ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၂)

အချို့သောသူများသည် ၎င်းတို့၏တာဝန်များ ဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင် ပြုလုပ်ကြပေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို မလျှောက်ကြပေ။ “ထင်ရာစိုင်းကာ မဆင်မခြင်ပြုလုပ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းသည် ကိစ္စတစ်ခုခု တွေ့ကြုံသည့်အခါ တွေးခေါ်မြော်မြင်ခြင်း၊ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိဘဲ မိမိသင့်တော်သလို ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက် မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည်။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင် ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကို မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး တစ်ဇွတ်ထိုးဆန်သော လူများအတွက်မူ သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။ သင်သည် မှားသည့်အရာတစ်စုံတစ်ခု လုပ်ပြီး အခြားလူများက “သင်သည် သမ္မာတရားအတိုင်း လုပ်ဆောင်နေခြင်း မဟုတ်” ဟု ပြောလျက် သင့်အား ဝေဖန်လျှင်၊ သင်က “ကျွန်ုပ် သမ္မာတရားအတိုင်း မလုပ်လျှင်ပင် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်” ဟု ပြန်ပြောပြီး ထို့နောက်တွင် ဤအရာမှာ မှန်ကန်ကြောင်း ၎င်းတို့အား တွေးစေဖို့ သင်သည် အကြောင်းပြချက်အချို့ ရှာတွေ့သည်။ ၎င်းတို့က “သင် ဤသို့ပြုလုပ်ခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး အသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်” ဟု ပြောလျက် သင့်အား ပြစ်တင်မောင်းမဲလျှင် သင်က နားမထောင်ရုံမျှမက “ဤသည်မှာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်သည်၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်နည်းလမ်းဖြစ်သည်” ဟူ၍ ဆင်ခြေများ သင့်နှုတ်မှ ဆက်တိုက်ထွက်လာသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားသော သဘာဝသည် သင့်ကို တစ်ဇွတ်ထိုး လုပ်စေသည်။ သင်က မာနထောင်လွှားသော သဘာဝရှိလျှင် သင်သည် မည်သူမဆိုက ပြောသည့်အရာကို အရေးမစိုက်ဘဲ ထင်ရာမြင်ရာ၊ အလျင်စလို ပြုမူလိမ့်မည်။ သို့ပြုလျှင် သင်သည် သင်၏ထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို မည်သို့ ဖြေရှင်းသနည်း။ ဥပမာအနေဖြင့် သင့်ထံတစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်၌ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အစီအစဉ်များ ရှိသည်ဆိုကြပါစို့။ မည်သည့်အရာလုပ်ရမည်ကို မဆုံးဖြတ်မီတွင် သင်သည် သမ္မာတရားကို ရှာဖွေပြီး သင်၏အတွေးများသည် မှန်ကန်ခြင်း ရှိမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ သင့်အား ပြောပြရန်၊ သင့်အတွက် စစ်ဆေးခြင်းများ ပြုလုပ်ပေးရန် လူတိုင်းကို တောင်းဆိုလျက် သင်သည်ဤအရာအပေါ် သင် တွေးထင်သည့်အရာ၊ ယုံကြည်သည့်အရာတို့နှင့်ပတ်သက်၍ အနည်းဆုံးအနေဖြင့် လူတိုင်းနှင့် မိတ်သဟာယပြုသင့်သည်။ ဤသည်မှာ ထင်ရာမြင်ရာပြုခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို ဖြေရှင်းသည့် အကောင်းဆုံး နည်းစနစ် ဖြစ်ပေသည်။ ပထမဦးစွာ သင့်အမြင်များကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းကို ဖြေရှင်းရန်အတွက် သင် လက်တွေ့လုပ်ဆောင်ခြင်း၏ ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်။ ထင်ရာမြင်ရာနှင့် ကမူးရှူးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သို့လက်တွေ့လုပ်ဆောင်နိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်။ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင် ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက် သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း ရှာသင့်သည်— ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ သင်သည် လူတိုင်း အတူတကွ မိတ်သဟာယပြုဖို့နှင့် ရှာဖွေဖို့ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို တင်ပြသည့်အချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းပေးခြင်းကို ထောက်ပံ့ပေးသည့်အချိန် ဖြစ်သည်။ ဘုရားသခင်က လူများကို စည်းမျဉ်းများအတိုင်း ဉာဏ်အလင်းပေးသည်၊ ၎င်းတို့၏သဘောထားကို သူက ဆင်ခြင်သုံးသပ်သည်။ သင်၏အမြင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်ယုံကြည်သည့်အတိုင်း ခေါင်းမာစွာနှင့် ရပ်တည်လျှင်၊ ဘုရားသခင်သည် သင့်ထံမှ သူ၏မျက်နှာကို ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သင့်ကို လျစ်လျူရှုလိမ့်မည်။ သင့်ကို ရှေ့မဆက်နိုင်အောင် ဖြစ်စေလိမ့်မည်၊ သင့်ကို ဖော်ထုတ်ပြီး သင်၏အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လိမ့်မည်။ အခြားတစ်ဘက်တွင် သင်၏ သဘောထားသည် မှန်ကန်ပါက သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်လုပ်ခြင်း မရှိဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက လူတိုင်းနှင့် သင် မိတ်သဟာယပြုပါက သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် စတင် အမှုပြုလိမ့်မည်ဖြစ်ပြီး သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင် သူသည် ကိစ္စရပ်တစ်ခု၏ အဓိကအချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့်၊ သို့မဟုတ် သင့်ကို စိတ်ကူးတစ်ခုပေးခြင်းအားဖြင့် နားလည်အောင် သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက် သင်သည် မကောင်းမှု လုပ်ဆောင်ခြင်းကို အောင်မြင်စွာ ရှောင်ကြဉ်ပြီး မဟုတ်သလော၊ ပြီးလျှင် တစ်ချိန်တည်းတွင်ပင် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းအား ရှောင်ရှားပြီး မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်၏ စောင့်ရှောက်ခြင်း မဟုတ်လော။ (ဟုတ်သည်။) ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ဤအရာကို သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်အခါနှင့် သင်သည် သမ္မာတရားကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ရှာဖွေသည့်အခါတို့တွင်သာ ရရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သင်လက်ခံရရှိပြီး လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည် ဖြစ်ကာ၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည် ဖြစ်သည်။ ထိုနည်းအတိုင်း သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် မည်သည့်အရာအပေါ်တွင် အရေးပါစွာ မူတည်သနည်း။ အဓိကမှာ သင့်တွင် မှန်ကန်သောရည်ရွယ်ချက်များနှင့် သဘောထားတို့ ရှိခြင်းအပေါ်တွင် မူတည်သည်။ ဤသည်မှာ အရေးပါသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ လူများ၏ ရည်ရွယ်ချက်များနှင့် သဘောထားများကို သူစေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ပြီးလျှင် ဤအချက်များအပေါ်အခြေခံ၍ ၎င်းတို့ကို ဉာဏ်အလင်းပေးမည်လော သို့မဟုတ် ဦးဆောင်မည်လောဆိုသည်ကို သူဆုံးဖြတ်သည်။ ဘုရားသခင်၏အမှုတော်ကို လူများ နားလည်နိုင်ပြီး ဤကိစ္စရပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက ဘုရားသခင်ထံ မည်သို့ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်ကို ၎င်းတို့သိလိမ့်မည်။ ဤသည်ကို သင်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ မကြာခဏဆိုသလိုပင် မကောင်းမှုပြုခြင်းကို ရှောင်ကြဉ်ရန် လူများ ဆန္ဒရှိကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ စည်းမျဉ်းများအတိုင်း ပြုလုပ်လိုကြသည်။ သို့သော် ဤသည်မှာ သမ္မာတရားအပေါ် လူများ၏သဘောထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည့် စိတ်နှလုံးတစ်ခု ၎င်းတို့တွင် ရှိမရှိဆိုသည်တို့အပေါ်တွင် မူတည်သည်။ သင့်ပုဂ္ဂလိက ရည်ရွယ်ချက်များကို လက်လွှတ်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည့်၊ ဘုရားသခင်ထံ ရိုးသားစွာ ဆုတောင်းပြီး သူ့ထံမှ ရှာဖွေသည့် စိတ်ဓာတ်ရှိပါက ဘုရားသခင်၏ဉာဏ်အလင်းပေးခြင်းကို ရရန် သင့်အတွက် မကြာတော့ပေ။ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာများ ဖြစ်ပြီး သမ္မာတရား၏ အဓိကအချက်များက မည်သည့်နေရာတွင် တည်ရှိသည်ကို သင်နားလည်အောင် ပြုလုပ်ပေးရန် ဘုရားသခင်သည် နည်းလမ်းအချို့ကို သုံးလိမ့်မည်။ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ့ထံမှ ရှာဖွေသောအခါ သင့်တွင် မှန်ကန်သော စိတ်ဓာတ်ရှိပြီး ရိုးသားသရွေ့ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ တစ်ခုတည်းသော စိုးရိမ်ဖွယ်ကိစ္စမှာ လူများသည် သမ္မာတရားကို စစ်မှန်စွာ မရှာဖွေဘဲ အခြားသူများ မြင်ရန်သာ ဟန်ပြအဖြစ် လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်ဆောင်လျှင် ဖြစ်သည်။ ထိုအခြေအနေတွင် ဘုရားသခင်၏ဉာဏ်အလင်းပေးခြင်းကို ၎င်းတို့ ရနိုင်လိမ့်မည်မဟုတ်ချေ။ သင်၏ သဘောထားသည် ခေါင်းမာစွာဖြင့် မရမက သမ္မာတရားကို ငြင်းဆိုခြင်း၊ အခြားမည်သူမဆို၏ အကြံပြုချက်များကို ငြင်းပယ်ခြင်း၊ သမ္မာတရားကို မရှာဖွေခြင်း၊ သင့်ကိုယ်သင်သာ ယုံကြည်မှုရှိခြင်းနှင့် သင်အလိုရှိသည့်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်လျှင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ သို့မဟုတ် တောင်းဆိုသည့်အရာက မည်သည့်အရာဖြစ်စေ ဤသည်မှာ သင်၏ စိတ်သဘောထားဖြစ်လျှင် ဘုရားသခင်၏ တုံ့ပြန်မှုက အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင့်ကို ဘေးဖယ်ထားသည်။ သင်သည် တစ်ဇွတ်ထိုး မဖြစ်သလော။ သင်သည် မာနမထောင်လွှားသလော။ သင်သည် မိမိ မှန်ကန်သည်ဟု အစဉ်အမြဲမထင်သလော။ သင်သည် ကျိုးနွံနာခံခြင်းမရှိလျှင်၊ မည်သည့်အခါမျှ မရှာဖွေလျှင်၊ သင်၏ စိတ်နှလုံးသည် လုံးလုံး ပိတ်ထားပြီး ဘုရားသခင်ကို အာခံလျှင် ဘုရားသခင်က သင့်အား အလေးဂရုမပြုပေ။ အဘယ်ကြောင့် ဘုရားသခင်က သင့်အား အလေးဂရုမပြုသနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် ပိတ်ထားလျှင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံနိုင်သလော။ ဘုရားသခင်က သင့်ကို အပြစ်တင်သောအခါ သင် ခံစားရနိုင်သလော။ လူတို့သည် ခေါင်းမာသောအခါ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့် အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုတို့သည် ပွင့်ထွက်လာသည့်အခါ ဘုရားသခင်လုပ်ဆောင်သော မည်သည့်အရာကိုမျှ ၎င်းတို့ မခံစားရပေ။ အားလုံးက သက်ရောက်မှုမရှိပေ။ ထို့ကြောင့် ဘုရားသခင်က အသုံးမဝင်သောအလုပ်ကို မလုပ်ဆောင်ပေ။ သင်သည် ဤသို့သော ခေါင်းမာစွာ ဆန့်ကျင်တတ်သည့် သဘောထားမျိုးရှိလျှင် ဘုရားသခင်လုပ်ဆောင်သမျှမှာ သင့်ထံမှ ပုန်းကွယ်ခြင်းသာဖြစ်သည်။ ဘုရားသခင်က မလိုလားအပ်သောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် ဤသို့ ခေါင်းမာစွာ ဆန့်ကျင်နေသောအခါ၊ ဤသို့ ပိတ်ဆို့ထားသောအခါ ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်အရာကိုမျှ လုံးဝ အတင်းဆောင်ရွက်လိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာကိုမျှ အတင်း လုပ်ဆောင်မည်မဟုတ်ပေ။ သူသည် သင့်အား တို့ထိပြီး ဉာဏ်အလင်းဖွင့်ပြရန် မည်သည့်အခါမျှ ဆက်လက်၍ ထပ်ခါထပ်ခါ ကြိုးစားမည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ မဆောင်ရွက်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ဤနည်းအားဖြင့် မလုပ်ဆောင်သနည်း။ အဓိကအားဖြင့် ဘုရားသခင်သည် သင့်တွင် စိတ်သဘောထားတစ်မျိုး၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး ဆင်ခြင်တုံတရား မရှိနိုင်သော အထိန်းအကွပ်မဲ့ကြမ်းတမ်းမှုကို မြင်တွေ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ရိုင်းစိုင်းသော တိရစ္ဆာန်တစ်ကောင်၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းခြင်း ပွင့်ထွက်လာသောအခါတွင် လူတို့သည် ယင်းကို ထိန်းချုပ်နိုင်သည်ဟု သင်ထင်သလော။ ယင်းကို အော်ဟစ်ပြောဆိုခြင်းက တစ်ခုခုထူးခြားစေသလော။ ယင်းကို ကျိုးကြောင်းပြပြောဆိုခြင်း၊ သို့မဟုတ် နှစ်သိမ့်ခြင်းသည် တစ်ခုခုအသုံးဝင်သလော။ ယင်းကို လူတို့က ချဉ်းကပ်ရဲသလော။ ဤအရာကို ဖော်ပြရန် နည်းလမ်းကောင်းတစ်ခုရှိသည်။ ထိုတိရစ္ဆာန်သည် ကျိုးကြောင်းပြပြောဆို၍ မရနိုင်ပေ။ သင်၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုက ပေါ်ထွက်လာပြီး သင်သည် ကျိုးကြောင်းပြပြောဆို၍ မရသောအခါ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင်သည် ကျိုးကြောင်းပြပြောဆို၍ မရသောအခါ ဘုရားသခင်က သင့်အား မည်သည့်အရာကို ထပ်၍ ပြောရမည်နည်း။ တစ်ခုခုထပ်၍ ပြောဆိုခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုသောအခါ သင်သည် ကောင်းချီးခံစားရသလော၊ သို့မဟုတ် ဒုက္ခခံရသလော။ အချို့သော အကျိုးအမြတ်များ ရသလော၊ သို့မဟုတ် ဆုံးရှုံးမှုကို ခံရသလော။ သင်သည် ဧကန်မုချ ဆုံးရှုံးမှုကို ခံရလိမ့်မည်။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ (ကျွန်ုပ်တို့ ဖြစ်စေပါသည်။) သင် ဖြစ်စေသည်။ သင့်ကို ဤသို့ပြုမူရန် မည်သူကမျှ အတင်းမတိုက်တွန်းပေ။ သို့တိုင်အောင် သင်က စိတ်မချမ်းမသာဖြစ်သည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင် ဖြစ်စေသည်မဟုတ်လော။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ ဘုရားသခင်ကို သင်မခံစားရနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် မှောင်မိုက်ခြင်းရှိသည်။ သင်၏ အသက်တာသည် အထိအခိုက်ခံရသည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင်ဖြစ်စေသည်။ သင်နှင့် ထိုက်တန်သည်။

ကိစ္စတစ်ခုကို ရင်ဆိုင်သောအခါ လူများသည် သမ္မာတရားကို မရှာဖွေဘဲ တစ်ဇွတ်ထိုးနိုင်လွန်းပြီး ၎င်းတို့၏ ကိုယ်ပိုင်အကြံအစည်များကိုသာ အခိုင်အမာ ပြောဆိုနေပါက ဤသည်မှာ အလွန်အန္တရာယ်များသည်။ ဘုရားသခင်သည် ဤလူများကို ပစ်ပယ်ကာ ဘေးဖယ်ထားလိမ့်မည်။ ဤသို့လုပ်ခြင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်း၏ အန္တရာယ်ရှိသည်ဟု အသေအချာဆိုနိုင်သည်။ သို့ရာတွင် သမ္မာတရားကို ရှာဖွေသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ရနိုင်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ကောင်းချီးကို ရနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် မရှာဖွေခြင်းဟူသည့် မတူညီသော သဘောထားနှစ်ခုသည် သင့်ထံတွင် မတူညီသော အခြေအနေနှစ်ရပ်နှင့် မတူညီသောရလဒ်နှစ်မျိုးတို့ကို ဖြစ်ပေါ်စေနိုင်သည်။ မည်သည့်ရလဒ်အမျိုးအစားကို သင်တို့ ပိုနှစ်သက်သနည်း။ (ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရန် ကျွန်ုပ် ပိုနှစ်သက်မည်ဖြစ်သည်။) လူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှု ခံရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်များကို လက်ခံရရှိရန် ဆန္ဒရှိပါက မည်သည့် သဘောထားမျိုး ၎င်းတို့ ရှိရမည်နည်း။ ၎င်းတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်ရှေ့တွင် ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထား ရှိရမည်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် သင်ရင်ဆိုင်နေရသည့် အထူးပြဿနာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည်။ ဤသဘောထားမျိုးရှိသဖြင့် သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိသည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို သင်ရှာဖွေကာ ကျိုးနွံနာခံနိုင်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည့်အစား မိမိကိုယ်ကို ဖက်တွယ်ကာ ခေါင်းမာစွာ ဆန့်ကျင်လိုပြီး သမ္မာတရားကို လက်ခံဖို့ ငြင်းပယ်သည့်အပြင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပါက သင်သည် ဆိုးယုတ်မှုအမြောက်အမြားကို အလိုအလျောက် ကျူးလွန်မိလိမ့်မည် ဖြစ်သည်။ ယင်းကို သင်ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ လူများသည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပါက ၎င်းတို့အနေဖြင့် မည်မျှတွေ့ကြုံခံစားပါစေ၊ အခြေအနေ မည်မျှနှင့် ကြုံတွေ့ရပါစေ၊ ဘုရားသခင်က ၎င်းတို့အတွက် သင်ခန်းစာမည်မျှကို သတ်မှတ်ပေးပါစေ အဆုံးသတ် အကျိုးဆက်မှာ ၎င်းတို့သည် သမ္မာတရားကို နားလည်လိမ့်ဦးမည် မဟုတ်ဘဲ အဆုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိဆဲသာ ဖြစ်လိမ့်မည်။ လူများသည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ပါက ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့လိုက်လျှောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို မည်သည့်အခါမျှ လိုက်မလျှောက်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်သည့်သူများ မဟုတ်ပေ။ လူများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုပြီး ဘုရားနောက်ကို လိုက်လျှောက်လိုခြင်း အကြောင်းတို့ကို မပြီးနိုင်မစီးနိုင် ပြောကြသည်။ အမှုကိစ္စများသည် ထိုမျှ ရိုးရှင်းသလော။ လုံးဝ မရိုးရှင်းပေ။ ဤအရာများသည် လူတို့၏အသက်တာ၌ အလွန့်အလွန် အရေးကြီးပေသည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ သို့ရာတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခုကို သင်တို့အား ငါပြောမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောတရားရှိပါက ဤအရာက သင့်ကို ကာကွယ်လိမ့်မည်။ အဆုံးသတ် ရည်ရွယ်ချက်သည် သင့်အနေဖြင့် ကာကွယ်ခြင်း ခံရဖို့ မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်စေဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်စေဖို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေဖို့ ဖြစ်သည်။ ဤသည်မှာ အဆုံးသတ် ပန်းတိုင်ဖြစ်သည်။ သင်တွေ့ကြုံခံစားသမျှတွင် သင်၌ ဤသဘောထား ရှိပါက သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေခြင်းတို့သည် အနှစ်သာရမရှိသော စကားများနှင့် ဆောင်ပုဒ်များ ဖြစ်သည်ဟု သင်ခံစားရတော့မည် မဟုတ်ချေ။ ယင်းက အလွန် ခက်ခဲပင်ပန်းသည်ဟု ခံစားရတော့မည် မဟုတ်ချေ။ ထိုအစား သင်သတိမထားလိုက်မီတွင် အတော်အသင့် များပြားသော သမ္မာတရားတို့ကို သင်နားလည်လာလိမ့်မည်။ ထိုနည်းအားဖြင့် သင် တွေ့ကြုံခံစားဖို့ ကြိုးစားပါက သင်သည် ဆုလာဘ်များ သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။ သင်သည် မည်သူဖြစ်သည်၊ အသက်အရွယ် မည်မျှရှိသည်၊ သင်မည်မျှ ပညာတတ်သည်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ထားသည်၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်တို့က အရေးမပါပေ။ သင်၌ ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထားရှိသမျှ ကာလပတ်လုံး၊ ဤနည်းဖြင့် သင်တွေ့ကြုံခံစားသမျှ ကာလပတ်လုံး အဆုံး၌ သင်သည် သမ္မာတရားကို နားလည်ဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သေချာပေလိမ့်မည်။ သို့ရာတွင် သင်၌ ဖြစ်ပျက်လာသမျှ အရာအားလုံးတွင် ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားမရှိပါက သင်သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရား စစ်မှန်မှုထဲသို့လည်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ သမ္မာတရားကို မည်သည့်အခါမျှ နားမလည်ဘဲ သမ္မာတရားစစ်မှန်မှုထဲသို့ မည်သည့်အခါမျှ မဝင်ရောက်နိုင်သူတို့သည် “သမ္မာတရားဆိုသည်မှာ အဘယ်အရာနည်း။ အယူဝါဒများဆိုသည်မှာ အဘယ်အရာနည်း။ သမ္မာတရားစစ်မှန်မှုဆိုသည်မှာ အဘယ်အရာနည်း။ ပြီးလျှင် သမ္မာတရားစစ်မှန်မှု မရှိခြင်းဆိုသည်မှာ အဘယ်အရာနည်း။ ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် နားမလည်ရသနည်း” ဟု တွေးကြသည်။ တရားဒေသနာများကို ၎င်းတို့ မကြာခဏ နားထောင်ကြပြီး သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြသည်။ ၎င်းတို့သည် မနက်စောစော အိပ်ရာထ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်း၊ ပို၍ နားထောင်ခြင်း၊ ပို၍ လေ့လာခြင်းနှင့် ပို၍ ရေးခြင်းတို့ကို ပြုလုပ်ပြီး နောက်ကျမှ အိပ်ရာဝင်ကြသည်။ ၎င်းတို့၏မှတ်စုစာအုပ်များထဲတွင် ၎င်းတို့ ကြားသည့် တည်ဆောက်စရာဖြစ်သော အရာများကို အချို့သော စာအုပ်များအပြည့် မှတ်စုရေးထားကြသည်။ ၎င်းတို့သည် များစွာအားထုတ်ကြိုးပမ်းကြသော်လည်း ကံမကောင်းစွာဖြင့် သမ္မာတရားကို ၎င်းတို့ မည်သည့်အခါကမျှ နားမလည်ခဲ့ကြပေ။ ထို့ကြောင့် သမ္မာတရားသည် နက်နဲလွန်းသည်ဟု ၎င်းတို့ ခံစားမိကြသည်။ နှစ်အတန်ကြာ နားထောင်ပြီးနောက် အယူဝါဒအချို့ကို ၎င်းတို့နားလည်ကြသည်၊ သို့သော် ၎င်းတို့ အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ရသနည်း။ ကိစ္စရပ်များကို ရင်ဆိုင်ရသောအခါ ၎င်းတို့ အဘယ်ကြောင့် စိတ်ရှုပ်ထွေးလာရသနည်း။ သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် အလွန်စိတ်ကူးသက်သက် ဖြစ်သည်ဟု ၎င်းတို့မှတ်ယူပြီး ဤအရာများသည် ရရန် အလွန်ခက်ခဲသည်ဟု ၎င်းတို့ ခံစားမိကြသည်။ အမှန်မှာ ၎င်းတို့သည် ယင်းကို နားလည်မှု လွဲနေခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းသည် စကားလုံးဆက် ကစားပွဲများကို ကစားနေခြင်းကဲ့သို့ မဟုတ်။ စကားများနှင့် အယူဝါဒများအချို့အကြောင်းကို ပြောနိုင်ပြီး ထိုမျှသာ မဟုတ်။ ယင်းသည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အသားအပေးဆုံးဖြစ်သည့် အရာမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် စည်းမျဉ်းများကို နားလည်သဘောပေါက်နိုင်ခြင်းတို့ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် စည်းမျဉ်းများဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းတို့ကို နားလည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။