သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈) အပိုင်း ခြောက်

လူပေါင်းဆံ့ခြင်းကို နှစ်သက်ခြင်းနှင့် တစ်သီးပုဂ္ဂလဆန်ခြင်း

လူပေါင်းဆံ့ခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍ ဖြစ်သနည်း။ (ပင်ကိုအခြေအနေ ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး လူအုပ်စုများကြား၌ လောကီဆက်ဆံရေးများအတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ အချို့လူများသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်ကြသည်၊ ယင်းကို မည်သည့်အခါမျှ ငြီးငွေ့ခြင်းမရှိဘဲ အခြားလူတို့၏ ပင်ကိုစရိုက်က မည်သို့ပင်ဖြစ်ပါစေ ၎င်းတို့သည် ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံနိုင်ကြပြီး ပေါင်းသင်းဆက်ဆံလိုစိတ် ရှိကြသည်။ သို့ရာတွင် အချို့လူများက လူအုပ်ကို ရှောင်ရှားလိုကြပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရန် မလိုလားကြပေ။ ဤအရာသည် လူတစ်ဦး၏ မွေးရာပါ ပင်ကိုစရိုက်နှင့် အတိုင်းအတာတစ်ခုအထိ ဆက်စပ်မှုရှိသည်။ ပင်ကိုစရိုက်နှင့် ပတ်သက်လာသည့်အခါ ယင်းက ပင်ကိုအခြေအနေများနှင့် မလွဲဧကန် သက်ဆိုင်၏။ လူပေါင်းဆံ့ခြင်းသည် လူတစ်ဦး၏ ပင်ကိုစရိုက်နှင့် ဆက်စပ်နေသည်။ ယင်းက လူ့သဘာဝ၏ ကောင်းကွက်များ သို့မဟုတ် အားနည်းချက်များနှင့် မသက်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်လည်း သေချာပေါက် မသက်ဆိုင်ပေ။ ဤသည်မှာ နှိုင်းယှဉ်ချက်အရ ရိုးရှင်းသော သရုပ်သကန်တစ်ခု ဖြစ်သည်။ တစ်သီးပုဂ္ဂလဆန်ခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍအောက်တွင် အကျုံးဝင်သနည်း။ (ယင်းမှာ လူတစ်ဦး၏ မွေးရာပါ ပင်ကိုစရိုက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။) (ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ဤနေရာတွင် သဘောထားကွဲလွဲမှု အချို့ရှိသည်၊ သို့ဆိုလျှင် တစ်သီးပုဂ္ဂလဆန်ခြင်းဟူသည်မှာ အတိအကျအားဖြင့် မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (တစ်သီးပုဂ္ဂလဆန်ခြင်းက လူတစ်ဦး၏ ပင်ကိုစရိုက် ညံ့ဖျင်းကြောင်းကို ညွှန်ပြပါသည်။) ညံ့ဖျင်းသော ပင်ကိုစရိုက်တစ်ခု ရှိခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ပင်ကိုစရိုက် ကိုယ်၌က လူတစ်ဦး၏ ပင်ကိုအခြေအနေများ၏ ကဏ္ဍတစ်ခုလည်း ဖြစ်သောကြောင့် တစ်သီးပုဂ္ဂလဆန်ခြင်းဟူသော ဤစရိုက်လက္ခဏာသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်သကဲ့သို့ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်။ ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် မပါဝင်သကဲ့သို့ လူတစ်ဦး၏ ကျင့်ကြံပြုမူခြင်းနှင့်လည်း မသက်ဆိုင်ပေ။ တစ်သီးပုဂ္ဂလဆန်ခြင်း ဆိုသည်မှာ လူများကို အစဉ်သဖြင့် ရှောင်ရှားခြင်း၊ မိမိ၏ အတွေးများကို အခြားသူများနှင့် ပြောဆိုဆွေးနွေးရန် မလိုလားခြင်း၊ အမှုအရာများကို တစ်ဦးတည်း လုပ်ဆောင်ရန် ပိုနှစ်သက်ခြင်း၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည်ကို မကြိုက်ခြင်းနှင့် လူများအကြားတွင် နေထိုင်သည်ကို မကြိုက်ခြင်းတို့ကို ဆိုလိုသည်။ ထိုသို့သောလူများသည် လူသူကင်းဝေးသော ပတ်ဝန်းကျင်တစ်ခုတွင် သို့မဟုတ် ချောင်တစ်ချောင်တွင် နေရသည်ကိုသာ နှစ်သက်ကြသည်။ လူများသောအခါ ၎င်းတို့သည် စကားမပြောလိုကြပေ။ ၎င်းတို့သည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရာတွင် မကျွမ်းကျင်ကြပေ။ ၎င်းတို့သည် အခြားသူများနှင့် အမှန်တကယ် ဆက်သွယ်ပြောဆိုသည့်အခါတွင် စိုးရိမ်ပူပန်ပြီး ထိတ်လန့်ကြသည်၊ သို့မဟုတ် အချို့သော ရှက်ရွံ့ဖွယ်ကောင်းပြီး အနေရခက်သော အခြေအနေများဖြင့် အဆုံးသတ်ကြရသည်။ ဤသည်မှာ ပင်ကိုအခြေအနေများအတွင်းရှိ ပင်ကိုစရိုက်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး သေချာပေါက်အားဖြင့် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။)

သတ္တိနည်းခြင်းနှင့် ရဲတင်းခြင်း

ယခု သတ္တိနည်းခြင်းကို ကြည့်ကြစို့၊ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ပင်ကိုအခြေအနေ ဖြစ်ပါသည်။) (လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်ပါသည်။) ယင်းမှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်သကဲ့သို့ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်။ သတ္တိနည်းခြင်းက မည်သည့်အရာကို ဆိုလိုကြောင်း ငါ့ကို ပြောပြလော့။ ညဘက်တွင် အပြင်မထွက်ရဲခြင်း၊ ကြွက်များ၊ ကင်းခြေများနှင့် ကင်းမြီးကောက်များကို ကြောက်ခြင်း၊ ထို့ပြင် ဒုက္ခရောက်မည်ကို ကြောက်ပြီး ရှုပ်ထွေးသော ပြဿနာများကို ရင်ဆိုင်ရန် မလိုလားခြင်း၊ ဤအရာအားလုံးသည် သတ္တိနည်းခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ အချို့လူများသည် မြွေတစ်ကောင်ကို မြင်သောအခါ ကြောက်လွန်း၍ သတိလစ်သွားကြသည်။ အချို့လူများသည် ကားမတော်တဆမှုတစ်ခုအကြောင်း ကြားသောအခါ ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီသွားကြသည်။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်သူများ ညှဉ်းပန်းနှိပ်စက်ခံရကြောင်း၊ ဖမ်းဆီးခံရနိုင်ပြီး ပြစ်ဒဏ်ချမှတ်ခံရကာ ထောင်ချခံရနိုင်ကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် အလွန်ကြောက်ရွံ့သွားကြပြီး မယုံကြည်ရဲတော့ပေ။ ရိုလာကိုစတာ မစီးရဲသော သူများလည်း ရှိသည်။ ထိုသို့သောလူများသည် ၎င်းတို့ သဘောမပေါက်နိုင်သည့် အရာ အနည်းငယ်မျှ ရှိလျှင်ပင် သို့မဟုတ် ၎င်းတို့ တစ်ခါမျှ မလုပ်ဖူးသော အရာတစ်ခု ဖြစ်နေလျှင် မည်သည့်အရာကိုမျှ ပါဝင်ရန် သို့မဟုတ် စမ်းကြည့်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် အန္တရာယ်ရှိသော အလုပ် သို့မဟုတ် အန္တရာယ်ရှိသော လှုပ်ရှားမှုများကို မစမ်းကြည့်ရဲသည်သာမက နေ့စဉ်ဘဝတွင် ပုံမှန်လူများ လုပ်ဆောင်သင့်သည့် အရာများကို လုပ်ဆောင်ရန်လည်း ကြောက်ရွံ့ကြသည်။ ဥပမာအားဖြင့် ကားမောင်းသင်ခိုင်းပါက ၎င်းတို့က “ကျွန်ုပ် ကားမမောင်းရဲပါ၊ လမ်းပေါ်တွင် ကားများ အလွန်များပြီး အလွန်မြန်မြန် မောင်းကြသည်၊ မတော်တဆ တိုက်မိလျှင် မည်သို့လုပ်မည်နည်း” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “သင်သည် ကားတိုက်မှု ဖြစ်မည်ကို အဘယ်ကြောင့် အစဉ်သဖြင့် စိုးရိမ်နေသနည်း။ ကားမောင်းသည့်အခါ သင် အနည်းငယ် ပို၍ သတိထား၍ မရနိုင်သလော” ဟု ပြောသည်။ သို့သော် ၎င်းတို့သည် ကြောက်နေဆဲဖြစ်ပြီး “ကားစထွက်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ် မထိန်းချုပ်နိုင်တော့ပါ၊ တကယ်တိုက်မိလျှင် မည်သူမျှ မထိန်းချုပ်နိုင်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သည့် ဘက်သို့သာ အစဉ်သဖြင့် တွေးတောကြသဖြင့် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ သတ္တိနည်းခြင်းသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်ပြီး ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်။ သတ္တိနည်းသောသူများသည် ၎င်းတို့လုပ်ဆောင်သမျှတွင် အလွန်အမင်း သတိကြီးပြီး စေ့စပ်သေချာကြသည်။ ၎င်းတို့သည် များသောအားဖြင့် ကြီးမားသော အမှားများကို မပြုလုပ်ကြသကဲ့သို့ အကြီးစား မကောင်းမှုများကို မကျူးလွန်ကြပေ။ သို့သော် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤအရာကို အားသာချက်တစ်ခုအဖြစ် မယူဆနိုင်ပေ၊ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ရဲတင်းခြင်းနှင့်ပတ်သက်၍ မည်သို့နည်း။ ရဲတင်းခြင်းနှင့် ဆက်စပ်၍ မည်သည့် ဝေါဟာရများကို အများအားဖြင့် သုံးနှုန်းကြသနည်း။ (မိုက်ရူးရဲဆန်ခြင်း၊ ရဲတင်းသဖြင့် မိုက်ရူးရဲဆန်ခြင်းတို့ ဖြစ်ပါသည်။) “ရဲတင်းသဖြင့် မိုက်ရူးရဲဆန်ခြင်း”၊ “အလွန်အမင်း ရဲတင်းခြင်း” နှင့် “အရှက်အကြောက်ကင်းမဲ့စွာ ရဲတင်းခြင်း” တို့အားလုံးသည် ရဲတင်းခြင်းကို ရည်ညွှန်းသည်။ သို့ဖြစ်၍ ရဲတင်းခြင်းသည် ကောင်းသလော၊ သို့မဟုတ် မကောင်းသလော။ (ကိစ္စရပ်အပေါ် မူတည်ပါသည်။) ယင်းမှာ အခြေအနေနှင့် ၎င်းတို့သည် မည်သို့သော လူစားမျိုးဖြစ်သည်ဟူသည့်အပေါ် မူတည်သည်။ လူ့သဘာဝ ရှုထောင့်မှ ကြည့်လျှင် ရဲတင်းခြင်းကို အားသာချက် သို့မဟုတ် အားနည်းချက်အဖြစ် သတ်မှတ်၍မရနိုင်ပေ၊ ငါတို့သည် ယင်းကို ပင်ကိုအခြေအနေတစ်ခုအဖြစ် အမျိုးအစား သတ်မှတ်ကြမည်။ လူတစ်ဦး၏ ရဲတင်းခြင်းကို ကိစ္စရပ်နှင့်ဆက်စပ်၍ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ထို့အပြင် အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၌ စည်း ရှိမရှိနှင့် ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်ကို ကြည့်ရမည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မကောင်းပါက ရဲတင်းခြင်းသည် ၎င်းတို့အား ဥပဒေချိုးဖောက်ရန်၊ မကောင်းမှုပြုရန်နှင့် ရာဇဝတ်မှုကျူးလွန်ရန်၊ အချောင်ယူရန်၊ မတရားသော နည်းလမ်းဖြင့် အကျိုးအမြတ်ရယူရန်နှင့် နေရာတိုင်းတွင် အခြားသူများကို လိမ်လည်လှည့်ဖြားရန် ဦးတည်စေနိုင်သည်။ တစ်စုံတစ်ဦးက မကောင်းမှုတစ်ခု ကျူးလွန်ရန် ၎င်းတို့အား လာဘ်ထိုးပါက ၎င်းတို့သည် လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ အချောင်ယူရန်အလို့ငှာ ၎င်းတို့သည် နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်ဘဲ သို့မဟုတ် အခြားသူများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မည်သည့် မကောင်းမှုကိုမဆို လုပ်ရဲကြသည်။ ဤကဲ့သို့ ရဲတင်းသဖြင့် မိုက်ရူးရဲဆန်ခြင်းသည် ကောင်းသလော။ (မကောင်းပါ။) အချို့လူများသည် ၎င်းတို့၏ စီးပွားရေးအတွက် နေရာတိုင်းတွင် အခြားသူများကို လှည့်ဖြားကြသည်။ ၎င်းတို့ လုပ်ကိုင်သော စီးပွားရေးမှာ တရားမဝင်ပေ၊ ယင်းမှာ စစ်မှန်သော လုပ်ငန်းလည်ပတ်မှု မရှိသည့် ဟန်ပြကုမ္ပဏီတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ ရဲတင်းခြင်းနှင့် လှည့်ဖြားနိုင်စွမ်းတို့ ပေါင်းစပ်သွားသောကြောင့် ၎င်းတို့သည် ယာယီအားဖြင့် ချမ်းသာကြွယ်ဝလာကြသည်၊ လုံးချင်းအိမ်ကြီးများတွင် နေထိုင်ကြပြီး ဇိမ်ခံကားများကို မောင်းနှင်ကြသည်၊ ၎င်းတို့သည် အလွန်ကောင်းမွန်သော ဘဝကို စံစားကြသော်လည်း ၎င်းတို့ စံစားသော ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများ အားလုံးသည် ၎င်းတို့၏ ရဲတင်းခြင်းကြောင့် လှည့်ဖြားမှုဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သလော။ ဤ ရဲတင်းခြင်းသည် ကောင်းသလော၊ ငါ့ကို ပြောပြလော့။ (မကောင်းပါ။) ထို့ကြောင့် ရဲတင်းသောသူများနှင့် ပတ်သက်လာလျှင် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းကို ကြည့်ရမည်။ ၎င်းတို့သည် မိမိတို့၏ ရဲတင်းခြင်းကြောင့် အခြားသူများကို လိမ်လည်လှည့်ဖြားရဲပါက ၎င်းတို့သည် ကြီးလေးသော မကောင်းမှုကို ကျူးလွန်နေခြင်း ဖြစ်သည်။ သင်သည် လှည့်ဖြားလေလေ၊ အခြားသူများအပေါ် အချောင်ယူလေလေ၊ အနာဂတ်တွင် သင် ခံရမည့် ပြစ်ဒဏ်က ပို၍ ပြင်းထန်လေလေ ဖြစ်မည် မဟုတ်လော။ ဤအရာက ဘေးဒုက္ခကို ယူဆောင်လာသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သတ္တိနည်းပြီး အခြားသူများကို လိမ်လည်လှည့်ဖြားလိုလျှင် သင်သည် အနည်းငယ်သာ လှည့်ဖြားမည်ဖြစ်ပြီး အနာဂတ်တွင် သင် ခံရမည့် ပြစ်ဒဏ်မှာ ပို၍ သက်သာလိမ့်မည်။ သို့ဖြစ်၍ မှန်ကန်သော လမ်းကြောင်းကို မလျှောက်လှမ်းသော ဤလူများအတွက် ၎င်းတို့အနေဖြင့် အနည်းငယ် သတ္တိနည်းခြင်းက ပိုကောင်းသလော၊ သို့မဟုတ် အနည်းငယ် ရဲတင်းခြင်းက ပိုကောင်းသလော။ (အနည်းငယ် သတ္တိနည်းခြင်းက ပိုကောင်းပါသည်။) မှန်ကန်သောလမ်းကြောင်းကို မလျှောက်လှမ်းသော၊ အခြားသူများကို ကလိမ်ကျပြီး လှည့်ဖြားနိုင်စွမ်းရှိသော၊ ဥပဒေကို အလေးမထားဘဲ မတရားသော နည်းလမ်းဖြင့် ကြီးပွားချမ်းသာရန် ဥပဒေ၏ ဟာကွက်များကို အစဉ်သဖြင့် အခွင့်ကောင်းယူလိုသော၊ မည်သည့်အချိန်တွင်မဆို ဥပဒေကို ချိုးဖောက်နိုင်သော ဤလူများအတွက် ရဲတင်းခြင်းသည် ဘေးဒုက္ခတစ်ခု ဖြစ်သည်၊ ယင်းမှာ ၎င်းတို့ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုနှင့် အားနည်းချက်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင် သတ္တိနည်းခြင်းသည် ကောင်းသောအရာ ဖြစ်လာသည်၊ ယင်းမှာ ၎င်းတို့အတွက် အကာအကွယ်တစ်ခုပင် ဖြစ်သည်။ သတ္တိနည်းသောသူများသည် ၎င်းတို့၏ မိသားစုနှင့် မိမိတို့ကိုယ်တိုင်အတွက် အခြေခံလိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ရန် ငွေအနည်းငယ် ရှာဖွေကြပြီး ဇိမ်ခံပစ္စည်း အချို့ကိုလည်း စံစားကာ ထိုမျှဖြင့် ရပ်တန့်ကြသည်။ အနာဂတ်တွင် ၎င်းတို့ ခံရမည့် ပြစ်ဒဏ်မှာ ပို၍ သက်သာလိမ့်မည်။ ရဲတင်းသောသူများသည် ၎င်းတို့ကိုယ်တိုင် ပို၍ စံစားကြရန်အတွက် မိုက်ရူးရဲဆန်စွာဖြင့် မကောင်းမှုများကို ကျူးလွန်ရဲကြပြီး အခြားသူများကို ကလိမ်ကျကာ လှည့်ဖြား၍ အခြားသူများ ပိုင်ဆိုင်မှုကို ကိုယ့်အပိုင်ကဲ့သို့ ယူကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် အချောင်ယူကြသည်၊ ၎င်းတို့သည် အနာဂတ်တွင် ယင်းအတွက် ပြန်လည်ပေးဆပ်ရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် နောင်ဘဝ ရှိပါက ထိုအချိန်တွင် ၎င်းတို့ ခံရမည့် ပြစ်ဒဏ်သည် ပြင်းထန်လိမ့်မည်၊ ၎င်းတို့သည် ဘဝတစ်ခု သို့မဟုတ် နှစ်ခု၌ပင် အပြည့်အဝ ပြန်လည်ပေးဆပ်နိုင်မည် မဟုတ်ပေ။ အချို့လူများသည် စားသောက်ဆိုင်များ ဖွင့်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ခြင်းဖြင့် တစ်သက်လုံး ကုန်ဆုံးကြပြီး ပိုင်ဆိုင်မှု တစ်သန်း နှစ်သန်း သို့မဟုတ် ဆယ်သန်းပေါင်းများစွာပင် ရှာဖွေကြသည့်တိုင် အကြွေးဆပ်ရန် အားလုံးကို အသုံးပြုလိုက်ရသောကြောင့် ၎င်းတို့ကိုယ်တိုင် မည်သည့်အရာကိုမျှ မစံစားရပေ။ ၎င်းတို့ အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ် ရောက်သည့်အချိန်တွင်ပင် ပြန်ဆပ်၍ မပြီးသေးပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်မှာ ဝဋ်လည်ခြင်း ဖြစ်သည်၊ ဖြစ်နိုင်သည်မှာ ၎င်းတို့၏ အတိတ်ဘဝများတွင် လောဘကြောင့် အခြားသူများထံမှ အလွန်အမင်း ရယူခဲ့သောကြောင့် ဤဘဝအနည်းငယ်တွင် အကြွေးများကို ပြန်လည်ပေးဆပ်နေရခြင်း ဖြစ်ပေမည်။ ၎င်းတို့၏ အတိတ်ဘဝများတွင် ၎င်းတို့သည် အလွန် လောဘကြီးခဲ့ပြီး အလွန် ရဲတင်းကာ အခြားသူများထံမှ အလွန်အမင်း အချောင်ယူခဲ့သောကြောင့် လက်ရှိဘဝတွင် ဝဋ်လည်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ကန်သောလမ်းကြောင်းကို မလျှောက်လှမ်းသော လူများအတွက် အနည်းငယ် သတ္တိနည်းခြင်းသည် ၎င်းတို့အတွက် အကာအကွယ်တစ်ခု ဖြစ်ပြီး ရဲတင်းခြင်းမှာမူ မကောင်းသော လက္ခဏာတစ်ခု ဖြစ်သည်။

လူတစ်ဦးသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းပါက ရဲတင်းခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။) ယင်းနှင့်ပတ်သက်၍ မည်သည့်အရာက ကောင်းသနည်း။ (၎င်းတို့ ရဲတင်းပါက ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရချိန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဆက်လက်၍ စွဲမြဲနိုင်ပါသည်။) ဤရဲတင်းခြင်းသည် ဇာတိပကတိနှင့်ဆိုင်သော သတ္တိကို ရည်ညွှန်းရုံသက်သက် မဟုတ်ပေ။ ယင်းသည် ဇာတိပကတိနှင့်ဆိုင်သော သတ္တိမျိုး ဖြစ်ပါက ယင်းမှာ မဆင်မခြင်ပြုမူခြင်းနှင့် မိုက်ရူးရဲဆန်ခြင်း ဖြစ်သည်၊ ယင်းမှာ အနည်းငယ် စိတ်မြန်လက်မြန်ဖြစ်ပြီး အမြော်အမြင်ကင်းမဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ရဲတင်းပြီး ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖမ်းဆီးခံရပါက သင်သည် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို ကြောက်မည်လော။ သင်သည် သေရမည်ကို ကြောက်မည်လော။ သင်သည် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ် ထောင်ချခံရမည်ကို ကြောက်မည်လော။ သင် ကြောက်မည်ဆိုပါက ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်က “ကျွန်ုပ် မကြောက်ပါ” ဟု သင် ပြောဆိုခြင်းသည် မဆင်မခြင်ပြုမူခြင်း ဖြစ်ပြီး စစ်မှန်သော ရဲတင်းခြင်း မဟုတ်ပေ။ မည်သည့် သရုပ်သကန်သည် မဆင်မခြင်ပြုမူခြင်း မဟုတ်သနည်း။ ယင်းမှာ သင် ဘုရားသခင်ကို စတင်ယုံကြည်စဉ်က သင်၌ သတ္တိ အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း စစ်မှန်သော ယုံကြည်ခြင်းလည်း ရှိခြင်း ဖြစ်သည်။ ဤ စစ်မှန်သော ယုံကြည်ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ရာတွင် သင်၌ စိတ်ပိုင်းဖြတ်မှု ရှိသည်ကို ဆိုလိုသည်၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် နှိပ်ကွပ်ခံရလျှင်၊ ဖမ်းဆီးခံရပြီး နှိပ်စက်ခံရလျှင် ကျွန်ုပ်၏ အသက်ကို စွန့်ရန် အသင့်ရှိရမည်။ ကျွန်ုပ် မည်သို့ပင် ညှဉ်းပန်းခံရပါစေ၊ သို့မဟုတ် မည်သည့်အတိုင်းအတာအထိ ခံရပါစေ၊ ကျွန်ုပ်သည် အသင်းတော်ကို သစ္စာဖောက်မည် မဟုတ်၊ သို့မဟုတ် ယုဒတစ်ဦး ဖြစ်လာမည် မဟုတ်ပေ၊ ကျွန်ုပ် သေရမည်ကို မကြောက်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ဖက် ဖြစ်သည်။ အခြားရှုထောင့်တစ်ဖက်မှာ သင် အမှန်တကယ် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရကာ သင့်အား အသင်းတော်ကို သစ္စာဖောက်စေရန် အဆင်းနီသော နဂါးကြီးက ခြိမ်းခြောက်ပါက သင်သည် စာတန်၏ ပရိယာယ်များကို ထိုးထွင်းသိမြင်နိုင်ပြီး ယင်း၏ ဘောင်ခတ်ခြင်းကို မခံရဘဲ “လူတစ်ဦး၏ သေရေးရှင်ရေး အပါအဝင် လူတစ်ဦးနှင့်ဆိုင်သော အရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ကျွန်ုပ် မကြောက်ပါ” ဟု ပြောဆိုလျက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ မဆင်မခြင်ပြုမူခြင်း မဟုတ်သကဲ့သို့ သတ္တိသက်သက်လည်း မဟုတ်ပေ၊ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ဤ စစ်မှန်သော ယုံကြည်ခြင်း ရှိခြင်းနှင့် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းသည် သင်၏ အားသာချက် ဖြစ်သည်။ ဆိုကြပါစို့၊ သင်၌ စစ်မှန်သော ယုံကြည်ခြင်း မရှိဘဲ “ကျွန်ုပ် မကြောက်ပါ၊ အလွန့်အလွန်ဆုံးက သေခြင်းသာ ဖြစ်သည်” ဟုသာ ပြောဆိုသော်လည်း ဖမ်းဆီးခံရမှုကို ရင်ဆိုင်ရသောအခါ သင်သည် ကြောက်လွန်း၍ ဆီးထွက်ကျသွားသည်။ ဖမ်းဆီးခံရပြီးနောက် သင် ပထမဆုံး တွေးမိသည်မှာ “ကျွန်ုပ် နှိပ်စက် ခံရမည်လော။ ကျွန်ုပ်၏ ဇာတိပကတိ နာကျင်ခံစားရမည်လော။ လျှပ်စစ်သံပူဖြင့် ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ဖိကပ်လျှင် ကျွန်ုပ် ခံနိုင်ရည်ရှိပါမည်လော။ နှိပ်စက်မှု ပြင်းထန်လျှင် ကျွန်ုပ် သေမည်လော။ ကျွန်ုပ် သေဆုံးပါက ဘုရားသခင် အမှတ်ရတော်မမူဘဲ နေမည်လော။ ကျွန်ုပ် ကယ်တင်ခြင်း မခံရဘဲ နေမည်လော။ ကျွန်ုပ် အမှန်တကယ် သည်းမခံနိုင်ပါက ကျွန်ုပ်သည် အသင်းတော်ကို သစ္စာဖောက်ပြီး ယုဒကဲ့သို့ ဖြစ်လာမည်။ ယုဒတစ်ဦး ဖြစ်လာပြီးနောက် ကျွန်ုပ် အပြစ်ဒဏ်ပေးခံရပြီး ဖျက်ဆီးခံရလျှင်လည်း ဖြစ်ပါစေတော့၊ အနည်းဆုံးအနေဖြင့် ကျွန်ုပ် ယခုလက်ရှိတွင် နာကျင်မှု ခံစားရမည် မဟုတ်တော့ပေ” ဟူ၍ ဖြစ်သည်။ ထိုသို့ဆိုလျှင် သင်သည် သက်သေခံချက် မပေးနိုင်ဘဲ ရှိနေသည် မဟုတ်လော။ ကွန်မြူနစ်ပါတီက သင်၏ မိသားစုကို အသုံးချပြီး သင်၏ သားသမီးများကို တက္ကသိုလ်တက်ခွင့် မပေးခြင်း၊ သင်၏ မိဘများကို ကျန်းမာရေးအာမခံ ရရှိခွင့် ငြင်းပယ်ခြင်း၊ သင်၏ မိသားစု အခွင့်အရေးအားလုံးကို ရုပ်သိမ်းခြင်းတို့ဖြင့် သင့်ကို ခြိမ်းခြောက်သည် ဆိုပါစို့၊ ထိုအခါ သင်သည် ကြောက်ရွံ့လာပြီး စစ်မှန်သော ယုံကြည်ခြင်း ရှိတော့မည် မဟုတ်ပေ။ သင်၏ သတ္တိ မည်သည့်နေရာသို့ ရောက်သွားပြီနည်း။ သင် အမှန်တကယ် ရဲတင်းသလော။ သင်၌ စစ်မှန်သော ယုံကြည်ခြင်း မရှိပါက သင်၏ ရဲတင်းခြင်းသည် မဆင်မခြင်ပြုမူခြင်းမျှသာ ဖြစ်သည်။ သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိမှသာ သင်၏ သတ္တိသည် စစ်မှန်ပေသည်။ ဖမ်းဆီးမခံရမီတွင် သင်က “ဘုရားသခင်သည် ကျွန်ုပ်ကို ဖမ်းဆီးခံရခွင့်ပေးမည် မဟုတ်” ဟု တွေးလျှင် ဤအတွေးကြောင့် သင် သတ္တိဝင်လာပါက ယင်းသည် စစ်မှန်သော ကြံ့ခိုင်မှု သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဖမ်းဆီးမခံရမီတွင် သင်သည် ဤအရာအားလုံးကို သေချာစွာ စဉ်းစားပြီးဖြစ်ကာ “လူတစ်ဦး၏ သေရေးရှင်ရေးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ဘုရားသခင်က ကျွန်ုပ်၏ အသက်ကို အမှန်တကယ် ယူလိုပါက ကျွန်ုပ် ကျိုးနွံနာခံသင့်သည်။ ကျွန်ုပ်၏ အနာဂတ် ခရီးဆုံးပန်းတိုင်နှင့်ပတ်သက်၍မူ ယင်းကို ဘုရားသခင်ထံမှ စကားတစ်ခွန်းဖြင့် ဆုံးဖြတ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူက ကျွန်ုပ်ကို မည်သည့် ခရီးဆုံးပန်းတိုင် ပေးသည်ဖြစ်စေ ယင်းအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး ကျွန်ုပ် ကျိုးနွံနာခံမည်။ ဘုရားသခင်က ကျွန်ုပ်ကို ထောင်ထဲတွင် သေဆုံးရန် စီစဉ်ပါက ယင်းသည် ကျွန်ုပ်၏ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်သည်၊ ကျွန်ုပ်သည် ဤအသက်ကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ရန် လိုလားသည်။ ကျွန်ုပ် မည်မျှပင် ကြီးစွာသော ဆင်းရဲဒုက္ခကို ကြုံတွေ့ရပါစေ၊ ကျွန်ုပ်၌ မပြောင်းလဲသော ယုံကြည်ချက်တစ်ခု ရှိမည်၊ ယင်းမှာ ကျွန်ုပ်၏ အသက်ကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံခြင်း ဖြစ်ပြီး စာတန်က ကျွန်ုပ်ကို မည်သို့ပင် ညှဉ်းပန်းပါစေ၊ ဖျက်ဆီးပါစေ၊ သို့မဟုတ် နှိပ်စက်ပါစေ၊ ကျွန်ုပ်သည် ယင်းကို မည်သည့်အခါမျှ အရှုံးပေးမည် မဟုတ်ပေ။ ကျွန်ုပ် သေမည်၊ မသေမည်ကို ကျွန်ုပ် မစိုးရိမ်ပါ။ ကျွန်ုပ် သေဆုံးလျှင်ပင် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး သူက ယင်းကို ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနေဦးမည် ဖြစ်သည်” ဟု ပြောဆိုသည် ဆိုပါစို့။ ဤသည်မှာ သင် ရှိရမည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်၊ ထိုသို့သော ယုံကြည်ခြင်းဖြင့်သာ သင်၌ စစ်မှန်သော သတ္တိ ရှိနိုင်ပေသည်။ ဖမ်းဆီးမခံရမီတွင် ထိုအရာ သင့်အပေါ် အမှန်တကယ် မဖြစ်ပျက်မီတွင် သင်သည် ဤကိစ္စရပ်များကို ထိုးထွင်းသိမြင်ပြီးဖြစ်ကာ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း၊ ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် သေရေးရှင်ရေး ကိစ္စရပ်များကို စစ်မှန်သော နားလည်မှုနှင့် လက်ခံမှုတို့ ရှိပြီး သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ လက်ထဲသို့ လုံးလုံးလျားလျား အပ်နှံနိုင်ကာ သင် အမှန်တကယ် ဖမ်းဆီးခံရပြီး သေရမည်မှာ ဖြစ်နိုင်ချေရှိသည့် အခြေအနေကို ရင်ဆိုင်ရချိန်တွင် သင်၏ စိတ်နှလုံးထဲရှိ ဤနားလည်မှုများ မပြောင်းလဲဘဲ ရှိနေသည် ဆိုပါစို့၊ ထိုအခါ သင်၏ ယုံကြည်ခြင်းသည် တုန်လှုပ်မည် မဟုတ်ပေ။ အခြေအနေများက မည်သို့ပင်ဖြစ်ပါစေ၊ သင်၏ ယုံကြည်ခြင်းသည် ချေမှုန်းမခံရပါက သို့မဟုတ် ရှုံးနိမ့်မသွားပါက သင်၌ သတ္တိ အစဉ်သဖြင့် ရှိလိမ့်မည်။ ဖမ်းဆီးမခံရမီတွင် ထိုအရာ သင့်အပေါ် အမှန်တကယ် မဖြစ်ပျက်မီတွင် သင်သည် ဤအရာများကို သေချာစွာ မစဉ်းစားထားဘဲ “ကျွန်ုပ်၏ အသက်ကို ပူဇော်ဆက်ကပ်ရန် ကျွန်ုပ် လိုလားပါသည်။ ကျွန်ုပ်၏ အသက်ကို ဘုရားသခင် ပေးထားခြင်း ဖြစ်သည်၊ အဆိုးဆုံးမှာ ဘုရားသခင်အတွက် မာတုရအဖြစ် အသေခံလိုက်မည်” ဟု အတွေးဆန္ဒဖြင့် စဉ်းစားသည် ဆိုပါစို့။ ထိုအခြေအနေမျိုးတွင် အဆင်းနီသော နဂါးကြီးက သင့်ကို ညှဉ်းပန်းနှိပ်စက်ပြီးနောက် ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်သောအခါ သင် ကြောင်အသွားလိမ့်မည်၊ “သေခြင်းက အဆုံးသတ် ဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်ခဲ့သည်။ ကျွန်ုပ် မာတုရအဖြစ် အသေခံခဲ့လျှင် ဘုရားသခင် အမှတ်ရလိမ့်မည်။ ကျွန်ုပ်သည် ထိုသက်သေခံချက်ကို ခံယူရန် ပျက်ကွက်ပြီး အဆုံးတွင် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ ဆယ်နှစ်ဖြစ်သည်၊ ယင်းမှာ ဆယ်ရက် သို့မဟုတ် ဆယ်လ မဟုတ်ပေ။ ဤအရာကို ကျွန်ုပ် မည်သို့ ကြံ့ကြံ့ခံရမည်နည်း” ဟူ၍ ဖြစ်သည်။ သင်သည် ယခင်က ဤအရာများကို မစဉ်းစားခဲ့ဖူးသောကြောင့် ဤအချိန်တွင် ယင်းတို့ကို စဉ်းစားဆင်ခြင်ရန် လွယ်ကူပါမည်လော။ အနည်းငယ် ခက်ခဲလိမ့်မည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) အခက်အခဲများ ပေါ်ပေါက်လာသောအခါ လူတို့သည် ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည်နှင့် ယင်းတို့မှ မည်သို့ လွတ်မြောက်ရမည်ကိုသာ တွေးတောကြသည်။ အခက်အခဲများမှ ရုန်းထွက်လိုစိတ်က ပြင်းထန်ပါက ဒုက္ခရောက်နေစဉ်အတွင်း ယင်းတို့နှင့် အလိုက်သင့် နေထိုင်ရန် သင်၏ စိတ်ဆန္ဒသည် အလွန်အမင်း အားနည်းလိမ့်မည်။ ထို့ကြောင့် အခက်အခဲများကို ရင်ဆိုင်ရသောအခါ ထိုသို့သော ပတ်ဝန်းကျင်ကို ကျိုးနွံနာခံရန် သင့်အတွက် အလွန် ခက်ခဲလာသည်။ သို့ဆိုလျှင် ထိုသို့သော အခြေအနေများကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် သမ္မာတရားကို ချက်ချင်း ရှာဖွေပြီး ဤကိစ္စရပ်များကို သေချာစွာ စဉ်းစားရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဟူသော လမ်းကြောင်းကိုလည်း သင် စဉ်းစားဆင်ခြင်ရမည်။ ဥပမာအားဖြင့် သင်သည် ဆယ်နှစ် ထောင်ချခံရမည် ဆိုပါက သင် မည်သို့ တွေးမည်နည်း။ “ကျွန်ုပ်၏ ဇနီး (သို့မဟုတ် ခင်ပွန်း) သည် ကျွန်ုပ်နှင့် ကွာရှင်းမည်လော။ ဆယ်နှစ်ကြာပြီးနောက် ကျွန်ုပ်၏ ကလေးများ မည်မျှ ကြီးပြင်းနေမည်နည်း။ ကျွန်ုပ်သည် ၎င်းတို့အပေါ် တာဝန်ကျေပွန်ခဲ့ခြင်း မရှိပါ၊ ၎င်းတို့သည် ကျွန်ုပ်ကို အသိအမှတ်မပြုဘဲ နေမည်လော၊ ကျွန်ုပ် အသက်ကြီးလာသောအခါ ကျွန်ုပ်ကို ပြုစုစောင့်ရှောက်ရန် ငြင်းဆန်မည်လော။ လွတ်မြောက်လာပြီးနောက် ကျွန်ုပ် မည်သို့ နေထိုင်မည်နည်း။ ဆယ်နှစ်ကြာပြီးနောက် ကျွန်ုပ်၏ မိဘများ အိုမင်းနေလိမ့်မည်၊ ကျွန်ုပ်သည် ၎င်းတို့အပေါ် သားသမီးဝတ္တရား ကျေပွန်ခဲ့မည် မဟုတ်ပါ၊ ဤသည်မှာ ကျွန်ုပ်သည် သားသမီးဝတ္တရား မကျေပွန်ရာ ရောက်မည် မဟုတ်လော။ ဆယ်နှစ်ကြာပြီးနောက် ဘုရားသခင်၏ အမှုတော် ပြီးဆုံးသွားမည်လော။ ကျွန်ုပ်သည် ထောင်ထဲတွင် မည်သည့်အရာမျှ ရရှိခဲ့မည် မဟုတ်ပါ၊ စုဝေးပွဲများ ရှိခဲ့မည်မဟုတ်၊ သို့မဟုတ် တရားဒေသနာများကို နားထောင်ခဲ့မည်မဟုတ်၊ ပြီးလျှင် သမ္မာတရားကိုလည်း နားလည်ခဲ့မည်မဟုတ်ပါ။ ဤဆယ်နှစ်အတွင်း ကျွန်ုပ် နောက်ကျ ကျန်ရစ်ခဲ့မည် မဟုတ်လော။ ဤသည်မှာ ကျွန်ုပ် ဖယ်ရှားရှင်းလင်းခြင်း ခံလိုက်ရသည်ဟု ဆိုလိုခြင်း မဟုတ်လော။ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်ပါဦးမည်လော။ ကျွန်ုပ် ဤဆင်းရဲဒုက္ခကို ခံစားရပါက ဘုရားသခင် အမှတ်ရတော်မူမည်လော။ ကိုယ်တော် အမှတ်ရတော်မမူဘဲ ကျွန်ုပ် ကယ်တင်ခြင်း မခံရနိုင်ပါက ကျွန်ုပ်သည် ဤအချိန်ကာလကို ထောင်ထဲတွင် အချည်းနှီး ကုန်ဆုံးခဲ့ခြင်း မဟုတ်လော။ ဆယ်နှစ်အတွင်း အရာများစွာ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်သည် မည်သည့်အရာမျှ မရရှိဘဲ များစွာ ဆုံးရှုံးရလိမ့်မည်” ဟူ၍ ဖြစ်သည်။ သင် ဤအရာများကို တွေးတောသောအခါ အခက်အခဲများ ပေါ်ပေါက်လာသည်။ သင်သည် ဤအခက်အခဲများကို မည်သို့ ရင်ဆိုင်သင့်သနည်း။ နေ့ရက်တိုင်းကို မည်သို့ ကျော်ဖြတ်ရမည်ကို သင် စဉ်းစားသင့်သည် မဟုတ်လော။ သင်သည် ဤအရာများကို သေချာစွာ မစဉ်းစားထားဘဲ သမ္မာတရားကို နားလည်ပြီး အမှုအရာများကို ရှင်းလင်းစွာ မြင်နိုင်သည့် အခြေအနေသို့ မရောက်ရှိသေးပါက သင် ဖမ်းဆီးခံရမှုကို ရင်ဆိုင်ရသောအခါ သင်၏ သေရေးရှင်ရေးသည် အတွေးတစ်ချက်အပေါ်၌သာ တည်မှီနေလိမ့်မည်။ တစ်ခဏတာ ကြောက်ရွံ့ခြင်း၊ အတွေးတစ်ချက် သို့မဟုတ် စိတ်ကူးတစ်ခုသည် သင့်အား ယုဒတစ်ဦး ဖြစ်လာစေနိုင်ပြီး အသင်းတော်ကို သစ္စာဖောက်စေကာ သင်၏ ယခင် ကြိုးပမ်းအားထုတ်မှုများ အားလုံးကို အချည်းနှီး ဖြစ်စေနိုင်သည်။ သင်သည် ဤကိစ္စကို သေချာစွာ မစဉ်းစားနိုင်ပါက သို့မဟုတ် ထိုးထွင်းမသိမြင်နိုင်ပါက သင်၏ ရှေ့ရေးနှင့် ကံကြမ္မာအတွက် မစိုးရိမ်ဘဲနေရန် အလွန် ခက်ခဲလိမ့်မည်ဖြစ်ပြီး သင်၏ သေရေးရှင်ရေးကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံကာ သူ အလိုရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုရန် အလွန် ခက်ခဲလိမ့်မည်။ သင်သည် သေရေးရှင်ရေး ကိစ္စရပ်များကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိဘဲ ကံစမ်းလိုသည့် စိတ်နေစိတ်ထား၊ ဖြစ်သလို ဖြတ်သန်းလိုသော စိတ်နေစိတ်ထား ရှိနေဆဲဖြစ်ပါက ပတ်ဝန်းကျင်အခြေအနေတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ သင် ထုတ်ဖော်ခံရလိမ့်မည်။ ဖမ်းဆီးခံရချိန်တွင် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးပြီး ယုဒများ ဖြစ်သွားသူ အားလုံးသည် ညတွင်းချင်း ဖြစ်သွားကြခြင်းဖြစ်ပြီး ၎င်းတို့သည် စာတန်၏ သားရဲ၏ တံဆိပ် ခတ်နှိပ်ခြင်းကို ခံခဲ့ရသည်။ လူတစ်ဦး၏ သေရေးရှင်ရေးသည် တစ်ခါတစ်ရံတွင် အတွေးတစ်ချက်အပေါ်၌သာ တည်မှီနေသည်။ သမ္မာတရား မရှိပါက အကျပ်အတည်းများကို ကျော်ဖြတ်ရန် အလွန် ခက်ခဲသည်။ သို့ဆိုလျှင် စစ်မှန်သော ရဲတင်းခြင်းဟူသည် အဘယ်နည်း။ တစ်စုံတစ်ဦးက ကောက်ရိုးမီးသတ္တိကို အားကိုး၍ တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပါက ယင်းသည် စစ်မှန်သော ရဲတင်းခြင်း ဖြစ်သလော။ မဟုတ်ပါ၊ ယင်းမှာ စိတ်မြန်လက်မြန်ဖြစ်ခြင်း ဖြစ်သည်။ အမှန်တကယ် သတ္တိရှိသောသူတစ်ဦးသည် များစွာသော အပြုသဘောဆောင်သည့်အရာများ၊ အပျက်သဘောဆောင်သည့်အရာများနှင့် စပ်လျဉ်း၍ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပိုင်းခြားသိမြင်နိုင်စွမ်း အတိုင်းအတာတစ်ခု ရှိကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အတွင်းစိတ်၌ လက်ခံသဘောတူနိုင်သည်၊ လက်ခံနိုင်သည်၊ ခိုင်မာစွာ အသိအမှတ်ပြုနိုင်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာသို့ ရောက်ရှိကြသည်။ ဤနည်းဖြင့်သာ သင်၌ စစ်မှန်သော သတ္တိ ရှိနိုင်ပေသည်။ သင်၏ စိတ်နှလုံးထဲတွင် ဤအရာများကို မပိုင်ဆိုင်ထားပါက သင်၏ ရဲတင်းခြင်းသည် ကျားကို မကြောက်သော နွားပေါက်စကဲ့သို့ မိုက်မိုက်ကန်းကန်း ရဲတင်းခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို အတိုက်အခံလုပ်သော နိုင်ငံတစ်ခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်တော်သို့ လိုက်ခြင်းသည် သတ္တိလိုအပ်သည်သာမက ပို၍ အရေးကြီးသည်မှာ ယုံကြည်ခြင်း လိုအပ်သည်။ သင် ဘုရားသခင်ကို ယုံကြည်ရဲခြင်းမှာ သင် ရဲတင်းသောကြောင့် မဟုတ်ဘဲ သင်၌ ယုံကြည်ခြင်း ရှိသောကြောင့် ဖြစ်သည်။ အချို့လူများက “ကျွန်ုပ် ရဲတင်းပြီး ညှဉ်းပန်းနှိပ်စက်မှုကို မကြောက်သောကြောင့်သာ ဘုရားသခင်ကို ယုံကြည်သည်ဟု ကျွန်ုပ် ထင်ပါသည်” ဟု ပြောဆိုကြသည်။ ဤစကား မှန်ကန်ကောင်း မှန်ကန်နိုင်သည်။ သင်သည် အတင့်ရဲခြင်းကြောင့် ယုံကြည်သော်လည်း သင်၏ မိုက်မဲခြင်း၊ အသိပညာမဲ့ခြင်းနှင့် ရိုးရှင်းခြင်းတို့ကို ထောက်ရှု၍ ဘုရားသခင်က သင့်ကို အထူး ကျေးဇူးပြုတော်မူကာ သင့်အတွက် အချို့သော ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးပြီး သမ္မာတရားဖြင့် ရေလောင်းပေးကာ ထောက်ပံ့ပေးသည်။ ဤအရာမှတစ်ဆင့် သင်သည် သမ္မာတရား အတော်များများကို နားလည်ပြီး ရရှိလာသည်။ အချိန်ကြာလာသည်နှင့်အမျှ သင်၏ အတင့်ရဲခြင်းတွင် စစ်မှန်သော ယုံကြည်ခြင်း၏ အစိတ်အပိုင်းများ ပါဝင်လာပြီး ထိုအခါမှသာ သင်၏ သတ္တိ ကြီးထွားလာကာ အနာဂတ် ပတ်ဝန်းကျင်များ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရန် ပို၍ ဝံ့ရဲလာသည်။ လူတစ်ဦး၌ စစ်မှန်သော ယုံကြည်ခြင်း မရှိဘဲ “ကျွန်ုပ် ဘုရားသခင်ကို ယုံကြည်ရဲသည်။ ကျွန်ုပ် ညှဉ်းပန်းနှိပ်စက်မှုကို မကြောက်ပါ၊ ဖမ်းဆီးခံရပြီး ထောင်ချခံရမည်ကို မကြောက်ပါ” ဟု ပြောဆိုလျက် ခဏတာ ကောက်ရိုးမီးသတ္တိကို အားကိုးပါက ထိုသတ္တိမျိုးသည် ကြာရှည်ခံမည် မဟုတ်ပေ။ သမ္မာတရား၏ ထောက်ပံ့မှု မရှိဘဲ၊ သင့်ကို လေ့ကျင့်ပေးရန်၊ လက်တွေ့လုပ်ဆောင်စေရန်နှင့် အမျိုးမျိုးသော အမှုအရာများကို မည်သို့ ရင်ဆိုင်ရမည်ကို သင်ကြားပေးရန် လက်တွေ့ဘဝတွင် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်များ မရှိဘဲ သင်၏ ရဲတင်းခြင်းသည် သက်သက် မိုက်ရူးရဲဆန်ခြင်းသာ ဖြစ်ပြီး စစ်မှန်သော ယုံကြည်ခြင်း လုံးဝ မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ယင်းသည် အမှန်တကယ် အတင့်ရဲခြင်းသာ ဖြစ်ပါက ယင်းက သင့်ကို မဆင်မခြင်ပြုမူသော၊ မိုက်မဲပြီး အသိပညာမဲ့သောသူ ဖြစ်စေသည်။ ဘုရားသခင်ကို ယုံကြည်သော အချို့လူများသည် အလွန် ရိုးရှင်းသော အတွေးများ ရှိကြပြီး ဘုရားသခင်နောက်သို့ လိုက်ရာတွင် မည်သည့် အန္တရာယ်များ ပါဝင်မည်ကို လုံးဝ မမျှော်လင့်ထားဘဲ အမှုအရာများကို အလွန် လွယ်ကူသည်ဟု ထင်မြင်ကြသည်။ သို့သော် ၎င်းတို့ အဆင်မပြေမှုများနှင့် ကြုံတွေ့ရသောအခါမှသာ ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ကြောင်း ၎င်းတို့ သဘောပေါက်ကြသည်။ လူတစ်ဦး၏ ရဲတင်းခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်ပါက အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ရိုးရှင်းပြီး ပွင့်လင်းသူများ ဖြစ်ကြသည်၊ ရှုပ်ထွေးခြင်း မရှိသကဲ့သို့ တစ်ချိန်လုံး စိုးရိမ်ကြောက်ရွံ့ မနေကြချေ။ သို့သော် သင်၏ ရဲတင်းခြင်းသည် ကောင်းချီးများ ရယူလိုသော ရည်ရွယ်ချက်၏ တွန်းအားပေးမှုကို ခံရပြီး “ဘုရားသခင်ကို ယုံကြည်လျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်၊ ကြီးမားသော ကောင်းချီးများ ရရှိနိုင်သည်၊ ဘေးအန္တရာယ်များမှ လွတ်မြောက်ပြီး သေခြင်းမှ ရှောင်ရှားနိုင်သည်၊ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ကျွန်ုပ် ယုံကြည်မည်” ဟု သင် တွေးသည် ဆိုပါစို့။ တစ်နည်းအားဖြင့် သင်၏ ယုံကြည်ခြင်းသည် ကောက်ရိုးမီးဖြစ်ကာ အတင့်ရဲသော ဇာတိပကတိ အားအင်၏ တွန်းအားပေးမှုကို ခံရခြင်း ဖြစ်သည်၊ ယင်းမှာ သင်က ရိုးရှင်းသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်လိုခြင်း မဟုတ်ဘဲ ကောင်းချီးများကို လိုက်စားနေခြင်း ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သင်၏ ရဲတင်းခြင်းသည် အကောင်းဆုံးအားဖြင့် အတင့်ရဲခြင်းသာဖြစ်ပြီး လူ့သဘာဝ၏ ကောင်းကွက်တစ်ခုအဖြစ် အမျိုးအစား သတ်မှတ်၍ မရနိုင်ပေ။ ထို့ကြောင့် ရဲတင်းသောသူများနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရ မည်သို့ရှိသည်ကို သင် ကြည့်ရမည်။ ၎င်းတို့၌ လိပ်ပြာနှင့် ဆင်ခြင်တုံတရား မရှိဘဲ အတင့်ရဲရုံသက်သက် ဖြစ်ပါက ၎င်းတို့၌ တန်ဖိုး သိပ်မရှိသကဲ့သို့ အဓိပ္ပာယ်ရှိသော မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်ပါက ထိုသို့သောလူများ၌ တန်ဖိုးရှိသည်။ လူတစ်ဦးသည် ရဲတင်းသော်လည်း သဘောပေါက်နားလည်နိုင်စွမ်း မရှိပါက၊ သမ္မာတရားကို နားမလည်နိုင်ဘဲ ကောင်းချီးများ ရယူရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ပါက၊ ပြီးလျှင် ကောင်းချီးများ ရရှိရန်အလို့ငှာ ၎င်းတို့၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ဖို့ လိုလားပြီး ညှဉ်းပန်းနှိပ်စက်မှုကို မကြောက်ပါက ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု မဟုတ်ဘဲ မှားယွင်းသော အတွေးအခေါ်နှင့် အမြင်ရှုထောင့်တစ်ခုသာ ဖြစ်သည်။ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) တစ်စုံတစ်ဦးသည် သတ္တိနည်းသည်ဖြစ်စေ၊ ရဲတင်းသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ ပင်ကိုအခြေအနေများ ပါဝင်ပတ်သက်ပြီး ၎င်းတို့ လူ့သဘာဝ၏ အနှစ်သာရနှင့် သိပ်မသက်ဆိုင်လှပေ။

ငါတို့သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့ခဲ့ပါက သင်တို့ဘာသာ ပိုင်းခြားသိမြင်နိုင်ပါမည်လော။ (ရိုးရှင်းသော သရုပ်သကန်များဖြင့်ဆိုလျှင် ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်ကောင်း ပိုင်းခြားသိမြင်နိုင်ပါလိမ့်မည်၊ သို့သော် ပို၍ ရှုပ်ထွေးသော အရာများဖြင့်ဆိုလျှင် ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပါ။) ယခု ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့အကြား ကွဲပြားခြားနားချက်များကို မိတ်သဟာယဖွဲ့ပြီးဖြစ်ရာ ယခု သင်တို့ ပိုင်းခြားသိမြင်နိုင်ပြီလော။ (ယခင်ကထက် အနည်းငယ် ပို၍ ပိုင်းခြားသိမြင်နိုင်ပါပြီ။) ငါသည် ပို၍ တစ်မူထူးခြားသော ဥပမာအချို့ကို ပေးပါက သင်တို့သည် ငါ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို အခြေခံ၍ ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ပါမည်လော။ ပြောရခက်သည်၊ ဟုတ်သလော။ သို့ဆိုလျှင် နောက်တစ်ကြိမ်တွင် ငါတို့သည် ဤခေါင်းစဉ်နှင့် ဆက်စပ်သော ကိစ္စရပ်များအကြောင်း ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ငါတို့ ပို၍ မိတ်သဟာယဖွဲ့လေလေ၊ သင်တို့သည် မတူညီသော ကိစ္စရပ်အမျိုးအစားများကို ပိုင်းခြားသိမြင်ရန်အတွက် စည်းမျဉ်းအချို့ကို ရှာဖွေတွေ့ရှိလေလေ ဖြစ်လိမ့်မည်။ လူ့သဘာဝ၊ ပင်ကိုအခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် စပ်လျဉ်း၍ မိတ်သဟာယဖွဲ့ပြီးဖြစ်သော သရုပ်သကန်များကို သင်တို့ ယေဘုယျအားဖြင့် ပိုင်းခြားသိမြင်နိုင်ကြသည်။ မိတ်သဟာယမဖွဲ့ရသေးသော အရာများအတွက်မူ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသူများ သို့မဟုတ် သမ္မာတရားကို ရှာဖွေတတ်သူများသာလျှင် ယင်းတို့ထဲမှ အချို့ကို ပိုင်းခြားသိမြင်နိုင်ကောင်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ အစွမ်းအစ ညံ့ဖျင်းသူများမှာမူ လက်လှမ်းမီမည် မဟုတ်ဘဲ ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ၎င်းတို့သည် ပို၍ နားထောင်ရန်နှင့် ပို၍ မေးမြန်းရန် လိုအပ်သည်။ ငါတို့သည် ဤကိစ္စရပ်များအကြောင်း မိတ်သဟာယမဖွဲ့ပါက ယင်းတို့သည် သင်တို့အတွက် အမြဲတစေ ဝေဝါးနေလိမ့်မည်ဖြစ်ပြီး သင်တို့ ပြောဆိုသည့်အရာသည်လည်း ရှင်းလင်းမှု မရှိ ဖြစ်နေလိမ့်မည်။ သင်တို့၏ နားလည်မှုနှင့် သမ္မာတရားအပေါ် စင်ကြယ်သော နားလည်မှုတို့အကြားတွင် ကွာဟချက်တစ်ခု အစဉ်သဖြင့် ရှိနေလိမ့်မည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။)

ယနေ့ ငါတို့သည် အစွမ်းအစနှင့်ဆိုင်သော ကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယခု လူတို့၏ အစွမ်းအစ မည်သို့ရှိသည်ကို သင် ပိုင်းခြားသိမြင်နိုင်ပြီလော။ (ကျွန်ုပ်တို့ အကြမ်းဖျင်း ပိုင်းခြားသိမြင်နိုင်ပါသည်။) သင် ပိုင်းခြားမသိမြင်နိုင်ပါက အချိန်ယူပြီး အမှုအရာများကို တွေ့ကြုံခံစားလော့။ နေ့စဉ်ဘဝတွင် သင်သည် ဤကိစ္စရပ်များကို ကြုံတွေ့ရလိမ့်မည်။ ငါတို့၏ မိတ်သဟာယမှ စကားများကို လက်တွေ့ဘဝတွင် အသုံးချရန် သင်ယူလော့၊ ယင်းတို့ကို လူတို့၏ သရုပ်သကန်များနှင့် တစ်စတစ်စ နှိုင်းယှဉ်ချိန်ဆကြည့်လျက် သင်ကိုယ်တိုင်ကို ပိုင်းခြားသိမြင်ပြီး အခြားသူများကို ပိုင်းခြားသိမြင်လော့၊ သင်ကိုယ်တိုင်ကို သိရှိလာပြီး အခြားသူများကို သိရှိလာလော့။ တဖြည်းဖြည်းနှင့် သင်သည် ဤအရာများကို တိုင်းတာနိုင်လာလိမ့်မည်ဖြစ်ပြီး ဤသို့ပြုလုပ်ရန် စံနှုန်းတစ်ခု ရှိလာလိမ့်မည်။ လူများနှင့် အမှုအရာများကို ရှုမြင်ရန်အတွက်လည်းကောင်း၊ သင်ကိုယ်တိုင် ကျင့်ကြံပြုမူရန်နှင့် ပြုမူဆောင်ရွက်ရန်အတွက်လည်းကောင်း စည်းမျဉ်းများသည် တိုး၍ ရှင်းလင်းလာလိမ့်မည်။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ပိုင်းခြားသိမြင်ခြင်း၏ အမျိုးမျိုးသော ရှုထောင့်များနှင့်ပတ်သက်၍ ငါတို့ များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ မည်သည့် သရုပ်သကန်များ သို့မဟုတ် လူ့သဘာဝ၏ မည်သည့် ထုတ်ဖော်ပြသမှုများကို ငါတို့ မိတ်သဟာယ ဖွဲ့သည်ဖြစ်စေ၊ ယင်းတို့ထဲမှ မည်သည့်အရာမျှ အနှစ်သာရမဲ့သော စကားများ မဟုတ်ပေ။ ဤအရာအားလုံးကို လက်တွေ့ဘဝတွင် ကြုံတွေ့နိုင်သည်၊ မြင်တွေ့နိုင်သည်နှင့် ခံစားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမျိုးမျိုးသော အမှုအရာများ၊ အမျိုးမျိုးသော လူစားများနှင့် နှိုင်းယှဉ်ချိန်ဆခြင်းအားဖြင့် ယင်းတို့ကို ရှုမြင်တတ်ရန် သင် သင်ယူရမည်။ ငါတို့၏ မိတ်သဟာယမှ အမျိုးမျိုးသော အခြေအနေများနှင့် ကိစ္စရပ်များကို လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ရန် သင်ယူခြင်းအားဖြင့်သာ သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ရာ၌လည်းကောင်း၊ ကျင့်ကြံပြုမူရာနှင့် ပြုမူဆောင်ရွက်ရာ၌လည်းကောင်း တိုးတက်မှုကို တဖြည်းဖြည်း ရရှိနိုင်မည်ဖြစ်ပြီး သမ္မာတရားနှင့် ဆက်စပ်သော အမျိုးမျိုးသော ကိစ္စရပ်များကို တိကျသော နားလည်မှု ရရှိကာ အမျိုးမျိုးသော သမ္မာတရား စည်းမျဉ်းများကို တဖြည်းဖြည်း သဘောပေါက်နိုင်မည် ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ငါတို့ ဆွေးနွေးခဲ့သော ကိစ္စရပ်များကို လူတို့ ပြသသည့် အမျိုးမျိုးသော အခြေအနေများနှင့် ထုတ်ဖော်ပြသမှုများကို ပိုင်းခြားသိမြင်ရန် အဓိကအားဖြင့် အသုံးပြုပြီး သင့်ကို သမ္မာတရား နားလည်ရန်နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ရန် တိုက်ရိုက် လုပ်ဆောင်ပေးခြင်း မရှိသော်လည်း ဤကိစ္စရပ်များ အားလုံးသည် သမ္မာတရားအပေါ် သင်၏ နားလည်မှုအပြင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင်၏ ဝင်ရောက်မှုကို အကျိုးသက်ရောက်စေလိမ့်မည်။ ထို့ကြောင့် ဤကိစ္စရပ်များသည် လူတို့၏ အယူအဆများတွင် လူ့သဘာဝ၊ ပင်ကိုအခြေအနေများ သို့မဟုတ် ထင်ရှားသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့နှင့်သာ သက်ဆိုင်ပုံရသော်လည်း ကိစ္စရပ်တိုင်းနှင့် ပြောဆိုချက်တိုင်းသည် လူတို့ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းနှင့် ဆက်စပ်နေသည်။ သို့ဖြစ်၍ ဤကိစ္စရပ်များသည် သမ္မာတရားထဲသို့ ဝင်ရောက်သော လမ်းခရီးတွင် သင် ရင်ဆိုင်ရမည့် အရာများဖြစ်သည်၊ သင် ယင်းတို့ကို ရှောင်လွှဲ၍မရနိုင်ပေ။ လူ့သဘာဝ၏ အမျိုးမျိုးသော ကိစ္စရပ်များနှင့် သရုပ်သကန်များသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ယင်းတို့အားလုံးသည် နေ့စဉ်ဘဝရှိ အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် သင် ရင်ဆိုင်ရမည့်၊ ကြုံတွေ့ရမည့် အရာများ ဖြစ်သည်။ သင်သည် အမျိုးမျိုးသော ကိစ္စရပ်များကို ရင်ဆိုင်ရသောအခါ ယင်းတို့ထဲမှ မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ ငါတို့၏ မိတ်သဟာယမှ သမ္မာတရား စည်းမျဉ်းများကို စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အယူဝါဒများအဖြစ် သဘောထားလျက် ယင်းတို့အားလုံးကို တစ်တန်းတစ်စားတည်း သတ်မှတ်ပါက သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ သင်သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်ကြောင်း မည်သည့်အခါမျှ နားလည်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ကောင်းပြီ၊ ယနေ့ မိတ်သဟာယအတွက် ဤမျှသာ ဖြစ်သည်။ နှုတ်ဆက်လိုက်ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။