သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း တစ်

လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ခြင်းအတွက် စံနှုန်း ၁၁ခု

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်သည့် အဓိကခေါင်းစဉ်တစ်ခု ဖြစ်သော “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း” ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအဓိကခေါင်းစဉ်အတွင်း၌ ဘုရားသခင်၏ အမှုတော်နှင့်စပ်လျဉ်းသည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်းအကြောင်း ငါတို့ ပြောဆိုခဲ့ကြပြီး ယင်းတွင် လူတို့၏ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်သည့် ခေါင်းစဉ်များ ပါဝင်သည်၊ ဤခေါင်းစဉ်များအတွင်း၌ အစွမ်းအစနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က အစွမ်းအစနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအကြောင်းကို ငါတို့ အနည်းငယ် မိတ်သဟာယဖွဲ့ခဲ့ကြကာ လူတို့၏ အယူအဆတစ်စိတ်တစ်ပိုင်းကို ဖြေရှင်းပေးခဲ့သည်။ ဤသည်ကို ကြားပြီးသည့်နောက် သင်တို့တွင် အစွမ်းအစဆိုသည်မှာ အဘယ်အရာ ဖြစ်သည်နှင့်ပတ်သက်၍ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ရှိပါသလော။ အစွမ်းအစဆိုသည်မှာ အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ အစွမ်းအစကို မည်သို့ နားလည်သင့်သနည်း။ လူတစ်ဦး၏ အစွမ်းအစသည် ကောင်းသည်၊ သာမန်ဖြစ်သည် သို့မဟုတ် ညံ့သည်ကို မည်သို့ သုံးသပ်ဆုံးဖြတ်နိုင်သနည်း။ မည်သည့်ရှုထောင့်များကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်သင့်သနည်း။ သင်တို့သည် ဤမေးခွန်းများကို ရှာဖွေပြီး စဉ်းစားဆင်ခြင်ခဲ့ကြပါသလော။ (ကျွန်တော် အနည်းငယ် စဉ်းစားဆင်ခြင်ခဲ့ပါသည်။ ပြီးခဲ့သည့် စုဝေးပွဲတွင် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန် အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ကြည့်ရမည်ဟု ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲ့ပါသည်။ ယခင်က ကျွန်တော်သည် ဤကိစ္စနှင့်ပတ်သက်၍ များစွာနားလည်မှုမရှိခဲ့ဘဲ အားသာချက်များနှင့် အစွမ်းအစကိုပင် ရောထွေးခဲ့ပါသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် အလွန်ကောင်းမွန်သော ပညာရေးရလဒ်များ ရရှိသည်ကိုဖြစ်စေ၊ ဘာသာစကားအချို့တွင် ကျွမ်းကျင်သည်ကိုဖြစ်စေ ကျွန်တော်မြင်သောအခါ ဤသည်က ၎င်းတို့တွင် ကောင်းမွန်သော အစွမ်းအစရှိကြောင်း ညွှန်ပြသည်ဟု ကျွန်တော်ထင်ခဲ့ပါသည်။ ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ခြင်းအားဖြင့်သာ အမှန်စင်စစ် ကောင်းမွန်သော အစွမ်းအစဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် အဘယ်အရာသည် အားသာချက်အချို့ကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ကြောင်းကို ကျွန်တော် ရှင်းလင်းစွာ သုံးသပ်ဆုံးဖြတ်နိုင်ခဲ့ပါသည်။ လူတစ်ဦးသည် အပြင်ပန်းအားဖြင့် အတော်လေး လည်လည်ဝယ်ဝယ် ရှိပုံရသော်လည်း တာဝန်ထမ်းဆောင်ရာ၌ အလွန်နိမ့်သော စွမ်းဆောင်ရည်ရှိပြီး သမ္မာတရား စည်းမျဉ်းများကို အစဉ်သဖြင့် သဘောပေါက်နားလည်နိုင်ခြင်း မရှိပါက ၎င်း၏ အစွမ်းအစမှာ အတော်အသင့် ညံ့ဖျင်းပါသည်။) လူတစ်ဦး၏ အစွမ်းအစကို အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ဖြင့် အကဲဖြတ်ခြင်းသည် ယေဘုယျအားဖြင့် ပြောဆိုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ကြည့်ရှုခြင်းအပြင် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန်အတွက် တိကျသော စံနှုန်းများ ရှိသည်။ ပထမ ၎င်း၏ သင်ယူနိုင်စွမ်း။ ဒုတိယ ၎င်း၏ အမှုအရာများကို နားလည်နိုင်စွမ်း။ တတိယ ၎င်း၏ သဘောပေါက်နားလည်နိုင်စွမ်း။ စတုတ္ထ ၎င်း၏ အမှုအရာများကို လက်ခံနိုင်စွမ်း။ ပဉ္စမ ၎င်း၏ သိမြင်နားလည်နိုင်စွမ်း။ ဆဋ္ဌမ ၎င်း၏ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း။ သတ္တမ ၎င်း၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း။ အဋ္ဌမ ၎င်း၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း။ နဝမ ၎င်း၏ ဆုံးဖြတ်ချက်ချနိုင်စွမ်း တို့ဖြစ်ကာ ယင်းကို ၎င်း၏ အကောင်အထည် ဖော်နိုင်စွမ်းဟုလည်း ရည်ညွှန်းနိုင်သည်။ ဒသမ ၎င်း၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း။ ဧကာဒသမ ၎င်း၏ ဆန်းသစ်တီထွင်နိုင်စွမ်းတို့ ဖြစ်ကြသည်။ သင်တို့ မှတ်သားထားကြသလော။ (မှတ်သားထားပါသည်။) စုစုပေါင်း မည်မျှရှိသနည်း။ (တစ်ဆယ့်တစ်ချက် ဖြစ်ပါသည်။) ယင်းတို့ကို အသံထွက် ဖတ်ပြကြလော့။ (တစ် သင်ယူနိုင်စွမ်း။ နှစ် အမှုအရာများကို နားလည်နိုင်စွမ်း။ သုံး သဘောပေါက်နားလည်နိုင်စွမ်း။ လေး အမှုအရာများကို လက်ခံနိုင်စွမ်း။ ငါး သိမြင်နားလည်နိုင်စွမ်း။ ခြောက် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း။ ခုနစ် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း။ ရှစ် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း။ ကိုး ဆုံးဖြတ်ချက်ချနိုင်စွမ်း။ တစ်ဆယ် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း။ တစ်ဆယ့်တစ် ဆန်းသစ်တီထွင်နိုင်စွမ်း။) လူတစ်ဦး၏ အစွမ်းအစကို သုံးသပ်ဆုံးဖြတ်ရန် ယေဘုယျအားဖြင့် ပြောရလျှင် သင်သည် ဤရှုထောင့်နှစ်ခုဖြစ်သည့် အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို ကြည့်ရမည်ဖြစ်သည်။ အတိအကျအားဖြင့် အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို အကဲဖြတ်ရန် သင်သည် ဤတစ်ဆယ့်တစ်ချက်သော စံနှုန်းများကို အခြေခံ၍ ဘက်စုံခြုံငုံသုံးသပ်ကာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် လူတစ်ဦး၏ အစွမ်းအစ အမှန်တကယ် မည်သို့ရှိသည်ကို တိကျစွာ သုံးသပ်ဆုံးဖြတ်နိုင်လိမ့်မည်။ ဟုတ်ပေသည်၊ လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန် ပထမအဆင့်မှာ ရှုထောင့်အမျိုးမျိုးရှိ ၎င်း၏ စွမ်းရည်အားလုံးကို ခြုံငုံကြည့်ရှုရန်ဖြစ်ပြီး ထို့နောက် အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ကြည့်ရှုရန် ဖြစ်သည်။ ၎င်းသည် ရှုထောင့်အမျိုးမျိုးတွင် အစွမ်းအစနှင့် စွမ်းရည်ကို ပိုင်ဆိုင်ပါက အမှုအရာများကို စွမ်းဆောင်ရည်နှင့် ထိရောက်မှု နှစ်မျိုးလုံးဖြင့် ဧကန်မုချ လုပ်ဆောင်လိမ့်မည်။ လူတစ်ဦး၏ အမှုအရာများ လုပ်ဆောင်ရာ၌ စွမ်းဆောင်ရည်သည် မြင့်မားပြီး ၎င်း၏ ထိရောက်မှုသည် ကောင်းမွန်ပါက သင်သည် ဤတစ်ဆယ့်တစ်ချက်သော စံနှုန်းများအတိုင်း ကဏ္ဍတစ်ခုစီရှိ ၎င်း၏ စွမ်းရည်များကို အကဲဖြတ်သောအခါ ယင်းတို့သည်လည်း ဧကန်မုချ ကောင်းမွန်လိမ့်မည်။ ဤတစ်ဆယ့်တစ်ချက်သော စွမ်းရည်များထဲမှ တစ်ခုခုကို တစ်ခုချင်းစီ သီးခြားယူကြည့်ပါက လူတစ်ဦး၏ အစွမ်းအစသည် ကောင်းသည် သို့မဟုတ် မကောင်းသည်ကို အပြည့်အဝ မဆုံးဖြတ်နိုင်ပေ၊ ယင်းကို ဘက်စုံခြုံငုံ၍ သုံးသပ်ဆုံးဖြတ်ရမည်ဖြစ်သည်။ ဟုတ်ပေသည်၊ ဤတစ်ဆယ့်တစ်ချက်သော စွမ်းရည်များထဲတွင် အရေးကြီးဆုံးမှာ အဘယ်အရာများ ဖြစ်သနည်း။ အရေးကြီးဆုံးမှာ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ ဖြစ်ကြသည်၊ ဤအရာများတွင် လူတစ်ဦးက သဘောတရားတစ်ခုကို နားလည်ပြီးနောက် ပြုမူလုပ်ဆောင်နိုင်သည့် ၎င်း၏ စွမ်းရည် ပါဝင်သည်။ ကျန်ရှိသော စွမ်းရည်များသည် လူ့စိတ်နှင့် သက်ဆိုင်သည့် သဘောပေါက်နားလည်ခြင်း၊ သင်ယူခြင်းတို့နှင့် သက်ဆိုင်သည်။ ဆက်လက်၍ ငါတို့သည် ဤတစ်ဆယ့်တစ်ချက်သော စွမ်းရည်များကို တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့ကြမည်။

အချက် ၁- သင်ယူနိုင်စွမ်း

ပထမတစ်ချက်မှာ သင်ယူနိုင်စွမ်း ဖြစ်သည်။ သင်ယူနိုင်စွမ်းသည် အသိပညာနယ်ပယ်တစ်ခုကို သင်ယူခြင်းကိုသာ ရည်ညွှန်းခြင်းမဟုတ်ပေ။ ယင်းတွင် ဘာသာစကားတစ်ခု၊ တိကျသော နည်းပညာတစ်ခုကို သင်ယူခြင်း၊ အသစ်သောအရာတစ်ခုကို သင်ယူခြင်းနှင့် ခံယူခြင်း စသည်တို့လည်း ပါဝင်သည်၊ ဤအရာအားလုံးသည် သင်ယူနိုင်စွမ်း၏ နယ်ပယ်အတွင်း၌ အကျုံးဝင်သည်။ ဥပမာအားဖြင့် နည်းပညာကျွမ်းကျင်မှုတစ်ခုကို သင်ယူသောအခါ ပုံမှန်အခြေအနေများအောက်တွင် လူတစ်ဦးသည် ခြောက်လအတွင်း အခြေခံအားဖြင့် တတ်မြောက်နိုင်ပြီး ထို့နောက် ယင်းကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ သင်သည်လည်း ခြောက်လကြာ သင်ယူပြီးနောက် ယင်းကို တတ်မြောက်နိုင်ပြီး လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါက ဤသည်မှာ သင်ယူနိုင်စွမ်းရှိသည်ဟု သတ်မှတ်သည်။ သင်သည် သာမန်လူတစ်ဦးထက် သင်ယူရန် အချိန်နှစ်ဆကြာမြင့်ပါက၊ ခြောက်လကြာပြီးနောက် သင်သည် ယင်းကို မကျွမ်းကျင်သေးဘဲ သင်ယူရန် နောက်ထပ်ခြောက်လ လိုအပ်နေသေးပါက ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ ဆိုလိုသည်မှာ သင်ယူနိုင်စွမ်းနှင့်ပတ်သက်၍ သင်သည် နည်းပညာကျွမ်းကျင်မှု သို့မဟုတ် အသိပညာကို ပုံမှန်အချိန်ကာလအတွင်း ကျွမ်းကျင်တတ်မြောက်နိုင်ပါက ဤသည်မှာ သင်၏အစွမ်းအစသည် သာမန် သို့မဟုတ် သာမန်အထက်ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ သို့ရာတွင် သင်သည် ဤအချိန်ကာလကို ကျော်လွန်ပြီး နည်းပညာကျွမ်းကျင်မှု သို့မဟုတ် အသိပညာကို သင်ယူရန် အခြားသူများထက် အချိန်နှစ်ဆ၊ သုံးဆအထိပင် လိုအပ်ပါက သင်၏အစွမ်းအစမှာ ညံ့ဖျင်းလေသည်။ သင်သည် သာမန်လူတစ်ဦးထက် အချိန်နှစ်ဆ သို့မဟုတ် သုံးဆ ပိုကြာအောင် အသုံးပြုပြီးသည့်တိုင် ယင်းကို မသင်ယူနိုင်ဘဲ သင်ယူနိုင်စွမ်း ကင်းမဲ့နေပါက ဤသည်က သင်၏အစွမ်းအစအကြောင်း အဘယ်အရာကို ဖော်ပြသနည်း။ သင်ယူနိုင်စွမ်းမရှိဘဲ သင်သည် ပုံမှန်လူ့အစွမ်းအစအတွက် ယေဘုယျစံနှုန်းကိုပင် မပြည့်မီပေ။ သင်သည် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းထက်ပင် ပိုဆိုးသည်၊ ဆိုလိုသည်မှာ သင့်တွင် လုံးဝအစွမ်းအစမရှိခြင်းပင် ဖြစ်သည်။ လုံးဝအစွမ်းအစမရှိခြင်းသည် မည်သည့်အမျိုးအစားအောက်တွင် အကျုံးဝင်သနည်း။ လုံးဝအစွမ်းအစမရှိခြင်းဆိုသည်မှာ လူတစ်ဦးသည် မည်သည့်သင်ယူနိုင်စွမ်းမျှမရှိဘဲ ဉာဏ်ရည်မမီသူများနှင့် ငတုံးငအများဖြစ်သည့် အမျိုးအစားအောက်တွင် အကျုံးဝင်သည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ သင်ယူနိုင်စွမ်းနှင့် ပတ်သက်သည့်အချက် ဖြစ်သည်။

အချက် ၂- အမှုအရာများကို နားလည်နိုင်စွမ်း

ဒုတိယတစ်ချက်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ဖြစ်သည်။ အမှုအရာများကို နားလည်နိုင်စွမ်းသည် လူတစ်ဦးက မိမိမြင်တွေ့ရသော သို့မဟုတ် မကြာခဏကြုံတွေ့ရသော အရာတစ်ခုအတွင်းရှိ စည်းမျဉ်းများနှင့် အဓိကကျသောအချက်ကို ဖော်ထုတ်နိုင်သည့် စွမ်းရည်ကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် အတတ်ပညာတစ်ခုကို သင်ယူသောအခါ သင်သည် သဘောတရားဆိုင်ရာ ညွှန်ကြားချက်ကို နားထောင်ပြီး လက်တွေ့သရုပ်ပြမှုများကို လေ့လာကာ ပုံမှန်အချိန်ကာလတစ်ခုအတွင်း ဤကျွမ်းကျင်မှုနှင့် သက်ဆိုင်သည့် အဓိကအချက်နှင့် စည်းမျဉ်းများကို ဖော်ထုတ်နိုင်ပါက ဤသည်မှာ ကောင်းမွန်သော အစွမ်းအစနှင့် အမှုအရာများကို နားလည်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိသည်ဟု သတ်မှတ်သည်။ သင်သည် ယင်းကို ချက်ချင်းနားမလည်နိုင်ဘဲ တစ်စုံတစ်ဦးက သင်နှင့် ထပ်မံမိတ်သဟာယဖွဲ့လျှင်ပင် သင်နားမလည်နိုင်သေးပါက၊ ၎င်းတို့က သင့်အား ထပ်ခါတလဲလဲ အရိပ်အမြွက်ပြလျှင်ပင် ဤအရာကို လုပ်ဆောင်ခြင်း၏ အဓိကအချက်မှာ အဘယ်အရာဖြစ်သည်နှင့် ပါဝင်သော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို သင်နားမလည်နိုင်သေးပါက သင်၏ အမှုအရာများကို နားလည်နိုင်စွမ်းမှာ ညံ့ဖျင်းလေသည်။ အချိန်အတန်ကြာပြီးနောက် သင်သည် လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် ဖြည်းဖြည်းချင်း စမ်းတဝါးဝါးလုပ်ခြင်းဖြင့် အနည်းငယ် သင်ယူနိုင်ကောင်း သင်ယူနိုင်သော်လည်း ယင်းမှာ ထိုမျှနှင့်သာ ကန့်သတ်ထားသည်။ သင်အချိန်မည်မျှပင် အသုံးပြုသည်ဖြစ်စေ၊ သုံးနှစ်ဖြစ်စေ ငါးနှစ်ဖြစ်စေ၊ သင်နားလည်နိုင်သည့်အရာသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်း၌သာ ရှိနေဆဲဖြစ်ပြီး အမှုအရာများကို လုပ်ဆောင်သောအခါ ပါဝင်သော အခြေခံသဘောတရားများကို နားမလည်နိုင်ဘဲ ယင်းတို့ကို လက်တွေ့တွင် အသုံးမချနိုင်ဘဲ စည်းမျဉ်းစည်းကမ်းအချို့နှင့် စည်းမျဉ်းအချို့ကိုသာ ပုံသေစောင့်ထိန်းပါက ဤသည်မှာ သင်၏ အမှုအရာများကို နားလည်နိုင်စွမ်း ညံ့ဖျင်းသည်ဟု အဓိပ္ပာယ်ရသည်၊ ဤကဲ့သို့သော လူများသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ဥပမာအားဖြင့် အချို့လူများသည် အသင်းတော်အလုပ်ကို လုပ်ဆောင်ကြပြီး သင်က ၎င်းတို့နှင့် သမ္မာတရား စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် သင်ပြောခဲ့သမျှ မှန်ကန်သည်ဟု ၎င်းတို့ ခံစားရပြီး သင်မိတ်သဟာယဖွဲ့ခဲ့သည့်အရာနှင့်ပတ်သက်၍ သံသယမရှိကြပေ။ သို့ရာတွင် အမှုအရာများကို ဤနည်းအတိုင်း အဘယ်ကြောင့် လုပ်ဆောင်ရမည်ကို ၎င်းတို့ နားမလည်နိုင်ဘဲ ပါဝင်သော စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ။ အထူးသဖြင့် လက်တွေ့ဘဝတွင် သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် ပြဿနာအမျိုးမျိုး သို့မဟုတ် အထူးအခြေအနေများနှင့် ရင်ဆိုင်ရသောအခါ စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို သို့မဟုတ် ၎င်းတို့ကြုံတွေ့ရသော ပြဿနာများကို စည်းမျဉ်းများအတိုင်း မည်သို့ချဉ်းကပ်ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြပေ။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း ညွှန်ပြသည်။ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့သောသူများသည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက် နားမလည်ကြဘဲ “သင် နောက်ထပ် ဥပမာတစ်ခု ပေးနိုင်မလား” သို့မဟုတ် “သင် ပိုပြီး အသေးစိတ် ရှင်းပြနိုင်မလား” ကဲ့သို့သော တောင်းဆိုမှုများကို အစဉ်သဖြင့် ပြုလုပ်ကြသည်။ သင်က ဥပမာတစ်ခုပေးပြီး အသေးစိတ်ရှင်းပြပြီးမှသာ ၎င်းတို့ အနည်းငယ် နားလည်နိုင်သည်။ သို့သော် သင်က ပိုမိုနက်နဲသောအရာတစ်ခုကို မိတ်သဟာယဖွဲ့ပါက ၎င်းတို့သည် တစ်ဖန် နားမလည်နိုင်တော့ဘဲ သင့်အား နောက်ထပ်ဥပမာတစ်ခုပေးရန် တောင်းဆိုလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့သည် သင့်အား ဥပမာများပေးရန် ထပ်ခါတလဲလဲ တောင်းဆိုကြသနည်း။ ယင်းမှာ သင်က လက်တွေ့ဘဝရှိ အလားတူအခြေအနေများကို ဥပမာများမှတစ်ဆင့် ရှင်းပြရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် လုပ်နည်းကိုင်နည်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုကို မှတ်မိစေရန် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ ဤသို့ပြုလုပ်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ အမှုအရာများကို နားလည်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်သည်၊ သင့်အနေဖြင့် ၎င်းတို့တွင် အမှုအရာများကို နားလည်နိုင်စွမ်းမရှိဟုလည်း ပြောနိုင်သည်၊ ၎င်းတို့သည် လက်တွေ့ဘဝတွင် သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို မသိကြပေ။ သင်က ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သင်က တိကျသော ဥပမာမည်မျှပေးပြီး စည်းမျဉ်းမည်မျှကို ရှင်းလင်းစွာ ရှင်းပြသည်ဖြစ်စေ၊ အထူးအခြေအနေများကို ကိုင်တွယ်ရန် စည်းမျဉ်းများကိုပင် ပြောဆိုသည်ဖြစ်စေ ၎င်းတို့သည် တစ်နေကုန် နားထောင်နိုင်သော်လည်း နားလည်ဦးမည်မဟုတ်ပေ။ သင်ပြောနေသည့်အရာသည် သဘောတရားမျှသာဖြစ်ပြီး လက်တွေ့ဘဝတွင် ၎င်းတို့ရင်ဆိုင်ရသော ပြဿနာအမျိုးမျိုးကို မည်သို့ကိုင်တွယ်ရမည်ကို မသိသေးဟု ၎င်းတို့ ခံစားရသည်။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း ညွှန်ပြသည်။ အခြားသူများက ၎င်းတို့အား အမှုအရာများကို မည်သို့ပင် ရှင်းပြစေကာမူ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့သောသူများသည် နားလည်နိုင်မည်မဟုတ်ပေ၊ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစရှိခြင်း ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် အမှုအရာများကို လုပ်ဆောင်ရာ၌ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့သည်လည်း ညံ့ဖျင်းကြသလော။ (ညံ့ဖျင်းပါသည်။) လူတစ်ဦး၏ အမှုအရာများကို နားလည်နိုင်စွမ်းသည် ညံ့ဖျင်းပါက အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုသည်လည်း ဧကန်မုချ ညံ့ဖျင်းလိမ့်မည်၊ ၎င်း တစ်စုံတစ်ခုနှင့် ရင်ဆိုင်ရသောအခါ မည်သည့်စည်းမျဉ်းများ ပါဝင်သည်ကို ၎င်း သိမည်မဟုတ်သကဲ့သို့ လက်တွေ့ဘဝတွင် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကိုလည်း ၎င်း သိမည်မဟုတ်ပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းသည် ပို၍အသေးစိတ်ပြီး တိကျလေလေ ပို၍စိတ်ရှုပ်ထွေးလာကာ နားမလည်နိုင်ဖြစ်လေသော အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသည်။ ဥပမာအားဖြင့် ဘုရားသခင်၏အိမ်တော်က အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သောအခါ နားထောင်ပြီးနောက် ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ် နားမလည်ရသနည်း။ စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ခြင်း၊ ဥပမာများပေးခြင်းနှင့် အထူးအခြေအနေများကို စာရင်းပြုစုခြင်းများ ရှိသော်လည်း ကျွန်ုပ်အတွက် အားလုံး ရှုပ်ထွေးနေပုံရသည်။ ဤနေရာတွင် အတိအကျအားဖြင့် အဘယ်အရာကို ပြောနေခြင်းဖြစ်သနည်း။ ကျွန်ုပ်တို့ မည်သည့်လူစားမျိုးကို ကိုင်တွယ်ရန် ရည်ရွယ်သနည်း။ ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များကို ကိုင်တွယ်ရမည်လော သို့မဟုတ် အန္တိခရစ်များကို ကိုင်တွယ်ရမည်လော။ ကျွန်ုပ်တို့၏ အသင်းတော်ခေါင်းဆောင်သည် အန္တိခရစ်တစ်ဦးလော။ ထိုသူသည် အနည်းငယ် ဆိုးယုတ်ပုံရသည်၊ ၎င်း၏ သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်လော သို့မဟုတ် မကောင်းသော လူ့သဘာဝကြောင့်လော။ ၎င်းသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း၊ အယောင်ဆောင်ခေါင်းဆောင်လော သို့မဟုတ် အန္တိခရစ်လော။ ကျွန်ုပ် နားမလည်သေးပါ” ဟု ပြောကြသည်။ သင်မိတ်သဟာယဖွဲ့သော သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုပင် ၎င်းတို့ နားမလည်ကြပေ၊ ၎င်းတို့ နားထောင်လေလေ ပို၍ နားဝေတိမ်တောင်ဖြစ်လေလေ ဖြစ်လာသည်။ ၎င်းတို့သည် ဤသမ္မာတရား စည်းမျဉ်းများကို လက်တွေ့အခြေအနေများနှင့် မချိတ်ဆက်နိုင်ရုံသာမက သင်ပြောနေသည့်အရာ၏ အဓိကအကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကိုပင် မသိတော့သည်အထိ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း မဖော်ပြသလော။ (ဟုတ်ကဲ့ပါ။) ဥပမာအားဖြင့် လူတိုင်းသည် အဓိကအကြောင်းအရာတစ်ခုတည်းအပေါ် မိတ်သဟာယဖွဲ့ရန် စုဝေးကြပြီး လူတစ်ဦးစီက မိမိတို့၏ အတွေးအမြင်များကို ဝေမျှကြသည့် အခြေအနေတစ်ခုကို စိတ်ကူးကြည့်လော့။ သင်က သင်၏နားလည်မှုကို မိတ်သဟာယဖွဲ့သည်၊ ငါက ငါ၏သဘောပေါက်မှုကို ဖော်ပြသည်၊ လူတစ်ဦးက မေးခွန်းတစ်ခုမေးသည်၊ အခြားတစ်ဦးက မေးခွန်းတစ်ခုမေးသည်၊ အားလုံးသည် ဤအဓိကအကြောင်းအရာကို ဗဟိုပြုကြသည်။ အစွမ်းအစမရှိသူများသည် ဤသို့သော ဆွေးနွေးမှုကို နားထောင်ပြီး နားမလည်နိုင်ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “သင်တို့အားလုံး မည်သည့်အရာများကို ပြောနေကြသနည်း။ ကျွန်ုပ် အဘယ်ကြောင့် နားမလည်ရသနည်း” ဟု တွေးကြသည်။ ၎င်းတို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အခြားသူများမေးသော ကျိုးကြောင်းဆီလျော်သည့် မေးခွန်းများနောက်ကွယ်ရှိ အတွင်းကျသော ကျိုးကြောင်းဆက်စပ်မှုကို သို့မဟုတ် အဘယ်ကြောင့် ထိုမေးခွန်းများကို မေးရသည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ၊ ၎င်းတို့သည် ယင်းနောက်ကွယ်ရှိ အကြောင်းရင်းများကို နားမလည်နိုင်ကြပေ၊ ၎င်းတို့သည် ဘေးမှရပ်ကြည့်သူတစ်ဦးထက်ပင် ပိုဆိုးသည်။ အစွမ်းအစ ရှိသူများသည် ဘေးမှရပ်၍ လေ့လာကြည့်ရှုရုံမျှဖြင့် မည်သူမှန်သည်၊ မည်သူမှားသည်၊ တစ်စုံတစ်ဦးက မေးခွန်းတစ်ခုကို မေးရသည့်အကြောင်းရင်း၊ မေးခွန်းများသည် နက်နဲသည် သို့မဟုတ် အပေါ်ယံဆန်သည်၊ မေးခွန်းများကို မည်သို့ဖြေဆိုနေသည်ကို ပြောပြနိုင်သည်၊ သို့သော် အစွမ်းအစမရှိသူများသည် ဤအရာတစ်ခုကိုမျှ နားမလည်နိုင်ဘဲ ယင်းနောက်ကွယ်ရှိ အတွင်းကျသော ကျိုးကြောင်းဆက်စပ်မှုကို နားမလည်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့တွင် အမှုအရာများကို နားလည်နိုင်စွမ်းမရှိကြောင်း ဖော်ပြသည်။ အခြားသူများက တစ်စုံတစ်ခုအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် နားထောင်ပြီးနောက် ပိုင်းခြားမသိမြင်နိုင်ကြပေ။ ပြောဆိုခဲ့သည့်အရာသည် မှန်ကန်ပြီး ဓမ္မဓိဋ္ဌာန်ကျခြင်း ရှိမရှိကို ၎င်းတို့မသိသကဲ့သို့ ထိုကိစ္စ၏ နောက်ခံနှင့် အနှစ်သာရကိုလည်း ထိုးထွင်းမမြင်နိုင်ကြပေ၊ ၎င်းတို့သည် လုံးဝ မည်သည့်အရာကို လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ဤအဓိကအကြောင်းအရာကို အဘယ်ကြောင့် ဆွေးနွေးနေရသည်နှင့်ပတ်သက်၍လည်းကောင်း၊ ဤအဓိကအကြောင်းအရာတွင် ပါဝင်သော စည်းမျဉ်းများကို အဘယ်ကြောင့် ထပ်ခါတလဲလဲ အလေးပေးရန် လိုအပ်သည်နှင့်ပတ်သက်၍လည်းကောင်း၊ မည်သူ၏မေးခွန်းများသည် ဤစည်းမျဉ်းများနှင့် သက်ဆိုင်ပြီး မည်သူ၏မေးခွန်းများက မသက်ဆိုင်သည်ကိုလည်းကောင်း ၎င်းတို့သည် ဤအရာတစ်ခုကိုမျှ နားမလည်နိုင် သို့မဟုတ် သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့ နားထောင်နေရင်း ငိုက်မျဉ်းလာကြသည်၊ ၎င်းတို့သည် ဤမိတ်သဟာယဖွဲ့ခြင်းတွင် မိမိတို့ကိုယ်ကို ဘေးမှရပ်ကြည့်သူများအဖြစ် စတင်မှတ်ယူကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် စိတ်ရှုပ်ထွေးလာသည်။ အခြားလူများနှင့်ဆိုလျှင် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လေလေ ၎င်းတို့၏ စိတ်များသည် ပို၍ရှင်းလင်းပြီး ကြည်လင်လာလေလေ ဖြစ်သည်။ သို့သော် အစွမ်းအစမရှိသူများအတွက်မူ ၎င်းတို့ နားထောင်လေလေ ပို၍ နားဝေတိမ်တောင် ဖြစ်လာလေလေ ဖြစ်ပြီး ၎င်းတို့၏ အတွေးများသည် ပို၍ရှုပ်ထွေးလာလေလေ ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း ညွှန်ပြသည်။ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစကို မညွှန်ပြသလော။ ထိုသို့သော လူများကို အစွမ်းအစမရှိသူများဟုလည်း ခေါ်ဆိုနိုင်သည်။ အစွမ်းအစမရှိသူများမှာ မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (ဉာဏ်ရည်မမီသော လူများဖြစ်ပါသည်။) ဉာဏ်ရည်မမီသူများ၊ ငတုံးငအများ၊ စဉ်းစားဉာဏ်မရှိသူများ၊ ဤသည်မှာ အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသည့် လူအမျိုးအစား ဖြစ်သည်။ ဤသည်မှာ ဒုတိယရှုထောင့်ဖြစ်သည့် အမှုအရာများကို နားလည်နိုင်စွမ်း ဖြစ်သည်။

အချက် ၃- သဘောပေါက်နားလည်နိုင်စွမ်း

တတိယအချက်မှာ သဘောပေါက်နားလည်နိုင်စွမ်း ဖြစ်သည်။ သဘောပေါက်နားလည်နိုင်စွမ်းသည် အမှုအရာများကို နားလည်နိုင်စွမ်းနှင့် ဆင်တူသော်လည်း တစ်ဆင့်ပို၍ မြင့်သည်။ ယင်းတို့နှစ်ခုကြားတွင် မည်သည့် ခြားနားချက် ရှိသနည်း။ သဘောပေါက်နားလည်နိုင်စွမ်းသည် လူတစ်ဦးက ဤစည်းမျဉ်းများနှင့် လမ်းကြောင်းများကို နားလည်ကာ ကျွမ်းကျင်ပြီးနောက်တွင် သမ္မာတရား၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို လက်တွေ့ဘဝရှိ အမျိုးမျိုးသော ပြဿနာများနှင့် မည်သို့ကိုက်ညီစေပြီး လက်တွေ့အလုပ်တွင် မည်သို့အကောင်အထည် ဖော်ရမည်ကို ပို၍အာရုံစိုက်သည်။ ခြားနားချက်မှာ ဤနေရာတွင် တည်ရှိသည်။ သဘောပေါက်နားလည်နိုင်စွမ်းရှိသော လူများသည် တစ်စုံတစ်ခု၏ အခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို နားလည်ပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု၊ တိကျသော အတိုင်းအတာတစ်ခု၊ ဦးတည်ချက်တစ်ခုနှင့် ပန်းတိုင်တစ်ခု ရှိကြသည်။ ၎င်းတို့သည် ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို သိကြသည့်အပြင် အချို့သော အထူးအခြေအနေများတွင် ပါဝင်သည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း သိကြသည်။ လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းအချို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ကြားနာပြီးနောက် အချို့သော ပြဿနာများ၏ အနှစ်သာရကို သိရှိနိုင်ပြီး ထို့နောက် လက်တွေ့ဘဝတွင် အမှန်တကယ်ဖြစ်သော ပြဿနာအချို့ကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သည်ဟု ဆိုကြပါစို့။ ဆိုလိုသည်မှာ ဤစည်းမျဉ်းများကို ၎င်းတို့ ကြားပြီးနောက်တွင်၊ ယခင်အခြေအနေတစ်ခုကို တုံ့ပြန်ရာ၌ မည်သို့လက်တွေ့လုပ်ဆောင်ခဲ့သင့်သည်ကို ၎င်းတို့ ချက်ချင်း နားလည်သွားကြပြီး အခြေအနေများ တစ်ဖန်ပြန်ပေါ်ပေါက်လာသည့်အခါတွင်လည်း ယင်းတို့ကို ချဉ်းကပ်ရန် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို ၎င်းတို့သိကြကာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ချက်ချင်း ရှိလာသည်၊ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို ၎င်းတို့၏ သဘောပေါက်နားလည်မှုက လမ်းပြမီးအလင်း တစ်ခုကဲ့သို့ လုပ်ဆောင်ပြီး ဘဝ သို့မဟုတ် အလုပ်ထဲရှိ အမျိုးမျိုးသော ပြဿနာများကို မည်သို့ကိုင်တွယ်ရမည်ကို လျင်မြန်စွာ သိရှိစေသည့်အပြင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း၊ ဦးတည်ချက်နှင့် စည်းမျဉ်းများ ရှိလာစေသည်။ ထိုသို့ဆိုလျှင် ထိုသို့သော လူတစ်ဦးသည် သဘောပေါက်နားလည်နိုင်စွမ်း ရှိသူဖြစ်ပြီး ယင်းမှာ ကောင်းမွန်သော အစွမ်းအစ၏ သရုပ်သကန်တစ်ခု ဖြစ်သည်မှာ ပြောစရာမလိုပေ။ လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းအချို့ကို ကြားနာပြီးနောက် ၎င်းတို့၏ လက်တွေ့ဘဝများမှ သာမန်ဖြစ်ပြီး လူအများ ကြုံတွေ့ရသည့် သို့မဟုတ် ၎င်းတို့တွေ့ကြုံခဲ့ပြီးဖြစ်သည့် ထိုအရာများကို မည်သို့လက်တွေ့လုပ်ဆောင်သင့်ပြီး ကိုင်တွယ်သင့်သည်ကို သိသည်ဟု ဆိုကြပါစို့။ သို့သော် ၎င်းတို့သည် အထူးဖြစ်သော၊ ရှုပ်ထွေးသော အခြေအနေများ၊ မမျှော်လင့်ထားသော အခြေအနေများ၊ သို့မဟုတ် ၎င်းတို့မကြုံတွေ့ဖူးသည့် သာမန်မဟုတ်သော ပြဿနာများနှင့် ဖြစ်စဉ်များအတွက် ဤသမ္မာတရား စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို မသိကြဘဲ ယင်းတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မသိမီ တိကျသောအဖြေတစ်ခု သို့မဟုတ် တိကျသော လက်တွေ့လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ရရှိရန် ရှာဖွေပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။ သို့မဟုတ်ပါက သမ္မာတရား စည်းမျဉ်းများကို ကြားနာပြီးသည့်တိုင် ထိုသို့သော ကိစ္စရပ်များ သို့မဟုတ် ပြဿနာများကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့ သိကြမည်မဟုတ်သေးပေ။ ဤသည်မှာ ၎င်းတို့တွင် သာမန် သဘောပေါက်နားလည်နိုင်စွမ်းရှိကြောင်း ဖော်ပြသည်။ သို့မဟုတ် ထိုသို့သော လူတစ်ဦးသည် သာမန် အစွမ်းအစရှိသူဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အချို့လူများသည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ အချို့သော အလုပ်အတွေ့အကြုံနှင့် ဘုရားအိမ်တော်မှ သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်းတို့ ပေါင်းစပ်လိုက်သောအခါ သာမန်အခြေအနေများကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့သိကြပြီး ဤနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် မှန်ကန်ကြောင်း အတည်ပြုချက်ကိုလည်း ရရှိပြီးဖြစ်သည်။ သို့သော် ၎င်းတို့၏ အလုပ်တွင် တစ်ခါမျှမကြုံတွေ့ဖူးသည့် အချို့သော ရှုပ်ထွေးသည့်၊ အထူးဖြစ်သည့်၊ သာမန်မဟုတ်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြဘဲ ယင်းတို့ကို စတင်မကိုင်တွယ်မီ စုံစမ်းမေးမြန်းခြင်းဖြင့် ရှင်းလင်းသောအဖြေတစ်ခုကို ရယူရမည်ဖြစ်သည်။ အခြေအနေက ပြောင်းလဲသွားပြီး ၎င်းတို့ စိတ်ကူးထားသည်ထက် သို့မဟုတ် ၎င်းတို့သိထားသည့် အခြေအနေများထက် ပို၍ရှုပ်ထွေးလာလျှင် ၎င်းတို့သည် မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲ တွေဝေသွားကြပြီး စည်းမျဉ်းများနှင့် ကိုက်ညီသော နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့ကိုင်တွယ်ရမည်ကို သာ၍ပင် မသိတော့ပေ။ ၎င်းတို့ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့်အခါ ၎င်းတို့၏ စိတ်ကူးများ၊ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အခြေခံ၍ ပြုမူသည်ဖြစ်စေ ဘေးဖယ်ထားပြီး လျစ်လျူရှုလိုက်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ပင် ပြုမူပါစေ ထိုသို့သော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့ တွေဝေသွားပြီး ယင်းကိုကိုင်တွယ်ရန် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို မသိဟူသောအချက်က ၎င်းတို့၏ အစွမ်းအစသည် အလွန်သာမန်ဖြစ်ကြောင်း သက်သေပြသည်။ လူတစ်ဦးသည် ယေဘုယျအခြေအနေများကို ကိုင်တွယ်နိုင်သော်လည်း အထူးအခြေအနေများကို မည်သို့ကိုင်တွယ်ရမည်ကို မသိလျှင် ဤသည်မှာ သာမန် အစွမ်းအစကို ဖော်ပြသည်။ အချို့သော အထူးအခြေအနေများကို ကြုံတွေ့ရခြင်းက ၎င်းတို့ကို ပုံမှန်အားဖြင့် ၎င်းတို့ ကိုင်တွယ်နိုင်မည့် ပြဿနာများကိုပင် မကိုင်တွယ်နိုင်တော့သည်အထိ တွေဝေသွားစေလျှင်၊ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ဖော်ပြသည်။ အစွမ်းအစ ညံ့ဖျင်းသူတစ်ဦးသည် သဘောပေါက်နားလည်နိုင်စွမ်းလည်း ညံ့ဖျင်းသည်။ သဘောပေါက်နားလည်နိုင်စွမ်း ညံ့ဖျင်းသူတစ်ဦးနှင့် ပြည့်မီသော သဘောပေါက်နားလည်နိုင်စွမ်း ရှိသူတစ်ဦးကြားတွင် ခြားနားချက် ရှိပါသလော။ (ရှိပါသည်။)

အချို့လူများသည် အခြားသူများ မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကိုသာ နားလည်ပြီး ဆောင်ပုဒ်အနည်းငယ် ဟစ်ကြွေးနိုင်သော်လည်း လက်တွေ့အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကိုလည်းကောင်း မသိကြပေ။ သင်မြင်သလော၊ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက်တွင် ၎င်းတို့သည် အမှန်တကယ် နားလည်သည့်အလား အလွန်ရှင်းလင်းပြီး စနစ်တကျ ပြောဆိုကြသည်။ သို့သော် လက်တွေ့တွင်မူ ပြောဆိုသွားသည့်အရာကို ၎င်းတို့ လုံးဝ နားမလည်ခဲ့ကြပေ။ လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ရမည့်အခါတွင် ၎င်းတို့သည် မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲ တွေဝေသွားကြသည်။ ပြဿနာများနှင့် ကြုံတွေ့ရသောအခါတွင်လည်း မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ အမျိုးမျိုးသော လူများနှင့် ကိစ္စရပ်များကို ဆက်ဆံကိုင်တွယ်ရာတွင်လည်း ၎င်းတို့၌ စည်းမျဉ်းများ မရှိသေးပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “တရားဒေသနာများ နားထောင်သည့်အချိန်က ငါသည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခဲ့သည်။ ယင်းတို့ကို လက်တွေ့ဘဝ ပတ်ဝန်းကျင်များတွင် ငါ အဘယ်ကြောင့် အသုံးမချနိုင်ရသနည်း။ ငါ နားလည်သောအရာနှင့် မကြာခဏ ပြောလေ့ရှိသည့်အရာများသည် အဘယ်ကြောင့် အသုံးမဝင်ရသနည်း” ဟု တွေးကြသည်။ ၎င်းတို့သည် တစ်ဖန်ပြန်၍ ခေါင်းခြောက်သွားကြသည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် အယူဝါဒများအကြောင်း ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်ကိုသာ သိကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသောအခါတွင်မူ ယင်းတို့ကို ရှင်းလင်းစွာ မမြင်နိုင်ကြဘဲ ၎င်းတို့ပြောနိုင်သည့် အယူဝါဒများသည် လုံးဝအသုံးမဝင်တော့ဘဲ စည်းမျဉ်းစည်းကမ်းများကိုပင် ပုံသေစောင့်ထိန်းနိုင်ခြင်း မရှိတော့သည့်အပြင် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြပေ။ အခက်အခဲများ ပေါ်ပေါက်လာသည့်အခါတွင် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့မသိကြပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ယုတ္တိမရှိသော အရာအချို့ကို ပြောဆိုလျက် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်အခါ ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ မည်သည့်အရာများက အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းများအဖြစ် သတ်မှတ်ခံရသည် သို့မဟုတ် ယင်းတို့၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့မသိကြပေ။ သို့ဖြစ်လျှင် ထိုပြဿနာကို မည်သို့ဖြေရှင်းသင့်သည်ကို သာ၍ပင် ၎င်းတို့ သိကြမည်မဟုတ်ပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို “ဆိုးယုတ်သောလူများကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို သင်မသိသလော။ ဆိုးယုတ်သောလူများကို ကိုင်တွယ်သည့်အခါတွင် သင်သည် အဘယ်ကြောင့် စည်းမျဉ်းများမဲ့ရသနည်း” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ် ဤအယူဝါဒများကို နားလည်ပါသည်၊ သို့သော် ဘယ်ပြဿနာများကို ဖြေရှင်းဖို့ သင့်တော်သည်၊ မည်သည့်လူများအပေါ် အသုံးချရန် သင့်တော်သည်ဟူသည်ကို ကျွန်ုပ်မသိပါ” ဟု ပြန်ဖြေသည်။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်းကို ဖော်ပြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင် မြင်သလော၊ စည်းမျဉ်းများကို ကြားပြီးနောက်တွင် ၎င်းတို့သည် စည်းမျဉ်းများကို စာသားအတိုင်း တစ်ချက်ချင်း အလွန်ကောင်းမွန်စွာ အကျဉ်းချုပ်နိုင်ခဲ့သည်။ ၎င်းတို့သည် အတော်လေး တိတိကျကျ မှတ်မိသည့်အပြင် စကားလုံးတစ်လုံးမကျန် ကျွမ်းကျင်စွာ ရွတ်ဆိုနိုင်သည်အထိပင် ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် လက်တွေ့ဘဝတွင် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါတွင်မူ ၎င်းတို့၌ မည်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမျှ လုံးဝမရှိဘဲ ဆောင်ပုဒ်များ ဟစ်ကြွေးရန်၊ အယူဝါဒများအကြောင်း ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်သာ သိကြသည်။ လက်တွေ့ဘဝတွင်ဖြစ်စေ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မည်သည့်အရာနှင့် ကြုံတွေ့ရပါစေ သမ္မာတရားကို မည်သို့ရှာဖွေရမည် သို့မဟုတ် စည်းမျဉ်းများအတိုင်း မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့မသိကြပေ။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်းကို ဖော်ပြသည်။ သဘောပေါက်နားလည်နိုင်စွမ်း မရှိသော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်လေ့ရှိသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားမှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ယင်းကို ပိုင်းခြားသိမြင်ပြီး ဖြေရှင်းရန် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ရှာမတွေ့နိုင်ဘဲ အခြားသူများကို ၎င်းတို့အတွက် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေခိုင်းရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့သည် အဘယ်အရာကို အစဉ်သဖြင့် အာရုံစိုက်သနည်း။ ၎င်းတို့သည် ထိုကိစ္စကို ရှင်းပြရန် တိကျသော ဥပမာများ ရှိမရှိကို ရှာဖွေကြသည်။ ဥပမာများ မရှိလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ဥပမာအားဖြင့် လူတို့၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ ဥပမာများ မပေးထားပါက ၎င်းတို့ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆခြင်းဖြင့် ပိုင်းခြားသိမြင်မှုကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများအတိုင်း သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ယင်းတို့ကို ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးမှသာလျှင် ၎င်းတို့ နားလည်နိုင်သည်။ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ အမြဲတစေ ညည်းညူကြပြီး “တိကျသည့် ဥပမာများ အဘယ်ကြောင့် မရှိရသနည်း။ ဤအရာကို မိမိကိုယ်ကိုနှင့် မည်သို့ဆက်စပ်ရမည်နည်း။ ဤစကားလုံးများသည် နားလည်ရန် အလွန်ခက်ခဲလှသည်။ ကျွန်ုပ် မည်သို့ဖတ်ပါစေ ယင်းတို့ကို ကျွန်ုပ်ကိုယ်တိုင်နှင့် နှိုင်းယှဉ်ချိန်ဆ၍ မရနိုင်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်းမရှိကြောင်း ပြသပြီး သမ္မာတရားကို နားလည်ရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ဘဝထဲသို့ ဆောင်ကြဉ်းရန်မှာ ပြောစရာမလိုပေ။ ၎င်းတို့ နားလည်သည့်အရာမှာ ရိုးရှင်းသော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ ဖြစ်သော်လည်း ဤအယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများသည် လက်တွေ့ဘဝတွင် အသုံးမဝင်ပေ။ အမှုအရာများ ဖြစ်ပျက်လာသည့်အခါတွင်လည်း ၎င်းတို့၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း မရှိသေးပေ။ ဤသည်မှာ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း ဖော်ပြသည်။ သဘောပေါက်နားလည်နိုင်စွမ်း မရှိသော လူများသည် အစွမ်းအစ ညံ့ဖျင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) အစွမ်းအစ အညံ့ဖျင်းဆုံးသော လူများမှာ လုံးဝ အစွမ်းအစမရှိသော သူများဖြစ်ကြသည်၊ ထိုသို့သော လူများသည် ၎င်းတို့ကြားရသည့် အမျိုးမျိုးသော စည်းမျဉ်းများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ၊ မည်သည့်အတွက်ကြောင့် ထိုသို့သော ဥပမာများကို ပေးရသည်၊ မည်သည့်အတွက်ကြောင့် တိကျသော အရာများကို ပြောဆိုရသည်၊ သို့မဟုတ် မည်သည့်အတွက်ကြောင့် လူတို့တွင် အချို့သော သရုပ်သကန်များ ရှိရသည်ကို ၎င်းတို့မသိကြပေ၊ ၎င်းတို့သည် ထိုသို့သောအရာများကို နားမလည်နိုင်ကြဘဲ ဤအရာများသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သင်က ၎င်းတို့အား ဥပမာအနည်းငယ် ပေးလျှင်ပင် ၎င်းတို့သည် သင်က ပုံပြင်များ သို့မဟုတ် ဟာသများ ပြောနေသည်ဟုသာ ခံစားရကာ ပုံပြင်နားထောင်နေသော ကလေးတစ်ဦးအလားပင် စိတ်ဝင်စားစရာကောင်းပြီး ဖျော်ဖြေမှုဖြစ်သည်ဟု ထင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကြားခဲ့သည့်အရာကို နားလည်ခြင်း ရှိမရှိ မေးလျှင် နားလည်သည်ဟု ၎င်းတို့ပြောကြပြီး အခြားသူများ၏ စကားများမှ ဟာသကိုပင် အတုခိုးနိုင်သည် သို့မဟုတ် လူတို့ကို မည်သို့ ဆုံးမသည်ကို အတုခိုး ပြောဆိုနိုင်ကြသည်။ သင်က ၎င်းတို့ကို “လူတွေလိုက်နာသင့်သည့် သက်ဆိုင်ရာ စည်းမျဉ်းများကို သင်သိသလား” ဟု မေးလျှင် ၎င်းတို့က “ဟမ်။ စည်းမျဉ်းများ ရှိသလော။ ယင်းကို ကျွန်ုပ် သဘောမပေါက်လိုက်ပါ” ဟု ပြန်ဖြေကြသည်။ ထိုသို့သော လူများတွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိပါသလော။ (မရှိပါ။) ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်း မရှိကြဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်ကြပေ။ သဘောပေါက်နားလည်နိုင်စွမ်း မရှိသောလူများသည် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်အနည်းငယ် သို့မဟုတ် အခန်းအနည်းငယ်ကို ပုံမှန်လုပ်ရိုးလုပ်စဉ်ပုံစံဖြင့် အချိန်ဇယားနှင့်အညီ စားသောက်ကြပြီး ဓမ္မတေးများကို သင်ယူကာ အစည်းအဝေးများကိုလည်း အချိန်ဇယားအတိုင်း တက်ရောက်ကြသည်။ သို့သော် ၎င်းတို့၏ စာအုပ်များကို ပိတ်လိုက်သည်နှင့် သို့မဟုတ် ၎င်းတို့၏ ဓမ္မတေး အသံသွင်းချက်များကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ စားသောက်ခဲ့သည့်အရာများမှ ၎င်းတို့ မှတ်မိသည့်အရာအားလုံးမှာ ဝိညာဉ်ရေးရာ စကားစုအနည်းငယ်နှင့် လူတို့ မကြာခဏ ပြောလေ့ရှိသည့် “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပိုင်သည်” နှင့် “အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျိုးနွံနာခံလော့”၊ သို့မဟုတ် “လူ၏ကံကြမ္မာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်” နှင့် “ဘုရားသခင်ကို ချစ်ခြင်းကိုသာ လက်တွေ့လုပ်ဆောင်လော့” ကဲ့သို့သော အသက်မဲ့သော စကားလုံးအချို့သာ ဖြစ်သည်။ အမှန်တကယ် ဆင်းရဲဒုက္ခခံရသည့် အခြေအနေများတွင် ၎င်းတို့သည် “ကျွန်ုပ်က ခံစားချက်များကြောင့် ဆင်းရဲဒုက္ခခံနေခြင်း ဖြစ်သည်” သို့မဟုတ် “ကျွန်ုပ်က ဇာတိပကတိကြောင့် ဆင်းရဲဒုက္ခခံနေရခြင်းဖြစ်သည်” ကဲ့သို့သော ဝိညာဉ်ရေးရာ အယောင်ဆောင်သော စကားများကိုသာ ပြောဆိုနိုင်သည်။ ကျင့်ကြံပြုမူခြင်း၊ နေ့စဉ်ဘဝ၊ အလုပ်နှင့် သမ္မာတရား၏ အခြားအမျိုးမျိုးသော စည်းမျဉ်းများနှင့် သက်ဆိုင်သည့် မည်သည့်စည်းမျဉ်းကိုမဆို ၎င်းတို့သည် သိလည်းမသိ၊ နားလည်းမလည်ကြပေ။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိသည့်အပြင် ၎င်းတို့အတွင်း၌လည်း နေရာချထား၍မရနိုင်ပေ။ အဘယ်ကြောင့် ဤအရာများကို နေရာချထား၍မရနိုင်သနည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစအရ ထိုသို့သော လူများသည် ဤသမ္မာတရား စည်းမျဉ်းများကို နားလည်နိုင်စွမ်းမရှိရုံသာမက ဤသမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြစ်မတွယ်နိုင်ခြင်း ဖြစ်သည်။ လူတစ်ဦး၏ အတွင်း၌ ပိုင်ဆိုင်သောအရာနှင့် ၎င်းတို့လက်ခံနိုင်သောအရာက ၎င်းတို့နားလည်နိုင်သောအရာနှင့် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် မကျော်လွန်သောအရာကို သက်သေခံသည်။ လူတစ်ဦးသည် လုံးဝ အစွမ်းအစမရှိဘဲ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိကျသော အဓိပ္ပာယ်ကို နားမလည်နိုင်လျှင် ၎င်းတို့ကို ကောင်းကင်ဘုံ သို့မဟုတ် တတိယကောင်းကင်တွင် ထားရှိလျှင်ပင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ (ကျိုးနွံနာခံနိုင်မည် မဟုတ်ပါ။) ၎င်းတို့သည် ၎င်းတို့၏ အရှိအတိုင်းပင် ဆက်ရှိနေမည်ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစသည် အစဉ်အမြဲ ရှိခဲ့သည့်အတိုင်းပင် ရှိနေမည်ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် အလွန်အကန့်အသတ်ရှိသော အရာများကိုသာ သဘောပေါက်နားလည်နိုင်သည်။ အစွမ်းအစ ကောင်းမွန်သူများသည် ပိုမိုနက်ရှိုင်းပြီး ပိုမိုမြင့်မားသောအဆင့်တွင် ပို၍ သဘောပေါက်နားလည်နိုင်သည်။ သာမန် အစွမ်းအစရှိသော လူများသည် အစွမ်းအစ ကောင်းမွန်သူများထက် သဘောပေါက်နားလည်မှု များစွာနိမ့်ကျသည်၊ ၎င်းတို့ သဘောပေါက်နားလည်နိုင်သည့်အရာသည် သာမန်အတိုင်းအတာတစ်ခုအတွင်း၌သာ ကန့်သတ်ထားပြီး ၎င်းတို့၏ အစွမ်းအစက ကန့်သတ်ထားသောကြောင့် ဤအတိုင်းအတာကို ကျော်လွန်၍မရနိုင်ပေ။ အဆိုးဆုံးမှာ လုံးဝ အစွမ်းအစမရှိသော သူများဖြစ်သည်။ ထိုသို့သော လူများသည် ၎င်းတို့၏ အစွမ်းအစအရ၊ မည်သည့် သဘောပေါက်နားလည်နိုင်စွမ်းမျှ လုံးဝမရှိကြပေ။ ထို့ကြောင့် လက်တွေ့ဘဝနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ သရုပ်သကန်မှာ တစ်ခုမျှ နားမလည်ခြင်းဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သို့မဟုတ် အသက်ကြီးသည်အထိ ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့ ပြောဆိုသည့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် အယူဝါဒများနှင့် ဝိညာဉ်ရေးရာ စကားစုများသည် ၎င်းတို့ ပထမဆုံး စတင်ယုံကြည်စဉ်က နားလည်ခဲ့သည့် ဟောင်းနွမ်းသောအရာများပင် ဖြစ်နေဆဲဖြစ်သည်။ မည်မျှကြာအောင် ယုံကြည်ပါစေ ၎င်းတို့သည် တိုးတက်မှု တစ်စုံတစ်ရာ မရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့ တိုးတက်မှုမရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပါစေ ၎င်းတို့ လက်ခံနိုင်သည့်အရာများမှာ ထိုအသက်မဲ့သော စကားလုံးများသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ယုံကြည်ပြီးသည့်တိုင် ၎င်းတို့၏ သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်းနှင့် အခြားစွမ်းရည်များမှာ တိုးတက်လာခြင်းမရှိပေ။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အစွမ်းအစ အလွန်ညံ့ဖျင်းသော လူများဖြစ်ကြသည်။ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး ၎င်းတို့၏ အမျိုးမျိုးသော စွမ်းရည်များ တိုးတက်မလာသောကြောင့် ထိုသို့သော လူများသည် အသက်လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်အထိ အသက်ရှင်နေထိုင်လျှင်ပင် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းသည် အလွန်အားနည်းနေဦးမည် ဖြစ်သည်။ ၎င်းတို့၏ ရှင်သန်နိုင်စွမ်းနှင့် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းကို ကြည့်ရှုခြင်းဖြင့် ထိုသို့သော လူများ၏ အစွမ်းအစသည် မည်သို့ရှိသည်ကို သင်ပြောနိုင်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်ရည်နိမ့်ကျသူ၊ အသိဉာဏ်မဲ့သူနှင့် မိုက်မဲသူများ ဖြစ်သည်၊ ၎င်းတို့၏ မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းသည်။ အဘယ်ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းသည် ညံ့ဖျင်းသည်ဟု ငါပြောရသနည်း။ အကြောင်းမှာ ၎င်းတို့၏ သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့အားလုံး ညံ့ဖျင်းသောကြောင့် ဘဝတွင် ၎င်းတို့ရရှိသည့် အတွေ့အကြုံ၊ သာမန်အသိ၊ ပုံစံများနှင့် အမှုအရာများကို လုပ်ဆောင်ခြင်း၏ ကျွမ်းကျင်မှုတို့သည် အလွန် အကန့်အသတ်ရှိသည်။ အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်တွင်ပင် ၎င်းတို့သည် ထိုအတိုင်းပင် ရှိနေဆဲဖြစ်သည်။ အစွမ်းအစ ကောင်းမွန်သော လူများသည် အသက်သုံးဆယ်ကျော်အရွယ်သို့ ရောက်သည့်အချိန်တွင် ဤအရာများမှ အချို့သော နားလည်မှု၊ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ကို ရရှိပြီးဖြစ်သဖြင့် ဘဝနှင့် ၎င်းတို့၏ ဘဝလမ်းကြောင်းတစ်လျှောက် ရင်ဆိုင်ရသည့် အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ အသိပညာအချို့ တိုးပွားလာပြီးဖြစ်သည်။ ဤအတွေ့အကြုံမှတစ်ဆင့် ၎င်းတို့သည် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ရန်နှင့် မိမိတို့ကိုယ်ကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် အမျိုးမျိုးသော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ မည်သည့်အရာ လုပ်ရမည်ကို သိကြသည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသော လူများအတွက်မူ ကဏ္ဍအားလုံးတွင် ၎င်းတို့၏ စွမ်းရည်များ အားနည်းသောကြောင့် မည်မျှအသက်ကြီးလာပါစေ၊ ၎င်းတို့၏ ရှင်သန်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းနေဆဲဖြစ်သည်။ မည်မျှ ညံ့ဖျင်းသနည်း။ ၎င်းတို့သည် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်း မရှိသည်အထိ ညံ့ဖျင်းသည်။ အချို့က “ကြည့်ပါ၊ ၎င်းတို့သည် အားရပါးရစား၊ နှစ်ခြိုက်စွာအိပ်ပြီး ကျန်းမာရေးလည်း ကောင်းကြသည်၊ ၎င်းတို့တွင် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်းမရှိဟု ကိုယ်တော် မည်သို့ ပြောနိုင်မည်နည်း” ဟု ပြောကောင်းပြောနိုင်ပါသည်။ ကျွန်ုပ်တို့ ပြောဆိုနေသည့် ရှင်သန်နိုင်စွမ်းဆိုသည်မှာ တစ်စုံတစ်ဦးက စားနိုင်၊ အိပ်နိုင်ခြင်း ရှိမရှိကို ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတစ်ဦးသည် စားချိန်တန်သည့်အခါ စားရန်ပင်မသိလျှင်၊ ထိုသူသည် သာမန်လူတစ်ဦးမဟုတ်ဘဲ ဦးနှောက်ချို့ယွင်းသူတစ်ဦးသာ ဖြစ်သည်၊ ထိုသို့သော လူများ၏ အစွမ်းအစကို ထည့်သွင်းစဉ်းစားရန် သာ၍ပင် မလိုအပ်တော့ပေ။ ကျွန်ုပ်တို့ လူတို့၏ အစွမ်းအစကို အကဲဖြတ်သည့် နယ်ပယ်တွင် အဓိကအားဖြင့် အပြင်ပန်းတွင် သာမန်ဟု ယူဆခံရသူများ ပါဝင်သည်။ ယင်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ၊ စိတ်ရောဂါရှိသူများ သို့မဟုတ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းမရှိသူများ မပါဝင်ပေ။ ကျွန်ုပ်တို့သည် ၎င်းတို့၏ စားဝတ်နေရေးနှင့် သွားလာရေးကို စီမံခန့်ခွဲရာတွင် မည်သည့်ပုံစံမျှဖြစ်စေ၊ မည်သည့်စည်းမျဉ်းများမျှဖြစ်စေ၊ မည်သည့်ကျွမ်းကျင်မှုကိုမျှဖြစ်စေ ရှာမတွေ့နိုင်သော အချို့လူများကို မကြာခဏ တွေ့ရသည်။ မည်မျှအသက်ကြီးလာပါစေ ဤအသက်ရှင်နေထိုင်မှု ကဏ္ဍများကို စည်းမျဉ်းများနှင့် လူ့သဘာဝနှင့် ကိုက်ညီသော နည်းလမ်းဖြင့် မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြပေ။ ဥပမာအားဖြင့် မည်သည့်အဝတ်အစားများက မတူညီသော ရာသီဥတုများအတွက် အသင့်တော်ဆုံးဖြစ်သည်ကို ၎င်းတို့မသိဘဲ အခြားသူများလုပ်သလိုသာ လိုက်လုပ်ကြသည်။ အပြင်မှာ အေးသောအခါ ၎င်းတို့သည် အလွန်ပါးလွှာသော အဝတ်အစားကို ဝတ်ဆင်ပြီး အအေးမိကြသည့်တိုင် အဘယ်ကြောင့်ဖြစ်သည်ကို နားမလည်ကြပေ၊ သို့မဟုတ် သန့်ရှင်းမှုမရှိသော အစာကို စားခြင်းကြောင့် ဖျားနာကြသော်လည်း မည်သည့်အရာက ဖြစ်စေသည်ကို မသိကြပေ။ ဤအတွေ့အကြုံများမှ မည်သည့်ကောက်ချက်ကိုမျှ ၎င်းတို့ မချနိုင်ကြပေ။ ၎င်းတို့သည် ဉာဏ်ရည်နိမ့်ကျသူများ မဟုတ်လော။ ၎င်းတို့တွင် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်း မရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်မျှအသက်ကြီးပါစေ မည်သို့အသက်ရှင်ရမည်ကို ၎င်းတို့မသိဘဲ ဘဝကို အိုးနင်းခွက်နင်းဖြင့်သာ ဖြတ်သန်းကြသည်။ သာမန်လူတစ်ဦးအတွက် ပထမကလေး မွေးဖွားသည့်အခါ အတွေ့အကြုံ မရှိနိုင်သော်လည်း၊ ဒုတိယကလေး ရသည့်အချိန်တွင်မူ ၎င်းတို့၏ ကလေးကို မည်သို့စောင့်ရှောက်ပြီး ကျွေးမွေးရမည်နှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရရှိပြီးဖြစ်လိမ့်မည်။ သို့သော် အချို့လူများသည် ကလေးနှစ်ယောက် သို့မဟုတ် သုံးယောက် ရပြီးသည့်တိုင် အတွေ့အကြုံမရှိသေးပေ။ ၎င်းတို့၏ ကလေးများကို မည်သို့စောင့်ရှောက်သည်ကို မေးသည့်အခါ ၎င်းတို့က “ကျွန်ုပ်မသိပါ၊ အိုးနင်းခွက်နင်းဖြင့်သာ ဖြတ်သန်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကလေးများ ဗိုက်ဆာသည့်အခါ ကျွန်ုပ်ကျွေးသည်၊ သူတို့ဗိုက်ပြည့်သွားလျှင် တော်ပြီဖြစ်သည်” ဟု ဆိုကြသည်။ ၎င်းတို့၏ လက်ထဲသို့ ရောက်သွားသည့် မည်သည့်ကလေးမဆို အသက်ရှင်ရန် အတော်အတန် ကံကောင်းမှရမည်။ ၎င်းတို့၏ ရှင်သန်နိုင်စွမ်း အဆင့်နှင့်ဆိုလျှင် ၎င်းတို့၏ စောင့်ရှောက်မှုအောက်တွင် ကလေးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။ အချို့လူများသည် ဘဝ သို့မဟုတ် ရှင်သန်မှုတွင် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော ပြဿနာများကို မည်သို့ကိုင်တွယ်ရမည်ကို နားမလည်ကြပေ။ ထိုသို့သော လူများသည် ရှင်သန်နိုင်စွမ်း မရှိကြပေ။ ဥပမာအားဖြင့် ပြဿနာနှစ်ခု တစ်ချိန်တည်း ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် တွေဝေသွားပြီး မည်သည့်အရာကို လုပ်ရမှန်း၊ မည်သည့်ပြဿနာကို ဦးစွာကိုင်တွယ်ရမှန်း မသိတော့ပေ။ ၎င်းတို့သည် စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ဖြစ်လာကြပြီး “ဤပြဿနာနှစ်ခုသည် အဘယ်ကြောင့် တစ်ချိန်တည်းတွင် ပြုံဖြစ်ရသနည်း။ ယခု ကျွန်ုပ် မည်သည့်အရာကို လုပ်သင့်သနည်း” ဟု ညည်းညူကြသည်။ ၎င်းတို့သည် အလွန် စိုးရိမ်သောကရောက်သဖြင့် စားမဝင် အိပ်မပျော် ဖြစ်ကြသည်။ ၎င်းတို့သည် အသက်သုံးဆယ်ကျော်အရွယ်တွင် ဤသို့ဖြစ်ပြီး အသက်ခြောက်ဆယ်ကျော်အရွယ်တွင်ပင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ထိုအတိုင်းပင် ရှိနေဆဲဖြစ်သည်။ အခြေအနေများ ပေါ်ပေါက်လာပြီး ဖြေရှင်းနည်း ရှာမတွေ့သည့်အခါ ၎င်းတို့သည် ငိုကြွေးကြသည်။ အခြားသူများက “သင် အဘယ်ကြောင့် ငိုကြွေးနေသနည်း။ ဤသည်မှာ ထွေထွေထူးထူး ကိစ္စမဟုတ်ပါ။ ဤအရာများသည် အဖြစ်အများဆုံး ပြဿနာအချို့သာ ဖြစ်သည်။ သင်သည် ယင်းတို့ကို အရေးကြီးပုံအလိုက် ဦးစားပေးပြီး ကိုင်တွယ်လိုက်ရန်သာ လိုအပ်သည်” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးက ဤကိစ္စများကို မကိုင်တွယ်နိုင်ဘဲ ယင်းတို့ကြောင့် စားမဝင် အိပ်မပျော်ဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်ရန်ပင် စဉ်းစားလျှင် ၎င်းတို့သည် အလွန်အသုံးမကျသူများ မဟုတ်လော။ ၎င်းတို့က “ဤသည်မှာ အဘယ်ကြောင့် အခြားတစ်ယောက်အပေါ် မဖြစ်ရသနည်း။ အဘယ်ကြောင့် ငါ့အပေါ် လာဖြစ်ရသနည်း” ဟုပင် ညည်းညူကြသည်။ ယင်းသည် သင့်အပေါ် ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ယင်းကို ကိုင်တွယ်လော့။ သင် မကိုင်တွယ်နိုင်လျှင် သင့်ပတ်ဝန်းကျင်ရှိ နားလည်သူတစ်ဦးကို မေးမြန်းလော့။ သင်က ပြဿနာကို ရှင်းလင်းအောင်လုပ်ပြီးသည်နှင့် ယင်းကို မည်သို့ကိုင်တွယ်ရမည်ကို သင်သိလိမ့်မည် မဟုတ်လော။ မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အခါတွင် ထိုသို့သော လူများသည် အယူဝါဒတစ်ခုပြီးတစ်ခု တင်ပြလျက် စကားပြော အလွန်ကောင်းကြသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ ၎င်းတို့သည် ထိတ်လန့်ခြင်း၊ တွေဝေခြင်းတို့ဖြစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးကြပြီး ၎င်းတို့၏ စိတ်သည် ဗလာဖြစ်သွား၍ ၎င်းတို့၏ အတွေးများသည် လုံးထွေးရှုပ်ယှက်ခတ်သွားသည့်အပြင် မည်သည့်အရာကို လုပ်ရမှန်း မသိတော့ပေ။ တစ်စုံတစ်ဦးသည် ငယ်ရွယ်ပြီး ဘဝတွင် များစွာမကြုံဖူးသေးဘဲ အတွေ့အကြုံမရှိလျှင် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ စိုးရိမ်ကြောက်ရွံ့ခြင်းသည် သာမန်ပင်ဖြစ်သည်။ သို့သော် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်သို့ ရောက်သည့်အချိန်တွင် လောကတွင် အမှုအရာများစွာ ကြုံဖူးပြီး အတွေ့အကြုံရရှိပြီးနောက် ၎င်းတို့သည် အတော်အတန် ရင့်ကျက်ပြီး အတွေ့အကြုံရှိလာကြကာ ကိစ္စရပ်များကို ပိုမိုတည်ငြိမ်စွာနှင့် ယုံကြည်မှုရှိရှိ ကိုင်တွယ်လာကြသည်။ ဤသည်ကို မြင်သော လူငယ်များသည် စိတ်ထဲတွင် လေးစားအထင်ကြီးကြပြီး ထိုသို့သော လူများကို အားကိုးနိုင်သည်ဟု ထင်ကြသည်။ လူတစ်ဦးသည် အစွမ်းအစနှင့် ရှင်သန်နိုင်စွမ်းမရှိလျှင် ၎င်းတို့တွင် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းလည်း မရှိပေ။ ၎င်းတို့အတွက် ကူညီရန်နှင့် အမှုအရာများကို ကြီးကြပ်ပေးရန် ၎င်းတို့ပတ်ဝန်းကျင်တွင် လူကြီးများ သို့မဟုတ် အတွေ့အကြုံရှိသူများ မရှိဘဲ ၎င်းတို့ကိုင်တွယ်သည့် အရာအားလုံးသည် အလုံးစုံ ရှုပ်ထွေးပွေလီသွားသည်။ ထိုသို့သော လူများသည် အစွမ်းအစ အလွန်ညံ့ဖျင်းကြသည်။ အချို့လူများ၏ အစွမ်းအစသည် မည်မျှ ညံ့ဖျင်းသနည်း။ ဥပမာအားဖြင့် အချို့အိမ်ရှင်မများကို ကြည့်လော့၊ ၎င်းတို့သည် လူအချို့ရှိသော မိသားစုတစ်စုအတွက် အစာတစ်နပ်စာ ထမင်းဘယ်လောက်၊ ဟင်းဘယ်လောက် လိုအပ်သည်ကို မသိကြပေ၊ အချို့မှာ အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ ချက်ပြုတ်လာသော်လည်း တစ်နပ်စာစီအတွက် မည်မျှပြင်ဆင်ရမည် သို့မဟုတ် ဟင်းများ၏ အငန်အပေါ့ကို မသိသေးဘဲ တစ်ခါတစ်ရံ အစားအစာ ကောင်းစွာကျက်မကျက်ကိုပင် တိတိကျကျ မသိနိုင်ကြပေ။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းသည်။ ထိုသို့သော လူများတွင် ဦးနှောက်ကင်းမဲ့ကြသည် မဟုတ်လော။ ၎င်းတို့၏ ဦးနှောက်သည် ဝက်ဦးနှောက်နှင့်တူသည်။ ထိုသို့သော လူများသည် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် လမ်းကြောင်းမရှိဘဲ အမှားများကို အလွယ်တကူ ပြုလုပ်ကြသည်။ တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ ၎င်းတို့အတွက် အမှုအရာများကို ကြီးကြပ်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိလျှင် ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံးသည် လုံးဝ ကမောက်ကမဖြစ်ကာ လုံးဝ ရှုပ်ထွေးပွေလီသွားသည်။ ၎င်းတို့သည် အသိဉာဏ်မဲ့သူနှင့် ဉာဏ်ရည်နိမ့်ကျသူများ ဖြစ်ကြသည်။ အဆိုးဆုံးသော သဘောပေါက်နားလည်နိုင်စွမ်း ရှိသည့် ဤသို့သော လူစားမျိုးအတွက်မူ၊ သမ္မာတရား စည်းမျဉ်းများအကြောင်း မည်မျှပင် မိတ်သဟာယဖွဲ့ခြင်းကို ကြားရပါစေ ၎င်းတို့သည် အယူဝါဒများကိုသာ နားလည်ကြသည်။ လက်တွေ့ဘဝတွင် ဤစည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို ၎င်းတို့ မသိသေးပေ။ တစ်နည်းအားဖြင့် ၎င်းတို့နားလည်သည့် အယူဝါဒများသည် လက်တွေ့ဘဝတွင် မည်သည့်ပန်းတိုင်၊ ဦးတည်ချက် သို့မဟုတ် လမ်းကြောင်းကိုမျှ ၎င်းတို့အား မပေးနိုင်ပေ။ ဤသူများသည် သဘောပေါက်နားလည်နိုင်စွမ်း အညံ့ဖျင်းဆုံးသော လူများဖြစ်ကြသည်။ တတိယစွမ်းရည်ဖြစ်သည့် သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤတွင် အဆုံးသတ်လိုက်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။