မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည် (အပိုင်း တစ်)
သင်တို့သည် ယနေ့ မည်သည့်စမ်းသပ်မှုများကို ကြံ့ကြံ့ခံနိုင်သနည်း။ သင်တို့၌ အခြေခံအုတ်မြစ်တစ်ခုရှိသည်ဟု ဆိုဝံ့သလော၊ စုံစမ်းသွေးဆောင်ခြင်းများကိုရင်ဆိုင်ရသောအခါ ခိုင်မာစွာ ရပ်တည်နိုင်စွမ်းရှိသလော။ ဥပမာအားဖြင့် စာတန်၏ လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းဟူသော စုံစမ်းသွေးဆောင်ခြင်းများ၊ သို့မဟုတ် အဆင့်အတန်းနှင့် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ၊ အိမ်ထောင်ရေး သို့မဟုတ် စည်းစိမ်ချမ်းသာဆိုင်ရာစသည့် ဤစုံစမ်းသွေးဆောင်ခြင်းများကို သင်တို့ အောင်မြင်ကျော်လွှားနိုင်စွမ်း ရှိသလော။ (ကျွန်ုပ်တို့သည် ယင်းတို့ထဲမှအချို့ကို အနည်းနှင့်အများဆိုသလို အောင်မြင်ကျော်လွှားနိုင်ပါသည်။) စုံစမ်းသွေးဆောင်ခြင်းဆိုင်ရာအဆင့် မည်မျှရှိသနည်း။ ထို့အပြင် မည်သည့်အဆင့်ကို သင်တို့ ကျော်လွှားနိုင်သနည်း။ ဥပမာ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် လူတစ်ဦးအဖမ်းခံရကြောင်း သင်ကြားရသောအခါ ကြောက်ချင်မှကြောက်မည်၊ ထို့အပြင် အခြားသူများ အဖမ်းခံရပြီး နှိပ်စက်ခြင်းခံရသည်ကို သင်တွေ့ရသောအခါ ကြောက်ကောင်းကြောက်မည် မဟုတ်၊ သို့သော် သင် အဖမ်းခံရသည့်အခါ၊ ဤသို့သောအခြေအနေမျိုးထဲ ကိုယ်တိုင် ရောက်သွားသည့်အခါ သင်ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ ယင်းက ကြီးမားသော စုံစမ်းသွေးဆောင်ခြင်းတစ်ခုပင် မဟုတ်သလော။ ဥပမာ ဘုရားသခင်၌ ယုံကြည်ခြင်း အားကြီးသောသူ၊ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်အတွက် မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ပြီး အခက်အခဲများစွာ ခံစားခဲ့ရသောသူ၊ အတော်ပင်ကောင်းမွန်သော လူ့သဘာဝကို ပိုင်ဆိုင်သည့် လူတစ်ဦးကို သင်သိသည်။ ထိုသူသည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အဖမ်းခံရကာ ထောင်ချခံရပြီးနောက်ပိုင်းတွင် အသေရိုက်ခြင်းခံရကြောင်း သင်ကြားသိရသည့် နေ့တစ်နေ့မျိုး ရုတ်တရက် ရောက်လာသည်ဆိုပါစို့။ ယင်းက သင့်အား စုံစမ်းသွေးဆောင်ခြင်းတစ်ခု ဟုတ်သလော။ ယင်းက သင့်အပေါ်ကျရောက်ခဲ့သည်ဆိုလျှင် သင် မည်သို့တုံ့ပြန်မည်နည်း။ ယင်းကို သင် မည်ကဲ့သို့ ရင်ဆိုင်တွေ့ကြုံရမည်နည်း။ သမ္မာတရားကို သင်ရှာဖွေမည်လော။ သင် မည်ကဲ့သို့ ရှာဖွေမည်နည်း။ ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းကြုံရစဉ် သင့်ကိုယ်သင် မည်သို့ကြံ့ကြံ့ခံစေကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီး ယင်းမှ သမ္မာတရားကို ရရှိစေမည်နည်း။ ထိုသို့သော အမှုအရာများကို သင်ဆင်ခြင်သုံးသပ်ဖူးသလော။ ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှားရန် လွယ်ကူသလော။ ယင်းတို့မှာ သာမန်ထက် ထူးကဲသော အရာမျိုးလော။ ထူးခြားပြီး လူ့အယူအဆများ၊ စိတ်ကူးများနှင့် ဆန့်ကျင်သော အမှုအရာများကို မည်သို့ရင်ဆိုင်တွေ့ကြုံသင့်သနည်း။ သင်၌ လမ်းကြောင်း မရှိလျှင် ညည်းညူနိုင်ခြေရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေပြီး ပြဿနာများ၏ အနှစ်သာရကို တွေ့မြင်နိုင်မည်လော။ လက်တွေ့ကျင့်သုံးရမည့် သင့်လျော်သော စည်းမျဉ်းများကို ချမှတ်ရန်အတွက် သမ္မာတရားကို သင် အသုံးချနိုင်မည်လော။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတို့၌ တွေ့ရသင့်သောအရာ မဟုတ်လော။ ဘုရားသခင်၏အလုပ်ကို သင် မည်သို့သိနိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်း၊ သန့်စင်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့၏ အသီးအပွင့်များကို ရရှိရန်အတွက် သင်သည် မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့၏ မရေမတွက်နိုင်သော အယူအဆများနှင့် မကျေနပ်ချက်များကို ဖြေရှင်းပေးရန်အတွက် မည်သည့်သမ္မာတရားများကို နားလည်သင့်သနည်း။ အမျိုးမျိုးသော စမ်းသပ်မှုများကြား သင့်ကို မြဲမြံစွာ ရပ်တည်ခွင့်ပေးမည့် သမ္မာတရားများ၊ သင့်ကိုယ်သင် ပြင်ဆင်ထားသင့်သည့် အသုံးဝင်ဆုံးသော သမ္မာတရားများမှာ အဘယ်နည်း။ ယခုအချိန်၌ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အဘယ်မျှ ကြီးမားသနည်း။ စုံစမ်းသွေးဆောင်ခြင်းများ၏ မည်သည့်အတိုင်းအတာကို သင်ကျော်လွှားနိုင်သနည်း။ ထင်မြင်ချက်တစ်စုံတစ်ရာ ရှိသလော။ မရှိလျှင် ယင်းက စဉ်းစားစရာဖြစ်သည်။ သင်တို့သည် “ယင်းတို့ထဲမှအချို့ကို အနည်းနှင့်အများဆိုသလို အောင်မြင်ကျော်လွှားနိုင်ပါသည်” ဟု ယခုတင် ဆိုခဲ့ကြသည်။ ဤသည်တို့သည် မရေရာသော စကားများဖြစ်သည်။ သင်တို့၌ရှိသည့် ဝိညာဉ်ရင့်ကျက်မှုအမျိုးအစား၊ မည်သည့် သမ္မာတရားများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မည်သည့် စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှားနိုင်ကြောင်း၊ မည်သည့် စမ်းသပ်မှုများကို လက်ခံနိုင်ကြောင်းနှင့် မည်သည့် စမ်းသပ်မှုများအတွင်း မည်သည့် သမ္မာတရားများ၊ ဘုရားသခင်အမှုနှင့်ပတ်သက်၍ မည်သည့် အသိပညာကို သင်တို့ ပိုင်ဆိုင်သင့်ကြောင်းနှင့် ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်ကြောင်းကို သင်တို့ ရှင်းလင်းရမည်။ ဤအရာအားလုံးနှင့် ပတ်သက်၍ ကောင်းမွန်သော ထင်မြင်ချက်တစ်ခု ရှိရမည်ဖြစ်သည်။ သင်၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသည့် အရာတစ်ခုကို ကြုံတွေ့ရသောအခါ ယင်းကို သင် မည်သို့ ရင်ဆိုင်တွေ့ကြုံမည်နည်း။ ထိုသို့သော ကိစ္စများတွင် မိမိ၏ အယူအဆများကို ဖြေရှင်းရုံသာမကဘဲ ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော သိနားလည်မှုကိုပါ ရရှိစေရန်အတွက် မိမိကိုယ်ကို သမ္မာတရားနှင့်မည်သို့ ပြင်ဆင်သင့်ကြောင်းနှင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများဖြင့် ပြင်ဆင်သင့်ကြောင်းတို့သည် သင်ရှာဖွေသင့်သည့်အရာ ဖြစ်သည်မဟုတ်လော။ မည်သည့် စုံစမ်းသွေးဆောင်ခြင်းကို သင်တို့ ပုံမှန်အားဖြင့် ရင်ဆိုင်တွေ့ကြုံကြသနည်း။ (အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ငွေကြေး၊ အမျိုးသားနှင့် အမျိုးသမီးအကြား ဆက်ဆံရေးတို့ ဖြစ်သည်။) အခြေခံအားဖြင့် ဤအရာများမှာ သာမန်ဖြစ်သည်။ ထို့ပြင် ယနေ့ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ပတ်သက်၍ သင်တို့သည် မည်သည့် စုံစမ်းသွေးဆောင်ခြင်းများထဲ၌ မိမိကိုယ်ကို ထိန်းသိမ်းပြီး ခိုင်မာစွာ ရပ်တည်နိုင်သနည်း။ ဤစုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှားနိုင်ခြင်းဟူသော စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှု သင်တို့ ပိုင်ဆိုင်သလော။ သင်တို့သည် မိမိတာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး သမ္မာတရားကို ဖောက်ဖျက်သော၊ သို့မဟုတ် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော၊ သို့မဟုတ် ဖီဆန်ပြီး ပုန်ကန်တတ်သော၊ သို့မဟုတ် ဘုရားသခင်အား ဝမ်းနည်းစေသော မည်သည့်အရာကိုမျှ မလုပ်ဟူ၍ အမှန်တကယ် အာမခံနိုင်သလော။ (မခံနိုင်ပါ။) ထို့ကြောင့် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင် ဘာလုပ်ရမည်နည်း။ တစ်ခုမှာ သင့်လုပ်ဆောင်ချက်များက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရန်၊ သင်၏ လုပ်ဆောင်ချက်များက ဝတ်ကျေတမ်းကျေ ဟုတ်မဟုတ် ကြည့်ရန်၊ ပုန်ကန်သော၊ သို့မဟုတ် ခုခံသော အရိပ်အယောင်များ ရှိမရှိ ကြည့်ရန်အတွက် အရာခပ်သိမ်း၌ သင့်ကိုယ်သင် ဆန်းစစ်ရမည်။ အကယ်၍ ရှိပါက ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ထို့အပြင် အကယ်၍ သင့်အကြောင်းကို သင်ကိုယ်တိုင်မသိသော အရာများရှိလျှင် ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ပြုပြင်ခြင်းခံရပါက ယင်းကို သင်လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ လူတို့သည် အဖြစ်မှန်များနှင့်အညီ စကားပြောနေသရွေ့ သူတို့ကို ငြင်းခုံပြီး တစ်ပတ်ရိုက်ခြင်း လုံးဝလုပ်၍မရပေ။ ထိုအခါမှသာ သင့်ကိုယ်သင် သိမြင်လာပြီး အမှန်တကယ် နောင်တရနိုင်မည် ဖြစ်သည်။ လူတို့သည် အမှုအရာတို့၏ ဤရှုထောင့်နှစ်ခုနှင့် သက်ဆိုင်သော သတ်မှတ်ချက်များကို ရရှိပြီး စစ်မှန်သော ဝင်ရောက်ခြင်းရှိလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် သမ္မာတရားအား သိနားလည်ခြင်းကို ရရှိပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည့်အပြင် သူတို့၏ တာဝန်ကို လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်ဖြစ်သည်။
လူအချို့က “များသောအားဖြင့် ကျွန်ုပ်အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကို မသိသည့်အပြင်၊ ရှာဖွေသောအခါ၌လည်း အဖြေရှာမတွေ့ပါ။ ဆုတောင်း၊ ရှာဖွေပြီး စောင့်ဆိုင်းခဲ့ပြီးသော်လည်း အကျိုးသက်ရောက်မှု မရှိပါ။ ဘာလုပ်ရမည်ကို မသိတော့ပါ။ ဤအရာကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာတွေ့လိုသော်လည်း နှုတ်ကပတ်တော် များစွာရှိသည်၊ မည်သည့်အပိုင်းကို ဖတ်ရှုခြင်းက အပ်စပ်ပြီး ဤပြဿနာအား ဖြေရှင်းနိုင်မည်ကို မသိပါ” ဟု ပြောတတ်ကြသည်။ ထိုအခါ သူတို့ ဘာလုပ်သင့်သနည်း။ ဤအရာအတွက် အနိမ့်ဆုံးစံနှုန်းတစ်ခု ရှိ၏။ သင့်အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး ဘာလုပ်ရမည်ကို သင်မသိသောအခါ သင်ပြုလုပ်သင့်သော တကယ့်အခြေခံမှာ သင်၏အသိတရားအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်သည်၊ ယင်းက မှီခိုအားထားရမည့် အဓိကစည်းမျဉ်း ဖြစ်သည်၊ အထက်ပါ အခြားအရာများအားလုံးထက် လိုက်နာသင့်သော အခြေခံစည်းမျဉ်းတစ်ခုဖြစ်ပြီး ယင်းက လက်တွေ့ကျင့်သုံးမှု အခြေခံသဘောတရားတစ်ခုလည်း ဖြစ်သည်။ သို့ဖြစ်၍ အသိတရားသည် လူတစ်ဦးစီ၌ အဘယ်မျှသော အသာစီးရသည့် အနေအထားတစ်ခု ရှိသနည်း။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်သည့်အခါ၊ သူ၏အသိတရားက မည်မျှကြီးမားသော အခန်းကဏ္ဍကို ဆောင်ရွက်နိုင်သည်ဆိုသည်မှာ သူ၏လူ့သဘာဝက မည်သည့်အရာနှင့်တူသည် ဆိုသည့်အပေါ် မူတည်၏။ ဤလူသည် သမ္မာတရားကို နားမလည်သကဲ့သို့ သူ၏အသိတရားအတိုင်း မပြုမူပါက၊ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားမှုပြသည့် သူ့လုပ်ရပ်များ၏ သွင်ပြင်လက္ခဏာတစ်ခုတလေကိုမျှ သင်မမြင်ရသည့်အပြင် သူ့အထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး တစ်ခုကိုမျှ သင်မမြင်ရပါက၊ ဤအရာများတစ်ခုမျှ သင်မမြင်ရပါက ဤလူကို အသိတရားနှင့် လူ့သဘာဝ ပိုင်ဆိုင်သည့်လူအဖြစ် မှတ်ယူ၍ ရနိုင်သလော။ (မရနိုင်ပေ။) ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤလူစားမျိုးကို လူ့သဘာဝမရှိသော တစ်စုံတစ်ဦးအဖြစ် အတိအကျ သတ်မှတ်ထားပေသည်။ သူသည် လူသားအပြုအမူအတွက် အခြေခံစည်းမျဉ်းကို ကျော်လွန်လျက် အမှုအရာများကို ဆင်ခြင်တုံတရားအား အခြေခံ၍ မလုပ်ဆောင်သကဲ့သို့ အသိတရားအတိုင်းလည်း မလုပ်ပေ။ လူအချို့သည် သမ္မာတရားများစွာကို နားမလည်ကြပေ။ ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် စည်းမျဉ်းများကို နားမလည်ကြပေ။ ပြဿနာများကို ကြုံတွေ့သောအခါ ကိုင်တွယ်ရန် မှန်ကန်သည့်နည်းလမ်းကို မသိကြပေ။ သူတို့သည် ဤအခြေအနေတွင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အနိမ့်ဆုံးသော စံနှုန်းမှာ အသိတရားနှင့်အညီ လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အခြေခံဖြစ်သည်။ သင်သည် အသိတရားနှင့်အညီ မည်သို့ လုပ်ဆောင်မည်နည်း။ အထူးသဖြင့် သင်ပြုမူသောအခါ၌ စစ်မှန်သော စိတ်နှလုံးကို အားကိုး၍ ပြုမူဆောင်ရွက်ရမည်၊ ဘုရားသခင်၏ ကြင်နာမှုနှင့် ထိုက်တန်ရမည်။ ဘုရားသခင်က သင့်ကို ဤအသက်ကိုပေးအပ်ခဲ့ခြင်းနှင့်၊ ကယ်တင်ခြင်းရရှိရန်အတွက် ဤဘုရားသခင်ပေးသော အခွင့်အရေးနှင့် ထိုက်တန်ရမည်။ ဤသည်မှာ သင်၏ အသိစိတ်၏ သက်ရောက်မှုဖြစ်သလော။ သင်သည် စံနှုန်းများထဲမှ ဤမရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးစံနှုန်းကို ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ကွယ်ကာခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ ကြီးကျယ်သော အမှားများကို ကျူးလွန်မည်မဟုတ်ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို ပုန်ကန်ရန်၊ သို့မဟုတ် သင်၏တာဝန်များကို အချောင်ခိုရန် အမှုအရာများကို အလွန်လွယ်ကူစွာ လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့်ပြုမူဖို့ သိပ်အလားအလာရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အနာဂတ်တို့အတွက် အလွန် ကြံစည်တတ်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသိတရားက ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ၎င်းတို့ စဉ်းစားကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ပထမဦးဆုံးသော စဉ်းစားဆင်ခြင်မှုမှာ၊ “ဤအရာကို ကျွန်ုပ် လုပ်လျှင် ဘုရားသခင် သိလိမ့်မည်လော။ ယင်းသည် အခြားလူတို့အဖို့ မြင်သာပါသလော။ ဤအားထုတ်မှုအားလုံးကို ကျွန်ုပ် အသုံးပြုပြီး ဝီရိယရှိရှိ အလုပ်လုပ်သည်ကို အခြားလူတို့ မမြင်ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်ကလည်း မမြင်ပါက၊ ဤအရာအတွက် ထိုသို့သော အားထုတ်မှုကို ကျွန်ုပ် အသုံးပြုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံခြင်းသည် အသုံးမဝင်ပေ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော။ ယင်းသည် ယုတ်ညံ့သည့် အကြံမျိုးလည်း ဖြစ်ပေသည်။ ၎င်းတို့သည် ဤနည်းဖြင့် တွေးတောပြီး လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ အသိစိတ်သည် အခန်းကဏ္ဍ တစ်ခုတလေ၌ ပါဝင်သလော။ ဤအရာတွင် ၎င်းတို့သည် လိပ်ပြာမလုံခြင်း ခံစားရသလော။ မခံစားရပေ၊ ၎င်းတို့၏ အသိစိတ်သည် မည်သည့် အခန်းကဏ္ဍမျှ ပါဝင်ဆောင်ရွက်ခြင်း မရှိဘဲ လိပ်ပြာမလုံခြင်းလည်း မခံစားရပေ။ ၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ ချက်ချင်း မတိုင်ကြားကြပေ။ လူများက အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ဆိုးယုတ်သော လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ကြသကဲ့သို့၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုလည်း မထည့်တွက်ကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ပြီး သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် အရာများအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံရန်သာ အလိုရှိကြလေသည်။ ထိုသို့သော လူတစ်ဦး၏ လုပ်ရပ်များနှင့် အကြံများသည် အယောက်တိုင်းဖို့ သိသာ ထင်ရှားပေသည်။ ၎င်းတို့သည် မိမိမျက်နှာကိုပြရန် သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခုခု မွေ့လျော်ခံစားရန် အခွင့်အရေး ရှိသည့်အခါတိုင်း ထွက်ပေါ်လာကြလေသည်။ သို့သော်၊ မိမိမျက်နှာကိုပြရန် အခွင့်အရေး မရှိသည့်အခါ သို့မဟုတ် ဆင်းရဲဒုက္ခ အချိန်ကာလတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ လိပ်တစ်ကောင်က မိမိခေါင်းကို ပြန်သွင်းသကဲ့သို့၊ မြင်ကွင်းမှ ကွယ်ပျောက်သွားကြလေသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ (မရှိပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤကဲ့သို့သောလူတို့သည် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်မရှိပေ။ ဤလူသားမျိုး၏ အသိစိတ်သည် မည်သည့်အကျိုးအတွက်မျှ အသုံးမတည့်ပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ခြင်းကို လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။
သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် စည်းမျဉ်းနှင့်ညီပြီး ယင်း၌ ကြိုတင်ပြဋ္ဌာန်းချက်များ ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ပုံမှန်အားဖြင့် မည်ကဲ့သို့သော လူပုဂ္ဂိုလ်မျိုးအပေါ် သူ၏အမှုကိုပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန်အတွက် လူတစ်ဦးသည် မည်သည့် ကြိုတင်ပြဋ္ဌာန်းချက်များကို ဖြည့်ဆည်းရမည်နည်း။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန်အတွက် အနည်းဆုံးအနေဖြင့် သူတို့ ပိုင်ဆိုင်ထားရမည့် အရာကို နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သူတို့သည် အသိတရားနှင့် ရိုးသားသော စိတ်နှလုံးသားကို ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး သူတို့၏ အသိတရား၌ ရိုးသားမှုလက္ခဏာတစ်ခု ရှိရမည်။ သင်၏ စိတ်နှလုံးသည် ရိုးသားပြီး ဘုရားသခင်၏ အတွင်းကျကျ စစ်ဆေးခြင်းကို လက်ခံရမည်။ ဘုရားသခင်၏ အတွင်းကျကျ စစ်ဆေးခြင်းကို လက်မခံရဲသောသူတို့သည် ရိုးသားသောလူများ မဟုတ်သည့်အပြင် သူတို့သည် ဘုရားသခင်ကို စိတ်ရင်းအတိုင်း မယုံကြည်ကြပေ။ ဘုရားသခင်က လူတို့၏ အတွင်းကျဆုံး နှလုံးသားကို စစ်ဆေးကာ အရာအားလုံးကို စောင့်ကြည့်လေ့လာပြီး ဘုရားသခင်က စိတ်နှလုံးကို မြင်စဉ်တွင် လူက အပြင်ပန်းကိုသာ မြင်သည်ဟု လူတို့ အမြဲတမ်းပြောကြသော်လည်း လူတို့က ဘုရားသခင်၏ အတွင်းကျကျစစ်ဆေးခြင်းကို အဘယ့်ကြောင့် လက်မခံနိုင်ရသနည်း။ အဘယ့်ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ့အား ကျိုးနွံနာခံခြင်း မရှိနိုင်ရသနည်း။ ဖြေရှင်းချက်မှာ လူတို့သည် စကားများနှင့် သြဝါဒများကိုသာ နားလည်ပြီး သမ္မာတရားကို မချစ်ကြခြင်းဖြစ်သည်။ လူအချို့က သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဘယ့်ကြောင့် ရရှိနိုင်စွမ်း လုံးဝ မရှိနိုင်ဘဲ၊ မည်သည့်ပျော်ရွှင်မှု၊ သို့မဟုတ် ငြိမ်သက်ခြင်းမျှ မရှိဘဲ အဘယ့်ကြောင့် အပျက်သဘောနှင့် စိတ်ဓာတ်ကျသော အခြေအနေ၌ အမြဲရှိနေရသနည်း။ ထိုသူတို့၏ အခြေအနေများကို သေချာစွာ ဆန်းစစ်ကြည့်ပါက သူတို့သည် အများအားဖြင့် မိမိ၏ အသိတရားကို သတိမူမိခြင်းမရှိ၊ ရိုးသားသော နှလုံးသားမရှိ၊ အစွမ်းအစ နိမ့်ပါးပြီးလျှင် သူတို့သည် သမ္မာတရားဆီသို့ ရောက်အောင် ကြိုးပမ်းအားထုတ်ခြင်း မရှိကြ၊ ထို့ကြောင့် သူတို့၏ အခြေအနေက ပုံမှန်ဖြစ်နိုင်ခဲလှသည်။ သမ္မာတရားကို ချစ်သောသူတို့မှာမူ ခြားနားလေသည်။ သူတို့သည် သမ္မာတရားလိုက်စားရာတွင် အမြဲ ကြိုးပမ်းအားထုတ်ကြကာ သမ္မာတရား၏ အစိတ်အပိုင်းများကို သူတို့နားလည်သည်နှင့်အမျှ သူတို့၏ အခြေအနေမှာ တိုးတက်သည့်အပြင် သမ္မာတရား၏ အစိတ်အပိုင်းများကို သူတို့ နားလည်သည်နှင့်အမျှ သူတို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိကြသည်၊ ထို့ကြောင့် သူတို့၏ အခြေအနေက အစဉ်အတိုင်း တိုးတက်ပြီး ပို၍ပင် ပုံမှန်ဖြစ်လာကြသည်။ သူတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်စေကာမူ သူတို့သည် အပျက်သဘောဆောင်ခဲလှပြီး ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နိုင်ကြသည်။ သူတို့သည် အတွေ့အကြုံဆိုင်ရာ အချိန်ကာလတစ်ခုခုတစ်လျှောက်၌ တိုးတက်မှုများနှင့် အသိပညာကို အမြဲရရှိပြီး မိမိ၏တာဝန်ကို လုပ်ဆောင်ရာ၌ အောင်မြင်မှုများကို အမြဲရရှိကြသည်။ သူတို့သည် ဧဝံဂေလိတရားကို ဖြန့်ဝေရာ၌ လူတို့ကို ယုံကြည်လက်ခံအောင် စည်းရုံးနိုင်စွမ်း ရှိကြပြီး မိမိတို့၏တာဝန်က မည်သည့်အရာဖြစ်စေ ယင်းကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ကြသည်။ ဤတိုးတက်မှုများမှာ အဘယ်ကလာသနည်း။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မကြာခဏ ဖတ်ရှုခြင်းနှင့် ဉာဏ်ပွင့်ခြင်း၊ အလင်းရခြင်းနှင့် သမ္မာတရားအား သိနားလည်မှုကို ရရှိခြင်းတို့အားဖြင့် စွမ်းဆောင်ရရှိထားသော ရလဒ်များ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ရရှိထားသော ရလဒ်များပင် ဖြစ်သည်။ သင်သည် ရိုးသားသောနှလုံးသား၊ လူသားမျိုးနွယ် ပိုင်ဆိုင်သင့်သည့် အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သောအခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ် သူ၏အမှုကို ပြုနိုင်မည်ဖြစ်သည်။ သင်တို့အားလုံး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ပတ်သက်သော စည်းမျဉ်းများအား နားလည်ခံယူတတ်ခြင်း ရှိကြသလော။ သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့သော လူပုဂ္ဂိုလ်မျိုးအပေါ် သူ၏အမှုကို ပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်က စိတ်နှလုံး ရိုးသားသော သူတို့အပေါ်၌ အများအားဖြင့် သူ၏အမှုကို ပြုတတ်၏။ သူသည် အခက်အခဲများရှိပြီး သမ္မာတရားကို ရှာဖွေသောသူတို့အပေါ် အလုပ်လုပ်သည်။ ဘုရားသခင်သည် မည်သည့် လူ့သဘာဝမျှ မရှိသောသူ၊ မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိသောသူတို့ကို အလေးမထားပေ။ အကယ်၍ လူတစ်ဦးသည် ရိုးသားသော်လည်း သူ၏နှလုံးသားက ဘုရားသခင်ထံမှ အခိုက်အတန့် ဝေးကွာနေကာ၊ ပိုမိုကောင်းမွန်အောင် ကြိုးစားလိုစိတ်မရှိ၊ အပျက်သဘောဆောင်သော အခြေအနေ၌ ပိတ်မိနေလျက် ဤအရာအားလုံးကို ဖြေရှင်းရန် ဆုမတောင်းသည်သာမက သမ္မာတရားကို မရှာဖွေဘဲ ပူးပေါင်းလုပ်ဆောင်လိုစိတ်မရှိသည့် အခိုက်အတန့် မှောင်မိုက်ခြင်း၊ အခိုက်အတန့် အဆင့်နိမ့်ကျခြင်း ဟူသော ဤအခြေအနေ၌ ရှိနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုကို မပြုချေ။ သူသည် အခြေခံအားဖြင့် လူ့သဘာဝအား သတိပြုခြင်း မရှိသောသူတစ်ဦးအတွက် အဘယ်မျှ ပို၍ပင် ယင်းသို့ မပြုဘဲနေမည်နည်း။ သူသည် ယင်းသို့ပြုမည် မဟုတ်သည်မှာ သေချာသည်။ ဘုရားသခင်သည် အသိတရားလည်း မရှိ၊ ဆင်ခြင်တုံတရားလည်း မရှိသော၊ သမ္မာတရားကို လုံးဝမချစ်သော ဤပုဂ္ဂိုလ်မျိုးနှင့် ပတ်သက်၍ မည်သည့်အရာ ပြုသနည်း။ သူသည် ထိုသူတို့ကို အလေးမထားချေ။ ဤလူတို့အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိသလော။ မျှော်လင့်ချက် တစ်မြူတစ်မျှင်မျှ မရှိပေ။ ထိုသူတို့အတွက် တစ်ခုတည်းသောထွက်ပေါက်မှာ အမှန်တကယ် နောင်တရရန်၊ ရိုးသားသောသူ ဖြစ်လာရန်သာဖြစ်ပြီး သို့မှသာ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ရရှိနိုင်မည် ဖြစ်သည်။ လူတစ်ဦးသည် ရိုးသားသောသူ အဘယ်သို့ ဖြစ်လာနိုင်သနည်း။ ပထမဦးစွာ သင်၏နှလုံးသားကို ဘုရားသခင်အား ဖွင့်ဟပြီး သူ့ထံမှ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ကာ သမ္မာတရားကို နားလည်သောအခါ ယင်းကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ ကြိုတင်စီစဉ်မှုများအား ကျိုးနွံနာခံနိုင်ပေမည်၊ ယင်းတို့အားလုံးမှာ ဘုရားသခင်အား သင်၏ နှလုံးသားအား ပေးအပ်ခြင်းသဘောပင် ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏ လက်ခံခြင်းကို ရရှိနိုင်မည်။ သင်သည် ဦးစွာ သင်၏ ဇာတိပကတိကို ပုန်ကန်ကာ၊ မိမိ၏ ဝင့်ဝါခြင်းနှင့် မာနကို စွန့်လွှတ်ပြီးလျှင် မိမိ၏ ကိုယ်ကျိုးကို စွန့်လွှတ်ခြင်း၊ မိမိ၏တာဝန်၌ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ခြင်း၊ တာဝန်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေသရွေ့ မည်သည့်ဒုက္ခကို သင် ခံစားရစေကာမူ ကိစ္စမရှိဟု စိတ်နှလုံးထဲ၌ ယုံကြည်ခြင်း ရှိရမည်။ အကယ်၍ အခက်အခဲများကို သင်ကြုံတွေ့ပြီး ဘုရားသခင်ထံ သင်ဆုတောင်းလျက် သမ္မာတရားကို ရှာဖွေပါက သင့်နှလုံးသား၌ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်၌ ဤသက်သေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင် သင့်အား အဘယ်သို့လမ်းပြသည်ကို စောင့်ကြည့်လော့။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိလိုပါက ဦးစွာ သင်သည် အမှန်တကယ် နောင်တရရမည်၊ မိမိကိုယ်ကို ဘုရားသခင်အား ပေးအပ်ရမည်၊ သူ၏မျက်မှောက်တော်၌ သင်၏ စိတ်နှလုံးကို ဖွင့်ဟရမည်ဖြစ်ပြီး သင် အမြတ်တနိုးရှိလှသော ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကဲ့သို့သော အမှိုက်သရိုက်များကို စွန့်လွှတ်ရမည်။ အကယ်၍ သင်သည် ဤအရာများကို ဆက်၍ လိုက်လျှောက်နေပြီး ဘုရားသခင်ထံမှ ကြီးမားသော ကောင်းချီးများကို တောင်းခံချင်နေသေးလျှင် သူသည် သင့်ကို အသိအမှတ်ပြုမည်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်၌ ကြိုတင်ပြဋ္ဌာန်းချက်များ ရှိသည်။ ဘုရားသခင်သည် မကောင်းမှုကို ရွံမုန်းသောဘုရား၊ သန့်ရှင်းသောဘုရား ဖြစ်၏။ အကယ်၍ လူတို့သည် တစ်ချိန်လုံး ရာထူးဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို အမြဲတစေ လိုက်လျှောက်နေပြီး ဤအရာများအား မစွန့်လွှတ်နိုင်ပါက၊ သူတို့၏ နှလုံးသားက ဘုရားသခင်အတွက် ပိတ်ဆို့ထားပါက၊ သူ့အား မဖွင့်ဟရဲပါက၊ သူ၏အလုပ်နှင့် လမ်းညွှန်မှုကို အမြဲတစေ ငြင်းပယ်နေပါက သူသည် ဘာမျှပြုလုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့ထိုသို့ ပြုရန် သင့်အား အတင်းအကျပ်ခိုင်းလျက် လူတိုင်းအပေါ်၌ သူ၏အမှုကို လုပ်ဆောင်စရာ မလိုပေ။ ဘုရားသခင်က သင့်အား အတင်းအကျပ်မခိုင်းချေ။ မကောင်းဆိုးဝါးများကသာ လူတို့ကို ဤသို့ထိုသို့ပြုရန် အတင်းအကျပ် ခိုင်းစေပြီး လူတို့ကို ထိန်းချုပ်ရန် ထိုသူကို အတင်းအဓမ္မပင် ဝင်ပူးတတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က အထူးတလည် နူးညံ့သည်မှာ သူက သင့်အား စေ့ဆော်သောအခါတွင် ယင်းကို သင်သည် ခံစားမိခြင်းပင် မရှိချေ။ သင်သည် မသိစိတ်အားဖြင့် နားလည်ပြီး နိုးကြားနေသယောင် ခံစားမိမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို စေ့ဆော်သည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိလိုပါက အမှန်တကယ် နောင်တရပြီး အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
ဘုရားသခင်အား သင်၏နှလုံးသားကို ပေးအပ်ခြင်းအား သင် မည်သို့ပြုလုပ်ဆောင်ရွက်သနည်း။ သင့်အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ သင့်ကိုယ်သင် အမှီပြုမည်မဟုတ်ဟု ဘုရားသခင်အား အလေးအနက် ဝန်ခံသင့်သည်။ ဘုရားသခင်အား နှလုံးသားကိုပေးအပ်ခြင်းဟူသည်မှာ ဘုရားသခင်အား သင့်အိမ်၏ အရှင်သခင်အဖြစ် အခွင့်ပေးခြင်းသဘောဖြစ်သည်။ ထို့ပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်အား ဟန့်တားသည့် ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါခြင်းနှင့် မာန်မာနကဲ့သို့သော အရာများအား စွန့်လွှတ်ရမည်၊ ဘုရားသခင်အား သင့်ကို ဦးဆောင်ခွင့်ပေးရမည်၊ သင့်နှလုံးသားကို သူ့အား ကျိုးနွံနာခံစေရမည်၊ သူ့အား သင့်နှလုံးသားကို အုပ်စိုးခွင့်ပြုရမည်၊ ထို့ပြင် သူ၏နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။ ဇာတိပကတိက ပျော်မွေ့သော အရာများကို သင် စွန့်လွှတ်နိုင်ပြီး သင်သည် ဝန်ထုပ်များကို သယ်ဆောင်နေခြင်း မရှိတော့ဘဲ ထို့ထက် ကျိုးနွံနာခံသော နှလုံးသားဖြင့် သူ့ထံ ရောက်ရှိလာကြောင်း၊ သူ၏ နှုတ်ကပတ်တော်များအား နားထောင်ရန်နှင့် သူ၏ ကြိုတင်စီမံမှုများနှင့် အကြံအစည်များကို ကျိုးနွံနာခံရန် လိုလားနေကြောင်း၊ သူ့အား ပြုမူဆောင်ရွက်ခွင့်ပေးနေကြောင်း၊ သူ့အား ဦးဆောင်ခွင့်ပေးနေကြောင်း ဘုရားသခင်က မြင်တွေ့သည်နှင့်တစ်ပြိုင်နက်၊ ထိုသို့ဖြင့် သင်သည် ရိုးသားကြောင်းကို ဘုရားသခင်က မြင်တွေ့သည်နှင့်တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုကို ပြုမည်ဖြစ်သည်။ ဦးစွာ သင်သည် အမှန်တကယ် နောင်တရရမည်၊ သင့်နှလုံးသားကို ဘုရားသခင်ထံ ပြန်လှည့်ရမည်၊ သူ၏ရည်ရွယ်ချက်များကို အလေးထားမှုပြရမည်၊ ထို့ပြင် သမ္မာတရားလိုက်စားဖို့ ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ သင်သည် ခေါင်းမာဖို့ မဆိုထားနှင့်၊ အပျက်သဘောဆောင်၍၊ သို့မဟုတ် ပျင်းရိနေ၍ မရပေ။ အကယ်၍ သင်သည် သင့်အိမ်၏ အရှင်သခင်ဖြစ်ကာ၊ သင့်ကိုယ်ပိုင် ဦးစားပေးမှုများအတိုင်း လုပ်ဆောင်လျက် အမြဲတမ်း ဦးဆောင်လိုပါက ဤသည်မှာ မည်သို့သော စိတ်သဘောမျိုးနည်း။ ယင်းက မည်သို့သော အခြေအနေမျိုးနည်း။ ဤသည်မှာ ပုန်ကန်ခြင်းနှင့် ခုခံခြင်းပင်ဖြစ်၏။ ဘုရားသခင်က သင့်ကို ကယ်တင်ဖို့လိုသည်၊ သူက သင်မရှိဘဲ မဖြစ်နိုင်ဟု သင်ထင်သလော။ ထိုအတိုင်းဖြစ်သလော။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏အလုပ်သည် အဘယ့်ကြောင့် တစ်ပါးအမျိုးသားထံသို့ ဦးတည်ခဲ့သနည်း။ သူသည် ယင်းကို ဣသရေလထဲ၌ အဘယ့်ကြောင့် မပြုရသနည်း။ သူသည် ယင်းကို ဘာသာရေးလောက၌ အဘယ့်ကြောင့် မပြုရသနည်း။ ယင်းမှာ ထိုသူတို့သည် ဘုရားသခင်အား လွန်စွာ ပုန်ကန်ခုခံသောကြောင့် သူသည် ဤအလုပ်ကို တစ်ပါးအမျိုးသားများထံ ဦးတည်ခြင်းပင် ဖြစ်သည်။ ဤကိစ္စကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ဘုရားသခင်သည် သမ္မာတရားကို လက်ခံသောသူတို့ကို ကယ်တင်သည်။ ထိုသူတို့သည် ဘာသာရေးထဲမှနေ၍ သက်ဝင်မှု ပြောင်းလဲခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် သူတို့သည် ဤအမှုကို လက်ခံသော ဘာသာတရားမရှိသူများဖြစ်စေ ဘုရားသခင်သည် သမ္မာတရားကို လက်ခံသောသူတို့အပေါ် ကရုဏာထားပြီး ကယ်တင်သည်။ ဤအကြောင်းအရာများအား သင်တို့အားလုံး ရှင်းလင်းကြသလော။ ဘုရားသခင်ပြုသော အရာတိုင်းသည် အဓိပ္ပာယ်အရှိဆုံးဖြစ်ပြီး ယင်းအထဲ၌ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဉာဏ်ပညာ ပါရှိသည်။ လူတို့သည် ဘုရားသခင်၏ အလိုဆန္ဒများကို နားလည်သောအခါ၊ သို့မဟုတ် သူ၏ ကြိုတင်စီစဉ်မှုများကို ကျိုးနွံနာခံသောအခါ သူတို့၌ ဝါကြွားစရာ ဘာမျှမရှိသည်မှာ အမှန်ပင်။ သင်သည် တော်လှပြီ၊ သို့မဟုတ် သမ္မာတရားကိုချစ်သည်၊ သို့မဟုတ် သင်သည် အခြားလူတို့ထက် များစွာ ပိုသာလွန်သည်ဟု မထင်လေနှင့်။ ကိစ္စတစ်ခု၌ သင် တော်သောကြောင့် အခြားကိစ္စတစ်ခု၌ သင် သေချာပေါက် တော်လိမ့်မည်ဟု မဆိုလို၊ ထို့ကြောင့် အရာခပ်သိမ်း၌ မကြာခဏ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။ သင်၏ လုပ်ဆောင်ချက်များအားလုံးက သင့်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိမရှိ၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိနှင့်၊ ၎င်းတို့က ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်းရှိမရှိ သိမြင်ဖို့အတွက် ဆန်းစစ်ရမည်ဖြစ်သည်။
သင်တို့၏ လူ့သဘာဝသည် လက်ခံနိုင်လောက်သော စံနှုန်းအထိ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ၊ သို့မဟုတ် ပုံမှန်အသိတရားနှင့် ဆင်ခြင်တုံတရား ဟူသော စံနှုန်းအထိ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ၊ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားသောသူတို့ကိုသာ ကျေနပ်အားရခြင်း ရှိသည်။ သမ္မာတရားကို လိုက်စားခြင်းနှင့် အသက်ဝင်ရောက်မှုဟူသည် အဆုံးမရှိပေ။ အကယ်၍ လူတစ်ဦးသည် အသိတရားတစ်ခုကိုသာ ပိုင်ဆိုင်ပြီး သူ၏ အသိတရားအတိုင်း လုပ်ဆောင်ပါက ဤစည်းမျဉ်းသည် သမ္မာတရား၏စံနှုန်းကို မမီချေ။ ထိုသူတို့သည် သမ္မာတရားလိုက်စားဖို့ ကြိုးပမ်းအားထုတ်ဖို့ရန် အဖိုးအခလည်း ပေးရမည်၊ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ကျင့်ကြံပြုမူရမည် ဖြစ်ပြီး သူတို့၏တာဝန်ကို သူ၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းစွာ ပြုလုပ်ရမည်ဖြစ်သည်။ ဤနည်းအတိုင်း လိုက်လျှောက်ခြင်းအားဖြင့်သာ အသက်ဝင်ရောက်မှုကို ရရှိနိုင်မည်၊ သမ္မာတရားကို နားလည်ပြီး ရယူနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ကို ပိုင်ဆိုင်သည့် လူ့သဘာဝအနည်းငယ်ရှိသော လူတို့ရှိသဖြင့် သူတို့က “ငါ၏ အသိတရားအတိုင်း တာဝန်ကိုထမ်းဆောင်ခြင်းသည် ဘုရားသခင်နှင့် ထိုက်တန်သည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ ထိုအသိတရားစံနှုန်းက သမ္မာတရားကို အစားထိုးနိုင်သလော။ သင်၏ အသိတရားအတိုင်း ပြုမူခြင်းအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်နိုင်သလော။ စာတန်ကို မုန်းတီးပြီး ပုန်ကန်နိုင်သလော။ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်သလော။ စာတန်ကို အရှက်ရစေနိုင်သလော။ အသိတရားအတိုင်း လုပ်ဆောင်ခြင်းက စစ်မှန်သော သက်သေခံချက်ဟုတ်သလော။ ဤအရာတစ်ခုကိုမျှ မရရှိနိုင်ချေ။ အသိတရားစံနှုန်းကို မည်သည့်အရာက ဖြစ်စေသနည်း။ အသိတရားဟူသည်မှာ လူတစ်ဦး၏ စိတ်နှလုံးထဲ၌ရှိသော ခံစားချက်၊ စိတ်နှလုံး၏ တရားစီရင်မှုဖြစ်ပြီး ယင်းက သာမန် လူ့သဘာဝ၏ ဦးစားပေးမှုများကို ကိုယ်စားပြုသည်။ မကြာခဏပင် ဥပဒေအချက်များနှင့် အကျင့်စာရိတ္တဆိုင်ရာ အယူအဆများစွာကို အသိတရား၏ ခံစားချက်များအပေါ် အခြေပြုထားကာ၊ သို့ဖြစ်၍ အသိတရား၏ ခံစားချက်များသည် ဥပဒေအချက်များနှင့် အကျင့်စာရိတ္တဆိုင်ရာ အယူအဆများကို စံနှုန်းအဖြစ် အလွယ်တကူ အသုံးပြုလေသည်။ ထို့ကြောင့် အသိတရား၏ ခံစားချက်များသည် သမ္မာတရား၏ စံနှုန်းအောက်သို့ များစွာနိမ့်ကျလေသည်၊ ထို့ပြင် ယင်းတို့ကို စိတ်ခံစားမှုများက ကန့်သတ်လွှမ်းမိုးထားသည်၊ သို့မဟုတ် ၎င်းတို့သည် ကြားကောင်းသော စကားလုံးများ၏ လှည့်စားခြင်းနှင့် ဆုံးဖြတ်ချက်လွဲမှားစေခြင်းကို ခံရတတ်ကာ၊ ယင်းက အမှားများစွာကို ဖြစ်ပေါ်စေတတ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်ပါက နတ်ဆိုးများ၏ လှည့်ဖြားခြင်းကို ခံရတတ်သည်၊ ထို့အပြင် စာတန်အား မိမိတို့အပေါ် အပြည့်အဝ အမြတ်ထုတ်ခွင့်ကိုလည်းပေးတတ်သည်။ ထို့ကြောင့် အသိတရားအတိုင်း လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တောင်းဆိုချက်များကို လုံးဝမမီချေ။ သင်သည် သမ္မာတရားလိုက်စားဖို့ ကြိုးပမ်းအားထုတ်မှုလည်း ပြုရမည်။ သမ္မာတရားကို နားလည်ပြီး အခြေခံသဘောတရားများအတိုင်း တာဝန်ထမ်းဆောင်သောအခါမှသာ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ သမ္မာတရား၏ စံနှုန်းသည် အသိတရား၏ စံနှုန်းကို များစွာ ကျော်လွန်ပေသည်။ အကယ်၍ သင်၏အသိတရားအတိုင်း တာဝန်ကို လုပ်ဆောင်ရုံပြုပါက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင်ရရှိနိုင်မည်လော။ မရရှိနိုင်ချေ။ အသိတရားက သမ္မာတရားကို အစားမထိုးနိုင်သောကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို မဆိုထားနှင့်၊ သင်၏ အသိတရားတိုင်း သင်၏တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် သင် ကျေနပ်နေ၍ မရပေ။ ယင်းက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ထိုက်တန်စွာ မရရှိနိုင်ချေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။