သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁) အပိုင်း သုံး

ခ။ ဘုရားသခင်၏ အမှုတော်တွင် သူ ရရှိရန် ရည်ရွယ်သည့် ရလဒ်များနှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ

ဘုရားသခင်၏ အမှုတော်သည် အနန္တတန်ခိုးနှင့် ပြည့်စုံပြီး အံ့ဩဖွယ်ကောင်းသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့် အသက်ဖြစ်သော်လည်း လူတို့ကို ညတွင်းချင်း စုံလင်စေရန် သို့မဟုတ် ပြောင်းလဲစေရန် မဖြစ်နိုင်ပေ။ အချို့လူတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်ရာ အဘယ်ကြောင့် ယခုထိ မပြောင်းလဲသေးသနည်း။ အဘယ်ကြောင့် သန့်ရှင်းစင်ကြယ်ခြင်းကို ယခုထိ မရရှိသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ လောကကို ချစ်နေဆဲဖြစ်သနည်း။ အဘယ်ကြောင့် ဤမျှ အချည်းနှီးသောဂုဏ်ကို တပ်မက်နေဆဲဖြစ်သနည်း။ အဘယ်ကြောင့် ကောက်ကျစ်ဆိုးယုတ်သော တပ်မက်စိတ် ရှိနေဆဲဖြစ်သနည်း။ ကျွန်ုပ်သည် ဘာသာတရားမရှိသူများ၏ လောက၏ ဗီဒီယိုအချို့ သို့မဟုတ် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခြင်းကို ယခင်က နှစ်သက်ခဲ့သည်။ ကျွန်ုပ်သည် ယခုအချိန်အထိ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်ပေါင်းများစွာ စားသောက်ခဲ့ကာ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး အမှုအရာများကို စွန့်လွှတ်ခဲ့၍ နှစ်ပေါင်းများစွာ မိမိကိုယ်ကို အသုံးခံခဲ့ပြီးဖြစ်သည့်အပြင် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ ထိုအရာများကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ခံစားရသော်ငြားလည်း အဘယ်ကြောင့် အခါအားလျော်စွာ ထိုအရာများကို ကြည့်ရှုချင်နေဆဲဖြစ်သနည်း” ဟု မကြာခဏ ပြောဆိုကြသည်။ ဤသည်တို့မှာ လူတို့၌ရှိသော အယူအဆအချို့ ဖြစ်သည် မဟုတ်လော။ အထူးသဖြင့် အချို့လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကိုယ်ကိုထိုး၍နှိပ်စက်ခြင်း၊ ဇာတိပကတိ၏ သာယာမှုများကို မတပ်မက်ခြင်း၊ ပို၍ ဆင်းရဲဒုက္ခခံပြီး အားသွန်ခွန်စိုက်လုပ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခများစွာကို ကျော်လွှားနိုင်ခြင်းကဲ့သို့သော အမှုအရာများကို အစဉ်လိုက်စားကြသည်။ သို့သော် ၎င်းတို့သည် ဤနည်းလမ်းဖြင့် ဆက်လက် လိုက်စားနေကြသော်လည်း ဇာတိပကတိ၏ လွန်ကျူးသော လိုအင်ဆန္ဒများ၊ သက်သောင့်သက်သာဖြစ်မှုကို ၎င်းတို့၏ မက်မောခြင်းနှင့် ပျင်းရိခြင်းတို့၏ ထိန်းချုပ်မှုကို မကြာခဏ ခံနေရဆဲဖြစ်သည်ဟု ၎င်းတို့ ခံစားကြရဆဲဖြစ်ရာ ၎င်းတို့သည် မကြာခဏ အပျက်သဘောဆောင်လာပြီး “ဘုရားသခင်၏ အမှုတော်သည် ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အဘယ်ကြောင့် ကျွန်ုပ်သည် ဤမျှ စိတ်ပျက်ဖွယ်ကောင်းပြီး မကြာခဏ အပျက်သဘောဆောင်နေရဆဲ ဖြစ်သနည်း” ဟု တွေးလျက် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် တာဝန်တစ်ခု၌ ရလဒ်အနည်းငယ် စွမ်းဆောင်ရရှိပြီး လူတိုင်း၏ အသိအမှတ်ပြုမှုကို ရရှိသည့်အခါ စိတ်သက်သာရာရကာ “ကျွန်ုပ်၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိနေသေးသည်။ ဘုရားသခင်၏ အမှုတော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အလွန်ကောင်းမြတ်လှသည်။ ကိုယ်တော်၏ အမှုတော်သည် လူတို့ကို အမှန်တကယ် ပြောင်းလဲစေနိုင်သည်” ဟု တွေးထင်ကြသည်။ သို့သော် ခဏအကြာတွင် ၎င်းတို့သည် မိမိတို့၏ ချစ်ခင်ရသူများကို လွမ်းဆွတ်နေဆဲဖြစ်သည်ဟု ခံစားကြရသည်။ အထူးသဖြင့် ၎င်းတို့သည် တစ်ခါတစ်ရံတွင် မိမိတို့ တစ်ချိန်က မြတ်နိုးခဲ့သောသူများကိုပင် ပြန်လည်အောက်မေ့ကြပြီး ၎င်းတို့ နေထိုင်ခဲ့သော လောကီအသက်တာကို တမ်းတမ်းတတ ပြန်လည်အမှတ်ရကြကာ လောက၌ ရှိစဉ်က ၎င်းတို့၏ ရွှေရောင်တောက်ပခဲ့သော နေ့ရက်များကို အမှန်တကယ် လွမ်းဆွတ်ကြသောကြောင့် “အဘယ်ကြောင့် ကျွန်ုပ်သည် ထိုအရာများကို လွမ်းဆွတ်နေဆဲဖြစ်သနည်း။ အဘယ်ကြောင့် ဇာတိပကတိ၏ သာယာမှုများကို မစွန့်လွှတ်သေးဘဲ လောကနှင့် သီးခြားခွဲထွက်၍ သန့်ရှင်းစွာ အသက်မရှင်သေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် ယခုထိ မပြောင်းလဲသေးသနည်း” ဟု ၎င်းတို့ အံ့ဩကြသည်။ ပြီးလျှင် ၎င်းတို့သည် နောက်တစ်ဖန် စိတ်မချမ်းမသာ ဖြစ်ကြပြန်သည်။ ၎င်းတို့သည် ဤအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များအလယ်တွင် မကြာခဏ ကျင်လည်နေကြသည်။ ၎င်းတို့၏ အခြေအနေသည် တစ်ခါတစ်ရံ ကောင်းပြီး တစ်ခါတစ်ရံ ဆိုးသည်၊ ၎င်းတို့သည် ခဏတာ အားနည်းပြီးနောက် ခဏတာ အားရှိသည်၊ ၎င်းတို့သည် ခဏတာ အပျက်သဘောဆောင်ပြီးနောက် ခဏတာ အပြုသဘောဆောင်သည်။ ၎င်းတို့သည် နေ့စဉ်အသက်တာရှိ မိမိတို့၏ သရုပ်သကန်များကို အခြေခံ၍ မိမိတို့ကိုယ်ကို မကြာခဏ ဆုံးဖြတ်သတ်မှတ်ကြသည်။ ၎င်းတို့သည် ကောင်းသော အခြေအနေ၌ ရှိနေပါက မိမိတို့သည် ကယ်တင်ခြင်းခံရမည့်သူများဖြစ်သည်ဟု ယူဆကြသည်၊ မကောင်းသော အခြေအနေ၌ ရှိနေပါက မိမိတို့ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိတော့ကြောင်းနှင့် ကယ်တင်၍မရနိုင်တော့ကြောင်း ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် အစွန်းတစ်ဖက် သို့မဟုတ် အခြားတစ်ဖက်၌ ရှိနေကြသည်။ ၎င်းတို့သည် ကောင်းသော အခြေအနေ၌ ရှိနေသည့်အခါ မိမိတို့သည် သန့်ရှင်းသူတစ်ဦးကဲ့သို့ ဖြစ်ပြီး ဘုရားသခင်နှင့် အလွန်နီးစပ်သည်ဟုလည်းကောင်း၊ မိမိတို့နှင့် ဘုရားသခင်အကြားတွင် မည်သည့်အတားအဆီးမျှ မရှိဟုလည်းကောင်း ခံစားကြရပြီး ဘုရားသခင်သည် မိမိတို့၏ ဘေး၌ပင် ရှိနေသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မကောင်းသော အခြေအနေ၌ ရှိနေသည့်အခါ မိမိတို့သည် ငရဲ၏ ၁၈ ထပ်မြောက် အလွှာထဲသို့ ကျရောက်သွားပြီး ဘုရားသခင်ကို မမြင်နိုင်၊ မထိတွေ့နိုင်ဟု ခံစားကြရကာ ဘုရားသခင်သည် မိမိတို့နှင့် အလွန်ကွာဝေးသည်ဟု ခံစားကြရသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ၎င်းတို့၌ ဤအခြေအနေများ ရှိနေသနည်း။ ဤအခြေအနေများသည် ပုံမှန်လော သို့မဟုတ် ပုံမှန်မဟုတ်လော။ (ပုံမှန်မဟုတ်ပါ။) ၎င်းတို့သည် ကောင်းသော အခြေအနေ၌ ရှိနေသည့်အခါ အသင်းတော်က ၎င်းတို့ကို လုပ်ဆောင်ရန် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြပြီး မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်ကာ မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံနိုင်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်နိုင်သည်။ ၎င်းတို့က မိမိတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ဆုံးသောသူ ဖြစ်သည်ဟုလည်းကောင်း၊ မိမိတို့သည် ဘုရားအိမ်တော်ရှိ သမ္မာတရားကို လိုက်စားသော လူတစ်ဦး ဖြစ်သည်ဟုလည်းကောင်း၊ မည်သည့်အခက်အခဲကမျှ ၎င်းတို့ကို အကျပ်မရိုက်စေနိုင်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် အလွန်ကြိုးစားလုပ်ဆောင်ကြပြီး ကြိုးစားအားထုတ်လိုစိတ်ရှိကြသည်။ အခြားသူများနှင့် မိတ်သဟာယဖွဲ့သည့်အခါ မည်မျှပင် စကားပြောဆိုပါစေ ပင်ပန်းသည်ဟု ၎င်းတို့ မခံစားရဘဲ အစာတစ်နပ်လွတ်ခြင်း သို့မဟုတ် အိပ်ချိန် နှစ်နာရီ၊ သုံးနာရီ လျော့နည်းခြင်းကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံလိုပြီး မိမိတို့၏ တစ်သက်တာလုံးကို ဘုရားသခင်ထံ ရည်စူးဆက်ကပ်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ ပြောင်းလဲပြီးဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ မိသားစုအကြောင်းကို မစဉ်းစားကြတော့ပေ၊ မိမိတို့ တစ်ချိန်က ချစ်ခဲ့သောသူများကို မလွမ်းဆွတ်ကြတော့ပေ၊ ပြီးလျှင် လောက၌ မိမိတို့ ရရှိခဲ့သော ဘုန်းကျက်သရေနှင့် ဂုဏ်ကို တမ်းတမ်းတတ ပြန်လည်အမှတ်မရကြတော့ပေ။ ၎င်းတို့သည် ထိုအရာအားလုံးကို ကောင်းကင်ဘုံ၏ အပြင်ဘက်သို့ လွှင့်ပစ်လိုက်ပြီး စိတ်နှလုံးအကြွင်းမဲ့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြကာ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းလျက်၊ အနှောင့်အယှက်ပေးခြင်းများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသူတိုင်းကို ပြုပြင်လျက်၊ ဘုရားအိမ်တော်အတွက် တရားမျှတမှုကို ထိန်းသိမ်းလျက်၊ တရားမျှတမှုဘက်၌ ခိုင်မာစွာ ရပ်တည်လျက်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်လျက်၊ တင်းကျပ်ပြီး မျှတသော “တရားသူကြီး” တစ်ဦးအဖြစ် မိမိတို့၏ ပုံရိပ်ကို တည်ဆောက်ကြသည်။ ၎င်းတို့သည် ခဏတာအတွက် အတော်ပင် ကောင်းစွာ လုပ်ဆောင်ကြသည်။ သို့သော် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့် သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့် အချိန်တစ်ခု ရောက်လာနိုင်ပြီး ထိုအခါတွင် ၎င်းတို့သည် “ဘုရားသခင်က ကျွန်ုပ်ကို ထုတ်ဖော်ပြီ၊ ကိုယ်တော်သည် ကျွန်ုပ်ကို မချစ်တော့ပါ” ဟု တွေးလျက် အပျက်သဘောဆောင်ပြီး အားနည်းလာကြလိမ့်မည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် ပြန်လည်နလန်ထူနိုင်တော့မည် မဟုတ်ပေ။ ၎င်းတို့က မိမိတို့သည် ဘာမျှမဟုတ်ကြောင်းနှင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြောင်း၊ မိမိတို့၌ တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များနှင့် ကောက်ကျစ်ဆိုးယုတ်သော တပ်မက်စိတ်များ ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့ တစ်ချိန်က ချစ်ခဲ့ပြီး နှစ်သက်ခဲ့သောသူများကို မကြာခဏ လွမ်းဆွတ်ကြောင်း၊ မိမိတို့သည် မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းကြောင်း၊ မိမိတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်နေဆဲဖြစ်ကြောင်း၊ မိမိတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြောင်း၊ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့သော်လည်း မပြောင်းလဲသေးကြောင်း ခံစားကြရပြီး “ဤသည်မှာ ကျွန်ုပ်အတွက် အဆုံးသတ်ပြီဟု မဆိုလိုပေလော” ဟု တွေးထင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၌ ကယ်တင်ခြင်းခံရရန် အခွင့်အရေးမရှိတော့ကြောင်းနှင့် မိမိတို့အတွက် လုံးဝ မျှော်လင့်ချက်မရှိတော့ကြောင်း တွေးထင်ကြလိမ့်မည်။ ၎င်းတို့သည် ပျော်ရွှင်သည့်အခါ အတိုင်းမသိ ဝမ်းမြောက်ကြပြီး နာကျင်သည့်အခါ မယုံနိုင်လောက်အောင်ပင် ဆင်းရဲဒုက္ခရောက်ကြသည်။ ၎င်းတို့သည် အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးပြောင်းလျက် ဤအစွန်းနှစ်ဖက်သို့ အစဉ် သွားလာနေကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤအခြေအနေများနှင့် သရုပ်သကန်များသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ စိတ်မချမ်းမသာဖြစ်ခြင်းဖြစ်စေ အချုပ်အားဖြင့် ဤသည်မှာ ပြဿနာအမျိုးအစားတစ်ခုတည်းပင် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နှက်နေခြင်း၊ မိမိတို့၏ စိတ်ခံစားချက်များကို အခြေခံ၍လည်းကောင်း၊ ကာလတစ်ခုအတွင်း မိမိတို့၏ ထုတ်ဖော်မှုများနှင့် သရုပ်သကန်များကို အခြေခံ၍လည်းကောင်း မိမိတို့ကိုယ်ကို အစဉ်သဖြင့် ဆုံးဖြတ်သတ်မှတ်ခြင်းနှင့် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းတို့ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အမှုတော်ကိုလည်းကောင်း၊ လူတို့အပေါ် ဘုရားသခင်၏ အမှုတော်မှ ရရှိသော ရလဒ်များကိုလည်းကောင်း၊ လူတို့အပေါ် ဘုရားသခင်၏ အမှုတော်က ရရှိစေသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်ကိုလည်းကောင်း ဆုံးဖြတ်သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် အပြုသဘောဆောင်သည့်အခါ ဘုရားသခင် ရှေ့မှောက်၌ ဆုတောင်းကြပြီး မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ မိမိတို့၏ တစ်သက်တာလုံးကို ဘုရားသခင်ထံ ရည်စူးဆက်ကပ်ရန် လိုလားလျက်၊ ဘုရားသခင်နောက်လိုက်ပြီး ကိုယ်တော့်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားလျက် ငိုကြီးချက်မဖြင့် မိမိတို့၏ သန္နိဋ္ဌာန်ကို ဖော်ပြကြသည်။ ၎င်းတို့သည် ဤကဲ့သို့ ဆုတောင်းပြီး သန္နိဋ္ဌာန်များ ချမှတ်သည့်အခါ အခက်အခဲအားလုံးသည် အခက်အခဲများ မဟုတ်တော့ဟု ခံစားကြရသည်။ ၎င်းတို့သည် မျက်ရည်ကျသည်အထိ တို့ထိခံစားရပြီး ယင်းမှာ မိမိတို့ကို တို့ထိသော သန့်ရှင်းသောဝိညာဉ်တော်ပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က “သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်ကို တို့ထိလေပြီ။ ဘုရားသခင်သည် ကျွန်ုပ်ကို အလွန်ပင် ချစ်လိုက်လေခြင်း။ ဘုရားသခင်သည် ကျွန်ုပ်ကို မစွန့်ပစ်ခဲ့ပါတကား” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မျက်ရည်များဖြင့် ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို ခံခဲ့ရသည်ဟု ပြောဆိုကြသည်၊ ဤသည်မှာ အထင်မှားခြင်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) စင်စစ်အားဖြင့် သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် မဟုတ်ဘဲ သင်၏ ကိုယ်ပိုင် သန္နိဋ္ဌာန်၊ ရည်မှန်းချက်များ၊ ဆန္ဒများနှင့် သင်၏ ကိုယ်ပိုင် လုပ်ဆောင်ချက်များကြောင့် တို့ထိခံစားခဲ့ရခြင်း ဖြစ်သည်၊ သင်သည် သင်၏ ကိုယ်တိုင်အပေါ် ကောင်းသော ခံစားချက်ကြောင့် တို့ထိခံစားရခြင်း ဖြစ်သည်။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်တိုင်ကြောင့် တို့ထိခံစားခဲ့သည်ဟု ငါပြောရသနည်း။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ အလွန်များပြားသော အယူအဆများနှင့် စိတ်ကူးများ ရှိနေပြီး ယင်းတို့သည် အလွန်လွဲချော်နေသည်၊ ဘုရားသခင်က သင့်ကို တို့ထိမည်ဟု သင်ထင်သလော။ သင်သည် ဤအစွန်းရောက်သော အခြေအနေ၌ ရှိနေလျက် ဘုရားသခင်က သင့်ကို ပို၍ပင် အစွန်းရောက်စေရန် တို့ထိမည်လော။ ဘုရားသခင်က သင့်ကို တို့ထိပါက ယင်းသည် သင့်ကို ပို၍ပင် အစွန်းရောက်စေပြီး သင့်ကိုယ်သင် ပို၍ အထင်ကြီးကာ သင့်ကိုယ်သင်ကြောင့် ပို၍ တို့ထိခံစားရုံသာ ဖြစ်မည်ဖြစ်ပြီး “ကျွန်ုပ်သည် အိပ်ချိန်လျှော့ပြီး ပို၍ ဆင်းရဲဒုက္ခခံမည်၊ အစားအစာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်ုပ် စားမည်၊ မည်သည့်အရာကိုမဆို စားရသည်ကို အဆင်ပြေမည်ဖြစ်ပြီး ယင်းက ကျွန်ုပ်၏ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဂရုမစိုက်ပေ။ ကျွန်ုပ်သည် ကျွန်ုပ်၏ ဇာတိပကတိဟောင်း၏ နှစ်သက်မှုများကို ကျော်လွှားရမည်၊ ကျွန်ုပ်၏ ဇာတိပကတိဟောင်း၏ ချို့ယွင်းချက်များကို အတိအကျ ကုစားရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ဇာတိပကတိကို ပို၍ ဆင်းရဲဒုက္ခခံစေပြီး သက်သောင့်သက်သာ မဖြစ်စေရ။ ယင်းက သက်သောင့်သက်သာ ခံစားရပါက ကျွန်ုပ်သည် ဘုရားသခင်ကို ချစ်မည်မဟုတ်ပေ၊ ယင်းက သက်သောင့်သက်သာ ခံစားရပါက ကျွန်ုပ်သည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများ၌ စိတ်အလိုလိုက်ပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားလုပ်ဆောင်တော့မည် မဟုတ်ပေ” ဟူသော ဤသန္နိဋ္ဌာန်ကို ချမှတ်ရန် သင့်ကို ပို၍ပင် အလိုရှိစေမည်ဖြစ်သည်။ ဤသည်မှာ သင့်ကို တို့ထိသော သန့်ရှင်းသောဝိညာဉ်တော်ဖြစ်ပါက သင်သည် ဤအစွန်းရောက်မှုကို ဆက်လက် ထိန်းသိမ်းထားမည်သာဖြစ်ပြီး သင်သည် ဇာတိပကတိကို အောင်မြင်ပြီး စာတန်ကို အနိုင်ယူပြီးဖြစ်ကြောင်းနှင့် သင်သည် ကယ်တင်ခြင်းခံရပြီးဖြစ်ကြောင်းကို ပို၍ပင် မှားယွင်းစွာ ယုံကြည်ပေလိမ့်မည်။ ထို့ကြောင့် သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် တို့ထိခံစားရခြင်း မဟုတ်ဘဲ သင့်ကိုယ်သင်ကြောင့် တို့ထိခံစားခဲ့ရခြင်း ဖြစ်သည်ဟု ငါပြောခြင်းဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင်ကြောင့် မကြာခဏ တို့ထိခံစားကြရသလော။ (ဟုတ်ပါသည်။) သင်တို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်နှင့် ဆင်းရဲဒုက္ခခံရန် မိမိတို့၏ ကိုယ်ပိုင် သန္နိဋ္ဌာန်ကြောင့် တို့ထိခံစားကြပြီး သင်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံရန်၊ မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံရန် သို့မဟုတ် သေဆုံးရန်ပင် အလွန်လိုလားကြရာ ထို့နောက်တွင် သင်တို့၏ မျက်နှာပေါ်၌ မျက်ရည်များ စီးကျလာသည်။ စင်စစ်အားဖြင့် သင် တို့ထိခံစားရခြင်းကြောင့် ဘုရားသခင်သည် တို့ထိခံစားရခြင်း မဟုတ်ဘဲ သင်၏ သန္နိဋ္ဌာန်ကြောင့်လည်း ဘုရားသခင်သည် တို့ထိခံစားရခြင်း မဟုတ်ပေ။ သင်၏ ဤစိတ်ခံစားမှု ပြင်းထန်စွာ ပေါ်ထွက်လာခြင်းသည် ယာယီ စိတ်လိုက်မာန်ပါမှုတစ်ခု၊ ခဏတာ ပြင်းပြသော စိတ်အားထက်သန်မှုတစ်ခုသာ ဖြစ်သည်။ ဤအခြေအနေတွင် သင်သည် ဘုရားသခင်ထံသို့ “ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်အတွက် သေဆုံးရန် လိုလားပါ၏။ ဘုရားသခင်၊ အကျွန်ုပ်သည် ယနေ့ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာ၌ အလွန်အလုပ်များခဲ့သဖြင့် အစာတစ်နပ် လွတ်ခဲ့ပါသည်။ အစာ ၁၀ နပ် လွတ်ရမည်ဆိုလျှင်ပင် အကျွန်ုပ် လိုလားမည် ဖြစ်ပါသည်။ လူတို့သည် မုန့်အားဖြင့်သာ အသက်ရှင်ရသည်မဟုတ်၊ ဘုရားသခင်၏ နှုတ်တော်ထွက် စကားအားဖြင့် အသက်ရှင်ရပါသည်။ ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို ကျွန်ုပ်၏ တစ်သက်တာလုံး၊ ထာဝစဉ် ချစ်ရန် လိုလားပါ၏၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ အချစ်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပါ” ဟု ဆုတောင်း၍ပင် ပြောဆိုပေမည်။ သင်၏ ဤကြီးကျယ်ခမ်းနားသော စကားများသည် သင့်ကို ပြင်းထန်စွာ ငိုကြွေးသည်အထိ တို့ထိခံစားစေသော်လည်း သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ပြောင်းလဲခြင်းမရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် ယာယီ စိတ်လိုက်မာန်ပါမှုတစ်ခုကြောင့် တို့ထိခံစားရခြင်းဖြစ်ပြီး သင်၏ မျက်ရည်များသည် နောင်တ၏ မျက်ရည်များ၊ ကျေးဇူးကြွေးတင်ခြင်း၏ မျက်ရည်များ မဟုတ်သည့်အပြင် သင်ကိုယ်တိုင်ကို အမှန်တကယ် သိလာခြင်းမှ ကျသော မျက်ရည်များလည်း မဟုတ်ပေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းရန် သင်၏ မစွမ်းဆောင်နိုင်မှုအတွက် ဝမ်းနည်းသည့် မျက်ရည်များလည်း လုံးဝမဟုတ်ပေ။ ထို့ကြောင့် သင်၏ ဤစိတ်ခံစားမှုသည် သင်ကိုယ်တိုင်ကိုသာ တို့ထိခံစားစေနိုင်ပြီး အခြားသူများ သို့မဟုတ် သင်၏ ပတ်ဝန်းကျင်ရှိသူများကိုလည်း တို့ထိခံစားစေနိုင်သော်လည်း ဘုရားသခင်သည် ယင်းကြောင့် တို့ထိခံစားရခြင်း မရှိချေ။ ထို့ကြောင့် သင့်ကို တို့ထိခံစားစေသည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ဘဲ သင်ကိုယ်တိုင်က သင့်ကိုယ်သင် တို့ထိခံစားစေခြင်းသာ ဖြစ်သည်။ သင်သည် မိမိကိုယ်တိုင်၏ တို့ထိခံစားစေခြင်းကို ခံရသောကြောင့် သင်၏မျက်ရည်များ စီးကျလာရခြင်းဖြစ်သည်။ သင်၏ မျက်ရည်များ၊ သင်၏ စိတ်လှုပ်ရှားစွာ ပြောသောစကားများနှင့် သင်၏ ပြင်းပြသော စိတ်အားထက်သန်မှုတို့သည် အပေါ်ယံ ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်၊ ယင်းတို့သည် အပြုအမူတစ်မျိုးသာ ဖြစ်သည်။ ယင်းတို့သည် သင်၏ အနှစ်သာရနှင့် အသက်တာအတွက် ပြောင်းလဲခြင်းတစ်ခုမဟုတ်သကဲ့သို့ သမ္မာတရားသည် သင်၏ အသက်ဖြစ်ခြင်း၏ ထုတ်ဖော်ပြသမှုတစ်ခုလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန်နှင့် ဆင်းရဲဒုက္ခခံရန် စိတ်အားထက်သန်မှုနှင့် စိတ်လိုက်မာန်ပါမှု ရှိပြီး အထူးတက်ကြွနေသည့်အခါ ယင်းမှာ သင့်ကို တို့ထိခံစားစေသော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်ဟုလည်းကောင်း၊ သင်ပြောင်းလဲခဲ့ပြီးဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ကယ်တင်ခြင်းခံရမည့်သူတစ်ဦးဖြစ်သည်ဟုလည်းကောင်း သင်ခံစားရသည်၊ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သင်၌ရှိသော အယူအဆနှင့် စိတ်ကူးတစ်မျိုး ဖြစ်သည်။ သင်သည် ယာယီ ကျရှုံးခြင်းနှင့် လဲကျခြင်းကြောင့်ဖြစ်စေ၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့တဲ့မှုများ ထုတ်ဖော်ခံရသောကြောင့်ဖြစ်စေ၊ သို့မဟုတ် သင်သည် ပြုပြင်ခြင်းနှင့် ထုတ်ဖော်ခြင်းခံရသောကြောင့်ဖြစ်စေ အပျက်သဘောဆောင်လာသည့်အခါ သင်သည် ဝမ်းနည်းပြီး နာကျင်သည်ဟု ခံစားရကာ သင်မပြောင်းလဲသေးကြောင်းနှင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိတော့ကြောင်း တွေးထင်သည်၊ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သင်၌ရှိသော အခြားအယူအဆနှင့် စိတ်ကူးတစ်မျိုး ဖြစ်သည်။ အမှန်မှာ ဘုရားသခင် မြင်တွေ့သည့်အရာ မည်သို့ပင်ဖြစ်စေ၊ သင်သည် အပျက်သဘောဆောင်သော သို့မဟုတ် အပြုသဘောဆောင်သော အခြေအနေ၌ ရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ အခြေအနေသည် မည်သည့်အတိုင်းအတာအထိ ဆိုးရွားပြီး ကျဆင်းသွားသည်ဖြစ်စေ ဘုရားသခင်သည် သင့်ကို အစဉ်တစိုက် မည်သို့ ရှုမြင်တော်မူသနည်း။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ရှိရင်းစွဲအတိုင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင်မည်မျှ ပြောင်းလဲခဲ့သည်ကိုလည်းကောင်း၊ သင်သည် သမ္မာတရား လက်တွေ့ကျမှုမည်မျှ ဝင်ရောက်ခဲ့သည်ကိုလည်းကောင်း သင်၏ အမှန်တကယ်ရှိသော အခြေအနေ၊ သင်၏ အမှန်တကယ်ရှိသော သရုပ်သကန်များနှင့် သင်၏ အမှန်တကယ်ရှိသော ဝိညာဉ်ရင့်ကျက်မှုကို အခြေခံ၍ ဆုံးဖြတ်တော်မူလိမ့်မည်။ သင်၏ လက်ရှိ ပြန်လည် နလန်မထူနိုင်ခြင်းနှင့် သင်၏ လက်ရှိ လုံးဝ စိတ်မချမ်းမသာဖြစ်ခြင်းထဲသို့ ကျရောက်ခြင်းတို့သည် ဘုရားသခင်က သင့်ကို ရှုမြင်သည့် သို့မဟုတ် သင်၏ အမှန်တကယ်ရှိသော ဝိညာဉ်ရင့်ကျက်မှုကို ဆုံးဖြတ်သည့် စံနှုန်းမဟုတ်ပေ။ သို့ဖြစ်၍ သင်သည် အပြုသဘောဆောင်သော အခြေအနေ၌ ရှိသည်ဖြစ်စေ၊ အပျက်သဘောဆောင်သော အခြေအနေ၌ ရှိသည်ဖြစ်စေ၊ သင်သည် ပြင်းပြသော စိတ်အားထက်သန်မှုဖြင့် ပြည့်နေသည်ဖြစ်စေ၊ စိတ်မချမ်းမသာဖြစ်နေသည်ဟု ခံစားရသည်ဖြစ်စေ ယင်းသည် သင့်အပေါ် ဘုရားသခင်၏ အကဲဖြတ်ခြင်းနှင့် သတ်မှတ်ခြင်းကို သက်ရောက်မှုရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ များစွာသော အယူအဆများနှင့် စိတ်ကူးများ ရှိသောကြောင့် သင်၏ ယာယီ ထုတ်ဖော်မှုများနှင့် သရုပ်သကန်များကို အခြေခံ၍ မိမိကိုယ်ကို မှားယွင်းစွာ သတ်မှတ်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်၊ ပေတရုကဲ့သို့ ဖြစ်နှင့်ပြီးသားသူတစ်ဦးအဖြစ်ဖြစ်စေ၊ ကယ်တင်၍မရနိုင်တော့သောသူတစ်ဦးအဖြစ်ဖြစ်စေ သတ်မှတ်ခြင်း ဖြစ်သည်။ သို့သော် သင်သည် မည်သို့ပင် အဆုံးအဖြတ်ပေးပါစေ၊ သင်သည် မည်သို့သော ကောင်းသော သို့မဟုတ် မကောင်းသော ခံစားချက်များကို တွေ့ကြုံရပါစေ ယင်းတို့အားလုံးသည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သင်၌ ဖြစ်ပေါ်လာသော အယူအဆများနှင့် စိတ်ကူးများကြောင့် ဖြစ်ရခြင်းဖြစ်ပြီး ဤအယူအဆများနှင့် စိတ်ကူးများသည် လူတစ်ဦးအပေါ် ဘုရားသခင်၏ တိကျပြီး လက်တွေ့ကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဘုရားသခင်ချမှတ်သော တိကျပြီး လက်တွေ့ကျသော အဆုံးအဖြတ်တို့နှင့် မကိုက်ညီပေ။ ဤသည်မှာ ထိုသို့မဟုတ်ပေလော။ (ဟုတ်ပါသည်။) ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင် သရုပ်သကန်များဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင် အနှစ်သာရဖြစ်စေ၊ မိမိတို့ကိုယ်ကို နောက်ဆုံး သတ်မှတ်ခြင်းဖြစ်စေ လူတို့သည် ဤအရာများကို မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အဆုံးအဖြတ် မပေးနိုင်ပေ။ ထိုအစား ၎င်းတို့သည် ဤအရာများကို ဘုရားသခင်၏ အမှုတော်၏ ပုံမှန် နိယာမများနှင့် ဘုရားသခင်က မိမိ၏ အမှုတော်၌ ရရှိလိုသော အမှန်တကယ်ရှိသော ရလဒ်များကို အခြေခံ၍ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင် အမှုပြုသည့် နည်းလမ်းများနှင့် လူတို့အပေါ် ဘုရားသခင်၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အခြေခံ၍ဖြစ်စေ တိုင်းတာသင့်သည်။ ဤနေရာတွင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ လူတို့၏ အဓိက အယူအဆများနှင့် စိတ်ကူးများမှာ အဘယ်နည်း။ လူတို့သည် မိမိတို့၏ အမှန်တကယ်ရှိသော ဝိညာဉ်ရင့်ကျက်မှုသည် မိမိတို့၏ ယာယီ သရုပ်သကန်များ သို့မဟုတ် ကာလတစ်ခုအတွင်း မိမိတို့၏ သရုပ်သကန်များကို အခြေခံ၍ ဆုံးဖြတ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကာလအတွင်း ကောင်းသော အခြေအနေ၌ ရှိနေပါက သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ် အမှုပြုမည်ဖြစ်ပြီး ၎င်းတို့သည် ပြောင်းလဲမည်ဖြစ်ကာ အသက်ကို ပိုင်ဆိုင်ပြီး ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာကာ ကယ်တင်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ ၎င်းတို့သည် ဤကာလအတွင်း မကောင်းသော အခြေအနေ၌ ရှိနေပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း တစ်စုံတစ်ရာ မရှိပါက ဤသည်မှာ ၎င်းတို့၌ မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျှ မရှိဟု ဆိုလိုသည်။ ဤသည်တို့မှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ လူတို့၌ရှိသော အယူအဆနှင့် စိတ်ကူးတစ်ခုမှာ ဘုရားသခင်၏ အမှုတော်သည် လူတို့အပေါ် ရေရှည်နှင့် စဉ်ဆက်မပြတ်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ ခွန်အားတစ်ဟုန်ထိုး ထွက်ပေါ်လာခြင်းနှင့် ယာယီ စိတ်လိုက်မာန်ပါမှုတစ်ခုကို ၎င်းတို့အား ထင်ရှားပြစေလျက် ဉာဏ်အလင်းအနည်းငယ်ကို ခဏတာမျှ ပေးခြင်းသာဖြစ်သည်ဟူ၍ ဖြစ်သည်။ အခြားတစ်မျိုးမှာ လူတို့သည် ဘုရားသခင်၏ အမှုတော်သည် သဘာဝလွန်ဖြစ်သည်ဟု ယုံကြည်ကြသည်၊ ဘုရားသခင်သည် လူတို့ကို အပြုသဘောဆောင်သော သဘောထားရှိစေရန်နှင့် ဆင်းရဲဒုက္ခခံရန်နှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် စိတ်ပိုင်းဖြတ်ချက်ရှိစေဖို့ တို့ထိပြီး ထို့နောက်တွင် ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု ရရှိကာ ဘုရားသခင်၏ သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် ရှိသောသူများ ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ပြဿနာတစ်ခုကြောင့် အားနည်းလာပါက ၎င်းတို့ ကျရှုံးကာ ထုတ်ဖော်ခံရပြီဖြစ်ကြောင်း ဘုရားသခင်က ဆုံးဖြတ်မည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရကာ ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ခံရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်တို့မှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ မဟုတ်လော။ (ဟုတ်ပါသည်။)

ငါတို့ခုလေးတင်မိတ်သဟာယဖွဲ့ခဲ့သော လူတို့၏ အယူအဆများနှင့် စိတ်ကူးများမှာ အဘယ်အရာများ ဖြစ်သနည်း။ (လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ အမျိုးမျိုးရှိကြသည်။ ၎င်းတို့က လူတစ်ဦး၏ အမှန်တကယ်ရှိသော ဝိညာဉ်ရင့်ကျက်မှုကို အချိန်ကာလတစ်ခုအတွင်း ၎င်းတို့၏ သရုပ်သကန်များဖြင့်ဖြစ်စေ၊ ၎င်းတို့၏ ယာယီသရုပ်သကန်များဖြင့်ဖြစ်စေ ဆုံးဖြတ်သည်ဟု ယုံကြည်ကြပြီး လူတို့အပေါ် ဘုရားသခင်၏ အမှုတော်သည် ရေရှည်နှင့် အဆက်မပြတ်ဖြစ်မည့်အစား ခဏအတွင်း၌သာ ဖြစ်ပျက်သည်ဟု ထင်မှတ်ကြသည်။ ဘုရားသခင်၏ အမှုတော်သည် အလွန် သဘာဝလွန်ပြီး ဘုရားသခင်က လူတို့ကို မကြာခဏ တို့ထိသည်ဟုလည်း လူတို့က ယုံကြည်ကြသည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ခဏတာ တို့ထိခြင်းကို ခံရသည့်အခါ ၎င်းတို့သည် စုံလင်အောင် ပြုခြင်းခံရတော့မည်ဟုဖြစ်စေ၊ ပေတရု၏ စံနှုန်းကို ရရှိရန် ပို၍နီးစပ်နေပြီဟုဖြစ်စေ ခံစားကြရပြီး လူတို့ ကျရှုံး၍ အားနည်းလာသည့်အခါတွင်မူ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရပြီဖြစ်ကြောင်း ဆုံးဖြတ်ကြသည်။) ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်၏ အမှုတော်အပေါ် လူတို့၏ အယူအဆများနှင့် စိတ်ကူးများမှာ အဘယ်အရာများ ဖြစ်သနည်း။ လူတို့သည် ၎င်းတို့၏ ယာယီသရုပ်သကန်များက ၎င်းတို့၏ အမှန်တကယ်ရှိသော ဝိညာဉ်ရင့်ကျက်မှုကို ကိုယ်စားပြုသည်ဟုလည်းကောင်း၊ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ယာယီသရုပ်သကန်များကို အခြေခံ၍ ဆုံးဖြတ်သတ်မှတ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ လူတို့သည် ဘုရားသခင်က လူတို့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးသည်ကို မြင်လိုသည်ဟုလည်းကောင်း၊ လူတို့ မကြာခဏ ဆုတောင်းပြီး သန္နိဋ္ဌာန်များချကာ မျက်ရည်လည်ရွှဲဖြင့် ငိုကြွေးသည်အထိ တို့ထိခံစားကြသည်ကို မြင်လိုသည်ဟုလည်းကောင်း၊ လူတို့သည် အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံကာ လုံ့လဝီရိယရှိရှိ အလုပ်လုပ်နိုင်သည်ကိုလည်းကောင်း၊ ဇာတိပကတိ၏ အမျိုးမျိုးသော အခက်အခဲများကို ကျော်လွှားနိုင်သည်ကိုလည်းကောင်း သူနှစ်သက်သည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ သမ္မာတရားနှင့်အညီဖြစ်စေ ပြုမူခြင်း ရှိရှိ မရှိရှိ အရေးမကြီးဘဲ ၎င်းတို့သည် မကြာခဏ အဖိုးအခပေးနိုင်သရွေ့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစားပျက်ခံ၊ အအိပ်ပျက်ခံခြင်း၊ စောစောထ၍ နောက်ကျမှအိပ်ခြင်း၊ နေ့ရောညပါ အလုပ်လုပ်ခြင်းတို့ကို မကြာခဏ ပြုလုပ်သရွေ့ ဘုရားသခင်သည် ဤအရာကို နှစ်သက်လိမ့်မည်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ ဘုရားသခင် မည်သည့်အမှုကို ပြုသည်ဖြစ်စေ၊ နှုတ်ကပတ်တော် မည်မျှ ပြောဆိုသည်ဖြစ်စေ လူအားလုံးသည် သူ့အတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ရန်၊ အစားကောင်းအသောက်ကောင်းများ မစားရန် သို့မဟုတ် ဝတ်ကောင်းစားလှများ မဝတ်ဆင်ရန်၊ အားလပ်ချိန် တစ်ခုမျှ မရှိရန် သူမျှော်လင့်သည်ဟု သွယ်ဝိုက်ညွှန်းဆိုနေပြီး ၎င်းတို့သည် နေ့ရက်တိုင်းကို မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း သို့မဟုတ် ဆုတောင်းခြင်းဖြင့် ကုန်ဆုံးရမည်ဖြစ်ကာ မကြာခဏ သန္နိဋ္ဌာန်များချခြင်း၊ မိမိတို့၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြခြင်း၊ စိတ်ပိုင်းဖြတ်ခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်သည်။ အချို့လူများက ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးနှင့် ခြေလက်များကို ချုပ်တည်းလိုသည်ဟုလည်းကောင်း၊ သူသည် လူတို့ကို လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို မပေးဘဲ ၎င်းတို့ကို လွတ်မြောက်နိုင်ခြင်းမရှိစေရန် ဖိနှိပ်ခံရသည်ဟု ခံစားစေကာ ပုံမှန်လူ့သဘာဝရှိသော အသက်တာ၏ လွတ်လပ်ခွင့်ကို နုတ်ယူသည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ လူတို့သည် ဤသို့ ထင်မှတ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် အခြားမည်သည့်အရာကို ထင်မှတ်ကြသေးသနည်း။ ဘုရားသခင်သည် လူတို့ကို ကျရှုံးခွင့်၊ အားနည်းခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခွင့် သို့မဟုတ် ၎င်းတို့၏ ချို့ယွင်းချက်များကို ပြသခွင့် မပြုဟု ထင်မှတ်ကြသည်။ လူတို့သည် ကယ်တင်ခြင်းကို ရရှိပြီး စုံလင်အောင် ပြုခြင်းခံရလိုပါက မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် လုံးဝ အားနည်းခြင်းမရှိနိုင်ဟုလည်းကောင်း၊ ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များ၊ ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများ တစ်ခုမျှ မရှိနိုင်ဟုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုမျှ ထုတ်ဖော်ခြင်း မပြုရဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်တို့မှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် လမ်းညွှန်မှုအောက်၌ စိတ်နှလုံးနုပျိုနေရမည်၊ စိတ်အားထက်သန်နေရမည်၊ မိမိတို့၏ အလုပ်အတွက် ပြင်းပြသော စိတ်အားထက်သန်မှု အပြည့်ရှိရမည်၊ ယင်းအပေါ် လေးနက်သော သဘောထားရှိရမည်၊ ထို့အပြင် အစဉ်သဖြင့် တင်းတင်းကျပ်ကျပ်ဖြစ်နေပြီး မည်သည့်အခါမျှ အပန်းမဖြေရဟု ထင်မှတ်ကြသည်။ ဤသည်မှာ လူတို့ ထင်မှတ်သည့်အရာ မဟုတ်လော။ ဤသည်မှာ လူတို့၌ရှိသော အယူအဆနှင့် စိတ်ကူးတစ်ခုလော သို့မဟုတ် လူတို့အပေါ် ဘုရားသခင်၏ စစ်မှန်သော တောင်းဆိုချက်လော။ (ဤသည်မှာ လူတို့၌ရှိသော အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်ပါသည်။) လူတို့သည် မိမိတို့ အနည်းငယ် အပျက်သဘောဆောင်ပြီး အားနည်းပါက သို့မဟုတ် အနည်းငယ် ဇာတိပကတိဆိုင်ရာ အခက်အခဲရှိပါက သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ၌ ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာအချို့ ရှိပါက သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပါက၊ ရံဖန်ရံခါ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်ပါက ဘုရားသခင်သည် ၎င်းတို့ကို အလိုရှိတော့မည်မဟုတ်၊ သူသည် ၎င်းတို့အား စကားပြောတော့မည်မဟုတ် သို့မဟုတ် ၎င်းတို့အပေါ် အမှုပြုတော့မည်မဟုတ်၊ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိတော့ဟု ထင်မှတ်ကြသည်။ ဤသည်မှာ စင်စစ်အားဖြင့် မှန်ကန်သလော။ (မဟုတ်ပါ။) ဤသည်တို့မှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ၎င်းတို့သည် တစ်ဖက်တွင် ဘုရားသခင်က မိမိတို့၏ အလုပ်နှင့်ပတ်သက်၍ အစဉ်သဖြင့် စိတ်ထက်သန်မှုနှင့် ပြင်းပြသောစိတ်ဇွဲတို့ အပြည့်ရှိသောလူများကို နှစ်သက်သည်ဟုလည်းကောင်း၊ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူတို့၏ အပျက်သဘောဆောင်ခြင်းကို မနှစ်သက်ဘဲ ၎င်းတို့၏ အားနည်းချက်များကို ပြသခွင့်မပြုဟုလည်းကောင်း ယုံကြည်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် လူတို့သည် ဘုရားသခင်က ခြိုးခြံစွာကျင့်ကြံသူများကို နှစ်သက်သည်ဟု ထင်မှတ်ကြသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ တစ်သက်တာလုံးကို ဆင်းရဲစွာ နေထိုင်ရန်၊ ပြင်ပကိစ္စများကို လုံးဝ အာရုံမစိုက်ရန်၊ နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှိန်ဖျော့သော အေးစက်သည့် ဆီမီးခွက်၏ အလင်းရောင်အောက်တွင် ဖတ်ရှုရန် လိုအပ်သည်ဟု ထင်မှတ်ကြသည်၊ နံနက်ခင်းနှင့် ညနေခင်း ဆုတောင်းချက်များ နှစ်မျိုးစလုံးသည် မဖြစ်မနေလုပ်ရမည့်အရာဖြစ်သည်ဟုလည်းကောင်း၊ အစာမစားမီတိုင်း ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းရမည်ဟုလည်းကောင်း၊ ပုံမှန်လူ့သဘာဝ၏ အမျိုးမျိုးသော လိုအပ်ချက်များ တစ်ခုမျှ မရှိနိုင်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ထိုသို့ပြုမှသာ ၎င်းတို့ကို ဘုရားသခင်အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိသူများနှင့် မိမိတို့၏ အလုပ်အပေါ် အကြွင်းမဲ့ သစ္စာရှိသူများအဖြစ် မှတ်ယူနိုင်မည်ဖြစ်ပြီး ဤသို့သော စိတ်အားထက်သန်မှုကို ထိန်းသိမ်းထားခြင်းဖြင့်သာ ၎င်းတို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို ခံရနိုင်ပြီး ဘုရားသခင် ကယ်တင်လိုကာ စုံလင်စေလိုသောသူတစ်ဦး ဖြစ်နိုင်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတို့သည် ဤအယူအဆများနှင့် စိတ်ကူးများ ရှိသောကြောင့် အချို့သည် ရံဖန်ရံခါ မိမိတို့၏ မိသားစုကို လွမ်းဆွတ်သည့်အခါ စိတ်ထဲ၌ အထူးပင် အပြစ်တင်ခံရသည်ဟု ခံစားကြရပြီး ရံဖန်ရံခါ အတန်ငယ် စကားစမြည်ပြောသည့်အခါတိုင်းတွင်လည်း ဘုရားသခင်က ၎င်းတို့ကို အပြစ်တင်လိမ့်မည်ဟု ထင်မှတ်လျက် စိတ်မသက်မသာ ခံစားကြရသည်။ အချို့သော အမျိုးသမီးငယ်များသည် ရံဖန်ရံခါ အနည်းငယ် တက်ကြွပြီး အတော်အတန် ခေတ်မီသော အဝတ်အစားများကို ဝတ်ဆင်သည့်အခါ တစ်ကိုယ်လုံး မသက်မသာ ခံစားကြရပြီး “ကျွန်ုပ် ဤကဲ့သို့ ဝတ်ဆင်သည်မှာ မတော်တရော် ဖြစ်နေသလော။ ယင်းမှာ အနည်းငယ် အကျင့်ပျက်သည် မဟုတ်လော” ဟု ထင်ကြသည်။ အမှန်မှာ ၎င်းတို့သည် ထူးဆန်းသော ဝတ်စုံများ သို့မဟုတ် ခန္ဓာကိုယ်ကို ဖော်ပြသော အဝတ်အစားများကို ဝတ်ဆင်ထားခြင်း မဟုတ်သော်လည်း ၎င်းတို့သည် အကျင့်ပျက်သည်ဟု ခံစားရပြီး “ဘုရားသခင်က ငါ့ကို စိတ်ထဲတွင် အပြစ်တင်နေသည်။ ဤအရာ လုပ်ဆောင်သည်ကို သူ မကြိုက်” ဟု ထင်မှတ်ကြသည်။ ဘုရားသခင် မကြိုက်ဟု သင်ထင်လျှင် သင်သည် အဘယ်ကြောင့် ဘုန်းကြီးသင်္ကန်း သို့မဟုတ် ရသေ့ဝတ်ရုံကို မဝတ်ဆင်သနည်း။ ယင်းမှာ မည်မျှ “ကျက်သရေရှိ” ပြီး “သင့်တော်” လိုက်ပါဘိ။ ယင်းဆိုလျှင် ကိုယ်ကျင့်တရားပျက်တော့မည် မဟုတ်ပေ၊ ဟုတ်သည် မဟုတ်လော။ အချို့လူများသည် ရံဖန်ရံခါ အချည်းနှီးသော ဂုဏ်အနည်းငယ်ကို စိတ်အလိုလိုက်ခြင်း သို့မဟုတ် မိမိကိုယ်ကို ကိုယ်ရည်သွေးခြင်း ပြုလုပ်ပြီးနောက် စိတ်ထဲ၌ အပြစ်တင်ခံရပြီး မသက်မသာဖြစ်ကာ “ဘုရားသခင်က ငါ့ကို မကြိုက်တော့ပါ။ ကိုယ်တော်က ငါ့ကို မလိုချင်တော့ပါ” ဟု ထင်မှတ်ကြသည်။ အချို့လူများဆိုလျှင် မိမိတို့ကိုယ်ကို ဆံပင်မဖြီးရန်၊ မိတ်ကပ်မလိမ်းရန် သို့မဟုတ် မှန်မကြည့်ရန် စည်းမျဉ်းများပင် သတ်မှတ်ကြပြီး တစ်လလျှင် တစ်ကြိမ် သို့မဟုတ် ခြောက်လလျှင် တစ်ကြိမ်သာ ရေချိုးနိုင်သည်ဟု သတ်မှတ်ကာ တစ်လလျှင် တစ်ကြိမ် သို့မဟုတ် ခြောက်လလျှင် တစ်ကြိမ်ထက် ပို၍မကြာခဏ ရေချိုးပါက ဤသည်မှာ ဘုရားသခင် ရွံရှာသည့်အရာဖြစ်ပြီး ၎င်းတို့သည် ကယ်တင်ခြင်းကို သေချာပေါက် ခံရမည်မဟုတ်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် နံနက် ငါးနာရီမတိုင်မီ ထရမည်ဟု စည်းမျဉ်းတစ်ခု သတ်မှတ်ပြီး နာရီဝက်နောက်ကျ၍ ထပါက သက်သောင့်သက်သာ ဖြစ်မှုကို စိတ်အလိုလိုက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ချစ်သောလူများ မဟုတ်ဟု ထင်မှတ်ကြသည်၊ ၎င်းတို့သည် သန်းခေါင်ကျော်မှ အိပ်ရာဝင်ရမည်ဟု စည်းမျဉ်းတစ်ခု သတ်မှတ်ပြီး သန်းခေါင်မတိုင်မီ အိပ်ရာဝင်ပါက မိမိတို့၏ တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်သောသူတစ်ဦး မဟုတ်ဟု ထင်မှတ်ကြသည်။ ဤလူတို့သည် မိမိတို့၏ အပြုအမူ၊ နေ့စဉ်အသက်တာနှင့် ဘဝလိုအပ်ချက်များအတွက် သတ်မှတ်ထားသော စည်းမျဉ်းများစွာကို ဖန်တီးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များမှာ အဘယ်အရာ ဖြစ်သည်ကို မရှာဖွေကြသကဲ့သို့ ဤကိစ္စရပ်များအပေါ် ဘုရားသခင်၏ ရှုမြင်ပုံများနှင့် သဘောထားများမှာ အဘယ်အရာဖြစ်သည်ကို နားလည်ရန်လည်း မကြိုးစားကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်တွင် ဘုရားသခင်က လူတို့ကို ဤသရုပ်သကန်များ ရှိခွင့်မပြုဟုလည်းကောင်း၊ ၎င်းတို့၌ ဤသရုပ်သကန်များ ရှိပါက လုံးလုံးလျားလျား ပုန်ကန်နေခြင်းဖြစ်ပြီး ဘုရားသခင် ရွံရှာသည့်အတွက် ကယ်တင်ခြင်းကို မခံရနိုင်ဟုလည်းကောင်း လုံးဝ ပုဂ္ဂလဓိဋ္ဌာန်ကျသောပုံစံဖြင့် ယုံကြည်ကြသည်။ မကြာခဏဆိုသလို၊ မှားယွင်းသောစကားကို ပြောဆိုခြင်း၊ မှားယွင်းသောစကားလုံးကို အသုံးပြုခြင်း၊ သရေစာအနည်းငယ် ပိုစားမိခြင်း သို့မဟုတ် ရံဖန်ရံခါ ဖျော်ဖြေရေးဗီဒီယိုအချို့ကို ကြည့်ရှုခြင်းကဲ့သို့သော ပြောပလောက်အောင်မရှိသည့် အသေးအဖွဲကိစ္စအချို့ကြောင့် လူတို့သည် “ငါတော့ သွားပြီ၊ ဤသည်မှာ ငါ့အတွက် လုံးလုံးလျားလျား ပုန်ကန်ခြင်းပင်တကား။ ငါ့မှာ ထိုသို့သော အပြုအမူများနှင့် ထိုသို့သော နှစ်သက်မှုများ ရှိနိုင်မှန်း ငါမသိခဲ့ပါတကား၊ ငါ့မှာ ဤပြဿနာများ ရှိနေသေးမှန်းပင် ငါမသိခဲ့ပါ။ ဤသည်မှာ ဆိုးရွားလှသည်။ ငါသည် မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ရမည်၊ ငါ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာ၌ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးရမည်၊ တော်လှန်ရေးတစ်ခုကို ပြုလုပ်ရမည်။ ဤအရာကို ငါလက်လွှတ်၍မဖြစ်” ဟု ထင်မှတ်ကြသည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် မည်သို့မျှ မသက်ဆိုင်သော ဤကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မှတ်ယူကြသည်။ ဤသည်တို့အားလုံးမှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို ရွံရှာတော်မူသည်။ ဘုရားသခင်သည် လူတို့ ဤသရုပ်သကန်များကို ထုတ်ဖော်သည်ကို မြင်လိုတော်မမူပေ။ သို့ဆိုလျှင် ဤကိစ္စနှင့်ပတ်သက်၍ လူတို့ နားလည်သင့်သော သမ္မာတရားများမှာ အဘယ်နည်း။ စောင့်ထိန်းလိုက်နာသင့်သော စည်းမျဉ်းများမှာ အဘယ်နည်း။ ဤအရာများသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်က လူတို့အတွက် တောင်းဆိုသော စည်းမျဉ်းများ သေချာပေါက် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လူတို့အတွက် တောင်းဆိုချက်များနှင့်လည်း သေချာပေါက် မည်သို့မျှ မသက်ဆိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် အယူအဆများနှင့် စိတ်ကူးများ ဖြစ်သောကြောင့် ၎င်းတို့သည် လူ့စိတ်ထဲတွင် စိတ်ကူးပုံဖော်ပြီး ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ဆိုလိုသည်၊ အတိုချုပ်အားဖြင့် ၎င်းတို့သည် လူတို့၏ စိတ်ထဲမှ လာပြီး ဘုရားသခင်က လူတို့ ပိုင်ဆိုင်ရန် တောင်းဆိုသော သမ္မာတရား လက်တွေ့ကျမှုများနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ လူတို့သည် ဤအယူအဆများနှင့် စိတ်ကူးများကို မည်သို့ပင် စောင့်ထိန်းလိုက်နာပါစေ၊ ၎င်းတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သရွေ့ လူတို့ ၎င်းတို့ကို စောင့်ထိန်းလိုက်နာခြင်းသည် အချည်းနှီးဖြစ်သည်။ သင်သည် ၎င်းတို့ကို စောင့်ထိန်းလိုက်နာလျှင်ပင် သင်သည် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာနေခြင်း မဟုတ်သဖြင့် ဘုရားသခင်က ယင်းကို အမှတ်ရမည်မဟုတ်ပေ။ အထူးသဖြင့် အချို့လူများသည် ရံဖန်ရံခါ မိမိတို့၏ နှစ်သက်မှုများ သို့မဟုတ် ဇာတိပကတိဆိုင်ရာ အလေ့အထများကို ထုတ်ဖော်သည့်အခါ စိတ်ထဲ၌ အလွန်မသက်မသာဖြစ်ပြီး ပြင်းထန်စွာ အပြစ်တင်ခံရသည်ဟု ခံစားကြရသည်။ ဤမသက်မသာဖြစ်ခြင်းနှင့် မိမိကိုယ်ကို အပြစ်တင်ခြင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရသည့် ရလဒ်လော။ (မဟုတ်ပါ၊ လူတို့သည် ဘုရားသခင်အပေါ် အယူအဆများနှင့် စိတ်ကူးများ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့ မသက်မသာ ခံစားကြရခြင်း ဖြစ်ပါသည်။) ဤခံစားချက်များ၏ အခြေခံမှာ သမ္မာတရားမဟုတ်ဘဲ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ အချို့လူများသည် အလွယ်တကူပင် စိတ်ထဲ၌ အပြစ်တင်ခံရပြီး မသက်မသာဖြစ်ကာ ဆုတောင်းပြီး မိမိတို့၏ အပြစ်များကို ဝန်ခံရန် အလျင်အမြန်သွားကြလျက် အလျင်စလို နောင်တရကြသည်။ သင်သည် အဘယ်အရာအတွက် နောင်တရရန် လိုအပ်သနည်း။ သင်ပြုလုပ်ခဲ့သော ဤအရာများသည် နေ့စဉ်အသက်တာရှိ သာမန်အပြုအမူများ ဖြစ်ကြသည်။ ၎င်းတို့သည် အပြစ်များ မဟုတ်သကဲ့သို့ ကြီးမားသော ပြစ်မှားခြင်းများလည်း သေချာပေါက် မဟုတ်ပေ။ အရေးမပါသော ထိုသို့သောအရာများအတွက် ပမွှားကို ဆင်မလုပ်နှင့်။ ထိုအရာများသည် မှားယွင်းသည်ဟု သင်ထင်လျှင် သင်သည် ၎င်းတို့ကို မပြုလုပ်ရန် ရွေးချယ်နိုင်သည်။ သို့သော် ၎င်းတို့ကို မပြုလုပ်ခြင်းက သင်သည် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာနေသည်ဟု မဆိုလိုသကဲ့သို့ မသက်မသာဖြစ်ခြင်းကလည်း သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟု မဆိုလိုပေ။ သင်သည် အဘယ်ကြောင့် နောင်တရနေသနည်း။ သင်သည် အဘယ်ကြောင့် လမ်းကြောင်းပြောင်းလဲနေသနည်း။ သင်၏ အယူအဆများနှင့် စိတ်ကူးများက ထိုအရာများသည် သင်မပြုလုပ်သင့်သော အပြုအမူများဖြစ်သည်ဟု သင့်အား မှားယွင်းစွာ ယုံကြည်စေသောကြောင့်လော သို့မဟုတ် သင်၏ အပြုအမူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်သည်ဟု သင်ထင်သောကြောင့်လော။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး သင်သည် အမှန်တကယ် မသက်မသာ ခံစားရပါက သင်၏ လမ်းကြောင်းကို အလျင်အမြန် ပြောင်းပြန်လှန်ပြီး ဘုရားသခင်ထံ နောင်တရသင့်သည်။ ဤမသက်မသာဖြစ်ခြင်းသည် အနည်းဆုံးအားဖြင့် လူ့သဘာဝ၏ အသိစိတ်၏ အပြစ်တင်ခြင်း ဖြစ်သည်။ သင်သည် မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို ဆန့်ကျင်ခဲ့သည့်အတွက်ကြောင့်သာ မသက်မသာ ခံစားရပါက သင်သည် ကိုယ့်ဘာသာကိုယ် အရေးလုပ်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကိုယ့်ဘာသာကိုယ် အရေးလုပ်နေခြင်းသက်သက်ဖြစ်ပြီး ပိုလျှံသောအရာ ဖြစ်သည်။ သင်သည် အန္တိခရစ်များနောက်သို့ လိုက်သည့်အခါ အဘယ်ကြောင့် မသက်မသာ မခံစားရသနည်း။ ထိုအတွက် အဘယ်ကြောင့် အပြစ်တင်ခံရသည်ဟု မခံစားရသနည်း။ သင်သည် ဆိုးယုတ်သောလူများ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ပျက်စီးစေသည်ကိုလည်းကောင်း မြင်တွေ့သည့်အခါ သင်သည် ၎င်းတို့ကို တားဆီးရန် မရပ်တည်ဘဲနေလျှင် မသက်မသာ ခံစားရဖူးသလော။ သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ပြီး သင်၏ ကိုယ်ပိုင်အလိုဆန္ဒကို အခြေခံ၍ ပြောဆိုပြုမူသည့်အခါ မသက်မသာ ခံစားရဖူးသလော။ သင်သည် ဤကိစ္စများတွင် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့်တိုင် ယင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ မသက်မသာ မခံစားရပါက သင့်တွင် လူ့သဘာဝပင် မရှိသကဲ့သို့ အသိစိတ်လည်း မရှိပေ။ ပြီးလျှင် သင့်တွင် အသိစိတ်မရှိပါက မည်သည့်အရာများက သင့်ကို စိတ်မသိုးမသန့် ခံစားရစေမည်နည်း။ သင်၏ မသက်မသာဖြစ်ခြင်းသည် ကိုယ့်ဘာသာကိုယ် အရေးလုပ်နေခြင်းသက်သက်သာ ဖြစ်သည်။ ယင်းမှာ သင့်ကို ညှဉ်းပန်းနှိပ်စက်ပြီး မသက်မသာ ခံစားရစေသည့် သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများသာ ဖြစ်သည်၊ ထိုအရာ၌ အသုံးဝင်မှုမရှိပေ။ သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတွင်း၌ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဆုံးသတ်ရလဒ်မှာ အဘယ်အရာ ဖြစ်မည်နည်း။ သင်သည် ပို၍ပို၍ အရေခြုံဖြစ်လာပြီး ဖာရိရှဲများနှင့် ပို၍ပို၍ တူလာမည်သာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများမှ ပို၍ပို၍ ဝေးကွာသွားမည်သာဖြစ်ပြီး သင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ သင်သည် မိမိကိုယ်ကို အစဉ်အမြဲ ကောင်းသည်ဟု ခံစားနေရသော်လည်း သင့်၌ အတိအကျ မည်သည့်အရာက ကောင်းနေသနည်း။ သင်သည် အယူအဆများနှင့် စိတ်ကူးများဖြင့် အလွန်ပြည့်နှက်နေပြီး သင်ခံစားရသည့် အရာတိုင်းသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သင်၏ တို့ထိခံစားခြင်းနှင့် အပြစ်တင်ခံရခြင်း ခံစားချက်များ၊ သင်ခံစားရသော အကြွေးတင်ခြင်းနှင့် နောင်တရခြင်း၊ သင်ရှိသင့်သည်ဟု ထင်သော နောင်တနှင့် သင်ပြုလုပ်သော သစ္စာဆိုချက်များနှင့် သန္နိဋ္ဌာန်များအားလုံးသည် သင်၏ အယူအဆများနှင့် စိတ်ကူးများနှင့် သက်ဆိုင်သည်။ ဤအရာများသည် သင်၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အခြေခံပြီး သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ သင်ပြုလုပ်သည့် မည်သည့်အရာမဆို၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးခြင်းဖြစ်စေ၊ အရာများကို ပူဇော်ဆက်ကပ်ပြီး မိမိကိုယ်ကို အသုံးခံခြင်းဖြစ်စေ၊ သင်မည်သည့်အရာကို အသုံးခံသည်ဖြစ်စေ ယင်းသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပါက အချည်းနှီးသာ ဖြစ်သည်။ သင်နားလည်ပြီလော။ (နားလည်ပါပြီ။)

လူတို့၌ ဘုရားသခင်၏ အမှုတော်အပေါ်ရှိသော ဤအယူအဆများနှင့် စိတ်ကူးများကို ငါတို့ မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးပြီးသည့်နောက်တွင် လူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ဒုက္ခဆင်းရဲခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းနှင့် မိမိတို့ကိုယ်ကို ချုပ်တည်းခြင်း ရှိမရှိ၊ အစားကောင်းစားရခြင်းနှင့် ကောင်းစွာ ဝတ်စားဆင်ယင်ရခြင်းတို့ကို နှစ်သက်ခြင်း ရှိမရှိ စသည့်အပြုအမူများကို မည်သို့ရှုမြင်ရမည်ကိုလည်းကောင်း၊ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် သူ၏အမှုတော်ဖြင့် လူတို့အပေါ်၌ အတိအကျ ရရှိလိုသော အကျိုးသက်ရောက်မှုမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း သင်တို့ အနည်းငယ် ပို၍ ရှင်းလင်းသွားပြီလော။ ဘုရားသခင်က လူတို့အပေါ်၌ ရရှိလိုသော အကျိုးသက်ရောက်မှုမှာ သင်၏ အလုပ်အတွက် စိတ်အားထက်သန်မှုကို အစဉ်မြင်တွေ့ရန် မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင် မြင်တွေ့လိုသည့်အရာမှာ သင်၏ စိတ်အားထက်သန်မှု သို့မဟုတ် ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးဆပ်ရန် သင်၏ စိတ်ပိုင်းဖြတ်မှု မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် သမ္မာတရားကို နားမလည်ပါက ဤသရုပ်သကန်များသည် ခဏတာ စိတ်လိုက်မာန်ပါ ပြုမူခြင်းမျှသာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းတို့သည် သင်၏ စိတ်အားထက်သန်မှုမျှသာ ဖြစ်သည်။ စိတ်အားထက်သန်မှု၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ သင်၏ စိတ်လိုက်မာန်ပါဖြစ်ခြင်းဖြစ်သည်၊ ပို၍ တိတိကျကျဆိုရလျှင် ယင်းမှာ အမှုအရာများအပေါ် စိတ်ခံစားချက်များအရ ကိုင်တွယ်ခြင်း ဖြစ်သည်။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့၏ စိတ်အားထက်သန်မှု၊ အမှုအရာများအပေါ် ၎င်းတို့၏ စိတ်ခံစားချက်ဖြင့် ချဉ်းကပ်ခြင်း၊ ၎င်းတို့၏ ခဏတာ စိတ်လိုက်မာန်ပါ ပြုမူခြင်းများ သို့မဟုတ် ဤသို့သော စိတ်ပြင်းပြသည့် အခြေအနေ မဟုတ်ပေ။ ဘုရားသခင် အလိုရှိသောအရာမှာ အဘယ်နည်း။ (ကိုယ်တော်သည် လူတို့ သမ္မာတရားကို နားလည်နိုင်စွမ်းရှိရန် အလိုရှိပါသည်။) အနည်းဆုံးအားဖြင့် ဘုရားသခင်သည် သင် သမ္မာတရားကို ချစ်နိုင်စွမ်းရှိရန်နှင့် သမ္မာတရားကို နားလည်နိုင်စွမ်းရှိရန်၊ အမျိုးမျိုးသော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ စည်းမျဉ်းစည်းကမ်းတစ်ခု၊ ပုံစံတစ်ခု သို့မဟုတ် အပြုအမူတစ်ခုကို ပုံသေစောင့်ထိန်းခြင်းမပြုဘဲ သမ္မာတရား စည်းမျဉ်းများကို လိုက်နာရန် အလိုရှိသည်၊ ဘုရားသခင်သည် သင်ထမ်းဆောင်သော တာဝန်တွင်လည်းကောင်း၊ အရာရာတိုင်းတွင်လည်းကောင်း သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်စွမ်းရှိရန်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်၏ လက်တွေ့ကျမှုဖြစ်စေနိုင်စွမ်း ရှိရန်လည်း အလိုရှိသည်၊ ဤသည်မှာ ဘုရားသခင်၏ အမှုတော်က ရရှိရန် ရည်ရွယ်ထားသော အကျိုးသက်ရောက်မှု ဖြစ်သည်။ သင်၏ ပုဂ္ဂိုလ်ရေးဘဝတွင် သင်သည် စောစောအိပ်ပြီး စောစောထလိုသည်ဖြစ်စေ၊ နောက်ကျမှအိပ်ပြီး နောက်ကျမှထလိုသည်ဖြစ်စေ၊ သင့်တွင် မည်သို့သော ဆုကျေးဇူးများရှိသည်ဖြစ်စေ၊ သင်သည် မည်မျှ စကားပြောကောင်းသည်ဖြစ်စေ ဤအရာအားလုံးသည် ဘုရားသခင်အတွက် အရေးမကြီးပေ။ သင့်တွင် ဒုက္ခဆင်းရဲခံရန် စိတ်ပိုင်းဖြတ်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်သည် အဖိုးအခ မည်မျှပေးဆပ်သည်ဖြစ်စေ ဘုရားသခင်သည် ဤအရာများကို တန်ဖိုးမထားပေ။ အချို့လူများက “ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်ခြင်းအတွက် နှစ်အတန်ကြာအောင် အဝတ်အစားကောင်းများ မဝယ်ခဲ့သကဲ့သို့ ဆံပင်ညှပ်ဆိုင်သို့လည်း ဆယ်နှစ်ကျော် မသွားခဲ့ပါ” ဟု ပြောဆိုကြသည်။ သင်သည် တစ်သက်လုံး အစားကောင်းမစား၊ အဝတ်အထည်ကောင်းများ မဝတ်ဆင်ဘဲ များစွာသော ဒုက္ခဆင်းရဲများကို ခံလျှင်ပင် အဘယ်အရေးနည်း။ ယင်းမှာ ဘုရားသခင် အလိုရှိသောအရာလော။ ဘုရားသခင်၏ တရားဟောပြောခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း၏ နောက်ဆုံးရည်ရွယ်ချက်မှာ သင့်ကို ခြိုးခြံစွာကျင့်ကြံသူတစ်ဦးအဖြစ်သို့ ပြောင်းလဲရန်အတွက် လူတို့အား များပြားလှသော သမ္မာတရားများဖြင့် ထောက်ပံ့ပေးခြင်းမျှသာလော။ ယင်းမှာ သင့်ကို သနားစရာကောင်းသော ကလေကချေတစ်ယောက်၊ သူတောင်းစားတစ်ဦး သို့မဟုတ် ဒေါသထွက်နေသော လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲရန်အတွက်မျှသာလော။ မဟုတ်ပေ။ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာမှာ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို လူတို့အတွင်း၌ အလုပ်လုပ်ရန် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် လူတို့ ပို၍ ဒုက္ခဆင်းရဲခံရခြင်းနှင့် ပို၍ အဖိုးအခပေးဆပ်ရခြင်းကို မြင်တွေ့လိုသည်ဟုလည်းကောင်း၊ ၎င်းတို့ အလွန်အမင်း ခြိုးခြံသော၊ ခက်ခဲကြမ်းတမ်းပြီး ရိုးရှင်းသောဘဝများဖြင့် နေထိုင်ခြင်း၊ အလွန်အမင်းဖြစ်သော စိတ်ပိုင်းဖြတ်မှုနှင့် ရည်သန်မျှော်မှန်းချက်များ ရှိခြင်း၊ အလွန်အမင်း စိတ်ပြင်းပြခြင်း သို့မဟုတ် အလွန်အမင်း မိမိကိုယ်ကို ချုပ်တည်းခြင်း၊ မိမိတို့၏နေရာ၌ အမှန်တကယ်နေပြီး ကောင်းစွာပြုမူနေထိုင်ခြင်းတို့ကို မြင်တွေ့လိုသည်ဟု လူများစွာတို့က ယုံကြည်သည့်အခါ ဤသည်တို့မှာ ဘုရားသခင်၏ အမှုတော်အပေါ် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများမျှသာ ဖြစ်သည်။ သင်၏ဘဝတွင် နှစ်ပေါင်းများစွာကြာအောင် တစ်နေ့လျှင် အစာတစ်နပ်သာစားပြီး တစ်ညလျှင် သုံးနာရီသာအိပ်သည်၊ အစားကောင်းများ မစားနိုင် သို့မဟုတ် အဝတ်အထည်ကောင်းများ မဝတ်ဆင်နိုင်ဟု ဆိုကြပါစို့၊ သင်လုပ်ဆောင်သင့်သည်ဟု ထင်သည့်အရာကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး မရေမတွက်နိုင်သော ဒုက္ခဆင်းရဲများကို ခံစားခဲ့ရကာ မရေမတွက်နိုင်သော စိတ်ပိုင်းဖြတ်ချက်များကို ချခဲ့သည် ဆိုကြပါစို့။ သင်တို့၏ ကိုယ်ပိုင်စကားများဖြင့်ဆိုသော် သင်သည် “သင်၏ မူလရည်သန်မျှော်မှန်းချက်အပေါ် သစ္စာစောင့်သိဆဲဖြစ်သည်”၊ သင်သည် ဘုရားသခင်အတွက် ဒုက္ခဆင်းရဲခံပြီး အသုံးခံကာ သင်၏ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ဆက်ကပ်ခဲ့သည်။ သို့သော် ဤအရာအားလုံးရှိနေသော်လည်း သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအပေါ် မည်သည့်အခါမျှ ကြိုးစားအားထုတ်ခြင်း မရှိဘဲ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေပါက သင်သည် စွန့်ပစ်ခံရရန် သေချာသူ ဖြစ်သည်။ သင်သည် ဒုက္ခဆင်းရဲခံခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းအားဖြင့်လည်းကောင်း၊ သင်၏ မူလရည်သန်မျှော်မှန်းချက်ကို မည်သည့်အခါမျှ မပြောင်းလဲခြင်းအားဖြင့်လည်းကောင်း၊ သင်၏ဘဝတစ်ခုလုံး ဘုရားသခင်အတွက် အသုံးခံခြင်းအားဖြင့်လည်းကောင်း၊ သင့်ထံ၌ရှိသမျှ အရာအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းအားဖြင့်လည်းကောင်း ကယ်တင်ခြင်းကို ရရှိလိုသည်။ ဤသည်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်သည်၊ ယင်းမှာ ဖြစ်နိုင်ချေမရှိသော အတွေးတစ်ခု ဖြစ်သည်။ သင်သည် တစ်သက်လုံး ပြောင်းဖူးမှုန့်နှင့် ပြောင်းဖူးမုန့်ပေါင်းကိုသာစားပြီး အစားကောင်းများကို မည်သည့်အခါမျှ မစားဘဲ သို့မဟုတ် ကောင်းမွန်သောအရာများကို မခံစားဘဲနေလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦး၏ အပြုအမူကို မည်သည့်အခါမျှ မကြည့်ပေ၊ လူတစ်ဦးက အပြင်ပန်း၌ မည်သည့်စည်းမျဉ်းများကို လိုက်နာသည်ကိုဖြစ်စေ၊ ၎င်းတို့သည် အပြင်ပန်း၌ ရိုးရှင်းပြီး သာမန်ဘဝဖြင့် နေထိုင်ခြင်း ရှိမရှိကိုဖြစ်စေ ဘုရားသခင် မကြည့်ပေ။ ဘုရားသခင် မြင်တွေ့လိုသည့်အရာမှာ သင်လျှောက်လှမ်းနေသော လမ်းကြောင်းသည် အဘယ်အရာဖြစ်သည်၊ သင်ကြုံတွေ့ရသော ကိစ္စရပ်တိုင်းတွင် သင်လိုက်နာသော စည်းမျဉ်းများသည် အဘယ်အရာဖြစ်သည်၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် သမ္မာတရား စည်းမျဉ်းများကို လိုက်နာခြင်း ရှိမရှိတို့ ဖြစ်သည်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို မလိုက်နာပါက ထိုသတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စည်းမျဉ်းများကို သင်မည်မျှပင် ကောင်းစွာ လိုက်နာသည်ဖြစ်စေ အသုံးဝင်မည် မဟုတ်ပေ။ ယင်းက သင်သည် အယူအဆများနှင့် စိတ်ကူးများအတွင်း၌ အသက်ရှင်နေထိုင်သောသူတစ်ဦး၊ လုံးလုံးလျားလျား ပုဂ္ဂလဓိဋ္ဌာန်ကျသော ကောင်းမွန်သည့် ဆန္ဒများအတွင်း၌ အသက်ရှင်နေထိုင်သောသူတစ်ဦး၊ ဘုရားသခင်၏ အမှုတော်နှင့် လုံးဝမသက်ဆိုင်သောသူတစ်ဦး၊ ဘုရားသခင်က လူတို့အပေါ် သူ၏ ကယ်တင်ခြင်းအမှုကို ဆောင်ရွက်သည့် နည်းလမ်းတစ်ခုနှင့်မျှ မသက်ဆိုင်သောသူတစ်ဦး၊ ဘုရားသခင်၏ အမှုတော်နှင့် အလှမ်းဝေးသောသူတစ်ဦး ဖြစ်ကြောင်းကိုသာ ဖော်ပြလိမ့်မည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ အမှုတော်မှ တစ်စုံတစ်ခုကို ရရှိလိုပါက သင်သည် သမ္မာတရားအပေါ်၌ ဦးစွာ ကြိုးစားအားထုတ်ရမည်၊ သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအပေါ် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရ၊ မည်သည့်ကြိုးစားအားထုတ်မှုကိုမျှ မပြုလုပ်ရ၊ ထိုသို့ပြုလုပ်ခြင်းသည် အသုံးမဝင်ပေ။ အချို့လူများက ငါ့ကို “ကျွန်ုပ်က ဆံပင်ရှည်ထားတာ ပိုပြီး တင့်တယ်လျောက်ပတ်သည်ဟု ကိုယ်တော် ထင်သလော၊ သို့မဟုတ် ဆံပင်တိုထားတာ ပိုပြီး တင့်တယ်လျောက်ပတ်သည်ဟု ထင်သလော” ဟု မေးကြသည်။ ငါက ၎င်းတို့ကို “သင်က ဆံပင်ရှည်ထားရသည်ကို ကြိုက်သလား၊ ဆံပင်တိုထားရသည်ကို ကြိုက်သလား” ဟု ပြန်မေးသည်။ ၎င်းတို့က “ကျွန်ုပ်က ဆံပင်ရှည်ထားရသည်ကို ကြိုက်ပါသည်။ သို့သော် ဆံပင်ရှည်က တင့်တယ်လျောက်ပတ်မှုမရှိဘဲ ဘုရားသခင်က ယင်းကို မနှစ်သက်ဟု ကျွန်ုပ်ထင်သည်” ဟု ပြောသည်။ ငါကလည်း “ဘုရားသခင်က ထိုစကားကို မည်သည့်အချိန်က ပြောခဲ့သနည်း။ ဤသည်မှာ သမ္မာတရားနှင့် သက်ဆိုင်မှု တစ်ခုတလေ ရှိသလော” ဟု ပြန်ပြောသည်။ ငါ့ကို “ကျွန်ုပ် သရေစာ စား၍ရမလား” ဟု မေးသော အခြားသူများလည်း ရှိသည်။ ငါကလည်း “သရေစာစားခြင်းက ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်တစ်ခုလော။ လူများ သရေစာမစားရဟု ဘုရားသခင်က ပြဋ္ဌာန်းထားသလော။ ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချသလော” ဟု ပြန်ပြောသည်။ ၎င်းတို့ကလည်း “ဘုရားသခင်က ပြစ်တင်ရှုတ်ချသည်ဟု ကျွန်ုပ်ထင်သည်၊ အကြောင်းမှာ သရေစာစားခြင်းသည် ပေါ့ပြက်ပြက်နိုင်သောကြောင့် ဖြစ်သည်” ဟု ပြောသည်။ “ပေါ့ပြက်ပြက်နိုင်သည်” ဟူသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ သရေစာစားခြင်းသည် ပေါ့ပြက်ပြက်နိုင်သည်ဟု သင်ထင်လျှင် သရေစာမစားခြင်းက သင်သည် ပေါ့ပြက်ပြက်မနိုင်ဟု ဆိုလိုသလော။ သရေစာမစားခြင်းက သင်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်သည်ဟု ဆိုလိုသလော။ ဤသို့ ငါပြောသည့်အခါ သင် နားလည်နိုင်သည် မဟုတ်လော။ (နားလည်နိုင်ပါသည်။) အယူအဆများနှင့် စိတ်ကူးများသည် သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ သင်က ဉာဏ်ရှိလျှင် သင့်ထံတွင် မည်သည့်အယူအဆများနှင့် စိတ်ကူးများ ရှိနေသေးသည်၊ ဖာရိရှဲတို့၏ မည်သည့်ကျင့်ကြံမှုများ၊ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ သင့်ထံတွင် ရှိနေသေးသည်ကို သင် အမြန် ဆန်းစစ်သင့်ပြီး အချိန်မဆွဲဘဲ ယင်းတို့ကို လက်လွှတ်သင့်သည်။ ဤအရာများကို စွန့်လွှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ သင့်ကို ပေါ့ပြက်ပြက်နိုင်သွားပြီး မိမိကိုယ်ကို စိတ်အလိုလိုက်စေရန် မဟုတ်ဘဲ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ သင်လာရောက်ရန်နှင့် သမ္မာတရားကို သင်၏အသက်အဖြစ် ရရှိလာစေရန် ဖြစ်သည်။ ဘုရားသခင်သည် သင် သူတောင်းစားတစ်ဦးဖြစ်ပြီး ခြိုးခြံစွာကျင့်ကြံသူတစ်ဦး၏ ဘဝဖြင့် နေထိုင်သည်ကို မြင်တွေ့လိုခြင်း မရှိပေ။ အချို့လူများက “ဘုရားသခင်က လူများ သူတောင်းစားဖြစ်သည်ကို မနှစ်သက်သဖြင့် ယင်းမှာ သူသည် လူများအား ချမ်းသာသည်ကို နှစ်သက်သည်ဟု ဆိုလိုသလော” ဟု ပြောကြသည်။ ဘုရားသခင်သည် လူတို့ ချမ်းသာကြွယ်ဝခြင်းကိုလည်း မကြိုက်ပေ။ အချို့လူများက “ဘုရားသခင်က လူများ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံသည်ကို နှစ်သက်သည်ဟူသည်မှာ လူ၏ အယူအဆနှင့် စိတ်ကူးတို့သာ ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်က လူတို့ ဆင်းရဲဒုက္ခခံသည်ကို မနှစ်သက်လျှင် ယင်းမှာ သူသည် လူတို့ သက်သောင့်သက်သာ အသက်ရှင်နေထိုင်သည်ကို နှစ်သက်သည်ဟု ဆိုလိုသလော” ဟု ပြောကြသည်။ မှားသည်၊ ဤသည်မှာလည်း သင်၏ အယူအဆနှင့် စိတ်ကူးပင် ဖြစ်သည်။ သို့ဆိုလျှင် မှန်ကန်သော ပြုမူနည်းမှာ အဘယ်နည်း။ (ဘုရားသခင်သည် လူတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ကိုယ်တော်၏ ရှေ့မှောက်သို့ လာရောက်နိုင်စွမ်းရှိပြီး သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်စွမ်းရှိခြင်းကို နှစ်သက်ပါသည်။) မည်သည့်အချိန်အခါမျိုး၌မဆို သမ္မာတရား စည်းမျဉ်းများကို မေ့ပစ်၍မရပေ။ အချို့လူများက “ဘုရားသခင်သည် လူတို့ ကိုယ်တော်၏ ရှေ့မှောက်၌ စိတ်ပိုင်းဖြတ်ချက်များ ချမှတ်ခြင်းကို နှစ်သက်ပြီး ဒုက္ခဆင်းရဲခံရန် စိတ်ပိုင်းဖြတ်မှုကို ပိုင်ဆိုင်ခြင်းကို နှစ်သက်သည်” ဟု ပြောကြသည်။ အခြားသူများကမူ “ဘုရားသခင်သည် ဒုက္ခဆင်းရဲခံရန် မလိုလားသောသူများကို မနှစ်သက်ပေ” ဟု ပြောကြသည်။ ဤအရာများကို ပြောဆိုခြင်းသည် မှန်သလော မှားသလော။ မည်သည့်စကားက မှန်ပြီး မည်သည့်စကားက မှားသနည်း။ (နှစ်ခုစလုံး မှားပါသည်။) အချို့လူများသည် မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် အစဉ် ဒုက္ခဆင်းရဲခံကြသည်၊ ၎င်းတို့တွင် ဒုက္ခဆင်းရဲခံရန် ခိုင်မာသော စိတ်ပိုင်းဖြတ်မှုတစ်ခု ရှိသည်။ ဤသရုပ်သကန်များသည် ဘုရားသခင်ကို နှစ်သက်စေသလော။ (မနှစ်သက်စေပါ။) အချို့လူများသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ဒုက္ခဆင်းရဲခံရန် မလိုလားကြသော်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအတွက်မူ ဒုက္ခဆင်းရဲခံရန် လိုလားကြပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန်အလို့ငှာ ဒုက္ခဆင်းရဲ အနည်းငယ်ကို ခံရန် လိုလားကြသည်။ ဤသရုပ်သကန်များထဲမှ မည်သည့်အရာက ပိုကောင်းသနည်း။ (သမ္မာတရား စည်းမျဉ်းများအတွက် ဒုက္ခဆင်းရဲခံခြင်း ဖြစ်ပါသည်။) ဤအရာများမှ အဘယ်အရာကို မြင်တွေ့နိုင်သနည်း။ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်သည်ကို မြင်တွေ့နိုင်သည်။ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည်ဖြစ်စေ၊ လူတစ်ဦး၏ ကိုယ်ပိုင်ဘဝမှ ကိစ္စရပ်များနှင့် ပတ်သက်သည်ဖြစ်စေ၊ လူတစ်ဦး ဒုက္ခဆင်းရဲခံရခြင်း ရှိမရှိသည် စံနှုန်းတစ်ခု သို့မဟုတ် စည်းမျဉ်းတစ်ခု မဟုတ်ပေ။ စည်းမျဉ်းများမှာ အဘယ်နည်း။ စည်းမျဉ်းများမှာ ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ ဖြစ်ကြသည်။ သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပါက ထိုသို့ပြုလုပ်ရာတွင် သင် ဒုက္ခဆင်းရဲမခံရလျှင်ပင် သင်လုပ်ဆောင်နေသည့်အရာသည် မှန်ကန်ပြီး ဘုရားသခင်က ယင်းကို အသိအမှတ်ပြုတော်မူသည်၊ သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း မပြုမူပါက ထိုဖြစ်စဉ်တွင် သင်သည် များစွာသော ဒုက္ခဆင်းရဲကို ခံရလျှင်ပင် သို့မဟုတ် ကြီးစွာသော အရှက်ရခြင်းကို တွေ့ကြုံရလျှင်ပင် ယင်းမှာ အချည်းနှီးဖြစ်ပြီး ဘုရားသခင်သည် သင်၏ လုပ်ဆောင်ချက်များကို အသိအမှတ်မပြုပေ။ ယင်းမှာ အချို့လူများက အန္တိခရစ်တစ်ဦးထံမှ အမိန့်တစ်ခုကို ကြားပြီးနောက် ခိုင်းသည့်အတိုင်း လုပ်ဆောင်ကာ အန္တိခရစ်၏ နှစ်သက်မှုများအတိုင်း အလုပ်ကို အကောင်အထည်ဖော်လျက် များစွာ စကားပြောဆိုပြီး ဒုက္ခဆင်းရဲခံကာ မိမိတို့ကိုယ်ကို အလွန်အလုပ်များစေလျက် ကိုယ်ခန္ဓာသည် ကာယပင်ပန်းနွမ်းနယ်မှုကြောင့် ကိုင်းညွတ်ပြီး ပျက်စီးသွားသည်အထိ ဖြစ်ရသကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာကို အသိအမှတ်ပြုတော်မူသလော။ ဘုရားသခင်သည် ယင်းကို အမှတ်ရမည်လော။ (ကိုယ်တော်သည် ယင်းကို အသိအမှတ်မပြုသကဲ့သို့ အမှတ်ရမည်လည်း မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ (ဘုရားသခင်သည် ထိုသို့သောလူများကို ရွံရှာတော်မူပါသည်။) ဘုရားသခင်က မည်သို့ မိန့်တော်မူခဲ့သနည်း။ “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် မည်မျှ ဒုက္ခဆင်းရဲခံခဲ့ရသည်ဖြစ်စေ သို့မဟုတ် မည်မျှ အဖိုးအခပေးဆပ်ခဲ့သည်ဖြစ်စေ သင်သည် သင်၏ ကောင်းကွက်များကို ကြွားဝါရန် ဤအရာများကို အသုံးပြုသော်လည်း ဘုရားသခင်သည် ဤအရာများကို မကြည့်ပေ။ ဘုရားသခင်သည် သင် ဤအရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခဲ့ခြင်း ရှိမရှိနှင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနေခြင်း ရှိမရှိကိုသာ ကြည့်သည်၊ ဘုရားသခင်သည် သင့်ကို တိုင်းတာရန် ဤစည်းမျဉ်းကို အသုံးပြုသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလိုက်နာဘဲ သင်၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်း ပြုမူပါက သင်သည် မည်မျှ ဒုက္ခဆင်းရဲခံရသည်ဖြစ်စေ သို့မဟုတ် မည်မျှ အဖိုးအခပေးဆပ်သည်ဖြစ်စေ ယင်းတို့အားလုံးသည် အချည်းနှီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ယင်းကို အမှတ်ရမည် မဟုတ်ရုံသာမက ပြစ်တင်ရှုတ်ချတော်မူမည်လည်း ဖြစ်သည်။ ယင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်း ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများသည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံရမည်၊ ၎င်းတို့သည် ဤအရာနှင့် ထိုက်တန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ထောင်ပေါင်းများစွာသော နှုတ်ကပတ်တော်များကို မိန့်တော်မူခဲ့ပြီး သမ္မာတရား စည်းမျဉ်းများကို သင့်အား ပြောပြခဲ့သော်လည်း သင်သည် နားမထောင်ဘဲနေသည်။ သင်သည် အစဉ် သင်၏ ကိုယ်ပိုင်စိတ်ကူးများ ရှိနေပြီး သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများဖြင့် သမ္မာတရားကို အစားထိုးကာ ထိုသို့ဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန်၊ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်၊ ကောင်းချီးပေးခြင်းနှင့် ဆုချခြင်းတို့ကို ခံစားရရန် ဖြစ်နိုင်ချေမရှိဘဲ မျှော်လင့်နေသည်။ ဤသည်မှာ သေခြင်းတရားကို လက်ယပ်ခေါ်ခြင်း မဟုတ်လော။ ထိုသို့သောလူများသည် ပေါလုနှင့် အမျိုးအစားတူသူများ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ လူတို့သည် မိမိတို့နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမှုကို စွန့်လွှတ်လိုပါက ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို တိကျသော နားလည်မှုတစ်ခု ရှိသင့်သည်။ ၎င်းတို့သည် ဘုရားသခင်အကြောင်းကို မှန်းဆခြင်း၊ သူ၏ အမှုတော်ကို တိုင်းတာခြင်း သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အပြုအမူနှင့် ကျင့်ကြံပြုမူမှုများကို၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ တိုင်းတာခြင်း မပြုသင့်ဘဲ ထို့နောက် အရာရာတိုင်းကို ဤအယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ကိုင်တွယ်ခြင်း မပြုသင့်ပေ။ ဤလုပ်နည်းကိုင်နည်း၏ နောက်ဆုံးသော ရလဒ်မှာ အချည်းနှီး ဖြစ်သွားမည်ဖြစ်ပြီး ဆိုးရွားသော အခြေအနေများတွင် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး အပြစ်ပေးခံရမည် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏ အမှုတော်ကို ချဉ်းကပ်ရာတွင် လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်သင့်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကာ ထို့နောက် ယင်းတို့ကို လက်လွှတ်သင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားကို ရှာဖွေရန် လာရောက်သင့်ပြီး ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများ၊ မှားယွင်းသော စည်းမျဉ်းများနှင့် ကျင့်ကြံပြုမူမှုများကို အစားထိုးရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုသင့်သည်။ ဤနည်းလမ်းဖြင့်သာ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သို့တည်းမဟုတ်ပါက သင် ကယ်တင်ခြင်းခံရရန်မှာ မဖြစ်နိုင်ပေ၊ ယင်းမှာ လုံးဝ မဖြစ်နိုင်သည့်အရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်အပေါ် လူတို့ ထားရှိသော အယူအဆနှင့် စိတ်ကူးတစ်မျိုး ဖြစ်သည်။ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။