ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

အပိုင်း လေး

ဘုရားသခင်၏ သဘောထားကို နားလည်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ အားလုံးကို စွန့်လော့

သင်တို့ လက်ရှိယုံကြည်ကြသော ဤဘုရားသခင်သည် မည်ကဲ့သို့သော ဘုရားသခင်ပင် ဖြစ်သနည်း။ ထိုအကြောင်းကို သင်တို့ စဉ်းစားဖူးသလော။ ဆိုးယုတ်သောသူတစ်ဦး မကောင်းမှုများ ကျူးလွန်နေသည်ကို သူမြင်သည့်အခါ ယင်းကို သူစက်ဆုပ်ရွံရှာသလော။ (စက်ဆုပ်ရွံရှာပါသည်။) ပညာမဲ့သော လူများက အမှားများ ပြုလုပ်သည်ကို သူမြင်သည့်အခါ သူ၏သဘောထားမှာ အဘယ်သို့ ရှိသနည်း။ (ဝမ်းနည်းခြင်း။) သူ၏ အလှူငွေများကို လူတို့ ခိုးယူနေသည်ကို သူမြင်သည့်အခါ သူ၏သဘောထားမှာ အဘယ်နည်း။ (၎င်းတို့ကို သူ စက်ဆုပ်ရွံရှာသည်။) ဤအရာအားလုံးမှာ အလွန်ရှင်းသည်၊ မှန်သလော။ သမ္မာတရားကို လေ့လာလိုက်စားခြင်း လုံးဝမရှိသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် ၎င်း၏ ယုံကြည်မှုတွင် ရှုပ်ထွေးနေသည်ကို သူမြင်သည့်အခါ ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိသနည်း။ သင်တို့ သိပ်မသေချာကြသည် မဟုတ်လော။ “ရှုပ်ထွေးခြင်း” မှာ သဘောထား ဖြစ်သည့်အတွက် အပြစ်မဟုတ်သကဲ့သို့ ၎င်းက ဘုရားသခင်ကို စော်ကားပြစ်မှားရာလည်း မရောက်သည့်အပြင် ၎င်းမှာ ကြီးမားသောအမှားမျိုး မဟုတ်ပါဟု လူတို့က ယူဆကြသည်။ ထိုသို့ဆိုသော် ငါ့အားပြောလော့၊ ဤအရေးကိစ္စတွင် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့ကို အသိအမှတ် မပြုလိုပေ။) “အသိအမှတ် မပြုလိုခြင်း”၊ ဤသည်မှာ အဘယ်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ၎င်းမှာ ဘုရားသခင်က ဤလူများကို အထင်အမြင်သေးပြီး သူတို့အား အရေးမစိုက်ခြင်းကို ဆိုလိုလေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ သူတို့ကို အေးတိအေးစက်ဖြင့် ဆက်ဆံလိုက်ခြင်းပင်ဖြစ်သည်။ သူ၏ ကိုင်တွယ်ဖြေရှင်းနည်းမှာ ၎င်းတို့အပေါ် မည်သည့်အလုပ်ကိုမျှ မပြုလုပ်ဘဲ၊ ၎င်းတို့အား ဘေးဖယ်ထားခြင်းဖြစ်ပြီး၊ ဤအရာတွင် ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ အလုပ်တို့ ပါဝင်လေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင်၏ အမှုထဲ၌ အမှန်ပင် ထည့်သွင်းရေတွက်မထားပေ။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ပင်။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးခြင်းနှင့် ပတ်သက်၍ နောင်တမရသော လူများအားဖြင့် ဘုရားသခင်သည် အလွန်အမင်း ဒေါသထွက်သည်။ “ဒေါသထွက်သည်” ဆိုသည်မှာ ခံစားမှုတစ်ခု၊ စိတ်နေစိတ်ထား တစ်ခုမျှသာ မဟုတ်တော့ပေ၊ ၎င်းသည် ရှင်းလင်းသော သဘောထားတစ်ခုနှင့် အလားတူခြင်းမရှိပေ။ သို့သော်လည်း ဤခံစားမှု၊ ဤစိတ်နေစိတ်ထားက ဤသို့သော လူတို့အတွက် အဆုံးသတ်ရလဒ်တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်သည်- ယင်းက ဘုရားသခင်ကို အလွန်အမင်း စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်စေလိမ့်မည် ဖြစ်ပါတကား။ ဤအလွန်အမင်း စက်ဆုပ်ရွံရှာမှု၏ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်သည် ဤလူကို ဘေးဖယ်ထားပြီး လောလောဆယ် တုန့်ပြန်မှု ပြုလိမ့်မည် မဟုတ်ခြင်းဖြစ်သည်။ ထို့နောက် “ဆောင်းဦးကာလပြီးနောက်” တွင် ၎င်းတို့ကိုနှိပ်ကွပ်ရန် သူ စောင့်ဆိုင်းလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤလူတို့၌ အဆုံးသတ်ရလဒ်များ ရှိလိမ့်ဦးမည်လော။ ဘုရားသခင်သည် ဤသို့သော လူတို့ကို မည်သည့်အဆုံးသတ်ရလဒ်ကိုမျှပေးရန် လုံးဝမရည်ရွယ်ခဲ့ပါပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူတို့ကို ယခု မတုံ့ပြန်သည်မှာ လုံးဝ ပုံမှန်ပင်ဖြစ်သည် မဟုတ်လော။ (ပုံမှန်ဖြစ်ပါသည်။) ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်ရန် ပြင်ဆင်နေသင့်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့ကျူးလွန်ခဲ့ပြီးသည့် မကောင်းသော လုပ်ရပ်များ၏ အပျက်သဘောဆောင်သော အကျိုးဆက်များကို တာဝန်ယူရန် ပြင်ဆင်သင့်သည်။ ဤသည်မှာ ဤကဲ့သို့သော လူစားမျိုးအတွက် ဘုရားသခင်၏ တုံ့ပြန်မှုဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့ကို ယခု ငါ ရှင်းရှင်းလင်းလင်း ပြောမည်- သင်တို့၏ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို နောက်ထပ် ဆုပ်ကိုင်မထားကြနှင့်၊ ထို့ပြင် ဖြစ်လိုသော စိတ်ကူးများကို ဆက်၍ မတွေးကြနှင့်။ ဘုရားသခင်သည် လူတို့ကို အကန့်အသတ်မဲ့ သည်းခံလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ ကျူးလွန်မှုများ သို့မဟုတ် မနာခံမှုတို့ကို ထာဝရသည်းခံလိမ့်မည် မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည်လည်း ဤကဲ့သို့သော လူအနည်းငယ်ကို မြင်ဖူးပြီး ၎င်းတို့ ဆုတောင်းသောအခါ အထူးသဖြင့် ဘုရားသခင်၏ တို့ထိခြင်းကို ၎င်းတို့ခံကြရကာ အသည်းအသန် ငိုကြွေးကြသည်။ အများအားဖြင့် ၎င်းတို့သည် အလွန်လည်း ပျော်ရွှင်ကြသည်။ ၎င်းတို့သည် မိမိတို့အပေါ် ဘုရားသခင်၏ မျက်မှောက်တော်နှင့် ဘုရားသခင်၏ လမ်းပြမှုကို ရရှိဟန်တူသည်။” ဟု ဆိုကြသည်။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားကို မပြောလေနှင့်။ အသည်းအသန် ငိုကြွေးခြင်းမှာ ဘုရားသခင်၏ လမ်းပြမှုဖြစ်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ တို့ထိမှုကိုခံရခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်မှောက်တော်အား အကျိုးခံစားရခြင်းကို သေချာပေါက် ဆိုလိုသည်မဟုတ်ပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ဒေါသထွက်စေပါက ဘုရားသခင်သည် ၎င်းတို့အား လမ်းပြဦးမည်လော။ အချုပ်အားဖြင့် ဘုရားသခင်သည် တစ်စုံတစ်ဦးကို သုတ်သင်ဖယ်ရှင်းရန်နှင့် စွန့်ပစ်ရန် ဆုံးဖြတ်ပြီးသောအခါ ထိုလူ၌ အဆုံးသတ်ရလဒ် ကင်းမဲ့ပြီဖြစ်သည်။ ၎င်းတို့ ဆုတောင်းသည့်အခါ ၎င်းတို့၏ ခံစားချက်များမှာ မည်သို့ပင် အားရကျေနပ်ဖွယ် ကောင်းသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် ယုံကြည်မှု မည်မျှပင် ရှိသည်ဖြစ်စေ ယင်းက အကျိုးဆက်နှင့် မဆိုင်တော့ပါ။ အရေးကြီးသည့်အရာမှာ ဘုရားသခင်သည် ဤယုံကြည်မှုမျိုးကို မလိုအပ်ပေ၊ သူသည် ဤလူတို့ကို ပစ်ပယ်ထားပြီးဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့အား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်မှာလည်း အရေးမကြီးပေ။ အရေးကြီးသောအရာမှာ ဤလူတို့က ဘုရားသခင်ကို ဒေါသထွက်စေသည့် အခိုက်အတန့်မှာပင် ၎င်းတို့၏ အဆုံးသတ်ရလဒ်များမှာ သတ်မှတ်ထားပြီး ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို ကယ်တင်ရန် ဆုံးဖြတ်ထားပြီး မဟုတ်ပါက ၎င်းတို့သည် ပြစ်ဒဏ်ခတ်ခံရရန်အတွက် ချန်ရစ်ထားခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားပင် ဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အရိပ်လက္ခဏာ ပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားခြင်းကရုဏာစိတ် ရှိသော်လည်း သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံရာ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်သည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် သို့မဟုတ် အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက် ငါတို့သည် သူ့စိတ်နှလုံး၏အသံကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ သူ၏ သဘောထားကို အနီးကပ် အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးယဉ်မှုများကို အသုံးမပြုသင့်သည့်အပြင် ဘုရားသခင်အား လူသား၏ စိတ်ကူးယဉ်မှုများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည်လာပြီးသောအခါ သင်တို့ အယောက်စီတိုင်းကို သတိထားရန်နှင့် သင်တို့၏ လုပ်ဆောင်ချက်များ၌ ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကျဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် တံဆိပ်ကပ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ ပညာမဲ့ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် ပညာမဲ့ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို အကဲဖြတ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤအကဲဖြတ်ချက်တွင် သင်၏ အဆုံးသတ်ရလဒ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှလာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံးစမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက်တွင် ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ရန်အတွက် ၎င်းကို ပြည့်စုံစွာ ပေါင်းရုံးသုံးသပ်မည် ဖြစ်သည်။ ဤရလဒ်က တစ်ဦးတစ်ယောက်စီတိုင်းကို သံသယအရိပ်အငွေ့ မရှိဘဲ လက်ခံယုံကြည်စေမည်။ ဤတွင် သင်တို့ကို ငါပြောလိုသောအရာမှာ ဤသို့ဖြစ်သည်- သင်တို့၏ လုပ်ဆောင်ချက်တိုင်း၊ သင်တို့၏ အပြုအမူတိုင်းနှင့် သင်တို့၏ စိတ်ကူးတိုင်းက သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးပါသည်။

လူတို့၏ အဆုံးသတ်ရလဒ်များကို မည်သူ သတ်မှတ်သနည်း

ဆွေးနွေးဖို့ရန် အဆုံးစွန်အရေးကြီးသော အခြားကိစ္စရှိပြီး ၎င်းမှာ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားပင် ဖြစ်သည်။ ဤသဘောထားမှာ အလွန်တရာ အရေးပါပေသည်။ သင်တို့သည် နောက်ဆုံးတွင် ပျက်စီးခြင်းရှိရာသို့ လျှောက်လှမ်းမည် မလှမ်းမည် သို့မဟုတ် သင်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုသို့ လျှောက်လှမ်းမည် မလှမ်းမည်ကို ၎င်းသဘောထားက အဆုံးအဖြတ်ပေးသည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် နှစ်ပေါင်းနှစ်ဆယ်မက အလုပ်လုပ်ခဲ့ပြီးဖြစ်၍ ဤဆယ်စုနှစ်ခု ကာလအတွင်း သင်တို့သည် စိတ်နှလုံးထဲတွင် သင်တို့၏ ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်ပြီး အနည်းငယ် မရေမရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သူသည် သင်တို့ အယောက်စီတိုင်းအတွက် အမှန်တကယ်ရှိပြီး ရိုးသားမှန်ကန်သော မှတ်တမ်းကို မှတ်သားခဲ့ပြီး ဖြစ်သည်။ လူတစ်ယောက်ချင်းစီသည် သူ့နောက်သို့ စတင်လိုက်လျှောက်ပြီး သူ၏ တရားဟောချက်များကို နားထောင်သည့် အချိန်မှစ၍ သမ္မာတရားကို ပို၍ပို၍ နားလည်လာပြီး ၎င်းတို့၏တာဝန်ကို ၎င်းတို့ စတင်လုပ်ဆောင်သည်အထိ ဘုရားသခင်က လူတစ်ဦးစီအတွက် မှတ်သားနိုင်သော အပြုအမူ အမျိုးမျိုးအတွက် မှတ်တမ်းတစ်ခု ရေးမှတ်ထားသည်။ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ပြီး ပတ်ဝန်းကျင်နှင့် စမ်းသပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ လူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်ကဲ့သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် မည်ကဲ့သို့ ခံစားကြသနည်း။...ဘုရားသခင်၌ ဤအရာအားလုံး၏ စာရင်းတစ်ခုရှိသည်၊ သူ၌ ထိုအရာ အားလုံး၏ မှတ်တမ်းတစ်ခု ရှိသည်။ သင်တို့၏ ရှုထောင့်မှကြည့်ပါက ဤကိစ္စရပ်များမှာ ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်ရပ်တည်သည့်ဘက်မှ ကြည့်ပါက ၎င်းတို့မှာ ရှင်းလင်းပြတ်သားပြီး ဖြစ်ကတတ်ဆန်းဖြစ်သော အရိပ်အယောင် စိုးစဉ်းမျှပင် မရှိချေ။ ဤသည်မှာ လူတစ်ဦးချင်းစီ၏ အဆုံးသတ်ရလဒ် ပါဝင်ပြီး လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် အနာဂတ်အလားအလာများကိုပါ ထည့်သွင်းသော ကိစ္စရပ်တစ်ခု ဖြစ်သည်၊ ထိုမျှမက ဤသည်မှာ ဘုရားသခင်သည် သူ၏ အပတ်တကုပ် ကြိုးပမ်းမှုအားလုံးကို သုံးစွဲသည့်နေရာ ဖြစ်သည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် ၎င်းကို တစ်စက်မျှပင် လုံးဝလျစ်လျူရှုမည် မဟုတ်သည့်အပြင် မည်သည့် အရေးမထားမှုကိုမျှ သည်းမခံပေ။ အစအဦးမှ အဆုံးထိတိုင်အောင် ဘုရားသခင်သည် လူသားမျိုးနွယ်အကြောင်း ဤစာရင်းကို မှတ်တမ်းတင်နေကာ၊ ဘုရားသခင်နောက်သို့ သူတို့လိုက်ရာတွင် လူသားတို့၏ လမ်းကြောင်း တစ်ခုလုံးကို မှတ်စုရေးထားလျက် ရှိသည်။ ဤကာလ အတောအတွင်း၌ ဘုရားသခင်အပေါ် သင်၏ သဘောထားက သင်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးပြီးဖြစ်သည်။ ဤအရာမှာ မမှန်သလော။ ဘုရားသခင် ဖြောင့်မတ်ကြောင်းကို သင်တို့ ယခု ယုံကြည်သလော။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ လျော်ကန်သလော။ သင်တို့၏ စိတ်ထဲတွင် ဘုရားသခင်အကြောင်း အခြားသော စိတ်ကူးစိတ်သန်း တစ်စုံတစ်ရာ ရှိနေဆဲလော။ (မရှိပါ။) ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ်ရလဒ်များမှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည် သို့မဟုတ် လူတို့ မိမိကိုယ်တိုင် သတ်မှတ်ဖို့ဖြစ်သည်ဟု သင်တို့ဆိုမည်လော။ (၎င်းတို့မှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည်။) ၎င်းတို့ကို သတ်မှတ်သောသူမှာ အဘယ်သူ ဖြစ်သနည်း။ (ဘုရားသခင်ပင်။) သင်တို့ မသေချာကြပေ၊ ဟုတ်သလော။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမတို့ အသံကျယ်ကျယ် ပြောကြလော၊ ၎င်းတို့ကို အဘယ်သူ သတ်မှတ်သနည်း။ (လူတို့ကိုယ်တိုင်က ၎င်းတို့ကို သတ်မှတ်သည်။) ၎င်းတို့ကို လူတို့က ကိုယ်တိုင်သတ်မှတ်သလော။ ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ် ရလဒ်များမှာ ဘုရားသခင်နှင့် မသက်ဆိုင်ဟု ဆိုလိုခြင်း ဖြစ်မည်မဟုတ်လော။ တောင်ကိုးရီးယားမှ ညီအစ်ကိုမောင်နှမများ၊ အသံကျယ်ကျယ် ပြောကြလော့။ (ဘုရားသခင်သည် လူတို့၏ အဆုံးသတ် ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် လုပ်ဆောင်မှုများ အားလုံးကို အခြေခံသည့်အပြင် ၎င်းတို့ မည်သည့်လမ်းကြောင်းပေါ်ရှိသည် ဟူသည်နှင့်အညီ သတ်မှတ်သည်။) ဤအရာမှာ အလွန်ဓမ္မဓိဌာန်ကျသော အဖြေတစ်ခုပင် ဖြစ်သည်။ ဤတွင် သင်တို့အားလုံးကို ငါအသိပေးရမည့် အချက်တစ်ခု ရှိသည်- ဘုရားသခင်၏ ကယ်တင်ခြင်းအမှု တစ်လျှောက်တွင် သူသည် လူသားများအတွက် စံနှုန်းတစ်ခုကို ချမှတ်ထားသည်။ ဤစံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ နာခံပြီး ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရမည် ဟူသည်ပင်ဖြစ်သည်။ လူတို့၏ အဆုံးသတ်ရလဒ်များကို တွက်ဆရန် အသုံးပြုသည့်အရာမှာ ဤစံနှုန်းပင် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဤစံနှုန်းနှင့်အညီ လက်တွေ့လုပ်ဆောင်ပါက သင်သည် ကောင်းသော အဆုံးသတ်ရလဒ်ကို ရရှိနိုင်သည်၊ အကယ်၍ သင် ထိုသို့မပြုပါက ကောင်းသော အဆုံးသတ်ရလဒ်ကို သင် မရနိုင်ပေ။ ထိုသို့ဆိုသော် ဤအဆုံးသတ်ရလဒ်ကို မည်သူသတ်မှတ်သည်ဟု သင်ဆိုမည်နည်း။ ၎င်းကို သတ်မှတ်သည်မှာ ဘုရားသခင် တစ်ပါးတည်းမဟုတ်ဘဲ ဘုရားသခင်နှင့် လူသားများ အတူတကွပင် ဖြစ်သည်။ ဤအရာမှာ မှန်သလော။ (မှန်ပါသည်။) ၎င်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု၌ တက်ကြွစွာ ပါဝင်လုပ်ဆောင်ရန်နှင့် လူသားတို့အတွက် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုကို ပြင်ဆင်ပေးရန် ဆန္ဒရှိသူမှာ ဘုရားသခင်ပင်လျှင် ဖြစ်သည်၊ လူသားများသည် ဘုရားသခင့်အမှု၏ ဦးတည်ရာများဖြစ်ပြီး ဤအဆုံးသတ်ရလဒ်၊ ဤခရီးဆုံးပန်းတိုင်သည် သူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားသောအရာ ဖြစ်သည်။ အကယ်၍ သူ အမှုပြုရန်အတွက် ဦးတည်ရာများ မရှိခဲ့ပါက သူသည် ဤအမှုကိုပြုရန် လိုအပ်မည်မဟုတ်ပေ။ သူ ဤအမှုကို ပြုနေခြင်းမရှိပါက လူတို့၌ ကယ်တင်ခြင်းကို ရယူရန်အတွက် အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။ လူသားများမှာ ကယ်တင်ခံရမည့်သူများ ဖြစ်ပြီး ကယ်တင်ခံရခြင်းမှာ ဤလုပ်ငန်းစဉ်၏ ပြုခြင်းခံရသောအပိုင်း ဖြစ်သော်လည်း၊ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်မည့် သူ၏အလုပ်တွင် အောင်မြင်မည် မအောင်မြင်မည်ကို အဆုံးအဖြတ်ပေးသည့် ဤအပိုင်းကို တင်ဆက်နေသောသူများ၏ သဘောထားဖြစ်သည်။ အကယ်၍ သင့်ကို ဘုရားသခင်ပေးသော လမ်းပြမှုကြောင့် မဟုတ်ပါက သင်သည် သူ၏စံနှုန်းကိုသိမည် မဟုတ်သည့်အပြင် သင်၌ ရည်မှန်းချက်လည်း ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်၌ ဤစံနှုန်း၊ ဤရည်မှန်းချက် ရှိသော်လည်း သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် အဖိုးအခပေးခြင်း မရှိပါက သင်သည် ဤအဆုံးသတ်ရလဒ်ကို ရရှိလိမ့်မည် မဟုတ်ပေ။ ဤအကြောင်းရင်းကြောင့် လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို ဘုရားသခင်နှင့် ခွဲခြား၍ မရနိုင်ကြောင်းနှင့် ၎င်းကို ထိုလူနှင့်လည်း ခွဲခြား၍ မရနိုင်ကြောင်း ငါပြောရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယခုတွင် လူတို့၏ အဆုံးသတ်ရလဒ်များကို မည်သူသတ်မှတ်ကြောင်း သင်တို့သိကြလေပြီ။

လူတို့သည် အတွေ့အကြုံကို အခြေခံကာ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်တတ်ကြသည်

ဘုရားသခင်ကိုသိခြင်းဟူသည့် ခေါင်းစဉ်အပေါ် မိတ်သဟာယပြုသောအခါ သင်တို့သည် တစ်စုံတစ်ခုကို သတိပြုခဲ့မိသလော။ မျက်မှောက်ခေတ်၌ ဘုရားသခင်၏ သဘောထားက အပြောင်းအလဲတစ်ခု ကြုံရပြီးဖြစ်သည်ကို သင်တို့ သတိပြုမိပြီးပြီလော။ လူသားများအပေါ် သူ၏ သဘောထားမှာ ပြောင်းလဲ၍ရနိုင်သလော။ ဘုရားသခင်သည် ဤကဲ့သို့ လူသားများအပေါ် သူ၏ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာ အလုံးစုံကို အကန့်အသတ်မရှိပေးလျက် အမြဲသည်းခံလိမ့်မည်လော။ ဤအကြောင်းအရာတွင် ဘုရားသခင်၏ အနှစ်သာရလည်း ပါဝင်သည်။ အစောပိုင်းတွင် ဖော်ပြထားသည့် ပျောက်သောသားဟု ဆိုသောသူအကြောင်း မေးခွန်းကို ပြန်သွားကြပါစို့။ ဤမေးခွန်းကို မေးခဲ့ပြီးနောက်တွင် သင်တို့၏ အဖြေများမှာ သိပ်မရှင်းလင်းခဲ့ပေ။ တစ်နည်းအားဖြင့် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် တကယ်ခိုင်မာသော နားလည်မှု မရှိကြသေးချေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်ကြောင်း သိသည့်အခါ၊ သူတို့က သူ့အား ချစ်ခြင်းမေတ္တာ၏ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်- လူတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ မနာခံတတ်ကြပါစေ၊ ထိုအရာတစ်ခုမျှ အမှန်တကယ် အရေးမကြီးပေ။ အကြောင်းမှာ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိပြီး သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကာ တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် သူသည် လူတို့အပေါ် သနားခြင်းကရုဏာ ရှိနိုင်ခြင်း၊ ၎င်းတို့၏ မရင့်ကျက်ခြင်းအပေါ် သနားခြင်းကရုဏာရှိနိုင်ခြင်း၊ ၎င်းတို့၏ ပညာမဲ့ခြင်းအပေါ် သနားခြင်းကရုဏာ ရှိနိုင်ခြင်းနှင့် ၎င်းတို့၏ နာခံမှုမရှိခြင်းအပေါ် သနားခြင်းကရုဏာရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့ဖြစ်သလော။ အချို့လူ အတွက်မူကား ဘုရားသခင်၏ စိတ်ရှည်ခြင်းကို သူတို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ခံစားဖူးသောအခါ သူသည် ၎င်းတို့အပေါ် ထာဝစဉ်သည်းခံပြီး သနားခြင်းကရုဏာ ထားလိမ့်မည်ဟု ယုံကြည်လျက်၊ သူတို့သည် ဘုရားသခင် အပေါ် ၎င်းတို့ကိုယ်တိုင်၏ သိနားလည်ခြင်းတွင် ဤအတွေ့အကြုံများကို အရင်းအဖြစ် သဘောထားကြမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံး သူတို့သည် ဘုရားသခင်၏ ဤစိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့ကိုဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ်ခံစားပြီးနောက်တွင် ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ်အမြဲအဓိပ္ပာယ်ဖွင့်ပြီး သူတို့၏စိတ်ထဲတွင် ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အခြေအနေအပေါ် မမူတည်ဘဲ၊ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်းရှိသည်။ ဤကဲ့သို့သော ယုံကြည်ချက်များမှာ မှန်ကန်သလော။ ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါတိုင်း သင်တို့မှာ စိတ်ရှုပ်ထွေးသွားဟန်တူသည်။ သင်တို့အား ဤကဲ့သို့ မြင်ရသည်မှာ ငါ့ကို အလွန် စိုးရိမ်ပူပန်စေသည်။ ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သမ္မာတရား မြောက်မြားစွာကို သင်တို့ ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ဆို အလွန်တရာ များပြားသော ဆွေးနွေးချက်များကို သင်တို့ နားထောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့၏ စိတ်ထဲတွင် ဤအရေးကိစ္စများနှင့် ဤကဏ္ဍများ၏ အမှန်တရားမှာ အယူအဆနှင့် ရေးထားသော စကားလုံးများအပေါ် အခြေခံသော မှတ်ဉာဏ်များသာ ဖြစ်ကြသည်။ သင်တို့၏ နေ့စဉ် အသက်တာများထဲတွင် ဘုရားသခင်၏ စိတ်သဘောထားမှာ အမှန်တကယ် သူဖြစ်သည့်အတိုင်းပင် သင်တို့ တစ်ဦးတစ်ယောက်မျှ ခံစားခြင်း သို့မဟုတ် တွေ့မြင်ခြင်း မရှိနိုင်ဖူးကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ယုံကြည်မှုများထဲ၌ အကုန်လုံး ယောင်ချာချာဖြစ်ကာ သင်တို့၌ ဘုရားသခင်အပေါ် မရိုသေသော သဘောထားရှိပြီး သူ့ကို ဘေးဖယ်ထားသည်အထိပင် သင်တို့အားလုံး မျက်စိစုံလုံးကန်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ဤကဲ့သို့ သဘောထားမျိုးက အဘယ်သို့ ဦးတည်သနည်း။ ၎င်းသည် သင်တို့အား ဘုရားသခင်အကြောင်း အမြဲတစေ ကောက်ချက်ချသည့် ဘက်သို့ ဦးတည်ပေးသည်။ သင်တို့သည် အနည်းငယ်သော သိနားလည်ခြင်းကို ရထားပြီးသည့်အခါ ဘုရားသခင်၏ အလုံးစုံကို ရရှိထားကြသကဲ့သို့ အလွန်ကျေနပ်အားရ ဖြစ်ကြသည်။ ထို့နောက်တွင် သင်တို့က ဤသည်မှာ ဘုရားသခင် ဖြစ်သည့်ပုံစံဟု ကောက်ချက်ချပြီး သူ့အား လွတ်လပ်စွာလှုပ်ရှားခွင့် မပြုတော့ပေ။ ထို့ပြင် ဘုရားသခင်သည် အမှုသစ်တစ်ခုကို ပြုသောအခါတိုင်း သင်တို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို တကယ်ဝန်ခံကြခြင်း မရှိပေ။ တစ်နေ့သောအခါ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မချစ်တော့ပေ၊ လူသားတို့ကို သနားခြင်းကရုဏာ နောက်ထပ်ပေးမည် မဟုတ်တော့ပေ၊ ငါသည် သူတို့အပေါ် ဆက်၍ မည်သည့်သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းမျှ မရှိတော့ပေ၊ ငါသည် သူတို့အပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် ရွံမုန်းခြင်းတို့နှင့် ပြည့်လျက်ရှိသည်” ဟု ပြောသောအခါ ထိုကဲ့သို့သော ပြောဆိုချက်များက လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းတို့ထဲမှ အချို့က “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်မဟုတ်တော့၊ ကိုယ်တော်သည် ကျွန်ုပ် နောက်လိုက်လိုသော ဘုရားသခင် မဟုတ်တော့ပေ။ အကယ်၍ ဤအရာမှာ ကိုယ်တော်ပြောသည့်အရာ ဖြစ်ပါက ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့သဖြင့် ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဆက်လိုက်ဖို့ မလိုအပ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား သနားခြင်းကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကို မပေးတော့ပါက၊ ကိုယ်တော့်နောက်သို့ ကျွန်ုပ် ဆက်၍လိုက်မည် မဟုတ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အပေါ် အတိုင်းမသိ သည်းခံခြင်းရှိမည်၊ ကျွန်ုပ်အပေါ် အမြဲစိတ်ရှည်ပြီး၊ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ ကိုယ်တော်သည် စိတ်ရှည်ခြင်းဖြစ်ကြောင်း၊ ကိုယ်တော်သည် သည်းခံခြင်းဖြစ်ကြောင်း ကျွန်ုပ်ကို မြင်တွေ့ခွင့်ပေးမှသာ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး၊ သို့မှသာ အဆုံးတိုင်အောင် ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်၌ ယုံကြည်စိတ်ချမှု ရှိလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်၌ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာ ရှိခြင်းကြောင့် ကျွန်ုပ်၏မနာခံခြင်းနှင့် ကျွန်ုပ်၏ ကျူးလွန်မှုများက အကန့်အသတ်မရှိ ခွင့်လွတ်ခြင်းနှင့် လွတ်ငြိမ်းစေခြင်းကို ခံရနိုင်မည် ဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်သည် အချိန်မရွေး နေရာမရွေး အပြစ်ပြုနိုင်မည်၊ အချိန်မရွေး နေရာမရွေး အပြစ်ဝန်ခံပြီး လွတ်ငြိမ်းရာရနိုင်မည် ဖြစ်၍ ကိုယ်တော့်အား အချိန်မရွေး နေရာမရွေး ဒေါသထွက်စေနိုင်မည် ဖြစ်သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၌ မည်သည့်ထင်မြင်ချက် သို့မဟုတ် သုံးသပ်ချက်မျှ မရှိသင့်ပေ” ဟူ၍ပင် ဆိုကြလိမ့်မည်။ သင်တို့ တစ်ဦးတစ်ယောက်သည် ဤအရေးကိစ္စမျိုးကို လွန်စွာ ပုဂ္ဂလဓိဌာန်ကျကျ သို့မဟုတ် သတိပြုမိသောပုံစံဖြင့် တွေးကောင်းတွေးမည် မဟုတ်သော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏အပြစ်များကို ခွင့်လွှတ်ရန်အတွက် တန်ဆာပလာတစ်ခုအဖြစ် သို့မဟုတ် သာယာသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရောက်ရှိရန်အတွက် အသုံးပြုသည့် အရာဝတ္ထု တစ်ခုအဖြစ် သဘောထားသည့်အခါတိုင်း သင်သည် အသက်ရှင်သော ဘုရားသခင်ကို သင်၏ရန်သူအဖြစ် သင်၏ ဆန့်ကျင်ဘက်၌ ထူးမခြားနား ထားရှိပြီးပြီဖြစ်သည်။ ဤသည်မှာ ငါမြင်သောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်”၊ “ကျွန်ုပ်သည် သမ္မာတရားကို လေ့လာ လိုက်စားသည်”၊ “ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလိုသည်”၊ “ကျွန်ုပ်သည် အမှောင်စွမ်းအားမှ လွတ်မြောက်လိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေလိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာရှိလိုပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းရွက်လိုသည်”၊ အစရှိသဖြင့် ထိုကဲ့သို့သော အရာတို့ကို သင် ဆက်၍ ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း သင်၏စကားလုံးများသည် မည်မျှ ကြားကောင်းပါစေ၊ အယူအဆ မည်မျှကို သင်သိပါစေ၊ ထိုအယူအဆမှာ မည်သို့ပင် ထည်ဝါပါစေ သို့မဟုတ် ခံ့ညားပါစေ၊ အကြောင်းအရာ၏ အမှန်တရားမှာ ယခုတွင် ဘုရားသခင်အကြောင်း ကောက်ချက်များချရန်အတွက် သင်တို့ ကျွမ်းကျင်တတ်မြောက်ထားသော စည်းမျဉ်းများ၊ သြဝါဒများ၊ အယူအဆများအား မည်ကဲ့သို့အသုံးပြုပုံကို လေ့လာထားပြီးသည့် များစွာသောသင်တို့ ရှိသောကြောင့် ဘုရားသခင်အား သင်တို့နှင့် ဆန့်ကျင်ဘက်၌ အလိုအလျောက် ထားကြခြင်း ဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများကို ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်နိုင်သော်လည်း သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် မဝင်ရောက်သေးသဖြင့် ဘုရားသခင်နှင့် နီးကပ်ရန်၊ ဘုရားသခင်ကို သိရန်နှင့်၊ ဘုရားသခင်ကို နားလည်ရန်မှာ သင့်အတွက် အလွန်ခက်ခဲပေသည်။ ဤသည်မှာ သနားစဖွယ်ပါတကား။

ဆက်လက်ဖော်ပြမည့် ဇာတ်ဝင်ခန်းကို ဗွီဒီယိုတစ်ခုတွင် ငါမြင်ခဲ့သည်- ညီအစ်မအချို့က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟူသောစာအုပ်ကို ကိုင်ကာ ယင်းကို အပေါ်သို့ မြှောက်ထားကြသည်။ ၎င်းတို့သည် စာအုပ်ကို ၎င်းတို့၏အလယ်တွင် ၎င်းတို့၏ ဦးခေါင်းထက်သို့ မြှောက်၍ ကိုင်ထားကြသည်။ ဤသည်မှာ ပုံစံတစ်ခုသာ ဖြစ်ခဲ့သော်လည်း ငါ၏အတွင်း၌ လှုံ့ဆော်သောအရာမှာ ပုံစံတစ်ခု မဟုတ်ပေ။ ထို့ထက် လူအယောက်တိုင်းက ၎င်းတို့၏ စိတ်နှလုံးထဲ၌ မြှောက်၍ကိုင်ထားသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်သာ ဖြစ်ကြောင်း ငါ့ကို ဆင်ခြင်မိစေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းဖွယ် အကြောင်းအရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့သော လုပ်ဆောင်ချက်သည် ဘုရားသခင်အား မြှောက်၍ကိုင်ထားခြင်းနှင့် လုံးဝမတူညီပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဘုရားသခင်အား နားလည်ခြင်းကင်းမဲ့မှုက အလွန်သိသာသော မေးခွန်းတစ်ခု၊ အလွန်တရာ သေးငယ်သော အရေးကိစ္စတစ်ခု၌ပင် သင်တို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများ ရရှိစေသည့် အဆင့်အထိ ရောက်ရှိလာပြီဖြစ်သည်။ သင်တို့အား အမှုအရာများကို ငါမေးသည့်အခါ၊ သင်တို့အား ငါအလေးအနက်ထားသည့်အခါ သင်တို့သည် ထင်ကြေးနှင့် သင်တို့၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့် တုံ့ပြန်ကြသည်၊ သင်တို့အချို့သည် သံသယလေသံဆောင်ကာ ငါ၏မေးခွန်းများကို မေးခွန်းများဖြင့်ပင် ပြန်၍တုန့်ပြန်ကြသည်။ ဤအရာက သင်တို့ယုံကြည်သော ဘုရားသခင်မှာ စစ်မှန်သောဘုရားသခင် မဟုတ်ကြောင်း ငါ့ကို ပိုမိုရှင်းလင်းစွာ ပြောပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှစ်ပေါင်းများစွာ ဖတ်ရှုပြီးနောက်၊ ဘုရားသခင်အကြောင်း နောက်တစ်ဖန် ကောက်ချက်များချရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏အမှုနှင့် နောက်ထပ် သြဝါဒများကို သင်တို့ အသုံးပြုကြသည်။ ထိုမျှမက သင်တို့သည် ဘုရားသခင်ကို နားလည်ရန် မည်သည့်အခါမျှ ကြိုးပမ်းခြင်းမရှိပေ၊ သူ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန်၊ လူသားများအပေါ် ဘုရားသခင်၏ သဘောထားကို နားလည်ရန် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ စဉ်းစားကြောင်း၊ သူသည် အဘယ်ကြောင့် ဝမ်းနည်းကြောင်း၊ သူသည် အဘယ်ကြောင့် ဒေါသထွက်ကြောင်း၊ သူသည် လူတို့ကို အဘယ်ကြောင့် ပစ်ပယ်ကြောင်းနှင့် ယင်းကဲ့သို့သော အခြားမေးခွန်းများကို သဘောပေါက်ရန် သင် မည်သည့်အခါမျှ ကြိုးစားခြင်း မရှိပေ။ ထိုထက်မက ဘုရားသခင်သည် လူသားတို့၏ အမျိုးမျိုးသော လုပ်ဆောင်ချက်များအပေါ် သဘောထား သို့မဟုတ် ထင်မြင်ချက်များမရှိဘဲ စောင့်ကြည့်ရုံသာ ကြည့်နေသောကြောင့် ဘုရားသခင်သည် အမြဲတစေ တိတ်ဆိတ်နေခဲ့သည်ဟု မြောက်မြားစွာသော လူတို့ကပင် ယုံကြည်ကြသည်။ အခြားလူအုပ်စုက ဘုရားသခင်က သဘောတူလိုက်လျောပြီး ဖြစ်သောကြောင့် သူက အသံမထွက်ခြင်း ဖြစ်သည်၊ သူသည် စောင့်ဆိုင်းနေသောကြောင့် သို့မဟုတ် သူ၌ သဘောထားမရှိသောကြောင့် နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြပြန်သည်။ ဘုရားသခင်၏ သဘောထားကို စာအုပ်ထဲ၌ အပြည့်အဝ အသေးစိတ်ဖော်ပြထားပြီဖြစ်ပြီး ယင်းသဘောထား အလုံးစုံကို လူသားမျိုးနွယ်အား ဖော်ပြထားပြီ ဖြစ်သောကြောင့် ၎င်းကို လူတို့အား အကြိမ်ကြိမ်အခါခါ ပြောရန် မလိုအပ်ပါဟု ဤလူများက တွေးထင်ကြသည်။ ဘုရားသခင်သည် နှုတ်ဆိတ်၍နေသော်လည်း သူ၌ သဘောထားတစ်ခုနှင့် ရှုထောင့်တစ်ခုအပြင် လူတို့အမှီလိုက်ရန် သူတောင်းဆိုသော စံနှုန်းတစ်ခုလည်း ရှိနေဆဲဖြစ်သည်။ လူတို့သည် သူ့ကို နားလည်ရန် သို့မဟုတ် သူ့ကို ရှာဖွေရန် မကြိုးစားကြသော်လည်း ဘုရားသခင်၏ သဘောထားမှာ အလွန် ရှင်းလင်းပါသည်။ တစ်ချိန်က ဘုရားသခင်နောက်သို့ စိတ်အားထက်သန်စွာ လိုက်ခဲ့သော်လည်း တစ်ချိန်ချိန်၌ သူ့ကိုစွန့်ပစ်ပြီး ထွက်ခွာသွားခဲ့သောသူ တစ်စုံတစ်ဦးကို ဆင်ခြင်လော့။ အကယ်၍ ဤလူသည် ထူးထူးဆန်းဆန်း ယခုအခါ ပြန်လာချင်ခဲ့ပါက ဘုရားသခင်၏ ရှုထောင့်မှ အဘယ်သို့ရှိမည် သို့မဟုတ် သူ၏ သဘောထားမှာ အဘယ်သို့ရှိမည်ကို သင်တို့ မသိကြပေ။ ဤသည်မှာ အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းသည် မဟုတ်လော။ အမှန်အားဖြင့် ဤသည်မှာ အတော်အတန် အပေါ်ယံကိစ္စတစ်ခုပင် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အမှန်တကယ် နားလည်ပါက ဤလူစားမျိုးအပေါ် သူ၏သဘောထားကို သင်တို့ သိကြမည်ဖြစ်၍ မရေရာသော အဖြေတစ်ခုကို သင်တို့ ပေးကြမည် မဟုတ်ပေ။ သင်တို့ မသိကြသောကြောင့် ငါ့ကို သင်တို့အား ပြည့်ပြည့်စုံစုံ ပြောပြခွင့်ပြုလော့။

သူ၏အမှုတော်အတွင်း ထွက်ပြေးသောသူများအပေါ် ဘုရားသခင်၏ သဘောထား

ဤကဲ့သို့သော လူများမှာ နေရာတကာတွင်ရှိသည်- ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနှင့်ပတ်သက်၍ သေချာသိပြီးသောအခါ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆက်စကား တစ်ခွန်းမျှမပြောဘဲ ၎င်းတို့၏ စိတ်နှလုံးအလိုဆန္ဒရှိတိုင်း သွားလုပ်ရန် တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယခုလောလောဆယ်တွင် ဤလူတို့ ထွက်ခွာသွားရသည့် အကြောင်းရင်းများကို ငါတို့ အသေးစိတ် ကြည့်မည်မဟုတ်ပေ။ ဤကဲ့သို့သော လူမျိုးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ဖြစ်ကြောင်းကို ပထမဦးစွာ ငါတို့ကြည့်ကြမည်။ ၎င်းမှာ အလွန်ရှင်းပါသည်။ ဤလူတို့ ထွက်သွားသည့် အခိုက်အတန့်မှစ၍ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ ယုံကြည်မှုသက်တမ်း ကုန်လွန်ပြီဖြစ်သည်။ သက်တမ်းကို အဆုံးသတ်ခဲ့သူမှာ ဤလူကိုယ်တိုင်မဟုတ်ဘဲ ဘုရားသခင်သာ ဖြစ်သည်။ ဤလူက ဘုရားသခင်အား စွန့်ခွာခဲ့ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်အား ငြင်းပယ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုမရှိတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံတော့ကြောင်းကို ဆိုလိုသည်။ ဤသို့သောလူတို့က ဘုရားသခင်ကို အလိုမရှိသည့်အတွက် ဘုရားသခင်က ၎င်းတို့အား အလိုရှိနိုင်ဦးမည်လော။ ထိုမျှမက ဤကဲ့သို့သော လူတို့က ဤသဘောထားမျိုး၊ ဤအမြင်မျိုးကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကို စွန့်ခွာရန် ဆုံးဖြတ်လာပြီးသောအခါ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ပြုပြီးပြီ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ဒေါသပေါက်ကွဲပြီး ဘုရားသခင်ကို ဆဲဆိုခြင်း မရှိခဲ့ကြစေကာမူ၊ ၎င်းတို့သည် ဆိုးညစ်သော သို့မဟုတ် လွန်ကဲသော မည်သည့်အပြုအမူကိုမျှ မပြုခဲ့ကြစေကာမူ၊ ထို့ပြင် ဤလူတို့က “ကျွန်ုပ်သည် အပြင်တွင် အီလောက်သည်အထိ ပျော်ပါးခဲ့ပြီးသော သို့မဟုတ် တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ကျွန်ုပ် လိုအပ်သေးသောတစ်နေ့ ရောက်ရှိလာပါက ကျွန်ုပ်ပြန်လာမည်။ သို့မဟုတ် အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်ကို မေတ္တာရပ်ခံပါက ကျွန်ုပ် ပြန်လာမည်။” ဟု စဉ်းစားနေကြသည် သို့မဟုတ် ၎င်းတို့က “ကျွန်ုပ်သည် အပြင်၌ ထိခိုက်နာကျင်သည့်အခါ၊ သို့မဟုတ် အပြင်လောကသည် အလွန်မှောင်မိုက်၍ အလွန်ဆိုးယုတ်ကြောင်းကို ကျွန်ုပ် မြင်သောအခါနှင့် ကျွန်ုပ်သည် အလိုက်သင့်စီးမျောလိုခြင်း မရှိတော့သည့်အခါ ဘုရားသခင်ထံ ကျွန်ုပ်ပြန်လာမည်။” ဟု ပြောကြစေကာမူ ဤသို့ဖြစ်သည်။ ဤလူတို့သည် ၎င်းတို့၏စိတ်ထဲတွင် မည်သည့်အချိန် အတိအကျ၌ ၎င်းတို့ပြန်လာမည်ကို တွက်ချက်ထားသော်လည်း၊ ထို့ပြင် ၎င်းတို့သည် ၎င်းတို့၏အပြန်အတွက် တံခါးကိုဖွင့်ထားရန် ကြိုးစားထားသော်လည်း ၎င်းတို့အနေဖြင့် မည်သည့်အရာကို ယုံကြည်ပြီး သို့မဟုတ် မည်သို့ပင် ကြံစည်စေကာမူ ဤအရာအားလုံးမှာ ဆန္ဒအတွေးသက်သက်သာ ဖြစ်ကြောင်းကို ၎င်းတို့ သဘောမပေါက်ကြချေ။ ၎င်းတို့၏ အကြီးမားဆုံးအမှားမှာ ၎င်းတို့ ထွက်ခွာလိုသည့်ဆန္ဒက ဘုရားသခင်ကို မည်သို့ခံစားစေကြောင်း မသဲကွဲခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်ခွာရန် သူတို့ ဆုံးဖြတ်ခဲ့သည့် အချိန်မှစ၍ပင် ဘုရားသခင်က ၎င်းတို့ကို လုံးလုံးလျားလျား စွန့်ပစ်လိုက်သည်၊ ထိုစဉ်တွင် ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ထိုသို့သောလူ၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းမှာ မည်သည့်အဆုံးသတ်ရလဒ်နည်း။ ဤလူသည် သနားစရာ့ သတ္တဝါလေးများထဲမှ တစ်ကောင်ဖြစ်သဖြင့် အခြားသတ္တဝါတို့နှင့်အတူ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စွန့်ပစ်သော်လည်း ပြစ်ဒဏ်ခတ်ခြင်းကို မခံရသည့် ဤအခြေအနေမျိုးကို လူတို့ မကြာခဏ မြင်ရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နိယာမများနှင့်အညီ စီမံခန့်ခွဲသည်။ အမှုအရာအချို့ကိုသာ မြင်ရနိုင်ပြီး အခြားအမှုအရာတို့မှာ ဘုရားသခင်၏ စိတ်နှလုံးထဲ၌သာ ဆုံးဖြတ်ချက်ချသောကြောင့် လူတို့သည် ရလဒ်များကို မမြင်နိုင်ကြပေ။ လူတို့အတွက် မြင်ရသောအရာများမှာ အမှုအရာများ၏ စစ်မှန်သောမျက်နှာပြင် သေချာပေါက် မဟုတ်ပေ။ သို့သော်လည်း သင်မမြင်သောဘက်၊ ထိုတစ်ဘက်ခြမ်းတွင် ဘုရားသခင်၏ စစ်မှန်သော ရင်တွင်းဖြစ် အတွေးများနှင့် သုံးသပ်ချက်များ အမှန်ပင် ပါရှိလေသည်။

ဘုရားသခင်၏ အမှုတော်အတွင်း ထွက်ပြေးသောလူများမှာ မှန်သောလမ်းကို စွန့်ပစ်သောသူများပင် ဖြစ်သည်

ထို့ကြောင့် ဘုရားသခင်သည် ဤကဲ့သို့သော လူစားမျိုးများအား အဘယ်ကြောင့် ထိုမျှပြင်းထန်သော အပြစ်ဒဏ်ကို ပေးနိုင်သနည်း။ ၎င်းတို့အပေါ် အဘယ်ကြောင့် သူ အလွန်ဒေါသထွက်ရသနည်း။ ပထမဦးစွာ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့သိကြသည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေတစ်ပွေလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော သိမ်မွေ့သည့် အပြုအမူအားဖြင့်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နေ့ရက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်း သိလိမ့်မည်ဖြစ်သည်။

ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ လမ်းကြောင်းတွင် လျှောက်ခြင်းမှာ သမ္မာတရားကို သင်မည်မျှသိသည်၊ စမ်းသပ်မှု မည်မျှကို သင် ကြုံတွေ့ခဲ့ဖူးသည် သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို သင်မည်မျှခံခဲ့ဖူးသည် ဟူသည့်အကြောင်း သေချာပေါက် မဟုတ်ပေ။ ယင်းထက် ၎င်းမှာ သင်၏ စိတ်နှလုံး၌ ဘုရားသခင်အပေါ် သင် ထားရှိသည့် သဘောထားမျိုးနှင့် မည်သည့် အနှစ်သာရကို သင် ဖော်ပြသည် ဆိုသည့်အပေါ် မူတည်သည်။ လူတို့၏အနှစ်သာရများနှင့် သူတို့၏ ပုဂ္ဂလဓိဌာန်ကျသော သဘောထားများ၊ ဤအရာများမှာ အလွန်အရေးကြီးပြီး အလွန်အဓိကကျသည်။ ဘုရားသခင်ကို ကျောခိုင်းပြီး စွန့်ခွာသွားခဲ့သော ထိုလူများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ဘုရားသခင်အပေါ် စက်ဆုပ်ဖွယ် သဘောထားများနှင့် သမ္မာတရားကို မထီမဲ့မြင်ပြုသော ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက်ဖြစ်စေပြီ ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်သရွေ့ ၎င်းတို့သည် မည်သည့်အခါမျှ ခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သိထားကြပြီ၊ ဘုရားသခင် ရောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်၏ အသစ်သောအမှုကိုပင် ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့သည် ထွက်ခွာသွားရန် အတင်းအကျပ် ဖိအားပေးခံရဖို့ မဆိုထားနှင့်၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် ဝိုးတိုးဝါးတား ဖြစ်ခြင်းကိစ္စတစ်ခု မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ဘုရားသခင်ကို စွန့်ခွာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့ လမ်းပျောက်ခြင်းကိစ္စ မဟုတ်သကဲ့သို့၊ ၎င်းတို့ နှင်ထုတ်ခံရခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် ၎င်းတို့မှာ အပြင်တွင် မိမိ၏လမ်းပျောက်ဆုံးသော ပျောက်သောသားများ ဖြစ်ဖို့နေနေသာသာ၊ သိုးအုပ်ထဲမှ လမ်းလွဲသွားသော သိုးများပင် မဟုတ်ကြပေ။ ၎င်းတို့သည် ဒဏ်ခတ်မခံရဘဲ ထွက်ခွာခဲ့ကြပြီး ယင်းအနေအထားတစ်ခု၊ ယင်းအခြေအနေ တစ်ခုက ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက် ဖြစ်စေကာ ဤအနှောင့်အယှက် ဖြစ်စေခြင်းကြောင့် သူသည် ၎င်းတို့အား မျှော်လင့်ချက်မဲ့သော အဆုံးသတ်ရလဒ်များကို ပေးခြင်းဖြစ်လေသည်။ ဤကဲ့သို့သော အဆုံးသတ် ရလဒ်မျိုးမှာ ကြောက်မက်ဖွယ် မကောင်းသလော။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို မသိပါက ဘုရားသခင်ကို ပြစ်မှားမိနိုင်သည်။ ဤအရာမှာ သေးငယ်သောကိစ္စ မဟုတ်ပါပေ။ အကယ်၍ လူတို့သည် ဘုရားသခင်၏ သဘောထားကို အလေးအနက်မထားဘဲ မိမိတို့သည် သူ၏ ပျောက်ဆုံးနေသော သိုးများဖြစ်ပြီး ပြောင်းလဲသော စိတ်နှလုံးသားရှိရန် သူတို့ကို ဘုရားသခင်ဆက်၍ စောင့်ဆိုင်းနေခြင်းဖြစ်သောကြောင့် သူတို့ပြန်အလာကို ဘုရားသခင်က မျှော်နေသည်ဟု ယုံကြည်နေသေးပါက ဤလူတို့သည် မိမိတို့၏ ပြစ်ဒဏ်ခတ်ခံရမည့်နေ့ရက်နှင့် မလွဲလှချေ။ ဘုရားသခင်သည် ၎င်းတို့အား လက်ခံရန် ငြင်းပယ်ရုံငြင်းပယ်လိမ့်မည် မဟုတ်ပေ၊ ဤသည်မှာ သူ၏ စိတ်သဘောထားကို ၎င်းတို့ အနှောင့်အယှက်ပေးခြင်းက ဒုတိယအကြိမ် ဖြစ်သည့်အတွက် ထိုကိစ္စမှာ ပို၍ပင် ဆိုးဝါးလှသည်တကား။ ဤလူတို့၏ မရိုသေသော သဘောထားများက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးအမိန့်များကို ချိုးဖောက်ပြီးဖြစ်လေသည်။ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံလိမ့်ဦး မည်လော။ သူ၏စိတ်နှလုံးထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်သည့် ဘုရားသခင်၏ နိယာမများမှာ၊ အကယ်၍ တစ်စုံတစ်ဦးသည် မှန်သောလမ်းက အဘယ်လမ်းဖြစ်သည် ဟူသည့်အကြောင်းကို သေချာမှု ရထားလင့်ကစား ဘုရားသခင်ကို အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ငြင်းပယ်နိုင်သေးပြီး ဘုရားသခင်ထံမှ သွေဖည်ပါက၊ ဘုရားသခင်သည် ထိုသို့သောလူ၏ ကယ်တင်ခြင်းလမ်းကို ပိတ်ဆို့ပြီး နိုင်ငံတော်၏ ဂိတ်ဝသည် ဤအချိန်မှစ၍ ထိုသူအတွက် ပိတ်ထားလိမ့်မည် ဖြစ်သည်။ ဤလူသည် နောက်ထပ်တစ်ကြိမ် တံခါးလာခေါက်သည့်အခါ ဘုရားသခင်သည် တံခါးဖွင့်ပေးလိမ့်မည် မဟုတ်ပေ။ ဤလူကို ထာဝရ အဝင်ခံလိမ့်မည်မဟုတ်ပေ။ သင်တို့အချို့သည် သမ္မာကျမ်းစာထဲမှ မောရှေ၏ ဇာတ်ကြောင်းကို ဖတ်ဖူးကောင်း ဖတ်ဖူးကြမည်ဖြစ်သည်။ မောရှေသည် ဘုရားသခင်၏ ဘိသိက်ပေးခြင်း ခံခဲ့ရပြီးနောက် သူ၏ လုပ်ဆောင်ချက်များနှင့် အမျိုးမျိုးသော အခြားအကြောင်းရင်းများကြောင့် ခေါင်းဆောင်အယောက် ၂၅၀ တို့က မောရှေအား သူတို့၏ မနာခံမှုကို ပြသခဲ့ကြသည်။ ၎င်းတို့သည် မည်သူ့ကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသနည်း။ ၎င်းက မောရှေမဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်စီစဉ်မှုများကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသည်၊ ၎င်းတို့သည် ဤအရေးနှင့်ပတ်သက်၍ ဘုရားသခင်၏အမှုကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့က ဆက်လက်ဖော်ပြပါအတိုင်း ပြောခဲ့ကြသည်မှာ- “သင်တို့သည် ပရိသတ်အပေါ် အလွန်အကျွံ တာဝန်ယူကြ၏။ ပရိသတ်အပေါင်း၊ အယောက်တိုင်းတို့သည် သန့်ရှင်းကြသည်ကို မြင်ရပြီး ယေဟောဝါသည် သူတို့အလယ်တွင် ရှိတော်မူ၏။...” ဟူ၍ဖြစ်သည်။ လူသား၏ ရှုထောင့်အမြင်မှနေ၍ ဤစကားများနှင့် စာကြောင်းများမှာ အလွန်လေးနက် ပြင်းထန်သလော။ ၎င်းတို့မှာ မပြင်းထန်ပါပေ။ အနည်းဆုံးအနေဖြင့် ဤစကားလုံးများ၏ လုံးချင်းအဓိပ္ပာယ်မှာ မပြင်းထန်ပေ။ တရားဥပဒေ သဘောအရ ၎င်းတို့မှာ မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်း၌ မည်သည့် ရုန့်ရင်းကြမ်းတမ်းသော ဂယက်အနက်များ ပါဖို့မဆိုထားနှင့်၊ ယင်း၏ တကယ့်အပေါ်ယံ၌ ဤသည်မှာ ရန်လိုသော အသုံးအနှုန်း သို့မဟုတ် ဝေါဟာရပင် မဟုတ်ပေ။ ဤသည်တို့မှာ သာမန်ဝါကျများဖြစ်ပြီး ဘာမျှမပိုပေ။ ထိုသို့ဆိုလျှင် ဤစကားလုံးများက ဘုရားသခင်ထံမှ အမျက်ကို အဘယ်ကြောင့် နှိုးဆော်နိုင်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုစကားများမှာ လူကို ပြောဆိုခြင်းမဟုတ်ဘဲ ဘုရားသခင်ကို ပြောဆိုနေခြင်းပင် ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ပြသော သဘောထားနှင့် စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ဖြစ်စေသောအရာ အတိအကျပင်ဖြစ်ပြီး၊ အထူးသဖြင့် ပုန်ကန်ပြစ်မှား၍ မရသည့် ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားကြခြင်း ဖြစ်သည်။ နောက်ဆုံး၌ ထိုခေါင်းဆောင်တို့၏ အဆုံးသတ်ရလဒ်များမှာ မည်သည့်အရာဖြစ်ကြောင်းကို ငါတို့အားလုံးသိကြသည်။ ဘုရားသခင်ကို စွန့်လွှတ်ထားခဲ့သော သူများနှင့်ပတ်သက်၍ ၎င်းတို့၏ ရှုထောင့်မှာ အဘယ်နည်း။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ထို့ပြင် ၎င်းတို့၏ ရှုထောင့်နှင့် သဘောထားက ဘုရားသခင်အား ၎င်းတို့ကို ထိုကဲ့သို့သော ပုံစံဖြင့် အဘယ်ကြောင့် ရိုက်နှက်ဆုံးမစေသနည်း။ အကြောင်းရင်းမှာ ၎င်းတို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိကြသော်လည်း သူတို့သည် သူ့ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သေးသောကြောင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ၎င်းတို့၏ အခွင့်အရေးကို လုံးလုံးလျားလျား ချွတ်ယူခံရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ထဲတွင် ပြောထားသည်နှင့်အညီ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိ။” ဟူ၍ ဖြစ်သည်။ ယခု ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့တွင် ရှင်းလင်းသော နားလည်မှု ရှိပြီလော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။