အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ (အပိုင်း နှစ်)
စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားခြင်းသည် မည်သည့်အရာများက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် မဆက်စပ်သည့်အပြင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု နယ်ပယ်အတွင်း၌ မကျရောက်ဘဲ၊ ထို့ထက် အပြင်ပန်း အမူအကျင့်ကောင်းများသာ ဖြစ်ကြောင်းကို ဦးစွာ နားလည်ရန်လိုအပ်ပြီး ဘုရားသခင်ပြောသည့်အရာက မည်သည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရည်ညွှန်းပြီး လူ့အထဲ၌ ဘုရားသခင်က မည်သည့်အရာကို ပြောင်းလဲပေးလိုကြောင်းကိုလည်း ဦးစွာ နားလည်ရန် လိုအပ်သည်။ လူတို့သည် ဤကိစ္စများကို နားလည်ရပေမည်။ လူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဟု ထင်မှတ်သောအရာသည် အမူအကျင့်ပိုင်း ပြောင်းလဲမှုသာလျှင်ဖြစ်ပြီး ယင်းမှာ ဘုရားသခင်ပြောသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် မတူညီသောအရာ၊ မတူညီသောလမ်းကြောင်း ဖြစ်သည်။ လူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဟု ထင်မှတ်သောအရာသည် လူတို့အနေဖြင့် ဘုရားသခင်ကို မပုန်ကန်၊ အတိုက်အခံမလုပ် သို့မဟုတ် သစ္စာမဖောက်ဘဲနေမည်ဟု သေချာစေနိုင်သလော။ ယင်းက သူ၏ သက်သေခံရာ၌ အဆုံးစွန်အထိ ရပ်တည်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းစေနိုင်သလော။ ဘုရားသခင်ပြောသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုက လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ ကိုယ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းမှတစ်ဆင့်၊ ထို့ပြင် ကိုယ်တော်၏ ပြုပြင်ခြင်း၊ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရခြင်းအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားစည်းမျဉ်းများအား နားလည်ခြင်းကို ရရှိပြီးနောက် သမ္မာတရားစည်းမျဉ်းများအတိုင်း အသက်ရှင်လျက်၊ ဘုရားသခင်အပေါ် မည်သည့်နားလည်မှုလွဲမှားခြင်းမျှ မရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်လာကာ ဘုရားသခင်အား စစ်မှန်သော သိကျွမ်းခြင်းနှင့် စစ်မှန်သော ကိုးကွယ်ခြင်းကို ပိုင်ဆိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်ပြောသည့်အရာမှာ လူတစ်ဦး၏ စိတ်သဘောထားပိုင်း ပြောင်းလဲခြင်းဖြစ်သည်။ သို့သော် လူကပြောသည့် စိတ်သဘောထားပိုင်း ပြောင်းလဲခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် တိုးတက်လာသော အမူအကျင့်၊ လိမ္မာရေးခြားရှိပြီး တည်ငြိမ်ပုံပေါက်ခြင်းနှင့် မာနမထောင်လွှားခြင်းကို ရည်ညွှန်းသည်။ ယင်းသည် ညစ်ဆိုးခြင်းနှင့် ကျီစားသန်ခြင်းမရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့ပြီး စည်းကမ်းတကျရှိသည့် ပုံစံဖြင့် စကားပြောဆိုခြင်း၊ မိမိ၏ အပြောအဆိုနှင့် အမူအကျင့်ပိုင်း၌ အသိတရား၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရားစံနှုန်းများ ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ လူကပြောသည့် စိတ်သဘောထားပြောင်းလဲမှုနှင့် ဘုရားသခင်တောင်းဆိုသည့် စိတ်သဘောထားပြောင်းလဲမှုတွင် ကွဲပြားခြားနားမှုတစ်ခုခု ရှိသလော။ ကွဲပြားခြားနားမှုက အဘယ်နည်း။ လူကပြောသည့် စိတ်သဘောထားပြောင်းလဲမှုသည် အပြင်ပန်း အမူအကျင့်ပိုင်း ပြောင်းလဲမှု၊ လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့် ပြောင်းလဲမှုဖြစ်သည်။ ဘုရားသခင်တောင်းဆိုသည့် စိတ်သဘောထားပြောင်းလဲမှုသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားခြင်းဖြစ်၏၊ ယင်းသည် သမ္မာတရားအား နားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော အသက်စိတ်သဘောထားပိုင်း ပြောင်းလဲမှု၊ အမှုအရာများအပေါ် မိမိ၏ အမြင်ရှုထောင့်ပိုင်း ပြောင်းလဲမှု၊ မိမိ၏ ဘဝအမြင်နှင့် တန်ဖိုးများ၌ ပြောင်းလဲမှုပင် ဖြစ်သည်။ ကွဲပြားခြားနားမှု ရှိပေသည်။ သင်သည် လူများကို ဆက်ဆံနေသည်ဖြစ်စေ၊ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ သင်၏ စေ့ဆော်မှုအကြောင်းရင်းများ၊ သင့်လုပ်ဆောင်မှုများ၏ စည်းမျဉ်းများနှင့် သင်၏တိုင်းတာမှုဆိုင်ရာ စံနှုန်း စသည့်အရာအားလုံးတို့သည် သမ္မာတရားနှင့်အညီ ဖြစ်ရမည်ဖြစ်ကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲမှုအား ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကယ်၍ သင်သည် အမူအကျင့်ဆိုင်ရာ စံနှုန်းများဖြင့် မိမိကိုယ်ကို အမြဲတမ်းတိုင်းတာလျှင်၊ အပြင်ပန်း အမူအကျင့်ပိုင်း ပြောင်းလဲမှုများကို အမြဲတမ်းအာရုံစိုက်ကာ၊ သင်သည် အနည်းငယ်သော အမူအကျင့်ကောင်းကို ပိုင်ဆိုင်သောကြောင့် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိထားသည်ဟု ထင်မှတ်လျှင် ယင်းသည် လုံးဝ မှားယွင်း၏။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး ဘုရားသခင်ကို ဆန့်ကျင်ကာ ဘုရားသခင်ကို သစ္စာဖောက်မည့် အန္တရာယ်ရှိနေသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေပါက သင်၏ အပြင်ပန်းအမူအကျင့် မည်မျှကောင်းနိုင်သည်ဖြစ်စေ၊ ဘုရားသခင်အား စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိနိုင်မည်မဟုတ်သည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်မည် မဟုတ်ပေ။ အပြင်ပန်း အမူအကျင့်ကောင်းသက်သက်က ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးကို ဖြစ်ပေါ်စေနိုင်သလော။ ယင်းသည် လူတစ်ယောက်အား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်စေရန် လုပ်ဆောင်နိုင်သလော။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို မရှောင်နိုင်ပါက သူတို့၌ ဘုရားသခင်အား စစ်မှန်သော ကျိုးနွံနာခံမှုရှိသည်ဟု မည်သည့် ကောင်းသောအမူအကျင့် ပမာဏကမျှ ဖော်ပြမည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့် ကောင်းသောအမူအကျင့် ပမာဏကမျှ စိတ်သဘောထားပိုင်း ပြောင်းလဲမှုကို မဖော်ပြချေ။ လူတချို့သည် ပညာရှင်များကဲ့သို့ အလွန်ယဥ်ကျေးသိမ်မွေ့သည့် ပုံစံဖြင့် စကားပြောပြီး ရိုင်းစိုင်းသော စကားများကို မည်သည့်အခါမျှ မသုံး၊ စာပေလိုက်စားသူများ သို့မဟုတ် အဟောအပြောကောင်းသူများကဲ့သို့ စကားလုံးများမှာ အကျော်အမော်များ၏ ကလောင်သွားများထံမှ စီးဆင်းလာသည့်နှယ် ဖြစ်ကြ၏။ အပေါ်ယံကြောဖြစ်သော ဤအမူအကျင့်များနှင့် သရုပ်သကန်များကို ကြည့်လျှင် ပြဿနာများကို မတွေ့ရနိုင်ချေ။ သို့ဖြစ်လျှင် သူတို့၏ စိတ်သဘောထားပိုင်း၌ ပြဿနာများရှိမရှိဟူသည်ကို သင် မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။ သူတို့၏ စိတ်သဘောထားပိုင်း၌ ပြောင်းလဲမှုတစ်ခုခု ရှိမရှိ သင် မည်သို့တိုင်းတာနိုင်မည်နည်း။ ဤအရာကို မည်သို့ ရိပ်စားမိနိုင်သနည်း။ (သမ္မာတရားအပေါ် သူတို့၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။) ဤသည်မှာ ၎င်းကို တိုင်းတာရန်အတွက် ညွှန်ပြသည့်အရာတစ်ခု ဖြစ်၏။ အခြားတစ်ခုခု ရှိသေးသလော။ (အမှုအရာများကို ပြုလုပ်ခြင်းအတွက် သူတို့၏ စည်းမျဉ်းများနှင့် အမှုအရာများအပေါ် သူတို့၏အမြင်များကို ကြည့်ခြင်းဖြစ်သည်။) ယင်းက ထိုအရာ၏ အဓိကအချက်ကို ဆုပ်ကိုင်မိ၏။ သင်သည် သူတို့၏ စကားပြောဆိုဟန်က ရည်မွန်သလော၊ သို့မဟုတ် ရိုင်းပျသလော၊ သို့တည်းမဟုတ် အသိဉာဏ်ရှိသော ဘာသာစကား ဟုတ်သလောဆိုသည်ကို မကြည့်သင့်၊ အပေါ်ယံကို မကြည့်လေနှင့်။ တချို့လူတို့သည် အလွန်စကားကြောရှည်သော ပုံစံဖြင့် စကားပြောကာ သူတို့ကိုယ်သူတို့ မည်သို့ထုတ်ဖော်ပြောရမည် မသိဘဲ စိုးရိမ်ကြောင့်ကြသောအခါ ဂနာမငြိမ်ဖြစ်ကြသည်။ ၎င်းသည် သူတို့၏ စိတ်သဘောထားနှင့် ဆက်စပ်သလော။ (မဆက်စပ်ပါ။) ဤသည်မှာ အပြင်ပန်း အမူအကျင့်သာလျှင် ဖြစ်သည်၊ အများအားဖြင့် သူတို့၏ တစ်ကိုယ်ရေစရိုက် သို့မဟုတ် မိသားစုအတွင်း ကြီးပြင်းလာပုံနှင့် ဆက်စပ်ကာ သူတို့၏ စိတ်သဘောထားနှင့် မဆက်စပ်ပေ။ သို့ဖြစ်၍ သင်သည် သူတို့၌ မည်သည့်စိတ်သဘောထားမျိုး ရှိသည်၊ သူတို့၏ စိတ်သဘောထား ပြောင်းလဲသွားခြင်းရှိမရှိနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများဖြစ်သည်၊ မဖြစ်သည်ကို မည်သို့ သိမြင်နိုင်မည်နည်း။ သူတို့စကား၏ အကြောင်းအရာကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ အကယ်၍ သူတို့၏ စကားလုံးတိုင်းက စိတ်ဆန္ဒ သို့မဟုတ် ရည်မှန်းချက် တစ်ခုခုမပါဘဲ မှန်ကန်ပြီး သူတို့၏ စိတ်နှလုံးမှ ထွက်လာကာ သူတို့စကား၏ နောက်ကွယ်၌ ရည်ရွယ်ချက်များ မရှိပါက၊ သူတို့သည် ပွင့်လင်းရိုးသားစွာ စကားပြောခြင်းသာ ဖြစ်ပြီး သူတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် အားနည်းချက်များအကြောင်းကို အခြားသူများထံ ပွင့်လင်းစွာပြောဆိုနိုင်ကာ သူတို့ရရှိသည့် အလင်းနှင့် ဉာဏ်အလင်းပွင့်ခြင်းကို တစ်ပါးသူများနှင့် မိတ်သဟာယဖွဲ့ပြီး ဝေမျှနိုင်ပါက၊ သူတို့လုပ်ချင်သမျှ အရာတိုင်းနှင့်ပတ်သက်၍ ရိုးသားဖြောင့်မတ်ကာ သူတို့၏ ပင်ကိုဖြစ်အင်တစ်ခုလုံးကို ဖော်ထုတ်ဖွင့်ဟထားပါက ဤသူတို့မှာ သမ္မာတရားကို လိုက်စားသူများပင် မဟုတ်လော။ သူတို့၏ စိတ်သဘောထား ပြောင်းလဲသွားခြင်း ရှိသည်၊ မရှိသည်၊ သို့မဟုတ် အဘယ်မျှ ပြောင်းလဲသွားသည်တို့နှင့် ပတ်သက်၍ လောလောဆယ် မပြောဘဲနေကြစို့။ သို့သော် ဤထုတ်ဖော်မှုများနှင့် သရုပ်သကန်များမှ အကဲဖြတ်ရပါက ဤသူတို့မှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးသူများ ဖြစ်ကြ၏။ ယခုအခါ အခြားသူများကို သူတို့ ဆက်ဆံသည့်ပုံစံကို ကြည့်ကြပါစို့။ သူတို့က လူတို့ကို မျှတစွာ ဆက်ဆံနိုင်ပြီး လူတို့ကို ဖိနှိပ်ခြင်းမရှိ၊ အားနည်းသော ညီအစ်ကို မောင်နှမများကို ကူညီနိုင်ကာ သူတို့ကို မလှောင်ပြောင်ကြပေ။ ထို့အပြင် သူတို့သည် သူတို့၏ တာဝန်များ၌ သစ္စာစောင့်သိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားကာ၊ မည်သည့် အခက်အခဲများကို သူတို့ကြုံတွေ့သည်ဖြစ်စေ ၎င်းတို့၏ တာဝန်များကို မစွန့်လွှတ်ဘဲ ဘုရားအိမ်တော်၏ အကျိုးကို ကာကွယ်ပေးနိုင်ကြသည်။ ဤသည်တို့မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သူတို့၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုကဲ့သို့သော သူတို့သည် အတော်ပင် တည်ကြည်ဖြောင့်မတ်ပြီး နှိုင်းယှဉ်ကြည့်လျှင် သမ္မာတရားကို မြင့်မားသော အတိုင်းအတာအထိ ချစ်မြတ်နိုးသည်။ တစ်စုံတစ်ယောက်က ယဥ်ကျေးသိမ်မွေ့သည့် ပုံစံဖြင့် စကားပြောကောင်းပြောမည်၊ အလွန်တင့်တယ်လျောက်ပတ်စွာ ဝတ်စားကောင်း ဝတ်စားမည်ဖြစ်ပြီး အပြင်ပန်း၌ ဘာသာတရား အလွန်ကိုင်းရှိုင်းပုံ ပေါက်ကောင်းပေါက်မည်၊ သို့သော် သူတို့စကား၏ အကြောင်းအရာက အဘယ်နည်း။ သူတို့က “ကျွန်ုပ် ခေါင်းဆောင်မည်သူမည်ဝါနှင့် လက်တွဲနေကျဖြစ်ပြီး သူ၌ စကားပြောချို့ယွင်းချက် ရှိခဲ့သောကြောင့် စုဝေးပွဲများ၌ မိတ်သဟာယပြုချိန်အတွင်း ကျွန်ုပ်က ပို၍ ပြောဆိုခဲ့ရသည်။ စွမ်းဆောင်ရည်ရှိသူက အမြဲတမ်း အလုပ်ပိုလုပ်ရမည် မဟုတ်လော။ ရလဒ်အနေဖြင့် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို စတင်၍ မြတ်နိုးကိုးကွယ်လာကြသည်။ သူတို့ ထိုသို့ပြုသည်ကို ကျွန်ုပ်မတတ်နိုင်ပါ။ ဆက်လက်၍ မိတ်သဟာယပြုခဲ့ရသည်။ ကျွန်ုပ်ကိုယ်တိုင်၏ ရေလောင်းပေးခြင်း ခံရပြီးနောက် ညီအစ်ကို မောင်နှမများစွာသည် ကျွန်ုပ်ကို အတော်ပင် ရင်းနှီးလာသောကြောင့် သူတို့တစ်ယောက်ယောက်က ပြဿနာရှိသောအခါ ပုံမှန်အားဖြင့် ကျွန်ုပ်ဖြေရှင်းနိုင်ခဲ့သည်။ အချို့သောသူတို့ အားနည်းလာသောအခါ သူတို့ကို ကျွန်ုပ်မိတ်သဟာယပြုပေးရပြီး သူတို့က ခွန်အားပြန်ရကြသည်။ ကျွန်ုပ်၌ အခြားအားနည်းချက် မရှိပါ၊ ကျွန်ုပ်၏ အကြီးဆုံးအမှားက ကျွန်ုပ်၏ နူးညံ့သောနှလုံးသားပင် ဖြစ်သည်။ အခြားသူများ ဒုက္ခရောက်သည်ကို ကျွန်ုပ် မကြည့်ရက်ပါ။ တစ်စုံတစ်ယောက်က ဒုက္ခရောက်နေသောအခါတိုင်း ကျွန်ုပ်ကို သောကရောက်စေပြီး သူတို့ကိုယ်စား ကျွန်ုပ်သာ ဒုက္ခခံပေးလိုက်ချင်သည်” ဟု ပြောကြသည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤစကားများသည် ပြဿနာရှိသည့်ပုံမပေါက်သော်လည်း သူ့စကားများ၏ ရည်ရွယ်ချက်များ၌ ပြဿနာရှိသလော။ (ရှိပါသည်၊ သူတို့သည် သူတို့ကိုယ်သူတို့ ချီးမြှောက်ပြီး သက်သေခံနေကြသည်။) ထိုသို့သော လူတစ်ဦး၏ စိတ်သဘောထားမှာ အဘယ်နည်း။ သူ၏ စိတ်သဘောထားမှာ မာနထောင်လွှားပြီး လှည့်စားတတ်သည်။ သူသည် အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးရန်၊ အခြားအရာကို အနည်းငယ် သွယ်ဝိုက်ညွှန်းဆိုရန်၊ အခြားသူများအား သူ့ကို လေးစားကြည်ညိုပြီး ကိုးကွယ်စေရန်အတွက် ဤနည်းလမ်းနှင့် ဤစကားများအားလုံးကို အသုံးချလိုခြင်းဖြစ်သည်။ ဤသည်မှာ သူ့စကားများ၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်ဖြစ်သည်။ ပိုင်းခြားသိမြင်မှု ကင်းမဲ့သည့် နားဝေတိမ်တောင်ဖြစ်သောလူတို့သည် သူ့ကို နားထောင်ပြီး “ဤသူသည် အမှန်တကယ် ကြီးမြတ်သည်။ သူက ခေါင်းဆောင်တစ်ဦးဖြစ်သည်မှာ အံ့သြစရာမရှိ။ သူက ကျွန်ုပ်တို့ထက် ပိုသာသည်။ ခေါင်းဆောင်ဖြစ်ဖို့ အလားအလာရှိသူဖြစ်သည်” ဟု ထင်ကြမည်ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို မသိမြင်နိုင်သည့် နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး၏ စိတ်ကူးဖြစ်သည်။ ပိုင်းခြားနားလည်မှုရှိသော သူတို့က “သူသည် သူမည်မျှကောင်းကြောင်း၊ မည်မျှ အလုပ်ကြိုးစားကြောင်းနှင့် များစွာပေးဆပ်ခဲ့ကြောင်း၊ ညီအစ်ကို မောင်နှမများကို မည်သို့ အကျိုးရှိစေပြီး ကူညီခဲ့သဖြင့် လူတို့က သူ့ကို လေးစားကြည်ညိုမည်ဖြစ်ကြောင်း၊ ထိုသို့ပြောနေစဥ် လူတို့က သူအား လေးစားကြည်ညိုမည်ကို မလိုလားကြောင်း များစွာ ပြောသည်။ အမှန်တွင် လူတို့က သူ့ကို လေးစားကြည်ညိုပြီး ကိုးကွယ်ရန်အတွက်သာ မမောနိုင်မပန်းနိုင် သုတ်သီး သုတ်ပျာလုပ်ပြီး အလုပ်ရှုပ်နေခြင်းပင် ဖြစ်သည်။ သူသည် မာနထောင်လွှားရုံမက အလွန်လည်း လှည့်စားတတ်ပေ၏။ လူတို့၏ စိတ်နှလုံးကို သိမ်းပိုက်လိုပြီး အဆင့်အတန်းရဖို့ ဘုရားသခင်နှင့် တုပြိုင်လိုကာ၊ လူတို့ကို အထင်အမြင်မှားစေရန်အတွက် ဤနည်းလမ်းကို အသုံးချပေသည်။ သူသည် ရှင်ပေါလုကဲ့သို့ပင် မဟုတ်လော။ သူသည် နတ်ဆိုးတစ်ယောက်ပင် ဖြစ်ချေ၏။ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိသကဲ့သို့၊ သူကိုယ်တိုင်၏အမှားများ သို့မဟုတ် အားနည်းချက်များကို တစ်ခုတလေမျှ မထုတ်ဖော်ဘဲ အချိန်အကြာကြီး စကားပြောသည်။ သူပြောပြသည့် အမှားများက လူတို့ကို သူ့အား အလွန့်အလွန် အားကျစေပြီး လေးစားသဘောကျစေကာ ယုံကြည်မှုနည်းစေသည်။ သူသည် လူတို့ကို သူ့အား ကိုးကွယ်ရန်၊ ချီးမြှောက်ရန် တိုက်ရိုက်မလုပ်ဆောင်သော်လည်း သူ့စကားများ၌ပါသော အကျိုးသက်ရောက်မှုက သူ့ကို လူတို့ ချီးမြှောက်ပြီး ကိုးကွယ်စေဖို့ ဖြစ်သည်။ သူသည် လူတို့၏စိတ်နှလုံးများကို အပိုင်သိမ်းပြီး ခိုးယူသည့်အပြင် နားဝေတိမ်တောင်ဖြစ်သောသူတို့နှင့် မသိနားမလည်သော၊ မဖွံ့ဖြိုးသေးသော ဝိညာဉ်ရင့်သန်မှု ရှိသူတို့ကို အထင်အမြင်မှားစေသည်။ ယင်းက လူတို့ကို အထင်အမြင်မှားစေခြင်းမဟုတ်လော။ သူ့စကားများ၏ နောက်ကွယ်မှ ရည်ရွယ်ချက်များက လွန်စွာ တိတ်တဆိတ်ဒုက္ခပေးပြီး အန္တရာယ်ပြုမည့်ပုံ ပေါက်လွန်းသည်တကား။ ဤသူသည် အန္တိခရစ်အမျိုးအစားထဲ၌ အံကိုက်ဖြစ်သည်။ ဤသည်ကို ပိုင်းခြားနားလည်ရန် လွယ်ကူသည်” ဟု နားလည်ကြလိမ့်မည်။ ဤလူစားနှစ်မျိုးကြားတွင် ရှင်းလင်းသော ကွဲပြားခြားနားမှုရှိသည်။ လူစားတစ်မျိုးက အလွန်ရိုးစင်းပြီး သာမန်ရိုးရိုးပုံစံဖြင့် စကားပြောသော်လည်း စစ်မှန်သည့်အပြင် ရိုးသားဖြောင့်မတ်စွာနှင့် နှလုံးသားထဲမှ စကားပြောသည်။ သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့က သူ့ကို ကိုးကွယ်ကြမည်မဟုတ်ဘဲ၊ သူတို့၏ နှလုံးသားထဲ၌သာ ထောက်ခံကြမည်။ ဤလူစားမျိုးသည် လူတို့၏ နှလုံးသားများကို ခိုးယူခြင်း သို့မဟုတ် သူတို့၏ နှလုံးသားများထဲ၌ နေရာယူခြင်း ရှိမည်မဟုတ်ဘဲ လူတို့ကို သူနှင့် တန်းတူရည်တူအဖြစ် ဆက်ဆံနိုင်မည်ဖြစ်သည်။ လူတို့သည် သူ၏ ချုပ်ချယ်ကန့်သတ်ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် လူကောင်းဖြစ်သည်။ သူ၏အပြောအဆို၊ သူ့ကိုယ်သူ ပြုမူကျင့်ကြံပြီး အရေးကိစ္စများကို ကိုင်တွယ်သည့်ပုံစံတို့၌ မည်သည့်အရာကမျှ မည်သည့်ရည်ရွယ်ချက်များ သို့မဟုတ် အလိုဆန္ဒများကိုမျှ ထုတ်ဖော်ခြင်းမရှိ၊ သို့မဟုတ် သူ၌ လူတို့ကို ထိန်းချုပ်ရန် သို့မဟုတ် လူတို့၏နှလုံးသားများထဲ၌ နေရာယူရန် ဆန္ဒရှိကြောင်း ပြသခြင်းရှိမည်မဟုတ်ပေ။ သူ၌ ထိုစိတ်သဘောထား မရှိ၊ သူသည် လူ့သဘာဝရှိသော လူတစ်ဦးဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော၊ အစဉ်ရည်မှန်းချက်ကြီးပြီး အခြားသူများကို ထိန်းချုပ်လိုသောသူတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို အမှန်တကယ် မြတ်နိုးကြသောကြောင့် သူတို့ကိုယ်သူတို့ ကြွားဝါပြီး သူတို့ကိုယ်သူတို့ သက်သေခံသော အရာများကို မကြာခဏပြောကာ လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သော အရာများကို ပြုလုပ်တတ်ကြသည်။ ဤသည်မှာ ရှင်းရှင်းလင်းလင်းပင် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်။ ဤသူတို့မှာ လူ့သဘာဝမရှိသောလူတို့ ဖြစ်ကြသည်။ အချို့သော လူတို့၌ ပါရမီမရှိ၊ ခွန်အားမရှိသည့်အပြင် စွမ်းရည်မရှိဘဲ အပြင်ပန်းတွင် လိမ္မာရေးခြားရှိပြီး ရိုးရှင်းပုံပေါက်ကြသည်။ သူတို့သည် လူအုပ်စုများထဲတွင် အနိုင်ကျင့်ခံရပြီး ဖယ်ကြဉ်ခံရဟန် တူကာ ဝီရိယရှိရှိနှင့် မထင်မပေါ် အလုပ်လုပ်ကြသည်။ ဤသည်မှာ သူတို့သည် သမ္မာတရားကို လိုက်စားသူများဖြစ်ကြသည်ဟု ဆိုလိုခြင်းလော။ သူတို့တွင် ရည်ရွယ်ချက်များရှိသလော။ (ရှိပါသည်။) ဤသို့သော လူစားမျိုး၌လည်း ရည်ရွယ်ချက်များရှိသည်ဟု ငါတို့အဘယ့်ကြောင့်ဆိုသနည်း။ (လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်ဖြစ်သည်။) မှန်၏၊ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသောကြောင့် ရည်ရွယ်ချက်များ ရှိကြသည်၊ သို့သော် ဤရည်ရွယ်ချက်များကို ဆောင်ရွက်ရန် သူ၌ နေရာမရှိခြင်းသာ ဖြစ်သည်။ သူ့ကို မည်သူကမျှ အခွင့်အရေး မပေးသဖြင့် သူသည် အခွင့်အရေးကို ရှာမတွေ့သောကြောင့် သူ၏ရည်ရွယ်ချက်များက ဖုံးကွယ်နေခြင်းဖြစ်သည်။ ဤလူစားမျိုးသည် သင့်မြတ်သော အခြေအနေ၊ သင့်တော်သောအချိန်တစ်ခု၌ သူ၏ရည်ရွယ်ချက်များကို လုပ်ဆောင်ရန် အခွင့်အရေးရသည်နှင့် သူ၏ရည်ရွယ်ချက်များက ပေါ်လာမည်ဖြစ်သည်။ ထိုအချိန်၌ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မပြောတတ်သည့် ဤလိမ္မာရေးခြားရှိပြီး ရိုးရှင်းသောသူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မကင်းလွတ်ကြောင်းကို သင်တွေ့ရှိသွားမည်ဖြစ်သည်။ သူ၌ ကောင်းသောလူ့သဘာဝ ရှိဖို့ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်း နည်းပါးဖို့ မဆိုထားဘိ၊ ရည်ရွယ်ချက်မရှိခြင်းပင် မဟုတ်ကြောင်းကို သင်တွေ့လိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ ငါအလင်းမပေးခဲ့လျှင် ထိုသို့သောလူစားမျိုးက “ကျွန်ုပ် လူကောင်းတစ်ယောက်ဖြစ်သည်၊ ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလဲစရာမလိုပေ။ သမ္မာတရားကို ကျွန်ုပ်နားလည်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦးဖြစ်သည်။ ကျွန်ုပ်၌ သမ္မာတရားလက်တွေ့ကျမှု ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သင်တို့အားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြသည်။ သင်တို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြပြီး သင်တို့အားလုံး၌ အစွမ်းအစ ရှိကာ အထူးပင် မာနထောင်လွှားသောကြောင့် သင်တို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း ခံရဖို့လိုသည်” ဟု ထင်မှတ်ကြဦးမည်ဖြစ်သည်။ ဤသည်မှာ သူတို့က လွဲချော်နေသည်ဟု မြင်သော ကျိုးကြောင်းပြချက် မဟုတ်လော။ ဤသည်မှာ မာနထောင်လွှားခြင်း နောက်တစ်မျိုးပင်ဖြစ်၏။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြသည့်အပြင် မာနထောင်လွှားခြင်းသည် ကွဲပြားခြားနားသော နည်းလမ်းနှင့် ပုံစံများစွာဖြင့် ပေါ်လွင်နေကာ၊ ယင်းက လူတို့ကို ပိုင်းခြားနားလည်ရန် ခက်ခဲစေပြီး သူတို့ကို ကာကွယ်တားဆီးရန် မဖြစ်နိုင်သလောက် ဖြစ်စေသည်။ ထိုအသုံးမကျသောသူများနှင့် ဉာဏ်နှေးသောလူတို့၌ မာနထောင်လွှားသော စိတ်သဘောထား မရှိကြသလော။ သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြသလော။ သူတို့သည်လည်း ဤစိတ်သဘောထားများ ရှိကြသည်။ လူနုံလူအများပင် မာနထောင်လွှားကြသည်။ သေးငယ်သော အသိပညာရှိသော ထိုသူတို့သည် မာနထောင်လွှားရုံသာမက သူတို့ကိုယ်သူတို့ မည်သို့ဖုံးကွယ်ရမည်ကိုလည်း တတ်မြောက်ထားကြကာ လူတို့ကို အထင်အမြင်မှားစေရာ၌ ပို၍ကျွမ်းကျင်ကြသည်။ ဤသည်ကို ပိုင်းခြားသိမြင်ရန် မလွယ်ကူပေ။ ဘာသာတရားမရှိသူများက အခြားသူများကို ပိုင်းခြားသိမြင်သောအခါ သူတို့က ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားစံနှုန်းများအတိုင်းသာ လူကောင်းနှင့် လူဆိုးကို ခွဲခြားကြပြီး ဤအရာနှင့်ပတ်သက်၍ လူတစ်ဦး၏ အမူအကျင့်နှင့် သရုပ်သကန်များပေါ်သာ အခြေခံ၍ ဆုံးဖြတ်သတ်မှတ်ကြသည်။ ဤအရာက ထိုလူ၏ သဘာဝအနှစ်သာရကို ရိပ်စားမိရန် အခွင့်ပေးသလော။ (မပေးပါ။) သို့ဆိုလျှင် သင်တို့သည် လူတို့ကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ သင်တို့သည် လူတို့ကို မည်သည့်အရာပေါ် အခြေခံ၍ တိကျစွာ ပိုင်းခြားသိမြင်ပြီး ရိပ်စားမိနိုင်သနည်း။ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ် အခြေခံ၍ လူတို့ကို တိကျစွာ ပိုင်းခြားသိမြင်နိုင်သည်မှာ သံသယဖြစ်စရာမရှိ၊ ဤသည်မှာ လုံးဝ သေချာသည်။ အချို့သောလူတို့သည် အခြားသူများကို လူ့အယူအဆများ၊ စိတ်ကူးများ၊ ရိုးရာကျင့်ဝတ်တို့နှင့် ထိုသူတို့အား နှိုင်းယှဉ်ခြင်းအားဖြင့်သာ ပိုင်းခြားသိမြင်ကြသည်။ လူတို့ကို ဤနည်းအတိုင်း ရိပ်စားမိရန် ဖြစ်နိုင်သလော။ လုံးဝ မဖြစ်နိုင်ချေ။ လူတို့ထုတ်ဖော်သည့် အတွေးများ၊ အမြင်များနှင့် ရည်ရွယ်ချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ် အခြေခံ၍ လေ့လာသုံးသပ်ရန် လိုအပ်သည်။ လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များ၏ စေ့ဆော်မှုများနှင့် အရင်းခံအကြောင်းများကို ကြည့်ရန်လိုအပ်သည်။ ယင်းမှာ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝက အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို တွေ့ရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မည်သူပင်ဖြစ်ပါစေ သူသည် အမှုအရာများအပေါ် အမြင်များစွာ ထုတ်ဖော်ပြီး ကိစ္စရပ်များအားလုံးအပေါ် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များကို ဖော်ပြနိုင်ပါက သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏သဘာဝအနှစ်သာရကို ပိုင်းခြားနားလည်ရန် အလွန်လွယ်ကူသည်။ အကယ်၍ သူ၏ အမြင်များနှင့် ထင်မြင်ချက်များက သမ္မာတရားနှင့် လုံးလုံးလျားလျား သွေဖည်နေလျှင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်ဆန်သော သဘာဝက အကုန်အစင် ပေါ်နေပြီမဟုတ်လော။ ထို့ကြောင့် သင်တို့သည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားအရ ပိုင်းခြားသိမြင်သရွေ့ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်ဆန်သော သဘာဝရှိကြောင်းနှင့် သူတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်ကြောင်း သင်တို့ တွေ့မြင်နိုင်မည်ဖြစ်သည်။
သမ္မာတရားကို နားလည်သောသူတို့က အမှုအရာများကို လွယ်ကူစွာ ရှင်းရှင်းလင်းလင်း သိမြင်မိနိုင်ပြီး လူတို့ကို ပိုင်းခြားသိမြင်နိုင်သည်။ လူတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့သိကြသလော။ သင်တို့၏အသက်တာထဲက လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအား မည်သို့လေ့လာသုံးသပ်ရမည်ကို သိကြသလော။ အကယ်၍ မသိလျှင် သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးကြောင်း ဤအရာက ပြသသည်။ လူတို့ကို ပိုင်းခြားသိမြင်နိုင်ရန်အတွက် သင်ပြောသည့်အရာက သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိနှင့် သင်လုပ်သည့်အရာ၌ စည်းမျဉ်းများရှိမရှိကို ဦးစွာ ပိုင်းခြားသိမြင်နိုင်ရမည်။ သင်ကိုယ်တိုင်၏ စကားများနှင့် လုပ်ဆောင်ချက်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိပြီး ပြဿနာများကို သတိထားမိကာ ဖြေရှင်းနိုင်သောအခါ လူတို့ကို ပိုင်းခြားသိမြင်နိုင်မည် ဖြစ်သည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ပေ။ ယင်းသည် စကားလုံးနှင့် အယူဝါဒအနည်းငယ်အား မည်သို့ပြောရမည်ကို သိရုံမျှဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။ သင်သည် အမှုအရာများစွာကို တွေ့ကြုံရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ရှုံးနိမ့်မှုနှင့် ဆုတ်ဆိုင်းမှုများစွာကို တွေ့ကြုံရပေမည်။ သို့မှသာ မိမိကိုယ်ကို သိနိုင်မည်ဖြစ်သည်။ မိမိကိုယ်ကို သိလာခြင်းအားဖြင့် စတင်လေ့ကျင့်လျှင် သင်သည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံကို တဖြည်းဖြည်း ပိုင်ခြားသိမြင်တတ်လာမည်။ မိမိကိုယ်ကို ပိုင်းခြားသိမြင်ရန် ဦးစွာ လေ့လာသင်ယူခြင်း၊ သင်ကိုယ်တိုင်၏ အမူအကျင့်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာမက သင်ကိုယ်တိုင်၏ လမ်းလွဲမှုများ၊ အခြေအနေများနှင့် ချို့ယွင်းချက်များကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ခြင်း၊ ဤအရာများ၏ အနှစ်သာရကို ရိပ်စားမိနိုင်ခြင်းတို့သည် ပိုင်းခြားသိမြင်မှုရှိခြင်း၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို စေ့စေ့စပ်စပ် ပိုင်းခြားသိမြင်နိုင်လျှင် အခြားသူများကိုလည်း ပိုင်းခြားသိမြင်နိုင်မည်။ အကယ်၍ သင်၏ကိုယ်ပိုင် ကိစ္စရပ်များကို စေ့စေ့စပ်စပ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် အခြားသူများအပေါ် သင်၏ ပိုင်းခြားသိမြင်မှုက သေချာပေါက် တိကျခြင်းရှိမည် မဟုတ်။ အချို့သောလူတို့သည် သူတစ်ပါး၏ ပြဿနာများကို အလွန်ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်သော်လည်း သူတို့ကိုယ်တိုင်က တူညီသော အမှားများ ပြုလုပ်သောအခါ သူတို့၌ ပြဿနာများရှိကြောင်း မဝန်ခံတတ်ကြပေ။ ဤတွင် ပြဿနာကား အဘယ်နည်း။ ဤသည်မှာ သူတို့၏ စိတ်သဘောထား၌ရှိသော ပြဿနာမဟုတ်လော။ သာမန်အခြေအနေများတွင် သူတစ်ပါးအား ပိုင်းခြားသိမြင်ခြင်းသည် အမှန်အားဖြင့် မိမိကိုယ်ကို ပိုင်းခြားသိမြင်ခြင်းနှင့် တူညီသည်။ အကယ်၍ သင်သည် အခြားသူများကို စေ့စေ့စပ်စပ် ပိုင်းခြားသိမြင်နိုင်သော်လည်း မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် သိနားလည်ခြင်း မရှိဘဲ သင်သည် အခြားသူများထက် ပို၍သန်မာသည်ဟုပင် ထင်မှတ်ပါက သင် ဒုက္ခရောက်နေပြီဖြစ်သည်။ သင်၌ မသင့်တော်သော ရည်ရွယ်ချက်များရှိနေပြီး သင်၏စိတ်သဘောထား၌ ပြဿနာရှိနေပြီဖြစ်သည်။ အချို့သောလူတို့သည် သူတစ်ပါးအား ပိုင်းခြားသိမြင်ရာ၌ အလွန်တော်ကြကာ သူတို့ပြောသည့် အရာတိုင်းက ရှင်းလင်းပြီး အဓိပ္ပာယ်ရှိသော်လည်း သူတို့၏ ကိုယ်ပိုင်ပြဿနာများကို ပိုင်းခြားသိမြင်ခြင်း မရှိနိုင်ကြပေ။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ မျက်နှာဖုံးဖြစ်၏၊ လှည့်စားတတ်၏။ အမှန်အားဖြင့် ဤလူတို့၌ အစွမ်းအစ ကင်းမဲ့သည်မဟုတ်။ သူတို့၌ သူတို့ကိုယ်သူတို့ ပိုင်းခြားသိမြင်မှု ရှိကြသော်လည်း ထိုအကြောင်းကို ရိုးရိုးသားသား မပြောပြခြင်း ဖြစ်သည်။ သူတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူတို့သိသော်လည်း ယင်းကို စကားလုံးများဖြင့် မပြောခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် လျှာနှစ်ခွနှင့်ဖြစ်ပြီး အလွန်ပင် မရိုးသားပေ။ မရိုးမသား စကားပြောသူတစ်ဦးသည် ရိုးသားသောလူမဟုတ်၊ ကလိမ်ကကျစ်ကျပြီး လှည့်စားသောသူ၊ မုသားပြောသောသူ ဖြစ်သည်။ လူတစ်ဦးသည် မိမိကိုယ်ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ပြီး သူတစ်ပါး၏ အကျိုးအတွက် မိမိကိုယ်ကို စိစစ်ပြီး ဖွင့်ချပြနိုင်လျှင် ဤသူသည် သမ္မာတရားကို အမှန်တကယ် နားလည်သူ၊ မိမိ၏စရိုက်က တည်ကြည်ပြီး ရိုးသားသောသူနှင့် စင်ကြယ်သောနည်းလမ်းဖြင့် ရင်ဖွင့်ထားသောသူ ဖြစ်ပေ၏။ ဤသည်မှာ ရိုးစင်းသောကိစ္စ မဟုတ်ပေ။ ဤလူစားမျိုးသည် သမ္မာတရားကို နားလည်လျှင် နားလည်ချင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး သူသည် သမ္မာတရားကို လိုက်စားသူနှင့် ဘုရားသခင် ပျော်ရွှင်ကျေနပ်သောသူ အမှန်တကယ် ဖြစ်၏။ သမ္မာတရားကို နားလည်လျှင် နားလည်ချင်း လက်တွေ့လုပ်ဆောင်ရန်အတွက် သင်သည် ဦးစွာပထမ ကောင်းမွန်သောစရိုက်ရှိပြီး ရိုးသားသောသူ ဖြစ်ရပါမည်။ လူတိုင်းက သမ္မာတရားကို လိုက်စားလိုသော်ငြားလည်း သမ္မာတရားလက်တွေ့ကျမှုသို့ ဝင်ရောက်ခြင်းသည် လွယ်ကူရိုးစင်းသောကိစ္စ မဟုတ်ပါ။ အဓိကသော့ချက်မှာ သမ္မာတရား ကိုကြိုးစားရှာဖွေခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌ အာရုံစူးစိုက်ရန်ဖြစ်သည်။ သင်သည် ဤအရာများနှင့်ပတ်သက်၍ သင်၏နှလုံးသားထဲ၌ နေ့စဉ် တွေးဆရမည်။ မည်သည့် ပြဿနာများ၊ အခက်အခဲများကို သင် ကြုံရသည်ဖြစ်စေ၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် လက်မလျှော့လိုက်နှင့်။ သင်သည် မည်သို့ သမ္မာတရားအား ရှာဖွေပြီး မိမိကိုယ်ကို သုံးသပ်ကာ နောက်ဆုံးတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်ကို သင်ယူရမည်။ ဤသည်မှာ အားလုံးထဲမှ အရေးအပါဆုံးအရာ ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် အကျိုးစီးပွားများကို ကြိုးစားကာကွယ်ခြင်း လုံးဝမရှိရ။ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် ဦးစားပေးပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ကိုယ်ကျိုးရှာသော ထိုလူများကို ကြည့်လော့။ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ တစ်ဦးမျှမရှိပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သည် ရိုးသားသော၊ သမ္မာတရားကို ချစ်သောသူများနှင့် ကြင်နာသည့် စိတ်နှလုံးရှိသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြသူများ၊ မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများ၊ ဝင့်ဝါမှုနှင့် မာနတို့ကို လက်လွှတ်နိုင်သူများ၊ ဇာတိပကတိကို ပုန်ကန်နိုင်သူများ ဖြစ်ကြသည်။ ဤသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်လူများ ဖြစ်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် သင်ဖြေရှင်းဖို့လိုသည့် ပထမဆုံးအရာမှာ သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ကိုယ်ကျိုးရှာသော စိတ်သဘောထားဖြစ်၏။ ဤပြဿနာ ပြေလည်သည်နှင့် သင်၌ ကြီးမားသော အခက်အခဲတစ်ခုမျှ ရှိမည်မဟုတ်တော့ပေ။ သင်သည် သမ္မာတရားကို လက်ခံကာ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိပြီး ယင်းကို ဖြေရှင်းဖို့ရန် သမ္မာတရားကို ရှာဖွေနိုင်သရွေ့ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်မည် ဖြစ်သည်။ အကယ်၍ သမ္မာတရားကို လက်မခံပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် ဤသို့ဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ အကြီးမားဆုံး အခက်အခဲက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ အဓိကအားဖြင့် တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော၊ ကိုယ်ကျိုးရှာသော စိတ်သဘောထားပင် ဖြစ်၏။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းထားသရွေ့ အခြားအခက်အခဲများက သင့်အတွက် လုံးဝ ပြဿနာဖြစ်စေမည် မဟုတ်ပေ။ အချို့သောလူတို့က သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်ရသည့် အကြောင်းမှာ သူတို့အထဲ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိနေသေးသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ထင်မှတ်သော စိတ်သဘောထား ဖြစ်၏။ အမြဲတစေ စိတ်ကြီးဝင်နေခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင်အမြင်က မှန်ကန်သည်ဟု အမြဲထင်မှတ်ခြင်း၊ မိမိ၏ကိုယ်ပိုင်နည်းလမ်းအတိုင်း အရာရာကို အမြဲလုပ်လိုခြင်းတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုမှန်ကန်သည်ဟု ထင်မှတ်ခြင်းနှင့် သမ္မာတရားကို လက်မခံနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ ဤလူတို့ ရင်ဆိုင်ရသော အကြီးမားဆုံး ပြဿနာဖြစ်၏။ သူတို့သည် ဤပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ ကြီးမားသောပြဿနာများ ရှိမည် မဟုတ်တော့ပေ။ အခြားပြဿနာများအတွက်မှာမူ သူတို့သည် သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်နိုင်သရွေ့၊ သူတို့၏ အခြေအနေကို သိနိုင်သရွေ့၊ သမ္မာတရားကို ရှာဖွေနိုင်သရွေ့၊ ထို့ပြင် ဆင်ခြင်ရန်နှင့် မိတ်သဟာယပြုရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဆီလျော်သော ကျမ်းပိုဒ်အချို့ကို တွေ့ရှိနိုင်သရွေ့ မည်သည့်ပြဿနာကိုမဆို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် သူတို့၏ ပြဿနာများကို ဖြေရှင်းရန်အတွက် နေ့စဉ် စဉ်းစားဆင်ခြင်ပြီး သမ္မာတရားကို ရှာဖွေရမည်။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်ခြင်းအပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသော အမှုအရာအချို့ကို နေ့တဓူဝ ကြုံတွေ့နိုင်သည်။ သူတို့ အပြင်သို့ မထွက်လျှင်ပင် သို့မဟုတ် အခြားလူတို့နှင့် မတွေ့ဆုံမိလျှင်ပင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သော အချို့ကိစ္စရပ်များ ပါဝင်ပတ်သက်နိုင်ဖွယ် ရှိမည်ဖြစ်သည်။ ဥပမာ၊ ထိုနေ့က သင်မည်ကဲ့သို့ အသက်ရှင်နေသည်၊ ထိုနေ့တွင် သင့်အသက်တာ၏ အဓိကအာရုံစိုက်မှုက မည်သည့်အရာ ဖြစ်သင့်သည်၊ ထိုနေ့ကို သင် မည်ကဲ့သို့ စီစဉ်သင့်သည်၊ မည်သည့် တာဝန်များကို သင်ထမ်းဆောင်သင့်သည်၊ သင့်တာဝန်၌ ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မည်သို့ရှာဖွေသင့်သည်၊ သင့်အနေဖြင့် ဆင်ခြင်ရန်၊ နားလည်ရန်နှင့် ဖြေရှင်းရန် လိုအပ်သည့် သင့်စိတ်နှလုံးထဲရှိ ဖောက်ပြန်ပျက်စီးနေသော မည်သည့်အရာများရှိသည်ဟူသော ဤအရာများအားလုံးသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာများနှင့် ပါဝင်ပတ်သက်သည့်အပြင်၊ သင်သည် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေလျှင် ထိုနေ့၌ သင့်တာဝန်ကို ကောင်းမွန်စွာ သင် မထမ်းဆောင်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်မည်ဖြစ်ပြီး ယင်းက တကယ့် ပြဿနာမဟုတ်လော။ အကယ်၍ နေ့စဉ်နေ့တိုင်း အားလပ်နေသော အချိန်နာရီများတွင် သင်စဉ်းစားသည့် အရာတိုင်းက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ဖြေရှင်းရမည်၊ သမ္မာတရားကို မည်သို့လက်တွေ့ကျင့်သုံးရမည်၊ သမ္မာတရား၏ စည်းမျဉ်းများကို မည်သို့နားလည်ရမည်ဟူသည်နှင့် ပတ်သက်လျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင့်ပြဿနာများကို ပြေလည်စေရန်အတွက် သမ္မာတရားကို အသုံးပြုတတ်လာမည် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် အမှီအခိုကင်းစွာဖြင့် အသက်ရှင်နိုင်စွမ်းကို ရရှိမည်၊ အသက်ဝင်ရောက်မှုရှိမည်၊ ဘုရားသခင်နောက်လိုက်ရာ၌ ကြီးမားသော ပြဿနာများကို ရင်ဆိုင်ရတော့မည်မဟုတ်ဘဲ တဖြည်းဖြည်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင့်စိတ်နှလုံးထဲတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ် စွဲလန်းနေသေးလျှင်၊ ကြွားဝါခြင်းနှင့် အခြားသူများအား သင့်ကို ကြည်ညိုလေးစားစေခြင်းကို အာရုံစိုက်နေသေးလျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်သည့်အပြင် သင်သည် လမ်းမှားပေါ် လျှောက်နေပေသည်။ သင်လိုက်စားသည့်အရာက သမ္မာတရား မဟုတ်သကဲ့သို့ အသက်လည်း မဟုတ်။ သင်ချစ်မြတ်နိုးသည့် အရာများသာ ဖြစ်သည့် ကျော်ဇောခြင်း၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်ပြုလုပ်သော မည်သည့်အရာကမျှ သမ္မာတရားနှင့် မဆက်စပ်၊ ယင်းတို့အားလုံးက မကောင်းမှုပြုလုပ်ခြင်းနှင့် အလုပ်လုပ်ပေးခြင်းပင် ဖြစ်သည်။ အကယ်၍ သင့်စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ပြီး သမ္မာတရားအတွက် အစဉ်အမြဲ ကြိုးပမ်းပါက၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားပါက၊ ဘုရားသခင်အား စစ်မှန်သောကျိုးနွံနာခံမှု ရရှိနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကိုရှောင်နိုင်ပါက၊ ထို့အပြင် သင် ပြုလုပ်သမျှ၌ ချုပ်တည်းပြီး ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ပါက သင်၏အခြေအနေသည် ဆက်လက်၍ တိုးတက်နေမည်ဖြစ်ပြီး ဘုရားသခင်မျက်မှောက်၌ အသက်ရှင်သူတစ်ဦး ဖြစ်မည်ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် မချစ်သောသူတို့နှင့် မတူကွဲပြားသည့် လမ်းကြောင်းကို လျှောက်ကြသည်။ သမ္မာတရားကို မချစ်သောလူတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ခြင်းအပေါ် အမြဲ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အပြုအမူကောင်းနှင့် ဘာသာတရားကိုင်းရှိုင်းခြင်းတို့ကို အပြင်ပန်း၌ ပြသခြင်းမျှဖြင့်ကျေနပ်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရည်ရွယ်ချက်များနှင့် စိတ်ဆန္ဒများ ရှိနေဆဲဖြစ်ပြီး ကျော်ဇောမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားကြဆဲ ဖြစ်သည်၊ ကောင်းချီးခံစားပြီး နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိကြဆဲဖြစ်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ထားခြင်း မရှိကြသောကြောင့် စာတန်၏ တန်ခိုးအာဏာအောက်တွင် အမြဲ အသက်ရှင်ကြလေသည်။ သမ္မာတရားကို ချစ်သောသူတို့သည် သမ္မာတရားကို အရာခပ်သိမ်းတွင် ရှာဖွေကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ကြပြီး၊ မိမိတို့ကိုယ်ကို သိရှိရန် ကြိုးစားကြကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သူတို့ အာရုံစိုက်ကြသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးနှင့် ကြောက်ရွံ့ခြင်းတို့ အမြဲရှိလေသည်။ သူတို့အထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆတစ်ခုတလေ၊ သို့မဟုတ် အထင်လွဲမှု တစ်ခုတလေ ဖြစ်ပေါ်ခဲ့သည်ရှိသော်၊ ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းဖို့ သူ့ထံ ချက်ချင်း ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အထမြောက်အောင် မိမိတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလာပြီး မကောင်းမှုများအားလုံးကို ရှောင်လျက်၊ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့ကြိုးပမ်းကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား လိုက်စားကြပေသည်။ ဤသူတို့မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ် အသက်ရှင်သောသူများ ဖြစ်ကြသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။