သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း နှစ်
အချက် ၄- အမှုအရာများကို လက်ခံနိုင်စွမ်း
စတုတ္ထစွမ်းရည်ကား အဘယ်နည်း။ အမှုအရာများကို လက်ခံနိုင်စွမ်း ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်းသည် အမှုအရာများကို နားလည်နိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်းတို့နှင့် အနည်းငယ် ကွာခြားမှုရှိသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းတွင် အသစ်အဆန်းများ ပေါ်ပေါက်လာသည့်အခါ သင်သည် ယင်းတို့က အပြုသဘောဆောင်သည်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သည်ကိုဖြစ်စေ ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိ၊ သင်၏ အသက်တာ၊ အလုပ်နှင့် ရှင်သန်မှုအတွက် ယင်းတို့တွင် မည်သည့် အကျိုးကျေးဇူး သို့မဟုတ် အန္တရာယ် ရှိသည်ကို ပိုင်းခြားသိမြင်ခြင်း၊ ယင်းတို့ကို သင်မည်သို့ ရှုမြင်သည်၊ မည်သို့ သဘောထားပြုမူသည်၊ မည်သို့ အသုံးချသည်ဟူသည့်အချက်များ ပါဝင်သည်။ သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်ပါက အသစ်အဆန်းများ ပေါ်ပေါက်လာသည့်အခါ သင်သည် အထူးပင် အာရုံခံစားလွယ်ပြီး အထူးပင် အကင်းပါးလိမ့်မည်။ အသစ်အဆန်းတစ်ခုအကြောင်း သတင်းအချက်အလက်ကို လျင်မြန်စွာ လက်ခံရရှိပြီးနောက် လူတို့အတွက် မည်သည့်အကျိုးကျေးဇူး သို့မဟုတ် အန္တရာယ် ရှိသည်ကိုဖြစ်စေ၊ မည်သည့်အားနည်းချက်များ ရှိသည်ကိုဖြစ်စေ သင် ခွဲခြားသိမြင်နိုင်လိမ့်မည်။ သင်၏ လက်တွေ့အသက်တာရှိ ကိစ္စရပ်တစ်ခုအတွက် အကျိုးရှိပါက သင်သည် ယင်း၏ အားသာချက်များကို ချက်ချင်း အသုံးချနိုင်သည်၊ အန္တရာယ်ရှိပါက လူတို့အတွက် ယင်း၏ အန္တရာယ် သို့မဟုတ် အားနည်းချက်များကိုလည်း သင် ရှောင်ရှားနိုင်သည်။ ဆိုလိုသည်မှာ သင်သည် အသစ်အဆန်းများအပေါ် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စွမ်းရှိပြီး အပျက်သဘောဆောင်သော၊ လူတို့ကို အန္တရာယ်ဖြစ်စေသော၊ အားနည်းချက်များရှိသော အသစ်အဆန်းများကို လျင်မြန်စွာ ထွင်းဖောက်မြင်နိုင်သည်၊ ဤသည်မှာ အမှုအရာများကို လက်ခံနိုင်စွမ်းရှိခြင်း ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်း၊ နားလည်နိုင်စွမ်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ကြား ကွာခြားချက်မှာ ဤနေရာတွင် တည်ရှိသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းသည် အဓိကအားဖြင့် လူတစ်ဦး၏ အသစ်အဆန်းများအပေါ် အာရုံခံစားလွယ်မှုနှင့် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်းကို ရည်ညွှန်းသည်။ သင်သည် အသစ်အဆန်းများကို လျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်ပြီး ယင်းတို့၏ အားသာချက်များနှင့် အကျိုးကျေးဇူးများကို လျင်မြန်စွာ လက်ခံနိုင်ကာ သင်၏ အသက်တာ သို့မဟုတ် အလုပ်ကို အထောက်အကူပြုရန် လက်တွေ့အသက်တာတွင် အသုံးချနိုင်ပြီး ထို့နောက် ဤအသစ်အဆန်းများက အစားထိုးလိုက်သည့် အရာဟောင်းများကို စွန့်လွှတ်နိုင်ပါက သို့မဟုတ် ဖယ်ရှားရှင်းလင်းနိုင်ပါက ဤသည်မှာ အမှုအရာများကို လက်ခံနိုင်စွမ်းကို ပိုင်ဆိုင်ခြင်းဟု ခေါ်သည်။ ဆိုလိုသည်မှာ သင့်ထံတွင် အသစ်အဆန်းများအပေါ် ထိရှလွယ်မှုအချို့နှင့် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စွမ်း ရှိခြင်းဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အရာရာကို လက်ခံနိုင်စွမ်းကို ပိုင်ဆိုင်ပြီး ကောင်းမွန်သော အစွမ်းအစ ရှိသူတစ်ဦး ဖြစ်သည်။ ဤနောက်တွင် သာမန်အစွမ်းအစရှိသူများ ဖြစ်သည်။ ထိုသို့သောလူများသည် အရာဟောင်းများကို အစားထိုးပြီးဖြစ်သော အသစ်အဆန်းအချို့အပြင် အမြင်သစ်များနှင့် နည်းပညာသစ်များကို လက်ခံရာတွင် အထူးပင် နှေးကွေးကြသည်။ ဤ “နှေးကွေးသည်” ဟူသောအချက်က အဘယ်အရာကို ရည်ညွှန်းသနည်း။ အသစ်အဆန်းတစ်ခုသည် ကျယ်ပြန့်လာပြီးဖြစ်သည့်အခါ အလွန်တွင်ကျယ်စွာ အသုံးပြုနေသည့်အခါနှင့် ယင်းအတွက် ဝေါဟာရသည် အလွန်ပင် အသုံးများလာသည့်အခါမှသာ ၎င်းတို့ လက်ခံနိုင်သည်ဟူသောအချက်ကို ရည်ညွှန်းသည်။ ၎င်းတို့သည် အသစ်အဆန်းများကို သိမြင်ခြင်း မရှိသကဲ့သို့ ယင်းတို့သည် အပြုသဘောဆောင်သောအရာများ ဟုတ်မဟုတ်၊ အပျက်သဘောဆောင်သော အရာများ ဟုတ်မဟုတ်ဟူသည်ကို မပိုင်းခြားနိုင်ကြပေ။ အပြုသဘောဆောင်သော အသစ်အဆန်းများ ပေါ်ပေါက်လာသည့်အခါတွင်ပင် ၎င်းတို့သည် စိတ်နှလုံးထဲ၌ ယင်းတို့ကို အတိုက်အခံလုပ်ပြီး မထီမဲ့မြင်ပြုကြသည်၊ ၎င်းတို့တွင် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုယ်ပိုင်သဘောထားများ အစဉ်သဖြင့် ရှိကြပြီး လောကီရေစီးကြောင်းများဘက်တွင် အမြဲတစေ ရပ်တည်ကြကာ အသစ်အဆန်းများအပေါ် မျက်ကွယ်ပြုထားပြီး လက်မခံဘဲ ငြင်းပယ်ကြသည်။ အသစ်အဆန်းတစ်ခုသည် ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး လူများစွာတို့က ယင်း၏ အားသာချက်များကို တွေ့ကြုံခံစားပြီး သိရှိနားလည်လာကာ လူတို့က ယင်းမှ အကျိုးကျေးဇူးများ ရရှိလာသည့်အခါမှသာ ၎င်းတို့သည် လက်ခံပြီး အသုံးချလာကြသည်။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ထိုသို့သောလူများ၏ အသစ်အဆန်းများကို လက်ခံခြင်းသည် အလွန်ပင် တက်ကြွမှုမရှိပေ၊ ယင်းမှာ တက်ကြွသော လက်ခံခြင်းတစ်ခု မဟုတ်ပေ။ အကြောင်းမှာ တစ်ချက်အနေဖြင့် ၎င်းတို့သည် အသစ်အဆန်းများအပေါ် အာရုံခံစားလွယ်မှု မရှိခြင်းကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ထုံထိုင်းသည်၊ ခေတ်နောက်ကျသည်၊ မျက်ကွယ်ပြုနေသည်။ နောက်တစ်ချက်မှာ ၎င်းတို့သည် အသစ်အဆန်းများအပေါ် အချို့သော အယူအဆများနှင့် အမြင်များရှိပြီး ယင်းတို့အပေါ် မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်း သဘောထားကို ဆောင်ထားခြင်းကြောင့်လည်း ဖြစ်သည်။ ဤအတွက် ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစသည် သာမန်ဖြစ်ပြီး ၎င်းတို့၏ အမှုအရာများကို လက်ခံနိုင်စွမ်းသည် သာမန်ဖြစ်သောကြောင့်ဖြစ်ရာ ယင်းက ၎င်းတို့ကို အလွန်ထုံထိုင်းစေသည်၊ အသစ်အဆန်းများ ၎င်းတို့ရှေ့မှောက်တွင် ပေါ်လာသည့်အခါ ၎င်းတို့တွင် သတိပြုမိခြင်းမရှိ၊ ခံစားချက်မရှိဘဲ တက်ကြွစွာ လက်ခံသည့် သဘောထား ကင်းမဲ့နေသည်။ ထို့အပြင် ၎င်းတို့သည် ပင်ကိုအားဖြင့် အထူးပင် ခေတ်နောက်ကျပြီး အထူးပင် ထုံထိုင်းကာ ဉာဏ်ထိုင်းကြသည်။ ဤအကြောင်းရင်းနှစ်ခုက ၎င်းတို့ကို အသစ်အဆန်းများ လက်ခံရန် နှေးကွေးစေသည်။ လူများစွာတို့က အရာတစ်ခုကို အသုံးပြုနေကြပြီး ယင်း၏ အားသာချက်များမှာ အဘယ်အရာဖြစ်သည်၊ ယင်း၏ အဆင်ပြေမှုမှာ အဘယ်အရာဖြစ်သည်၊ လူတို့အပေါ် ၎င်း၏ သက်ရောက်မှုမှာ အဘယ်အရာဖြစ်သည်၊ လူတို့ကို ရရှိစေသည့် အကျိုးကျေးဇူးများမှာ အဘယ်အရာ ဖြစ်သည်တို့ကို ပြောဆိုနေကြပြီး ၎င်းတို့က ဤအရာအားလုံးကို မိမိတို့မျက်စိဖြင့် မြင်တွေ့ပြီးဖြစ်သည့်အခါနှင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိလူများက ယင်းကို အတိုင်းအတာတစ်ခုအထိ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားသည်ကိုလည်း မြင်တွေ့ပြီးသည့်အခါမှသာ ၎င်းတို့သည် စိတ်နှလုံးထဲ၌ ဖြည်းညင်းစွာ လက်ခံပြီးနောက် ယင်းကို စတင်အသုံးပြုကြသည်။ ဤသည်မှာ မည်သို့သော အစွမ်းအစမျိုးကို ညွှန်ပြသနည်း။ ထိုသို့သောလူများ၏ အမှုအရာများကို လက်ခံနိုင်စွမ်းသည် သာမန်ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်းမှာ သာမန်ဖြစ်ခြင်းသည် သာမန်အစွမ်းအစရှိခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ဧဝံဂေလိတရားကို ဟောပြောရာတွင် သို့မဟုတ် အတတ်ပညာဆိုင်ရာ အလုပ်အချို့ကို လုပ်ဆောင်ရာတွင် အချို့ညီအစ်ကိုမောင်နှမများသည် နည်းလမ်းသစ် သို့မဟုတ် အတတ်ပညာဆိုင်ရာ နည်းစနစ်သစ်တစ်ခုကို စမ်းသပ်အသုံးပြုရာ၌ ဦးဆောင်ကြသည်။ ဤလုပ်ငန်းပိုင်းဆိုင်ရာ နည်းစနစ်ကို အသုံးပြုခြင်းသည် အလွန်ကောင်းသည်ဟု ၎င်းတို့ လျင်မြန်စွာ ခံစားရသည်၊ အကြောင်းမှာ ယင်းကို အသုံးပြုခြင်းဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ထိရောက်မှုသည် အတော်လေးကောင်းမွန်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်သည်လည်း တိုးမြင့်လာသောကြောင့် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဤနည်းစနစ်သစ် သို့မဟုတ် နည်းလမ်းသစ်ကို ချက်ချင်းပင် မြှင့်တင်ပြီး အခြားညီအစ်ကိုမောင်နှမများကို ယင်းကို သင်ယူပြီး အသုံးချရန် အားပေးကြသည်။ အစွမ်းအစကောင်းသူများသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် နည်းစနစ်သစ်များနှင့် နည်းလမ်းသစ်များကို ရှာဖွေရာ၌ ကျွမ်းကျင်ကြသည်။ အလွန်လျင်မြန်စွာပင် ၎င်းတို့သည် အသစ်အဆန်းတစ်ခုကို ရှင်းလင်းစွာ သိမြင်ပြီး တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ကာ ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ပြီး နည်းစနစ်သစ် သို့မဟုတ် နည်းလမ်းသစ်တစ်ခုကို အပြည့်အဝ လက်ခံနိုင်သည့်အပြင် ယင်းကို လက်တွေ့အလုပ်တွင် အသုံးချနိုင်သည်။ ဤအသစ်အဆန်း၏ အားသာချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာဖြစ်သည်၊ မည်သည့်ရလဒ်များကို ယင်းက ရရှိနိုင်သည်တို့နှင့် ပတ်သက်၍ ၎င်းတို့သည် အဆက်မပြတ် ကောက်ချက်များချပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။ စူးစမ်းရှာဖွေမှု ကာလတစ်ခုမှတစ်ဆင့် ဤလုပ်ငန်းပိုင်းဆိုင်ရာ နယ်ပယ် သို့မဟုတ် သတင်းအချက်အလက်၏ မည်သည့်ကဏ္ဍများကို အသင်းတော်အလုပ်တွင် အသုံးချနိုင်ပြီး မည်သည့်အရာများကို အသုံးမချနိုင်သည်ကို ၎င်းတို့ တဖြည်းဖြည်း သဘောပေါက်လာကြသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ အလုပ်၌ ဤအသစ်အဆန်းကို စည်းမျဉ်းများနှင့်အညီ၊ ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့်အညီ တိုးတက်ကောင်းမွန်အောင် အဆင့်ဆင့် လုပ်ဆောင်ကြသည်။ ဤအသစ်အဆန်းကို ၎င်းတို့ ပို၍ တိုးတက်ကောင်းမွန်အောင် လုပ်လေ၊ ပို၍ ကောင်းမွန်လာလေဖြစ်ပြီး နောက်ဆုံးတွင် အသီးအပွင့်များ သီးပွင့်လာသည်။ ဤသည်မှာ အစွမ်းအစကောင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့သော် အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောရာတွင် တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးတစ်ဦး ပုံစံဖြင့်ဖြစ်စေ ဟောပြောခြင်း သို့မဟုတ် လူအင်အားကိုသာ အားကိုးခြင်းဖြင့် မူလနည်းလမ်းကို တင်းကျပ်စွာ ဖက်တွယ်ထားဆဲ ဖြစ်သည်။ ၎င်းတို့သည် ထုံထိုင်းပြီး ဦးနှောက်တုံးကာ အဆင့်မြင့်သော နည်းလမ်းကို လက်ခံရန် နှေးကွေးကြသည်။ အဆင့်မြင့်သော နည်းလမ်းသည် အတော်အတန် ကောင်းမွန်ပြီး လက်တွေ့ကျသည်ဟု နှုတ်ဖြင့် ဝန်ခံသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အဆက်မပြတ် ဒွိဟများ ရှိနေကြသည်။ ဤနည်းလမ်းကို အသုံးပြုပြီးနောက် ရလဒ်မကောင်းမည်ကို ၎င်းတို့ စိုးရိမ်သောကြောင့် မစမ်းသပ်ရဲကြပေ။ အခြားသူများက “သင် ထိုအရာအားလုံးအတွက် စိတ်ပူစရာမလိုပါ။ ကျွန်ုပ်တို့ စမ်းသပ်ပြီးပါပြီ၊ ထိုနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက အထူးပင် ရလဒ်ကောင်းများ ရရှိစေသည်” ဟု ပြောဆိုလျက် ၎င်းတို့ကို ဖျောင်းဖျကြသည်။ သို့သော် ၎င်းတို့သည် မစမ်းသပ်ရဲဘဲ မူလနည်းလမ်းကို ဆက်လက်ဆုပ်ကိုင်ထားကြသည်။ လူများစွာတို့က ဧဝံဂေလိတရားဟောရန် နည်းလမ်းသစ်ကို အသုံးပြုပြီး လစဉ် လူများ ပိုမိုရရှိကာ စွမ်းဆောင်ရည် တိုးမြင့်လာသည့်အခါမှသာ ၎င်းတို့သည် စမ်းကြည့်ရန် အင်တင်တင်ဖြင့် ဆုံးဖြတ်ကြသော်လည်း ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ကြဆဲဖြစ်ပြီး မိမိတို့၏ အစီအစဉ်များနှင့် နည်းဗျူဟာများကို လုံးဝ ပြောင်းလဲရန် မရဲကြပေ။ ဤသည်မှာ အသစ်အဆန်းများကို လက်ခံရာတွင် အလွန်နှေးကွေးခြင်းဖြစ်သည်၊ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် အမှုအရာများကို လက်ခံနိုင်စွမ်း ပို၍ပင် ညံ့ဖျင်းကြသည်။ ၎င်းတို့သည် အသစ်အဆန်းတစ်ခုကို ရှင်းလင်းစွာ မသိမြင်နိုင်၊ သုံးသပ်ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ မည်သို့ သဘောထားပြုမူရမည်ကို မသိကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ယုံကြည်သူများသည် အသစ်အဆန်းများကို မလက်ခံသင့်၊ သတင်းအချက်အလက်သစ်များကို လက်မခံသင့်၊ ပြီးလျှင် နည်းပညာသစ်များကို အသုံးမပြုသင့်ဟု တွေးထင်ကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် အတော်ပင် အမြင်ကျဉ်းမြောင်းကြသည်။ အချို့သော ဂိုဏ်းဂဏများမှ လူများသည် ယနေ့ထက်တိုင် လျှပ်စစ်မသုံးကြ၊ ရုပ်မြင်သံကြား မကြည့်ကြ၊ ကွန်ပျူတာ သို့မဟုတ် အခြား မည်သည့် အီလက်ထရွန်နစ် ပစ္စည်းများကိုမျှ မသုံးကြပေ။ ၎င်းတို့ အပြင်ထွက်သည့်အခါ ခေတ်မီသယ်ယူပို့ဆောင်ရေးကို မသုံးကြ၊ စက်ဘီးပင် မစီးကြပေ။ ၎င်းတို့ မည်သည့်အရာကို စီးနင်းကြသနည်း။ နွားလှည်းများနှင့် မြင်းဆွဲရထားများဖြစ်ပြီး သွားလာသည့်အခါ ဖုန်လုံးများ ထစေသည်။ အချို့လူများက “အဘယ်ကြောင့် သင်တို့ စက်ဘီးမစီး သို့မဟုတ် ကားမစီးကြသနည်း” ဟု မေးကြသည်။ ၎င်းတို့က “ထိုအရာများသည် လူလုပ်အရာများ ဖြစ်သည်။ ကျွန်ုပ်တို့ အသုံးပြုလျှင် ဘုရားသခင် မနှစ်သက်မည်ကို စိုးရိမ်သည်” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများကို လက်ခံနိုင်စွမ်း ညံ့ဖျင်းခြင်း ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်း ညံ့ဖျင်းသူများသည် အမှုအရာများစွာကို မှားယွင်းသောနည်းလမ်းဖြင့် ရှုမြင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ နည်းလမ်းဟောင်းများတွင် သောင်တင်နေပြီး မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဆုပ်ကိုင်ထားကာ အသစ်အဆန်းအားလုံးကို အတိုက်အခံလုပ်ကြသည်။ ၎င်းတို့ အတိုက်အခံလုပ်ခြင်းသည်ပင် ၎င်းတို့၏ တွေးခေါ်ပုံနှင့် စိတ်များတွင် ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့သော ပြဿနာရှိခြင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ညင်ညင်သာသာပြောရလျှင် ထိုသို့သောလူများ၏ အစွမ်းအစသည် အလွန်သာမန်ဖြစ်သည်ကို ပြသသည်။ ၎င်းတို့သည် အသစ်အဆန်းများကို အစဉ်တစိုက် မလက်ခံနိုင်ပါက ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး ၎င်းတို့သည် တစ်ယူသန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲဟု ယုံကြည်ကြပြီး ဘုရားသခင် မည်သည့်နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သည်ဖြစ်စေ ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်များကိုသာ ထာဝစဉ် မိန့်မြွက်လိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင် မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ ဘုရားသခင်သည် ထိုအလုပ်တစ်ခုတည်းကိုသာ ထာဝစဉ် လုပ်ဆောင်လိမ့်မည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤလူသားမျိုးနွယ်နှင့် ဤခေတ်ကာလအတွက်မူ ၎င်းတို့သည် မိမိတို့ ကနဦး မြင်တွေ့ခဲ့ပြီး တွေ့ကြုံခံစားခဲ့ရသည့်အရာသည် ထာဝစဉ် မပြောင်းမလဲ တည်ရှိနေမည်ဖြစ်ပြီး အမြဲတစေ ထိုအတိုင်းသာ ဖြစ်နေမည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် လွန်ခဲ့သော အနှစ် ၂၀ သို့မဟုတ် ၃၀ က လူများသည် အဝတ်အထည်နှင့်ပတ်သက်၍ အယူအဆတစ်ခုရှိခဲ့ကြသည်။ ၎င်းတို့သည် ချည်ထည်များက လုံးဝ သဘာဝအတိုင်းဖြစ်ပြီး ချည်ဖြင့်ပြုလုပ်သော အထည်အလိပ်အမျိုးမျိုးသည် ကောင်းသည်ဟု ယုံကြည်ခဲ့ကြသည်၊ ဂွမ်းကပ်အင်္ကျီများဖြစ်စေ၊ တီရှပ်များဖြစ်စေ၊ အတွင်းခံများဖြစ်စေ ချည်ဖြင့်ပြုလုပ်သရွေ့ ဓာတုချည်မျှင်များထက် ပိုကောင်းသည်ဟု ယုံကြည်ခဲ့ကြသည်။ ၎င်းတို့သည် ဤယုံကြည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားခဲ့ကြသည်။ သို့သော် အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာပြီးနောက် အထည်အလိပ်လုပ်ငန်းသည် တိုးတက်လာခဲ့ပြီး ချည်ထည်နှင့်ဆင်တူသော အထည်များစွာအပြင် အမျိုးမျိုးသော ဓာတုချည်မျှင် အဝတ်အထည်များ ပေါ်ပေါက်လာခဲ့သည်။ ချည်ထည်များထက် ပိုကောင်းသော အထည်အလိပ်များစွာ ရှိသည်၊ ယင်းတို့သည် လေဝင်လေထွက် ပိုကောင်းသည်၊ အပူကို ပိုမြန်မြန် စွန့်ထုတ်နိုင်သည်၊ အစိုဓာတ်ကို ပိုမြန်မြန် စုပ်ယူနိုင်ပြီး မည်သို့ပင် လျှော်ဖွပ်သည်ဖြစ်စေ ပုံပျက်ခြင်း၊ ကျုံ့ခြင်း သို့မဟုတ် အရောင်မှိန်ခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် အသားအရေကို မည်သည့်အန္တရာယ်မျှ မဖြစ်စေဘဲ ဝတ်ဆင်ရာတွင် အထူးပင် သက်သောင့်သက်သာရှိပြီး ပေါ့ပါးသည်။ သို့သော် အချို့လူများသည် ဓာတုချည်မျှင်များကို လက်မခံနိုင်ကြသေးပေ။ ၎င်းတို့သည် ချည်ထည်များသာ ကောင်းသည်ဟု ယုံကြည်နေဆဲဖြစ်သည်၊ အကြောင်းမှာ ဝါဂွမ်းကို မြေကြီးထဲတွင် စိုက်ပျိုးရပြီး ဘုရားသခင်က ဖန်ဆင်းထားကာ သဘာဝအတိုင်းဖြစ်သော်လည်း ဓာတုချည်မျှင်များမှာ လူလုပ်ဖြစ်သောကြောင့် ဖြစ်သည်။ ဝါဂွမ်းကို ဘုရားသခင်က ပြင်ဆင်ပေးထားပြီး အကောင်းဆုံး ဖြစ်သော်လည်း မြေကြီးသည် ညစ်ညမ်းနေပြီး ဝါပင်ကိုဖျက်ဆီးသော ဝါပိုးလုံးများသည် မျိုးဆက်တစ်ခုပြီးတစ်ခု ပိုမိုဆိုးရွားလာသည်ကို ၎င်းတို့ မသိရှိနိုင်ကြပေ။ သာမန် ပိုးသတ်ဆေးများက ပြဿနာကို မဖြေရှင်းနိုင်ပေ။ နောက်ဆုံးတွင် ဝါဂွမ်းသည် ဝတ်ဆင်သည့်အခါ ယားယံခြင်း မဖြစ်စေရန် အထူးပိုးသတ်သန့်စင်မှုများ ခံယူရမည်ဖြစ်သည်။ ကောင်းမွန်စွာ သန့်စင်ပါက အဝတ်အထည်၏ ကုန်ကျစရိတ်သည် မြင့်မားလာပြီး အလွန်ဈေးကြီးသော ရောင်းဈေးကို လိုအပ်စေသည်။ ကောင်းမွန်စွာ မသန့်စင်ပါက ဓာတုချည်မျှင်အဝတ်အထည်ကို ဝတ်ဆင်ခြင်းလောက် မကောင်းပေ။ သင်မြင်သလော၊ ယနေ့ခေတ်တွင် ဓာတုချည်မျှင်အဝတ်အထည်၏ အရည်အသွေးသည် အထူးပင် ကောင်းမွန်သည်၊ ကျွမ်းကျင်သော အားကစားသမားများစွာ ယင်းကို ဝတ်ဆင်ကြပြီး တုံ့ပြန်ချက်များအားလုံးမှာ အတော်လေး ကောင်းမွန်ကြသည်။ သို့သော် အချို့လူများသည် ဤအရာကို ကြားပြီးနောက်တွင်ပင် လက်မခံဘဲ ချည်ထည်များသာ ပိုကောင်းသည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် မသိနားမလည်ဘဲ ခေါင်းမာကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤမသိနားမလည်မှုနှင့် ခေါင်းမာမှုသည် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အစွမ်းအစသည် မည်သို့ရှိသနည်း။ (၎င်းတို့၏ အစွမ်းအစသည် မကောင်းပါ။)
အသစ်အဆန်းတစ်ခုသည် လူတစ်ဦးရှေ့တွင် ပေါ်လာသည့်အခါ ၎င်းကို လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်ကို ဆုံးဖြတ်ရန်အတွက် ၎င်းသည် မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ကို သုံးသပ်ဆုံးဖြတ်ရာတွင် ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ အစွမ်းအစအပေါ် မူတည်သည်။ လူအများစုက အသစ်အဆန်းသည် မှန်ကန်သည်ဟု ထင်မြင်ပြီး ၎င်းတို့က တက်ကြွမှုမရှိဘဲ လူအုပ်အတိုင်း လိုက်၍လက်ခံပါက ထိုသို့သောလူသည် အလွန်ဆုံးအနေဖြင့် သာမန်အစွမ်းအစရှိသူသာ ဖြစ်သည်။ အသစ်အဆန်းတစ်ခုသည် မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ကိုဖြစ်စေ၊ လူတို့အတွက် အကျိုးရှိမရှိကိုဖြစ်စေ၊ ၎င်းတို့ ယခင်က ခိုင်မာစွာ ယုံကြည်ခဲ့သော အရာဟောင်းများနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ မပိုင်းခြားနိုင်ပါက၊ အသစ်နှင့် အဟောင်းတို့ကြား ကွာခြားချက်များကို မပိုင်းခြားနိုင် သို့မဟုတ် မခွဲခြားနိုင်ပါက၊ ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ သုံးသပ်ဆုံးဖြတ်နိုင်ခြင်း မရှိပါက ဤသည်မှာ ၎င်းတို့တွင် အသစ်အဆန်းဖြစ်သော အမှုအရာများကို လက်ခံနိုင်စွမ်းမရှိကြောင်း သက်သေပြသည်၊ ဆိုလိုသည်မှာ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ ဤကဲ့သို့သောလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ကနဦးတွင် အသစ်အဆန်းတစ်ခု ပေါ်ပေါက်လာသည့်အခါ ၎င်းတို့တွင် အတိုင်းအတာတစ်ခုအထိ ထိုးထွင်းသိမြင်နိုင်စွမ်း ကင်းမဲ့နေသည်။ ဤအရာအကြောင်းကို ၎င်းတို့ ကြားသည့်အခါ အမှုအရာများကို လက်ခံနိုင်စွမ်း လုံးဝမရှိကြပေ။ အဆုံးတွင် ၎င်းတို့သည် အသစ်အဆန်းကို အင်တင်တင်နှင့် လက်ခံလျှင်ပင် အခြားသူများ၏ အကူအညီနှင့် ဖျောင်းဖျမှုဖြင့်သာ ဖြစ်ပြီး ထိုသူများက အသစ်အဆန်း၏ အားသာချက်များနှင့် အားကောင်းချက်များကို အရာဟောင်းများနှင့် နှိုင်းယှဉ်ပြရကာ အသစ်အဆန်းနှင့် အရာဟောင်းများကြား ရှင်းလင်းသော ကွာခြားချက်များရှိကြောင်းနှင့် အသစ်အဆန်းသည် အရာဟောင်းများထက် ထင်ရှားစွာ သာလွန်ကြောင်းကို ဤလူများကို မိမိတို့မျက်စိဖြင့် မြင်တွေ့စေပြီးမှသာ ၎င်းတို့ လက်ခံနိုင်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤလူများသည် အခြားသော အသစ်အဆန်းများစွာနှင့်ပတ်သက်၍ မည်သည့်အရာက ကောင်းသည်ကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးဘဲ အရာဟောင်းများသာ ကောင်းပြီး ဖက်တွယ်ထားသင့်သည်ဟု ခံစားနေကြဆဲ ဖြစ်သည်။ ၎င်းတို့တွင် ရွေးချယ်စရာမရှိသည့် အခြေအနေများတွင်မှသာ ၎င်းတို့သည် အသစ်အဆန်းများကို အင်တင်တင်နှင့် တက်ကြွမှုမရှိဘဲ လက်ခံကြသည်။ ဤလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ သာမန်အစွမ်းအစ ရှိသူတစ်ဦးသည် နည်းပေးလမ်းပြမှု အနည်းငယ်ဖြင့် ချက်ချင်း နားလည်သွားပြီး မိမိတို့သည် အရာများကို လွဲချော်ပြီး ခေတ်နောက်ကျသော နည်းလမ်းဖြင့် ရှုမြင်နေခဲ့သည်ကို သိရှိနားလည်သူ ဖြစ်သည်။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ညံ့ဖျင်းသော အစွမ်းအစရှိသူတစ်ဦးမှာမူ ယင်းကို အင်တင်တင်နှင့် လက်ခံအသုံးမပြုမီ ထပ်ခါတလဲလဲ နည်းပေးလမ်းပြများနှင့် တိုက်တွန်းချက်များ၊ လူတိုင်းထံမှ စုပေါင်းဖျောင်းဖျမှုများအပြင် ဤအသစ်အဆန်းသည် ကျယ်ပြန့်စွာ အသုံးပြုလာပြီးနောက် လူတို့ကို မည်သို့ အကျိုးပြုသည်ကို ပြသသည့် အချို့သော အဖြစ်မှန်များနှင့် ခိုင်လုံသော ဥပမာများကို လိုအပ်သည်။ သို့သော် လူကွယ်ရာတွင် ၎င်းတို့သည် အရာဟောင်းကိုသာ ရွေးချယ်နေဆဲ ဖြစ်သည်။ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူတစ်ဦး ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းဆိုသည်မှာ ၎င်းတို့သည် အသစ်အဆန်းများ ပေါ်ပေါက်လာခြင်းက လူတို့အပေါ် သက်ရောက်သည့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို အစဉ်တစိုက် မသိမြင်နိုင်ခြင်း၊ အသစ်နှင့် အဟောင်းတို့ကြား ကွာခြားချက်များကို မရှာဖွေနိုင်ခြင်း၊ အသစ်အဆန်းများ၏ အားသာချက်များနှင့် တိုးတက်မှုများ၊ အရာဟောင်းများ၏ အားနည်းချက်နှင့် ခေတ်နောက်ကျမှုများကို အစဉ်တစိုက် မတွေ့ရှိနိုင်ခြင်း သို့မဟုတ် မဖော်ထုတ်နိုင်ခြင်း၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ဟောင်းများကို အစဉ်သဖြင့် ဖက်တွယ်ထားခြင်းတို့ကို ဆိုလိုသည်၊ ထို့ကြောင့် ၎င်းတို့၏ အမှုအရာများကို လက်ခံနိုင်စွမ်းသည် အလွန်ညံ့ဖျင်းသည်။ အမှုအရာများကို လက်ခံနိုင်စွမ်း ညံ့ဖျင်းသူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများကို သင် မည်သို့ပင် ရှင်းပြသည်ဖြစ်စေ ပြဿနာများ၏ အနှစ်သာရ သို့မဟုတ် ဇာစ်မြစ်ကို ၎င်းတို့ ထွင်းဖောက်မမြင်နိုင်ကြပေ။ အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသည့် လူတစ်စုမှာမူ အမှုအရာများကို လက်ခံနိုင်စွမ်း တစ်ခုတလေမျှ ရှိသည်ဟုပင် မဆိုနိုင်ပေ။ အသစ်အဆန်းများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို သင်ယူလက်ခံရန် ပုဂ္ဂလဓိဋ္ဌာန်ကျကျ ဆန္ဒရှိမရှိဟူသော ကိစ္စမဟုတ်ဘဲ ပြဿနာမှာ ယင်းတို့အပေါ်၌ မည်သည့်အာရုံခံစားသိမြင်မှုမဆို လုံးဝ ကင်းမဲ့နေခြင်း ဖြစ်သည်။ လက်တွေ့အသက်တာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မည်သည့်အသစ်အဆန်းများ ပေါ်ပေါက်သည်ဖြစ်စေ၊ မည်သည့်အရာများ တိုးတက်သည်ဖြစ်စေ၊ မည်သည့်အရာများ ကောင်းမွန်လာသည်ဖြစ်စေ ၎င်းတို့တွင် အာရုံခံစားသိမြင်မှုနှင့် သတိပြုမိခြင်း မရှိပေ။ ဤအရာများကို ၎င်းတို့ မသိရှိခြင်းသည် သတင်း သို့မဟုတ် သတင်းစာများ မဖတ်ခြင်းကြောင့် ဖြစ်သလော။ မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အမှုအရာများကို လက်ခံနိုင်စွမ်း ကင်းမဲ့နေသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် လက်ခံနိုင်သည့် စွမ်းရည်များ မရှိသကဲ့သို့ ဖြစ်သည်။ မည်သည့်အသစ်အဆန်းများ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍မဆို ၎င်းတို့သည် ထုံထိုင်း၍ ဦးနှောက်တုံးကာ အာရုံခံစားသိမြင်မှု ကင်းမဲ့သည်။ ၎င်းတို့သည် စည်ကားသောမြို့တစ်မြို့တွင် နေထိုင်လျှင်ပင် ဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာတစ်ရွာတွင် နေထိုင်နေသကဲ့သို့ ဖြစ်သည်။ လူ့အသက်တာတွင် ဖြစ်ပေါ်နေသော မည်သည့် ကြီးငယ်သော ဖြစ်ရပ်များကိုမဆို ၎င်းတို့ လုံးဝ မသိရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝနယ်ပယ်အတွင်း၌ ၎င်းတို့၏ စားသောက်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ နေထိုင်ခြင်းနှင့် သွားလာခြင်းတို့ကို လွှမ်းမိုးနိုင်သည့် မည်သည့်အသစ်အဆန်းမျှ မရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်နယ်ပယ်ထဲရှိ အရာများသည် ၎င်းတို့၏ ဘဝနယ်ပယ်အတွင်းရှိ သေးငယ်သော အတိုင်းအတာအတွင်း၌ရှိသော အရာများ၊ လောကရှိ အရာအမျိုးမျိုးကို ရှုမြင်ရန် သင်ယူခဲ့သည့် အရွယ်က ၎င်းတို့ သိရှိခဲ့သည့်အရာများသာ ဖြစ်သည်။ ထိုအရာများမှလွဲ၍ အပြင်လောကမှ မည်သည့်အရာကမျှ ၎င်းတို့အပေါ် လုံးဝ လွှမ်းမိုးမှုမရှိသကဲ့သို့ ၎င်းတို့ စိတ်ဝင်စားမှုလည်း မရှိပေ။ ဤလူစားမျိုးသည် မည်သို့သောလူများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဉာဏ်ရည်နိမ့်ကျသူများလော။ (ဟုတ်ပါသည်။) သေချာပေါက်ပင် ငါတို့ ဤနေရာတွင် ပြောဆိုနေသည့် ကိစ္စရပ်များသည် အလွန်သေးငယ်သော၊ နေ့စဉ်အသက်တာ၏ သာမညကိစ္စများသာ ဖြစ်သည်၊ ငါတို့သည် နိုင်ငံတော်အရေး သို့မဟုတ် ကမ္ဘာ့အဓိကသတင်းများကို ရည်ညွှန်းနေခြင်း မဟုတ်ပေ။ အလွန်သေးငယ်သော အသစ်အဆန်းတစ်ခု ပေါ်ပေါက်လာခြင်းကိုပင် ၎င်းတို့ မသိရှိကြဘဲ လက်ခံနိုင်မှု အတိုင်းအတာ လုံးဝမပြပေ။ ဤ “လက်ခံခြင်း” သည် အသစ်အဆန်းတစ်ခု ပေါ်ပေါက်လာခြင်းက ၎င်းတို့၏ အတွေးအခေါ်အမြင်များကို မည်သို့ ပြောင်းလဲစေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ အသက်တာသို့ တိုးတက်မှုအချို့ကို မည်သို့ ဆောင်ကြဉ်းပေးသည်ကိုလည်းကောင်း၊ လူနေမှုပုံစံ၊ အခြေခံဘဝအသိပညာ စသည်တို့အပါအဝင် ဘဝရှိ ပြဿနာများကို ကိုင်တွယ်နိုင်စွမ်းတွင် ပိုမိုကောင်းမွန်လာမှုနှင့် တိုးတက်မှုကို မည်သို့ ဖြစ်ပေါ်စေသည်ကိုလည်းကောင်း ရည်ညွှန်းသည်။ အမှုအရာများကို လက်ခံနိုင်စွမ်း မရှိသူများသည် ၎င်းတို့၏ လုပ်ရိုးလုပ်စဉ်၊ မူလနေထိုင်မှုပုံစံကို အစဉ်သဖြင့် ထိန်းသိမ်းထားကြသည်။ ဥပမာအားဖြင့် ယခင်က လူများသည် ပဲပြားနှင့် ဟင်းနုနွယ်ကို ရောချက်ခြင်းသည် သံဓာတ်နှင့် ကယ်လ်ဆီယမ် နှစ်မျိုးစလုံးကို ဖြည့်တင်းပေးသည့် ကောင်းသောအရာဟု မကြာခဏ ပြောဆိုကြပြီး လူတစ်ဦးသည် ထိုသို့စားသုံးလျက် ကြီးပြင်းလာခဲ့သည်။ နောက်ပိုင်းတွင် အစားအစာ သုတေသီများက ဟင်းနုနွယ်တွင် အောက်ဆဲလစ်အက်ဆစ် ပါဝင်ကြောင်း၊ ပဲပြားနှင့် အချိန်ကြာမြင့်စွာ အတူစားသုံးပါက ခန္ဓာကိုယ်တွင် ကျောက်တည်ခြင်းကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု အချို့လူများက ပြောဆိုကြသည်။ ဤအရာကို ကြားပြီးနောက် ဤလူက “အောက်ဆဲလစ်အက်ဆစ်ဆိုသည်မှာ မည်သည့်အရာနည်း။ ဟင်းနုနွယ်တွင် အောက်ဆဲလစ်အက်ဆစ်ရှိသည်ကို မည်သူက မြင်ဖူးသနည်း။ ငါ နှစ်ပေါင်းများစွာ စားလာသည်မှာ မည်သည့်အရာမျှ မဖြစ်၊ ငါ ဆက်စားမည် ဖြစ်သည်” ဟု တွေးသည်။ ၎င်းသည် လက်မခံပေ။ ဤသည်မှာ အသစ်အဆန်းများ သို့မဟုတ် အမြင်သစ်များအပေါ် လက်ခံနိုင်မှု အတိုင်းအတာ လုံးဝမရှိသူတစ်ဦး ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အမှုအရာများကို လက်ခံနိုင်စွမ်းရှိသူများသည် ဟင်းနုနွယ်တွင် အောက်ဆဲလစ်အက်ဆစ် ပါဝင်ကြောင်းကို အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် အောက်ဆဲလစ်အက်ဆစ်ကို မည်သို့ ဖယ်ရှားရမည်ကို စဉ်းစားလိမ့်မည်ဖြစ်ပြီး ယင်းအကြောင်းကို ပိုမိုလေ့လာခြင်းဖြင့် ဟင်းနုနွယ်ကို ရေနွေးပူထဲတွင် ထည့်ပြုတ်ခြင်းက အောက်ဆဲလစ်အက်ဆစ်ကို ဖယ်ရှားပေးကြောင်း တွေ့ရှိကြသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းရှိသူများသည် သတင်းအချက်အလက်သစ်ကို ကြားရသည့်အခါ စုံစမ်းမေးမြန်းခြင်းဖြင့် သတင်းအချက်အလက်၏ မှန်ကန်မှုနှင့် လူတို့အတွက် အကျိုးရှိမရှိကို ပိုင်းခြားသိမြင်ပြီးနောက် ၎င်းကို လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်ကို ဆုံးဖြတ်ကြလိမ့်မည်။ ၎င်းတို့သည် မေးခွန်းများမေးမည်၊ ပါဝင်သည့် အသေးစိတ်အ ချက်အလက်များကို လေ့လာမည်၊ ထို့နောက် အဆိုပါအသစ်အဆန်းကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များ သို့မဟုတ် လူတို့အပေါ် အန္တရာယ်များကို ရှောင်ရှားလျက် ဤသတင်းအချက်အလက်ကို လက်တွေ့အသက်တာတွင် အသုံးချကြလိမ့်မည်။ အခြားတစ်ဖက်တွင်မူ အမှုအရာများကို လက်ခံနိုင်စွမ်း လုံးဝကင်းမဲ့သော ထိုနားဝေတိမ်တောင်ဖြစ်သောလူများသည် မည်သည့်သတင်းအချက်အလက်သစ်ကို ကြားသည်ဖြစ်စေ ဂရုမစိုက်သကဲ့သို့ စုံစမ်းမေးမြန်းခြင်းလည်းမရှိဘဲ တိုက်ရိုက်ငြင်းပယ်ကာ ခေတ်မမီတော့သော အရာဟောင်းများကိုသာ ဆုပ်ကိုင်ထားကြသည်။ ဤသည်မှာ အဓိကအားဖြင့် ၎င်းတို့၏ အစွမ်းအစပိုင်းဆိုင်ရာ ပြဿနာပင် ဖြစ်သည်။ အသစ်အဆန်းများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းတို့ကို မည်သို့ ချဉ်းကပ်ရမည်ကို သို့မဟုတ် မည်သည့်စည်းမျဉ်းများကို ဆုပ်ကိုင်ထားသင့်သည်ကို မသိကြသကဲ့သို့ အသစ်အဆန်းများကို ငြင်းပယ်ခြင်းက ၎င်းတို့၏ အသက်တာသို့ဖြစ်စေ၊ အလုပ်သို့ဖြစ်စေ မည်သို့သော အကျိုးဆက်များကို ဆောင်ကြဉ်းပေးနိုင်သည်ကိုလည်း မစဉ်းစားကြပေ။ အတိုချုပ်အားဖြင့် ၎င်းတို့သည် အသစ်အဆန်းများနှင့် သတင်းအချက်အလက်သစ်များအပေါ် သံသယဝင်သော သဘောထားကို အစဉ်သဖြင့်ထားရှိပြီး ၎င်းတို့ကို လက်မခံရဲကြပေ။ ထိုသို့သောလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။
ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် ဘဝတွင် မည်မျှပင် ပြဿနာများ ပေါ်ပေါက်လာပါစေ ယင်းတို့ကို မိမိဘာသာ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ထိုသို့သော လူပုဂ္ဂိုလ်များသည် တစ်ဦးတည်း ရှင်သန်ရပ်တည်နိုင်စွမ်း ကင်းမဲ့ကြသည်။ မည်သည့်ကိစ္စတွင်မဆို ၎င်းတို့သည် ၎င်းတို့၏ ဘိုးဘေးများထံမှ ထိုအချိန်က အမွေဆက်ခံခဲ့သည့် လုပ်ဆောင်နည်းအတိုင်း ဆက်လက်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြောင်းလဲဘဲ အဆုံးတိုင် တစ်သဝေမတိမ်း စောင့်ထိန်းလိုက်နာထားကြသည်။ သင်က ၎င်းတို့ကို ထိုသို့လုပ်ဆောင်ခြင်းမှာ မှားသည်ဟု ပြောဆိုလျက် ဝေဖန်လျှင် ၎င်းတို့က နားထောင်မည် မဟုတ်ဘဲ သင့်ကို ပြန်လည်ငြင်းခုံလျက် အလွန်ပင် ခေါင်းမာလာကြလိမ့်မည်။ “ဤသည်မှာ ကျွန်ုပ်တို့၏ ဘိုးဘေးများထံမှ ဤသို့ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်၏ အဘိုးလက်ထက်နှင့် ကျွန်ုပ်၏ မိဘလက်ထက်က လူအားလုံး ဤနည်းအတိုင်း လုပ်ဆောင်ခဲ့ကြပြီး ဤသို့ပင် လက်ဆင့်ကမ်းခဲ့ကြခြင်း ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ လက်ဆင့်ကမ်းလာသည့် အရာများသည် မုချမှန်ကန်သလော။ ၎င်းတို့သည် ဤမေးခွန်းကို မစဉ်းစားကြပေ၊ ယင်းက ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကို သက်သေပြသည်။ ၎င်းတို့သာ ပုံမှန်လူတစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ခဲ့လျှင် ဤမေးခွန်းကို ၎င်းတို့ စဉ်းစားကြပေလိမ့်မည်။ အသစ်အဆန်းများအကြောင်း သတင်းအချက်အလက်ကို ကြားရသည့်အခါ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စွမ်းကို ပြသကြပေလိမ့်မည်။ ၎င်းတို့သည် ဤသရုပ်သကန်များကို မပြသပါက ၎င်းတို့တွင် လက်ခံနိုင်စွမ်း အတိုင်းအတာ လုံးဝမရှိဟု အဓိပ္ပာယ်ရသည်။ ထိုသို့သောလူများသည် တစ်ဦးတည်း ရှင်သန်ရပ်တည်နိုင်စွမ်း ကင်းမဲ့ကြသည်။ ၎င်းတို့ အသက်မည်မျှအထိ အသက်ရှင်သည်ဖြစ်စေ ၎င်းတို့က “ကျွန်ုပ်အဖေလက်ထက်တုန်းက ဤသို့ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ အဘိုးနှင့် ဘေးတို့ လက်ထက်တွင် ဤသို့ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်၏ မျိုးဆက်တွင်လည်း ဤသို့ပင် ဆက်ဖြစ်ရမည်” ဟု အစဉ်သဖြင့် ပြောဆိုကြသည်။ ဤလူများသည် ခေတ်နောက်ပြန်ဆွဲသူများ ဖြစ်ကြသည်မှာ သိသာထင်ရှားပေ၏။ ၎င်းတို့သည် သစ်တုံးဆွေးများကဲ့သို့ ဖြစ်ကြသည်၊ အလွန် တစ်ယူသန်ဖြစ်ကြ၏။ ၎င်းတို့သည် မည်သည့်အသစ်အဆန်းဖြစ်သော အမှုအရာများကိုမျှ လက်ခံနိုင်စွမ်း မရှိကြပေ၊ ယင်းက ၎င်းတို့သည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း ပြသသည်။ သင်က အသစ်အဆန်းများ၏ တိုးတက်မှုများကို မည်သို့ပင် ရှင်းပြစေကာမူ ၎င်းတို့က လက်ခံကြမည် မဟုတ်ပေ။ ထိုသို့သောလူများသည် တစ်ဦးတည်း ရှင်သန်ရပ်တည်နိုင်စွမ်း ကင်းမဲ့ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် မိမိတို့၏ စားဝတ်နေရေးနှင့် သွားလာခြင်းတို့ကို မိမိဘာသာ ကိုင်တွယ်ဖြေရှင်းပုံ ရနိုင်သော်လည်း ၎င်းတို့အသုံးပြုသည့် နည်းလမ်းများနှင့် နည်းစနစ်များမှာ စံမမီပေ။ ၎င်းတို့သည် မိမိတို့၏ နေထိုင်မှုပုံစံကို ခေတ်ကာလနှင့်အညီဖြစ်စေ၊ လူသားမျိုးနွယ်က ရရှိထားသည့် သာမန်အသိတရားနှင့် အသိပညာနယ်ပယ်အသီးသီးတွင် တိုးတက်မှုနှင့်အညီဖြစ်စေ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်း မရှိကြပေ။ ထိုသို့သောလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အငတ်ဘေးမဆိုက်၊ အအေးဒဏ်မခံရသကဲ့သို့ ကြီးကြီးမားမား နာမကျန်းမှု တစ်စုံတစ်ရာ မခံစားခဲ့ရသော်လည်း ရှင်သန်မှုအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့် ၎င်းတို့၏ နေထိုင်မှုပုံစံတို့မှ အကဲဖြတ်ကြည့်သော် ထိုသို့သောလူများသည် နားဝေတိမ်တောင်ဖြင့်သာ အသက်ရှင်ကြပြီး ၎င်းတို့ကို ဉာဏ်ရည်နိမ့်ကျသူများ၊ အရူးအနှမ်းများ သို့မဟုတ် ငတုံးများအဖြစ်လည်း အမျိုးအစားခွဲခြားနိုင်သည်။ လူအချို့သည် ဉာဏ်ရည်နိမ့်ပါးသူများ သို့မဟုတ်အရူးအနှမ်းများဟု ခေါ်ဆိုခံရသောအခါ မသက်မသာ ခံစားရသော်လည်း ၎င်းတို့ မသက်မသာ ခံစားရလျှင်ပင် ယင်းမှာ အမှန်တရားဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစသည် အမှန်ပင် ထိုမျှ ညံ့ဖျင်းသည်။ သင့်ကို နားဝင်ချိုစေမည့် အရာတစ်ခုခုကို ငါ အမှန်ပင် ပြောလိုသော်လည်း သင်၌ ထိုအရာအတွက် အစွမ်းအစ လုံးဝ မရှိပေ။ သင်သည် ကဏ္ဍတိုင်းတွင် စွမ်းရည် ကင်းမဲ့ပြီး မည်သည့်ကိစ္စရပ်အပေါ်တွင်မဆို ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ကိုက်ညီသော မှန်ကန်ပြီး တိကျသည့် အတွေးများ သို့မဟုတ် အမြင်များ မရှိပေ။ ဤသည်မှာ အစွမ်းအစ ကင်းမဲ့ခြင်း မဟုတ်လော။ သင့်ကို အသုံးမကျသူတစ်ဦးဟု မခေါ်ဆိုခြင်းကပင် အတော် ယဉ်ကျေးနေပြီဖြစ်သည်။ အစွမ်းအစမရှိသော ဤလူစားမျိုးသည် ဉာဏ်ရည်မသန်စွမ်းသူ ဖြစ်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။ ဉာဏ်ရည်မသန်စွမ်းသူများသည် မိမိကိုယ်ကို ဂရုစိုက်ရန် စွမ်းရည်ပင် ကင်းမဲ့ကြပြီး အခြားသူများ၏ အကူအညီကို လုံးဝ မှီခိုကြရသည်။ အစာစားချိန်တွင် ၎င်းတို့၏ မိဘများက ၎င်းတို့ကို တစ်လုပ်ချင်း ခွံ့ကျွေးရဆဲဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဗိုက်ဝမဝကိုပင် ၎င်းတို့ မသိကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဉာဏ်ရည်နိမ့်ပါးသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ငတုံးများဖြစ်ကြပြီး ဉာဏ်ရည်မသန်စွမ်းသူ ဖြစ်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းပေသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် သနားစရာကောင်းသည် မဟုတ်လော။ ၎င်းတို့သည် အတော်အတန် စိတ်ကုန်စရာကောင်းသည် မဟုတ်လော။ အစွမ်းအစ ညံ့ဖျင်းသောသူများ၌ သင်ယူနိုင်စွမ်း မရှိ၊ အမှုအရာများကို နားလည်နိုင်စွမ်း မရှိသကဲ့သို့ သဘောပေါက်နားလည်နိုင်စွမ်းလည်း မရှိပေ။ အမှုအရာများကို လက်ခံနိုင်စွမ်း သာ၍ပင် မရှိကြချေ၊ ၎င်းတို့သည် မည်သည့်ကဏ္ဍတွင်မျှ စွမ်းရည်များ မရှိကြပေ။ သင်သည် ၎င်းတို့အား အမှုအရာများကို မည်သို့ပင် ရှင်းပြသည်ဖြစ်စေ၊ သို့မဟုတ် ဥပမာပေးသည်ဖြစ်စေ ပြောဆိုလိုက်သည့်အရာကို ၎င်းတို့ သဘောမပေါက်နိုင် သို့မဟုတ် နားမလည်နိုင်ကြသေးပေ။ ဤသည်မှာ ဉာဏ်ရည်နိမ့်ပါးခြင်း မဟုတ်လော။ သင် မည်သို့ပင် ရှင်းပြပါစေ ၎င်းတို့ နားမလည်နိုင်ကြပေ။ သင်သည် အလွန် ရှင်းလင်းစွာ ပြောဆိုပြီး စုံလင်စွာ ရှင်းပြလျှင်ပင် ၎င်းတို့ သဘောမပေါက်ကြသေးပေ၊ သင်ပြောသည့်အရာကို အလွန် ကိုးရိုးကားရားဖြစ်သည်ဟုပင် ထင်ကြသည်။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု ကင်းမဲ့ပြီး သင့်ကို ချေပရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားတသီတတန်းကိုပင် ပြောဆိုလာကြသည်။ ထိုသို့သောလူများနှင့် ကျိုးကြောင်းပြပြောဆိုရန် နည်းလမ်းမရှိပေ။ ၎င်းတို့ကို “သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းသည်” ဟူသော စကားတစ်ခွန်းကိုသာ ပြောလိုက်လော့။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းပေသည်။ ၎င်းတို့နှင့်ပတ်သက်၍ သင် မစိုးရိမ်ဘဲနှင့် စိတ်မကုန်ဘဲ နေနိုင်မည်လော။ ထိုသို့သောလူများကို သင် မည်သည့်အရာ ပြောသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သည်။ ၎င်းတို့အား ရှင်းပြဖျောင်းဖျရန် သင် မည်သို့ပင် ကြိုးစားပါစေ ၎င်းတို့ နားမလည်ကြပေ။ သေးငယ်သော ကိစ္စရပ်တစ်ခုအတွက်ပင် ၎င်းတို့အား ရှင်းပြဖျောင်းဖျရန် တစ်နေကုန် ကြာမြင့်တတ်ပြီး သင်သည် အနည်းငယ် ပို၍ နက်နဲသောနည်းလမ်းဖြင့် ပြောဆိုပါက ၎င်းတို့ နားလည်မည် မဟုတ်ပေ။ ၎င်းတို့ နားလည်လာစေရန် အရိုးရှင်းဆုံး စကားလုံးများကို အသုံးပြုရမည်ဖြစ်ပြီး များစွာ ပြောဆိုရမည်ဖြစ်သည်။ ၎င်းတို့သည် ကိစ္စရပ်တစ်ခုကို နားလည်ပြီးနောက်တွင်ပင် ဆင်တူသော ပြဿနာတစ်ခု ပေါ်ပေါက်လာသည့်အခါ သဘောမပေါက်ကြသေးပေ။ ဤသည်မှာ ဉာဏ်ရည်နိမ့်ပါးခြင်း ဖြစ်သည်မဟုတ်လော။ သို့ရာတွင် ဤသို့သော ဉာဏ်ရည်နိမ့်ကျသည့် လူစားမျိုးသည် မိမိတို့ကိုယ်ကို စဉ်းစားဉာဏ်မဲ့သည်ဟု မထင်ကြပေ။ ၎င်းတို့က “ကျွန်ုပ် စဉ်းစားဉာဏ်မဲ့သည်ဟု မယူဆနှင့်။ သင်က ကျွန်ုပ်ကို ယွမ်တစ်ဆယ် သို့မဟုတ် အမေရိကန်ဒေါ်လာတစ်ဆယ် ပေးမည်ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို ရွေးမည်ကို စောင့်ကြည့်လော့၊ ကျွန်ုပ်သည် အမေရိကန်ဒေါ်လာက ပိုတန်ဖိုးရှိမှန်း သိသောကြောင့် ယင်းကို သေချာပေါက် ရွေးမည်ဖြစ်သည်” ဟု ပြောကြသည်။ အခြားသူများကမူ “သင်သည် စဉ်းစားဉာဏ်မဲ့နေဆဲပင်” ဟု ပြောကြသည်။ အဘယ်ကြောင့် အခြားသူများက ထိုသို့သောလူများကို စဉ်းစားဉာဏ်မဲ့သည်ဟု ပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် သာမန်လူတစ်ဦးသည် မိမိတို့ စဉ်းစားဉာဏ်မမဲ့ကြောင်းကို သက်သေပြရန် ဤသို့သော ဥပမာမျိုးကို အသုံးပြုမည်မဟုတ်သကဲ့သို့ ယင်းကို ပြသရန် ထိုသို့သော နိမ့်ကျသည့်နည်းလမ်းကိုလည်း အသုံးပြုမည် မဟုတ်သောကြောင့် ဖြစ်သည်။ ထိုသို့သောလူများသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိခြင်း၊ မည်သည့်လူကိုဖြစ်စေ၊ မည်သည့်ဖြစ်ရပ်ကိုဖြစ်စေ၊ မည်သည့်အမှုအရာများကိုဖြစ်စေ အကဲဖြတ်ရန် စံနှုန်းများမရှိခြင်းနှင့် ယင်းတို့ကို မည်သို့အကဲဖြတ်ရမည်ကို မသိခြင်းတို့ကြောင့်ပင်လျှင် မိမိတို့ကိုယ်ကို စဉ်းစားဉာဏ်မဲ့သည်ဟု မည်သည့်အခါမျှ မယူဆကြပေ။ အမှန်တကယ် ဉာဏ်ထက်မြက်သောလူများသည် လူတစ်စုကြားတွင် သုံးနှစ်မှ ငါးနှစ်အထိ အစဉ်တစိုက် ကြိုးစားရုန်းကန်ပြီးနောက် မည်သည့်အုပ်စုတွင်မဆို မိမိတို့ထက် ပိုတော်သူများ၊ မိမိတို့ထက် သာလွန်သူများ ရှိသည်ကို သိမြင်လာကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အစွမ်းအစမှာ မလုံလောက်ဟုလည်းကောင်း၊ မိမိတို့၏ စွမ်းရည်များနှင့် ဉာဏ်ရည်ဉာဏ်သွေးမှာ မလုံလောက်ဟုလည်းကောင်း အစဉ်သဖြင့်ခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ အားနည်းချက်များကို အမြဲတစေ ရှာဖွေတွေ့ရှိနိုင်သည်၊ အခြားသူများနှင့် နှိုင်းယှဉ်လျှင် မိမိတို့ အားနည်းသည့်နေရာကို အသိအမှတ်ပြုနိုင်သည်၊ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ရှာဖွေဖော်ထုတ်နိုင်သည်၊ ၎င်းတို့သည် အခြားသူများ၏ အားသာချက်များကို အစဉ်သဖြင့်မြင်တွေ့နိုင်သည်။ ဤလူစားမျိုးသည် ဉာဏ်ထက်မြက်ပြီး အစွမ်းအစ ရှိသူဖြစ်သည်။ အစွမ်းအစမရှိသူများမှာမူ လူတစ်စုကြားတွင် နေထိုင်သောအခါ အခြားသူများသည် မိမိတို့ထက် နိမ့်ကျသည်ဟု အစဉ်သဖြင့်ခံစားရသည်။ အချို့လူများ စကားလုံးအချို့ကို စာလုံးပင်မပေါင်းတတ်သည်ကို သို့မဟုတ် စာမရိုက်တတ်သည်ကို ၎င်းတို့မြင်သောအခါ ထိုလူတို့ကို ညံ့ဖျင်းသော အစွမ်းအစရှိသူအဖြစ် မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် လုပ်ဆောင်နိုင်သည့် ဤအရေးမပါသော၊ သေးငယ်သည့်အရာများကို အသုံးပြု၍ မိမိတို့၏ အစွမ်းအစမှာ ကောင်းမွန်ကြောင်း အတည်ပြုကြသည်။ အခြားသူများ တစ်ကိုယ်ရေသန့်ရှင်းရေးကို သိပ်ဂရုမစိုက်သည်ကိုဖြစ်စေ၊ မည်သို့ကောင်းမွန်စွာ ဝတ်စားဆင်ယင်ရမှန်း မသိသည်ကိုဖြစ်စေ မြင်သောအခါ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသည်ဟု ပြောဆိုကြသည့် လူများလည်း ရှိသေးသည်။ ၎င်းတို့ကိုယ်တိုင်က အနည်းငယ် ပိုသန့်ရှင်းသည်၊ ယဉ်ကျေးသယောင် ဟန်ဆောင်နိုင်သည် သို့မဟုတ် အသိပညာနှင့် အားသာချက်အချို့ ရှိသောကြောင့် မိမိတို့၏ အစွမ်းအစမှာ ကောင်းမွန်သည်ဟု ယူဆကြသည်။ ထိုသို့သောလူများသည် ဉာဏ်ထက်မြက်သလော သို့မဟုတ် စဉ်းစားဉာဏ်မဲ့သလော။ ၎င်းတို့သည် စဉ်းစားဉာဏ်မဲ့ကြသည်။ ဉာဏ်ထက်မြက်သောလူများ မည်သို့စကားပြောသည်ကို သတိပြုကြည့်ပါလော့။ “ကျွန်ုပ်သည် အဘယ်ကြောင့် နောက်တစ်ကြိမ် အမှားလုပ်မိပြန်ပြီနည်း။ ကျွန်ုပ် စဉ်းစားဉာဏ်မဲ့ကြောင်း ကျွန်ုပ် သိသည်” ဟု ပြောကြသည်။ မိမိတို့ စဉ်းစားဉာဏ်မဲ့ကြောင်းနှင့် အားနည်းချက်များရှိကြောင်း မကြာခဏ ပြောဆိုသူများသည် အမှန်တကယ် ဉာဏ်ထက်မြက်သူများ ဖြစ်ကြသည်။ မိမိတို့ စဉ်းစားဉာဏ်မဲ့ကြောင်း မည်သည့်အခါမျှ ဝန်မခံဘဲ “သင်က ကျွန်ုပ်ကို စဉ်းစားဉာဏ်မဲ့သည်ဟု ထင်နေသလား။ ကျွန်ုပ်ထံမှ ငွေတောင်းကြည့်ပါ၊ ပြီးလျှင် သင့်အား ကျွန်ုပ် ပေးမပေးကို ကြည့်ပါ” ဟု အစဉ်သဖြင့်ပြောဆိုသူများသည် အမှန်တကယ် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်ကြသည်။ စဉ်းစားဉာဏ်မဲ့ခြင်းကို ဒေသသုံးစကားဖြင့် “ကျပ်မပြည့်ခြင်း” ဟု ခေါ်သည်။ ၎င်းတို့သည် ထိုသို့သော စဉ်းစားဉာဏ်မဲ့သည့်စကားများကို ပြောဆိုနိုင်သည်မှာ စဉ်းစားဉာဏ်မဲ့ခြင်းပင် မဟုတ်လော။ ယင်းမှာ “ကျပ်မပြည့်ခြင်း” မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးတွင် အပြစ်အနာအဆာအချို့ရှိသည်ကိုဖြစ်စေ၊ ၎င်းလုပ်ဆောင်သည့်အရာတွင် လစ်ဟာမှုများ ရှိသည်ကိုဖြစ်စေ ၎င်းတို့မြင်သောအခါ “၎င်းသည် မည်သို့ဖြစ်၍များ ထိုမျှ စဉ်းစားဉာဏ်မဲ့နိုင်ရသနည်း” ဟု ပြောဆိုလျက် ကွယ်ရာတွင် ရယ်မောကြသည်။ အချောင်ယူရန် တွက်ချက်မှုများနှင့် စဉ်းလဲကောက်ကျစ်သော အကြံအစည်များဖြင့် ပြည့်နေသော တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က ထိုသူကို ဉာဏ်ထက်မြက်ပြီး အစွမ်းအစကောင်းရှိသည်ဟု မှတ်ယူကြသည်။ အမှန်တကယ် ဉာဏ်ထက်မြက်သောလူများသည် လူတစ်ဦး၏ အစွမ်းအစ အရည်အသွေးနှင့် ၎င်းတို့ ဉာဏ်ထက်မြက်ခြင်း ရှိမရှိကိုဖြစ်စေ၊ စဉ်းစားဉာဏ်မဲ့ခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့၏ အရည်အချင်းအမျိုးမျိုးကို အခြေခံ၍ အကဲဖြတ်ကြသည်။ သို့ရာတွင် စဉ်းစားဉာဏ်မဲ့သောလူများမှာမူ မည်သူက တွက်ချက်တတ်သည်၊ မည်သူက အချောင်ယူပြီး အရှုံးကို အစဉ်သဖြင့် ရှောင်ရှားသည်၊ မည်သူက လှည့်ဖြားခြင်းမှတစ်ဆင့် မိမိတို့ကိုယ်ကို အကျိုးဆောင်ရာ၌ ကျွမ်းကျင်သည်ကိုသာ ကြည့်ရှုကြပြီး ထိုသို့သော လူများအားလုံးသည် ဉာဏ်ထက်မြက်ပြီး အစွမ်းအစ ကောင်းရှိသည်ဟု ယုံကြည်ကြသည်။ လက်တွေ့တွင် ဤလူစားမျိုးများအားလုံးသည် စဉ်းစားဉာဏ်မဲ့ကြသည်။ လူတစ်ဦး၏ အစွမ်းအစ အရည်အသွေးကို ၎င်းတို့ မည်မျှ တွက်ချက်တတ်သည်ကို အခြေခံ၍ အကဲဖြတ်ကြသည့် ထိုသို့သောလူများ ကိုယ်တိုင်ကပင် စဉ်းစားဉာဏ်မဲ့သောသူများ ဖြစ်ကြသည်။ ယခုလေးတင် ဤလူစားမျိုးနှင့်ပတ်သက်၍ ငါတို့ပြောခဲ့သည့် စဉ်းစားဉာဏ်အမဲ့ဆုံးသော သရုပ်သကန်တစ်ခုမှာ ၎င်းတို့က “သင်က ကျွန်ုပ်ကို အမေရိကန်ဒေါ်လာတစ်ဆယ် သို့မဟုတ် ယွမ်တစ်ဆယ် ပေးမည်ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို ရွေးမည်ကို စောင့်ကြည့်လော့။ ကျွန်ုပ်သည် ယွမ်ငွေကို သေချာပေါက် ရွေးမည်မဟုတ်၊ အမေရိကန်ဒေါ်လာက ပိုတန်ဖိုးရှိမှန်း ကျွန်ုပ်မသိဟု မထင်နှင့်။ သင်က ကျွန်ုပ်ကို အသား သို့မဟုတ် ပဲပြား ပေးမည်ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို စားမည်ကို စောင့်ကြည့်လော့။ ကျွန်ုပ်သည် အသားကိုမစားဘဲ ပဲပြားကို စားရလောက်အောင် စဉ်းစားဉာဏ်မဲ့သည်ဟု သင်ထင်သလော။ အသားက ပိုအရသာရှိမှန်း ကျွန်ုပ်သိသည်” ဟု ပြောကြခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အမှန်စင်စစ် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်ကြသည်။ သင်၏ စဉ်းစားဉာဏ်မဲ့မှုကို အခြားသူများ မမြင်စေချင်လျှင် သင်သည် ထိုသို့သော ဥပမာများကို လုံးဝ မသုံးသင့်ပေ။ နားလည်သလော။ (နားလည်ပါသည်။) စဉ်းစားဉာဏ်မဲ့သောလူများသည် ဤအမှားကို မကြာခဏ ကျူးလွန်ကြသလော။ (ကျူးလွန်ကြပါသည်။) ၎င်းတို့က “ငါ ဥပမာများပေးသည်မှာ မည်မျှကောင်းသည်ကို ကြည့်ပါ။ ငါ မည်မျှဉာဏ်ထက်မြက်သည်ကို မြင်သလား။ သင့်အဖို့ ငါသည် စဉ်းစားဉာဏ်မဲ့ပုံပေါက်သလား။ သင်သည်သာ စဉ်းစားဉာဏ်မဲ့သူတစ်ဦး ဖြစ်၏” ဟုပင် ထင်ကြသည်။ စဉ်းစားဉာဏ်အမဲ့ဆုံးသော လူစားမျိုး၌ စဉ်းစားဉာဏ်မဲ့မှုသည် အစဉ်မပြတ် ပေါ်လွင်နေသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းဟူသည့် ဤစွမ်းရည်အပေါ် မိတ်သဟာယပြုခြင်းအား ဤမျှဖြင့် အဆုံးသတ်လိုက်သည်။