ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

အပိုင်း သုံး

လူတို့၏ အဆုံးသတ်ရလဒ်များကို ဘုရားသခင် သတ်မှတ်ပုံနှင့် ထိုသို့ပြုရာ၌ သူအသုံးပြုသော စံနှုန်းများ

သင်သည် မည်သည့်အမြင် သို့မဟုတ် ကောက်ချက် တစ်စုံတစ်ရာကို မရွေးချယ်မီ သင်သည် သင့်အပေါ်၌ ရှိသော ဘုရားသခင်၏ သဘောထားနှင့် စဉ်းစားနေသည့်အရာကို ဦးစွာ နားလည်သင့်ပြီး၊ ထို့နောက် သင်၏ကိုယ်ပိုင် အတွေးအခေါ် မှန်သည်မမှန်သည်ကို ဆုံးဖြတ်နိုင်သည်။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ရန်အတွက် အချိန်ကို အတိုင်းအတာယူနစ်အဖြစ် မည်သည့်အခါမျှ အသုံးပြုခြင်း မရှိခဲ့ဖူးသကဲ့သို့ သူသည် လူတစ်ဦးက မည်မျှ ဒုက္ခခံစားခဲ့ရသည် ဟူသည့် စိစစ်သတ်မှတ်ခြင်းမျိုး အပေါ်၌လည်း မည်သည့်အခါမျှ အခြေမခံခဲ့ဖူးပါပေ။ ထိုသို့ဆိုသော် လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ရန် စံနှုန်းတစ်ခုအဖြစ် မည်သည့်အရာကို ဘုရားသခင် အသုံးပြုသနည်း။ အချိန်ကိုအခြေခံ၍ သတ်မှတ်ခြင်းမှာ လူတို့၏ အယူအဆများနှင့် အကိုက်ညီဆုံးသော အရာပင်ဖြစ်မည်။ ထို့အပြင် သင်တို့ မကြာခဏတွေ့မြင်ရသည့် တစ်ချိန်တစ်ခါက များစွာဆက်ကပ်ခဲ့သော၊ အသုံးတော်ခံခဲ့သော၊ အဖိုးအခကြီးစွာ ပေးခဲ့သော၊ ကြီးမားစွာ ဒုက္ခဆင်းရဲခံခဲ့သောသူများ ရှိသည်။ သင်တို့၏အမြင်တွင် ထိုသူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သောသူများ ဖြစ်ကြသည်။ ဤလူများ ပြသပြီး အသက်ရှင်နေထိုင်ခဲ့သည့်အရာ မှန်သမျှသည် လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ရန်အတွက် ဘုရားသခင်ချမှတ်ထားသော စံနှုန်းများနှင့်ပတ်သက်၍ လူသားတို့၏ အယူအဆများနှင့် အတိအကျ ကိုက်ညီပေသည်။ သင်တို့ မည်သည့်အရာကို ယုံကြည်သည်ဖြစ်စေ၊ ငါသည် ဤဥပမာများကို တစ်ခုပြီးတစ်ခု စာရင်းမှတ်မည်မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုရလျှင် ဘုရားသခင်ကိုယ်တိုင်၏ အယူအဆ၌ရှိသော စံနှုန်းမဟုတ်သည့်အရာ မှန်သမျှသည် လူ၏ စိတ်အထင်မှ လာခြင်းသာဖြစ်ပြီး ထိုကဲ့သို့သော အရာအားလုံးမှာ လူ၏ အယူအဆများပင် ဖြစ်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ နှင့် စိတ်ကူးများအပေါ် ကျိုးကြောင်းမမြင်ဘဲ အခိုင်အမာပြောနေလျှင် ရလဒ်က အဘယ်အရာဖြစ်မည်နည်း။ ဤအရာ၏ အကျိုးဆက်မှာ ဘုရားသခင် သင့်အား ပစ်ပယ်ခြင်းသာလျှင် ဖြစ်နိုင်သည်မှာ အတော်ပင် သိသာပါသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အရည်အချင်းများကို ဘုရားသခင်ရှေ့၌ အမြဲကြွားလုံးထုတ်ကာ သူနှင့် ယှဉ်ပြိုင်ပြီး သူနှင့် အငြင်းပွားသောကြောင့် ဖြစ်ပြီး၊ သင်တို့သည် သူ၏ တွေးခေါ်ခြင်းကို အမှန်တကယ် နားလည်သဘောပေါက်ရန် မကြိုးစားသည့်အပြင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတော်နှင့် သူ၏သဘောထားကို နားလည်သဘောပေါက်ရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ဤပုံစံအတိုင်း ရှေ့ဆက်ခြင်းက သင့်ကိုယ်သင် အရာခပ်သိမ်းအထက်၌ ချီးမြှောက်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကြီးမြတ်စေခြင်း မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် ယုံကြည်ပြီး၊ ဘုရားသခင်ကို မယုံကြည်ပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို အလိုမရှိသည့်အပြင် သူသည် သူတို့အတွက် ကယ်တင်ခြင်းကိုလည်း ယူဆောင်လာမည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအမြင်မျိုးကို လက်လွှတ်နိုင်သည်သာမက အတိတ်က သင်ရှိခဲ့သည့် မှားယွင်းသော ထိုအမြင်များကို ပြုပြင်နိုင်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ရှေ့ဆက်နိုင်ပါက၊ ယခုအချိန်မှစ၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုအား ရှောင်ခြင်းလမ်းခရီးကို လက်တွေ့လုပ်ဆောင် နိုင်ပါက၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြီးမြတ်သောအရှင်အဖြစ် ချီးမြှောက်လာနိုင်ပြီး မိမိကိုယ်ကိုယ်နှင့် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် သင်ကိုယ်တိုင်၏ တစ်ကိုယ်ရေစိတ်ကူးများ၊ သဘောထားများ၊ သို့မဟုတ် ယုံကြည်ချက်များကို အသုံးပြုခြင်းမှ ရှောင်ကျဉ်နိုင်ပါက၊ ထို့ပြင် ယင်းအစား သင်သည် ကဏ္ဍတိုင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ခြင်း၊ လူသားတို့အပေါ် ဘုရားသခင်၏ သဘောထားအား သဘောပေါက်ခြင်းနှင့် သိနားလည်ခြင်းကို ရရှိလာခြင်းနှင့် သူ၏စံနှုန်းများကို ဖြည့်ဆည်းပေးခြင်း အားဖြင့် သူ့ကို ကျေနပ်စေခြင်းတို့ ရှိမည်ဆိုပါက ၎င်းမှာ ချီးကျူးလောက်စရာ ဖြစ်ပေမည်။ ယင်းက သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးပေါ်၌ စတင်လုနီးပါးဖြစ်ကြောင်း ညွှန်ပြလိမ့်မည်။

ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ရလဒ်များကို သတ်မှတ်ပေးမည့် စံနှုန်းများအဖြစ် သူတို့၏ အမျိုးမျိုးသော စိတ်ကူးများ၊ ထင်မြင်ချက်များနှင့် သဘောထားများကို အသုံးမပြုပါက လူတို့၏ အဆုံးသတ်ရလဒ်များကို သတ်မှတ်ရန်အတွက် မည်သည့် စံနှုန်းမျိုးကို သူအသုံးပြုသနည်း။ ဘုရားသခင်သည် သူတို့၏ အဆုံးသတ်ရလဒ်များကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုပါသည်။ လူတို့၏ အဆုံးသတ်ရလဒ်များကို သတ်မှတ်ရန် စမ်းသပ်မှုများကို ဘုရားသခင် အသုံးပြုခြင်းအတွက် စံနှုန်းနှစ်ခု ရှိလေသည်- ပထမမှာ လူတို့ ကြုံတွေ့ရသော စမ်းသပ်မှုအရေအတွက်ဖြစ်ပြီး ဒုတိယမှာ ဤစမ်းသပ်မှုများက လူတို့အပေါ်တွင် ရရှိသော ရလဒ်များပင် ဖြစ်သည်။ လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ပေးသောအရာမှာ ဤအညွှန်းနှစ်ခုပင် ဖြစ်သည်။ ယခု ငါတို့ ဤစံနှုန်းနှစ်ခုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းကြမည်။

ဦးစွာ လူတစ်ဦးသည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရပါက (မှတ်သားရန်- ဤစမ်းသပ်မှုသည် သင်၏အမြင်တွင် ဖော်ပြရန် မထိုက်တန်သည့်၊ သေးငယ်သော စမ်းသပ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်)၊ ဤသည်မှာ သင့်အပေါ် သူ၏ပြုလုပ်ချက်ဖြစ်ကြောင်းနှင့် ဤအခြေအနေကို သင့်အတွက် စီစဉ်ခဲ့သူမှာ သူဖြစ်ကြောင်းကို ဘုရားသခင်သည် သင့်အား ထင်ရှားစွာ သတိပြုမိစေမည်။ သင်သည် ဝိညာဉ်အသက်တာ မရင့်ကျက်သေးသည့်အခါ ဘုရားသခင်သည် သင့်ကို စစ်ဆေးရန်အလို့ငှာ စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး ဤစမ်းသပ်မှုများမှာ သင်၏ ဝိညာဉ်အသက်တာ၊ သင်တို့ သဘောပေါက်နိုင်သည့်အရာနှင့် သင်တို့ ကြံ့ကြံ့ခံနိုင်သော အရာတို့နှင့် ညီမျှပါလိမ့်မည်။ သင်၏ မည်သည့်အပိုင်းက စစ်ဆေးခြင်း ခံရမည်နည်း။ ဘုရားသခင်အပေါ် သင်၏ သဘောထားပင်။ ဤသဘောထားမှာ အလွန် အရေးကြီးသလော။ အမှန်တကယ် အရေးကြီးပါသည်။ ၎င်းမှာ အထူးအရေးကြီးသည့် အရာဖြစ်သည်။ လူသားတို့၌ရှိသော ဤသဘောထားမှာ ဘုရားသခင် အလိုရှိသော ရလဒ်ပင်ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ကား ၎င်းမှာ အားလုံးထက် အရေးကြီးဆုံးသောအရာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဘုရားသခင်သည် ထိုသို့သောအလုပ်ကို ဝင်ရောက်လုပ်ဆောင်ခြင်းအားဖြင့် လူတို့အပေါ်တွင် သူ၏ကြိုးပမ်းမှုများကို အသုံးပြုခဲ့လိမ့်မည် မဟုတ်ပေ။ ဤစမ်းသပ်မှုများအားဖြင့် ဘုရားသခင်သည် သူ့အပေါ် သင်၏ သဘောထားကို မြင်လိုသည်။ သင်သည် မှန်သောလမ်းကြောင်းပေါ်၌ ရှိမရှိကို သူမြင်လိုသည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိကိုလည်း သူမြင်လိုသည်။ ထို့ကြောင့် သင်သည် သီးသန့်အချိန်တစ်ခုခု၌ သမ္မာတရားကို များစွာ သို့မဟုတ် အနည်းငယ် နားလည်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်ပြီး သင်နားလည်သော သမ္မာတရားအတိုင်းအတာ တိုးပွားလာပြီးနောက်တွင် သင့်အတွက် ဆီလျော်သော စမ်းသပ်မှုများကို သူ ဆက်လက်စီစဉ်လိမ့်မည် ဖြစ်သည်။ သင်သည် စမ်းသပ်မှုတစ်ခုကို နောက်ထပ်တစ်ကြိမ် ရင်ဆိုင်ရသည့်အခါ သူ့အပေါ်ထားသော သင်၏ရှုထောင့်၊ အတွေးအခေါ်များနှင့် သဘောထားတို့သည် ထိုကြားကာလအချိန်အတွင်း တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိကို ဘုရားသခင်မြင်လိုသည်။ လူအချို့က “ဘုရားသခင်က အဘယ်ကြောင့် လူတို့၏ သဘောထားများကို အမြဲမြင်လိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ကြောင်းကို ဘုရားသခင် မမြင်သေးသလော။ လူတို့၏ သဘောထားများကို အဘယ်ကြောင့် သူမြင်လိုရသေးသနည်း” ဟု တွေးတတ်ကြသည်။ ဤသည်မှာ ထင်ရာမြင်ရာပြောသော ပေါက်ကရစကား ပါတကား။ ဘုရားသခင်သည် ဤပုံစံအတိုင်း အမှုပြုသည်ကို ထောက်ဆလျှင် သူ၏ အလိုတော်မှာ ယင်း၌ရှိရမည်။ ဘုရားသခင်သည် ဘေးမှနေ၍ လူတို့ကို အမြဲတမ်း လေ့လာနေကာ၊ သူတို့၏ စကားလုံးနှင့် လုပ်ဆောင်မှုတိုင်း၊ သူတို့၏ ဆောင်ရွက်ချက်နှင့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူသည် ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းကိုပင် စောင့်ကြည့်သည်။ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ အမှားများ၊ ၎င်းတို့၏ ကျူးလွန်ပြစ်မှားမှုများ၊ ၎င်းတို့၏ ပုန်ကန်မှုများနှင့် သစ္စာဖောက်မှုများစသည့် လူတို့၌ ဖြစ်ပျက်သမျှကိုပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်ရလဒ်များကို သတ်မှတ်ရာ၌ အထောက်အထားအဖြစ် မှတ်သားထားသည်။ ဘုရားသခင်၏ အမှုသည် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်လာသည်နှင့်အမျှ သင်သည် နောက်ထပ်သမ္မာတရားများကို ကြားရပြီး အပြုသဘောဆောင်သော အရာများနှင့် အချက်အလက်တို့ကို နောက်ထပ် လက်ခံလာမည် ဖြစ်သည့်အပြင် သင်သည် သမ္မာတရား၏ စစ်မှန်မှုကို နောက်ထပ်ရရှိလိမ့်မည် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ မှာလည်း တိုးပွားလာမည် ဖြစ်ကာ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်သည် သင့်အတွက် ပို၍ပြင်းထန်သော စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်။ သူ၏ရည်မှန်းချက်မှာ ဘုရားသခင် အပေါ်၌ရှိသော သင်၏ သဘောထားသည် ထိုအချိန်အတောအတွင်း ရင့်ကျက်လာခြင်း ရှိမရှိကို ဆန်းစစ်ရန် ဖြစ်သည်။ ဤသို့ဖြစ်သောအခါ သင့်အား ဘုရားသခင်တောင်းဆိုသော အမြင်သဘောထားက သမ္မာတရား၏ စစ်မှန်မှုအပေါ် သင်၏နားလည်မှုနှင့် ကိုက်ညီမည်မှာ အမှန်ပင် ဖြစ်သည်။

သင်၏ ဝိညာဉ်အသက်တာ တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ သင့်အား ဘုရားသခင်တောင်းဆိုသော စံနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်သည်။ သင် မရင့်ကျက်သေးသည့်အခါ ဘုရားသခင်သည် သင်ဖြည့်ဆည်းဖို့ အလွန်နိမ့်သော စံနှုန်းတစ်ခုကို ချမှတ်ပေးမည် ဖြစ်သည်၊ သင်၏ ဝိညာဉ်အသက်တာ အနည်းငယ်ကြီးမားသည့်အခါ သူသည် သင့်စံနှုန်းကို အနည်းငယ်ပိုမြှင့်ပေးမည် ဖြစ်သည်။ သို့သော်လည်း သင်သည် သမ္မာတရားအားလုံးကို နားလည်ခြင်း ရရှိပြီးနောက်တွင် ဘုရားသခင်သည် မည်ကဲ့သို့ ပြုလိမ့်မည်နည်း။ သူသည် သင့်အား ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်စေမည် ဖြစ်သည်။ ဤစမ်းသပ်မှုများအကြားတွင် ဘုရားသခင် သင့်အား ရရှိစေလိုသောအရာ၊ ဘုရားသခင် သင့်ထံမှ မြင်တွေ့လိုသောအရာမှာ ဘုရားသခင်အပေါ် ပို၍နက်ရှိုင်းသော သိနားလည်ခြင်းနှင့် သူ့အပေါ် သင်၏ စစ်မှန်သော ကြောက်ရွံ့မှု ဖြစ်သည်။ ဤအချိန်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ သင်၏ ဝိညာဉ်အသက်တာ မရင့်ကျက်ခဲ့သေးသည့် ယခင်ကထက် ပို၍မြင့်လာပြီး “ပို၍ပြင်းထန်” လာလိမ့်မည် ဖြစ်သည် (မှတ်ချက်- လူတို့က ၎င်းကို ပြင်းထန်သည်ဟု မြင်သော်လည်း၊ ဘုရားသခင်က ၎င်းမှာ အသင့်အတင့် ဖြစ်သည်ဟု မြင်သည်။) ဘုရားသခင်သည် လူတို့အား စမ်းသပ်နေသည့်အခါ မည်ကဲ့သို့သော စစ်မှန်မှုမျိုးကို သူဖန်တီးလိုခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူတို့အား မိမိတို့၏ စိတ်နှလုံးကိုပေးရန် အဆက်မပြတ် တောင်းနေသည်။ လူအချို့က “၎င်းကို ကျွန်ုပ် မည်ကဲ့သို့ပေးရမည်နည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီ။ နေအိမ်နှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီး ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အသုံးတော်ခံခဲ့သည်။ ဤအရာများအားလုံးမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးခြင်း၏ သာဓကများပင် ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အား နောက်ထပ်မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤအရာများမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးသော နည်းလမ်းများ အမှန်တကယ် မဟုတ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ဘုရားသခင်၏ တောင်းဆိုချက် အတိအကျမှာ အဘယ်နည်း။” ဟု ဆိုတတ်ကြသည်။ သတ်မှတ်ချက်မှာ အလွန် လွယ်ကူရိုးရှင်းလှသည်။ အမှန်အားဖြင့် လူအချို့တို့သည် ၎င်းတို့၏ အမျိုးမျိုးသော စမ်းသပ်မှုများ အဆင့်ဆင့်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ခြားနားသော အတိုင်းအတာဖြင့် ဘုရားသခင်အား ပေးနှင့်ပြီးသောသူများ ဖြစ်သည်။ သို့သော်လည်း လူပေါင်းမြောက်မြားစွာတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ မပေးကြပေ။ ဘုရားသခင်သည် သင့်အား စမ်းသပ်သောအခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၌၊ ဇာတိပကတိ၌ သို့မဟုတ် စာတန်၌ ရှိမရှိကို မြင်သည်။ ဘုရားသခင်သည် သင့်အား စမ်းသပ်သည့်အခါ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းရှိမရှိ သို့မဟုတ် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့် အနေအထား၌ ရပ်တည်ခြင်းရှိမရှိ ဘုရားသခင်မြင်ပြီး သင်၏ စိတ်နှလုံးသည် သူ့ဘက်၌ရှိမရှိ သူမြင်သည်။ သင်သည် ရင်ကျက်ခြင်းမရှိဘဲ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ သင်၌ မိမိကိုယ်ကိုယ်ယုံကြည်မှု နည်းပါးပြီး သင်၌ သမ္မာတရားအား သိနားလည်ခြင်းမှာ နည်းပါးသောကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ သင်ပြုဖို့လိုအပ်သည်တို့ကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း အကယ်၍ သင်သည် ဘုရားသခင်ထံ စစ်မှန်စွာနှင့် ရိုးသားစွာ ဆုတောင်းနိုင်သေးပါက၊ ထို့ပြင် သင့်စိတ်နှလုံးကို သူ့အားပေးရန်၊ သူ့အား သင်၏ အချုပ်အခြာအာဏာပိုင် ဖြစ်စေရန်နှင့် တန်ဖိုးအရှိဆုံးဟု သင်ယုံကြည်သော ထိုအရာများအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်ရန် ဆန္ဒရှိပါက သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနှင့်ပြီးဖြစ်လိမ့်မည်။ သင်သည် နောက်ထပ် တရားဒေသနာများကို နားထောင်ပြီး သမ္မာတရားကို ပို၍နားလည် လာသည်နှင့်အမျှ သင်၏ ဝိညာဉ်အသက်တာသည်လည်း တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင့် တောင်းဆိုချက်များ၏ စံနှုန်းမှာ သင်မရင့်ကျက်သည့် အချိန်ကနှင့် တူတော့မည် မဟုတ်ပေ။ သူသည် သင့်အား ပိုမြင့်သော စံနှုန်းတစ်ခုကို တောင်းဆိုလိမ့်မည်။ လူတို့သည် မိမိတို့၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း ဘုရားသခင်ထံ ပေးလာသည့်အခါ ၎င်းတို့၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း ဘုရားသခင်နှင့် သာ၍နီးကပ်လာသည်၊ လူတို့သည် ဘုရားသခင်ထံ အမှန်တကယ် နီးကပ်လာနိုင်သည်နှင့်အမျှ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ကို သာ၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဘုရားသခင် အလိုရှိသော အရာမှာ ထိုစိတ်နှလုံးမျိုးပင် ဖြစ်သည်။

ဘုရားသခင်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ရလိုသည့်အခါ သူသည် ထိုသူအား စမ်းသပ်မှုအတော်များများကို ခံစားစေလိမ့်မည်။ ဤစမ်းသပ်မှုများ အတွင်း အကယ်၍ ဘုရားသခင်သည် ထိုသူ၏ စိတ်နှလုံးကိုမရ သို့မဟုတ် ထိုသူ၌ သဘောထား တစ်စုံတစ်ရာရှိကြောင်း မမြင်သည့်အခါ၊ တစ်နည်းအားဖြင့်ဆိုသော် ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့သောပုံစံဖြင့် လက်တွေ့ကျင့်သုံးကြောင်း သို့မဟုတ် ပြုမူကြောင်း သူ မမြင်ရသည့်အခါနှင့် ဤလူထံ၌ မကောင်းမှုကို ရှောင်ရှားသည့် သဘောထားနှင့် စိတ်ဆုံးဖြတ်ချက်ကိုလည်း မမြင်ရသည့်အခါ စမ်းသပ်မှု အတော်များများ အပြီးတွင် ထိုသူတို့အပေါ် ဘုရားသခင်၏ စိတ်ရှည်ခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး ဤလူကို သူ နောက်ထပ်သည်းခံတော့မည် မဟုတ်ပေ။ သူသည် ဤလူအား ဆက်၍စမ်းသပ်တော့မည် မဟုတ်သည့်အပြင် သူသည် သူ့အပေါ် အမှုပြုတော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဤလူ၏ အဆုံးသတ်အတွက် ယင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၌ အဆုံးသတ် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ဤလူသည် မကောင်းမှု ပြုဖူးကောင်းပြုဖူးမည် မဟုတ်ပါ။ ၎င်းတို့သည် မည်သည့်အရာမျှ ဖျက်လိုဖျက်ဆီး မလုပ်ဖူးသည့်အပြင် အနှောင့်အယှက်လည်း မဖြစ်ပေါ် စေခဲ့ဖူးလောက်ပေ။ ၎င်းတို့သည် ဘုရားသခင်အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင် မပြုဖူးလောက်ပါပေ။ သို့သော်လည်း ဤလူ၏စိတ်နှလုံးမှာ ဘုရားသခင်ထံမှ ဖုံးကွယ်ထားလေသည်။ ၎င်းတို့ထံ၌ ဘုရားသခင်အပေါ် ရှင်းလင်းသော သဘောထားနှင့် အမြင် မည်သည့်အခါမျှ မရှိခဲ့ပေ၊ ထို့ပြင် ၎င်းတို့၏ စိတ်နှလုံးကို သူ့အား ပေးပြီးခဲ့ကြောင်း သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရန် ကြိုးပမ်းနေကြောင်းကို သူ ရှင်းလင်းစွာ မမြင်ရပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူများအပေါ် စိတ်ရှည်ခြင်း ကုန်ဆုံးပြီး၊ သူတို့အတွက် မည်သည့်အဖိုးအခပေးခြင်း၊ သူတို့အား မည်သည့် သနားခြင်းကရုဏာကိုမျှ တိုးပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် အမှုပြုခြင်း နောက်ထပ် ပြုတော့မည်မဟုတ်ပေ။ ဘုရားသခင်အပေါ် ဤကဲ့သို့သောလူ၏ ယုံကြည်ခြင်းအသက်တာမှာ အဆုံးသတ်ပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူတို့အား ဘုရားသခင်ပေးပြီးသည့် များစွာသော စမ်းသပ်မှုများ အားလုံး၌ ဘုရားသခင်သည် သူ အလိုရှိသော ရလဒ်ကို မရသေးခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ငါ တစ်ခါမျှ မမြင်ခဲ့ဖူးသော လူတစ်စုရှိ၏။ ဤအရာကို အဘယ်သို့ မြင်ရနိုင်မည်နည်း။ ဤလူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသားဖြစ်ကောင်းဖြစ်နိုင်ပြီး အပေါ်ယံတွင် ၎င်းတို့သည် အားကြိုးမာန်တက် ပြုမူခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီးကာ၊ အရေးကိစ္စများစွာကို ကိုင်တွယ်ခဲ့ကြပြီး မှတ်စုစာအုပ် ၁၂ အုပ်ခန့်ကို ရေးမှတ်ခဲ့ကြပြီးသကဲ့သို့ ဝေါဟာရများနှင့် သြဝါဒများ မြောက်မြားစွာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း သူတို့၌ သိသာထင်ရှားသော မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိ၊ ဘုရားသခင်အပေါ် သူတို့၏ရှုထောင့်များမှာ သိသာထင်ရှားမှု မရှိသေးသည့်အပြင် သူတို့၏ သဘောထားများမှာ ရှင်းလင်းမှု မရှိသေးပေ။ တစ်နည်းအားဖြင့် သူတို့၏ စိတ်နှလုံးကို မမြင်ရနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးမှာ အမြဲလုံးထွေးနေပြီး ၎င်းတို့မှာ ဘုရားသခင်ထံမှ ပိတ်ဆို့ထားကြသည်- အကျိုးဆက်မှာ သူသည် သူတို့၌စစ်မှန်သော စိတ်နှလုံးကို မမြင်ဖူးခဲ့ရ၊ ဘုရားသခင်သည် ဤလူတို့အထဲ၌ သူ့အား စစ်မှန်သော ကြောက်ရွံ့ခြင်းကို မမြင်ဖူးခဲ့ရသည့်အပြင် ထိုမျှမက ဤလူတို့သည် ဘုရားသခင်၏ လမ်းခရီး၌ မည်ကဲ့သို့ လျှောက်လှမ်းကြောင်းကို သူ မမြင်ခဲ့ဖူးပါပေ။ အကယ်၍ ယခုတိုင်အောင် ဘုရားသခင်သည် ဤသို့သော လူတို့ကို မရယူသေးပါက အနာဂတ်တွင် ၎င်းတို့ကို သူ ရယူနိုင်မည်လော။ မရယူနိုင်ပါပေ။ ဘုရားသခင်သည် မရယူနိုင်သော အရာများအတွက် ဆက်၍ ထပ်တလဲလဲ တောင်းဆိုလိမ့်မည်လော။ တောင်းဆိုလိမ့်မည်မဟုတ်။ ထိုအခါ ဤသို့သော လူများအပေါ် ဘုရားသခင်၏ လက်ရှိသဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့အား ပစ်ပယ်ပြီး၊ မသိကျိုးကျွန်ပြုသည်။) သူသည် ၎င်းတို့ကို မသိကျိုးကျွန်ပြုသည်။ ဘုရားသခင်သည် ဤသို့သော လူတို့ကို အလေးဂရုမပြုပေ၊ ၎င်းတို့ကို သူပစ်ပယ်ထားသည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို အလွန်လျင်မြန်စွာနှင့် အလွန်တိကျမှန်ကန်စွာ အလွတ်ကျက်မှတ်ကြပြီး ဖြစ်သည်။ သင်တို့သည် သင်တို့ကြားခဲ့ပြီးသော အရာကို နားလည်ပြီးသကဲ့သို့ ထင်ရပါသည်တကား။

ဘုရားသခင်နောက်သို့ စလိုက်သည့်အချိန်တွင် ရင့်ကျက်ခြင်းမရှိဘဲ ပညာမဲ့ကြသော လူအချို့ ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်သည့်အပြင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်လျှောက်ခြင်း နှင့်ပတ်သက်၍ လူ့စိတ်ကူးနှင့် လွဲမှားသော နည်းလမ်းတစ်ခုကို ခံယူကြသည်။ ဤကဲ့သို့သော လူတို့သည် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ယင်းကို သတိမထားမိကြဘဲ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းအပေါ် ထုံအမြဲ ထုံအကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည် သို့မဟုတ် စမ်းသပ်မှုတစ်ခုအတွင်း မြဲမြံစွာရပ်တည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိကြပေ။ ဘုရားသခင်သည် ဤသို့သော လူတို့အား အချိန်အကန့်အသတ်တစ်ခုကို ပေးပြီး ဤအချိန်အတောအတွင်း သူသည် ၎င်းတို့အား သူ့စမ်းသပ်မှုများ၏ သဘောသဘာဝနှင့် သူ၏ရည်ရွယ်ချက်များမှာ အဘယ်အရာ ဖြစ်ကြောင်းကို နားလည်စေမည် ဖြစ်သည်။ ထို့နောက်တွင် ဤလူသည် ၎င်းတို့၏ ရှုထောင့်အမြင်များကို ပြသရပေမည်။ ဤအဆင့်၌ရှိသော ထိုလူများကို ဘုရားသခင် စောင့်ဆိုင်းနေဆဲဖြစ်သည်။ အမြင်အချို့ရှိသော်လည်း ယိမ်းယိုင်နေသေးသောသူများ၊ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလိုသော်လည်း ထိုသို့ပေးရန် မပြေလည်သောသူများနှင့်၊ အခြေခံ သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ခဲ့ပြီးစေကာမူ ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ ပုန်းရှောင်ပြီး လက်လျှော့ရန် ကြိုးစားသောသူများ နှင့်ပတ်သက်၍ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့အပေါ် အနည်းငယ် မျှော်လင့်နေသေးပြီး ရလဒ်မှာမူ ၎င်းတို့၏ သဘောထားနှင့် လုပ်ဆောင်မှုအပေါ် မူတည်ပါသည်။ အကယ်၍ လူတို့သည် တိုးတက်ခြင်း၌ ထိရောက်မှုမရှိလျှင် ဘုရားသခင် မည်သို့ပြုသနည်း။ ၎င်းတို့အား သူလက်လျှော့လိုက်၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကို လက်မလျှော့မီ သင်သည် သင့်ကိုယ်သင် လက်လျှော့နှင့်ပြီးပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ဤသို့လက်လျှော့ခြင်းကြောင့် သူ့ကို အပြစ်တင်၍ မရနိုင်သည် မဟုတ်လော။ ဤသည်မှာ တရားမျှတသလော၊ မမျှတသလော။ (မျှတပါသည်။)

လက်တွေ့ကျသော မေးခွန်းတစ်ခုက လူတို့အထဲ၌ ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အကျပ်အတည်းများ

အားလုံးထဲတွင် ဝမ်းနည်းဖွယ်အကောင်းဆုံး အဆုံးသတ်ရလဒ်ရှိသော အခြားလူအမျိုးအစား တစ်မျိုးရှိသည်။ ဤသည်မှာ ငါမဖော်ပြချင်ဆုံးသော လူအမျိုးအစားပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ရရှိထားသဖြင့် သို့မဟုတ် ၎င်းတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ပြင်းထန်ခြင်းကြောင့် ၎င်းတို့၌ ဝမ်းနည်းဖွယ် အဆုံးသတ်ရလဒ်တစ်ခု ရရှိထားသဖြင့် ဝမ်းနည်းဖွယ်ကောင်းခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့သည် မည်သူမပြု မိမိမှုဖြစ်သောကြောင့် ဝမ်းနည်းဖွယ်ကောင်းခြင်း ဖြစ်သည်။ ကိုယ့်သေတွင်း ကိုယ်တူးသည် ဟူသည့် အများသိသော ဆိုရိုးစကား ရှိသကဲ့သို့ပင် ဖြစ်သည်။ မည်သို့သော လူအမျိုးအစားက ဤသို့ပြုသနည်း။ ဤလူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ကြသဖြင့် ၎င်းတို့၏ အဆုံးသတ်ရလဒ်များမှာ ကြိုတင်၍ ထုတ်ဖော်ပြထားပြီးဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် ဤလူအမျိုးအစားမှာ သူ၏ စက်ဆုပ်ရွံရှာခြင်းကို အများဆုံးခံရသောသူများပင် ဖြစ်သည်။ လူ့အသုံးအနှုန်းအရ ဤကဲ့သို့သော လူတို့မှာ သနားစရာ အကောင်းဆုံး ဖြစ်ကြသည်။ ဤသို့သော လူတို့သည် ဘုရားသခင်နောက်သို့ စလိုက်သည့်အချိန်တွင် အလွန် စိတ်အားထက်သန် ကြသည်။ ၎င်းတို့သည် အဖိုးအခများစွာ ပေးကြပြီး ဘုရားသခင့်အလုပ်၏ အလားအလာအပေါ် ကောင်းသောအမြင် ရှိကြသည်သာမက ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်နှင့်ပတ်သက်၍ စိတ်ကူးစိတ်သန်း အပြည့်ရှိကြသည်။ ၎င်းတို့သည် အထူးသဖြင့် ဘုရားသခင်အပေါ် စိတ်ချယုံကြည်မှုလည်း ထားကြကာ၊ သူက လူသားများကို စုံလင်စေနိုင်ပြီး သူတို့ကို ဘုန်းအသရေရှိသော ခရီးဆုံးပန်းတိုင်တစ်ခုသို့ ခေါ်ဆောင်နိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဤလူတို့သည် ဘုရားသခင် အလုပ်လုပ်နေဆဲအချိန်တွင် ထွက်ပြေးကြသည်။ ဤနေရာ၌ “ထွက်ပြေးသည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် နှုတ်မဆက်ဘဲ အသံပင်မပြုဘဲ ပျောက်ကွယ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဘာမျှမပြောဘဲ ထွက်သွားကြသည်။ ဤကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုသော်လည်း၊ ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်း လမ်းကြောင်းပေါ်၌ မည်သည့်အခါမျှ အမှန်တကယ် အမြစ်မချကြချေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာမြင့်စွာ ယုံကြည်ခဲ့ပြီးသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကျောခိုင်းနိုင်စွမ်း ရှိကြသေးသည်။ လူအချို့သည် စီးပွားရေးလုပ်ငန်းထဲသို့ ထွက်သွားကြသည်၊ အချို့က ၎င်းတို့၏ဘဝကို နေထိုင်ရန် ထွက်သွားကြသည်၊ အချို့က ကြွယ်ဝချမ်းသာရန် ထွက်သွားကြသည်၊ အချို့က အိမ်ထောင်ပြု၊ ကလေးယူရန် ထွက်သွားကြသည်။... ထွက်သွားကြသော သူများထဲတွင် နောင်အခါ အသိစိတ်၏ ထိုးနှက်မှုများ ရရှိကာ ပြန်လာလိုကြသူ အချို့နှင့် လောကထဲ၌ နှစ်ပေါင်းမြောက်မြားစွာ ပြည့်စုံလုံလောက်ရန် အလွန်ခက်ခဲပြီး လွင့်မျောလျက် အဆုံးသတ်ကြရသော အခြားသူများ ရှိကြသည်။ ဤလွင့်မျောသူများသည် ဒုက္ခဆင်းရဲများစွာကို ကြုံတွေ့ခံစားကြသဖြင့် လောကထဲရှိနေခြင်းမှာ အလွန် နာကျင်ဖွယ်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်နှင့်ခွဲခွာ၍ နေနိုင်မည်မဟုတ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ကို ရရှိရန် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာလိုကြပြီး ဘေးအန္တရာယ်မှ လွတ်မြောက်ရန်အလို့ငှာ သို့မဟုတ် ကယ်တင်ခြင်းနှင့် သာယာလှပသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရရန်အလို့ငှာ ဘုရားသခင်ကို ဆက်လက် ယုံကြည်လိုကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤလူတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကြောင်းနှင့်၊ သူ၏ကျေးဇူးတော်သည် မကုန်မခမ်းနိုင်ကြောင်း ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်အရာကိုမဆို ပြုခဲ့စေကာမူ ဘုရားသခင်သည် ၎င်းတို့အား ခွင့်လွှတ်သင့်ပြီး ၎င်းတို့၏အတိတ်ကို သည်းခံသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤလူများက ၎င်းတို့သည် ပြန်လာ၍ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်လိုသည်ဟု အထပ်ထပ် အခါခါဆိုကြသည်။ အသင်းတော်အား မိမိတို့၏ ပိုင်ဆိုင်မှုများ အချို့ကို လှူဒါန်းခြင်းဖြင့် ဤအရာက ဘုရားသခင်၏ အိမ်တော်သို့ မိမိတို့၏ အပြန်လမ်းကို ဖွင့်ပေလိမ့်မည်ဟု မျှော်လင့်သောသူများပင် ရှိသည်။ ဤကဲ့သို့သော လူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်ရလဒ်များကို မည်ကဲ့သို့ သတ်မှတ်သင့်သနည်း။ ထုတ်ဖော်ပြောဆိုရန် ဝန်မလေးပါနှင့်။ (ဘုရားသခင်သည် ဤလူအမျိုးအစားကို လက်ခံမည်ဟု ထင်ခဲ့သော်လည်း ထိုအရာကို ယခုလေးတင် ကြားပြီးနောက်တွင် ၎င်းတို့အား ဘုရားသခင် လက်ခံနိုင်မည်မဟုတ်ဟု ထင်ပါသည်။) သင်၏ အကြောင်းပြချက်ကို ပြောပြပါ။ (ဤကဲ့သို့သော လူတို့က မိမိ၏ အဆုံးသတ်ရလဒ်မှာ သေခြင်းတရား မဖြစ်ရန်အလို့ငှာသာ ဘုရားသခင်ရှေ့သို့ လာကြခြင်းဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော ရိုးသားမှုမှနေ၍ ဘုရားသခင်ကို ယုံကြည်ရန်လာကြခြင်း မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် မကြာမီ ပြီးဆုံးတော့မည်ကို သိကြသောကြောင့် ရောက်လာကြခြင်းဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို လာရောက်ရရှိနိုင်သည် ဟူသော လှည့်စားမှုအောက်၌ ရှိကြသည်။) ဤလူတို့သည် ဘုရားသခင်ကို ရိုးသားမှန်ကန်စွာ မယုံကြည်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အား လက်မခံနိုင်ဟု သင်ဆိုနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) (ဤကဲ့သို့သော လူတို့မှာ အခွင့်အရေးသမားများသာ ဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ မယုံကြည်ကြပါ ဟူသည်မှာ ငါ၏နားလည်ပုံဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာကြသည်မဟုတ်၊ ၎င်းတို့သည် အခွင့်အရေးသမားများ ဖြစ်သည်။ မှန်လိုက်လေ။ ဤအခွင့်အရေးသမားများမှာ အယောက်တိုင်း မုန်းတီးသော လူအမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် လေတိုက်သော မည်သည့် ဦးတည်ရာဘက်သို့မဆို ရွက်လွှင့်ကြပြီး တစ်စုံတစ်ခုကို သူတို့ရမည် မဟုတ်ပါက မည်သည့်အရာကိုမျှ လုပ်ဖို့ အပင်ပန်း မခံနိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့မှာ အမှန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းကြသည်တကား။ အခြားညီအစ်ကိုများ သို့မဟုတ် မောင်နှမများက သူတို့ဝေငှလိုသည့် ထင်မြင်ချက် ရှိသလော။ (ဘုရားသခင်၏ အလုပ်သည် ပြီးစီးလုနီးပါးဖြစ်၍ ယခုအချိန်သည် လူတို့၏ အဆုံးသတ်ရလဒ်များကို သတ်မှတ်လျက်နေပြီ ဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အား လက်ခံမည် မဟုတ်ပေ။ ဤလူတို့သည် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စား လိုခြင်းကြောင့် မဟုတ်ဘဲ၊ ဘေးအန္တရာယ်များ ကျဆင်းသွားခြင်းကို ၎င်းတို့မြင်ခြင်းကြောင့်၊ သို့မဟုတ် ၎င်းတို့သည် ပြင်ပအကြောင်းအရာများ၏ လွှမ်းမိုးခြင်းကို ခံနေရခြင်းကြောင့် ၎င်းတို့ ပြန်လာလိုကြသည်မှာ ဤအချိန်ပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့ထံ၌ သမ္မာတရားကို လေ့လာလိုက်စားမည့် ရည်ရွယ်ချက် အမှန်တကယ်ရှိခဲ့ပါက ၎င်းတို့သည် ဘုရားသခင်၏အမှု တစ်ဝက်တစ်ပျက်ဖြင့် လုံးဝ ထွက်ပြေးကြလိမ့်မည် မဟုတ်ပေ။) အခြားထင်မြင်ချက် တစ်စုံတစ်ရာ ရှိသလော။ (၎င်းတို့ကို လက်ခံလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ၎င်းတို့အား အမှန်တကယ် အခွင့်အရေးများ ပေးခဲ့သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်အပေါ် အလေးမစိုက်သော သဘောထားတစ်ခု ရှိမြဲရှိခဲ့ကြသည်။ ဤလူတို့၏ ရည်ရွယ်ချက်များမှာ မည်သို့ပင်ဖြစ်စေကာမူ၊ ထို့ပြင် ၎င်းတို့သည် အမှန်တကယ်ပင် နောင်တရစေကာမူ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံတော့မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့အား အခွင့်အရေးများစွာကို ပေးခဲ့ပြီးသော်လည်း ၎င်းတို့သည် မိမိတို့၏ သဘောထားကို အထင်အရှားပြခဲ့ကြပြီး ဖြစ်သည်- ၎င်းတို့သည် ဘုရားသခင်ထံမှ ထွက်သွားလိုခဲ့သည်။ ဤအကြောင်းကြောင့် ၎င်းတို့ ယခု ပြန်လာဖို့ကြိုးစားလျှင် ဘုရားသခင် ၎င်းတို့အား လက်ခံမည် မဟုတ်တော့ပေ။) (ဘုရားသခင်သည် ဤလူအမျိုးအစားအား လက်မခံခြင်းကို ငါလည်း အသိအမှတ်ပြုသည်၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ လူတစ်ဦးသည် မှန်သောလမ်းကို မြင်တွေ့ခဲ့ကာ၊ ဘုရားသခင်၏အမှုကို အချိန်ကာလ ကြာမြင့်စွာ ကြုံတွေ့ခံစားခဲ့ရပြီး၊ လောကနှင့် စာတန်၏ ပွေ့ဖက်မှုသို့ ပြန်သွားနိုင်ပါက ဤသည်မှာ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရမှာ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာ ဖြစ်လင့်ကစား ထိုအနှစ်သာရက မည်သည့် လူအမျိုးအစားကို ဦးတည်နေသည် ဟူသည့်အပေါ် မူတည်သည်။ အကယ်၍ ဤလူသည် နှစ်သိမ့်မှုကို ရှာရန် သို့မဟုတ် သူတို့၏ မျှော်လင့်ချက်များအတွက် ပုံ၍အားထားနိုင်မည့် တစ်စုံတစ်ရာကို ရှာဖွေရန် ဘုရားသခင်ရှေ့သို့ လာပါက သူတို့သည် ဘုရားသခင်ကို မှန်ကန်ရိုးသားစွာ ယုံကြည်သောသူ အမျိုးအစား မဟုတ်သဖြင့် ထိုကဲ့သို့သော လူတို့အပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာမှာ ဤမျှလောက်သာ ဖြစ်လေသည်။) ဘုရားသခင်၏ အနှစ်သာရမှာ သနားခြင်းကရုဏာ ဖြစ်သည်ဆိုလျှင် သူသည် ဤလူအမျိုးအစားကို အဘယ်ကြောင့် သနားခြင်းကရုဏာ အနည်းငယ် ထပ်မပေးသနည်း။ သနားခြင်းကရုဏာ အနည်းငယ်ကို ထပ်ပေးပါက ဤသူသည် အခွင့်အရေးတစ်ခု ရမည်မဟုတ်လော။ ယခင်က ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။ အကယ်၍ သိုးတစ်ရာထဲမှ သိုးတစ်ကောင်ပျောက်ပါက ဘုရားသခင်သည် ပျောက်သောတစ်ကောင်ကို ရှာဖွေရန် ကိုးဆယ့်ကိုးကောင်ကို ချန်ခဲ့မည် ဖြစ်သည်။ ယနေ့တွင် ဤလူတို့နှင့်ပတ်သက်၍၊ ၎င်းတို့၏ စစ်မှန်သောယုံကြည်မှုကြောင့် ဖြစ်ပါက ဘုရားသခင်သည် ၎င်းတို့ကို လက်ခံသင့်ပြီး ဒုတိယကြိမ် အခွင့်အရေး ပေးသင့်သလော။ စင်စစ် ၎င်းမှာ ခက်ခဲသောမေးခွန်းတစ်ခု မဟုတ်ပေ၊ အလွန် ရိုးရှင်းလွယ်ကူပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် နားလည်ပြီး ဘုရားသခင်အကြောင်း စစ်မှန်သော သိကျွမ်းခြင်းရှိပါက များများစားစား ရှင်းပြရန် မလိုအပ်ပေ၊ ထင်မြင်ချက် မြောက်မြားစွာလည်း မလိုအပ်သည် မဟုတ်လော။ သင်တို့၏ အဖြေများသည် မှန်သောလမ်းကြောင်းပေါ်၌ ရှိသော်လည်း ၎င်းတို့မှာ ဘုရားသခင်၏ သဘောထားကို လုံးဝ မပြည့်မီသေးချေ။

ဘုရားသခင်သည် ဤလူအမျိုးအစားကို လက်ခံနိုင်လောက်မည် မဟုတ်ကြောင်း ကျိန်းသေမှုကို သင်တို့အချို့က အခုလေးတင် ဖော်ပြခဲ့ကြသည်။ အခြားသူတို့မှာ သိပ်မရှင်းလင်းခဲ့ကြဘဲ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံနိုင်မည် သို့မဟုတ် လက်ခံနိုင်မည်မဟုတ်ဟု ယုံကြည်လျက်ရှိကြသည်၊ ဤသဘောထားမှာ ပို၍အသင့်အတင့်ဖြစ်သော သဘောထားဖြစ်သည်။ သင်တို့တွင် ဘုရားသခင်သည် ဤလူအမျိုးအစားကို လက်ခံလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်သည်ဟူသည့် ရှုထောင့်ရှိသောသူများလည်း ရှိခဲ့သည်၊ ဤသဘောထားမှာ ပို၍မရေရာသော သဘောထားဖြစ်သည်။ မိမိထင်သည့်အရာ၌ ကျိန်းသေနေသော သင်တို့က ဘုရားသခင်သည် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့ပြီးပြီ၊ ထို့ပြင် သူ၏အမှုမှာ ပြီးပြည့်စုံသောကြောင့် သူသည် ဤလူများကို သည်းခံရန် မလိုအပ်ပါဟူ၍ ယုံကြည်ကြသည်။ ထိုသို့ဖြစ်၍ သူသည် ၎င်းတို့အား နောက်တစ်ဖန် လက်ခံလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ သင်တို့အထဲမှ အသင့်အတင့်ဖြစ်သော သူများက ဤအရေးကိစ္စများကို တစ်ဦးချင်းစီ၏ အခြေအနေများအရ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ယုံကြည်ကြသည်၊ အကယ်၍ ဤလူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ခွဲခွာ၍ မရနိုင်ပါက၊ ထို့ပြင် ၎င်းတို့မှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို လေ့လာလိုက်စားပါက ဘုရားသခင်သည် ၎င်းတို့၏ ယခင်အားနည်ချက်များနှင့် အမှားများကို သတိမရသင့်ပေ၊ သူသည် ဤလူတို့အား ခွင့်လွှတ်သင့်ကာ၊ ၎င်းတို့အား ဒုတိယကြိမ်အခွင့်အရေး ပေးသင့်ပြီး၊ ၎င်းတို့အား သူ၏အိမ်တော်သို့ ပြန်လာ၍ သူ၏ကယ်တင်ခြင်းကို လက်ခံခွင့်ပေးသင့်ပေသည်။ သို့သော်လည်း အကယ်၍ ဤလူတို့သည် နောင်အခါ နောက်ထပ်တစ်ကြိမ် ထွက်ပြေးပါက ဘုရားသခင်သည် ဤလူကို အလိုမရှိနိုင်တော့ဘဲ ၎င်းတို့အား ပစ်ပယ်ခြင်းကို မတရားမှုတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်ပေ။ ဘုရားသခင်က ဤသို့သောလူကို လက်ခံနိုင်မည်ဟု မျှော်လင့်သော အခြားအုပ်စုရှိသည်။ ဘုရားသခင်က အမှန်တကယ် ဤသို့ပြုမည် မပြုမည်ကို ဤအုပ်စုက သိပ်မသေချာပေ။ အကယ်၍ ဘုရားသခင်သည် ဤသို့သောလူမျိုးကို လက်ခံသင့်ပါသည်ဟု သူတို့ ယုံကြည်သော်လည်း ဘုရားသခင် လက်မခံပါက ဤအမြင်သည် ဘုရားသခင်၏ ရှုထောင့်နှင့် အနည်းငယ် ကိုက်ညီမှု မရှိသကဲ့သို့ ထင်ရသည်။ အကယ်၍ ၎င်းတို့က ဘုရားသခင်သည် ဤသို့သောလူအား လက်မခံသင့်ပါဟု ယုံကြည်ကြသော်လည်း ဘုရားသခင်က လူသားတို့အပေါ် သူ၏ ချစ်ခြင်းမေတ္တာမှာ အကန့်အသတ် မရှိသဖြင့် ဤသို့သောလူအား နောက်တစ်ကြိမ် အခွင့်အရေးပေးရန် သူအလိုရှိသည်ဟု ဘုရားသခင် ပြောလိုက်ပါက ဤသည်မှာ လူသား၏ ပညာမဲ့ခြင်းကို ဖော်ထုတ်ပြခြင်း၏ သာဓကတစ်ခုပင် ဖြစ်သည် မဟုတ်လော။ မည်သို့ပင်ဆိုစေ သင်တို့အားလုံး၌ သင်တို့၏ ကိုယ်ပိုင်ရှုထောင့်များ ရှိကြသည်။ ဤရှုထောင့်များမှာ သင်တို့၏ ကိုယ်ပိုင်အတွေးများထဲမှ အသိပညာတစ်မျိုးကို သရုပ်ဖော်သည်၊ ၎င်းတို့မှာ သမ္မာတရားအပေါ် နှင့် ဘုရားသခင်၏ အလိုတော်အပေါ် သင်တို့ နားလည်ခြင်း၏ နက်ရှိုင်းမှုကို ထင်ဟပ်ခြင်းလည်း ဖြစ်သည်။ ဤသို့ဆိုခြင်းမှာ မှန်ကန်သည် မဟုတ်သလော။ သင်တို့၌ ဤကိစ္စအပေါ် ထင်မြင်ချက်များ ရှိကြသည်မှာ ကောင်းလေစွ။ သို့သော်လည်း သင်တို့၏ ထင်မြင်ချက်များမှာ မှန်သလော ဟူသည့်မေးခွန်း ရှိသေးသည်။ သင်တို့အားလုံး အနည်းငယ် စိုးရိမ်ကြသည် မဟုတ်သလော။ “ထိုသို့ဆိုသော် မည်သည့် အရာက မှန်သနည်း။ ကျွန်ုပ်သည် ရှင်းလင်းစွာ မမြင်နိုင်ဘဲ ဘုရားသခင်က မည်သည့်အရာကို စဉ်းစားနေကြောင်း ကျွန်ုပ် အတိအကျ မသိရသည့်အပြင် ဘုရားသခင်က ကျွန်ုပ်ကို တစ်စုံတစ်ခုမျှ မပြောထားခဲ့ပေ။ သူ မည်သည့်အရာကို စဉ်းစားနေကြောင်း ကျွန်ုပ် အဘယ်သို့သိနိုင်မည်နည်း။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ အတိတ်က ဘုရားသခင်၌ ရှိခဲ့ပြီးသော သဘောထားအတိုင်း လိုက်နာပါက သူသည် ဤသို့သောလူကို လက်ခံသင့်သည်။ သို့သော် ဘုရားသခင်၏ လက်ရှိ သဘောထားနှင့်ပတ်သက်၍ ကျွန်ုပ်သိပ်မရှင်းပါ။ သူသည် ဤလူကို လက်ခံကောင်း လက်ခံလိမ့်မည်၊ သို့မဟုတ် လက်ခံကောင်း လက်ခံလိမ့်မည် မဟုတ် ဟုသာ ကျွန်ုပ်ပြောနိုင်သည်။” ဤအရာမှာ ရယ်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ ဤမေးခွန်းက သင်တို့အား အမှန်တကယ်ပင် အကျပ်ရိုက်စေပြီ ဖြစ်သည်။ အကယ်၍ သင်တို့၌ ဤကိစ္စနှင့်ပတ်သက်၍ မှန်ကန်သောအမြင် မရှိပါက သင်တို့၏ အသင်းတော်သည် ဤသို့သောလူမျိုးနှင့် တကယ် ရင်ဆိုင်ရသည့်အခါ သင်တို့ အဘယ်သို့ပြုကြမည်နည်း။ သင်တို့သည် အခြေအနေကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုပါက ဘုရားသခင်ကို သင်တို့ ပြစ်မှားကောင်း ပြစ်မှားမိနိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိသော ကိစ္စတစ်ခု ဖြစ်သည်မဟုတ်လော။

ငါ ယခုတင်လေး တင်ပြခဲ့သော အကြောင်းအရာနှင့်ပတ်သက်၍ သင်တို့၏ အမြင်များအကြောင်းကို အဘယ်ကြောင့် ငါ မေးလိုသနည်း။ သင်တို့၏ ရှုထောင့်များကို ငါ စမ်းသပ်ရန်၊ သင်တို့၌ ဘုရားသခင်အကြောင်း အသိပညာ မည်မျှရှိကြောင်းနှင့် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဘောထားအကြောင်း မည်မျှနားလည်ကြောင်း စမ်းသပ်လိုခြင်း ဖြစ်သည်။ အဖြေမှာ အဘယ်နည်း။ အဖြေက သင်တို့၏ ရှုထောင့်များကိုယ်တိုင်ပင် ဖြစ်သည်။ သင်တို့အချို့သည် အလွန်ရှေးရိုးဆန်ကြပြီး သင်တို့အချို့သည် မှန်းဆဖို့အတွက် သင်တို့၏ စိတ်ကူးများကို အသုံးပြုနေကြသည်။ “မှန်းဆခြင်း” ဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင် မည်ကဲ့သို့ စဉ်းစားကြောင်းကို မသိမြင်နိုင်ခြင်း၊ သို့ဖြစ်၍ ဘုရားသခင်သည် နည်းလမ်းတစ်စုံတစ်ရာဖြင့် စဉ်းစားသင့်သည်ဟူသည့် အခြေအမြစ်မရှိသော ထင်ကြေးမရရှိနိုင်ခြင်းကို ဆိုလိုသည်။ သင် မှန်သည် သို့မဟုတ် မှားသည်ကို သင်ကိုယ်တိုင် အမှန်တကယ် မသိကြသောကြောင့် သင်တို့သည် မရေရာသော ရှုထောင့်တစ်ခုကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဤဖြစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ သင်တို့ မည်သည့်အရာကို မြင်တွေ့ပြီနည်း။ ဘုရားသခင်နောက်သို့ လိုက်သည့်အခါ လူတို့သည် သူ၏အလိုတော်ကို အာရုံစိုက်ခဲ့ကြပြီး လူသားများအပေါ် သူ၏အတွေးများနှင့် သူ၏သဘောထားတို့ကို သူတို့ ဂရုစိုက်ခဲကြသည်။ လူတို့သည် ဘုရားသခင်၏ အတွေးများကို နားမလည်ကြသဖြင့် သူ၏ရည်ရွယ်ချက်များနှင့် သူ၏ စိတ်နေသဘောထားအကြောင်း မေးသည့်အခါ သင်တို့ စိတ်ရှုပ်ထွေးတတ်ကြသည်။ သင်တို့သည် ကြီးမားသော မသေချာမှုထဲသို့ ရောက်ရှိသွားပြီးနောက် မှန်းဆခြင်းဖြစ်စေ အလောင်းအစားဖြစ်စေ သင်တို့ပြုကြသည်။ ဤသည်မှာ မည်သို့သော အတွေးအခေါ်မျိုး ဖြစ်သနည်း။ ၎င်းက ဘုရားသခင်ကို ယုံကြည်ကြသော လူအများစုသည် သူ့ကို ဘာမျှမရှိသော လေထုကြီးအဖြစ်၊ ထို့ပြင် တဒင်္ဂသာရှိပြီး တစ်ခဏနေ မရှိတော့ပုံရသည့် အရာတစ်ခုအဖြစ် သဘောထားကြသည့်အချက်ကို သက်သေပြပါသည်။ ထိုကဲ့သို့ ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိစ္စတစ်ခုကို ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ အလိုတော်ကို သင်တို့ မသိကြပေ။ သူ၏အလိုတော်ကို သင်တို့ အဘယ်ကြောင့် မသိကြသနည်း။ ယခုမှသာမဟုတ်၊ အစမှအဆုံးတိုင်၊ ဤကိစ္စအပေါ် ဘုရားသခင်၏ သဘောထားကို သင်တို့မသိကြပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ သဘောထားက အဘယ်အရာဖြစ်သည်ကို မသိသော်လည်း သင်သည် ၎င်းကို ကောင်းစွာ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းကို သိနားလည်ရန် သင် ရှာဖွေဖူးသလော။ ထိုအကြောင်းကို သင် မိတ်သဟာယပြုဖူးသလော။ မလုပ်ဖူးပါ။ ဤအရာက သင့်ယုံကြည်ချက်နှင့်ယှဉ်သော ဘုရားသခင်နှင့် စစ်မှန်မှုနှင့်ယှဉ်သော ဘုရားသခင်မှာ ဆက်စပ်မှုမရှိပါ ဟူသည့်အချက်ကို အတည်ပြုပေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် သင်သည် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် သင့်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များကိုသာ ချင့်ချိန်တွေးဆသည်၊ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အပေါ်ယံနှင့် သြဝါဒဆိုင်ရာ အဓိပ္ပာယ်ကိုသာလျှင် စဉ်းစားသုံးသပ်ကာ ဘုရားသခင်၏ အလိုတော်ကိုသိဖို့ သို့မဟုတ် ရှာဖွေဖို့ အမှန်တကယ်ကြိုးစားခြင်း လုံးဝမရှိပေ။ ဤသည်မှာ ထိုအကြောင်းပင် ဖြစ်သည်မဟုတ်လော။ ဤကိစ္စ၏ အနှစ်သာရမှာ အတော့်ကို ဆိုးရွားလိုက်လေခြင်း။ နှစ်ပေါင်းများစွာပြီးမှ ငါသည် ဘုရားသခင်ကို ယုံကြည်သော လူမြောက်မြားစွာကို မြင်ဖူးသည်။ သူတို့၏ စိတ်ထဲတွင် သူတို့၏ယုံကြည်မှုက ဘုရားသခင်ကို မည်သည့်အရာအဖြစ်သို့ ပုံသဏ္ဌာန်ပြောင်းလဲလိုက်ကြသနည်း။ လူအချို့က ဘုရားသခင်သည် ဘာမျှမရှိသော လေထုကြီးဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူများ၌ ဘုရားသခင်၏ တည်ရှိခြင်းဆိုင်ရာ မေးခွန်းများအတွက် အဖြေမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ရှိခြင်း သို့မဟုတ် မရှိခြင်းကို ရှင်းလင်းစွာ သိမြင်ခြင်း သို့မဟုတ် နားလည်ခြင်း ရှိဖို့နေနေသာသာ၊ ခံစားနိုင်ခြင်း သို့မဟုတ် သိနိုင်ခြင်း မရှိကြချေ။ မသိစိတ်၏ နှိုးဆော်မှုအရ ဤလူများက ဘုရားသခင်မတည်ရှိဟု ထင်တတ်ကြသည်။ အခြားသူများက ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူတို့က ၎င်းတို့ မလုပ်နိုင်သော အရာများအားလုံးကို ဘုရားသခင်လည်း မလုပ်နိုင်ပါ ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့ တွေးသည့်ပုံစံအတိုင်း တွေးရလိမ့်မည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “မမြင်ရသော၊ ကိုင်တွယ်၍မရသော ပုဂ္ဂိုလ်တစ်ဦး” ပင် ဖြစ်သည်။ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်သည်ဟု ယုံကြည်သော လူတစ်စုလည်း ရှိသည်။ ဤလူများက ဘုရားသခင်၌ ခံစားချက်မရှိဟု ယုံကြည်ကြသည်။ သူတို့က ဘုရားသခင်သည် ရွှံ့စေးရုပ်တစ်ရုပ် ဖြစ်ပြီး ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၌ သဘောထားမရှိ၊ ရှုထောင့်မရှိ၊ သို့မဟုတ် အတွေးအခေါ်များမရှိဟု ထင်ကြသည်။ သူသည် လူ၏ ပြုသမျှနုရမည်ဟု သူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အတိုင်းသာ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့က သူ့အား ကြီးမြတ်စေပါက သူ ကြီးမြတ်သည်၊ အကယ်၍ ၎င်းတို့က သူ့အား သေးသိမ်စေပါက သူ သေးသိမ်သည်။ လူတို့သည် အပြစ်ပြုပြီး ဘုရားသခင်၏ သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာကို လိုအပ်သည့်အခါ ဘုရားသခင်သည် သူ၏ သနားခြင်းကရုဏာကို ပေးသင့်သည်ဟု သူတို့ယူဆကြသည်။ ဤလူများသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများထဲ၌ “ဘုရားသခင်” တစ်ပါးကို ပုံဖော်ကြကာ ဤ “ဘုရားသခင်” အား ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့၏ အလိုဆန္ဒအားလုံးကို ပြည့်ဝစေရန် ခိုင်းတတ်ကြသည်။ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာ၌ဖြစ်စေ၊ ထို့ပြင် ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ဆက်ဆံမှုနှင့် ၎င်းတို့၏ ယုံကြည်မှု၌ ဤစိတ်ကူးကို ခံယူကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက် ပေးမိပြီးနောက် ဘုရားသခင်သည် ၎င်းတို့အား ကယ်တင်နိုင်မည်ဟူ၍ ယုံကြည်ကြသော သူများပင် ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့သည်၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး၊ လူတစ်ဦးက ဘုရားသခင်ကို မည်မျှပင်ပြစ်မှားပါစေ သူသည် ထိုအရာ တစ်စုံတစ်ခုကိုမျှ အမှတ်ရလိမ့်မည်မဟုတ်ဟု ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ လူ၏ အမှားများ၊ လူ၏ ကျူးလွန်မှုများ နှင့် လူ၏ မနာခံမှုတို့မှာ ထိုလူ့စိတ်သဘောထား၏ တဒင်္ဂဖော်ပြချက်များ ဖြစ်သောကြောင့် ဘုရားသခင်သည် လူတို့အား အခွင့်အရေးများကိုပေးပြီး ၎င်းတို့အပေါ် သည်းခံပြီး စိတ်ရှည်လိမ့်မည်ဟု သူတို့က ထင်ကြသည်။ ဘုရားသခင်က ၎င်းတို့အား ယခင်ကကဲ့သို့ပင် ချစ်နေဦးမည်ဟု သူတို့ယုံကြသည်။ ထို့ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိရန်အတွက် မြင့်မားသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားကြသည်။ အမှန်မှာ လူတို့သည် ဘုရားသခင်ကို မည်သို့ပင် ယုံကြည်စေကာမူ၊ သူတို့သည် သမ္မာတရားကို လေ့လာလိုက်စားနေခြင်း မရှိပါက ဘုရားသခင်သည် ၎င်းတို့အပေါ် အနှုတ်လက္ခဏာဆောင်သော သဘောထားတစ်ခုကို စွဲကိုင်ထားမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သင်ယုံကြည်စဉ်တစ်လျှောက်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ရတနာအဖြစ် သတ်မှတ်ရှုမြင်ထားကာ ၎င်းကို နေ့စဉ် လေ့လာဖတ်ရှုသော်လည်း သင်သည် စစ်မှန်သော ဘုရားသခင်ကို ဘေးဖယ်ထားသည်။ သင်သည် သူ့အား ဘာမျှမရှိသော လေသက်သက်အဖြစ် သို့မဟုတ် လူတစ်ဦးသက်သက်အဖြစ် သဘောထားပြီးလျှင်၊ သင်တို့အချို့က သူ့ကို ရုပ်သေးရုပ်တစ်ရုပ် အဖြစ်လောက်သာ သဘောထားကြသည်။ ငါသည် ယင်းကို အဘယ်ကြောင့် ဤသို့ဆိုရသနည်း။ ဤသို့ ငါဆိုခြင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းကို ငါမြင်သည့်ပုံစံအတိုင်းဆိုလျှင် သင်တို့သည် ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် အခြေအနေတစ်ခုခုကို ကြုံတွေ့ရသည်ဖြစ်စေ သင်တို့၏ မသိစိတ်ထဲ၌ရှိသော ထိုအရာများ၊ အတွင်း၌ သင်ကြီးထွားလာစေသော ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအား လိုက်စားခြင်းနှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝ မရှိခဲ့ဖူးပေ။ သင်သည် သင်ကိုယ်တိုင် မည်သည့်အရာကို တွေးနေသည်၊ သင်၏ ကိုယ်ပိုင်ရှုထောင့်က မည်သည့်အရာ ဖြစ်သည်ကိုသာ သိပြီး၊ ထို့ပြင် သင်သည် သင်၏ကိုယ်ပိုင် အတွေးအခေါ်များနှင့် ရှုထောင့်များအတိုင်း ဘုရားသခင်အပေါ် အတင်းအကျပ်ပြုကြသည်။ သင်၏ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်များ ဖြစ်လာကြပြီး ဤရှုထောင့်များကို မဆုတ်မနစ် လိုက်နာစောင့်ထိန်းသည့် စံနှုန်းများအဖြစ် သင် ပြုလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ရှေ့ဆက်သွားခြင်းက သင့်ကို ဘုရားသခင်ထံမှ သာ၍သာ၍ ဝေးကွာသွားစေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။