သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇) အပိုင်း ငါး

မိမိ၏ ကိုယ်ပိုင်အစွမ်းအစကို မှန်ကန်စွာ ချဉ်းကပ်နည်း

အစွမ်းအစဟူသည် အဘယ်အရာဖြစ်ကြောင်းအပြင် လူတို့၏ အစွမ်းအစ အဆင့်များနှင့် အမျိုးအစားများကို မည်သို့ ခွဲခြားရမည်ဟူသည်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက်တွင် သင်တို့ နားထောင်ပြီးသည့်အခါ အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိခဲ့သလော။ (ရရှိခဲ့ပါသည်။) သင်တို့၏ ကိုယ်ပိုင်အစွမ်းအစ ညံ့ဖျင်းကြောင်း သင်တို့ အမှန်တကယ် သိသလော။ (သိပါသည်။) အစွမ်းအစ လုံးဝမရှိသော လူအချို့က “ကျွန်ုပ်၌ အစွမ်းအစ မည်သို့ မရှိဘဲ နေမည်နည်း။ ကျွန်ုပ်၏ အစွမ်းအစက သာမန် သို့မဟုတ် ညံ့ဖျင်းလျှင်ပင် အဆင်ပြေပါသေးသည်” ဟု ပြောဆိုကြသည်။ မည်သူမျှ အစွမ်းအစ လုံးဝမရှိသည့်အဆင့်၊ ဉာဏ်ရည်နိမ့်သူ၊ စဉ်းစားဉာဏ်မဲ့သူ သို့မဟုတ် အသုံးမကျသူ ဖြစ်သည့်အဆင့်သို့ မရောက်ရှိလိုကြသော်လည်း တိုက်ဆိုင်စွာပင် အချို့လူများသည် ဤနှစ်များတစ်လျှောက် မိမိတို့၏ အဓိက သရုပ်သကန်များနှင့် တာဝန်ထမ်းဆောင်ခြင်း၏ ရလဒ်များကို အခြေခံ၍ မိမိတို့ကိုယ်ကို အကဲဖြတ်ကြည့်သည့်အခါ အစွမ်းအစ လုံးဝမရှိသော လူများအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားကြသည်။ ဤအရာက လူအချို့ကို အပျက်သဘောဆောင်စေသလော။ အမှုအရာများစွာကို ရှင်းလင်းအောင် မလုပ်ဆောင်ရသေးချိန်တွင် လူတို့က “ကျွန်ုပ်၌ စွမ်းရည်ရှိသည်၊ ကျွန်ုပ်၌ လုပ်ရည်ကိုင်ရည်ရှိသည်၊ ကျွန်ုပ်သည် ဉာဏ်ပညာရှိသည်၊ ကျွန်ုပ်၏ အစွမ်းအစ မဆိုးပါ၊ ကျွန်ုပ်သည် မြင့်မြတ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ နိုင်ငံတော်ထဲမှ လူတစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် ထောက်တိုင်ဖြစ်သည်၊ အဓိကထောက်ဖြစ်သည်” ဟု မိုက်မဲစွာ တွေးထင်ကြပြီး မိမိတို့၏ တစ်ဖက်သတ်ဆန်သော အိပ်မက်များကို မိုက်မဲစွာ ဖက်တွယ်လျက် အတော်အတန် ကောင်းမွန်သည်ဟု ခံစားရကာ အတော်အတန် ယုံကြည်မှုရှိပြီး မိမိတို့၌ အလားအလာနှင့် မျှော်လင့်ချက် ရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အပျက်သဘောမဆောင်ကြဘဲ ရည်မှန်းချက်ဖြင့် အသက်ရှင်ကြသည်။ သို့ရာတွင် ၎င်းတို့သည် အဖြစ်မှန်များကို သိရှိသွားသည်နှင့်တစ်ပြိုင်နက် ဝမ်းနည်းလာကြပြီး “ဤသည်မှာ ကျွန်ုပ်၌ ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက် မရှိတော့ဟု ဆိုလိုသည် မဟုတ်လော” ဟု တွေးကာ အပျက်သဘောဆောင်သော အခြေအနေထဲသို့ ကျရောက်သွားကြသည်။ ဤအရာများကို ရှင်းလင်းအောင် မလုပ်ဆောင်ပါက လူတို့သည် မိုက်မဲစွာ မာနထောင်လွှားကြသည်။ လူတစ်ဦးသည် ပို၍ စဉ်းစားဉာဏ်မဲ့လေလေ၊ ၎င်းတို့သည် ပို၍ မာနထောင်လွှားလေလေဖြစ်ပြီး ၎င်းတို့၏ မာနထောင်လွှားမှုသည် ပို၍ အတိုင်းအဆမဲ့လေလေ ဖြစ်သည်။ ဉာဏ်ကောင်းသောသူများသည် ဤနှစ်များတစ်လျှောက် သမ္မာတရား ထောက်ပံ့မှုကို လက်ခံရရှိပြီးနောက်တွင် ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို ဆန်းစစ်ကြလိမ့်မည်၊ သမ္မာတရားကို မိမိတို့ကိုယ်နှင့် နှိုင်းယှဉ်ကြလိမ့်မည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် မာနထောင်လွှားသော စိတ်သဘောထား ထုတ်ဖော်ပြမှုများ လျော့နည်းသွားလိမ့်မည်။ လူတစ်ဦး၏ အစွမ်းအစ ပို၍ ညံ့ဖျင်းလေလေ၊ ၎င်းတို့သည် ပို၍ မိုက်မဲစွာ မာနထောင်လွှားလေလေ ဖြစ်သည်။ “၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်သည့်တိုင် မည်သူ့ကိုမျှ အရေးမလုပ်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည် မဟုတ်လော။ ဤဆိုရိုးစကားသည် အတော်အတန် ဆီလျော်လှသည်။ မည်သည့်အရာမျှ မဟုတ်သောသူများသည် မည်သူ့ကိုမျှ အရေးမလုပ်ကြပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစ အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိနည်း။ ဉာဏ်ရည် လုံးဝမရှိခြင်း၊ မိမိတို့၏ လုပ်နိုင်စွမ်း အတိုင်းအတာကို မသိခြင်း၊ မိမိတို့၏ ဉာဏ်ရည် မည်သို့ရှိသည်ကို မသိခြင်း၊ မိမိတို့ထက် သာသောသူများ အစဉ်သဖြင့်ရှိကြောင်း မသိခြင်းနှင့် အစွမ်းအစကောင်းဟူသည် အဘယ်အရာ ဖြစ်ကြောင်း မသိခြင်းတို့ ဖြစ်သည့် အတိုင်းအတာအထိ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ မာနထောင်လွှားမှုသည် မည်သည့်အတိုင်းအတာအထိ ရောက်ရှိသနည်း။ လူတို့ ကြည့်ရသည်မှာ ရွံရှာဖွယ်ကောင်းပြီး အော့နှလုံးနာဖွယ် ကောင်းသည်ဟု ထင်ရသည့် အတိုင်းအတာအထိ ဖြစ်သည်၊ ဤသည်မှာ မိုက်မဲစွာ မာနထောင်လွှားခြင်း ဖြစ်သည်။ “၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်သည့်တိုင် မည်သူ့ကိုမျှ အရေးမလုပ်” ဟူသည်မှာ ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခြင်း၊ ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စရပ်များမှာ လုံးဝ ကမောက်ကမဖြစ်နေခြင်း၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမသိမြင်နိုင်ခြင်း၊ ၎င်းတို့၌ အတွေးများ သို့မဟုတ် ရှုထောင့်အမြင်များ တစ်ခုမျှ မရှိခြင်းနှင့် အခြားသူများ၏ ရှုထောင့်အမြင်များ မှန်ကန်မှု ရှိမရှိကိုဖြစ်စေ၊ တိကျမှန်ကန်မှု ရှိမရှိကိုဖြစ်စေ ၎င်းတို့ ခွဲခြားသိမြင်နိုင်မှု မရှိခြင်းတို့ကို ဆိုလိုကာ ၎င်းတို့က “ကျွန်ုပ်၌ စွမ်းရည်ရှိသည်၊ ကျွန်ုပ်၌ လုပ်နိုင်စွမ်း ရှိသည်၊ ကျွန်ုပ်သည် ဉာဏ်ပညာရှိသည်၊ ကျွန်ုပ်သည် အခြားသူများထက် သာသည်” ဟု တွေးလျက် ၎င်းတို့၏ မာနထောင်လွှားမှုကို မိုက်မဲစွာ ဆက်လက်ဖက်တွယ်ထားကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့အား မည်သူ့ကိုမျှ အရေးမလုပ်သည့် မိုက်မဲစွာ မာနထောင်လွှားသော လူများ ဖြစ်ခွင့်ပေးခြင်းက ပိုကောင်းသလော၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်ကြောင်း၊ စဉ်းစားဉာဏ်မဲ့သူများ၊ အသုံးမကျသူများနှင့် ဉာဏ်ရည်မမီသူများသာ ဖြစ်ကြောင်း ၎င်းတို့အား သိခွင့်ပေးပြီး ထိုသို့ဖြင့် ၎င်းတို့ အပျက်သဘောဆောင်သွားစေခြင်းက ပိုကောင်းသလော။ သင်တို့ မည်သည့်အရာကို ရွေးချယ်သနည်း။ (၎င်းတို့ မိုက်မဲစွာ မာနထောင်လွှားပါက စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများကို လုပ်ဆောင်ဖွယ်ရှိပြီး အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နိုင်သောကြောင့် ၎င်းတို့ကို အပျက်သဘောဆောင်ခွင့်ပေးလိုက်ပါမည်။) ၎င်းတို့ အပျက်သဘောဆောင်သွားပါက လူ့သဘာဝ၏ ဆင်ခြင်တုံတရား ပြန်လည်ရရှိနိုင်ပြီး ပို၍ ရိုကျိုးလာကာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အရာများကို လျှော့လုပ်ကြပေမည်။ ဤသည်မှာ ၎င်းတို့အတွက် ကာကွယ်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အခြားသူများအတွက် အကျိုးရှိစေမည့် အရာများစွာကို မလုပ်ဆောင်ခဲ့သော်လည်း အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အရာများကို လျှော့လုပ်ခြင်းက ၎င်းတို့သည် ပြစ်မှားခြင်းများနှင့် ဒုစရိုက်အမှုများကို များစွာ လျှော့၍ ကျူးလွန်ကြလိမ့်မည်ဟု ဆိုလိုပြီး အနာဂတ်တွင် ၎င်းတို့ အပြစ်ဒဏ်ပေးခံရမည့် အလားအလာ လျော့နည်းသွားမည် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) ယင်းမှာ အတော်အတန် ဝေးကွာသော အရာတစ်ခု ဖြစ်သည့်အတွက် ၎င်းတို့ ကယ်တင်ခြင်း ရနိုင်မရနိုင်ဟူသည်ကို မပြောနှင့်ဦး၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ ချိုးဖောက်မိပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည့် အလားအလာ လျော့နည်းသွားမည် မဟုတ်လော။ ပြီးလျှင် ၎င်းတို့ ရှင်သန်ကျန်ရစ်မည့် အလားအလာ တိုးပွားလာမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအကျိုးကျေးဇူးများ ရှုထောင့်မှ ဆုံးဖြတ်ကြည့်လျှင် လူတို့အား မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစကို အသိအမှတ်ပြုခွင့်ပေးခြင်းနှင့် မိမိတို့၌ အစွမ်းအစ လုံးဝမရှိကြောင်း နောက်ဆုံးတွင် သဘောပေါက်ပြီး အပျက်သဘောဆောင်သွားစေခြင်းသည် စင်စစ်အားဖြင့် ကောင်းသောကိစ္စတစ်ခု ဖြစ်လာသည်။ သို့မဟုတ်ပါက လူတို့က “သင်သည် မည်သည့်အရာမျှ မဟုတ်သော်လည်း မည်သူ့ကိုမျှ ဦးမညွှတ်ပါ၊ ဤသည်မှာ မိုက်မဲစွာ မာနထောင်လွှားခြင်း ဖြစ်သည်” ဟု ပြောဆိုကြသောအခါ ၎င်းတို့သည် ယင်းကို လုံးဝ ထိုးထွင်းသိမြင်နိုင်ခြင်းမရှိကြပေ၊ သို့မဟုတ် အသိအမှတ်မပြုနိုင်ကြပေ။ ၎င်းတို့သည် အာခံလာကြပြီး “ကျွန်ုပ်၏ အစွမ်းအစ မညံ့ဖျင်းပါ။ ပြီးလျှင် ကျွန်ုပ်ကို မိုက်မဲစွာ မာနထောင်လွှားသည်ဟု သင်ပြောသည်။ ကျွန်ုပ်က လူမိုက်တစ်ဦးထက် များစွာ သာသည်” ဟု တွေးထင်နေဆဲ ဖြစ်သည်။ ဤအရာက ၎င်းတို့သည် အမှန်တကယ် မိုက်မဲကြောင်း၊ ၎င်းတို့၏ ဉာဏ်ရည် အလွန်နိမ့်ကြောင်းနှင့် ၎င်းတို့၌ အစွမ်းအစ လုံးဝမရှိဟူသော အချက်ကို လက်ခံရန် ပို၍ပင် လိုအပ်ကြောင်းတို့ကို ထပ်မံ သက်သေပြနေသည်။ ဤအချက်ကို လက်ခံခြင်း၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း။ ယင်းမှာ သင့်ကို အပျက်သဘောဆောင်စေရန် မဟုတ်ဘဲ သင့်ကိုယ်သင် မှန်ကန်စွာ ဆက်ဆံရန်နှင့် မိုက်မဲစွာ ပြုမူခြင်းကို ရှောင်ကြဉ်ရန် သင့်အား ကူညီပေးဖို့ ဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်လည်းကောင်း၊ မိမိကိုယ်ကိုသိသောစိတ် လုံးဝမရှိသောကြောင့်လည်းကောင်း မာနထောင်လွှားကြခြင်း ဖြစ်သည်။ သို့ရာတွင် အချို့လူများ၏ မာနထောင်လွှားမှုသည် ပုံမှန်ဖြစ်သော မာနထောင်လွှားမှု ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများတွင် ထောင်ကျဖူးခြင်းနှင့် ဆင်းရဲဒုက္ခ ခံစားဖူးခြင်းတို့မှ ရရှိသော အရင်းအနှီး ရှိကြသည်၊ ၎င်းတို့သည် အသင်းတော်အတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုဖူးသည်၊ သို့မဟုတ် ၎င်းတို့၌ အခြားသူများထက် သာလွန်စေသည့် ဆုကျေးဇူးများ ရှိကြသည်။ ၎င်းတို့၌ မာနထောင်လွှားသော စိတ်သဘောထား ရှိသည့်အပြင် အရင်းအနှီးအချို့ ရှိခြင်းတို့ ပေါင်းစပ်သွားသောကြောင့် ၎င်းတို့ မာနထောင်လွှားမှုကို ထုတ်ဖော်ခြင်းကို နားလည်နိုင်ဖွယ်ဖြစ်သည်ဟု ယူဆနိုင်သေးသည်။ သို့သော် သင်သည် မည်သည့်အရာမျှ မဟုတ်ဘဲ သင်သည် အခြေခံအားဖြင့် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သည့်အပြင် မည်သည့် အကျိုးပြုမှုမျှ မလုပ်ဆောင်ဖူး၍ မည်သည့် အားသာချက်မျှ မရှိပါက သို့တိုင်အောင် သင် မာနထောင်လွှားနေသေးလျှင် ဤအရာက အဓိပ္ပာယ်မရှိပေ၊ ယင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့၏။ ယခု သင့်အား ရှင်းလင်းအောင် လုပ်ဆောင်ပေးလိုက်သည်၊ သင့်၌ အစွမ်းအစ လုံးဝမရှိ၊ သင်သည် မည်သည့်အရာမျှမဟုတ်၊ သင့်၌ မည်သည့် အားသာချက်မျှ လုံးဝမရှိပေ။ သင်၏ စိတ်သည် ဗလာဖြစ်နေပြီး အတွေးအခေါ်ရှိသော လူများနှင့် နှိုင်းယှဉ်လျှင် သင်၏ စိတ်၌ အနှစ်သာရ ကင်းမဲ့နေသည်။ သင်သည် လူသားဖြစ်သည်မှာ တူညီသော်လည်း ၎င်းတို့နှင့်ယှဉ်လျှင် များစွာ အလှမ်းဝေးလှသည်။ ဘုရားသခင်၏ အမြင်တွင် သင်သည် လူသားဖြစ်ခြင်း စံချိန်ကို မမီပေ။ သို့ဆိုလျှင် သင်သည် မည်သည့်အရာနှင့်ပတ်သက်၍ မာနထောင်လွှားနေသေးသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အကဲဖြတ်လျှင် သင်သည် လူသားဖြစ်ခြင်း စံချိန်ကို မမီပေ။ ဘုရားသခင်၏ မျက်မှောက်တွင် သင့်ကို လူသားတစ်ဦးအဖြစ် မဆက်ဆံသင့်ပေ။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမားသောကြောင့် ဘုရားသခင်သည် သင့်ကို ချီးမြှောက်ခဲ့ပြီး ရွေးချယ်ခဲ့ကာ လူသားတစ်ဦးအဖြစ် ဆက်ဆံခဲ့ပြီး ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ခွင့် ပေးခဲ့သည်။ သင်က ဘုရားသခင်ကိုလည်းကောင်း၊ သူထောက်ပံ့ပေးသော သမ္မာတရားကိုလည်းကောင်း ထိုသို့ မိုက်မဲစွာ မာနထောင်လွှားသည့် နည်းလမ်းဖြင့် သဘောထားပြုမူသည်ကို မြင်တွေ့ရန် ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံခြင်းလော။ သင်၏ တာဝန်နှင့် သင်၏ အသက်တာကို ဤနည်းလမ်းဖြင့် သဘောထားပြုမူသည်ကို မြင်တွေ့ရန်လော။ မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံပြီး လူသားများ နားလည်သင့်သည့် အမျိုးမျိုးသော သမ္မာတရားများကို ပြောပြသည့်အတွက် သင်သည် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာနိုင်ရန် သူမျှော်လင့်သည်၊ လူသားများ ရှိသင့်သည့် အတွေးအခေါ်များကို သင် လက်ခံနိုင်ရန် မျှော်လင့်ပြီး မိုက်မဲစွာ မာနထောင်လွှားလိမ့်မည် မဟုတ်ဟု မျှော်လင့်သည်။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်းသည် မှားယွင်း၏။ သင် အပျက်သဘော မဆောင်သင့်ပေ။ ဘုရားသခင်သည် သင့်ကို သင်၏ အစွမ်းအစအပေါ် အခြေခံ၍ ဆက်ဆံခြင်း သို့မဟုတ် လျစ်လျူရှုခြင်း မပြုဘဲ သင့်ကို ပုံမှန်လူတစ်ဦးအဖြစ် ဆက်ဆံကာ ဤနည်းလမ်းဖြင့် အသုံးပြုသောကြောင့် သင်သည် ဘုရားသခင်ထံမှ ဤကျေးဇူးတော်နှင့် ထိုက်တန်အောင် နေထိုင်သင့်ပြီး ဘုရားသခင်ကို စိတ်ပျက်စေခြင်း မရှိသင့်ပေ။ သင့်၌ မည်သည့်အစွမ်းအစ ရှိသည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင် လုပ်ဆောင်နိုင်သည်ဖြစ်စေ ထိုအလုပ်ကိုသာ ကောင်းစွာ လုပ်ဆောင်လော့။ စကားကြီးစကားကျယ် မပြောနှင့်၊ လူတစ်ဦး မလုပ်သင့်သည့်အရာကို မလုပ်နှင့်၊ လူတစ်ဦး မရှိသင့်သည့် အလွန်အကျွံဖြစ်သော စိတ်ကူးများ သို့မဟုတ် ရည်မှန်းချက်များ မရှိစေနှင့်။ လူတစ်ဦး လုပ်သင့်သည့်အရာကို လုပ်ဆောင်ပြီး ဘုရားသခင်၏ ချီးမြှောက်မှုနှင့် ထိုက်တန်အောင် နေထိုင်လော့။ ဤသည်မှာ သင့်လျော်သည် မဟုတ်လော။ ဤအရာက အပျက်သဘောဆောင်ခြင်း ပြဿနာကို ဖြေရှင်းပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။)

အစွမ်းအစ အမျိုးမျိုးရှိသော လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်းခြားသိမြင်ကာ ဤတိကျသော ဥပမာများကို ပေးရခြင်းသည် သင်တို့အား ၎င်းတို့နှင့် ဆက်စပ်သုံးသပ်စေရန် ဖြစ်၏။ ထိုသို့ဖြင့် သင်သည် မိမိ၏ အနေအထားကို တိကျစွာ ခွဲခြားသိမြင်နိုင်မည်ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အစွမ်းအစနှင့် အမျိုးမျိုးသော အခြေအနေများအပြင် သင့်အပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြုပြင်ခြင်းကိုဖြစ်စေ၊ သင့်အတွက် စီစဉ်ပေးထားသော အလုပ်ကိုဖြစ်စေ ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် အတိုက်အခံလုပ်ခြင်းနှင့် အော်ဂလီဆန်ခြင်းကို ပြမည့်အစား စိတ်နှလုံးအနက်ရှိုင်းဆုံးမှ ကျိုးနွံနာခံနိုင်ကာ ကျေးဇူးတင်နိုင်လာမည် ဖြစ်၏။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အစွမ်းအစကို ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်ပြီးနောက် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင် အလိုရှိသည့် ဖန်ဆင်းခံများအဖြစ် ပြုမူဆောင်ရွက်လျက် ၎င်းတို့၏ ပင်ကိုအစွမ်းအစကို အခြေခံ၍ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို မှန်ကန်စွာ လုပ်ဆောင်ရင်း၊ မိမိတို့၏ သစ္စာစောင့်သိမှုနှင့် အားထုတ်မှုအားလုံးတို့ကို ရည်စူးအပ်နှံထားရင်း မိမိတို့၏ ကိုယ်ပိုင် နေရာကို မှန်ကန်စွာ ပိုင်းခြားသိမြင်သည့်အခါ ဘုရားသခင်၏ စိတ်ကျေနပ်မှုကို ၎င်းတို့ စွမ်းဆောင်ရရှိကြပေသည်။ ဘုရားသခင်သည် သင့်အား ဤအစွမ်းအစနှင့် ဤအခြေအနေများကို ပေးထားပြီးဖြစ်သည့်အတွက် သင့်အတွက် ခက်ခဲသော အရာများကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်ကို အတင်းအကျပ် စေခိုင်းမည် မဟုတ်ပေ၊ ငါးကို ကုန်းပေါ်တွင် နေထိုင်ရန် သူ အတင်းအကျပ် စေခိုင်းမည် မဟုတ်ပေ။ ဘုရားသခင်က သင့်အား မည်မျှ ပေးထားသည်ဖြစ်စေ ထိုအရာသည် သူက သင့်အား ပူဇော်ဆက်ကပ်စေသည့်အရာ ဖြစ်သည်။ ဘုရားသခင်က သင့်အား မပေးထားသည့်အရာကို သူ အလွန်အကျွံ တောင်းဆိုမည် မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် သန်မာသောသူတစ်ဦး၊ မဟာလူသားတစ်ဦး၊ သာမန်လူထက် ကျော်လွန်သောသူတစ်ဦး ဖြစ်လာရန် ကြိုးစားလျက် သင့်ကိုယ်သင် အလွန်မြင့်မားသော သတ်မှတ်ချက်များကို အမြဲတစေ ထားရှိပါက ဤသည်မှာ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြောင်း ညွှန်ပြနေသည်၊ ဤသည်မှာ ရည်မှန်းချက်ကြီးခြင်း ဖြစ်သည်။ သင်၏ အစွမ်းအစ ကောင်းမွန်ပါက သင်သည် တာဝန်ပိုယူရသည်၊ သင်၏ အစွမ်းအစ သာမန်ဖြစ်ပါက သင်သည် အလုပ်လျှော့လုပ်ရုံသာ ရှိသည်။ သင် မည်သည့်တာဝန်ကို လုပ်ဆောင်နိုင်သည်ဖြစ်စေ အစွမ်းကုန် လုပ်ဆောင်လော့၊ သင့်သစ္စာစောင့်သိမှုကို ပေးလော့၊ ပြီးလျှင် စည်းမျဉ်းများအတိုင်း ပြုမူလော့။ စကားကြီးစကားကျယ် မပြောနှင့်။ သင်သည် သာမန်လူတစ်ဦး မဟုတ်ကြောင်း သက်သေပြရန် အစဉ်သဖြင့် လိုလားနေခြင်း၊ အခြားသူများက သင့်ကို အထင်ကြီးလေးစားရန် အစဉ်သဖြင့် လိုလားနေခြင်း၊ ဤသည်မှာ မှားယွင်း၏။ ဤအရာက မိမိကိုယ်ကိုသိသောစိတ် အလွန် ကင်းမဲ့ခြင်း၊ မိမိ၏ အခြေအနေမှန်ကို မသိခြင်းတို့ကို ပြသနေသည်။ သင်သည် သင်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများအတိုင်း ဆက်လက်လိုက်စားနေပါက အမှုအရာများသည် သင့်အတွက် ဇာတ်သိမ်းကောင်းလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အစွမ်းအစ ညံ့ဖျင်းသောသူများသည် ခေါင်းဆောင်များ၊ အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများ ဖြစ်လာရန် အစဉ်သဖြင့် ဆန္ဒမရှိသင့်ပေ။ ၎င်းတို့သည် အလွန်အမင်း ရည်မှန်းချက် မကြီးသင့်ပေ။ သင်၏ အစွမ်းအစ ညံ့ဖျင်းပါက အစွမ်းအစ ညံ့ဖျင်းသောသူများ လုပ်ဆောင်နိုင်သည့် အရာများကိုသာ တာဝန်သိစိတ်ဖြင့် လုပ်ဆောင်လော့။ သင့်၌ အတွေးအခေါ်များ ကင်းမဲ့ပြီး မည်သည့်အလုပ်ကိုမျှ မကိုင်တွယ်နိုင်ပါက အတင်းအကျပ် မလုပ်နှင့်။ ဘုရားသခင်သည် သင့်အား ထိုအစွမ်းအစကို မပေးထားသောကြောင့် သင့်အတွက် အလွန်မြင့်မားသော တောင်းဆိုချက်များကို သူ မထားရှိပေ။ သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍မူ သင် နားလည်နိုင်ပြီး လက်ခံနိုင်သရွေ့ ယင်းတို့ကို လက်တွေ့လုပ်ဆောင်လော့။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ သင် သဘောပေါက်နားလည်နိုင်သည့်အရာသည် ဘုရားသခင်က သင့်အား ပေးထားသည့်အရာ ဖြစ်သည်။ ဤအရာများကို သင်၏ တာဝန်တွင် သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံထားသော တာဝန်ပေးစေခိုင်းချက်တွင် သင် အသုံးပြုပြီးပြီလော။ သင် အသုံးပြုပြီးပါက သင်သည် သင့်အစွမ်းကုန် ပေးဆပ်ပြီးဖြစ်ကာ သင်၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ပြီးဖြစ်သည်။ ဘုရားသခင် ကျေနပ်လိမ့်မည်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် စံနှုန်းပြည့်မီလိမ့်မည်။ သင်၏ အစွမ်းအစ ညံ့ဖျင်းပါက အစွမ်းအစ ကောင်းသောသူများအတွက် စံနှုန်းနှင့်အညီ သင့်ကို ဘုရားသခင် လုံးဝ တောင်းဆိုမည် မဟုတ်ပေ။ ဘုရားသခင် ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။ အစွမ်းအစ မရှိသောသူများသည် လူများကြားတွင် အစွမ်းအစ အနိမ့်ဆုံးအဆင့် ရှိသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သူအချို့၌ အစွမ်းအစ မရှိပါက ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင် ဘုရားသခင်နောက်သို့ လိုက်လိုသလော။ လူနှင့်သက်ဆိုင်သော အရာခပ်သိမ်းအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲကြောင်း သင် ဝန်ခံသလော။ သင့်အတွက် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံလိုသလော။ သင် လက်ခံရန်နှင့် ကျိုးနွံနာခံရန် လိုလားပါက သင်၏ စိတ်နှလုံးကို အေးဆေးတည်ငြိမ်စွာထားပြီး သင့်အတွက် ဘုရားသခင်၏ အစီအစဉ်များအားလုံးကို လက်ခံလော့။ သင်၏ အစွမ်းအစအရ သင်သည် ကာယအားစိုက်ထုတ်ရသော၊ လူမမြင်သော၊ အထင်သေးခံရသော၊ လူတို့ အမှတ်မရသော အလုပ်အချို့ကိုသာ လုပ်ဆောင်နိုင်ပါက၊ ဤသည်မှာ သင်၏အခြေအနေဖြစ်ပါက သင်သည် ဘုရားသခင်ထံမှ ယင်းကို ခံယူသင့်ပြီး ညည်းညူခြင်း မရှိသင့်ဘဲ မိမိ၏ အလိုဆန္ဒများအတိုင်း မိမိ၏ တာဝန်များကို ပို၍ပင် မရွေးချယ်သင့်ပေ။ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့။ ပြီးလျှင် ထိုအရာသည် သင်၏ အစွမ်းအစရှိသည့်အရာ ဖြစ်သရွေ့ ကောင်းစွာ သင် လုပ်ဆောင်သင့်ပေသည်။ ဥပမာအားဖြင့် သင့်ကို ဝက်မွေးရန် တာဝန်ပေးပါက ညီအစ်ကိုမောင်နှမများ ဝက်သားကောင်းကောင်း စားနိုင်စေရန် သင်သည် ဝက်များကို ကောင်းစွာ ကျွေးမွေးသင့်သည်။ သင့်ကို ကြက်မွေးရန် တာဝန်ပေးပါက ဥဥသည့်ရာသီတွင် ကြက်များ ပုံမှန် ဥဥနိုင်စေရန် သင်သည် ယင်းတို့ကို ကောင်းစွာ အစာကျွေးပြီး စီမံခန့်ခွဲသင့်သည်။ ထို့အပြင် သင် မွေးထားသော ကြက်များကို မြင်တွေ့သူတိုင်းက ယင်းတို့ကို ကောင်းစွာ မွေးမြူထားသည်ဟု ပြောဆိုကြစေရန် အခြားတိရစ္ဆာန်များ၏ အန္တရာယ်မှလည်း ယင်းတို့ကို ကာကွယ်သင့်သည်။ ဤအရာက သင်သည် ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်းကို တန်ဖိုးထားကြောင်းနှင့် ယင်းတို့ကို သင် ကောင်းစွာ စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြနေသည်။ ယင်းက မည်သည့် သတ္တဝါ သို့မဟုတ် တိရစ္ဆာန်အမျိုးအစား ဖြစ်ပါစေ ဤအရာကို သင် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားနှင့် တာဝန်အဖြစ် သဘောထားလျက် သင်သည် ယင်းကို တန်ဖိုးထားနိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြနေသည်။ အခြားအလုပ်ကို သင် မလုပ်နိုင်သော်လည်း အသင်းတော်အလုပ်တွင် သင်သည် အဓိကကျပြီး အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍတွင် မပါဝင်နိုင်သကဲ့သို့ များစွာသော ပံ့ပိုးမှုများမရှိသော်လည်း မထူးခြားသော အလုပ်တစ်ခုခုတွင် သင်သည် အပြည့်အဝ အားထုတ်ကာ သစ္စာစောင့်သိနိုင်ပြီး ဘုရားသခင်ကိုသာ စိတ်ကျေနပ်စေဖို့ ကြိုးစားလျှင် ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ သင့်ကို ဘုရားသခင်၏ ချီးမြှောက်ခြင်းအား သင် စိတ်မပျက်စေခြင်း ဖြစ်သည်။ အလုပ်တာဝန်များက ညစ်ပတ်ခြင်း သို့မဟုတ် ပင်ပန်းစရာဖြစ်ခြင်း ရှိမရှိကိုဖြစ်စေ၊ ယင်းတို့ကို သင် လုပ်ဆောင်ခြင်းအား အခြားသူများ မြင်ခြင်းရှိမရှိကိုဖြစ်စေ၊ ယင်းတို့ကို လုပ်ဆောင်ခြင်းအတွက် အခြားသူများက သင့်အား ချီးမွမ်းခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့က သင့်အား အထင်သေးခြင်း ရှိမရှိကိုဖြစ်စေ အခြေခံ၍ အလုပ်တာဝန်များကို ဇီဇာမကြောင်နှင့်။ ဤအရာများနှင့်ပတ်သက်၍ မစဉ်းစားနှင့်။ ယင်းကို ဘုရားသခင်ထံမှသာ ခံယူလော့၊ ကျိုးနွံနာခံပြီး သင် ထမ်းဆောင်သင့်သည့်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်လော့။ အစွမ်းအစ လုံးဝမရှိသော လူများ၏ သရုပ်သကန်များနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သောအခါ သင်သည် လူမိုက်၊ အသုံးမကျသူနှင့် ဉာဏ်ရည်မမီသူ ဖြစ်သည်ဟု ငါ ပြောကောင်းပြောပေမည်။ သို့ရာတွင် သင်သည် သင့်အား အပ်နှံထားသော အလုပ်များကို တာဝန်ယူနိုင်ပြီး အဆုံးတွင် သင့်အား ဘုရားသခင်၏ ချီးမြှောက်မှုကိုဖြစ်စေ၊ ဘုရားသခင်က သင့်အား ပေးသနားထားသော ဇီဝအသက်ကိုဖြစ်စေ သင် စိတ်ပျက်စေခြင်း မရှိပါက၊ သင်သည် အချည်းနှီး အသက်မရှင်၊ သို့မဟုတ် အလဟဿ မစား၊ လူသားမျိုးနွယ်အတွက် ဘုရားသခင် ထောက်ပံ့ပေးသော မည်သည့် ရုပ်ဝတ္ထုပစ္စည်းများကိုမဆို အချည်းနှီး မခံစားဘဲ ဘုရားသခင်၏ နှုတ်မှထွက်သော နှုတ်ကပတ်တော်များနှင့် ထိုက်တန်အောင် နေထိုင်ရန် မပျက်ကွက်ပါက ထိုအရာသည် လုံလောက်ပေသည်။ အစွမ်းအစအရ သင်သည် ပြည့်စုံသော လူတစ်ဦးဖြစ်ခြင်းကို မမီသော်ငြားလည်း သင်သည် ဤသစ္စာစောင့်သိမှု၊ စိတ်ရင်းမှန်တို့ဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီး အလုပ်ကို လုပ်ဆောင်နိုင်ပါက အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် စံနှုန်းပြည့်မီသည်။ ဘုရားသခင် အလိုတော်ရှိသည်မှာ ဤသစ္စာစောင့်သိမှုနှင့် စိတ်ရင်းမှန် ဖြစ်သည်။ သူသည် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးကို လိုချင်သည်။ ဘုရားအိမ်တော်က သင့်အတွက် မည်သည့်တာဝန်ကို စီစဉ်ပေးသည်ဖြစ်စေ ဘုရားသခင်ထံမှ ခံယူပြီး နာခံမှုရှိရှိ လက်ခံနိုင်ခြင်း၊ ဤသည်မှာ တန်ဖိုးအရှိဆုံးအရာ ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်အား တောင်းဆိုသည့်အရာကို လုပ်ဆောင်ပြီးဖြစ်ကာ သင် ပူဇော်ဆက်ကပ်နိုင်သမျှကို ပူဇော်ဆက်ကပ်ပြီးဖြစ်ပါက ဘုရားသခင်သည် သင့်အပေါ် ပို၍ မြင့်မားသော တောင်းဆိုချက်များ ရှိဦးမည်လော။ သင်၏ စိတ်ရင်းမှန်နှင့် သစ္စာစောင့်သိမှုတို့ကို ဘုရားသခင်၏ အမြင်တွင် တန်ဖိုးရှိသည်ဟု ရှုမြင်ပါက သင်၏ အသက်တာသည် တန်ဖိုးရှိ၏။ ဤသဘောပေါက်နားလည်မှု ကောင်းသလော။ (ကောင်းပါသည်။)

အချို့လူများက “ကျွန်ုပ် နားမလည်နိုင်သေးဟု ခံစားရပါသည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူများကို အမျိုးမျိုးသော အစွမ်းအစများ ရှိရန် ကြိုတင်ပြဋ္ဌာန်းထားသနည်း။ ဘုရားသခင်သည် လူများကို သူ့အတွက် သက်သေခံစေလိုသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေလိုသည်၊ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားစေလိုသည်ဖြစ်ရာ သူသည် အဘယ်ကြောင့် လူများကို အစွမ်းအစကောင်း မပေးနိုင်သနည်း။ လူများကို အစွမ်းအစကောင်းပေးရန် ဘုရားသခင်အတွက် အလွန် ခက်ခဲသလော။ ဘုရားသခင်သည် လူများကို ကဏ္ဍပေါင်းစုံတွင် စွမ်းရည်များ ရှိစေခဲ့ပါက ဆိုလိုသည်မှာ သိမြင်နားလည်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူ၍ ကဏ္ဍပေါင်းစုံတွင် လူများကို စွမ်းရည်များ ပေးခဲ့ပါက လူတို့၏ အစွမ်းအစ ကောင်းမွန်သွားမည် မဟုတ်လော။ သူသည် လူများကို သာမန် အစွမ်းအစ ပေးခဲ့လျှင်ပင် ၎င်းတို့သည် သမ္မာတရားကို သာမန်အဆင့်အထိ သဘောပေါက်နားလည်နိုင်ကြမည် မဟုတ်လော။ လူတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ပါက ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြမည် မဟုတ်လော။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ပြီး ကယ်တင်ခြင်း ရရှိနိုင်ကြမည် မဟုတ်လော” ဟု ပြောဆိုကြသည်။ လူတို့တွင် ဤအတွေးအခေါ်များ ရှိနေခြင်းက မည်သည့်ပြဿနာ ဖြစ်သနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ၎င်းတို့အား ဤမျှ လုံးဝ သာမန်ဖြစ်သော အစွမ်းအစကို ပေးထားသည်ကို လူတို့ နားမလည်ကြပေ။ အစွမ်းအစကောင်းသော ခေါင်းဆောင်များကို ရှာဖွေရန် ခက်ခဲပြီး အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် အလွန်ပင် ခက်ခဲလှသည်။ လူတို့က “ဘုရားသခင်သည် လူများကို အစွမ်းအစကောင်း ပေးခဲ့ပါက ခေါင်းဆောင်များကို ရှာဖွေရန် ပို၍ လွယ်ကူမည် မဟုတ်လော။ အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ပို၍ လွယ်ကူမည် မဟုတ်လော။ ဘုရားသခင်သည် အဘယ်ကြောင့် လူများကို အစွမ်းအစကောင်း မပေးသနည်း” ဟု တွေးတောကြသည်။ ဘုရားအိမ်တော်၏ အလုပ်တစ်ခုလုံး ရှုထောင့်မှ ကြည့်လျှင် အစွမ်းအစကောင်းသော လူများ ပို၍ ရှိပါက အသင်းတော်အလုပ်သည် အမှန်ပင် ပို၍ လွယ်ကူပေမည်ဖြစ်သည်မှာ အမှန်ပင်။ သို့ရာတွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်၊ ဘုရားအိမ်တော်တွင် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး လူတို့သည် အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် လူတို့၏ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ညံ့ဖျင်းသည်ဖြစ်စေ ဘုရားသခင်၏ အလုပ်ရလဒ်များကို အဆုံးအဖြတ်မပေးပေ။ နောက်ဆုံး ရရှိမည့် ရလဒ်များကို ဘုရားသခင်က ပြီးမြောက်အောင်မြင်စေခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင်က ဦးဆောင်သည်၊ အရာခပ်သိမ်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်၏။ ဘုရားသခင်၏ အလုပ်ရှုထောင့်မှ ကြည့်လျှင် ဤကိစ္စကို ဤနည်းလမ်းဖြင့် ရှင်းပြသင့်သည်၊ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ အခြားအကြောင်းရင်းတစ်ခု ရှိသေးသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့၏ အသက်အနှစ်သာရအဖြစ် ပိုင်ဆိုင်ထားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပြီး ၎င်းတို့၏ အသက်တာကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လွှမ်းမိုးထားသည်။ ဤအရာအပြင် လူတစ်ဦး၌ ကောင်းမွန်သော သို့မဟုတ် ထူးကဲသော အစွမ်းအစ ရှိပြီး ကဏ္ဍပေါင်းစုံတွင် ၎င်းတို့၏ စွမ်းရည်များက ပြည့်စုံပြီး စုံလင်ကာ အနာအဆာကင်းမဲ့ပါက ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အားပေးအားမြှောက် ပြုလိမ့်မည်။ ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အတိုင်းအဆမဲ့ ပို၍ ဆိုးရွားလာစေပြီး ထိန်းချုပ်၍မရနိုင်အောင် ဖြစ်လာစေမည့်အပြင် ထိုသူကို ပို၍ မာနထောင်လွှားစေ၊ စိတ်နှလုံးမာကျောစေ၊ လှည့်ဖြားတတ်စေပြီး ကောက်ကျစ်ဆိုးယုတ်စေလိမ့်မည်။ ၎င်းတို့ သမ္မာတရားကို လက်ခံရန် ခက်ခဲမှု တိုးပွားလာမည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အခြားအကြောင်းရင်းတစ်ခု ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူများကို ထိုသို့သော အစွမ်းအစ ပေးရခြင်းမှာ ဘုရားသခင် ကယ်တင်လိုသော လူသားမျိုးနွယ်သည် ပင်ကိုအားဖြင့် မပြည့်စုံသော လူသားမျိုးနွယ်ဖြစ်ပြီး ကဏ္ဍပေါင်းစုံရှိ စွမ်းရည်များမှာ သာမန်ဖြစ်ကာ ချို့ယွင်းချက်များ ရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သိရှိခြင်းသည် အမျိုးမျိုးသော စွမ်းရည်များကို အသုံးပြုရုံမျှဖြင့် ပြီးမြောက်အောင်မြင်သည် မဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။ ဤလုပ်ငန်းစဉ်တွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ပတ်ဝန်းကျင် ပြောင်းလဲမှုများ၊ လူတစ်ဦး၏ အသက်အရွယ် ကြီးရင့်လာမှု၊ ဘဝအတွေ့အကြုံများနှင့် ဗဟုသုတ တိုးပွားလာမှု၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များမှတစ်ဆင့် ရရှိသော အတွေ့အကြုံတို့ ပါဝင်ပြီး ယင်းတို့က လူများကို ၎င်းတို့၏ ပင်ကို အစွမ်းအစနှင့် ပင်ကိုသဘာဝများ အခြေခံပေါ်တွင် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားက အမှန်တကယ် မည်သည့်အရာကို ရည်ညွှန်းသည်ကို တဖြည်းဖြည်း နားလည်သဘောပေါက်စေပြီး သိရှိစေကာ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ကြသည်။ ထိုသို့သော လုပ်ငန်းစဉ်မှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားသည် လူတစ်ဦးထဲသို့ တစိမ့်စိမ့် ဝင်ရောက်ပြီး ၎င်းတို့၏ အသက် ဖြစ်လာသည်။ ယင်းသည် အသက်ရှင်နေထိုင်မှု သဘောတရားတစ်ခု သို့မဟုတ် အသက်ရှင်နေထိုင်မှု အတွေးအခေါ်နှင့် နည်းလမ်းတစ်ခု ဖြစ်မလာဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ တည်ရှိမှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာသည်။ ထိုသို့သော လူတစ်ဦးသည် လူသစ်တစ်ဦး၊ အသစ်မွေးဖွားသော အသက်တာတစ်ခု ဖြစ်သည်။ ဤသည်မှာ မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ သင်၏ အစွမ်းအစနှင့် ကဏ္ဍပေါင်းစုံရှိ စွမ်းရည်များ မည်မျှပင် ထူးကဲစွာ ကောင်းမွန်ပြီး မြင့်မားပါစေ ဤလုပ်ငန်းစဉ်များကို ချန်လှပ်ထား၍ မရနိုင်ပေ။ ဖန်ဆင်းခံ လူသားတစ်ဦးအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ်သို့ ပြောင်းလဲခြင်းကို နောက်ဆုံးတွင် ပြီးမြောက်အောင်မြင်ရာ၌ မည်သူမျှ တွေ့ကြုံရမည့် လုပ်ငန်းစဉ်တစ်ခုလုံး၏ မည်သည့်အဆင့်ကိုမျှ ကျော်သွား၍ မရနိုင်ပေ။ ဆိုလိုသည်မှာ လူတိုင်းသည် ဘုရားသခင်အပေါ် အယူအဆများ၊ စိတ်ကူးများ၊ အတိုက်အခံပြုခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ၎င်းတို့အားလုံးသည် အဆင်မပြေမှုများ၊ ကျရှုံးမှုများ၊ လဲပြိုခြင်း၊ ဖြုတ်ချခံရခြင်း၊ ပြုပြင်ခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းတို့ကို ဖြတ်သန်းကြရမည်၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံရမည်၊ လူအမျိုးအစား အမျိုးမျိုးနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး အခြားသော ထိုကဲ့သို့ လုပ်ငန်းစဉ်များကို ဖြတ်သန်းကြရမည်။ သင်၏ အစွမ်းအစ မည်မျှ ကောင်းသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊ သို့မဟုတ် ကဏ္ဍပေါင်းစုံတွင် သင်၏ စွမ်းရည်များ မည်မျှ သန်မာသည်ဖြစ်စေ ဤလုပ်ငန်းစဉ်များ သို့မဟုတ် အဆင့်များထဲမှ မည်သည့်အရာကိုမျှ ချန်လှပ်ထား၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် သင့်အား ထူးကဲစွာ မြင့်မားသော အစွမ်းအစနှင့် စွမ်းရည်များကို ပေးခဲ့လျှင်ပင် ယင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သာမန်ဖြစ်သော၊ ရိုးရိုးလူတစ်ဦး ဖြစ်ခြင်းက သင့်အတွက် ပိုကောင်းသည်။ သင့်၌ လူ့သဘာဝဆိုင်ရာ ချို့ယွင်းချက်အချို့ ရှိကောင်းရှိနိုင်သော်လည်း သင်သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် နားလည်နိုင်သည်၊ ပြီးလျှင် သင်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို သိမြင်နိုင်သည်။ ဤနည်းအားဖြင့် တစ်ဖက်တွင် သင် ရရှိသောအရာသည် ပို၍ လက်တွေ့ကျပြီး ဘုရားသခင်ထံမှ ပို၍ ရရှိသည်။ အခြားတစ်ဖက်တွင် သင်သည် သင်၏ ပင်ကိုစွမ်းရည်များကို ပို၍ တိကျစွာ သိရှိလာပြီး သင်သည် ပို၍ ဆင်ခြင်တုံတရား ရှိလာသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတိုင်းကို အစွမ်းအစကောင်း ပေးရန် မရည်ရွယ်ဘဲ လူများကို သာမန် အစွမ်းအစ ပေးခြင်း ဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။