သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း ခြောက်

အချက် ၉- ဆုံးဖြတ်ချက်ချနိုင်စွမ်း

ယခု နဝမမြောက်စွမ်းရည်ဖြစ်သည့် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ကြည့်ကြစို့။ ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် လူတစ်ဦး၏ အစွမ်းအစကို အလွန်အမင်း စမ်းသပ်သည်။ သာမန်လူတွင် ယင်းမရှိပေ။ ဆုံးဖြတ်ချက်ချနိုင်ခြင်းနှင့်ဆိုင်သော အစွမ်းအစနှင့် စွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်သူများသည် ဆုံးဖြတ်ချက်ချသည့် အဆင့်တွင်ရှိသော သူများဖြစ်ကြသည်။ သို့ဆိုလျှင် ဆုံးဖြတ်ချက်ချနိုင်စွမ်းက အဓိကအားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ ၎င်းမှာ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာပြီး လူအများစုက ယင်းတို့ကို ထိုးထွင်းမမြင်နိုင်သည့်အခါ အချို့သောသူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အခြေခံ၍ အမျိုးမျိုးသော ပြဿနာများကို ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်နိုင်ခြင်း၊ အမျိုးမျိုးသော လူတို့ကို ကိုင်တွယ်နိုင်ခြင်းကို ရည်ညွှန်းသည်။ ပြဿနာများကို ကိုင်တွယ်နိုင်သည့် ဤစွမ်းရည်ကို ဆုံးဖြတ်ချက်ချနိုင်စွမ်းဟု ခေါ်သည်။ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းရှိသူတို့၌ ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်။ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းမရှိသူတို့၌မူ ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းတို့ ပါဝင်သည်။ ဤအရာများကို စုပေါင်း၍ ဆုံးဖြတ်ချက်ချနိုင်စွမ်းဟု ခေါ်သည်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူတို့သည် ပြဿနာများ၏ အနှစ်သာရကို ပိုင်းခြားသုံးသပ်နိုင်သကဲ့သို့ ပြဿနာများ၏ လက္ခဏာများကိုလည်း ပိုင်းခြားသိမြင်နိုင်သည်။ ဟုတ်ပေသည်၊ ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် အမျိုးမျိုးသော ပြဿနာများကို ကိုင်တွယ်ရန်အတွက် စည်းမျဉ်းများနှင့် လားရာကို ဆုပ်ကိုင်ထားနိုင်သည်။ ဤအရာများကို လုပ်ဆောင်နိုင်သူများသာလျှင် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် လူတိုင်းက ဖြစ်စဉ်များ၊ အချက်အလက်များအပြင် တည်ရှိနေသော အကြောင်းအချက်များ၊ အခြေအနေများ၊ အခြေအနေအရပ်ရပ် စသည်တို့ များစွာကို တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြသည် ဆိုကြပါစို့။ အထက်တွင်ဖော်ပြခဲ့သော အမျိုးမျိုးသော အကြောင်းအချက်များနှင့် အခြေအနေများကို အခြေခံ၍ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူတို့သည် မည်သို့အတိအကျ ပြုမူရမည်၊ လုပ်ဆောင်မှု၏ နည်းလမ်းနှင့် လားရာသည် မည်သို့ဖြစ်သင့်သည်၊ အကောင်းဆုံး ရောက်ရှိနိုင်သည့်အဆင့်မှာ အဘယ်နည်း၊ အနိမ့်ဆုံး လက်ခံနိုင်သည့်အဆင့်မှာ အဘယ်နည်းတို့ကို နောက်ဆုံးတွင် ဆုံးဖြတ်ကြသည်၊ ယင်းတို့တွင် အခြေခံစည်းတစ်ခု ရှိသည်။ ထို့နောက် ၎င်းတို့နားလည်သော သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပြဿနာများကို ကိုင်တွယ်ကြသည်။ ဤစွမ်းရည်ရှိသူများသည် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသူများဖြစ်ပြီး ထိုသို့သောလူများသည် အကောင်းဆုံးသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ၎င်းတို့ရင်ဆိုင်ရသည့် မည်သည့်အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုမျိုးဖြစ်စေ၊ ၎င်းတို့ဖြေရှင်းဆောင်ရွက်နေသည့် မည်သည့်ပြဿနာမျိုးဖြစ်စေ၊ ထို့ပြင် တွေ့ရှိရသော ပြဿနာသည် ဘက်တစ်ခုပါသည်ဖြစ်စေ၊ ဘက်ပေါင်းစုံသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ၊ ရှုပ်ထွေးသည်ဖြစ်စေ၊ ၎င်းတို့သည် ရှုထောင့်ပေါင်းစုံမှ ပေါ်ထွက်လာသော အမျိုးမျိုးသော သတင်းအချက်အလက်များကို အသုံးပြု၍ ပြဿနာ၏ အနှစ်သာရကို ပိုင်းခြားသုံးသပ်နိုင်ပြီး ထို့နောက် ပြဿနာ၏ အကြောင်းရင်းခံကို ဆန်းစစ်ကာ အဆုံးတွင် ပြဿနာနှင့် တည်ရှိနေသော အခြေအနေများကို အခြေခံ၍ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်နိုင်သည်။ ဤဆုံးဖြတ်ချက်ကို တည်ရှိနေသော အခြေအနေများအောက်တွင် ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာကို အဓိကအားဖြင့် အခြေခံ၍ ချမှတ်ခြင်းဖြစ်ပြီး ၎င်းတို့ဆုံးဖြတ်သည့် လုပ်ဆောင်မှုလမ်းကြောင်းသည် အကောင်းဆုံးသော ဖြေရှင်းနည်းဖြစ်သည်။ ဤနည်းလမ်းဖြင့် ပြဿနာများကို ကိုင်တွယ်နိုင်သူများသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ ဤသို့သော ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသူများသည် အလွန်ကောင်းမွန်သော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသာလျှင် ခေါင်းဆောင်များဖြစ်ရန် သင့်တော်ပြီး ဆုံးဖြတ်ချက်ချသည့်အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် သင့်တော်သည်။ ညံ့ဖျင်းသော အစွမ်းအစ သို့မဟုတ် သာမန် အစွမ်းအစရှိသူများသည် မည်သည့်ပြဿနာမျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်ကိုယ်၌တွင်သာ မိမိတို့ကိုယ်ကို ဘောင်ခတ်ထားနိုင်ပြီး အပေါ်ယံစကားအချို့ကိုသာ ပြောဆိုနိုင်ကာ ပြဿနာကို လုံးဝ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အခြားသူများနှင့် တိုင်ပင်ပြီး ကိစ္စရပ်ကို စုံစမ်းစစ်ဆေးလျှင်ပင် နောက်ဆုံးတွင် တိတိပပ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို မရရှိနိုင်သေးဘဲ မည်သို့ပြုမူရမည်ကို မသိကြပေ။ ဤသည်မှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ လက်ရှိအခြေအနေ မည်မျှပင် ရှုပ်ထွေးသည်ဖြစ်စေ သို့မဟုတ် လက်ရှိ ကိုင်တွယ်ရန်လိုအပ်သော ပြဿနာသည် မည်မျှပင် ခက်ခဲနိုင်ပြီး ထိုသို့လုပ်ဆောင်ရာတွင် မည်မျှကြီးမားသော အဟန့်အတားကို ကြုံတွေ့နိုင်သည်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများသည် စည်းမျဉ်းများနှင့်အညီ ယင်းကို သင့်တော်စွာ ကိုင်တွယ်နိုင်ပြီး ၎င်းတို့၏ ကိုင်တွယ်မှုသည် အတော်အတန် သင့်လျော်ပြီး စိတ်ချရသည်။ ထိုသို့သောလူများသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ သာမန် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများသည် သာမန်အခြေအနေများနှင့် အသင်းတော်တွင် အဖြစ်များသော အဖြစ်အပျက်အချို့ကို ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ကိုင်တွယ်နိုင်သည်။ သို့သော် ၎င်းတို့သည် အချို့သော အထူးလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံတွေ့ရလျှင် မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ မည်သို့ကိုင်တွယ်ရမည်ကိုဖြစ်စေ မသိဘဲ စိတ်ရှုပ်ထွေးသွားကြသည်။ များစွာစဉ်းစားပြီးနောက်တွင်ပင် ၎င်းတို့သည် တိတိပပ ဝေဖန်သုံးသပ်မှုတစ်ခုကို မပြုလုပ်နိုင် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်သေးပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများသည် ပြဿနာ၏ အဓိကသော့ချက်ကို ပစ်မှတ်ထား၍ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် သိကြသည်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိသူများမှာမူ ပြဿနာ၏ အဓိကသော့ချက်သည် မည်သည့်နေရာတွင် ရှိသည်၊ မည်သို့ရှာဖွေရမည် သို့မဟုတ် မည်သည့်အရာကို ရှာဖွေရမည်ကို မသိကြပေ။ ဤသည်မှာ ၎င်းတို့ကြားရှိ ကွာခြားချက်ဖြစ်သည်။ ရှာဖွေခြင်းမှတစ်ဆင့် အဘယ်အရာလုပ်ဆောင်ရမည်ကို သိလာပါက ဤသည်မှာ ၎င်းတို့တွင် သာမန် အစွမ်းအစရှိကြောင်းကို ညွှန်ပြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများအတွက်မူ ၎င်းတို့သည် ရှာဖွေခြင်းမှတစ်ဆင့် သမ္မာတရား စည်းမျဉ်းအချို့ကို နားလည်လာပြီး ထိုကိစ္စကို မည်သို့ကိုင်တွယ်ရမည်ကို သိသည်ဟု ထိုအချိန်တွင် ခံစားရလျှင်ပင် ယင်းကို ကိုင်တွယ်ရမည့်အချိန် ရောက်သည့်အခါ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်နိုင်သေးပေ။ ၎င်းတို့သည် “ငါ ယခုလေးတင် နားလည်ခဲ့သည့် သမ္မာတရား စည်းမျဉ်းများကို အဘယ်ကြောင့် အသုံးမချနိုင်ရသနည်း။ ငါ အဘယ်အရာများ လိုနေသနည်း” ဟု ဦးနှောက်ခြောက်သွားကြသည်။ တစ်ဖန် ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားကြပြီး အဆုံးတွင် ပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ဤသည်မှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်၊ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစရှိခြင်း ဖြစ်သည်။ အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသူများသည် သင်ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ သင်က ၎င်းတို့အား အဘယ်အရာလုပ်ဆောင်ရမည်ကို မပြောလျှင် ၎င်းတို့သည် မည်သို့ပြုမူရမည်ကို မသိကြပေ။ ဆုံးဖြတ်ချက်ချသည့်အဆင့်ရှိ လူများက ၎င်းတို့အား တာဝန်တစ်ခုကို ဆောင်ရွက်ရန် အခွင့်အာဏာပေးပြီး တာဝန်ပေးစေခိုင်းသည့်အခါ သို့မဟုတ် ညွှန်ကြားသည့်အခါ ၎င်းတို့သည် ခိုင်းစေခံရသည့်အတိုင်းသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် ထိုတာဝန်ကို အဘယ်ကြောင့် ထိုနည်းလမ်းအတိုင်း အတိအကျ လုပ်ဆောင်ရသည်၊ ထိုတာဝန်က မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည် သို့မဟုတ် မူလအခြေအနေနှင့် ကွဲပြားသော မမျှော်လင့်ထားသည့် အခြေအနေများ ပေါ်ပေါက်လာပါက အဘယ်အရာလုပ်ဆောင်ရမည်နှင့် မည်သို့ကိုင်တွယ်ရမည်ဟူသည့် ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့မသိဘဲ မေးမြန်းရပြီး အခြားသူများက ပြဿနာကို ဖြေရှင်းပေးရန် စောင့်ဆိုင်းရသည်။ ဤသည်မှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် စက်ရုပ်များကဲ့သို့ ဖြစ်သည်၊ ၎င်းတို့ကို အခြားသူများကသာ ကြိုးကိုင်ညွှန်ကြားပြီး ထိန်းချုပ်နိုင်ကာ ၎င်းတို့တွင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ အစွမ်းအစမရှိသော ဤသို့သောလူတစ်ဦးအတွက် ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် ပြောစရာပင်မရှိပေ၊ ၎င်းတို့သည် ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် အလွန်ကွာဝေးပြီး ဤစွမ်းရည်ကို လုံးဝ စံမမီကြပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို အမြင့်၊ အလတ်၊ အနိမ့် ဟူ၍ အဆင့်သုံးဆင့်သာ ခွဲခြားရန် လိုအပ်သည်။ အမြင့်၊ အလတ်၊ အနိမ့်သည် ကောင်း၊ သာမန်နှင့် ညံ့ဖျင်းဟူ၍ အသီးသီး သက်ဆိုင်သည်။ အစွမ်းအစမရှိသည့်လူများထံတွင် မည်သည့်ပြောပလောက်သော ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသနည်း။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ဆုံးဖြတ်ချက်များ မချနိုင်ကြပေ။ ဥပမာအားဖြင့် ဆောင်းဦးရာသီရောက်၍ ရာသီဥတု အေးမြလာသည့်အခါ မည်သည့်အရာကို ဝတ်ဆင်ရန် သင့်တော်သည်၊ ဆောင်းရာသီရောက်၍ ရာသီဥတု ချမ်းအေးလာသည့်အခါ မည်သည့်အရာကို ဝတ်ဆင်ရန် သင့်တော်သည်ကို ၎င်းတို့ အတိအကျ မသိကြပေ၊ ဤအခြေခံအကျဆုံးသော သာမန်အသိတရားကိုပင် ၎င်းတို့မပိုင်ဆိုင်ကြရာ အသင်းတော်၏ အလုပ်နှင့်သက်ဆိုင်သော အဓိကကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များချရန် ၎င်းတို့အား တောင်းဆိုခြင်းသည် ပြက်လုံးတစ်ခု မဟုတ်လော။ အစွမ်းအစမရှိသူများအတွက် ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် ပြောစရာပင်မရှိပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် အဓိကအားဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများ၏ အဆင့်ရှိသူများနှင့် သက်ဆိုင်သည်။ မြင့်မားသော ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူ အလွန်နည်းပါးသည်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွင် အခြားအဘယ်အရာ ပါဝင်သေးသနည်း။ ယင်းတွင် သင်ဆုံးဖြတ်ချက်ချခဲ့သော ကိစ္စရပ်၏ အကျိုးဆက်များ ပါဝင်သည်၊ ထိုအကျိုးဆက်များသည် လူတို့အတွက် အကျိုးရှိမရှိကိုဖြစ်စေ၊ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ရှိမရှိကိုဖြစ်စေ၊ ပြီးလျှင် ယင်းတို့သည် လူတို့ သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် စည်းမျဉ်းများအတိုင်း ပြုမူခြင်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမရှိကိုဖြစ်စေ သင်သိနားလည်ရမည်။ ဆုံးဖြတ်ချက်များချနိုင်ခြင်း၊ ပြတ်သားခြင်းနှင့် လျင်မြန်စွာ ဆုံးဖြတ်နိုင်ခြင်းသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိခြင်းနှင့် အတူတူပင် ဖြစ်သည်ဟူသည်မှာ မဟုတ်ပေ။ ယင်းမှာ သင်ဆုံးဖြတ်ခဲ့သော ဖြေရှင်းနည်း၊ ပန်းတိုင်နှင့် လားရာတို့ မှန်ကန်ခြင်း ရှိမရှိအပေါ်တွင်လည်း မူတည်သည်။ ရရှိသောရလဒ်များက အပြုသဘောဆောင်ပါက သင်သည် ဆုံးဖြတ်ချက်ချနိုင်စွမ်း အမှန်တကယ် ရှိသည်။ ရရှိသောရလဒ်များက အပျက်သဘောဆောင်ပါက၊ လူတို့ကို လမ်းလွဲစေခြင်း၊ ၎င်းတို့အား ကြီးစွာသော ဘေးဖြစ်စေခြင်း သို့မဟုတ် ၎င်းတို့ကို ပျက်စီးစေခြင်းတို့ ဖြစ်ပါက ထိုအရာသည် မည်သို့သော ဆုံးဖြတ်ချက်ချနိုင်စွမ်းမျှ မဟုတ်ပေ။ သို့ဖြစ်၍ ခေါင်းဆောင်အားလုံးနှင့် ထင်ရှားသော ပုဂ္ဂိုလ်အားလုံးတွင် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသည်၊ ခေါင်းဆောင်အားလုံးသည် အတော်အတန်မြင့်မားသော အစွမ်းအစနှင့် အတော်အတန်မြင့်မားသော ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ပိုင်ဆိုင်သည်ဟူသော လူတို့၏ ယုံကြည်ချက်သည် တိကျမှန်ကန်သော ရှုမြင်ချက်တစ်ခု မဟုတ်ပေ၊ ယင်းမှာ လုံးဝမှားယွင်းသော အယူအဆတစ်ခု ဖြစ်သည်။ သင်ချမှတ်သော ဆုံးဖြတ်ချက်များ မှန်ကန်ခြင်းရှိမရှိသည် ယင်းတို့၏ နောက်ကွယ်ရှိ စည်းမျဉ်းများ၊ ပန်းတိုင်များနှင့် လားရာတို့သည် အဘယ်အရာဖြစ်သည်ဟူသည့်အပေါ်တွင်လည်း မူတည်သည်။ ပန်းတိုင်များနှင့် လားရာတို့သည် လူသားမျိုးနွယ်အတွက် အကျိုးရှိပြီး လူတို့၏ ကျင့်ကြံပြုမူခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်း၊ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အတွက် အပြုသဘောဆောင်သော အကူအညီ ပေးပြီး အကျိုးကျေးဇူးများ ဖြစ်စေပါက သင်၏ ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် အမှန်တကယ် မြင့်မားသည်။ သင်သည် မစဉ်းမစား ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ထို့နောက်တွင် အဆုံးသတ်၌ လူတို့ကို အလွန်အမင်း နာကျင်စေပြီး ကြီးစွာသော ဘေးဖြစ်စေကာ လမ်းလွဲစေလျက် ဘုရားသခင်ထံမှ ဝေးကွာသွားစေပြီး လားရာပျောက်စေခြင်းတို့ ဖြစ်စေပါက ဤသည်မှာ လူတို့ကို ဘေးဖြစ်စေခြင်းဖြစ်ပြီး သင့်တွင် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်ဟု မဆိုနိုင်ပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤနေရာတွင် အဆုံးသတ်ပါသည်။

အချက် ၁၀- အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း

နောက်စွမ်းရည်တစ်ခုမှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဖြစ်သည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို သင်တို့သိသလော။ ဤသည်မှာ အပြောနည်းသော အကြောင်းအရာတစ်ခု ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူသည်မှာ အချို့သောလူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာတစ်ခုကို ချဉ်းကပ်သည့်အခါ သင်မြင်နိုင်ပြီး သဘောပေါက်နိုင်သော သတင်းအချက်အလက်များမှ ယင်း၏ အားသာချက်များ၊ ကောင်းမြတ်ချက်များနှင့် တန်ဖိုးရှိသော ရှုထောင့်များကို သင်အကဲဖြတ်ကာ တန်ဖိုးထားနိုင်ပြီး ထို့နောက် ယင်းတို့ကို သင်၏ ကိုယ်ပိုင်ဘဝ၊ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်တို့တွင် အသုံးချခြင်း ရှိမရှိကို ဆိုလိုသည်။ သင်သည် တစ်စုံတစ်ခုကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်ခြင်း မရှိပါက ယင်း၏ ကောင်းမြတ်ချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာဖြစ်သည်ကို သင်ပိုင်းခြားသိမြင်နိုင်မည်မဟုတ်၊ သင်သည် ယင်း၏သော့ချက်ကို နားလည်မည် မဟုတ်သည့်အပြင် ယင်းထံမှ မည်သည့်အကျိုးကျေးဇူးကိုမျှ ရရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိဟု ဆိုလိုသည်။ သို့သော် သင်သည် အရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်ပြီး အချို့သောကိစ္စရပ်များမှ အသုံးဝင်သည့်အရာတစ်ခုကို သင်ယူကာ သင်၏ လက်တွေ့ဘဝတွင် အသုံးချနိုင်လျှင်၊ သင် သင်ယူခဲ့သည့်အရာက သင်၏ လူ့ဘဝနှင့် ဘဝလမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းအတွက် အကူအညီတစ်စုံတစ်ရာ ပေးနိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း တစ်ခုခုရှိကြောင်းကို သက်သေပြသည်။ ဤကိစ္စရပ်တွင် သင်၏စွမ်းရည် ပိုမြင့်မားလေ၊ သင့်တွင် ကောင်းမွန်သော အစွမ်းအစရှိကြောင်းကို ပို၍ သက်သေပြလေ ဖြစ်သည်။ ရိုးရှင်းသော ဥပမာတစ်ခုကို ကြည့်ကြစို့။ ပန်းချီကားတစ်ချပ်ကို ကြည့်ခြင်း ဖြစ်သည်။ သင်သည် အနုပညာကို မလေ့လာခဲ့ဖူးလျှင်ပင် ပန်းချီကားတစ်ချပ်၏ ပုံစံဖွဲ့စည်းပုံကို သင်လေ့လာနိုင်ပြီး လူ့သဘာဝ၏ ရှုထောင့်မှ ၎င်းတွင်ပါဝင်သော အဓိပ္ပာယ်ကို သိမြင်နိုင်လျှင်၊ ထို့အပြင် သင်၏ရှုမြင်ပုံသည် အလွန်တိကျမှန်ကန်ပြီး လူသားဖြစ်ခြင်းနှင့် သက်ဆိုင်လျှင်၊ ယင်းအတွင်း၌ လူသားဖြစ်ခြင်းနှင့် သက်ဆိုင်သော တိကျ၍ လက်ဆုပ်လက်ကိုင်ပြနိုင်သည့်အရာအချို့ကို သင်မြင်နိုင်ပြီး ထို့နောက် ဤအရာများကို သင်၏ ကိုယ်ပိုင်ဘဝ သို့မဟုတ် အလုပ်တွင် အသုံးချနိုင်လျှင် ဤသရုပ်သကန်က သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိကြောင်း သက်သေပြသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း၏ နယ်ပယ်သည် အချို့သော အတော်အတန် လက်တွေ့ကျသည့်အရာများကို ရည်ညွှန်းပြီး စိတ်ကူးသက်သက်ဖြစ်သောအရာများကို မရည်ညွှန်းပေ။ စိတ်ကူးသက်သက်ဖြစ်သောအရာများတွင် အရောင်များ၊ အနုပညာလက်ရာများနှင့် စသည်တို့ ပါဝင်သည်။ အကြောင်းမှာ ဤအရာများသည် လူသားဖြစ်ခြင်းနှင့် မသက်ဆိုင်၊ လုံလောက်စွာ တိကျ၍ လက်ဆုပ်လက်ကိုင်ပြနိုင်ခြင်း မရှိဘဲ ယင်းတို့သည် သာမန်လူ့အတွေးအခေါ်နှင့် လူ့ဘဝတွင်ရှိသော အချို့အရာများနှင့် အလွန်ကွာဝေးကာ ဘဝနှင့် နီးကပ်စွာ မဆက်စပ်သောကြောင့် ကျွန်ုပ်တို့သည် ယင်းတို့ကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း၏ နယ်ပယ်အတွင်းသို့ အမျိုးအစားမခွဲပေ။ ဘဝနှင့် အတော်အတန် နီးစပ်သော၊ ဝှက်ထားသော အဓိပ္ပာယ်အချို့ ပါဝင်သည့် သို့မဟုတ် လူသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် အချို့အရာများအတွက် သင်သည် ယင်းတို့ကို အကဲဖြတ်နိုင်၊ ပိုင်းခြားသိမြင်နိုင်ပြီး အသုံးချနိုင်လျှင်၊ ယင်းတို့၏ ကောင်းမြတ်ချက်များနှင့် အားနည်းချက်များကို သင်မြင်နိုင်ပြီး ယင်းတို့အပေါ် သင်၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် ရှုမြင်ချက်များရှိကာ လူတို့၏ လူ့သဘာဝအတွက် အကျိုးရှိသော ရှုထောင့်များကို သင်နားလည်နိုင်လျှင်၊ သမ္မာတရားနှင့် ဆန့်ကျင်သော မည်သည့်လွဲချော်ပြီး တရားသေဆန်သည့်အချက်များမဆို ရှိနေသည့်အခါ သင်ပိုင်းခြားသိမြင်နိုင်လျှင် ဤသည်ကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်းဟု ခေါ်သည်။ သင်သည် ဤအရာများကို အကဲမဖြတ်နိုင်ဘဲ တိကျ၍ လက်ဆုပ်လက်ကိုင်ပြနိုင်သည့်အရာတစ်ခုကို သင်ကြည့်သည့်အခါ ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များကို အယူဝါဒသဘောတရားအရသာ ပိုင်းခြားသိမြင်နိုင်ပြီး နေ့စဉ်ဘဝတွင် ယင်းသည် လူ့သဘာဝ၏ မည်သည့်ရှုထောင့်များနှင့် အတိအကျ သက်ဆိုင်သည်ကို မမြင်နိုင်ပါက သင်၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် သာမန်ဖြစ်သည်။ သင်သည် အနုပညာလက်ရာတစ်ခုကို ကြည့်ပြီး ထပ်ခါတလဲလဲ စစ်ဆေးပြီးနောက်တွင်ပင် ယင်းသည် အဘယ်အရာကို ဖော်ပြရန် ကြိုးစားနေသည် သို့မဟုတ် ဖန်တီးသူက အဘယ်ကြောင့် ဤနည်းလမ်းအတိုင်း ပြုလုပ်ခဲ့သည်ကို သင်မသိသေးဘဲ ထိုအနုပညာလက်ရာသည် လူ့သဘာဝနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ယင်းတွင်ပါဝင်သော အနှစ်သာရ ရှိသည့်အရာများကို သင်မမြင်နိုင်ဘဲ ယင်း၏သော့ချက်ကို သင်မမြင်နိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သည်ဟု ဆိုလိုသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်းဟူသည်မှာ သင်သည် မည်သည့်အရာပေါ်တွင်မျှ ရှုမြင်ချက်မရှိဘဲ လူမှုရေးရေစီးကြောင်းများ သို့မဟုတ် လူတို့ထောက်ခံသော အချို့သော အပျက်သဘောဆောင်သည့်အရာများ၏ အလွယ်တကူ အထင်အမြင်မှားစေခြင်းကို ခံရသည်ဟု ဆိုလိုသည်၊ ဆိုလိုသည်မှာ သင်သည် မူလအားဖြင့် အပျက်သဘောဆောင်သည့်အရာတစ်ခုကို အပြုသဘောဆောင်သကဲ့သို့ မှတ်ယူပြီး လက်ခံကောင်း လက်ခံနိုင်သည်။ ဤအရာ၏ အကျိုးဆက်မှာ သင်သည် ၎င်း၏ အဆိပ်သင့်ခြင်းကို ခံရမည်ဖြစ်ပြီး ဤအရာသည် သင့်အတွင်း၌ အချိန်ကြာမြင့်စွာရှိနေပြီး သင့်တွင် အမြစ်တွယ်သွားပါက ယင်းသည် သင်၏ သမ္မာတရားကို လက်ခံခြင်းအတွက် အဟန့်အတားနှင့် အနှောင့်အယှက်တစ်ခု ဖြစ်လာလိမ့်မည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်၍ နောက်ထပ်ဥပမာတစ်ခုကို ပေးကြစို့။ ဥပမာအားဖြင့် ရုပ်ရှင်တစ်ကား၏ ရိုက်ကူးထားသည့် မူရင်းဖိုင်များသည် သုံးနာရီ ကြာမြင့်ပြီး တည်းဖြတ်ပြီးနောက်တွင် ရုပ်ရှင်၏ ကြာမြင့်ချိန်သည် နှစ်နာရီနှင့် မိနစ်လေးဆယ် ဖြစ်သည်ဆိုကြပါစို့။ ဤသည်မှာ ရုပ်ရှင်တစ်ကားအတွက် သမားရိုးကျ အရှည်ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ (ရုပ်ရှင်ထုတ်လုပ်သူများတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ကြောင်းကို ညွှန်ပြပါသည်။) ရုပ်ရှင်တစ်ကားအတွက် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်းဟူသည်မှာ အတိအကျအားဖြင့် အဘယ်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် မည်သည့်ရိုက်ကူးထားသည့်ဖိုင်က ပိုကောင်းသည်ကို မရွေးချယ်နိုင်ဘဲ မည်သည့်ဖိုင်ကို ထားသင့်သည်၊ မည်သည့်ဖိုင်ကို ပယ်သင့်သည်နှင့်ပတ်သက်၍ တိကျသော သုံးသပ်ဆုံးဖြတ်ချက်များကို မပြုလုပ်နိုင်ဟု ဆိုလိုပါသည်။) ၎င်းတို့သည် ရုပ်ရှင်က မည်သည့်အဓိကအကြောင်းအရာကို ဖော်ပြရန် ရည်ရွယ်သည် သို့မဟုတ် မည်သည့်ဇာတ်ဝင်ခန်းများက အဓိကအကြောင်းအရာနှင့် နီးကပ်စွာ ဆက်စပ်သည်ကို မသိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် အဘယ်အရာကို ထားရမည်၊ အဘယ်အရာကို ပယ်ရမည်ကို မဆုံးဖြတ်နိုင်ကြပေ။ ဆိုလိုသည်မှာ မည်သည့်ဇာတ်ဝင်ခန်းများ သို့မဟုတ် ဇာတ်လမ်းဇာတ်ကွက်များက မရှိမဖြစ် မလိုအပ်ဘဲ အဓိကအကြောင်းအရာနှင့် အနည်းငယ်သာ သက်ဆိုင်ပြီး ဖယ်ရှားနိုင်သည်၊ မည်သည့်ဇာတ်ဝင်ခန်းများ သို့မဟုတ် ဇာတ်လမ်းဇာတ်ကွက်များက အဓိကအကြောင်းအရာနှင့် အများဆုံး ဆက်စပ်ပြီး သိမ်းထားရန် လိုအပ်သည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သောကြောင့် တည်းဖြတ်နေစဉ်အတွင်း ၎င်းတို့သည် ဤအရာကို မဖြတ်နိုင်၊ ထိုအရာကို မဖြတ်နိုင်ဟု ခံစားရလျက် “သက်ညှာမှုပြ” ကြသည်။ အဆုံးတွင် များစွာသော ကြိုးစားအားထုတ်မှုပြီးနောက် ၎င်းတို့သည် သိသာသော ပြဿနာများရှိသည့် သို့မဟုတ် အရည်အသွေးမကောင်းစွာ ရိုက်ကူးထားသည့် ဇာတ်ဝင်ခန်းများကိုသာ ဖယ်ရှားကြသည်။ အဓိကအကြောင်းအရာနှင့် နီးကပ်စွာ မသက်ဆိုင်သော အကြောင်းအရာများအတွက်မူ ၎င်းတို့သည် အားလုံးကို ချန်ထားခဲ့ကြသည်။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့တွင် ရုပ်ရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းစွာ နားလည်မှုမရှိပေ။ ရုပ်ရှင်၏ တိကျသော ပုံစံများနှင့် ဖော်ပြမှုနည်းစနစ်များ၊ ဇာတ်ဝင်ခန်းတစ်ခုချင်းစီကြားရှိ ဆက်စပ်မှုအပြင် မည်သည့်ဇာတ်ဝင်ခန်းများက ရုပ်ရှင်တစ်ကား၏ ဇာတ်ဝင်ခန်းများ အမှန်တကယ်ဖြစ်သည်နှင့်ပတ်သက်၍ ၎င်းတို့သည် ဤအရာတစ်ခုကိုမျှ နားမလည်ကြပေ။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ရိုက်ကူးနေစဉ်အတွင်း ၎င်းတို့သည် ယုံကြည်မှုအပြည့် ရှိကြသည်၊ တည်းဖြတ်နေစဉ်အတွင်း ၎င်းတို့၏ မျက်နှာများတွင် စိတ်ဆင်းရဲမှုများ ထင်ဟပ်နေသည်၊ ပြီးလျှင် ပြန်လည်သုံးသပ်သည့်အချိန်သို့ ရောက်သည့်အခါ ၎င်းတို့သည် အလွန်အမင်း စိုးရိမ်ပူပန်ကြသည်။ ပြန်လည်သုံးသပ်ပြီးနောက်တွင် အထက်၏ လမ်းညွှန်မှုမှတစ်ဆင့် မည်သည့်ဇာတ်ဝင်ခန်းများကို ပယ်ရမည်ကို ၎င်းတို့သိရှိခဲ့ပြီးဖြစ်သောကြောင့် မည်သို့ဆက်လုပ်ရမည်ကို ၎င်းတို့ အလွန်သေချာသွားကြပြီး ထို့နောက် ယင်းတို့ကို ရဲရင့်စွာ ဖြတ်တောက်ကြသည်။ အဆုံးတွင် ၎င်းတို့သည် ရုပ်ရှင်ကို မည်မျှအထိ ဖြတ်တောက်လိုက်သနည်း။ ၎င်းတို့သည် ယင်းကို တစ်နာရီနှင့် မိနစ်လေးဆယ် ကြာမြင့်ချိန်အထိ ဖြတ်တောက်လိုက်ကြသည်။ ကင်မရာသမားများက “ဤသည်မှာ ကျွန်ုပ်တို့၏ လုပ်အားအသီးအပွင့်များကို ဖြုန်းတီးခြင်း မဟုတ်လော။ ကျွန်ုပ်တို့သည် ခြောက်လကြာအောင် များစွာသော ရိုက်ကူးမှုများကို အပင်ပန်းခံကာ ရိုက်ကူးခဲ့သော်လည်း သင်က အလွန်ရက်စက်သည်၊ ဤအရာနှင့် ထိုအရာကို ဖြတ်တောက်စေသည်၊ ဤသည်မှာ ရုပ်ရှင်တစ်ကားပင် ဟုတ်သေးသလော” ဟု အလွန်စိတ်မကောင်း ဖြစ်ကြသည်။ ငါ၏အဖြေမှာ ဤမျှများစွာ ဖြတ်တောက်ခြင်းသည် အတိအကျ မှန်ကန်သည်၊ ဤသည်မှာ ရုပ်ရှင်တစ်ကား ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ သင်တို့ထံတွင်ရှိခဲ့သောအရာမှာ ရုပ်ရှင်တစ်ကားမဟုတ်၊ အလွန်ဆုံးအနေဖြင့် ယင်းမှာ တီဗီဇာတ်လမ်းတွဲတစ်ခုသာ ဖြစ်သည် ဟူ၍ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ညံ့ဖျင်းသူများအနေဖြင့် သမ္မာတရားကို လက်လှမ်းမမီပေ၊ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် မည်သည့်ရလဒ်ကိုမျှ ရရှိမည်မဟုတ်ပေ။ မည်သည့်အမှုအရာများ သို့မဟုတ် မည်သည့်စိတ်ကူးများနှင့် ရှုမြင်ချက်များနှင့် ပတ်သက်လာလျှင်မဆို မည်သည့်အရာက ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့် စံနှုန်းများနှင့် ကိုက်ညီသည်၊ မည်သည့်အရာက ပုံမှန်လူ့သဘာဝနှင့် ဆန့်ကျင်သည်၊ မည်သည့်အရာက စစ်မှန်ပြီး လက်တွေ့ကျသည်၊ မည်သည့်အရာက အနှစ်မဲ့ပြီး စိတ်ကူးယဉ်ဖြစ်သည်၊ မည်သည့်အရာက ဘုရားသခင်၏ လိုအပ်ချက်များနှင့် ကိုက်ညီသည်၊ မည်သည့်အရာက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်သည်တို့ကို ၎င်းတို့ မသုံးသပ်နိုင်ကြပေ။ ရုပ်ရှင်တစ်ကားနှင့် ပတ်သက်လာလျှင် မည်သည့်ဇာတ်ဝင်ခန်းများက အဓိကအကြောင်းအရာအတွက် အထောက်အကူပြုသည့် အခန်းကဏ္ဍမှ ပါဝင်သည်၊ တည့်တည့်မတ်မတ် ဆိုလိုရင်းကိုရောက်ရှိပြီး အဓိကအကြောင်းအရာကို တိုက်ရိုက်ဖော်ပြသည်၊ မည်သည့်အရာများက အဓိကအကြောင်းအရာ၏ အနှစ်သာရကို ဖော်ပြရန် မရှိမဖြစ်လိုအပ်သည်၊ မည်သည့်အရာများက မလိုအပ် သို့မဟုတ် အပိုဖြစ်သည်တို့ကို ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ တစ်ခုကိုမျှ နားမလည်ကြပေ။ တည်းဖြတ်သည့်အပိုင်းသို့ ရောက်သည့်အခါ ၎င်းတို့သည် အစဉ်သဖြင့် “လျှော့ပေါ့တွေး” ပြီး ရိုက်ကူးထားသည့်ဖိုင်ကို ဖြတ်တောက်ရန် ဝန်လေးကြသည်။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ ရိုက်ကူးပြီးနောက်တွင် ရုပ်ရှင်က ဖော်ပြရန် ရည်ရွယ်သည့် စိတ်ကူးများနှင့် ဆက်သွယ်ပြောဆိုရန် ရည်ရွယ်သည့် လားရာတို့ကို စဉ်းစားခြင်းမှတစ်ဆင့် မည်သည့်ဇာတ်ဝင်ခန်းများကို မထည့်သွင်းသင့်သည်၊ မည်သည့်ဇာတ်ဝင်ခန်းများက လုံလောက်သော အကျိုးသက်ရောက်မှုမရှိသည်၊ မည်သည့်ဇာတ်ဝင်ခန်းများက အထူးအခြေအနေများ ဖြစ်ပေါ်လာပါက အရန်အဖြစ် ပြင်ဆင်ထားသည့် အရန်ရိုက်ချက်များသာဖြစ်ပြီး မည်သည့်အခါမျှ အသုံးပြုရန် ရည်ရွယ်ထားခြင်းမရှိသည်တို့ကို သင်သိလျှင်၊ သင်၏စိတ်နှလုံးထဲတွင် ဤကိစ္စရပ်များကို သင်စဉ်းစားခဲ့ပြီးဖြစ်လျှင်၊ ယင်းတို့ကို ကိုင်တွယ်ရန် အစီအစဉ်များနှင့် ဖြေရှင်းနည်းများရှိလျှင် ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ တစ်ခုကိုမျှ မပိုင်ဆိုင်သည့်အပြင် သင်ပြဿနာများကို စဉ်းစားသုံးသပ်ပြီး ရှုမြင်ရန် အသုံးပြုသည့် ရှုထောင့်များနှင့် နည်းလမ်းများတွင် အခြေခံမရှိဘဲ၊ အဆုံးတွင် မှန်ကန်သော ကောက်ချက်တစ်ခုကို မချနိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သည်ဟု ဆိုလိုသည်။ မှန်ပေသည်၊ အသင်းတော်ရှိ လူအများစုသည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ကြသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူသည်မှာ ဖန်တီးမှုလက်ရာတစ်ခုကိုဖြစ်စေ၊ အနုပညာဖန်တီးမှုတစ်ခုကိုဖြစ်စေ၊ ဝိညာဉ်ရေးရာ အာဟာရ သို့မဟုတ် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်သော အတွေးအခေါ်ဆိုင်ရာ သီအိုရီတစ်ခုအဖြစ် အသုံးတော်ခံသည့် တစ်စုံတစ်ခုကိုဖြစ်စေ သင်မည်မျှ ထိုးထွင်းသိမြင်နိုင်သည် ဟူသည့်အကြောင်းသာ မဟုတ်ပေ၊ အဓိကသော့ချက်မှာ သင်သည် ဤအရာများအပေါ် တိကျသော ရှုမြင်ချက်တစ်ခုလည်း ရှိရမည်ဖြစ်သည်။ တစ်ဖက်တွင် သင်၏ရှုမြင်ချက်သည် အချက်အလက်များနှင့် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ကိုက်ညီရမည်။ အခြားတစ်ဖက်တွင် သင်နားလည် သို့မဟုတ် သဘောပေါက်သည့်အရာသည် အပြုသဘောဆောင်သောအရာများနှင့် ကိုက်ညီရမည်၊ အမှုအရာများ၏နိယာမများနှင့် ကိုက်ညီရမည်၊ ပြီးလျှင် ယင်းသည် အနှစ်မဲ့ခြင်း သို့မဟုတ် လွဲချော်ခြင်း မဖြစ်ရဘဲ နောက်ဆုံးတွင် ယင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်းသို့ ရောက်ရှိလာသည်။ သင်သည် မည်သည့်စိတ်ကူးများနှင့် ရှုမြင်ချက်များကို ဖော်ပြနေသည်ကို မြင်နိုင်ရုံသာမက သင်သည် ထိုအဆင့်တွင်သာ ရပ်တန့်မနေဘဲ ဤစိတ်ကူးများနှင့် ရှုမြင်ချက်များ အမှန်တကယ် မှန်ကန်ခြင်းရှိမရှိ၊ ယင်းတို့သည် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် အမှန်တကယ် ကိုက်ညီခြင်းရှိမရှိ၊ ယင်းတို့သည် အမှန်တကယ် စင်ကြယ်ခြင်းရှိမရှိနှင့် သမ္မာတရားနှင့် အမှန်တကယ် ကိုက်ညီခြင်းရှိမရှိကိုလည်း မြင်နိုင်လျှင်၊ ဤအရာအားလုံးကို လုပ်ဆောင်နိုင်လျှင် သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကောင်းမွန်သူတစ်ဦး ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကောင်းမွန်သူများသည် ကောင်းမွန်သော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ သင်သည် ဤအရာအားလုံးကို မပြီးမြောက်နိုင် သို့မဟုတ် ယင်းတို့ကို သာမန်အဆင့်အထိသာ ပြီးမြောက်နိုင်ပါက သင်၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် သာမန်မျှသာ ဖြစ်သည်။ သင်သည် ဤကိစ္စရပ်များကို အခြေခံအားဖြင့် မသိရှိနိုင်ပါက၊ ဥပမာအားဖြင့် သင်သည် မည်သည့်ရုပ်မြင်သံကြားလက်ရာများ၊ စာပေနှင့် အနုပညာလက်ရာများ၊ အနုပညာလက်ရာများနှင့် စသည်တို့ကိုမဆို ယင်းတို့သည် စိတ်ကူးသက်သက်သာ ဖြစ်သည်ဖြစ်စေ၊ လက်တွေ့ကျသည်ဖြစ်စေ နားမလည်နိုင်ဘဲ၊ ယင်းတို့ကို လုံးဝ နားမလည်နိုင်ဘဲ နိုင်ငံခြားဘာသာစကားတစ်ခုကဲ့သို့ မြင်ပြီး သင်၏လူ့သဘာဝအတွင်း၌ ထိုသို့သောအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ပါက သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိပေ၊ သင်သည် အစွမ်းအစမရှိသူတစ်ဦး ဖြစ်သည်။ အချို့သောအရောင်များ၊ အချို့သော မီးရောင်များနှင့် အချို့သော ပတ်ဝန်းကျင်တစ်ခုရှိသော ဇာတ်ဝင်ခန်းတစ်ခုအတွင်းမှ ဇာတ်ကောင်တစ်ဦး၏ အမူအရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ၏ အလုံးစုံ ဖော်ပြမှုကို လေ့လာခြင်းမှတစ်ဆင့် ဤဇာတ်ဝင်ခန်းက ကြည့်ရှုသူ၏စိတ်အပေါ် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို သင်ပိုင်းခြားသိမြင်နိုင်လျှင် သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို ပိုင်ဆိုင်သည်။ သို့သော် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိသူများသည် ဤအရာကို မမြင်နိုင်ကြပေ။ ၎င်းတို့က “မီးရောင်က မှိန်သည်ဖြစ်စေ၊ မမှိန်သည်ဖြစ်စေ၊ အရောင်များက လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ အဘယ်အရာက အရေးကြီးသနည်း။ ဇာတ်ကောင်က အတူတူပင် မဟုတ်လော။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အဘယ်အရာဖြစ်သည်ကို သင် အဘယ်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ကျွန်ုပ်က အဘယ်ကြောင့် မမြင်နိုင်ရသနည်း” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့အား မည်သို့ပင် ရှင်းပြပါစေ ၎င်းတို့သည် နားလည်သည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ နားမလည်သေးပေ။ ဤနယ်ပယ်သည် ၎င်းတို့အတွက် အစဉ်သဖြင့် စိမ်းနေမည် ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သူများသည် မည်သို့သောအလုပ်ကို လုပ်သည်ဖြစ်စေ၊ မည်သို့သော စာပေ သို့မဟုတ် အနုပညာလက်ရာများကို ကြည့်ရှုသည်ဖြစ်စေ မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် ရှုမြင်ချက်များကို ဖော်ပြနိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် နက်ရှိုင်းသော အဓိပ္ပာယ်ကို ဖော်ပြရန်၊ အဓိကအကြောင်းအရာတစ်ခုကို ဖော်ပြရန် သို့မဟုတ် ဝိညာဉ်ရေးရာ လမ်းညွှန်မှုပေးရန် လိုအပ်သော အလုပ် သို့မဟုတ် ဖန်တီးမှုများအတွက်၊ ၎င်းတို့သည် ယင်းကို ကောင်းစွာမလုပ်ဆောင်နိုင်ဘဲ ထိုသို့သောတာဝန်များအတွက် အရည်အချင်း ပြည့်မီနိုင်မည်မဟုတ်ပေ။ သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို ပိုင်ဆိုင်ပြီး ထို့အပြင် သင်သည် သမ္မာတရားကိုလည်း နားလည်ပါက အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ပါဝင်သော ရုပ်ရှင်၊ စာပေနှင့် အနုပညာနှင့်သက်ဆိုင်သော ဘုရားသခင်၏ အိမ်တော်အလုပ်အတွက် သင်သည် ယင်းကို ကောင်းစွာလုပ်ဆောင်နိုင်ပြီး ယင်းအတွက် အရည်အချင်း ပြည့်မီကာ ဤသို့သော တာဝန်မျိုးကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်။ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ပါက သင်သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး ဤအလုပ်အမျိုးအစားအတွက် အရည်အချင်း ပြည့်မီနိုင်မည် မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်သည် သမ္မာတရားကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီး သမ္မာတရား စည်းမျဉ်းများကို နားလည်ပါသည်။ ထိုအရာက ကျွန်ုပ်သည် ဤအမျိုးအစားအလုပ်အတွက် အရည်အချင်း ပြည့်မီနိုင်သည်ဟု ဆိုလိုပါသလော” ဟု ပြောကြသည်။ ထိုအရာသည်လည်း အလုပ်မဖြစ်သေးပေ။ သင်သည် အချို့သော သမ္မာတရားကို နားလည်လျှင်ပင် ဖြည့်စွက်ပေးသည့် အရာအဖြစ် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိဘဲ သင်သည် ဧဝံဂေလိတရားကို ဟောပြောခြင်း သို့မဟုတ် အသင်းတော်ကို ရေလောင်းခြင်းကဲ့သို့သော အလုပ်များကိုသာ လုပ်ဆောင်နိုင်သည်။ သို့သော် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ပါဝင်သော အလုပ်အတွက်မူ သင်သည် အရည်အချင်း ပြည့်မီမည်မဟုတ်ပေ။ ထို့ကြောင့် အချို့လူများသည် ဤအမျိုးအစားအလုပ်အတွက် မှားယွင်းစွာ ရွေးချယ်ခံခဲ့ရပြီး ယခုအခါ ဤနယ်ပယ်တွင် မိမိတို့တွင် အလားအလာမရှိကြောင်းနှင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မွေးတည်းက မပါရှိကြောင်း သိရှိလာပါက ၎င်းတို့က “ကျွန်ုပ်သည် ဤအလုပ်ကို မလုပ်ဆောင်နိုင်ပါ။ ကျွန်ုပ်၏ လူ့သဘာဝသည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို မပိုင်ဆိုင်ပါ” ဟု ဆိုလျက် ချက်ချင်း ရာထူးမှ နုတ်ထွက်သင့်သည်။ မှန်ပေသည်၊ သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ ယင်းသည် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန် စံနှုန်းတစ်ခုဖြစ်သည်။ ယင်းသည် အဓိကစံနှုန်းတစ်ခု မဟုတ်သော်လည်း အချို့သော အထူးအလုပ်အတွက်၊ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည်လည်း လိုအပ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်လိုက်သည်။ နောက်ထပ် စွမ်းရည်တစ်ခုဖြစ်သည့် ဆန်းသစ်တီထွင်နိုင်စွမ်းကို နောက်တစ်ကြိမ်တွင် ငါတို့ မိတ်သဟာယဖွဲ့ကြမည်။

ဤသို့ မိတ်သဟာယဖွဲ့ခြင်းက သင်တို့အတွက် အရာများကို ပို၍ ရှင်းလင်းစေသလော။ (ရှင်းလင်းစေပါသည်။) ငါက “အမှုအရာများ လုပ်ဆောင်ရာတွင် လူတစ်ဦး၏ အစွမ်းအစကို ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ဖြင့် အကဲဖြတ်သည်” ဟု ယေဘုယျအားဖြင့်သာ ပြောခဲ့လျှင် သင်တို့သည် ဤအယူဝါဒကို ရွတ်ဆိုနိုင်ရုံသာ ရှိမည်ဖြစ်သော်လည်း အစွမ်းအစက မည်သည့် တိကျသော ရှုထောင့်များကို ရည်ညွှန်းသည်ကိုမူ သင်တို့ ရှင်းလင်းစွာ သိရှိကြမည်မဟုတ်ပေ။ နောက်ပိုင်းတွင် ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့ခြင်းက ပိုကောင်းမည်ဟု ငါတွေးခဲ့သည်၊ သင်တို့သည် ဤအကြောင်းအရာအပေါ် ရှင်းလင်းမှုကို ရရှိသည့်အခါ သင်တို့၏ ကိုယ်ပိုင်အစွမ်းအစကို တိကျစွာ အကဲဖြတ်နိုင်ပြီး ရှင်းလင်းစွာ နားလည်နိုင်ကြလိမ့်မည်။ ဤသည်က သင်တို့ကို မိမိတို့၏ နေရာမှန်တွင် ရပ်တည်နိုင်ရန်နှင့် သင်တို့၏ စွမ်းရည်များကို အလွန်အမင်း အကဲမဖြတ်မိစေရန် သို့မဟုတ် မခန့်မှန်းမိစေရန် အထောက်အကူပြုလိမ့်မည်။ မိမိတို့၏ စွမ်းရည်များကို ရှင်းလင်းစွာ ရှုမြင်ပြီး နားလည်ခြင်း၊ သင်တို့၏ အစွမ်းအစသည် ကောင်းသည်၊ သာမန်ဖြစ်သည်၊ ညံ့ဖျင်းသည် သို့မဟုတ် မရှိသည်ကို ဆုံးဖြတ်ခြင်းနှင့် သင်တို့သည် မည်သည့်အုပ်စုတွင် ပါဝင်သည်ကို ခွဲခြားသတ်မှတ်ခြင်းဟူသည့် ဤသို့ မိမိတို့၏ တိကျသော နေရာကို ရှာဖွေခြင်းက သင်တို့ကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ပြီး သင့်တင့်လျောက်ပတ်စွာ ကျင့်ကြံပြုမူနိုင်ရန် အထောက်အကူပြုလိမ့်မည်။ တစ်ဖက်တွင် ယင်းက သင်တို့ကို မိမိတို့ကိုယ်ကို တိကျစွာ နားလည်မှုရှိစေသည်။ အခြားတစ်ဖက်တွင် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ၎င်းသည် သင်တို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ပြောင်းလဲရန်အတွက် အကူအညီတစ်စုံတစ်ရာကိုလည်း ပေးသည်။ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ယနေ့အတွက် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။