ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၃)
လူတို့သည် ၎င်းတို့၏တာဝန်များအပေါ် တာဝန်ယူမှုမရှိသောအခါ၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သောအခါ၊ လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သောအခါတွင် ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ဉာဏ်နီဉာဏ်နက်များခြင်းဖြစ်သည်။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ လူသား၏ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သော သွင်ပြင်လက္ခဏာသည် ဉာဏ်နီဉာဏ်နက်များခြင်းပင် ဖြစ်၏။ လူတို့သည် ၎င်းတို့ ဉာဏ်နီဉာဏ်နက်မများလျှင် အခြားသူများအား စိတ်အနှောင့်အယှက် ပေးသောသူ ဖြစ်လာဖွယ်ရှိပြီး မိမိတို့ကိုယ်ကို ကာကွယ်နိုင်မည်မဟုတ်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမျှ မနာကျင်စေအောင် သို့မဟုတ် စိတ်အနှောင့်အယှက် မပေးမိအောင် အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ ဘေးကင်းအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးမှုအား ကာကွယ်ကြပြီး အခြားလူများကြားတွင် ခိုင်ခံ့သောအခြေကုပ် ရရှိနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ ဘာသာတရားမရှိသူများအားလုံးက စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် လူ့အကြိုက်လိုက်သူများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာပြီးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်၏ တရားဒေသနာများကို ကြားနာပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်ဘဲ၊ စိတ်နှလုံးမှ စကားမပြောနိုင်ဘဲ ရိုးသားသူတစ်ဦးမဖြစ်နိုင်ဘဲ ရှိရသနည်း။ သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် လူ့အကြိုက်လိုက်သူဖြစ်နေရသနည်း။ လူ့အကြိုက်လိုက်သူများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ ဖြစ်လိုကြသည်။ ပြီးလျှင် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။ လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပကာသနနှင့် ဂုဏ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ ကျော်ဇောမှုနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် မည်မျှပင် ပေးဆပ်ရပါစေ သူတစ်ပါးတို့အား ကူညီပြီး ၎င်းတို့မိတ်ဆွေများအတွက် အနစ်နာခံရန် လိုလားကြသည်။ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သမ္မာတရားနှင့် တရားမျှတမှုကို ကာကွယ်ဖို့ လိုလာသောအခါတွင်မူ ၎င်းတို့၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ မရှိတော့ဘဲ ယင်းတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သောအခါတွင် လုံးဝ မလုပ်ဆောင်ကြပေ။ ဘာများ ဖြစ်နေသနည်း။ ၎င်းတို့၏ သိက္ခာနှင့် ဂုဏ်ကို ကာကွယ်ရန်အတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံကြလိမ့်မည်။ သို့သော် တကယ့်အလုပ်ကို လုပ်ဆောင်ရန်နှင့် လက်တွေ့ကျသော ကိစ္စများကို ကိုင်တွယ်ရန်၊ အသင်းတော်၏ အလုပ်နှင့် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ပံ့ပိုးပေးရန် လိုအပ်လာသောအခါတွင်မူ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံရန် အဘယ်ကြောင့် အားအင်မရှိကြတော့သနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားမျိုး ရှိကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု၌ ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၊ စာတန်၏ အကြံအစည်များကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ သို့မဟုတ် အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်းတို့ ပါဝင်သောအခါတိုင်းတွင် ၎င်းတို့သည် ထွက်ပြေးပုန်းကွယ်ကြပြီး မည်သည့်သင့်တင့်လျောက်ပတ်သောကိစ္စကိုမျှ အာရုံစိုက် လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့၏ သူရသတ္တိနှင့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည့် စိတ်ဓာတ်သည် အဘယ်မှာနည်း။ ဤအရာများကို မည်သည့်နေရာတွင် ၎င်းတို့ အသုံးပြုကြသနည်း။ ဤသည်မှာ မြင်ရန် လွယ်ကူသည်။ လူတစ်ယောက်က ၎င်းတို့အနေဖြင့် အလွန်တစ်ကိုယ်ကောင်းမဆန်သင့်ကြောင်း၊ မယုတ်ညံ့သင့်ကြောင်းနှင့် မိမိတို့ကိုယ်ကို မကာကွယ်သင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကာကွယ်သင့်ကြောင်း ပြောလျက် ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျှင်ပင် ၎င်းတို့က အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။ ၎င်းတို့က “ထိုအရာများကို ငါမလုပ်။ ထိုအရာများက ငါနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ထိုသို့ပြုမူခြင်းသည် ငါ၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် လိုက်စားခြင်းတွင် မည်သည့်ကောင်းကျိုး ရှိမည်နည်း” ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ ရှာဖွေလိုကြ၏။ ပြီးလျှင် ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားသော အလုပ်ကို လုံးဝ လုပ်ဆောင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သောအခါ ထွက်ပြေးဖို့ကိုသာ ရွေးချယ်ကြသည်။ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်ကြကြောင်းနှင့် သမ္မာတရားကို စိတ်မဝင်စားကြကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်သက်ဆိုင်သော ရှင်းလင်းသော သရုပ်သကန်တစ်ခုဖြစ်၏။ သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော သူတို့သည်သာ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူတို့က လိုအပ်သောအခါ ရှေ့ထွက်လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည်သာ ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို လမ်းကြောင်း အမှန်ပေါ်သို့ ခေါ်ဆောင်ပေးကာ ဘုရားသခင်၏ အလုပ်အပေါ် ကျိုးနွံနာခံမှုရှိစေရန် ၎င်းတို့အား ထောက်ကူပေးလျက် ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ရဲရင့်စွာဖြင့် ထရပ်ကာ ရှိထားသောတာဝန်ကို မဖြစ်မနေ လုပ်ဆောင်နိုင်သည်။ ဤသည်သာ တာဝန်သိသည့် သဘောထားဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းပြသည့် သရုပ်သကန် ဖြစ်သည်။ သင်တို့သည် ဤသဘောထားအား မပိုင်ဆိုင်ကြလျှင် သင်တို့ကိုင်တွယ်သည့် အကြောင်းအရာများ၌ ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်းမှလွဲ၍ သင်တို့၌ဘာမျှမရှိကြ။ ထို့နောက် “ငါသည် ငါ၏တာဝန် အတိုင်းအတာအတွင်းသာ ငါလုပ်မည်။ အခြားအရာအားလုံးအား ငါဂရုမစိုက်။ အကယ်၍ ငါ့အား သင်တစ်စုံတစ်ခုတောင်းဆိုပါက ငါ့စိတ်ကြည်လင်သည့်အချိန်တွင် သင့်ကိုငါအဖြေပေးမည်။ သို့မဟုတ်လျှင် ငါအဖြေပေးမည်မဟုတ်။ ဤသည်မှာ ငါ၏ သဘောထားဖြစ်သည်” ဟူ၍ သင် တွေးလျှင် ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ မိမိ၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ဇောမှုနှင့် ဂုဏ်တို့ကိုသာ ကာကွယ်ခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အကျိုးနှင့်သက်ဆိုင်သည့် ကိစ္စများကိုသာ ကာကွယ်ခြင်းသည် တရားမျှတသော အကြောင်းတရားကို ကာကွယ်နေခြင်း ဖြစ်သလော။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်း ဖြစ်သလော။ ဤ သေးသိမ်ခြင်း၊ အတ္တကြီးသော ကြံရွယ်ချက်တို့၏ နောက်ကွယ်တွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထား ရှိသည်။ သင်တို့အများစုသည် ဤသရုပ်သကန်မျိုးကို မကြာခဏ ဖော်ပြလေ့ရှိပြီး ဘုရားအိမ်တော်၏ အကျိုးကျေးဇူးနှင့် သက်ဆိုင်သော တစ်စုံတစ်ရာကို သင်တို့ကြုံတွေ့ရသည်နှင့် သင်တို့သည် “ငါမမြင်ခဲ့ဘူး” သို့မဟုတ် “ငါမသိဘူး၊” သို့မဟုတ် “ငါမကြားခဲ့ဘူး” ဟုဆိုလျက် မလိမ့်တပတ်လုပ်သည်။ သင်သည် အမှန်တကယ် သတိမထားမိသည်ဖြစ်စေ၊ ဟန်ဆောင်နေခြင်းသာဖြစ်စေ အရေးကြီးဆုံးသောအချိန်များတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို သင် ထုတ်ဖော်ပြလျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူ ဟုတ်မဟုတ်ဆိုသည်ကို ပြောရန် ခက်ခဲသည်။ ငါ့အတွက်မူ သင်သည် မိမိ၏ ယုံကြည်မှုတွင် မရှင်းမလင်း ဖြစ်နေသောသူ၊ သို့မဟုတ် မယုံကြည်သူတစ်ယောက်ပင် ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတစ်ယောက် လုံးဝ မဟုတ်ပေ။
သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့ နားလည်ကောင်း နားလည်မည် ဖြစ်သော်လည်း သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းက စိတ်သဘောထားတစ်ခု ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ စိတ်သဘောထားတစ်ခုသည် ရံဖန်ရံခါ၊ ခဏတာဖြစ်သော သရုပ်သကန်များနှင့် မပတ်သက်သကဲ့သို့ ရံဖန်ရံခါ၊ ခဏတာဖြစ်သည့် သရုပ်သကန်များသည် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ဘောင်မဝင်ပေ။ လူတစ်ဦးတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ရှိသည်ဖြစ်စေ ထိုအရာသည် ၎င်းတို့ထံမှ မကြာခဏ၊ သို့မဟုတ် စဉ်ဆက်မပြတ်ပင် ထုတ်ဖော်ပြလာလိမ့်မည် ဖြစ်သည်။ ထိုလူ၌ အခွင့်အခါသင့်သည့်အခါတိုင်း ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ရံဖန်ရံခါ၊ ခဏတာဖြစ်သည့် သရုပ်သကန်တစ်ခုအရ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုကို ထင်ရာမြင်ရာ သတ်မှတ်၍မရနိုင်ပေ။ သို့ဆိုလျှင် စိတ်သဘောထားတစ်ခုဟူသည်မှာ အဘယ်နည်း။ စိတ်သဘောထားများသည် ရည်ရွယ်ချက်များနှင့် စိတ်ဓာတ်လှုံ့ဆော်မှုတို့နှင့် ဆက်နွှယ်သည်၊ လူတစ်ဦး၏ တွေးခေါ်မှု၊ ရှုထောင့်အမြင်တို့နှင့် ဆက်နွှယ်သည်။ ယင်းတို့သည် သင့်ကို စိုးမိုးကာ လွှမ်းမိုးနေသည်ဟု သင် ခံစားနိုင်သည်ဟု ထင်ရသော်လည်း စိတ်သဘောထားများသည် အပေါ်ယံ အဖြစ်အပျက်များဖြင့်လည်း ကွယ်ဝှက်ကာ ဖုံးကွယ်ခံရပြီး မထင်မရှားဖြစ်နေနိုင်သည်။ တိုတိုပြောရလျှင် သင့်အတွင်း၌ စိတ်သဘောထားတစ်ခုရှိသရွေ့ ထိုအရာက သင့်ကို နှောင့်ယှက်လိမ့်မည်၊ သင့်ကို ဘောင်ခတ်ကာ ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး သင့်အထဲတွင် များစွာသော အပြုအမူများနှင့် သရုပ်သကန်များကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ စိတ်သဘောထားတစ်ခုဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း စိတ်သဘောထားက မည်သည့် အပြုအမူများ၊ အတွေးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို မကြာခဏ ဖြစ်ပေါ်စေသနည်း။ လူတို့ ပြသသည့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက ထူးခြားသော ပင်ကိုလက္ခဏာများထဲမှ တစ်ခုမှာ အပြုသဘောဆောင်သည့်အရာများနှင့် သမ္မာတရားတို့ကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်းအပြင် စိတ်မပါခြင်း၊ စိတ်နှလုံး၏ ခံစားမှုကင်းမဲ့ခြင်း၊ သမ္မာတရားကို လက်လှမ်းမီလိုစိတ် ကင်းမဲ့ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ပါဝင်သည့် မည်သည့်အရာမဆိုနှင့် ပတ်သက်လာသည့်အခါတိုင်း ဤအရာအားလုံး ကိစ္စကိုမရှိဟု တွေးခြင်းဖြစ်သည်။ ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါ ပေးမည်။ ကောင်းမွန်သည့် ကျန်းမာရေးနှင့် စပ်လျဉ်း၍ လူတို့ မကြာခဏ ပြောဆိုသည့် ဘဝပေးအသိ တစ်စိတ်တစ်ပိုင်းမှာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးရန်၊ အဆီအနှစ် နည်းသောအစာ ပိုစားကာ အသားလျှော့စားပြီး အထူးသဖြင့် ဆီကြော်စာများကို လျှော့စားရန်ဖြစ်သည်။ ဤသည်မှာ လူတို့၏ ကျန်းမာရေးနှင့် ကျန်းမာရေးကောင်းသည့် အခြေအနေအတွက် အပြုသဘောဆောင်သည့် လမ်းညွှန်တစ်ခု ဖြစ်သည်။ လူတိုင်းက မည်သည့်အရာ ပိုစားပြီး မည်သည့်အရာ လျှော့စားရမည်ကို နားလည်နိုင်သည်၊ ထို့ကြောင့် ဤသည်မှာ သဘောတရားအရ လက်ခံခြင်းဖြစ်သလော သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုဖြင့် လက်ခံခြင်းဖြစ်သလော။ (သဘောတရားအရဖြစ်ပါသည်။) သဘောတရားအရ လက်ခံခြင်းသည် မည်သို့ ပေါ်လွင်သနည်း။ အခြေခံကျသည့် အသိအမှတ်ပြုခြင်းမျိုးတွင်ဖြစ်သည်။ ထိုအရာမှာ ဤအဆို မှန်ကန်ကြောင်းနှင့် သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အခြေခံသည့် ချင့်ချိန်နိုင်စွမ်းမှတစ်ဆင့် ဤအဆို အလွန်ကောင်းကြောင်း တွေးထင်နေခြင်း ဖြစ်သည်။ သို့ရာတွင် ဤအဆိုကို ဖော်ပြရန် အထောက်အထားတစ်ခုခု ရှိသလော။ သင့်ထံတွင် ထိုအရာကို ယုံကြည်ခြင်းအတွက် အကြောင်းပြချက်တစ်ခုခု ရှိသလော။ ထိုအရာကို သင်ကိုယ်တိုင် တွေ့ကြုံခြင်းမရှိဘဲနှင့် ဤအဆို မှန်သည်၊ မှားသည်ဆိုသည်ကို အထောက်အထား ခိုင်ခိုင်လုံလုံတင်ပြရန် အကြောင်းပြချက် သို့မဟုတ် အခြေခံအကြောင်းရင်းတစ်ခုခု မရှိဘဲ၊ ပြီးလျှင် ယခင် အမှားများမှ သင်ခန်းစာများကို မုချ ဆွဲထုတ်ခြင်းမရှိဘဲနှင့် လက်တွေ့ဘဝ နမူနာများတစ်ခုခုမရှိဘဲ ဤအမြင်ရှုထောင့်ကို သင်လက်ခံလိုက်သည်။ ဤသည်မှာ သဘောတရားအရ လက်ခံခြင်း ဖြစ်သည်။ ထိုအရာကို သင်က သဘောတရားဖြင့် လက်ခံသည်ဖြစ်စေ၊ လက်တွေ့ကျကျ လက်ခံသည်ဖြစ်စေ “ဟင်းသီးဟင်းရွက်များ ပိုစားပြီး အသားလျှော့စား”ဟူသည့် အဆိုမှာ မှန်ကန်ပြီး အပြုသဘောဆောင်သည့် အရာတစ်ခု ဖြစ်သည်ဟု ဦးစွာပထမ သင် အတည်ပြုရမည်ဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ စိတ်သဘောထားကို မည်သို့ မြင်ရနိုင်သနည်း။ သင့်ဘဝတွင် ဤအဆိုကို ချဉ်းကပ်ကာ ကျင့်သုံးပုံပေါ် အခြေခံ၍ မြင်ရနိုင်သည်။ ဤအရာက ထိုအဆိုအပေါ် သင်၏ သဘောထား၊ ထိုအဆိုကို သဘောတရားအရနှင့် အယူဝါဒအရ သင် လက်ခံခြင်းရှိမရှိ သို့မဟုတ် လက်တွေ့ဘဝတွင် ထိုအဆိုကို သင် ကျင့်သုံးကာ သင်၏ လက်တွေ့အရှိတရား ဖြစ်စေခြင်း ရှိမရှိဆိုသည်တို့ကို ပြသပေသည်။ သင်သည် အယူဝါဒအရ ဤအဆိုကို လက်ခံလိုက်သော်လည်း လက်တွေ့ဘဝတွင် သင် လုပ်ဆောင်သည့်အရာက ဤအဆိုနှင့် လုံးဝ ကွဲလွဲဆန့်ကျင်လျှင်၊ သို့မဟုတ် ဤအဆိုနှင့်ပတ်သက်၍ လက်တွေ့ကျသည့် ကျင့်သုံးမှု သင် လုံးဝ မပြလျှင် ဤအဆိုကို သင် နှစ်သက်သလော၊ သို့မဟုတ် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သလော။ ဥပမာအားဖြင့် သင်သည် အစိမ်းရောင် ဟင်းသီးဟင်းရွက်အချို့ကို မြင်ကာ စားပြီး “အစိမ်းရောင် ဟင်းသီးဟင်းရွက်များက ကျန်းမာရေးအတွက် ကောင်းသော်လည်း အရသာမကောင်းသလို အသားက ပိုအရသာရှိသည်။ ထို့ကြောင့် ဦးစွာပထမ အသားအချို့ကို ငါ စားမည်” စဉ်းစားပြီးနောက် အသားကိုသာ သင်စားပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို မစားပေ။ ဤအရာက မည်သည့် စိတ်သဘောထားမျိုးကို ပြသနည်း။ မှန်ကန်သည့် အဆိုများကို လက်မခံခြင်း၊ အပြုသဘောဆောင်သည့် အရာများကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သွေးသား နှစ်သက်မှုများအတိုင်း စားသုံးရန်သာ လိုလားခြင်းနှင့်ဆိုင်သည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ အစားကြီးပြီး ပျော်ရွှင်မှုကို တပ်မက်သည့် ဤလူစားမျိုးသည် အပြုသဘောဆောင်သည့်အရာများကို အလွန်အမင်း မနှစ်မြို့လာနှင့်ပြီးဖြစ်သည်၊ အတိုက်အခံလုပ်ကာ ပစ်ပစ်ခါခါငြင်းပယ်နှင့်ပြီးဖြစ်သည်။ ပြီးလျှင် ဤသည်မှာ စိတ်သဘောထားတစ်မျိုးဖြစ်၏။ ဤအဆိုသည် အတော်လေး မှန်ကန်သည်ဟု လူတစ်ဦးက အသိအမှတ်ပြုကောင်း ပြုမည်ဖြစ်သော်လည်း မိမိဘာသာ ထိုသို့မလုပ်နိုင်ပေ။ ၎င်းမလုပ်ဆောင်နိုင်သော်လည်း အခြားသူများအား ထိုသို့လုပ်ဆောင်ရန် ပြောနေဆဲဖြစ်သည်။ များစွာ ပြောဆိုသည့်နောက်တွင် ထိုအဆိုသည် ၎င်းအတွက် သဘောတရားတစ်မျိုးဖြစ်လာကာ ၎င်းအပေါ် သက်ရောက်မှု မရှိလေပြီ။ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးခြင်းက မှန်ကန်ပြီး အသားပိုမိုစားသုံးခြင်းက မကောင်းသည်ကို ထိုလူက အလွန်ကောင်းစွာ သိသော်လည်း “မည်သို့ဆိုစေ၊ ငါ အခွင့်ကောင်း မဆုံးရှုံးသေးပါ၊ အသားစားခြင်းသည် အကျိုးကျေးဇူးရှိပြီး ကျန်းမာရေးကို ထိခိုက်စေသည်ဟု မခံစားရပါ”ဟူ၍ တွေးသည်။ ၎င်းတို့၏ လောဘနှင့် လိုအင်တို့သည် ၎င်းတို့အား မမှန်ကန်သည့် ဘဝနေထိုင်မှုပုံစံတစ်ခုကို ရွေးချယ်စေပြီး မှန်ကန်သည့် ဘဝပေးအသိနှင့် မှန်ကန်သည့် ဘဝနေထိုင်မှုပုံစံကို စဉ်ဆက်မပြတ် ဆန့်ကျင်စေသည်။ ၎င်းတို့သည် အခွင့်အရေးများနှင့် သွေးသားဆိုင်ရာ ပျော်ရွှင်မှုများကို မက်မောသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ရှိသောကြောင့် မှန်ကန်သည့် အဆိုများနှင့် အပြုသဘောဆောင်သည့် အရာများကို လက်ခံရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်လော။ လုံးဝ လွယ်ကူလိမ့်မည် မဟုတ်။ ထို့နောက် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အုပ်စိုးခြင်း ခံရသည် မဟုတ်လော။ ထိုအရာမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အပြင်ပန်းအားဖြင့် ထင်ရှားသည့်အရာမှာ ဤအပြုအမူများနှင့် သဘောထားတစ်ခုဖြစ်သော်လည်း အမှန်တွင် ၎င်းတို့ကို အုပ်စိုးနေသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဤစိတ်သဘောထားကို ရှာဖွေတွေ့ရှိရန် ခက်ခဲ၏။ ၎င်းတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်ဟု မည်သူမျှ မခံစားရသော်လည်း ဘုရားသခင်ကို ၎င်းတို့ နှစ်အချို့ကြာ ယုံကြည်ပြီးဖြစ်ကာ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့်အချက်က သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့ကြောင်းပြသရန် လုံလောက်ပေသည်။ လူတို့သည် အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီး အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်။ ပြီးလျှင် ၎င်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး မိမိတို့၏ ဘဝများဖြစ်စေရန်အလို့ငှာ ၎င်းတို့၏ စိတ်နှလုံးတွင် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရန်နှင့် ဤနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အသုံးပြုရန် မိမိတို့၏ ဘဝများထဲ ယူဆောင်လာရန် ဖြစ်သည်။ ဤသတ်မှတ်ချက်သည် လူအများစုအတွက် စွမ်းဆောင်ရရှိရန် ခက်ခဲသောကြောင့် လူအများစုသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားရှိသည်ဟု ဆိုထားခြင်း ဖြစ်သည်။
လူတစ်ဦးက သမ္မာတရားကို နားလည်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ၎င်းအတွက် မခက်ခဲသကဲ့သို့ လူတစ်ဦးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်နှင့်တစ်ပြိုင်နက် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လေသည်။ မိမိနားလည်သည့် သမ္မာတရားများကို မိမိအသက်ရှင်နေထိုင်သည့် လက်တွေ့အရှိတရားများအဖြစ်သို့ ပြောင်းလဲရန် အမှန်တကယ် ခက်ခဲသလော။ သင့်ကို ငါ ဥပမာတစ်ခု ပေးမည်။ ရာသီဥတုက အေးမြပြီး သင်သည် နဖူးထက်မှ ချွေးစက်လက်ဖြင့် အိမ်မှထွက်ရန် ကြိုးစားသဖြင့် သင်၏ မိခင်က သင်၏ချွေးများ ခြောက်အောင်သုတ်ပြီးမှ အပြင်ထွက်ရန်၊ မဟုတ်လျှင် အအေးမိလိမ့်မည်ဖြစ်ကြောင်း သင့်ကို ပြောသည်ဆိုပါစို့။ သင်၏ မိခင်က သင့်အတွက် အကောင်းဆုံးဖြစ်စေချင်သည်ကို သင်သိသော်လည်း သူ၏ အကြံကို သင် အလေးအနက်မထားသကဲ့သို့ သူ၏ အကြံပြုချက်က မှန်ကန်ကြောင်း သင် ခံစားရသော်လည်း လျစ်လျူရှုလေသည်။ သင်သည် နဖူးထက်မှ ချွေးစက်ထွက်နေစေကာမူ အပြင်ထွက်ပြီး တစ်ခါတစ်ရံ ဤသို့ အပြင်ထွက်ပြီးနောက် သင် အအေးမိသော်လည်း နောက်တစ်ကြိမ် အိမ်မှထွက်သည့်အခါ သူ၏ အကြံကို သင် ဆက်လက်ဆန့်ကျင်နေဆဲဖြစ်သည်။ သူ၏ အကြံ မှန်ကန်ပြီး သင်၏ အကျိုးအတွက်ဖြစ်ကြောင်းနှင့် သင့်မိခင်၏ စေ့ဆော်မှုနှင့် ရည်ရွယ်ချက်တို့က အမြဲ သင်ကိုယ်တိုင်၏ ကောင်းကျိုးအတွက် ဖြစ်ကြောင်းကို သင် ရှင်းလင်းစွာ သိသော်လည်း ထိုအရာကို ဂရုမစိုက်သကဲ့သို့ နားမထောင်ဘဲနေဆဲ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားတစ်ခု မဟုတ်လော။ သင့်ထံတွင် ဤစိတ်သဘောထားမရှိပါက မည်သည့်အရာကို လုပ်ဆောင်ရန် သင် ရွေးချယ်မည်နည်း။ (နားထောင်ပါမည်။) ဤအကြံ၏ အရေးပါမှုကို သင် သိမည်ဖြစ်ပြီး နားမထောင်ခြင်းမှ သင် ခံစားရမည့် အကျိုးဆက်များနှင့် နာကျင်မှုကို သိမည်ဖြစ်သကဲ့သို့ ဤအကြံပြုချက်၏ အဓိပ္ပာယ်ကို သဘောပေါက်ကာ နားလည်ပေမည်။ သင်သည် ဤအကြံကို တင်းကျပ်စွာ လိုက်နာပြီး အမြဲ ဆောင်ရွက်နိုင်မည်ဖြစ်ကာ ထို့နောက်တွင် အအေးမိဖွယ်ရှိမည် မဟုတ်ပေ။ ဤသည်မှာ ဥပမာတစ်ခုသာ ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ နားထောင်ခြင်းတို့နှင့် တူသည်။ ထို့ကြောင့် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ သဘောထားသင့်သနည်း။ ဤသည်မှာ အရေးအပါဆုံးသော မေးခွန်းဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားနှင့်အညီ စကားပြောပြီး မှန်ကန်ပါက ၎င်း၏ စကားများကို လက်ခံခြင်းမှ လူတို့ အကျိုးကျေးဇူး ရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး ထိုသမ္မာတရားများကို လူတို့ လက်ခံနိုင်ပါက ၎င်းတို့ အကျိုးရှိလိမ့်မည်သာမက အသက်ကိုလည်း ရကြလိမ့်မည်ဖြစ်သည်။ လူများစွာတို့သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို အမြဲ မထီမဲ့မြင်ပြုကြလေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သူက လူတို့ကို တိုက်တွန်းသည်ဖြစ်စေ၊ ပြစ်တင်မောင်းမဲသည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ နှစ်သိမ့်နေသည်ဖြစ်စေ၊ သို့မဟုတ် ရိုးသားစွာ အကြံပေးနေသည်ဖြစ်စေ၊ သူ မည်သို့ စကားပြောသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးများကို မနိုးထစေနိုင်ပေ။ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များအတိုင်း မပြုမူနိုင်သကဲ့သို့ ယင်းတို့ကို နားထောင်ပြီးသည့်နောက်တွင် ၎င်းတို့ ဂရုမစိုက်ဘဲ ရှိနေကြသည်။ ဤသည်မှာ လူ၏ စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည့် ခေါင်းမာခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ဘုရားသခင်က သင့်ကို လုပ်ဆောင်ရန် ပြောပြီး အမိန့်ပေးသည့် အမှုအရာများကို သင် ချဉ်းကပ်ပုံတွင် ဘုရားနှုတ်ကပတ်တော်ကို လိုက်မလျှောက်နိုင်ပါက ဤစိတ်သဘောထားကို သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်ပြောသည့် စကားတိုင်းကို သင်က မည်မျှ အသိအမှတ်ပြုသည်ဖြစ်စေ၊ အာမင်ဟု ပြောသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် နှုတ်ဖြင့် သင် မည်မျှ ချီးမွမ်းသည်ဖြစ်စေ အချည်းနှီးဖြစ်၏။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်ခံကာ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အသက်နှင့် သင်၏ လက်တွေ့အရှိတရား ဖြစ်စေရမည်ဖြစ်သည်။ ယင်းသည်သာ အသုံးဝင်ပေသည်။ ဥပမာအနေဖြင့် လှည့်ဖြားတတ်သည့် စိတ်သဘောထားရှိသူတစ်ဦးသည် ရိုးသားပြီး မှန်ကန်စွာ စကားပြောဆိုရန် သန္နိဋ္ဌာန်ချပါက ဤသည်မှာ စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် အတော်အတန် လွယ်ကူသော်လည်း ပြောင်းလဲရန် အခက်ခဲဆုံးသောအရာမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားနှင့် ခေါင်းမာခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ဤစိတ်သဘောထား ရှိသည့်လူတို့သည် မိမိတို့၏ စိတ်နှလုံးတွင် အလေးအနက် မထားသကဲ့သို့ ဘုရားသခင်က မည်သည့် သဘောထားမျိုး ခံယူသည်ဖြစ်စေ၊ သတိပေးသည့်၊ သတိရစေသည့်၊ တိုက်တွန်းသည့်၊ သို့မဟုတ် ရိုးသားစွာ အကြံပေးသည့်၊ အမှန်တရားများကို တင်ပြသည့် သို့မဟုတ် အမှုအရာများကို စဉ်းစားအဖြေရှာသည့် သဘောထားတစ်ခုဖြစ်သည်ဖြစ်စေ ထိုအရာက ၎င်းတို့၏ စိတ်နှလုံးကို မတို့ထိသကဲ့သို့ ဤသည်မှာ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေသည်။ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားကို သတိပြုမိရန် လူတို့အတွက် ခက်ပြီး ၎င်းတို့အနေဖြင့် သမ္မာတရားကို မကြာခဏ ရှာဖွေကာ မိမိတို့ကိုယ်ပိုင် အခြေအနေများကိုလည်းကောင်း၊ အဘယ်ကြောင့် သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်ရသည်ဆိုသည်ကိုလည်းကောင်း၊ အဘယ်ကြောင့် မိမိတို့ နားလည်သည့် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်နိုင်ရသည်ဆိုသည်ကိုလည်းကောင်း သုံးသပ်ဆင်ခြင်ရမည်။ ဤပြဿနာကို ၎င်းတို့ လုံးလုံးလျားလျား နားလည်ပါက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းက မည်သည့်အရာကိုဆိုလိုကြောင်း သိကြလိမ့်မည်။
ဗိုလ်ကျလွန်းခြင်း မရှိသကဲ့သို့ ရိုကျိုးလွန်းခြင်းလည်း မရှိသည့် သဘောထားဖြင့် သူ့ဘာသာ ထင်ရှားသည့် လူတို့၏ စိတ်သဘောထားအတွင်းတွင် ကွယ်ဝှက်ထားသည့် တစ်စုံတစ်ရာ ရှိ၏။ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် စဉ်းစားသည့်နည်းလမ်းနှင့် မိမိတို့ကိုယ်ကို ဖော်ပြသည့် နည်းလမ်းရှိပြီး ဤသည်မှာ အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်ဟု တွေးထင်ကြလေသည်။ အခြားသူများက မည်သည့်အရာ ပြောဆို၊ လုပ်ဆောင်သည်ဖြစ်စေ ယင်းတို့၏ လွှမ်းမိုးခြင်း ၎င်းတို့ မခံကြပေ။ လူများက ၎င်းတို့ကို အထင်ကြီးစေလိမ့်မည်ဟု ၎င်းတို့ ခံစားရသည့် မည်သည့်အရာကိုမဆို ၎င်းတို့ မရမက လုပ်ဆောင်ပြီး ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်အရာဟု ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှ လက်မခံကြ၊ အမှန်တရားများကို မှန်ကန်စွာ ရင်မဆိုင်နိုင်ကြသကဲ့သို့ မည်သည့် သမ္မာတရား စည်းမျဉ်းမျှ မရှိကြချေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း စိတ်သဘောထားဖြစ်သည်။ စာတန်နှင့် သက်ဆိုင်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများသည် ဘုရားသခင်က မည်မျှ စကားပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များကို နားမဝင်သကဲ့သို့ မသိမမြင်ချင်ကြချေ။ စာတန်သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါတွင်မျှ သဘောမထားပေ၊ ယင်းတို့ကို လျစ်လျူရှုသည်၊ လူတို့အား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံခွင့်မပေးသကဲ့သို့ လူတို့က သူ့ကို ကျိုးနွံနာခံရန်အလို့ငှာ အထင်အမြင်မှားစေခြင်းလည်း ဖြစ်လေသည်။ ဤသည်မှာ စာတန်က ဘုရားသခင်ကို အတိုက်အခံလုပ်ပုံ ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ နိုးထစေပြီး သန့်စင်စေရန် သမ္မာတရားကို ဖော်ပြကာ စာတန်က ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစားသည်။ လူသားမျိုးနွယ်ကို အထင်အမြင်မှားစေရာတွင် စာတန်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဒုက္ခပေးကာ နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ဝါးမျိုပြီး ချေမှုန်းရန်ဖြစ်သည်။ ဥပမာအနေဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစားအစာ မျိုးစုံပေးပြီး အစေ့အဆန်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံအပြင် ယင်းတို့ကို စိုက်ပျိုးရန်အတွက် သင့်တော်သော မြေကြီးကိုလည်း ဖန်ဆင်းခဲ့သည်။ လူတို့က အလုပ်ကြိုးစားသရွေ့ စားသုံးပြီး အသုံးပြုရန် လုံလုံလောက်လောက် ရှိကြလိမ့်မည်ဖြစ်ကာ ကျန်းမာသည့် စားသောက်ပုံတစ်ခုရှိဖို့ သေချာစေနိုင်သည်။ သို့ရာတွင် လူတို့သည် မတင်းတိမ်နိုင်သကဲ့သို့ အမြဲ ချမ်းသာကြွယ်ဝချင်ကြပြီး ကောက်ပဲသီးနှံ ထွက်ရှိနှုန်းများ တိုးပွားရန် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲနည်းများကို မရမက သုတေသနပြုကြသည်။ ယင်းက ကောက်ပဲသီးနှံများ၏ တကယ့် အာဟာရဓာတ်ကို ပျက်စီးစေပြီး သဘာဝအစားအစာကို သဘာဝမဟုတ်သော အစားအစာအဖြစ် ပြောင်းလဲသွားစေသည်။ ဤအရာများကို လူတို့ စားသုံးပြီးသည့်နောက်တွင် ၎င်းတို့ ကိုယ်ခန္ဓာ၌ ရောဂါမျိုးစုံ ပေါ်လာသည်။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ချက်တစ်ခု မဟုတ်လော။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကာ ၎င်းတို့အားလုံးသည် အသက်ရှင်သည့် စာတန်နှင့် အသက်ရှင်သည့် နတ်ဆိုးများ ဖြစ်လာကြသည်။ ယခင်က ဘုရားသခင်ကို အတိုက်အခံ လုပ်ခဲ့သည်မှာ စာတန်နှင့် ဝိညာဉ်ဆိုးများသာ ရှိခဲ့သော်လည်း ယခုတွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ခုလုံးက ဘုရားသခင်ကို အတိုက်အခံလုပ်ကြလေသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားများသည် နတ်ဆိုးနှင့် စာတန်များ ဖြစ်ကြသည် မဟုတ်လော။ စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ထောင်စုနှစ်ချီ ဖောက်ပြန်ပျက်စီးစေခြင်းက ယူဆောင်လာခဲ့သည့် အကျိုးဆက်ဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုကို သင် မည်သို့သိပြီး ရိပ်စားမိနိုင်သနည်း။ စာတန်က လုပ်ဆောင်ရန် နှစ်သက်သော အရာများအရလည်းကောင်း၊ အမှုကိစ္စများကို စာတန် လုပ်ဆောင်ရာတွင် အသုံးပြုသော နည်းလမ်းများ၊ လှည့်ကွက်များအရလည်းကောင်း အပြုသဘောဆောင်သောအရာများကို စာတန်က လုံးဝ မနှစ်သက်ကြောင်း၊ ၎င်းက မကောင်းမှုကို နှစ်သက်ကြောင်းနှင့် သူ့ကိုယ်သူ အရည်အချင်းရှိသည်၊ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု အစဉ် ထင်မြင်ကြောင်း တွေ့မြင်နိုင်သည်။ ဤသည်မှာ စာတန်၏ မာနထောင်လွှားသော သဘာဝဖြစ်သည်။ ဤအတွက်ကြောင့် စာတန်က ဘုရားသခင်ကို စဉ်းတောင့်စဉ်းလဲ ငြင်းဆန်၊ အာခံပြီး ဆန့်ကျင်နေခြင်းဖြစ်သည်။ စာတန်သည် အပျက်သဘောဆောင်သောအရာများအားလုံးနှင့် မကောင်းသောအရာအားလုံး၏ ကိုယ်စားလှယ်နှင့် အရင်းအမြစ်ဖြစ်သည်။ ဤအရာကို ရှင်းလင်းစွာ မြင်နိုင်လျှင် သင်သည် စာတန်ဆန်သော စိတ်သဘောထားများကို ချင့်ချိန်နိုင်စွမ်း ရှိလေသည်။ လူတို့အတွက် သမ္မာတရားကို လက်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်သည် ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးတွင် စာတန်ဆန်သော စိတ်သဘောထားများရှိပြီး ၎င်းတို့အားလုံးသည် စာတန်ဆန်သော စိတ်သဘောထားများ၏ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် ချုပ်နှောင်ခြင်းကို ခံစားရသောကြောင့် ဖြစ်သည်။ ဥပမာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ကောင်းသည်ဟု လူအချို့က အသိအမှတ်ပြုသည်။ ပြီးလျှင် အခြားလူတို့က ရိုးသားသည်ကိုလည်းကောင်း၊ အမှန်တရားကို ပြောသည်ကိုလည်းကောင်း၊ ရိုးရှင်းပြီး ပွင့်လင်းနွေးထွေးသည့်ပုံစံဖြင့် ပြောဆိုသည်ကိုလည်းကောင်း မြင်သည့်အခါ ၎င်းတို့က အားကျပြီး မနာလိုဖြစ်လာကြသည်။ သို့တိုင်အောင် ၎င်းတို့ကိုယ်တိုင် ရိုးသားသောသူဖြစ်ရန် သင် တောင်းဆိုလျှင် ယင်းကို ခက်ခဲသည်ဟု ၎င်းတို့က မြင်ကြသည်။ ၎င်းတို့သည် ရိုးသားသောစကားများကို ပြောဆိုပြီး ရိုးသားသောအရာများကို လုပ်ဆောင်ရန် လုံးလုံးလျားလျားပင် မစွမ်းဆောင်နိုင်ကြပေ။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ ၎င်းတို့က ကြားကောင်းသည့်အရာများကို ပြောကြသည်။ သို့သော် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူတို့သည် သမ္မာတရားကို လက်ခံရာတွင် အခက်အခဲဖြစ်နေပြီး သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရန် မဖြစ်နိုင်ပေ။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူတို့အတွက် အသိသာဆုံးအခြေအနေမှာ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို စိတ်မဝင်စားကြဘဲ ယင်းတို့ကို ပစ်ပစ်ခါခါငြင်းပယ်၍ပင် စက်ဆုပ်ရွံရှာကာ ရေပန်းစားမှုများနောက်သို့ အထူးသဖြင့် လိုက်လိုကြသည်။ ဘုရားသခင် ချစ်သောအရာများနှင့် ဘုရားသခင်က လူတို့ကို လုပ်ဆောင်ရန် တောင်းဆိုသောအရာကို ၎င်းတို့က စိတ်နှလုံးထဲတွင် လက်မခံပေ။ ထိုအစား ၎င်းတို့သည် ထိုအရာများကို အထင်အမြင်သေးပြီး စိတ်ဝင်စားမှုမရှိပေ။ ပြီးလျှင် လူအချို့သည် စံနှုန်းများနှင့် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သော စည်းမျဉ်းများကိုပင် မကြာခဏ အထင်အမြင်သေးကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ပစ်ပစ်ခါခါငြင်းပယ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် အပြုသဘောဆောင်သောအရာများအပေါ် အတိုက်အခံလုပ်ကာ ဆန့်ကျင်ပြီး အထင်သေးမှုများ အပြည့်ရှိကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက သရုပ်သကန်ဖြစ်သည်။ အသင်းတော်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ သမ္မာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာများဖြစ်သည်။ သို့သော် လူအချို့သည် ဤအပြုသဘောဆောင်သောအရာများကို ပစ်ပစ်ခါခါငြင်းပယ်ကြသည်။ ဤအရာများကို ဂရုမစိုက်ဘဲ စိတ်မဝင်စားကြပေ။ မုန်းတီးဖွယ်အကောင်းဆုံး ဖြစ်သည့်အရာမှာ ၎င်းတို့သည် ရိုးသားသောသူများ၊ သမ္မာတရားကို လိုက်စားသူများ၊ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သူများ၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ပေးသောသူများကဲ့သို့သော အပြုသဘောဆောင်သောလူတို့အပေါ် အထင်သေးသောသဘောထားကို ခံယူကျင့်သုံးကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤလူများကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် အစဉ်ကြိုးစားကြသည်။ ဤလူတို့သည် အားနည်းချက်များ ရှိသည်ကို၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြချက်များ ရှိသည်ကို ၎င်းတို့က ရှာဖွေတွေ့ရှိလျှင် ဤအရာကို အမိအရကိုင်လျက် တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ အဆက်မပြတ် သိမ်ငယ်အောင်ပြုလုပ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သောသူများအပေါ် အဘယ်ကြောင့် အလွန် ရန်လိုမှုထားကြသနည်း။ ၎င်းတို့သည် ဆိုးယုတ်သောသူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များအပေါ် အဘယ်ကြောင့် အလွန်နှစ်သက်ပြီး လိုက်လျောကြကာ ဤသို့သောလူများနှင့် အဘယ်ကြောင့် မကြာခဏ ပေါင်းသင်းကြသနည်း။ အပျက်သဘောဆောင်ပြီး မကောင်းသောအရာများနှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့သည် စိတ်လှုပ်ရှားပြီး ပီတိဖြစ်ကြသည်။ သို့သော် အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်သောအခါတွင် ၎င်းတို့၏ သဘောထားတွင် အတိုက်အခံလုပ်မှုများ စတင်ပေါ်ပေါက်လာကြသည်။ အထူးသဖြင့် လူများက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို၊ သို့မဟုတ် သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနေသည်ကို ကြားသောအခါတွင် ၎င်းတို့၏ စိတ်နှလုံးတွင် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်လာကာ မကျေမနပ်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ မကျေနပ်ချက်များကို ရင်ဖွင့်ကြသည်။ ဤစိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းမဟုတ်သလော။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြနေခြင်း မဟုတ်လော။ ဘုရားသခင်အတွက် အလုပ်လုပ်ပြီး သူ့အတွက် စိတ်အားထက်သန်စွာ လှည့်လည်သွားလာရန် နှစ်သက်သော ဘုရားကို ယုံကြည်သူများစွာရှိပြီး ၎င်းတို့၏ ဆုကျေးဇူးများ၊ အားသာချက်များကို အသုံးပြုရခြင်းနှင့်ပတ်သက်လျှင် ၎င်းတို့၏ နှစ်သက်မှုများကို အလိုလိုက်ပြီး ကြွားဝါလျက် ၎င်းတို့သည် အကန့်အသတ်မဲ့သော စွမ်းအင်ရှိကြသည်။ သို့သော် ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခိုင်းလျှင် ၎င်းတို့သည် အားမရှိတော့ပေ။ စိတ်အားထက်သန်မှု ပျောက်သွားကြသည်။ ၎င်းတို့သည် ကြွားဝါခွင့်မပြုလျှင် နုံးချည့်လာပြီး မျှော်လင့်ချက် မဲ့သွားကြသည်။ ၎င်းတို့သည် ကြွားဝါရန်အတွက် အားအင်ရှိသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အားအင်မရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ လူအားလုံးသည် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရအောင် လုပ်လိုကြသည်။ ၎င်းတို့အားလုံးသည် အနှစ်မဲ့သော ဘုန်းကျက်သရေကို ငမ်းငမ်းတက် လိုချင်ကြသည်။ လူတိုင်းက ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရေးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် မကုန်ခန်းနိုင်သော စွမ်းအင်များ ရှိကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို ပုန်ကန်ခြင်းနှင့်ပတ်သက်လာလျှင် အဘယ်ကြောင့် နုံးချည့်လာကြသနည်း၊ မျှော်လင့်ချက်မဲ့လာကြသနည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ယင်းက လူတို့၏ စိတ်နှလုံးများက သန့်စင်မှုမရှိသည်ကို သက်သေပြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိဖို့အတွက် သက်သက်ဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရရန်အလို့ငှာ ယုံကြည်ကြခြင်း ဖြစ်သည်။ လိုက်စားရန် ကောင်းချီးများ၊ သို့မဟုတ် အကျိုးအမြတ်များမရှိလျှင် လူတို့သည် နုံးချည့်လာပြီး မျှော်လင့်ချက်မဲ့လာကြပြီး စိတ်အားထက်သန်မှုမရှိတော့ပေ။ ဤအရာအားလုံးတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤစိတ်သဘောထားဖြင့် ထိန်းချုပ်ခြင်း ခံရသောအခါ လူများက သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းကို ရွေးချယ်လိုစိတ်မရှိကြပေ။ မိမိတို့ကိုယ်ပိုင်လမ်းအတိုင်း သွားသည်။ ပြီးလျှင် ၎င်းတို့သည် မှားယွင်းသောလမ်းကို ရွေးချယ်ကြသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းသည် မှားသည်ကို ကောင်းစွာသိသည့်တိုင် ဤအရာများမရှိဘဲ လုပ်ဆောင်ရန်၊ သို့မဟုတ် ဤအရာများကို ဘေးဖယ်ထားရန် ခံနိုင်ခြင်း မရှိကြဆဲဖြစ်ကာ ၎င်းတို့သည် ယင်းတို့ကို လိုက်စားဆဲဖြစ်ပြီး စာတန်၏လမ်းကြောင်းကို လျှောက်ကြသည်။ ဤဖြစ်ရပ်တွင် ၎င်းတို့က ဘုရားနောက်ကို လိုက်ခြင်းမဟုတ်ဘဲ စာတန်နောက်သို့ လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ လုပ်သမျှသည် စာတန်အတွက် အစေခံခြင်းဖြစ်ပြီး ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။
သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားကို ပြောင်းလဲရန် လွယ်ကူသလော။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသည် လူသားမျိုးနွယ်၏ နက်ရှိုင်းသည့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော ထူးခြားသည့် ပင်ကိုလက္ခဏာတစ်ခု ဖြစ်ပြီး ပြောင်းလဲရန် အခက်ခဲဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို သမ္မာတရားအား လက်ခံခြင်းအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော တစ်စုံတစ်ဦးသည် သမ္မာတရားကို အလွယ်တကူ လက်မခံနိုင်ပေ၊ ရောဂါကျွမ်းနေသည့် လူတစ်ဦးက အစားအစာကို ငြင်းပယ်ပုံအတိုင်းပင်ဖြစ်သည်။ ဤသည်မှာ အလွန် အန္တရာယ်များပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် အလွယ်တကူ ကယ်တင်မခံရနိုင်ပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးဖြစ်သော်လည်း သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် အပြုသဘောဆောင်သည့်အရာများက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို မသိသကဲ့သို့ ကယ်တင်ခြင်းရရှိရန် သမ္မာတရား လိုက်စားခြင်း၏ ဘဝ ရည်မှန်းချက်အကြောင်းကိုပင် မရှင်းလင်းလျှင် ဤသည်မှာ မိမိလမ်း ပျောက်နေသည့် မျက်ကန်းတစ်ဦး မဟုတ်လော။ ထို့ကြောင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းက သမ္မာတရားကို လက်ခံရန် မဖြစ်နိုင်အောင်ဖြစ်စေပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးသည် ပြောင်းလဲရန် မလွယ်ကူပေ။ သမ္မာတရားကို လက်ခံရန်နှင့် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရန် ရွေးချယ်နိုင်သည့်လူများသည် သမ္မာတရားကို ချစ်သောသူများ ဖြစ်ပြီး ဤကဲ့သို့သောလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလွယ်တကူ ပြောင်းလဲနိုင်ကြ၏။ တစ်စုံတစ်ဦးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားရှိသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန် မိမိ စိတ်နှလုံးတွင် မျှော်လင့်နေဆဲဖြစ်လျှင် မည်သည့်နေရာမှ အစပြုသင့်သနည်း။ မည်သည့်စမှတ်က ဤအရာကို သာ၍ လွယ်ကူစေလိမ့်မည်နည်း။ အမြန်ဆုံး လမ်းမှာ အဘယ်နည်း။ (အပြုသဘောဆောင်သည့်အရာများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို နားလည်ပြီးသည့်နောက်တွင် သူတို့အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် စည်းမျဉ်းများနှင့် စံနှုန်းများကို သူတို့၏ စနစ်များအဖြစ် အသုံးပြုသင့်ပြီး တစ်စုံတစ်ရာသည် စည်းမျဉ်းများကို ဆန့်ကျင်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မဟုတ်လျှင် စည်းမျဉ်းများကို သူတို့ ထိန်းသိမ်းပြီး ထိုအရာကို မလုပ်ဆောင်သင့်ပါ။) ၎င်းတို့သည် ဦးစွာပထမ သမ္မာတရား အသီးသီး၏ စည်းမျဉ်းများကို သဘောပေါက်သင့်သည်။ ဤသည်မှာ အလွန်အရေးကြီးပေသည်။ ထို့နောက်တွင် အဘယ်သို့နည်း။ (သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အခြေအနေတစ်ခု ထုတ်ဖော်ပြပြီး သူတို့၏ တာဝန်နှင့် စည်းမျဉ်းများ ပါဝင်ပတ်သက်သည့်အခါ ဇာတိပကတိကို ပုန်ကန်ကာ စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။) မှန်ပေ၏။ ၎င်းတို့တွင် လမ်းကြောင်းတစ်ခု ရှိရမည်ဖြစ်ပြီး ထိုရည်မှန်းချက်နှင့် လမ်းကြောင်းတို့ ရှင်းလင်းနေသင့်ပေသည်။ ယခု အရေးပါသည့်အရာမှာ ၎င်းတို့ စိတ်သဘောထား၏ မည်သည့် သွင်ပြင်လက္ခဏာက မည်သည့် အခြေအနေနှင့် မည်သည့်အချိန်တွင် ထုတ်ဖော်ပြသည်ဆိုသည်နှင့် မည်သည့်နည်းလမ်းဖြင့် ထုတ်ဖော်ပြကြသည်ဆိုသည်တို့ကို လူအများစုက မသိကြခြင်း ဖြစ်သည်။ ထိုအရာအားလုံးကို ၎င်းတို့ သိခဲ့ကြလျှင် ပြောင်းလဲရန် ၎င်းတို့အတွက် လွယ်ကူမည် မဟုတ်လော။ ယခု ကြည့်သည့်အခါ လူတို့၏ အမျိုးမျိုးသော အတွေး သို့မဟုတ် သဘောထားများတွင် ၎င်းတို့၏ စိတ်သဘောထားများ ပါဝင်ပေသည်။ အမျိုးမျိုးသော စိတ်သဘောထားများ၏ စိုးမိုးမှုမရှိပါက၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကဲစမ်းခြင်း သို့မဟုတ် ခက်ခဲစေခြင်းတို့ မရှိပါက လူတို့အတွက် မိမိတို့၏ မှားယွင်းသော အတွေးများကို ပြုပြင်ရန် လွယ်ကူမည်ဖြစ်သည်။ ဥပမာအားဖြင့် သင့်မိခင်က သင့်အား အိမ်မှမထွက်မီ သင့်ချွေးများကို သုတ်သွားဖို့ ပြောသည်ဆိုပါစို့။ သင် နာခံတတ်သည့်၊ သားသမီးဝတ်ကျေပွန်သည့် ကလေးဖြစ်ပါက သင့်မိခင်၏ စေတနာကို ခံစားမိရင်း ဤအကြံ၏ မှန်ကန်မှုကိုလည်း သဘောပေါက်နိုင်သကဲ့သို့ ယင်း၏ အကျိုးကျေးဇူးကို သိနိုင်ကာ အသိအမှတ်ပြုပြီး လက်ခံနိုင်ပေသည်။ သင့်ထံတွင် ထဖောက်ပြီး သင့်ကို ဆွဲထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိလျှင် ဤအကြံပြုချက်ကို လက်ခံရန် သင့်အတွက် လွယ်ကူပေလိမ့်မည်။ ဤအကြံသည် အလွန်ရိုးရှင်းပြီး ဆောင်ရွက်ရန် လွယ်ကူသကဲ့သို့ မှန်ကန်သည်ကို သင် သိသော်လည်း သင့်ထံတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ခေါင်းမာသည့် စိတ်သဘောထားတစ်ခု ရှိသောကြောင့် သင့်ကို ထိုအရာအား တမင်တကာ ဆန့်ကျင်စေနိုင်သကဲ့သို့ သင့်မိခင်ကို စိတ်ဆင်းရဲစေနိုင်ကာ သင်နှင့်ပတ်သက်၍ စိုးရိမ်ပြီး သောကရောက်စေနိုင်သည်။ ယင်းမှာ အကျိုးဆက်ဖြစ်၏။ တိုတိုပြောရလျှင် အကြင်သူက အမှုအရာများ မိမိအပေါ် ကျရောက်သည့်အရာ ကိုင်တွယ်ဖြေရှင်းပုံ၊ အပြုသဘောဆောင်သော အရာများကို အကြင်သူ ကိုင်တွယ်ဖြေရှင်းပုံအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အကြင်သူ စဉ်ဆက်မပြတ် တိုက်ခိုက်ပြီး ရင်ဆိုင်တွန်းလှန်ပုံတို့သည် သမ္မာတရား လိုက်စားရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ကိုယ်စားပြုပေသည်။ သင်သည် ဤသန္နိဋ္ဌာန်ရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပယ်ရန်၊ သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်ကို သင်၏ အသက်ဖြစ်စေရန်နှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ရန် လိုလားနေပါက သင် ပြောင်းလဲနိုင်ပေသည်။ သမ္မာတရားကို လိုက်စားရန် သင်၏ သန္နိဋ္ဌာန် မည်ရွေ့မည်မျှ ကြီးမားသည်ဆိုသည်မှာ သင်၏ ပြောင်းလဲမှု ကြီးမားမည့်ပုံစံ ဖြစ်သည်။
ကယ်တင်ခြင်းသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို အဓိက ရည်ညွှန်း၏။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲပြီးသည့်အခါမှသာ စာတန်၏ စွမ်းအားကို ၎င်းတို့ စွန့်ပယ်ကာ ကယ်တင်ခံရနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူတို့အတွက် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသည် အဓိက ကိစ္စတစ်ခုဖြစ်သည်။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲသည့်အခါ လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်လိမ့်မည်ဖြစ်ပြီး ကယ်တင်ခြင်းကို အပြည့်အဝ ရရှိလိမ့်မည်။ တစ်စုံတစ်ဦးအနေဖြင့် သိပ်ကြည့်ကောင်းခြင်း၊ ဆုကျေးဇူးရှိခြင်း၊ သို့မဟုတ် ပါရမီမရှိဘဲဖြစ်နေနိုင်သည်၊ ၎င်းတို့အနေဖြင့် နမော်နမဲ့ စကားပြောကာ သိပ်ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ဝတ်ကောင်းစားလှ ဝတ်ဆင်ရာတွင် တော်ပြီး အပြင်ပန်းအနေဖြင့် အလွန်သာမန်ဖြစ်ပုံ ရကောင်းရနိုင်သော်လည်း ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မိမိတို့ အလိုဆန္ဒအတိုင်း ပြုမူခြင်းထက် သို့မဟုတ် မိမိတို့ ကိုယ်ကျိုးအတွက် ကြံစည်ခြင်းထက် သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိကာ ဘုရားသခင်က ၎င်းတို့အား တာဝန်တစ်ခု ထမ်းဆောင်ရန် အမိန့်ပေးသည့်အခါ သူ့ကို ကျိုးနွံနာခံနိုင်ကြပြီး ၎င်းတို့ကို သူ ပေးအပ်သည့်အရာကို ပြီးမြောက်နိုင်ကြလေသည်။ ဤလူစားမျိုးကို သင် အဘယ်သို့ တွေးသနည်း။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် စွဲဆောင်မှုမရှိသော်လည်း သို့မဟုတ် အသွင်အပြင်တွင် အထင်ကြီးလောက်စရာ မရှိသော်လည်း ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည့် စိတ်နှလုံးရှိကာ ဤတွင် ၎င်းတို့၏ အားသာချက်များ ပေါ်လွင်လေသည်။ လူတို့က ဤအရာကို မြင်သည့်အခါ ၎င်းတို့က “ဤလူတွင် တည်ငြိမ်သည့် စိတ်သဘောထားတစ်ခုရှိပြီး အမှုအရာများ ဖြစ်ပျက်သည့်အခါ အရေးမထားခြင်း မရှိဘဲ သို့မဟုတ် မိုက်မဲသည့်၊ နုံအသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်း မရှိဘဲ ဘုရားသခင် ရှေ့မှောက်တွင် တည်တည်ငြိမ်ငြိမ် ရှာဖွေနိုင်ကြသည်။ ၎င်းတို့၌ လေးနက်ပြီး တာဝန်ယူသော သဘောထားရှိသည်။ ၎င်းတို့သည် တာဝန်သိပြီး မိမိတို့တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းရန် မိမိတို့ကိုယ်ကို အပြည့်အဝ ဆက်ကပ်နိုင်ကြသည်။” ဤလူသည် မိမိပြောဆို၊ ပြုမူပုံတွင် ချုပ်ထိန်းသည်၊ ၎င်းတွင် ပုံမှန်ဆင်ခြင်တုံတရား ရှိပြီး ၎င်း အသက်ရှင်နေထိုင်သည့်အရာနှင့် ပြသသည့် စိတ်သဘောထားအရ ၎င်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ၎င်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပါက ၎င်း၏ လုပ်ရပ်များအတွက် စည်းမျဉ်းများ ရှိသလော။ ၎င်းသည် စည်းမျဉ်းများကို မုချရှာဖွေပြီး မှားယွင်းသည့် လုပ်ရပ်များတွင် မဆင်မခြင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် အဆုံးစွန် ရလဒ်ဖြစ်သည်။ ၎င်း၏ စကားသည် ချင့်ချင့်ချိန်ချိန်ဖြစ်ပြီး မှန်ကန်တိကျသည်၊ ပေါ့ပေါ့ဆဆ စကားမပြောပေ၊ စိတ်အေးစေရန်အားပေးပြီး ယုံကြည်စိတ်ချရသည့် နည်းလမ်းဖြင့် ပြုမူဆောင်ရွက်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့်ဆိုင်သည့် စစ်မှန်မှုများကို ပိုင်ဆိုင်လေသည်။ ဤသရုပ်သကန်အားလုံးကို ဤလူ၌ တွေ့ရသည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည့် လူတစ်ဦး ဖြစ်သည်။ ဤအရာများကို ဟန်ဆောင်၍မရချေ။ လူတစ်ဦး၏ စိတ်သဘောထားသည် ၎င်း၏ ဘဝဖြစ်၏။ လူတစ်ဦးက မည်သည့် စိတ်သဘောထားရှိသည်ဖြစ်စေ ယင်းမှာ ၎င်း၏ အပြုအမူ ဖြစ်လိမ့်မည်။ လူတို့၏ အပြုအမူနှင့် သရုပ်သကန်များသည် ၎င်းတို့ စိတ်သဘောထားများ၏ အုပ်စိုးခြင်းခံရကာ လူတို့ တစ်သမတ်တည်း ဖော်ပြသည့်အရာမှာ ၎င်းတို့ စိတ်သဘောထား၏ ထုတ်ဖော်ပြခြင်းများဖြစ်သည်၊ ၎င်းတို့၏ အကျင့်စရိုက် မဟုတ်ပေ။ စိတ်သဘောထားဆိုင်ရာ ပြဿနာများနှင့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ထုတ်ဖော်ပြခြင်းများကို အသိအမှတ်ပြုနိုင်ခြင်းနှင့် ထို့နောက်တွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်ခြင်းသည် စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားရာတွင် အကြင်သူ စွမ်းဆောင်ရရှိရမည့် အခြေခံအကျဆုံးသော အရာဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။