လူသားသည် အသစ်သောကာလသို့ ကူးပြောင်းပုံ (အပိုင်း နှစ်)

ငါပြောပြီးသည့် ဤအရာအားလုံးကို သင်တို့ အမှန်တကယ် နားလည်ကြပြီလော။ ခေတ်သစ်ထဲသို့ မည်သို့ ဖြတ်ကျော် ဝင်ရောက်ရမည်ကို သင်တို့ သိကြသလော။ မည်သည့် သွင်ပြင်လက္ခဏာများ ပြောင်းလဲရန်၊ မည်သည့် သွင်ပြင်လက္ခဏာများမှ ဝင်ရောက်ရန် လိုအပ်သည်ကို သင်တို့ သိသလော။ ဤအရာကို သင်တို့ မသိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အတိတ်ကာလတွင် လူတို့သည် ဝင်ရောက်မှုအချို့ ရရှိပြီးဖြစ်သော်လည်း သွင်ပြင်လက္ခဏာများစွာတွင် ၎င်းတို့ ချို့တဲ့နေကြဆဲဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များကို မပြည့်မီနိုင်ကြပေ။ ယခုတွင် လူတို့ကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ အမှုတော်များအကြောင်း အယူအဆများကို လူတို့ အမြဲ သိုထားကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ၎င်းတို့သည် ယခင်က သမ္မာတရား မရရှိခဲ့ကြောင်းနှင့် သမ္မာတရား စစ်မှန်မှု မရှိကြကြောင်းကို ပြပေသည်။ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့်အခါ လက်ခံကောင်းလက်ခံနိုင်သော်လည်း သင်၏ တကယ့် ဘဝတွင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ထိုအစား ဘုရားသခင်အပေါ် ပုန်ကန်မှုရှိစွာဖြင့် အမြဲ ပြုမူပြီး သူ့ကို ဆန့်ကျင်နေသည်မှာ အဘယ်ကြောင့်နည်း။ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ သင်သည် မိမိကိုယ်ပိုင် စိတ်ကူးများ အမြဲရှိကာ မိမိကိုယ်ပိုင် အလိုဆန္ဒအတိုင်း အမြဲ ပြုမူနေသည့်တိုင် ဘုရားသခင်ကို မကျိုးနွံမနာခံနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ သင်၏ နည်းလမ်းသည် မှန်ကန်သည့် နည်းလမ်းဖြစ်သည်ဟု အမြဲ တွေးထင်လျက် သင့်အတွင်းတွင် ဇာတိဆန်သည့် အရာများနှင့် ထင်ရာစိုင်းသည့်အရာများ အလွန်များသောကြောင့် ဖြစ်သည်။ တရားဒေသနာတစ်ခုကို သင်တို့ နားထောင်ပြီး မည်သည့် အယူအဆမျှ မသိုထားသည့်အခါ သင်တို့ အလွန် ဝမ်းမြောက်သော်လည်း၊ တစ်စုံတစ်ရာ သင်တို့ထံ ဖြစ်ပျက်သည့်အခါ သမ္မာတရားကို သင်တို့ လက်တွေ့လုပ်ဆောင်ချင်သော်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ သင်တို့အတွင်းရှိ ပုန်ကန်တတ်သောအရာများ သူတို့ဘာသာ ပေါ်လာကြ၏။ သင်တို့သည် အလွန် ပုန်ကန်တတ်လွန်းကြသည်ဟု ငါပြောသည်။ ငါ့ကို သင်တို့ မယုံကြည်ပါက သင်တို့ မှတ်တမ်းတစ်ခု ရေးမှတ်ထားနိုင်၏။ ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုကို သင်တို့ ကြားသည့်အချိန်တိုင်းတွင် သင်၏ စိတ်နှလုံးထဲ၌ မည်သည့်အယူအဆများ ဖြစ်ပေါ်ပြီး သင်၏ အတွေးများက မည်သည့်အရာများဖြစ်သည်ဆိုသည့် မှတ်တမ်းတစ်ခု သိမ်းထားပြီးနောက် သင့်အတွင်းရှိ အမှုအရာများကို ဖော်ထုတ်လော့၊ စိတ်ဖြာလေ့လာဆွေးနွေးလော့၊ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်လော့။ ထို့နောက်တွင် သင်၏ ပုန်ကန်မှု မည်မျှလွန်သည်ကို သင်သိလိမ့်မည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိ၏။ သင်သည် အမှန်တရားများကို ရင်ဆိုင်ဝံ့ရမည်ဖြစ်ပြီး မိမိကိုယ်ကို ဖော်ထုတ်ပြဝံ့ရပါမည်။ သင်သည် မိမိကိုယ်ကို ဖော်ထုတ်ပြဝံ့သည့်အခါတွင် ဤအရာက သင်သည် သမ္မာတရားကို လက်ခံသည့် စိတ်နှလုံး၊ အယူအဆများကို လက်လွှတ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးရှိကြောင်း သက်သေပြပေသည်။ သင်သည် မိမိကိုယ်ကို ပုန်ကန်ရမည်။ ဘုရားသခင်ကို ပုန်ကန်ခြင်းသည် မှားယွင်းသည့်အတွက် ဘုရားသခင်ကို စဉ်ဆက်မပြတ် မပုန်ကန်နှင့်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို မည်သို့ကျိုးနွံနာခံရမည်ကို မသိခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဘုရားသခင်ကို ကျိုးနွံနာခံရန် လွယ်ကူကြောင်း သင် တွေ့ရှိရသည့် ထိုသို့သော အချိန်များတွင် ယင်းမှာ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည့်အချိန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့် ထိုအချိန်တွင် အလွန်ပျော်မွေ့ခြင်းကို သင် တွေ့ရလိမ့်မည်၊ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ပြောရမည့် စကားများကို သင်ရှာတွေ့လိမ့်မည်ဖြစ်ပြီး သူနှင့် တိုး၍ တိုးဝင်ချဉ်းကပ်လိမ့်မည်။ ဘုရားသခင်ကို အမြဲ ဆန့်ကျင်ပုန်ကန်သောသူတို့သည် မည်သည့်အခါတွင်မျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်မရှိကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ နှုတ်ကပတ်တော်များကို နားမဝင်ကြချေ။ ၎င်းတို့ စိတ်နှလုံးများတွင် မည်သည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိနိုင်သနည်း။ လူတို့သည် ပြဿနာများကို ကြုံရသည့်အခါ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများက ပေါ်ထွက်လာကြပြီး ယင်းတို့ကို ၎င်းတို့ မရှောင်ရှားနိုင်ကြချေ။ ထိုအခါ သင်သည် “ဤပြဿနာသည် အဘယ်သို့ ဖြစ်လာလေပြီနည်း။ ဤအယူအဆမျိုးသည် အဘယ်သို့ ထွက်ပေါ်လာသနည်း။ ယင်း၏ ရင်းမြစ်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း”ဟု စဉ်းစားလျက် ချင့်ချိန်ကာ သုံးသပ်ရမည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရမည်၊ ဤကိစ္စကို ရိပ်မိရမည်ဖြစ်ပြီး ပြဿနာ ပြေလည်သွားသည့်အခါ အသက်ဝင်ရောက်မှုကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် ဤနည်းအားဖြင့် သင်၏ပြဿနာများကို မဖြေရှင်းဘဲ အယူအဆအချို့ကို သိုထားခြင်းသည် အရေးကြီးသည့်အရာတစ်ခုမဟုတ်၊ ရက်အနည်းငယ်အကြာတွင် ထိုအယူအဆများက ၎င်းတို့ဘာသာ ပျောက်သွားလိမ့်မည် ဖြစ်ကြောင်းနှင့် ၎င်းတို့ ပျောက်သွားသည်နှင့် ယင်းမှာ သင်သည် မည်သည့်အယူအဆများမျှ သိုထားနေခြင်းမရှိသည့် သဘောဖြစ်ကြောင်း အမြဲ ယုံကြည်ပါက အမှန်တွင် အယူအဆများ ထွက်ပေါ်သည့်အခါ သင် လျစ်လျူရှုပြီး ဘေးဖယ်ထားကာ မိမိတွင် မည်သည့် အယူအဆမျှမရှိဟု သင် တွေးထင်ပေလိမ့်မည်။ ထိုအချိန်တွင် သင်က မည်သည့် ထိခိုက်နစ်နာမှုမျှ လုပ်ဆောင်ထားခြင်းမရှိဟု ခံစားပြီး ထို့နောက်တွင် တစ်ခုတလေ ရှိခဲ့သည်ကို သိမှတ်ရန် သင် လုံးဝ ငြင်းလေသည်။ သာမန်အားဖြင့် လူတို့သည် ပြုပြင်ခြင်းကို မကြုံရသည့်အခါ၊ ကောင်းကျိုးမပြုသည့် မည်သည့်အခြေအနေကိုမျှ ကိုင်တွယ်ဖြေရှင်းစရာ ရှိမနေသည့်အခါ၊ မည်သည့် အယူအဆမျှ သိုမထားကြသကဲ့သို့ တစ်ခုတလေ ရှိဖူးခဲ့သည်ကို မေ့လျော့ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အံ့ဖွယ်ဖြစ်ကြောင်း၊ အမှန်တကယ်ကို မည်သည့်အယူအဆမျှ မရှိကြကြောင်း တွေးထင်ကြသည်။ သို့ရာတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ အယူအဆများ ဖြစ်ပေါ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ကြပြီးနောက် အတန်ငယ်ကြာသည့်အခါ ထိုအယူအဆများ ပျောက်ကွယ်ကာ ထိုအကြောင်းကို ၎င်းတို့ မေ့လျော့သွားကြသည်။ တစ်ဖန် ၎င်းတို့အနေဖြင့် အလွန်ကောင်းသည့် အခြေအနေတစ်ခု ရှိကြပြီး ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့်အယူအဆမျှ ၎င်းတို့ မသိုထားကြဟု ၎င်းတို့ ခံစားကြသည်။ ၎င်းတို့၏ ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် နားမလည်ကြသကဲ့သို့ မိမိတို့၏ အယူအဆများကို ဇာစ်မြစ်မှ မဖြေရှင်းကြသေးခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့ကို သမ္မာတရားနှင့် ပတ်သက်၍ လုံးလုံးလျားလျား မိတ်သဟာယပြုပြီးနောက် ၎င်းတို့၏ အယူအဆများသည် အပြီးအပိုင် ပြေလည်သွားသည့် အချိန်ထိတိုင် ဤအယူအဆမျိုးများ ထပ်တလဲလဲ ဖြစ်ပေါ်ရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို လေးလေးနက်နက် မရှာဖွေခြင်းက အဆင်ပြေမည်မဟုတ်။ အယူဝါဒကို နားလည်ရုံမျှ နားလည်ခြင်းသည် အချည်းနှီးဖြစ်၏။ သမ္မာတရားကို နားမလည်သောသူတို့သည် မိမိတို့ကိုယ်ကို သိမြင်မှုသည် အကန့်အသတ်ရှိပြီး အပေါ်ယံမျှသာ ရှိကြသည်။ တစ်ခါတစ်ရံ ၎င်းတို့တွင် အယူအဆများ ပေါ်ထွက်သည့်အခါ ယင်းတို့ကို မရှာဖွေမတွေ့ရှိနိုင်ကြသကဲ့သို့ သတိပင်မပြုမိနိုင်ကြချေ။ ဖြေရှင်းမထားသည့် သေးငယ်သော အယူအဆတစ်ခုသည် တစ်စုံတစ်ဦးကို မှောက်မှားစေမည် မဟုတ်သော်လည်း ဖြေရှင်းမထားသည့် ကြီးမားသော အယူအဆတစ်ခုသည် ၎င်းတို့ကို ချက်ချင်း မှောက်မှားစေလိမ့်မည်။ သင့်ကိုယ်သင် သိရှိရန်အတွက် သင်သည် ပထမဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရမည်ဖြစ်ပြီး မကြာခဏ ရုတ်တရက် ပေါ်ပေါက်သည့် သင်၏ မှားယွင်းသော အမြင်များကို ဖြေရှင်းရမည်။ ထို့နောက် သင်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအားလုံးကို အပေါ်ယံမှသည် သာ၍ နက်ရှိုင်းသောနေရာအထိ ဖြေရှင်းလော့။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ သင့်ကိုယ်သင် သိရှိခြင်းသည် ပထမဦးစွာ သင့်အတွင်း၌ တည်ရှိသော အယူအဆများနှင့် စိတ်ကူးများကို သိရှိခြင်းဖြင့် စတင်၏။ သမ္မာတရားအပေါ် သင်၏ သိနားလည်ခြင်းသည် ယခင်ထက် သာ၍ နက်ရှိုင်းသည်နှင့်အမျှ သင်သည် မိမိကိုယ်ကိုလည်း ယခင်ထက် သာ၍ နက်ရှိုင်းစွာသိရှိရလိမ့်မည်ဖြစ်သည်။ သင့်ကိုယ်သင် သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ သင်စေ့စပ်တိကျရမည်။ သင်သည် မိမိကိုယ်ကို လုံးဝ မသိရှိနိုင်ပါက အသက်ဝင်ရောက်မှုကို ရရှိလိမ့်မည် မဟုတ်။ အသက်ဝင်ရောက်မှုသည် မိမိကိုယ်ကို သိရှိခြင်းဖြင့် အစပြုပေသည်။ အသက်ဝင်ရောက်မှုကို သင် ရရှိလိုပါက သမ္မာတရားကို တာဝန်သိစွာ ရှာဖွေရမည်၊ သင်၏ ပြဿနာများကို ဖြေရှင်းရန် အခွင့်အရေးများ ယူရမည်ဖြစ်ပြီး တစ်ခုကိုမျှပင် အလွတ်မပေးရပေ။ သင်၏ အယူအဆများကို သင်ရေးမှတ်ပြီးသည်နှင့် သမ္မာတရားကို သင် ရှာဖွေရမည်၊ မိမိကိုယ်ကို ဖွင့်ဟပြီး မိတ်သဟာယတွင် ပါဝင်ကာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ယင်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးရမည်။ သမ္မာတရားကို သင်နားလည်သည့်အခါ ဤအယူအဆမျိုးများသည် လုံးဝ ပြေလည်သွားလိမ့်မည်။ အလားတူ ကိစ္စကို တစ်ဖန် သင် ကြုံရပြီး သင်၏ အယူအဆများ နောက်တစ်ကြိမ် ထွက်ပေါ်ကာ သင်၏ စိတ်နှလုံးသည် ထိုအယူအဆများ၏ ဘောင်ခတ်ခြင်းခံရပါက ဤအရာက သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးဘဲ အယူဝါဒကို နားလည်ရုံမျှ နားလည်သောကြောင့် သင်၏ အယူအဆများ ကျန်ရှိနေကြောင်း ပြပေသည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်သည့်အခါမှသာ သင်၏ အယူအဆများ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် တစ်ဖန် ထွက်ပေါ်လျှင်ပင် သမ္မာတရားကို သင် နားလည်သောကြောင့် ထိုအယူအဆများသည် အလွယ်တကူ ပြေလည်သွားမည် ဖြစ်ပြီး ယင်းတို့၏ ဘောင်ခတ်ခြင်းကို သင်ခံရမည် မဟုတ်။ ငါ့ကို ပြောလော့၊ သင့်ကိုယ်သင် သိရှိခြင်းနှင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းအား ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲသလော။ အားထုတ်မှုများစွာ လိုအပ်သလော။ လိုအပ်ပေသည်။ သင်၏ မိမိကိုယ်ကို သိသည့် သိမြင်မှုသည် အပေါ်ယံအရာများအပေါ် သာမန်ကာလျှံကာ အသိအမှတ်ပြုခြင်းသာ ပါဝင်ပါက သင်သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြောင်း၊ ဘုရားသခင်ကို သင် ပုန်ကန်ကာ အတိုက်အခံလုပ်ကြောင်း ပြောရုံမျှပြောပါက ဤသည်မှာ စစ်မှန်သည့် သိမြင်မှုမဟုတ်ဘဲ အယူဝါဒ ဖြစ်၏။ ဤအရာထဲသို့ အမှန်တရားများကို သင်ပေါင်းစပ်ရမည်။ မှားယွင်းသည့် ကြံရွယ်ချက်များနှင့် အမြင်များ၊ သို့မဟုတ် လွဲချော်နေသည့် အယူအဆများ သင်စွဲကိုင်သည့် မည်သည့် ကိစ္စရပ်များကိုမဆို မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းအတွက် သင် ထုတ်ဖော်ရမည်။ ဤအရာသည်သာ မိမိကိုယ်ကို အမှန်တကယ် သိရှိခြင်း ဖြစ်သည်။ သင်သည် သင်၏ လုပ်ရပ်များတစ်ခုတည်းပေါ် အခြေခံ၍ သင့်ကိုယ်သင် သိနားလည်ခြင်းအား မရရှိသင့်ပေ။ အဓိကကျသည့်အရာကို သင် သဘောပေါက်ရမည်ဖြစ်ပြီး ပြဿနာ၏ ရင်းမြစ်ကို ဖြေရှင်းရမည်။ အချိန်ကာလတစ်ခု ကုန်လွန်သွားသည်နှင့် သင်သည် မိမိကိုယ်ကို သုံးသပ်ပြီး မည်သည့် ပြဿနာများကို သင် ဖြေရှင်းပြီးဖြစ်ကာ မည်သည့်အရာ ကျန်ရှိနေသေးသည်ကို အကျဉ်းချုပ်ရမည်။ ထို့ကြောင့် ဤပြဿနာများကို ဖြေရှင်းရန်လည်း သမ္မာတရားကို သင် ရှာဖွေရမည်။ သင်သည် မတက်မကြွ မဖြစ်ရ၊ အမှုအရာများကို လုပ်ဆောင်ဖို့ အခြားသူများက သင့်ကို ချော့ရန်၊ သို့မဟုတ် တွန်းရန်၊ သို့မဟုတ် နဖားကြိုးတပ်ရန်ပင် သင် အမြဲ မလိုအပ်ရ။ အသက်ဝင်ရောက်မှုအတွက် သင်၏ ကိုယ်ပိုင် လမ်းကြောင်း ရှိရမည်။ သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် မည်သည့်အရာများကို သင် ပြောဆိုကာ လုပ်ဆောင်ပြီးဖြစ်သည်၊ သင်၏ မည်သည့် ကြံရွယ်ချက်များက မှားယွင်းပြီး မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြပြီးသည်ဆိုသည်တို့ကို မြင်ရန် သင့်ကိုယ်သင် မကြာခဏ ဆန်းစစ်ရမည်။ သင်သည် ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ပါက၊ သင့်ကိုယ်သင် တင်းကျပ်သည့် တောင်းဆိုချက်များ ပြုလုပ်ပါက သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်လိမ့်မည်ဖြစ်ပြီး အသက် ဝင်ရောက်မှုရှိလိမ့်မည်။ သင်သည် သမ္မာတရားကို စစ်မှန်စွာ နားလည်သည့်အခါ သင် အမှန်တကယ် ဘာမျှမဟုတ်သည်ကို မြင်လိမ့်မည်။ တစ်ချက်မှာ သင်သည် ဆိုးရွားစွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်။ နောက်တစ်ချက်မှာ သင်သည် အလွန် ချို့တဲ့လွန်းပြီး မည်သည့် သမ္မာတရားကိုမျှ နားမလည်ပေ။ ထိုသို့သော မိမိကိုယ်ကို သိသည့် သိမြင်မှုကို သင် အမှန်တကယ် ပိုင်ဆိုင်သည့် နေ့ရက်တစ်ရက် ရောက်လာလျှင် သင်သည် မာနထောင်လွှားနိုင်စွမ်းရှိတော့မည် မဟုတ်သကဲ့သို့ ကိစ္စရပ်များစွာတွင် အသိစိတ် ပိုင်ဆိုင်လိမ့်မည်ဖြစ်ကာ ကျိုးနွံနာခံနိုင်စွမ်း ရှိလိမ့်မည်။ ယခု အဓိက ပြဿနာမှာ အဘယ်နည်း။ အယူအဆများ၏ အနှစ်သာရအပေါ် မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် လူတို့သည် ၎င်းတို့ အယူအဆများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို နားလည်လာကြပြီ ဖြစ်သည်။ အချို့သော အယူအဆများကို ၎င်းတို့ ဖြေရှင်းနိုင်သော်လည်း ဤသည်မှာ ၎င်းတို့အနေဖြင့် အယူအဆတိုင်း၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်သည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို သိသောအသိအချို့ရှိသော်လည်း ၎င်းတို့၏ သိမြင်မှုသည် လုံလောက်အောင် မနက်ရှိုင်း၊ သို့မဟုတ် မရှင်းလင်းသေးဟုသာ ဆိုလိုပေသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် သဘာဝအနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးသကဲ့သို့ မိမိတို့ စိတ်နှလုံးများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမြစ်တွယ်ကြပြီးဖြစ်သည်ကိုလည်း မမြင်နိုင်ကြချေ။ လူတစ်ဦးအနေဖြင့် ဤနည်းဖြင့် မိမိကိုယ်ကို သိသည့် အသိ မည်မျှ ရရှိနိုင်သည်ဆိုသည်မှာ အကန့်အသတ်ရှိ၏။ လူအချို့က “ကျွန်ုပ်၏ စိတ်သဘောထားသည် အလွန်အလွန့် မာနထောင်လွှားသည်ကို ကျွန်ုပ် သိပါသည်။ ဤသည်မှာ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သိသည်ဟု မဆိုလိုသလော”ဟု ဆိုကြသည်။ ထိုသို့သော သိမြင်မှုသည် အလွန် အပေါ်ယံဆန်၏။ ယင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိပါက အဘယ်ကြောင့် ကိုယ်ရေးကိုယ်တာ တက်လမ်းကို ရှာနေသေးသနည်း၊ အဆင့်အတန်းနှင့် ဂုဏ်ထူးဘွဲ့ထူးကို အဘယ်ကြောင့် မက်မောနေသေးသနည်း။ ဤသည်မှာ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် အမြစ်မပြတ်သေးဟု ဆိုလိုသည်။ ထို့ကြောင့် ပြောင်းလဲခြင်းသည် သင်၏ အတွေးများ၊ အမြင်များ၊ သင့်စကားနှင့် လုပ်ရပ်များနောက်ကွယ်ရှိ ကြံရွယ်ချက်များမှ စတင်ရမည်။ လူတို့ပြောသည့် အရာများစွာသည် နာကြည်းစေပြီး အငြိုးသိုထားကြောင်းနှင့် ၎င်းတို့ အသုံးပြုသည့် လေသံတွင် မာနထောင်လွှားသည့် အရိပ်လက္ခဏာတစ်ခု ရှိကြောင်းကို သင်တို့ သိမှတ်သလော။ ၎င်းတို့၏ စကားများသည် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ကိုယ်ပိုင် အယူအဆများကို သယ်ဆောင်၏။ ထိုးထွင်းအမြင်ရှိသောသူတို့သည် ထိုစကားများကို ကြားသည့်အခါ ဤအရာကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ လူအချို့သည် ၎င်းတို့၏ မာနထောင်လွှားမှုက ထုတ်ဖော်ခြင်းမခံရသည့်အခါ ပုံစံတစ်ခုခုဖြင့် စကားပြောပြီး အချို့သော အမူအရာများရှိသော်လည်း ၎င်းတို့၏ မာနထောင်လွှားမှု ထုတ်ဖော်ပြခံရသည့်အခါ ၎င်းတို့၏ အပြုအမူသည် အလွန်ကွဲပြားသွားလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကြီးကျယ်သော စိတ်ကူးများအကြောင်းကို မရပ်မနား ငြီးငွေ့ဖွယ်ပြောကြလိမ့်မည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ အစွယ်နှင့် လက်သည်းများကို ထုတ်ကာ ၎င်းတို့၏ ခေါင်းများ မော့ထားကြလိမ့်မည်။ ၎င်းတို့အနေဖြင့် တောင်တန်း၏ ရှင်ဘုရင်ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး ဤတွင် စာတန်၏ အကျည်းတန်သော မျက်နှာပေါ်လာလေသည်။ လူတိုင်း၏ စိတ်ထဲတွင် အကြံများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံရှိ၏။ လည်သော လူတို့သည် စကားပြောသည့်အခါ မည်သို့လှည့်ဖြားလျက် မျက်စိမှိတ်ပြပြီး လူတို့ကို မသိမသာငဲ့စောင်း ကြည့်နေသကဲ့သို့သာ ဖြစ်သည်။ ဤလုပ်ရပ်များအတွင်းတွင် ဖုံးကွယ်ထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိ၏။ လူအချို့သည် လှီးလွှဲသော စကားများဖြင့် ပြောဆိုပြီး အခြားသူများက ၎င်းတို့ မည်သည့်အရာ ဆိုလိုသည်ကို အသေအချာ မသိကြချေ။ ၎င်းတို့၏ စကားများအတွင်းတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်များနှင့် လှည့်ကွက်များ အမြဲ ရှိသော်လည်း အပြင်ပန်းတွင်မူ ၎င်းတို့သည် အလွန်တည်ငြိမ်ပြီး ဣန္ဒြေရကြလေသည်။ ဤသို့သော လူများသည် သာ၍ လှည့်ဖြားတတ်ကြပြီး သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် သာ၍ပင် ခက်ခဲ၏။ ၎င်းတို့ကို ကယ်တင်ရန် အလွန်ခက်လေသည်။

ယခင်က လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသောအခါ အေးချမ်းသာယာသော အိမ်တစ်အိမ်နှင့် ၎င်းတို့ လုပ်ဆောင်သမျှတိုင်း အဆင်ပြေချောမွေ့ခြင်းဖြင့် ၎င်းတို့ အမြဲ ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ၎င်းတို့နှင့်ပတ်သက်၍ ကျေနပ်အားရသည်ဟု ဆိုလိုကြောင်း ၎င်းတို့ ယုံကြည်ခဲ့ကြသည်။ သင်သည် ဤအရာများဖြင့်သာ ကျေနပ်ရောင့်ရဲပါက သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် မည်သည့်အခါတွင်မျှ စတင်လိမ့်မည် မဟုတ်ပေ။ အပြင်ပန်းတွင် သင်၏ ဘဝသည် မည်မျှ ကောင်းစွာသော၊ သို့မဟုတ် ချောမွေ့စွာသော အခြေအနေ ရှိနေသည်ဟူ၍ ကျေနပ်ရောင့်ရဲမနေနှင့်။ ထိုအပေါ်ယံအရာများသည် အရေးမကြီးပေ။ လူတို့အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ယခုတွင် လူတို့ထဲ၌ စာတန်နှင့် သက်ဆိုင်သည့် နက်ရှိုင်းစွာ အရိုးစွဲနေသော အရာများကို အရင်းမှ ရှာဖွေလေ့လာရင်းနှင့် ယင်းတို့ကို လူ၏ အနှစ်သာရနှင့် သဘာဝမှ ဖော်ထုတ်ရင်း၊ သန့်စင်စေခြင်းနှင့် ပြောင်းလဲစေခြင်းတို့ ပါဝင်၏။ လူ၏ အမြင်များနှင့် အကြံများကို ဘုရားသခင်သည် အဘယ်ကြောင့် အမြဲ စိတ်ဖြာလေ့လာဆွေးနွေးပါသနည်း။ အဘယ့်ကြောင့်ဆိုသော် လူ၏ သဘာဝသည် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများကို သင် မည်သို့ လုပ်ဆောင်သည်၊ သို့မဟုတ် သင်သည် မည်သည့်ပုံစံရှိသည်၊ သို့မဟုတ် သင်သည် မည်မျှ အရပ်ရှည်သည်ကို မကြည့်သကဲ့သို့ မည်သည့် မိသားစုမျိုး သင် ရှိသည်၊ သို့မဟုတ် သင် အလုပ်ရှိခြင်း မရှိခြင်းကိုလည်း မကြည့်ပေ။ ဤအရာများကို ဘုရားသခင် မကြည့်ပေ။ သင်၏ ပြဿနာများကို အနှစ်သာရနှင့် ရင်းမြစ်မှ ဖြေရှင်းရန်အလို့ငှာ ဘုရားသခင် ကြည့်သည့် အဓိကအချက်မှာ သင်၏ အနှစ်သာရဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က သင့်ကို ကောင်းချီးပေးနေသည်ဟု တွေးထင်လျက် အေးချမ်းသာယာသည့် အိမ်နှင့် အရာရာ ချောမွေ့စွာသော အခြေအနေမျှဖြင့် မရောင့်ရဲနှင့်။ ဤသည်မှာ မှားယွင်း၏။ ဤအပြင်ပန်းအရာများကို မလိုက်စားနှင့်၊ ပြီးလျှင် မိမိကိုယ်ကို ထိုအရာများအား စိတ်ဝင်စားခွင့် မပေးနှင့်။ ဤအရာများဖြင့် သင် ကျေနပ်ရောင့်ရဲပါက ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သင် လိုက်စားသည့် ရည်မှန်းချက်ပန်းတိုင်မှာ အလွန် နိမ့်ကျလွန်းပြီး သင်သည် ဘုရားသခင် တောင်းဆိုသည့်အရာအတွက် အလွန်စံမမီသည်ကို ဤအရာက ပြပေသည်။ သင်သည် သင်၏ စိတ်သဘောထား၊ လူ့သဘာဝတို့အပြင် ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သင် စွဲကိုင်သည့် ကြံရွယ်ချက်များ၊ အမြင်များဖြင့် အစပြုလျက် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို အာရုံစိုက်ရမည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယခုတင် ယုံကြည်သည့် လူများ၊ သို့မဟုတ် သူ့ကို လက်မခံကြသေးသည့် လူများနှင့် ထိတွေ့ဆက်ဆံလာရသည့်အခါ သင်သည် ပြောင်းလဲမှုတစ်ခု ကြုံရပြီးဖြစ်ကြောင်းနှင့် သင် လိုက်စားသည့်အရာမှာ ဧကန်အမှန် ကွဲပြားကြောင်းကို သင်၏ သွင်ပြင်မှ ၎င်းတို့ မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့က “ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်မှုတွင် ငွေပိုရှာခြင်း၊ အဆင့်အတန်းရှိခြင်း၊ ကျွန်ုပ်တို့၏ ကလေးများ ကောလိပ်သို့ရောက်ရှိခြင်းနှင့် ကျွန်ုပ်တို့၏ သမီးများက သင့်တော်သည့် လက်တွဲဖော် ရှာတွေ့ခြင်းတို့ကို ကျွန်ုပ်တို့ အားထုတ်ကြသည်။ ဤအရာများကို သင်အဘယ်ကြောင့် မလိုက်စားသနည်း။ သင်သည် ဤအရာများကို နောက်ချေးဖြစ်ပြီး လုံးဝ တန်ဖိုးမဲ့သည့်အလား ကြည့်သည်။ သို့ဆိုလျှင် ဘုရားသခင်ကို သင် မည်သို့ ယုံကြည်သနည်း”ဟု ဆိုကြသည်။ ထိုအခါ သင်သည် သင်၏ အတွေ့အကြုံက မည်သည့်အရာနှင့် တူသည်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သင်၌ ရှိသည်၊ ဘုရားသခင်က သင့်ကို မည်သို့ ပြုပြင်သည်၊ ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ သင့်ကိုယ်သင် မည်သို့ သုံးသပ်ဆင်ခြင်ပြီး အမှုအရာများကို နားလည်သည်ဆိုသည်နှင့် သင် မည်သို့ နောင်တရကာ ပြောင်းလဲသည်ဆိုသည်တို့ကို ၎င်းတို့နှင့်အတူ မိတ်သဟာယပြု၏။ လူတို့က သင့်ကို တွေ့ဆုံသည့်အခါ ၎င်းတို့သည် သင်၏ မိတ်သဟာယက မည်မျှ လက်တွေ့ကျကြောင်း၊ ယင်းက ၎င်းတို့ကို အတော်အတန် ထောက်ပံ့ပေးပြီး ၎င်းတို့အတွက် အကျိုးရှိကြောင်း၊ ပြီးလျှင် သင်သည် လူတို့ကို ချော့ပြောကာ တိုက်တွန်းရန် အပေါ်ယံ တရားဒေသနာများကိုသာ ပေးနေခြင်းမဟုတ်ကြောင်း အသိစိတ်တစ်ခု ရကြလေသည်။ သင်သည် အသက်ဝင်ရောက်မှုနှင့် မိမိကိုယ်ကို သိသည့် သိမြင်မှုအကြောင်းကို ပြောနိုင်လိမ့်မည်ဖြစ်ပြီး ဤအရာက သင်သည် ခေတ်သစ်နှင့် ဆိုင်သည့် တစ်စုံတစ်ဦး၊ လူသစ်တစ်ဦး အမှန်တကယ်ဖြစ်ကြောင်း သက်သေပြလိမ့်မည်။ “ကျွန်ုပ်သည် သခင်ယေရှုကို ယုံကြည်လေ့ရှိခဲ့ပြီး အလုပ်လုပ်ဖို့ သွားသည့်နေရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က ကြီးမားသည့် အမှုကို ပြုခဲ့သည်။ ဧဝံဂေလိ ကျွန်ုပ် ဖြန့်ဝေသည့်အခါ လူများစွာက ကျွန်ုပ်ကို နားထောင်ရန် လိုလားလျက်ရှိကြပြီး ကျွန်ုပ် ဆုတောင်းပေးသူတိုင်း အလွန် လျင်မြန်စွာ သက်သာသွားကြသည်...”ဟု ဆိုလျက် အတိတ်ကာလ၏ အရာများအကြောင်းကို ပြောနေကြသေးသည့် သူအချို့ ယခုတွင် ရှိ၏။ ၎င်းတို့သည် ဤအရာများအကြောင်းကို ပြောနေကြဆဲဖြစ်ပြီး ဤသည်မှာ အလွန်ခေတ်နောက်ကျလေသည်။ သင်တို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့လျက်၊ အသက်ဝင်ရောက်မှု၊ စိတ်သဘောထား ပြောင်းလဲမှုများ၊ မိမိကိုယ်ကို သိမြင်မှု၊ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခြားသော မရှိမဖြစ်အရာများကဲ့သို့သောအရာများကို ပြောဆိုလျက် အချိန်ကိုပို၍ အသုံးချသင့်သည်။ သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သည့်အရာများအကြောင်းကို မပြောနှင့်။ ထိုနည်းဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ပါက သင်တို့သည် သမ္မာတရားစစ်မှန်မှုအချို့ ရပေမည်။ သင်တို့၏ လက်ရှိဝိညာဉ်ရင့်သန်မှုအရ သင်တို့သည် အသက်တာအတွက် ထောက်မပေးသည့်အလုပ်ကို မလုပ်နိုင်သကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးမပြုနိုင်ပေ။ “ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်စေ၊ ဆန့်ကျင်ခြင်းဖြစ်စေ မလုပ်ပါနှင့်။ ကျွန်ုပ်တို့၏ ဖြစ်ခြင်းသည် အလွန်ဖောက်ပြန်ပျက်စီးနေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ဆဲပင်ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်၏နှုတ်ကပတ်တော်များကို နာခံပြီး ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံသင့်သည်” ဟုပြောလျက် လူများကို ဖျောင်းဖျကာ တိုက်တွန်းခြင်းကိုသာ သင်တို့လုပ်နိုင်ကြသည်။ ထိုအရာကို ကြားပြီးနောက် လူတို့သည် အယူဝါဒများကို နားလည်သွားကြသော်လည်း သူတို့တွင် အားအင်ကင်းမဲ့ဆဲပင်ဖြစ်ကာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် မည်သို့တွေ့ကြုံခံစားရမည်ကို မသိကြပေ။ ဤအရာက သင်တို့သည် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များဖြစ်ကြသည်နှင့်အမျှ သမ္မာတရားစစ်မှန်မှုကို မပိုင်ဆိုင်ကြကြောင်း သက်သေပြ၏။ သင်တို့ကိုယ်တိုင်က ဝင်ရောက်မှုကို မစွမ်းဆောင်မရရှိထားလျှင် သူတစ်ပါးတို့ကို မည်သို့လျှင် ထောက်မပေးနိုင်မည်နည်း။ သင်သည် သူတစ်ပါးတို့၏ အခက်အခဲများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အရင်းအမြစ်ကို မဖြေရှင်းပေးနိုင်သကဲ့သို့ အဓိက‌ကျသော အရာကိုလည်း သဘောမပေါက်နိုင်ချေ၊ အကြောင်းမှာ သင်တို့သည် မိမိတို့ကိုယ်မိမိ မသိဆဲပင် ရှိကြသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ အသင်းတော်ထဲရှိ သင့်အလုပ်တွင် အသက်တာကို ထောက်မပေးရန် သင်တို့ မတတ်နိုင်ကြသကဲ့သို့၊ လူတို့ကို ကောင်းမွန်ကြရန်နှင့် စိတ်အားထက်သန်စွာ နာခံကြရန် ပြောကြားလျက် တိုက်တွန်းခြင်းကိုသာ ပြုနိုင်ကြ၏။ သင်တို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ သင်တို့သည် သမ္မာတရားကို အမှန်တကယ် နားလည်ထားခြင်း၊ သို့မဟုတ် အသက်ဝင်ရောက်မှုကို အမှန်တကယ် စွမ်းဆောင် ရရှိထားခြင်း မရှိကြောင်း လုံလောက်သည့် သက်သေပင် ဖြစ်သည်။ သင်တို့အများစုသည် ဝိညာဉ်ရေးရာ အယူဝါဒများနှင့် အနှစ်မဲ့သော ဓမ္မအတွေးအခေါ်သီအိုရီများကို မည်သို့ဟောပြောရမည်ကိုသာ သိကြ၏၊ သို့သော်လည်း အသက်တာကို မထောက်မပေးနိုင်ကြပေ။ ထိုသို့ဖြစ်၍ သင်တို့အားလုံး၏ ဝိညာဉ်ရင့်သန်မှုသည် အလွန်အမင်း သေးသိမ်လှသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သင်၏ ရှုမြင်ပုံက မပြောင်းလဲသေး။ သင်၏နားလည်မှုနှင့် ကြံရွယ်ချက်တို့သည် ယခင်အတိုင်းပင် ဆက်ရှိနေ၏။ သင်ကိုယ်တိုင်က မိမိကိုယ်ပိုင် ပြဿနာများကို မဖြေရှင်းသေးသည့်အချိန်တွင် အခြားသူများအား ပြောင်းလဲရန် တောင်းဆိုရာ၌ ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်လော။ အခြားသူများအတွက် သင် ထောက်ပံ့ပေးနိုင်လိမ့်မည်လော။ ၎င်းတို့၏ ပြဿနာများကို သင် ဖြေရှင်းပေးနိုင်လိမ့်မည်လော။ ဤအရာတစ်ခုကိုမျှ သင် လုပ်ဆောင်နိုင်ခြင်းမရှိပါက အခြားသူများကို ပြောင်းလဲရန် တောင်းဆိုခြင်းအားဖြင့် မည်သည့် ရလဒ်များကို သင် ရရှိနိုင်သနည်း။ သင်သည် လူတို့ကို ဩဝါဒပေးကာ တိုက်တွန်းရန် စကားများနှင့် အယူဝါဒများကို ဟောပြောဖို့သာ တတ်နိုင်ပါက သင်သည် အခြားသူများအား သမ္မာတရားကို နားလည်စေနိုင်သလော။ သင်ကိုယ်တိုင်က ဘုရားသခင်၏ အမှုတော်အကြောင်း စစ်မှန်သည့် သိနားလည်မှု မရှိပါက သင်၏ မိတ်သဟာယကို နားထောင်ခြင်းအားဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်၏ အမှုတော်အား နားလည်နိုင်မည်လော။ သင်ကိုယ်တိုင်သည် သင်၏ တာဝန်ကို စည်းမျဉ်းမရှိဘဲ ထမ်းဆောင်ချိန်တွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား မိမိတို့တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်စေလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်ရန် မည်သို့အားတင်းကြမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ဆောင်ရွက်သောသူတို့သည် အသင်းတော်ရှိ လူမျိုးစုံတို့၏ အခြေအနေများ၊ ၎င်းတို့ထဲက မည်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့ရှိပြီး ၎င်းတို့ထဲမှ မည်သူသည် အမှန်တကယ် မိမိကိုယ်ကို သိသောအသိရှိကာ အမှန်တကယ် နောင်တရသည်ဆိုသည်တို့ကို သဘောပေါက်ကာ ကျွမ်းကျင်ပိုင်နိုင်သင့်ကြသည်။ ဤအရာများကို ကျွမ်းကျင်ပိုင်နိုင်သည့် ထိုခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသည့် အလုပ်အချို့ကို ဆောင်ရွက်နိုင်စွမ်း ရှိလိမ့်မည်။ သင်၏ တာဝန်တွင် အတူ အလုပ်လုပ်သောသူများသည် မိမိကိုယ်ကို သိသည့် မည်သည့် သိမြင်မှုမျှ လုံးဝမရှိဘဲ အခြားသူများကို ဩဝါဒပေးလျက် သင်ကဲ့သို့သာ ဖြစ်ပါက ယင်းမှာ သင်သည်လည်း သမ္မာတရားစစ်မှန်မှု မပိုင်ဆိုင်ကြောင်း၊ သင့်ကိုယ်သင် မသိကြောင်းနှင့် သင်တို့ကြားတွင် ကွာခြားချက်မရှိကြောင်း သက်သေပြပေသည်။ ဤအရာများကို ယခင်က သင်တို့ စဉ်းစားဖူးပါသလော။ သင်တို့က “ဤနေရာတွင် ကျွန်ုပ်ကို အာဏာ ပေးထားပါသည်၊ ကျွန်ုပ်တွင် အဆင့်အတန်းရှိသည်၊ အသင်းတော်တွင် ကျွန်ုပ် အရာရှိတစ်ဦးဖြစ်ပြီး ယခုတွင် အခြားသူများကို ဩဝါဒပေးရန် နေရာတစ်နေရာ ရှိပါသည်” ဟုသာ သိရှိကြသည်။ သင်သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ၊ အခြားသူများအား မည်သို့ ဩဝါဒပေးရမည်၊ တရားဒေသနာများ မည်သို့ဟောကြားရမည်၊ အခြားသူများက သင့်ကို နားထောင်စေရန်၊ အသင်းတော်အချို့တွင် သင့်ကို ဩဇာလွှမ်းမိုးမှုပေးစေရန်၊ မြင့်မားသည့် ဂုဏ်သိက္ခာကို ရရှိရန်နှင့် သင်၏ ရာထူးကို ခိုင်မာစွာ ထူထောင်ရန် မည်သည့်အရာ ပြောရမည်ဆိုသည်တို့ကိုသာ အာရုံစိုက်၏။ ဤအရာများကိုသာ အာရုံစိုက်ခြင်းက သင်သည် သွေဖည်သွားပြီဖြစ်ကြောင်း သက်သေပြပေသည်။ ခေတ်ဟောင်းမှ ခေတ်သစ်သို့ ဝင်ရောက်ခြင်းသည် လူတို့၏ အမှုအရာများ လုပ်ဆောင်ခြင်းနှင့် ပြောဆိုခြင်းတို့ ပြောင်းလဲသည်ကို ဆိုလိုသည်သာမက သာ၍ မြင့်မားသော ဝင်ရောက်မှုတစ်ခု ရှိရန်၊ သာ၍ မြင့်မားသော အဖိုးအခပေးရန်၊ မိမိတို့၏ ဇာတိပကတိကို ပုန်ကန်နိုင်ရန်၊ ဇာတိပကတိ၏ မက်မောခြင်းများကို စွန့်ရန်၊ သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် လိုက်စားရန်နှင့် စစ်မှန်သော လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်လည်း လိုအပ်ပေသည်။ ဤနည်းဖြင့်သာ လုံးလုံးလျားလျား ပြောင်းလဲခြင်းကို ၎င်းတို့ အမှန်တကယ် ကြုံနိုင်ပေသည်။ အမှုသစ်ကို လုပ်ဆောင်ရာတွင် ဘုရားသခင်သည် လူသားအပေါ် တောင်းဆိုချက်အသစ်များ သေချာပေါက် ပြုလုပ်ရမည်ဖြစ်ပြီး ထိုအိုဟောင်းသည့်၊ ရိုးရာ အယူအဆများကို ဖက်တွယ်ခြင်းအားဖြင့် လူသည် အမှုအရာများကို ဖင့်နှေးရုံသာရှိ၏။ လူအချို့သည် ကျမ်းစာကို မျက်ကန်းယုံကြည်ခြင်းရှိကြပြီး ထိုကျမ်းစာမှ မည်သည့်အခါတွင်မျှ မသွေဖည်ကြချေ။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် အသက်ကို ၎င်းတို့ ရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်ကို သိရှိနိုင်စွမ်း ရှိကြသလော။ လုံးဝ မရှိကြပေ။ နောက်ဆုံးတွင် သမ္မာတရားကို ဖော်ပြနေခဲ့သည့် သခင်ယေရှုကို ကားတိုင်တွင် သံမှိုရိုက်သည်အထိတိုင် ဖာရိရှဲများသည် မျိုးဆက်နှင့်ချီ ကျမ်းစာကို ဖတ်ရှုခဲ့ကြသည်။ ယင်းမှာ အဘယ်သို့ ဖြစ်ရသနည်း။ ကျမ်းစာကို ၎င်းတို့ အမှန်တကယ် သိနားလည်ခဲ့ပါက ဘုရားသခင်ကို သိရှိခဲ့သင့်ကြပြီး သခင်ယေရှု ကြွလာခဲ့ချိန်တွင် သူ့ကို ကြိုဆိုခဲ့သင့်ကြကာ မရှုတ်ချခဲ့သင့်ပေ။ ဤကိစ္စရပ်ကို သိနားလည်မှုဖြင့် နက်ရှိုင်းစွာ သဘောပေါက်နိုင်ခြင်း မရှိသည့် လူများစွာ ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်သည် ယခု မိန့်မြွက်ချက်များ မည်မျှပြုလုပ်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် ကျမ်းစာကို ဖတ်ရဦးမည်ဖြစ်ပြီး ထိုကျမ်းစာမှ မသွေဖည်ရဟု အမြဲ တွေးနေကြ၏။ ဤသည်မှာ ၎င်းတို့သည် အဆုံးတွင် ကျမ်းစာထဲ၌ ရေးသားထားသည့် အရာများစွာကို မှတ်မိကြသော်လည်း ယခုအချိန်တွင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို နားလည်နိုင်ခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို ဆိုလိုသည်။ အဆုံးတွင် မိမိတို့၏စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာသက်သေခံချက်ကို ၎င်းတို့ မခံကြသကဲ့သို့ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံကြရလေသည်။ ဤသည်မှာ ရှက်ဖွယ်ဖြစ်သည် မဟုတ်လော။ တကယ့် အမှန်တရားမှာမူ ယခုအချိန်တွင် သမ္မာကျမ်းစာကို မကြာခဏ ဖတ်ရှုနေကြဆဲဖြစ်သည့် လူများစွာ ရှိသော်လည်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်လူမှာ အလွန်နည်းပါး၏။ ဤသည်မှာ လုပ်ဆောင်ရန် ချက်ချာပါးနပ်သောအရာလော၊ သို့မဟုတ် မိုက်မဲသော အရာလော။ ယခင်က ၎င်းတို့အနေဖြင့် သခင့်ကို ယုံကြည်ခဲ့ကြချိန်တွင် ကြီးမားသည့် စိတ်ထက်သန်မှုသည် ကြီးမြတ်သည့် ဘဝနှင့် ကောင်းမွန်သည့် ယုံကြည်ခြင်းတစ်ခုကို ဆိုလိုသည်ဟု လူတို့ ယုံကြည်ခဲ့ကြသည်။ ယခုတွင် စိတ်ထက်သန်မှုသာရှိပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုမရှိဘဲ အကြင်သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းခံရမည်မဟုတ်ဟု ပြောထားသည့်အခါ လူအချို့က ဘုရားသခင်သည် ထိုသို့သောလူများကို မမျှမတ ဆက်ဆံသည်ဟု အမြဲ တွေးထင်ကြသည်။ ယခင်က ထိုသို့သောလူအချို့ကို ငါပြုပြင်ပြီးဖြစ်ကာ ၎င်းတို့ထဲမှ အချို့သည် ထိုကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံကြသကဲ့သို့ “သူတို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြပြီး ဖြစ်သည်။ သူတို့သည် အဖိုးအခပေးပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်ကာ မည်သည့် ပံ့ပိုးမှုမျှ သူတို့ မပြုလုပ်ရသေးလျှင်ပင် အလုပ်ကြိုးစားကြပြီး ဖြစ်သည်။ ကိုယ်တော်သည် သူတို့ကို အဘယ်သို့ ဤသို့ ဆက်ဆံနိုင်ရသနည်း”ဟု ဆိုလျက် ထိုသို့သောလူများကို ခုခံကာကွယ်ပေးခဲ့ကြသည်။ လူအချို့သည် မိမိတို့၏ အမြင်များကို မပြုပြင်နိုင်ကြချေ။ ဤသည်မှာ နားလည်ရန် ခက်ခဲသလော။ လူတို့သည် အခြားသူများက အမှုအရာများကို အပြင်ပန်းအရ မည်သို့လုပ်ဆောင်သည်ကို ကြည့်၏၊ ဘုရားသခင်မှာမူ ၎င်းတို့၏ အနှစ်သာရကို ကြည့်၏။ ယင်းမှာ အလွန်ကွာခြားသော အရာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးက အပြင်ပန်းတွင် မည်မျှ ဘုရားတရား ကိုင်းရှိုင်းသည်၊ ၎င်းတို့ မည်မျှ စကားကောင်းစွာ ပြောဆိုနိုင်သည်ဆိုသည်နှင့် ၎င်းတို့ မည်မျှ ဟိုသည်ပြေးလွှားပြီး အဖိုးအခပေးသည်ဆိုသည်တို့ကိုသာ သင် မြင်သည်။ အယူအဆမည်မျှ ၎င်းတို့ သိုထားနေကြသည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူပြီး မာနထောင်လွှားကြသည်ဆိုသည်တို့ကို သင် မပြောဆိုသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ထိုအရာများကို အဘယ်ကြောင့် သင် မမြင်သနည်း။ ယင်းမှာ အမှုအရာများအပေါ် သင်တို့၏ အမြင်များသည် အလွန် အိုဟောင်းနေဆဲဖြစ်ပြီး ခေတ်နောက်ကျန်သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် ဘုရားသခင်သည် အပြင်ပန်းအရ လူတို့ပေးသည့် အဖိုးအခကို မကြည့်ပေ။ ပေးထားသည့် အဖိုးအခ၊ သို့မဟုတ် သင်၏ အရင်းအနှီးအကြောင်းကို သူ မပြောဆိုသကဲ့သို့ သင် မည်မျှ ဆင်းရဲဒုက္ခခံခဲ့ရသည်ကိုလည်း မပြောပေ။ သူသည် သင်၏ အနှစ်သာရကို ကြည့်၏။ ယခင်ခေတ်ကာလတွင် လူတို့ကို အသုံးပြုခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ အလွန် စိတ်ထက်သန်သူ မည်သူမဆို၊ ဟိုသည်ပြေးလွှားပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သောသူ မည်သူမဆို၊ ဘုရားသခင်ကို အချိန်အကြာဆုံး ယုံကြည်ခဲ့ပြီးသောသူ မည်သူမဆိုနှင့် အသက်အကြီးဆုံးနှင့် အိမ်ထောင်မပြုရသေးသောသူ မည်သူမဆို၊ တစ်စုံတစ်ဦးသည် ဤဖော်ပြချက်နှင့် သာ၍ ကိုက်လေ၊ သာ၍ ဂုဏ်သိက္ခာရှိလေ ဖြစ်ပြီး ၎င်းတို့ ခေါင်းဆောင်များ သာ၍ ဖြစ်လာနိုင်စွမ်း ရှိလေဖြစ်သည်။ ထိုအရာများသည် နောက်ထပ် အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ လူတစ်ဦး၏ အနှစ်သာရဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဓိကဖြစ်သည့်အရာမှာ လူတစ်ဦး၏ အနှစ်သာရက မည်သည့်အရာနှင့်တူသည်၊ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်၏ အမှုသစ်ကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်တို့ ဖြစ်သည်။ ယခုတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်သဖြင့် သူ့ကို သင် မသိရှိပါက ယင်းက သင်၏ အနှစ်သာရနှင့် ပတ်သက်၍ မည်သည့်အရာကို ပြောဆိုပါသနည်း။ သင်၏ အနှစ်သာရက ဘုရားသခင်ကို အတိုက်အခံလုပ်သည် မဟုတ်လော။ ဤသည်မှာ သင်၏ အမြင်များနှင့် ကြံရွယ်ချက်များက ဘုရားသခင်နှင့် ကိုက်ညီနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်၏။ သင်သည် မှန်သောလမ်းခရီးကို လက်ခံနိုင်ပြီး သင်၏ ယခင် ကြံရွယ်ချက်များနှင့် အယူအဆများကို ပုန်ကန်နိုင်ပါက သင်ကဲ့သို့သော လူများသည် ဘုရားသခင်၏ လက်ခံခြင်းနှင့် ကောင်းချီးပေးခြင်း ခံရနိုင်ပေသည်။ ဘုရားသခင်က သူ၏ အမှုတော်တွင် လူတို့ကို အသုံးပြုပုံအတွက် စည်းမျဉ်းများ ရှိ၏။ သူသည် သင်၏ အရင်းအနှီး၊ မိသားစု နောက်ခံ၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် အဆင့်အတန်းတို့ကို မကြည့်ချေ။ သူ့ကို အတိုက်အခံလုပ်သူများကို သူ အသုံးမပြုပေ။ ယင်းက သူ၏ အမှုတော်ကိုသာ နှောင့်နှေးစေမည် မဟုတ်လော။ လူတို့သည် မိမိတို့၏ အရင်းအနှီးအကြောင်းသာ အမြဲ ပြောဆိုနေကြသည်၊ အတိုင်းထက်အလွန် မာနထောင်လွှားကြသည်။ ၎င်းတို့သည် နတ်ဆိုးများပေတည်း။ ငါတို့သည် ပူဇော်သက္ကာများ၊ မိမိကိုယ်ကို အသုံးခံခြင်း၊ အရင်းအနှီးနှင့် ဂုဏ်သိက္ခာကဲ့သို့သော အရာများအကြောင်းကို မပြောဆိုပေ။ ထိုအရာများကို ပြောဆိုရန်မှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်အဖို့ အရိုးသားအစစ်မှန်ဆုံးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် အလိုလားဆုံးသောသူ မည်သူမဆိုသည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သောလူများကို ငါတို့ လက်ခံသည်။ အပြင်ပန်းကို ကြည့်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလော။ လူတစ်ဦးအတွက် အချို့သော အရာများသည် အပြင်ပန်းအရ ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း ၎င်းတို့ သဘာဝအတွင်းရှိ အမှုအရာများစွာသည် ပြောင်းလဲမည်မဟုတ်သကဲ့သို့ အချိန်တစ်ခု ရောက်သည့်အခါ ထိုအရာများ ထွက်ပေါ်လာကြလိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာများကို နားလည်ကာ ဖော်ထုတ်ရမည် ဖြစ်သည်။ လူတစ်ဦး၏ သဘာဝအတွင်းတွင် အမှုအရာများစွာ ရှိ၏။ လူ၏ သဘောသဘာဝသည် မာနထောင်လွှားသည်၊ မိမိကိုယ်ကို အမှန်ထင်ပြီး ပုန်ကန်တတ်သည်မှာ အမှန်ဖြစ်ကာ၊ ဤအရာများသည် အကြီးမားဆုံး၊ အမြစ်အတွယ်ဆုံးသော ပြဿနာများ ဖြစ်သည်။ ဤအရာများမှလွဲ၍ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာလည်း ရှိ၏။ ထို့ကြောင့် မိမိကိုယ်ကို သိခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။ အစွမ်းအစ အတိုင်းအတာအချို့ရှိသောသူတို့သည် တစ်စုံတစ်ရာကို ၎င်းတို့ တလွဲလုပ်မိသည့်အခါ၊ သို့မဟုတ် အပြစ်အချို့ ကျူးလွန်မိသည့်အခါ အလွယ်တကူ သိကာ နားလည်လာကြလိမ့်မည်။ သို့ရာတွင် ၎င်းတို့ သဘာဝအတွင်းရှိ အမှုအရာများ၊ ၎င်းတို့ စိတ်သဘောထားအတွင်းရှိ အမှုအရာများနှင့် အထူးသဖြင့် ၎င်းတို့၏ ပဓာနဖြစ်သော အားနည်းချက်များနှင့် ဆက်နွှယ်သည့်ထိုအရာများသည် ၎င်းတို့ တွေ့မြင်ပြီး သိရှိရန် အခက်အတွေ့ဆုံးသော အရာများ ဖြစ်သည်။ တစ်စုံတစ်ခုကို သင်အမှားလုပ်မိပြီး ဘုရားသခင်ထံ ဆုတောင်းသည့်အခါ၊ သို့မဟုတ် အပြစ်တစ်ခု ကျူးလွန်မိပြီး ဘုရားသခင်ထံ ဝန်ချသည့်အခါ ယင်းမှာ သင့်ကိုယ်သင် သိရှိသည့်သဘောဖြစ်သည်ဟု မတွေးထင်လေနှင့်။ ယင်းမှာ မိမိကိုယ်ကို သိသည့် သိမြင်မှုနှင့် အလွန်ဝေး၏။ ငါ့ကို သင်မယုံကြည်ပါက သင် ဆက်ကြည့်လော့။ အချို့သော ပြဿနာကို သင် ကြုံပြီး ကျရှုံးသည့် နေ့တစ်နေ့ ရောက်ကောင်း ရောက်လာလိမ့်မည်၊ သို့မဟုတ် သင် အဖမ်းခံရပြီး ညတွင်းချင်း ယုဒဖြစ်လာကာ သင် မှင်တက်မိမည့် အချိန်တစ်ခု ရောက်ကောင်းရောက်လာနိုင်သည်။ သင်သည် အသက်ဝင်ရောက်မှု ရှိလိုပါက ပထမဦးစွာ သင့်ကိုယ်သင် သိရှိရမည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင် စွမ်းဆောင်ရရှိလိုပါက ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် သင့်ကိုယ်သင် သာ၍ပင် သုံးသပ်ပြီး သိရှိရမည်။ မိမိကိုယ်ကို သိသည့် အသိပညာဖြင့် ရှေ့ဆက်ရမည့် လမ်းတစ်ခု သင် ရှိလာသည့်အခါ၊ သင်၏ မိမိကိုယ်ကို သိသည့် အသိပညာ သာ၍ နက်ရှိုင်းသည့်အခါ၊ ပြီးလျှင် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိသည့်အခါတွင် သင်သည် အလိုအလျောက် အသက်ဝင်ရောက်မှု ရရှိလိမ့်မည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသည်လည်း ဤအချိန်တွင် စတင်လေသည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိနိုင်ပါက အသက်ဝင်ရောက်မှုနှင့်အတူ ရှေ့ဆက်ရမည့် လမ်းတစ်ခုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ရှိလိမ့်မည်ဖြစ်ပြီး ဤအရာများသည် သင့်အတွက် သာ၍ လွယ်ကူလာလိမ့်မည်။

၁၉၉၅ ခုနှစ် နှောင်းပိုင်းကာလ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။