သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂) အပိုင်း နှစ်

ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်၏ အမှုတော်သည် လူတို့နှင့်ပတ်သက်၍ အတိအကျ မည်သည့်အရာကို ပြောင်းလဲရန် ရည်ရွယ်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို မည်သို့ ဖြေရှင်းသည်ကိုလည်းကောင်း၊ လူတို့၌ သူ မည်သည့်အရာကို ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်သည်ကိုလည်းကောင်း လူတစ်ဦးသည် နားလည်သင့်သည်၊ ဤသည်တို့မှာ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည့် ကိစ္စရပ်များဖြစ်သည် မဟုတ်လော။ အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်သည် သူ၏အမှုတော်ဖြင့် လူတို့၌ အတိအကျ မည်သည့်အကျိုးသက်ရောက်မှုများကို ရရှိရန် ရည်ရွယ်သည်ကို လူတစ်ဦးသည် နားလည်သင့်သည်။ ပထမဦးစွာ ဘုရားအမှုတော်၏ ဤအဆင့်တွင် သူသည် သမ္မာတရားကို ဖော်ပြပြီး အသက်ကို ထောက်ပံ့နေခြင်း ဖြစ်သည်။ လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးခြင်းအလုပ်သည် ၎င်းတို့အနေဖြင့် လက်တွေ့ဘဝတွင် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့ကို ကြုံတွေ့သည့်အခါ လိုက်နာရမည့် သမ္မာတရား စည်းမျဉ်းများအကြောင်း ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်၊ သို့မှသာ ယင်းတို့ကို နားလည်ပြီးနောက် ၎င်းတို့သည် ဤသမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ လူများနှင့် အမှုအရာများကို ရှုမြင်နိုင်မည်ဖြစ်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်နိုင်မည်ဖြစ်ကာ ဤအခြေခံအပေါ်၌ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခြင်းခံရပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ကာ ဘုရားသခင်ကို စစ်မှန်စွာနှင့် အကြွင်းမဲ့ ကျိုးနွံနာခံနိုင်ကြမည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်းခံရခြင်း၏ လက္ခဏာတစ်ခုလည်းဖြစ်ပြီး နောက်ဆုံးတွင် လူတို့၌ မြင်တွေ့နိုင်သည့် ကယ်တင်ခြင်းခံရခြင်း၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်မှာ ပြောစရာမလိုပေ။ ဘုရားသခင်က လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးသည့် ဖြစ်စဉ်တစ်ခုလုံးတွင် ဖြေရှင်းရန်လိုအပ်သည့် အဓိကကျသော ကိစ္စရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ အဓိကအားဖြင့် ဖြေရှင်းရန် ကိစ္စရပ်နှစ်မျိုး ရှိသည်။ ဖြေရှင်းရန် ပထမကိစ္စရပ်အမျိုးအစားမှာ လူတို့၏ အယူအဆများ ဖြစ်သည်။ စာတန်ထံမှလာသော လူတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ လွဲချော်သော၊ ခိုင်မြဲစွာဆုပ်ကိုင်ထားသော အတွေးအခေါ်များနှင့် ရှုမြင်ချက်အမျိုးမျိုးတို့ကို လူတို့၏ အယူအဆများဟု စုပေါင်းရည်ညွှန်းသည်။ ဤမှားယွင်းသော အတွေးအခေါ်များနှင့် ရှုမြင်ချက်များသည် လူတို့၏ အတွေးအခေါ်များနှင့် အပြုအမူများကို ထိန်းချုပ်ပြီး ၎င်းတို့က လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် အခြေခံ အတွေးအခေါ်သီအိုရီတစ်ခု ဖြစ်နှင့်ပြီးဖြစ်သောကြောင့် ယင်းတို့ကို လုံးဝဥဿုံ ဖြေရှင်းရမည်ဖြစ်သည်။ ဤသည်မှာ လူတို့၏ အတွေးအခေါ်များနှင့် သက်ဆိုင်သော ဖြေရှင်းရန်လိုအပ်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဖြေရှင်းရန် အခြားကိစ္စရပ်အမျိုးအစားမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အသင်းတော်အသက်တာတွင် မကြာခဏ မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း ခံရသည့် ခေါင်းစဉ်တစ်ခု ဖြစ်သည်။ အချို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ရှုမြင်ချက်များကြောင့် ဖြစ်ပွားပြီး အခြားသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာမူ စာတန်ဆန်သော စိတ်သဘောထားများသက်သက် ဖြစ်ကြသည်။ သူ၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်က လူတို့၌ ဖြေရှင်းရန် ရည်ရွယ်သည့် အရာနှစ်ခုမှာ ၎င်းတို့၏ အယူအဆများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ကြသည်။ ၎င်းတို့၏ အယူအဆများသည် လူများနှင့် အမှုအရာများကို လူတစ်ဦး မည်သို့ရှုမြင်ကြောင်းနှင့် သက်ဆိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတစ်ဦး မည်သို့ကျင့်ကြံပြုမူပြီး လုပ်ဆောင်ကြောင်းတို့နှင့် သက်ဆိုင်သည်။ ဤအရာနှစ်ခု ဖြေရှင်းပြီး၍ လူတို့သည် သမ္မာတရားကို ရရှိကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး သူနှင့် သဟဇာတ ဖြစ်လာနိုင်သည့်အခါ ဘုရားသခင်၏အမှုတော်သည် ယင်း၏အကျိုးသက်ရောက်မှုကို ရရှိပြီးဖြစ်ကာ ဘုရားသခင်၏အမှုတော်သည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏အမှုတော် ဖြစ်စဉ်တစ်ခုလုံးတစ်လျှောက် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းဖြစ်စေ၊ သူ၏အမှုတော်၏ တိကျသော အဆင့်များဖြစ်စေ၊ သို့မဟုတ် သူဖော်ပြသည့် သမ္မာတရားတစ်ခုစီဖြစ်စေ ဤအရာတစ်ခုမျှသည် လူတို့၏ ပင်ကိုစရိုက်များ၊ အစွမ်းအစများ၊ အရည်အချင်းများ၊ ပင်ကိုသဘာဝများ၊ ဘဝအလေ့အထများနှင့် နေထိုင်မှုပုံစံများ၊ သို့မဟုတ် ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကဲ့သို့သော ကဏ္ဍများကို ပစ်မှတ်ထားခြင်း မရှိပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုတော်၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် အရေးပါမှုသည် လူတို့၏ မွေးရာပါ အစွမ်းအစများနှင့် အရည်အချင်းများ၊ ပင်ကိုသဘာဝများ၊ ပင်ကိုစရိုက်များ စသည်တို့ကို ပြောင်းလဲရန် မဟုတ်ပေ။ သင်သည် မည်သို့သော အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် သင်၏ မွေးရာပါ ပင်ကိုစရိုက်၊ ဘဝအလေ့အထများ၊ ပင်ကိုသဘာဝများနှင့် အခြားသော ကဏ္ဍအမျိုးမျိုးတို့သည် မည်သို့ပင်ဖြစ်နေပါစေ ဘုရားသခင်သည် ဤအရာတစ်ခုကိုမျှ မကြည့်ပေ။ သူသည် သင် ပုံမှန်လူ့သဘာဝရှိသော လူတစ်ဦး ဟုတ်မဟုတ်ကိုသာ ကြည့်ပြီး ထို့နောက် ဤအခြေခံအပေါ်၌ သင့်အား သမ္မာတရားကို ထောက်ပံ့ပေးကာ သင့်အပေါ် အလုပ်လုပ်သည်။ ဘုရားသခင်သည် သင့်အား သမ္မာတရား၏ မည်သည့်ကဏ္ဍများကို ထောက်ပံ့ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်အပေါ် သူ မည်သို့သောအလုပ်မျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ နောက်ဆုံးတွင် ယင်းမှာ သင်၏ မွေးရာပါ အစွမ်းအစနှင့် ပင်ကိုသဘာဝများကို ပြောင်းလဲရန်အလို့ငှာ မဟုတ်ပေ၊ ယင်းမှာ သင်၏ အစွမ်းအစ သို့မဟုတ် ပင်ကိုသဘာဝများကို မြှင့်တင်ပြီး ပိုကောင်းအောင်ပြုလုပ်ရန်၊ သို့မဟုတ် ယင်းတို့ကို အထူးသဖြင့် သဘာဝလွန်ဖြစ်အောင် ပြုလုပ်ရန် မဟုတ်ပေ၊ ထိုရှုထောင့်များထဲမှ မည်သည့်အရာမျှ ဘုရားသခင် မိမိ၏ အမှုတော်ဖြင့် ပြောင်းလဲလိုသော ပစ်မှတ်များ မဟုတ်ကြပါ။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာ မည်မျှကို သင် နားထောင်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင် မည်မျှ အားထုတ်ကြိုးပမ်းခဲ့သည်ဖြစ်စေ သင်၏ မွေးရာပါ အစွမ်းအစသည် အတူတူပင်ဖြစ်နေမည်ဖြစ်ပြီး ပြောင်းလဲမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ခြင်း၊ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ခြင်းနှင့် နှစ်ပေါင်းများစွာ လှည့်လည်သွားလာကာ မိမိကိုယ်ကို အသုံးခံခဲ့ခြင်းတို့ကြောင့် ယင်းသည် ပြောင်းလဲမည် မဟုတ်ပေ။ သင်၏ ပင်ကိုစရိုက်၊ ပင်ကိုသဘာဝများ၊ ဘဝအလေ့အထများ၊ စိတ်ဝင်စားမှုများ၊ ဝါသနာများ စသည်တို့အတွက်လည်း အတူတူပင် ဖြစ်သည်မှာ အမှန်ပင်၊ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သင်၏တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ပြောင်းလဲမည် မဟုတ်ပေ။ လူတို့၏ အယူအဆများထဲတွင် ဤပြောင်းလဲခြင်းသည် နိမ့်ကျသွားခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ မြင့်တက်လာခြင်းကို ဆိုလိုသည်မှာ သေချာသည်၊ ဤအရာများကို ယခင်ကထက် ပိုမြင့်မားပြီး ပိုကောင်းအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုတော်သည် မည်သည့်အဆင့်တွင် ရှိနေသည်ဖြစ်စေ၊ ယင်းကိုလုပ်ဆောင်ရန် သူ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ သူ၏အမှုတော်က ပြောင်းလဲစေသည့်အရာသည် လူတို့၏ မွေးရာပါ အစွမ်းအစများ၊ အလုပ်လုပ်နိုင်စွမ်းများ၊ ပင်ကိုသဘာဝများ၊ ပင်ကိုစရိုက်များ စသည်တို့ မဟုတ်ပေ။ သို့ဖြစ်၍ သင်၏ အစွမ်းအစသည် ညံ့ဖျင်းပြီး သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန်၊ သို့မဟုတ် အလုပ်ကိစ္စရပ်တစ်ခုအတွက် ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်ရန် အစွမ်းအစကို လက်ရှိတွင် မပိုင်ဆိုင်ပါက နောင် အနှစ် ၂၀ သို့မဟုတ် ၃၀ တွင်လည်း သင် ပိုင်ဆိုင်မည် မဟုတ်ပေ၊ သင်သည် သမ္မာတရားကို လိုက်စားခြင်းကြောင့် အဆုံးစွန်တွင် ကယ်တင်ခြင်းခံရလျှင်ပင် သင်သည် ယင်းကို ပိုင်ဆိုင်ဦးမည် မဟုတ်ပေ။ သင်၏ အစွမ်းအစသည် ပြောင်းလဲမည် မဟုတ်ပေ။ သို့ဆိုလျှင် သင်၏ ပင်ကိုသဘာဝများက ပြောင်းလဲမည်လော။ လူတိုင်းသည် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့ကို တွေ့ကြုံခံစားရပြီး ကြီးမားသော ဖြစ်ရပ်များနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း စသည်တို့ ဖြစ်လာကြလိမ့်မည်၊ ဤပင်ကိုသဘာဝများသည်လည်း ပြောင်းလဲမည် မဟုတ်ပေ။ ဥပမာအားဖြင့် လူတို့သည် အလွန်ကျယ်လောင်သော အသံတစ်ခုကို ကြားသည့်အခါ ၎င်းတို့အားလုံးသည် မိမိတို့၏ခေါင်းများကို အုပ်ပြီး လုံခြုံသောနေရာတစ်ခုတွင် ပုန်းကြလိမ့်မည်၊ ဤသည်မှာ ပင်ကိုသဘာဝ ဖြစ်သည်။ သင်၏လက်သည် မီးတောက်တစ်ခု သို့မဟုတ် ပူသောအရာတစ်ခုခုကို ထိမိသည့်အခါ သင်သည် လက်ကို အလိုအလျောက် ပြန်ရုတ်လိမ့်မည်၊ သို့မဟုတ် သင်သည် ကံမကောင်းအကြောင်းမလှသော သတင်းတစ်ခုခုကို ကြားသည့်အခါ သင်သည် အတွင်း၌ အလိုအလျောက် တုန်လှုပ်ပြီး ထိတ်လန့်မှုကို ခံစားရလိမ့်မည်။ သင်သည် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ အလိုအလျောက်ဆိုသလို သင်၏ ပထမဆုံးအတွေးမှာ “ငါ လုံခြုံပါ၏လော။ ဤအန္တရာယ်က ငါ့ထံ လာနေသလော” ဟူ၍ ဖြစ်လိမ့်မည်။ ဤသည်မှာ ပင်ကိုသဘာဝ ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်ယောက်က သင့်ကို ရိုက်ရန် လက်လှမ်းသည့်အခါ သင်သည် မိမိကိုယ်ကို ကာကွယ်ရန် အလိုအလျောက် ရှောင်တိမ်းလိမ့်မည်၊ ဖုန် သို့မဟုတ် ရေသည် သင်၏မျက်လုံးများထဲသို့ ဝင်သည့်အခါ သင်သည် အလိုအလျောက် မျက်စိမှိတ်လိမ့်မည်၊ သင် သွားကိုက်သည့်အခါ သင်၏သွားကို သင်၏လက်ဖြင့် မကြာခဏ ထိကိုင်လိမ့်မည်။ သင်သည် ပင်ကိုသဘာဝဖြင့် အလိုအလျောက်တုံ့ပြန်မှုတစ်ခု ရှိမည်ဖြစ်ပြီး သရုပ်သကန်တစ်ခုခု ရှိမည် သို့မဟုတ် ပင်ကိုသဘာဝနှင့်ဆိုင်သော လုပ်ဆောင်မှုတစ်ခုကို လုပ်ဆောင်လိမ့်မည်။ လူတို့သည် ဤပင်ကိုသဘာဝနှင့်ဆိုင်သော တုံ့ပြန်မှုများဖြင့် မွေးဖွားလာခဲ့ကြသည်။ မည်သူမျှ ယင်းတို့ကို ယူဆောင်သွား၍မရသကဲ့သို့ ဘုရားသခင်သည်လည်း ၎င်းတို့ကို ပြောင်းလဲတော်မူမည် မဟုတ်ပေ။ ဤပင်ကိုသဘာဝနှင့်ဆိုင်သော တုံ့ပြန်မှုများကို လူတို့ကို သူဖန်ဆင်းခဲ့စဉ်က ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လူတို့ကို ကာကွယ်ရန် ရည်ရွယ်သည်။ ၎င်းတို့သည် ဖန်ဆင်းခံလူသားတစ်ဦး ပိုင်ဆိုင်ရမည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ဤပင်ကိုသဘာဝများကို ယူဆောင်သွားမည် မဟုတ်သကဲ့သို့ သင်သည် သမ္မာတရားကို လိုက်စားခြင်းကြောင့်လည်း ယင်းတို့ကို ဆုံးရှုံးသွားမည် မဟုတ်ပေ။ ဤအရာဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် သမ္မာတရားကို လိုက်စားခြင်း၊ သမ္မာတရားများစွာကို နားလည်ပြီးဖြစ်ခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရှိခြင်းတို့ကြောင့် မီးလောင်သည့်အခါ သင် ကြောက်ရွံ့မည်မဟုတ်ခြင်း သို့မဟုတ် သင်၏လက်ကို ဆီပူအိုးထဲသို့ ထည့်သည့်အခါ အပူလောင်သည်ကို သင် ခံစားရမည်မဟုတ်ခြင်းတို့ ဖြစ်မည်မဟုတ်ဟု ငါဆိုလိုသည်၊ ဤသည်မှာ မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသို့သော သက်သေခံချက်တစ်ခုကို ပေးခဲ့လျှင် သင် မည်သို့ထင်မည်နည်း။ သင်သည် ၎င်းတို့ကို အားကျပြီး အထင်ကြီးလေးစားမည်လော။ သင်သည် ယင်းကို မည်သို့သော အကဲဖြတ်မှုနှင့် စရိုက်လက္ခဏာ သရုပ်ဖော်မှုမျိုး ပြုလုပ်မည်နည်း။ အနည်းဆုံးအနေဖြင့် ဤသည်မှာ သဘာဝလွန် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဘုရားသခင်သည် ယင်းကို ပြုလုပ်တော်မူမည် မဟုတ်ပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းပေးထားသည့် ပင်ကိုသဘာဝများနှင့် ပတ်သက်၍မူ သင်သည် သမ္မာတရားကို လိုက်စားသောကြောင့် ဘုရားသခင်သည် သင်၏ ဤပင်ကိုသဘာဝများကို ယူဆောင်သွားမည် မဟုတ်သကဲ့သို့၊ သူသည် ဤပင်ကိုသဘာဝများကို သဘာဝလွန် စွမ်းအားများအဖြစ်သို့လည်း ပြောင်းလဲပေးမည် မဟုတ်ပေ။ ဥပမာအားဖြင့် သင်သည် မှောင်မိုက်သောနေရာတစ်ခုတွင် ရှိနေပြီး မည်သည့်အရာကိုမျှ မမြင်နိုင်ဟု ဆိုကြပါစို့၊ သင်သည် သင့်အနီးအနားကို အလိုအလျောက် စမ်းတဝါးဝါး လုပ်မည်ဖြစ်ပြီး သင့်ပတ်လည်ရှိ အသံများကို ခွဲခြားသိမြင်ရန် သင်၏နားများဖြင့် ဂရုတစိုက် နားထောင်ကာ ရှေ့သို့ သင်၏လမ်းကို အလိုအလျောက် စမ်းတဝါးဝါးသွားလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသောကြောင့် ဇာတိပကတိကို ကျော်လွန်သွားမည် မဟုတ်ပေ၊ ပို၍မှောင်လာလေလေ၊ သင်၏မျက်လုံးများသည် ပို၍လင်းလာသည်ဟု ခံစားရလေလေဖြစ်ပြီး အမှုအရာများကို သင် ပို၍ရှင်းလင်းစွာ မြင်နိုင်လေလေ၊ သင်၏ဦးတည်ရာကို ရှာတွေ့ရန် ပို၍လွယ်ကူလေလေ ဖြစ်မည်မဟုတ်ပေ၊ ဤသည်မှာ သဘာဝလွန်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာတစ်ခု မဟုတ်ပေ။ သင်သည် သမ္မာတရားများစွာကို နားလည်ပြီးဖြစ်လျှင်ပင်၊ သမ္မာတရားကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင်ပင် ဤကိစ္စနှင့်ပတ်သက်၍ သင်၏ ပင်ကိုသဘာဝများသည် အတူတူပင်ဖြစ်နေနိုင်ပြီး ဆုတ်ယုတ်မသွားပါက ယင်းမှာ ကောင်းမွန်လှပြီးဖြစ်သည်၊ သို့တိုင် သင်သည် ထိုအရာများကို သဘာဝလွန် ဖြစ်လာစေချင်သည်မှာ မဖြစ်နိုင်သည့် အရာပင် ဖြစ်သည်။ ထို့အပြင် လူတစ်ဦး၏ အမှုအရာများကို ရှုမြင်နိုင်စွမ်း၊ ကိုင်တွယ်နိုင်စွမ်းနှင့် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းတို့သည်လည်း ဘုရားသခင်က သူ၏အမှုတော်ဖြင့် ပြောင်းလဲရန် ရည်ရွယ်သည့်အရာများ မဟုတ်ပေ။ လူတစ်ဦး၏ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းသည် တစ်ဖက်တွင် ၎င်းတို့၏ အစွမ်းအစအပေါ် မူတည်ပြီး အခြားတစ်ဖက်တွင် ၎င်းတို့၏ မွေးရာပါ ပင်ကိုဉာဏ်ရည် အပေါ် မူတည်ကာ ၎င်းတို့၏ ပင်ကိုဉာဏ်ရည်တွင် ၎င်းတို့၏ ဆုကျေးဇူးများ ပါဝင်သည်။ အချို့လူများသည် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် အချို့သော အရည်အချင်းများနှင့် ဆုကျေးဇူးများကို အထူးသဖြင့် ပိုင်ဆိုင်လျက် မွေးဖွားလာကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် တွေးခေါ်ခြင်းနှင့် လူမှုဆက်ဆံရေးတွင် ကောင်းမွန်ကြသည်၊ ၎င်းတို့သည် အထူးလူမှု ဆက်ဆံရေးစွမ်းရည်တစ်ခုဖြင့် မွေးဖွားလာကြပြီး လူများနှင့် မည်သို့ အပြန်အလှန်ဆက်ဆံရမည်၊ အမှုအရာများကို ရှုမြင်ရမည်နှင့် အချို့သောကိစ္စရပ်များကို ကိုင်တွယ်ရမည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့၏စိတ်ထဲတွင် အမှုအရာအမျိုးမျိုးနှင့် ပတ်သက်လာလျှင် အလွန်ယုတ္တိရှိသော အလွန်ရှင်းလင်းသည့် အတွေးအခေါ်အမျှင်တန်းများ ၎င်းတို့၌ ရှိကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့ ရှုမြင်သည့်အခါ မည်သည့်လမ်းလွဲခြင်း သို့မဟုတ် အဓိပ္ပာယ်မဲ့ခြင်းမျှမရှိဘဲ ကိစ္စရပ်၏ အခရာကို သဘောပေါက်နိုင်ကြပြီး ပြဿနာများကို အတော်အတန် တိကျမှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်နိုင်ကြသည်။ ဤလူအမျိုးအစားသည် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းကို ပိုင်ဆိုင်သည်။ အချို့လူများသည် ဤစွမ်းရည်ဖြင့် မွေးဖွားလာကြခြင်းမဟုတ်ဘဲ ၎င်းတို့သည် စာအုပ်များဖတ်ခြင်း၊ ပန်းများစိုက်ခြင်း၊ မြက်ပင်များစိုက်ခြင်း၊ ငှက်များမွေးခြင်းနှင့် ထိုသို့သောအရာများကိုသာ နှစ်သက်ကြသည်။ ဤအရာကို အဘယ်သို့ခေါ်သနည်း။ ယင်းကို ရည်မွန်ပြီး အေးချမ်းသော နေထိုင်မှုဘဝပုံစံရှိခြင်းဟု ခေါ်သည်။ ဤသူတို့သည် ကျက်သရေရှိခြင်းနှင့် ရည်မွန်ခြင်းကို လိုက်စားသောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် လူမှုဆက်ဆံရေး သို့မဟုတ် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ရာတွင် မတော်ကြပေ၊ ၎င်းတို့၌ ဤစွမ်းဆောင်နိုင်ရည် မရှိပေ။ ၎င်းတို့ အပြင်ထွက်၍ ကိစ္စရပ်များ ကိုင်တွယ်ရန်၊ ရှေ့နေတစ်ဦးနှင့် တိုင်ပင်ရန် သို့မဟုတ် အရေးပါသောပုဂ္ဂိုလ်တစ်ဦးနှင့် အပြန်အလှန်ဆက်ဆံရန် လိုအပ်သည့်အခါ ၎င်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်ပြီး ထိုလူကို တည့်တည့်မကြည့်ဝံ့ကြပေ၊ ၎င်းတို့ကို မေးခွန်းများမေးသည့်အခါ ၎င်းတို့သည် စကားထစ်ငေါ့ပြီး မည်သို့ပြောရမည်ကို မသိဖြစ်ကြသည်။ ၎င်းတို့သည် အသုံးမကျပေ၊ ဟုတ်သည် မဟုတ်လော။ ဤလူအမျိုးအစားသည် ကိစ္စတစ်ခုခုနှင့် မရင်ဆိုင်ရသည့်အခါ “ကျွန်ုပ်သည် ထိုထိုဤဤသော အမှုအရာများကို လုပ်ခဲ့ပါသည်၊ ကျွန်ုပ်၌ ထိုထိုဤဤသော ထင်ရှားကျော်ကြားသည့် အတိတ်ရှိခဲ့ပါသည်၊ ကျွန်ုပ်သည် တစ်ချိန်က ထိုထိုဤဤသော လူများနှင့် အပြန်အလှန် ဆက်ဆံခဲ့ဖူးပြီး မည်သို့မည်ပုံရှိသော ကျော်ကြားသူများကို သိကျွမ်းခဲ့ပါသည်...” ဟုဆိုလျက် ကြွားဝါရာ၌ အလွန်တော်ကြသည်။ သို့ရာတွင် ၎င်းတို့ကို တစ်စုံတစ်ခုကို ကိုင်တွယ်ရန် အမှန်တကယ် စေလွှတ်သည့်အခါ ၎င်းတို့သည် အရိပ်အယောင်ပင် မတွေ့ရဘဲ ပျောက်ကွယ်သွားကြသည်။ စင်စစ်အားဖြင့် ၎င်းတို့စွမ်းဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကြွားဝါခြင်းဖြစ်ပြီး ၎င်းတို့၌ စစ်မှန်သော အရည်အချင်း သို့မဟုတ် အသိပညာမရှိသကဲ့သို့ ကိစ္စရပ်များ ကိုင်တွယ်နိုင်စွမ်းလည်း မရှိကြောင်း ထင်ရှားသွားသည်။ တစ်စုံတစ်ယောက်သည် ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ညံ့ဖျင်းသည်ဟူသောအချက်ကို ၎င်းတို့ သမ္မာတရားကို လိုက်စားခြင်းဖြင့် ပြောင်းလဲနိုင်သလော။ ကံမကောင်းစွာပင် ယင်းကို မပြောင်းလဲနိုင်ပေ။ သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိပြီး ငယ်စဉ်ကတည်းက အခြားလူများကို ရင်ဆိုင်ရန် ကြောက်ရွံ့ခဲ့ကြသော ထိုလူတို့ကို ကြည့်လော့။ ၎င်းတို့သည် အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အရွယ်တွင် လူတို့နှင့် စကားပြောသည့်အခါ သို့မဟုတ် လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်းပါဝင်သည့် ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ အလွန်စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ ၎င်းတို့ အသက်လတ်ပိုင်းအရွယ်သို့ ရောက်သည့်အချိန်တွင် လူအုပ်ရှေ့တွင် စကားပြောသည့်အခါ ရှက်ပြီး မျက်နှာနီနေဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ အသက်ရှင်နေသမျှကာလပတ်လုံး ကျယ်ပြန့်သောလောကကို မည်သည့်အခါမျှ ရင်ဆိုင်နိုင်ကြမည် မဟုတ်ပေ။ အခြားလူများမှာမူ ကွဲပြားသည်၊ ၎င်းတို့သည် ဆယ်ကျော်သက်အရွယ်ကတည်းက လူတို့နှင့် စကားစမြည်ပြောခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းကို နှစ်သက်ခဲ့ကြသည်။ ၎င်းတို့ မည်သို့သောအရေးပါသည့် ပုဂ္ဂိုလ်နှင့် အပြန်အလှန်ဆက်ဆံသည်ဖြစ်စေ ၎င်းတို့ ကြောက်ရွံ့မည်မဟုတ်သကဲ့သို့ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း မဖြစ်ပေ။ ၎င်းတို့၌ ဉာဏ်ပညာရှိသောကြောင့် လူကြောက်ခြင်း မရှိပေ။ လူများလေလေ၊ သူတို့ ပို၍ ပျော်ရွှင်တက်ကြွလာလေလေဖြစ်ပြီး ပို၍လည်း ထုတ်ဖော်ပြသချင်လာကြလေလေဖြစ်သည်။ တစ်စုံတစ်ယောက်၏ ပင်ကိုစရိုက်နှင့် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းသည် ၎င်းတို့ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့် ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) ဘုရားသခင်သည် လူတို့နှင့်ပတ်သက်၍ ဤအရာများကို ပြောင်းလဲတော်မမူပေ။ အချို့လူများသည် ၎င်းတို့၏ ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်း ညံ့ဖျင်းခြင်းသည် ၎င်းတို့၏ လူ့သဘာဝ၌ ချို့ယွင်းချက်တစ်ခုဖြစ်ကြောင်း သိသောကြောင့် ယင်းကို ကျော်လွှားရန် ကြိုးစားလုပ်ဆောင်ကြသည်။ ၎င်းတို့သည် အသက်လတ်ပိုင်း သို့မဟုတ် အသက်ကြီးပိုင်းသို့ ရောက်သည့်အခါ ဆယ်စုနှစ်များစွာ ကြံ့ခိုင်ဖွံ့ဖြိုးအောင်ပြုခြင်းကို တွေ့ကြုံခံစားပြီးနောက်တွင်လည်းကောင်း၊ များပြားကျယ်ပြန့်သော အတွေ့အကြုံကို စုဆောင်းပြီးနောက်တွင်လည်းကောင်း ၎င်းတို့သည် လောလောလတ်လတ် ကိစ္စရပ်အချို့ကို မနိုင်မနင်း ကိုင်တွယ်ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည် ဖြစ်သည်၊ သို့သော် ၎င်းတို့သည် အရေးကြီးသော၊ အသက်သေဆုံးနိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်း ရှိနေဦးမည် မဟုတ်ပေ။ အထူးသဖြင့် အချို့လူများသည် အသက်ကြီးလာသည့်အခါ မိမိတို့ဘာသာ ဘာတစ်ခုမျှ မကိုင်တွယ်နိုင်ကြပေ၊ ၎င်းတို့ ကိုင်တွယ်ရန် ကြိုးစားသည့် မည်သည့်အရာမဆို၊ ၎င်းတို့သည် ယင်းကို လုံးဝ ကမောက်ကမဖြစ်အောင် လုပ်သည်၊ ၎င်းတို့သည် ယင်းကို လုံးဝ မထမ်းဆောင်နိုင်ပေ၊ မိမိတို့၏ မိသားစုရေးရာများ၏ ဝန်ကိုပင် မထမ်းနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့ မည်သည့်အရာလုပ်ကြသနည်း။ အချို့ကိစ္စများတွင် ၎င်းတို့၏သားသမီးများသည် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းရှိသောကြောင့် ဤလူများသည် ၎င်းတို့၏ကလေးများကို ကူညီခိုင်းပြီး ၎င်းတို့အတွက် လုပ်ဆောင်ပြီးဖြစ်သည့်အရာများကို ခံစားကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် အကျိုးပြုခဲ့ပြီးပြီ ကျွန်ုပ်၌ ကိစ္စရပ်များ ကိုင်တွယ်နိုင်စွမ်း ရှိသည်” ဟု ထင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့၌ ဤစွမ်းဆောင်နိုင်ရည် မရှိပေ။ ယခု ကြီးပြင်းလာပြီး တာဝန်ယူနိုင်ပြီဖြစ်သော ၎င်းတို့၏ သားသမီးများက ဤကိစ္စရပ်များကို တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ ဤလူများသည် ယခုအခါ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ ငယ်စဉ်ကကဲ့သို့ စိုးရိမ်ကြောင့်ကြပြီး ကြောက်ရွံ့ခြင်း မရှိနိုင်တော့သော်လည်း ယင်းမှာ ၎င်းတို့၏ ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းသည် ပြောင်းလဲသွားပြီ သို့မဟုတ် တိုးတက်လာပြီဟု မဆိုလိုပေ။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့ အသက်ကြီးလာပြီ၊ အတွေ့အကြုံရလာပြီ၊ အမှုအရာများကို မကြောက်တော့ဟု ဆိုလိုသည်။ “အမှုအရာများကို မကြောက်တော့” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့သည် အမှုအရာများစွာကို တွေ့ကြုံခံစားခဲ့ပြီး အမှုအရာများ၏ ပုံစံများကို သဘောပေါက်လာသောကြောင့် အမှုအရာများကို ပို၍ ပွင့်လင်းသောစိတ်ဖြင့် ကြည့်ရှုနိုင်ကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် အန္တရာယ်အနည်းငယ်နှင့် အမှန်တကယ် ကြုံတွေ့ရပါက ၎င်းတို့ ကြောက်ရွံ့မည်မဟုတ်ဘဲ “ကောင်းပြီ၊ ကျွန်ုပ် ဤနေရာတွင်ရှိသည်။ ပိုက်ဆံလိုချင်လျှင် ကျွန်ုပ်မှာ တစ်ပြားမျှ မရှိပါ၊ အသက်လိုလျှင် အသက်တစ်ချောင်းသာ ရှိသည်၊ ကြိုက်သလိုလုပ်” ဟု တွေးကြလိမ့်မည်။ ထိုသို့သောလူများသည် တိုးတက်မှုတစ်စုံတစ်ရာ ရရှိပြီးပြီလော။ ၎င်းတို့သည် တိုးတက်မှု လုံးဝမရရှိသေးပေ၊ ၎င်းတို့သည် အမှုအရာများကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လာလျှင် အတော်အတန် ပေါ့ဆပြီး နားဝေတိမ်တောင်ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ပင် ကမူးရှူးထိုးဖြစ်ကာ စိတ်မရှည်ကြပေ။ ၎င်းတို့သည် ယခင်က အမှုအရာများကို အဆုံးတိုင် မလုပ်ဆောင်နိုင်ခဲ့သကဲ့သို့ ယခုပင်လျှင် တစ်စက်မျှ မပြောင်းလဲသေးပေ။ ယင်းမှာ ၎င်းတို့ဖြစ်သည့် ပုံစံပင် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ အမှုအရာများ အမှန်တကယ်ဖြစ်သည့် ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။)

သင်တို့ထဲတွင် အသက်အရွယ်အမျိုးမျိုးရှိသော လူများ ရှိကြသည်။ ယခုအချိန်အထိ သင်သည် ထူးခြားသောအရာတစ်ခုကို တွေ့ကြုံခံစားခဲ့ဖူးသလော။ သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်တွင် သင်၏ အစွမ်းအစသည် လုံးဝပြောင်းလဲသွားပြီး ယခင်ကထက် များစွာ ပိုကောင်းလာခဲ့သလော၊ သို့မဟုတ် သင်၏ ပင်ကိုသဘာဝများ ပြောင်းလဲသွားခဲ့သလော။ သင်သည် ထိုသို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသလော။ (မရှိခဲ့ဖူးပါ။) သို့ဆိုလျှင် “ကျွန်ုပ်သည် ယခင်က အတော်လေး အသုံးမကျခဲ့ပါ။ ကျွန်ုပ်သည် စကားပြောမကောင်းခဲ့ပါ၊ ကျွန်ုပ်၌ မည်သည့်စွမ်းရည်များ သို့မဟုတ် ကျွမ်းကျင်မှုများမျှ မရှိခဲ့ပါ၊ မည်သည့် လူမှုဆက်ဆံရေး စွမ်းရည်များမျှလည်း မရှိခဲ့ပါ။ ယခု ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်လက်ခံပြီးဖြစ်သောအခါ ကျွန်ုပ်သည် စကားပြောကောင်းလာသည်၊ ကျွန်ုပ်၌ လူမှုဆက်ဆံရေးစွမ်းရည်များ ရှိလာပြီး အမှုအရာများကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လာလျှင် ဉာဏ်ကောင်းပြီး နည်းလမ်းကျွမ်းကျင်ကာ အမှုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို သိပါသည်” ဟု တစ်စုံတစ်ယောက်က ပြောခဲ့ဖူးသလော။ တစ်စုံတစ်ယောက်သည် ဤသို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသလော။ (မရှိခဲ့ဖူးပါ။) အချို့က “ထိုအရာများသည် ကျွန်ုပ်အပေါ် မဖြစ်ပျက်ခဲ့သော်လည်း ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားခြင်းဖြစ်စဉ်တွင် ကျွန်ုပ်၏ ပင်ကိုစရိုက် ပြောင်းလဲသွားသည်ဟု ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ်သည် ယခင်က စကားဖြည်းဖြည်းပြောတတ်ပြီး လူတိုင်းက ကျွန်ုပ်ကို ‘စိတ်ပေါက်မှလိပ်လောက်ပြေးသူ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်၌ ‘နှေးကွေးလေးကန်သူ’ ဟူသော အခြားနာမည်ပြောင်တစ်ခုလည်း ရှိခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်စပြုကတည်းက ကျွန်ုပ်၏ တုံ့ပြန်မှုများသည် ယခင်ကထက် ပိုမြန်လာပြီး ကျွန်ုပ်သည် ပိုမြန်မြန် စကားပြောကာ လှုပ်ရှားသည်။ ကျွန်ုပ်သည် အမှုအရာများကိုလည်း ပို၍မြန်ဆန်ပြီး ထိရောက်စွာ ကိုင်တွယ်ပါသည်” ဟု ဆိုကြသည်။ ထိုသို့သောအရာများ ဖြစ်တတ်သလော။ (မဖြစ်တတ်ပါ။) ယင်းမှာ ဖြစ်နိုင်ကောင်းဖြစ်နိုင်သည့် ကိစ္စတစ်ခု ရှိသည်။ ဥပမာအားဖြင့် အချို့လူများသည် နိုင်ငံခြားဘာသာစကား တစ်ခုကို သင်ယူပြီး ယင်းကို စတင်၍ ပြောဆိုလေ့ကျင့်သည့်အခါ ၎င်းတို့သည် တစ်ကြိမ်လျှင် စကားတစ်လုံးဖြင့် အလွန်ဖြည်းညင်းစွာ ပြောကြသည်။ အခြားသူများက ဤလူများသည် နှေးကွေးသော စိတ်နေစိတ်ထားဖြင့် မွေးဖွားလာသောကြောင့် အလွန်ဖြည်းညင်းစွာ စကားပြောခြင်းဖြစ်နိုင်သည်ဟု ထင်ကြသည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် ဤလူများသည် ထိုနိုင်ငံခြားဘာသာစကားကို ပြောဆိုသူများနှင့် မကြာခဏ ထိတွေ့ဆက်ဆံခဲ့သောကြောင့် မိမိတို့၏ မိခင်ဘာသာစကားကို ပြောဆိုသကဲ့သို့ လျင်မြန်စွာပင် ယင်းကို အလွန်ကျွမ်းကျင်စွာ ပြောဆိုနိုင်လာကြပြီး အဖြစ်မှန်ကို မသိသော အခြားသူများက “ထိုလူ၏ ပင်ကိုစရိုက် ပြောင်းလဲသွားပြီ။ ၎င်းသည် ယခင်က ဖြည်းညင်းစွာ စကားပြောတတ်ပြီး လူတို့သည် ၎င်းကို နားထောင်ရင်း စိတ်မရှည်ဟု ခံစားခဲ့ကြရသော်လည်း ယခုအခါ ၎င်းသည် အလွန်ကျွမ်းကျင်စွာ စကားပြောသည်၊ ၎င်းသည် သွက်လက်သောသူတစ်ဦး ဖြစ်လာပြီ။ ၎င်း၏ ရှင်းလင်းပြတ်သားသော စကားပြောပုံအရ ၎င်းသည် အမှုအရာများကို လျင်မြန်စွာ ကိုင်တွယ်ပြီး ပင်ကိုစရိုက်ကောင်းရှိသည်ကို သင် သိနိုင်သည်” ဟု ထင်ကြသည်။ ဤကိစ္စတွင် ၎င်း၏ ပင်ကိုစရိုက်၌ ပြောင်းလဲမှုတစ်ခု ရှိခဲ့ပါသလော။ (မရှိခဲ့ပါ။) အမှန်တကယ်တွင် ဤသည်မှာ ပုံမှန်ပုံစံတစ်ခု ဖြစ်သည်။ ယင်းမှာ အတတ်ပညာတစ်မျိုးကို သင်ယူရာတွင် ပုံမှန်တိုးတက်မှု၏ ဖြစ်စဉ်တစ်ခုဖြစ်သည်၊ ယင်းမှာ ပင်ကိုစရိုက်ကို ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခု မဟုတ်ပေ။ အစွမ်းအစ၊ အရည်အချင်းနှင့် ပင်ကိုသဘာဝများဖြစ်စေ၊ သို့မဟုတ် ပင်ကိုစရိုက်၊ အလေ့အထများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြစ်စေ၊ ဤကဏ္ဍတစ်ခုမျှသည် ဘုရားသခင်က သူ၏အမှုတော်မှတစ်ဆင့် ပြောင်းလဲလိုသည့်အရာများ မဟုတ်ပေ။ လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ရန် ဘုရားသခင် အမှုပြုခြင်းနှင့် စကားပြောခြင်းတို့၏ ရည်ရွယ်ချက်မှာ လူသားများ၏ ဤပင်ကိုသဘာဝ စွမ်းရည်များအားလုံးကို ပြောင်းလဲရန်ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပြီး ထိုအခါတွင်မှ လူတစ်ဦးကို လုံးဝ ပြန်မွေးဖွားသူတစ်ဦး၊ ဘုရားသခင် ပြောထားသည့်အတိုင်း အမှန်တကယ် လူသစ်တစ်ဦးအဖြစ် ယူဆ၍ရနိုင်သည်ဟု တွေးထင်လျှင် သင် အလွန်တရာ မှားယွင်းပေသည်။ ဤသည်မှာ လူသား အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည်။ ဤအရာကို နားလည်ပြီးနောက်တွင် ထိုသို့သော အယူအဆများ၊ စိတ်ကူးများ၊ ခန့်မှန်းချက်များ သို့မဟုတ် ခံစားချက်များကို သင် လက်လွှတ်သင့်သည်။ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင် “ကျွန်ုပ်၏ အစွမ်းအစ တိုးတက်ပြီလော။ ကျွန်ုပ်၏ ပင်ကိုသဘာဝများ ပြောင်းလဲပြီလော။ ကျွန်ုပ်၏ ပင်ကိုစရိုက်များသည် ယခင်ကလောက် ဆိုးသေးသလော။ ကျွန်ုပ်၏ အသက်ရှင်နေထိုင်မှုပုံစံများ ပြောင်းလဲပြီလော”ဟူသည့် ဤအရာများကို အကျဉ်းရုံးရန် ခံစားချက်များ သို့မဟုတ် မှန်းဆချက်များအပေါ် သင် အမြဲ မမှီခိုသင့်ပေ။ ဤအရာများအပေါ် မတွေးဆနှင့်။ ထိုသို့တွေးဆခြင်းသည် အချည်းနှီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဘုရားသခင်က ပြောင်းလဲရန် ရည်ရွယ်သည့် သွင်ပြင်လက္ခဏာများ မဟုတ်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ဤအရာများကို မည်သည့်အခါတွင်မျှ ပစ်မှတ်ထားခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လူတို့၏ အစွမ်းအစ၊ ပင်ကိုသဘာဝများ၊ ပင်ကိုစရိုက် စသည်တို့ကို ပြောင်းလဲရန် လုံးဝ မရည်ရွယ်ခဲ့သကဲ့သို့ လူတို့၏ ဤသွင်ပြင်လက္ခဏာများကို ပြောင်းလဲခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် ဘုရားသခင် မည်သည့်အခါကမျှ စကားမပြောခဲ့ဖူးပေ။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဘုရားသခင်၏ အမှုတော်သည် လူတို့အား သမ္မာတရားကို နားလည်စေရန်နှင့်၊ ထို့နောက်တွင် သမ္မာတရားကို လက်ခံကာ ကျိုးနွံနာခံစေရန် ရည်မှန်းလျက် ၎င်းတို့၏ ပင်ကိုအနေအထားများအပေါ် အခြေခံ၍ သမ္မာတရား ထောက်ပံ့ပေးသည်။ တစ်နည်းအားဖြင့် ဆိုရသော် သင့်ထံတွင် မည်သည့် အစွမ်းအစမျိုးရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏ ပင်ကိုစရိုက်နှင့် ပင်ကိုသဘာဝများက မည်သို့ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာမှာ သင်၏ ပင်ကိုအစွမ်းအစ၊ ပင်ကိုသဘာဝများနှင့် ပင်ကိုစရိုက်တို့ကို ပြောင်းလဲခြင်းထက် သင့်အထဲသို့ သမ္မာတရားကို ထည့်သွင်းရန်၊ သင်၏ အယူအဆဟောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်သည်။ ယခုတွင် သင်နားလည်ပြီဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်က ပြောင်းလဲရန် ရည်မှန်းသည့်အရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ အမှုတော်သည် လူတို့အတွင်းရှိ အယူအဆဟောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်။) ယခု ဤသမ္မာတရားကို သင် နားလည်သဖြင့် လက်တွေ့မကျသကဲ့သို့ သဘာဝလွန်သော အရာများနှင့် သက်ဆိုင်သည့် စိတ်ကူးများနှင့် အယူအဆများကို လက်လွှတ်သင့်ပြီး သင့်ကိုယ်သင် တိုင်းတာရန် သို့မဟုတ် မိမိကိုယ်ကိုအပေါ် တောင်းဆိုမှုများပြုလုပ်ရန် ဤအယူအဆများနှင့် စိတ်ကူးများကို အသုံးမပြုသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်ကို ပေးထားသည့် ပင်ကိုအနေအထားအမျိုးမျိုးပေါ် အခြေခံ၍ သမ္မာတရားကို သင် ရှာဖွေကာ လက်ခံသင့်သည်။ ဤအရာတွင် နောက်ဆုံး ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာမှာ သင်၏ ပင်ကိုအနေအထားများအပေါ် အခြေခံ၍ သမ္မာတရား စည်းမျဉ်းများကို သင် နားလည်ခြင်း၊ သင် ကြုံရသည့် အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ရာတွင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းတစ်ခုစီတိုင်းကို နားလည်ခြင်းနှင့် သင့်အနေဖြင့် ဤသမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်နိုင်ပြီး ပြုမူနေထိုင်ကာ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်၏ ရည်ရွယ်ချက်သည် သမ္မာတရားများကို လူတို့ထဲသို့ သွင်းပေးရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာမည်ဖြစ်ကာ ၎င်းတို့က လူများနှင့် အမှုအရာများကို ရှုမြင်သည့်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် အခြေခံများ ဖြစ်လာမည်ဖြစ်သည့်အပြင် ၎င်းတို့၏အသက် ဖြစ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်၊ လူတို့ကို စွမ်းအားရှင်များ သို့မဟုတ် သဘာဝလွန် စွမ်းအားများရှိသော လူများအဖြစ်သို့ ပြောင်းလဲရန် မဟုတ်ပေ။ “စွမ်းအားရှင်” နှင့် “သဘာဝလွန် စွမ်းအားများရှိသော လူများ” ဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ လူတစ်ဦး၏ ပင်ကိုသဘာဝများကို ကျော်လွန်နိုင်ခြင်း၊ လူတစ်ဦး၏ စွမ်းရည်အတိုင်းအတာကို ကျော်လွန်နိုင်ခြင်း၊ လူတစ်ဦး၏ အစွမ်းအစကို ကျော်လွန်နိုင်ခြင်း၊ လူတစ်ဦး၏ လိင်ကိုပင် ကျော်လွန်နိုင်ခြင်းနှင့် လူတစ်ဦး၏ လိင်ကို ကျော်လွန်၍ အသက်ရှင်နိုင်ခြင်းဟူသည့် ဤသည်တို့မှာ သဘာဝလွန် စွမ်းအားများ မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် အချို့လူများသည် အထူးပြု ဘာသာစကားလေ့လာမှုများတွင် မပါဝင်ဘဲ ဘာသာစကားများစွာ သို့မဟုတ် ဆယ်မျိုးထက်မကကိုပင် ပြောဆိုနိုင်သည်။ ဤသည်မှာ သဘာဝလွန် ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသဘာဝလွန်ဖြစ်ခြင်းသည် လူ့အစွမ်းအစ၊ အရည်အချင်းနှင့် ပင်ကိုသဘာဝကို ကျော်လွန်သည် မဟုတ်လော။ (ကျော်လွန်ပါသည်။) ထို့ထက်မက ဘာသာစကားအမျိုးမျိုးကို ပြောဆိုသည့်အခါ ၎င်းတို့သည် မတူညီသော ယောက်ျားနှင့် မိန်းမအသံများကိုပင် ပြောင်းလွယ်ပြင်လွယ် အသုံးပြုနိုင်သည်။ ဤသည်မှာ သာ၍ပင် သဘာဝလွန် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ဘာသာစကားမည်မျှ ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့ ရောထွေးသွားခြင်းမရှိသကဲ့သို့၊ မည်မျှကြာကြာ ပြောဆိုသည်ဖြစ်စေ မပင်ပန်းကြပေ၊ ရေအနည်းငယ် မသောက်လျှင်ပင် ရေမငတ်ကြပေ။ ထို့အပြင် ၎င်းတို့ ပို၍စကားပြောလေ၊ ၎င်းတို့၏မျက်လုံးများ ပို၍လင်းလက်လာလေ၊ ၎င်းတို့၏မျက်နှာ ပို၍တောက်ပလာလေဖြစ်ပြီး ၎င်းတို့တစ်ကိုယ်လုံး တောက်ပနေသည်။ ဤသည်မှာ သဘာဝလွန် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ စကားပြောနေစဉ် သေနတ်ဖြင့် ပစ်ခံရလျှင်ပင် ၎င်းတို့ မည်သည့်အရာမျှ မဖြစ်ဘဲ ဆက်လက်စကားပြောနေသည်။ ယင်းမှာ သာ၍ပင် သဘာဝလွန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ကျည်ဆန်ကို မြင်သည့်အခါ ရှောင်ရန်ပင် မကြိုးစားဘဲ ယင်းအစား တည့်တည့်ရင်ဆိုင်သည်။ ကျည်ဆန်သည် ၎င်းတို့၏ ရင်ဘတ်ကို ဖြတ်သွားသော်လည်း ၎င်းတို့သည် ခိုင်မာစွာရပ်တည်ပြီး ယိမ်းယိုင်ခြင်းမရှိပေ။ ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ ထိခိုက်ခြင်းမရှိသကဲ့သို့ ၎င်းတို့၏ ခေါင်းပေါ်မှ ဆံပင်တစ်မျှင်မျှပင် မထိခိုက်ပေ။ ဤသည်မှာ ပင်ကိုသဘာဝကို ကျော်လွန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤဖြစ်ရပ်အားလုံးသည် လူ့ပင်ကိုသဘာဝကို ကျော်လွန်သည်။ အားလုံးထဲတွင် အပြင်းထန်ဆုံးအရာမှာ ၎င်းတို့သည် သာမန်မဟုတ်သော သူတစ်ဦး ဖြစ်လာခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သာမန်လူများနှင့် ကွဲပြားသောသူ၊ ပုံမှန်လူများ၏ အစွမ်းအစနှင့် အရည်အချင်းများကို ကျော်လွန်သောသူ၊ သာမန်လူများ၏ ပင်ကိုသဘာဝများကိုလည်း ကျော်လွန်သောသူတစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။ ကဏ္ဍအားလုံးတွင် ၎င်းတို့၏ သရုပ်သကန်များသည် သာမန်လူများ၏ သရုပ်သကန်များနှင့် ကွဲပြားပြီး အထူးသဖြင့် သဘာဝလွန်ဖြစ်သည်။ ဤသည်မှာ ပြဿနာကို ဆိုလိုသည်။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး ဖြစ်နေသေးသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ (ဝိညာဉ်ဆိုးတစ်ကောင် ဖြစ်ပါသည်။) ၎င်းတို့သည် ဝိညာဉ်ဆိုးတစ်ကောင် ဖြစ်သည်။ သင်တို့သည် ဤအရာကို လိုက်စားလိုသလော။ (မလိုက်စားလိုပါ။) သင်တို့တစ်ဦးမျှ မလိုက်စားလိုပါ၊ သို့ဆိုလျှင် ဘုရားသခင်၏အမှုတော်သည် လူတို့ကို ထိုအတိုင်းအတာအထိ ပြောင်းလဲစေမည်ဟု သင် ထင်သလော။ ဘုရားသခင်၏အမှုတော်၏ ရည်ရွယ်ချက်သည် လူတို့ကို သာမန်မဟုတ်သော လူများအဖြစ်သို့ ပြောင်းလဲရန် ဖြစ်သလော။ (မဟုတ်ပါ။) ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံရန်နှင့် သူ သင့်အတွက် စီစဉ်ဖွဲ့စည်းပေးထားသည့် ပတ်ဝန်းကျင်များကို ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာအတွင်း တွေ့ကြုံခံစားရန်ဖြစ်ပြီး သို့မှသာ ဤအရာမှ သင်သည် ဘုရားသခင် သူ၏အမှုတော်ကို လုပ်ဆောင်သည့် အပင်ပန်းခံရသော ရည်ရွယ်ချက်များကိုဖြစ်စေ၊ သင်၏ကိုယ်ပိုင် မလုံလောက်မှုများနှင့် ချို့တဲ့မှုများကိုဖြစ်စေ၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုဖြစ်စေ နားလည်နိုင်မည်ဖြစ်ကာ ထို့နောက် ဤနားလည်မှုကို အခြေခံ၍ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်သည့်အပြင် တဖြည်းဖြည်း သမ္မာတရားထဲသို့ ဝင်ရောက်လာရန် ဖြစ်သည်၊ ဤဖြစ်စဉ်သည် နှေးကွေးပြီး လုံးဝ သဘာဝလွန် မဟုတ်ပေ။ အချို့လူများသည် အပျက်သဘောဆောင်နေသည့်အခါ ဤသို့ပြောလိုကြသည်။ “ကျွန်ုပ် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ရာမှ မည်သည့်အရာ ရခဲ့ပြီနည်း” ဟူ၍ဖြစ်သည်။ သင်သည် မည်သည့်အရာမျှ မရခဲ့ဟု ဆိုသော်လည်း၊ အောက်ပါတို့ကို သင် ဂရုတစိုက် စဉ်းစားသင့်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးနောက် သင်သည် ယခုအခါ အမှုအရာများစွာကို ရှင်းလင်းစွာ သိမြင်လာပြီ မဟုတ်သလော။ သင် ယုံကြည်သည့်အချိန် ကြာလေလေ၊ သင် ပို၍ငြိမ်းချမ်းပြီး အခြေခိုင်သည်ဟု ခံစားရလေလေ၊ ဤသည်မှာ ဘဝ၏ မှန်ကန်သောလမ်းခရီးဖြစ်သည်ဟု သင် ပို၍ခံစားရလေလေ ဖြစ်သည် မဟုတ်သလော။ သင်သည် ဤသို့ခံစားရပါကအမှန်တကယ် တစ်စုံတစ်ခုကို ရရှိခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ သင်သည် မည်သည့်ရုပ်ဝတ္ထုပစ္စည်းများကိုမျှ မရရှိခဲ့သော်လည်း၊ ပိုက်ဆံ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်ဖြစ်သည့် သင်၏လက်ဖြင့် ဆုပ်ကိုင်နိုင်သော သို့မဟုတ် သင်၏မျက်စိဖြင့် မြင်နိုင်သောအရာများကို မရရှိခဲ့သော်လည်း၊ သင်သည် သင်၏စိတ်နှလုံးထဲတွင် အချို့သော သမ္မာတရားများကိုမူ နားလည်ခဲ့ပြီးဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှန်တကယ်တည်ရှိမှုနှင့် အရာခပ်သိမ်းအပေါ် သူ၏အချုပ်အခြာအာဏာကိုင်စွဲမှုကို အတိုင်းအတာတစ်ခုအထိ နားလည်မှု ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူတို့အတွက် သူ၏လိုအပ်ချက်များကိုလည်း နားလည်ခဲ့ပြီးဖြစ်ကာ ဖန်ဆင်းခံတစ်ဦးဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်ကိုလည်းကောင်း သင် သိသည်။ ပြီးလျှင် ယခုအချိန်၌ သင့်ကို တာဝန်တစ်ခု ထမ်းဆောင်ခွင့်မပြုပါက သင်သည် ပြင်းစွာသောဝေဒနာကို ခံစားရပြီး သင်၏အသက်တာသည် အနှစ်မဲ့သည်ဟု ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ အကျိုးကျေးဇူးများ ရရှိပြီးဖြစ်ကြောင်း မဖော်ပြပေလော။ သင် ရရှိခဲ့သည့်အရာသည် မည်သည့်ရုပ်ဝတ္ထုပစ္စည်းထက်မဆို ပို၍တန်ဖိုးရှိသည်။ ဤသည်တို့မှာ ဘုရားသခင်၏ အမှုတော်က လူတို့၌ ပြီးမြောက်အောင်မြင်စေသည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ သူသည် လူတို့အား လူ့သဘာဝ၊ လူ့ပင်ကိုသဘာဝများ၊ သို့မဟုတ် ဇာတိပကတိ၏ ပုံမှန်လိုအပ်ချက်များနှင့် ပုံမှန်သရုပ်သကန်များကို ကျော်လွန်သည့် သဘာဝလွန်၊ လက်တွေ့မကျသော ပြောင်းလဲမှုအချို့ကို တွေ့ကြုံခံစားစေရန် ရည်ရွယ်တော်မမူပေ။ ယင်းအစား သူသည် လူတို့အား ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာအတွင်း ပတ်ဝန်းကျင်အမျိုးမျိုးကို တွေ့ကြုံခံစားစေရန် ရည်ရွယ်ပြီး ဤဖြစ်စဉ်တွင်၊ နားလည်မှုများနှင့် အတွေ့အကြုံအမျိုးမျိုးကို တဖြည်းဖြည်းနှင့် ဖြည်းညင်းစွာ ရရှိစေရန် ရည်ရွယ်သည်။ အချုပ်အားဖြင့်ဆိုသော် ဤတစ်ဆင့်ဆင့်နှင့် ဖြည်းညင်းသော ဖြစ်စဉ်တစ်လျှောက်လုံးတွင် လူတို့၏ အတွေးအခေါ်များနှင့် အယူအဆများသည် တစ်စတစ်စ ပြောင်းလဲသွားသည်၊ ၎င်းတို့ လူများနှင့် အမှုအရာများကို ရှုမြင်သည့် ရှုထောင့်များ ပြောင်းလဲသွားသည်၊ လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့ကို ကိုင်တွယ်သည့် ၎င်းတို့၏ ရှုမြင်ချက်များနှင့် နည်းလမ်းများ ပြောင်းလဲသွားသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့သည် ယခင်ကကဲ့သို့ သိသာထင်ရှားခြင်း မရှိတော့သကဲ့သို့ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာသည်။ ၎င်းတို့သည် ထိုလက်တွေ့မကျသော၊ အထင်မှားစေသော၊ အနှစ်မဲ့သော၊ ဗလာဖြစ်သော၊ သို့မဟုတ် သဘာဝလွန်သောအရာများအစား ဤစစ်မှန်သော အကျိုးကျေးဇူးများကို ရရှိကြသည်။

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သည့်အလုပ်ကို တဖြည်းဖြည်းချင်းဖြစ်သော ပုံစံဖြင့် လုပ်ဆောင်တော်မူပြီး မလွဲဧကန်ပင် ပို၍ အဓိကကျသည့် အခြားစည်းမျဉ်းတစ်ခု ရှိသေးသည်မှာ သူ၏အလုပ်ကို လုပ်ဆောင်ရာတွင် ဘုရားသခင်သည် အမှုအရာများကို ယင်းတို့၏ သဘာဝအတိုင်း ဖြစ်ပျက်ပြောင်းလဲစေခြင်းပင် ဖြစ်သည်။ “အမှုအရာများကို ယင်းတို့၏ သဘာဝအတိုင်း ဖြစ်ပျက်ပြောင်းလဲစေခြင်း” ဟူသည့် ဤစည်းမျဉ်းသည် လူတို့အတွက် နားလည်ရန် အနည်းငယ် ခက်ခဲနိုင်သည်။ အမှုအရာများကို ယင်းတို့၏ သဘာဝအတိုင်း ဖြစ်ပျက်ပြောင်းလဲစေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အပေါ် အလုပ်လုပ်သည်ဖြစ်စေ၊ လူတို့အား စကားပြောသည်ဖြစ်စေ၊ သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှုအရာများကို အတင်းအကျပ် မခိုင်းဟု ဆိုလိုသည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးပြီး အခြားလူတို့ကို သူပြုသည့်အတိုင်းပင် သင့်အား သမ္မာတရားဖြင့် ထောက်ပံ့သည်။ သူ စီစဉ်ဖွဲ့စည်းပေးထားသည့် ပတ်ဝန်းကျင်များကို သင်မည်သို့ ရှုမြင်နားလည်သင့်သည်နှင့်ပတ်သက်၍လည်းကောင်း၊ သင်သည် မည်သည့်အမြင်ရှုထောင့်နှင့် သဘောထားဖြင့် ယင်းတို့ကို ချဉ်းကပ်သင့်သည်နှင့်ပတ်သက်၍လည်းကောင်း ဘုရားသခင်သည် ရှင်းလင်းသော နှုတ်ကပတ်တော်များကို မိန့်ကြားခဲ့ပြီး သင့်အား ရှင်းလင်းသော သမ္မာတရား စည်းမျဉ်းများကိုလည်း ပြောကြားပြီးဖြစ်သည်။ သင်သည် ယင်းတို့ကို မည်သို့ ချဉ်းကပ်သည်နှင့်ပတ်သက်၍မူ ယင်းမှာ သင်၏ ကိုယ်ပိုင် လွတ်လပ်စွာ ရွေးချယ်မှု ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိရန် ရွေးချယ်နိုင်သည် သို့မဟုတ် သမ္မာတရားကို ငြင်းပယ်ရန် ရွေးချယ်နိုင်သည်။ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များမှတစ်ဆင့် သင့်အား ထုတ်ဖော်ခြင်းကို လက်ခံရန် သင် ရွေးချယ်နိုင်သည် သို့မဟုတ် ဘုရားသခင်၏ အလုပ်ကို လျစ်လျူရှုရန် ရွေးချယ်နိုင်သည်၊ သင်၌ ရွေးချယ်ပိုင်ခွင့် လွတ်လပ်မှု ရှိသည်၊ သင်သည် လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ ဥပမာအားဖြင့် သင်ထမ်းဆောင်သင့်သော တာဝန်နှင့်ပတ်သက်လာလျှင် သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှဖြင့် ယင်းကို လုပ်ဆောင်ရန် သင်ရွေးချယ်နိုင်သည် သို့မဟုတ် ဝတ်ကျေတမ်းကျေ သဘောထားဖြင့် ယင်းကို လုပ်ဆောင်ရန် သင်ရွေးချယ်နိုင်သည်။ ဤသည်မှာ သင်၏ ပုဂ္ဂိုလ်ရေး ရွေးချယ်မှုအပေါ် လုံးလုံးလျားလျား အခြေခံပြီး သင်၏ ကိုယ်ပိုင် အစွမ်းအစ၊ စွမ်းရည်များ၊ ပင်ကိုသဘာဝများ စသည်တို့အပေါ်တွင်လည်း အခြေခံသည်မှာ ဧကန်မုချပင်။ ဘုရားသခင်သည် အပိုအလုပ်ကို မလုပ်ဆောင်ပေ၊ ဆိုလိုသည်မှာ ပုံမှန်အခြေအနေများအောက်တွင် ဘုရားသခင်သည် တိုက်တွန်းခြင်း သို့မဟုတ် အတင်းအကျပ်ခိုင်းခြင်း ဟူသည့် မည်သည့်အပိုအလုပ်ကိုမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးထားသည် ဟု ဆိုလိုသည်၊ ယင်းမှာ သူသည် သင့်အတွက် အပူစာ၊ အအေးစာ၊ ထမင်းနှင့် ဟင်းချို၊ သစ်သီးများ၊ ဖျော်ရည်များ စသည်တို့ပါဝင်သော စားသောက်ပွဲတစ်ခုကို ပြင်ဆင်ပေးသကဲ့သို့ပင် ဖြစ်ပြီး သင်ရွေးချယ်သည့်အရာနှင့်ပတ်သက်လာလျှင် ဘုရားသခင်သည် သင့်အား လွတ်လပ်ခွင့်ကို ပေးသည်၊ သင်မည်သည့်ရွေးချယ်မှုကို ပြုလုပ်သည်ဖြစ်စေ ထိုသို့ပြုလုပ်ရန် သင့်တွင် လွတ်လပ်ခွင့်ရှိပြီး ဘုရားသခင်သည် ဝင်ရောက်မစွက်ဖက်ဘဲ သူသည် လူတို့ကို ထောက်ပံ့ရန် သမ္မာတရားကို ဖော်ပြခြင်းအပေါ်၌သာ အာရုံစိုက်သည်။ အချို့သောလူတို့သည် စားသောက်ပွဲ၏ အရသာရှိသော ဟင်းလျာများ မည်သို့ရှိသည်ကို မိမိတို့ကိုယ်တိုင် မြည်းစမ်းခြင်းမရှိဘဲ စားသောက်ပွဲကို အပေါ်ယံ ကြည့်ရှုရုံသာ ကြည့်ကြသည်။ ၎င်းတို့သည် စားသောက်ပွဲအပေါ် မှတ်ချက်ပေးပြီး အယူဝါဒအချို့ကို ပြောဆိုကာ ထို့နောက် ထွက်ခွာသွားကြသည်။ အခြားသူတို့သည် စားသောက်ပွဲကို ကြည့်ရန်သာ ရွေးချယ်ပြီး ယင်း၏ အရသာရှိသော အစားအစာများကို လျစ်လျူရှုကာ မည်သည့်သဘောထား သို့မဟုတ် မည်သည့်အမြင်မျှမရှိဘဲ ထွက်ခွာသွားကြသည်။ ယင်း၏ အရသာရှိသော ဟင်းလျာများကို မိမိတို့ကိုယ်တိုင် မြည်းစမ်းခဲ့ကြပြီး တွေ့ကြုံခံစားခဲ့ကြသည့်အပြင် အရသာရှိသော အစားအစာများထဲမှ တစ်ခုကို မည်သို့ပြုလုပ်ရမည်ကိုလည်း သင်ယူခဲ့ကြသည့် အခြားသူများလည်း ရှိသေးသည်။ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးထားသည့် ပတ်ဝန်းကျင်တွင် သင်၏ သဘောထားသည် မည်သို့ပင်ဖြစ်စေ၊ ယင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံသည်ဖြစ်စေ၊ ယင်းကို ငြင်းပယ်ပြီး ငြင်းဆန်သည်ဖြစ်စေ၊ ယင်းကို စက်ဆုပ်ရွံရှာပြီး ရန်လိုသည်ဖြစ်စေ စသည်တို့သည် ဘုရားသခင်အတွက်မူ သဘောထားတစ်ရပ်ပင် ဖြစ်၏။ လူတို့၏ အမျိုးမျိုးသော သဘောထားများကို ဘုရားသခင်သည် မည်သို့ ချဉ်းကပ်ပြီး ကိုင်တွယ်သနည်း။ လူတို့အား များစွာသော သမ္မာတရားများကို ပေးပြီးနောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ ကြည့်ရှုပြီး မှတ်တမ်းတင်ရန်သာ ဖြစ်သည်။ လူတို့ ရွေးချယ်သည့်အရာ သို့မဟုတ် ၎င်းတို့၏ သဘောထား မည်သို့ရှိသည်နှင့်ပတ်သက်၍ ဘုရားသခင်သည် ဝင်ရောက်မစွက်ဖက်ပေ၊ ဤကိစ္စသည် ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ သို့ဆိုလျှင် ဤကိစ္စသည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ ယင်းမှာ သင်ရွေးချယ်သော လမ်းကြောင်း၊ သင်နောက်ဆုံးတွင် ရရှိသည့်အရာနှင့် သင်၏ ကိုယ်ပိုင် နောက်ဆုံးအဆုံးသတ်တို့နှင့် သက်ဆိုင်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်သည် မည်သည့်အပို အထောက်အကူပြုသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ သူဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကိုသာ ဖြည့်ဆည်းသည်။ သူသည် သင့်အား သမ္မာတရားကို ပေးပြီး လူ၊ ဖြစ်ရပ်နှင့် အမှုအရာအမျိုးမျိုးတို့ကို ကိုင်တွယ်ရန်အတွက် စည်းမျဉ်းများကို သင့်အား ပြောကြားပြီးနောက်တွင် သူသည် သင့်အတွက် ပတ်ဝန်းကျင်များကိုလည်း စီစဉ်ဖွဲ့စည်းပေးကောင်း ပေးနိုင်မည်။ သို့ရာတွင် သင်ပြုလုပ်သော နောက်ဆုံးရွေးချယ်မှုများ အတိအကျ မည်သို့ရှိသည် သို့မဟုတ် သင်လျှောက်လှမ်းသော လမ်းကြောင်း မည်သို့ရှိသည်ကို ဘုရားသခင် ဝင်ရောက်မစွက်ဖက်ပေ၊ သူသည် သင့်အား မိမိကိုယ်တိုင် ရွေးချယ်စေသည်။ ဥပမာအားဖြင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရလျှင် သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း ပြုမူရန် သို့မဟုတ် သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း ထင်ရာစိုင်းပြီး မဆင်မခြင် ပြုမူရန် သင်ရွေးချယ်နိုင်သည်။ အရာရာတိုင်းကို သမ္မာတရား စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန်နှင့် သင်၏တာဝန်ကို အလုပ်အစီအစဉ်များအတိုင်း ထမ်းဆောင်ရန် သင်ရွေးချယ်ပါက ဘုရားသခင်သည် ဤအရာကို စောင့်ကြည့်လေ့လာပြီး မှတ်တမ်းတင်လိမ့်မည်ဖြစ်ကာ နောက်ဆုံးတွင် သင်သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်လိမ့်မည်၊ ဤသည်မှာ အဆုံးသတ်တစ်ခု ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အလိုအတိုင်း အမှုအရာများကို လုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်လျက် ထင်ရာစိုင်းပြီး မဆင်မခြင် ပြုမူပါက ဤသည်မှာလည်း ရွေးချယ်မှုတစ်ခုဖြစ်ပြီး သင်လျှောက်လှမ်းနေသော လမ်းကြောင်းကို ကိုယ်စားပြုကာ ဘုရားသခင်သည်လည်း ယင်းကို စောင့်ကြည့်ပြီး မှတ်တမ်းတင်လိမ့်မည်ဖြစ်ကာ သင်၏ အဆုံးသတ် မည်သို့ဖြစ်မည်မှာ ပြောစရာမလိုပေ။ သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီးဖြစ်ပါက ဤသည်မှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင့်အား ရရှိစေမည်ဖြစ်ပြီး သင့်အတွက် ကောင်းမွန်သော ပန်းတိုင်တစ်ခုကိုလည်း ရရှိစေမည်ဖြစ်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။