ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၄)
မည်သည့်တာဝန်မျိုးကို သင်ထမ်းဆောင်နေပါစေ သို့မဟုတ် မည်သည့်အသက်မွေးဝမ်းကြောင်း ပညာမျိုးကို သင်လေ့လာနေပါစေ သင်ပို၍ လေ့လာသင်ယူလေ သင်ပို၍ ကျွမ်းကျင်လာလေ ဖြစ်သင့်ကာ ပြီးပြည့်စုံမှုကို ရရန် ကြိုးပမ်းသင့်သည်။ ထိုအခါ သင်ထမ်းဆောင်သည့်တာဝန်သည် ပိုကောင်းပြီးရင်း ကောင်းလာလိမ့်မည်။ လူအချို့သည် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ရာတွင် တာဝန်သိသိ မလုပ်ဆောင်ကြပေ။ ၎င်းတို့ကြုံရသည့် မည်သည့်အခက်အခဲများကိုမဆို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် အခြားလူများက ၎င်းတို့ကို လမ်းညွှန်ပြီး ကူညီဖို့ကို အမြဲလိုချင်ကြသည်။ မိမိဘာသာ ကြိုးစားအားထုတ်မှု မရှိဘဲ ၎င်းတို့ကို အနီးကပ် သင်ကြားပြသပေးပြီး ၎င်းတို့အတွက် ကိစ္စများကို လုပ်ပေးဖို့ အခြားလူများကို တောင်းဆိုသည်အထိပင် ဖြစ်သည်။ ၎င်းတို့သည် အခြားလူများကို အဆက်မပြတ် အားကိုးကြပြီး ထိုလူများ၏အကူအညီမပါဘဲ မလုပ်နိုင်ကြပေ။ ဤသို့လုပ်သည့်အတွက် ၎င်းတို့သည် ဆန်ကုန်မြေလေးများ ဖြစ်ကြသည် မဟုတ်လော။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အမှုအရာများကို လေ့လာရာတွင် သင် စိတ်နှစ်ထားဖို့ လိုအပ်သည်။ သင်သည် အတတ်ပညာဆိုင်ရာ အသိပညာကင်းမဲ့ပါက အတတ်ပညာဆိုင်ရာ အသိပညာကို လေ့လာလော့။ သမ္မာတရားကို နားမလည်ပါက သမ္မာတရားကို ရှာဖွေလော့။ သမ္မာတရားကို သင် နားလည်ပြီး အတတ်ပညာဆိုင်ရာ အသိပညာကို သင် ရရှိပါက သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထိုအရာများကို သင် အသုံးချနိုင်လိမ့်မည်ဖြစ်ပြီး ရလဒ်များ ရရှိလိမ့်မည်။ ဤသည်မှာ မှန်သော ပါရမီနှင့် စစ်မှန်သော အသိပညာရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်၏ တာဝန်အတောအတွင်းတွင် သင်သည် မည်သည့် အတတ်ပညာဆိုင်ရာ အသိပညာကို လုံးဝ မလေ့လာဘဲ သမ္မာတရားကို မရှာဖွေပါက သင်၏ အလုပ်လုပ်ပေးခြင်းသည် သာမန်ထက်နိမ့်ကျမည် ဖြစ်သည်။ သို့ဖြစ်၍ သင်၏ တာဝန်ထမ်းဆောင်ခြင်း အကြောင်းကို သင်မည်သို့များ ပြောနိုင်သနည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ရန် အသုံးဝင်သည့် အသိပညာများစွာ သင် လေ့လာရမည်ဖြစ်ပြီး သင့်ကိုယ်သင် သမ္မာတရားများစွာဖြင့် ပြင်ဆင်ရမည်။ သင်ယူမှုကို မည်သည့်အခါတွင်မျှ မရပ်တန့်ရ၊ ရှာဖွေမှုကို လုံးဝ ရပ်တန့်ရမည်မဟုတ်သကဲ့သို့ အခြားသူများထံမှ သင်ယူခြင်းအားဖြင့် သင်၏ အားနည်းချက်များနှင့် ပတ်သက်၍ တိုးတက်စေခြင်းကို မည်သည့်အခါတွင်မျှ မရပ်တန့်ရပေ။ အခြားလူများ၏ အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် မည်သည့်နည်းဖြင့် သင့်ထက် ၎င်းတို့ ပိုမိုအားကောင်းသည်ဖြစ်စေ ၎င်းတို့ထံမှ သင် သင်ယူရမည်။ သင့်ထက် သမ္မာတရား ပိုမိုကောင်းမွန်စွာ နားလည်သောသူ မည်သူမဆိုထံမှ သင် ပို၍ပင် သင်ယူသင့်ပေသည်။ နှစ်အချို့ကြာ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားကို နားလည်ကာ ယင်း၏ လက်တွေ့အရှိတရားများထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်၊ သင့်တာဝန်ကို သင်ထမ်းဆောင်ခြင်းသည် စံချိန်မီလိမ့်မည်။ သင်သည် သမ္မာတရားနှင့် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦး၊ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤအရာကို သမ္မာတရား လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိပေသည်။ တာဝန်တစ်ခုကို မထမ်းဆောင်ဘဲ ထိုကဲ့သို့သော ရလဒ်များကို သင်မည်သို့ ရနိုင်မည်နည်း။ ယင်းသည် ဘုရားသခင်၏ချီးမြှောက်ခြင်းဖြစ်သည်။ သင့်တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သမ္မာတရားကို သင်မလိုက်စားဘဲ အလုပ်လုပ်ပေးရုံမျှဖြင့် သင်ကျေနပ်နေလျှင် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ တစ်ဖက်တွင် သင်သည် သင်၏တာဝန်များကို လုံလုံလောက်လောက် ထမ်းဆောင်မည်မဟုတ်ချေ။ အခြားတစ်ဖက်တွင် သင်သည် အတွေ့အကြုံဆိုင်ရာသက်သေခံချက် အစစ်အမှန် မရှိသလို သမ္မာတရားကို သင်ရမည်မဟုတ်။ ဤကဏ္ဍနှစ်ခုလုံးတွင် ပြစရာ တစ်ခုမျှ မရှိဘဲ ဘုရားသခင်၏ လက်ခံမှုကို သင်ရနိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ ထို့ကြောင့် လူတစ်ဦးသည်အလုပ်လုပ်ပေးရသည်ကို ကျေနပ်နေရုံဖြင့် ဘုရားသခင်၏ လက်ခံမှုကို လုံးဝ မရနိုင်ပေ။ အလုပ်လုပ်ပေးရုံမျှဖြင့် သင်သည် ဆုလာဘ်ချီးမြှင့်ခြင်း ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု တွေးသည်မှာ ဖြစ်ချင်သော အတွေးသက်သက်သာ ဖြစ်သည်။ ယင်းသည် မည်သည့်သဘောထားမျိုးနည်း။ ရိုးရိုးတန်းတန်း အလုပ်လုပ်ပေးရုံမျှဖြင့် ကောင်းချီးများကို ရလိုခြင်းသည် ဘုရားသခင်ကို ဈေးဆစ်ခြင်း၊ ဘုရားသခင်ကို လှည့်စားရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထိုကဲ့သို့အလုပ်လုပ်သူများကို ဘုရားသခင်က လက်မခံချေ။ လူတစ်ဦးသည် မိမိ၏တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေသာ လုပ်သောအခါ သို့မဟုတ် လှည့်စားမှုတွင် ပါဝင်ဆောင်ရွက်သောအခါ ၎င်းကို မည်သည့်စိတ်သဘောထားများက အုပ်စိုးသနည်း။ မာနထောင်လွှားခြင်း၊ ခေါင်းမာခြင်းနှင့် သမ္မာတရားကို မချစ်ခြင်းဟူသည့် ဤအရာများက ၎င်းကို အုပ်စိုးမနေသလော။ (အုပ်စိုးနေပါသည်။) သင်တို့တွင် ထိုကဲ့သို့သောသရုပ်သကန်များ ရှိသလော။ (ရှိပါသည်။) မကြာခဏ ရှိသလော၊ အခါအားလျော်စွာ ရှိသလော သို့မဟုတ် အချို့ကိစ္စရပ်များတွင်သာ ရှိသလော။ (မကြာခဏ ရှိပါသည်။) အဆိုပါအခြေအနေများကို အသိအမှတ်ပြုရာတွင် သင်တို့၏သဘောထားသည် အတော်အတန် ရိုးသားစစ်မှန်ပြီး သင်တို့တွင် ရိုးသားသော စိတ်နှလုံးရှိသည်။ သို့သော် ထိုအရာများကို အသိအမှတ်ပြုရုံမျှဖြင့် မလုံလောက်ပေ။ ယင်းက ထိုအရာများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုအရာများကို ပြောင်းလဲရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်တာဝန်များကို ထမ်းဆောင်ရာတွင် သင်သည် ဝတ်ကျေတမ်းကျေသာ လုပ်သောအခါ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်သောအခါ သို့မဟုတ် မရိုသေ၊ မလေးစားသည့် သဘောထားတစ်ခု ရှိသောအခါ ဘုရားသခင် ရှေ့တော်မှောက်သို့ ဆုတောင်းခြင်းအားဖြင့် အမြန်လာရောက်ရမည်။ မိမိကိုယ်ကို သုံးသပ်ရမည်။ ပြီးလျှင် သင်သည် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ထုတ်ဖော်သည်ကို သတိပြုမိရမည်။ ထို့အပြင် ထိုစိတ်သဘောထားမျိုး မည်သို့ဖြစ်လာပုံနှင့် ယင်းကို မည်သို့ပြောင်းလဲနိုင်ပုံတို့ကို သင်နားလည်ရမည်။ ဤအရာကို နားလည်ခြင်း၏ ရည်ရွယ်ချက်သည် အပြောင်းအလဲ ဖြစ်လာစေရန်ဖြစ်သည်။ ထို့ကြောင့် အပြောင်းအလဲကို ရရန်အလို့ငှာ လူတစ်ဦးသည် မည်သည့်အရာကို လုပ်သင့်သနည်း။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရသည် မည်မျှအကျည်းတန်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကြောင်း၊ စာတန် သို့မဟုတ် နတ်ဆိုးများနှင့် မကွဲပြားကြောင်းတို့ကို သိလာရမည်။ သို့မှသာ ၎င်းသည် မိမိကိုယ်ကိုလည်းကောင်း၊ စာတန်ကိုလည်းကောင်း မုန်းတီးနိုင်သည်။ သို့မှသာ ၎င်းသည် မိမိကိုယ်ကိုလည်းကောင်း၊ စာတန်ကိုလည်းကောင်း ပုန်ကန်နိုင်သည်။ ဤနည်းဖြင့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လူတစ်ဦး ဆုံးဖြတ်လိုက်သောအခါ ၎င်းသည် ဘုရားသခင်၏ စိစစ်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုလည်း လက်ခံရမည်။ ထိုအခါ ၎င်းဘက်မှ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှု အရိပ်အယောင်တစ်ခု ရှိရမည်။ ၎င်းသည် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်နည်း။ တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ လူတစ်ဦးတွင် “တော်လောက်ပြီ” ဟူသည့် အတွေးရှိသည်နှင့်တစ်ပြိုင်နက် ယင်းကို ပြုပြင်ပြောင်းလဲရမည်။ လူတစ်ဦးသည် ထိုကဲ့သို့သောအတွေးမျိုးကို လက်သင့်ခံမထားရပေ။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပေါ်ပေါက်လာသောအခါ လူတစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းရမည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုရမည်၊ မိမိကိုယ်ကို အလျင်အမြန် သုံးသပ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေရမည်။ ပြီးလျှင် သူ၏တရားစီရင်ခြင်းနှင့် ဆုံးမခြင်းကို လက်ခံရမည်။ ဤနည်းဖြင့် လူတစ်ဦးသည် နောင်တရသော စိတ်နှလုံးတစ်ခု ရှိနိုင်လိမ့်မည်ဖြစ်ပြီး ၎င်း၏ အတွင်းစိတ်အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။ ဤအရာကို လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရည်ရွယ်ချက်မှာ သင် အမှန်တကယ် ပြောင်းလဲပြီး သစ္စာရှိရှိဖြင့် ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ ပြစ်တင်ဝေဖန်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး လက်ခံရန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင့်အခြေအနေသည် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင် တစ်ဖန် ဝတ်ကျေတမ်းကျေသာ လုပ်တော့မည့်ဆဲဆဲအချိန်နှင့် သင် တာဝန်များကို မရိုသေမလေးစားသော သဘောထားတစ်ခုဖြင့် တစ်ဖန် မှတ်ယူတော့မည့်ဆဲဆဲအချိန်တွင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်ဝေဖန်ခြင်းတို့ကြောင့် သင်ချက်ချင်း ပြောင်းလဲနိုင်လျှင် ပြစ်မှားမှုတစ်ခုကို ကျူးလွန်မိခြင်းမှ ရှောင်ရှားခဲ့ပြီး ဖြစ်မည်မဟုတ်လော။ ဤသည်မှာ ဘဝတွင် သင်ရင့်ကျက်ကြီးထွားရေးအတွက် ကောင်းသောအရာတစ်ခု ဖြစ်သလော သို့မဟုတ် ဆိုးသောအရာတစ်ခု ဖြစ်သလော။ ယင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်အောင် လုပ်ဆောင်သောအခါ သင့်စိတ်နှလုံးသည် အေးအေးသက်သာဖြစ်နေသည်၊ ဝမ်းမြောက်နေပြီး နောင်တရခြင်းများမှ ကင်းစင်နေသည်။ ယင်းသည် စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ဖြစ်သည်။
လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောအခါ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ရန် ၎င်းတို့အတွက် လွယ်ကူသည်၊ သို့သော် ဤသည်က ၎င်းတို့တွင် ကယ်တင်ခံရရန်အတွက် မျှော်လင့်ချက်မရှိဟု မဆိုလိုပေ။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ခြင်းအမှုကို လုပ်ရန် ကြွလာခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည်။ လူများက ဤသမ္မာတရားများကို လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ်တွင်သာ မူတည်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပါက ၎င်းသည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ၎င်းက သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်နိုင်လျှင် ၎င်းသည် လုံးဝဇာတ်သိမ်းပြီ ဖြစ်သည်။ ဘေးဒုက္ခကြားထဲတွင် ဖျက်ဆီးခံရရန် စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။ ဤကံကြမ္မာကို မည်သူမျှ မလွတ်မြောက်နိုင်ပေ။ ဤအချက်ကို လူများသည် ထိပ်တိုက်ရင်ဆိုင်ကြရမည်။ လူအချို့က “ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဆက်မပြတ် ထုတ်ဖော်သည်၊ ပြီးလျှင် ကျွန်ုပ် မည်သည့်အခါကမျှ မပြောင်းလဲနိုင်ခဲ့ပါ။ ကျွန်ုပ် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်မှာ ကျွန်ုပ်၏ အရှိအတိုင်းပင် ဖြစ်သလော။ ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်သလော။ သူက ကျွန်ုပ်ကို မုန်းသလော” ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သော သဘောထားမျိုး ဖြစ်သလော။ ဤသည်မှာ မှန်ကန်သော တွေးတောပုံ တွေးတောနည်း ဟုတ်သလော။ (မဟုတ်ပါ။) လူတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောအခါ သူသည် ယင်းတို့ကို သဘာဝအလျောက် ထုတ်ဖော်လိမ့်မည်။ သူသည် ယင်းတို့ကို ထိန်းချုပ်ဟန့်တားချင်သော်လည်း ထိုသို့ပြု၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် သူ့အတွက် မျှော်လင့်ချက်မရှိဟု ခံစားမိသည်။ အမှန်မှာ ဤသို့ သေချာပေါက် မဟုတ်ပေ။ ယင်းသည် သမ္မာတရားကို ထိုလူက လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ်တွင် မူတည်သည်။ ၎င်းသည် ဘုရားသခင်အပေါ် အားကိုးပြီး သူ့ကို ကိုးစားခြင်း ရှိမရှိဆိုသည့်အပေါ်တွင် မူတည်သည်။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မကြာခဏ ထုတ်ဖော်ကြသည်မှာ ၎င်းတို့၏အသက်တာသည် စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားဖြင့် ထိန်းချုပ်ခြင်း ခံထားရကြောင်းနှင့် ၎င်းတို့၏အဖြစ်အနေသည် စာတန်၏ အဖြစ်အနေဖြစ်ကြောင်းကို သက်သေပြလေသည်။ လူများသည် ဤအမှန်တရားကို အသိအမှတ်ပြုပြီး လက်ခံသင့်၏။ လူ၏သဘာဝ အဖြစ်အနေနှင့် ဘုရားသခင်၏ အဖြစ်အနေတို့အကြားတွင် ကွဲပြားခြားနားချက်တစ်ခု ရှိသည်။ ၎င်းတို့သည် ဤအမှန်တရားကို အသိအမှတ်ပြုပြီးသည့်နောက် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်သည့်အခါ၊ ဇာတိသွေးသား၏ သာယာမှုတွင် မွေ့လျော်ပြီး ဘုရားသခင်ထံမှ တိုး၍ ဝေးကွာသွားသည့်အခါ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့၏ကိုယ်ပိုင် အကြံဉာဏ်များနှင့် မကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် အလုပ်လုပ်ပြီး ၎င်းတို့အတွင်း၌ မကျေနပ်ချက်များ ပေါ်ပေါက်သည့်အခါ ဤသည်မှာ ပြဿနာတစ်ခုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်ကို ၎င်းတို့သည် ချက်ချင်း သတိပြုမိအောင် ပြုလုပ်သင့်သည်။ ယင်းမှာ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယင်းက သမ္မာတရားနှင့် မကိုက်ညီဘဲ ဘုရားသခင်၏ ရွံမုန်းခြင်းခံရ၏။ လူတို့က ဤအရာများကို သဘောပေါက်သည့်အခါ ၎င်းတို့သည် မညည်းညူသင့်ပေ၊ သို့မဟုတ် အပျက်သဘောဆောင်လာပြီး အချောင်မခိုသင့်ပေ၊ ပြီးလျှင် ၎င်းတို့သည် စိတ်ညစ်ခြင်း သာ၍ နည်းပါးသင့်သည်။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကို သာ၍ နက်နဲစွာ သိမြင်နိုင်သင့်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့ တက်ကြွစွာ လာရောက်နိုင်သင့်ပြီး ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို လက်ခံကာ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများအတိုင်း ပြုမူနိုင်ကြသည်အထိပင် ၎င်းတို့၏အခြေအနေကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လာသကဲ့သို့ သင့်အတွင်းရှိ အခြေအနေသည်လည်း တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးခြင်း၏ အဖြစ်အနေနှင့် စာတန်၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးတို့ကို တိုး၍ ကြည်လင်ရှင်းလင်းမှုဖြင့် ဖော်ထုတ်နိုင်လိမ့်မည်။ “ကျွန်ုပ်ကို နှောင့်ယှက်နေသည်မှာ စာတန်ဖြစ်သည်”၊ သို့မဟုတ် “ယင်းမှာ စာတန်က ကျွန်ုပ်ကို ပေးသည့် အကြံဉာဏ်တစ်ခုဖြစ်သည်” ဟူသကဲ့သို့ မိုက်မဲပြီး ကလေးဆန်သည့် ထိုသို့သော စကားများကို ပြောတော့မည် မဟုတ်ပေ။ ထိုအစား သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်သက်ဆိုင်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသား၏ အနှစ်သာရနှင့်ဆိုင်သည့်၊ စာတန်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် မှန်ကန်တိကျသော အသိပညာ ရှိလိမ့်မည်။ သင်၌ ဤအမှုအရာများကို သာ၍ မှန်ကန်တိကျသည့် ကိုင်တွယ်ဆက်ဆံနည်းတစ်ခု ရှိလာမည် ဖြစ်ပြီး ဤအမှုအရာများသည် သင့်ကို ဘောင်ခတ်လိမ့်မည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြထားမိသောကြောင့်၊ သို့မဟုတ် သင်ပြစ်မှားထားမိသောကြောင့်၊ သို့မဟုတ် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ထားမိသောကြောင့်၊ သို့မဟုတ် ပြုသမျှနုနေပြီး အပျက်သဘောဆောင်နေသည့် အခြေအနေ တစ်ခုတွင် သင်ရောက်နေသည်ကို မကြာခဏ တွေ့ရသောကြောင့် သင်သည် အားနည်းသွားမည် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့် သူ၏ကယ်တင်ခြင်းအပေါ် ယုံကြည်မှုကို ပျောက်ဆုံးသွားမည် မဟုတ်ပေ။ သင်သည် ထိုသို့သော အခြေအနေများကြားတွင် အသက်ရှင်လိမ့်မည် မဟုတ်ဘဲ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည် ဖြစ်ပြီး သာမန် ဝိညာဉ်ရေးရာ အသက်တာကို အသက်ရှင်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။ လူတစ်ဦးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါ ၎င်းသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ မိမိကိုယ်ကို သုံးသပ်နိုင်လျှင်၊ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် ရှေ့တော်မှောက်သို့ လာနိုင်လျှင်၊ သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ မိမိ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်၍ စိစစ်နိုင်လျှင် ၎င်းသည် ကယ်တင်ခံရခြင်းလမ်းကြောင်းကို စတင်ပြီးဖြစ်နေလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုမျိုးဖြင့်လည်းကောင်း၊ အတွေ့အကြုံမျိုးဖြင့်လည်းကောင်း လူတစ်ဦးသည် မိမိ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး စာတန်၏စွမ်းအားမှ လွတ်မြောက်နိုင်သည်။ ထိုအခါ ၎င်းသည် ဘုရားသခင်ရှေ့တော်မှောက်သို့ လာနေပြီး လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရပြီးဖြစ်သည်မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရယူခြင်းလမ်းကြောင်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းသို့ လမ်းကြောင်းလည်း ဖြစ်သည်။ လူသားများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ စာတန်၏အနှစ်သာရနှင့် ၎င်း၏သဘာဝတို့က လူများ၏ အတွေးများ၊ အပြုအမူနှင့် စိတ်တို့ကို ထိန်းချုပ်သည်။ သို့သော်လည်း ဤအရာအားလုံးသည် သမ္မာတရား၏ ရှေ့တွင်လည်းကောင်း၊ ဘုရားအမှုတော်၏ ရှေ့တွင်လည်းကောင်း ဘုရားသခင်၏ကယ်တင်ခြင်း ရှေ့တွင်လည်းကောင်း အရေးမပါတော့ပေ။ ယင်းက မည်သည့်အဟန့်အတားကိုမျှ မဖြစ်ပေါ်စေပေ။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ လူတစ်ဦးတွင် ရှိနိုင်သည်ဖြစ်စေ၊ ၎င်းသည် မည်သည့်အခက်အခဲများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ၎င်း၏အကန့်အသတ်များက မည်သည်တို့ဖြစ်သည်ဖြစ်စေ လျှောက်၍ ရနိုင်သော လမ်းကြောင်းတစ်ခု၊ ၎င်းကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုနှင့် ယင်းတို့ကို ဖြေရှင်းရန် သက်ဆိုင်ရာ သမ္မာတရားများရှိသည်။ ဤနည်းဖြင့် လူများကယ်တင်ခံရရန်အတွက် မျှော်လင့်ချက် မရှိသလော။ ရှိသည်၊ လူများကယ်တင်ခံရရန်အတွက် မျှော်လင့်ချက် ရှိသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။