ်သက်လာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ ဖြစ်နိုင်မည်မဟုတ်ပေ။ သိသာထင်ရှားစွာပင် လှည့်စားခြင်းသည် သူ၏ သဘာဝဖြစ်သည်။ လှည့်စားမှုသည် သူ၏ ပျော့ကွက်ဖြစ်သည်။ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ရှိသော ကလေးတစ်ယောက်က သူ၏ မိသားစုနှင့်အတူ ကောင်းသောအရာတစ်ခုကို တစ်ကြိမ်စားလိုက်သည်။ မည်သည့်အရာဖြစ်သည်ကို အခြားကလေးများက သူ့ကို မေးသောအခါ သူက မျက်တောင်ခတ်လိုက်ပြီး “ငါ မေ့သွားပြီ” ဟူ၍ ပြောသည်။ အမှန်တကယ်တွင် သူက အခြားကလေးများကို မပြောပြလိုခြင်းသာဖြစ်သည်။ သူ ယခုတင်စားသည့်အရာကို အမှန်တကယ် မေ့သွားနိုင်သလော။ ဤခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ကလေးသည် မုသားများပြောတတ်၏။ ဤသည်မှာ လူကြီးများက သူ့အား လုပ်ဆောင်ရန် သင်ပေးသောအရာတစ်ခုဖြစ်သလော။ သူ့အိမ်ပတ်ဝန်းကျင်၏ သက်ရောက်မှုတစ်ခု ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝဖြစ်သည်။ သူ၏ အမွေဖြစ်သည်။ လူသည် လှည့်စားသော စိတ်သဘောထားတစ်ခုနှင့်အတူ မွေးဖွားလာသည်။ အမှန်တကယ်တွင် ကလေးက ကောင်းသည့်အရာ မည်သည့်အရာကို စားပါစေ ဤသို့ပြုလုပ်ခြင်းမှာ သာမန်ပင်ဖြစ်သည်။ သူ၏ မိဘများက သူ့အတွက် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ တခြားတစ်ယောက်၏ အစားအစာကို သူ ခိုးယူခဲ့ခြင်း မဟုတ်ပေ။ ဤကလေးက ထိုသို့သော အခြေအနေမျိုးတွင်၊ လိမ်ညာပြောရန် လုံးဝ မလိုအပ်သောအချိန်တွင် လိမ်ညာပြောနိုင်လျှင် အခြားသောကိစ္စများတွင် ပို၍ပင် လိမ်နိုင်ခြေရှိသည်မဟုတ်လော။ ဤအရာက မည်သည့်ပြဿနာကို ပုံဆောင်ပြနေသနည်း။ ဤသည်မှာ သူ၏ သဘာဝနှင့်ပတ်သက်သည့် ပြဿနာမဟုတ်သလော။ ထိုကလေးက ယခုတွင် အရွယ်ရောက်နေပြီဖြစ်ပြီး လိမ်ညာခြင်းသည် သူ၏ သဘာဝဖြစ်လာသည်။ သူသည် အမှန်ပင် လှည့်စားသူတစ်ယောက်ဖြစ်သည်။ ဤအရာကို အလွန်ငယ်သော အသက်အရွယ်မှစ၍ သူ့ထံတွင် မြင်နိုင်သည်။ လှည့်စားသောသူများသည် အခြားလူများကို လိမ်ညာကာ လှည့်စားခြင်းမပြုဘဲ မနေနိုင်ပေ။ ၎င်းတို့၏ လိမ်ညာလှည့်စားမှုများသည် အချိန်မရွေး၊ နေရာမရွေး သူ့ဘာသာ ထင်ရှားနိုင်သည်။ ၎င်းတို့က ဤအရာများကို မည်သို့လုပ်ဆောင်ရမည်ကို သင်စရာမလိုပေ၊ သို့မဟုတ် ဤအရာများကို လုပ်ဆောင်ရန် လှုံ့ဆော်ပေးဖို့မလိုပေ။ ၎င်းတို့သည် ထိုသို့လုပ်ဆောင်နိုင်သော အရည်အချင်းဖြင့် မွေးဖွားလာကြသည်။ ဤကလေးသည် အလွန်ငယ်သောအသက်အရွယ်တွင် လူတို့ကို လှည့်စားရန်အတွက် မုသားများ ကြံဖန်ပြုလုပ်နိုင်လျှင် သူ၏ လိမ်ညာမှုသည် အမှန်ပင် တစ်ကြိမ်တစ်ခါသာဖြစ်သော ပြစ်မှားမှုဖြစ်နိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ ဤသည်မှာ သူသည် သဘောသဘာဝ အနှစ်သာရအရ လှည့်စားသောသူတစ်ယောက်ဖြစ်သည်ကို ပြသည်။ ဤသို့သော ရိုးရှင်းသောအရာတစ်ခုသည် ပိုင်းခြားသိမြင်ရန် လွယ်ကူသည် မဟုတ်လော။ လူတစ်ယောက်သည် ကလေးဘဝကတည်းက မုသားများကို ပြောနေခဲ့လျှင်လည်းကောင်း၊ မကြာခဏ လိမ်ညာလျှင်လည်းကောင်း၊ လိမ်လည်လှည့်စားရန်မလိုအပ်သည့် ရိုးရှင်းသော ကိစ္စများနှင့်ပင်ပတ်သက်ပြီး လူတို့ကို လိမ်လည်လှည့်စားလျှင်လည်းကောင်း၊ လိမ်ညာခြင်းက သူ၏ သဘာဝဖြစ်လာလျှင်လည်းကောင်း သူ့အတွက် ပြောင်းလဲရန် လွယ်ကူမည်မဟုတ်ပေ။ သူသည် အမှန်စင်စစ်ပင် လှည့်ဖြားတတ်သူဖြစ်သည်။ လှည့်ဖြားတတ်သောသူများသည် ကယ်တင်ခြင်းမခံရနိုင်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ အလားအလာ မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သန့်စင်ခြင်း၊ ပြောင်းလဲခြင်းခံရဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်သူများက ဤသို့မဟုတ်ပေ။ ၎င်းတို့သည် အစကတည်းက အတော်အတန် ဟန်ဆောင်မှုကင်းသည်။ ၎င်းတို့က လိမ်ညာမှု အနည်းငယ်ပြောလျှင် ရှက်၍ မျက်နှာနီရဲကာ အနေရခက်ဖို့ ဖြစ်နိုင်ခြေများသည်။ ထိုသို့သော သူတစ်ယောက်က ရိုးသားသူဖြစ်ရန် ပို၍ လွယ်ကူသည်။ သင်က ၎င်းတို့ကို လိမ်ရန်၊ ညာရန် ခိုင်းစေလျှင် ၎င်းတို့က ခက်ခဲသည်ဟု မြင်လိမ့်မည်။ ၎င်းတို့ အမှန်တကယ် လိမ်ညာသောအခါတွင် စကားများကို အကုန်ပြောမထွက်ဘဲ လူတိုင်းက ချက်ချင်း ရိပ်စားမိနိုင်သည်။ ဤသူတို့သည် အတော်အတန် ရိုးရှင်းသော သူများဖြစ်ပြီး၊ သမ္မာတရားကို လက်ခံနိုင်လျှင် ကယ်တင်ခြင်းကိုရရှိဖို့ ပို၍ ဖြစ်နိုင်ခြေများသည်။ ဤသို့သောသူမျိုးသည် အထူးအခြေအနေများအောက်တွင်၊ အခြားနည်းလမ်းမရှိတော့သောအချိန်များတွင်သာ လိမ်ညာကြသည်။ ယေဘုယျအားဖြင့် ၎င်းတို့သည် အမှန်တရားကို အမြဲ ပြောနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသရွေ့ နှစ်အနည်းငယ် အားစိုက်ထုတ်လျှင် ဤဖောက်ပြန်ပျက်စီးခြင်း လက္ခဏာကို ဖယ်ရှားနိုင်လိမ့်မည်။ ထို့နောက်တွင် ရိုးသားသူတစ်ယောက်ဖြစ်ရန် ၎င်းတို့အတွက် ခက်ခဲမည်မဟုတ်ပေ။
ရိုးသားသောသူများအတွက် ဘုရားသခင် သတ်မှတ်သည့် စံနှုန်းမှာ အဘယ်နည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဤဘုရားနှုတ်ကပတ်တော် အခန်းတွင်ရှိသော သတိပေးချက် သုံးချက်တွင် မည်သို့ ဖော်ပြပေးထားသနည်း။ (“ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်)) ဤနေရာတွင် အထူးအရေးကြီးသော စာကြောင်းတစ်ကြောင်းရှိသည်။ မည်သည့်စာကြောင်းဖြစ်သည်ကို သင်တို့ မြင်သလော။ (ဘုရားသခင်က ပြောသည်။ “အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။”) မှန်သည်။ ထိုသို့ဖြစ်သည်။ ဘုရားသခင်က “အကယ်၍ သင့်ထံတွင် ဝေမျှရန် သင် ဝန်လေးသည့် လျှို့ဝှက်ကိစ္စများစွာ ရှိပါက” ဟူ၍ ပြောသည်။ လူတို့သည် ၎င်းတို့ မပြောဆိုရဲသည့် အရာများစွာကို လုပ်ဆောင်ခဲ့ပြီး မကောင်းသည့် ဘက်ခြမ်းများစွာရှိကြသည်။ ၎င်းတို့၏ နေ့စဉ်လုပ်ရပ်များတွင် ဘုရားနှုတ်ကပတ်တော်နှင့် ညီသည့်အရာ လုံးဝမရှိသကဲ့သို့ ဇာတိပကတိကို ၎င်းတို့ ဆန့်ကျင်တွန်းလှန်ခြင်း မရှိကြပေ။ ၎င်းတို့ အလိုရှိသည့်အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ၎င်းတို့ ဝင်ရောက်ခြင်းမရှိ။ “သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” ဤနေရာတွင် ဘုရားသခင်က လူသားများအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြခဲ့သည်။ သင်သည် ဤနည်းဖြင့် လက်တွေ့မလုပ်ဆောင်ဘဲ ဆောင်ပုဒ်များ၊ အယူဝါဒများကိုသာ အော်ဟစ်လျှင် ကယ်တင်ခြင်းကို အလွယ်တကူ လက်ခံရရှိမည့်သူမဟုတ်ပေ။ ဤသည်မှာ အမှန်ပင် ကယ်တင်ခြင်းနှင့် ဆက်စပ်နေသည်။ ကယ်တင်ခံရခြင်းသည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အလွန်အရေးကြီးသည်။ ဘုရားသခင်သည် အခြားမည်သည့်နေရာတွင် “ကယ်တင်ခြင်းအား အလွယ်တကူ မရရှိခြင်း” ကို ထုတ်ပြောပြီးပြီနည်း။ အခြားတစ်နေရာရာတွင် ဘုရားသခင်သည် ကယ်တင်ခြင်းခံရရန် မည်မျှခက်ခဲသည်ဟု ရည်ညွှန်းခြင်း သိပ်မရှိပေ။ သို့သော် ရိုးသားခြင်းအကြောင်း ပြောသောအခါတွင်မူ ဤအရာကို ပြောဆိုသည်။ သင်သည် ရိုးသားသူတစ်ယောက်မဟုတ်လျှင် ကယ်တင်ရန် အလွန်ခက်ခဲသော သူတစ်ယောက်ဖြစ်သည်။ “ကယ်တင်ခြင်းအား အလွယ်တကူ မရရှိခြင်း” ဆိုသည်မှာ သမ္မာတရားကို သင်လက်မခံလျှင် သင့်အတွက် ကယ်တင်ခြင်းခံရရန် ခက်ခဲမည်ဟု ဆိုလိုသည်။ သင်သည် ကယ်တင်ခြင်းဆီသို့ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင့်အတွက် ကယ်တင်ခြင်းခံရရန် ဖြစ်နိုင်လိမ့်မည်မဟုတ်။ ဘုရားသခင်က လူတို့အား ပြောင်းသာပြင်သာ အခြေအနေအချို့ပေးရန်အတွက် ဤစကားအသုံးအနှုန်းကို အသုံးပြုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ကယ်တင်ခြင်းခံရရန် မလွယ်ကူပေ။ သို့သော် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်လျှင် သင့်တွင် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ရှိသည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ယင်း၏ ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့မလုပ်ဆောင်သကဲ့သို့သင်၏ လျှို့ဝှက်ချက်များ၊ အခက်အခဲများကို မည်သည့်အခါမျှ ပိုင်းခြားစိစစ်ခြင်းမရှိဘဲ အခြားလူများကို မိတ်သဟာယဖွဲ့ရာတွင် မည်သည့်အခါမျှ သင့်ကိုယ်သင် ဖွင့်ချမပြလျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးမှု၊ ဆိုးရွားသော အားနည်းချက်များကို ၎င်းတို့နှင့် မိတ်သဟာယပြုခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ထုတ်ဖော်ပြခြင်းမရှိလျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ဤနည်းဖြင့် သင့်ကိုယ်သင် ဖွင့်ချမပြလျှင်၊ သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမပြုလျှင် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် မုန်းတီးမည်မဟုတ်ပေ။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ သင်သည် မပြောင်းလဲနိုင်လျှင် ကယ်တင်ခြင်းခံရခြင်းအကြောင်းကိုပင် အဘယ်သို့ စဉ်းစားနိုင်မည်နည်း။ ဘုရားနှုတ်ကပတ်တော်က ဤအရာကို ရှင်းလင်းစွာပြသပြီး ဤနှုတ်ကပတ်တော်များက ဘုရားရည်ရွယ်ချက်ကို ထင်ရှားစေသည်။ ဘုရားသခင်က လူတို့ကို ရိုးသားသင့်သည်ဟု အဘယ်ကြောင့် အစဉ် အလေးပေးပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးသားခြင်းသည် အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။ ယင်းသည် လူတစ်ယောက်က ဘုရားသခင်အား နာခံနိုင်ခြင်းရှိမရှိ၊ ကယ်တင်ခြင်းရရှိနိုင်ခြင်းရှိမရှိနှင့် တိုက်ရိုက်သက်ဆိုင်သည်။ လူအချို့က “ငါသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်။ မကြာခဏ စိတ်ဆိုးပြီး ဖောက်ပြန်ပျက်စီးမှုကို ပြသည်” ဟု ပြောသည်။ အခြားလူများက “ငါသည် အလွန် ပေါ့တန်ပြီး စိတ်ကြီးဝင်သည်။ လူတို့က ငါ့ကို မြှောက်ပင့်ပြောသောအခါ ငါ နှစ်သက်သည်” ဟု ဆိုသည်။ ဤအရာများအားလုံးသည် လူတို့အတွက် အပြင်ပန်းမှ မြင်နိုင်သောအရာများဖြစ်ပြီး အကြီးစားပြဿနာများမဟုတ်ပေ။ ဤအရာများအကြောင်းကို ဆက်၍ ပြောမနေသင့်ပေ။ သင်၏ စိတ်သဘောထား၊ သို့မဟုတ် စရိုက်လက္ခဏာက မည်သို့ရှိသည်ဖြစ်စေ သင်သည် ဘုရားသခင် သတ်မှတ်သည့်အတိုင်း ရိုးသားသူတစ်ယောက်ဖြစ်နိုင်သရွေ့ ကယ်တင်ခြင်းခံရနိုင်သည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ထင်သနည်း။ ရိုးသားရန် အရေးကြီးသလော။ ဤသည်မှာ အရေးကြီးဆုံးသောအရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်အခန်းဖြစ်သော သတိပေးချက် သုံးချက်တွင် ရိုးသားခြင်းအကြောင်းကို ပြောခြင်းဖြစ်သည်။ အခြားအခန်းများတွင် ယုံကြည်သူများသည် ပုံမှန်ဝိညာဉ်ရေး အသက်တာနှင့် သင့်တင့်လျောက်ပတ်သော အသင်းတော်အသက်တာရှိသင့်သည်ဟု ဘုရားသခင်က ကြိမ်ဖန်များစွာ ပြောဆိုထားပြီး ယုံကြည်သူများသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်ကို သူ ဖော်ပြသည်။ ဤကိစ္စများနှင့်ပတ်သက်သည့် သူ၏ နှုတ်ကပတ်တော်များမှာ အကြမ်းဖျင်းဖြစ်သည်။ အလွန်တိကျစွာ၊ သို့မဟုတ် အလွန်အသေးစိတ်ကျစွာ ဆွေးနွေးထားခြင်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ရိုးသားခြင်းအကြောင်းပြောသောအခါ လူတို့လိုက်လျှောက်ရမည့်လမ်းကြောင်းကို သူ ညွှန်ပြသည်။ လူတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဘုရားသခင်က ပြောပြသည်။ ပြီးလျှင် လုံလုံလောက်လောက်ဖြင့် အသေးစိတ်ကျစွာ၊ ရှင်းလင်းစွာ ပြောဆိုသည်။ ဘုရားသခင်က ပြောသည်။ “အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ။” ရိုးသားခြင်းသည် ကယ်တင်ခြင်းရရှိခြင်းနှင့် ဆက်စပ်နေသည်။ ဤသို့ဆိုလျှင် သင်တို့ အဘယ်သို့ ထင်သနည်း။ ဘုရားသခင်က အဘယ်ကြောင့် လူတို့အား ရိုးသားရန် တောင်းဆိုသနည်း။ ဤသည်မှာ လူသား၏ ကျင့်ကြုံပြုမူခြင်းနှင့်ဆိုင်သော သမ္မာတရားနှင့်ပတ်သက်သည်။ ဘုရားသခင်က ရိုးသားသောသူများကို ကယ်တင်သည်။ သူ၏ နိုင်ငံတော်အတွက် သူအလိုရှိသောသူများမှာ ရိုးသားသောသူများဖြစ်သည်။ သင်သည် လိမ်ညာ၊ လှည့်စားမှုများကို လုပ်ဆောင်နိုင်စွမ်းရှိလျှင် လှည့်ဖြား၊ ကောက်ကျစ်ပြီး မသိမသာ ဒုက္ခပေးသောသူတစ်ယောက်ဖြစ်သည်။ ရိုးသားသောသူတစ်ယောက်မဟုတ်ပေ။ ရိုးသားသူတစ်ယောက်မဟုတ်လျှင် ဘုရားသခင်က သင့်အား ကယ်တင်မည့် အခွင့်အရေးမရှိသကဲ့သို့ သင်သည်လည်း ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ သင်က ယခုတွင် အလွန်ဘာသာတရားကိုင်းရှိုင်းကြောင်း၊ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းမရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် အဖိုးအခပေးဆပ်နိုင်ကြောင်း သို့မဟုတ် ဧဝံဂေလိ ဖြန့်ဝေနိုင်ပြီး လူများစွာကို ပြောင်းလဲစေနိုင်ကြောင်း သင် ပြောသည်။ သို့သော် သင်သည် မရိုးသားပေ။ လှည့်ဖြားဆဲဖြစ်ပြီး လုံးဝ မပြောင်းလဲပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မခံရနိုင်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရရန်အတွက် ရှေးဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ ရိုးသားရမည်ဆိုသည်ကို ဤဘုရားနှုတ်ကပတ်တော်များက လူတိုင်းအား သတိပေးသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖွင့်ဟရမည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှု၊ ရည်ရွယ်ချက်များ၊ လျှို့ဝှက်ချက်များကို ချပြရမည်ဖြစ်ပြီး အလင်း၏ လမ်းခရီးကို ရှာဖွေရမည်။ “အလင်း၏ လမ်းခရီးကို ရှာခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အတွက် သမ္မာတရားအား ရှာဖွေခြင်းကို ဆိုလိုသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှု၊ သင်၏ လုပ်ရပ်များနောက်ကွယ်ရှိ ပန်းတိုင်များ၊ ရည်ရွယ်ချက်များကို ချပြသောအခါ သင့်ကိုယ်သင်လည်း ပိုင်းခြားစိစစ်သည်။ ထို့နောက်တွင် သင်က “အဘယ်ကြောင့် ထိုအရာကို ငါလုပ်ခဲ့သနည်း။ ဤတွင် ဘုရားနှုတ်ကပတ်တော် အခြေပြုချက်ရှိသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ငါသည် သိလျက်နှင့် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ဘုရားသခင်အား လှည့်ဖြားနေခြင်းဖြစ်သလော။ ငါသည် ဘုရားသခင်ကို လှည့်ဖြားနေခြင်းဖြစ်လျှင် ဤအရာကို မလုပ်သင့်ပေ။ ဘုရားသခင်က သတ်မှတ်ထားသည့်အရာ၊ ဘုရားသခင် ပြောသည့်အရာကို ငါ ကြည့်သင့်ပြီး သမ္မာတရား စည်းမျဉ်းများက အဘယ်သို့ရှိသည်ကို သိအောင်လုပ်ရမည်” ဟူ၍ ရှာဖွေသည်။ ဤသည်မှာ သမ္မာတရားအား ရှာဖွေခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ အလင်းထဲတွင် လျှောက်လှမ်းခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူတို့သည် ဤအရာကို ပုံမှန် လက်တွေ့လုပ်ဆောင်နိုင်သောအခါ ၎င်းတို့သည် အမှန်တကယ် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။