ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

အပိုင်း နှစ်

ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့

သင်မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသည်ဟု ငါယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါမျက်နှာချင်းဆိုင်သည့် အချိန်တိုင်း၊ တစ်စုံတစ်ဦး၏ ဇာတ်ကြောင်းကို ငါကြားရသည့် အချိန်တိုင်း၊ လူတစ်ဦး၏ အတွေ့အကြုံ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သက်သေခံချက်ကို ငါ ကြားရသည့် အချိန်တိုင်း ဤလူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူအမျိုးအစားနှင့် ဘုရားသခင် သဘောကျသော လူအမျိုးအစား ဟုတ်မဟုတ် အဆုံးအဖြတ်ပေးရန် ဤဆိုရိုးစကားကို ငါ အမြဲအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ယခု ငါသည် သင်တို့အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစေသည်။ နှစ်ပေါင်းများစွာ အလုပ်မပါဘဲ အပြောသက်သက်ဖြင့်သာ အစေခံနေကြသောသူများ ရှိခြင်းကြောင့် ဤဆိုရိုးစကားကို ငါဖော်ထုတ်သည့်အခါ သင်တို့ စိတ်ပျက်ကောင်း စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါမူကား မည်သည့်အခါမျှ အပြောသက်သက်ဖြင့်သာ အစေခံခဲ့ဖူးခြင်း အလျင်းမရှိပေ။ ဤဆိုရိုးစကားသည် ငါ၏စိတ်နှလုံးထဲ၌ တည်ရှိသည်။ ထိုသို့ဆိုသော် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ဤသည်မှာ- “ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ်တစ်ခု မဟုတ်လော။ သို့ပါလျက် ဤဆိုရိုးစကားမှာ ရိုးရှင်းစေကာမူ ဤစကားလုံးများအပေါ် နက်နဲသော နားလည်မှု အမှန်တကယ်ရှိသော သူတို့အနေဖြင့် ၎င်းတို့တွင် သြဇာသက်ရောက်မှု ပါရှိကြောင်း၊ ဤဆိုရိုးစကားမှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှုအတွက် လွန်စွာတန်ဖိုးရှိကြောင်း၊ ၎င်းသည် သမ္မာတရား၏စစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကားမှလာသည့် စာကြောင်းပင်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ရာသက်ပန် ရည်မှန်းချက်ကို ပုံဖော်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသည့် မည်သူမဆို လိုက်နာသင့်သော ရာသက်ပန် လမ်းခရီးတစ်ခုဖြစ်ကြောင်း ခံစားရကြလိမ့်မည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ ထင်သနည်း- ဤ ဆိုရိုးစကားက သမ္မာတရား မဟုတ်လော။ ၎င်း၌ ဤမျှ အရေးပါမှု ရှိသလော သို့မဟုတ် မရှိသလော။ ထို့ပြင် သင်တို့အချို့သည် ဤဆိုရိုးစကားအကြောင်းကို စဉ်းစားနေပြီး ၎င်းကို နားလည်သဘောပေါက်ရန် ကြိုးစားကောင်း ကြိုးစားနေနိုင်ပြီး၊ ၎င်းကို သံသယဖြစ်သော လူအချို့ပင် ရှိကောင်းရှိနိုင်သည်- ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသလော။ ၎င်းက အလွန်အရေးကြီးသလော။ ၎င်းကို လွန်စွာ အလေးထားရန် လိုအပ်သလော။ ဤဆိုရိုးစကားကို သိပ်သဘောမကျသော လူအချို့လည်း ရှိကောင်းရှိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လမ်းခရီးကိုယူကာ ၎င်းကို ဤဆိုရိုးစကား တစ်ခုထဲသို့ အနှစ်ချုပ်ခြင်းမှာ အလွန့်အလွန် ပေါ့ပြက်ပြက်လုပ်ခြင်းဖြစ်သည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ပြောခဲ့သော အရာအားလုံးကိုယူကာ ဆိုရိုးစကားတစ်ခုအဖြစ် အကျဉ်းချုံးခြင်း- ယင်းမှာ ဘုရားသခင်ကို တစ်ဆိတ် သေးသိမ်လွန်းအောင် ပြုလုပ်ရာ မကျသလော။ ယင်းက ဤသို့ပင်ဖြစ်သလော။ သင်တို့အများစုက ဤစကားလုံးများ၏ လေးနက်သောအဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သင်တို့အားလုံးသည် ၎င်းကို မှတ်စုရေးမှတ်ခဲ့သော်လည်း ဤဆိုရိုးစကားကို သင်တို့၏ စိတ်နှလုံးထဲ၌ သိုထားရန် ရည်ရွယ်ခြင်းမရှိပေ၊ ၎င်းကို အားလပ်ချိန်တွင် ပြန်ကြည့်ရန်နှင့် ဆင်ခြင်တွေးတောရန်အတွက် သင်တို့၏ မှတ်စုစာအုပ်ထဲတွင် ရေးချရုံမျှသာ ရေးချခဲ့ကြခြင်း ဖြစ်သည်။ သင်တို့အချို့သည် ၎င်းကို ကောင်းစွာအသုံးချရန် ကြိုးစားဖို့နေနေသာသာ၊ ဤဆိုရိုးစကားကို အလွတ်ကျက်မှတ်ရန်ပင် ဒုက္ခခံကြမည် မဟုတ်ပေ။ သို့သော် ငါသည် ဤဆိုရိုးစကားကို အဘယ်ကြောင့် ဖော်ပြလိုသနည်း။ သင်တို့၌ မည်သည့်သဘောထား ရှိပါစေ၊ သို့မဟုတ် သင်တို့ အဘယ်သို့ထင်ပါစေ ဤဆိုရိုးစကားကို ငါ ဖော်ပြရမည်၊ အကြောင်းမှာ ၎င်းသည် ဘုရားသခင်က လူတို့၏အဆုံးသတ်များကို အဆုံးအဖြတ်ပေးပုံနှင့် အလွန်အမင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤဆိုရိုးစကားအား သင်တို့၏ လက်ရှိ သိနားလည်ခြင်းမှာ အဘယ်သို့ပင်ဖြစ်စေ သို့မဟုတ် ယင်းကို သင်တို့ မည်ကဲ့သို့ပင် သဘောထားသည်ဖြစ်စေ၊ သင်တို့အား ဤအရာကို ငါ ပြောဦးမည်- အကယ်၍ လူတို့သည် ဤဆိုရိုး၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက သူတို့သည် အောင်မြင်စွာကျော်လွှားသူများ သေချာပေါက် ဖြစ်လာပြီး အဆုံးသတ်ကောင်းများ ရရှိရန် သေချာသည်။ သို့သော် အကယ်၍ သင်သည် ဤဆိုရိုးစကားက ဖော်ပြထားသော စံနှုန်းကို မပြည့်မီနိုင်ပါက သင်၏အဆုံးသတ်မှာ မသေမချာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ငါသည် သင်တို့အား ဤဆိုရိုးစကား အကြောင်းကို သင်တို့ကိုယ်၌၏ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်မှုအတွက် ပြောခြင်းဖြစ်ပြီး၊ ဘုရားသခင်သည် သင်တို့ကို တိုင်းတာရန် မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်း သင်တို့သိစေရန် ဖြစ်သည်။ ခုလေးတင် ငါပြောပြခဲ့သည့်အတိုင်း ဤဆိုရိုးစကားသည် လူသားတို့အား ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်သာမက လူတို့၏ အဆုံးသတ်များကို သူဆုံးဖြတ်သည့်ပုံနှင့် အလွန်အမင်း သက်ဆိုင်ပေသည်။ ၎င်းက မည်သည့်နည်းအားဖြင့် သက်ဆိုင်သနည်း။ သင်တို့ အမှန်တကယ်ပင် သိလိုကြမည် ဖြစ်သောကြောင့် ထိုအကြောင်းကို ယနေ့ ငါတို့ပြောကြမည်။

လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းရှိမရှိ စစ်ဆေးရန် ဘုရားသခင်သည် အမျိုးမျိုးသော စမ်းသပ်မှုများကို အသုံးချသည်

ခေတ်ကာလတိုင်း၌ ဘုရားသခင်သည် လူသားများကြား အမှုပြုနေစဉ် သူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လျှောက်လှမ်းရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။ ထိုသို့ဆိုသော် ဘုရားသခင် အလုပ်လုပ်နေစဉ်တစ်လျှောက်တွင် သူသည် လူတစ်ဦး၏ အဆုံးသတ်ကို မည်ကဲ့သို့ သတ်မှတ်သနည်း။ လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန် ဘုရားသခင်သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ လောလောဆယ်တွင် သင်တို့သည် ဤအရာအပေါ် အနည်းငယ် ယောင်ဝါးဝါးရှိကြဆဲ ဖြစ်နိုင်သော်လည်း သင်တို့အား ဖြစ်စဉ်ကို ငါပြောပြသောအခါ ၎င်းမှာ အတော်ပင် ရှင်းလင်းလာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့များစွာသည် ၎င်းကို ကိုယ်တိုင် တွေ့ကြုံခံစားနှင့်ပြီး ဖြစ်ကြောင့်ပင်တည်း။

အစအဦးမှစ၍ သူ့အမှု၏ ဖြစ်စဉ်တစ်လျှောက် ဘုရားသခင်သည် လူအယောက်တိုင်းအတွက်- သို့မဟုတ် သူ၏နောက်သို့လိုက်သောသူ အယောက်တိုင်းအတွက်ဟု ဆိုနိုင်သည်- စမ်းသပ်မှုများကို စီစဉ်ထားခဲ့ပြီး ဤစမ်းသပ်မှုများမှာ အတိုင်းအတာအမျိုးမျိုးဖြင့် လာတတ်သည်။ မိမိတို့ မိသားစု၏ ငြင်းပယ်ခြင်းခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဆိုးရွားသော ပတ်ဝန်းကျင်များအားဖြင့် စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်း ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ရွေးချယ်မှုများနှင့် ရင်ဆိုင်ရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများနှင့် ငွေကြေးနှင့် ရာထူးဂုဏ်ဒြပ်အားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်ဖူးသောသူများ ရှိကြသည်။ ယေဘုယျအနေဖြင့် ဆိုပါက သင်တို့ အယောက်တိုင်းသည် စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖူးပြီ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အလုပ်လုပ်သနည်း။ ဘုရားသခင်သည် အယောက်တိုင်းကို ထိုကဲ့သို့ အဘယ်ကြောင့် ပြုမူသနည်း။ မည်သည့်ရလဒ်မျိုးကို သူရှာသနည်း။ သင်တို့အား ငါမိတ်သဟာယပြုလိုသော အချက်မှာ ဤသို့ဖြစ်သည်- ဤသူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ်မဟုတ်ကို ဘုရားသခင် မြင်လိုသည်။ ဤအရာမှာ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုတစ်ခုကို ပေးနေသောအခါနှင့် အခြေအနေတစ်ခု မဟုတ်တစ်ခုကို သင့်အား ရင်ဆိုင်စေသောအခါ သူ၏ ရည်ရွယ်ချက်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ် စမ်းသပ်ရန်အတွက် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အလှူငွေကို ထိန်းသိမ်းရသည့် တာဝန်နှင့် ရင်ဆိုင်ရပြီး ထိုတာဝန်သည် ဘုရားသခင်၏ အလှူငွေအား ထိတွေ့ကိုင်တွယ်ရန် ဖြစ်လာပါက ဤသည်မှာ ဘုရားသခင် စီစဉ်ထားသောအရာတစ်ခု ဖြစ်သည်ဟု သင် ဆိုမည်လော။ ဧကန်မုချပင် ဖြစ်သည်။ သင် ကြုံတွေ့ရသော အရာခပ်သိမ်းမှာ ဘုရားသခင် စီစဉ်ထားသော အရာတစ်ခု ဖြစ်သည်။ ဤကိစ္စနှင့် သင်ရင်ဆိုင်ရသည့်အခါ ဘုရားသခင်သည် သင့်အား တိတ်တဆိတ် လေ့လာကာ၊ မည်သည့်ရွေးချယ်မှုများ သင်ပြုလုပ်သည်၊ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သည်၊ သင်၌ မည်သည့်အတွေးများ ရှိသည်တို့ကို စောင့်ကြည့်နေမည်ဖြစ်သည်။ ဘုရားသခင် အလေးထားဆုံးသော အရာမှာ နောက်ဆုံးရလဒ်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဤစမ်းသပ်မှု၌ပင် သူ၏စံနှုန်းနှင့် လျော်ညီအောင် နေခဲ့ပြီးခြင်း ရှိမရှိကို သူ့အား တိုင်းတာခွင့် ပေးမည့်အရာမှာ ဤရလဒ်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရတိုင်း သူတို့သည် ယင်းကို အဘယ်ကြောင့် ရင်ဆိုင်နေရကြောင်း၊ ဘုရားသခင်က သူတို့ မည်သည့်စံနှုန်းကို ပြည့်မီရန် မျှော်လင့်ထားကြောင်း၊ သူက သူတို့အထဲတွင် မည်သည့်အရာကို တွေ့မြင်လိုကြောင်း သို့မဟုတ် ၎င်းတို့ထံမှ သူ မည်သည့်အရာကို ရရှိလိုကြောင်းကို စဉ်းစားလေ့မရှိကြပေ။ ဤပြဿနာကို ရင်ဆိုင်ရသည့်အခါ ထိုကဲ့သို့သော လူတို့က “ဤအရာသည် ကျွန်ုပ် ရင်ဆိုင်ရသည့်အရာတစ်ခု ဖြစ်သည်၊ ကျွန်ုပ် သတိထားရမည်၊ ဂရုမစိုက်ဘဲ မနေရ။ မည်သို့ပင်ဖြစ်စေ ဤအရာမှာ ဘုရားသခင်၏ အလှူငွေဖြစ်ပြီး ၎င်းကို ကျွန်ုပ်ထိ၍မရပါ။” ဟူ၍သာ တွေးတတ်ကြသည်။ လူတို့သည် ဤကဲ့သို့သော လွယ်သယောင်ရှိသော အတွေးများဖြင့် ပြည့်ဝနေကာ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခဲ့ပြီးပြီဟု ယုံကြည်တတ်ကြသည်။ ဤစမ်းသပ်မှု၏ ရလဒ်က ဘုရားသခင်ကို ကျေနပ်မှုရရှိစေမည်လော သို့မဟုတ် မရရှိစေဘဲ နေမည်လော။ ဤအကြောင်းကို ဆက်၍ပြောကြလော့။ (အကယ်၍ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ပါက ဘုရားသခင်၏ အလှူငွေကို ထိတွေ့ကိုင်တွယ်ခွင့်ရသော တာဝန်တစ်ခုကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားဖို့ အဘယ်မျှပင် လွယ်ကူမည်ကြောင်း ဆင်ခြင်သုံးသပ်ကြလိမ့်မည် ဖြစ်ပြီး ယင်းက ၎င်းတို့ကို သတိဖြင့်ဆက်လုပ်ရန် သေချာစေလိမ့်မည်။) သင်၏တုံ့ပြန်မှုမှာ မှန်ကန်သောလမ်းကြောင်းပေါ်၌ ရှိသော်လည်း ၎င်းမှာ သိပ်မဟုတ်သေးပေ။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်းမှာ အပေါ်ယံစည်းကမ်းများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက် သင်သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ ၎င်းကို ဘုရားသခင် စီစဉ်ထားသော အခြေအနေတစ်ခု၊ သင့်အား သူပေးအပ်ထားသော ဝတ္တရားတစ်ခု သို့မဟုတ် သင့်အား သူ ယုံကြည်အပ်နှံထားသော အလုပ်တာဝန်တစ်ခုအဖြစ် သင်ရှုမြင်ခြင်းကို ဆိုလိုသည်။ ဤပြဿနာကို သင်ရင်ဆိုင်နေရသောအခါ ၎င်းကို ဘုရားသခင်က သင့်အပေါ်ထားရှိသော စမ်းသပ်မှုတစ်ခုအဖြစ်ပင်လျှင် မြင်သင့်သည်။ ဤပြဿနာကို သင်ကြုံတွေ့ရသောအခါ သင်၏စိတ်နှလုံးထဲ၌ စံနှုန်းတစ်ခု သင်ရှိရမည်ဖြစ်ပြီး၊ ဤကိစ္စသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်ဟု သင်ထင်မြင်ယူဆရမည်။ သင်သည် ဘုရားသခင်ကို ဆက်လက်၍ သစ္စာစောင့်သိလျက် သင်၏ဝတ္တရားကို ဖြည့်ဆည်းနိုင်မည့် နည်းလမ်းအားဖြင့် ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့် အကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဒေါသမထွက်စေဘဲ သို့မဟုတ် သူ၏ စိတ်နေသဘောထားကို မပြစ်မှားဘဲ ၎င်းကို မည်သို့ပြုလုပ်ရမည့် အကြောင်းကိုလည်းကောင်း စဥ်းစားရမည်။ အလှူငွေများကို ထိန်းသိမ်းခြင်းအကြောင်း ငါတို့အခုလေးတင် ပြောခဲ့ပြီးဖြစ်သည်။ ဤကိစ္စရပ်တွင် အလှူငွေများပါဝင်ပြီး သင်၏တာဝန်နှင့် သင်၏ဝတ္တရားလည်း အကျုံးဝင်သည်။ ဤဝတ္တရား ကျေပွန်စေရန် သင်၌ တာဝန်ရှိသည်။ သို့သော်လည်း ဤကိစ္စရပ်ကို သင်ရင်ဆိုင်ရသည့်အခါ စုံစမ်းသွေးဆောင်ခြင်း တစ်စုံတစ်ရာ ရှိသလော။ ရှိပေသည်။ ဤစုံစမ်းသွေးဆောင်ခြင်းက မည်သည့်နေရာမှ လာသနည်း။ ဤစုံစမ်းသွေးဆောင်ခြင်းသည် စာတန်ထံမှလာပြီး ၎င်းသည် လူသားတို့၏ ဆိုးယုတ်၊ ပျက်စီးသော စိတ်သဘောထားများမှလည်း လာသည်။ စုံစမ်းနှောင့်ယှက်ခြင်း ရှိသည်ကို ထောက်ဆလျှင် ဤအရေးကိစ္စတွင် လူတို့ ရပ်တည်သင့်သည့် သက်သေရပ်တည်ခြင်း ပါဝင်ပြီး၊ ယင်းမှာ သင်၏ဝတ္တရားနှင့် တာဝန်လည်း ဖြစ်သည်။ လူအချို့က “ဤအရာမှာ အသေးအမွှားကိစ္စရပ်တစ်ခု ဖြစ်သည်၊ ထိုမှနေ၍ ပုံကြီးချဲ့ရန် အမှန်တကယ် လိုအပ်သလော” ဟု ဆိုကြသည်။ လိုအပ်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရန် ငါတို့ သို့မဟုတ် ငါတို့ဝန်းကျင်၌ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့လက်လွှတ်၍ မရသောကြောင့် ဖြစ်သည်။ ငါတို့သည် ၎င်းကို အာရုံစိုက်သင့်သည်ဟု စဉ်းစားသည်ဖြစ်စေ မစဉ်းစားသည်ဖြစ်စေ၊ အခြေအနေ တစ်ခုခုက ငါတို့ကို ရင်ဆိုင်နေပါက ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ ဖြစ်ပျက်သည့်အရာ အားလုံးကို ငါတို့အတွက် ဘုရားသခင်ပေးထားသော စစ်ဆေးမှုများအဖြစ် ရှုမြင်သင့်ပေသည်။ အမှုအရာများအား ဤသို့ရှုမြင်ခြင်းကို သင် မည်သို့သဘောထားသနည်း။ အကယ်၍ သင်၌ ဤသဘောထားမျိုး ရှိပါက ၎င်းက သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အဖြစ်မှန်တစ်ခုကို အတည်ပြုသည်။ သင်၌ ဘုရားသခင်ကို ကျေနပ်စေရန် ဤဆန္ဒရှိပါက သင်လက်တွေ့လုပ်ဆောင်သော အရာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော စံနှုန်းနှင့် အလှမ်းဝေးလိမ့်မည် မဟုတ်ပေ။

လူတို့ များစွာအရေးမစိုက်သော ကိစ္စရပ်များနှင့် အများအားဖြင့် ဖော်ပြလေ့မရှိသော ကိစ္စရပ်များမှာ အရေးမပါသော အသေးအဖွဲမျှသာဖြစ်ပြီး ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်မှုမရှိဟူ၍ ယုံကြည်သောသူများ ရှိတတ်သည်။ ဤလူတို့သည် ယင်းကဲ့သို့သော ကိစ္စရပ်ကို ရင်ဆိုင်ရသည့်အခါ ယင်းကို များစွာ မဆင်ခြင်ဘဲ သတိလက်လွတ် ထားကြသည်။ သို့သော်လည်း အမှန်မှာ ဤအကြောင်းအရာသည် သင်လေ့လာသင့်သော သင်ခန်းစာတစ်ခု၊ ဘုရားသခင်ကို ကြောက်ရွံ့နည်းနှင့် မကောင်းမှုကို ရှောင်နည်းဆိုင်ရာ သင်ခန်းစာတစ်ခု ဖြစ်ခဲ့လေသည်။ ထိုမျှမက သင် ပို၍ပင်အလေးထားသင့်သည့် အရာမှာ သင့်ကိုရင်ဆိုင်ရန် ဤကိစ္စ ပေါ်ပေါက်သည့်အခါ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေကြောင်း သိခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏နံဘေး၌ ရှိကာ၊ သင်၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်းကို အကဲခတ်နေပြီး သင်လုပ်ဆောင်သမျှနှင့် သင်၏ အတွေးများထဲတွင် မည်သည့်အပြောင်းအလဲများ ဖြစ်ပျက်သည်ကို စောင့်ကြည့်နေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်ပင်။ လူအချို့က “ဤသို့မှန်လျှင် ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားခဲ့ရသနည်း” ဟု မေးကြသည်။ သင်မခံစားရသည့်အကြောင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်လမ်းခရီးကို သင်၏ ပဓာနလမ်းစဉ်အဖြစ် သင် လိုက်နာစောင့်ထိန်းခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် လူအထဲ၌ ဘုရားသခင်ပြုလုပ်သည့် သိမ်မွေ့သောအမှုကို မခံစားနိုင်ရခြင်း ဖြစ်သည်၊ ၎င်းက လူတို့၏ အတွေးအခေါ်များနှင့် ပြုမူပုံအမျိုးမျိုးနှင့်အညီ ပေါ်လွင်ခြင်းဖြစ်သည်။ သင်သည် နမော်နမဲ့နိုင်သူတစ်ဦး ဖြစ်ပေတကား။ အရေးပါသော ကိစ္စရပ်မှာ အဘယ်နည်း။ အရေးမပါသော ကိစ္စရပ်မှာ အဘယ်နည်း။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ပါဝင်သော ကိစ္စရပ်များကို အရေးပါသော သို့မဟုတ် အရေးမပါသော ကိစ္စရပ်များဟူ၍ ပိုင်းခြားမထားပေ။ ထိုအရာကို သင် လက်ခံနိုင်သလော။ (၎င်းကို ကျွန်ုပ်တို့ လက်ခံနိုင်ပါသည်။) နေ့စဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွန်ကြီးမားပြီး အရေးပါသည်ဟု လူတို့ရှုမြင်ကြသော ကိစ္စရပ်အချို့ရှိပြီး အရေးမပါသော အသေးအမွှားများဟု ရှုမြင်ခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤကြီးမားသော ကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မြင်တတ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးထားသည်ဟု သူတို့က ယူဆကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့်အခါတွင် လူတို့၏ မရင့်ကျက်သော ဝိညာဉ်အသက်တာနှင့် သူတို့၏ ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အဆင့်မမီဘဲရှိကာ၊ မည်သည့် ဗျာဒိတ်တော်ကိုမျှ မရနိုင်သည့်အပြင် တန်ဖိုးရှိသော တကယ့်အသိပညာကို မရရှိနိုင်ကြပေ။ သေးငယ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူရှုခြင်း၊ တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်ရှေ့၌ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ သင်သည် လူအများ၊ အမှုအရာများ၊ ကိစ္စရပ်များနှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးထားသော အခြေအနေများကို အမြဲလျစ်လျူရှုပါက ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းမှာ သင်သည် နေ့စဉ်နေ့တိုင်းနှင့် အချိန်တိုင်းမှာပင် သင့်အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကိုရော သူ၏ ခေါင်းဆောင်မှုကိုပါ အမြဲပစ်ပယ် နေသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်ရပ်ကို စီစဉ်ပေးသည့် အခါတိုင်းတွင် သူသည် တိတ်တဆိတ် စောင့်ကြည့်နေလျက်၊ သင်၏ စိတ်နှလုံးကို စိုက်ကြည့်နေပြီး၊ သင်၏စိတ်ကူးများနှင့် သုံးသပ်ချက်များကို အကဲခတ်နေ၍၊ သင် မည်သို့တွေးပုံကို စောင့်ကြည့်နေကာ သင်မည်ကဲ့သို့ ပြုမူမည့်ပုံတို့ကို ကြည့်ရှုရန် စောင့်ဆိုင်းနေပါသည်။ အကယ်၍ သင်သည် ဂရုမစိုက်သော လူတစ်ဦး၊ ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်နေပါက ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်စုံတစ်ရာကို စီစဉ်ပေးသောအခါ သင်သည် ဘုရားသခင် ပြည့်စုံစေလိုသည့်အရာ သို့မဟုတ် သင်ဖြည့်ဆည်းပေးရန် သူမျှော်လင့်ထားသည့် တောင်းဆိုချက်များကို သင် သတိမူလိမ့်မည်မဟုတ် သို့မဟုတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်ကြုံတွေ့သော လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်နှင့် မည်ကဲ့သို့ ဆက်စပ်မှုရှိကြောင်းကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဤကဲ့သို့ အကြိမ်ကြိမ်ဖြစ်ပွားသော အခြေအနေများနှင့် အကြိမ်ကြိမ်ဖြစ်ပွားသော စမ်းသပ်မှုများကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်ရလဒ်ကိုမျှ မမြင်တွေ့ပါက သူသည် မည်သို့ဆက်လုပ်မည်နည်း။ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြီးမြတ်စေခြင်း သို့မဟုတ် သင့်အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများကို ဘုရားသခင်ထံမှလာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ အဖြစ် အရှိကိုအရှိအတိုင်း ရှုမြင်ခြင်း မရှိခဲ့ပေ။ ထိုအစား သင့်အား ဘုရားသခင် ပေးအပ်ခဲ့သော အခွင့်အရေးများကို တစ်ခုပြီးတစ်ခု သင် ငြင်းပယ်ပြီဖြစ်ပြီး ၎င်းတို့အား အကြိမ်ကြိမ်အခါခါ လက်လွှတ် ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့ထုတ်ဖော်ပြသည့် လွန်ကဲသော မနာခံခြင်းပင် မဟုတ်လော။ (ဟုတ်ပေသည်။) ဤအရာကြောင့် ဘုရားသခင်သည် စိတ်နာကျင် ထိခိုက်မည်လော။ (သူ နာကျင်ထိခိုက်ပါလိမ့်မည်။) ဘုရားသခင်သည် စိတ်နာကျင်ထိခိုက်မည်မဟုတ်။ ဤကဲ့သို့ ငါပြောသည်ကို ကြားရခြင်းက သင်တို့ကို နောက်ထပ်တစ်ကြိမ် ထိတ်လန့်စေပြန်ပြီ။ “ဘုရားသခင်သည် အမြဲ စိတ်နာကျင်ထိခိုက်မည်ဟု အစောပိုင်း၌ ပြောခဲ့သည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင် နာကျင်ထိခိုက်ခြင်းမရှိဘဲ နေမည်လော။ သို့ဆိုလျှင် သူသည် မည်သည့်အချိန်တွင် နာကျင်ထိခိုက်သနည်း။” တိုတိုပြောရလျှင် ဘုရားသခင်သည် ဤအခြေအနေ၌ နာကျင်ထိခိုက်မည် မဟုတ်ပေ။ ထိုသို့ဆိုသော် အထက်တွင် အကြမ်းဖျင်းဖော်ပြထားသော အပြုအမူ အမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ထံ ဘုရားသခင် စေလွှတ်သော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ငြင်းပယ်သည့်အခါနှင့် ထိုအရာများထံမှ ၎င်းတို့ ခေါင်းရှောင်သည့်အခါ ဤသို့သော လူများအပေါ် ဘုရားသခင်၏ သဘောထား တစ်ခုတည်းသာ ရှိသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သောလူကို သူ၏ အနက်ရှိုင်းဆုံး နှလုံးသားထဲမှ ပစ်ပယ်သည်။ “ပစ်ပယ်သည်” ဟူသော စကားလုံးအတွက် အဓိပ္ပာယ်နှစ်လွှာ ရှိသည်။ ၎င်းတို့ကို ငါ၏ ရှုထောင့်အမြင်မှ အဘယ်သို့ ရှင်းပြရအံ့နည်း။ အမှန်မှာ “ပစ်ပယ်” ဟူသော စကားလုံးသည် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းဟူသော ဂယက်အနက်ကို ဆောင်သည်။ ထိုအဓိပ္ပာယ်၏ အခြားအလွှာမှာ အဘယ်နည်း။ ၎င်းမှာ တစ်စုံတစ်ခုအား စွန့်ခြင်းကို ညွှန်းဆိုသော အပိုင်းဖြစ်သည်။ “စွန့်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်တို့အားလုံး သိကြသည် မဟုတ်သလော။ လိုရင်းတိုရှင်းဆိုရလျှင် “ပစ်ပယ်ခြင်း” ဆိုသည်မှာ ဤသို့နည်းဖြင့် ပြုမူနေကြသော ထိုလူများအပေါ် ဘုရားသခင်၏ အဆုံးစွန်သော တုံ့ပြန်မှုနှင့် သဘောထားကို သရုပ်ဖော်သည့် စကားလုံးဖြစ်သည်။ ယင်းမှာ ၎င်းတို့ကို အလွန်အမင်း မုန်းတီးခြင်းနှင့် ရွံမုန်းခြင်းဖြစ်သောကြောင့် ၎င်းတို့ကို စွန့်ပစ်မည့် ဆုံးဖြတ်ချက်အဖြစ် အကျိုးသက်ရောက်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ မည်သည့်အခါမျှ မလျှောက်လှမ်းခဲ့သောသူနှင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း မရှိခဲ့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ နောက်ဆုံးဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ငါအစောပိုင်းက ပြောခဲ့သော ထိုဆိုရိုးစကား၏ အရေးပါပုံကို ယခု သင်တို့အားလုံး မြင်နိုင်ကြပြီလော။

လူတို့၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းကို ယခု သင်တို့ နားလည်ကြပြီလော။ (နေ့စဉ်နေ့တိုင်းပင် မတူညီသောအခြေအနေများကို သူစီစဉ်သည်။) “မတူညီသော အခြေအနေများကို သူစီစဉ်သည်” ဟု ဆိုရာ၌ ဤအရာတို့မှာ လူတို့ခံစားပြီး ထိတွေ့နိုင်သော အရာများဖြစ်သည်။ ထိုသို့ဆိုသော် ဤသို့ပြုခြင်းအတွက် ဘုရားသခင်၏ အကြောင်းရင်းမှာ အဘယ်နည်း။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းအား မတူညီသော အချိန်များနှင့် မတူညီသော နေရာများ၌ စမ်းသပ်မှုအမျိုးမျိုးကို ပေးရန်ဖြစ်သည်။ စမ်းသပ်မှုတစ်ခု၌ လူ၏ မည်သည့်ကဏ္ဍမှာ စစ်ဆေးခြင်းကို ခံရသနည်း။ သင်သည် သင်ရင်ဆိုင်ရသော၊ ကြားရ၊ မြင်ရသော၊ ထို့ပြင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသော အကြောင်းကိစ္စတိုင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ်မဟုတ် စမ်းသပ်မှုက အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်သည် လူအားလုံးအပေါ် တရားမျှတသောကြောင့် အယောက်တိုင်းက ဤစမ်းသပ်မှု အမျိုးအစားကို ရင်ဆိုင်ကြရလိမ့်မည်။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပါပြီ၊ ထို့ကြောင့် စမ်းသပ်မှုတစ်ခုမျှ ကျွန်ုပ် အဘယ်ကြောင့် ရင်မဆိုင်ရဖူးသနည်း” ဟု ဆိုကြသည်။ မည်သည့်စမ်းသပ်မှုကိုမျှ မရင်ဆိုင်ဖူးကြောင်း သင်ခံစားရခြင်းမှာ ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို စီစဉ်ပေးသောအခါတိုင်း သင်သည် ၎င်းတို့ကို အလေးအနက် မထားခဲ့ဘဲ ဘုရားသခင်၏ လမ်းခရီး၌ လိုက်လျှောက်လိုခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို လုံးလုံး သတိမပြုမိခြင်းသာ ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် စမ်းသပ်မှု အနည်းငယ်ကို ရင်ဆိုင်ခဲ့ဖူးသည်၊ သို့သော် ကျွန်ုပ်သည် မည်သို့ မှန်မှန်ကန်ကန် လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါ။ ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်ခဲ့သောအခါ၌ပင် ဘုရားသခင်၏ စမ်းသပ်မှုများအတွင်း ကျွန်ုပ် မြဲမြံစွာရပ်တည်ခဲ့ခြင်း ရှိမရှိကို မသိသေးပါ” ဟု ဆိုကြသည်။ ဤအခြေအနေမျိုး၌ရှိသော လူများမှာ လူနည်းစုထဲ၌ မရှိကြသည်မှာ သေချာပါသည်။ ထိုသို့ဆိုသော် လူတို့အား ဘုရားသခင်တိုင်းတာသော စံနှုန်းမှာ အဘယ်နည်း။ ၎င်းမှာ စောစောက ငါပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်- သင်လုပ်သမျှ၊ တွေးသမျှနှင့် ထုတ်ဖော်ပြသမျှ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း ရှိမရှိပင် ဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတစ်ဦး ဟုတ်မဟုတ်ကို အဆုံးအဖြတ်ပေးပုံ ဖြစ်သည်။ ဤအယူအဆမှာ ရိုးရှင်းသလော၊ မရိုးရှင်းဘူးလော။ ပြောရသည်မှာ ရိုးရှင်းသော်လည်း လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ (သိပ်မလွယ်ကူပါ။) ၎င်းမှာ အဘယ်ကြောင့် သိပ်မလွယ်ကူသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင်၊ ဘုရားသခင်သည် လူတို့အား မည်ကဲ့သို့ စုံလင်အောင် ပြုလုပ်ပေးသည်ကို သူတို့မသိကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်ကဲ့သို့ ရှာဖွေရမည်ကို မသိကြခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၏ လက်တွေ့အရှိတရားကို မပိုင်ဆိုင်နိုင်မီ အမျိုးမျိုးသော စမ်းသပ်မှုများ၊ စစ်ဆေးခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်ခြင်းများကို သူတို့ ဖြတ်သန်းကြရသည်။) သင်တို့ ထိုကဲ့သို့ ဆိုကောင်းဆိုနိုင်သော်လည်း သင်တို့၏ ထင်မြင်ချက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ ယခုပင်လျှင် လွယ်ကူစွာ လုပ်ဆောင်၍ရနိုင်သယောင် ထင်ရသည်။ ဤသို့ အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် တရားဟောချက် မြောက်မြားစွာကို နားထောင်ခဲ့ကြပြီဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုမှ ပမာဏမနည်းသော ရေလောင်းပေးခြင်းကို ခံခဲ့ကြပြီးသောကြောင့် ဖြစ်သည်။ ဤအရာက သင်တို့အား သဘောတရားအရနှင့် ဉာဏ်ပညာအရ ဘုရားသခင်အား မည်ကဲ့သို့ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရမည်ကို နားလည်စေပြီဖြစ်သည်။ ထိုဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ခြင်းကို လက်တွေ့လုပ်ဆောင်ပုံ နှင့်ပတ်သက်၍၊ ဤသိနားလည်ခြင်းအားလုံးသည် အလွန် အထောက်အကူ ဖြစ်နေပြီး ထိုကဲ့သို့သော အရာတစ်ခုကို လွယ်ကူစွာ ရရှိနိုင်သကဲ့သို့ သင်တို့အား ခံစားစေခဲ့သည်။ ထိုသို့ဆိုသော် လူတို့သည် ၎င်းကို အဘယ်ကြောင့် မည်သည့်အခါမျှ အမှန်တကယ် မရရှိနိုင်ကြသနည်း။ ဤသည်မှာ လူ့သဘာဝ၏ အနှစ်သာရသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိဘဲ မကောင်းမှုကို နှစ်သက်ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ တကယ့်အကြောင်းရင်းဖြစ်သည်။

ဘုရားသခင်ကို မကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို မရှောင်ခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း” ဟူသော ဤဆိုရိုးစကား မည်သည့်နေရာမှ လာခဲ့ကြောင်း သင်တို့ကို မေးခြင်းအားဖြင့် ငါအစပြုမည်။ (ယောဘဝတ္ထု။) ယောဘကို ကျွန်ုပ်တို့ ဖော်ပြခဲ့ပြီဖြစ်၍၊ သူ့အကြောင်းကို ဆွေးနွေးကြပါစို့။ ယောဘ၏ခေတ်တွင် ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ခြင်းနှင့် သိမ်းပိုက်ခြင်းအတွက် အလုပ်လုပ်နေခဲ့သလော။ သူ လုပ်မနေခဲ့ပါ။ ထိုသို့မဟုတ်သလော။ ယောဘနှင့်စပ်လျဉ်း၍လည်း ထိုအချိန်တွင် ဘုရားသခင်အကြောင်း သူ၌ အသိပညာမည်မျှ ရှိခဲ့သနည်း။ (များစွာ မရှိခဲ့ပေ။) ထို့ပြင် ထိုဘုရားသခင်အားသိသော အသိနှင့် သင်တို့ ယခုခေတ်တွင် သင်တို့သိသောအသိကို အဘယ်သို့ နှိုင်းယှဉ်ခဲ့သနည်း။ သင်တို့ မဖြေဝံ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ယောဘက ယခု သင်တို့၌ရှိသော အသိထက် များခဲ့သလော သို့မဟုတ် နည်းခဲ့သလော။ (နည်းခဲ့သည်။) ဤအရာမှာ အလွန်ဖြေရလွယ်ကူသော မေးခွန်းတစ်ခုဖြစ်သည်။ နည်းခဲ့သည်။ ၎င်းမှာ အသေအချာပင်။ သင်တို့သည် ယခုအခါ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင် ရှိကြသည်။ သင်တို့သည် ယောဘထက် ဘုရားသခင်ကိုသိသော အသိသည် များစွာပိုသည်။ ဤအရာကို အဘယ်ကြောင့် ငါတင်ပြရသနည်း။ ဤအရာများကို ပြောပြရာ၌ ငါ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့အား အဖြစ်မှန်တစ်ခုကို ငါရှင်းပြလိုသည်၊ သို့သော် ငါမရှင်းပြမီ သင်တို့အား မေးခွန်းတစ်ခုကို မေးလိုသည်- ယောဘသည် ဘုရားသခင်အကြောင်း တကယ့်အနည်းအကျဉ်းသာ သိခဲ့သော်လည်း သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သေးသည်။ ယနေ့ခေတ် လူတို့သည် အဘယ်ကြောင့် ထိုသို့ပြုရန် ပျက်ကွက်ကြသည်မှာ အဘယ့်ကြောင့်နည်း။ (သူတို့သည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြသည်။) အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း- ဤသည်မှာ ပြဿနာကို ဖြစ်ပွားစေသော အပေါ်ယံဖြစ်ရပ် ဖြစ်သည်၊ သို့သော်လည်း ငါသည် ၎င်းကို ထိုနည်းအတိုင်း ဘယ်သောအခါမှ ယူဆမည် မဟုတ်ပေ။ “အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း”၊ “ဘုရားသခင်ကို ပုန်ကန်ခြင်း”၊ “ဘုရားသခင်အပေါ် သစ္စာမဲ့ခြင်း”၊ “နာခံမှုမရှိခြင်း”၊ “သမ္မာတရားကို မနှစ်သက်ခြင်း” စသည် ကဲ့သို့သော ခဏခဏအသုံးပြုသည့် သြဝါဒများနှင့် ဝေါဟာရများကို မကြာခဏမှတ်ယူကာ ဤမှတ်သားရလွယ်သော စကားရပ်များအား အရေးကိစ္စ တစ်ခုချင်းစီ၏ အနှစ်သာရကို ရှင်းပြရန် အသုံးပြုတတ်ကြသည်။ ဤသည်မှာ အားနည်းချက်ရှိသော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတစ်မျိုးဖြစ်သည်။ ကွဲပြားသော သဘောသဘာဝများ၏ အရေးကိစ္စများကို ရှင်းပြရန် တူညီသောအဖြေကို အသုံးပြုခြင်းက သမ္မာတရားနှင့် ဘုရားသခင်အကြောင်း ပြစ်မှားစော်ကားသော သံသယများကို မလွဲမရှောင်သာ ဖြစ်ပေါ်စေသည်။ ဤကဲ့သို့သော အဖြေမျိုး ကြားရသည်ကို ငါမကြိုက်ပေ။ ၎င်းကို လုံးစေ့ပတ်စေ့ ဆင်ခြင်လော့။ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤအကြောင်းအရာကို ဆင်ခြင်ခဲ့ဖူးခြင်း မရှိကြပေ၊ သို့သော်လည်း ၎င်းကို နေ့စဉ် ငါမြင်နိုင်ပြီး နေ့စဉ် ငါခံစားနိုင်သည်။ ထို့ကြောင့် သင်တို့ လုပ်ဆောင်နေကြစဉ် ငါစောင့်ကြည့်နေ၏။ သင်တို့သည် တစ်စုံတစ်ခုကို ပြုလုပ်နေသည့်အချိန်တွင် ၎င်း၏ အနှစ်သာရကို မခံစားနိုင်ကြပေ။ သို့သော် ငါကြည့်သည့်အခါ ၎င်း၏အနှစ်သာရကို ငါမြင်နိုင်ပြီး ၎င်း၏အနှစ်သာရကိုလည်း ငါခံစားနိုင်သည်။ ထိုသို့ဆိုသော် ဤအနှစ်သာရမှာ အဘယ်နည်း။ အဘယ်ကြောင့် ယနေ့ခေတ် လူများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်နိုင်စွမ်း မရှိကြသနည်း။ သင်တို့၏အဖြေများမှာ ဤပြဿနာ၏ အနှစ်သာရကို ရှင်းလင်းနိုင်ရန်အတွက် အလှမ်းဝေးသည့်အပြင် ၎င်းတို့က ထိုအရာကိုလည်း မရှင်းပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်း၌ သင်တို့ သတိမပြုမိသော အရင်းအမြစ်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအရင်းအမြစ်မှာ အဘယ်နည်း။ ထိုအကြောင်းကို သင်တို့ ကြားလိုကြောင်း ငါသိသည်၊ ထို့ကြောင့် ဤပြဿနာ၏ အရင်းအမြစ်အကြောင်းကို သင်တို့အား ငါ ပြောပြမည်။

ဘုရားသခင်သည် အမှုကို စလုပ်ခဲ့ကတည်းက သူသည် လူသားများကို မည်သို့ သဘောထားခဲ့သနည်း။ ဘုရားသခင်သည် သူတို့ကို ကယ်ဆယ်ခဲ့သည်။ သူသည် လူသားတို့ကို သူ၏မိသားစုဝင်များအဖြစ်၊ သူ့အမှု၏ ဦးတည်ရာများအဖြစ်၊ သူ သိမ်းပိုက်လိုခဲ့သောသူများနှင့်၊ သူ စုံလင်စေလိုသောသူများအဖြစ် ရှုမြင်ထားခဲ့သည်။ ဤသည်မှာ သူ့အမှု၏ အစ၌ လူသားတို့အပေါ် ဘုရားသခင်၏သဘောထား ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ထိုအချိန်က ဘုရားသခင်အပေါ် လူသားတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားများအတွက် စိမ်းနေခဲ့ပြီး ဘုရားသခင်ကို သူတို့က သူစိမ်းတစ်ယောက်အဖြစ် သဘောထားခဲ့ကြသည်။ ဘုရားသခင်အပေါ် သူတို့၏သဘောထားမှာ မှန်ကန်သော ရလဒ်များကို မဖြစ်ထွန်းစေခဲ့ဘဲ၊ သူတို့က ဘုရားသခင်ကို မည်ကဲ့သို့ ဆက်ဆံသင့်ကြောင်း ရှင်းလင်းသော နားလည်ခြင်း မရှိခဲ့ကြပါဟု ဆိုနိုင်ပါသည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်ကို သူတို့အလိုရှိသကဲ့သို့ ဆက်ဆံခဲ့ပြီး သူတို့နှစ်သက်သည့် အရာမှန်သမျှကို လုပ်ခဲ့ကြသည်။ သူတို့၌ ဘုရားသခင်အကြောင်း ထင်မြင်ချက်တစ်စုံတစ်ရာ ရှိခဲ့ကြသလော။ အစ၌ သူတို့ မရှိကြပေ။ သူတို့၏ မည်ကာမတ္တ ထင်မြင်ချက်များတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် အချို့သော အယူအဆများနှင့် ခန့်မှန်းစိတ်ကူးများသာ ပါဝင်ခဲ့သည်။ သူတို့သည် သူတို့၏ အယူအဆများနှင့် ကိုက်ညီသည့်အရာကို လက်ခံခဲ့ပြီး၊ တစ်စုံတစ်ရာက သူတို့၏အယူအဆများနှင့် မကိုက်ညီသောအခါ သူတို့က ယင်းကို အပေါ်ယံ၌သာ နာခံခဲ့ကြသော်လည်း စိတ်နှလုံးထဲတွင် ၎င်းကို ပြင်းထန်စွာ ကွဲလွဲသည်ဟု ခံစားပြီး ယင်းကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ အစအဦး၌ ဘုရားနှင့် လူသားများကြားက ဆက်ဆံရေး ဖြစ်ခဲ့သည်- ဘုရားသခင်က သူတို့ကို မိသားစုဝင်များအဖြစ် သဘောထားခဲ့သော်လည်း သူတို့က ဘုရားသခင်ကို သူစိမ်းတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင့်အမှု၏ အချိန်ကာလတစ်ခုနောက်တွင် သူက မည်သည့်အရာကိုရရှိရန် ကြိုးစားနေကြောင်းကို လူသားတို့ နားလည်လာခဲ့ကြပြီး သူသည် စစ်မှန်သော ဘုရားဖြစ်ကြောင်းကို သူတို့ သိခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာကို ရရှိနိုင်ကြောင်းကိုလည်း သူတို့ သိလာခဲ့ကြသည်။ ဤအချိန်၌ လူတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ သဘောထားခဲ့ကြသနည်း။ သူတို့သည် သူ့ကို အသက်သွေးကြောအဖြစ် ရှုမြင်ခဲ့ကြပြီး သူ၏ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့်၊ ကတိတော်များကို ပေးအပ်ခြင်းခံရရန် မျှော်လင့် ခဲ့ကြသည်။ ဤအချိန်တွင် ဘုရားသခင်သည် လူသားတို့အား မည်ကဲ့သို့ သဘောထားခဲ့သနည်း။ သူသည် လူတို့အား သူ့သိမ်းပိုက်ခြင်း၏ ပစ်မှတ်များအဖြစ် ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို တရားစီရင်ရန်၊ သူတို့ကို စစ်ဆေးရန်နှင့်၊ သူတို့အား စမ်းသပ်မှုများကြား၌ ထားရှိရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုလိုခဲ့သည်။ သို့သော်လည်း ထိုအချိန်၌ လူတို့အနေဖြင့် ဘုရားသခင်သည် သူတို့ကိုယ်တိုင်၏ ရည်မှန်းချက်ပန်းတိုင်များ ရရှိရန် သူတို့အသုံးပြုနိုင်သော အရာဝတ္ထုတစ်ခုမျှ ဖြစ်ခဲ့သည်။ ဘုရားသခင် ထုတ်ပြန်သော သမ္မာတရားသည် ၎င်းတို့အား သိမ်းပိုက်ပြီး ကယ်တင် နိုင်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ၎င်းတို့အလိုရှိသော အရာတို့ကို ရရန်သော်လည်းကောင်း၊ ၎င်းတို့အလိုရှိသော ခရီးဆုံးပန်းတိုင်သို့ ရောက်ရန်သော်လည်းကောင်း ၎င်းတို့၌ အခွင့်အရေး တစ်ခုရှိကြောင်း မြင်ခဲ့ကြသည်။ ဤအရာကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုးသားမှု အစအနလေး ဖြစ်တည်လာခဲ့ပြီး ၎င်းတို့သည် ဤဘုရားသခင် နောက်သို့လိုက်ရန် အလိုရှိလာခဲ့ကြသည်။ အချိန်ကျော်လွန်ခဲ့သည်နှင့်အမျှ လူတို့၌ ဘုရားသခင် အကြောင်း အပေါ်ယံနှင့် သြဝါဒဆိုင်ရာ သိနားလည်မှု ရှိလာခဲ့ခြင်းကြောင့် လူသားတို့သည် ဘုရားသခင်နှင့် သူပြောဆိုသော နှုတ်ကပတ်တော်များ၊ သူ၏ ဟောပြောချက်၊ သူထုတ်ပြန်လိုက်သော သမ္မာတရားများနှင့် သူ၏အမှုတို့နှင့် စတင် “ရင်းနှီးကျွမ်းဝင်” လာသည်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့မှာ ဘုရားသခင်သည် မစိမ်းတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လာမည့် လမ်းကြောင်း၌ လျှောက်လှမ်းနှင့်ပြီးပြီဖြစ်ကြောင်း မှားယွင်းသော အယူအဆအောက်တွင် ရှိခဲ့ကြသည်။ ယခုတွင်မူ လူတို့သည် သမ္မာတရားနှင့်စပ်လျဉ်း၍ တရားဟောချက်များစွာကို နားထောင်ခဲ့ကြပြီး ဘုရားသခင်၏ များစွာသောအမှုတို့ကို တွေ့ကြုံခဲ့ဖူးကြပြီ ဖြစ်သည်။ သို့သော်လည်း အမျိုးမျိုးသော အကြောင်းရင်းများနှင့် အခြေအနေများက ဖြစ်ပေါ်စေသော နှောင့်ယှက်မှုနှင့် တားဆီးပိတ်ဆို့မှုတို့ကြောင့် လူအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ ရှေ့မဆက်နိုင်ကြသလို ဘုရားသခင်ကိုလည်း မကျေနပ်စေနိုင်ကြချေ။ လူတို့သည် ပို၍ပို၍ လျော့ရဲလာကြပြီး ယုံကြည်စိတ်ချမှုအပိုင်း၌ ပို၍ပို၍ ချို့တဲ့လာကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အဆုံးသတ်ရလဒ်ကို မသိရပါဟု ပို၍ပို၍ ခံစားလာကြရသည်။ ၎င်းတို့သည် လွန်ကဲသောအကြံအစည် တစ်စုံတစ်ရာမျှ မရှိဝံ့ကြဘဲ တိုးတက်မှုပြုလုပ်ရန်အတွက် မကြိုးပမ်းကြတော့ပေ၊ ၎င်းတို့သည် အင်တင်တင်ဖြင့်သာ လိုက်ပါကြပြီး ရှေ့သို့ တစ်လှမ်းချင်း သွားနေကြသည်။ လူသားတို့၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားများကို ပေးရန်နှင့် သူ၏ လမ်းခရီးကို လူတို့အထဲ၌ ပြည့်ဝစေပြီး သူတို့ကို မတူညီသော ပုံစံများဖြင့် စစ်ဆေးရန်အတွက် အမျိုးမျိုးသော အခြေအနေများကို စီစဉ်ရန်သာ အလိုရှိသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤနှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများနှင့် သူ၏ အမှုတို့ကိုယူကာ လူသားများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်စွမ်းရှိလာမည့် အဆုံးသတ်ရလဒ်တစ်ခုကို ဖြစ်ပေါ်စေရန် ဖြစ်သည်။ ငါမြင်ဖူးသော လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ သြဝါဒများ၊ စာရွက်ပေါ်က ကျမ်းဟောင်းတရားသက်သက်၊ လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာလျှင် သဘောထားကြသည်။ သူတို့၏ လုပ်ဆောင်ချက်များနှင့် စကားပြောဆိုပုံတို့တွင်၊ သို့မဟုတ် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ သူတို့သည် ဘုရားသခင်၏ လမ်းခရီးကို သူတို့ လိုက်နာသင့်သော လမ်းခရီးအဖြစ် သဘောမထားကြချေ။ ဤသည်မှာ လူတို့သည် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် မှန်ပေသည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့် ဦးတည်ရာဘက်၌ လက်တွေ့လုပ်ဆောင်နေသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငါမမြင်ဖူးပေ။ ဤအရာကြောင့် လူသားများ အပေါ် ဘုရားသခင်၏ သဘောထားမှာ အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် မနှစ်သက်ခြင်းတို့ဖြင့် ပြည့်လျက်ရှိပေသည်။ ဘုရားသခင်သည် လူတို့အား စမ်းသပ်မှုများကို အကြိမ်ရာပေါင်းများစွာပင် အဖန်ဖန် ပေးခဲ့ပြီးသော်လည်း ၎င်းတို့က “ငါသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုပါသည်” ဟူသည့် စိတ်ပိုင်းဖြတ်ချက်ကို လက်တွေ့ပြသည့် ရှင်းလင်းသော မည်သည့်သဘောထားကိုမျှ မရှိကြသေးပေ။ လူတို့၌ ဤစိတ်ပိုင်းဖြတ်ချက် မရှိကြဘဲ ဤကဲ့သို့ ပြသခြင်းမျိုး မရှိကြသည့်အတွက် ၎င်းတို့အပေါ် ဘုရားသခင်၏ လက်ရှိသဘောထားသည် အတိတ်ကကဲ့သို့ သူတို့အား သူ၏ သနားခြင်းကရုဏာ၊ သည်းခံခြင်း၊ သဘောထားကြီးခြင်းနှင့် စိတ်ရှည်ခြင်းကို တိုးပေးခဲ့သည့်အချိန်နှင့် မတူညီတော့ပေ။ ထိုအစား သူသည် လူသားတို့အပေါ် အလွန်အမင်း စိတ်ပျက်လာသည်။ မည်သူက ဤစိတ်ပျက်ခြင်းကို ဖြစ်စေခဲ့သနည်း။ လူသားတို့အပေါ်ရှိသော ဘုရားသခင်၏ သဘောထားမှာ မည်သူ့အပေါ် မူတည်သနည်း။ ၎င်းမှာ ဘုရားသခင်နောက်လိုက်သောသူ အယောက်တိုင်းအပေါ် မူတည်သည်။ သူ၏ နှစ်ပေါင်းများစွာ အလုပ်လုပ်နေသည့် ကာလအတွင်း ဘုရားသခင်သည် လူတို့အား တောင်းဆိုချက်များစွာ ပြုခဲ့ပြီး သူတို့အတွက် အခြေအနေများစွာကို စီစဉ်ခဲ့သည်။ သို့သော်လည်း သူတို့သည် မည်သို့ပင် လုပ်ဆောင်ထားပြီးစေကာမူ၊ ဘုရားသခင်အပေါ် သူတို့၏ သဘောထားမှာ မည်သို့ပင်ဖြစ်ပါစေ၊ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ ရည်မှန်းချက်ပန်းတိုင် နှင့် လုံးဝအညီ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက် ခဲ့ကြသည်။ ထို့ကြောင့် ငါသည် အနှစ်ချုပ်စကားရပ်တစ်ခုကို ပေးပြီး လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ မလျှောက်လှမ်းနိုင်ခြင်းနှင့် ပတ်သက်၍ ငါတို့ ယခုတင်ပြောခဲ့သည့် အရာမှန်သမျှကို ရှင်းပြရန် ဤဆိုရိုးစကားကို ငါအသုံးပြုမည်။ ဤစကားရပ်မှာ အဘယ်နည်း။ ယင်းမှာ- ဘုရားသခင်သည် လူသားများကို သူ့ကယ်တင်ခြင်း၏ ဦးတည်ရာများနှင့် သူ့အမှု၏ ဦးတည်ရာများအဖြစ် သဘောထားပြီး၊ လူသားများက ဘုရားသခင်ကို သူတို့၏ရန်သူ၊ သူတို့၏ ပကတိဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည် ဟူ၍ဖြစ်သည်။ ဤအကြောင်းအရာအပေါ် ရှင်းလင်းသောနားလည်မှု သင် ယခုရှိပြီလော။ လူသားတို့၏ သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်းနှင့်၊ လူသားများနှင့် ဘုရားသခင်အကြား ဆက်ဆံရေးမှာ မည်သို့ဖြစ်ကြောင်း ၎င်းတို့ အားလုံးမှာ အလွန်ပင် ရှင်းလင်းပေသည်။ သင်တို့သည် တရားဟောချက် မည်မျှကို နားထောင်ခဲ့စေကာမူ ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်လာမည့်လမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်အတွက် ရာသက်ပန် အသုံးတော်ခံလိုခြင်းနှင့်၊ ဘုရားသခင်အတွက် အသက်ရှင်လိုခြင်းကဲ့သို့သော သင်တို့ကိုယ်တိုင်၏ ကောက်ချက်ဆွဲခြင်းများ၊ ငါ့အတွက်မူကား ထိုအရာများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ သတိရှိစွာ လျှောက်လှမ်းခြင်း၏ ပြယုဂ်များ မဟုတ်ပေ။ ထို့ထက် ၎င်းတို့မှာ သေချာသော ရည်မှန်းချက်ပန်းတိုင်များကို သင်တို့ ရနိုင်သော လမ်းကြောင်းများသာလျှင် ဖြစ်သည်။ ဤရည်မှန်းချက်ပန်းတိုင်များကို ရယူရန် သင်တို့သည် အချို့သော စည်းမျဉ်းများကို ဝန်လေးစွာဖြင့် လိုက်နာကြသည်။ ထို့အပြင် လူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ လမ်းခရီးမှ ပို၍ပင် အဝေးသို့ ခေါ်ဆောင်သွားပြီး ဘုရားသခင်အား လူတို့နှင့် ဆန့်ကျင်ဘက်အဖြစ် နောက်ထပ်တစ်ကြိမ် ရောက်ရှိစေသည်မှာ ဤစည်းမျဉ်းများပင် အတိအကျဖြစ်သည်။

ယနေ့ ခေါင်းစဉ်မှာ အနည်းငယ် ခက်ခဲနက်နဲပါသည်၊ သို့သော် မည်သို့ပင်ဖြစ်စေ၊ သင်တို့သည် ရောက်လာမည့် အတွေ့အကြုံများနှင့် ကျရောက်လာမည့် အချိန်များကို ကျော်ဖြတ်သည့်အခါ သင်တို့အား ငါ ယခုလေးတင် ပြောခဲ့သောအရာများကို သင်တို့လုပ်နိုင်ကြမည်ဟု ငါ မျှော်လင့်နေဆဲဖြစ်သည်။ ဘုရားသခင်ကို ဘာမျှမရှိသော လေထုကြီးကဲ့သို့၊ သင့်အတွက် အသုံးဝင်သည့်အခါ၌ သူတည်ရှိသော်လည်း အသုံးမဝင်သည့် အခါ၌ သူမတည်ရှိသကဲ့သို့ သဘောမထားကြနှင့်။ သင်သည် ဤကဲ့သို့သော အတွေးမျိုး သင်၏မသိစိတ်ထဲတွင် ရှိသည့်အခါ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေပြီ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ဘာမျှမရှိသော လေသက်သက်အဖြစ် သဘောမထားပါ။ ဘုရားသခင်ထံ ကျွန်ုပ် အမြဲဆုတောင်းပြီး ဘုရားသခင်ကို ကျေနပ်စေရန် ကျွန်ုပ် အမြဲကြိုးစားသည့်အပြင် ကျွန်ုပ်ပြုသမျှမှာ ဘုရားသခင်တောင်းဆိုသော နယ်ပယ်၊ စံနှုန်းနှင့် နိယာမများအတွင်း၌ ရှိပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမပြုပါ” ဟု ဆိုသောလူများ ရှိကောင်းရှိနိုင်ပါသည်။ ဟုတ်ပါသည်၊ သင်လက်တွေ့လုပ်ဆောင်နေသော ပုံစံမှာ မှန်ကန်ပါသည်။ သို့သော်လည်း ပြဿနာတစ်ခုကို မျက်နှာချင်းဆိုင် သင်ရင်ဆိုင်ရသည့်အခါ သင် မည်ကဲ့သို့ စဉ်းစားသနည်း။ ကိစ္စရပ်တစ်ခုကို သင်ရင်ဆိုင်ရသည့်အခါ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သနည်း။ လူအချို့က ၎င်းတို့ ဘုရားသခင်ထံ ဆုတောင်းသည့်အခါနှင့် ဘုရားသခင်ထံ အသနားခံသည့်အခါ ဘုရားသခင် တည်ရှိကြောင်း ခံစားကြသော်လည်း ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါတိုင်း ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် စိတ်ကူးများ ရလာပြီး ယင်းတို့ကို လိုက်နာလိုကြသည်။ ဤသည်မှာ သူတို့က ဘုရားသခင်အား ဘာမျှမရှိသော လေထုကြီးကဲ့သို့ သဘောထားသည်ဟု ဆိုလိုခြင်းဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးက ၎င်းတို့၏ စိတ်ထဲ၌ ဘုရားသခင်ကို မတည်ရှိသောသူ ဖြစ်စေသည်။ လူတို့က ဘုရားသခင်သည် ၎င်းတို့ သူ့ကို လိုအပ်သည့်အချိန်၌ ရှိသင့်ပြီး ၎င်းတို့ သူ့ကို မလိုအပ်သည့်အခါ မရှိသင့်ဟု တွေးတတ်ကြသည်။ လူတို့က ၎င်းတို့၏ကိုယ်ပိုင် စိတ်ကူးများအပေါ် အခြေခံ၍ လက်တွေ့လုပ်ဆောင်ခြင်းမှာ လုံလောက်သည်ဟု ထင်ကြသည်။ ၎င်းတို့က မိမိနှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်နိုင်သည်ဟု ထင်တတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို ရှာဖွေရန် လိုအပ်သည်ဟု တကယ့်ကို မတွေးကြပေ။ ဤကဲ့သို့သော အနေအထားမျိုး၌ လောလောဆယ် ရှိနေပြီး ဤကဲ့သို့သော အခြေအနေမျိုး၌ နစ်နေသော လူများအနေဖြင့် သူတို့သည် အန္တရာယ်ကို ဖိတ်ခေါ်နေကြသည် မဟုတ်လော။ လူအချို့က “ကျွန်ုပ်သည် အန္တရာယ်ကို ဖိတ်ခေါ်နေသည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပစ်ရက်မည် မဟုတ်သောကြောင့် ကျွန်ုပ်အား စွန့်ပစ်လိမ့်မည် မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်” ဟု ဆိုကြသည်။ အခြားလူတို့က “ကျွန်ုပ်သည် မိခင်၏ဝမ်းထဲ၌ ရှိနေခဲ့သည့် အချိန်မှစ၍ သခင့်ကို ယုံကြည်ခဲ့ပြီ။ နှစ်ပေါင်းလေးဆယ် သို့မဟုတ် ငါးဆယ် ရှိပြီဖြစ်သဖြင့် အချိန်အားဖြင့်ဆိုလျှင် ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရရန် အရည်အချင်း အပြည့်မီဆုံးဖြစ်ပြီး ကျွန်ုပ်သည် အောင်မြင်ကျော်လွှားရန် အရည်အချင်း အပြည့်မီဆုံးဖြစ်သည်။ ဤဆယ်စုနှစ် လေးစု သို့မဟုတ် ငါးစုအတွင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိသားစုနှင့် ကျွန်ုပ်၏အလုပ်ကို ပစ်ထားခဲ့သည်။ ငွေကြေး၊ ရာထူးဂုဏ်ပုဒ်၊ ပျော်ရွှင်မှုနှင့် မိသားစုအချိန် ကဲ့သို့သော ကျွန်ုပ်၌ရှိသမျှ အရာများအားလုံးကို စွန့်လွှတ်ခဲ့သည်။ အရသာရှိသည့် အစားအစာများစွာ ကျွန်ုပ်မစားဖူးခဲ့၊ ပျော်ရွှင်စရာများစွာ ကျွန်ုပ်မပျော်မွေ့ဖူးခဲ့ပါ၊ စိတ်ဝင်စားဖွယ်ကောင်းသော နေရာများစွာ ကျွန်ုပ် မလည်ပတ်ခဲ့ဖူးပါ၊ ထို့ပြင် ကျွန်ုပ်သည် သာမန်လူတို့ မခံနိုင်သော ဒုက္ခဆင်းရဲကိုပင် ကြုံတွေ့ခံစားခဲ့ဖူးသည်။ အကယ်၍ ဘုရားသခင်သည် ဤအရာအားလုံးအတွက်ကြောင့် ကျွန်ုပ်အား မကယ်တင်နိုင်ပါက ကျွန်ုပ်သည် မျှတမှုမရှိဘဲ ဆက်ဆံခံနေရပြီဖြစ်ပြီး ဤကဲ့သို့သော ဘုရားသခင်မျိုးကို ကျွန်ုပ် မယုံကြည်နိုင်ပါ” ဟု ဆိုကြသည်။ ဤကဲ့သို့သော အမြင်မျိုးရှိသည့် လူတို့ များစွာရှိသလော။ (များစွာရှိပါသည်။) ထိုသို့ဆိုသော် ယနေ့ သင်တို့အား အဖြစ်မှန်တစ်ခုကို နားလည်စေဖို့ ငါကူညီမည်- ဤကဲ့သို့သော အမြင်မျိုးနှင့် လူတို့အားလုံးမှာ မိမိကိုယ်ကိုယ် အခက်တွေ့အောင် လုပ်နေကြခြင်းပင် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် စိတ်ကူးများဖြင့် မိမိတို့၏မျက်လုံးများကို ဖုံးကွယ် နေကြသောကြောင့် ဖြစ်သည်။ လူသားများ ဖြည့်ဆည်းရန် ဘုရားသခင်တောင်းဆိုသော စံနှုန်းကို အစားထိုးပြီး ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်များကို လက်ခံခြင်းမှ ၎င်းတို့အား ပြန်ဆွဲထားသည်မှာ ဤစိတ်ကူးယဉ်များရော သူတို့၏ကိုယ်ပိုင် ကောက်ချက်များပါ ဧကန်ဖြစ်သည်။ ယင်းက သူ့တို့အား ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို မခံစားရနိုင်စေရန် ပြုလုပ်ပြီး ယင်းက သူတို့အား ဘုရားသခင်၏ ကတိတော်ထဲတွင်ရှိသော အစိတ်အပိုင်း သို့မဟုတ် ဝေစုဟူသမျှကို ပစ်ပယ်ကာ ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးစေပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။