သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄) အပိုင်း လေး

ဥပမာ ၇- အစပ် စားရသည်ကို နှစ်သက်ခြင်း

အချို့လူများသည် ငရုတ်သီးစားခြင်းသည် အလေ့အထဖြစ်သော နေရာတစ်ခုတွင် မွေးဖွားခဲ့ကြသည်၊ ဖြစ်နိုင်သည်မှာ ရာသီဥတုကြောင့် သို့မဟုတ် ၎င်းတို့၏ မိသားစုတွင် အလေ့အထတစ်ခုရှိပြီး ငရုတ်သီးစားခြင်းကို နှစ်သက်သောကြောင့် ၎င်းတို့သည် နေ့စဉ် ငရုတ်သီးစားကြပြီး ၎င်းတို့၏ နေ့စဉ်အစားအစာသည် စပ်သောအရသာများက လွှမ်းမိုးလေ့ရှိသည်။ ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤသည်မှာ ပင်ကိုအခြေအနေများထဲမှ မည်သည့်အရာဖြစ်သနည်း။ (လူနေမှုဘဝ အလေ့အထတစ်ခု ဖြစ်ပါသည်။) ၎င်းတို့၏ လူနေမှုဘဝ အလေ့အထမှာ ၎င်းတို့၏ နေ့စဉ်အစားအစာတွင် စပ်သောအရသာများမပါဘဲ မနေနိုင်ခြင်း ဖြစ်သည်၊ ၎င်းတို့စားသမျှ အရာတိုင်းသည် စပ်သောအရသာ ရှိရမည်။ ဤနှစ်သက်မှုသည် မည်မျှအထိ ရောက်ရှိသနည်း။ ၎င်းတို့သည် အချိုပွဲများတွင်ပင် အစပ်ထည့်ကြသည်၊ ဟမ်ဘာဂါနှင့် ပီဇာကို စပ်သောအရသာများဖြင့် စားကြပြီး လက်ဖက်ရည်နှင့် ကော်ဖီတွင်ပင် ငရုတ်သီးများ ထည့်ကြသည်၊ ဤသည်မှာ ၎င်းတို့၏ အစပ် စားသုံးမှု၏ အတိုင်းအတာ ဖြစ်သည်။ ဤသည်မှာ လူနေမှုဘဝ အလေ့အထတစ်ခု ဖြစ်သည်။ ဤအရာ၌ အမှားအမှန် တစ်စုံတစ်ရာ ရှိပါသလော။ (မရှိပါ။) အစပ်ကို နှစ်သက်ခြင်းသည် လူတစ်ဦး၏ နေထိုင်ရာပတ်ဝန်းကျင်နှင့် လူနေမှုဘဝ အလေ့အထများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်၊ ဤအရာ၌ အမှားအမှန်မရှိပေ။ အချို့လူများသည် အစပ်ကို အလွန်အကျွံအတိုင်းအတာအထိ စားကြသည်၊ အစပ်မရှိပါက ၎င်းတို့သည် အစာမစားကြတော့ပေ။ သင် လက်ခံနိုင်သည်ဖြစ်စေ၊ မခံနိုင်သည်ဖြစ်စေ ၎င်းတို့သည် မရမက အစပ်စားကြပြီး မည်သူမျှ ယင်းကို မပြောင်းလဲနိုင်ပေ။ အတိုချုပ်အားဖြင့် ငရုတ်သီးစားခြင်းကို နှစ်သက်ခြင်းသည် လူနေမှုဘဝ အလေ့အထတစ်ခုဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ပြဿနာ မရှိသကဲ့သို့ ယင်းတွင် သမ္မာတရားလည်း မပါဝင်ပေ။ အချို့လူများက “ဤလူနေမှုဘဝ အလေ့အထသည် အလွန်အစွန်းရောက်သည်၊ ယင်းကို အပျက်သဘောဆောင်သောအရာအဖြစ် မှတ်ယူသင့်သလော။ ယင်းကို ဝေဖန်ခြင်း သို့မဟုတ် စည်းကမ်းသတ်မှတ်ခြင်း ပြုသင့်သလော။ ကျွန်ုပ်တို့သည် ကျန်းမာရေးဆိုင်ရာ အသိပညာအချို့ကို မြှင့်တင်သင့်ပြီး စားသောက်ခြင်းနှင့် လူနေမှုဘဝ အလေ့အထများ၏ စည်းမျဉ်းများသည် ကျန်းမာရေးကို ဦးစားပေးသင့်သည်ဟူသော စိတ်ကူးကို ဖြန့်ဝေသင့်သလော” ဟု ဆိုကြသည်။ သင်သည် ငရုတ်သီးနှင့် အစပ်များ စားခြင်းသည် ကျန်းမာရေးနှင့်မညီညွတ်ကြောင်း သေချာပေါက် ပြောနိုင်သလော။ ၎င်းတို့သည် ဤနည်းအတိုင်း နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ စားသုံးလာခဲ့ကြပြီး အတော်အတန် ကျန်းမာကြသည်။ အထူးသဖြင့် အချို့နေရာများရှိ လူများသည် ငရုတ်သီးကို အခြားသူများ လက်ခံရန် ခက်ခဲသည့် အတိုင်းအတာတစ်ခုအထိ စားသုံးကြသည်။ လူတို့သည် ၎င်းတို့၏ အစာ မည်မျှစပ်သည်ကို မြင်သည့်အခါ စိတ်မသက်မသာ ခံစားကြရသော်လည်း ဤပုဂ္ဂိုလ်များသည် သန်မာကြသည်၊ ကျန်းမာကြသည်၊ အတော်အတန် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းကြပြီး ကာယအလုပ်လုပ်ရန် ဇွဲနှင့် ခံနိုင်ရည်တို့ ရှိကြသည်။ ဤသည်မှာ ငရုတ်သီးစားခြင်းသည် အန္တရာယ် မရှိကြောင်းနှင့် ကျန်းမာရေးကို မထိခိုက်ကြောင်း သက်သေပြသည်၊ ၎င်းတို့၏ အစပ်များသော အစားအစာသည်လည်း ကျန်းမာရေး စည်းမျဉ်းများနှင့် ကိုက်ညီပုံရသည်။ ငရုတ်သီးစားခြင်းကို နှစ်သက်ခြင်းသည် ပင်ကိုအားဖြင့်ဖြစ်သော လူနေမှုဘဝ အလေ့အထတစ်ခု ဖြစ်သည်။ အခြားသူများ ယင်းကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ လက်ခံနိုင်သည်ဖြစ်စေ၊ မခံနိုင်သည်ဖြစ်စေ လူတစ်ဦးက ယင်းကို နှစ်သက်ပြီး အခြားသူများ၏ ဘဝများ သို့မဟုတ် အစားအစာများကို မထိခိုက်သရွေ့ ထိုအလေ့အထကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်။ ဤအရာ၌ အမှားအမှန်မရှိပေ၊ ယင်းမှာ အဓိကပြဿနာတစ်ရပ်မဟုတ်ဘဲ ဘုရားအိမ်တော်က ယင်းနှင့်ပတ်သက်၍ မည်သည့်ဝေဖန်ဆုံးဖြတ်ခြင်းမျှ မပြုလုပ်ပေ။ အချို့လူများက “ငရုတ်သီးစားခြင်းသည် အစာအိမ်အတွက် မကောင်းပါ” ဟု ဆိုကြသည်။ သင်သည် သင်၏ အစာအိမ်အတွက် မကောင်းမည်ကို စိုးရိမ်ပါက သင်သည် ၎င်းတို့ကို မစားရန် ရိုးရှင်းစွာ ရွေးချယ်နိုင်သည်။ အခြားသူများသည် အစပ်ကို အချိန်ကြာမြင့်စွာ စားသုံးလာခဲ့ပြီး ၎င်းတို့၏ အစာအိမ်သည် မသက်မသာဖြစ်လာပါက ၎င်းတို့သည် မိမိတို့ဘာသာ ခံစားသိရှိသဖြင့် မိမိတို့၏ ကိုယ်ပိုင်ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည်။ သို့ဖြစ်၍ လူတိုင်းတွင် ကိုယ့်အကြိုက်နှင့်ကိုယ် ရှိကြသည်၊ ၎င်းတို့သည် ချို၊ ချဉ်၊ ခါး သို့မဟုတ် စပ်သောအရသာများကို နှစ်သက်သည်ဖြစ်စေ ယင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင် မည်သို့စားသည်ဖြစ်စေ၊ မည်သည့်အတိုင်းအတာအထိ စားသည်ဖြစ်စေ အပြစ်ရှိသည်ဟု ခံစားရန် မလိုအပ်ပေ။ အခါအခွင့်သင့်သရွေ့ သင်သည် စိုးရိမ်မှုအားလုံးကို ဘေးဖယ်ထားပြီး စိတ်လွတ်ကိုယ်လွတ် စားသုံးနိုင်သည်။ ငါနှင့်သက်ဆိုင်သလောက်မူ ဤအရာနှင့်ပတ်သက်၍ မည်သည့်သတ်မှတ်ချက်များမျှ မရှိပေ။ မည်သူမဆို ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောစရာရှိပါက သင်သည် “ဤသည်မှာ ကျွန်ုပ်၏ လွတ်လပ်ခွင့်ဖြစ်သည်၊ ဤသည်မှာ ကျွန်ုပ်၏ အခွင့်အရေးဖြစ်ပြီး သင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ ကျွန်ုပ်သည် ငရုတ်သီးချည်းသက်သက်ပါသော အစာတစ်နပ်ကို စားလျှင်ပင် ယင်းမှာ သင်နှင့်မဆိုင်။ ကျွန်ုပ်၏ အစာအိမ်ကို ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေမှာ ကိုယ့်တာဝန်နှင့်ကိုယ်သာ ဖြစ်ပြီး သင်၏ တာဝန်မဟုတ်ပါ” ဟု တုံ့ပြန်နိုင်သည်။ ဤသို့ ပြောဆိုလျှင် ရနိုင်သလော။ (ရနိုင်ပါသည်။) ထိုအရာသည် သင်၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်၊ ယင်းမှာ အခြားသူများနှင့် မသက်ဆိုင်သကဲ့သို့ ငါနှင့်လည်း မသက်ဆိုင်ပေ။ အဘယ်ကြောင့် ငါ ဤသို့ပြောရသနည်း။ အကြောင်းမှာ ဤကိစ္စရပ်သည် သမ္မာတရားနှင့် မသက်ဆိုင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်က လူတို့ကို ကယ်တင်ရာတွင် ဖြေရှင်းရန် ရည်ရွယ်သော ပြဿနာများထဲမှ တစ်ခုမဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူနေမှုဘဝ အလေ့အထများ၏ ပြဿနာများနှင့်ပတ်သက်လာလျှင် ငါတို့သည် ယင်းတို့ကို လျစ်လျူရှုနိုင်သည်။ ဤသည်မှာ အပြုသဘောဆောင်သောအရာတစ်ခု မဟုတ်သော်လည်း အပျက်သဘောဆောင်သောအရာတစ်ခုလည်း မဟုတ်ပေ၊ ယင်းမှာ အချို့လူများ၏ နှစ်သက်မှုတစ်ခုမျှသာ ဖြစ်သည်။

ဧည့်ခံဝတ်ပြုသူအချို့သည် ငရုတ်သီးစားခြင်းကို ကြိုက်နှစ်သက်ကြပြီး တစ်နေ့သုံးနပ်လုံး အစပ် စားလိုကြသည်။ သို့ဖြစ်၍ ၎င်းတို့ ချက်ပြုတ်သည့်အခါ အနပ်တိုင်းအတွက် အစပ်ဟင်းများ ပြင်ဆင်ကြသည်။ ငရုတ်သီး တစ်ခါမျှ မစားဖူးသော အချို့လူများက မစားနိုင်ကြဘဲ အစပ်မပါသော ဟင်းလျာများ ချက်ပြုတ်ပေးရန် အကြံပြုကြသည်။ သို့သော် ချက်ပြုတ်သူက ဤအရာကို လက်မခံလိုဘဲ “မဖြစ်ပါ။ ကျွန်ုပ်သည် အစပ်စားရသည်ကို ကျင့်သားရနေပြီ။ အစပ်မချက်ပါက ကျွန်ုပ်စား၍မကောင်းပါ။ သင်သည် အစပ်စားခြင်းကို လေ့ကျင့်သင့်သည်။ အချိန်အတန်ကြာ စားပြီးသည့်နောက်တွင် သင်သည် ကျင့်သားရပြီး အစပ်ကြောက်တော့မည် မဟုတ်ပါ” ဟု ဆိုသည်။ ဤသည်မှာ အဘယ်ပြဿနာဖြစ်သနည်း။ (၎င်းတို့၏ လူ့သဘာဝ၌ ပြဿနာရှိပါသည်။) ၎င်းတို့၏ လူ့သဘာဝ၌ မည်သို့သော ပြဿနာမျိုး ရှိသနည်း။ (၎င်းတို့သည် အခြားသူများအပေါ် အတင်းအကျပ်ပြုခိုင်းခြင်း ဖြစ်ပါသည်။) အခြားသူများအပေါ် အတင်းအကျပ် ပြုခိုင်းခြင်းသည် မကောင်းပေ။ ဤသည်မှာ အခြားသူများ မလုပ်လိုသည့်အရာကို လုပ်ရန် အတင်းအကျပ်ခိုင်းစေခြင်း မဟုတ်လော။ ထိုသို့သော လူများသည် မိမိတို့ ကြိုက်နှစ်သက်သည့်အရာက အကောင်းဆုံး ဖြစ်သည်ဟုလည်းကောင်း၊ အခြားသူများကလည်း လက်ခံရမည်ဟုလည်းကောင်း ယုံကြည်လျက် မိမိတို့လုပ်ဆောင်သမျှ အရာတိုင်း၏ ဗဟိုတွင် မိမိတို့ကိုယ်ကို ထားရန် ကြိုးပမ်းကြသည်။ ၎င်းတို့က တစ်စုံတစ်ခုကို ကြိုက်နှစ်သက်လျှင် အခြားသူများကိုလည်း ထိုအရာကို ကြိုက်နှစ်သက်စေရန် ကြိုးပမ်းသည်၊ လူတိုင်းက ၎င်းတို့ကို စိတ်ကျေနပ်စေရမည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခြင်း မဟုတ်လော။ ၎င်းတို့သည် အခြားသူများအပေါ် အတင်းအကျပ် ပြုခိုင်းသည်သာမက ယင်းထဲတွင် မလိုမုန်းထားခြင်း အနည်းငယ်လည်း ပါရှိသည်။ ဤလူစားမျိုး၏ လူ့သဘာဝသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) မကောင်းသော လူ့သဘာဝရှိသည့် လူများသည် အခြားသူများထံ အကျိုးကျေးဇူး မဆောင်ကြဉ်းနိုင်ပေ၊ ၎င်းတို့သည် နာကျင်မှုကိုသာ ဖြစ်စေနိုင်ပြီး ဆိုးရွားသော ကိစ္စများတွင်မူ ဘေးအန္တရာယ်ကိုပင် ဆောင်ကြဉ်းနိုင်သည်။ ထိုသို့သော လူများသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည့်အပြင် အကျိုးအကြောင်းမရှိ ရိုင်းစိုင်းကြသည်။ ဆင်ခြင်တုံတရားရှိသော လူတစ်ဦးဆိုလျှင် ၎င်းက “ကျွန်ုပ်သည် အစပ်ကို ကြိုက်သော်လည်း အချို့သူတို့မှာမူ မနှစ်သက်ကြပေ။ ထို့ကြောင့် ကျွန်ုပ် ချက်ပြုတ်သောအခါ ကျွန်ုပ်သည် မိမိအတွက်ကိုသာ ထည့်သွင်းစဉ်းစား၍ မဖြစ်ပေ။ ကျွန်ုပ်နှင့် အခြားသူအားလုံးပါ စိတ်ကျေနပ်ကြစေရန်၊ စပ်သောဟင်းလျာများနှင့် မစပ်သောဟင်းလျာများ နှစ်မျိုးစလုံးကို ကျွန်ုပ် ပြင်ဆင်ရန် လိုအပ်၏။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ကျွန်ုပ်လိုက်နာသော စည်းမျဉ်းမှာ လူတိုင်းကို စိတ်ကျေနပ်စေရန်၊ လူတိုင်း ကောင်းစွာ စားသုံးနိုင်ဖို့ သေချာစေရန်နှင့် မိမိကိုယ်ကိုသာ အဓိကမထားရန် ဖြစ်၏။ ကျွန်ုပ်သည် ဤတာဝန်ကို စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထမ်းဆောင်ရပေမည်” ဟု ပြောပေမည်။ ဤကဲ့သို့သော လူတစ်ဦးကို သင်တို့ မည်သို့ထင်သနည်း။ (၎င်းတို့၏ လူ့သဘာဝသည် အတော်အသင့် ကောင်းမွန်ပါသည်။) မည်သည့်နည်းလမ်းများဖြင့် ကောင်းမွန်ပါသနည်း။ (၎င်းတို့သည် အခြားသူများကို ဂရုစိုက်ရကောင်းမှန်း၊ ကြည့်ရှုစောင့်ရှောက်ရကောင်းမှန်း သိရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ စိတ်ကျေနပ်စေခြင်း မဟုတ်ပါ။) ၎င်းတို့သည် အတော်အသင့် ကြင်နာတတ်ကြသည် မဟုတ်လော။ ကောင်းမွန်သော လူ့သဘာဝတွင် ကြင်နာမှု၊ အခြားသူများကို ထောက်ထားစာနာခြင်းနှင့် ကြည့်ရှုစောင့်ရှောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) လူတစ်ဦး၏ အသက်အရွယ်၊ ကျားမ၊ သို့မဟုတ် စိတ်ရင်း မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၌ ကောင်းမွန်သော လူ့သဘာဝရှိပါက ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ လူများနှင့် ၎င်းတို့နှင့် ဆက်ဆံသူများသည် အကျိုးကျေးဇူးရရှိကြလိမ့်မည်။ ပို၍ တိတိကျကျဆိုရလျှင် အချို့လူများသည် ၎င်းတို့ထံမှ ထောက်ပံ့ကူညီမှု ရရှိကြမည်ဖြစ်ပြီး အခြားသူများမှာမူ နေ့စဉ်အသက်တာတွင် ၎င်းတို့၏ ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံကြရလိမ့်မည်။ ဤသည်မှာ ကောင်းမွန်သော လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။

အစပ်ကို အလွန်နှစ်သက်သော လူများလည်း ရှိကြသည်မှာ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် အပြင်သို့ ထွက်သည့်အခါတွင်ပင် စားသောက်ချိန်ရောက်လျှင် အစပ်ဟင်းလျာများ ရနိုင်သည့်နေရာများကို တကူးတက ရှာဖွေကြသည်။ ၎င်းတို့သည် အစပ်မပါသော အစားအစာတစ်နပ် စားရလျှင် စိတ်ထဲ၌ မသက်မသာ ခံစားရကာ “ဤနေရာတွင် အစပ်စာ မစားရသည့်အတွက် တာဝန်ထမ်းဆောင်ရခြင်းသည် အမှန်တကယ် စိတ်ဝင်စားဖွယ်မကောင်းပါ။ အိမ်ပြန်လိုပါသည်၊ အိမ်တွင် အနပ်တိုင်း အစပ်စာ စားသုံးနိုင်ပြီး ထိုသို့မှသာလျှင် အားရကျေနပ်ဖွယ်ဖြစ်မည်။ ငရုတ်သီးမပါလျှင် မည်သည့်အရာမျှ အရသာမရှိပေ၊ ဝက်သားနှပ်ပင်လျှင် ၎င်း၏အရသာ ပျောက်သွားပါသည်။ မည်သို့ပြုလုပ်ရမည်နည်း” ဟု စဉ်းစားကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ငရုတ်သီးစားနိုင်သည့် နေရာများကို ဆက်လက်ရှာဖွေကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် စပ်သောအစားအစာများကို အထူးပြုရောင်းချသော စားသောက်ဆိုင် တစ်ဆိုင်အကြောင်း သိရှိသွားသည်၊ သို့ရာတွင် ထိုနေရာသည် ကားဖြင့် တစ်နာရီကျော် မောင်းရသည်။ ၎င်းတို့က “မည်မျှပင်ဝေးစေကာမူ သွားရမည်။ ယနေ့ အစပ်မစားရလျှင် တာဝန်မထမ်းဆောင်တော့ပါ။ အစပ်စာမစားရလျှင် ကျွန်ုပ်စိတ်မသက်မသာဖြစ်ပြီး ယနေ့တစ်နေ့တာကို ဖြတ်ကျော်နိုင်မည်မဟုတ်ပါ” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “ယခု အပြင်ဘက်တွင် ပတ်ဝန်းကျင်က အန္တရာယ်များပြီး ဤဒေသသည်လည်း အတော်အတန် မတည်မငြိမ်ဖြစ်နေသည်။ ထိုနေရာသို့ သွားမစားကြစို့နှင့်” ဟု ပြောသည်။ သို့သော် ၎င်းတို့က နားမထောင်ဘဲ “မည်သည့်အရာကို ကြောက်စရာ ရှိသနည်း။ စားသုံးရေးသည် အဓိကသာဖြစ်သည်။ သင်သည်လည်း ပုံမှန် အပြင်ထွက်သည်သာ မဟုတ်လော။ မကြောက်နှင့်၊ မည်သည့်အရာမျှ ဖြစ်မည်မဟုတ်ပါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကာကွယ်တော်မူလိမ့်မည်” ဟု ဆိုကြသည်။ စားပြီးသည့်နောက်တွင် ၎င်းတို့သည် ကျေနပ်သွားကြသည်။ ၎င်းတို့ ငရုတ်သီးနှင့် မိမိတို့တောင့်တသော အရသာရှိသည့် အစားအစာကို စားရသရွေ့ အရာအားလုံးသည် အဆင်ပြေသွားပြီး ၎င်းတို့ အလွန် ပျော်ရွှင်ကြသည်မှာ အိပ်နေစဉ်တွင်ပင် ပါးစပ်မစေ့နိုင်အောင် ပြုံးလျက်ရှိကြသည်။ ဤသည်မှာ မည်သို့သော လူ့သဘာဝမျိုးဖြစ်သနည်း။ (တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော လူ့သဘာဝ ဖြစ်ပါသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည့်အပြင် အခြားသော လက္ခဏာတစ်ရပ်လည်း ရှိသေးသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ချင်သည့်အခါ ပကတိ ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေများကို ထည့်မစဉ်းစားကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့် နှစ်သက်မှုများကို ဖြည့်ဆည်းနိုင်သရွေ့ ကျန်သည့်အရာအားလုံးသည် အရေးမကြီးပေ။ ၎င်းတို့သည် မိမိတို့စားချင်သော အရာတစ်ခုကို တစ်ကိုက်စားရရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးရန် ဆန္ဒရှိကြသည်၊ ကြီးမားသော အဖိုးအခကို ပေးရမည်ဆိုလျှင်ပင် မိမိတို့၏ပန်းတိုင် ဖြစ်မြောက်အောင်မြင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခြင်းမျှသာလော။ ဤသည်မှာ တစ်ဇွတ်ထိုးဆန်ခြင်းလည်း ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်အမင်း တစ်ဇွတ်ထိုးဆန်ခြင်းပင်တည်း။ ၎င်းတို့နှင့် အတူရှိသော မည်သူမဆိုသည် ၎င်းတို့၏ တစ်ဇွတ်ထိုးဆန်ခြင်းအတွက် အဖိုးအခပေးရပြီး ထိုအကြောင်းကြောင့် နစ်နာမှုများကို ခံစားရသည်။ ၎င်းတို့ပြောသမျှသည် အတည်ဖြစ်ပြီး ၎င်းတို့လုပ်ချင်သည့်အရာတိုင်းသည် ဖြစ်မြောက်ရသည်။ ယနေ့ ၎င်းတို့ စိတ်မကြည်သဖြင့် ထမင်းမစားချင်ကြပေ။ အဘယ်ကြောင့် မစားသနည်းဟု မေးသောအခါ ၎င်းတို့က “ကျွန်ုပ် ယနေ့ စိတ်ဆိုးနေပါသည်၊ စိတ်မကြည်ပါ၊ ထို့ကြောင့် ထမင်းမစားချင်ပါ” ဟု ဆိုသည်။ ညနေပိုင်း အနားယူချိန်ရောက်သောအခါတွင်လည်း ၎င်းတို့သည် မအိပ်စက်ကြဘဲ အိပ်မပျော်သောကြောင့် မိမိတို့၏ စိတ်ခံစားချက်များကို ဖော်ပြရန် သီချင်းဆိုချင်သည်ဟု ဆိုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင် သီချင်းဆိုလျှင် အခြားသူများ၏ အိပ်စက်ခြင်းကို ထိခိုက်စေလိမ့်မည်” ဟု ဖျောင်းဖျရန် ကြိုးစားသည်။ ၎င်းတို့က “ကျွန်ုပ် အခု စိတ်မကြည်ပါ။ သီချင်းဆိုချင်ပါသည်။ သင်တို့ အိပ်ပျော်နိုင်ခြင်း ရှိမရှိသည် ကျွန်ုပ်နှင့်မဆိုင်ပါ။ ကျွန်ုပ် စိတ်မကြည်သော်လည်း ကျွန်ုပ်ကို နှစ်သိမ့်ပေးသူ၊ ဂရုစိုက်ပေးသူ တစ်ယောက်မျှ မရှိပါ၊ သင်တို့အားလုံး အလွန်ပင် တစ်ကိုယ်ကောင်းဆန်ကြသည်” ဟု တုံ့ပြန်သည်။ ဤသည်မှာ တစ်ဇွတ်ထိုးဆန်ခြင်း မဟုတ်လော။ ၎င်းတို့သည် အလွန်အမင်း တစ်ဇွတ်ထိုးဆန်တတ်ကြသည်၊ မိမိတို့ကိုယ်ကို မထိန်းကျောင်းကြဘဲ စိတ်ရှိတိုင်း ပြုမူကြသည်။ ၎င်းတို့ ပျော်ရွှင်နေသည့်အခါ အခြားသူများပြောသည့် မည်သည့်စကားကမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက် မပေးဘဲ “ကျွန်ုပ်က စိတ်သဘောထားကြီးသူတစ်ဦးပါ။ ဇီဇာမကြောင်တတ်ပါ” ဟုပင် ဆိုကြသည်။ သို့သော် ၎င်းတို့ မပျော်ရွှင်သည့်အခါတွင်မူ လူတိုင်းသည် မိမိတို့၏ စကားလုံးများကို အလွန်အမင်း သတိထားရပြီး ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးမိစေရန် ကြိုးစားရသည်၊ အကြောင်းမှာ ထိုသို့ပြုလုပ်မိပါက ကြီးမားသော ပြဿနာဆီသို့ ဦးတည်သွားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဒေါသထွက်သောင်းကျန်းခြင်း၊ ပစ္စည်းများကို ရိုက်ခွဲခြင်း၊ အစာမစားဘဲ ငြင်းဆန်ခြင်းတို့ကိုပင် ပြုလုပ်ကောင်းပြုလုပ်ပေမည်။ ပို၍ဆိုးရွားသော ကိစ္စများတွင်မူ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စွန့်လွှတ်ကာ အလုပ်ကို ရပ်ပစ်ပြီး အိမ်ပြန်လိုကြမည်ဖြစ်၍ တစ်ချိန်တည်းတွင် “သင်တို့ထဲမှ တစ်ယောက်မျှ ကျွန်ုပ်ကို ကောင်းစွာမဆက်ဆံကြပေ၊ သင်တို့အားလုံး ကျွန်ုပ်ကို အနိုင်ကျင့်နေကြသည်။ လောကတွင် လူကောင်းဟူ၍ မရှိပေ” ဟု ဆိုကြပေမည်။ ဤသည်မှာ တစ်ဇွတ်ထိုးဆန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ဇွတ်ထိုးဆန်ခြင်းသည် လူတစ်ဦး၏ လူ့သဘာဝအတွင်းရှိ ပြဿနာတစ်ခုလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အလွန်အမင်း တစ်ဇွတ်ထိုးဆန်ကြသည်၊ လူတိုင်းက ၎င်းတို့ကို ဖြည့်ဆည်းပေးရပြီး အမှုအရာများ ၎င်းတို့အလိုအတိုင်း မဖြစ်လာပါက ချက်ချင်းပင် ရန်လိုလာကာ ၎င်းတို့၏ ပေါက်ကွဲလွယ်သော ဒေါသသည် ထွက်ပေါ်လာသည်။ မည်သူမျှ ၎င်းတို့ကို မဆန့်ကျင်နိုင်ဘဲ လူတိုင်းက ၎င်းတို့ကို ချော့မော့ဆက်ဆံရသည်။ ၎င်းတို့သည် အသက်မငယ်တော့သော်လည်း ၎င်းတို့၏ လူ့သဘာဝသည် ကလေးတစ်ဦးကဲ့သို့ မရင့်ကျက်ဘဲ ရှိနေဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ လူအများဆိုင်ရာ စည်းမျဉ်းများကို ဘယ်သောအခါမျှ မလိုက်နာကြပေ။ ၎င်းတို့ ပျော်ရွှင်ပြီး စကားပြောချင်သည့်အခါ လူတိုင်းက နားထောင်ပေးရပြီး တစ်စုံတစ်ဦးက နားမထောင်ပါက ထိုသူကို ရန်ငြိုးထားသည်။ သင်က ၎င်းတို့နှင့် စကားပြောသည့်အခါ ပြုံးပြရသည်၊ သင်သည် မျက်နှာသေဖြင့် နားထောင်လိုစိတ်မရှိပုံပြပါက ၎င်းတို့သည် ဒေါသထွက်ပြီး စိတ်တိုကြသည်။ အသင်းတော်၌ ၎င်းတို့သည် အခြားသူများ၏ ပုံမှန် လူနေမှုဘဝ လုပ်ရိုးလုပ်စဉ်များကို မည်သို့ထိခိုက်စေသည်ကို ဂရုမစိုက်ဘဲ မိမိတို့လုပ်ချင်သည့်အရာကို လုပ်ချင်သည့်အချိန်တွင် လုပ်ဆောင်ကြသည်။ ၎င်းတို့ သက်သောင့်သက်သာရှိပြီး စိတ်ကြည်သရွေ့ ကျန်သည့်အရာအားလုံးသည် ၎င်းတို့အတွက် အရေးမကြီးဘဲ အခြားသူများကိုလည်း မည်သည့်ကန့်ကွက်ချက်မျှ တင်ပြခွင့်မပြုပေ။ တစ်စုံတစ်ဦးက စက်ဆုပ်ရွံရှာမှု သို့မဟုတ် မပျော်ရွှင်မှုကို ပြသရန် ကန့်ကွက်ချက်တစ်ခု တင်ပြပါက ၎င်းတို့ကို ဒေါသထွက်စေပြီး ထိုကိစ္စကို အဆုံးမသတ်တော့ပေ။ ဤကဲ့သို့သော လူအချို့သည် ငယ်ရွယ်ပြီး မရင့်ကျက်သော လူ့သဘာဝရှိသော်လည်း အချို့မှာမူ အသက်လေးဆယ်၊ ငါးဆယ် သို့မဟုတ် ခုနစ်ဆယ်၊ ရှစ်ဆယ်ပင် ရှိနေကြပြီး အထူးသဖြင့် တစ်ဇွတ်ထိုးဆန်လျက် အသက်ကြီးသည်အထိ ဤသို့သော လူ့သဘာဝမျိုး ရှိနေဆဲဖြစ်သည်။ ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေများက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့လုပ်ချင်သည့်အရာကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ရေချိုးရန် အခြေအနေမပေးသော နေရာတစ်ခုသို့ ရောက်ရှိသွားသော်လည်း “ကျွန်ုပ်သည် အိမ်တွင် နေ့တိုင်း ရေချိုးပါသည်၊ ရေမချိုးဘဲ မနေနိုင်ပါ” ဟု ဆိုလျက် မရမက ရေချိုးကြသည်။ သို့သော် ဤနေရာတွင် သင့်လျော်သော အခြေအနေများ မရှိပေ၊ တစ်ပတ်တစ်ခါ ရေချိုးရန်ပင် ခက်ခဲသည်။ သို့ဆိုလျှင် သင် မည်သို့ပြုလုပ်မည်နည်း။ ပုံမှန် လူ့သဘာဝရှိသော လူတစ်ဦးသည် ဤအခြေအနေကို မည်သို့ချဉ်းကပ်ပြီး ကိုင်တွယ်ရမည်ကို သိရှိသည်။ ရာသီဥတုက စိုစွတ်ပြီး အိုက်စပ်နေပါက ညအချိန်တွင် ရေဇလုံတစ်လုံးဖြင့် ကိုယ်ကို အကြမ်းဖျင်း သုတ်လိုက်ရုံဖြင့် အိပ်စက်နိုင်ရန် လုံလောက်သည်၊ ဤသည်မှာ ခံနိုင်ရည်ရှိသော အခက်အခဲတစ်ခု ဖြစ်သည်။ ကျော်လွှားရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် ဤလူစားမျိုးသည် ထိုသို့ မကိုင်တွယ်နိုင်ပေ၊ ရေမချိုးရလျှင် ၎င်းတို့သည် အိပ်မပျော်နိုင်၊ စားမဝင်နိုင်ဘဲ ကြီးမားသော အရှက်ရခြင်းကို ခံနေရသည့်အလား အသက်ပင်မရှင်နိုင်ဟု ခံစားရသည်။ ၎င်းတို့သည် မည်မျှအထိ တစ်ဇွတ်ထိုးဆန်ကြသနည်း။ ၎င်းတို့သည် အလွန် တစ်ဇွတ်ထိုးဆန်သောကြောင့် မိမိတို့၏ တာဝန်ကို ပုံမှန်မထမ်းဆောင်နိုင်၊ အခြားသူများနှင့် ပုံမှန် မဆက်ဆံနိုင် သို့မဟုတ် သင့်မြတ်အောင် မနေနိုင်၊ ပုံမှန်လူတစ်ဦးကဲ့သို့ပင် အသက်မရှင်နိုင်ကြပေ။ အခြားသူများအတွက်မူ ဤလူစားမျိုးသည် စိတ်ရောဂါရှိသူတစ်ဦးနှင့် တူသည်။ ၎င်းတို့သည် တစ်စုံတစ်ဦးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပါက လူတစ်ဦးတည်းဖြစ်သည့်အလား ခွဲခြား၍မရအောင် ရင်းနှီးကြသည်။ သို့သော် ၎င်းတို့သည် တစ်စုံတစ်ဦးနှင့် မကောင်းသော ဆက်ဆံရေးရှိလျှင် သို့မဟုတ် တစ်စုံတစ်ဦးက ၎င်းတို့ကို စော်ကားခဲ့ဖူးလျှင် ထိုသူနှင့် တစ်သက်လုံး စကားမပြောဘဲ နေနိုင်သည်။ ထိုသူကို တွေ့သည့်အခါ ၎င်းတို့သည် မျက်စောင်းထိုးပြီး မျက်နှာသည် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား ချက်ချင်း ညှိုးမှောင်သွားသည်၊ အလွန်အမင်း အစွန်းရောက်ကြသည်။ ဤလူစားမျိုး၏ လူ့သဘာဝသည် ပုံမှန်ဖြစ်သလော။ (မဖြစ်ပါ။) ဤလူစားမျိုးသည် အလွန်အမင်း တစ်ဇွတ်ထိုးဆန်ပြီး ၎င်းတို့၏ လူ့သဘာဝသည် ပုံမှန်မဟုတ်ပေ။ ‘ပုံမှန်မဟုတ်’ ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့၌ ပုံမှန် လူ့သဘာဝ ကင်းမဲ့သည်ဟု ဆိုလိုသည်။ ထိုသို့သော လူများသည် အခြားသူများနှင့် ပုံမှန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနိုင်သလော။ ၎င်းတို့သည် လူအများကြားတွင် ပုံမှန်နေထိုင်နိုင်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်ကို ရောက်ရှိလိုသရွေ့ ယင်းမှာ အစားအစာတစ်နပ်စားခြင်းဖြစ်စေ၊ ကောင်းမွန်သော ဆက်ဆံမှုကို ခံစားခြင်းဖြစ်စေ၊ မိမိတို့လုပ်လိုသည့်အရာတစ်ခုကို လုပ်ဆောင်ခြင်းဖြစ်စေ ထိုအရာသည် ဖြည့်ဆည်းခြင်းခံရရမည်။ သို့မဟုတ်ပါက မိုးကောင်းကင် ပြိုကျလာသည့်အလား ၎င်းတို့၏ ကမ္ဘာကြီးသည် အဆုံးသတ်သွားသည့်အလား ခံစားရသည်။ ၎င်းတို့သည် စိတ်အနှောင့်အယှက် ဖြစ်လာပြီး “ဘုရားသခင်သည် ကျွန်ုပ်ကို ဤမျှ ဒုက္ခခံစားစေလျက် မည်သို့သော ပတ်ဝန်းကျင်မျိုးကို စီစဉ်ဖွဲ့စည်းပေးထားပါသနည်း။ အခြားသူများသည် အဘယ်ကြောင့် ဤသို့သော ပတ်ဝန်းကျင်များနှင့် မကြုံတွေ့ရဘဲ ဤကဲ့သို့ ဒုက္ခမခံစားရပါသနည်း။ ကျွန်ုပ်တစ်ဦးတည်း အဘယ်ကြောင့် ဒုက္ခခံစားနေရပါသနည်း။ ဘုရားသခင်သည် ဘက်လိုက်သည်” ဟု ဆိုလျက် အခြားသူများကို စောဒကတက်ခြင်း၊ ပတ်ဝန်းကျင်ကို စောဒကတက်ခြင်း၊ ဘုရားသခင်ကိုပင် စောဒကတက်ခြင်းတို့ကို စတင်ပြုလုပ်ကြသည်။ သင်တို့ မြင်သည် မဟုတ်လော၊ ၎င်းတို့၏ မကောင်းဆိုးဝါးသဘာဝသည် ပေါ်ထွက်လာပြီ မဟုတ်လော။ ဤသို့သော လူ့သဘာဝမျိုးသည် စံနှုန်းပြည့်မီပါသလော။ (မမီပါ။) ထိုသို့သော လူများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ ဤလူစားမျိုးကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ (၎င်းတို့ကို သာမန်အသင်းတော်တစ်ခုသို့ ပို့လိုက်ပါ။) ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားလျှင်၊ တာဝန်ထမ်းဆောင်သည့်အခါ အဖျက်အမှောင့် လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကိုသာ ဖြစ်စေလျှင်၊ ၎င်းတို့ကို မြင်သောသူတိုင်းက စက်ဆုပ်ရွံရှာပြီး စိတ်အနှောင့်အယှက်ဖြစ်ကာ အခြားသူများကလည်း ၎င်းတို့နှင့် သင့်မြတ်အောင် မနေနိုင်တော့လျှင် ၎င်းတို့ကို ချက်ချင်း ပို့လိုက်သင့်သည်၊ ဤလူစားမျိုးသည် နံစော်သော ခွေးချေးနှင့်တူသည်။ တစ်ဇွတ်ထိုးဆန်ခြင်းတွင် တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်းနှင့် အကျိုးအကြောင်းမရှိ ရိုင်းစိုင်းခြင်းတို့ ပါဝင်သည်။ တစ်ခါတစ်ရံတွင် အလွန်အမင်း တွက်ချက်တတ်ခြင်း၊ ကြမ်းတမ်းခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် မလိုမုန်းထားခြင်းတို့ပင် ပါဝင်သည်။ ဤလူစားမျိုးသည် အချိန်ကာလတစ်ခုအထိ တာဝန်ထမ်းဆောင်သည့်အခါ လူတိုင်းသည် အလွန်အမင်း နစ်နာကြရပြီး ၎င်းတို့ကို မြင်သော မည်သူမဆိုသည် ကြောက်ရွံ့ကြသည်။ သင်သည် ၎င်းတို့ကို ရှောင်ရှားပြီး ဒေါသမထွက်စေရန် ကြိုးစားပါက ၎င်းတို့က “သူခိုးကို ရှောင်နေသလား။ ကျွန်ုပ်က သင့်အား မည်သို့ စော်ကားမိသောကြောင့် ရှောင်ကြဉ်နေရပါသနည်း” ဟု ပြောစရာစကား ရှိနေဆဲဖြစ်သည်။ သို့သော် သင်သည် ၎င်းတို့ထံ ချဉ်းကပ်ပြီး တစ်စုံတစ်ခု ပြောရန် ကြိုးစားပါက ၎င်းတို့သည် သင်နှင့် ပုံမှန်စကားပြောဆိုခြင်းတွင် ပါဝင်မည်မဟုတ်သေးပေ။ ၎င်းတို့၌ ပုံမှန် လူ့သဘာဝ ကင်းမဲ့ပြီး ၎င်းတို့နှင့် ဆက်ဆံသူများသည် နှုတ်အားဖြင့် ထိခိုက်စေခြင်းကိုသာမက ၎င်းတို့၏ တည်ကြည်မှုကို ထိခိုက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်းအချို့ကိုပင် ခံစားကြရသည်။ ထိုသို့သော လူများသည် အမှန်တကယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းပါတကား။ ၎င်းတို့ကို လူ့သဘာဝ မကောင်းသူများအဖြစ် အမျိုးအစား ခွဲခြားခြင်းသည် သင့်လျော်မည်လော။ (သင့်လျော်ပါမည်။) ဤလူစားမျိုးသည် လူ့သဘာဝမကောင်းဘဲ တစ်ဇွတ်ထိုးဆန်သည်။ တစ်ဇွတ်ထိုးဆန်သော လူတစ်ဦးသည် အခြားသူများကို တည်ဆောက်ပေးရန် ပျက်ကွက်သည်သာမက ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး စက်ဆုပ်ရွံရှာစေကာ မည်သူနှင့်မျှ သင့်မြတ်အောင် မနေနိုင်ပေ။ ငါ့ကို ပြောလော့၊ တစ်ဇွတ်ထိုးဆန်သော လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်သလော။ (မလက်ခံနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့အတွင်း၌ မည်သို့သော စိတ်သဘောထားမျိုး ရှိသနည်း။ (စိတ်နှလုံးမာကျောခြင်း ဖြစ်ပါသည်။) ၎င်းတို့၏ စိတ်နှလုံးမာကျောခြင်းသည် သိသာထင်ရှားသော်လည်း အခြားအရာတစ်ခုလည်း ရှိသေးသည်၊ ၎င်းမှာ အဘယ်အရာနည်း။ (သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ စိတ်နှလုံးမာကျောခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဟူသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိခြင်း၊ ဤသည်တို့မှာ တစ်ဇွတ်ထိုးဆန်သော လူများ၏ လက္ခဏာနှစ်ရပ် ဖြစ်သည်။ ဤလူစားမျိုးသည် တစ်ဇွတ်ထိုးဆန်သည်သာမက တစ်ကိုယ်ကောင်းဆန်ပြီး အကျိုးအကြောင်းမရှိ ရိုင်းစိုင်းကြသည်။ ၎င်းတို့၏ အကျိုးအကြောင်းမရှိ ရိုင်းစိုင်းခြင်းတွင် အခြားသူများကို အကျိုးအကြောင်းမရှိ၊ ထင်သလို နှောင့်ယှက်ခြင်းဟူသော အချက်တစ်ရပ် ပါဝင်သည်။ သင်သည် ၎င်းတို့နှင့် ဆက်ဆံသည့်အခါ ကြင်နာစွာ ပြောဆိုခြင်းသည် အလုပ်မဖြစ်ပေ၊ သင်၌ မသမာသော ရည်ရွယ်ချက်များ ရှိသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ သင်သည် တင်းမာစွာ ပြောဆိုပါက သင်က ၎င်းတို့ကို အနိုင်ကျင့်နေသည်ဟု တွေးထင်ကြသော်လည်း ၎င်းတို့၏ တစ်ဇွတ်ထိုးဆန်ခြင်းက အခြားသူများကို နစ်နာစေပြီးနောက်တွင်မူ ၎င်းတို့က “ကျွန်ုပ်က သင့်ကို နာကျင်စေလိုသည့် ရည်ရွယ်ချက်မရှိပါ။ သင် နာကျင်သည်ဟု ခံစားရပါက ကျွန်ုပ် တောင်းပန်ပါသည်” ဟု ဆိုကြဦးမည်။ ဤစကားများသည် ကောင်းမွန်သည်ဟု ထင်ရသော်လည်း နစ်နာခဲ့ရသူက ၎င်းတို့ကို ခွင့်မလွှတ်ဘဲ ၎င်းတို့ကို ဝေဖန်သည့်အခါ တစ်ဇွတ်ထိုးဆန်သောသူသည် ဒေါသထွက်ပြီး “သင်က ဤကိစ္စကို အဆုံးမသတ်နိုင်ပါတကား၊ သင်က ကျွန်ုပ်၏ တောင်းပန်မှုကို အခွင့်ကောင်းယူနေခြင်း မဟုတ်လော။ ကျွန်ုပ် တောင်းပန်သည့်အတွက် ကျွန်ုပ်ကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု သင်ထင်သလော။ ယခု သင်က ကျွန်ုပ်၏ အပြစ်အနာအဆာများကို ထောက်ပြနေပါတကား။ ကျွန်ုပ်၌ အပြစ်အနာအဆာများ ရှိပါသလော။ သင်သည် ၎င်းတို့ကို ထောက်ပြရန် အရည်အချင်းပြည့်မီပါသလော” ဟု ဆိုသည်။ ဤသည်မှာ သမ္မာတရားကို လက်မခံသည့် ကိစ္စတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည်။ ၎င်းတို့၏ လူ့သဘာဝရှိ ဤလက္ခဏာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချို့သော လက္ခဏာများအဖြစ် မိမိတို့ဘာသာ သဘာဝကျကျ ထင်ရှားပေါ်လွင်သည်၊ ၎င်းတို့သည် ဆက်စပ်နေသည်။ ဤလူစားမျိုးများရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လက္ခဏာများတွင် စိတ်နှလုံးမာကျောခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း အနည်းငယ်တို့ ပါဝင်သည်။ ဤကဏ္ဍများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လက္ခဏာများ ဖြစ်ကြသည်။

ဥပမာ ၈- လူ့ပင်ကိုသဘာဝများ

ပင်ကိုအခြေအနေများတွင် နောက်ထပ် ကဏ္ဍတစ်ခု ပါဝင်သည်၊ ယင်းမှာ လူ့ပင်ကိုသဘာဝ ဖြစ်သည်။ ဥပမာအနေဖြင့် အချို့သောလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် စီစီပီအစိုးရ၏ ရူးသွပ်သော ဖိနှိပ်မှု၊ ဖမ်းဆီးမှုများနှင့် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံမှုတို့ကို မြင်တွေ့ရသောအခါ ၎င်းတို့သည် ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ သတ္တိနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ဖြစ်လာကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဒူးပင်တုန်လာပြီး အိမ်သာသို့ အဆက်မပြတ် သွားချင်နေကြသည်။ ဤသည်မှာ အဘယ်အရာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ (ပင်ကိုသဘာဝ ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခု ဖြစ်သည်။ ပုံမှန် လူ့သဘာဝအတွင်း၌ အချို့သော ကြောက်မက်ဖွယ်ဖြစ်ရပ်များ၊ လူတို့၏ ကိုယ်ပိုင်အသက်နှင့် သက်ဆိုင်သော အခြေအနေများ သို့မဟုတ် မိမိတို့ကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် သတင်းကြားရသည်ဖြစ်စေ၊ လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့တွင် သတ္တိနည်းပြီး ကြောက်ရွံ့သည်ဟု ခံစားရသည့် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းအချို့ ရှိမည်ဖြစ်သည်။ ထိုနည်းတူစွာပင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရင်တုန်ခြင်း၊ ကြွက်တက်ခြင်း၊ ယာယီ နားမကြားခြင်း သို့မဟုတ် မျက်စိမမြင်ခြင်းတို့အပြင် ပါးစပ်ခြောက်ခြင်း၊ ဒူးတုန်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းတို့ကဲ့သို့သော ပုံမှန်တုံ့ပြန်မှုအချို့ကို သဘာဝအတိုင်း ပြသပေမည်။ ဤတုံ့ပြန်မှုများသည် ဖြစ်ပေါ်နိုင်ဖွယ်ရှိသလော။ (ရှိပါသည်။) ဤတုံ့ပြန်မှုများသည် အာရုံကြောစနစ်၏ ထိန်းချုပ်မှုကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်း တစ်ခုခုကြောင့်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ပြင်ပအကြောင်းတရားတစ်ခုက ဇာတိပကတိ၌ ဖြစ်ပေါ်စေသော တုံ့ပြန်မှုများဖြစ်ပြီး ဤတုံ့ပြန်မှုများကို စုပေါင်း၍ ပင်ကိုသဘာဝဟု ရည်ညွှန်းသည်။ ခန္ဓာကိုယ်၏ ခံနိုင်ရည်ရှိမှုတွင် ကန့်သတ်ချက်များ ရှိသည်၊ လူတစ်ဦး၏ သတ္တိကန့်သတ်ချက်များကို ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်သည် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းအချို့ကို ပြသပေမည်။ ဤတုံ့ပြန်မှုများကို အခြားသူများက အားနည်းချက်များအဖြစ် ရှုမြင်နိုင်သည် သို့မဟုတ် ယင်းတို့သည် ရယ်ဖွယ်ကောင်းသည်၊ သနားစရာကောင်းသည် သို့မဟုတ် ကရုဏာ သက်ထိုက်သည်ဟု ထင်ရနိုင်သော်လည်း ဤသည်တို့မှာ လူတစ်ဦး၏ ပင်ကိုသဘာဝများ၏ သရုပ်သကန်များ ဖြစ်သည်မှာ ငြင်းမရပေ။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ မိမိတို့၏ ဦးခေါင်းကိုကိုင်၍ ငိုကြွေးခြင်း၊ မျက်ရည်ကျခြင်း သို့မဟုတ် ကျယ်လောင်စွာ အော်ဟစ်ခြင်းပင် ပြုလုပ်သည့် လူများလည်း ရှိသည်၊ အခြားသူများမှာ မှောင်မိုက်သော ထောင့်တစ်နေရာတွင် ပုန်းအောင်း၍ ကွေးကွေးလေးနေကောင်းနေမည်၊ ထိုသို့သော တုံ့ပြန်မှုအားလုံးသည် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများ ဖြစ်ကြသည်။ ဤပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများတွင် ငိုသည်ဖြစ်စေ၊ ရယ်သည်ဖြစ်စေ သို့မဟုတ် အလွန်အမင်း ကြောက်လန့်သွားသဖြင့် အရှက်ရဖွယ် တစ်စုံတစ်ခုကို လုပ်ဆောင်မိသည်ဖြစ်စေ ဤအရာများ၌ အမှားအမှန် ရှိသလော။ (မရှိပါ။) သို့ဖြစ်၍ အစိုးရက ယုံကြည်သူများကို ဖမ်းဆီးသည့်အကြောင်း ကြားရသောအခါ ကြောက်ရွံ့လာသူများအတွက် ဤလူများသည် သတ္တိကြောင်ပြီး လူ့သဘာဝမရှိဟု ငါတို့ ပြောနိုင်သလော။ (မပြောနိုင်ပါ။) “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ယုံကြည်ခြင်းနှင့်အတူ ရှိသင့်သည်၊ မကြောက်ရွံ့သင့်” ဟူသော စကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) “ဤသည်မှာ အားနည်းခြင်း၊ သတ္တိကြောင်ခြင်းနှင့် အရည်အချင်းမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်ကို ယုံကြည်ခြင်း ကင်းမဲ့ကြောင်း ပြပြီး ၎င်းတို့သည် ဘုရားသခင်ကို အားကိုးရကောင်းမှန်း မသိကြောင်း ပြသည်။ ထိုသို့သောသူသည် အောင်နိုင်သူတစ်ဦး မဟုတ်ပါတကား” ဟု ငါတို့ ပြောနိုင်သလော။ (မပြောနိုင်ပါ။) အဘယ်ကြောင့် မပြောနိုင်သနည်း။ (ယင်းမှာ လူတစ်ဦးသည် ပြင်ပအခြေအနေများကို ရင်ဆိုင်ရသောအခါ ဖြစ်ပေါ်သည့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုမျှသာ ဖြစ်ပါသည်။) ဤသည်မှာ ပုံမှန်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တွန်းအားပေးသော သရုပ်သကန်တစ်ခု မဟုတ်ပေ။ ဆိုလိုသည်မှာ လူတို့တွင် ထိုသို့သော အခြေအနေများ၌ ဤသရုပ်သကန်များနှင့် ထုတ်ဖော်မှုများ ရှိနေသောအခါ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ လွှမ်းမိုးမှုကြောင့် မဟုတ်သကဲ့သို့ ၎င်းတို့၏ လူ့သဘာဝအတွင်းရှိ အတွေးအခေါ် သို့မဟုတ် ရှုမြင်ပုံတစ်ခုခု၏ စိုးမိုးခြင်းခံရသောကြောင့်လည်း မဟုတ်ပေ။ ဤတုံ့ပြန်မှုများသည် သင် ကြိုတင်တွေးတောထားသည့် အရာတစ်ခုမဟုတ်ပေ၊ ထိုသို့သော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သင်သည် ရုတ်တရက် အထိန်းအကွပ်မဲ့သော အတွေးများ ရှိလာပြီးနောက် သင်က ထိုအကြောင်းကို ပို၍တွေးတောလေလေ သင်ထိတ်လန့်လာကာ သင့်ခန္ဓာကိုယ် တုန်တက်သွားခြင်း သို့မဟုတ် သင်၏ ဆီးကိုပင်ဖြစ်စေ၊ ဝမ်းကိုပင်ဖြစ်စေ မထိန်းနိုင်တော့ခြင်းမျိုး မဟုတ်ပေ။ ဤတုံ့ပြန်မှုများ၏ နောက်ကွယ်မှ အကြောင်းရင်းမှာ ထိုအရာမဟုတ်ပေ။ ထိုအစား ဤဖြစ်ရပ်များ သို့မဟုတ် ဤသတင်းအကြောင်း ကြားသိပြီးနောက်တွင် မည်သည့် တမင်ရည်ရွယ်သော အတွေးအခေါ်မျှမရှိဘဲ၊ မည်သည့် စိတ်ပိုင်းဆိုင်ရာ စိစစ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းမျှမရှိဘဲ သင်၏ ခန္ဓာကိုယ်သည် အလွန်သဘာဝကျစွာဖြင့် ပင်ကိုသဘာဝအလျောက် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအချို့ကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဤကဲ့သို့သော သဘာဝကျသည့် တုံ့ပြန်မှုသည် ဇာတိပကတိ၏ မွေးရာပါ ပင်ကိုသဘာဝများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်း၌ အမှားအမှန် မရှိ၊ အားကြီးခြင်းနှင့် အားနည်းခြင်းဟူ၍ ခွဲခြားမှုမရှိသကဲ့သို့ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းဟူ၍ ခြားနားမှုလည်း မရှိသည်မှာ သေချာသည်။ အချို့လူများက “အစိုးရက မည်သည့်ဖမ်းဆီးမှုများ လုပ်ဆောင်နေပါစေ၊ ကျွန်ုပ် မကြောက်ပါ” ဟု ပြောကြသည်။ သို့ဆိုလျှင် သင်သည် ငတုံးတစ်ဦး ဖြစ်သည်ဟု ငါပြောမည်။ အဆင်းနီသော နဂါးကြီးက သင့်ကို ညှဉ်းပန်းနှိပ်စက်သောအခါ သင် ကြောက်မကြောက်ကို ကြည့်ကြစို့၊ ထိုအချိန်တွင် သင် မအော်ဟစ်ဘဲ နေရန် မဖြစ်နိုင်ပေ။ နာကျင်မှု အထွတ်အထိပ်သို့ ရောက်သောအခါ သင် မည်သို့ တွေးမည်နည်း။ “ကျွန်ုပ် သေသည်ကမှ ကောင်းဦးမည်။ ကျွန်ုပ် သေသွားလျှင် လွတ်မြောက်သွားမည်၊ နောက်ထပ် နာကျင်ရတော့မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်တို့အားလုံးသည် ဇာတိပကတိ၏ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများဖြစ်ပြီး ဤအရာများထဲမှ တစ်ခုမျှ ပြဿနာမဟုတ်ပေ။ အချို့လူများက “ကျွန်ုပ် မကြောက်ပါ၊ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို ရိုက်လျှင် ကျွန်ုပ် ပြန်ရိုက်မည်၊ ကျွန်ုပ် မနိုင်လျှင် ထွက်ပြေးမည်” ဟု ပြောကောင်းပြောပေမည်။ သို့သော် သင်ထွက်ပြေးပြီး တစ်စုံတစ်ယောက်က သင့်ကို သေနတ်ဖြင့် ချိန်သောအခါ သင်သည် ဒူးတုန်လာမည်၊ သင်၏ စိတ်နှလုံးသည် သတ္တိနည်းလာမည်ဖြစ်ပြီး သင်သည် “ကျွန်ုပ် မကြောက်ပါ” ဟု နောက်ထပ် အော်ဟစ်တော့မည် မဟုတ်ပေ။ သင်၏ အသက် အန္တရာယ်ရှိလာသောအခါ သင်သည်လည်း သေခြင်းကို ကြောက်ရွံ့လိမ့်မည်၊ ဤသည်မှာ သင်၏ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများ ဖြစ်သောကြောင့် လူတစ်ဦးတွင် မည်သည့် သရုပ်သကန်များ ရှိသည်ဖြစ်စေ၊ လူ့သဘာဝ အားနည်းခြင်း၏ မည်သည့် ထုတ်ဖော်မှုများ ရှိသည်ဖြစ်စေ ယင်းကို အမှားဟု မမှတ်ယူသကဲ့သို့ ရှက်ဖွယ်ရာလည်း မဟုတ်ဘဲ ဘုရားသခင်က ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ သဘာဝအတိုင်းပင် သင်သည် ဤတုံ့ပြန်မှုများကို တားဆီးရန် မကြိုးစားသင့်သကဲ့သို့ ကြည့်ရှုနေသူများကလည်း ၎င်းတို့ကို မလှောင်ပြောင်သင့်ပေ၊ အကြောင်းမှာ လူတိုင်းသည် အတူတူပင်ဖြစ်သည်၊ အားလုံးသည် အသွေးနှင့်ကိုယ်၊ အသားနှင့်ကိုယ် ဖြစ်သောကြောင့် ဖြစ်သည်။ အသွေးအသား၏ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများသည် ဤကဲ့သို့ ဖြစ်သည်၊ သင်သည် ဤကဲ့သို့ဖြစ်သည်၊ ၎င်းတို့သည် ဤကဲ့သို့ဖြစ်သည်၊ လူတိုင်းသည် ဤကဲ့သို့ ဖြစ်သည်။ ယင်းမှာ လူတစ်ဦးသည် ဝံပုလွေတစ်ကောင်နှင့် ကြုံတွေ့ရသည့်အခါနှင့် တူသည်၊ ၎င်း၏ ပထမဆုံး ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းမှာ အဘယ်အရာဖြစ်သနည်း။ “ပြေး။ တတ်နိုင်သမျှ မြန်မြန်ပြေး” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ပြေးနေစဉ်တွင် ၎င်းတို့က ဝံပုလွေ အမီလိုက်လာခြင်း ရှိမရှိကို ကြည့်ကာ “ယင်းက ငါ့ကို အမီလိုက်လာလျှင် မည်သို့များ လုပ်ဆောင်မည်နည်း။ ငါ၏ လည်ပင်းကို ကိုက်လိုက်ပါက ငါသေသွားမလား။ ငါ့ထံတွင် သေနတ် သို့မဟုတ် သံတုတ်တစ်ချောင်းလောက် ရှိလျှင် သိပ်ကောင်းမည် ဖြစ်သည်” ဟု စိုးရိမ်ကြသည်။ ၎င်းတို့သည် ပြေးနေစဉ်တွင်သာ ဤအရာများကို တွေးတောကြသည်။ သို့သော် သင် မည်သည့်အရာကိုပင် တွေးတောနေပါစေ၊ သင်၏ ပထမဆုံး ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းမှာ ၎င်း၏ လိုက်လံဖမ်းဆီးခြင်းမှ လျင်မြန်စွာ လွတ်မြောက်ရန်၊ အဖမ်းမခံရဘဲ အစားမခံရစေရန် တတ်နိုင်သမျှ မြန်မြန်နှင့် ဝေးဝေးသို့ ပြေးရန်ဖြစ်သည်မှာ သေချာသည်။ ဤသည်တို့အားလုံးသည် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများ ဖြစ်ကြသည်။ သင်၏ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ သင်၏ အသက်ကို အန္တရာယ်မကျရောက်စေရန် သေချာစေလျက် မိမိကိုယ်ကို ကယ်တင်ခြင်း၊ မိမိ၏ အသက်ကို ကာကွယ်ခြင်းပင် ဖြစ်သည်။ ဤပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများသည် ကြည့်ရှုသူတစ်ဦးအတွက် သတ္တိကြောင်သည်၊ မသင့်တော် သို့မဟုတ် ရှက်ဖွယ်ရာဖြစ်သည်ဟု ထင်ရပါစေ ယင်းတို့သည် အမှန်တကယ်တွင် ရှက်ဖွယ်ရာမဟုတ်ပေ၊ အကြောင်းမှာ ယင်းတို့သည် အသွေးအသားနှင့် လူသားများ၏ ပုံမှန်သရုပ်သကန်များဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းတို့သည် သဘာဝကျသော ထုတ်ဖော်မှုများ ဖြစ်ကြသည်။ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခုသည် သဘာဝကျသော ထုတ်ဖော်မှုတစ်ခုမျှသာဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ရှက်ဖွယ်ရာ တစ်စုံတစ်ရာ မရှိပေ။ ဥပမာအနေဖြင့် သင်သည် ဟာသတစ်ခုကို ကြားသောအခါ ရယ်လိမ့်မည်။ သင်၏ ပါးစပ်ထဲတွင် အစာ သို့မဟုတ် ရေ ရှိနေလျှင်ပင် သင်သည် မည်သို့ပင်ဖြစ်စေ ရယ်လိမ့်မည်၊ အကြောင်းမှာ ဤသည်မှာ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခုသည် ဘုရားသခင် ပေးသနားတော်မူသော၊ မွေးရာပါ စွမ်းဆောင်ရည် တစ်ခုဖြစ်ပြီး အခါအခွင့်သင့်သောအခါ သဘာဝအတိုင်း ဖြစ်ပေါ်ပြီး လုပ်ဆောင်ပေလိမ့်မည်။ သို့ဖြစ်၍ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများနှင့် ပတ်သက်လာလျှင် ယင်းတို့သည် သဘာဝကျသော ထုတ်ဖော်မှုများ ဖြစ်ကြသည်။ ယင်းတို့သည် လူ့သဘာဝ၏ အားနည်းချက် သို့မဟုတ် ချို့ယွင်းချက်တစ်ခု၏ ထုတ်ဖော်မှုများ ဖြစ်နိုင်သည် သို့မဟုတ် သင်၏ ဇာတိပကတိ၏ သဘာဝကျသော သရုပ်သကန်တစ်ခု၏ ထုတ်ဖော်မှုများ ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယင်းမှာ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခု ဖြစ်သောကြောင့် အမှား သို့မဟုတ် အမှန် မရှိပေ။ သင်သည် ရှက်သည်ဟု ခံစားရပါက ယင်းက သင်သည် ထိုးထွင်းသိမြင်မှု ကင်းမဲ့ကြောင်းနှင့် သင်၏ လူ့သဘာဝသည် အတော်ပင် အပေါ်ယံဆန်ကြောင်းကို ပြသည်၊ သင်သည် အခြားသူများ၏ အကောင်းမြင်မှုကို လိုချင်သည်။ သင်သည် သင်၏ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများကို တားဆီးရန် ကြိုးစားပါက ယင်းက သင်သည် မိုက်မဲသူဖြစ်ကြောင်းနှင့် သင်၏ ဆင်ခြင်တုံတရားတွင် ပြဿနာတစ်ခု ရှိနေကြောင်းကို သက်သေပြသည်။ အထူးအန္တရာယ်ရှိသော ပတ်ဝန်းကျင်များနှင့် အခြေအနေများတွင် သင်သည် ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲတွင် ဆီးထွက်ကျသွားလျှင်ပင် ယင်းကို ရှက်ဖွယ်ရာအရာတစ်ခုအဖြစ် သင်မမြင်သင့်ပေ။ အမှန်တွင် ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ မည်သူမဆို ထိုသို့သော အခြေအနေများတွင် ဤသရုပ်သကန်များ ရှိမည်ဖြစ်သည်၊ ကျော်ကြားသူများ သို့မဟုတ် ကြီးမြတ်သူများပင် ခြွင်းချက်မရှိပေ။ ကြမ်းတမ်းသော အခြေအနေများတွင် စွမ်းအားရှင်များ မရှိပေ၊ သင်သည် သာမန်လူတစ်ဦးမျှသာ ဖြစ်ပြီး ထူးခြားမှု မရှိသကဲ့သို့ ကြွားဝါစရာလည်း တစ်စုံတစ်ရာ မရှိပေ။ သင်သည် ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲတွင် ဆီးထွက်ကျသွားပြီး အခြားသူများ သိရှိသွားလျှင်ပင် ယင်းမှာ ဂုဏ်သိက္ခာကျဖွယ်အရာတစ်ခု မဟုတ်ပေ၊ ဤသို့ဖြင့် လူတို့သည် သင့်ကို အထင်ကြီးခြင်း သို့မဟုတ် အားကျကြည်ညိုခြင်း ပြုတော့မည်မဟုတ်ပေ၊ အနည်းဆုံးအနေဖြင့် သင်သည် ဘေးကင်းလုံခြုံလိမ့်မည်။ ဤအရာသည် ယခု ရှင်းလင်းသင့်ပြီ မဟုတ်လော။ လူ၏ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများသည် အလွန်ပုံမှန်ကျပြီး ဓမ္မတာပင်ဖြစ်သည်။ ဥပမာအနေဖြင့် သင်၏ ဆံပင် ညစ်ပတ်ပြီး သင်၏ ဦးရေပြား ယားယံသောအခါ သင်သည် ပင်ကိုသဘာဝအလျောက် ကုတ်လိမ့်မည်။ ထို့နောက် သင်၏ လက်သည်းခွံများ အညစ်အကြေးများဖြင့် ပြည့်သွားပြီး လူတို့က သင့်ကို မသတီစရာ သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိဟု ထင်လျှင်ပင် သင် မည်သည့်အရာ လုပ်နိုင်မည်နည်း။ သင်၏ ဆံပင် ညစ်ပတ်သောအခါ အညစ်အကြေးများ ရှိလိမ့်မည်၊ အကြောင်းမှာ သင်သည် အသွေးနှင့်ကိုယ်၊ အသားနှင့်ကိုယ် ဖြစ်ပြီး မြေမှုန့်ဖြင့် ပြုလုပ်ထားသောကြောင့်ဖြစ်ကာ သင်သည် ဤအဖြစ်မှန်ကို အသိအမှတ်ပြုသင့်သည်။ ဤအခြေအနေသည် သင်၏ ဆံပင် ညစ်ပတ်နေပြီး ခေါင်းလျှော်ရန် လိုအပ်နေကြောင်းကို သင့်အား ပြောပြနေခြင်းမျှသာ ဖြစ်သည်။ သင်၏ ဦးရေပြား ယားယံသောအခါ ကုတ်ခြင်းသည် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခု ဖြစ်သည်။ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခုသည် သဘာဝကျသော၊ ပုံမှန်ဖြစ်သော တုံ့ပြန်မှုတစ်ခု၊ ဘုရားသခင် ဖန်ဆင်းခဲ့သော ပင်ကိုအခြေအနေများနှင့် အာရုံကြောစနစ်အောက်ရှိ ပုံမှန်သရုပ်သကန်တစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုသရုပ်သကန်များသည် သင့်ကို ရှက်ဖွယ်၊ မသတီစရာ သို့မဟုတ် ဂုဏ်သိက္ခာမရှိဟု ခံစားရစေနိုင်သော်လည်း သင်သည် ၎င်းတို့ကို ပြောင်းလဲရန် သို့မဟုတ် တားဆီးရန် မကြိုးစားသင့်ပေ။ တစ်ဖက်တွင် ထိုသို့ပြုလုပ်ခြင်းက သင့်ကို လူ့ပင်ကိုသဘာဝများကို မှန်ကန်စွာ ဆက်ဆံရန် ကူညီပေးသည်၊ အခြားတစ်ဖက်တွင် ယင်းမှာ သင်၏ ကျင့်ကြံပြုမူပုံအတွက် တည်ဆောက်ပေးပြီး အကျိုးရှိစေသည်။ သင်သည် ဤကဏ္ဍနှင့်ပတ်သက်၍ အချို့သော နားလည်မှုနှင့် သိနားလည်မှုကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံပြီး ဆက်ဆံရေးပြုလုပ်သည့်အခါ လူ့ဇာတိပကတိဆိုင်ရာ ပင်ကိုသဘာဝ၏ အချို့သော ကဏ္ဍများ သဘာဝအတိုင်း ပေါ်လွင်ထင်ရှားပြီး ထုတ်ဖော်ပါက သင်သည် ၎င်းတို့ကို တမင်တကာ ဖုံးကွယ်ရန် လိုအပ်မည်မဟုတ်ပေ။ ပြီးလျှင် တစ်ခါတစ်ရံတွင် ရှက်ဖွယ်ကောင်းသော အခြေအနေတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာပါက ရှင်းပြရန် သို့မဟုတ် ယင်းကို ဖုံးကွယ်ရန် သို့မဟုတ် ဟန်ဆောင်ရန် မလိုအပ်ပေ၊ အကြောင်းမှာ ယင်းမှာ ပုံမှန် လူ့သဘာဝ၏ ထုတ်ဖော်မှုတစ်ခုဖြစ်ပြီး လူ၏ ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းတစ်ခုလည်း ဖြစ်သောကြောင့် ဖြစ်သည်၊ ဤအရာအားလုံးသည် ပုံမှန်လူတစ်ဦး လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိသည်။ ဥပမာအနေဖြင့် လူတို့သည် ပဲစားသောအခါ ၎င်းတို့၏ ခန္ဓာကိုယ်များသည် သဘာဝအတိုင်း ဓာတ်ငွေ့အချို့ကို ထုတ်လုပ်ပြီး ပင်ကိုသဘာဝအလျောက် လေတက်ခြင်း သို့မဟုတ် လေလည်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ဤသည်မှာ တကယ်ကို ဓမ္မတာဖြစ်လေသည်။ အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များသည် ထိုသို့သော သရုပ်သကန်များကို ရှက်ဖွယ်ဖြစ်သည်ဟု မကြာခဏ ခံစားရသော်လည်း ယင်းနှင့်ပတ်သက်၍ အမှန်တကယ်တွင် ရှက်ဖွယ်ရာ တစ်စုံတစ်ရာ မရှိပေ။ ဤသည်မှာ ခန္ဓာကိုယ်၏ ပုံမှန်ဖြစ်သော ပင်ကိုသဘာဝအလျောက် တုံ့ပြန်မှုတစ်ခုမျှသာဖြစ်ပြီး ကျင့်ကြံပြုမူပုံ သို့မဟုတ် လုပ်ဆောင်ပုံနှင့်ဆိုင်သော စည်းမျဉ်းများနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အချို့လူများက နားမလည်နိုင် သို့မဟုတ် ယင်းကို မကျေနပ် ဖြစ်နိုင်သော်လည်း ယင်းမှာ မိမိ၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းမရှိခြင်း၊ ကြီးပြင်းလာပုံညံ့ဖျင်းခြင်း၊ ထိန်းမနိုင်သိမ်းမရခြင်း၊ တစ်ဇွတ်ထိုးဆန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း သို့မဟုတ် ဆိုးရွားသော သို့မဟုတ် ဆိုးယုတ်သော လူ့သဘာဝ ရှိခြင်းဟူသည့် အဆင့်သို့ မုချ မရောက်ရှိပေ၊ ဤအဆင့်အထိ ချဲ့ကားပြောဆိုရန် မလိုအပ်ပေ။ ဤပြဿနာသည် ကျင့်ကြံပြုမူခြင်းနှင့် မသက်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်လည်း မည်သို့မျှ မသက်ဆိုင်သည်မှာ သေချာသည်။ ထိုကိစ္စကို ချဲ့ကားပြောဆိုရန် မလိုအပ်ပေ။ ဤအရာများကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။