သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း ငါး
အချက် ၈- အမှုအရာများကို တုံ့ပြန်နိုင်စွမ်း
ဆက်လက်၍ ငါတို့သည် ရှစ်ခုမြောက် စွမ်းရည်ဖြစ်သည့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းအကြောင်း ဆွေးနွေးကြမည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းဟူသည်မှာ ဤကိစ္စရပ်သည် ဖြစ်ပျက်ပြီးသားဖြစ်စေ၊ ရုတ်တရက် ဖြစ်ပေါ်လာသည်ဖြစ်စေ သို့မဟုတ် ဤကိစ္စရပ်၏ အမျိုးမျိုးသော အကြောင်းအချက်များက ပြောင်းလဲသွားသည်ဖြစ်စေ လူတစ်ဦးက ဤကိစ္စရပ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းသည်မှာ သူ၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ဖြစ်သည်။ သို့ဆိုလျှင် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် ကိစ္စရပ်တစ်ခုကို ပိုင်းခြားသိမြင်ရန်၊ သုံးသပ်ဆုံးဖြတ်ရန်၊ ချဉ်းကပ်ရန်နှင့် ကိုင်တွယ်ရန် သင်၏ စွမ်းရည်ကို ရည်ညွှန်းသည်။ သင်သည် လူတစ်ဦး၊ ဖြစ်ရပ်တစ်ခု သို့မဟုတ် အမှုအရာတစ်ခုနှင့် ကြုံတွေ့ရသည့်အခါ ယင်း၏ သဘောသဘာဝသည် အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အပြုသဘောဆောင်သော အရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလော။ ဤအရာမျိုးကို မည်သို့ ရင်ဆိုင်ပြီး ကိုင်တွယ်သင့်သနည်း။ ယင်းက ရုတ်တရက် ဖြစ်ပေါ်လာသည့်အခါ မည်သည့်သင်ခန်းစာများကို သင်ယူသင့်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဤသို့သော အရာသည် အသင်းတော်၏ အလုပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါက ယင်းကို စည်းမျဉ်းများနှင့်အညီ မည်သို့ ကိုင်တွယ် ဖြေရှင်းသင့်သနည်း။ ထို့အပြင် ဖြစ်ပေါ်သွားသော အကျိုးဆက်များကို မည်သို့ ပြန်လည် ကုစားပြင်ဆင်၍ အသင်းတော်၏ အလုပ်ကို ဆက်လက် အန္တရာယ် မပြုနိုင်စေရန်နှင့် အပျက်သဘောဆောင်သော သက်ရောက်မှုများ ဆက်လက် ကူးစက်ကြီးထွားမလာစေရန် မည်သို့ တားဆီးရမည်နည်း။ သင်သည် လူတစ်ဦး၊ ဖြစ်ရပ်တစ်ခု သို့မဟုတ် အမှုအရာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ သင်သဘောပေါက်ထားသည့် ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် သင်သိရှိသည့် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ထိုသို့သော ကိစ္စရပ်များ၏ အနှစ်သာရနှင့် အကြောင်းရင်းခံကိုလည်းကောင်း၊ ယင်းတို့ကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့် အစီအစဉ်ကိုလည်းကောင်း တိကျမှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ပါက သင်သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်သည်၊ ယင်းက သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်သည်ဟုလည်း ဆိုလိုသည်။ ဥပမာအားဖြင့် ကိစ္စရပ်တစ်ခုသည် သင်၏ရှေ့မှောက်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့်အခါ သင်မည်သို့ ရင်ဆိုင်သင့်သနည်း။ ပထမဦးစွာ သင်သည် ယင်းက မည်သည့်ဘက်သို့ ဦးတည်သွားနိုင်သည်ကိုလည်းကောင်း၊ ဆက်လက်ဖြစ်ပေါ်နေပါက မည်သည့်အကျိုးဆက်များကို ဆောင်ကြဉ်းလာမည်ကိုလည်းကောင်း၊ ယင်းဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းခံသည် မည်သည့်နေရာတွင် ရှိသည်ကိုလည်းကောင်း၊ ယင်း၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်တွေ့သင့်သည်၊ သင်သည် ဤအရာအားလုံးကို ပိုင်းခြားသိမြင်နိုင်ပြီး ရှင်းလင်းစွာ မြင်တွေ့နိုင်ရမည်။ ပိုင်းခြားသိမြင်ခြင်းမှတစ်ဆင့် ကိစ္စရပ်ကို သတ်မှတ်လော့၊ ထို့နောက် ယင်းကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခုကို ချက်ချင်း ရှာဖွေလော့။ ကိစ္စရပ်ကို မည်သို့ ကိုင်တွယ်သင့်သည်၊ မည်သူက ခေါင်ဖြစ်သည်၊ မည်သူတို့က နောက်လိုက်များဖြစ်သည်၊ မည်သူက အဓိက တာဝန်ရှိသူဖြစ်သည်၊ မည်သူက အဓိက တာဝန်ကို ယူသင့်သည်၊ တာဝန်ရှိသူများကို မည်သို့ ကိုင်တွယ်ရမည်ဟူသည့် ဤပြဿနာအားလုံးကို သင်နားလည်ရမည်။ ထို့အပြင် ပြဿနာများကို ကိုင်တွယ်သည့်အခါ သင်သည် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လုပ်ရမည်ဖြစ်ပြီး လူများကိုလည်း ပြန်လည်နေရာချထားပြီး ညှိနှိုင်းရမည်။ ဤနည်းလမ်းဖြင့်သာ အမှားများကို အချိန်မီ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ပြဿနာများကို လုံးဝဥဿုံ ဖြေရှင်းနိုင်ကာ အခြေအနေကို ကုစားနိုင်မည်ဖြစ်၍ အမှုအရာများကို မှန်ကန်ပြီး အကျိုးရှိသောဘက်သို့ ဦးတည်သွားစေမည် ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် သင်သည် ဤကိစ္စရပ်တွင် ပါဝင်သော အမျိုးမျိုးသော အကြောင်းအချက်အားလုံးကို ထည့်သွင်းစဉ်းစားနိုင်ပြီး ယင်းကို ကိုင်တွယ်ရန် မှန်ကန်သော နည်းလမ်းတစ်ခုအပြင် မှန်ကန်ပြီး တိကျသော စည်းမျဉ်းများ ရှိပါက ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိခြင်းဟု ခေါ်ဆိုပြီး ယင်းက သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုသည်။ ဟုတ်ပေ၏၊ ဤကိစ္စရပ်ကို ကိုင်တွယ်ရန် နည်းလမ်းနှင့် ယင်းကို ကိုင်တွယ်ရန် စည်းမျဉ်းများသည် အခြေအနေကို သိရှိသူများနှင့် ထိတွေ့မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သို့မဟုတ် လူတိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်းမှတစ်ဆင့် သင်ရရှိလာသော ကောက်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် ဖြစ်ရပ်မှန်၏ အခြေအနေကို လေ့လာစုံစမ်းခြင်း၊ ထို့နောက် ဤကိစ္စရပ်မျိုးကို နားလည်သော ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို တောင်းခံခြင်းတို့အားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို နောက်ဆုံးတွင် ရရှိနိုင်ပြီး ကောက်ချက်တစ်ခုကို ချကာ ဖြေရှင်းနည်းတစ်ခုကို ဆုံးဖြတ်၍ ပြဿနာကို ကောင်းစွာ ကိုင်တွယ်နိုင်ပါက အလုပ်လုပ်သော လူများအား ညှိနှိုင်းမှုကို အပြီးသတ်နိုင်ပြီး ဤကိစ္စရပ်ကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ဖြည့်ဆည်းပေးနိုင်ကာ အသင်းတော်၏ အလုပ်ကို အန္တရာယ်ရှိသောဘက်သို့ ဦးတည်မသွားစေရန် ပြင်ဆင်ညှိနှိုင်းနိုင်ပါက ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိခြင်းဟု ခေါ်ဆိုသည်။ သင်သည် ကိစ္စရပ်များကို ဤအဆင့်အထိ ကိုင်တွယ်နိုင်ပါက သင့်ကို အစွမ်းအစကောင်းသူအဖြစ် မှတ်ယူနိုင်သည်။ မှန်ပေ၏၊ အစွမ်းအစကောင်း ရှိခြင်းဆိုသည်မှာ လူတစ်ဦးသည် ကိစ္စရပ်တစ်ခုနှင့် ကြုံတွေ့ရသည့်အခါ ယင်းကို ချက်ချင်း ထိုးထွင်းသိမြင်နိုင်ပြီး ချက်ချင်း ဆုံးဖြတ်ချက်များချကာ ယင်းကို ပြည့်စုံပြီး သင့်လျော်သော နည်းလမ်းဖြင့် ကိုင်တွယ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ၊ ဤသည်မှာ ဟုတ်ချင်မှ ဟုတ်ပေမည်။ လူတို့ ပြဿနာများကို ကိုင်တွယ်ရန် လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်၊ အမှုအရာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ရန်အလို့ငှာ ကိစ္စရပ်၏ အမျိုးမျိုးသော ကဏ္ဍများကို ၎င်းတို့ နားလည်ရန် လိုအပ်သည်။ လူတို့သည် အသွေးနှင့်ကိုယ်၊ အသားနှင့်ကိုယ်ဖြစ်ကာ ၎င်းတို့သည် လူ့သဘာဝ၏ ဘောင်အတွင်း၌ အမှုအရာများကို လုပ်ဆောင်ကြရာ လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။ ဤသည်မှာ အလုပ်လုပ်နေသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် မတူပေ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် တစ်ကမ္ဘာလုံးကို ဘက်စုံလွှမ်းခြုံမှုဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်၊ ဘုရားသခင်သည် အမှုအရာအားလုံး၊ ပြဿနာအားလုံး၏ အနှစ်သာရနှင့် အကြောင်းရင်းခံကို အစဉ်သဖြင့် မြင်တွေ့နိုင်သည်။ လူတို့သည် ကိစ္စရပ်များ၏ နောက်ကွယ်ရှိ ဖုံးကွယ်ထားသော အရာများကို ထိုးထွင်းမမြင်နိုင်သည့်အခါ အလွယ်တကူ လှည့်စားခြင်းနှင့် အကျိုးအပြစ် မမြင်နိုင်အောင် ဖြစ်စေခြင်းတို့ကို ခံကြရသည်။ ဤအချက်ကြောင့်ပင် လူတို့သည် ကိစ္စရပ်များ၏ နောက်ကွယ်ရှိ အဖြစ်မှန်၏ အခြေအနေကို နက်နက်ရှိုင်းရှိုင်း လေ့လာစုံစမ်းရန် လိုအပ်သည်။ ကိစ္စရပ်တစ်ခု၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အမှန်တကယ်ဖြစ်သည့် အခြေအနေများကို နားလည်ပြီးနောက် သင်သည် ပြဿနာများကို အချိန်မီ ကိုင်တွယ်နိုင်ပြီး သွေဖည်မှုများကို ဖြေရှင်းနိုင်ကာ တိုက်ရိုက်တာဝန်ရှိသူများနှင့် အလုပ်လုပ်ဆောင်သူများကို သင့်လျော်စွာ အလုပ်တာဝန်ပြောင်းနိုင်၍ အလုပ်၏ ပုံမှန်လည်ပတ်မှုကို အာမခံနိုင်ပါက ယင်းက သင်သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိကြောင်း သက်သေပြသည်။ အထူးသဖြင့် ရုတ်တရက် ဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါ သင်သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ပါက ဤသည်မှာ သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်ကြောင်း သက်သေပြသည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း သာမန်ရှိသူများသည် ပုံမှန်နှင့် သာမန်အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ လုပ်ထုံးလုပ်နည်းများအတိုင်းနှင့် ပုံမှန်နည်းလမ်းဖြင့် အချို့အရာများကို လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့ ရရှိသော ရလဒ်များမှာ သာမန်သာဖြစ်သည်၊ ၎င်းတို့သည် မည်သည့် ထိုးဖောက်အောင်မြင်မှုမျှ မရရှိသကဲ့သို့ သိသာထင်ရှားသော တိုးတက်မှုလည်း မရှိပေ။ ၎င်းတို့သည် အထူးအခြေအနေများ သို့မဟုတ် ရုတ်တရက် ဖြစ်ရပ်များနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် မည်သို့မျှ မတတ်နိုင်တော့ဘဲ ယင်းတို့ကို မကိုင်တွယ်နိုင်တော့ပေ။ ဥပမာအားဖြင့် အချို့လူတို့ ဧဝံဂေလိတရားကို ဟောပြောသည့်အခါ ၎င်းတို့သည် ပုံမှန်အခြေအနေများအောက်တွင် လစဉ် လူအနည်းငယ်ကို ရရှိနိုင်သည်။ ဤသည်မှာ သာမန်အစွမ်းအစကို ထင်ဟပ်စေပြီး ၎င်းတို့၏ ဧဝံဂေလိဟောပြောခြင်း၏ ရလဒ်များမှာလည်း သာမန်သာဖြစ်၍ အထူးကောင်းမွန်သည်ဟု မဆိုနိုင်ပေ။ အန္တိခရစ်တို့ လူတို့ကို အထင်အမြင်မှားစေသည့် ဖြစ်ရပ်တစ်ခု အသင်းတော်၌ ရုတ်တရက် ပေါ်ပေါက်လာပါက ဤဧဝံဂေလိအမှုဆောင်များသည် တွေဝေသွားပြီး မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ပေ။ ဧဝံဂေလိအလုပ်သည် ရပ်တန့်သွားပြီး ၎င်းတို့သည် ဆက်လက်တရားဟောသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ အလုပ်အစီအစဉ်များကို စောင့်ဆိုင်းသင့်ခြင်း ရှိမရှိကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် ဧဝံဂေလိ တရားဟောခြင်းအလုပ်၏ စည်းမျဉ်းများကို မည်သို့ရှာဖွေရမည်ကို မသိကြပေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် “ဧဝံဂေလိအလုပ်သည် မည်သည့်အချိန် သို့မဟုတ် မည်သည့်အခြေအနေအောက်တွင်မျှ မရပ်တန့်ရ” ဟု မကြာခဏ ပြောဆိုထားသည်။ သို့တိုင်အောင် အန္တိခရစ်တို့ လူတို့ကို အထင်အမြင်မှားစေသည့် ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရရုံမျှဖြင့် ၎င်းတို့က ဧဝံဂေလိအလုပ်ကို ရပ်လိုက်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဤအဆင့်ကို မမီပေ။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဤအဆင့်ကိုလည်း မမီပေ။ ၎င်းတို့သည် မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော အန္တိခရစ်များ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များကို ကြုံတွေ့ရသည့်အခါ တွေဝေသွားကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသော ဤကိစ္စရပ်ကို မည်သို့ကိုင်တွယ်သင့်သည်ကို သမ္မာတရားကို နားလည်သူများအား မည်သို့မေးမြန်းရမည်ကို ၎င်းတို့မသိဘဲ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာဖွေရန်ကိုမူ ၎င်းတို့ ပို၍ပင် မသိကြချေ။ ၎င်းတို့တွင် ဤအမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဦးက လူတို့ကို အထင်အမြင်မှားစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဖြန့်ဝေနေသည်ကို မြင်သည့်အခါ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ချေပရန် သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြပေ။ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ “အို ဘုရားသခင်၊ ကျေးဇူးပြု၍ စာတန်ကို ချည်နှောင်တော်မူပါ၊ ကျေးဇူးပြု၍ စာတန်၏ ပါးစပ်ကို ပိတ်တော်မူပါ၊ လူတို့ကို အထင်အမြင်မှားစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဖြန့်ဝေခြင်းမှ သူ့ကို တားဆီးတော်မူပါ။ ကျေးဇူးပြု၍ ထိုအသိဉာဏ်မဲ့ပြီး စဉ်းစားဉာဏ်မဲ့သောလူတို့ကို ကယ်တင်တော်မူပါ၊ အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို မခံရစေရန် ၎င်းတို့ကို တားဆီးတော်မူပါ။ အို ဘုရားသခင်၊ ကျေးဇူးပြု၍ ၎င်းတို့ကို ပြန်လည်ခေါ်ဆောင်တော်မူပါ” ဟု ဆက်လက်ဆုတောင်းနေကြသည်။ ဆုတောင်းရုံသက်သက်နှင့် သမ္မာတရားကို မရှာဖွေခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်သလော။ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မိမိတို့၏ တာဝန်ကို မထမ်းဆောင်ပါက အသုံးမဝင်ပေ။ လူတို့ လုပ်ဆောင်သင့်သည့် အမှုအရာများစွာ ရှိသည်။ ပထမဦးစွာ ဤအန္တိခရစ် မည်သို့သော နောက်ခံအခြေအနေမျိုးရှိသည်၊ မည်သည့်လက္ခဏာများကို ပြသသည်၊ လူတို့ကို အထင်အမြင်မှားစေရန် မည်သည့်အရာကို အားကိုးသည်တို့ကို ၎င်းတို့ ကြည့်ရှုသင့်သည်၊ အထင်အမြင်မှားစေခြင်းခံရသူများထဲတွင် သမ္မာတရားကို လက်ခံနိုင်သည့် အစွမ်းအစကောင်းသူများ ရှိမရှိကိုလည်း ကြည့်ရှုသင့်ပြီး ထိုသူတို့ကို ပြန်ရရန် အလျင်အမြန် လုပ်ဆောင်သင့်သည်။ ဤသည်မှာ ဦးစွာလုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ သို့သော် ဤအသင်းတော်ခေါင်းဆောင်များသည် ဤအရာကို မသိသကဲ့သို့ ဤနည်းလမ်းဖြင့် မည်သို့အလုပ်လုပ်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် တွေဝေသွားပြီး စိုးရိမ်ပူပန်မှုဖြင့် ခြေဆောင့်ကြသည်။ အချို့သော အသုံးမကျသူများသည် စိုးရိမ်ပူပန်မှုကြောင့် ငိုပင်ငိုကြွေးကြသည်။ ငိုကြွေးခြင်းက မည်သို့ အသုံးဝင်သနည်း။ ငိုကြွေးခြင်းက အထင်အမြင်မှားစေခြင်းခံရသူများကို ပြန်ရနိုင်သလော။ ငိုကြွေးခြင်းသည် အလုပ်လုပ်ခြင်းမဟုတ်သကဲ့သို့ သင်၌ ဝန်တာတစ်ခုရှိသည်ကိုလည်း ကိုယ်စားမပြုပေ။ ယင်းမှာ အရည်အချင်းမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အစွမ်းအစရှိသူများသည် ထိုသို့သော ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ ဦးစွာ စိတ်တည်ငြိမ်အောင် ထားကြသည်။ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ ဆန်းစစ်ခြင်းနှင့် သုံးသပ်ဆုံးဖြတ်ခြင်း၊ ထို့နောက် မိတ်သဟာယဖွဲ့ခြင်းတို့ပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခုကို ချကြသည်။ အစွမ်းအစညံ့ဖျင်းသူများသည် ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ မည်သို့မျှ မတတ်နိုင်တော့ပေ၊ ၎င်းတို့သည် ဆုတောင်းရန်နှင့် ရှာဖွေရန် မသိသကဲ့သို့ သမ္မာတရားကို နားလည်သော လူအနည်းငယ်ကို ရှာဖွေပြီး မိတ်သဟာယဖွဲ့ရန်လည်း မသိကြပေ၊ ၎င်းတို့သည် ဘာသိဘာသာဖြင့် စောင့်ဆိုင်းနေကြသည်။ ဤသည်မှာ ကိစ္စရပ်များကို အများဆုံး နှောင့်နှေးစေလေသည်။ သင်၌ ဖြေရှင်းနည်းမရှိသော်လည်း အခြားသူများ၌ ရှိကောင်းရှိနိုင်သည်၊ အဘယ်ကြောင့် အခြားသူများကို ရှာဖွေပြီး အကူအညီမတောင်းသနည်း။ ဉာဏ်ကောင်းသူများသည် စောင့်ဆိုင်းနေစဉ်မှာပင် မိမိတို့၏ တာဝန်နှင့် တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် မမေ့ကြပေ။ ဤတာဝန်နှင့် တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် အလျင်ဦးအောင် လှုပ်ရှားခြင်း ဖြစ်သည်၊ ဘာသိဘာသာဖြစ်ခြင်း မဟုတ်ချေ။ ယင်းမှာ ဘုရားသခင် အမိန့်များချမှတ်ရန် သို့မဟုတ် အခြေအနေကို ပြောင်းလဲဖို့ ဘုရားသခင် ကိုယ်တိုင် အလုပ်လုပ်ရန် စောင့်ဆိုင်းနေခြင်း မဟုတ်ပေ။ ထိုအစား စောင့်ဆိုင်းနေသည့် ကာလအတွင်း ပြန်လည်ရရှိနိုင်သူများကို ပြန်လည်ရရှိရန် ကြိုးပမ်းမှုတိုင်းကို ပြုလုပ်ခြင်းဖြစ်သည်။ ပြန်လည်မရရှိနိုင်သူများဖြစ်သည့် နားဝေတိမ်တောင်ဖြစ်သော စဉ်းစားဉာဏ်မဲ့သူများ၊ ဝိညာဉ်ဆိုးများ ပူးကပ်ခြင်းခံရသူများနှင့် ဘုရားသခင်ကို ရေလိုက်ငါးလိုက် ယုံကြည်ပြီး ဝမ်းရေးအတွက်သာ ယုံကြည်ကြသော မယုံကြည်သူများကဲ့သို့သော သူများကိုမူ အရေးစိုက်ရန် မလိုအပ်ပေ။ အကျိုးအပြစ် မမြင်နိုင်အောင် ဖြစ်စေခြင်း မခံရသေးသူများအတွက်မူ တစ်စုံတစ်ဦးကို သမ္မာတရား မိတ်သဟာယဖွဲ့ရန်နှင့် အန္တိခရစ်ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း ပြောဆိုရန် အလျင်အမြန် စီစဉ်ရမည်။ ဤသည်မှာ အခြေအနေကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု မဟုတ်လော။ ဤသည်မှာ တုံ့ပြန်သည့် လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသူများတွင် ထိုသို့သော တုံ့ပြန်သည့် လုပ်ဆောင်မှုများ မရှိပေ၊ ၎င်းတို့သည် ငိုရန်နှင့် ညည်းညူရန်သာ သိကြသည်။ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သာမန်အခြေအနေများတွင် လူတစ်ဦးသည် ပုံမှန်အလုပ်လုပ်နိုင်သော်လည်း အထူးအခြေအနေများနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မှင်တက်သွားပြီး မည်သို့မျှ မတတ်နိုင်တော့ပါက ဤလူစားမျိုး၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းသည် အများဆုံးမှာ သာမန်သာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သာမန်အခြေအနေများကိုပင် မကိုင်တွယ်နိုင်ပါက ဤလူစားမျိုးတွင် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း မရှိပေ။ ဥပမာအားဖြင့် ၎င်းတို့ကို အသင်းတော်ခေါင်းဆောင်တစ်ဦး ရွေးကောက်ပွဲကို စီစဉ်ရန် အသင်းတော်တစ်ခုသို့ စေလွှတ်ပါက ၎င်းတို့သည် မည်သို့သော လူစားမျိုးကို ရွေးချယ်ရမည်ကို သို့မဟုတ် လူတို့ကို မည်သို့စုစည်းပြီး ရွေးကောက်ပွဲကို စီစဉ်ရမည်ကို မသိကြပေ။ ၎င်းတို့သည် ရွေးကောက်ပွဲများအတွက် အခြေခံလုပ်ထုံးလုပ်နည်းများကိုပင် နားမလည်ကြပေ။ ထို့အပြင် အသင်းတော်၌ ပြင်းထန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသော လူအချို့ ရှိသည်၊ ၎င်းတို့သည် အနိုင်ကျင့်သူများ၊ လူရမ်းကားများနှင့် ကလိမ်ကကျစ်များ အမျိုးအစားတွင် ပါဝင်ကြပြီး ဤလူတို့သည် ရွေးကောက်ပွဲကို အဖျက်အမှောင့်လုပ်ရန် အခွင့်အရေးကို အသုံးချကြသည်။ ဤသို့သော အခြေအနေမျိုးတွင် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများသည် ယင်းကို ပို၍ပင် ကိုင်တွယ်နိုင်စွမ်း မရှိဘဲ ၎င်းတို့သည် အဖမ်းခံရပြီး လက်နက်ချလိုက်ရုံသာ ဖြစ်သည်။ အဆုံးတွင် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို “သင်တို့ကိုယ်တိုင် ရွေးချယ်ကြလော့။ သင်တို့ ရွေးချယ်သူ မည်သူ့ကိုမဆို ငါတို့ လက်ခံမည်” ဟုသာ ပြောနိုင်သည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အသုံးမကျသူများ မဟုတ်လော။ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများတွင် အလုပ်လုပ်နိုင်စွမ်းလည်း ကင်းမဲ့သည်။ ပုံမှန်အခြေအနေများတွင်ဖြစ်စေ၊ အထူးအခြေအနေများတွင်ဖြစ်စေ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ခွေကျသွားပြီး နောက်ဆုတ်သွားကြသည်၊ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် မည်သို့မျှ မတတ်နိုင်တော့ဘဲ ငိုကြွေးကြသည်။ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ ၎င်းတို့သည် စကားလုံးအနည်းငယ်နှင့် အယူဝါဒများကို ပြောနိုင်သော်လည်း တစ်စုံတစ်ခု ဖြစ်ပျက်ပြီး ပြဿနာတစ်ခုကို ကိုင်တွယ်ရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့ မလုပ်ဆောင်နိုင်တော့ပေ။ ဥပမာအားဖြင့် အချို့သူများ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့်အခါ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများသည် ၎င်းတို့နှင့် “ကျေးဇူးပြုပြီး ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ပါနှင့်၊ ကျေးဇူးပြုပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပါ” ဟု ဆွေးနွေးရန်သာ သိကြသည်။ ဤသည်မှာ ထိုသူတို့၏ ပြဿနာကို ဖြေရှင်းနိုင်သလော။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း ပြဿနာနှင့်ပတ်သက်၍ ထိုသူများနှင့် မိတ်သဟာယဖွဲ့သင့်သည်။ ထိုသူများသည် သမ္မာတရားကို နားမလည်ဘဲ မိမိတို့၏ ပြဿနာကို အသိအမှတ်မပြုနိုင်ပါက ၎င်းတို့သည် သမ္မာတရားကို ထိုသူတို့နှင့် မိတ်သဟာယဖွဲ့သင့်သည်။ ထိုသူများသည် မှားမှန်းသိလျက်နှင့် ဤနည်းလမ်းအတိုင်း ပြုမူပါက ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပြုပြင်သင့်သည်။ အခြားပြဿနာတစ်ခုခုကြောင့် ဖြစ်ပါက ၎င်းတို့သည် ထိုပြဿနာကို အခြေခံ၍ မိတ်သဟာယဖွဲ့သင့်သည်။ ပေါ်ပေါက်လာသော ပြဿနာအမျိုးအစားကို အခြေခံ၍ သင့်လျော်သော လုပ်ဆောင်မှုလမ်းစဉ်တစ်ခုကို ၎င်းတို့ ဆုံးဖြတ်သင့်ပြီး ထို့နောက် ထိုအတိုင်း လုပ်ဆောင်သင့်သည်။ သင်သည် ဤသို့ မလုပ်ဆောင်နိုင်ပါက အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သည်။ သင်နားလည်သလော။ (နားလည်ပါသည်။) သင်သည် မည်သည့်ကိစ္စရပ်နှင့် ကြုံတွေ့ရသည်ဖြစ်စေ ဖြေရှင်းနည်းမရှိ၊ ယင်းကို ကိုင်တွယ်ရန် နည်းလမ်းမရှိ၊ ယင်းကို ကိုင်တွယ်ရန် စည်းမျဉ်းများမရှိပါက သင်သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သည်။ ထိုသို့သော လူများသည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း အညံ့ဖျင်းဆုံး မရှိကြသလော။ (ဟုတ်ပါသည်။)
အမှုအရာများကို တုံ့ပြန်နိုင်စွမ်း အကောင်းဆုံးရှိသူများမှာ အချို့သော အထူးကိစ္စရပ်များ သို့မဟုတ် ရုတ်တရက် အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို အချိန်မီ သုံးသပ်ဆုံးဖြတ်ပြီး ပိုင်းခြားသိမြင်နိုင်ကာ ယင်းတို့ကို ကိုင်တွယ်ရန် အတော်အတန် သင့်လျော်သော အစီအစဉ်များကို ထုတ်ပေးနိုင်သူများ ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း သာမန်ရှိသူများသည် သာမန်၊ ပုံမှန်ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ကိုင်တွယ်နိုင်သည်။ ၎င်းတို့သည် အခြေအနေကို ထိန်းသိမ်းရန်နှင့် စီမံခန့်ခွဲရန် သို့မဟုတ် လူများကို အလုပ်တာဝန်ပြောင်းပေးရန်နှင့် ဖြုတ်ချရန် လုပ်ထုံးလုပ်နည်းများအတိုင်း အလုပ်လုပ်နိုင်သည်၊ ဤအလုပ်မျိုးကို လုပ်ဆောင်ရာတွင် ၎င်းတို့ အတော်အသင့် လုပ်ဆောင်နိုင်သည်။ သို့သော် ရုတ်တရက် အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို မကိုင်တွယ်နိုင်တော့ပေ။ စည်းမျဉ်းများကို ၎င်းတို့အား ပြောပြလျှင်ပင် ၎င်းတို့သည် ယင်းတို့ကို မကျင့်သုံးနိုင်ပေ၊ ၎င်းတို့အား အခွင့်အာဏာပေးပြီး ကိစ္စရပ်ကို ကိုင်တွယ်ရန် တောင်းဆိုလျှင်ပင် ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်နိုင်သေးပေ။ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း သာမန်ရှိခြင်း ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ညံ့ဖျင်းသူများသည် လုပ်ရိုးလုပ်စဉ် ကိစ္စရပ်များကိုပင် ကောင်းစွာ မကိုင်တွယ်နိုင်ပေ။ ၎င်းတို့သည် အယူဝါဒများကို ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖက်တွယ်ထားရန်တို့ကိုသာ သိကြပြီး အဆုံးတွင် ပြဿနာ၏ အကြောင်းရင်းခံမှာ လုံးဝ ဖြေရှင်းပြီးခြင်းမရှိပေ။ အန္တိခရစ်တစ်ဦးက နှောင့်ယှက်မှုများဖြစ်စေပြီး လူတို့ကို အထင်အမြင်မှားစေခြင်းသည် ၎င်းတို့အား ဧဝံဂေလိ တရားဟောခြင်းကို စွန့်လွှတ်စေရန် လုံလောက်သည်၊ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက အဓိပ္ပာယ်မရှိသော စကားများပြောဆိုခြင်းသည်လည်း ၎င်းတို့အား ဧဝံဂေလိအလုပ်ကို ရပ်တန့်စေရန် လုံလောက်သည်။ ဤလူတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သူများ ဖြစ်ကြသလော။ ၎င်းတို့သည် ဤအဆင့်မမီပေ။ ထိုသို့သော လူများ၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းသည်။ မည်သို့သော အခြေအနေ ပေါ်ပေါက်သည်ဖြစ်စေ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ညံ့ဖျင်းသူများသည် ယင်းကို မကိုင်တွယ်နိုင်ပေ။ ဥပမာအားဖြင့် အခန်းတစ်ခန်းတွင် မီးလောင်ပါက ၎င်းတို့သည် ထိတ်လန့်သွားပြီး မီးသတ်ဆေးဘူးကို အလျင်အမြန် ရှာဖွေကြသည်။ မီးသတ်ဆေးဘူးကို တွေ့ပြီးနောက် ၎င်းတို့သည် ယင်းကို မည်သို့အသုံးပြုရမည်ကို မသိဘဲ ညွှန်ကြားချက်များကို ရှာဖွေရသည်။ ရလဒ်အနေဖြင့် မီးသည် ပိုကြီးလာသည်။ ဤသည်မှာ ၎င်းတို့သည် မီးသတ်ဆေးဘူးကို မည်သို့အသုံးပြုရမည်ကို မသိဘဲ ထိုသို့ဖြင့် အမှုအရာများကို နှောင့်နှေးစေသောကြောင့် ဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ၎င်းတို့သည် မီးလောင်ခြင်းကဲ့သို့သော အရေးပေါ်အခြေအနေကိုပင် မဖြေရှင်းနိုင်ပေ၊ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ နောက်ဥပမာတစ်ခုပေးရလျှင် ကလေးတစ်ဦး အစာစားရင်း နင်သွားပြီး အသက်မရှူနိုင်ဘဲ မျက်ဖြူဆိုက်သွားပါက ဤလူတို့သည် ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် ကလေးကို ဆေးရုံသို့ ခေါ်သွားသင့်ခြင်း ရှိမရှိကို မသိသကဲ့သို့ ကလေးကို ရေတိုက်သင့်ခြင်း ရှိမရှိကိုလည်း မသိကြပေ။ ၎င်းတို့သည် အလွန်စိုးရိမ်ပူပန်သောကြောင့် ချွေးပြန်ပြီး မျက်နှာနီမြန်းလာသော်လည်း မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ခဏအကြာတွင် ကလေးသည် အကြိမ်အနည်းငယ် ချောင်းဆိုးပြီး နောက်ဆုံးတွင် အသက်ပြန်ရှူနိုင်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ထိတ်လန့်နေခဲ့သော်လည်း ပြဿနာကို ဖြေရှင်းရန် ဖြေရှင်းနည်းမရှိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် ကလေးသည် ကံကောင်းသွားသည်။ သို့တည်းမဟုတ်ပါက ထိုကလေးသည် သူတို့လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။ အစွမ်းအစညံ့ဖျင်းသူများတွင် မည်သည့်စွမ်းရည်မျှ လုံးဝမရှိဘဲ မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့ နားလည်သော အယူဝါဒအနည်းငယ်မှာ စည်းမျဉ်းစည်းကမ်းများနှင့် ကြွေးကြော်သံများထက် မပိုပေ။ ပုံမှန်အခြေအနေများနှင့် အထူးအခြေအနေများ နှစ်မျိုးစလုံးနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းတို့ကို ကိုင်တွယ်ရန် သို့မဟုတ် ဖြေရှင်းရန် အရည်အချင်းမမီကြသည်မှာ တစ်ပုံစံတည်းဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လူများသည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း လုံးဝကင်းမဲ့နေသည်၊ ၎င်းတို့တွင် တစ်ခုမျှမရှိပေ။ မည်သည့်အခြေအနေနှင့် ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မတုံ့ပြန်နိုင် သို့မဟုတ် မကိုင်တွယ်နိုင်ပေ၊ ၎င်းတို့သည် ဤကိစ္စရပ်များကို နားမလည်နိုင်ပေ။ ၎င်းတို့သည် စကားလုံးအနည်းငယ်နှင့် အယူဝါဒများကို ပြောဆိုနိုင်ခြင်း၊ ကြွေးကြော်သံအချို့ကို ဟစ်ကြွေးနိုင်ခြင်းသည် လုံလောက်သည်ဟု ထင်ကြသည်၊ ယင်းက ၎င်းတို့တွင် အသက်ရှင်ရန် အရင်းအနှီးရှိပြီး ပြည့်စုံနေသည်ဟု ထင်ကြသည်။ လက်တွေ့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သိသော အယူဝါဒများသည် လုံးဝ အသုံးမဝင်ပေ။ သို့ဖြစ်လျက်ပင် ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ထင်ဟပ်ကြောင်း ၎င်းတို့ မသိရှိနိုင်ပေ။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသော်လည်း ၎င်းတို့ကိုယ်တိုင် မသိရှိကြပေ။ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများသည် စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) စဉ်းစားဉာဏ်မဲ့သောလူများသည် အသိဉာဏ်မပြည့်ဝပေ။ “အသိဉာဏ်မပြည့်ဝ” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ မည်မျှသော အယူဝါဒများကို နားလည်သည်ဖြစ်စေ၊ မည်မျှသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သည်ဖြစ်စေ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အယူဝါဒများထဲမှ တစ်ခုမျှသည် အမှန်တကယ်ဖြစ်သော ပြဿနာကို မဖြေရှင်းနိုင်ဟု ဆိုလိုသည်။ သို့တိုင်အောင် ၎င်းတို့သည် ဤအရာကို နားမလည်နိုင်သေးဘဲ “အဘယ်ကြောင့် ဤအယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများက အချည်းနှီးဖြစ်ရသနည်း” ဟု တွေးတောနေကြသည်။ ၎င်းတို့ ဦးနှောက်ခြောက်အောင် စဉ်းစားလျှင်ပင် အသုံးမဝင်ပေ၊ မည်သို့ပင် စဉ်းစားသည်ဖြစ်စေ ပြဿနာကို မည်သို့ကိုင်တွယ်ရမည် သို့မဟုတ် ဖြေရှင်းရမည်ကို ၎င်းတို့ မသိရှိသေးပေ။ အချို့လူများသည် အန္တိခရစ်ဖြစ်ရပ်များကို ကိုင်တွယ်သည့်အခါ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသူများကို ဦးစွာ မကယ်တင်သကဲ့သို့ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကြောင့် အပျက်သဘောဆောင်ပြီး စုဝေးရန် မလိုလားတော့သူများကိုလည်း မပံ့ပိုးကြပေ။ ၎င်းတို့ ဦးစွာ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် အန္တိခရစ်များ မည်သည့်သရုပ်သကန်များ ရှိသည်၊ မည်သို့သော လူစားမျိုးများသည် အန္တိခရစ်များဖြစ်သည်၊ အန္တိခရစ်များနှင့် အန္တိခရစ်များ၏ စိတ်သဘောထားရှိသူများကြား ခြားနားချက်များ၊ အန္တိခရစ်များကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်ရမည်၊ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသူများကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်ရမည်တို့ကို ပြောဆိုရန် ကြီးမားသော စုဝေးပွဲများကို ကျင်းပကြသည်၊ ဤအရာအားလုံးကို ၎င်းတို့ မိတ်သဟာယဖွဲ့ပြီးချိန်တွင် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသော လူအချို့သည် အသင်းတော်မှ ထွက်ခွာသွားကြပြီးဖြစ်ကာ အပျက်သဘောဆောင်ပြီး အားနည်းသော အချို့သည် စုဝေးပွဲများကို မတက်ရောက်တော့ပေ။ ၎င်းတို့သည် ဤလူတို့ကို ကယ်တင်ရန် အကောင်းဆုံးအချိန်ကို လွဲချော်ခဲ့ကြပြီး ၎င်းတို့အား အမှန်တကယ် ကြီးစွာသော ထိခိုက်မှုကို ဖြစ်စေခဲ့သည်တကား။ အချုပ်အားဖြင့် ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် အမှုအရာများကို ၎င်းတို့၏ တုံ့ပြန်နိုင်စွမ်း၌လည်း အားအနည်းဆုံး ဖြစ်၏။ ၎င်းတို့သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း လုံးဝ ကင်းမဲ့နေသည်။ လူတစ်ဦး ပုံမှန်အခြေအနေများအောက်တွင် မည်မျှ စကားပြောကောင်းသည်၊ စကားလုံးများနှင့် အယူဝါဒများကို မည်မျှ ကောင်းစွာ ပြောဆိုနိုင်ပြီး ဓမ္မပညာအကြောင်း ပြောဆိုနိုင်သည်ကို ကြည့်မည့်အစား အမှန်တကယ်ဖြစ်သော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့တွင် ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း ရှိမရှိကိုသာ ကြည့်လော့၊ အထူးသဖြင့် ရုတ်တရက် ဖြစ်ရပ်များ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမရှိ၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်များ ရှိမရှိကို ကြည့်လော့။ ၎င်းတို့တွင် ရှိပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များရှိပြီး အမှုအရာများကို မည်သို့စဉ်းစားရမည်ကို သိသူတစ်ဦးဖြစ်ကြောင်း သက်သေပြသည်။ သို့သော် ၎င်းတို့တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့ပြီး တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ထိတ်လန့်ပြီး စိုးရိမ်ပူပန်လာကာ ကြီးကျယ်သော အယူဝါဒများကို ပြောဆိုပြီး ကြွေးကြော်သံများကို ဟစ်ကြွေးရုံသာ တတ်နိုင်ပါက ဤလူသည် ပြဿနာများကို မဖြေရှင်းနိုင်ဘဲ အသုံးမကျသူတစ်ဦး ဖြစ်သည်။ အခြားသူတစ်ဦးတွင် မည်မျှသော အခက်အခဲများ၊ ပြဿနာများ သို့မဟုတ် ချို့ယွင်းချက်များ ရှိသည်ဖြစ်စေ ဤလူသည် ၎င်းတို့ကို ရှင်းပြရန်နှင့် ဖြေရှင်းရန် တူညီသော သဘောတရားအစုတစ်ခုကို အသုံးပြုပြီး ဤနည်းလမ်းဖြင့် ၎င်းတို့နှင့် ဆက်လက် မိတ်သဟာယဖွဲ့နေသော်လည်း ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ပေ၊ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း လုံးဝကင်းမဲ့ခြင်း ဖြစ်သည်။ ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း ကင်းမဲ့ခြင်းသည် အတိအကျအားဖြင့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများသည် အစွမ်းအစ ကင်းမဲ့သည်။ အရပ်သုံးစကားနှင့်ပြောရလျှင် ၎င်းတို့သည် စဉ်းစားဉာဏ်မဲ့သောသူများ၊ ဉာဏ်ရည်မမီသူများနှင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများ ဖြစ်ကြသည်။ ၎င်းတို့ မည်မျှသော အယူဝါဒများကို ပြောဆိုနိုင်သည်ဖြစ်စေ အသုံးမဝင်ပေ၊ ယင်းတို့ကို အသုံးချ၍မရနိုင်ပေ။ ဤသည်မှာ ရှစ်ခုမြောက် စွမ်းရည်ဖြစ်သည့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းအပေါ် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ခြင်း ဖြစ်သည်။