ဘုရားသခင်သည် လူတို့၏ ရလဒ်များကို မည်သို့ဆုံးဖြတ်သည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၈)
နောက်ဆုံးသောကာလ ဘုရားသခင်၏ အလုပ်တွင် သူသည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များအပေါ် မူတည်၍ အဆုံးအဖြတ်ပေးသည်။ ဤတွင် “သရုပ်သကန်များ” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းကြောင်း သင်တို့သိသလော။ သရုပ်သကန်များသည် အမှုအရာများကို လုပ်ဆောင်စဉ် လူတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရည်ညွှန်းသည်ဟု သင်တို့ ထင်ကောင်းထင်နိုင်သော်လည်း၊ ယင်းမှာ ဤအရာက အမှန်တကယ် ဆိုလိုသည့်အရာ မဟုတ်ပေ။ ဤနေရာ၌ သရုပ်သကန်များဟူသည်မှာ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသည်၊ မရှိသည်ကို ရည်ညွှန်းသည်။ သင်၏ တာဝန်ထမ်းဆောင်စဉ် သစ္စာစောင့်သိနိုင်စွမ်း ရှိသည်၊ မရှိသည်ကို ရည်ညွှန်းသည်။ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်၊ ဘုရားသခင်အပေါ် သင်၏ သဘောထား၊ အခက်အခဲများကို ခံစားဖို့ သင်၏ စိတ်ပိုင်းဖြတ်ချက်တို့ကို ဆိုလိုသည်။ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းအား လက်ခံခြင်းအပေါ် သင်၏ သဘောထားကို ဆိုလိုသည်။ သင်ကျူးလွန်ထားသည့် ကြီးလေးသော ပြစ်မှားခြင်းအရေအတွက်နှင့် နောက်ဆုံးတွင် သင် နောင်တတရားနှင့် အသွင်ပြောင်းလဲခြင်းကို ရရှိသည့်အတိုင်းအတာတို့ကို ဆိုလိုသည်။ ဤအရာများအားလုံး ပေါင်းလိုက်လျှင် သင်၏ သရုပ်သကန်များကို ဖန်တီးလေသည်။ ဤနေရာတွင် သရုပ်သကန်များဟူသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဘယ်မျှကို သင်ထုတ်ဖော်ပြီးဖြစ်သည် သို့မဟုတ် မကောင်းသော အရာများ အဘယ်မျှကို သင်ပြုလုပ်ပြီးဖြစ်သည်ကို မရည်ညွှန်းဘဲ ရလဒ်များ အဘယ်မျှကို သင်ရရှိထားသည်နှင့် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုတွင် စစ်မှန်သောပြောင်းလဲမှု အဘယ်မျှကို သင်ကြုံရပြီးဖြစ်သည်ကို ရည်ညွှန်းသည်။ အကယ်၍ လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏သဘာဝက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှကို ထုတ်ဖော်ပြီးဖြစ်သည် ဟူသည့်အပေါ် အဆုံးအဖြတ်ပေးခဲ့ပါက မည်သူမျှ ကယ်တင်ခြင်း ရရှိနိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားများအားလုံးသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြသည်၊ ၎င်းတို့အားလုံး၌ စာတန်ဆန်သော သဘာဝရှိကြသည်၊ ထို့ပြင် ၎င်းတို့အားလုံးက ဘုရားသခင်ကို အတိုက်အခံလုပ်ကြလေသည်။ ဘုရားသခင်က သမ္မာတရားကို လက်ခံနိုင်ပြီး သူ၏ အလုပ်အား ကျိုးနွံနာခံနိုင်သော လူတို့ကို ကယ်တင်လိုသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှကို ထုတ်ဖော်သည်ဖြစ်စေ နောက်ဆုံးတွင် သမ္မာတရားကို လက်ခံနိုင်ခြင်း၊ စစ်မှန်သော နောင်တတရားကို ရရှိနိုင်ခြင်းနှင့် စစ်မှန်သော ပြောင်းလဲမှုကို ကြုံနိုင်ခြင်းတို့ ရှိသရွေ့ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောလူတို့ ဖြစ်ကြသည်။ လူအချို့က ဤအရာကို မရိပ်စားမိနိုင်ကြသည့်အပြင် ခေါင်းဆောင်အဖြစ် အစေခံသော မည်သူမဆို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍ ထုတ်ဖော်မည်ဖြစ်ကြောင်း၊ ဖောက်ပြန်ပျက်စီးခြင်း ပို၍ထုတ်ဖော်သောသူတိုင်း သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီး ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ကြောင်း ထင်မြင်ကြသည်။ ဤရှုထောင့်အမြင်သည် မှန်ကန်သလော။ ခေါင်းဆောင်များက ဖောက်ပြန်ပျက်စီးခြင်းကို ပို၍ ထုတ်ဖော်လင့်ကစား ထိုသူတို့သည် သမ္မာတရားကို လိုက်စားသောလူတို့ ဖြစ်နေပါက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံဖို့ အရည်အချင်းပြည့်မီကြသည်။ ထိုသူတို့သည် ကယ်တင်ခံရခြင်းနှင့် စုံလင်အောင်ပြုခံရခြင်းဟူသည့် လမ်းကြောင်းကို စတင်နိုင်ပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက် လှပသော သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ ဤသူတို့မှာ အမှန်တကယ် ပြောင်းလဲသွားသည့် လူတို့ဖြစ်ကြ၏။ အကယ်၍ လူတို့၏ အဆုံးသတ်များအား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဘယ်မျှ ထုတ်ဖော်ခံရသည် ဟူသည့်အပေါ် မူတည်၍ အဆုံးအဖြတ်ပေးပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံလေ ၎င်းတို့ ပို၍မြန်မြန်ဆန်ဆန် ထုတ်ဖော်ခံရလေ ဖြစ်မည်ဖြစ်သည်။ အကယ်၍ ဤသည်မှာ မှန်ကန်လျှင် အဘယ်သူသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင် ဖြစ်ဝံ့တော့မည်နည်း။ အဘယ်သူသည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုခံရခြင်း အဆင့်အထိ ရောက်နိုင်မည်နည်း။ ဤရှုထောင့်အမြင်သည် အဓိပ္ပာယ်မဲ့လွန်းသည် မဟုတ်လော။ ဘုရားသခင်သည် လူတို့အနေဖြင့် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့သည် မိမိတို့၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ အမှန်တကယ် ပြောင်းလဲသွားခြင်း ရှိမရှိကို အဓိကကြည့်သည်။ လူတို့၌ စစ်မှန်သော သက်သေခံချက်ရှိပြီး စစ်မှန်သော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ပြီးပါက ၎င်းတို့သည် ဘုရားသခင် အသိအမှတ်ပြုသောလူများ ဖြစ်ကြသည်။ လူအချို့သည် အပေါ်ယံတွင် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်သာ ထုတ်ဖော်ဟန်တူသော်လည်း စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့ကြသည်။ ၎င်းတို့သည် အမှန်တကယ် မပြောင်းလဲသေးသည့်အပြင် ၎င်းတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။
ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို သူ၏ သရုပ်သကန်များနှင့် အနှစ်သာရအပေါ် မူတည်၍ အဆုံးအဖြတ်ပေးသည်။ ဤတွင် သရုပ်သကန်များဟူသည်မှာ လူတစ်ဦးသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းရှိမရှိ၊ သူ၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာရှိမရှိ၊ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိနှင့် သူ၏ စိတ်သဘောထားမှာ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲသွားခြင်း ရှိမရှိကို ရည်ညွှန်းသည်။ ဤသရုပ်သကန်များနှင့် သူ၏အနှစ်သာရအပေါ် မူတည်၍ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး သူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အဘယ်မျှ ထုတ်ဖော်သည်ဟူသည့်အပေါ် မမူတည်ပေ။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို ထိုသူအနေဖြင့် ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှထုတ်ဖော်သည် ဟူသည့်အပေါ် အဆုံးအဖြတ်ပေးသည်ဟု သင်ထင်ပါက သူ၏ ရည်ရွယ်ချက်များအား သင် အဓိပ္ပာယ်ကောက်လွဲလေပြီ။ အမှန်တွင်မူ လူတို့၌ တူညီသည့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရရှိကြသည်၊ ၎င်းတို့၌ ကောင်းသည့် လူ့သဘာဝ ရှိသည်ဖြစ်စေ၊ မကောင်းသည့် လူ့သဘာဝ ရှိသည်ဖြစ်စေ၊ ထို့ပြင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခြားနားချက်ရှိသည်။ လူတစ်ဦးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အဘယ်မျှ ထုတ်ဖော်သည်ဖြစ်စေ သူ၏စိတ်နှလုံးအတွင်းထဲ၌ မည်သည့်အရာ ရှိနေသည်ဟူသည်ကို ဘုရားသခင် အသိဆုံးဖြစ်၏။ သင့်အနေဖြင့် ယင်းကို ကွယ်ဝှက်စရာမလိုပေ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းပိုင်းကို စောင့်ကြည့်လေ့လာသည်။ အခြားသူများ၏ ရှေ့တွင် သို့မဟုတ် ကွယ်ရာတွင် သင်ပြုလုပ်သည့် တစ်စုံတစ်ခုသည် မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် သင်သည် စိတ်နှလုံးထဲ၌ မည်သည့်အရာ ပြုလုပ်လိုသည်ဖြစ်စေ ယင်းတို့အားလုံးမှာ ဘုရားသခင်၏ရှေ့မှောက်၌ ချခင်းထားလျက် ရှိကြသည်။ လူတို့ တိတ်တဆိတ် ပြုလုပ်သည့်အရာကို ဘုရားသခင်သည် အဘယ်သို့များ သတိမပြုမိဘဲ နေနိုင်မည်နည်း။ ဤသည်မှာ မိမိကိုယ်ကို လှည့်စားခြင်းမဟုတ်လော။ အမှန်စင်စစ် လူတစ်ဦး၏ သဘာဝသည် မည်သို့လှည့်စားတတ်သည် ဖြစ်စေ၊ လူတစ်ဦးသည် မုသားများကို မည်မျှပြောသည်ဖြစ်စေ၊ သူသည် မိမိကိုယ်ကို အယောင်ဆောင်ရာ၌လည်းကောင်း၊ လှည့်ဖြားရာ၌လည်းကောင်း မည်မျှကျွမ်းကျင်သည်ဖြစ်စေ ယင်းတို့အားလုံးကို ဘုရားသခင် နောကျေနေအောင် သိပြီးသားဖြစ်သည်။ ဘုရားသခင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤမျှကောင်းစွာ သိနားလည်သည်ဖြစ်၍ သူ၏ သာမန်နောက်လိုက်များကိုလည်း ကောင်းစွာ သိမည်မဟုတ်လော။ လူအချို့က “ဦးဆောင်သူမည်သူမဆို မိုက်မဲပြီး မသိနားမလည်ကြသည့်အပြင် ကိုယ့်ဒုက္ခကိုယ်ရှာနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်တစ်ဦးအဖြစ် ထမ်းဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်မြင်တွေ့အောင် ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြ၍ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအလုပ်ကို မလုပ်ခဲ့လျှင် ဖောက်ပြန်ပျက်စီးခြင်း မြောက်မြားစွာ ထုတ်ဖော်ခံရမည်လော” ဟု ထင်ကြသည်။ အဓိပ္ပာယ်မဲ့သော စိတ်ကူးပါတကား။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် မထမ်းဆောင်လျှင် ဖောက်ပြန်ပျက်စီးခြင်းကို သင်မထုတ်ဖော်ဘဲ နေမည်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း ဟူသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်း လျှော့ပေါ့၍ ပြသလျှင်ပင် ကယ်တင်ခြင်းကို သင်ရရှိပြီးပြီဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်လော။ ဤဆွေးနွေးချက်အရ ခေါင်းဆောင်များအဖြစ် အစေမခံသောသူတို့ အားလုံးသည် ဆက်လက်ရှင်သန်ပြီး ကယ်တင်ခြင်းခံရနိုင်သူများ ဖြစ်ကြသလော။ ဤစကားသည် ရယ်ဖွယ်ကောင်းလွန်းသည် မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသော လူတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်နှင့် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်အတွက် လမ်းပြကြသည်။ ဤသတ်မှတ်ချက်နှင့် စံချိန်စံညွှန်းသည် မြင့်မားသောကြောင့် ခေါင်းဆောင်များသည် ပထမဆုံးအနေဖြင့် လေ့ကျင့်မှုကို အစပြုသောအခါ ဖောက်ပြန်ပျက်စီးသော အခြေအနေအချို့ကို ထုတ်ဖော်ကြမည်မှာ မလွဲပေ။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ သို့သော် ဘုရားသခင်သည် ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုသည်သာမက သူသည် ဤလူတို့ကို ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြခြင်းကိုလည်း ပြုလုပ်ပြီး ၎င်းတို့အပေါ် အပိုဝန်ထုပ်ဝန်ပိုးများ တင်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အလုပ်ကို ကျိုးနွံနာခံနိုင်သရွေ့ အသက်တာ၌ သာမန်လူတို့ထက် ပို၍မြန်မြန်ဆန်ဆန် တိုးတက်ကြမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်လျှင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရသည့် လမ်းကြောင်းပေါ် အစပျိုးနိုင်လေသည်။ ဤသည်မှာ ဘုရားသခင် ကောင်းချီးအပေးဆုံးအရာ ဖြစ်၏။ လူအချို့က ဤအရာကို မမြင်နိုင်ကြဘဲ အမှန်တရားများကို လွဲချော်ကြသည်။ လူ၏ သိနားလည်မှုအရ ခေါင်းဆောင်တစ်ဦးသည် အဘယ်မျှပြောင်းလဲသည်ဖြစ်စေ ဘုရားသခင် ဂရုစိုက်မည်မဟုတ်ချေ။ သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှ ထုတ်ဖော်သည်ကိုသာ ကြည့်မည်ဖြစ်ပြီး ဤအရာအပေါ်မူတည်၍သာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချမည် ဖြစ်သည်။ ထို့ပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်သောသူတို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကိုသာ ထုတ်ဖော်သောကြောင့် ၎င်းတို့ မပြောင်းလဲလျှင်ပင် ဘုရားသခင်က ထိုသူတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ ဟူ၍ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် အလွန် ပြင်းထန်စွာ ခုခံလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ သင်သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၌ သမ္မာတရားနှင့် စစ်မှန်သော သက်သေခံချက် ရှိမရှိအပေါ် အဓိကအားဖြင့် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ယင်းမှာ ၎င်းတို့သည် သမ္မာတရားလိုက်စားသော လူများဟုတ်မဟုတ်အပေါ် အဓိကအားဖြင့် မူတည်၏။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် အမှန်တကယ် နောင်တရနိုင်ပါက ဘုရားသခင်အား ပြစ်မှားစော်ကားသည့် စကားများ ပြောဆိုခြင်း သို့မဟုတ် အရာများ ပြုလုပ်ခြင်း မရှိသရွေ့ ၎င်းတို့သည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိနိုင်စွမ်းရှိမည်။ သင်တို့၏ စိတ်ကူးစိတ်သန်းများအရ အဆုံးတိုင်အောင် ဘုရားသခင်နောက်လိုက်သော သာမန်ယုံကြည်သူများအားလုံး ကယ်တင်ခြင်းရရှိနိုင်ပြီး ခေါင်းဆောင်များအဖြစ် အစေခံသူတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခံရလျှင် ယင်းကို မလုပ်ဆောင်ခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ဆိုလျှင် ဖောက်ပြန်ပျက်စီးခြင်းကို မရည်ရွယ်ဘဲ သင် ထုတ်ဖော်မိမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းမှာ သင့်ကိုယ်သင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခြင်းနှင့်ပင် တူမည်ဟု သင်တို့ထင်မိမည်။ ဤအရာအားလုံးမှာ ဘုရားသခင်နှင့်ပတ်သက်၍ သင်တို့၏ အထင်မြင်လွဲမှားခြင်းများကြောင့် ဖြစ်ရသည်မဟုတ်လော။ အကယ်၍ လူတို့၏ အဆုံးသတ်များကို ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးခြင်းအပေါ် အခြေခံ၍ အဆုံးအဖြတ် ပေးလျှင် မည်သူမျှ ကယ်တင်ခံမည်မဟုတ်ချေ။ ဤသည်မှာ မှန်ကန်ပါက ဘုရားသခင်အနေဖြင့် ကယ်တင်ခြင်းအလုပ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်တော့မည်နည်း။ ဤသည်မှာ တကယ်ကို စစ်မှန်လျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာ၌ ရှိတော့မည်နည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို မြင်တွေ့နိုင်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် သင်တို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မြင်လွဲမှားသွားပြီဖြစ်ကာ ယင်းက သင်တို့၌ ဘုရားသခင်နှင့် ပတ်သက်၍ စစ်မှန်သော သိနားလည်မှုမရှိကြောင်း ပြသည်။
ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ဤနေရာတွင် သရုပ်သကန်များဟူသည်မှာ ၎င်းတို့အပေါ် ဘုရားအလုပ်၏ ရလဒ်များကို ရည်ညွှန်းသည်။ သင်တို့ကို ငါ နှိုင်းယှဉ်ချက်တစ်ခု ပေးမည်။ သစ်သီးခြံတစ်ခုတွင် ပိုင်ရှင်က သူ၏အပင်များကို ရေလောင်းပြီး မြေသြဇာကျွေးသည်။ ထို့နောက် အသီးများကို ဆွတ်ခူးဖို့ စောင့်စားသည်။ အသီးသီးသော အပင်များသည် ကောင်းသောအပင်များ ဖြစ်ပြီး ယင်းတို့ကို ထိန်းသိမ်းသည်။ အသီးမသီးသော အပင်များသည် ကောင်းသောအပင်များ မဟုတ်သည်မှာ သေချာပြီး ယင်းတို့ကို ထိန်းသိမ်း၍မရပေ။ ဤအခြေအနေကို ဆင်ခြင်လော့။ အပင်တစ်ပင်သည် အသီးသီးသော်လည်း အနာလည်းကျကာ ယင်း၏ မကောင်းသော အကိုင်းအခက်များအချို့ကို ဖြတ်တောက်ပစ်ဖို့ လိုသည်။ ဤအပင်ကို ထိန်းသိမ်းသင့်သည်ဟု သင်တို့ ထင်သလော။ ယင်းကို ထိန်းသိမ်းသင့်သည်ဖြစ်ကာ အကိုင်းချိုင်ပြီး ပြုစုလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းသွားမည်ဖြစ်သည်။ နောက်ထပ် အခြေအနေတစ်ခုကို ဆင်ခြင်လော့။ အပင်တစ်ပင်သည် အနာမရှိသော်လည်း အသီးမသီးပေ။ ထိုအပင်မျိုးကို မထိန်းသိမ်းသင့်ပေ။ ဤတွင် “အသီးသီးသည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ရလဒ်များရရှိသည့် ဘုရားသခင်၏ အလုပ်ကို ရည်ညွှန်းသည်။ လူတို့သည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးသွားသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်အား တွေ့ကြုံခြင်းဖြစ်စဉ်တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြမည် ဖြစ်ပြီး ပြစ်မှားခြင်းအချို့ကို မလွှဲသာမရှောင်သာ ကျူးလွန်ကြမည်ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ အလုပ်က ၎င်းတို့အထဲ၌ ရလဒ်အချို့ကို ရရှိမည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်က ဤရလဒ်များကို ဂရုမစိုက်ဘဲ လူတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုသာ ကြည့်ခဲ့လျှင် လူတို့အား ကယ်တင်ခြင်းသည် ဖြစ်နိုင်တော့မည်မဟုတ်ပေ။ ကယ်တင်ခြင်း၏ ရလဒ်များသည် လူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုတို့၌ အဓိကအားဖြင့် ပေါ်လွင်သည်။ ဘုရားသခင်သည် ဤနယ်ပယ်များ၌ လူတို့ရရှိထားသည့် ရလဒ်များကို ကြည့်ပြီးနောက် ၎င်းတို့ပြစ်မှားခြင်း၏ ကြီးလေးမှုကို ကြည့်လေသည်။ ထို့နောက် သူက ၎င်းတို့၏ အဆုံးသတ်များကို ဆုံးဖြတ်ပေးပြီး ၎င်းတို့ ဆက်လက်ရပ်တည်မည် မရပ်တည်မည်ကို ဤအချက်များ ပေါင်းစပ်မှုအပေါ် မူတည်၍ ဆုံးဖြတ်ပေးသည်။ သာဓကအားဖြင့် လူအချို့သည် အတိတ်တွင် ဖောက်ပြန်ပျက်စီးမှု အမြောက်အမြား ထုတ်ဖော်ခဲ့ပြီး ၎င်းတို့၏ ဇာတိပကတိအတွက် ကြီးမားသော အလေးထားမှု ပြသခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို အသုံးခံလိုစိတ် မရှိခဲ့သည်သာမက အသင်းတော်၏ အကျိုးစီးပွားကို မထိန်းသိမ်းခဲ့ပေ။ သို့ရာတွင် နှစ်အတန်ကြာ တရားဒေသနာများကို နားထောင်ပြီးနောက် စစ်မှန်သော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့သည်။ ယခုတွင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု၌ သမ္မာတရားစည်းမျဉ်းများအတိုင်း ကြိုးပမ်းတတ်ကာ ၎င်းတို့၏ တာဝန်များ၌ ရလဒ်များကို ပို၍ပို၍ ရရှိကြသည်။ ၎င်းတို့သည် အရာရာတွင်လည်း ဘုရားသခင်ဘက်၌ ရပ်တည်နိုင်ကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ဤသည်မှာ လူတစ်ဦး၏ အသက်စိတ်သဘောထားအား ပြောင်းလဲခြင်းဟူသည်ကို ဆိုလိုသည့်အရာဖြစ်ပြီး ဘုရားသခင် အလိုရှိသည်မှာ ဤပြောင်းလဲခြင်း ဖြစ်သည်။ ထိုမျှမက အတိတ်တွင် ၎င်းတို့၌ အယူအဆများ ရှိလာတိုင်း ယင်းတို့အား အမြဲတမ်း လိုက်လံဖြန့်ဖြူးတတ်ပြီး ဤအယူအဆများ အခြားလူများ၌ ဖြစ်ပေါ်လာမှသာ မိမိတို့၏ စိတ်နှလုံး ကျေနပ်အားရတတ်သည့် လူအချို့ရှိသော်လည်း ယခုတွင်မူ ၎င်းတို့၌ အယူအဆအချို့ ရှိသောအခါ ဘုရားသခင်ကို ဆုတောင်းနိုင်ကြသည်၊ သမ္မာတရားကို ရှာဖွေနိုင်ကြပြီး မိမိတို့၏ အယူအဆများကို မဖြန့်ဖြူးဘဲ သို့မဟုတ် ဘုရားသခင်အား ခုခံသည့် မည်သည့်အရာကိုမျှ မလုပ်ဘဲ ကျိုးနွံနာခံနိုင်ကြသည်။ ၎င်းတို့အထဲ၌ ပြောင်းလဲခြင်း ဖြစ်ပေါ်လာပြီး မဟုတ်သလော။ လူအချို့သည် အတိတ်၌ လူတစ်ဦးဦး၏ ပြုပြင်ခြင်းကို ခံရတိုင်း ချက်ချင်းပင် အတိုက်အခံလုပ်လာတတ်သည်။ သို့သော်လည်း ယခုတွင် ၎င်းတို့အပေါ် ထိုအရာ ဖြစ်ပျက်လာသောအခါ ယင်းကို လက်ခံနိုင်ပြီး မိမိတို့ကိုယ်ကို သိနားလည်နိုင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် တကယ့်ပြောင်းလဲမှုတစ်ခုခုကို ကြုံတွေ့ကြသည်။ ဤသည်မှာ ရလဒ်မဟုတ်လော။ သို့သော်လည်း သင် မည်မျှ ပြောင်းလဲသည်ဖြစ်စေ ပြစ်မှားခြင်းများမှ လုံးလုံးလျားလျား လွတ်ကင်းရန် မဖြစ်နိုင်သည့်အပြင် သင်၏သဘာဝကို ယခုချက်ချင်း လုံးလုံးလျားလျား ပြောင်းလဲ၍မရပေ။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောလမ်းကြောင်းပေါ် အစပြုပြီး အရာရာ၌ သမ္မာတရားကို ရှာဖွေတတ်လျှင်၊ ထို့နောက် သူသည် ပုန်ကန်မှုအနည်းငယ် ပြသလျှင်ပင် ယင်းကို ထိုအခိုက်အတန့်တွင် သဘောပေါက်လိမ့်မည်။ သဘောပေါက်ပြီးနောက် အလျင်အမြန်ပင် ဘုရားသခင်ထံ ဝန်ချတောင်းပန်ပြီး နောင်တရကာ ပြောင်းလဲပြီးလျှင် ပို၍ပို၍သာ တိုးတက်လာမည်ဖြစ်သည်။ သူသည် အလားတူ ပြစ်မှားခြင်းကို တစ်ကြိမ်နှစ်ကြိမ်မျှ ကျူးလွန်ကောင်း ကျူးလွန်နိုင်သော်လည်း တတိယအကြိမ် သို့မဟုတ် စတုတ္ထအကြိမ် ကျူးလွန်တော့မည် မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်၏။ ဤသူသည် အင်္ဂါရပ်တစ်ခုခုတွင် ပြောင်းလဲသွားသောကြောင့် ဖောက်ပြန်ပျက်စီးခြင်းကို နောက်ထပ် ထုတ်ဖော်တော့မည် မဟုတ်သည့်အပြင် မည်သည့်ပြစ်မှားခြင်းကိုမျှ နောက်ထပ် လုံးဝကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ယင်းမှာ ထိုသို့ မဟုတ်ပေ။ ဤပြောင်းလဲခြင်းမျိုးသည် တစ်စုံတစ်ဦးက ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံပြီးနောက် သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင် တောင်းဆိုထားသော အရာအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းကို မဆိုလိုပေ။ ထိုကဲ့သို့သော လူတစ်ဦးက ပြစ်မှားခြင်းများကို ကျူးလွန်ခြင်း ပို၍ပို၍ နည်းပါးလာမည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်း ပို၍ပို၍ လျော့နည်းလာမည်ဖြစ်သည့်အပြင် သူ၏ ပုန်ကန်ခြင်းဖြစ်ရပ်များ ကြီးလေးမှု ပို၍ပို၍ နည်းပါးလာမည်ဖြစ်သည်။ ဤအရာအားဖြင့် ဘုရားသခင်၏ အလုပ်က ရလဒ်များ ရရှိထားပြီဖြစ်ကြောင်း ရှင်းလင်းသည်။ သူအလိုရှိသည့်အရာမှာ လူတို့၌ ဤသရုပ်သကန်မျိုးများ ဖြစ်ကာ ယင်းက ၎င်းတို့အထဲ၌ ရလဒ်များ ရရှိထားပြီဖြစ်ကြောင်း ပြသသည်။ ထို့ကြောင့် ဘုရားသခင်က လူတို့၏ အဆုံးသတ်များအား ကိုင်တွယ်သည့်နည်းလမ်း သို့မဟုတ် လူတိုင်းကို သူဆက်ဆံပြုမူသည့်ပုံက လုံးဝ ဖြောင့်မတ်သည်၊ ကျိုးကြောင်းဆီလျော်သည်၊ ထို့ပြင် တရားမျှတသည်။ သင်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံရာ၌ သင်၏ အားထုတ်ကြိုးပမ်းမှု ဟူသမျှကို စိုက်ထုတ်ရန်နှင့် သင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများကို ပူပန်စရာမလိုဘဲ ရဲဝံ့စွာနှင့် သေသေချာချာ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်ပြီးလျှင် ဘုရားသခင်က သင့်ကို ကြမ်းတမ်းစွာ ဆက်ဆံမည်မဟုတ်ပေ။ ဤအရာကို စဉ်းစားလော့။ သမ္မာတရားကို ချစ်ပြီး လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရနိုင်သလော။ လူများစွာတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားနှင့် ပတ်သက်၍ အမြဲတမ်း သံသယဝင်ကြကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး နောက်မှာပင် အပြစ်ဒဏ်ပေးခံရဦးမည်ကို စိုးရိမ်ကြသည်။ ဘုရားသခင်အား သစ္စာစောင့်သိမှု ပြသလျှင်ပင် သူက မြင်တွေ့မည်မဟုတ်ဟု စိုးရိမ်ကြသည်။ ထိုကဲ့သို့သော လူတို့၌ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍ သိနားလည်မှု မရှိကြချေ။
လူအချို့သည် ပြုပြင်ခံရပြီးနောက် အပျက်သဘော ဆောင်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့အတွက် အားအင်ဟူသမျှ ပျောက်ဆုံးပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုလည်း ပျောက်ကွယ်သွားလေသည်။ ဤအရာ အဘယ့်ကြောင့် ဖြစ်ရသနည်း။ ဤပြဿနာသည် အလွန်ကြီးလေး၏။ ဤသည်မှာ သမ္မာတရားအား လက်မခံနိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် တစ်စိတ်တစ်ဒေသအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်၍ သိနားလည်ခြင်း ကင်းမဲ့သောကြောင့် သမ္မာတရားကို လက်မခံကြခြင်းဖြစ်ကာ ယင်းက ၎င်းတို့ကို ပြုပြင်ခြင်းအား လက်မခံနိုင်ခြင်းသို့ ရောက်ရှိစေသည်။ ဤသည်ကို မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့်အပြင် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသော ၎င်းတို့၏ သဘာဝအားဖြင့် အဆုံးအဖြတ်ပေးသည်။ ယင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ပြုပြင်ခံရခြင်း၏ အရေးကြီးမှုကို လူတို့ နားမလည်သောကြောင့်လည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းဟူသည် ၎င်းတို့၏ အဆုံးသတ်အား အဆုံးအဖြတ်ပေးခြင်းကို ဆိုလိုသည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို အသုံးခံရန်အတွက် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ပြီး ဘုရားသခင်အား သစ္စာစောင့်သိမှုအနည်းငယ် ပိုင်ဆိုင်ပါက ပြုပြင်မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ ၎င်းတို့ ပြုပြင်ခံရပါက ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းမဟုတ် ဟူ၍လည်းကောင်း ၎င်းတို့က လွဲမှားစွာ ယုံကြည်ကြသည်။ ဤသိနားလည်ခြင်းမျိုးက လူများစွာကို ဘုရားသခင်အား သစ္စာမစောင့်သိဝံ့စရာအကြောင်း ဖြစ်စေသည်။ အမှန်တွင်မူ အားလုံးအနှစ်ချုပ်လိုက်သော် ၎င်းတို့သည် အလွန် လှည့်စားတတ်ပြီး အခက်အခဲများကို မခံစားလိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးများကိုသာ လွယ်လင့်တကူ ရရှိလိုကြသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လုံးဝ နားမလည်ကြပေ။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးသည် ဖြောင့်မတ်သည်၊ သို့မဟုတ် လူတိုင်းအပေါ် သူ၏ ဆက်ဆံမှုသည် ဖြောင့်မတ်သည်ဟု မည်သည့်အခါမျှ မယုံကြည်ကြပေ။ ၎င်းတို့သည် ဤကိစ္စ၌ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြဘဲ၊ ထိုအစား ၎င်းတို့၏ကိုယ်ပိုင် အကြောင်းပြချက်များကို အမြဲတမ်း ပြောကြသည်။ လူတစ်ဦးသည် မည်သည့်မကောင်းသော အရာများကို ပြုလုပ်ထားပါစေ၊ မည်သည့်ကြီးမားသော အပြစ်များကို ကျူးလွန်ထားပါစေ၊ မကောင်းမှုမည်မျှ ပြုလုပ်ထားပါစေ ဘုရားသခင်၏ တရားစီရင်မှုနှင့် အပြစ်ဒဏ်ပေးခြင်း ၎င်းတို့အပေါ် ကျရောက်သည်နှင့် ကောင်းကင်သည် မတရားကြောင်းနှင့် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း မရှိကြောင်း ထင်မှတ်ကြမည်ဖြစ်သည်။ လူ၏အမြင်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီပါက၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ စိတ်ခံစားမှုများကို အလေးမထားပါက သူသည် ဖြောင့်မတ်ခြင်းရှိမည် မဟုတ်ဟူ၍ဖြစ်သည်။ သို့ရာတွင် လူတို့သည် ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရားနှင့် သဘောထားချင်းကိုက်ညီမှု ရှိမရှိ မည်သည့်အခါမျှ မသိသကဲ့သို့ ၎င်းတို့၏ လုပ်ရပ်များအားလုံး၌ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံမှန်းလည်း မည်သည့်အခါမျှ သဘောမပေါက်ကြပေ။ လူတို့သည် မည်သို့ပြစ်မှားခဲ့ပါစေ ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ မပြုပြင် သို့မဟုတ် ၎င်းတို့၏ ပုန်ကန်မှုအတွက် မည်သည့်အခါမျှ အပြစ်မတင်ဘဲ၊ ထိုအစား ၎င်းတို့အပေါ် အေးအေးဆေးဆေးနှင့် နူးညံ့သိမ်မွေ့မှသာ၊ ၎င်းတို့အား ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သည်းခံမှုဖြင့် ဆက်ဆံမှသာ၊ ထို့ပြင် သူနှင့်အတူ စားသောက်ပြီး အရာရာကို ထာဝရ ပျော်မွေ့ခံစားခွင့်ပြုမှသာ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောခြင်း သို့မဟုတ် သူ့အား ဖြောင့်မတ်ခြင်းမရှိဟု မည်သည့်အခါမျှ မဝေဖန်ကြမည်ဖြစ်၏။ ထိုအစား သူသည် အလွန်ဖြောင့်မတ်သည်ဟု ၎င်းတို့ မမှန်မကန် ပြောမည်ဖြစ်သည်။ ထိုသို့သောလူတို့သည် ဘုရားသခင်ကို သိကျွမ်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်နိုင်သလော။ ဘုရားသခင်က လူသားတို့ကို တရားစီရင်ပြီး ပြုပြင်သောအခါ ၎င်းတို့အနေဖြင့် သူ့အား ကျိုးနွံနာခံရာနှင့် သူ့အား ချစ်ရာ၌ အောင်မြင်နိုင်ဖို့အတွက် သူသည် ၎င်းတို့၏ အသက်စိတ်သဘောထားများကို သန့်စင်စေပြီး ပြောင်းလဲပေးလိုကြောင်း အရိပ်အမြွက်မျှ မသိကြပေ။ ထိုသို့သော လူတို့က ဘုရားသခင်သည် ဖြောင့်မတ်သောဘုရားဖြစ်ကြောင်း မယုံကြည်ကြပေ။ ဘုရားသခင်က လူတို့ကို ပြစ်တင်မောင်းမဲခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းရှိသရွေ့ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်၊ ဘုရားသခင်သည် မချစ်တတ်ဟု အမြဲတမ်း မကျေမနပ်ပြောကြသည်၊ ထို့ပြင် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းမှာ မှားယွင်းသည်ဟု အမြဲတမ်း ညည်းညူကြသည်၊ ဤသည်မှာ ဘုရားသခင်သည် လူကို သန့်စင်စေခြင်းနှင့် ကယ်တင်နေခြင်း ဖြစ်ကြောင်း မမြင်နိုင်ကြပေ၊ ထို့ပြင် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ နောင်တပြသမှုများအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးကြောင်း မယုံကြည်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမြဲတမ်း သံသယဝင်ပြီး သူ့ထံမှ သတိထားရှောင်ကြဉ်ကြသည်ဖြစ်၍ ဤအရာ၏ အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံနိုင်ကြမည်လော။ စစ်မှန်သော ပြောင်းလဲမှုကို ရရှိနိုင်ကြမည်လော။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့၏ ဤအခြေအနေက ဆက်သွားနေလျှင် ယင်းက အလွန်အန္တရာယ်ရှိမည် ဖြစ်သည့်အပြင် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် စုံလင်အောင်ပြုခြင်း ခံရဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။