မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည် (အပိုင်း နှစ်)

သမ္မာတရားလိုက်စားရန်အလို့ငှာ သင့်တွင် ချို့တဲ့နေသော မည်သည့်သမ္မာတရားများက ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံခြင်းမှလည်းကောင်း၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်ကို ဟန့်တားနေသည်ကို တွေ့မြင်ရန် အရာရာတွင် သင့်ကိုယ်သင် ဆန်းစစ်ရမည်။ ထို့နောက် သင့်အနေဖြင့် လက်ခံနိုင်လောက်သော စံနှုန်းရောက်အောင် ပြုမူကျင့်ကြံသည်သာမက တစ်ချိန်တည်းတွင် လက်ခံနိုင်လောက်သော စံနှုန်းရောက်အောင် မိမိတာဝန်ကို လုပ်ဆောင်ဖို့အတွက် သင်၌ ကင်းမဲ့သော ထိုသမ္မာတရားနှင့် အလျင်အမြန် ပြင်ဆင်ရမည်ဖြစ်သည်။ လူအချို့သည် အခြားသူများ မကောင်းသောအရာ ပြုလုပ်သည်ကို မြင်ရသောအခါ တိုင်ကြားခြင်း၊ သို့မဟုတ် ဖော်ထုတ်ခြင်း မပြုသည့် လူမုန်းမခံချင်သူများ ဖြစ်ကြ၏။ ထိုသူတို့သည် ပေါင်းရသင်းရလွယ်ကူသလို စည်းရုံးသိမ်းသွင်းရ လွယ်ကူကြသည်။ သူတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို နာခံကြသည်၊ မည်သူ့ကိုမျှ စိတ်မဆိုးစေသည့်အပြင် လှေနံနှစ်ဖက်နင်းလျက် အမြဲတမ်း အပေးအယူလုပ်တတ်သည်။ အပြင်ပန်းတွင် သူတို့၌ လူ့သဘာဝ ရှိသယောင်ထင်ရသည်။ အလွန်အကျွံ မပြု၊ အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်။ သို့သော် အချိန်အများစု၌ တိတ်တဆိတ်နေပြီး သူတို့၏ ထင်မြင်ချက်ကို မဖော်ပြကြပေ။ ထိုသို့သောလူတို့ကို သင်မည်သို့ နားလည်သဘောပေါက်သနည်း။ ထိုသူတို့သည် ကြည်သာပြေပြစ်ပြီး လှည့်ဖြားတတ်သည်မဟုတ်လော။ ဤသည်မှာ လူတို့ လှည့်ဖြားတတ်သည့်ပုံပင် ဖြစ်၏။ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ ထိုသူတို့က ပေါ့ပါးစွာဖြင့် ထုတ်ဖော်ပြောဆိုခြင်း၊ သို့မဟုတ် ဖော်ပြခြင်းမရှိဘဲ အစဉ် နှုတ်ဆိတ်နေနိုင်သည်။ ဤသည်မှာ ထိုသူတို့သည် ဆင်ခြင်တုံတရားရှိသည်ဟု အဓိပ္ပာယ်မရပေ။ ထိုသို့ဖြစ်မည့်အစား ထိုသူသည် ကောင်းစွာ အယောင်ဆောင်ထားသည်၊ ဖုန်းကွယ်ထားသောအရာများ ရှိသည်၊ သူ၏ လိမ္မာပါးနပ်မှုက နက်နဲသည်ဆိုသည်ကို ပြ၏။ သင်သည် မည်သူ့ကိုမျှ ဖွင့်ဟခြင်းမရှိလျှင် ဘုရားသခင်ထံ ဖွင့်ဟနိုင်သလော။ ထို့ပြင် သင်သည် ဘုရားသခင်နှင့်ပင် စစ်မှန်မှုမရှိလျှင်၊ ဘုရားသခင်ကို မဖွင့်ဟနိုင်လျှင် သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်နိုင်သလော။ သေချာပေါက် မပေးအပ်နိုင်ပေ။ သင်သည် ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်း မရှိနိုင်ဘဲ သင်၏ စိတ်နှလုံးကို ဘုရားသခင်နှင့် ဝေးကွာနေစေခြင်းဖြစ်သည်။ သင်တို့သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့သည့်အခါတွင် ပွင့်လင်းပြီး စိတ်နှလုံးထဲတွင် အမှန်တကယ်ရှိသောအရာကို ပြောဆိုနိုင်သလော။ လူတစ်ယောက်သည် မိမိ၏စိတ်နှလုံးအတွင်း အမှန်တကယ်ရှိသည့်အရာကို အစဉ်ပြောဆိုလျှင်၊ ရိုးသားစွာ စကားပြောလျှင်၊ မကွယ်မဝှက် စကားပြောလျှင်၊ ရိုးသားစစ်မှန်လျှင်၊ တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိလျှင်၊ ထို့ပြင် မိမိနားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤလူသည် သမ္မာတရားကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ လူတစ်ယောက်သည် သူ့ကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ရန်အတွက် မိမိကိုယ်မိမိ ဖုံးကွယ်ပြီး စိတ်နှလုံးကို ဖုံးထားလျှင်၊ အခြားလူတို့ကို လှည့်စားရန် မှားယွင်းသော အမြင်ကို ပေးလျှင်၊ ထိုသူသည် ကြီးမားသောအန္တရာယ်ကျရောက်လေသည်။ ၎င်းတို့သည် အလွန် ဒုက္ခရောက်ကြသည်။ သမ္မာတရားကိုရရှိရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် လူတစ်ယောက်၏ အလားအလာများကို သူ၏ နေ့စဉ် အသက်တာ၊ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် မြင်နိုင်သည်။ ဤလူသည် အစဉ် ဟန်ဆောင်နေလျှင်၊ အစဉ် သူများထက်သာသည့် ပုံစံပြုမူနေထိုင်လျှင် ဤလူသည် သမ္မာတရားကို လက်ခံသည့်သူမဟုတ်ပေ။ ထိုသူသည် အနှေးနှင့်အမြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ သင်တို့အားလုံးသည် မည်သည့်လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေကြသနည်း။ ရိုးသားသူ၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် မည်သည့်အခါမျှ အမှားမဟုတ်ပေ။ လူတချို့က “သင်သည် ညီအစ်ကိုမောင်နှမများအား သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပေးသောအခါ သင့်စိတ်နှလုံးထဲမှ ထင်မြင်ချက်များကို သူတို့အား အဘယ်ကြောင့် ပြောပြသနည်း။ ယင်းက မိုက်မဲသည်မဟုတ်လော” သို့မဟုတ် “ဆိုးယုတ်သောလူတို့နှင့် မယုံကြည်သူများကို ဖော်ထုတ်ခြင်းအားဖြင့် သင်သည် လူတို့ကို မကျေမနပ် ဖြစ်စေသည်မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်သူတို့သည် လွန်စွာမိုက်မဲ၍မဖြစ်” ဟု ဆိုကောင်းဆိုကြမည်။ ဤစကားလုံးများကို ကြားပြီးနောက် သင် မည်သို့ခံစားရသနည်း။ သင်ပြောသင့်သည်မှာ “ရိုးသားသောလူတစ်ဦး ဖြစ်ရန်အတွက် အမှန်တရားကိုပြောခြင်းနှင့် စည်းမျဉ်းများအား စောင့်ထိန်းခြင်းသည် တော်သင့်သည်၊ လုံးဝ မိုက်မဲရာမကျပေ။ ဤသည်မှာ ဘုရားသခင်ထံ ရောက်လာသူတို့ လက်တွေ့လုပ်ဆောင်သင့်သော သမ္မာတရားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူများသည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကျေနပ်စေရမည်။ သမ္မာတရားအကြောင်းကို မိတ်သဟာယပြုပြီး မိမိစိတ်နှလုံးကို ဖွင့်ဟသည်မှာ မှန်ကန်သင့်တော်၏။ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသောအခါ သင်၏ စစ်မှန်သောအခြေအနေ အကြောင်းကို ပြောပြရမည်။ ယင်းသည် အခြားသူများအတွက် အပြုသဘောဆောင်ပြီး သင့်အတွက် အကျိုးရှိလိမ့်မည်။ ဆိုးယုတ်သော လူတို့နှင့် မယုံကြည်သူများကို ဖော်ထုတ်ခြင်းသည် ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ တာဝန်ဝတ္တရားပင် ဖြစ်သည်။ အခြားသူများအား မကျေမနပ်ဖြစ်စေမည်ကို ကြောက်နေလျှင် သင့်တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် သမ္မာတရားစည်းမျဉ်းများကို စောင့်ထိန်းသင့်ပြီး ဆိုးယုတ်သောလူတို့ကို ဖော်ထုတ်ကာ မယုံကြည်သူများကို ဖော်ထုတ်သင့်သည်။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများကို စောင့်ထိန်းခြင်းပင်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ရိုးသားသောသူများ မဟုတ်သကဲ့သို့ စည်းမျဉ်းများအား မစောင့်ထိန်းသောသူများလည်း ထို့အတူဖြစ်သည်” ဟူ၍ဖြစ်၏။ ဤပြန်လည်ချေပချက်ကို မည်သို့ယူဆသနည်း။ အခြားသူများ မည်သို့ယူဆပါစေ ဘုရားသခင်ကို ယုံကြည်သူများသည် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်း၊ သို့မဟုတ် သမ္မာတရားအား လိုက်လျှောက်ခြင်းလမ်းကြောင်းမှ ပြောင်းလဲ၍မရပေ။ သူတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များ၊ သို့မဟုတ် မယုံကြည်သူများ၏ လွှမ်းမိုးခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း ခံ၍မရပေ။ သူတို့သည် အချိန်တိုင်းတွင် ဘုရားသခင်နောက် လိုက်ပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်ရမည်ဖြစ်ကာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အညီ ရိုးသားသောလူတစ်ဦး ဖြစ်ရမည်ဖြစ်သည်။ ဤသည်မှာ မှန်ကန်၏။ လူတစ်ဦးသည် ရိုးသားသောသူဖြစ်လာအောင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သူတို့သည် မည်သည့် အကြောင်းအရာများတွင် မိမိ၏ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ လှည့်ဖြားတတ်သော စိတ်သဘောထားတို့ကို ထုတ်ဖော်မိဦးမည်ကို တွေ့မြင်ရန်အတွက် မကြာခဏ မိမိကိုယ်ကို ဆင်ခြင်ရမည်။ မိမိကိုယ်ကို၊ မိမိ၏ လိမ်ညာသော ရည်ရွယ်ချက်များနှင့် လှည့်ဖြားတတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားတို့ကို သိကျွမ်းခြင်းအားဖြင့်သာလျှင် ဇာတိပကတိကို ပုန်ကန်နိုင်ပြီး ရိုးသားသောလူတစ်ဦး တဖြည်းဖြည်း ဖြစ်လာနိုင်လေသည်။ မိမိ၏စိတ်နှလုံးကို မည်သည့်အခါမျှ မဖွင့်ဟသူများ၊ အမှုအရာများကို ပုန်းလျှိုးကွယ်ဝှက်ရန် အမြဲ ကြိုးစားသောသူများ၊ မိမိကိုယ်ကို လေးစားဖွယ်ကောင်းသည်ဟု ဟန်ဆောင်သောသူများ၊ လူတို့အား သူတို့ကို အထင်ကြီးစေလိုသောသူများ၊ အခြားသူတို့အား သူတို့၏စရိုက်ကို အပြည့်အဝ အကဲဖြတ်ခွင့်မပေးသောသူများ၊ လူတို့အား သူတို့ကို လေးစားစေလိုသောသူတို့၊ ဤလူတို့သည် မိုက်ကြသည် မဟုတ်လော။ ဤလူတို့သည် အမိုက်ဆုံးသူများ ဖြစ်ကြ၏။ ယင်းမှာ လူတို့နှင့်ပတ်သက်သော အမှန်တရားက အနှေးနှင့်အမြန် ဖော်ထုတ်ခြင်းခံရမည်ဖြစ်သောကြောင့်ပင်။ သူတို့သည် ဤဟန်အမူအရာမျိုးနှင့် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေသနည်း။ ဤသည်မှာ ဖာရိရှဲတို့၏ လမ်းကြောင်းပင် ဖြစ်၏။ ကြောင်သူတော်များမှာ အန္တရာယ်သင့်သလော၊ မသင့်သလော။ ဤသူတို့မှာ ဘုရားသခင် အရွံမုန်းဆုံးသော လူတို့ဖြစ်ကြသောကြောင့် ထိုသူတို့သည် အန္တရာယ်သင့်သည်ဟု သင်ထင်သလော၊ မထင်သလော။ ဖာရိရှဲဖြစ်ကြသူများ အားလုံးသည် ပျက်စီးခြင်းလမ်းကိုသာ လျှောက်ကြ၏။

သင့်အနေဖြင့် တစ်စုံတစ်ရာကို နားလည်စေရန်အလို့ငှာ သင့်ကို ဉာဏ်အလင်းပေးဖို့ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ၊ တစ်ခါတစ်ရံတွင် ယင်းက အလွန်လျင်မြန်စွာ ဖြစ်လာတတ်ကာ၊ အခြားအချိန်များတွင်မူ သင်သဘောပေါက်ဖို့ရန် တဖြည်းဖြည်း သင့်ကို ခွင့်မပြုမီ အတွေ့အကြုံတစ်ခုကို အချိန်တစ်ခုကြာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဖြတ်သန်းစေတတ်ပေသည်။ ယင်းမှာ မည်သည့်အရာကိုမျှ တွေ့ကြုံရန် သင့်အား မတောင်းဆိုခြင်း၊ သို့မဟုတ် သင့်အား စကားများနှင့် အယူဝါဒများကို နားလည်ခွင့်ပေးသည့်နောက် သူသည် အမှုပြုပြီးခြင်း မဟုတ်ပါပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့် စည်းမျဉ်းများအားဖြင့် အလုပ်လုပ်ပါသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ ပတ်ဝန်းကျင်နှင့် စီစဉ်ခြင်းအားဖြင့်လည်းကောင်း၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုကိစ္စများကို စီစဉ်ခြင်းအားဖြင့်လည်းကောင်း၊ ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုကိစ္စများမှတစ်ဆင့် သင်ရင့်ကျက်စေဖို့နှင့် ဤအရာများ၊ ဤအတွေ့အကြုံများမှတစ်ဆင့် သမ္မာတရားကို သင်တဖြည်းဖြည်းချင်း နားလည်စေရန် စီစဉ်ခြင်းအားဖြင့်လည်းကောင်း အလုပ်လုပ်သည်။ သူသည် သင့်ကို လှုံ့ဆော်ဖို့ သို့မဟုတ် ဉာဏ်အလင်းပေးဖို့အတွက် ရိုးစင်းသော စကားလုံးအနည်းငယ်ကို ပေးသောအခါ၊ သို့မဟုတ် သေးငယ်သောအလင်းဖြင့် သင့်ကို ထောက်ပံ့သောအခါ သူသည် အမှုပြီးပြီ မဟုတ်ချေ။ ထို့ထက်၊ သူသည် သင့်အား သင်ခန်းစာများကို လေ့လာသင်ယူစေရန်နှင့်၊ သင့်အနေဖြင့် သမ္မာတရားအား တဖြည်းဖြည်းနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ ကိစ္စရပ်တိုင်း၊ ခြားနားသော ပတ်ဝန်းကျင်များနှင့် ခြားနားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တွေ့ကြုံခြင်းအားဖြင့် တဖြည်းဖြည်း တိုးတက်ကြီးထွားလာစေရန် အခွင့်ပေးလေသည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တကယ့်ကို သဘာဝကျသည့် အခြေခံသဘောတရားတစ်ခုဖြင့် အလုပ်လုပ်သည်၊ အလုပ်လုပ်အောင် မည်သည့်စေ့ဆော်မှု တစ်ခုမျှအသုံးမပြုဘဲ၊ လူသား၏ တိုးတက်မှုပုံစံနှင့် လုံးဝအညီ သူ အလုပ်လုပ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းနှင့် အတိုင်းအတာတို့အရ လူတစ်ဦးသည် သူ၌ရှိသင့်သော လူ၏ ဆင်ခြင်တုံတရားနှင့် အသိတရား မရှိမဖြစ် အနည်းဆုံးပမာဏကိုမျှ မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရယူနိုင်ပါမည်လော။ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် အလင်းပေးခြင်းကို ရယူနိုင်ပါမည်လော။ လုံးဝ မရနိုင်ပေ။ ဤအရာအားဖြင့် ငါသည် ဘာကိုဆိုလိုသနည်း။ လူတို့က သူတို့သည် သမ္မာတရားကို လိုက်စားကြောင်း၊ သမ္မာတရားကို ပို၍ နားလည်ရမည်ဖြစ်ကြောင်း အမြဲတမ်း ပြောဆိုကြသော်လည်း ဘုရားသခင်အား သူတို့စိတ်နှလုံးကို ပေးအပ်ရမည်ဖြစ်ကြောင်း ဟူသောအရာကို သတိမမူမိကြချေ။ သူတို့က “ငါ၏ လူ့သဘာဝက မည်သို့ပင်ဖြစ်စေ၊ ငါ၌ အသိတရား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ငါ၏စိတ်နှလုံးကို ဘုရားသခင်အား အပ်နှံသည်ဖြစ်စေ မအပ်နှံသည်ဖြစ်စေ သမ္မာတရားကို ငါ ပို၍သာ ရှာဖွေမည်၊ တရားဒေသနာများကို ပို၍ နားထောင်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ပြီးလျှင် သမ္မာတရားအကြောင်း မကြာခဏ မိတ်သဟာယပြုမည်။ ထို့နောက်တွင် ငါ၏တာဝန်ကို လုပ်ဆောင်သောအခါ ကြိုးစားအားထုတ်မှု ပို၍ စိုက်ထုတ်ပြီး ပို၍ ဒုက္ခခံမည်ဖြစ်ကာ ယင်းက အဆင်ပြေလိမ့်မည်” ဟု ထင်တတ်ကြသည်။ သို့သော် ထိုသို့သောလူတစ်ဦးသည် အခြေခံတကာ့ အခြေခံအကျဆုံးအရာကို နားမလည်ခဲ့သည့်အပြင် မသိမြင်ပေ။ အကယ်၍ လူတစ်ဦးက သမ္မာတရားကို နားလည်ပြီး ရယူလိုပါက သူပိုင်ဆိုင်သင့်သည့် မရှိမဖြစ်အနိမ့်ဆုံးအဆင့်က မည်သည့်အရာဖြစ်ကြောင်း သင်တို့ ယခု နားလည်သလော။ (အသိတရားနှင့် ဆင်ခြင်တုံတရားဖြစ်သည်။) ရိုးရိုးရှင်းရှင်း ဆိုရလျှင် ယင်းမှာ အနိမ့်ဆုံးအားဖြင့် လူတစ်ဦးက ရိုးသားသော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်ဟူ၍ဖြစ်သည်။ ရိုးသားသော စိတ်နှလုံးကို ပိုင်ဆိုင်သောသူတို့ကသာ သမ္မာတရားကို လက်ခံနိုင်သည်၊ ဘုရားသခင်၏ အကြံအစည်များကို ကျိုးနွံနာခံနိုင်ပြီးလျှင် သူတို့၏တာဝန်ကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်နိုင်သည်။ အကယ်၍ သင်သည် ရိုးသားသော စိတ်နှလုံးမရှိပါက ဘုရားသခင်၏ တောင်းဆိုချက်များကို မဖြည့်ဆည်းပေးနိုင်သည်သာမက ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သင့်၌ ရိုးသားသော စိတ်နှလုံး မရှိပါက သင်သည် မည်သည့်အရာအမျိုးအစား ဖြစ်သနည်း။ ယင်းသည် သင်၌ လူ့သဘာဝ မရှိ၊ သင်သည် နတ်ဆိုးတစ်ဦးဖြစ်သည်ဟု ဆိုလိုသည်။ ရိုးသားသော စိတ်နှလုံးရှိခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ အနိမ့်ဆုံးအဖြစ် လူတစ်ဦးတွင် ကောင်းသော လူ့သဘာဝတစ်ခု ရှိရမည်ဖြစ်သည်။ လူတစ်ဦးသည် ကောင်းမွန်သော လူ့သဘာဝ၊ စစ်မှန်သော စိတ်နှလုံး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသည့်အခါ၊ ဤသည်တို့မှာ မြင်၍မရ ထိတွေ့၍မရသည့် အနှစ်သာရမဲ့သောအရာများ သို့မဟုတ် မရေရာသောအရာများ မဟုတ်ဘဲ၊ ထို့ထက် ယင်းတို့သည် နေ့စဉ်အသက်တာတွင် မည်သည့်နေရာတွင်မဆို ရှာဖွေတွေ့ရှိနိုင်သည့် အရာများ ဖြစ်သည်။ ယင်းတို့သည် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အရာများသာ ဖြစ်သည်။ လူတစ်ဦးသည် ကြီးမြတ်ပြီး စုံလင်သည်ဟု ဆိုပါစို့။ ဤသည်မှာ သင်မြင်နိုင်သည့် အရာတစ်ခုဖြစ်သလော။ စုံလင်ဖို့ သို့မဟုတ် ကြီးမြတ်ဖို့ ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင် မမြင်နိုင်၊ မထိနိုင် သို့မဟုတ် စိတ်ပင်မကူးနိုင်ပေ။ သို့သော် တစ်စုံတစ်ဦးက တစ်ကိုယ်ကောင်းဆန်သည်ဟု သင် ပြောပါက၊ ထိုလူ၏ လုပ်ရပ်များကို သင် မြင်နိုင်သလော၊ ပြီးလျှင် သူသည် ဖော်ပြချက်နှင့် ကိုက်ညီပါသလော။ တစ်စုံတစ်ဦးသည် မှန်ကန်သော စိတ်နှလုံးတစ်ခုဖြင့် ရိုးသားသည်ဟု ပြောထားပါက၊ ဤအပြုအမူကို သင် မြင်နိုင်ပါသလော။ တစ်စုံတစ်ဦးသည် လှည့်ဖြားတတ်သည်၊ မရိုး‌ဖြောင့်သကဲ့သို့ ယုတ်ညံ့သည်ဟု ဆိုထားပါက၊ ထိုအရာများကို သင် မြင်နိုင်ပါသလော။ သင်၏ မျက်လုံးများကို သင်ပိတ်လျှင်ပင်၊ ထိုလူ၏ လူ့သဘာဝက သာမန်ဖြစ်သည် သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသည် ဆိုသည်ကို သူ ပြောသည့်အရာနှင့် သူ ပြုမူပုံတို့မှတစ်ဆင့် သင် ခံစားနိုင်သည်။ ထို့ကြောင့်၊ “ကောင်းမွန်သော သို့မဟုတ် ဆိုးရွားသော လူ့သဘာဝ” ဆိုသည်မှာ အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်ပေ။ ဥပမာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်း၊ မာနကြီးခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းတို့ အားလုံးသည်လူတစ်ဦးနှင့် သင် ဆက်သွယ်လာချိန်တွင် အသက်တာ၌ သင် သဘောပေါက်နိုင်သည့် အရာများသာ ဖြစ်သည်။ ဤသည်တို့မှာ လူ့သဘာဝ၏ အပျက်သဘောဆောင်သော အရိပ်အယောင်များ ဖြစ်သည်။ ထို့ကြောင့်၊ လူတို့ ပိုင်ဆိုင်သင့်သည့် ရိုးသားမှုနှင့် သမ္မာတရားကို ချစ်ခြင်းတို့ကဲ့သို့သော လူ့သဘာဝ၏ အပြုသဘောဆောင်သော အရိပ်အယောင်များကို နေ့စဉ်အသက်တာတွင် သိမြင်နိုင်ပါသလော။ လူတစ်ဦး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ရှိမရှိ၊ ဘုရားသခင်၏ လမ်းညွှန်မှုကို ရနိုင်မရနိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိမရှိ ဤအရာများအားလုံးကို သင်တွေ့နိုင်သလော။ ၎င်းတို့အားလုံးကို သင် ထိုးထွင်းသိမြင်နိုင်သလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိရန်၊ ဘုရားသခင်၏ လမ်းပြမှုကို လက်ခံရရှိရန်၊ အရာအားလုံးတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် လူတစ်ယောက်သည် မည်သည့်အခြေအနေများကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့သည် ရိုးသားသော စိတ်နှလုံးရှိရမည်။ သမ္မာတရားကို ချစ်ရမည်။ အရာခပ်သိမ်းတွင် သမ္မာတရား ရှာဖွေရမည်။ နားလည်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤအခြေအနေများ ရှိခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုရှိခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်း၊ သမ္မာတရားကို အလွယ်တကူ လက်တွေ့လုပ်ဆောင်နိုင်ခြင်းဟု ဆိုလိုသည်။ လူတစ်ယောက်သည် ရိုးသားသောသူ မဟုတ်ဘဲ သူ၏ စိတ်နှလုံးတွင် သမ္မာတရားကို မချစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရန် ခက်ခဲလိမ့်မည်။ သူ့အား သမ္မာတရားကို မိတ်သဟာယပြုပေးလျှင်ပင် အကျိုးရှိမည်မဟုတ်ပေ။ လူတစ်ယောက်သည် ရိုးသားသူဖြစ်သည်ကို သင် မည်သို့ သိနိုင်သနည်း။ သူသည် လိမ်ညာခြင်းနှင့် လှည့်စားခြင်း ရှိမရှိကိုသာ ကြည့်ရမည်မဟုတ်ဘဲ အရေးကြီးဆုံးမှာ သူက သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကြည့်ရမည်။ ယင်းသည် အရေးပါဆုံးအရာဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို အစဉ်ဖယ်ရှားရှင်းလင်းနေသည်။ ဤအချိန်တွင် များစွာတို့ကို ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်။ ၎င်းတို့သည် ရိုးသားသူများမဟုတ်ပေ။ အားလုံးက လှည့်စားသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် မဖြောင့်မတ်သောအရာများကို နှစ်သက်ကြသည်။ သမ္မာတရားကို လုံးဝ မနှစ်သက်ကြပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှပင် ကြာပါစေ ၎င်းတို့က သမ္မာတရားကို နားမလည်နိုင်ကြ၊ သို့မဟုတ် စစ်မှန်မှုထဲသို့ မဝင်နိုင်ကြပေ။ ထိုကဲ့သို့သောသူတို့သည် အမှန်တကယ် ပြောင်းလဲနိုင်စွမ်း ပို၍မရှိကြပေ။ ထို့ကြောင့် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်းသည် ရှောင်လွှဲ၍ မရသောအရာဖြစ်သည်။ လူတစ်ယောက်နှင့် သင် ထိတွေ့သောအခါ မည်သည့်အရာကို အရင်ဆုံး ကြည့်သနည်း။ သူသည် ရိုးသားခြင်းရှိမရှိ၊ သမ္မာတရားကို ချစ်မချစ်နှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိကို သိမြင်ဖို့အတွက် သူ၏စကားလုံးများနှင့် လုပ်ရပ်များကို ကြည့်လော့။ ဤအရာများက အရေးပါသည်။ လူတစ်ယောက်သည် ရိုးသားသူ ဟုတ်မဟုတ်၊ သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သင် ဆုံးဖြတ်နိုင်သရွေ့ လူတစ်ယောက်၏ အနှစ်သာရကို အခြေခံအားဖြင့် သင်မြင်နိုင်သည်။ လူတစ်ဦး၏ နှုတ်သည် ချိုသာသော စကားများဖြင့် ပြည့်သော်လည်း စစ်မှန်သည့် မည်သည့်အရာကိုမျှ သူ မလုပ်ဆောင်ပါက စစ်မှန်သော တစ်စုံတစ်ရာ လုပ်ဆောင်ရန် အချိန်ကျလာသည့်အခါ၊ သူသည် မိမိကိုယ်ကိုယ်ကိုသာ တွေးပြီး အခြားသူများကို မည်သည့်အခါတွင်မျှ မတွေးပါက ဤသည်မှာ မည်သည့်လူ့သဘာဝမျိုး ဖြစ်သနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းဖြစ်သည်။ သူသည် လူ့သဘာဝမရှိပေ။) လူ့သဘာဝ မရှိသည့် လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ခက်ခဲပေသည်။ ဆင်းရဲဒုက္ခ ကာလတစ်ခုကို သူ ကြုံရသောအခါ သို့မဟုတ် အဖိုးအခ တချို့ကို သူ ပေးရဖို့ရှိသောအခါ၊ သူက၊ “သင်တို့တွေ ဤဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်း အားလုံးဖြင့် ဦးစွာ ရှေ့ဆက်ကြပါ၊ ရလဒ်များ အတော်များများ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင်၊ သင်တို့နှင့် ကျွန်ုပ် လိုက်ပါပါမည်” ဟု တွေးလေသည်။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ထိုသို့သော အပြုအမူများကို စုပေါင်း၍ “လူ့သဘာဝ မပိုင်ဆိုင်ခြင်း” အဖြစ် သိရပေသည်။ အယောက်တိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြသော်လည်း၊ ပြဿနာတစ်ခုကို ကြုံရချိန်တွင်၊ အချို့သော လူတို့၏ အသိစိတ်သည် အလုပ်လုပ်လာကာ မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားကြရလေသည်၊ ထို့ကြောင့် ၎င်းတို့သည် သူတို့၏ အသိစိတ်အတိုင်း လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားနေပြီး လူကောင်းတစ်ဦး ဖြစ်ရမည်” ဟု မပြောသော်လည်း၊ ၎င်းတို့က အလုပ်လုပ်သော အသိစိတ်တစ်ခု ရှိခြင်းအားဖြင့် စတင်ကြပြီး၊ သူတို့၏ အသိစိတ်အပေါ် အမှီပြုကာ “ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ရွေးကောက်ခြင်းကို ထိုက်တန်ရမည်” ဟု ပြောနိုင်စွမ်းရှိကြသည်။ ထို့ကြောင့် သူတို့၏ အသိစိတ်က အကျိုးသက်ရောက်မှု ရှိသောအခါ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ သေချာပေါက် မရှိပါ၊ သို့သော် သူတို့တွင် အနည်းဆုံး ဤဆန္ဒရှိပါက သူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူလာသည်၊ ယင်းမှာ လူတို့အနေဖြင့် သမ္မာတရားကို ရရှိရန်အတွက် အခြေခံအကျဆုံး အုတ်မြစ်ပင် ဖြစ်၏။ လူအချို့သည် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ပုန်းလျှိုးဖို့ရန်သာ အရေးစိုက်ကြသည်။ အချို့က အခြားသူများကို ကာကွယ်ပြီး မိမိကိုယ်ကို ဂရုမစိုက်ကြချေ။ သူတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အချို့က တောင့်ခံကြပြီး အချို့က တွန်းလှန်တိုက်ခိုက်ကြသည်။ ဤသည်တို့မှာ လူ့သဘာဝထဲရှိ ကွဲပြားချက်များ ဖြစ်သည်။ သို့ဖြစ်၍ မည်သို့သောလူမျိုးသည် သမ္မာတရားကို ရရှိနိုင်ခြေရှိသနည်း။ လူများစွာတို့က ဘုရားသခင်ရှေ့မှောက်တွင် ခိုင်မာသော သန္နိဋ္ဌာန်များကို ချမှတ်ထားကြပြီး မိမိတို့၏ အသက်တာတစ်ခုလုံးကို သူ့အား ပေးအပ်ရန်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံရန်နှင့် အပြန်အလှန်အနေဖြင့် ဘာမျှမမျှော်ကိုးရန်အတွက် သစ္စာဆိုထားကြပြီး ဖြစ်သည်။ သို့သော် မကောင်းသည့် လူ့သဘာဝရှိသော လူတို့သည် မည်သည့်အခါတွင်မျှ အလျော့ပေးခြင်း သို့မဟုတ် သည်းခံခြင်းမရှိဘဲ အကျိုးအမြတ်အတွက် အမြဲ ရုန်းကန်နေကြပြီး၊ အသိစိတ်အတိုင်း မည်သည့်အခါတွင်မျှ ပြုမူနေခြင်း မရှိကြချေ။ ဤကဲ့သို့သော လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) မည်သည့် လူစားမျိုးအတွက် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရရန်နှင့် သမ္မာတရား ရရှိရန် လွယ်ကူသနည်း။ (ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများဖြစ်ပါသည်။) ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်၊ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတို့ကို စည်းမျဉ်းများနှင့် တာဝန်သိစိတ်တို့ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို စိစစ်ပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ ဆိုးယုတ်သောလူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်အခြေခံစည်းမျဉ်းများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သောလူများ ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ချစ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ချစ်ခြင်းသည် ဘုရားသခင်ကို ၎င်းတို့ပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ထိုသို့သောလူများသည် လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် လူ့သဘာဝရှိသည့်သူများ မဟုတ်ပေ။ သူတို့၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထိုသို့သော လူတို့အတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။

သမ္မာတရားကို မည်ကဲ့သို့သောလူစားမျိုးက ရရှိနိုင်ကြောင်းကို သင်တို့အားလုံး ယခု နားလည်သလော။ လူတိုင်းက သမ္မာတရားကို လိုက်စားလိုသည်၊ သူတို့အားလုံးက ဘုရားသခင်ကို ယုံကြည်ကြသည်၊ အတူစုဝေးပြီး တရားဒေသနာများကို နာယူကြသည်၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ပြီး သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုကြသည်၊ သို့သော် လူအချို့သည် နှစ်အနည်းငယ်ကြာပြီးနောက် မိမိတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သက်သေခံချက်များအကြောင်းကို ပြောပြပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သော်လည်း လူတချို့ကမူ အတွေ့အကြုံနှင့်ဆိုင်သော သက်သေခံချက်များ လုံးဝ မရှိသကဲ့သို့ မည်သည့်တာဝန်ကိုမျှလည်း ကောင်းစွာ မလုပ်ဆောင်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ကွာခြားချက်မှာ အဘယ်နည်း။ အမှန်တွင် ကွာခြားချက်မှာ သူတို့၏ လူ့သဘာဝကြားက ကွဲပြားခြင်းဖြစ်သည်။ လူအချို့က အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော်လည်း အခြားသူတို့ကမူ မရှိချေ။ လူအချို့က သမ္မာတရားကို ချစ်သော်လည်း အခြားသူတို့ကမူ မချစ်ပေ။ သို့ဖြစ်၍ မည်ကဲ့သို့သော လူစားမျိုးက သမ္မာတရားကို အလွယ်တကူ ရရှိနိုင်သနည်း။ (ဘုရားသခင်အပေါ် စစ်မှန်သောသူ၊ ရိုးသားသောသူ၊ လူ့သဘာဝရှိသောသူ၊ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသောသူတို့ ဖြစ်ကြသည်။) ဤသည်မှာ အလွန် အရေးကြီး၏။ ယခုအခါတွင် သင်တို့သည် ယင်းကို နားလည်ကြပြီဖြစ်သဖြင့် ဤအရာကို စဉ်းစားသင့်သည်။ သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းသည် လူတို့၏ အသွင်အပြင်၊ အစွမ်းအစ၊ ပညာအဆင့်အတန်း၊ သူတို့၏ မွေးဇာတိ၊ အသက်အရွယ်၊ မိသားစု အသိုင်းအဝိုင်း၊ စွမ်းရည်များ၊ သို့တည်းမဟုတ် သူတို့ ကျွမ်းကျင်ပိုင်နိုင်သော အသက်မွေးဝမ်းကြောင်း ပညာရပ်တို့နှင့် ဆက်စပ်သလော။ ယင်းတို့က အခြေခံအားဖြင့် မဆက်စပ်ပါဟု သင်တို့ ဆိုနိုင်သည်။ လူအချို့က အစွမ်းအစ နိမ့်ကျသော်လည်း သူတို့ကိုယ်နှိုက်က အလွန် အားထားလောက်သည်။ သူတို့သည် စိတ်မချစရာမရှိ၊ လှည့်ဖြားခြင်းမရှိဘဲ မိမိ၌ ရှိသမျှစွမ်းအားကို အသုံးပြုသည့်အပြင် တာဝန်ကျေပွန်ပြီး အမှုအရာများအတွက် တာဝန်ယူတတ်ကြသည်။ အကယ်၍ သူတို့ အမှားလုပ်မိလျှင် သမ္မာတရားကို လက်ခံပြီး စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ အခက်အခဲများ ရှိသောအခါ သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ မိမိတို့ တာဝန်ထမ်းဆောင်ခြင်း၏ ရလဒ်များက တိုး၍ကောင်းမွန်လာပြီး ဆုကျေးဇူးရှိသော လူတို့က သူတို့ကို အထင်သေးလျှင်ပင် ဤသို့သောလူစားမျိုးကို ဘုရားသခင် နှစ်သက်သည်။ ဘုရားသခင်သည် လူတို့ကို ကျေးဇူးတော် ပေးသနားပြီး သမ္မာတရားကို နားလည်သောအခွင့်ပေးသောအခါ သူသည် ထိုသူတို့၏ အပြင်ပန်းသဏ္ဌာန်၊ ပညာအဆင့်အတန်း၊ သူတို့အစွမ်းအစ၏ အရည်အသွေး၊ သို့တည်းမဟုတ် သူတို့၏ နှုတ်ရေးကောင်းခြင်းကို မကြည့်၊ ဤအရာတစ်ခုကိုမျှ ဘုရားသခင် မကြည့်ပေ။ လူအချို့က “ကျွန်ုပ်သည် စကားပြောနှေးကွေးပြီး နှုတ်လေးသော်လည်း စကားပြောရာမှာ စွမ်းရည်ပြည့်ဝသော လူတို့ကို မြင်ရသည်။ ကျွန်ုပ်သည် အရပ်လည်း မရှည်သကဲ့သို့ ထူးထူးခြားခြား ပုံလည်းမပေါက်လှပါ။ ပညာမတတ်သည့်အပြင် ကျွန်ုပ်၏ အစွမ်းအစက သိပ်မကောင်းလှပါ။ ယင်းသည် ကျွန်ုပ်ဇာတ်သိမ်းသွားပြီဟူသည့်သဘော မဟုတ်လော” ဟု ပြောတတ်ကြသည်။ ယင်းက မည်ကဲ့သို့သော အတွေးမျိုး ဖြစ်သနည်း။ ယင်းက ဘုရားသခင်အား နားလည်မှုလွဲမှားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်သဘော မဟုတ်လော။ (ဟုတ်ပါသည်။) ဤရှုထောင့်ကို ပိုင်ဆိုင်သော လူတို့သည် ပုန်ကန်လိုသည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ နားမလည်ပေ။ သူတို့က ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရသောသူတို့၊ သို့မဟုတ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် ဦးဆောင်ခြင်းခံရသော သူတို့အားလုံးမှာ ဆုကျေးဇူးရှိကြသည်၊ ထိုသူတို့က ကောင်းမွန်စွာ စကားပြောဆိုနိုင်ကြသည်၊ ပညာကောင်းကောင်းတတ်ကာ အသိပညာ ရှိကြသည်၊ ထိုသူတို့အားလုံးမှာ ပါရမီရှင်များ ဖြစ်ကြသည်၊ ထို့အပြင် ဘုရားသခင်က ထိုသူတို့ကို နှစ်သက်သည်ဟု ထင်ကြသည်။ ဤသည်မှာ ဘုရားသခင်အား အသရေဖျက်ခြင်း မဟုတ်လော။ ထိုသူတို့က ဘုရားသခင်၏စိတ်ကို လုံးလုံး သဘောပေါက်နားလည်ခြင်း မရှိကြ။ လူတို့က ဘုရားသခင်သည် ဖြောင့်မတ်ပြီး လူတို့၏ စိတ်နှလုံးအတွင်းကျကျကို စောင့်ကြည့်လေ့လာသည်ဟု အမြဲပြောကြသည်၊ သို့သော် ထိုသူတို့အပေါ် အမှုအရာများဖြစ်ပျက်သောအခါ လူတို့သည် ဘုရားသခင်ကို နားလည်မှုလွဲကြသည်။ ယခု သင်သည် အနည်းငယ် ပိုနားလည်ပြီလော။ ဘုရားသခင်သည် လူတို့ကို ကြည့်သောအခါ ဘာကိုမြင်သနည်း။ သူသည် ထိုသူတို့၏ နှလုံးသားကို မြင်တွေ့သည်။ လူတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတိုင်းကို သူတို့၏ စိတ်နှလုံးက ထိန်းချုပ်လေသည်။ အကယ်၍ သင်၏ စိတ်နှလုံးက ရိုးသားလျှင် သင်သည် ကောင်းသော လူ့သဘာဝ ရှိမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်စွမ်း ရှိလာမည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြနိုင်မည်ဖြစ်သည်။ အကယ်၍ သင်၏ စိတ်နှလုံးသည် လွန်စွာ လှည့်ဖြားတတ်ပြီး ကန့်သတ်ပိတ်ဆို့ထားကာ ခေါင်းမာနေလျှင်၊ သင်သည် အတ္တကြီးပြီး လူ့သဘာဝကောင်းမရှိဘဲ ဘုရားသခင် မည်သို့လုပ်ဆောင်သင့်သည်ဟု တွေးတောကာ အယူအဆများ၌ အမြဲတမ်း ပိတ်မိနေလျှင် သင်၏ အယူအဆများနှင့် မကိုက်ညီသည့် အရာတစ်ခုကို ကြုံတွေ့ရသောအခါ သင်သည် ဘုရားသခင်ကို နားလည်မှုလွဲမှားပြီး သူ၏ ရည်ရွယ်ချက်များကို မည်သည့်အခါမျှ နားမလည်လျှင် သမ္မာတရားကို သင်ရရှိနိုင်ပါမည်လော။ မရရှိနိုင်ပါ။ အဆုံးတွင် သမ္မာတရားကို သင်မရရှိနိုင်သောအခါ မိမိကိုယ်ကို အပြစ်တင်မည်လော၊ အခြားသူများကို အပြစ်တင်မည်လော၊ သို့မဟုတ် ဘုရားသခင် မတရားပါဟုဆိုကာ ဘုရားသခင်ကို စောဒကတက်မည်လော။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အပြစ်တင်မည်။) မှန်၏၊ သင်တို့ မိမိကိုယ်ကို အပြစ်တင်မည်။ သို့ဆိုလျှင် ဤသို့သောလူတစ်ဦးသည် သမ္မာတရားကို ရရှိရန်အတွက် ဘာလုပ်သင့်သနည်း။ သူသည် သမ္မာတရားကို ရှာဖွေ၍ လက်တွေ့လုပ်ဆောင်ရမည်၊ ထို့အပြင် သတ်သတ်မှတ်မှတ် နည်းလမ်းများ၌ ပြုမူကျင့်ကြံပြီး လက်တွေ့လုပ်ဆောင်ရမည်။ အကယ်၍ သူသည် လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ နားလည်ပါက သမ္မာတရားကို မရရှိနိုင်သေးချေ။ သင့်ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လှည့်ကွက်များသည် သင့်အထဲ၌ ပေါ်ထွက်လာပြီး ယင်းကို သင်သဘောပေါက်သောအခါ ယင်းကို ဖြေရှင်းဖို့ရန်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ သင်သတိပြုသင့်သည့် ပထမဆုံးအရာမှာ အနှစ်သာရအားဖြင့် ဤနည်းအတိုင်း လုပ်ဆောင်ခြင်းက သမ္မာတရားစည်းမျဉ်းများနှင့်ဆန့်ကျင်ကာ ယင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူဖြစ်သည်၊ ယင်းက အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသောလူတို့ ပြုသင့်သည့်အရာ မဟုတ်ချေ။ သင့်ကိုယ်ပိုင် အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်မှုများကို ဘေးဖယ်ထားပြီး အသင်းတော်၏ အလုပ်ကို စဉ်းစားသင့်သည်။ ယင်းက ဘုရားသခင်၏ရည်ရွယ်ချက်များ နှင့် အညီ ဖြစ်၏။ ဆုတောင်းခြင်းနှင့် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ခြင်း ပြုလုပ်ပြီးနောက် ထိုသို့လုပ်ဆောင်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို သင်အမှန်တကယ် သဘောပေါက်ပါက မိမိကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ခြင်းကို ဘေးဖယ်ခြင်းက လွယ်ကူလိမ့်မည်။ သင်၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ကိုယ်ကျိုးအတွက် အကြံအစည်များကို သင်ဘေးဖယ်သောအခါ တည်ငြိမ်သွားသည်ဟု ခံစားရမည်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိမည်၊ ထို့အပြင် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် အသင်းတော်၏ အလုပ်ကို စဉ်းစားသင့်ကြောင်း၊ ထိုသူသည် မိမိတို့၏ တစ်ကိုယ်ရေ ကိုယ်ကျိုးစီးပွားများအပေါ်၌သာ အာရုံမစူးစိုက်သင့်ကြောင်း၊ ယင်းက အလွန် တစ်ကိုယ်ကောင်း ဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကာ အသိတရား၊ သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့မည်ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ကိုယ်ကျိုးမငဲ့ဘဲ အသင်းတော်အလုပ်အတွက် စဉ်းစားခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေရန် တစ်ခုတည်းအတွက်သာ အမှုအရာများကို လုပ်ဆောင်ခြင်းသည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့်အပြင် သင့်အသက်ရှင်ခြင်းအပေါ် တန်ဖိုးတက်စေမည်ဖြစ်သည်။ ကမ္ဘာမြေပေါ် ဤသို့အသက်ရှင်ရင်း သင်သည် ပွင့်လင်းရိုးသားကာ၊ သာမန်လူ့သဘာဝနှင့် လူသား၏ စစ်မှန်သောပုံရိပ်ဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး သင်သည် လိပ်ပြာသန့်သည်သာမက ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အရာများအားလုံးနှင့်လည်း ထိုက်တန်ပေသည်။ သင်သည် ဤကဲ့သို့အသက်ရှင်လေ ပို၍တည်ငြိမ်သည်ဟု ခံစားရလေ၊ ပို၍ငြိမ်သက်ပြီး ဝမ်းမြောက်ကာ ပို၍ မျှော်လင့်ချက်ရှိသည်ဟု ခံစားရလေဖြစ်မည်။ သို့ဖြစ်လျှင် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်မှုလမ်းကြောင်းပေါ် သင်စတင်လျှောက်လှမ်းနှင့်ပြီးဖြစ်လိမ့်မည် မဟုတ်လော။

တစ်ကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ လှည့်ဖြားခြင်းနှင့် မုသားဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်မှာ သူတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိမရှိအပေါ် မူတည်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူတို့အားလုံးက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းတီးရွံရှာသည်၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းအပြင် သူတို့၏ လှည့်ဖြားတတ်ခြင်းနှင့် မုသားများကို မုန်းတီးရွံရှာကြသည်။ ဤအရာများက သူတို့အား ညစ်ညမ်းအောင်လုပ်ခြင်းကိုဖြစ်စေ၊ ထိန်းချုပ်ခြင်းကိုဖြစ်စေ ခွင့်ပြုရန် အလိုမရှိကြပေ။ သမ္မာတရားကို ချစ်သောသူတို့သည် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိမြင်လာနေသရွေ့ သူတို့အနေဖြင့် ဤအပျက်သဘောဆောင်သော အမှိုက်သရိုက်ကို စွန့်ပစ်ရန် လွယ်ကူလေသည်။ သမ္မာတရားကို မချစ်သောသူတို့မှာ ဤအပျက်သဘောဆောင်သော အရာများကို ရတနာများသဖွယ် မှတ်ယူကြသည်။ ထိုသူတို့သည် မိမိကိုယ်ကျိုးကို အလွန်ခုံမင်ကြသည်၊ ဇာတိပကတိကို ပုန်ကန်ရန် အလိုမရှိကြသည့်အပြင် အလွန်ခေါင်းမာကြသည်။ ရလဒ်အားဖြင့် သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာ ဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်နိုင်သည်သာမက သူ့ကိုလည်း ကျိုးနွံနာခံနိုင်စွမ်း မရှိကြချေ။ ယင်းမှာ လူတို့သည် သမ္မာတရားကို ချစ်လည်းမချစ်၊ လက်လည်းမခံကြသောကြောင့် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ထိုသို့သော နားဝေတိမ်တောင်ပုံစံဖြင့် ယုံကြည်နေကြခြင်းဖြစ်သည်။ သူတို့အနေဖြင့် သက်သေရပ်တည်ရမည့်အချိန် ရောက်သောအခါ သူတို့၏နှုတ်က ဆွံ့အပြီး ဘာမျှပြောနိုင်စွမ်း မရှိတော့ပေ။ လူတို့သည် သမ္မာတရားအကြောင်း တရားဒေသနာများကို နှစ်ပေါင်းများစွာ နာယူခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ စိတ်နေသဘောထားကို သူတို့ထံ အမြဲတမ်း သိစေခဲ့ပြီးဖြစ်သောကြောင့် သမ္မာတရားကို လိုက်စားသောသူတို့သည် ယင်းကို နားလည်ပြီးဖြစ်သင့်သည်၊ သို့သော် သမ္မာတရားကို မချစ်သောသူတို့မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိကိုယ်ကို မဖွင့်ဟလိုကြချေ။ သူတို့၏ နှလုံးသားက ဇာတိပကတိ၏ နှစ်သက်လိုလားမှုများကို မစွန့်လွှတ်လိုကြသဖြင့် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ရိုးသားစွာဖွင့်ဟခြင်းကို တကယ်ပင် လက်တွေ့မလုပ်ဆောင်ဝံ့ကြချေ။ သူတို့သည် ဘုရားသခင်က လူတို့ကိုပေးသော ကျေးဇူးတော်ကို အနှောင်အဖွဲ့ကင်းစွာ ပျော်မွေ့လိုကြသည်။ သို့ရာတွင် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်လိုကြချေ။ ဘုရားသခင်က “သင်သည် ငါ၏ ကျေးဇူးတော်ကို ရရှိလိုပါက၊ ဤသမ္မာတရားများကို ရရှိလိုပါက စည်းကမ်းသတ်မှတ်ချက်တစ်ခုသာရှိသည်။ သင်၏ ကိုယ်ကျိုးကို စွန့်လွှတ်ပြီး သင်၏ စစ်မှန်သောနှလုံးသားကို ငါ့အား ပေးရမည်” ဟူ၍ ပြောသည်။ လူတို့က ဤသတ်မှတ်ချက်တစ်ခုကိုပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြသည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုလည်းကောင်း တောင်းဆိုရန် အလိုရှိကြသေးကာ သမ္မာတရားကို ရယူလိုကြသည်။ သို့သော် သူတို့၏ စစ်မှန်သော နှလုံးသားကို ဘုရားသခင်အား မပေးလိုကြပေ၊ သို့ဖြစ်၍ သူတို့သည် အဘယ်သို့သော လူစားမျိုးနည်း။ စာတန်၏အမျိုးပင် မဟုတ်ကြသလော။ ၎င်းတို့သည် တစ်ချိန်တည်းတွင် နှစ်မျိုးစလုံး ဖြစ်နိုင်သလော။ အမှန်စင်စစ် မဖြစ်နိုင်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကိုယ်တော်၏ စိတ်နေသဘောထားကို လူတို့ထံ အမြဲတမ်း ပွင့်ပွင့်လင်းလင်း သိစေပြီးဖြစ်သည်။ အကယ်၍ လူတစ်ဦးက သမ္မာတရားကို လုံးဝ လက်မခံပါက၊ သို့တည်းမဟုတ် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက ယင်းက သူတို့သည် အလွန်ခေါင်းမာပြီး ဘုရားသခင်အား သူတို့နှလုံးသားကို ပေးအပ်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရယူနိုင်စွမ်း မရှိကြသည်သာမက ဘုရားသခင်၏ စိတ်နေသဘောထားကိုလည်း သိမြင်လာနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်က လူတို့ကို မတရားဆက်ဆံသောကြောင့် မဟုတ်ချေ။ လူတို့က “ဘုရားသခင်သည် သူအလိုရှိသူကို ကရုဏာဖြင့် ဆက်ဆံသည်” ဟူသော ဆိုရိုးအတိုင်း ဘုရားသခင်ကို မကြာခဏ ကိုးကားကြသည်၊ သို့သော် ဤစကားရပ်၏ ဆိုလိုရင်းကို သူတို့ နားမလည်ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ဘုရားသခင်ကို နားလည်မှုလွဲကြသည်။ သူတို့က ကျေးဇူးတော်သည် ဘုရားသခင်ထံမှ လာသည်၊ ယင်းကို သူအလိုရှိသူအား ပေးသည်၊ ထို့အပြင် ကိုယ်တော်သည် သူအလိုရှိသူအပေါ် ကောင်းမြတ်သည်ဟု ထင်တတ်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ ယင်းက လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ မဟုတ်လော။ ဘုရားသခင်သည် လူတို့ကို သူတို့၏ အနှစ်သာရအပေါ် မူတည်၍ ဆက်ဆံသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောအခါ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ခုခံပါက ရလဒ်က ကွဲပြားသွားမည်။ အမှန်တရားမှာ ဘုရားသခင်သည် လူတိုင်းအပေါ် မျှတပြီး သူတို့ကို စည်းမျဉ်းနှင့်အညီ ဆက်ဆံသည်၊ မိမိ၏စိတ်နှလုံးများ အလွန်မာကျောသော လူသားမျိုးနွယ်တစ်စုရှိသောကြောင့် ဘုရားသခင်သည် သူတို့ကို ခြားနားစွာ ဆက်ဆံမှဖြစ်မည်။ လူတစ်ဦးစီအပေါ် ဘုရားသခင်ပြုသော အရာများမှာ ကွဲပြားပြီး ယင်းက သူသည် အမှုအရာများကို အခြေခံသဘောတရားများအတိုင်း ပြုလုပ်ကြောင်း ရှင်းပြသည်။ ဘုရားသခင်သည် လူတစ်ဦးစီအပေါ် ဖြောင့်မတ်သည်။ ဥပမာအားဖြင့် သမ္မာတရားကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့မှောက်သို့ မလာသောလူများစွာ ရှိသည်။ ထိုသူတို့သည် မိမိတို့အတွက် ကောင်းမွန်သော ဘဝနှင့် အနာဂတ်ကို တည်ဆောက်ရန် ကိုယ်ပိုင်လက်နှစ်ဖက်ကိုသာ အားထားလိုကြသည်။ သူတို့သည် မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် အနာဂတ်ကို ထိန်းချုပ်လိုကြပြီး မိမိကံကြမ္မာအား ထိန်းချုပ်နိုင်ခြင်းသည် မိမိတို့လက်ထဲ၌သာရှိသည်ဟု ယူဆကြသည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အကြံအစည်များကို လက်မခံသကဲ့သို့ သူ့အား ကျိုးနွံနာခံခြင်း မရှိကြဘဲ သူတို့ကို ကျေနပ်စေရန် ဘုရားသခင်ကို အလိုရှိကြသည်။ သူတို့သည် မှောက်မှား၍ ကျရှုံးသောအခါ ဘုရားသခင် မတရားပါဟု မကျေမနပ်ပြောကြသည်။ ယင်းက အသိတရားရှိသလော။ ထိုသူတို့သည် လွန်စွာ ပညာမဲ့ပြီး ခေါင်းမာကြ၏။ သို့သော် မိမိကိုယ်ကို တော်လှသည်ဟု အမြဲထင်ကြသည်။ သူတို့က “လူအချို့က သူတို့မိသားစုကို စွန့်လွှတ်ကြကာ မည်သည့်အရာကိုမျှ မလိုချင်ကြပေ။ သူတို့တစ်ဘဝလုံး သူတို့၏တာဝန်ကို လုပ်ဆောင်ကြကာ ဘုရားသခင်အား သူတို့၏ စစ်မှန်သော နှလုံးသားကို ပေးအပ်ကြပြီး သူတို့ ဘာပြန်ရသနည်း။ အနာဂတ်တွင် ဘုရားသခင်က ဘာလုပ်မည်ကို သူတို့မသိသော်လည်း အရာရာကို ဆက်ကပ်ကြကာ မိမိကိုယ်ကို ထွက်ပေါက်မပေးကြချေ။ ဤလူတို့သည် အလွန်မိုက်မဲကြပေ၏။ ကြည့်ပါ၊ ကျွန်ုပ် အဘယ်မျှ တော်သနည်း၊ ဤနည်းလမ်းကို ကျွန်ုပ်လိုက်၏။ ကျွန်ုပ်က လှေနံနှစ်ဖက်နင်းသည်။ မည်သည့်အရာကိုမျှ စွန့်လွှတ်စရာ မလိုသကဲ့သို့ မည်သည့်အရာ၌မျှ နှောင့်နှေးစရာ မရှိသည့်အပြင် အဆုံးတွင် ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရမည်” ဟု ထင်တတ်ကြသည်။ ဤလူသည် တော်သလော၊ သို့မဟုတ် သူသည် လူမိုက်တစ်ယောက်လော။ (လူမိုက်တစ်ယောက်ဖြစ်သည်။) ထိုသူသည် လူမိုက်တစ်ယောက်ဖြစ်သည်မှာ အမှန်ပင်။ တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်ရလျှင် တော်သောသူတို့နှင့် မသိနားမလည်၍ ခေါင်းမာသောလူတို့မှာ သူတို့၏ လူ့သဘာဝ၌ ကွာခြား၏။ တော်သောသူတို့တွင် ကောင်းသော လူ့သဘာဝရှိကာ၊ မသိနားမလည်၍ ခေါင်းမာသော လူတို့တွင် ဆိုးဝါးသော လူ့သဘာဝရှိသည်။ တော်သောလူတို့က သမ္မာတရားကို လက်ခံသော်လည်း မသိနားမလည်၍ ခေါင်းမာသော လူတို့က လက်မခံကြသဖြင့် သူတို့၏ အဆုံးသတ်များက ခြားနားမည်ဖြစ်သည်။

မိမိ၏တာဝန်ကို လုပ်ဆောင်ရာ၌ အဓိက လူအမျိုးအစား နှစ်မျိုးရှိသည်။ တစ်ဦးမှာ မိမိကိုယ်ကို ဘုရားသခင်အတွက် စိတ်ရင်းအတိုင်း အသုံးခံသောသူဖြစ်ကာ၊ နောက်တစ်ဦးမှာ မိမိအတွက် ထွက်ပေါက်တစ်ခုကို အမြဲဖွင့်ထားသောသူမျိုး ဖြစ်သည်။ မည်သည့်လူစားမျိုးကို ဘုရားသခင် အသိအမှတ်ပြုပြီး ကယ်တင်မည်ဟု သင်တို့ထင်ကြသနည်း။ (ဘုရားသခင်အတွက် စိတ်ရင်းအတိုင်း မိမိကိုယ်ကို အသုံးခံသောသူတို့ ဖြစ်ကြသည်။) ဘုရားသခင်သည် သူ့အတွက် မိမိကိုယ်ကို စိတ်ရင်းအတိုင်း အသုံးခံသော လူတို့ကို ရယူလိုသည်။ အမှန်တွင် ဘုရားသခင်သည် လူတို့အပေါ် တောင်းဆိုချက်များစွာ မရှိချေ။ လူတို့သည် မိမိတို့၏ တာဝန်ကို လုပ်ဆောင်သောအခါ စိတ်ရင်းအတိုင်းလုပ်ဆောင်ရန်သာ သူ တောင်းဆိုသည်။ သူသည် သင်၏ တစ်ကိုယ်ရေအကျိုးအမြတ်ကို နုတ်ယူသွားလိုသည်မဟုတ်ပေ။ ဘုရားသခင်သည် သင်၏တာဝန် ထမ်းဆောင်ရာ၌ လေ့ကျင့်ပေးဖို့ရန်နှင့် စွမ်းရည်မျိုးစုံကို တိုးတက်စေဖို့ရန် သင်တို့အား အခွင့်အရေးများကို ပေးခဲ့ပြီဖြစ်ပြီး သူလိုချင်သောအရာမှာ လူတို့၏ ရိုးသားမှန်ကန်မှုဖြစ်သည်။ သင့်တာဝန်ကို မည်သည့်နေရာ၌ လုပ်ဆောင်ပါစေ၊ သို့မဟုတ် သင့်တာဝန်က မည်သည့်အရာဖြစ်ပါစေ၊ ဘုရားသခင်သည် သင်၏ ဆုကျေးဇူးများနှင့် စွမ်းရည်များကို တိုးတက်အောင်လုပ်ဖို့ အကြီးမားဆုံး နယ်ပယ်ကို သင့်အား ပေးအပ်ထားပြီဖြစ်ပြီး အဆုံးတွင် ဘုရားသခင်သည် ပတ်ဝန်းကျင်နှင့် တာဝန်မျိုးစုံ၌ သမ္မာတရားကို ရရှိရန်၊ သူ၏ ရည်ရွယ်ချက်များကို နားလည်ရန်နှင့် လူသားတစ်ဦး၏ အသွင်သဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သင့်ကို အခွင့်ပေးလိုသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်၏။ ဘုရားသခင်က သင့်ထံမှ အရာရာကို နုတ်ယူလိုသည်မဟုတ်၊ ထို့ထက် သူသည် သင့်အတွက် အရာရာကို စုံလင်စေလိုသည်။ သင့်ကို အရာအားလုံးကို ပေးအပ်လိုခြင်း ဖြစ်သည်။ လူအချို့က အမြဲတမ်း သဘောထား ကျဉ်းမြောင်းကြသည်။ ထိုသူတို့သည် လောကီကမ္ဘာတွင် အသက်မွေးဝမ်းကျောင်းပညာကို လေ့လာဆည်းပူးထားကြသောအခါ မိမိတို့တာဝန်ကို လုပ်ဆောင်လျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းပညာရပ် အားလုံးကို လျစ်လျူရှုထားပြီးဖြစ်မည်ဟု ထင်ကြသည်။ အကယ်၍ ယင်းကို အသုံးမပြုဘဲ ပစ်ထားခဲ့လျှင်လည်း ယင်းက ဆုံးရှုံးသွားသည်နှင့် အမှန်ပင် ညီမျှမည်လော။ သင့်တာဝန်ကို ယခုထမ်းဆောင်ခြင်းအားဖြင့် သမ္မာတရားနှင့် အသက်ကို ရရှိမည်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ရလျှင် မည်သည်က ပို၍ တန်ဖိုးရှိသနည်း။ အသုံးမဝင်ဘဲ လျစ်လျူရှုခံရသော အနည်းငယ်သော အသိပညာလော၊ သို့တည်းမဟုတ် သမ္မာတရားနှင့် အသက်လော။ ထို့ထက်ပိုပြီးလျှင် သင့်တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သင်လေ့လာဆည်းပူးထားသည့် အမှန်တကယ် အသုံးဝင်သော အရာများကို တိုးတက်လာပြီး အသုံးချ၍ ရနိုင်သည်။ အကယ်၍ သင့်တာဝန်ကို လုပ်ဆောင်ရန်အတွက် ၎င်းတို့ကို သင်အသုံးပြုခဲ့ပြီးဖြစ်လျှင် ဤအရာများအပေါ် သင့်မှတ်ဉာဏ်က ပို၍ပင် အားကောင်းလာမည် မဟုတ်လော။ သင်အသုံးမပြုသည့် အရာများအား မှတ်မိနေခြင်းသည် စိတ်ငြိုငြင်စရာနှင့် ကသိကအောက်ဖြစ်ခြင်းပင် ဖြစ်သောကြောင့် ၎င်းတို့ကို အသုံးမပြုဘဲ ပစ်ထားခြင်းသည် နည်းနည်းမျှ အကြောင်းမလှစရာ မရှိချေ။ ယခုပင် သင့်တာဝန်ကို သင်လုပ်ဆောင်ရင်း သင်တို့၏ ဝါသနာများနှင့် စွမ်းရည်များမှာ တိုးတက်လာသည်။ ထို့အပြင် သင်တို့သည် ဤအချိန်အတောအတွင်း ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်တို့၏ တာဝန်ကို သင်တို့လုပ်ဆောင်ရင်း သမ္မာတရားကို နားလည်ပြီး အသက်တာ၏ မှန်ကန်သောလမ်းပေါ်သို့ ဝင်ရောက်နိုင်စွမ်း ရှိမည်ဖြစ်သည်။ ပျော်ရွှင်စရာအဖြစ်၊ ကောင်းသောကြမ္မာပေတည်း။ ယင်းကို သင်မည်သို့ပင် ကြည့်ပါစေ ယင်းက ဆုံးရှုံးမှုမဟုတ်ပါ။ သင်တို့သည် ဘုရားသခင်နောက် လိုက်နေရင်း အပြစ်တည်နေရာများမှ မိမိကိုယ်ကို ကင်းကွာစေပြီး ဆိုးယုတ်သောလူအုပ်စုများဖြင့် ခပ်ကင်းကင်းနေလော့။ အနည်းဆုံးအနေဖြင့် သင့်စိတ်ကူးများနှင့် နှလုံးသားတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးမှုနှင့် နင်းခြေခြင်းကို ဆက်၍ ခံစားရတော့မည် မဟုတ်ချေ။ စင်ကြယ်သော နယ်မြေတစ်ခုသို့ သင်ရောက်လာခဲ့ပြီ၊ ဘုရားသခင်ရှေ့မှောက် ရောက်လာခဲ့ပြီ။ ဤသည်မှာ ဧရာမ ကံကောင်းခြင်းမဟုတ်သလော။ လူတို့သည် ယခုပစ္စုပ္ပန်အထိ တစ်ခေတ်ပြီးတစ်ခေတ် လူဝင်စားလာကြပြီး သူတို့၌ ထိုသို့သော အခွင့်အရေးများ အဘယ်မျှရှိသနည်း။ နောက်ဆုံးသောကာလထဲ၌ မွေးဖွားသော လူတို့သာလျှင် ဤအခွင့်အရေးကို ရရှိကြသည် မဟုတ်လော။ ယင်းက ကြီးမားသော အရာတစ်ခုပင်တည်း။ ယင်းက ဆုံးရှုံးမှုကိစ္စရပ်တစ်ခု မဟုတ်၊ အကြီးမားဆုံးသော ကံကောင်းခြင်းပင်ဖြစ်သည်။ သင်အလွန်ပျော်ရွှင်သင့်လေသည်။ ဖန်ဆင်းခံများအနေဖြင့် ဖန်ဆင်းခြင်းတစ်ခုလုံးအလယ် ကမ္ဘာမြေပေါ်က ဘီလီယံအနည်းငယ်မျှသော လူတို့အကြား ဖန်ဆင်းခံများအဖြစ် မိမိတို့၏ ပင်ကိုလက္ခဏာများထဲ၌ ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို သက်သေခံရန်၊ ဘုရားသခင်၏အလုပ်ထဲတွင် မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို လုပ်ဆောင်ရန် အခွင့်အရေးကို ရရှိသောသူ လူမည်မျှရှိသနည်း။ မည်သူသည် ထိုသို့သော အခွင့်အရေးမျိုးရှိသနည်း။ ထိုသို့သောလူများစွာရှိသလော။ အလွန်နည်းသောသူတို့သာ ရှိ၏။ အချိုးအဆမှာ အဘယ်နည်း။ လူတစ်သောင်းမှာ တစ်ယောက်လော။ မဟုတ်ပါ၊ ထို့ထက်ပင် ပိုနည်း၏။ အထူးသဖြင့် တာဝန်ကို လုပ်ဆောင်ရန် သင်တို့ လေ့လာဆည်းပူးထားသည့် သင်တို့၏ စွမ်းရည်များနှင့် အသိပညာကို အသုံးချနိုင်သော သင်တို့သည် လွန်စွာမှပင် ကောင်းချီးခံစားရသည် မဟုတ်လော။ သင်သည် လူတစ်ဦးကို သက်သေခံခြင်းမဟုတ်သည့်အပြင် သင်လုပ်သည့်အရာသည် သက်မွေးမှုလုပ်ငန်းတစ်ခု မဟုတ်။ သင်အစေခံသောသူသည် ဖန်ဆင်းရှင်ဖြစ်၏။ ဤသည်ကား အလှပဆုံးနှင့် အဖိုးအထိုက်ဆုံး အရာတည်း။ သင်တို့ ဂုဏ်မယူသင့်သလော။ (ဂုဏ်ယူသင့်ပါသည်။) တာဝန်ကို လုပ်ဆောင်ရင်း၊ သင်တို့သည် ဘုရားသခင်၏ ရေလောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းကို ရရှိကြသည်။ ထိုသို့သော ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် အခွင့်အရေးဖြစ်၍ သင်သည် မည်မည်ရရ ဘာတစ်ခုမျှ မရရှိပါက၊ သမ္မာတရားကို မရရှိပါက သင့်ဘဝတစ်လျှောက်လုံး နောင်တရနေမည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့သည် တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေးကို အမိအရ ယူရမည်ဖြစ်ပြီး ယင်းအား သင့်ကို လွန်မသွားစေနှင့်။ တာဝန်ကို လုပ်ဆောင်ရင်း သမ္မာတရားကို အသည်းအသန် လိုက်စားပြီး ရယူလော့။ ဤသည်မှာ သင်လုပ်ဆောင်နိုင်သော အဖိုးထိုက်ဆုံးအရာ၊ အဓိပ္ပာယ်ရှိဆုံးသော ဘဝပင်ဖြစ်သည်။ ဖန်ဆင်းခံသက်ရှိများ အားလုံးထဲတွင်သင်တို့အားလုံးထက် ပို၍ ကောင်းချီးခံစားရသော လူ၊ သို့မဟုတ် လူစု မရှိတော့ချေ။ ဘာသာတရားမရှိသူများသည် ဘာအတွက် အသက်ရှင်ကြသနည်း။ ထိုသူတို့သည် လူပြန်ဝင်စားဖို့ရန်နှင့် လောက၏ စိတ်လှုပ်ရှား ပျော်ရွှင်မှုအတွက် အသက်ရှင်ကြသည်။ သင်တို့အားလုံးသည် ဘာအတွက် အသက်ရှင်ကြသနည်း။ ဖန်ဆင်းခံသက်ရှိတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန် အသက်ရှင်ကြသည်။ ထိုသို့သော ဘဝတစ်ခု၏ တန်ဖိုးမှာ လွန်စွာကြီးမား၏။ သို့ဖြစ်၍ သင်တို့သည် မိမိလုပ်ဆောင်သော တာဝန်ကို စွန့်ပစ်ရန်မဆိုထားဘိ၊ အထင်မသေးကြနှင့်။ မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ စေခိုင်းချက်ကို ပြည့်စုံစေခြင်းဟူသည့်အရာ တစ်ခုတည်းက အဖိုးထိုက်ဆုံးနှင့် အဓိပ္ပာယ်ရှိဆုံး ကိစ္စရပ်ဖြစ်၏။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။