ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၆)
လူအချို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် အစေခံသောအခါ ၎င်းတို့သည် အမှားတစ်ခုခုလုပ်မိမည်ကိုဖြစ်စေ၊ ထုတ်ဖော်ခြင်းခံရမည်ကိုဖြစ်စေ၊ ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကိုဖြစ်စေ အမြဲ ကြောက်ရွံ့ကြသည်။ ထို့ကြောင့် “သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်မလာသင့်ပေ။ တစ်ခုခု မှားသွားသည်နှင့် တစ်ပြိုင်နက် သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်၊ ပြီးလျှင် နောက်ကြောင်းပြန်လှည့်၍ မရတော့ပေ” ဟူ၍ အခြားသူများကို ၎င်းတို့ မကြာခဏ ပြောကြသည်။ ဤအဆိုပြုချက်သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းမဟုတ်လော။ “နောက်ကြောင်းပြန်လှည့်၍ မရတော့ပေ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်ကဲ့သို့သော ခေါင်းဆောင်မျိုးနှင့် အမှုဆောင်မျိုးတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသနည်း။ ၎င်းတို့အားလုံးသည် ထပ်တလဲလဲ သတိပေးနေသည့်ကြားမှ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ ဒေါသတကြီးလျှောက်ရမ်းသည့် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု သေးနုပ်သောကြောင့်ဖြစ်စေ၊ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစသာ ရှိသောကြောင့်ဖြစ်စေ၊ ၎င်းတို့တွင် အတွေ့အကြုံ မရှိသောကြောင့်ဖြစ်စေ အမှားတစ်ခုကို လုပ်မိသော်လည်း ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်စွာ နောင်တရနိုင်နေသေးလျှင် ဘုရားအိမ်တော်သည် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းလိမ့်မည်လော။ ထိုလူသည် တကယ့်အလုပ်တစ်ခုခုကို မလုပ်နိုင်လျှင်ပင် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ချိန်ညှိပြုပြင်ရုံမျှသာဖြစ်လိမ့်မည်။ ထို့ကြောင့် ထိုအရာများကို ပြောသောလူများသည် အမှန်တရားများကို လွဲချော်နေခြင်း မဟုတ်လော။ ၎င်းတို့သည် အခြားလူများ အထင်အမြင်မှားစေအောင် အယူအဆများကို ဖြန့်နေခြင်း မဟုတ်လော။ ဘုရားအိမ်တော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ထားကြသည်။ ဤအလုပ်နေရာများကို လိုချင်သောမည်သူမဆိုက ဝင်လုပ်၍ ရနိုင်ခြင်းမျိုးမဟုတ်ပေ။ ဘုရားအိမ်တော်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံ၍ ဆက်ဆံသည်။ သမ္မာတရားကို လုံးဝ လက်မခံသော ထိုအယောင်ဆောင်ခေါင်းဆောင်များ၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ နောက်သို့လိုက်သော အန္တိခရစ်များနှင့် နောင်တရဖို့ အကျောက်အကန် ငြင်းဆန်ကြသူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်သောသူများ၊ ပြုပြင်ခြင်းကို ခံယူဖို့ လက်ခံသူများနှင့် အမှန်တကယ် နောင်တရသူများသည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မဟုတ်ပေ။ “ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဟူသည် အန္တရာယ်များလွန်းသည်” ဟူသည့် အယူအဆကို ဖြန့်သူများတွင် ရည်ရွယ်ချက်များနှင့် ပန်းတိုင်များ ရှိကြသည်။ ၎င်းတို့သည် လူများ အထင်အမြင်မှားအောင်လုပ်ဖို့၊ အခြားသူများ ခေါင်းဆောင်များ ဖြစ်လာခြင်းမှနေ၍ တားဆီးဖို့နှင့် ဤလက်ရှိ ဖြစ်ပေါ်နေသည့်အခွင့်အလမ်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ရည်ရွယ်သည်။ ဤသည်မှာ ဖုံးကွယ်ထားသော အကြောင်းရင်းတစ်ခု ရှိနေခြင်းမဟုတ်လော။ အကယ်၍ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရခြင်းအကြောင်း စိုးရိမ်ပူပန်နေပါက သတိထားသင့်သည်၊ ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ထံတွင် နောင်တရသင့်ကာ သမ္မာတရားကို လက်ခံသင့်သည်။ ဤနည်းအားဖြင့် သင့်အမှားများကို ပြင်နိုင်ပေမည်။ ဤသည်က ထိုအခါ ပြဿနာကို ဖြေရှင်းပေးလိမ့်မည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ယောက်က အမှားတစ်ခုကို လုပ်မိပြီး ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသောအခါ သူသည် သမ္မာတရားကို လက်မခံဘဲ အစစ်အမှန် နောင်တရဖို့ ရည်ရွယ်ချက် မရှိသည့်အပြင် ဆက်၍ ဝတ်ကျေတမ်းကျေ လုပ်ပြီး ဒေါသတကြီး လျှောက်ရမ်းလျှင် ထိုသူကို ဖယ်ရှားရှင်းလင်းသင့်သည်။ လူအချို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် အစေခံကြသောအခါ အရှက်မရှိဘဲ ရဲတင်းလာကြသည်။ သိက္ခာစောင့်ထိန်းခြင်း တစ်စုံတစ်ရာမျှပင် မရှိဘဲ စကားပြောဆိုပြီး ပြုမူကြသည်။ ပြီးလျှင် ၎င်းတို့သည် လူတိုင်းကို နှစ်ပေါက်တစ်ပေါက် ရိုက်လိုကြသည်။ ပြဿနာများကို ဖြေရှင်းရာတွင် သမ္မာတရားကို သုံးဖို့ ၎င်းတို့ ပျက်ကွက်ရုံသာမက အထက်သို့ ပြဿနာများကို သတင်းပို့သောသူတို့ကိုပါ တွေ့အောင်ရှာပြီး ဖယ်ကြဉ်ကြသည်။ အထက်မှ ဤပြဿနာအကြောင်းကို စုံစမ်းသိရှိသွားပြီး ၎င်းတို့ကို တာဝန်ခံခိုင်းသောအခါ ၎င်းတို့သည် ကြွက်များကဲ့သို့ တွန့်ဆုတ်လာပြီး ၎င်းတို့လုပ်ခဲ့သည့်အရာကို ဝန်ခံဖို့ ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ထိုအရာကို ဝန်ခံဖို့ ၎င်းတို့ ငြင်းဆန်ပါက ၎င်းတို့ ထိုအရာမှ လွတ်မြောက်နိုင်ပြီး ဘုရားအိမ်တော်က ထိုကိစ္စကို ဆက်လိုက်တော့မည် မဟုတ်ဟု ၎င်းတို့ ထင်ကြသည်။ ယင်းက ထိုမျှ အမှန်တကယ် ရိုးရှင်းသလော။ ဘုရားအိမ်တော်သည် ကိစ္စကို ရှင်းလင်းစွာ အတည်ပြုနိုင်ဖို့ စစ်ဆေးလိမ့်မည်။ ထို့နောက်တွင် စည်းမျဉ်းများအပေါ် အခြေခံ၍ ထိုအရာကို ကိုင်တွယ်လိမ့်မည်။ တာဝန်ရှိသူမည်သူမဆိုသည် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ လူများသည် ၎င်းတို့လုပ်သောကိစ္စများတွင် သမ္မာတရားကို မရှာဖွေဘဲ၊ ထင်တိုင်းကြဲ၍ အဆင်အခြင်မဲ့စွာ မိမိတို့စိတ်ကူးပေါက်သလို ပြုမူပြီး တစ်ပတ်ရိုက်ခြင်းနှင့် ဟန်ဆောင်ခြင်းတို့ကို ကျင့်သုံးလျက် ကိစ္စများ မှားယွင်းသောအခါ ၎င်းတို့၏အမှားများကို ဝန်ခံဖို့ အကျောက်အကန် ငြင်းဆန်ကြသောအခါ ဤသည်မှာ မည်သို့သောပြဿနာမျိုးနည်း။ ဤသည်မှာ မှန်ကန်သောသဘောထားဖြစ်သလော။ တစ်ပတ်ရိုက်ခြင်းနှင့် ဟန်ဆောင်ခြင်းတို့ကို ကျင့်သုံးခြင်းနှင့် မိမိတို့၏လုပ်ရပ်များကို ဝန်ခံဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းက ပြဿနာကို ဖြေရှင်းနိုင်သလော။ ဤသဘောထားသည် သမ္မာတရားနှင့်အညီ ဖြစ်သလော။ ၎င်းအထဲတွင် ကျိုးနွံနာခံခြင်း အစစ်အမှန် ပါရှိသလော။ ၎င်းတို့သည် အမှားများကို လုပ်ပြီး ဖော်ထုတ်ခံရခြင်းကိုလည်းကောင်း၊ တိုင်ကြားခံရခြင်းကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို တာဝန်ခံခိုင်းမည်ကို ၎င်းတို့ကြောက်ကြပြီး တရားစီရင်ခံရခြင်း၊ ပြစ်တင်ရှုတ်ချခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ကို ၎င်းတို့ကြောက်ကြသည်။ ဤကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍ ပြဿနာရှိသလော။ ဤကြောက်ရွံ့ခြင်းသည် အပြုသဘောဆောင်သောအရာတစ်ခု မဟုတ်ပေ။ ယင်းသည် မည်သည့်နေရာမှ လာသနည်း။ (၎င်းတို့၏ဖောက်ပြန်ပျက်စီး၍ စာတန်ဆန်သော စိတ်သဘောထားများမှ လာပါသည်။) မှန်သည်။ သို့ဆိုလျှင် ဤကြောက်ရွံ့စိတ်ထဲတွင် အတိအကျ မည်သည့်အရာ ရှိနေသနည်း။ ယင်းကို စိစစ်ကြစို့။ ၎င်းတို့သည် အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ၎င်းတို့၏ကြောက်ရွံ့စိတ်သည် ကိစ္စများကို ဖော်ထုတ်ခြင်း ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ထုတ်ပယ်ခံရပြီး အစားထိုးခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏အဆင့်အတန်းနှင့် စားဝတ်နေရေးတို့ ဆုံးရှုံးကုန်ကြမည်ကိုလည်းကောင်း စိုးရိမ်ပူပန်ခြင်းမှ လာသည်။ ထို့ကြောင့် ၎င်းတို့သည် လိမ်ခြင်းနှင့် တစ်ပတ်ရိုက်ခြင်းတို့ကို အားကိုးအားထားပြုကြပြီး ၎င်းတို့၏လုပ်ရပ်များကို ဝန်ခံဖို့ ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသဘောထားအပေါ်အခြေခံ၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံသောလူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောလူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့သည် လှည့်ဖြားတတ်သောလူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤနေရာတွင် ထုတ်ဖော်ခံရပြီဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများမဟုတ်လော။ ၎င်းတို့၏ သဘာဝအစစ်အမှန်ကို နောက်ဆုံးတွင် ၎င်းတို့ ပြလိုက်ပြီဖြစ်သည်။ မည်သည့်အချိန်မျိုးတွင် လူများသည် ထုတ်ဖော်ခြင်းအခံရဆုံး ဖြစ်သနည်း။ ၎င်းတို့သည် ကိစ္စများနှင့် ကြုံလာရသောအခါ အထူးသဖြင့် ၎င်းတို့၏ မကောင်းမှုများကို ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့၏ သဘောထားက မည်သည့်အရာဖြစ်သည်ကို ကြည့်လော့။ ဤအခိုက်အတန့်များသည် ၎င်းတို့ကို အထုတ်ဖော်ဆုံးဖြစ်သည်။ ၎င်းတို့၏ သဘောထားသေးသိမ်မှု၊ လှည့်ဖြားတတ်မှု၊ လိမ်လည်ကောက်ကျစ်မှုနှင့် ၎င်းတို့၏အမှားများကို ဝန်ခံဖို့ ခေါင်းမာစွာ ငြင်းဆန်မှုစသည့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးသည် တစ်ပြိုင်တည်း အပြင်သို့ ပေါက်ထွက်လေသည်။ ဤသည်မှာ လူများကို ပိုင်းခြားသိမြင်ဖို့ အလွယ်ဆုံး အချိန်မဟုတ်လော။ လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသော မယုံကြည်သူများကို ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ မယုံကြည်သူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သူ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက အရေအတွက်အားဖြင့် များပြားလွန်းပြီး သိသာထင်ရှားလွန်းသောကြောင့် အားလုံးထဲတွင် အမြန်ဆုံး ထုတ်ဖော်ခြင်းခံရသည်။ ထို့အပြင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထင်တိုင်းကြဲ၍ အဆင်အခြင်မဲ့စွာ ပြုမူကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းကို ဆုံးရှုံးသွားသည့်အခါ “ငါတော့ ဇာတ်သိမ်းပြီဖြစ်သည်။ ငါ၏ တာဝန်ကို ထမ်းဆောင်ခွင့်မရှိလျှင် ငါသည် ကယ်တင်ခြင်းမခံရနိုင်ပါ။ ငါ မည်သည့်အရာကို လုပ်သင့်သနည်း” ဟု တွေးရင်း ၎င်းတို့သည် စိုးရိမ်စပြုလာသည်။ အမှန်တွင်မူ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အမြဲတမ်း ချန်ထားပေးလိမ့်မည်။ အစစ်အမှန် နောင်တရရန်နှင့် ဧဝံဂေလိတရားကို ဖြန့်ဖို့ မြန်မြန်လုပ်ရန်၊ ပြီးလျှင် လူများကို ရရှိရန်၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းဖြင့် ၎င်းတို့၏အမှားများအတွက် ထေမိအောင်လုပ်ဆောင်ရန် စသည့် နောက်ဆုံးလမ်းကြောင်းတစ်ခုရှိသည်။ ဤလမ်းကြောင်းကို ၎င်းတို့ မလျှောက်ပါက ၎င်းတို့ အမှန်တကယ် ဇာတ်သိမ်းသွားပြီဖြစ်သည်။ အကယ်၍ ၎င်းတို့တွင် ဆင်ခြင်နိုင်စွမ်းအချို့ ရှိပြီး ပါရမီတစ်ခုခု မရှိကြောင်းကို သိပါက မိမိကိုယ်ကို သမ္မာတရားဖြင့် သင့်တင့်လျောက်ပတ်စွာ ပြင်ဆင်သင့်ပြီး ဧဝံဂေလိတရားကို ဖြန့်ဖို့ လေ့ကျင့်သင်ယူသင့်သည်။ ဤသည်မှာလည်း တာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ လုံးဝ ဖြစ်နိုင်ခြေရှိပါသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သောကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်ဟု ဝန်ခံသည့်တိုင် သမ္မာတရားကို လက်မခံသေးဘဲ၊ နောင်တရသည့်စိတ်နှလုံး စိုးစဉ်းမျှပင် မရှိဘဲ ထိုအစား စိတ်ပျက်လက်မှိုင်ချနေပါက ယင်းသည် မိုက်မဲပြီး မသိနားမလည်ခြင်း မဟုတ်လော။
ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။ သင်၏ အကြောက်တရားနှင့် ဘုရားအပေါ် သင်၏ အထင်လွဲမှုများကိုပါ ဖြေရှင်းခြင်းအားဖြင့် စတင်ရမည်။ ဘုရားသခင်အပေါ် လူတစ်ယောက်၏ နားလည်မှုလွဲခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတစ်ယောက်အတွက် အမှုကိစ္စများက အဆင်ပြေနေသည့်အချိန်တွင် သူသည် ဘုရားသခင်ကို သေချာပေါက် နားလည်မှုမလွဲပေ။ ဘုရားသခင်က ကောင်းမြတ်သည်၊ ဂုဏ်သရေရှိသည်၊ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်တတ်သည်၊ ဘုရားသခင်သည် သူလုပ်ဆောင်သမျှ၌ မှန်ကန်သည်ဟု ယုံကြည်သည်။ သို့ရာတွင် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့က “ဘုရားသခင် သိပ်ဖြောင့်မတ်ပုံမရဘူး။ အနည်းဆုံးတော့ ဒီကိစ္စမှာ သိပ်မဖြောင့်မတ်ဘူး” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်သလော။ ဘုရားသခင်က မဖြောင့်မတ်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤနားလည်မှုလွဲခြင်းအား ဖြစ်ပေါ်စေသောအရာမှာ အဘယ်နည်း။ ဘုရားသခင်က မဖြောင့်မတ်ဟူသော သင်၏ ထင်မြင်ချက်နှင့် နားလည်မှုကို ဖြစ်ပေါ်စေသောအရာသည် မည်သည့်အရာနည်း။ မည်သည့်အရာဖြစ်သည်ကို သင် သေချာပေါက် ပြောနိုင်သလော။ မည်သည့်စာကြောင်းဖြစ်သနည်း။ မည်သည့်ကိစ္စဖြစ်သနည်း။ မည်သည့်အခြေအနေဖြစ်သနည်း။ လူတိုင်းက ဤအရာကို အဖြေရှာနိုင်ပြီး သင် မှန်ကန်ကြောင်း ပြနိုင်ခြင်းရှိမရှိ ကြည့်ရန် ထိုအရာကို ပြောလော့။ လူတစ်ယောက်သည် ဘုရားသခင်ကို နားလည်မှုလွဲသောအခါ၊ သို့မဟုတ် သူ၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုကို ရင်ဆိုင်ရသောအခါ သူ့တွင် မည်သည့်သဘောထား ရှိသင့်သနည်း။ (သမ္မာတရားနှင့် ကျိုးနွံနာခံခြင်းကို ရှာဖွေခြင်းတစ်ခု ရှိသင့်သည်။) အရင်ဦးဆုံး ကျိုးနွံနာခံပြီး စဉ်းစားသင့်သည်။ “ငါနားမလည်ပေမဲ့ ဒါက ဘုရားသခင် လုပ်ပြီးတဲ့အရာဖြစ်ပြီး လူက စိစစ်သင့်တဲ့အရာ မဟုတ်တာကြောင့် ငါ ကျိုးနွံနာခံရမယ်။ ဒါ့အပြင် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်လို့ ဘုရားနှုတ်ကပတ်တော်၊ ဒါမှမဟုတ် ဘုရားအမှုတော်ကို သံသယဝင်လို့မရဘူး”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ရှိသင့်သည့် သဘောထားမဟုတ်သလော။ ဤသဘောထားဖြင့် သင်၏ နားလည်မှုလွဲခြင်းသည် ပြဿနာတစ်ခု ဖြစ်စေဦးမည်လော။ (ဖြစ်စေမည်မဟုတ်ပါ။) သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်မဟုတ်၊ သို့မဟုတ် နှောင့်ယှက်မည်မဟုတ်ပေ။ မည်သူသည် သစ္စာစောင့်သိနိုင်စွမ်း ရှိသည်ဟု သင်တို့ထင်မြင်ကြသနည်း။ မိမိ၏တာဝန် ထမ်းဆောင်နေစဉ်တွင် နားလည်မှုလွဲခြင်းများ သိုထားသောသူလော။ သို့မဟုတ် မသိုထားသောသူလော။ (မိမိ၏တာဝန်ထမ်းဆောင်ရာတွင် နားလည်မှုလွဲခြင်း သိုမထားသောသူသည် သစ္စာစောင့်သိနိုင်သည်။) ဤသည်မှာ ရှေးဦးစွာ ကျိုးနွံနာခံသည့်သဘောထား သင်ရှိရမည်ဟု ဆိုလိုသည်။ ထို့အပြင် ဘုရားသခင်က သမ္မာတရားဖြစ်သည်၊ ဘုရားသခင်က ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သမျှက မှန်ကန်သည်ဟု အနည်းဆုံးအနေဖြင့် သင် ယုံကြည်ရမည်။ ဤသည်မှာ သင်၏ တာဝန်ထမ်းဆောင်ရာတွင် သစ္စာစောင့်သိနိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်သော ကြိုတင်သတ်မှတ်ချက်များဖြစ်သည်။ ဤကြိုတင်သတ်မှတ်ချက်များနှစ်ခုလုံးကို သင်ပြည့်မီပါက သင့်စိတ်နှလုံးထဲမှ အထင်လွဲခြင်းများသည် သင့်တာဝန်ထမ်းဆောင်ခြင်းအပေါ် အကျိုးသက်ရောက်နိုင်သလော။ (အကျိုးမသက်ရောက်နိုင်ပါ။) ယင်းတို့ အကျိုးမသက်ရောက်နိုင်ပေ။ ဆိုလိုသည်မှာ သင်သည် ဤအထင်လွဲခြင်းများကို သင့်တာဝန်ထမ်းဆောင်ခြင်းဆီသို့ ယူဆောင်လာလိမ့်မည် မဟုတ်ပေ။ ပထမဦးဆုံးအနေဖြင့် ထိုအရာများ အကောင်အထည် မဖော်ရသေးသော စိတ်ကူးအဆင့်တွင်ပင် ကျန်ရှိနေကြောင်း သေချာစေရင်း သင်သည် ယင်းတို့ကို အစကတည်းက ဖြေရှင်းသင့်သည်။ ထို့နောက်တွင် သင် မည်သည့်အရာကို လုပ်သင့်သနည်း။ ယင်းတို့ကို အမြစ်မှ ဖြေရှင်းလော့။ ယင်းတို့ကို သင်မည်သို့ဖြေရှင်းသင့်သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ လူတိုင်းနှင့်အတူ သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ဖတ်လော့။ ထို့နောက်တွင် ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သောနည်းအတိုင်း ပြုမူရသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များသည် မည်သည့်အရာ ဖြစ်သည်နှင့် ဤနည်းအတိုင်း ဘုရားသခင် အလုပ်လုပ်ခြင်းမှ မည်သည့်ရလဒ်များကို ရရှိနိုင်သည်ဆိုသည်တို့အကြောင်းကို မိတ်သဟာယဖွဲ့လော့။ ဤကိစ္စများနှင့်ပတ်သက်ပြီး စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့လော့။ ထိုအခါ သင့်တွင် ဘုရားသခင်ကို နားလည်ခြင်းရှိလာပြီး ကျိုးနွံနာခံနိုင်လာလိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏အထင်လွဲခြင်းများကို သင်မဖြေရှင်းဘဲ “ဤကိစ္စတွင် ဘုရားသခင်သည် မမှန်မကန် ပြုမူခဲ့သဖြင့် ကျွန်ုပ်သည် ကျိုးနွံနာခံလိမ့်မည်မဟုတ်။ ဤသည်ကို မသင့်ကြောင်း ကျွန်ုပ် ထောက်ပြပြောဆိုမည်၊ ဘုရားအိမ်တော်နှင့် သေသေချာချာ ငြင်းခုံဆွေးနွေးရလိမ့်မည်။ ဤသည်က ဘုရားသခင် လုပ်သည်ဆိုသည်ကို ကျွန်ုပ် မယုံကြည်ပါ” ဟု ဆိုရင်း သင်တာဝန်ထမ်းဆောင်ရာသို့ အယူအဆများကို သယ်ဆောင်လာပါက ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားစင်စစ် ဖြစ်သည်။ ထိုကဲ့သို့သော စကားများကို လူသားများက မပြောဆိုသင့်ပေ။ ယင်းသည် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့်သဘောထား မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ဤနည်းဖြင့် ဆန့်ကျင်နိုင်ပါက ဤတာဝန်ကို ထမ်းဆောင်ဖို့ သင်သည် ထိုက်တန်သလော။ မထိုက်တန်ပေ။ အကြောင်းမှာ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သင့်တွင် လူ့သဘာဝကင်းမဲ့သောကြောင့် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ မထိုက်တန်ပေ။ အကယ်၍ လူတစ်ယောက်တွင် ဆင်ခြင်နိုင်စွမ်းအချို့ရှိပြီး သူ့တွင် ဘုရားသခင်နှင့်ပတ်သက်သည့် အထင်လွဲခြင်းများ ဖြစ်ပေါ်လာပါက သူသည် ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကိုလည်း ရှာဖွေလိမ့်မည်။ မကြာမီ သူသည် ပြဿနာကို ရှင်းလင်းပြတ်သားစွာ မြင်လာလိမ့်မည်။ ဤသည်မှာ လူများ လုပ်သင့်သည့်အရာဖြစ်သည်။
ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းလုပ်ငန်းစဉ်တွင် လူများ နားမလည်နိုင်သည့် သို့မဟုတ် လက်ခံမလာနိုင်သည့် ကိစ္စများစွာရှိသည်။ ၎င်းတို့တွင် ကျိုးနွံနာခံသောစိတ်နှလုံးများ ရှိမှသာလျှင် ဤပြဿနာများသည် တဖြည်းဖြည်း ပြေလည်ပြီးဖြစ်လာလိမ့်မည်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များထဲတွင် ပြဿနာများအတွက် အဖြေများကို ၎င်းတို့ ရှာတွေ့လိမ့်မည်။ လောလောဆယ်တွင် ၎င်းတို့သည် ရလဒ်များကို မရနိုင်လျှင်ပင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးနောက်တွင် ဤကိစ္စများကို ၎င်းတို့ အလိုအလျောက် နားလည်လာကြလိမ့်မည်။ အကယ်၍ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ လူတစ်ယောက်သည် မည်သည့်အခါမျှ အဖြေရှာမရနိုင်ဘဲ ခေါင်းဆောင်များနှင့် လုပ်သားများကို အပြင်းအထန်ဆန့်ကျင်သည် သို့မဟုတ် ဘုရားအိမ်တော်နှင့် ငြင်းခုံသည်ဆိုလျှင် ဤသည်က အသိစိတ်ရှိသော လူတစ်ယောက် ဖြစ်သလော။ ဘုရားသခင်နောက် လိုက်လျှောက်ရန်မှာ လူတစ်ယောက်တွင် အနည်းဆုံး ပုံမှန်လူ့သဘာဝ၊ အခြေခံယုံကြည်ခြင်းတို့နှင့်ပတ်သက်သည့် အသိစိတ်ကို ပိုင်ဆိုင်သင့်သည်။ ထိုမှသာ ဘုရားသခင်ထံ ကျိုးနွံနာခံဖို့ ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမြဲတမ်း ခုခံပြီး ဆန့်ကျင်နေပါက၊ ပြီးလျှင် နောက်ပိုင်းတွင် သင်သည် သမ္မာတရားကို မရှာဖွေပါက သို့မဟုတ် နောင်တရသောစိတ်နှလုံး သင့်တွင် မရှိပါက သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သို့မဟုတ် ဘုရားသခင်နောက်လိုက်လျှောက်ဖို့ မသင့်တော်ပေ။ ထို့ပြင် သင်သည် သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံဖို့ မသင့်တော်ပေ။ အကယ်၍ သင့်တွင် စစ်မှန်သောယုံကြည်ခြင်းမရှိသော်လည်း သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်နေသေးပြီး ဘုရားသခင်နောက် လိုက်လျှောက်နေသေးပါက သင့်တွင် ခိုင်မာသောခြေကုပ်တစ်ခုရဖို့ မတတ်နိုင်ဘဲဖြစ်လိမ့်မည်၊ ပြီးလျှင် သင်သည် ကျိန်းသေ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ ဤသည်မှာ ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းသာ မဟုတ်လော။ ဤသည်ကို ကိုယ့်ကိုယ်ကိုယ် အရှက်ရစေခြင်းဟု ခေါ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သည့် အထင်လွဲခြင်းများကို ဖြေရှင်းရန် လူများတွင် ရှိသင့်သောသဘောထားမှာ ပထမဦးစွာ ကျိုးနွံနာခံရန်နှင့် ဘုရားသခင်လုပ်သမျှ မည်သည့်အရာမဆိုသည် မှန်ကန်သည်ဟု ယုံကြည်ရန်ဖြစ်သည်။ သင့်ကိုယ်ပိုင်မျက်လုံးများနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ကို မယုံနှင့်။ အကယ်၍ သင်သည် သင့်ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် မျက်လုံးများကို အမြဲတမ်း ယုံကြည်ပါက နောင်တွင် ဒုက္ခဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်မဟုတ်ပေ။ သင့်တွင် သမ္မာတရားမရှိပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူတစ်ယောက် ဖြစ်သည်။ သင်သည် အမှားများလုပ်မိနိုင်ပြီး သင်သည် သမ္မာတရားကို နားမလည်သေးပေ။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက ဘုရားသခင်သည် သင့်ကို ပြစ်တင်ရှုတ်ချသလော။ ဘုရားသခင်က သင့်ကို ပြစ်တင်ရှုတ်ချခြင်း မလုပ်သော်လည်း သင်သည် သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်သည် သင့်ကို ရှာဖွေဖို့ အခွင့်အလမ်းနှင့် အချိန်ကို ပေးသည်၊ ပြီးလျှင် သူသည် စောင့်နေသည်။ မည်သည့်အရာကို စောင့်နေသနည်း။ ဤအချိန်အတောအတွင်း သမ္မာတရားကို ရှာဖွေဖို့ သင့်ကို စောင့်နေသည်။ သင်သဘောပေါက်နားလည်ပြီး ကျိုးနွံနာခံသည်နှင့်တစ်ပြိုင်နက် အရာအားလုံးသည် ကောင်းသွားလိမ့်မည်၊ ပြီးလျှင် ဘုရားသခင်သည် ဤသည်ကို အောက်မေ့အမှတ်ရမည်မဟုတ်သကဲ့သို့ သင့်ကို ပြစ်တင်ရှုတ်ချမည်လည်း မဟုတ်ချေ။ သို့ရာတွင် သင်သည် လုပ်နေကျအမှားများကို ဆက်၍ ကျူးလွန်ပါက ထိုအခါတွင် သင်သည် တကယ့်ကို ဆုံးခန်းတိုင်သွားပြီး ရွေးနုတ်၍မရနိုင်လောက်အောင်ပင် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။