သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄) အပိုင်း ငါး

ဥပမာ ၉- တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း

အချို့သောလူတို့သည် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများ သို့မဟုတ် ပတ်ဝန်းကျင်များတွင် သို့မဟုတ် အခြေအနေဆိုးသော မိသားစုများတွင် မွေးဖွားခဲ့သောကြောင့် ၎င်းတို့၏ အသက်တာများရှိ အမှုအရာများနှင့်ပတ်သက်၍ သိပ်ပြီး ဂရုတစိုက် မရှိကြပေ။ ၎င်းတို့သည် အစားအစာသန့်ရှင်းရေးကို သေချာဂရုမစိုက်နိုင်ပေ၊ အဝတ်အထည် တစ်စုံတည်းကို အချိန်ကြာမြင့်စွာ မလျှော်ဘဲ ဝတ်ဆင်နိုင်ပြီး ၎င်းတို့၏ အဝတ်အစားများ ချွေးနံ့နံနေလျှင်ပင် သတိမပြုမိဘဲ နေနိုင်သည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ (ယင်းမှာ လူတစ်ဦး၏ ဘဝနေထိုင်မှု အလေ့အထများ၏ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ဘဝနေထိုင်မှု အလေ့အထများနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်၊ ယင်းမှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို များစွာ အာရုံမစိုက်ခြင်း ဖြစ်သည်။ အချို့လူများသည် မျက်နှာသစ်ရန်နှင့် ခြေထောက်ဆေးရန် တဘက်တစ်ထည်တည်းကို အသုံးပြုပြီးနောက် နေ့ခင်းပိုင်း အလုပ်လုပ်ရန် အပြင်ထွက်သောအခါ ချွေးသုတ်ရန် ယင်းကို အသုံးပြုကြသည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက် ဒဏ်ရာရသည်ကို မြင်ပါက ဒဏ်ရာကို ဖုံးအုပ်ရန် ထိုတဘက်ကိုပင် အသုံးပြုကြသည်။ ၎င်းတို့သည် တစ်ကိုယ်ရေသန့်ရှင်းရေးကို လုံးဝ ဂရုမစိုက်ကြောင်း ပြသသည်။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့ မွေးဖွားလာခဲ့သော မိသားစု၏ အခြေအနေများနှင့် အချို့သော ဆက်စပ်မှုရှိသည်။ အချို့လူများသည် ကောင်းမွန်သော နေထိုင်မှု အခြေအနေများရှိသည့် မိသားစုများမှ လာကြပြီး ထိုမိသားစုများတွင် လူတစ်ဦးစီ၌ မျက်နှာအတွက်လည်းကောင်း၊ ခြေထောက်အတွက်လည်းကောင်း အသုံးပြုရန် ရှင်းလင်းစွာ ခွဲခြားထားသော တဘက်များနှင့် ရေချိုးတဘက်များစွာ ကိုယ်စီရှိကြသည်။ ၎င်းတို့သည် နေ့စဉ် ရေချိုးပြီး မျက်နှာသစ်ကြကာ တဘက်များနှင့် ရေချိုးတဘက်များကိုလည်း နေ့စဉ် လျှော်ဖွပ်ကြသဖြင့် ၎င်းတို့သည် အထူးသဖြင့် ဇီဇာကြောင်ပုံရသည်။ ထိုသို့သော အလေ့အထများသည် မည်သို့ ဖွဲ့စည်းဖြစ်ပေါ်လာသနည်း။ ၎င်းတို့သည် မိသားစုတွင် အချို့သော စီးပွားရေးအခြေခံအုတ်မြစ်နှင့် ငွေကြေးအခြေအနေများ ရှိခြင်း၏ အကျိုးဆက်ဖြစ်ပြီး ယင်းက ဤယဉ်ကျေးသိမ်မွေ့သော ဘဝနေထိုင်မှု အလေ့အထများကို ဖြစ်ပေါ်စေသည်။ ဤသည်က လူတစ်ဦးကို တစ်ကိုယ်ရေသန့်ရှင်းရေးကို အလွန်ဂရုစိုက်ပြီး လေးစားဖွယ်ဖြစ်သည်ဟု ထင်ရစေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အလွန် ဇီဇာကြောင်ပုံရသော်လည်း အမှန်တကယ်တွင် ဤအရာအားလုံး၏ နောက်ကွယ်၌ ယင်းသို့ဖြစ်ပေါ်စေခဲ့သော ပင်ကိုအခြေအနေများ ရှိနေသည်။ သို့ဆိုလျှင် အချို့လူများသည် ဤအရာများကို အဘယ်ကြောင့် ဂရုမစိုက်ကြသနည်း။ အချို့လူများသည် ထိုသို့သော ကိစ္စရပ်များကို များစွာ အာရုံစိုက်ရန် ပင်ကိုအားဖြင့် စိတ်မပါကြဘဲ ၎င်းတို့တွင် ငွေအင်အား ရှိလျှင်ပင် ဤအရာများကို အလွန်အလေးအနက် မထားကြပေ၊ ဤသည်မှာ သိသာထင်ရှားသော ပြဿနာတစ်ခု မဟုတ်ပေ။ အခြားသူများအတွက်မူ ယင်းမှာ ၎င်းတို့၏ မိသားစုအခြေအနေများနှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးရှိသော မိသားစုတစ်စုတွင် ၎င်းတို့အားလုံးသည် မျက်နှာသစ်ရန်နှင့် ခြေထောက်ဆေးရန် တဘက်တစ်ထည်တည်းကို အသုံးပြုကောင်းပြုနိုင်ပြီး တစ်ဦးပြီးတစ်ဦး အသုံးပြုကြသည်။ အချို့လူများသည် ခြေထောက်မဆေးဘဲ အိပ်ရာဝင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်ဆဲ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ နေ့စဉ်အသက်တာ သို့မဟုတ် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းကို မထိခိုက်ပေ။ ဇီဇာကြောင်သော သူများက “သို့ရာတွင် သင်၏ ခြေထောက်များတွင် ပိုးမွှားများရှိသည်၊ အလွန်ပင် ညစ်ပတ်လေသည်” ဟု ပြောကောင်းပြောပေမည်။ ထိုအခါ အခြားသူများက “ခြေထောက်များက မညစ်ပတ်ပါ။ ယင်းတို့ကို တစ်နေကုန် ဖုံးအုပ်ထားပြီး အပြင်လောကနှင့်လည်း မထိတွေ့ရသဖြင့် ပိုးမွှားတစ်စက်မျှ မရှိပါ၊ ခြေထောက်ချွေးအနည်းငယ်သာ ရှိပါသည်။ လူများက ခြေထောက်ချွေးသည် ညစ်ပတ်သည်ဟု ထင်ကြသည်၊ သို့သော် စင်စစ်အားဖြင့် မဟုတ်ပါ။ အချို့သော နေရာများတွင် ခြေထောက်များကို အစားအသောက် ထုတ်လုပ်ရန်အတွက်ပင် အသုံးပြုကြသည်။ သင် ဈေးမှ ဝယ်ယူသော အစားအစာများသည် လူတို့၏ ခြေထောက်များဖြင့် ဂျုံနယ်ထားခြင်းအားဖြင့် ပြုလုပ်ထားကောင်း ပြုလုပ်ထားနိုင်သည်ကို အဘယ်သူသိမည်နည်း။ ယင်းကို သင်မမြင်ရဘဲ သင်စားသည်။ သို့တိုင်အောင် သင့်ကိုယ်သင် အလွန် ဇီဇာကြောင်သည်ဟုပင် ထင်နေသေးသည်” ဟု တုံ့ပြန်ကောင်း တုံ့ပြန်နိုင်သည်။ တစ်စုံတစ်ဦးသည် အလေးထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ဤအရာအားလုံးသည် ပင်ကိုအခြေအနေများက ပုံသွင်းသော ဘဝနေထိုင်မှု အလေ့အထများ သို့မဟုတ် နေထိုင်မှုပုံစံများ ဖြစ်ကြသည်။ ဤသည်မှာ ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် မည်သို့သော သရုပ်သကန်မျိုးများသည် လူတစ်ဦး၏ ကျင့်ကြံပြုမူခြင်းနှင့် သက်ဆိုင်သနည်း။ ဥပမာအနေဖြင့် အန္တရာယ်ရှိသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ၊ အဆင်းနီသော နဂါးကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသောအခါ လူတိုင်းသည် စိတ်တင်းကျပ်ပြီး ကြောက်လန့်သည်ဟု ခံစားရကာ ၎င်းတို့တွင် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းအချို့ ရှိမည်ဖြစ်သည်။ သို့သော် အချို့လူများက “ကျွန်ုပ်တို့အားလုံးသည် မည်မျှစိတ်တင်းကျပ်ပြီး ကြောက်လန့်နေပါစေ စိတ်တည်ငြိမ်အောင်ထားပြီး အခြေအနေ၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် အခြားဒေသများမှ ညီအစ်ကိုမောင်နှမများ အမြန်ထွက်သွားနိုင်အောင် ကျွန်ုပ်တို့က ၎င်းတို့အတွက် ဦးစွာ ကာပေးရမည်” ဟု ပြောကောင်းပြောပေမည်။ သို့သော် အခြားသူများကမူ “သူတို့အတွက် ကာပေးရမည် ဟုတ်လော။ ငါ့အတွက်မှာမူ အဘယ်နည်း။ အဆုံးတွင် ငါ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိလျှင် မည်သို့လုပ်ဆောင်မည်နည်း။ ကျွန်ုပ် ဦးစွာ ပြေးဖို့လိုအပ်သည်။ ဦးစွာပြေးသည့်သူ မည်သူမဆိုသည် အဖမ်းခံရမည် မဟုတ်သကဲ့သို့ အပြစ်ဒဏ်ချမှတ်ခံရခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ရှိမည်မဟုတ်” ဟု ကွဲပြားစွာ တွေးထင်ကောင်း တွေးထင်ပေမည်။ သင်မြင်သည့်အတိုင်း အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ လူတိုင်းတွင် ကြောက်လန့်ခြင်းဟူသော တူညီသည့် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်း ရှိသော်လည်း အချို့လူများသည် အခြားသူများကို ကာကွယ်ရန် ဦးစားပေးပြီး မိမိတို့၏ အသက်ဘေးကင်းရေးကို နောက်တွင် ထားရှိသည်၊ ထိုသို့သောလူများသည် ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုကို ပြသသည်။ သို့သော် အခြားသူများမှာမူ သူတစ်ပါးကို ပစ်ထားပြီး ထွက်ပြေးလျက် မိမိတို့ကိုယ်ကိုသာ ဦးစွာ တွေးတောကြသည်၊ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ အမှန်တွင် လူ့သဘာဝ၏ အသိတရားအရ ဤဒုတိယအုပ်စုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ အခြားဒေသများမှ ညီအစ်ကိုမောင်နှမများကို ဦးစွာ ကာကွယ်သင့်သည်ကို သိသလော။ သဘောတရားအရ ၎င်းတို့ ဤသည်ကို နားလည်သလော။ (နားလည်ပါသည်။) လူတိုင်းသည် ဤသဘောတရားကို တန်းတူညီမျှ နားလည်ပြီး ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများ ရှိသောအခါ လူတို့သည် ၎င်းတို့၏ သရုပ်သကန်များအရ ကွဲပြားကြသည်။ ဤသည်မှာ တစ်ဦးချင်းစီကြားရှိ လူ့သဘာဝ ကွဲပြားမှုများကို ထင်ဟပ်စေသည်။ အချို့လူများသည် မိမိတို့ကိုယ်ကိုသာ ကြည့်ပြီး အခြားသူများကို လျစ်လျူရှုလျက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကြသည်၊ အခြားသူများမှာမူ စိတ်ကောင်းရှိကြပြီး မိမိတို့ကိုယ်ကို မငဲ့ကွက်ဘဲ အခြားသူများကို ထည့်သွင်းစဉ်းစားနိုင်ကာ ၎င်းတို့၏ ကာကွယ်မှုကို ဦးစားပေးပြီး တစ်ကိုယ်ကောင်းမဆန်စွာ ပြုမူကြသည်။ ဤသည်မှာ မတူညီသော လူ့သဘာဝ အမျိုးအစားများကို ထင်ဟပ်စေသလော။ (ထင်ဟပ်စေပါသည်။) ဤသည်က ခြားနားချက်ကို ရှင်းလင်းစေသည်။ သို့ဆိုလျှင် ဤလူအမျိုးအစားများထဲမှ မတူညီသော လူ့သဘာဝ နှစ်မျိုးရှိသည့်အနက် မည်သည့်လူအမျိုးအစားသည် သမ္မာတရားကို လက်ခံနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်မည်နည်း။ (လူ့သဘာဝကောင်းရှိသော လူအမျိုးအစားသည် သမ္မာတရားကို လက်ခံနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အလွယ်တကူ ဖယ်ရှားနိုင်ပါသည်။) တစ်ကိုယ်ကောင်းဆန်သော လူများကော အဘယ်သို့နည်း။ (၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူပါ၊ ၎င်းတို့ နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် ခက်ခဲပါသည်။) မှန်ပေသည်။ သို့ဖြစ်၍ လူတိုင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်နိုင်သော်လည်း လူတို့၏ လူ့သဘာဝများ ကွဲပြားပါက ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ ထိုနည်းတူစွာ ကွဲပြားကြလိမ့်မည်။ လူတို့တွင် မတူညီသော လူ့သဘာဝ အမျိုးအစားများ ရှိသောအခါ ၎င်းတို့သည် တူညီသော အခြေအနေကို မတူညီသော သဘောထားများနှင့် လုပ်နည်းကိုင်နည်းများဖြင့် တုံ့ပြန်ကြသည်။ ဤသည်က လူတစ်ဦးသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို နောက်ဆုံး၌ လက်ခံနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်ခြင်း ရှိမရှိတို့ကို ဆုံးဖြတ်ပေးသည်။ လူတစ်ဦး၏ လူ့သဘာဝသည် အလွန်အရေးကြီးသည် မဟုတ်လော။ အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ လူတိုင်းတွင် ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများအချို့ ရှိမည်ဖြစ်သည်၊ ၎င်းတို့အားလုံးသည် ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်းနှင့် ကြောက်မက်ခြင်းတို့ကို ခံစားရသည်၊ ၎င်းတို့သည် မသေချာမရေရာဖြစ်ကြသည်၊ သေခြင်းကို ကြောက်ရွံ့ကြပြီး ထွက်ပြေးလိုကြသည်။ ထိုသို့သော အရေးကြီးသည့် အခြေအနေတွင် ကောင်းမွန်ပြီး ကြင်နာတတ်သော လူ့သဘာဝရှိသည့် လူတစ်ဦးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ အခြားဒေသများမှ ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် ဦးစွာ တွေးတောမည်ဖြစ်သည်၊ ၎င်းတို့ ဦးစွာ တွေးတောသည့်အရာမှာ အခြားသူများ၏ ဘေးကင်းလုံခြုံရေး ဖြစ်သည်။ ၎င်းတို့တွင်လည်း ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်မက်ခြင်းဟူသော ပင်ကိုသဘာဝအလျောက် တုံ့ပြန်ခြင်းများ ရှိပြီး မိမိကိုယ်ကို ကာကွယ်ခြင်းပင်ကိုသဘာဝကို ပင်ကိုအားဖြင့် ပိုင်ဆိုင်သော်လည်း ၎င်းတို့ အခြေအနေကို ကိုင်တွယ်ပုံမှာ မိမိတို့ကိုယ်ကို ဦးစွာ ကာကွယ်ခြင်းမဟုတ်ဘဲ အခြားသူများကို ကာကွယ်ခြင်း ဖြစ်သည်။ ဤသည်မှာ ကြင်နာတတ်သော လူ့သဘာဝရှိသည့် လူတစ်ဦး ကျင့်ကြံပြုမူပုံ ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သောသူတစ်ဦး ကျင့်ကြံပြုမူပုံမှာကော အဘယ်သို့နည်း။ ၎င်းတို့သည် အခြားသူများကို ထည့်တွက်တွေးတောကောင်း တွေးတောနိုင်သော်လည်း ၎င်းတို့ကို မကာကွယ်ပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ဦးစွာ ကာကွယ်သည်။ ထို့ကြောင့် အခြားသူများကို စာနာနားလည်ပြီး ကာကွယ်နိုင်သည့် ကြင်နာတတ်သော လူ့သဘာဝရှိသူများသည် သမ္မာတရားကို လက်ခံနိုင်ဖွယ်ရှိသည်။ ၎င်းတို့၏ လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရားသည် သမ္မာတရားကို လက်ခံရန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် လိုအပ်သော အခြေအနေများနှင့် ကိုက်ညီသည်။ တစ်ကိုယ်ကောင်းဆန်သော လူအမျိုးအစားအတွက်မူ ၎င်းတို့သည် သမ္မာတရားကို နားလည်လျှင်ပင် လက်မခံသကဲ့သို့ လက်တွေ့လည်း မလုပ်ဆောင်ပေ။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၏ လူ့သဘာဝသည် မိမိကိုယ်ကို ကာကွယ်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းကို ဖော်ပြသည်။ ထို့ကြောင့် ၎င်းတို့ ဖော်ပြသည့် ဤလူ့သဘာဝကို အကဲဖြတ်ကြည့်လျှင် ၎င်းတို့တွင် သမ္မာတရားကို လက်ခံရန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် လိုအပ်သော အခြေခံအခြေအနေများ ကင်းမဲ့နေသည်မှာ ထင်ရှားသည်။ ဆိုလိုသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သော အခြေအနေများတွင် ၎င်းတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားသည် ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းကို ဆုံးရှုံးသွားသည်။ ၎င်းတို့သည် မိမိတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍ ပြုမူကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရန်နှင့် မိမိတို့ လုပ်ဆောင်သင့်သော တရားမျှတသည့် အမှုအရာများကို လုပ်ဆောင်ရန် မရွေးချယ်ဘဲ ထိုအစား မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် မိမိတို့၏ အကျိုးစီးပွားအားလုံးကို ထိန်းသိမ်းရန် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများနှင့် အကျိုးစီးပွား လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းလျက် မိမိတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍၊ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို ဆန့်ကျင်၍၊ သမ္မာတရားကို ဆန့်ကျင်၍ပင် ပြုမူရန် ရွေးချယ်ကြသည်။ ထို့ကြောင့် ဤလူစားမျိုးအနေဖြင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း သို့မဟုတ် ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းရန် လွယ်ကူမည် မဟုတ်ပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် အလွန်ခက်ခဲခြင်း ဖြစ်သည်။ နှိုင်းနှိုင်းချိန်ချိန်ပြောရလျှင် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ဟု ပြောမည့်အစား ထိုသို့ပြုလုပ်ရန် အလွန်ခက်ခဲသည်ဟု ငါတို့ ပြောမည်။ သို့ဆိုလျှင် ယခု ဤပြဿနာကို ကြည့်လျှင် လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီး ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိသည် ၎င်း၏ ပင်ကိုအခြေအနေများအပေါ် လုံးဝ မူတည်သလော။ (မမူတည်ပါ။) မည်သည့်အရာအပေါ် မူတည်သနည်း။ (၎င်းတို့၏ လူ့သဘာဝအပေါ် မူတည်ပါသည်။) ယင်းမှာ ၎င်းတို့၏ လူ့သဘာဝ၏ စရိုက်နှင့် ၎င်းတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရားသည် လုပ်ဆောင်နိုင်ခြင်း ရှိမရှိအပေါ် မူတည်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းမှာ အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် မိမိတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားအတိုင်း ပြုမူခြင်း ရှိမရှိအပေါ် မူတည်သည်။ လူတစ်ဦးသည် မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရား၏ ညွှန်ကြားမှုအောက်တွင် ပြုမူပါက ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ရွေးချယ်ပြီး သမ္မာတရားကို ရွေးချယ်လိမ့်မည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍ ပြုမူပါက ၎င်းတို့သည် သမ္မာတရားကို မည်မျှ နားလည်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို ဆန့်ကျင်မည်၊ သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်မည်ဖြစ်ပြီး ၎င်းတို့၏ လူ့သဘာဝကိုပင် ဆုံးရှုံးလိမ့်မည်။ ဤသည်က သင့်ကို အဘယ်အရာ ရှင်းလင်းစေသနည်း။ လူ့သဘာဝသည် အလွန်အရေးကြီးသလော။ (အရေးကြီးပါသည်။) လူတစ်ဦးသည် အခြေအနေ မည်သို့ပင်ဖြစ်စေ ၎င်း၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သည့်အခါတိုင်း မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍၊ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို ဆန့်ကျင်၍ ပြုမူပါက ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝကို ဆုံးရှုံးလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို လုံခြုံစေရန်နှင့် ကာကွယ်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မိမိတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားအတိုင်း ပြုမူရန် ရွေးချယ်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် မိမိတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စတေးလျက် မိမိတို့၏ ကိုယ်ကျိုးစီးပွားများအတွက် ယင်းတို့ကို ဆန့်ကျင်လိမ့်မည်။ ဤရှုထောင့်မှ ကြည့်လျှင် ဤလူစားမျိုး ပုံမှန်အားဖြင့် မည်မျှ ကောင်းမွန်စွာ ပြုမူသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးစီးပွားမှလွဲ၍ မည်သည့်အရာကိုမျှ မလိုက်စားပေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် အလွန်ခက်ခဲသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံပေ၊ အခိုက်အတန့်က ပို၍အရေးကြီးလေ၊ ၎င်းတို့ လက်တွေ့အရှိတရားနှင့် ပို၍ရင်ဆိုင်ရလေ ၎င်းတို့သည် မိမိတို့၏ အသိတရား၊ ဆင်ခြင်တုံတရားနှင့် သမ္မာတရားကို ဆန့်ကျင်ရန် ပို၍ရွေးချယ်လေဖြစ်သည်၊ အခိုက်အတန့်က ပို၍အရေးကြီးလေ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဟူသော မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော လူ့သဘာဝကို ပို၍ထုတ်ဖော်လေ ဖြစ်သည်။ ထို့ကြောင့် ဤလူအမျိုးအစားအတွက် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် အလွန်ခက်ခဲသည်။ ယခုအချိန်တွင် လူတစ်ဦး၏ လူ့သဘာဝသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်အတွက် အခြေခံကျသော အခြေအနေတစ်ခုဖြစ်သည်မှာ ရှင်းလင်းပြီ မဟုတ်လော။ လူတစ်ဦးတွင် မည်သို့သော လူ့သဘာဝမျိုး ရှိသည်က ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နောက်ဆုံးတွင် ဖယ်ရှားနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို နောက်ဆုံးတွင် လျှောက်လှမ်းနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိတို့ကို ဆုံးဖြတ်ပေးသည်။

ဥပမာ ၁၀- ပင်ကိုအားဖြင့် စကားနည်းခြင်း

အချို့လူများသည် ပင်ကိုအားဖြင့် စကားနည်းကြပြီး နူးညံ့ကာ သည်းခံတတ်သော ပင်ကိုစရိုက်တစ်ခု ရှိသည်။ ၎င်းတို့သည် အမှုအရာများနှင့်ပတ်သက်၍ ဇာချဲ့ခြင်း သို့မဟုတ် အခြားသူများနှင့် အငြင်းအခုံပြုခြင်း မရှိသလောက် နည်းသကဲ့သို့ အလွန်အကျွံ အာကျယ်ခြင်း မရှိကြပေ။ ၎င်းတို့၏ ပြောဆိုပုံသည် ပကာသနမပါဘဲ ၎င်းတို့၏ အသံများမှာ နူးညံ့သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အထူးနူးညံ့ပုံရပြီး အမှုအရာများကို စနစ်တကျနှင့် အလျင်မလိုသည့်ဟန်ပန်ဖြင့် လုပ်ဆောင်ကြသည်။ အခြားသူများနှင့် နှုတ်ဖြင့်ပြောဆိုဆက်ဆံမှုများစွာ ပြုလုပ်ခြင်းကို မကြိုက်သော၊ လူများနှင့် အလွန်အကျွံ ပေါင်းသင်းဆက်ဆံရန် မလိုလားသော အရှက်အကြောက်ကြီးသည့် လူအချို့ပင် ရှိသေးသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အခြေခံအားဖြင့် ၎င်းတို့ ရှိနေသည်ကိုပင် အခြားသူများက သတိမထားမိကြပေ။ ဤသရုပ်သကန်များသည် မည်သည့်ပြဿနာအမျိုးအစားနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာ ၎င်းတို့၏ ပင်ကိုစရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ မွေးရာပါ ပင်ကိုစရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ဤလူများသည် အပြင်ပန်း၌ ဤပင်ကိုစရိုက်မျိုး ရှိကြပြီး အတွင်း၌လည်း ၎င်းတို့၏ အတွေးအခေါ်များသည် အလွန်ရိုးရှင်းပါသည်။ ၎င်းတို့သည် အခြားသူများအပေါ် အတော်အတန် ကောင်းမွန်ကြသည်၊ အခြားသူများနှင့် အတော်အတန် မျှတစွာ ပေါင်းသင်းဆက်ဆံကြသည်၊ အခြားသူများကို အခွင့်ကောင်းမယူကြပေ၊ ပြီးလျှင် ၎င်းတို့သည် အခြားသူများထံမှ မျက်နှာသာပေးမှု သို့မဟုတ် အကူအညီကို လက်ခံရရှိသောအခါ ပြန်လည်ပေးဆပ်ကြပြီး အခြားသူများ၏ ကျေးဇူးတရားကိုလည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အောက်မေ့ကြသည်။ ဤလူများသည် အပြင်ပန်းအားဖြင့် ကောင်းသော လူ့သဘာဝရှိပုံရသည်။ ၎င်းတို့သည် လူနှင့် တိရစ္ဆာန်နှစ်မျိုးလုံးကို အန္တရာယ်မပြုကြပေ။ ၎င်းတို့သည် သည်းခံတတ်ကြသည်၊ အခြားသူများအပေါ် ထောက်ထားစာနာတတ်ကြပြီး အခြားသူများနှင့် အမှုအရာများကို ဇာမချဲ့ကြပေ။ ၎င်းတို့သည် အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိသကဲ့သို့ အခြားသူများအကြောင်း အတင်းအဖျင်းလည်း မပြောကြပေ။ ၎င်းတို့သည် လူတို့၏ နောက်ကွယ်တွင် ဝေဖန်သုံးသပ်ခြင်း မပြုကြသကဲ့သို့ အခြားသူများကို အလျင်ဦးအောင် တိုက်ခိုက်ခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်းကို မည်သည့်အခါမျှ မပြုကြပေ။ တစ်စုံတစ်ဦး အခက်အခဲကြုံတွေ့ရသောအခါ ၎င်းတို့ ကူညီနိုင်သမျှ ကူညီကြပြီး မည်သည့်အခါမျှ ငြင်းပယ်မည် မဟုတ်သကဲ့သို့ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှလည်း တောင်းဆိုခြင်းမရှိပေ။ လူအများစုက ဤပုဂ္ဂိုလ်များသည် အတော်လေး ဖော်ရွေပေါင်းသင်းလွယ်သည်ဟု ပြောဆိုကြပေမည်။ သို့ဆိုလျှင် ဤလူများသည် အပြင်ပန်းအားဖြင့် ကောင်းသော လူ့သဘာဝရှိပုံရသလော။ (ဟုတ်ပါသည်။) သို့သော် တစ်ကြိမ်တွင် ဘုရားအိမ်တော်က ၎င်းတို့အား အခြေအနေများနှင့်ပတ်သက်၍ ဤသို့မေးသည်။ “သင်တို့၏ အသင်းတော်ခေါင်းဆောင်များ၏ အလုပ်သည် မည်သို့ရှိသနည်း။ ညီအစ်ကိုမောင်နှမများက ၎င်းတို့အပေါ် မည်သို့ထင်မြင်ကြသနည်း။ ဤကာလအတွင်း ဧဝံဂေလိအလုပ်တွင် မည်သည့်အကျိုးရလဒ်များ ရှိခဲ့သနည်း။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သူ သို့မဟုတ် နှောင့်ယှက်သူ တစ်စုံတစ်ဦး ရှိခဲ့သလော” ဟူ၍ဖြစ်သည်။ ၎င်းတို့က ဤသို့ စဉ်းစားကြလေသည်၊ “၎င်းတို့က ဤအကြောင်းကို ကျွန်ုပ်အား အဘယ်ကြောင့် မေးရသနည်း။ ၎င်းတို့ မည်သည့်အရာကို ဆိုလိုနေသနည်း။ ခေါင်းဆောင်များ ကောင်းစွာမလုပ်ဆောင်ဟု ကျွန်ုပ်ပြောသင့်ကြောင်း သွယ်ဝိုက်ပြောနေခြင်းလော။ ကျွန်ုပ်တို့၏ ခေါင်းဆောင်များကို ဖြုတ်ချရန် စီစဉ်နေခြင်းလော။ ၎င်းတို့သည် ကျွန်ုပ်ကို စကားအစ်အောက်ပြီး ကျွန်ုပ်ထံမှ အတည်ပြုချက်ရရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ကောင်းပြီ၊ ကျွန်ုပ် မည်သည့်အရာမျှ ပြောမည်မဟုတ်ပါ။ တစ်နေ့တွင် ခေါင်းဆောင်များ ဖြုတ်ချခံရပြီး ၎င်းတို့၏ ပြဿနာများကို ကျွန်ုပ်တိုင်ကြားခဲ့မှန်း သူတို့သိသွားလျှင် ကျွန်ုပ်ကို ရန်ငြိုးဖွဲ့မည် မဟုတ်လော” ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့က “ခေါင်းဆောင်များသည် လတ်တလောတွင် အတော်လေး ကောင်းမွန်စွာ လုပ်ဆောင်နေခဲ့ပါသည်။ ကျွန်ုပ် မည်သည့်ပြဿနာကိုမျှ သတိမပြုမိခဲ့ပါ” ဟု ပြန်ဖြေသည်။ ၎င်းတို့ ပြောသည်မှာ ထိုမျှသာ ဖြစ်သည်။ ၎င်းတို့အား “သင် အမှန်တကယ် မည်သည့်ပြဿနာကိုမျှ သတိမပြုမိခဲ့ဘူးလော” ဟု ထပ်မေးသောအခါ ၎င်းတို့က “ညီအစ်မ မည်သူမည်ဝါကို ပြောခိုင်းကြည့်ပါလော့၊ သူက ခေါင်းဆောင်များနှင့် မကြာခဏ ထိတွေ့ဆက်ဆံပါသည်။ ၎င်းတို့ မကြာခဏ ပေါင်းသင်းကြပြီး သူက သူတို့ကို ကောင်းကောင်းသိပါသည်။ ကျွန်ုပ်မှာမူ သူတို့ကို သိပ်မသိပါ” ဟု ပြန်ဖြေသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က မိမိတို့ဘာသာ ဤသို့တွေးနေသည်။ “ကျွန်ုပ်သိလျှင်ပင် မည်သည့်အရာမျှပြော၍မဖြစ်ပါ။ ကျွန်ုပ်ပြောလိုက်၍ နောက်ပိုင်းတွင် ခေါင်းဆောင်များ ဖြုတ်ချခံရလျှင် ၎င်းတို့က ကျွန်ုပ်ကို ရန်ငြိုးဖွဲ့မည် မဟုတ်လော။ သူတို့ ဖြုတ်ချမခံရလျှင်ပင် သူတို့အကြောင်း မကောင်းပြောခဲ့မှန်း သူတို့သိသွားလျှင် ကျွန်ုပ်ကို အခက်တွေ့အောင်လုပ်မည် မဟုတ်လော။ သူတို့ ကျွန်ုပ်ကို ညှဉ်းများ ညှဉ်းပန်းနိုင်သလော။ ကျွန်ုပ်၏တာဝန် ဖယ်ရှားခံရမည်လော။ ကျွန်ုပ် မည်သည့်အရာမျှ ပြော၍မဖြစ်ပါ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ မည်သည့်သရုပ်သကန်အမျိုးအစား ဖြစ်သနည်း။ (ဤသည်မှာ လှည့်ဖြားတတ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။) ပြီးလျှင် ဤသည်မှာ မည်သည့်ပြဿနာအမျိုးအစားနှင့် သက်ဆိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ ဤလူစားမျိုးသည် အပြင်ပန်း၌ ပင်ကိုအားဖြင့် ကောင်းမွန်သော ပင်ကိုစရိုက်နှင့် ကောင်းမွန်သော လူ့သဘာဝရှိပုံရသော်လည်း အခြားသူများကို အကဲဖြတ်ခြင်း သို့မဟုတ် ပြဿနာများကို တိုင်ကြားခြင်းနှင့်ပတ်သက်လာသည့်အခါတိုင်း ၎င်းတို့က မိမိတို့သည် ယုံကြည်သူဖြစ်သည်မှာ အချိန်တိုသေးပြီး သမ္မာတရားကို နားမလည်ကြောင်း၊ အမှုအရာများကို ထွင်းဖောက်မမြင်နိုင်လောက်အောင် အလွန်မိုက်မဲကြောင်း ပြောဆိုလျက် မိမိတို့မသိဟု အခိုင်အမာဆိုကြသည်။ မည်သူ၏ ပြဿနာများကို တွေ့သည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ တိုင်ကြားခြင်း သို့မဟုတ် ထုတ်ပြောခြင်း မပြုပေ။ တစ်စုံတစ်ဦးက ခေါင်းဆောင်များကို နောက်ကွယ်တွင် ဝေဖန်သုံးသပ်သည့်အခါ သို့မဟုတ် မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သည့်အခါ ၎င်းတို့က မတွေ့သလို၊ သို့မဟုတ် မသိသလို ဟန်ဆောင်ပြီး မည်သည့်အရာကိုမျှ မည်သည့်အခါမျှ မတိုင်ကြားပေ။ ခေါင်းဆောင်များက “သင် မည်သူမည်ဝါနှင့် အချိန်များစွာ အတူရှိခဲ့သည်၊ သူ၏ တာဝန်ထမ်းဆောင်မှုက ပုံမှန်အားဖြင့် မည်သို့ရှိသနည်း။ သူသည် အခက်အခဲကို ခံနိုင်ပြီး အဖိုးအခပေးနိုင်စွမ်း ရှိသလော” ဟု မေးသောအခါ ၎င်းတို့က “အင်း၊ သူက မနက်စောစောထပြီး ညအတော်မိုးချုပ်မှ အိပ်ရာဝင်သည်ကို ကျွန်ုပ်တွေ့ပါသည်” ဟု ပြန်ဖြေသည်။ အမှန်တကယ်တွင် ဤလူသည် ဘာသာတရားမရှိသော လောက၏ ဗီဒီယိုများကို မကြာခဏ ကြည့်ရှုပြီး မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အဖိုးအခမပေးကြောင်း ၎င်းတို့က ရှေးမဆွကပင် သတိပြုမိခဲ့သော်လည်း အမှန်တရားကို မပြောဆိုပေ၊ ၎င်းတို့သည် လူတိုင်းနှင့် အပေါ်ယံ သဟဇာတဖြစ်မှုကို အစဉ်သဖြင့် ထိန်းသိမ်းထားသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့၏ မွေးရာပါ ပင်ကိုစရိုက်သည် ကောင်းမွန်ပုံရပြီး ၎င်းတို့၏ လူ့သဘာဝသည်လည်း ကောင်းမွန်ပုံရသော်လည်း ဤကောင်းသော လူ့သဘာဝ၏ အသွင်အပြင်အောက်တွင် မည်သည့်အရာက ဖုံးကွယ်နေသနည်း။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မပေးသော၊ မည်သူ့ကိုမျှ ဒုက္ခမပေးသော၊ မည်သူ့ကိုမျှ အခွင့်ကောင်းမယူသော၊ ရန်သူများမဖြစ်စေသော လူ့အကြိုက်လိုက်သူများ ဖြစ်ကြသည်။ မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းမှာ အဘယ်နည်း။ (မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မပေးမိရန် ဖြစ်ပါသည်။) ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မပေးမိစေဘဲ၊ မည်သူ့ကိုမျှ ဒုက္ခမပေးဘဲ မိမိတို့ကိုယ်ကို ကာကွယ်ရန်သာ ကြိုးစားကြသည်။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးက ၎င်းတို့နှင့် ရိုးသားစွာ မိတ်သဟာယဖွဲ့လျက် “ကျွန်ုပ်တို့ တာဝန်များကို အတူတကွ ထမ်းဆောင်ခဲ့သည်မှာ အချိန်အကြာဆုံး ဖြစ်သည်။ ကျွန်ုပ်၌ သင်တွေ့မြင်သည့် မည်သည့်ပြဿနာမဆို ထောက်ပြပေးပါ။ ကျွန်ုပ် လက်ခံပြီး ပြောင်းလဲမည်ဟု ကတိပေးပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကိုလည်း ကျွန်ုပ်နှင့် မိတ်သဟာယဖွဲ့ပေးပါ” ဟု ပြောဆိုသည့်အခါမျိုးတွင်ပင်၊ အခြားတစ်ဦးက ဤမျှ စိတ်ရင်းမှန်သည့်အခါတွင်ပင် ၎င်းတို့သည် အမှန်တရားကို မပြောဆိုကြသေးပေ။ ထိုအစား ၎င်းတို့က “သင်သည် ကျွန်ုပ်ထက် များစွာ ပိုသာပါသည်။ အမှန်တကယ်တွင် ကျွန်ုပ် ပျော့ညံ့သည်ကို သင်တို့တစ်ယောက်မျှ သတိမထားမိကြပါ။ ကျွန်ုပ်သည် အပျက်သဘောဆောင်လာပြီး ပုန်ကန်တတ်သူလည်း ဖြစ်သည်” ဟု မရိုးမသား ပြောဆိုသည်။ အခြားသူများက မည်မျှပင် ရိုးသားစွာ တောင်းဆိုပါစေ ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြောဆိုမည်မဟုတ်သေးပေ။ ၎င်းတို့သည် မည်သူ့ကိုမဆို စိတ်အနှောင့်အယှက်ပေးရန် လုံးဝငြင်းဆိုပြီး မှန်ကန်သော ပြောဆိုချက် တစ်ခုတလေကိုမျှ မည်သည့်အခါမျှ ပြုလုပ်မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သူ့ကိုမျှ အမှန်တရားကို ပြောဆိုမည်မဟုတ်ဘဲ အရာအားလုံးကို ၎င်းတို့၏ စိတ်နှလုံးထဲ၌သာ မြှုပ်နှံထားသည်။ ဤအချက်မှ ကြည့်လျှင် ၎င်းတို့တွင် အတွေးအခေါ်များ မရှိသည်တော့ မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် စက်ရုပ်များမဟုတ်သကဲ့သို့ လက်တွေ့ဘဝနှင့် ကင်းကွာနေခြင်းလည်း မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် မတူညီသော လူများနှင့် ကိစ္စရပ်များအပေါ် အမြင်များ ရှိကြသော်လည်း ၎င်းတို့သည် ထိုအမြင်များကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် မည်သူ့ကိုမျှ ဝေမျှခြင်း သို့မဟုတ် ဖော်ပြခြင်း မပြုကြပေ။ ၎င်းတို့သည် အရာအားလုံးကို မိမိတို့ဘာသာ သိမ်းဆည်းထားကြသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အခြားသူများက ၎င်းတို့ကို ထွင်းဖောက်မမြင်စေလိုသောကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးလိုသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းမှာ အဘယ်နည်း။ ၎င်းတို့တွင် စည်းမျဉ်းများ မရှိသလော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် စည်းမျဉ်းများ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေသကဲ့သို့ စည်းမျဉ်းများကိုလည်း မစောင့်ထိန်းကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ခြင်းနှင့် စောင့်ရှောက်ခြင်းကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့ မထိခိုက်သမျှ ကာလပတ်လုံး ဘုရားသခင် မည်သို့တောင်းဆိုသည်ကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ကျင့်ကြံပြုမူပုံ၌ မည်သည့်စည်းမျဉ်းများ သို့မဟုတ် စည်းများမျှ မရှိသကဲ့သို့ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မပေးပေ၊ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများသာ ဖြစ်ကြသည်။ ထို့ကြောင့် အခြားသူများ၏ အမြင်တွင် ၎င်းတို့သည် လူကောင်းများအဖြစ်လည်း ရှုမြင်ခံရသည်၊ အကြောင်းမှာ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသူများသည် ၎င်းတို့၏ အကူအညီကို မကြာခဏ ရရှိကြပြီး အခြားသူများက ၎င်းတို့ထံမှ မည်သည့်အရာကိုမဆို တောင်းဆိုသည့်အခါတိုင်း ၎င်းတို့သည် မည်သည့်အခါမျှ မငြင်းပယ်သောကြောင့် လူတို့က ၎င်းတို့ကို လူကောင်းများဟု ယုံကြည်စေသည်။ သို့သော် ၎င်းတို့ ကျင့်ကြံပြုမူသည့် စည်းမျဉ်းများကို သင် အနီးကပ် ဆန်းစစ်ကြည့်မည်ဆိုလျှင် ၎င်းတို့တွင် ကျင့်ကြံပြုမူရန် မည်သည့်စည်းမျဉ်းမျှ မရှိကြောင်း သင်တွေ့ရှိလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သော ပြဿနာများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေမည်လော။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်မည်လော။ (မဟုတ်ပါ။) အဖြေမှာ မဟုတ်သည်မှာ သေချာပါသည်။ ဤလူများသည် မိမိတို့တွင် ကောင်းသော လူ့သဘာဝနှင့် ကြင်နာသော စိတ်နှလုံးများရှိသည်ဟု ယုံကြည်လျက် မိမိတို့၏ ကိုယ်ပိုင် ခံစားချက်အရဖြစ်သော နားလည်မှုကို စွဲကိုင်ထားကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် မကောင်းသော ရည်ရွယ်ချက်များကို မည်သည့်အခါမျှ မထားရှိဟုဖြစ်စေ၊ အနည်းဆုံးအနေဖြင့် အခြားသူများကို အလျင်ဦးအောင် ထိခိုက်နစ်နာစေခြင်း သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများကို ပျက်စီးစေခြင်း မပြုဟုဖြစ်စေ တွေးထင်ကြသည်။ အခြားသူများက တောင်းဆိုမှု သို့မဟုတ် လိုအပ်ချက် တစ်ခုတလေ ရှိသည့်အခါတိုင်း ၎င်းတို့သည် အစဉ်သဖြင့် တုံ့ပြန်ကြသည်။ ၎င်းတို့၏ နားလည်မှုတွင် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မပေးခြင်း သို့မဟုတ် မထိခိုက်စေခြင်းသည် ၎င်းတို့ကို လူကောင်းများ ဖြစ်စေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ရန်သူတစ်ဦးတစ်ယောက်မျှ မထားခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အန္တရာယ်ရှိသော အခြေအနေတွင်မျှ ရောက်စေမည်မဟုတ်ဟုလည်းကောင်း၊ မည်သူကမျှ ၎င်းတို့ကို ရန်သူအဖြစ် ရှုမြင်မည်မဟုတ်ဟုလည်းကောင်း တွေးထင်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ထိခိုက်နာကျင်မည်မဟုတ်ဘဲ ဘေးကင်းလုံခြုံနေဦးမည် ဖြစ်သည်။ ဤလူစားမျိုးသည် ကျင့်ကြံပြုမူပုံ၌ မည်သည့်ပန်းတိုင် ရှိသနည်း။ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မိမိကိုယ်ကို ကာကွယ်ခြင်း ဖြစ်သည်၊ ၎င်းတို့အတွက်မူ အသက်သာဆုံးနှင့် အလုံခြုံဆုံး ခိုလှုံရာနှင့် သက်သောင့်သက်သာဖြစ်သည့် နေရာဟု ၎င်းတို့ယုံကြည်သည့်အရာတွင် နေထိုင်ရန် လုံလောက်ပေပြီ။ ၎င်းတို့တွင် ကျင့်ကြံပြုမူပုံ၌ စည်းမျဉ်းများနှင့် စည်းများကို ပြောင်းလဲရန် သို့မဟုတ် မိမိတို့၏ အကျင့်အကြံ လားရာကို ပြောင်းလဲရန် ရည်ရွယ်ချက်မရှိသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် ရည်ရွယ်ချက်လည်း မရှိသည်မှာ သေချာပါသည်။ ဤလူများသည် လူ့အကြိုက်လိုက်သူများနှင့် ပြဿနာရှောင်သူများ ဖြစ်ကြသည်။ အခြားသူများက သမ္မာတရား စည်းမျဉ်းများအကြောင်း သို့မဟုတ် ကျင့်ကြံပြုမူပုံ၏ စည်းများနှင့် စည်းမျဉ်းများအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် ကျင့်ကြံပြုမူသည့် နည်းလမ်းကို ပြောင်းလဲမည်မဟုတ်ပေ။ သို့ဆိုလျှင် ဤလူများတွင် ကောင်းသော လူ့သဘာဝ ရှိသလော။ (မရှိပါ။) ဤလူများသည် သမ္မာတရားကို လက်ခံနိုင်သလော သို့မဟုတ် စည်းမျဉ်းများကို စောင့်ထိန်းနိုင်သလော။ (မလုပ်နိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မစောင့်ထိန်းနိုင်ကြသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်ထဲတွင် ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ စံနှုန်းမှာ လူ့အကြိုက်လိုက်သူများ ဖြစ်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ အမြင်တစ်ခုရှိရန် သို့မဟုတ် ရပ်တည်ချက်တစ်ခု ယူရန် လိုအပ်သော မည်သည့်ကိစ္စနှင့်ပတ်သက်၍မဆို ၎င်းတို့သည် တိတ်ဆိတ်စွာနေကြသည်၊ လျစ်လျူရှုသော သဘောထားကို ထိန်းသိမ်းထားကြပြီး မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ စိုးရိမ်ပူပန်မှုကင်းမဲ့ပြီး ခပ်ကင်းကင်းနေကာ မိမိတို့ကိုယ်တိုင်နှင့် တိုက်ရိုက် မသက်ဆိုင်သည့် ကိစ္စများထဲ ပါဝင်ပတ်သက်ခြင်း မရှိပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ကျင့်ကြံပြုမူပုံနှင့် လုပ်ဆောင်ပုံ၌ မည်သည့်ရပ်တည်ချက်မျှ မရှိပေ၊ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်တစ်ကောင်နှင့်တူသည်။ ၎င်းတို့သည် မိမိတို့ပတ်ဝန်းကျင်ရှိ လူများနှင့် ဖြစ်ရပ်များကို ဂရုမစိုက်ကြပေ။ မည်သည့်ပတ်ဝန်းကျင်တွင် သို့မဟုတ် မည်သည့်လူနှင့်မဆို ပြဿနာများ မည်မျှပင် သိသာထင်ရှားပါစေ ၎င်းတို့သည် ထိုအရာများကို ဂရုစိုက်ရန်၊ စုံစမ်းရန် သို့မဟုတ် သိရှိရန် စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့နှင့် မသက်ဆိုင်သမျှ ကာလပတ်လုံး စိုးရိမ်ပူပန်ရန် မလိုအပ်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအတွက် ဆိုရိုးစကားတစ်ခု ရှိသည်၊ မည်သို့ဆိုသနည်း။ “အကျိုးကျေးဇူးကို မရှာနှင့်၊ သို့သော် အပြစ်တင်ခံရခြင်းကို ရှောင်ကြဉ်လော့။” ဟူ၍ဖြစ်သည်။ ဤသည်မှာလည်း လူ့အကြိုက်လိုက်သူများ ကျင့်ကြံပြုမူသည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုသို့သော လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လက္ခဏာများမှာ အဘယ်နည်း။ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လက္ခဏာအားလုံးနီးပါးကို ပိုင်ဆိုင်ကြသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မကောင်းမှုကို မပြုလုပ်ကောင်း မပြုလုပ်နိုင်သကဲ့သို့ ပြစ်မှားခြင်းများကိုလည်း ရှားရှားပါးပါးသာ ကျူးလွန်ကြသော်လည်း သင်သည် ၎င်းတို့ ကျင့်ကြံပြုမူသည့် စည်းမျဉ်းများနှင့် နည်းလမ်းများကို လေ့လာမည်ဆိုလျှင် အထင်ရှားဆုံးသော အသွင်အပြင်မှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ မစောင့်ထိန်းကြသကဲ့သို့ ကျင့်ကြံပြုမူပုံ၌ စည်းများလည်း မရှိခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို စော်ကားသည့်အခါပင်ဖြစ်စေ၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အခါပင်ဖြစ်စေ ၎င်းတို့သည် ထိုအရာကို သည်းခံခွင့်လွှတ်နိုင်ပြီး မိမိတို့၏ အတွင်းစိတ်အတွေးများကို မည်သည့်အခါမျှ ထုတ်ဖော်ခြင်း သို့မဟုတ် ပေါ်လွင်စေခြင်း မရှိဘဲ ရယ်မောပစ်လိုက်နိုင်သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် ကြင်နာသော လူ့သဘာဝနှင့်အတူ အလွန်သည်းခံတတ်ပုံရပြီး တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန် ရည်ရွယ်ချက်မရှိကြောင်း ပြသသည်။ သို့သော် ၎င်းတို့တွင် အတွေးအခေါ်များ မရှိသည်တော့ မဟုတ်ပေ။ သင်ပြုလုပ်ခဲ့သည့်အရာကို ၎င်းတို့က အမှတ်ရကြပြီး အခါအခွင့်သင့်သည့်အချိန်တွင် ၎င်းတို့သည် ထွက်လာကာ မိမိတို့ကိုယ်ကို ကာကွယ်ပြီး ခုခံကြမည်ဖြစ်ပြီး သင်သတိပင်မပြုမိနိုင်သော အချို့သော တန်ပြန်တိုက်ခိုက်မှုကို သင့်အား ပေးကြလိမ့်မည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းနေခြင်း မဟုတ်ပေ။ ကျင့်ကြံပြုမူပုံ၌ စည်းမျဉ်းများနှင့် စည်းများသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်သက်သက်သာ ဖြစ်သည်။ ဤကဲ့သို့သော လူများအတွက် ၎င်းတို့ကို ကောက်ကျစ်ဆိုးယုတ်သူများအဖြစ်လည်းကောင်း၊ စိတ်နှလုံးမာကျောသူများ၊ လှည့်ဖြားတတ်သူများနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများအဖြစ်လည်းကောင်း ဖော်ပြခြင်းသည် မှန်ကန်ပါသည်။ အချို့လူများက “၎င်းတို့သည် အခြားသူများ၏ အကျိုးစီးပွားများကို မထိခိုက်စေခဲ့ပါ သို့မဟုတ် မည်သည့်မကောင်းမှုကိုမျှ မပြုလုပ်ခဲ့ပါ၊ သို့ဖြစ်၍ သင်သည် ၎င်းတို့တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ဟု မည်သို့ပြောနိုင်သနည်း။ သင်သည် ဤအရာကို မည်သည့်အရာအပေါ် အခြေခံနေသနည်း” ဟု ပြောကောင်းပြောနိုင်ပါသည်။ ၎င်းမှာ ၎င်းတို့သည် လူများနှင့် အမှုအရာများကို ရှုမြင်ပုံ၊ ကျင့်ကြံပြုမူပုံ၊ လုပ်ဆောင်ပုံတို့နှင့်ပတ်သက်လာလျှင် ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုမြင်ပုံများနှင့် သဘောထားများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ သင်တို့ ဤအရာကို သတိပြုမိပြီလော။ (ယခု ကျွန်ုပ်တို့ မြင်ပါပြီ။) ယခင်က သင်တို့ မမြင်နိုင်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာက သင့်ကို အထင်အမြင်မှားစေခဲ့သနည်း။ (၎င်းတို့သည် မိမိတို့၏ ပြောဆိုပုံနှင့် လုပ်ဆောင်ပုံများတွင်လည်းကောင်း၊ အခြားသူများနှင့် ထိတွေ့ဆက်ဆံပုံနှင့် ပူးပေါင်းဆောင်ရွက်ပုံများတွင်လည်းကောင်း အတော်လေး ဖော်ရွေပေါင်းသင်းလွယ်သည်ဟု ကျွန်ုပ်တို့ တွေးထင်ခဲ့ကြပြီး ၎င်းတို့သည် မည်သူ့ကိုမျှ မထိခိုက်စေခဲ့သောကြောင့် ၎င်းတို့တွင် ကောင်းသော လူ့သဘာဝရှိသည်ဟု ကျွန်ုပ်တို့ ယူဆခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ အပြင်ပန်း ဟန်ဆောင်မှု၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပါသည်။) အပြင်ပန်းအားဖြင့် နူးညံ့သော ပင်ကိုစရိုက်ရှိပြီး လူများကို မည်သည့်အခါမျှ မတိုက်ခိုက်ခြင်းနှင့် တိရစ္ဆာန်များကို ဒုက္ခမပေးခြင်းသည် တစ်စုံတစ်ဦးတွင် ကောင်းသော လူ့သဘာဝရှိသည်ဟု မဆိုလိုပေ။ မည်သို့သော လူ့သဘာဝ၏ ထုတ်ဖော်မှုများသည် အမှန်တကယ် ကောင်းသော လူ့သဘာဝကို ကိုယ်စားပြုသနည်း။ (တစ်ခုအနေဖြင့် အခြားသူများကို ဒုက္ခမပေးခြင်း သို့မဟုတ် အခွင့်ကောင်းမယူခြင်း ဖြစ်ပါသည်။ ထို့အပြင် အန္တရာယ်ပေါ်ပေါက်လာသောအခါ လူတစ်ဦး၏ ပထမဆုံးအတွေးမှာ မိမိ၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုကို ထည့်မစဉ်းစားဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်ဖြစ်ပြီး အခြေအနေတိုင်းတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးနိုင်ခြင်း ဖြစ်ပါသည်။ ဤသည်တို့အားလုံးမှာ ကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြပါသည်။) စိတ်ကောင်းရှိခြင်း၊ ချစ်ခင်တတ်ခြင်း၊ စိတ်ရှည်ပြီး သည်းခံတတ်ခြင်း၊ အခြားသူများကို လေးစားခြင်း၊ အခြားသူများကို ထည့်သွင်းစဉ်းစားလိုစိတ်ရှိခြင်း၊ လူများကို အခွင့်ကောင်း မယူခြင်း၊ အတော်အတန် ရိုးသားဖြောင့်မတ်ခြင်းအပြင် နှိမ့်ချခြင်း၊ မထင်မရှားနေခြင်းနှင့် မောက်မာမှုမရှိခြင်းဟူသည့် လူ့သဘာဝ၏ ဤအရည်အသွေးများကို ပိုင်ဆိုင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းနိုင်စွမ်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းတို့နှင့် ပေါင်းစပ်လိုက်လျှင် ဤသည်မှာ ကောင်းသော လူ့သဘာဝ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အပြင်ပန်းအားဖြင့် သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ အခြားသူများကို အခွင့်ကောင်းမယူခြင်း၊ အခြားသူများအပေါ် ထောက်ထားစာနာတတ်ခြင်း၊ အခြားသူများကို ဂရုစိုက်ခြင်းကဲ့သို့သော လူ့သဘာဝ၏ အရည်အသွေးများကို ပိုင်ဆိုင်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းတို့ကို အလွယ်တကူ လက်လွှဲပေးပြီး အလျင်ဦးအောင် သစ္စာပင်ဖောက်လျှင် ၎င်းတို့တွင် ကောင်းသော လူ့သဘာဝ ရှိသလော။ (မရှိပါ။) ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ မကောင်းကြောင်း ဆိုလိုသည်။ ကောင်းသော လူ့သဘာဝကို မည်သို့ တိုင်းတာသနည်း။ အနည်းဆုံး လိုအပ်ချက်မှာ အဘယ်နည်း။ (အနည်းဆုံးအားဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း ဖြစ်ပါသည်။) ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း၊ ပြီးလျှင် ဤအခြေခံအုတ်မြစ်အပေါ်တွင် အခြားသူများနှင့် သဟဇာတရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စိတ်ကောင်းရှိပြီး သည်းခံတတ်ခြင်း၊ အခြားသူများကို အခွင့်ကောင်းမယူခြင်း၊ စိတ်ရှည်နိုင်ပြီး အခြားသူများ၏ အားနည်းချက်များကို နားလည်နိုင်ခြင်း၊ အခြားသူများအပေါ် ထောက်ထားစာနာတတ်ခြင်း၊ ချစ်ခင်တတ်ခြင်း၊ အခြားသူများကို ကူညီပြီး ထောက်ပံ့နိုင်ခြင်း၊ အားနည်းသူများကို ဂရုစိုက်ခြင်း စသည်တို့ဖြစ်သည့် ဤသည်တို့အားလုံးမှာ ကောင်းသော လူ့သဘာဝ၏ လက္ခဏာများ ဖြစ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ကိုယ်ကောင်းဆန်ခြင်း၊ အောက်တန်းကျခြင်း၊ လောဘကြီးခြင်း၊ အခြားသူများနှင့်ပတ်သက်၍ ကြမ်းတမ်းပြီး အလွန်အကျွံ တွက်ချက်တတ်ခြင်း၊ အတင်းအဖျင်းပြောခြင်းနှင့် လူများကို ဖိနှိပ်ရသည်ကို နှစ်သက်ခြင်း၊ တစ်ဇွတ်ထိုးနိုင်ခြင်း၊ ပေါ်ပင်လုပ်ခြင်း၊ အထူးသဖြင့် အပေါ်ယံဖြစ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ အကျင့်ပျက်ခြင်း၊ မျက်နှာပြောင်တိုက်ခြင်းနှင့် ရှက်စိတ်မရှိခြင်းတို့ ဖြစ်ကြသည်။ ဤသည်တို့မှာ မည်သို့သော သရုပ်သကန်အမျိုးအစားများ ဖြစ်ကြသနည်း။ (ဤသည်တို့မှာ မကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြပါသည်။) ဤသရုပ်သကန်များရှိသော တစ်စုံတစ်ဦးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်သေးသလော။ (မစောင့်ရှောက်နိုင်ပါ။) ကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များကို ပိုင်ဆိုင်ခြင်းနှင့်အတူ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိခြင်းဟူသည်မှာ အမှန်တကယ် ကောင်းသော လူ့သဘာဝ ဖြစ်သည်။

ဥပမာ ၁၁- ကြင်နာပုံပေါက်သော်လည်း ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း

အချို့လူများသည် အပြင်ပန်းအားဖြင့် အလွန်ကြင်နာတတ်ပုံရသည်၊ ၎င်းတို့သည် အခြားသူများအပေါ် စိတ်ရှည်ပြီး သည်းခံနိုင်စွမ်းရှိကာ ကောင်းသော လူ့သဘာဝ၏ လက္ခဏာအားလုံးကို ပိုင်ဆိုင်ကြသည်။ သို့သော် အသင်းတော်၏ အလုပ်၊ ဘုရားသခင်၏ ပူဇော်သက္ကာများ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ဤအရာအားလုံးကို သစ္စာဖောက်နိုင်သည်။ ဤလူစားမျိုးတွင် ကောင်းသော လူ့သဘာဝရှိသည်ဟု သင်တို့ ပြောမည်လော။ (မပြောပါ။) ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများအတွက် ပစ္စည်းများဝယ်သောအခါ အချို့လူများသည် အရည်အသွေးကောင်းပြီး ဈေးပေါကာ လက်တွေ့ကျသော ပစ္စည်းများကို ရွေးချယ်ကြသည်။ သို့သော် ပူဇော်သက္ကာများကို သုံးစွဲ၍ ပစ္စည်းများဝယ်ရန် ကိစ္စနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ဈေးကြီးသော ကုန်ပစ္စည်းများကို ရွေးချယ်ကြသည်။ ထိုအရာသည် ထွန်စက်တစ်စီးမျှသာ ဖြစ်လျှင်ပင် လမ်းညွှန်စနစ်ပါသော တစ်စီးကိုပင် ရလိုကြမည်ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို ဝယ်သည်ဖြစ်စေ ဈေးသက်သာသော မည်သည့်အရာကိုမဆို ထည့်သွင်းစဉ်းစားရန် ငြင်းပယ်လျက် အကောင်းဆုံး၊ ဈေးအကြီးဆုံးနှင့် နည်းပညာမြင့်သော ရွေးချယ်စရာများကို အစဉ်သဖြင့် ရှာဖွေကြသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် အခြားသူများနှင့် ပုံမှန်ဆက်ဆံနိုင်ပုံရသည်၊ ၎င်းတို့သည် လူများကို အခွင့်ကောင်းမယူကြ၊ အတော်လေး သည်းခံတတ်ကြပြီး အခြားသူများကို အဘက်ဘက်မှ ကောင်းစွာဆက်ဆံကြသည်။ သို့သော် ပူဇော်သက္ကာများကို သုံးစွဲခြင်းနှင့် ပတ်သက်လာလျှင် ၎င်းတို့၏ အကြင်နာတရား ကင်းမဲ့သောစိတ် ပေါ်လာပြီး ၎င်းတို့၏ မကောင်းဆိုးဝါးမျက်နှာ ထွက်ပေါ်လာသည်။ ၎င်းတို့ကို ကောင်းသော လူ့သဘာဝရှိသည်ဟု မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) ၎င်းတို့၏ ကောင်းသော လူ့သဘာဝသည် အမှန်တကယ် စစ်မှန်သလော။ ယင်းမှာ အပြင်ပန်း ဟန်ဆောင်မှုနှင့် အမူအရာလုပ်ခြင်းမျှသာ ဖြစ်ပြီး အားလုံးမှာ မျက်နှာဖုံးတစ်ခုသာ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့်သက်ဆိုင်သော ကိစ္စရပ်များ၊ အထူးသဖြင့် ပူဇော်သက္ကာများကို သုံးစွဲခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ လောဘသည် ပေါ်လာပြီး ၎င်းတို့၏ မကောင်းဆိုးဝါးမျက်နှာ၊ နတ်ဆိုးရုပ်သွင်နှင့် ကြမ်းတမ်းသော အမူအရာတို့ ထုတ်ဖော်သည်။ ဤသည်မှာ ကောင်းသော လူ့သဘာဝလော။ (မဟုတ်ပါ။) ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်အတွက် မူပိုင်ခွင့် လျှောက်ထားနေပြီး ၎င်းတို့က ဤသို့ပြောသည်၊ “ကျွန်ုပ်တို့ အဖွဲ့အစည်းတစ်ခုအနေဖြင့် အသင်းတော်၏ အမည်ဖြင့် လျှောက်ထားလျှင် ငွေများစွာ သက်သာလိမ့်မည်။ သို့သော် လူ့ဇာတိခံ ခရစ်တော်၏ အမည်ဖြင့် လျှောက်ထားလျှင်မူ များစွာ ပိုကုန်ကျလိမ့်မည်။ ကျွန်ုပ်တို့ ဤကိစ္စတွင် ငွေချွေတာသင့်သည်၊ ပူဇော်သက္ကာများကို ဖြစ်ကတတ်ဆန်း မသုံးစွဲသင့်ပါ” ဟူ၍ဖြစ်သည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ဤမျှအရေးကြီးသော ကိစ္စကို ကိုင်တွယ်ရာတွင် ၎င်းတို့၌ စည်းမျဉ်းများ ရှိသလော။ ဤနှုတ်ကပတ်တော်များကို မည်သူက ဖော်ပြခဲ့သနည်း၊ ဘုရားသခင်လော သို့မဟုတ် အသင်းတော်လော။ (ဘုရားသခင်က ဖော်ပြခဲ့ပါသည်။) သို့ဆိုလျှင် မူပိုင်ခွင့်သည် မည်သူနှင့် သက်ဆိုင်သင့်သနည်း။ ယင်းသည် ဘုရားသခင်နှင့် သက်ဆိုင်ခြင်းက ပိုသင့်တော်သလော သို့မဟုတ် အသင်းတော်နှင့် သက်ဆိုင်ခြင်းက ပိုသင့်တော်သလော။ (ဘုရားသခင်နှင့် သက်ဆိုင်ခြင်းက ပိုသင့်တော်ပါသည်။) ဤသည်မှာ အလွန်အရေးကြီးသော ပြဿနာတစ်ခု ဖြစ်သည်။ ဤမျှအရေးကြီးသော ကိစ္စတွင် ငွေချွေတာရန် အာရုံစိုက်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ မည်သည့်ပြဿနာများ ပေါ်ပေါက်လာနိုင်သနည်း။ အကျိုးဆက်များမှာ စဉ်းစား၍မရနိုင်လောက်အောင် ဖြစ်နိုင်ပေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လျစ်လျူရှုပြီး ငွေချွေတာရန်သာ စဉ်းစားလျှင် ထိုအရာက သင့်ကို မည်သို့သော လူစားမျိုးဖြစ်စေသနည်း။ ထိုသို့သော လူများတွင် အသိတရား သို့မဟုတ် လူ့သဘာဝ ရှိသလော။ (၎င်းတို့တွင် လူ့သဘာဝ မရှိပါ။) ထိုသို့သော လူများသည် အပြင်ပန်း၌ မည်မျှပင် ကြင်နာတတ်သည် သို့မဟုတ် သည်းခံတတ်သည်ဟု ထင်ရပါစေ ၎င်းတို့တွင် အမှန်တကယ် လူ့သဘာဝ ရှိသလော။ (မရှိပါ။) အသင်းတော်တွင် စားသောက်ဖွယ်ရာနှင့် နေ့စဉ်လိုအပ်ချက်များအတွက် အသုံးစရိတ်အားလုံးကို ဘုရားသခင်၏ ပူဇော်သက္ကာများမှ အပြည့်အဝ ကာမိပါသည်။ ငါသည် ဤအသုံးစရိတ်များနှင့်ပတ်သက်၍ သင်တို့အပေါ် တစ်ခါမျှ ကပ်စေးနှဲခဲ့ဖူးသလော။ တစ်ခုတည်းသော တောင်းဆိုချက်မှာ သင်တို့ ဖြုန်းတီးခြင်းကို ရှောင်ကြဉ်ရန်ဖြစ်သော်လည်း သင်တို့၏ ပုံမှန်အသုံးစရိတ်များကို ငါ တစ်ခါမျှ စေ့စေ့စပ်စပ် စစ်ဆေးခဲ့ဖူးသလော။ (မစစ်ဆေးဖူးပါ။) ကဏ္ဍအားလုံးတွင် ငါသည် သင်တို့ကို အလေးထားခဲ့ပြီး သင်တို့၏ အသုံးစရိတ်များကို မည်သည့်အခါမျှ စေ့စေ့စပ်စပ် မစစ်ဆေးခဲ့ပေ၊ သို့တိုင် သင်တို့သည် ငါ့အပေါ်တွင် ကပ်စေးနှဲကြသည်။ ဤသည်မှာ လူ့သဘာဝ ကင်းမဲ့ခြင်းမဟုတ်လော။ (ဟုတ်ပါသည်၊ ဖြစ်ပါသည်။) လူ့သဘာဝမရှိသော တစ်စုံတစ်ဦးသည် လူများအပေါ် မည်မျှပင် ကြင်နာတတ်သည် သို့မဟုတ် သည်းခံတတ်သည်ဟု ထင်ရပါစေ ယင်းမှာ ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်သည်။ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ ဝင်ရောက်လုပ်ဆောင်သင့်သည့် အခိုက်အတန့်များသို့ အမှန်တကယ် ရောက်လာသောအခါ ၎င်းတို့သည် လူ့သဘာဝအားလုံး ကင်းမဲ့သူများအဖြစ် ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့သည် လူပင် ဟုတ်သေးသလော။ (မဟုတ်ပါ။) ၎င်းတို့ကို လူဟု ခေါ်ဆို၍မရနိုင်ပေ။ ငါ ပစ္စည်းများဝယ်ယူသောအခါ ငါသည်လည်း ဂရုတစိုက်နှင့် ခြိုးခြံစွာ ဈေးဝယ်သည်၊ ပစ္စည်းများ မည်သည့်အချိန်တွင် လျှော့ဈေးရှိသည်နှင့် ၎င်းတို့ကို ဝယ်ရန် သင့်တော်သော နည်းလမ်းများကို ထည့်သွင်းစဉ်းစားပြီး တစ်စုံတစ်ခုသည် လက်တွေ့ကျလျှင်၊ သင့်တော်လျှင်၊ ဈေးနှုန်းသင့်တင့်လျှင် ငါ ဝယ်ယူလိမ့်မည်။ သို့သော် ငါသည် မဆင်မခြင် မဝယ်ပေ၊ မထိုက်တန်သော ဝယ်ယူမှုများအတွက် ငွေမသုံးပေ။ သို့ရာတွင် ရှောင်လွှဲ၍မရသော၊ သုံးစွဲရမည့် အချို့သော အသုံးစရိတ်များ ရှိပြီး ထိုအခြေအနေများတွင် ငါသည် စည်းမျဉ်းများအတိုင်း သုံးစွဲသည်။ ငါသည်လည်း ငါ၏ ကိုယ်ပိုင်အစားအသောက်၊ အဝတ်အစားနှင့် နေ့စဉ်လိုအပ်ချက်များတွင် ခြိုးခြံရန် ကြိုးစားသည်။ ယင်းမှာ ငါအလိုရှိသမျှကို ဝယ်ခြင်းနှင့်မဆိုင်ပေ၊ ငါ၏ ဝယ်ယူမှုများကို ဂရုတစိုက် စဉ်းစားရသည်။ သင်မြင်သည့်အတိုင်း ငါသည် ရိုးရှင်းစွာ၊ သင့်တော်စွာနှင့် ကြည့်ကောင်းအောင် ဝတ်စားသည်။ ငါ၏ သုံးစွဲမှုသည် စည်းမျဉ်းများကို လိုက်နာသည်။ လိုအပ်ပြီး လက်တွေ့ကျသည့်အရာကို ငါဝယ်သည်၊ လက်တွေ့မကျသည့်အရာကို မဝယ်ပေ။ မဖြုန်းတီးနှင့်၊ မသုံးသင့်သောငွေကို မသုံးနှင့်၊ ချွေတာသင့်သည့်နေရာတွင် ချွေတာပြီး မလိုအပ်သော အသုံးစရိတ်များကို ရှောင်ကြဉ်လော့။ ဤသည်တို့မှာ စည်းမျဉ်းများ ဖြစ်ကြသည်။ သို့သော် လူ့သဘာဝမရှိသော အချို့လူများသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို သုံးစွဲရန် အခွင့်အရေးကို မြင်သောအခါ လောဘတက်လာကြသည်။ ယင်းသည် လူတို့၏ အစားအသောက်၊ အဝတ်အထည်၊ အိမ်ရာ သို့မဟုတ် သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲခြင်းနှင့် သက်ဆိုင်သမျှ ကာလပတ်လုံး ၎င်းတို့သည် အလျင်စလို လုပ်ဆောင်ကြသည်။ အထူးသဖြင့် အခြားသူများအတွက် အဝတ်အထည်များ ဝယ်ပေးခြင်း သို့မဟုတ် နေထိုင်စရိတ်များ ခွဲဝေပေးခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် အလွန်အကျွံ စိတ်အားထက်သန်လာပြီး အလွန် ရက်ရောလာကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “အင်း၊ သုံးစွဲနေသည်မှာ ငါ့ပိုက်ဆံ မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်၏ ပိုက်ဆံဖြစ်ပြီး ဤအရာက ငါ၏ ဂုဏ်သတင်းကို အထောက်အကူပြုသည်၊ သို့ဖြစ်၍ အဘယ်ကြောင့် မလုပ်ဆောင်ရမည်နည်း” ဟု တွေးထင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဖြုန်းတီးရန် အခွင့်အရေးကို ယူကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိကြပြီး ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေရန်ထက် ပို၍ ဘာကိုမျှ မလိုလားကြပေ။ သို့သော် ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ငွေဖြစ်ပါက ၎င်းတို့သည် အရာအားလုံးကို တွက်ချက်မည်ဖြစ်ပြီး လိုအပ်သည်ထက် တစ်ပြားတစ်ချပ်မျှ ပိုသုံးရန် ငြင်းဆိုမည်ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် မည်မျှပင် ကြင်နာတတ်ပုံရပါစေ ထိုသို့သော လူများတွင် ကောင်းသော လူ့သဘာဝ မရှိပေ။ ငါ၏ အမြင်တွင် ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားသည် များစွာ ဖော်ပြနေသည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ဖြုန်းတီးနိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့သည်ဟူသော အချက်က အနည်းဆုံးအားဖြင့် ၎င်းတို့သည် မကြင်နာတတ်ကြောင်း၊ အောက်တန်းကျကြောင်းနှင့် မကောင်းသော လူ့သဘာဝရှိကြောင်း ပြသသည်။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။)

လူတစ်ဦး၏ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သော သရုပ်သကန်များစွာ ရှိသည်။ ယနေ့ ငါတို့သည် ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုကို အကြမ်းဖျင်း ဆွေးနွေးခဲ့ပြီးဖြစ်သည်၊ နောက်ထပ် သရုပ်သကန်များလည်း ရှိနိုင်ဖွယ်ရှိပြီး ယင်းတို့ကို နောင်မိတ်သဟာယဖွဲ့ခြင်းများတွင် ငါတို့ ဆက်လက်ဆွေးနွေးနိုင်ပါသည်။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤတွင် အဆုံးသတ်ကြပါစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။