ဘုရားသခင်သည် လူတို့၏ ရလဒ်များကို မည်သို့ဆုံးဖြတ်သည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၇)
လူအချို့သည် အစွမ်းအစ ညံ့ဖျင်းလွန်းပြီး သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရားကို အဘယ်သို့ မိတ်သဟာယပြုစေကာမူ သဘောပေါက်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသော်လည်း မည်သည့် တကယ့်အတွေ့အကြုံများ သို့မဟုတ် မည်သည့်နားလည်မှု အကြောင်းကိုမျှ မပြောနိုင်ကြသေးပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့ထဲ၌ မပါဝင်၊ ထို့ပြင် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပို၍ ယုံကြည်စေကာမူ ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရနိုင်ဟု ၎င်းတို့ တွက်ချက်ကြသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် “ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီး ရွေးကောက်ထားသော သူတို့သာလျှင် ကယ်တင်ခံရနိုင်ကာ အစွမ်းအစ ညံ့ဖျင်းလွန်းပြီး သမ္မာတရားကို နားမလည်နိုင်သော သူတို့အားလုံးသည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့ထဲ၌ မပါဝင်။ ၎င်းတို့ ယုံကြည်ခဲ့လျှင်ပင် ကယ်တင်ခံရနိုင်မည်မဟုတ်” ဟု ယူဆထားကြသည်။ ဘုရားသခင်က လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ သရုပ်သကန်များနှင့် အပြုအမူအပေါ် အခြေခံ၍ မဆုံးဖြတ်ဟု ၎င်းတို့ ထင်ကြသည်။ ဤသို့ သင် ထင်မှတ်လျှင် ဘုရားသခင်ကို သင် အလွန်နားလည်မှုလွဲပေသည်။ ဤအရာကို ဘုရားသခင် အမှန်တကယ် လုပ်ဆောင်လျှင် ဘုရားသခင်က ဖြောင့်မတ်ပါဦးမည်လော။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို စည်းမျဉ်းတစ်ခုဖြင့် အဆုံးအဖြတ်ပေးသည်။ နောက်ဆုံးတွင် လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ ကိုယ်ပိုင် သရုပ်သကန်များနှင့် အပြုအမူတို့ကို အခြေခံ၍ ဆုံးဖြတ်လိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မမြင်နိုင်ဘဲ အမြဲတမ်း အကောင်းမမြင်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်သည်အထိ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲမှားနေပြီး သူ၏ ဆန္ဒများနှင့်ပတ်သက်၍ လွဲချော်နေလျှင် ယင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းပင် မဟုတ်သလော။ အကယ်၍ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းက မည်ကဲ့သို့ အလုပ်လုပ်ကြောင်း သင်နားမလည်လျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေသင့်ပြီး သင်သည် သူ၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့၌ မပါဝင်ဟု ကြောင်းကျိုးမမြင်ဘဲ မတွက်ချက်သင့်ပေ။ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ ပြင်းထန်သော အထင်မြင်လွဲမှားခြင်း ဖြစ်ပေ၏။ သင်သည် ဘုရားသခင်၏ အလုပ်ကို တကယ့်ကို လုံးဝနားမလည်သည့်အပြင် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်၏ နောက်ကွယ်ရှိ အပင်ပန်းခံသော ကြိုးစားအားထုတ်မှုကို မဆိုထားဘိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုပင် နားမလည်ချေ။ သင်သည် မိမိကိုယ်ကို အရှုံးပေးသည်၊ ဘုရားသခင်ကို ထင်ကြေးပေးပြီး သံသယထားကာ သင်သည် အစေခံခြင်းကို ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဖယ်ရှားခံရမည့် အစေခံသူတစ်ဦးဖြစ်မည် စိုးရိမ်လျက် “ငါ၏တာဝန်ကို အဘယ့်ကြောင့် ထမ်းဆောင်ရမည်နည်း။ ငါ၏တာဝန်ကို ထမ်းဆောင်နေသည်နှင့်အမျှ အစေခံနေခြင်း ဟုတ်သလော။ အကယ်၍ ငါ၏အစေခံနေခြင်း ပြီးဆုံးသောအခါ ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရပါက ငါသည် လှည့်စားခံနေရခြင်း ဖြစ်မည်မဟုတ်လော” ဟု အမြဲတမ်း တွေးဆနေသည်။ ဤတွေးခေါ်ခြင်းကို သင် မည်သို့ နားလည်သနည်း။ ယင်းကို ပိုင်းခြားသိမြင်နိုင်သလော။ သင်သည် ဘုရားသခင်ကို အမြဲတစေ အထင်မြင်လွဲမှားကာ သူ့အား ကမ္ဘာကြီးပေါ်တွင် အုပ်စိုးသည့် နတ်ဆိုးဘုရင်များထဲတွင် ပါဝင်သည်ဟု သတ်မှတ်ခွဲခြားပြီး သင့်စိတ်နှလုံးကို သူ့ထံမှ သတိထား၍ကာကွယ်လျက် သူသည် လူသားများကဲ့သို့ အတ္တကြီးသည်၊ စက်ဆုပ်ဖွယ်ကောင်းသည်ဟု အမြဲတမ်း တွေးထင်နေသည်။ သူသည် လူသားမျိုးနွယ်ကို ချစ်သည်ဟု မည်သည့်အခါမျှ မယုံကြည်သည့်အပြင် လူသားမျိုးနွယ်အား ကယ်တင်ရာတွင် သူ၏ ရိုးသားမှန်ကန်မှုကို မည်သည့်အခါမျှ မယုံကြည်ပေ။ သင်သည် သင့်ကိုယ်သင် အစေခံသူတစ်ဦးအဖြစ် အမြဲတမ်း သရုပ်ဖော်ပြီး သင်၏ အစေခံမှုပေးခြင်းပြီးဆုံးပြီးနောက် ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို စိုးရိမ်နေပါက သင်၏ စိတ်နေစိတ်ထားသည် မယုံကြည်သူများ၏ လိမ်လည်လှည့်ဖြားသော စိတ်နေစိတ်ထားပင် ဖြစ်၏။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ရှိကြောင်း ဝန်မခံသကဲ့သို့ ဘုရားသခင်၏ စကားကို သမ္မာတရားဖြစ်ကြောင်း ဝန်မခံသောကြောင့် ဘုရားသခင်ကို မယုံကြည်ကြပေ။ သင်သည် ဘုရားသခင်အား ယုံကြည်သည်ကို ထောက်ဆလျှင် အဘယ့်ကြောင့် သူ၌ ယုံကြည်ခြင်း မရှိရသနည်း။ ဘုရားသခင်၏ စကားကို သမ္မာတရားဖြစ်သည်ဟု အဘယ့်ကြောင့် ဝန်မခံသနည်း။ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိသည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲများကို မကြုံတွေ့သဖြင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်အား သင် နှစ်ပေါင်းများစွာ ယုံကြည်လင့်ကစား သမ္မာတရားကို မရရှိခဲ့သေးသည့်အပြင် သို့ဖြစ်လင့်ကစား အဆုံးတွင် ဘုရားသခင်ကို အပြစ်ဖို့လျက် သူသည် သင့်အား ကြိုတင်မခွဲခန့်ထားကြောင်း၊ သူသည် သင့်အပေါ် ရိုးသားမှန်ကန်မှု မရှိခဲ့ကြောင်း ပြောဆိုသည်။ ယင်းမှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ သင်သည် ဘုရားသခင်၏ ဆန္ဒများကို အထင်မြင်လွဲမှားပြီး သူ၏ စကားများကို မယုံကြည်သည့်အပြင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ သင်၏တာဝန်ကို ထမ်းဆောင်စဉ် သစ္စာစောင့်သိမှုကိုလည်း မပြသပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် မည်သို့လုပ်ဆောင်နိုင်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ရရှိနိုင်ပြီး သမ္မာတရားကို မည်သို့ နားလည်နိုင်သနည်း။ ထိုသို့သောလူတို့သည် အစေခံသူများဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီသဖြင့် ဘုရားသခင်နှင့် ဆွေးနွေးညှိနှိုင်းဖို့ အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကယ်၍ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ထင်ပါက သင်သည် သူ့အား အဘယ့်ကြောင့် ယုံကြည်ရသနည်း။ သင်သည် ဘုရားအိမ်တော်အတွက် အားထုတ်ကြိုးပမ်းခြင်း မပြုမီ ဘုရားသခင်က သင့်အား “သင်သည် နိုင်ငံတော်သားများနှင့် သက်ဆိုင်သည်။ ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်” ဟု ကိုယ်တိုင်ကိုယ်ကျ ပြောသည်ကို အမြဲအလိုရှိကာ အကယ်၍ သူမပြောပါက သင်သည် သူ့အား သင်၏စိတ်နှလုံးကို မည်သည့်အခါမျှ ပေးမည်မဟုတ်တော့ချေ။ ထိုသို့သောလူတို့သည် ပုန်ကန်ပြီး စိတ်နှလုံးခိုင်မာ လိုက်လေခြင်းပါတကား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့မဆိုနှင့်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းကို မည်သည့်အခါမျှ အာရုံမစိုက်သည့် လူအမြောက်အမြား ရှိကြောင်းကို ငါသိ၏။ ၎င်းတို့သည် ကောင်းသောပန်းတိုင်ကို ရရှိနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်က ၎င်းတို့ကို မည်ကဲ့သို့သဘောထားမည်၊ ၎င်းတို့သည် သူ၏လူများဖြစ်လာဖို့ သူ၌ ကြိုတင်ခွဲခန့်ခြင်းရှိမရှိနှင့် ထိုကဲ့သို့သော ကောလာဟလနှင့်ဆိုင်သည့် အခြားအကြောင်းအရာများအား အချိန်တိုင်း မေးမြန်းခြင်းကိုသာ အာရုံစိုက်ကြသည်။ မိမိတို့၏ တကယ့်အလုပ်ကို အာရုံမစိုက်သည့် ထိုကဲ့သို့သော လူတို့သည် သမ္မာတရားကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားအိမ်တော်ထဲ၌ မည်သို့ ဆက်လက်ပြီး နေ၍ရမည်နည်း။ ယခုအခါတွင် ငါသည် သင်တို့အား အလေးအနက်ဆို၏။ လူတစ်ဦးသည် ကြိုတင်ခွဲခန့်ထားခြင်း ရှိကောင်းရှိနိုင်သော်လည်း သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိဖို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ဖယ်ရှားရှင်းလင်းခံရခြင်းသည် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ် ဖြစ်မည်ဖြစ်သည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားမှန်ကန်စွာ အသုံးခံပြီး သမ္မာတရားကို မိမိတို့အစွမ်းရှိသမျှဖြင့် လက်တွေ့လုပ်ဆောင်သော လူတို့သာလျှင် ဆက်လက်ရှင်သန်ပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ အခြားသူများက ထိုသူတို့အား ဆက်နေရဖို့ ကြိုတင်ခွဲခန့်ခြင်း မခံရသောသူတစ်ဦးအဖြစ် တွေ့မြင်ကောင်း တွေ့မြင်နိုင်သော်လည်း ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့် ဘုရားသခင်အား မည်သည့်အခါမျှ သစ္စာမစောင့်သိခဲ့ဖူးသည့် ကြိုတင်ခွဲခန့်ခံရသည်ဟုဆိုသော ထိုလူတို့ထက် ပို၍ကောင်းသော အဆုံးသတ်ကို ရရှိမည်ဖြစ်သည်။ ဤစကားများကို သင် ယုံကြည်သလော။ အကယ်၍ သင်သည် ဤစကားများကို မယုံကြည်နိုင်ဘဲ သင်၏ ခေါင်းမာသော လမ်းလွဲမှုကို ဆက်လက်ခံယူပါက သင့်အား ငါဆို၏၊ သင်သည် သေချာပေါက် ဆက်လက်ရပ်တည်နိုင်မည် မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်အား စစ်မှန်သော ယုံကြည်လက်ခံမှုရှိသော သို့မဟုတ် သမ္မာတရားကိုချစ်သော လူတစ်ဦး တကယ်မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာက ထိုသို့ ဖြစ်သည့်အတွက် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းသည် အရေးမကြီးပေ။ ထိုသို့ငါဆိုရခြင်းအကြောင်းမှာ အဆုံးသတ်တွင် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များနှင့် အပြုအမူအားဖြင့် အဆုံးအဖြတ်ပေးမည် ဖြစ်သော်လည်း ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းက အရှိအတိုင်းဆိုလျှင် သေးငယ်သော ကဏ္ဍအဖြစ်သာ ပါဝင်ပြီး အဓိကကဏ္ဍအဖြစ် မပါဝင်သောကြောင့် ဖြစ်သည်။ သင်သည် ဤအရာကို နားလည်သလော။
လူအချို့က “ကျွန်ုပ်တွင် မကောင်းသော စိတ်သဘောထားရှိပြီး ပြောင်းလဲဖို့ အဘယ်မျှကြိုးစားသည်ဖြစ်စေ ပြောင်းလဲ၍မရ။ ထို့ကြောင့် ဖြစ်သမျှအကြောင်း အကောင်းဟုသာ သဘောထားလိုက်တော့မည်။ ကျွန်ုပ်၏အားထုတ်မှု၌ မအောင်မြင်နိုင်လျှင် ယင်းနှင့်ပတ်သက်၍ ဘာမျှလုပ်စရာမရှိ” ဟု ပြောကြသည်။ ထိုသို့သော လူတို့သည် အလွန်အမင်း အပျက်သဘောဆောင်ကြသည်မှာ ၎င်းတို့အတွက် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်သည်အထိပင် ဖြစ်၏။ ဤလူတို့ကို ကယ်၍မရပေ။ သင်သည် လုံ့လစိုက်ထုတ်ပြီးပြီလော။ အကယ်၍ အမှန်တကယ် လုံ့လစိုက်ထုတ်ပြီး အခက်အခဲကို ခံစားလိုစိတ်ရှိလျှင် အဘယ့်ကြောင့် ဇာတိပကတိကို တကယ့်ကို မပုန်ကန်နိုင်ရသနည်း။ သင်သည် စိတ်နှလုံးနှင့် ဦးနှောက်ရှိသော လူတစ်ဦးမဟုတ်သလော။ သင်သည် နေ့စဉ် မည်သို့ဆုတောင်းသနည်း။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကိုးစားမည်မဟုတ်လော။ သင့်အနေဖြင့် ဖြစ်သမျှအကြောင်း အကောင်းဟု သဘောထားခြင်းမှာ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းကို ဆိုလိုပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်ပေ။ ထိုပုံစံအတိုင်း ဖြစ်သမျှအကြောင်း အကောင်းဟု သဘောထားခြင်းသည် “ကျွန်ုပ် မည်သည့်အရာမျှ လုပ်စရာမလို။ မည်သို့ဆိုစေ အရာခပ်သိမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသည်” ဟု ပြောခြင်းနှင့် ဆင်တူသည်။ ဤသည်မှာ အမှန်တကယ် ဘုရားသခင်၏ ရည်ရွယ်ချက်ဟုတ်သလော။ မဟုတ်ပါက သင်သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံမှု ရှိရမည့်အစား အဘယ့်ကြောင့် မကြာခဏ အပျက်သဘောဆောင်လာပြီး တာဝန်ကို မထမ်းဆောင်နိုင်ရသနည်း။ လူအချို့သည် အနည်းငယ်ပြစ်မှားမိသောအခါ “ဘုရားသခင် ငါ့ကို ထုတ်ဖော်ပြပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီလော။ သူ ငါ့ကို ရိုက်နှက်မည်လော” ဟု ထင်ကြေးပေးကြသည်။ ဘုရားသခင်သည် ဤတစ်ကြိမ်တွင် လူတို့ကို ရိုက်နှက်ရန် မဟုတ်ဘဲ လူတို့ကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ မည်သူမျှ အမှားနှင့် မကင်းပေ။ အကယ်၍ အယောက်တိုင်း ရိုက်နှက်ခြင်းကို ခံရပါက ယင်းသည် ကယ်တင်ခြင်း ဖြစ်မည်လော။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်သော်ငြားလည်း အခြားသောပြစ်မှားခြင်းများမှာ တမင်တကာ မဟုတ်ပေ။ သင် တမင်တကာမလုပ်သော အရာများကို သင်သည် သတိပြုမိပြီးနောက် ပြောင်းလဲနိုင်ပါက ဘုရားသခင်သည် သင် ထိုသို့မပြုလုပ်မီ သင့်ကို ရိုက်နှက်မည်လော။ ဘုရားသခင်က လူတို့ကို ထိုပုံစံအတိုင်း ကယ်တင်မည်လော။ ယင်းမှာ သူအလုပ်လုပ်သည့်ပုံစံ မဟုတ်ပေ။ သင်၌ ပုန်ကန်သော စိတ်သဘောထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ မလုပ်ဆောင်ခဲ့သည်ဖြစ်စေ ဤအရာကို သတိရလော့။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ သင့်ကိုယ်သင် ချက်ချင်း ပြောင်းလဲပြီး သမ္မာတရားအတွက် သင်၏ ခွန်အားရှိသမျှဖြင့် ကြိုးပမ်းလော့။ ပြီးလျှင် အခြေအနေများက မည်သို့ဖြစ်ပေါ်လာပါစေ သင့်ကိုယ်သင် စိတ်ပျက်အားငယ်ခြင်း၏ လွှမ်းမိုးမှုကို မခံနှင့်။ ဘုရားသခင် ပြုလုပ်နေသော အလုပ်သည် လူသားအား ကယ်တင်ခြင်း အလုပ်ဖြစ်ပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ထင်ရာမြင်ရာ ဒဏ်ခတ်မည် မဟုတ်ပါ။ ဤသည်မှာ သေချာပေသည်။ အဆုံးတွင် ဘုရားသခင် ရိုက်နှက်ခဲ့သည့် ယုံကြည်သူတစ်ဦး အမှန်တကယ် ရှိခဲ့လျှင်ပင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ဖြောင့်မတ်ကြောင်း အာမခံနိုင်ဆဲ ဖြစ်ပေမည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလူကို ရိုက်နှက်ခဲ့သည့်အကြောင်းအရင်းကို သင်လုံးလုံးလျားလျား ယုံကြည်လက်ခံစေဖို့အလို့ငှာ သင့်အား သူသိစေမည်ဖြစ်သည်။ ယခုတွင် သမ္မာတရားအတွက်သာ ကြိုးပမ်းလော့၊ အသက်ဝင်ရောက်ခြင်းကို အာရုံစိုက်လော့၊ ပြီးလျှင် သင်၏ တာဝန်အား ကောင်းသောထမ်းဆောင်ခြင်းကို လိုက်စားလော့။ ဤအရာတွင် အမှားအယွင်း မရှိပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သို့ကိုင်တွယ်ပါစေ ယင်းသည် ဖြောင့်မတ်ကြောင်း အာမခံသည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် တရားမျှတစွာနှင့် သိက္ခာရှိစွာ အလုပ်လုပ်သည်။ သူသည် အရာခပ်သိမ်းကို ပွင့်လင်းစွာ ထုတ်ဖော်သည်။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ အချိန်ယူစဉ်းစားကြည့်ပါက ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်းနှင့်ဆိုင်သော အလုပ်ဖြစ်ကြောင်း အားပါးတရ ကောက်ချက်ချမိမည်။ ဘုရားသခင်၏အမှုသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်း ဖြစ်သည်ကို ကြည့်လျှင် လူတို့သည် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများ မရှိသည်မှာ မဖြစ်နိုင်ပေ။ လူတို့သည်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ထိုထုတ်ဖော်ခြင်းများတွင်သာ မိမိတို့ကိုယ်ကို သိနိုင်သည်။ ပြီးလျှင် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို ဝန်ခံနိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိလိုစိတ် ရှိနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြီးနောက်တွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း ဆက်၍ အသက်ရှင်လျှင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ခြေ ရှိမည်ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် ခြားနားသော ဒဏ်ခတ်ခြင်းအတိုင်းအတာများကို ဆိုက်ရောက်စေမည် ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ပြစ်မှားခြင်းများအတွက် အဖိုးအခပေးရလိမ့်မည်။ အကယ်၍ သင်သည် အခါအားလျော်စွာ မရည်ရွယ်ဘဲ အပျော်အပါး၌ မွေ့လျော်မိလာတတ်၍ ဘုရားသခင်က ယင်းကို သင့်အား ထောက်ပြပြီး ပြုပြင်ကာ သင်သည် ပို၍တိုးတက်ပြောင်းလဲလာလျှင် ဘုရားသခင်က သင့်ကို ဗွေယူမည် မဟုတ်ပေ။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း၏ ပုံမှန်ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး ကယ်တင်ခြင်းအမှု၏ စစ်မှန်သော အရေးပါမှုသည် ဤဖြစ်စဉ်တွင် ပေါ်လွင်နေသည်။ ဤသည်မှာ အဓိကသော့ချက်ပင် ဖြစ်တော့၏။ ဥပမာအနေဖြင့် ဆန့်ကျင်ဘက်လိင်များကြားရှိ စည်းပြဿနာနှင့် ပတ်သက်၍ သင်သည် လူတစ်ဦးကို စိတ်ဝင်စားလျက် သူနှင့် စကားစမြည်ပြောဖို့ အမြဲတမ်း နည်းလမ်းရှာဖွေနေကာ သူ့အား စွဲမက်စရာ စကားများပြောသည်ဟု ဆိုပါစို့။ ထို့နောက်တွင် “ဤသည်မှာ မဖွယ်မရာ အပြုအမူဖြစ်သည် မဟုတ်လော။ ဤသည်မှာ အပြစ်မဟုတ်လော။ ဆန့်ကျင်ဘက်လိင်များကြား၌ ရှင်းလင်းစွာ စည်းမထားခြင်းက ဘုရားသခင်အား စော်ကားမှုမဟုတ်လော။ ထိုသို့သော အရာတစ်ခုကို ငါ အဘယ်သို့ပြုလုပ်နိုင်မည်နည်း” ဟု သင် ဆင်ခြင်တွေးတောသည်။ ဤအရာကို သဘောပေါက်ပြီးနောက်တွင် သင်သည် ဘုရားသခင်၏ မျက်မှောက်သို့ အပြေးအလွှားသွားပြီး “အို ဘုရားသခင်၊ ကျွန်ုပ် အပြစ်လုပ်မိပြန်ပါပြီ။ ဤအရာသည် အကျည်းတန်ပြီး အမှန်တကယ် ရှက်ဖွယ်ကောင်းပါ၏။ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိကို မုန်းတီးပါ၏။ ကိုယ်တော် ကျွန်ုပ်အား ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးတော်မူပါ” ဟု ဆုတောင်းသည်။ သင်သည် အနာဂတ်တွင် ထိုသို့သောအရာများမှ ကင်းဝေးအောင်နေဖို့နှင့် ဆန့်ကျင်ဘက်လိင်ကို တစ်ဦးတည်း အဆက်အသွယ်မလုပ်ဖို့ စိတ်ပိုင်းဖြတ်သည်။ ယင်းမှာ ပြောင်းလဲမှုဖြစ်မည် မဟုတ်လော။ ထို့ပြင် ထိုပုံစံအတိုင်း ပြောင်းလဲသွားပြီးနောက် သင်၏ ယခင်က စည်းမစောင့်မှုများမှာ နောက်ထပ် ပြစ်တင်ရှုတ်ချခြင်း ခံရမည်မဟုတ်ပေ။ အကယ်၍ သင်သည် တစ်ယောက်ယောက်နှင့် စကားစမြည်ပြောပြီး သူ့ကို မြှူဆွယ်သည့်အပြင် ကိုယ့်ကိုယ်ကိုယ် မုန်းတီးဖို့၊ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့၊ ဇာတိပကတိကို ပုန်ကန်ရန်အတွက် စိတ်ပိုင်းဖြတ်ဖို့၊ သို့မဟုတ် ဘုရားသခင်ထံ အပြစ်များကို ဝန်ချပြီး နောင်တရဖို့နေနေသာသာ၊ ယင်းကို ရှက်ဖွယ်ကောင်းသော အရာတစ်ခုဟု မထင်လျှင် သင်သည် မကောင်းမှုများကို ပို၍များစွာ ဆက်လက် ကျူးလွန်ချင် ကျူးလွန်မည်ဖြစ်ပြီး အမှုအရာများက ပို၍ပို၍ ဆိုးရွားလာမည်ဖြစ်ကာ သင့်အား အပြစ်တရားသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ သင် ဤအရာပြုလျှင် ဘုရားသခင်သည် သင့်အား ပြစ်တင်ရှုတ်ချမည်ဖြစ်သည်။ အကယ်၍ သင်သည် ထပ်ကာထပ်ကာ အပြစ်ပြုလျှင် ယင်းမှာ တမင်ကျူးလွန်သော အပြစ်ဖြစ်၏။ ဘုရားသခင်သည် တမင်ကျူးလွန်သော အပြစ်ကို ပြစ်တင်ရှုတ်ချပြီး တမင်ကျူးလွန်သော အပြစ်ကို ကယ်၍မရပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုခုကို မရည်ရွယ်ဘဲ အမှန်တကယ် ထုတ်ဖော်ပြီး သင်သည် အမှန်ပင် နောင်တရနိုင်သည့်အပြင် ဇာတိပကတိကို ပုန်ကန်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်သည် ယင်းအတွက် သင့်ကို ပြစ်တင်ရှုတ်ချမည် မဟုတ်သည့်အပြင် သင့်ကို ကယ်တင်၍ရနိုင်သေးသည်။ ဘုရားသခင်၏ အလုပ်ဟူသည်မှာ လူသားအား ကယ်တင်ရန် ရည်ရွယ်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သောသူတစ်ဦးသည် ပြုပြင်ခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းကို လက်ခံသင့်သည်။ သူသည် သမ္မာတရားကို လက်ခံနိုင်သရွေ့၊ နောင်တရပြီး ပြောင်းလဲသရွေ့ ယင်းက ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်မည် မဟုတ်လော။ လူအချို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်တတ်သော သဘောထားကို အမြဲ ခံယူသည်။ ထိုသို့သောလူတို့၌ အသက်ဝင်ရောက်မှု မရှိသဖြင့် အဆုံးတွင် ၎င်းတို့အားလုံးသည် ဆုံးရှုံးမှုများကို တွေ့ကြုံရမည်ဖြစ်သည်။
ယခင်က ဖော်ပြခဲ့သကဲ့သို့ အတိတ်မှ အဖြစ်အပျက်များကို တစ်ချက်တည်းဖြင့် လုံးလုံးဖယ်ရှား၍ ရနိုင်သည်။ အတိတ်ကို အစားထိုးဖို့ အနာဂတ်ကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ ဘုရားသခင်၏ သည်းခံခြင်းသည် ပင်လယ်ကဲ့သို့ အကန့်အသတ်မဲ့၏။ သို့သော် ဤနှုတ်ကပတ်တော်များတွင် စည်းမျဉ်းများလည်း ရှိသည်။ ယင်းက ဘုရားသခင်သည် သင်ကျူးလွန်ထားသည့် မည်သည့်အပြစ်ကိုမဆို မည်မျှကြီးမားပါစေ လုံးလုံးလျားလျား ဖယ်ရှားပေးမည့်ကိစ္စမျိုး မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်အားလုံးကို စည်းမျဉ်းများဖြင့် ပြုလုပ်သည်။ အတိတ်တွင် ဤအရေးကိစ္စကို ကိုင်တွယ်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုကို ချမှတ်ခဲ့သည်။ ဘုရားသခင်သည် လူတစ်ဦးက သူ၏အမည်နာမကို လက်မခံမီ ကျူးလွန်သော အပြစ်များအားလုံးကို ခွင့်လွှတ်ပြီး ဖြေလွှတ်သည်။ သို့သော် သူ့အား ယုံကြည်လာပြီးနောက် ဆက်လက်၍ အပြစ်လုပ်သောသူတို့အတွက်မှာမူ ယင်းက မတူညီသောဖြစ်စဉ်ဖြစ်သည်။ အပြစ်တစ်ခုကို တစ်ကြိမ် ထပ်လုပ်သောသူကို နောင်တရဖို့အခွင့်အရေး ပေးသော်လည်း ယင်းကို နှစ်ကြိမ်ထပ်လုပ်သောသူ သို့မဟုတ် ထပ်ကာတလဲလဲ အပြစ်ဖော်ဆုံးမလင့်ကစား ပြောင်းလဲဖို့ ငြင်းဆန်သောသူတို့ကို နောင်တရဖို့ နောက်ထပ်အခွင့်အရေး မပေးဘဲ နှင်ထုတ်ပစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်တွင် လူတို့ကို တတ်နိုင်သမျှ အကြီးဆုံးသော အတိုင်းအတာအထိ အမြဲသည်းခံသည်။ ဤအရာ၌ ဘုရားသခင်၏ အလုပ်သည် အမှန်တကယ် လူတို့အား ကယ်တင်ခြင်းနှင့် ဆိုင်သည့်အလုပ်ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ရာတွင် အကယ်၍ အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် သင်သည် ခွင့်လွှတ်၍မရသော အပြစ်များကို ကျူးလွန်ဦးမည်ဆိုလျှင် သင့်ကို အမှန်ပင် ကယ်တင်၍ မရသည့်အပြင် ကယ်ဆယ်၍မဖြစ်နိုင်ပေ။ ဘုရားသခင်၌ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်းအတွက် လုပ်ငန်းစဉ်ရှိသည်။ ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်အား သန့်စင်စေခြင်း၊ ကယ်တင်ခြင်းတို့နှင့်ဆိုင်သည့် သူ၏ရည်ရွယ်ချက်အား အောင်မြင်သည်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝအား ထပ်ကာထပ်ကာ ထုတ်ဖော်ခြင်းဟူသည့် ဖြစ်စဉ်ထဲ၌ဖြစ်သည်။ လူအချို့က “ယင်းသည် ကျွန်ုပ်၏သဘာဝဖြစ်သောကြောင့် ယင်းကို အကုန်လုံး ဖော်ထုတ်ပါစေ။ ယင်းကို ဖော်ထုတ်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်သိမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည် ဖြစ်သည်” ဟု စဉ်းစားကြသည်။ ဤဖြစ်စဉ်သည် လိုအပ်သလော။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူ တစ်ဦး အမှန်တကယ် ဖြစ်ပြီး အခြားသူများ၌ မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများ ထွက်ပေါ်လာပြီး မည်သည့်မှားယွင်းသော အရာများကို ၎င်းတို့ ပြုလုပ်ထားကြောင်း သင်တွေ့သောအခါ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ကာ မိမိကိုယ်ကို၌ အလားတူ ပြဿနာများကို သင်တွေ့သောအခါ သင်သည် ယင်းတို့ကို ချက်ချင်း အမှန်ပြင်ဆင်ပြီး ထိုအရာများကို အနာဂတ်တွင် မည်သည့်အခါမျှ မပြုလုပ်ပါက ဤသည်မှာ သွယ်ဝိုက်ပြောင်းလဲခြင်း မဟုတ်သလော။ သို့မဟုတ်ပါက တစ်ခါတစ်ရံ တစ်ခုခုကို ပြုလုပ်လိုသော်လည်း ယင်းမှာ မှားယွင်းသည်ကို ကြိုတင်၍ သဘောပေါက်ပြီး ဇာတိပကတိကို ပုန်ကန်နိုင်ပါက ဤအရာက သန့်စင်ခံရခြင်းဟူသည့် အကျိုးတရားကိုလည်း ရရှိသည် မဟုတ်လော။ မည်သည့်လက္ခဏာသွင်ပြင်၌မဆို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အကြိမ်ကြိမ်ထပ်ကျော့သည့် လုပ်ငန်းစဉ်များအား ဖြတ်သန်းခြင်း လိုအပ်သည်။ သမ္မာတရားကို တစ်ကြိမ် လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက လုံးလုံးလျားလျား ပျောက်ကွယ်သွားမည်တော့ မဟုတ်ချေ။ လူတစ်ဦးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လုံးစေ့ပတ်စေ့ မပြေလည်ခင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ နောက်ထပ် အခက်အခဲမရှိသည်အထိ သမ္မာတရားကို ထပ်တလဲလဲ ရှာဖွေရမည်၊ ပြုပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသာမက တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ထပ်တလဲလဲ ခံရမည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီအောင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရပြီးနောက် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိခြင်းဖြင့် အဆုံးသတ်လျှင် ယင်းသည် သူ၏ စိတ်သဘောထား ပြောင်းလဲမှုပင် ဖြစ်ပေ၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။