သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း လေး
၃။ သမ္မာတရားနှင့် အသက်ကို ရရှိရန် သမ္မာတရားကို လိုက်စားပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရမည်
အချို့သောလူများသည် နူးညံ့သိမ်မွေ့ပုံ၊ အလျှော့ပေးတတ်ပုံ၊ သည်းခံခွင့်လွှတ်တတ်ပုံပေါ်သည်။ ၎င်းတို့သည် ယဉ်ကျေးစွာ ပြောဆိုကာ လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့် သြဇာအာဏာရှိသော အသွင်အပြင်ဖြင့် အလုပ်ကို ဆောင်ရွက်ကြသည်။ ၎င်းတို့၏ လူ့သဘာဝသည် အတော်လေး စုံလင်ပုံရပြီး ၎င်းတို့တွင် စံနှုန်းမီသော ခေါင်းဆောင်တစ်ဦး၏ အမူအရာ ရှိသည်။ သို့သော်လည်း ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝနားမလည်ကြပေ၊ ၎င်းတို့သည် ပြဿနာအမျိုးအစားတိုင်းကို ဖြေရှင်းရန် အယူဝါဒများကို အသုံးပြုဖို့ ကြိုးစားကြပြီး မည်သည့် အနှစ်သာရရှိသော အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့ အလုပ်အစီအစဉ်များကိုလည်း အကောင်အထည်ဖော်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အသုံးမကျသူများ မဟုတ်လော။ ၎င်းတို့သည် စံပြဖာရိရှဲများ ဖြစ်ကြသည်။ အပြင်ပန်းတွင် ဖာရိရှဲများသည် အပြစ်ဆိုဖွယ်မရှိအောင် ဝတ်စားဆင်ယင်သည်၊ ဂုဏ်သိက္ခာရှိပြီး တည်ငြိမ်သည်။ ၎င်းတို့သည် ယဉ်ကျေးသည်၊ ကျင့်ဝတ်ကို နောကျေနေသည်၊ ယဉ်ကျေးသိမ်မွေ့သည်၊ မေတ္တာထားသည်၊ သည်းခံခွင့်လွှတ်တတ်ပြီး စိတ်ရှည်သည်။ ၎င်းတို့၏ ကိုယ်ဟန်အမူအရာသည် အလွန်အမင်း တင့်တယ်လျောက်ပတ်ပြီး အခြားသူများကို အထူး နူးညံ့သိမ်မွေ့စွာ၊ ကျိုးနွံစွာ၊ နှိမ့်ချစွာ ပြောဆိုကြသည်။ သင်သည် ၎င်းတို့၌ မည်သည့် မစုံလင်မှုများ၊ ဟာကွက်များ သို့မဟုတ် ချို့ယွင်းချက်များကိုမျှ မမြင်နိုင်ပေ။ ၎င်းတို့၏ လူ့သဘာဝကို အကဲဖြတ်ကြည့်သော် ၎င်းတို့သည် တရုတ်လူမျိုးများ ပြောဆိုကြသည့် ယဉ်ကျေးပြီး ကျက်သရေရှိသော လူကြီးလူကောင်းများကဲ့သို့ပင် အထူးသဖြင့် စိတ်ချအားကိုးရသည်၊ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်၊ ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိပုံရသည်။ ၎င်းတို့၏ လူ့သဘာဝသည် စုံလင်ပုံရပြီး အပြင်ပန်းအားဖြင့် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အပြစ်ကိုမျှ ရှာမတွေ့နိုင်ပေ၊ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ကြသလော။ ၎င်းတို့သည် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို နားလည်ကြသလော။ ဤလူများသည် စုဝေးပွဲတိုင်းတွင် နာရီနှင့်ချီ၍ စကားပြောနိုင်ပြီး သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့က အလွန် စကားပြောကောင်းသောပုံစံဖြင့် ပြောဆိုသည်ဟုလည်းကောင်း၊ မိမိတို့ကိုယ်ကို အလွန်ရှင်းလင်းပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် ဖော်ပြသည်ဟုလည်းကောင်း တွေးထင်လျက် လေးစားကြည်ညိုလွန်း၍ မိမိတို့ကိုယ်ကို ပျပ်ဝပ်ကြသည်။ သို့သော် သမ္မာတရားကို နားလည်သူတို့မူကား ဤပုဂ္ဂိုလ်များ၏ စကားကို နားထောင်ပြီးနောက် ၎င်းတို့ပြောဆိုသည့်အရာသည် အယူဝါဒမျှသာဖြစ်ကြောင်းနှင့် ယင်းက လူတို့၏ ပြဿနာများကို ပစ်မှတ်ထားခြင်းဖြင့် ၎င်းတို့၏ တကယ့်အခက်အခဲများကို မဖြေရှင်းပေးကြောင်း သိကြသည်။ ဤပုဂ္ဂိုလ်များသည် လူတို့၏ တကယ့်အခက်အခဲများ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို လျစ်လျူရှုပြီး အနှစ်မဲ့သော အယူဝါဒများကို ဟောပြောရန်နှင့် ကြီးကျယ်မြင့်မြတ်ပြီး အနှစ်မရှိသော သီအိုရီများအကြောင်း အဆုံးမရှိ ပြောဆိုရန်ကိုသာ သိကြသည်။ စကားပြောပြီးနောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်လေး ကျေနပ်အားရနေကြပြီး မိမိတို့သည် သမ္မာတရားကို နားလည်ကာ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟု တွေးထင်ကြသည်။ အမှန်တွင် ၎င်းတို့ရှာဖွေသည့်အရာမှာ မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော အပြင်ပန်းအသွင်အပြင်ကို စုံလင်ပြီး ကျက်သရေရှိပုံပေါက်စေရန်၊ ယင်းကို မြင့်မြတ်ပြီး ခမ်းနားပုံပေါက်စေရန် ဟန်ဆောင်ခြင်းမျှသာ ဖြစ်သည်။ သို့သော် ဘုရားသခင်ကို အတိုက်အခံလုပ်သော ၎င်းတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စိုးစဉ်းမျှပင် မပြောင်းလဲခဲ့ပေ။ ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်းများ၊ သတိထားရှောင်ခြင်းများနှင့် သံသယများ၊ အထူးသဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများနှင့် မတန်တဆ လိုအင်ဆန္ဒများသည် ၎င်းတို့၏ စိတ်တစ်ခုလုံးကို ပြည့်စေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝမလိုက်စားသကဲ့သို့ သမ္မာတရားကိုလည်း လုံးဝလက်မခံကြပေ။ သို့ဖြစ်၍ ၎င်းတို့၏ လူ့သဘာဝကို “စုံလင်သည်” ဟု သရုပ်ဖော်ခြင်းသည် “စုံလင်သည်” ဟူသော စကားလုံးကို အထင်သေးသည့် သဘောဖြင့် အသုံးပြုနေခြင်းဖြစ်သည်၊ အကြောင်းမှာ မည်သည့်လူ့သဘာဝမျှ မစုံလင်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ “စုံလင်ခြင်း” သည် မျက်နှာဖုံးနှင့် ဟန်ဆောင်မှုမျှသာ ဖြစ်သည်။ ချို့ယွင်းချက်များမရှိသော လူ့သဘာဝသည် တည်ရှိခြင်းမရှိပေ။ ယင်းမှာ မျက်နှာဖုံးတစ်ခုဖြစ်သည်၊ ၎င်းတို့ကို မယုံကြည်ကြနှင့်။ လူတစ်ဦးသည် အပြင်ပန်း၌ ပို၍စုံလင်ပုံရလေ၊ သင်သည် ၎င်းကို ပို၍သတိထားရှောင်ရမည်၊ ၎င်းကို စောင့်ကြည့်လေ့လာရမည်၊ ၎င်းကို ပိုင်းခြားသိမြင်ရမည် ဖြစ်သည်။ သင်သည် ၎င်းကို မည်သို့ ပိုင်းခြားသိမြင်သနည်း။ ၎င်းနှင့် ပို၍ဆက်ဆံလော့၊ ၎င်းနှင့် ပို၍စကားပြောလော့၊ ၎င်းသည် မိမိကိုယ်ကို နားလည်ခြင်းရှိမရှိ ကြည့်ရှုလော့။ ၎င်းက “ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်ဖြစ်သည်၊ ကျွန်ုပ်သည် စာတန်တစ်ကောင်ဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည်၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးလှပါတကား။ ကျွန်ုပ်သည် အပြစ်သားတစ်ဦး၊ အပြစ်သားခေါင်တစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် ကျွန်ုပ်ကို နှစ်သက်တော်မမူ၊ ဘုရားသခင်သည် ကျွန်ုပ်ကို စက်ဆုပ်ရွံရှာတော်မူသည်” သို့မဟုတ် “ကျွန်ုပ်သည် မျက်စိကန်းပြီး မိုက်မဲသည်၊ ဆင်းရဲပြီး သနားစရာကောင်းပါတကား။ ကျွန်ုပ်သည် ညစ်ညူးသည်၊ ကျွန်ုပ်သည် မစင်ကြယ်ပါတကား” ဟု ပြောသည် ဆိုပါစို့။ ဤစကားများထဲတွင် အမှန်တကယ်ဖြစ်သော အချက်အလက် တစ်စုံတစ်ရာ ရှိသလော။ အနှစ်သာရရှိသော နားလည်မှု တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ မည်သည့်နားလည်မှုမျှ လုံးဝမရှိပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဟူသော အချက်ကိုပင် ၎င်းတို့ ဝန်မခံကြပေ။ ၎င်းတို့သည် အနှစ်မဲ့သော စကားအချို့နှင့် သဘောတရားအချို့ကို ပြောတတ်ရန် သင်ယူထားခြင်းသာ ဖြစ်သည်။ ဤအနှစ်မဲ့သော စကားများနှင့် သဘောတရားများသည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ ခံစားခဲ့ရခြင်း သို့မဟုတ် တွေ့ကြုံခဲ့ရခြင်းတို့မှ လာသော နားလည်မှု မဟုတ်ပေ။ ယင်းတို့သည် နားထောင်၍ကောင်းသော စကားများမျှသာ ဖြစ်သည်၊ ယင်းတို့အားလုံးသည် ၎င်းတို့တင်ပြနေသည့် မျက်နှာဖုံးတစ်ခု ဖြစ်သည်။ ထို့နောက် သင်က ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများအကြောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ နားလည်လာခဲ့ကြောင်း၊ မည်သည့်ပြုပြင်ခြင်းကို ၎င်းတို့ ခံခဲ့ရကြောင်းနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ကြောင်း ပြောပြရန် တောင်းဆိုလျှင် ၎င်းတို့သည် သင်ပြောသည်ကို မကြားသကဲ့သို့ ပြုမူပြီး အသုံးမဝင်သော စကားတစ်ပုံတစ်ပင်ကို ထပ်ပြောလိမ့်မည်။ “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသည်၊ ကျွန်ုပ်သည် မွေးရာပါ အပြစ်သားတစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် နောက်ချေးပုံထဲမှ ယုတ်ညံ့သူတစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မထိုက်တန်ပါ။ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး ကျွန်ုပ်ရှိရာ မည်သည့်နေရာတွင်မဆို ဘုရားသခင်အတွက် သက်သေခံနိုင်စွမ်းမရှိပါ၊ ကျွန်ုပ်သည် အဆင့်အတန်းရှိခြင်းကိုသာ နှစ်သက်သည်” ဟူ၍ ဖြစ်သည်။ သင်က ဤအရာကို ဖြေရှင်းရန် မည်သို့ကြိုးစားခဲ့ကြောင်း မေးလျှင် ၎င်းတို့က သင့်အား မသက်ဆိုင်သော အဖြေတစ်ခုကိုပင် ပေးလိမ့်ဦးမည်။ “လူများတွင် အဆင့်အတန်း မရှိသင့်ပါ၊ လူများတွင် အဆင့်အတန်းရှိသည်နှင့် ဇာတ်သိမ်းသွားပြီဖြစ်သည်။ အဆင့်အတန်းကို လိုက်စားခြင်းသည် အလွန်အကြူး လိုအင်ဆန္ဒတစ်ခုဖြစ်သည်။ အရေးမပါဆုံးသော သူတစ်ဦးဖြစ်အောင်သာ ကြိုးစားပါ၊ ပြီးလျှင် မည်သည့်နေရာကိုသွားပါစေ အနိမ့်ဆုံးခွေးခြေမှာထိုင်ပါ၊ မထင်မရှား အဖြစ်ဆုံးနေရာမှာ ထိုင်ပါ။ လူများသည် နှိမ့်ချရမည်ဖြစ်သည်၊ ဤသည်ကို နှိမ့်ချခြင်းဟု ခေါ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အနှစ်သာရပိုင်းဆိုင်ရာ ပြောင်းလဲမှုကို တစ်ခုတလေ ကြုံခဲ့ရဖူးသလော။ ၎င်းတို့တွင် စစ်မှန်သော အတွေ့အကြုံ တစ်ခုတလေ ရှိခဲ့ဖူးသလော။ (မရှိပါ။) ဤအရာနှစ်ခုစလုံး ဖြစ်မလာခဲ့ပေ။ ၎င်းတို့တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ နားလည်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ထိုအရာများနှင့်ပတ်သက်၍ နားလည်မှုမရှိပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသလော။ (လက်မခံပါ။) မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်း ဝန်မခံသောလူများသည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံခဲ့လျှင် မိမိတို့၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကိုလည်းကောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများကိုလည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြလိမ့်မည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသောအခါ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကြလိမ့်မည်ဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ထိုသို့သော အခြေအနေမျိုးတွင် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြခဲ့ရကြောင်း၊ ထိုအချိန်တွင် မည်သည့်အရာကို တွေးတောနေခဲ့ပြီး မည်သည့်အရာ၏ စိုးမိုးမှုကို ခံခဲ့ရကြောင်း မိမိတို့ကိုယ်ကို မေးမြန်းကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် နှိုင်းယှဉ်မှုများ ပြုလုပ်ခြင်းမှတစ်ဆင့် ၎င်းတို့သည် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ကြောင်း၊ မိမိတို့သည် မိမိတို့စိတ်ကူးသကဲ့သို့ သန့်ရှင်းခြင်း သို့မဟုတ် စင်ကြယ်ခြင်း မရှိကြောင်း၊ ဖြစ်ချင်တော့ မိမိတို့တွင်လည်း လှည့်ဖြားတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ပိုင်ဆိုင်ကြောင်း၊ မိမိတို့သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သောလူများ လုံးဝမဟုတ်ကြောင်း ရှာဖွေတွေ့ရှိကြလိမ့်မည်။ ၎င်းတို့တွင် ထိုသို့သော အတွေ့အကြုံများ ရှိခဲ့ဖူးသလော။ မရှိပေ။ ၎င်းတို့သည် စကားများစွာ ပြောဆိုခဲ့သော်လည်း မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်း ဝန်ခံသည်ကို သက်သေပြသည့် အချက်တစ်ခုမျှကို မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသည့်တိုင် သမ္မာတရားနှင့်ပတ်သက်၍ အတွေ့အကြုံတစ်စက်မျှ လုံးဝမရှိကြပေ။ ၎င်းတို့သည် အယူဝါဒများကိုသာ ပြောဆိုကြသည်၊ မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များကို ဖုံးကွယ်ရန်အတွက် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ဖို့နှင့် မိမိတို့ကိုယ်ကို အမွှမ်းတင်ဖို့သာ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အတွင်း၌ တင်းတင်းကျပ်ကျပ်၊ ခိုင်ခိုင်မာမာနှင့် လုံခြုံစွာ သိုသိပ်ထားလျက် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာ ဟန်ဆောင်မှု၏ အပြင်ပန်း အပြုအမူများ၊ လုပ်ဆောင်ချက်များ၊ မျက်နှာအမူအရာများ၊ အနေအထိုင်များနှင့် အမူအကျင့်များဖြင့် မိမိတို့ကိုယ်ကို အယောင်ဆောင်ကြသည်။ လူတွင် ဘုရားသခင် ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သော အမျိုးမျိုးသော ပြဿနာများကိုဖြစ်စေ၊ ဤစိတ်သဘောထားများကို ဖော်ထုတ်ရန် ဘုရားသခင် အသုံးပြုသည့် အမျိုးမျိုးသော မိန့်ဆိုချက်များကိုဖြစ်စေ ၎င်းတို့သည် စိုးစဉ်းမျှ လက်မခံကြသကဲ့သို့ မှတ်သားခြင်း သို့မဟုတ် နှလုံးသွင်းခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော အပြင်ပန်းအသွင်အပြင်ကိုသာ အားထုတ်ကြသည်။ ထို့နောက် သင်က ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သော ၎င်းတို့၏ နားလည်မှုအကြောင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော သူ၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော နားလည်မှု သို့မဟုတ် သိနားလည်မှု တစ်စုံတစ်ရာ ရှိမရှိ ပြောပြရန် တောင်းဆိုလျှင် ၎င်းတို့သည် ဤလက်တွေ့ကျသော အကြောင်းအရာများကို ရှောင်ရှားပြီး ဝိညာဉ်ရေးရာ သဘောတရား တသီတတန်းကြီးကို ထပ်မံ၍ တတွတ်တွတ် ပြောဆိုကြလိမ့်မည်။ “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အံ့ဩဖွယ်ပါတကား။ ဘုရားသခင်သည် ချီးမွမ်းခြင်းနှင့် ဂုဏ်ပြုခြင်းကို ခံထိုက်သည်၊ ဘုရားသခင်သည် တစ်မူထူးခြားသည်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အမြင့်မြတ်ဆုံးဖြစ်သည်” ဟူ၍ ဖြစ်သည်။ လူတို့က “သို့ဆိုလျှင် သင်၏ ကိုယ်ပိုင်အတွေ့အကြုံအကြောင်း ပြောပြပါ။ မည်သည့်အမှုအရာ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့ခဲ့သနည်း” ဟု ပြောကြသည်။ ၎င်းတို့က “ဘုရားသခင်သည် အလွန်ကြီးမြတ်သည်၊ လူသည် အလွန်သေးနုပ်သည်၊ လူသည် မထိုက်တန်ပါတကား။ ဘုရားသခင်၏ အမြင်တွင် လူသည် မြေပေါ်မှ ပုရွက်ဆိတ်များထက်ပင် နိမ့်ကျသည်။ ဘုရားသခင်သည် လူကို ချီးမြှောက်တော်မူသည်” ဟု ပြန်ဖြေကြသည်။ ၎င်းတို့တွင် ဤသို့သော နားလည်မှုမျိုး တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ဤသို့သော နားလည်မှုမျိုး လုံးဝမရှိပေ။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ (ကြောင်သူတော် ဖာရိရှဲတစ်ဦး ဖြစ်ပါသည်။) ဤသည်မှာ ကြောင်သူတော် ဖာရိရှဲတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့၏ အမြင်တွင် ကြွေးကြော်သံများနှင့် အယူဝါဒများမျှသာ ဖြစ်သည်။ ၎င်းတို့သည် အများအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်၊ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများကို ရေးသည်၊ စုဝေးပွဲများ တက်ရောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုကြသည်။ ၎င်းတို့သည် ဤလုပ်ရိုးလုပ်စဉ်အားလုံးကို တစ်ခုမျှမလွဲစေဘဲ သို့မဟုတ် တစ်ခုမျှမချန်လှပ်ဘဲ လုပ်ဆောင်ကြသည်။ သို့ဆိုလျှင် ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ ၎င်းတို့ အဘယ်အရာကို မှတ်သားရရှိခဲ့သနည်း။ ၎င်းတို့ အဘယ်အရာကို ရရှိခဲ့သနည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမဟုတ်ဘဲ မိမိတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလာစေရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများ သို့မဟုတ် မိမိတို့၏ လွဲချော်သော အတွေးအခေါ်များနှင့် အမြင်များနှင့် နှိုင်းယှဉ်ချိန်ဆဖို့ ဖတ်ရှုခြင်း သာ၍ပင် မဟုတ်ပေ။ ၎င်းတို့သည် စုဝေးပွဲများတွင် အခြားသူများကို ဩဝါဒခြွေရန်နှင့် သင်ခန်းစာများ ပေးနိုင်ရန် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို တပ်ဆင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်။ ၎င်းတို့ပြောဆိုသည့်အရာသည် အကြိမ်တိုင်း ကွဲပြားပြီး အခြားသူများက ၎င်းတို့ကို လေးစားကြည်ညိုကာ ကိုးကွယ်စေရန် ရည်ရွယ်လျက် လူအမျိုးမျိုးအတွက် မတူညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွေးချယ်ကာ မိတ်သဟာယဖွဲ့လျက် အချိန်ကြာမြင့်စွာ မရပ်မနား ပြောဆိုနိုင်ကြသည်။ အချို့သောလူများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာ၌ အထူးကျွမ်းကျင်ကြသည်။ ၎င်းတို့သည် မည်မျှပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းနိုင်သနည်း။ ၎င်းတို့သည် ငါပြောခဲ့သော စကားများကို နားထောင်ပြီး အသုံးဝင်သည်ဟု တွေ့ရှိသောအခါ ယင်းတို့ကို အလွတ်ကျက်မှတ်ထားပြီး စုဝေးပွဲများအတွင်း ကိုယ်ရည်သွေးရန် အခွင့်အရေးများကို ရှာဖွေကြသည်။ အထူးသဖြင့် တရားဒေသနာများစွာ မကြားဖူးကြသေးဘဲ ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များကို ဖတ်ရှုဖူးလျှင်ပင် မမှတ်မိနိုင်ကြသည့် လူများဖြစ်သည့် ယုံကြည်သူအသစ်များ အုပ်စုထဲတွင် ရောက်သောအခါ ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချပြီး ထိုလူသစ်များကြားတွင် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးကာ ကြွားဝါကြသည်။ ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတိုင်းက “ဤပုဂ္ဂိုလ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရသည်၊ ၎င်းသည် ဝိညာဉ်ရေးရာဆန်သည်” ဟု တွေးထင်ကြသည်။ အခြားသူများ၏ လေးစားကြည်ညိုမှုနှင့် ကိုးကွယ်မှုကို ရရှိရန်အလို့ငှာ မိမိတို့ကိုယ်ကို ကြွားဝါရန် ထိုသို့သော နည်းလမ်းများကို အသုံးပြုခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။
သင်၏ဘဝတစ်လျှောက်လုံးတွင် သင်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင်၌ရှိသော သမ္မာတရားနှင့် သဟဇာတမဖြစ်သော အရာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအဖြစ် ရှာဖွေပါက အဆုံးတွင် သင်သည် ကယ်တင်ခြင်းကို ရရှိသောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ သို့သော် သင်၏ဘဝတစ်လျှောက်လုံးတွင် သင်သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များကို ဖြေရှင်းရန်အတွက် သင်၏ ကြိုးစားအားထုတ်မှုများကို အာရုံစိုက်ပြီး လမ်းကြောင်းများကို ရှာဖွေသည်၊ သင်သည် အခြားသူများနှင့်မတူ၊ စုံလင်ပြီး အပြစ်ကင်းစင်သောသူတစ်ဦး ဖြစ်လာစေရန်အလို့ငှာ မည်သည့် အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များမှမဆို သင့်ကိုယ်သင် ကင်းလွတ်စေရန် နည်းလမ်းအမျိုးမျိုးကို ကြံဆသည် ဆိုပါစို့။ အချို့သောလူများကပင် “ကျွန်ုပ်သည် စင်ကြယ်သောသူတစ်ဦး၊ ကြီးကျယ်မြင့်မြတ်ပြီး ခမ်းနားသောသူတစ်ဦး၊ ပုံမှန်လူ့သဘာဝအားလုံးကို ကျော်လွန်သောသူတစ်ဦး ဖြစ်ချင်သည်” ဟု ပြောကြသည်။ ငါသင့်ကို ပြောမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည် ရှုံးနိမ့်ခဲ့ပြီတကား။ သင်သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သော မည်သည့်အပြစ်အနာအဆာ သို့မဟုတ် ချို့ယွင်းချက်ကို ဖြေရှင်းရန် ကြိုးစားသည်ဖြစ်စေ၊ ယင်းမှာ သင်၏ ကယ်တင်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ အကြောင်းမှာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ဖြေရှင်းခဲ့လျှင်၊ အများဆုံးအနေဖြင့် ဤသည်မှာ အပြင်ပန်းမှကြည့်လျှင် သင်၌ လူ့သဘာဝ၏ အပြစ်အနာအဆာများကို မမြင်နိုင်တော့ကြောင်းနှင့် သင်သည် အပေါ်ယံအားဖြင့် စုံလင်ပြီး ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်ကြောင်းကိုသာ ဆိုလိုသည်။ သင်၏ လူ့သဘာဝနှင့်ဆိုင်သော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များသည် အခြေခံအားဖြင့် ပြောင်းလဲရန် မဖြစ်နိုင်ဟူသော အချက်ကို ထားလိုက်ဦး။ ယင်းတို့ ပြောင်းလဲခဲ့လျှင်ပင် သင်၏ ပိုကြီးမားသော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များဖြစ်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အတွင်း၌ ကွယ်ဝှက်နေဆဲပါတကား။ သင်သည် မျက်နှာဖုံးကို ပို၍တပ်ဆင်လေ၊ မည်သည့်ချို့ယွင်းချက်မျှ မရှိသော စုံလင်သည့် လူ့သဘာဝတစ်ခုကို ပို၍လိုက်စားလေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်ကို ပို၍နက်ရှိုင်းစွာ၊ တင်းကျပ်စွာ ရစ်ပတ်ပြီး ချည်နှောင်ကာ သင့်ကို ပို၍ပင် မာနထောင်လွှားစေသည်၊ လှည့်ဖြားတတ်စေသည်၊ ကောက်ကျစ်ဆိုးယုတ်စေသည်၊ စိတ်နှလုံးမာကျောစေသည်။ ဤအရာ၏ အကျိုးဆက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းက သင့်ကို သမ္မာတရားနှင့်လည်းကောင်း၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းနှင့်လည်းကောင်း ပို၍ကင်းကွာစေသည်။ နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းသည် သင်၏အဆုံးသတ် ဖြစ်လာမည်ဖြစ်ပြီး သင်သည် ဇာတ်သိမ်းသွားလိမ့်မည်။ သင်သည် အပြင်ပန်းအားဖြင့် စုံလင်ရုံဖြင့် သို့မဟုတ် စင်ကြယ်သောသူတစ်ဦး ဖြစ်ပုံရရုံဖြင့် ဘုရားသခင်က ခြွင်းချက်ထားပြီး သင့်ကို ကယ်တင်မည့် အခွင့်အရေး မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် မည်သည့်ချို့ယွင်းချက်မျှမရှိသော စုံလင်သည့် လူ့သဘာဝတစ်ခုကို ပို၍လိုက်စားလေ၊ ဘုရားသခင်သည် သင့်ကို ပို၍စက်ဆုပ်ရွံရှာပြီး သင့်အပေါ် အလုပ်လုပ်မည် မဟုတ်လေ ဖြစ်ပေသည်။ သို့သော် အချို့သောလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသောကြောင့် မကြာခဏ နောင်တရပြီး ဝမ်းနည်းကြသည်။ နောင်တရနေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် စိတ်ပိုင်းဖြတ်မှုကို ဖြစ်ပေါ်စေသည်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိရန် အခက်အခဲကို ဒုက္ခခံနိုင်ပြီး အဖိုးအခကို ပေးနိုင်သည်၊ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဇွဲဖြင့်ဖတ်ရှုကြပြီး အမှုအရာအားလုံးတွင် ဘုရားသခင်ထံ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ တိုး၍ရှင်းလင်းလာကြပြီး သမ္မာတရား၏ ကဏ္ဍအားလုံးနှင့်ပတ်သက်၍ ဝင်ရောက်မှု၊ အကျိုးကျေးဇူးများနှင့် လက်တွေ့ အသက်ရှင်နေထိုင်ခြင်းအချို့ကို တဖြည်းဖြည်း ရရှိကြသည်။ နောက်ဆုံးတွင် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့ကို ရင်ဆိုင်ရသောအခါ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရန်နှင့် စစ်ဆေးရန် သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းများ ရှိကြသည်။ နှစ်ပေါင်းများစွာ တွေ့ကြုံပြီးနောက် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ ပြုပြင်ခြင်းတို့မှတစ်ဆင့်၊ ထို့အပြင် သမ္မာတရားကို လိုက်စားရာတွင် ၎င်းတို့ပေးဆပ်ခဲ့သော အဖိုးအခမှတစ်ဆင့် ၎င်းတို့သည် တဖြည်းဖြည်းချင်း မိမိတို့အတွင်း၌ သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ပိုင်ဆိုင်လာကြသည်။ ၎င်းတို့၏ ကယ်တင်ခြင်း မျှော်လင့်ချက်သည် အစဉ်တစိုက် ပို၍ကြီးမားလာပြီး ၎င်းတို့ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်း ဖြစ်နိုင်ချေသည် အစဉ်တစိုက် ပို၍နည်းပါးလာသည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများအပြင် ၎င်းတို့၏ ပင်ကိုအခြေအနေများသည် အခြေခံအားဖြင့် မပြောင်းလဲဘဲ ရှိနေသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တဖြည်းဖြည်း လျော့ပါးသွားသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် အကြိမ်ရေ နည်းပါးလာသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို တိုး၍ခံရသည်၊ အခြားသူများအတွက် တိုး၍ တည်ဆောက်စရာဖြစ်လာပြီး အသုံးပြုရန် တိုး၍ သင့်တော်လာသည်။ ဤကဲ့သို့သော လူများသည် ဤလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းပါက ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိသောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်က ကယ်တင်ရန် ရည်ရွယ်သောသူများ ဖြစ်ကြသည်။ သင်တို့ပတ်ဝန်းကျင်ရှိ လူများကို စောင့်ကြည့်လေ့လာလော့။ မည်သူသည် အခြားသူများ၏ လေးစားကြည်ညိုမှု၊ အားကျမှုနှင့် ကိုးကွယ်မှုကို ရရှိရန်နှင့် လူတို့၏ စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိရန် မိမိတို့ကိုယ်ကို ဖုံးကွယ်ပြီး ဟန်ဆောင်ဖို့ အစွမ်းကုန် လုပ်ဆောင်လျက် အသွင်အပြင်များပေါ်တွင်၊ မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများနှင့် အားနည်းချက်များပေါ်တွင် အမြဲတစေ ဇွဲဖြင့် အားထုတ်နေသည်ကို ကြည့်ရှုလော့။ ဤအမျိုးအစားဝင် လူများသည် ဖာရိရှဲများ ဖြစ်ကြသည်။ ဖာရိရှဲများတွင် နောက်ဆုံးရလဒ်တစ်ခုသာ ရှိသည်။ ကြွက်နှင့်အတူ ပျက်စီးခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအမျိုးအစားဝင် လူများသည် ဇာတ်သိမ်းသွားပြီဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရပြီဟု ငါပြောဆိုသည်။
အစမှအဆုံးတိုင် ဘုရားသခင် လုပ်ဆောင်သောအလုပ်သည် လူတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ပြောင်းလဲရန်မဟုတ်၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပြန်လည်ကောင်းမွန်စေရန်သာ ဖြစ်သည်။ ဘုရားသခင် ပြောင်းလဲလိုသည့်အရာမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ အမှန်ပင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ထိုသို့ဖြင့် ၎င်းတို့ကို ကယ်တင်ခြင်းရရှိစေခြင်းအကြောင်းကိုလည်း မကြာခဏ ပြောဆိုတော်မူသည်။ သို့ဆိုလျှင် ပုံမှန်လူ့သဘာဝကို ပြန်လည်ကောင်းမွန်စေခြင်းသည် မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းမှာ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီးဖြစ်သည်ဟူသော အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ လူတို့၏ ပုံမှန်လူ့သဘာဝ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခြင်းဆိုသည်မှာ ၎င်းတို့၏ အသိစိတ်သည် ခံစားသိရှိလာသည်၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် တိုး၍ ပုံမှန်ဖြစ်လာသည်၊ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ ရှုထောင့်မှ မှန်ကန်သောအရာများကို လုပ်ဆောင်နိုင်ပြီး မှန်ကန်သောစကားများကို ပြောဆိုနိုင်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေပေ၊ ၎င်းတို့၏ ပြောဆိုမှုနှင့် လုပ်ဆောင်ချက်များသည် ကမူးရှူးထိုးဖြစ်ခြင်း၊ အမြင်ကန်းခြင်း သို့မဟုတ် စိတ်လိုက်မာန်ပါဖြစ်ခြင်း မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စည်းမျဉ်းများအပေါ် လုံးဝအခြေခံသည်၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် အထူးပုံမှန်ဖြစ်ပြီး ၎င်းတို့၏ လူ့သဘာဝသည် အထူးဖြောင့်မှန်ပြီး ကြင်နာတတ်သည်။ သို့ဆိုလျှင် မည်သည့်အခြေခံပေါ်တွင် ဤအရာများကို ဖြစ်မြောက်အောင်မြင်နိုင်ပြီး ဤအတိုင်းအတာအထိ ပြန်လည်ကောင်းမွန်မှုကို ရောက်ရှိနိုင်သနည်း။ ယင်းမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲခြင်းခံရသည့် အခြေခံပေါ်တွင်လည်းကောင်း၊ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းမှတစ်ဆင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားသည့် အခြေခံပေါ်တွင်လည်းကောင်း ဖြစ်မြောက်အောင်မြင်ခြင်းဖြစ်သည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲခြင်း သို့မဟုတ် ဖယ်ရှားခြင်း မခံရပါက သင်၏ လူ့သဘာဝသည် အတော်လေးကောင်းပြီး သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ပိုင်ဆိုင်လျှင်ပင် သမ္မာတရားကို သင်၏အသက်အဖြစ် မရှိဘဲနှင့် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ဦးဆောင်နိုင်မည် မဟုတ်ဘဲ သင်သည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သောအရာများ ပြုလုပ်ရန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးခြင်း၊ လှုံ့ဆော်ခြင်းနှင့် သွေးထိုးခြင်းကို မကြာခဏ ခံနေရဦးမည်ဖြစ်သည်။ ထို့ကြောင့် သင့်တွင် တရားမျှတစိတ်အနည်းငယ် ပိုင်ဆိုင်လျှင်ပင် ယင်းမှာ ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှုတစ်မျိုးမျှသာ ဖြစ်သည်။ သင့်တွင် ကြင်နာတတ်သော လူ့သဘာဝအနည်းငယ်မျှသာ ရှိသော်လည်း သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက်ဖြစ်ပြီး သင့်ကို အတွင်းမှ ထိန်းချုပ်သောကြောင့် သင် ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာမှာ မကောင်းမှုမပြုခြင်းနှင့် အခြားသူများကို လှည့်ဖြားရန်နှင့် ထိခိုက်စေရန် အလျင်ဦးအောင် မလုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး ယင်းမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ မထိခိုက်သည့်အခါ၌သာ သင်သည် မကောင်းမှုမပြုကြောင်း သေချာစေနိုင်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်သည်နှင့်တစ်ပြိုင်နက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဖိနှိပ်ရန် ထွက်ပေါ်လာမည်ဖြစ်ပြီး သင့်ကို သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် အခွင့်အရေးများကို ကာကွယ်စေကာ ထိုသို့ဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဦးဆောင်ခွင့်ပြုရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ သမ္မာတရားသည် သင်၏အသက်မဟုတ်ဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင်၏အသက် ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏အကျိုးစီးပွားများ မထိခိုက်သည့်အခါ၌သာ သင်၏ လူ့သဘာဝနှင့်ဆိုင်သော အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်ကို သင် ထုတ်ဖော်ပြနိုင်မည်။ သင်၏အကျိုးစီးပွားများ ထိခိုက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဖိနှိပ်ရန် ချက်ချင်း ထွက်ပေါ်လာမည်ဖြစ်ပြီး သင့်ကို အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သောအရာများ၊ ဆိုလိုသည်မှာ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို ဆန့်ကျင်သောအရာများကို ပြုလုပ်စေမည်ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းပင် ရှိကောင်းရှိနိုင်သည်။ မှန်ပေသည်၊ ဤလုပ်ဆောင်ချက်အားလုံးသည် သမ္မာတရားကို ဆန့်ကျင်သည်ဟု ဆိုနိုင်သည်၊ ဤသည်မှာ ရှောင်လွှဲမရပေ။ ထို့ကြောင့် လူတစ်ဦး အသက်ရှင်နေထိုင်သည့်အရာသည် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အခြေအနေများပေါ်တွင် မူတည်ခြင်း မရှိဘဲ ၎င်းတို့၏ အတွင်းစိတ် အသက် အနှစ်သာရ မည်သည့်အရာဖြစ်သည်ပေါ်တွင် မူတည်သည်။ ၎င်းတို့တွင် သမ္မာတရားကို အသက်အဖြစ် အမှန်တကယ်ရှိပါက ၎င်းတို့၏အသက်တွင် သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ လမ်းကြောင်းတို့ ပါရှိသည်။ သို့ဆိုလျှင် ၎င်းတို့၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အကောင်းဆုံးအခြေအနေတွင် ရှိနေမည်ဖြစ်ပြီး လုပ်ဆောင်နိုင်စွမ်းရှိကာ ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် စည်းမျဉ်းများအတိုင်း ပြုမူရန် ဖြစ်စေနိုင်သည်။ သို့သော် လူတစ်ဦး၏ အသက် အနှစ်သာရသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်ပါက ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အနိမ့်ဆုံးစည်းသို့ လျော့ကျသွားသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် လူ့သဘာဝ၏ အနိမ့်ဆုံးစည်းအောက်သို့ မရောက်ရှိရုံမျှသာ ဖြစ်သည်။ ဤအနိမ့်ဆုံးစည်းကား အဘယ်နည်း။ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည် မဟုတ်ပါ။ ကျွန်ုပ် တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏”၊ “သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဖြစ်သည်”၊ “သူတို့ဖော်သည့်ဆေး သူတို့ကို ပြန်သောက်ခိုင်း” တို့ ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘာသာတရားမရှိသူများစွာ ကျင့်ကြံပြုမူပုံအတွက် အနိမ့်ဆုံးစည်း ဖြစ်သည်။ ဘာသာတရားမရှိသူတစ်ဦးအတွက် ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ သင်တို့သည် ဤအရာမှ အဘယ်အရာကို နားလည်ခဲ့သနည်း။ သင်သည် သမ္မာတရားကို မလိုက်စားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဖယ်ရှားခြင်းခံရမည်မဟုတ်၊ သင်၏ အသက် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်၊ သင်၏ အသက် အနှစ်သာရ မပြောင်းလဲပါက သင်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အနှစ်သာရပိုင်း၌ ပြန်လည် ကောင်းမွန်လာမည်မဟုတ်ဘဲ ပုံစံအရသာ လူ့သဘာဝ၏ အနိမ့်ဆုံးစည်းအောက်သို့ မရောက်ရှိခြင်းသာ ဖြစ်လိမ့်မည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဖယ်ရှားခြင်းခံခဲ့ရပြီး သင်၏အသက်၏ အနှစ်သာရသည် ပြောင်းလဲခဲ့ပါက သင်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အတိုင်းအတာတစ်ခုအထိ ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်းနှင့် မြှင့်တင်ခြင်း ခံရလိမ့်မည်။ ဤနေရာတွင် “ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း” နှင့် “မြှင့်တင်ခြင်း” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ပုံမှန်အတိုင်း လုပ်ဆောင်လာသည်ကို ဆိုလိုသည်။ ယင်းတို့သည် အနိမ့်ဆုံးစည်းကို မကျော်လွန်ရုံမျှသာ မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံနှုန်းသို့ ရောက်ရှိခြင်း ဖြစ်သည်။ ဘာသာတရားမရှိသူများထဲမှ လူကောင်းဟု ခေါ်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ကိုသာ ပြသသည်၊ သိသာထင်ရှားသော မကောင်းမှုကို မကျူးလွန်ကြဘဲ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှု၏ အနိမ့်ဆုံးစည်းကို မကျော်လွန်ကြပေ။ ဤသည်မှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်၊ ၎င်းတို့ကို အလွန်ကောင်းသောလူများဟု မှတ်ယူနိုင်သည်။ သို့သော် သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ရှိသောလူများသည် ဤအရာကို ကျော်လွန်ကြသည်၊ ၎င်းတို့တွင် အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး အမှားအမှန်အမျိုးမျိုးနှင့် လူအမျိုးအစားအမျိုးမျိုးကို ခွဲခြားသတ်မှတ်နိုင်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အခြေခံမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ပိုင်ဆိုင်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းထက် များစွာပို၍ မြင့်မားသည် မဟုတ်လော။ (ဟုတ်ပါသည်။) အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ရှိသောကြောင့်ဖြစ်ပြီး ၎င်းတို့ အမျိုးမျိုးသော အမှုအရာများကို ခွဲခြားသိသည့် အခြေခံသည် သာမန်ဖောက်ပြန်ပျက်စီးသော လူများ၏ စံနှုန်းထက် များစွာပို၍ မြင့်မားသောကြောင့် ၎င်းတို့သည် ရှုပ်ထွေးသော အမှုအရာများကို ရင်ဆိုင်ရသည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် ဇွဲဖြင့်လုပ်ဆောင်ကြလိမ့်မည်။ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်ပြီးနောက် ၎င်းတို့၏ စိတ်များသည် ရှုပ်ထွေးမည်မဟုတ်ဘဲ ၎င်းတို့၏ တွေးခေါ်မှုသည် ကြည်လင်နေလိမ့်မည်။ ကြည်လင်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းကို ဆိုလိုသည်။ ၎င်းတို့ကြုံတွေ့ရသော အမှုအရာများသည် မည်မျှပင် ရှုပ်ထွေးသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်ရန်အတွက် သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စွဲထင်နေသည်၊ ၎င်းတို့သည် သမ္မာတရားကို တိကျစွာ၊ စေ့စေ့စပ်စပ် သဘောပေါက်ခဲ့ပြီးဖြစ်ကာ ယင်းမှာ ၎င်းတို့၏အသက် ဖြစ်နေနှင့်ပြီဖြစ်သည်။ ရှုပ်ထွေးသော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့၏ ရှေ့မှောက်တွင် ၎င်းတို့၌ အခြေခံစံသတ်မှတ်ချက်တစ်ခု ရှိသည်၊ ယင်းမှာ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ခြင်း ဖြစ်သည်။ ဤသမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့ကို ရှုပ်ထွေးသောအရာအမျိုးမျိုး၏ အနှစ်သာရကိုလည်းကောင်း၊ ပြဿနာ၏ တကယ့်အရှိတရား မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း ထိုးထွင်းသိမြင်စေနိုင်သည်၊ ၎င်းတို့သည် ဤအရာများကို ခွဲခြားသိနိုင်သည်။ ဤသည်မှာ ၎င်းတို့၏ ဆင်ခြင်တုံတရား ဖြစ်သည်။ ဤဆင်ခြင်တုံတရားသည် သာမန်လူများ၏ ဆင်ခြင်တုံတရားထက် ပို၍မမြင့်မားသလော။ (မြင့်မားပါသည်။) သို့ဆိုလျှင် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် မြှင့်တင်ခြင်းနှင့် ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း မခံခဲ့ရသလော။ (ခံခဲ့ရပါသည်။) ဤသို့သော ပုံမှန်လူ့သဘာဝမျိုးသည် ဘုရားသခင် အလိုရှိသည့်အရာ ဖြစ်သည်၊ ဘုရားသခင်သည် နားဝေတိမ်တောင်ဖြစ်သော လူများကို အလိုမရှိပေ။ အချို့သောလူများက “ကျွန်ုပ်သည် ဟန်ဆောင်မှုကင်းပြီး သတ္တိမရှိပါ၊ ကျွန်ုပ်သည် အစဉ်သဖြင့် အနိုင်ကျင့်ခံရသည်” ဟု ပြောကြပြီး အခြားသူများကမူ “ကျွန်ုပ်၏ အစွမ်းအစမှာ အလွန်ညံ့ဖျင်းပြီး ကျွန်ုပ်တွင် မည်သည့်စွမ်းရည်မျှဖြစ်စေ၊ မည်သည့်အရည်အချင်းမျှဖြစ်စေ မရှိပါ” ဟု ပြောကြသည်။ ဘုရားသခင်က ဤအရာများသည် အရေးမကြီးကြောင်း၊ အရေးကြီးသည်မှာ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းရှိမရှိ ဖြစ်ကြောင်း မိန့်ဆိုသည်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး ရိုးသားသောသူတစ်ဦး ဖြစ်ခြင်း၏ စံနှုန်းများနှင့် စည်းမျဉ်းများအတိုင်း ပြောဆိုပြုမူပါက ဘာသာတရားမရှိသူများက သင့်ကို တုံးအသည်ဟု လှောင်ပြောင်လျှင်ပင် ယင်းမှာ စစ်မှန်သော တုံးအခြင်းမဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သည်နှင့်တစ်ပြိုင်နက် သင်၏ ဆင်ခြင်တုံတရားသည် ခိုင်မာပြီး ပိုမိုကောင်းမွန်လာကာ သာမန်လူများထက် ပို၍မြင့်မားလာသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့်အမှုအရာကိုမဆို ကြုံတွေ့ရသည့်အခါ သင်သည် နားဝေတိမ်တောင် ဖြစ်မည်မဟုတ်ပေ၊ သင့်တွင် ယင်းကို ကိုင်တွယ်ရန် အခြေခံအဖြစ် မှန်ကန်သော စည်းမျဉ်းများ၊ ရပ်တည်ချက်နှင့် ပန်းတိုင်များ ရှိသည်။ သင်၏စိတ်သည် ကြည်လင်ပြီး သင်၏အတွေးအခေါ်များသည် ရှင်းလင်းသည်။ သင်သည် ထိုစည်းမျဉ်းများနှင့် စံနှုန်းများကို ပြည့်မီရန် ကြိုးစားလျက် ပြုမူပြီး သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဧကန်မုချ ဆန့်ကျင်မည် မဟုတ်ပေ၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဧကန်အမှန် ပြုမူလိမ့်မည်။ သင်သည် အမှုအရာကို ကိုင်တွယ်ပြီးနောက် ထိုအချိန်တွင် လူတို့က ယင်းကို ထိုးထွင်းသိမြင်ခဲ့သည်ဖြစ်စေ မမြင်ခဲ့သည်ဖြစ်စေ အချိန်အလုံအလောက် ကြာမြင့်သွားပြီး လူတို့နားလည်လာသောအခါ ၎င်းတို့အားလုံးသည် လုံးဝသဘောကျကြမည်ဖြစ်ပြီး သင်ကိုင်တွယ်ခဲ့ပုံမှာ အလွန်အကျိုးရှိခဲ့ကြောင်း သိကြလိမ့်မည်။ သို့ဆိုလျှင် ထိုသို့သော အကျိုးသက်ရောက်မှုကို ရရှိခြင်း၏ အရင်းခံအကြောင်းတရားမှာ အဘယ်နည်း။ ယင်းမှာ သင့်တွင် သမ္မာတရားသည် သင်၏အသက်အဖြစ် ရှိနေခြင်း ဖြစ်သည်။ ထိုအခါမှသာ သင်၏ ဆင်ခြင်တုံတရားသည် သင့်ကို မည်သူနှင့်ပတ်သက်၍မဆို၊ မည်သည့်အရာနှင့်ပတ်သက်၍မဆို တိကျသော ဆုံးဖြတ်ချက်များ၊ တိကျမှန်ကန်သော စရိုက်လက္ခဏာ သရုပ်ဖော်ချက်များနှင့် တိကျသော ကောက်ချက်များကို ရှိစေနိုင်သည့်အပြင် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအပြင် လူတို့ကို ကူညီရန်နှင့် လမ်းညွှန်ရန် တိကျသော စည်းမျဉ်းများကိုလည်း ရှိစေနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုအခါ သင်၏ ဆင်ခြင်တုံတရားသည် မြှင့်တင်ခြင်းနှင့် ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း မခံခဲ့ရသလော။ ပုံမှန်လူ့သဘာဝသည် ထိုသို့သော ဆင်ခြင်တုံတရားကို အဘယ်မှ ရရှိသနည်း။ (သမ္မာတရား ဖြစ်ပါသည်။) သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ရှိသောလူများသည် ဘုရားသခင် အလိုရှိသော လူသားမျိုးနွယ် ဖြစ်သည်။ သင်သည် မိုက်မဲသူ၊ ဟန်ဆောင်မှုကင်းသူ၊ သတ္တိမရှိသူနှင့် အရည်အချင်းမရှိသူ ဖြစ်ကောင်းဖြစ်မည်၊ သင်သည် လောကတွင် လူကြိုက်နည်းပြီး လူတို့၏ အနိုင်ကျင့်ခြင်းကို ခံရကောင်းခံရမည်၊ သို့သော် ဤအရာတစ်ခုမျှ အရေးမကြီးပေ၊ ဤသည်မှာ ဘုရားသခင် ကြည့်ရှုသည့်အရာ မဟုတ်ပေ။ သင်သည် လောကတွင် အလွန်စွမ်းဆောင်နိုင်ပြီး လူကဲခတ်ရာ၌လည်းကောင်း၊ ရေစီးကြောင်းများကို ပိုင်းခြားသိမြင်ရာ၌လည်းကောင်း၊ အခြေအနေကြည့်၍ လိုက်လျောညီထွေ ပြုမူရာ၌လည်းကောင်း အထူးကျွမ်းကျင်ကောင်း ကျွမ်းကျင်မည်၊ သို့သော် ဤသည်မှာလည်း အသုံးမဝင်ပေ၊ ယင်းမှာ သင်၏ ဆင်ခြင်တုံတရား ခိုင်လုံခြင်းနှင့် မတူညီပေ။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားကို နားလည်ကာ သမ္မာတရားအားလုံးကို သဘောပေါက်ပြီး လက်တွေ့လုပ်ဆောင်ကာ အတွေ့အကြုံ ရရှိသည့်အပြင် သမ္မာတရားသည် သင်၏အသက် ဖြစ်လာသည့်အခါမှသာ အမျိုးမျိုးသော အမှုအရာများနှင့်ပတ်သက်၍ သင်၏ ခွဲခြားသိမြင်မှု၊ ဝေဖန်ပိုင်းခြားမှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုတို့သည် တိကျမှန်ကန်နိုင်မည်ဖြစ်သည်။