သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁) အပိုင်း နှစ်

ငါတို့ ယနေ့တွင် ဆွေးနွေးနေကြသည့် လက်လွှတ်ရန် လိုအပ်သော စိတ်ခံစားချက် အမျိုးမျိုးတို့သည် လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ စွဲခိုင်နေသည့် အရာများ ဖြစ်သည်။ သင့်အပေါ် ဤအရာများရှိသည့် သက်ရောက်မှုသည် ယာယီဖြစ်သောအရာတစ်ခု မဟုတ်ဘဲ ယင်းတို့၏ သက်ရောက်မှုသည် ကျယ်ပြန့်ပြီး နက်နဲ၏။ ညသန်းခေါင်တွင် အိပ်စက်ရန် သင် အခက်တွေ့သည့်အခါ၊ သင် တစ်ဦးတည်းရှိသည့်အခါ သင့်ထံတွင် အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို ဖြစ်စေပြီး သင်၏ မှတ်ဉာဏ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်ထားသည့် ထိုလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများသည် သင့်စိတ်အပေါ်ယံကြောတွင် တဖြည်းဖြည်း ပေါ်လာလေသည်။ သင့်အထဲတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်မျိုးစုံ ဖြစ်စေခဲ့သည့် သင့်မှတ်ဉာဏ်နက်နက်ထဲရှိ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးသည် စကားတစ်လုံး၊ အသံတစ်သံ၊ ကျိန်ခြင်းအမင်္ဂလာတစ်ခု၊ မရှုမလှ ရှုံးနှိမ့်ခြင်းတစ်ခု၊ ဖြစ်ရပ်တစ်ခု၊ အမှုအရာတစ်ခု၊ လူတစ်စု သို့မဟုတ် အဖြစ်အပျက် တစ်သီတစ်တန်းဖြင့် အစမှ အဆုံးထိ ရုပ်ရှင်ကားတစ်ကားကဲ့သို့ သင့်စိတ်တွင် ပေါ်လာသည်။ သင်က မသိလိုက်ဘဲ နောက်ဆုံး၌ သင့်စိတ်ဝိညာဉ် အတွင်းနက်နက်တွင် ကွယ်ဝှက်ထားသည့် ထိုအပျက်သဘောဆောင်သည့် စိတ်ခံစားချက်များထဲသို့၊ သင်၏ ခံစားချက်များ၊ သင်၏ လူ့သဘာဝ၊ သင်၏ ပင်ကိုအရည်အသွေးနှင့် အနာဂတ်ဘဝတို့ကို သက်ရောက်မှုရှိသည့် ထိုအခိုက်အတန့်ထဲသို့ သင် ပြန်မရောက်မချင်း ထိုအရာသည် အဖန်ဖန် ပေါ်လာလေသည်။ သင် တစ်ကိုယ်တည်းရှိသည့်အခါ အခက်အခဲများကို ရင်ဆိုင်ရသည်။ ဆုံးဖြတ်ချက် ချရန်ရှိသည့်အခါနှင့် မျှော်လင့်ချက် ပျက်သုဉ်းသည့်အခါ သင်သည် မိမိ၏ အတွင်းကျကျ ဖြစ်တည်မှုကို သင့်ကို နာကျင်စေခဲ့သည့် ထိုအခြေအနေ၊ ထိုဖြစ်ရပ်နှင့် ထိုလူစုဆီသို့ ပြန်ရောက်စေလျက် ဘောလုံးတစ်လုံးကဲ့သို့ ခွေကာ လူတိုင်းကို မရှောင်ရှားဘဲ မနေနိုင်ချေ။ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများသည် သင့်ကို ဝေဖန်ထိုးနှက်ခံရသည်ဟု ခံစားရစေပြီး သင့်ကို နာကျင်စေကာ သင့်အထဲတွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးစုံ ထည့်သော်လည်း သင်သည် စိတ်ဓာတ်ကျဆင်းကာ စိတ်မချမ်းမြေ့ဖြစ်သည့်အခါ၊ ကျရှုံးမှုနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ သင်သည် ပြုပြင်ခံရသည့်အခါ၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ငြင်းပယ်ခြင်းခံရသည့်အခါ မျှော်လင့်ချက်ကင်းမဲ့နေခြင်းဖြစ်စေ၊ မုန်းတီးခြင်းဖြစ်စေ၊ ဒေါသဖြစ်စေ၊ သိမ်ငယ်မှုဖြစ်စေ သင့်ဘဝအပေါ် လွှမ်းမိုးမှု ဖြစ်စေသည့် ထိုအပျက်သဘောဆောင်သော စိတ်ခံစားချက်ထဲသို့ သင် ပြန်မရောက်ဘဲ မနေနိုင်ချေ။ ဤစိတ်ခံစားမှုများသည် သင့်ထံ နာကျင်မှုမျိုးစုံ ဆောင်ကြဉ်းပေးသော်လည်း သို့မဟုတ်ပါက သင့်ကို စိတ်မသက်မသာ ဖြစ်စေသော်လည်း၊ ငိုကြွေးစေသော်လည်း၊ စိတ်ကသိကအောက် ဖြစ်စေသော်လည်း ထိုအခိုက်အတန့်တွင် သင် ခံစားခဲ့ရသည့် ထိုအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများဆီသို့ အမြဲ ပြန်မသွားရန် သင့်ကိုယ်သင် မတားဆီးနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်ဆီသို့ သင် ပြန်သွားသည့်အခါ ထိုအပျက်သဘောဆောင်သော စိတ်ခံစားမှုသည် သင့်အပေါ် သူ၏လွှမ်းမိုးမှုကို တစ်ဖန် အားကောင်းစေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုက သင့်ကို ထိခိုက်သည့်အခါ၊ အသိပေးပြီး အဖန်ဖန် သတိပေးသည့်အခါ ထိုအရာက ဘုရားနှုတ်ကပတ်တော်များကို သင်၏ နားထောင်မှုနှင့် သမ္မာတရား စည်းမျဉ်းများကို သိနားလည်ခြင်းအား မသိမသာ နှောင့်ယှက်နေပေသည်။ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ တစ်ဖန် ဖြစ်ပေါ်သည့်အခါ၊ သင်၏ အတွေးများအပေါ် ယင်းတို့က အခိုင်အမာ လွှမ်းမိုးခြယ်လှယ် လာသည့်အခါ သမ္မာတရား၌ သင်၏ စိတ်ပါဝင်စားမှုသည် အလွန်အမင်း မနှစ်မြို့ခြင်း အဖြစ်သို့ပင် ပြောင်းလျက် တိုး၍ အားနည်းသွားလိမ့်မည်၊ သို့မဟုတ် အာခံသည့်ခံစားချက်များ ဖြစ်ပေါ်နိုင်သည်။ အတိတ်ကာလတွင် သင် ရရှိပြီးဖြစ်သည့် နာကျင်ပြီး မမျှတသော ဆက်ဆံမှုကြောင့် သာ၍ ကြီးမားသော ရန်လိုစိတ်ဖြင့် လူသားမျိုးနွယ်နှင့် လူ့အဖွဲ့အစည်းကို သင် ကြည့်ကောင်းကြည့်နိုင်ပြီး ဖြစ်ပြီးသည့် အရာတိုင်းအပြင် အနာဂတ်တွင် ဖြစ်မည့်အရာတိုင်းကိုလည်း ဧကန်အမှန် မုန်းကောင်း မုန်းနိုင်ပေသည်။ ဤစိတ်ခံစားချက်များသည် သင်၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ထင်ရှားပြီး သင်၏ ခံစားချက်များ၊ သင်၏ အခြေအနေနှင့် သင်၏ အနေအထားကို ထပ်တလဲလဲ လွှမ်းမိုးသည်။ ယင်းတို့သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင် ခံစားပုံအပြင် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ သဘောထားနှင့် အမြင်များနှင့် သမ္မာတရား လိုက်စားခြင်းအတွက် သင်၏ စိတ်တွန်းအားနှင့် စိတ်ပိုင်းဖြတ်ချက်တို့ကို အမှန်ပင် ထပ်တလဲလဲ လွှမ်းမိုးလေသည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား လိုက်စားရန်နှင့် မည်သည့်အခါတွင်မျှ တစ်ဖန် စိတ်ဓာတ်ကျခြင်း မခံစားရန်၊ သင်သည် ထိုမျှ မတော်ကြောင်း လုံးဝ မယုံကြည်ရန်နှင့် တစ်ဖန် နောက်မဆုတ်ရန် သင်၏ စိတ်ပိုင်းဖြတ်ချက်ကို ချမှတ်ရုံမျှသာ ရှိသေးသည်။ သို့ရာတွင် သင်၏ စိတ်နှလုံးသည် တစ်ဒင်္ဂမျှဖြစ်သော အပျက်သဘောဆောင်သည့် ခံစားချက်များနှင့် ပြည့်သွားသည့်အခါ သမ္မာတရား လိုက်စားခြင်းအတွက် သင်၏စိတ်တွန်းအားသည် အရိပ်အယောင်ပင် မမြင်ရဘဲ ချက်ချင်း ပျောက်ကွယ်လျက် လုံးဝ ပျောက်ဆုံးသွားနိုင်သည်။ ဤအခြေအနေမျိုးတွင် သမ္မာတရား လိုက်စားရန် သင်၏ စိတ်တွန်းအား သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည့်အခါ သမ္မာတရား လိုက်စားမှုသည် စိတ်ဝင်စားဖွယ်မရှိဟု သင် ခံစားရပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကယ်တင်ခံရခြင်းသည် သင့်အတွက် မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။ ဤခံစားချက်နှင့် အခြေအနေမျိုး ပေါ်ပေါက်ခြင်းသည် သင့်အား ဘုရားသခင်၏ ရှေ့မှောက်သို့ တစ်ဖန် လာရန် မလိုမလား ဖြစ်စေသည်၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန်၊ သို့မဟုတ် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်လာရန် စိတ်ပိုင်းဖြတ်မှု တစ်ခုတလေ ရှိဖို့ဖြစ်စေ၊ ဆန္ဒရှိဖို့ဖြစ်စေ မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုရန်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန်ဖြစ်စေ သင့်အား မလိုမလား ဖြစ်စေလေသည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် လျှောက်ကြသည့် လူများအပေါ် ဤအမျိုးမျိုးသော အပျက်သဘောဆောင်သည့် ခံစားချက်များက ရှိသည့် ကြီးမားသော အတားအဆီးနှင့် သက်ရောက်မှု ဖြစ်သည်။ သာ၍ တိကျမှန်ကန်စွာပြောရလျှင် ထိုအရာများသည် လူတို့ကို အနှောင့်အယှက်များနှင့် ထိခိုက်နစ်နာမှု ဖြစ်စေပြီး သင် စုစည်းလိုက်နိုင်သည့် စိတ်ချယုံကြည်မှု အနည်းငယ်မျှနှင့် ယခုတင် သင်နားလည်ပြီးရုံသာ ရှိသည့် အပြုအမူ စည်းမျဉ်းအနည်းငယ်ကို မကြာခဏ နုတ်ယူသွားကာ အချည်းနှီး ဖြစ်သွားစေသည်။ တစ်ခဏချင်းတွင် ထိုအရာများက သင့်အား ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ ကောင်းချီးများ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သင့်အတွက် ထောက်ပံ့မှုတို့ကို သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သတိမမူမိနိုင်အောင် ဖြစ်စေပြီး ချက်ချင်း သင်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲမှ စိတ်ခံစားချက်တစ်ခုခုဖြင့် ပြည့်သွားလေသည်။ သင်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြင့် ပြည့်သွားသည့်အခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်ကို ချက်ချင်း ထိန်းချုပ်သွားလိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုကို သင် ခံရသည့်အခါ သင်သည် မတူကွဲပြားသော လူတစ်ဦး ချက်ချင်း ဖြစ်လာကာ သင့်အနီးအနားရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို မတူကွဲပြားသည့် သဘောသဘာဝ ပြသလေသည်။ ယခင်က သင်၌ ရှိခဲ့သည့် ချစ်ခြင်းမေတ္တာ မရှိတော့ပေ။ ယခင်က သင်၌ ရှိခဲ့သည့် စိတ်ရှည်ခြင်း မရှိတော့။ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန်၊ အခက်အခဲများကို ခါးစည်းခံပြီး အလုပ်ကြိုးစားလုပ်ဆောင်ရန် ယခင်က ရှိခဲ့သည့် အားအင် မရှိတော့။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် အစာမစားဘဲနေပြီး အနည်းငယ် အအိပ်လျှော့ရန် သင်၌ ရှိခဲ့သည့် စိတ်တွန်းအားသည် မရှိတော့သကဲ့သို့ ယင်း၏နေရာကို အစားထိုးသည့်အရာမှာ လူတစ်ဦးစီတိုင်းကို ရန်လိုစိတ် ဖြစ်သည်။ လူတိုင်းအတွက် သင် ခံစားရသည့် ဤရန်လိုစိတ်၏ အဓိက ရင်းမြစ်မှာ အဘယ်နည်း။ ထိုအရာသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာသကဲ့သို့ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ သင့်ထံတွင် ပေါ်ပေါက်စေခဲ့သည့် အတိတ်ကာလတွင် သင် တွေ့ကြုံပြီးဖြစ်သည့် အခြေအနေများ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများထံမှလည်း လာပေသည်။ သင်က “သူများတွေကို ကျွန်တော် သည်းညည်းခံပေမဲ့ ကျွန်တော့်ကို ဘယ်သူက သည်းညည်းခံသလဲ။ သူများတွေကို ကျွန်တော် နားလည်မှုပေးပေမဲ့ ဘယ်သူက ကျွန်တော့်ကို နားလည်မှုပေးသလဲ။ ကျွန်တော့် မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေကတောင် ကျွန်တော့်ကို ဘာနားလည်မှုမှ မပေးဘူး။ တခြားလူတွေအားလုံးက အမှားတွေ လုပ်ကြတဲ့အတွက် ကျွန်တော်လည်း အမှားလုပ်မိနိုင်ပါတယ်။ သူများတွေ ပြုပြင်ခံရချိန်မှာ အပျက်သဘောဆောင်မှုကို ဖွင့်ပြနိုင်တဲ့အတွက် ကျွန်တော်လည်း ဘယ်လိုလုပ် ဖွင့်မပြဘဲ နေမှာလဲ။ သူများတွေက ဩဇာလွှမ်းမိုးမှုနဲ့ ရာထူးအတွက် တခြားလူတွေကို ပါးပါးနပ်နပ် ယှဉ်ပြိုင်နိုင်ကြတယ်။ ဒါကြောင့် ကျွန်တော်က ဘာလို့ မလုပ်နိုင်ရမှာလဲ။ ခင်ဗျားလုပ်နိုင်ရင် ကျွန်တော်လည်း လုပ်နိုင်တယ်။ တခြားလူတွေက ကိုယ့်တာဝန် ထမ်းဆောင်နေချိန်မှာ လိမ်လည်လှည့်စားပြီး ကိုယ့်တာဝန်တွေကို ခေါင်းရှောင်ဖို့ ကြိုးစားကြတယ်။ ဒါကြောင့် ကျွန်တော်လည်း လုပ်မယ်။ တခြားလူတွေက သမ္မာတရား မလိုက်စားလို့ ကျွန်တော်လည်း လိုက်စားမှာမဟုတ်ဘူး။ တခြားသူတွေက စည်းမျဉ်း မရှိဘဲ ပြုမူကြလို့ ကျွန်တော်လည်း ပြုမူမယ်။ တခြားလူတွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်ကြလို့ ကျွန်တော်လည်း ကာကွယ်မှာ မဟုတ်ဘူး။ တခြားလူတိုင်း လုပ်တာကိုပဲ ကျွန်တော် လိုက်လုပ်လိုက်ရုံပဲရှိမယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြဿနာရှိလဲ”ဟု ဆိုသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်ပါသနည်း။ သင်ထုတ်ဖော်ပြသည့် သင်၏ အတွေးအရ ကြည့်သည်ဖြစ်စေ၊ စိတ်သဘောထားအရ ကြည့်သည်ဖြစ်စေ သင်သည် လုံးဝဥဿုံ ပြောင်းလဲသွားသည်မှာ အခြားလူတစ်ဦး ဖြစ်လာပြီးဖြစ်သည့်အလားပင် ဖြစ်၏။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေပါသနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ သင်သည် အတွင်း၌ ပြောင်းလဲမှုတစ်ခု ကြုံရပြီးဖြစ်ပေသည်။ အပေါ်ယံအနေဖြင့် သင်သည် မပြောင်းလဲသည့်ပုံရနိုင်ပြီး သင်၏ နေ့စဉ် လုပ်ရိုးလုပ်စဉ် မပြောင်းလဲပေ။ သင်၏ စကားလေယူလေသိမ်း မပြောင်းလဲ။ သင်၏ သွင်ပြင် မပြောင်းလဲသကဲ့သို့ မည်သူမျှက သင့်ကို ဦးဆောင်နေခြင်း မရှိ သို့မဟုတ် သင့်နောက်ကွယ်တွင် လှုံ့ဆော်နေခြင်း မရှိပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ရုတ်တရက် စိတ်ခံစားချက် တစ်ဟုန်ထိုးတက်ခြင်း ဖြစ်ပါသနည်း။ အကြောင်းရင်းတစ်ခုမှာ ထိုအရာကို သင့်စိတ်နှလုံး အတွင်းနက်နက်၌ ထည့်ထားသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများက ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ မိမိစိတ်အတွင်း၌ အမုန်းတရား၊ ဒေါသနှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အမြဲ သိုထားသည့် တစ်စုံတစ်ဦးသည် မိမိတို့၏ အခြေအနေ ကောင်းမွန်သည့်အခါ ဆုတောင်းရန်၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရှုရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားကာ မိမိတို့ တာဝန်ကို ထမ်းဆောင်နေချိန်တွင် အရာရာ ပုံမှန် ရှေ့ဆက်ဖို့ သေချာစေလိမ့်မည်။ မိမိတို့ အကြိုက်မဟုတ်သည့် တစ်စုံတစ်ရာကို ၎င်းတို့ ကြုံရပါက၊ သို့မဟုတ် အလုပ်နှင့် ဘဝတွင် အချို့သော ဆုတ်ဆိုင်းမှု၊ ကျရှုံးမှု သို့မဟုတ် အရှက်ရခြင်းတို့ကို ကြုံရပါက၊ သို့မဟုတ် သိက္ခာ ဆုံးရှုံးမှုအချို့၊ မိမိတို့ အကျိုးစီးပွားများအား ထိခိုက်နစ်နာမှု ခံစားရပါက ၎င်းတို့အတွင်းရှိ အပျက်သဘောဆောင်သော စိတ်ခံစားမှုများက ဆောင်ကြဉ်းလာသည့် အမုန်းတရားနှင့် ဒေါသတို့က ၎င်းတို့ကို အမျက်ဒေါသဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်လာစေပြီး ဒေါသအိုးပေါက်ကွဲသွားစေသည်။ ဆိုးယုတ်သောလူများ၏ နှိပ်စက်ခြင်း၊ သို့မဟုတ် အလျဉ်းသင့်သလို ရိုက်နှက်ခြင်း သို့မဟုတ် မိမိတို့၏ ပိုင်ဆိုင်မှု အသိမ်းခံရခြင်း သို့မဟုတ် ဆိုးယုတ်သော လူတို့၏ အနိုင်ကျင့်ခြင်း သို့မဟုတ် အရှက်ပင်ခွဲ ခံရခြင်းကဲ့သို့သော ထူးထူးခြားခြားဖြစ်သည့် အဖြစ်အပျက်အချို့ကို ယခင်က ၎င်းတို့ ကြုံခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ လူအချို့သည် လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အထက်လူကြီးများက အလုပ်တွင် ခက်ခဲအောင်လုပ်သည်ကို ခံကောင်းခံရနိုင်ပြီး လူအချို့မှာ ၎င်းတို့၏ ညံ့ဖျင်းသည့် ပညာရေး စွမ်းဆောင်ရည်၊ အိမ်တွင် မကောင်းသည့် အခြေအနေတို့ကြောင့်၊ သို့မဟုတ် ၎င်းတို့၏ မိဘများသည် လယ်သမားများဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ နိမ့်ကျသော အဆင့်အတန်းမှ လာခြင်းဖြစ်၍ စသည်တို့ကြောင့် ကျောင်းတွင် အတန်းဖော်များနှင့် ဆရာများ၏ ခွဲခြားဆက်ဆံခြင်းနှင့် မမျှတသည့် ဆက်ဆံမှုတို့ကို ခံစားရပြီး ဖြစ်ကောင်း ဖြစ်နိုင်သည်။ လူတစ်ဦးသည် လူမှုအဖွဲ့အစည်းတွင် မမျှတသော ဆက်ဆံမှုမျိုးစုံကို ခံစားရသည့်အခါ၊ ၎င်းတို့၏ လူ့အခွင့်အရေးများ ခွာချခြင်းခံရသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများ သိမ်းယူခံရသည့်အခါ သို့မဟုတ် ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၎င်းတို့ထံမှ ယူဆောင်သွားခံရသည့်အခါ အမုန်းတရား မျိုးစေ့များသည် ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက် နေရာများ၌ အလိုအလျောက် မျိုးစေ့ချခြင်း ခံလာရပြီး ထုံးစံအတိုင်း ၎င်းတို့သည် ဤအမုန်းတရားကို လူမှုအဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် မိမိတို့၏ မိသားစုအရင်းအချာ၊ မိမိတို့၏ မိတ်ဆွေများနှင့် ဆွေမျိုးများကို ချဉ်းကပ်သည့် နည်းလမ်းထဲသို့ ရောက်ရှိသွားစေကြသည်။ မိမိတို့ စိတ်နှလုံးများတွင် အမုန်းတရား မျိုးစေ့ချထားပြီးဖြစ်သူတို့၏ အမြင်များသည် ဤအမုန်းတရား၏ လွှမ်းမိုးမှု ခံရပြီး ၎င်းတို့၏ စိတ်ခံစားချက်များသည်လည်း ထိုအရာ၏ လွှမ်းမိုးခြင်းကို အလိုအလျောက် ခံရလိမ့်မည်။

အမုန်းတရားက လူတစ်ဦး စိတ်နှလုံးအတွင်းတွင် နက်နက် အမြစ်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုအမုန်းတရားသည် စိတ်ခံစားမှုတစ်ခု ဖြစ်လာပြီး တစ်စုံတစ်ဦးက ဤအမုန်းတရား စိတ်ခံစားမှုအတွင်းတွင် အသက်ရှင်သည့်အခါ လူသားမျိုးနွယ်အပေါ်နှင့် မည်သည့် ကိစ္စပေါ်တွင်မဆို ၎င်းတို့၏ ရှုထောင့်အမြင်သည် မမှန်ကန်တော့ပေ။ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များသည် တိမ်းစောင်းလာပြီး ၎င်းတို့ ပုံမှန်မြင်သည့်ပုံနှင့် ဆန့်ကျင်လာသည်။ ပုံမှန်ဖြစ်ပြီး လျော်ကန်သော မည်သည့် လူ၊ အဖြစ်အပျက်ကိုမဆိုဖြစ်စေ၊ မည်သည့်အမှုအရာကိုမဆိုဖြစ်စေ မှန်ကန်စွာ ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း မရှိဘဲ ထိုအရာများကိုလည်း ၎င်းတို့ ဝေဖန်ကာ ရှုတ်ချကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ နာကြည်းမှုနှင့် အမုန်းတရားတို့ကို ဖွင့်ထုတ်ရန် အခွင့်အရေးတစ်ခုကို ၎င်းတို့ အမြဲ ရှာကြသည်။ တစ်နေ့တွင် ၎င်းတို့သည် တန်ခိုးအာဏာနှင့် လွှမ်းမိုးမှု ရှိလိမ့်မည် ဖြစ်ကြောင်းနှင့် ဤနာကြည်းမှုများအားလုံးကို ၎င်းတို့ ပြုပြင်နိုင်လိမ့်မည်ဖြစ်ကာ အတိတ်တွင် ၎င်းတို့အား အနိုင်ကျင့်ပြီး နာကျင်အောင် လုပ်သူများအပေါ် လက်စားချေခြင်းကို အရယူနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြသည်။ သို့ရာတွင် လောလောဆယ်၌ ၎င်းတို့သည် ဤအရာကို စွမ်းဆောင်ရရှိရန် သင့်တော်သည့် နည်းလမ်းမရှိကြသောကြောင့် နောက်ဆုံးတွင် ၎င်းတို့အထဲမှ အချို့က ဘုရားသခင်ကို ယုံကြည်လာကြလိမ့်မည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးနောက်တွင် ၎င်းတို့က “ဪ၊ အခု ငါ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်ခေါင်းကိုယ် မော့နိုင်ပြီ။ အဲဒီဆိုးယုတ်တဲ့သူတွေ သူတို့နဲ့ ထိုက်တန်တာတွေကိုသာ ရရှိအောင် ငါ့အတွက် အမှုကိစ္စတွေကို ဘုရားသခင်ကို ဆုံးဖြတ်ခွင့် ပေးလိုက်မယ်။ ဒါ ကောင်းတယ်” ဟု တွေးကြသည်။ ထို့ကြောင့် ယခုတွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသောကြောင့် မိမိတို့၏ အမုန်းတရားနှင့် ဒေါသတို့ကို စိတ်အတွင်းနက်နက်တွင် ၎င်းတို့ မြှုပ်နှံထားကြသည်။ တစ်နေ့တွင် မိမိတို့၏ အားထုတ်မှုများက ကောင်းမွန်သည့်ကံကို ၎င်းတို့ထံ ဆောင်ကြဉ်းကာ အမှုအရာများကို ပြောင်းလဲပေးလိမ့်မည် ဖြစ်ကြောင်းနှင့် ၎င်းတို့ သာ၍ စိတ်ဓာတ်ကြံ့ခိုင်လာကာ မပျော့ညံ့တော့သည့် နေ့ရောက်လာသည့်အခါ ၎င်းတို့ကို အနိုင်ကျင့်ပြီး အလွန် အရှက်ရစေခဲ့သူများ အပြစ်ပေးခံရသည်ကို သေချာစေမည်ဖြစ်ကြောင်း မျှော်လင့်လျက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အသုံးခံရန်၊ အဖိုးအခပေးရန်၊ ဆင်းရဲဒုက္ခခံရန်၊ ဘုရားအိမ်တော်တွင် ဟိုသည် ပြေးလွှားကာ အလုပ်လုပ်ကြရန် အစွမ်းကုန် အားထုတ်ကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ထိုသို့သော အဆုံးမဲ့ နာကျင်မှုနှင့် အရှက်ရခြင်းတို့ကို ၎င်းတို့အား ဖြစ်စေသည့်သူများအပေါ် ရောက်စေသည့် အပြစ်ဒဏ်နှင့် ဒဏ်ခတ်ခံရခြင်းတို့ကို မိမိတို့၏ မျက်လုံးများဖြင့်တပ်အပ် မျက်မြင်ကြုံတွေ့ရန် ဖြစ်သည်။ ၎င်းတို့သည် အဖိုးအခပေးကာ မိမိတို့ကိုယ်ကို အသုံးခံလျက် ဤခံစားမှုကို ဘုရားသခင်၌ မိမိတို့၏ ယုံကြည်မှုထဲသို့ ရောက်ရှိစေသည်။ အပေါ်ယံတွင် ထိုအရာမှာ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ လုံးဝ စောဒက မတက်သည့်အလား၊ သို့မဟုတ် ဆန္ဒမရှိသည့်အလား၊ သို့မဟုတ် တောင်းဆိုခြင်း မရှိသည့်အလား ဘုရားအိမ်တော်တွင် မိမိတို့ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ခေါင်းမဖော်တမ်း ထမ်းဆောင်နေပြီး မည်သည့် ဆင်းရဲဒုက္ခပမာဏမျှ မကြီးမားလွန်းသည့်အလား ထင်ရပေသည်။ သို့သော် အမှန်တွင် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးထဲရှိ ထိုအမုန်းတရားနှင့် ဒေါသ စိတ်ခံစားမှုများသည် မပြေလည်မြဲ ဆက်ရှိနေပြီး ထိုအရာများကို ၎င်းတို့က လက်မလွှတ်ကြချေ။ တစ်စုံတစ်ဦးက မိမိ၏ ထင်မြင်ယူဆချက်ကို ပေးပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထောက်ပြသည်နှင့် ချက်ချင်း ၎င်းတို့သည် ဤပြဿနာကို ရင်ဆိုင်ပြီး ဖြေရှင်းရန်အလို့ငှာ ၎င်းတို့၏ အမုန်းတရားနှင့် ဒေါသခံစားမှုများထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ ချက်ချင်း ပြန်ထွက်ပြေးသွားကြသည်။ ၎င်းတို့က “ခင်ဗျားက ကျွန်တော့်ကို ချိုးချိုးဖဲ့ဖဲ့ ပြောနေတာလား။ ကျွန်တော်က ရိုးသားဖြောင့်မတ်တယ်လို့ ခင်ဗျားထင်လို့ ကျွန်တော့်ကို အနိုင်ကျင့်ဖို့ ခင်ဗျား ကြိုးစားနေတာလား။ ဒါကြောင့် လူတွေ အများကြီးက ကျွန်တော့်ကို အနိုင်ကျင့်ကြပေမဲ့ အဲဒီလူတွေအတွက် အဆုံးသတ်က ဘာဖြစ်မယ်ဆိုတာကို စောင့်သာ ကြည့်နေလိုက်”ဟု တွေးကြသည်။ လူတစ်ယောက်ယောက်က ၎င်းတို့အကြောင်း တစ်ခုခုပြောလိုက်သည်နှင့် ထိုသို့ပြောဆိုခြင်းက တမင်တကာ မရည်ရွယ်လျှင်ပင် ၎င်းတို့ကို နာကျင်စေလေသည်။ သို့ရာတွင် ထိုလူက စိတ်ခုစရာစကားအချို့ကို ထည့်ပြောလိုက်လျှင် အရာရာနှင့်ပတ်သက်၍ မုန်းတီးသော ခံစားချက်ဆီသို့ အမှုမဲ့အမှတ်မဲ့ ပြန်ရောက်သွားလျက် ၎င်းတို့၏ အမုန်းတရားနှင့် ဒေါသ စိတ်ခံစားမှုတို့ ထကြွလာသည်။ ဤရှုထောင့်အမြင်၊ ဤစိတ်ခံစားမှုက၊ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့် သဘောထား၊ ပြီးလျှင် ၎င်းတို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် ပုံစံများနှင့် နည်းလမ်းများကို ထိခိုက်သည်မှာ သိသာပေသည်။ ၎င်းတို့ထံ မည်သူက သဘာဝကျသော အယူအဆများနှင့် အကြံများ တင်ပြသည်ဖြစ်စေ ၎င်းတို့က “ငါ့ကို သူတို့က အထင်သေးပြီး အနိုင်ကျင့်ချင်နေကြတယ်။ ငါက အလွယ်လေး ကြိုးကိုင်ခြယ်လှယ်လို့ ရတယ်များ သူတို့ ထင်နေကြသလား” ဟု အမြဲ တွေးကြသည်။ ၎င်းတို့သည် အမှုကိစ္စများကို လုပ်ဆောင်ရာတွင် ဤရှုထောင့်အမြင်နှင့် ဤနည်းလမ်းအား အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုကြပြီး ထိုသို့ဖြစ်နေစဉ်တစ်လျှောက်တွင် ၎င်းတို့၏ အမုန်းတရားနှင့် ဒေါသ စိတ်ခံစားမှုတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် သာ၍ ခိုင်မာစွာ အမြစ်တွယ်လေသည်။ အမုန်းတရားနှင့် ဒေါသ စိတ်ခံစားမှုတို့သည် ၎င်း၏ အတွင်းကျကျ စိတ်နှလုံးတွင် နက်ရှိုင်းစွာ စွဲခိုင်လာသည်နှင့် ထိုအရာများ အဆက်မပြတ် ကြီးထွားပြီး ထိုလူက လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရင်ဆိုင်ရန် ထိုအရာများကို အဆက်မပြတ် အသုံးပြုကာ လူတိုင်းကို မုန်းရမည်ဖြစ်ကြောင်းနှင့် မည်သူကမျှ သူ့အပေါ် မကောင်းကြောင်း မိမိကိုယ်ကို စဉ်ဆက်မပြတ်လည်း အသိပေးနေလေသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အပေါ် ကောင်းသည်ဟု တစ်ခဏကြာ ယုံကြည်လျှင်ပင် သိပ်မကြာမီ ၎င်းတို့က “ဒီလို မတွေးလိုက်နဲ့။ ဘုရားကလွဲပြီး ဘယ်သူက အမှန်တကယ် ကောင်းမြတ်လို့လဲ။ လူကောင်းတွေဆိုတာ မရှိဘူး။ လူတိုင်းက ခင်ဗျားရဲ့ ကံမကောင်းတဲ့ ဖြစ်ရပ်တွေကို နှစ်ထောင်းအားရ ဖြစ်ကြပြီး ခင်ဗျားကို ဘယ်သူကမှ အဆင်မပြေစေချင်ကြဘူး။ ခင်ဗျားက မာယာကင်းတယ်လို့ ထင်ကြလို့ ခင်ဗျားကို သူတို့ အနိုင်ကျင့်ကြတာ။ ပြီးတော့ ခင်ဗျား တစ်ခုခုမှာ ဖြစ်မြောက်အောင်မြင်တာကို မြင်တော့ ခင်ဗျားကို သူတို့ မြှောက်ပင့်ပေးပြီး ကပ်ပါးရပ်ပါး လုပ်ဖို့လောက်ပဲ ကြိုးစားကြတာ။ ဒါကြောင့် ဘယ်သူ့ကိုမှ မယုံနဲ့။ ပြီးတော့ ဘယ်သူ့ကိုမှ ကြင်နာမှုနဲ့ မကြည့်နဲ့။ သူများတွေနဲ့ ပတ်သက်လို့ ခင်ဗျား သတိထားပြီး သံသယရှိနေမှ ဖြစ်မှာ”ဟု မိမိတို့ကိုယ်ကို မရည်ရွယ်ဘဲ အမှုမဲ့အမှတ်မဲ့ ပြောကြလေသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို စကားတစ်ခွန်း ပြောသည့်အခါတိုင်းတွင် ၎င်းတို့က “သူက ငါ့ကို ရန်မူနေတာလား။ သူဘာလို့ အဲဒါကို ပြောတာလဲ။ ငါ့ကို တိုက်ခိုက်ပြီး တစ်ခုခုအတွက် စာရင်းရှင်းဖို့ သူကြိုးစားနေတာလား။ သူက ငါ့ကို ကြိုးကိုင်ခြယ်လှယ်နေတာလား”ဟု တွေးလျက် ထိုအရာကို စိစစ်ကြလေသည်။ ဤမသင်္ကာမှု၊ အမုန်းတရားနှင့် ဒေါသ ခံစားချက်များသည် ၎င်းတို့ကို အဖန်တလဲလဲ အသိပေးပြီး လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့ကို ချဉ်းကပ်ကာ ကိုင်တွယ်ဖြေရှင်းရာတွင် ဤခံစားချက်များကို အမှုမဲ့အမှတ်မဲ့ အသုံးပြုစေသည့်တိုင် ဤအရာများက အပျက်သဘောဆောင်သော စိတ်ခံစားမှု အမျိုးအစားပေါင်းစုံ ဖြစ်သည်ကို ၎င်းတို့ကိုယ်တိုင်က လုံးဝ မသိကြချေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ၎င်းတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို တင်းကျပ်စွာ ထိန်းချုပ်ပြီး ၎င်းတို့၏ အတွေးကို တင်းကျပ်စွာ ချည်နှောင်ကာ မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာကိုမဆို မှန်ကန်သည့် ရှုထောင့်အမြင် သို့မဟုတ် ရှုထောင့်ဖြင့် ရှုမြင်ခြင်းမှ ၎င်းတို့ကို တားဆီးလေသည်။ အကြင်သူသည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ စိုးမိုးခြယ်လှယ်မှုအောက်တွင် စတင် အသက်ရှင်သည့်အခါ ထိုအရာ၏ ထိန်းချုပ်မှုမှ ရုန်းထွက်လွတ်မြောက်ရန် အလွန် ခက်လာသည်။ လူတစ်ဦးသည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို လက်မလွှတ်မီတွင် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ထိုအရာများဖြင့် ကြည့်ရှုလျက်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများမှ ထွက်ပေါ်သည့် မမှန်ကန်သော အမြင်များဖြင့် ချဉ်းကပ်ရင်း ထိုအရာများအတွင်းတွင် အမှုမဲ့အမှတ်မဲ့ အသက်ရှင်မိလေသည်။ ပထမဦးစွာ ဤအရာကြောင့် မလွဲမသွေ အစွန်းရောက်ခြင်း၊ မသင်္ကာမှု၊ သံသယနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ပင် ဖြစ်လာပြီး အခြားသူများကိုလည်း ရန်လိုစိတ်ဖြင့် ၎င်း ကြည့်ရှုကာ တိုက်ခိုက်လိမ့်မည်ဖြစ်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ထိုလူ၏ စိတ်နှလုံးအတွင်းရှိ ၎င်း၏ အတွေးများနှင့် အမြင်များကိုလည်းကောင်း၊ ၎င်းတို့၏ စကားနှင့် လုပ်ဆောင်ချက်တိုင်းကိုလည်းကောင်း ညွှန်ကြားလေသည်။ ထို့ကြောင့် ဤလူသည် အပျက်သဘောဆောင်သော စိတ်ခံစားမှုများဖြင့် နွံနစ်လာသည့်အခါ ၎င်းသည် သမ္မာတရားကို လိုက်စားသည့် သူတစ်ဦးဖြစ်ပါက ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် အတားအဆီးများ ဖြစ်ပေါ်စေကာ ၎င်း၏ စိတ်နှလုံးနှင့် အသိဉာဏ်ပေါ် သက်ရောက်မှုတစ်ခု ရှိသောကြောင့် ၎င်းအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု များစွာ လျော့နည်းသွားသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက ဖြစ်စေသည့် ရောနှောမှု၊ နှောင့်ယှက်ခြင်းနှင့် ထိခိုက်နစ်နာခြင်းတို့ကြောင့် ၎င်းလက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားတွင် အကန့်အသတ်တစ်ခု ရှိပြီး အခြေအနေ အချို့ကို ကြုံရသည့်အခါ မိမိ ခံစားချက်များ၏ လွှမ်းမိုးမှုကို အမြဲ ခံရလေသည်။ အရေးအကြီးဆုံးသော သက်ရောက်မှုမှာ ၎င်းသည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှု အမျိုးမျိုး၏ လွှမ်းမိုးမှုအောက်တွင် ကျရောက်ခြင်း ဖြစ်သောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ၎င်းအတွက် ပင်ပန်းနွမ်းနယ်စရာ ဖြစ်လာလေသည်။ ၎င်းသည် သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကိုဖြစ်စေ၊ ဘုရားသခင် ဖန်ဆင်းထားသည့် လွတ်လပ်သော အလိုဆန္ဒနှင့် ဗီဇကိုဖြစ်စေ မိမိ၏ အနီးအနားရှိ လူများနှင့် အမှုအရာများကို ချဉ်းကပ်ရာတွင်၊ ပြီးလျှင် မိမိ၏ အနီးဝန်းကျင်ရှိ လူများနှင့် အမှုအရာများကို ဝေဖန်ပိုင်းခြားရာတွင် လူက လက်တွေ့လုပ်ဆောင်ပြီး စောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများကိုဖြစ်စေ အသုံးပြုနိုင်ခြင်း မရှိပေ။

ယခုထက်ထိ ငါ ပြောဆိုပြီးသည့် ဤအရာများမှ မည်သည့်နည်းဖြင့်မဆို သင် ကြည့်သည်ဖြစ်စေ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် လူတစ်ဦးစီတိုင်း၏ စိတ်များကို အတိုင်းအတာ အနည်းနှင့်အများ နေရာယူကြသည်မှာ သိသာထင်ရှားပေသည်။ လူတို့၏ စိတ်များကို ၎င်းတို့ နေရာယူသောကြောင့် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အခါတွင် အခက်အခဲ ပမာဏ အနည်းငယ် ဖြစ်ပေါ်လိမ့်မည်။ ထိုအကြောင်းကြောင့် သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်ကို ၎င်းတို့ ဖြတ်သန်းရသည့်အခါတွင် လူတို့သည် ၎င်းတို့ထဲတွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ပေါ်စေသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို အဆက်မပြတ် လက်လွှတ်ရမည်။ ဥပမာအားဖြင့် အစောပိုင်းက ငါတို့ ဆွေးနွေးခဲ့ကြသည့် အပျက်သဘောဆောင်သော သိမ်ငယ်ခြင်း စိတ်ခံစားမှု ဖြစ်သည်။ သင်၏သိမ်ငယ်ခြင်း ခံစားချက်ကို မည်သည့် အခြေအနေက ဖြစ်ပေါ်စေသည်ဖြစ်စေ၊ မည်သူ မည်သည့် အဖြစ်အပျက်က ဖြစ်ပေါ်စေသည်ဖြစ်စေ သင်၏ ကိုယ်ပိုင် အစွမ်းအစ၊ သင်၏ ကိုယ်ပိုင် အားသာချက်၊ သင်၏ ပါရမီများနှင့် သင်၏ ကိုယ်ပိုင် လူ့သဘာဝ အရည်အသွေးအပေါ် မှန်ကန်သည့် သိနားလည်မှု သင် ရှိထားသင့်သည်။ သိမ်ငယ်နေရန်မှာ မမှန်သကဲ့သို့ ထောင်လွှားနေရန်မှာလည်း မမှန်ပေ။ ထိုအရာနှစ်ခုလုံးသည် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်သည်။ သိမ်ငယ်မှုက သင်၏ လုပ်ရပ်များ၊ သင်၏ အတွေးများကို ချည်နှောင်နိုင်ပြီး သင်၏ အမြင်များနှင့် ရှုထောင့်အမြင်ကို လွှမ်းမိုးနိုင်သည်။ အလားတူစွာ ထောင်လွှားမှုကလည်း ဤအပျက်သဘောဆောင်သည့် သက်ရောက်မှု ရှိသည်။ ထို့ကြောင့် သိမ်ငယ်မှုဖြစ်စေ၊ အခြားသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုဖြစ်စေ သင်သည် ဤခံစားမှုကို ဖြစ်ပေါ်စေသည့် အဓိပ္ပာယ်ကောက်ခြင်းများအပေါ် မှန်ကန်သည့် သိနားလည်မှု ရှိထားသင့်သည်။ ပထမဦးစွာ ထိုအဓိပ္ပာယ်ကောက်ချက်များသည် မမှန်ကန်ကြောင်းနှင့် သင်၏ အစွမ်းအစ၊ ပါရမီနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သင်၏ လူ့သဘာဝ အရည်အသွေးနှင့် စပ်လျဉ်း၍ ဖြစ်စေ သင်နှင့်ပတ်သက်၍ ထိုအရာများက ပြုလုပ်သည့် အကဲဖြတ်ချက်များနှင့် ကောက်ချက်များသည် အမြဲ မှားယွင်းကြောင်း သင် နားလည်သင့်သည်။ ထို့ကြောင့် သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော ခံစားချက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။ မိမိနှင့်ဆိုင်သည့် အသိပညာရရှိခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိဖြစ်ပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအကြောင်းရင်းအဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။ ဥပမာအားဖြင့် သင်သည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ရှိပြီး ကောင်းစွာ သီဆိုသော်လည်း သင်သည် ဂီတသံစဉ် အတက်အကျ ခွဲခြားနိုင်စွမ်း မရှိကြောင်းနှင့် သင်၏ သီဆိုခြင်းသည် ကီးမကိုက်ကြောင်း ပြောလျက် သင့်ကို လူအချို့က ဝေဖန်မြဲဝေဖန်ကာ သေးသိမ်စေသောကြောင့် ယခု သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်းမရှိဟု ခံစားရပြီး အခြားသူများရှေ့တွင် ထိုသို့မလုပ်ဆောင်ဝံ့တော့ဟု ဆိုပါစို့။ ထိုလောကီဆန်သည့်လူစု၊ ထိုနားဝေတိမ်တောင်ဖြစ်သော လူများနှင့် သာမညောင်ည လူများက သင်နှင့်ပတ်သက်၍ မှန်ကန်တိကျမှုမရှိသော အကဲဖြတ်ချက်များနှင့် ဝေဖန်သုံးသပ်မှုများကို ပြုလုပ်သောကြောင့် သင်၏ လူ့သဘာဝက ရထိုက်သည့် လုပ်ပိုင်ခွင့်များသည် လျော့ကျကာ သင်၏ ပါရမီသည် ချုပ်ထိန်းခြင်း ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သင်သည် သီချင်းတစ်ပုဒ်ကိုပင် မဆိုဝံ့သကဲ့သို့ သင့်အနီးအနားတွင် မည်သူမျှ မရှိသည့်အခါ သို့မဟုတ် မိမိတစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် လက်လွှတ်ပြီး သီချင်းအော်ဆိုဖို့ သတ္တိရှိလေသည်။ ယေဘုယျအားဖြင့် သင်သည် ဆိုးဆိုးရွားရွား သိုသပ်ချုပ်တည်းထားသောကြောင့် သင်တစ်ဦးတည်း မဟုတ်သည့်အခါ သီချင်း မဆိုဝံ့ချေ။ တစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် ကျယ်ကျယ်နှင့် ကြည်လင်စွာ သီချင်းဆိုနိုင်သည့်အချိန်ကို မွေ့လျော်ရင်း သီချင်း ဆိုဝံ့ပြီး ယင်းမှာ ကောင်းလိုက်သည့်၊ လွတ်မြောက်လိုက်သည့် အချိန်ပါတကား။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင့်ကို လူတို့လုပ်ဆောင်သည့် ထိခိုက်နစ်နာမှုကြောင့်၊ သင် အမှန်တကယ် လုပ်ဆောင်နိုင်သည့်အရာက မည်သည့်အရာ ဖြစ်သည်၊ မည်သည့်အရာတွင် သင် တော်ပြီး မည်သည့်အရာတွင် မတော်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ မသိ၊ မမြင်နိုင်ချေ။ ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။ သင်၏ ကိုယ်ပိုင် ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားပြီး ဆင်ခြင်စဉ်းစားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် သိမ်ငယ်မှုကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ အကြင်သူသည် ထိုအရာများကို ပိုင်းခြားသိမြင်နိုင်ပါက၊ ထိုအရာများကို သတိပြုမိပြီး သမ္မာတရားကို ရှာဖွေနိုင်ပါက ထိုသို့သော သိမ်ငယ်မှု ခံစားချက်များသည် ဖြေရှင်းရန် လွယ်ကူပေသည်။

မမျှတသည့် ဆက်ဆံရေးကို ခံစားရပြီးသူများ၊ လူ့အဖွဲ့အစည်း၊ ၎င်းတို့၏ အမျိုးမျိုးသော အလုပ်အကိုင်များနှင့် အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် မတရားစွာ ဆက်ဆံခံခဲ့ရပြီး ခွဲခြားဆက်ဆံခံခဲ့ရသူများအဖို့ မိမိတို့တွင် ထွက်ပေါ်သည့် အမုန်းတရား၊ ဒေါသတို့နှင့်ဆိုင်သည့် ခံစားချက်များကို ဖြေရှင်းရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ထိုအရာများသည် မည်သို့ ပြေလည်သွားသနည်း။ (သူတို့သည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားနှုတ်ကပတ်တော်များအတိုင်း မှတ်ယူရမည်။ အမုန်းတရား၊ ဒေါသနှင့်ဆိုင်သည့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ရမည်ဖြစ်ပြီး အတိတ်တွင် သူတို့ကို နာကျင်စေခဲ့သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို လက်လွှတ်ရမည်။) “လက်လွှတ်ခြင်း”သည် စကားလုံးများသာ ဖြစ်သည်။ သင် မည်သို့ လက်လွှတ်သနည်း။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးနှင့် ချိန်းတွေ့ပြီး အိပ်ရာထဲရောက်အောင် ထိုအမျိုးသား၏ လှည့်စားမှုခံရကာ သူ့ကို ငွေပေးမိသည်အထိ အလိမ်ခံလိုက်ရပြီး ဤအရာကို သူမ တွေးမိသည့်အခါတိုင်းတွင် ရုတ်တရက် ဒေါသထွက်လေသည်။ ဤဒေါသထွက်သည့်အခါ သူမသည် လက်သီးများဆုပ်ကာ သူမ၏ စိတ်နှလုံးနက်ရှိုင်းရာတွင် အမုန်းတရားဖြင့် ပြည့်သွားသည်။ ထိုလူ၏ မျက်နှာကို သူမ မြင်ယောင်သည်။ သူ ပြောခဲ့သမျှကို သူမ တွေးသည်။ သူမကို နာကျင်စေအောင် သူလုပ်ခဲ့သမျှကို သူမ တွေးပြီး ဤအရာများကို သူမ တွေးလေ၊ သာ၍ စိတ်ဆိုးလေ၊ သာ၍ ဒေါသထွက်လေ၊ သာ၍ ဒေါသူပုန်ထလေဖြစ်ပြီး သူမ၏ အမုန်းတရားက သာ၍ ကြီးထွားလေ ဖြစ်သည်။ ထိုအရာကို သူမ တွေးမြဲတွေးနေပြီး သူမ၏ တာဝန်ကို မလုပ်ချင်သည့်တိုင် အနားမယူဘဲ ဆက်သာ အလုပ်လုပ်ပြီး အခြားသူများနှင့် စကားပြောရန် မိမိကိုယ်ကို ပြောရင်း သူမသည် သာ၍ ဆိုးသည်ထက် ဆိုးရွားစွာ ခံစားရကာ ညတွင် အိပ်မရသည့်အခါ အိပ်မောကျရန် အိပ်ဆေးများကို မှီခိုရမည်ဖြစ်သည်။ သူမသည် တစ်ကိုယ်တည်း မနေဝံ့ပေ သို့မဟုတ် သူမ စိတ်နှလုံးကို အနားမပေးဝံ့ပေ။ သူမကိုယ်သူမ တစ်ကိုယ်တည်းရှိသည်ကို တွေ့ရသည့်အခိုက်အတန့်၊ သူမ အနားယူလိုက်သည့် အခိုက်အတန့်တွင် ဤအမုန်းတရားက သူမအထဲတွင် တစ်ဟုန်ထိုး ထွက်လာကာ သူမ လက်စားချေချင်သည်။ သူမကို နာကျင်အောင်လုပ်သူအား သေစေချင်သည်မှာ အသေဆိုးလေ ကောင်းလေပင် ဖြစ်သည်။ ထိုလူသည် ဝမ်းနည်းစရာ သေဆုံးခြင်းဖြင့် ဆုံးပါးသွားသည့် သတင်းကို တစ်နေ့တွင် သူမ အမှန်တကယ် ကြားရပါက၊ ထိုအခါမှသာ သူမ၏ အမုန်းတရား၊ ဒေါသတို့နှင့်ဆိုင်သည့် ခံစားချက်များကို သူမ လက်လွှတ်နိုင်လေသည်။ ထိုအကြောင်းကို တွေးလော့။ ထိုသူ အမှန်တကယ် သေဆုံးခဲ့ပါက၊ သူသည် သူနှင့် ထိုက်သင့်ရာကို ရရှိပြီး အပြစ်ပေးခံခဲ့ရပါက အမုန်းတရားနှင့် ဒေါသကို ဖြစ်ပေါ်စေခဲ့သည့် ထိုအဖြစ်အပျက်နှင့် သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် အလွန်နက်ရှိုင်းစွာ မြှုပ်နှံထားသည့် ထိုမှတ်ဉာဏ်ကို သင် ဖျောက်ပစ်နိုင်မည်လော။ ထိုအဖြစ်အပျက်၏ အမုန်းတရားကို သင် အမှန်တကယ် လက်လွှတ်နိုင်မည်လော။ ထိုအရာသည် အမှန်တကယ် ပျောက်ကွယ်နိုင်မည်လော။ (ပျောက်ကွယ်နိုင်မည် မဟုတ်ပါ။) သို့ဆိုလျှင် သင့်ကို နာကျင်အောင်လုပ်သည့် ထိုလူကို ပျောက်ကွယ်သွားစေပြီး အပြစ်ဒဏ်ပေးခြင်းကို ခံစားစေခြင်း သို့မဟုတ် အဆိုးရွားဆုံးသော သေခြင်းဖြင့် သေစေခြင်း သို့မဟုတ် အပြစ်ဒဏ်ခံစေခြင်း သို့မဟုတ် မကောင်းသည့် အဆုံးသတ်သို့ ရောက်စေခြင်းသည် အမုန်းတရားနှင့် ဒေါသကို ဖြေရှင်းရန် နည်းလမ်းဖြစ်သလော။ ယင်းသည် အမုန်းတရားနှင့် ဒေါသတို့ကို လက်လွှတ်ရန် နည်းလမ်း ဖြစ်သလော။ (မဟုတ်ပါ။) ထို့ကြောင့် လူအချို့က “ခင်ဗျားက အမုန်းတရား၊ ဒေါသတို့နဲ့ဆိုင်တဲ့ ဒီစိတ်ခံစားချက်တွေကို သိုထားတာကို တွေ့ရှိရတဲ့အခါမှာ ဒီစိတ်ခံစားချက်တွေကို လက်လွှတ်သင့်တယ်”ဟု ပြောကြသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် တစ်စုံတစ်ဦးက “ဒီစိတ်ခံစားချက်တွေကို လက်လွှတ်သင့်တယ်”ဟု ပြောသည့်အခါ မည်သည့်အရာ ဖြစ်သနည်း။ (အယူဝါဒ ဖြစ်ပါသည်။) မှန်သည်၊ အယူဝါဒ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း မဟုတ်ပေ။ သိမ်ငယ်သည့် ခံစားချက်ကို မည်သို့ ဖြေရှင်းရမည်ဆိုသည်ကို သင်တို့ကို ငါ ယခုတင် ပြောပြပြီးဖြစ်ကာ ဤသည်မှာ သိမ်ငယ်မှုကို လက်လွှတ်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ယခုတွင် သင်တို့သည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှိကြပြီလော။ (ရှိပါပြီ။) သို့ဆိုလျှင် အမုန်းတရားနှင့် ဒေါသကို သင်တို့ မည်သို့ လက်လွှတ်ကြသနည်း။ ထိုအရာများကို မစဉ်းစားခြင်းသည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သလော။ (မဟုတ်ပါ။) ထိုအရာများကို သင်၏ မှတ်ဉာဏ်မှ ထုတ်ပစ်ရန် လူအချို့က ပြောကြသည်။ ဤသည်မှာ ပြဿနာကို ဖြေရှင်းရန် နည်းလမ်းဖြစ်သလော။ ယင်းမှာ သင်သည် ဤအရာများကို လက်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုမည်လော။ (ဆိုလိုမည် မဟုတ်ပါ။) သင်တို့၏ခေါင်းများကို ခါခြင်း၊ မျက်လုံးများကို မှိတ်ခြင်းနှင့် မည်သည့်အရာကိုမျှ မစဉ်းစားခြင်း သို့မဟုတ် သင့်ကိုယ်သင် အလုပ်များစေခြင်းသည် ဤပြဿနာကို ဖြေရှင်းသည့် နည်းလမ်းမဟုတ်ပေ။ ပြီးလျှင် ဤသည်မှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ရန် မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း မဟုတ်ပေ။ ထို့ကြောင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ဤအရာများကို သင် မည်သို့ လက်လွှတ်နိုင်သနည်း။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ ဤအရာကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ကောင်းမွန်သည့် နည်းလမ်းတစ်ခု သင်၌ ရှိသလော။ ဤအရာများကို လက်လွှတ်ရန် ယင်းတို့ကို သင် ရင်ဆိုင်ရမည်။ ထိုအရာများမှ သင် ပုန်းကွယ်ခြင်း သို့မဟုတ် ထွက်ပြေးခြင်း မပြုရ။ တစ်ကိုယ်တည်းဖြစ်မည်ကို သင် မစိုးရွံ့လေသလော။ ဤအဖြစ်အပျက်ကို ပြန်သတိရရန် သင် မစိုးရွံ့သလော။ သင်၏ ဒဏ်ရာကို တစ်စုံတစ်ဦးက ပြန်ဆွမည်ကို သင် မစိုးရွံ့သလော။ ထို့ကြောင့် ထိုအရာကို ရင်ဆိုင်ကာ အတိတ်တွင် သင့်ကို ဒဏ်ရာရစေခဲ့ပြီး အမုန်းတရားနှင့် ဒေါသကို ခံစားစေခဲ့သည့် ထိုလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပြင် သင့်အပေါ် နက်ရှိုင်းသည့် သက်ရောက်မှုတစ်ခု ချန်ထားရစ်ခဲ့သူများနှင့် သင် အမှတ်ရနိုင်သည့် ထိုလူများအားလုံးကို မှတ်ပြီး အားလုံးကို ချရေးလော့။ ၎င်းတို့၏ လူ့သဘာဝကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ တစ်ခုပြီးတစ်ခု ပိုင်းခြားသိမြင်လော့။ ၎င်းတို့၏ စိတ်သဘောထားများကို သိရှိလော့။ ၎င်းတို့၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးကာ ထုတ်ဖော်ပြပြီး သိရှိ၍ ထိုလူများ မည်သည့်အရာ အတိအကျဖြစ်သည်ကို မြင်လော့။ သင်ရလာနိုင်သည့် တစ်ခုတည်းသော ကောက်ချက်ဖြစ်သည့် သင်၏ နောက်ဆုံး ကောက်ချက်မှာ ထိုလူများအားလုံး ဆိုးယုတ်သည်၊ မကောင်းဆိုးဝါးများ ဖြစ်ကြပြီး လူများမဟုတ်ဟူ၍ ဖြစ်ပေလိမ့်မည်။ သင့်ကို နာကျင်စေရန် သို့မဟုတ် ထောင်ဖမ်းရန်နှင့် ဒုက္ခပေးရန် မည်သည့် နည်းစနစ်ကို ၎င်းတို့ သုံးသည်ဖြစ်စေ ၎င်းတို့၏ အနှစ်သာရသည် လူများမဟုတ်။ မကောင်းဆိုးဝါး၏ အနှစ်သာရဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသူများ လုံးဝ မဟုတ်ပေ။ ထိုလူများထဲတွင် ဘုရားသခင်၏ အိမ်တော်သို့ လာနိုင်စွမ်းရှိသူ တစ်ဦးမျှမရှိ၊ သင်ကမူ ဘုရားသခင် ရွေးချယ်ထားသူ ဖြစ်ပေသည်။ သင်သည် ဘုရားအိမ်တော်တွင် တရားဒေသနာများကို နားထောင်နိုင်သည်။ ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ရှေ့မှောက်သို့ သင် လာနိုင်သည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ပြုစုပျိုးထောင်ပေးခြင်းနှင့် သင့်ကို ကြင်နာမှု ပြသခြင်း ဖြစ်သည်။ တစ်ဖက်တွင်မူ ထိုလူများသည် ဘုရားသခင်၏ အမြင်တွင် လူများအဖြစ် လုံးဝ မှတ်ယူခံရခြင်း မရှိလေပြီ။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို စတင် ယုံကြည်သည်နှင့် သင်သည် ထိုသူတို့နှင့် ကင်းအောင် နေသင့်သည်။ ၎င်းတို့နှင့် ပေါင်းဖော်လိုစိတ်ရှိနေဆဲဖြစ်ပါက ထိုသူများကို သင် ဧကန်မုချ လွှမ်းမိုးနိုင်လိမ့်မည်မဟုတ်သကဲ့သို့ ထိုသူတို့၏ ဖိနှိပ်မှုနှင့် နှိပ်စက်မှုတို့ကို သင် ခံရလိမ့်မည်။ ထိုသူတို့၏ ခွဲခြားဆက်ဆံခြင်းနှင့် စော်ကားခြင်းတို့ကို ခံရလိမ့်မည်။ ထိုသူတို့၏ ဒုက္ခပေးခြင်းကို ခံရလိမ့်မည်။ ထိုသူတို့၏ မတရားဖိနှိပ်ခြင်းကိုပင် သင် ခံရလိမ့်မည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မကောင်းဆိုးဝါးများ လုပ်ဆောင်သည့်အရာနှင့် စာတန်လုပ်ဆောင်သည့်အရာတို့ကို ထင်ထင်ရှားရှား ပြသသည်။ ၎င်းတို့နှင့် ပေါင်းဖော်ရခြင်းနှင့် ခိုက်ရန်ဖြစ်ခြင်းကို သင် မွေ့လျော်ပါက သင်သည်လည်း လူတစ်ဦး မဟုတ်ပေ။ သင်သည် ၎င်းတို့နှင့် အတူတူပင် ဖြစ်ပြီး ၎င်းတို့ကဲ့သို့ အလားတူ အမှုအရာများကို လုပ်နိုင်စွမ်း ရှိပေသည်။ ဤသည်မှာ မကောင်းဆိုးဝါးများသည် လူတို့ကို ထောင်ဖမ်းရုံမက အချင်းချင်းကိုလည်း ဒုက္ခပေးကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ မကောင်းဆိုးဝါး၏ သဘောသဘာဝ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရကာ ဘုရားသခင် ဖန်ဆင်းသည့် လူသားမျိုးနွယ်နှင့် သင် သက်ဆိုင်သည့်အလား သင့်ကို မြင်ရသည့်အခါ မကောင်းဆိုးဝါးများသည် သင့်ကို အဘယ်သို့ မမဲဘဲ နေနိုင်မည်နည်း။ သင့်ကို ၎င်းတို့ အဘယ်သို့ မနာကျင်စေဘဲ၊ ထောင်မဖမ်းဘဲ နေနိုင်ကြမည်နည်း။ ၎င်းတို့သည် လူတိုင်းကို အန္တရာယ်ပြုသည်။ ၎င်းတို့သည် အချင်းချင်း အန္တရာယ် ပြုကြသောကြောင့် လူတို့ကို ပို၍ပင် အလျှော့ပေးလိမ့်မည် မဟုတ်၊ သို့မဟုတ် ပို၍ပင် အနှောင့်အယှက်မပေးဘဲ နေလိမ့်မည်မဟုတ်ပေ။ ဤအရာက ဤလောကနှင့် လူသားမျိုးနွယ်သည် ဘီလူးသရဲစီးနေကြပြီး စာတန်၏ လုပ်ဆောင်ချက်များဖြင့် လုံးလုံးလျားလျား လွှမ်းမိုးခြင်း ခံရကြောင်းကို ထင်ရှားစေသည်။ လူကောင်းတစ်ဦးဖြစ်ရန်မှာ အလွန့်အလွန် ခက်ခဲပြီး မည်သူတစ်ဦး၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုမျှ မခံချင်သည့် သာမန်လူတစ်ဦးမျှသာ ဖြစ်ရန်မှာလည်း အလွန့်အလွန် ခက်ခဲ၏။ ထိုအရာကို ရှောင်ရှားရန် သင် ကြိုးစားသော်လည်း မရနိုင်။ ဤသည်မှာ လောကကြီး၏ အမှန်တရား ဖြစ်သည်။ ကျောင်းစတက်ရလောက်အောင် သိနားလည်ခြင်းမှနေ၍ လူမှုအဖွဲ့အစည်းထဲသို့ ဝင်ရောက်ခြင်းနှင့် အလုပ်စလုပ်ခြင်း၊ သေဆုံးခြင်းအထိ တစ်လျှောက်လုံး မည်သူသည် မိမိ၏ တစ်သက်တာအတွင်းတွင် လုံးဝ ကြိုးကိုင်ခြယ်လှယ်ခံရခြင်း၊ သို့မဟုတ် လှည့်ဖြားခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို မခံရလေပြီနည်း။ ဤသို့သောသူ တစ်ဦးမျှ မရှိပေ။ သင်သည် မည်မျှ ကျွမ်းကျင်ပါစေ၊ တတ်စွမ်းနိုင်ပါစေ၊ သင့်ကို ကြိုးကိုင်ခြယ်လှယ်ရန် သင့်ထက် သာ၍ ဖြုံရလောက်သည့် တစ်စုံတစ်ဦး အမြဲရှိလိမ့်မည်။ သို့ရာတွင် ခြားနားချက်မှာ လူတို့တွင် ရှင်သန်ခြင်းအတွက် မတူကွဲပြားသည့် အတွေးအခေါ်များ ရှိခြင်း ဖြစ်သည်။ လူအချို့သည် ဒုက္ခကို သည်းညည်းခံကာ ကျိတ်မှိတ်လက်ခံကြသော်လည်း အချို့မှာ မတူပေ။ အကြိမ်များစွာ လှည့်ဖြားခံရခြင်းကို တွေ့ကြုံရပြီး ၎င်းတို့ နောက်ထပ် မခံနိုင်တော့သည့်အထိ အနိုင်ကျင့်ခံရကာ အလွန်ပြင်းထန်စွာ ဒုက္ခဆင်းရဲခံရပြီးနောက်တွင် အမုန်းတရားနှင့် ဒေါသကဲ့သို့သော စိတ်ခံစားချက်များ ၎င်းတို့ထဲတွင် ပေါ်ထွက်ပြီး လူသားမျိုးနွယ်ကိုရော လူမှုအဖွဲ့အစည်းကိုပါ မုန်းကြလေသည်။ သင့်ကို ဒုက္ခပေးသူများ၏ အနှစ်သာရနှင့် သဘောသဘာဝကို သင် မြင်ကာ ၎င်းတို့၏ အနှစ်သာရသည် မကောင်းဆိုးဝါးများ၏ အနှစ်သာရဖြစ်ကြောင်း သင် မြင်သည်နှင့် သင် ခံစားရသည့် အမုန်းတရားနှင့် ဒေါသတို့သည် လူတို့အပေါ် ဦးတည်ခြင်း မရှိတော့ဘဲ မကောင်းဆိုးဝါးများအပေါ် ဦးတည်ပေသည်။ သို့ဆိုလျှင် သင်၏ အမုန်းတရား လျော့နည်းသွားသလော။ (လျော့နည်းသွားပါသည်။) သင်၏ အမုန်းတရားသည် အတော်အတန် လျော့သွားသည်။ အတော်အတန် လျော့ခြင်း၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။ ယင်းမှာ ထိုအခြေအနေမျိုးကို သင် တစ်ဖန်ကြုံရသည့်အခါ သင်သည် တစ်ဖန် စိတ်လှုပ်ရှား ထိခိုက်လွယ်မည် မဟုတ်သကဲ့သို့ ထိုအခြေအနေကို တဇောက်ကန်းနည်းဖြင့် သဘောထားမည်မဟုတ်ခြင်းပင် ဖြစ်သည်။ ထိုအစား ထိုအရာကို သင် မှန်ကန်စွာ သဘောထားလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသုံးပြုလျက် ထိုအရာကို ပိုင်းခြားသိမြင်ကာ ကိုင်တွယ်လိမ့်မည်။ သင့်ကို တစ်ဖန် ဒုက္ခပေးခဲ့သူများကို လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှုထောင့်မှ ရှုမြင်လိမ့်မည်ဖြစ်ပြီး ထိုသူများကို သင် ကိုင်တွယ်ရာတွင် ဘုရားသခင်က သင့်ကို သွန်သင်ထားသည့် နည်းလမ်း၊ ဘုရားသခင်က သင့်ကို ပြောပြခဲ့သည့် နည်းလမ်းနှင့် စည်းမျဉ်းများကို သင် အသုံးပြုလိမ့်မည်။ သင့်ကို ဘုရားသခင် ပြောပြခဲ့သည့် နည်းလမ်းကို အသုံးပြုလျက် ၎င်းတို့ကို သင် ကိုင်တွယ်သည့်အခါ သင့်အထဲတွင် အမုန်းတရားနှင့် ဒေါသတို့ တစ်ဖန် ဖြစ်ပေါ်ရမည့်အစား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သင် သိရှိလာလိမ့်မည်၊ မကောင်းဆိုးဝါးများ၏ သဘောသဘာဝကို သိရှိကာ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု သာ၍ များစွာ နက်နဲပြီး တစ်စတစ်စ ပြောင်းလဲ တိုးတက်သော နည်းလမ်းဖြင့် သင် ခိုင်မာစေကာ မှန်ကန်ကြောင်း အတည်ပြုလာလိမ့်မည်။ ဤသို့သော ကိစ္စရပ်တစ်ခုကို ရှုမြင်ရန် သင့်ကို ဘုရားသခင် ပြောပြခဲ့သည့် ဘုရားနှုတ်ကပတ်တော်များနှင့် နည်းလမ်းများကိုလည်းကောင်း၊ သင့်ကို သူ သွန်သင်ပေးခဲ့သော နည်းလမ်းကိုလည်းကောင်း သင် အသုံးပြုသည့်အခါ ဤကိစ္စရပ်သည် သင့်ကို တစ်ဖန် ဒုက္ခပေးမည် မဟုတ်သကဲ့သို့ သင်၏ အမုန်းတရားနှင့် ဒေါသတို့ကို နက်သည်ထက် နက်အောင် လုပ်မည် မဟုတ်။ ထိုမျှပင်မက ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာက သင်၏ အတွင်းကျကျ စိတ်နှလုံးထဲရှိ အမုန်းတရားနှင့် ဒေါသတို့ကို တဖြည်းဖြည်း လျော့ပါးစေလိမ့်မည်။ ပြီးလျှင် သင်သည် ဤကိစ္စမျိုးကို အဖန်ဖန် ကြုံရသည်နှင့်အမျှ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားကာ သင်၏ စိတ်သဘောထား ပြောင်းလဲလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။