ကျရှုံးမှု၊ ပြိုလဲမှု၊ စမ်းသပ်မှု၊ စစ်ဆေးမှုတို့အား မည်သို့ တွေ့ကြုံရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၆၃)
အချို့သူများသည် မကြာခဏ နာမကျန်းဖြစ်ကြသည်။ သို့သော် ဘုရားသခင်ထံ ၎င်းတို့မည်မျှပင် ဆုတောင်းစေကာမူ သက်သာလာခြင်းမရှိကြ။ ၎င်းတို့၏ နာမကျန်းမှုကို မည်မျှပင် ဖယ်ရှားပစ်ချင်သည်ဖြစ်စေ မဖယ်ရှားနိုင်ကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အသက်အန္တရာယ်ရှိသည့် အခြေအနေများနှင့်ပင် ရင်ဆိုင်ရနိုင်ပြီး ယင်းတို့ကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ကြရသည်။ အမှန်အားဖြင့် တစ်ဦးတစ်ယောက်သည် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိပါက လူတစ်ဦး၏ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ဦးစွာ သိရှိရမည်။ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အချိန်ကာလကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ဘုရားသခင်သည် လူတို့အား နာမကျန်းမှုကို ပေးသည့်အခါ ထိုနောက်ကွယ်တွင် အကြောင်းရင်းတစ်ရပ်ရှိသည်။ ထိုအရာတွင် အဓိပ္ပာယ်ရှိသည်။ ယင်းသည် ၎င်းတို့အဖို့ နာဖျားမှုကဲ့သို့ ခံစားရသော်လည်း တကယ့်အမှန်တရားတွင် ၎င်းတို့အား ပေးထားသည့်အရာမှာ ကျေးဇူးတော်ဖြစ်သည်။ မကျန်းမာမှု မဟုတ်ပေ။ လူတို့သည် ပထမဦးစွာ ဤအချက်ကို သတိပြုကာ သေချာရမည်ဖြစ်ပြီး ယင်းကို အလေးအနက် ထားရမည်ဖြစ်သည်။ လူတို့သည် မကျန်းမာမှု ခံစားနေရချိန်တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ၎င်းတို့လုပ်သင့်သည့် အရာကို ဆင်ခြင်မြော်တွေးမှုနှင့် သတိဖြင့် လုပ်ဆောင်ရန် သေချာစေနိုင်ပြီး ၎င်းတို့၏ တာဝန်ကိုလည်း အခြားသူများထက် သာ၍ ကြီးမားသော သတိနှင့် လုံ့လတို့ဖြင့် ကိုင်တွယ်နိုင်ကြလေသည်။ လူတို့နှင့် ပတ်သက်သရွေ့ ဤသည်မှာ ကွယ်ကာခြင်း ဖြစ်သည်၊ အချည်အနှောင်များ မဟုတ်ပေ။ ယင်းမှာ အမှုအရာများကို အပျက်သဘောဆောင်သည့် ကိုင်တွယ်ခြင်း နည်းလမ်း ဖြစ်သည်။ ထို့အပြင် အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းနေပုံရနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ဘဝသည် ရှေ့ဆက်ရဦးမည် ဖြစ်ပြီး သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ ဘုရားသခင်က သင့်အား တာဝန်ပေးစေခိုင်းချက် ပေးပြီးဖြစ်ကာ သင်၏တာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော မကျန်းမာမှုကြောင့်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဦးမည် မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ သို့မဟုတ် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို ရွှေ့ဆိုင်းထားလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ တာဝန်က ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ တာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်ရမည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင့်တွင် ဤယုံကြည်ခြင်း မရှိပါက သင်သည် “ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပေးထားသည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ကျွန်ုပ်လုပ်ရပါမည်။ ကျွန်ုပ်အနေဖြင့် မည်သည့်နောင်တရစရာမျှ ချန်မထားဖို့အလို့ငှာ ကိုယ်တော့်ကို အကြွင်းမဲ့ သစ္စာစောင့်သိလျက် ကျွန်ုပ်၏ နောက်ဆုံးသော နေ့ရက်များကို ကုန်ဆုံးချင်ပါသည်။ ကျွန်ုပ်ကို ကိုယ်တော်ကာကွယ်ပေးမှ ရပါမည်” ဟု ပြောရင်း ဘုရားသခင်ထံ အပေါ်ယံဆုတောင်းခြင်းအချို့သာ ပြုလုပ်လိမ့်မည် ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းစေကာမူ သမ္မာတရားကို ရှာဖွေရန် အစပြုလုပ်ဆောင်ခြင်း မရှိပါက သစ္စာစောင့်သိမှုကို ကျင့်သုံးရန် စိတ်ဆန္ဒနှင့် ခွန်အားတို့ သင်၌ ရှိမည်မဟုတ်။ သင်သည် အဖိုးအခအမှန်ကို ပေးရန် မလိုလားသည့်အတွက် ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်ကို ဈေးဆစ်ရန် ဤဆင်ခြေအမျိုးအစားနှင့် ဤနည်းလမ်းကို မကြာခဏ အသုံးပြုသည်။ ဤသူမှာ သမ္မာတရားကို လိုက်စားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလော။ သင်၏ နာမကျန်းမှုက သက်သာပျောက်ကင်းသွားလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ ယင်းသို့ အတပ်မဆိုနိုင်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အားထုတ်မှုအနေဖြင့် ထိုသို့သော ဆင်ခြေများကို မကြာခဏပြုလုပ်ကာ ထိုသို့သော နည်းစနစ်များကို အသုံးပြုလိမ့်မည်။ ဧကန်အမှန်ဆိုရလျှင် သင်ညှိနှိုင်းခြင်းသည် သင်၏ မကျန်းမာခြင်းကို ပျောက်ကင်းစေပြီး သင်မသေဆုံးရန် တားဆီးပေးဖို့ ရည်ရွယ်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ဤတွင် သင်၌ အခြားရည်ရွယ်ချက်တစ်ခုခု၊ ပန်းတိုင်တစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီး အသုံးဝင်သေးလျှင်၊ သင့်ကို အသုံးပြုရန် ဘုရားသခင်က ဆုံးဖြတ်ပြီးဖြစ်လျှင် သင်သေဆုံးမည် မဟုတ်ပေ။ သင်ဆန္ဒရှိလျှင်ပင် သေဆုံးနိုင်မည် မဟုတ်ပေ။ သို့သော် သင် ပြဿနာရှာလျှင်၊ ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်လျှင်၊ ထို့ပြင် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးလျှင် လျင်မြန်စွာ သေဆုံးလိမ့်မည်။ သင်၏ ဘဝသည် တိုတောင်းလိမ့်မည်။ ကမ္ဘာကို မဖန်ဆင်းမီကတည်းက လူတိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က သတ်မှတ်ထားပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံနိုင်လျှင် နာမကျန်းဖြစ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထို့ပြင် ကျန်းမာရေး ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည့် နှစ်အရေအတွက်အတိုင်း အသက်ရှင်လိမ့်မည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင်သည် ဤအရာကို အယူဝါဒအပေါ် အခြေခံ၍သာ အသိအမှတ်ပြုပါက သင့်တွင် စစ်မှန်သည့် ယုံကြည်မှုမရှိ၍ နားဝင်ချိုသည့် စကားလုံးများ ပြောဆိုခြင်းသည် အသုံးမဝင်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်လိမ့်မည်ဟု သင့်စိတ်နှလုံး၏ အနက်ရှိုင်းဆုံးနေရာမှ အတည်ပြုလျှင်မူ သင်၏ ချဉ်းကပ်မှုနှင့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတို့သည် သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် နာမကျန်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ၎င်းတို့ အသက်ရှင်နေစဉ် ၎င်းတို့၏ ကျန်းမာရေးကို ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ သာမန်သိနားလည်မှု ရှိရမည်ကိုကား ပြောနေရန် မလိုပေ။ ဤသည်မှာ ဘုရားသခင်က လူသားကို ပေးထားသည့် ပင်ကိုအသိစိတ်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က တစ်စုံတစ်ဦးကို ပေးထားသည့် လွတ်လပ်သော စိတ်ဆန္ဒအတွင်း ထိုသူပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သာမန်သိနားလည်မှု ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်သည့်အခါ ဤနာမကျန်းမှုကို ကိုင်တွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုတို့နှင့် စပ်လျဉ်းသည့် သာမန်သိနားလည်မှုတချို့ကို နားလည်သဘောပေါက်သင့်သည်။ ဤသည်မှာ သင်လုပ်သင့်သည့် အရာဖြစ်သည်။ သို့သော် သင်၏ မကျန်းမာမှုအပေါ် ဤကဲ့သို့ သဘောထားခြင်းသည် သင့်အတွက် ဘုရားသခင် ချမှတ်ထားသည့် ဘဝသက်တမ်းကို စိန်ခေါ်ရန် ရည်ရွယ်ခြင်း မဟုတ်သကဲ့သို့ သင့်အတွက် ဘုရားသခင်ချမှတ်ထားသည့် ဘဝသက်တမ်းကို သင်အပြည့်အဝ နေထိုင်နိုင်မည်ဟု အာမခံရန် ရည်ရွယ်ခြင်းလည်း မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းကို ဤနည်းဖြင့် ပြောဆိုနိုင်သည်။ အရေးတယူဆောင်ရွက်မှု မရှိသည့်ဟန်ပန်ဖြင့် သင်သည် မိမိ၏ မကျန်းမာမှုကို လေးလေးနက်နက် သဘောမထားပါက၊ သင်ထမ်းဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို သင်၏ တာဝန်ကို ထမ်းဆောင်ပြီး အခြားသူများထက် အနည်းငယ်သာ၍ အနားယူပါက၊ သင်၏ တာဝန်ကို မရွှေ့ဆိုင်းထားပါက သင်၏ နာမကျန်းမှုသည် သာ၍ ဆိုးရွားလာလိမ့်မည် မဟုတ်သည့်အပြင် ထိုနာမကျန်းမှုကြောင့် သင်သေရလိမ့်မည်လည်း မဟုတ်။ အရာရာတိုင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အရာအပေါ် မူတည်ပေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ အမြင်တွင် သင့်အတွက် စီမံထားသည့် ဘဝသက်တမ်းသည် ကံမကုန်သေးပါက သင် နေမကောင်းလျှင်ပင် သူသည် သင့်ကို သေဆုံးခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သင်၏ မကျန်းမာမှုက ရောဂါမကျွမ်းသော်လည်း သင်၏ အချိန်ကျလာပြီးဖြစ်ပါက ဘုရားသခင်သည် သူ အလိုရှိသည့် မည်သည့်အချိန်တွင်မဆို သင့်ကို ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ကူးအပေါ်တွင် လုံးဝဥဿုံ မူတည်နေသည် မဟုတ်လော။ ယင်းသည် သူ၏ ကြိုတင်စီရင်ထားချက်အပေါ် လုံးဝ မူတည်နေပေသည်။ ဤသည်မှာ ဤကိစ္စရပ်ကို သင် ကြည့်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင့်အပိုင်းကို လုပ်ဆောင်ကာ ဆရာဝန်ထံသို့ သွားခြင်း၊ ဆေးဝါးအချို့ သုံးစွဲခြင်း၊ သင်၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ ရှိကောင်းရှိနိုင်သော်လည်း လူတစ်ဦး၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ လူတစ်ဦး၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်စီရင်ထားကြောင်း၊ ဘုရားသခင် ကြိုတင်စီရင်ထားသည့်အရာကို မည်သူမျှ မကျော်လွန်နိုင်ကြောင်း အတွင်းစိတ်ထဲတွင် သင်နားလည်ထားဖို့ လိုအပ်သည်။ သင်သည် ဤသိနားလည်မှု အတိုင်းအတာ အနည်းငယ်ကိုပင် မပိုင်ဆိုင်ပါက သင်သည် အမှန်တကယ် ယုံကြည်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပေ။
အချို့လူများသည် ၎င်းတို့၏ နာမကျန်းမှုများကို ကုသရန် နည်းလမ်းမျိုးစုံကို အသုံးပြု၍ လုပ်ဆောင်နိုင်သည့် အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ သို့သော် မည်သည့်ကုသမှုကို အသုံးပြုသည်ဖြစ်စေ ယင်းတို့ကို ပျောက်ကင်းအောင် မဆောင်ရွက်နိုင်ကြ။ ၎င်းတို့ကို ကုသလေ နာမကျန်းမှုမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။ နာမကျန်းမှုနှင့် ပတ်သက်၍ မည်သို့ဖြစ်နေသည်ကို အတိအကျ သိရှိရန် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ရင်းမြစ် အကြောင်းတရားကို ရှာဖွေခြင်း ပြုမည့်အစား ၎င်းတို့သည် ကိစ္စရပ်များကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းကြသည်။ ၎င်းတို့သည် နည်းစနစ် အများအပြားကို အသုံးပြုခြင်း၊ ငွေကြေးအများအပြား သုံးစွဲခြင်းတို့တွင် လမ်းဆုံးကြရသော်လည်း ၎င်းတို့၏ ရောဂါမှာမူ မပျောက်ကင်းသေးဘဲ ရှိနေ၏။ ထို့နောက် ကုသမှုကို ၎င်းတို့လက်လျှော့လိုက်သည့်အခါ နာမကျန်းမှုသည် အချိန်အတန်ကြာပြီးနောက် မမျှော်လင့်ဘဲ သူ့အလိုလို ပျောက်ကင်းသွားတော့သည်။ မည်သို့ပျောက်သွားကြောင်းကိုကား ၎င်းတို့မသိကြ။ အချို့လူများတွင် ထူးထူးခြားခြားမဟုတ်သည့် ရောဂါတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ သိပ်စိုးရိမ်ခြင်း မရှိကြ။ သို့သော် တစ်နေ့တွင် ၎င်းတို့၏ အခြေအနေသည် ပိုမိုဆိုးရွားလာပြီး ၎င်းတို့ ရုတ်တရက် သေဆုံးသွားကြသည်။ ယင်းမှာ မည်သို့ဖြစ်ရသနည်း။ လူများသည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြ။ အမှန်အားဖြင့် ဘုရားသခင်၏ ရှုထောင့်မှဆိုလျှင် အကြောင်းရင်းမှာ ဤကမ္ဘာတွင် ထိုပုဂ္ဂိုလ်၏ တာဝန်ပေးစေခိုင်းချက်က ပြီးစီးသွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ “လူများသည် နာမကျန်းမဖြစ်ပါက သေဆုံးခြင်းမရှိကြ” ဟု လူတို့ မကြာခဏ ပြောဆိုကြသည်။ ယင်းအတိုင်း အမှန်တကယ် ဖြစ်သလော။ ဆေးရုံတွင် စမ်းသပ်မှုခံယူပြီးနောက် နာမကျန်းမှု မရှိကြောင်း တွေ့ရှိရသည့် လူများရှိသည်။ ၎င်းတို့သည် အလွန်အမင်း ကျန်းမာနေသော်လည်း ရက်အနည်းငယ်အတွင်း သေဆုံးသွားကြသည်။ ဤအရာကို နာမကျန်းမှုမဖြစ်ဘဲ သေဆုံးခြင်းဟု ခေါ်သည်။ ယင်းကဲ့သို့သော လူများ အများအပြား ရှိကြသည်။ ဤသည်မှာ လူတစ်ဦး၏ ဘဝသည် ဆုံးခန်းတိုင်သွားပြီ ဖြစ်ကြောင်း၊ ထိုသူသည် ဝိညာဉ်ရေးရာနယ်ပယ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း အဓိပ္ပာယ်ရသည်။ အချို့လူများသည် ကင်ဆာနှင့် တီဘီရောဂါများမှ ပြန်လည်ကောင်းမွန်လာပြီး အသက်ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော်အထိ နေထိုင်သွားကြသည်။ ယင်းကဲ့သို့သော လူများ အများအပြားရှိ၏။ ဤအရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ဆုံးဖြတ်ချက်များအပေါ်၌ တည်မှီနေသည်။ ဤသိနားလည်မှု ရှိခြင်းသည် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်သည် ရုပ်ခန္ဓာအားဖြင့် နာမကျန်းဖြစ်နေပြီး သင့်အခြေအနေကို ထိန်းရန် ဆေးဝါးအချို့ သောက်သုံးဖို့ လိုအပ်ပါက စိတ်သက်သာအောင် နေပြီး ယင်းကို တည်ငြိမ်စွာ ကိုင်တွယ်လျက် ဆေးဝါးသောက်သုံးသင့်သည် သို့မဟုတ် လေ့ကျင့်ခန်း မှန်မှန်လုပ်သင့်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုရှိသော သဘောထားတစ်ခုဖြစ်သည်။ သင်သည် ဆေးဝါးကို သောက်သုံးခြင်းမပြု၊ ဆေးထိုးခြင်းမခံယူ၊ လေ့ကျင့်ခန်းမလုပ်၊ သင့်ကျန်းမာရေးကို ဂရုမစိုက်ဟု ဆိုပါစို့။ ထို့နောက် သေမတတ် စိတ်ပူပန်နေဆဲဖြစ်ပြီး “အို၊ ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ကျွန်ုပ်ထမ်းဆောင်မှ ဖြစ်ပါမည်။ ကျွန်ုပ်၏ တာဝန်ပေးစေခိုင်းချက်သည် မပြီးစီးသေးပါ။ သေဆုံးရန် ကျွန်ုပ်အသင့်မဖြစ်သေးပါ။ ကျွန်ုပ်၏ တာဝန်များကို ဖြည့်ဆည်းပြီး ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ဆောင်ရွက်ချင်ပါသည်။ ကျွန်ုပ်သေသွားလျှင် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် လုပ်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့် မည်သည့်နောင်တရစရာကိုမျှ ချန်မထားရစ်လိုပါ။ ဘုရားသခင်၊ ကျွန်ုပ်၏ ဆုတောင်းချက်များကို နားထောင်တော်မူပါ။ ကျွန်ုပ်၏ တာဝန်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် လုပ်နိုင်ရန် ကျွန်ုပ်အား ဆက်လက်အသက်ရှင်ခွင့် ပေးတော်မူပါ။ ကိုယ်တော့်အား ထာဝရ ချီးမွမ်းရန်နှင့် ကိုယ်တော် ဘုန်းထင်ရှားမည့် နေ့ရက်ကို တတ်နိုင်သမျှ စောစီးစွာ မြင်တွေ့ရန် ကျွန်ုပ် ဆန္ဒရှိပါသည်” ဟု တစ်ချိန်လုံး ဆုတောင်းနေသည် ဆိုပါစို့။ ပြင်ပအသွင်အပြင်များ အားလုံးအရ သင်သည် ဆေးဝါးကို မသောက်သုံး သို့မဟုတ် မည်သည့်ဆေးထိုးခြင်းကိုမျှ မခံယူဘဲ လွန်စွာသန်မာနေပြီး ဘုရားသခင်အပေါ် ယုံကြည်မှု အပြည့်ရှိပုံရသည်။ အမှန်တကယ်တွင်မူ သင်၏ ယုံကြည်မှုသည် မုန်ညင်းစေ့တစ်စေ့ထက်ပင် သေးငယ်နေ၏။ သင်သည် သေမတတ် ကြောက်ရွံ့နေပြီး ဘုရားသခင်အပေါ် ယုံကြည်မှုမရှိ။ မည်သို့ဖြစ်၍ သင့်တွင် ယုံကြည်မှုမရှိရသနည်း။ ဤသည်မှာ မည်သို့ဖြစ်လာသနည်း။ လူသားများသည် ဖန်ဆင်းရှင်၏ သဘောထား၊ စည်းမျဉ်းများအပြင် သူ၏ ဖန်ဆင်းခံများနှင့် သူဆက်ဆံသည့် နည်းလမ်းများကို ဧကန်အမှန်ပင် နားမလည်ကြ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် မည်သို့လုပ်ဆောင်မည်ကို မှန်းဆရန် ၎င်းတို့၏ အကန့်အသတ်ရှိသော ရှုထောင့်အမြင်၊ ထင်မြင်ယူဆချက်များ၊ စိတ်ကူးများကို အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို သက်သာပျောက်ကင်းစေပြီး အသက်ရှည်စွာ နေခွင့်ပြုမပြုကို သိမြင်ရရန် ဘုရားသခင်နှင့် အလောင်းအစားလုပ်ချင်ကြသည်။ ဤသည်မှာ မိုက်မဲရာကျသည် မဟုတ်သလော။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်ပြုလျှင် သင်သည် မည်မျှနာမကျန်းသည်ဖြစ်စေ သေဆုံးမည်မဟုတ်။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်မပြုလျှင် သင်သည် နာမကျန်း မဖြစ်လျှင်ပင် သေဆုံးခြင်းသာ မလွဲမသွေဖြစ်ရန်ရှိပါက သေဆုံးမည်သာဖြစ်သည်။ သင့်ဘဝ၏ သက်တမ်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ဤအရာကို သိရှိရန်မှာ စစ်မှန်သော အသိပညာနှင့် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အား ကြုံရာကျပန်း နာဖျားစေသလော။ ယင်းသည် ကြုံရာကျပန်း မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းကို စစ်ဆေးရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့ သည်းခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ သူသည် သင့်အား နာမကျန်း ဖြစ်စေပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ အားလုံးသည် ဖန်ဆင်းရှင်၏ လက်များထဲတွင် ရှိပြီး လူတို့သည် သဘာဝတရားအား အလိုအလျောက် ဖြစ်ခွင့်ပေးရန် သင်ယူရမည်။ သဘာဝတရားဆိုသည်မှာ အဘယ်နည်း။ သဘာဝတရားထဲက မည်သည့်အရာမျှ ကြုံရာကျပန်း မဟုတ်ပေ။ ထိုအရာအားလုံး ဘုရားသခင်ထံမှ လာ၏။ ဤသည်မှာ အမှန် ဖြစ်သည်။ ရောဂါတစ်မျိုးတည်းကို ခံစားရသည်ချင်းအတူတူ အချို့က သေဆုံးပြီး အခြားသူများက အသက်ရှင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီရင်ထားခြင်း ဖြစ်ပေသည်။ သင် အသက်ရှင်နိုင်ပါက ယင်းမှာ သင်သည် ဘုရားသခင်က သင့်ကို ပေးသည့် တာဝန် မပြီးစီးသေးသည်ကို သက်သေပြပေသည်။ သင်သည် ယင်းကို ပြီးစီးစေရာတွင် ကြိုးစားအလုပ်လုပ်သင့်ပြီး ဤအချိန်ကာလကို ချစ်ခင်မြတ်နိုးသင့်ပေသည်။ မဖြုန်းတီးနှင့်။ ဤသည်မှာ ဆိုလိုသည့်အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်ပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ ပြီးလျှင် သင် နာမကျန်း မဖြစ်ပါက ယင်းကို မတောင်းလျှောက်နှင့်။ မည်သည့်ကိစ္စတွင်မဆို တောင်းလျှောက်ခြင်းမျှဖြင့် သင် လိုချင်သည့်အရာကို သင် မရနိုင်သကဲ့သို့ သင် အလိုရှိရုံမျှဖြင့် မည်သည့်အရာကိုမဆို သင်မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။
ကားတိုင်တွင် သံမှိုရိုက်နှက်ခြင်းမခံရမီတွင် သခင်ယေရှုက ဆုတောင်းချက်တစ်ခု ပူဇော်ခဲ့သည်။ ယင်းသည် မည်သို့ အတိအကျ စကားလုံးရွေးချယ်သုံးနှုန်းထားသနည်း။ (“ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” (ရှင်မဿဲခရစ်ဝင် ၂၆:၃၉)) အဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် ၎င်းတို့က ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသောကြောင့် လူအားလုံးသည် ထိုသို့သော ရှာဖွေမှု ဖြစ်စဉ်တစ်ခုကို ကြုံသင့်ပေသည်။ ဤသည်မှာ ပုံမှန် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သို့သော် သင်မည်သို့ ရှာဖွေသည်ဖြစ်စေ၊ ရှာဖွေခြင်း ဖြစ်စဉ်က မည်မျှရှည်ကြာသည် သို့မဟုတ် မည်မျှခက်ခဲကြမ်းတမ်းသည် သို့မဟုတ် မည်မျှခက်ခဲသည်ဖြစ်စေ ဘုရားသခင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့် မည်သည့်အရာမျှ အစကနဦးကတည်းက မပြောင်းလဲဖူးသကဲ့သို့ ယင်းကို ပြောင်းလဲရန်လည်း သူမဆုံးဖြတ်ဖူးပေ။ လူတို့သည် ရှာဖွေကာ စောင့်ဆိုင်းကောင်း စောင့်ဆိုင်းနိုင်ကာ ဘုရားသခင်က အမှန်တကယ် မှန်ကန်သည့် အရာနှင့်ပတ်သက်၍ သိနားလည်မှု၊ အသိပညာနှင့် ရှင်းလင်းပြတ်သားမှုတို့ ရရှိဖို့ ဖြစ်စဉ်တစ်ခုဖြင့် ၎င်းတို့အား ခွင့်ပြုသော်လည်း သူသည် ဆုံးဖြတ်ချက်တစ်ခုတလေကို လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် အမှုအရာများက သင့်ထံ ကြုံရာကျပန်း ဖြစ်ပျက်သည် သို့မဟုတ် သင်သည် တစ်နည်းနည်းဖြင့် ကပ်ဘေးနှင့် သေဘေးတစ်ခုခုကို လွတ်မြောက်သည့်အခါ ယင်းသည် မိုက်မဲသော ကံတရားဖြစ်ကာ အကြောင်းတိုက်ဆိုင်မှုဖြစ်သည်ဟု သင် မခံစားသင့်ပေ။ ယင်းက ထိုသို့ မဟုတ်ချေ။ အကြီးဆုံးမှ အငယ်ဆုံးထိ အင်မတန် ကြီးမားလှသည့် ဂြိုဟ်များနှင့် စကြဝဠာတို့မှသည် ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် အဏုဇီဝရုပ်များအထိပင် ဖန်ဆင်းခံ သတ္တဝါတိုင်းအတွက် ကြိုတင်ချိန်ကိုက်ထားသော အစီအစဉ်တစ်ခုနှင့် တိကျသော အစီအစဉ်များ ဘုရားသခင်၌ ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုး ဖြစ်သည်။ လူအချို့သည် နာမကျန်းဖြစ်ကာ ၎င်းတို့၏ နာမကျန်းမှုသည် အချို့သော လှုပ်ရှားသွားလာမှုနှင့်သက်ဆိုင်သည့် ခြေကုန်လက်ပန်းကျခြင်းမှ လာသည် သို့မဟုတ် မတော်တဆ အစားမှားခြင်းမှ လာသည်ဟု ပြောတတ်ကြသည်။ ထိုသို့သော အကြောင်းပြချက်များကို မရှာနှင့်။ ယင်းတို့သည် အပျက်သဘောဆောင်ပြီး ခုခံတတ်သော သဘောထားများသာ ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်အတွက် စီစဉ်ပြီးဖြစ်သည့် အခြေအနေများ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို အပြုသဘောဆောင်ခြင်းဖြင့် ရင်ဆိုင်သင့်သည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကို မရှာနှင့်။ ထိုအစား သင့်အား ဤအခြေအနေကို ပေးရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သဘောထားက မည်သည့်အရာ အတိအကျဖြစ်သည်ဆိုသည်နှင့် ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၌ မည်သည့်သဘောထား ရှိသင့်သည်ဆိုသည်တို့ကို သင်ရှာဖွေသင့်၊ နားလည်သင့်ပေသည်။ ဤသည်မှာ သင် ရှာဖွေရမည့် လမ်းကြောင်း ဖြစ်သည်။ လူတစ်ဦး ရှင်သန်သည့်အခါ ယင်းသည် မည်သည့်အခါတွင်မျှ ကြုံရာကျပန်း မဟုတ်သကဲ့သို့ လွဲရှောင်၍လည်း မရနိုင်ပေ။ ဖန်ဆင်းရှင်၏ အစီအစဉ်များ၊ လိုအင်ဆန္ဒများနှင့် အချုပ်အခြာအာဏာတို့ အမြဲ ရှိလေသည်။ မည်သည့်အရာမျှ အနှစ်မမဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ ရည်ရွယ်ချက်များ၊ ထို့ပြင် သမ္မာတရားတို့သည် အနှစ်မဲ့သည်ဟု သင်ထင်သလော။ အနှစ်မမဲ့ပေ။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောမပေါက်သည့်အခါ ၎င်းတို့တွင် အချို့သော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ ရှိတတ်ပြီး ထိုအယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက အတော်အတန် မှန်ကန်နေသည့်အလား ၎င်းတို့ခံစားကြရကာ ယင်းတို့က ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်အညီ ဖြစ်ရမည်ဟု ၎င်းတို့ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများကအဘယ်အရာများ ဖြစ်ကြောင်း မသိရှိကြ။ ထို့ကြောင့် ၎င်းတို့သည် “ဤနည်းဖြင့် ငါစဉ်းစားခြင်းမှာ မှန်သည်။ ငါ့တွင် စစ်မှန်သည့် ယုံကြည်မှုရှိသည်။ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည်။ ငါသည် ဘုရားသခင်ကို ချစ်သည့်သူ ဖြစ်သည်” ဟု ခံစားကြသည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို လုံးဝစက်ဆုပ်သည်။ သင်မည်မျှမှန်ကန်ကြောင်း တွေးတောနေချိန်တွင် သင်သည် တကယ်တမ်း၌ သမ္မာတရားကို နားလည်ခြင်း လုံးဝ မရှိသလို သမ္မာတရားကို ရရှိထားခြင်းလည်း မရှိ။ တစ်နေ့တွင် သင်သည် ဤကိစ္စရပ်များ အားလုံးကို ရှင်းလင်းစွာ သိမြင်ပြီး ဤအရာအားလုံးကို နောက်ဆုံးတွင် ဖန်ဆင်းရှင်က အုပ်စိုး၊ စီစဉ်၊ သတ်မှတ်ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း နားလည်သဘောပေါက်သည့်အခါ သင်ကြုံဆုံခဲ့ရသည့် လူများ၊ အဖြစ်အပျက်များ၊ အရာများ အားလုံးထံမှ သင်ခန်းစာများ ရရှိပြီးဖြစ်လိမ့်မည့်အပြင် သင်ရသင့်ရထိုက်သည့် ရလဒ်များကို ရရှိပြီးဖြစ်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်လာမည်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာရာတိုင်းသည် လူများကို ကယ်တင်ရန်ဖြစ်ကြောင်း၊ ထိုအထဲတွင် ဘုရားသခင်၏ စေတနာကောင်းနှင့် အလေးအနက် အားထုတ်မှုများ ပါဝင်နေကြောင်း သဘောပေါက်လာလိမ့်မည်။ သင်သည် ဤနားလည်မှုကို ရရှိသည့်အခါ ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး ချီးမွမ်းသင့်သည်။ “ဘုရားသခင်သည် ဤတာဝန်ကို ငါ့အား ထမ်းဆောင်စေရန် သတ်မှတ်ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ငါသည် ဘုရားသခင်၏ စိတ်နှလုံးတွင် အလွန်အရေးပါရမည်။ ဘုရားသခင်သည် ငါ့အား စွန့်ခွာမသွားနိုင်သည့်အပြင် ငါ့အား သေဆုံးခွင့်ပြုမည်မဟုတ်” ဟု မည်သည့်အခါမျှ မခံစားသင့်ချေ။ ဤအရာမှာ မှားယွင်းသည်။ ဘုရားသခင် လုပ်ဆောင်သမျှ အရာရာတိုင်းတွင် နည်းစနစ်တစ်ရပ်ရှိသည်။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦး မည်သည့်အချိန်တွင် မွေးဖွားမည်၊ မည်သည့်အချိန်တွင် သေဆုံးမည်၊ ၎င်း၏ ယခုဘဝတွင် တာဝန် မည်မျှရရှိမည်ကို သတ်မှတ်ဆုံးဖြတ်သည်။ ဘုရားသခင်သည် သင်၏ ဘဝသက်တမ်းကို သတ်မှတ်ဆုံးဖြတ်ထား၏။ ယခုဘဝတွင် သင်၏ ညံ့ဖျင်းသော စွမ်းဆောင်ရည်ကြောင့် သင်၏ ဘဝသက်တမ်းကို စောစီးစွာ သူအဆုံးသတ်မည် မဟုတ်သလို ယခုဘဝတွင် ကောင်းမွန်သည့် စွမ်းဆောင်ရည်ကြောင့် သင်၏ ဘဝသက်တမ်းကို နှစ်ပေါင်းအချို့ သူတိုးပေးမည်လည်း မဟုတ်။ နည်းစနစ်တစ်ရပ် ရှိခြင်းဟူသည်မှာ ဤအရာကို ခေါ်သည်။ ကမ္ဘာပေါ်တွင် ဆိုးဝါးသည့် လုပ်ရပ်အမျိုးမျိုးကို ကျူးလွန်ကြသော၊ ကမ္ဘာကြီးကို ကြီးမားသည့် ဘေးဖြစ်စေခဲ့သော၊ တစ်စုံတစ်ခုသော ကာလအတွင်း အခြားသူများကို အန္တရာယ်ဖြစ်စေခဲ့သည့် ဘေးဖြစ်စေသော လုပ်ရပ်များစွာ ကျူးလွန်ခဲ့သော လူဆိုးများနှင့် စပ်လျဉ်း၍ အချို့သူများက “ဘုရားသခင်သည် မျက်စိမမြင်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သော လူများကို မဖျက်ဆီးသနည်း” ဟု ပြောကြသည်။ ဤအရာ၏ အကြောင်းတရားမှာ မည်သည့်အရာ ဖြစ်ကြောင်း သင်သိသလော။ ဤအရာ၏ နောက်ကွယ်ရှိ ရင်းမြစ်အကြောင်းတရားမှာ အဘယ်နည်း။ ရင်းမြစ်အကြောင်းတရားမှာ ဤသို့ဖြစ်သည်။ အပြုသဘောရှိသည့် ပုဂ္ဂိုလ်များသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြပြီး အပျက်သဘောရှိသည့် ပုဂ္ဂိုလ်များသည် အပျက်သဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြသည်။ လူတိုင်းတွင် တာဝန်တစ်ရပ်စီ ရှိကြသည်။ လူတိုင်းတွင် အခန်းကဏ္ဍတစ်ခုစီ ရှိကြသည်။ လူတိုင်း၏ အသက်နှင့် သေဆုံးခြင်းတို့ကို ရှေးယခင်ကတည်းက ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ ဘုရားသခင်က ဤအရာကို မည်သည့်အခါမျှ ကမောက်ကမဖြစ်အောင် ပြုမည်မဟုတ်။ သင်မွေးဖွားလာသည့်အခါ သင်သည် ဤလောကသို့ အချိန်ကိုက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အချိန်ဇယားမှ တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှ လွဲချော်ခြင်းမရှိ။ သင်သေဆုံးပြီး သင်၏ဝိညာဉ် ထွက်ခွာသွားသည့်အခါ ယင်းသည်လည်း အချိန်ဇယားမှ တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှ လွဲချော်လိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးအတွက် မူလသတ်မှတ်ထားသည့် ဘဝသက်တမ်းကို လူသားမျိုးနွယ်အတွက် ထိုသူ၏ ကြီးမားသော အကျိုးပြုမှုကြောင့် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ် အပိုဆောင်း ရှင်သန်စေခြင်းဖြင့် ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်သည် ဤကိစ္စကို မည်သည့်အခါကမျှ မလုပ်ခဲ့သလို အနာဂတ်တွင်လည်း မည်သည့်အခါမျှ လုပ်လိမ့်မည်မဟုတ်။ လူပုဂ္ဂိုလ်တစ်ဦးသည် လူသားမျိုးနွယ်အား အထူးသဖြင့် ဘေးဖြစ်စေသောကြောင့် ၎င်းအား အချိန်မတိုင်မီ သေဆုံးစေရန်လည်း ဘုရားသခင် ပြုလုပ်လိမ့်မည်မဟုတ်။ ဘုရားသခင်သည် ထိုအရာကို မည်သည့်အခါမျှ လုပ်မည်မဟုတ်။ ဤသည်မှာ ကောင်းကင်ဘုံ၏ စည်းကမ်းနှင့် ဥပဒေဖြစ်ပြီး ဘုရားသခင်က ယင်းကို မည်သည့်အခါမျှ ချိုးဖောက်မည်မဟုတ်ပေ။ သင်တို့သည် ဤအကြောင်းအရာမှ မည်သည့်အရာကို သိမြင်ခဲ့ရသနည်း။ (ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်ထားသည့်အရာများကို မည်သူကမျှ မပြောင်းနိုင်ပါ။) ဘုရားသခင်ကိုယ်၌က သူသတ်မှတ်ဆုံးဖြတ်ထားသည့် သို့မဟုတ် စီစဉ်ထားသည့် အရာများကို မည်သည့်အခါမျှ ကမောက်ကမဖြစ်အောင် သို့မဟုတ် ပြောင်းလဲသွားအောင် လုပ်မည်မဟုတ်။ ဤသည်မှာ မှန်ကန်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုမျှမက ဤအကြောင်းအရာမှ ငါတို့သည် ဘုရားသခင်၏ တန်ခိုးနှင့် ဉာဏ်ပညာတို့ကို မြင်ရသည်။ ဘုရားသခင်သည် ဖန်ဆင်းခံများအားလုံး၏ ဇာစ်မြစ်၊ ပေါ်ထွန်းမှု၊ သက်တမ်း၊ အဆုံးသတ်တို့အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး၌ ၎င်းတို့အသက်တာ၏ တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အခန်းကဏ္ဍတို့ကို အပြည့်အဝ စီစဉ်နှင့်ပြီးဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာများကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဩဇာအာဏာဖြစ်သည်။ ဖန်ဆင်းခံတိုင်း၏ ပေါ်ထွန်းမှု၊ ၎င်းတို့အသက်တာ၏ တာဝန်၊ ၎င်းတို့၏ ဘဝသက်တမ်း ကုန်ဆုံးမည့်အချိန် ဟူသကဲ့သို့သော ဤဥပဒေသများအားလုံးကို ဘုရားသခင်က ကြာမြင့်သောအချိန်ကတည်းက စီမံထားသည်မှာ အာကာသဗိမာန်တိုင်း၏ ပတ်လမ်းကို ဘုရားသခင် စီမံထားသကဲ့သို့ပင် ဖြစ်လေသည်။ ဤအာကာသဗိမာန်များသည် မည်သည့် ပတ်လမ်းကို လိုက်သည်၊ နှစ်ပေါင်းမည်မျှ လိုက်သည်၊ ၎င်းတို့ မည်သို့ ပတ်သည်၊ ၎င်းတို့ မည်သည့် ဥပဒေသများကို လိုက်နာသည်၊ ဤအရာများအားလုံးကို ဘုရားသခင်က လွန်လေပြီးသော အချိန်ကြာမြင့်စွာက စီမံထားခဲ့ကာ နှစ်ထောင်ပေါင်း၊ သောင်းပေါင်း၊ သန်းပေါင်းများစွာ မပြောင်းလဲခဲ့ဘဲ ရှိလေသည်။ ဤသည်ကို ဘုရားသခင်က စီမံထားခြင်းဖြစ်ပြီး ဤသည်မှာ သူ၏ဩဇာအာဏာ ဖြစ်လေသည်။ သို့ဆိုလျှင် သေးငယ်သော ဖန်ဆင်းခံဖြစ်သည့် လူသားနှင့်ပတ်သက်၍ မည်သို့ရှိသနည်း။ လူကို ငါတို့ဘေးဖယ်ထားပြီး ပထမဦးစွာ ခွေးများအကြောင်း ပြောကြစို့။ ဘုရားသခင်သည် ၎င်းတို့အား ဆယ်နှစ်ခန့် အသက်ရှင်စေရန်နှင့် ထိုအသက်အရွယ်သို့ ရောက်ရှိသည့်အခါ ၎င်းတို့သေဆုံးကြစေရန် သတ်မှတ်ဆုံးဖြတ်ထားခဲ့သည်။ ဤအချိန်သတ်မှတ်ချက်ကို ပြင်နိုင်သလော။ (မပြင်နိုင်ပါ။) အထူးဖြစ်ရပ်များအကြောင်း ငါတို့ပြောဆိုကြမည်မဟုတ်။ လူသားများက ပြောင်းလဲနိုင်ခြင်းပင် မရှိသည့် သေးငယ်သော တိရစ္ဆာန်တစ်ကောင်၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်ဖြစ်ရာ လူသားအတွက် ထိုသို့မသတ်မှတ်ထားဘဲ မည်သို့ရှိမည်နည်း။ ထို့ကြောင့် လူများက မည်သည့်အရာကို တောင်းခံသည်ဖြစ်စေ ၎င်းတို့ မတောင်းခံသင့်သည့် အရာမှာ ၎င်းတို့၏ ဘဝသက်တမ်းကို တိုးပေးရန် ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦး၏ ဘဝရှိ ကောင်းချီးမင်္ဂလာများနှင့် ကံကြမ္မာဆိုးများ၊ ထို့ပြင် လူပုဂ္ဂိုလ်တစ်ဦး မည်သည့်အချိန်တွင် သေဆုံးမည်ဟူသည့် အရာများကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ယင်းတို့ကို မည်သူကမျှ မပြောင်းနိုင်။ မည်မျှတောင်းဆိုသည်ဖြစ်စေ မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်။ သင်မည်သည့်အရာကို တွေ့ကြုံရသည်၊ သင်မည်သည့်အရာကို သိရှိမှတ်မိသည်၊ ပတ်ဝန်းကျင်တစ်ခုမှ သင်မည်သည့်အရာကို ရရှိနိုင်သည် စသည့် အချို့အရာများနှင့် ပတ်သက်၍ သင့်အား အသိဉာဏ်ဖွင့်ပေးပါဟု ဘုရားသခင်ကို သင်တောင်းလျှောက်နိုင်သည်။ ဆိုလိုသည်မှာ သင်သည် အသက် ဝင်ရောက်မှုအတွက်နှင့် သင်၏ အသက် စိတ်သဘောထား ပြောင်းလဲမှုအတွက် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်သည်။ သင်၏ ရိုးသားမှုက ဘုရားသခင်ကို စိတ်ညွတ်စေလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရရှိနိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လုပ်ဆောင်ရန် အလိုရှိသည့်အရာဖြစ်သည်။ သို့သော် သင်သည် ဆင်ခြင်တုံတရား ရှိသင့်သည်။ သင်၏ ဘဝသက်တမ်းကို ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်ထားပြီးဖြစ်၍ သင်သည် အသက်ရှည်စေရန် သို့မဟုတ် ထာဝရ အသက်ရှင်ရန် ဘုရားသခင်ထံ တောင်းဆို၍မရ။ ယင်းကို လူများက မပြောင်းလဲနိုင်။ မည်မျှတောင်းဆိုသည်ဖြစ်စေ ခြားနားမှု ရှိမည်မဟုတ်။ ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်ထားသမျှ ကာလပတ်လုံး ဘုရားသခင်က ယင်းကို ပြောင်းလဲမည်မဟုတ်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သင်၏ အချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း၊ သင်၏ ဘုရားသခင်နှင့် သင်၏ အရှင်သခင်ဖြစ်ကြောင်း သင်အသိအမှတ်ပြုပါက ဤအရာများကို မည်သည့်အခါမျှ သင်တောင်းဆိုခြင်းမပြုရ။ ဘုရားသခင်က လူများအား မည်သည့်အရာကို တောင်းဆိုရန် ပြောသနည်း။ သခင်၏ ပဌနာတော်က မည်သည့်အရာကို ပြောသနည်း။ “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၁၀) အခြားမည်သည့်အရာကို တောင်းဆိုသင့်သနည်း။ သင်သိသလော။ သင်တို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်အတွင်း ဖန်ဆင်းခံများအဖြစ် သင်တို့၏ တာဝန်များကို ထမ်းဆောင်သင့်သည်။ သင်တို့အား ဘုရားသခင်က ပေးထားသည့် တာဝန်ပေးစေခိုင်းချက်များကို ပြီးစီးအောင် ဆောင်ရွက်သင့်သည်။ မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ မိမိ၏ တာဝန်ကို မပျက်ကွက်မိအောင် ရှောင်ကြဉ်သင့်သည်။ ဘုရားသခင်က ပေးထားသော မိမိ၏ အသက်၊ မိမိ၏ ဖြစ်တည်မှုတို့နှင့် ထိုက်တန်မှု ရှိသင့်သည်။ ထို့ပြင် ဤဘဝကို ပြုန်းတီးစေရန် သို့မဟုတ် အချည်းနှီးဖြစ်စေရန် ခွင့်မပြုသင့်။ ဤဘဝတွင် ဖန်ဆင်းရှင်ကို သိရှိလာသင့်သည်။ ဖန်ဆင်းခံတစ်ဦးနှင့် လျော်ညီသည့် အသွင်သဏ္ဌာန်ကို တစ်ဘဝလုံး နေထိုင်သွားသင့်သည်။ ထို့ပြင် ဖန်ဆင်းရှင်၏ ဆန္ဒများကို ပြည့်ဝစေသင့်သည်။ ဤအရာများသည် သင်တောင်းဆိုသင့်သည့် အရာများဖြစ်သည်။ တောင်းဆိုရမည့် အရာများနှင့် မတောင်းဆိုရမည့် အရာများ၊ တောင်းဆိုသည့် မည်သည့်အရာများက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီပြီး မည်သည့်အရာများက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်မညီ၊ သင်တောင်းဆိုရန် ဆန္ဒရှိသည့်အရာကို ပေးအပ်၍ရခြင်း ရှိမရှိ ဟူသည့်ကိစ္စများသည် သင်၏စိတ်နှလုံးတွင် ဦးစွာ ရှင်းလင်းနေသင့်သည်။ မိုက်မဲစွာ မပြုမူနှင့်။ သင်တောင်းဆိုသည့်အရာကို ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်နှင့်ပြီး ဖြစ်ပါက သင်၏ ဆုတောင်းမှုများသည် အချည်းနှီးသာဖြစ်သည်။ သို့ဖြစ်လျှင် ယင်းအတွက် သင်ဆုတောင်းခြင်းသည် မိုက်မဲရာကျနေသည် မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်ကို ရင်ဆိုင်ဆန့်ကျင်ခြင်းပင် မဟုတ်သလော။ ဘုရားသခင်က သင့်ကို အသက်ရှစ်ဆယ်အထိ နေခွင့်ပြုထားသည်။ သို့သော် သင်က အသက်တစ်ရာအထိ နေခွင့်ပေးရန် တောင်းဆိုသည်။ ဘုရားသခင်က သင့်ကို အသက်သုံးဆယ်အထိ နေခွင့်ပြုထားသည်။ သို့သော် သင်က အသက်ခြောက်ဆယ်အထိ ရောက်ရှိရန် တောင်းဆိုသည်။ ဤသည်မှာ ပုန်ကန်ခြင်း မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်ကို ခုခံဆန့်ကျင်ခြင်း မဟုတ်သလော။ လူများသည် ဆင်ခြင်တုံတရားရှိသင့်ပြီး မိုက်မဲသည့်အရာများကို မလုပ်သင့်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။