ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း (အပိုင်း တစ်)
ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို နှစ်သက်ကြသည်။ သူတို့အားလုံးက သြဇာအာဏာနောက် လိုက်ကြသည်။ ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ကြသော သင်တို့သည် သင်၏ လုပ်ဆောင်ချက်များကို ထမ်းဆောင်ရန် မိမိ၏ ရာထူး၊ သို့မဟုတ် အဆင့်ကို အသုံးပြုကြသည်ဟု သင်တို့ မခံစားကြသလော။ ဘုရားသခင်၏ အိမ်တော်၌ သူတို့ကိုယ်သူတို့ အရာရှိများဖြစ်သည်ဟု ထင်မြင်ကြကုန်သော အန္တိခရစ်နှင့် အတုအယောင် ခေါင်းဆောင်များသည်လည်း အခြားသူများထက် ပိုတော်ကာ ပိုသာသည်ဟု တွေးထင်ကြပြီး ထိုနည်းတူ အသုံးပြုကြသည်။ ၎င်းတို့တွင် တရားဝင်ရာထူးနှင့် အဆင့်မရှိပါက ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် ဝန်တာစိတ် မရှိသည့်အပြင် အလုပ်ကို လေးနက်စွာ လုပ်ဆောင်မည် မဟုတ်ပေ။ လူတိုင်းသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းကို အရာရှိတစ်ဦးဖြစ်ခြင်းနှင့် ညီမျှသည်ဟု သဘောထားပြုမူကာ လူတိုင်းက အရာရှိသူတစ်ဦးအဖြစ် အရေးယူ ဆောင်ရွက်လိုကြသည်။ အကောင်းမြင်သဘောဖြင့် ဆိုရသော် ဤသည်ကို အသက်မွေးမှုလုပ်ငန်းအား လိုက်စားခြင်းဟု ငါတို့ခေါ်ဆိုသည်။ သို့သော် အဆိုးမြင်သဘောတွင် ဤသည်ကို ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်းဟုခေါ်သည်။ ယင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ပုဂ္ဂလိကနိုင်ငံတော် ထူထောင်ခြင်းပင် ဖြစ်သည်။ အဆုံးတွင် အဆင့်အတန်းရှိခြင်းက ကောင်းသလော၊ ဆိုးသလော။ လူတို့အမြင်တွင် ယင်းက ကောင်းသောအရာ ဖြစ်သည်။ သင့်တွင် တရားဝင်ရာထူးတစ်ခု ရှိသောအခါ စကားပြောခြင်းနှင့် လုပ်ဆောင်ခြင်းက ကွာခြားလေသည်။ သင့်စကားလုံးများ၌ အင်အားရှိပြီး လူများက ယင်းတို့ကို အရေးစိုက်ကြမည်။ သူတို့သည် သင့်ကို ဖော်လံဖားပြီး သင့်ရှေ့တွင် ဟစ်ကြွေးသံများနှင့် ချီတက်ကာ နောက်မှနေ၍ ထောက်ခံကြလိမ့်မည်။ သို့သော် သင်၏ အဆင့်အတန်းနှင့် ရာထူးမရှိလျှင် သင့်စကားများကို နားစိုက်ကြမည် မဟုတ်တော့ချေ။ သင့်စကားများက မှန်ကန်ပြီး ကောင်းမွန်သော အသိတရားပြည့်ဝကာ လူတို့အတွက် အကျိုးပြုနိုင်သော်လည်း သင့်ကို မည်သူမျှ ဂရုစိုက်ကြမည် မဟုတ်ချေ။ ဤအရာက ဘာကိုပြသနည်း။ လူသားများက အဆင့်အတန်းကို အမွန်အမြတ်ထားကြသည်။ သူတို့အားလုံး၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ သူတို့အားလုံးသည် အခြားသူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ရှာဖွေကြပြီး ရာထူးအဆင့်အတန်း တစ်ခုမှနေ၍ အရေးကိစ္စများကို ကိုင်တွယ်ရန် နှစ်သက်ကြသည်။ လူတစ်ဦးသည် ရာထူးအဆင့်အတန်းတစ်ခုမှနေ၍ ကောင်းမြတ်ခြင်းကို ဖြစ်မြောက်ဆောင်ရွက်နိုင်သလော။ လူတို့အား အကျိုးပြုသော အရာတို့ကို လုပ်ပေးနိုင်သလော။ ယင်းက မသေချာပေ။ ယင်းသည် သင်လျှောက်သည့် လမ်းကြောင်းနှင့် အဆင့်အတန်းအား သင်သဘောထားပြုမူပုံအပေါ် မူတည်သည်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ အခြားသူများ၏ မျက်နှာသာပေးခြင်းကို အမြဲရယူလိုစိတ်ရှိကာ သင်၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများ၊ ရာထူးဂုဏ်ဒြပ်အတွက် သင်၏ကိုယ်ပိုင် တောင့်တမှုတို့ကို အမြဲ ဖြည့်ဆည်းလိုစိတ်ရှိနေပါက သင်သည် အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်နေပေသည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သော လူတစ်ဦးသည် ၎င်းတို့၏ လိုက်စားမှုနှင့် တာဝန်ထမ်းဆောင်မှု၌ သမ္မာတရားနှင့် ကိုက်ညီနိုင်မည်လော။ လုံးဝမကိုက်ညီနိုင်ပေ။ ဤသည်မှာ မိမိရွေးချယ်သော လမ်းကြောင်းက အရာရာကို အဆုံးအဖြတ် ပေးသောကြောင့် ဖြစ်သည်။ လူတစ်ဦးသည် လမ်းမှားကို ရွေးချယ်မိလျှင် သူတို့၏ ကြိုးပမ်းမှုများ၊ သူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် သူတို့၏ လိုက်စားမှုတို့က သမ္မာတရားနှင့် မည်သည့်နည်းနှင့်မျှ မကိုက်ညီချေ။ ယင်းတို့နှင့်ပတ်သက်သော မည်သည့်အရာက သမ္မာတရားနှင့် ကွဲလွဲသနည်း။ သူတို့၏ လုပ်ဆောင်ချက်များတွင် သူတို့က မည်သည့်အရာနောက်သို့ လိုက်ကြသနည်း။ (အဆင့်အတန်းနောက်သို့ ဖြစ်၏။) အဆင့်အတန်းအတွက်ကြောင့် အမှုအရာများကို ပြုလုပ်သော လူတို့အားလုံးက မည်သည့်အရာကို ပြသကြသနည်း။ လူတချို့က “သူတို့သည် စကားလုံးများနှင့် အယူဝါဒများကို အမြဲပြောကြသည်၊ သူတို့သည် သမ္မာတရား လက်တွေ့ကျမှုကို မည်သည့်အခါမျှ မိတ်သဟာယမပြုကြ၊ သူတို့သည် အမြဲတမ်း ဝါကြွားသည်၊ သူတို့ကိုယ်ပိုင်အကျိုးအတွက် အမြဲစကားပြောကြသည်၊ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်ကြ သို့မဟုတ် သက်သေမခံကြပေ။ မိမိအထဲတွင် ထိုသို့သောအရာများကို ထုတ်ဖော်ပြထားသော လူတို့သည် ရာထူးဂုဏ်ဒြပ်အတွက် ပြုမူကျင့်ကြံကြသည်။” ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို အဘယ်ကြောင့် ပြောပြီး ဝါကြွားကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေမခံသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကျော်ကြားမှုအပြင် အကျိုးအမြတ်တို့သာ ရှိသည်။ ဘုရားသခင်လုံးလုံး မရှိပေ။ ထိုသို့သော လူများသည် ဂုဏ်ဒြပ်နှင့် ဩဇာအာဏာတို့ကို အထူးသဖြင့် မြတ်နိုးကိုးကွယ်ကြသည်။ ၎င်းတို့၏ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် ၎င်းတို့အဖို့ အလွန်တရာ အရေးကြီးသည်။ ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် ၎င်းတို့အသက် ဖြစ်လာကြသည်။ ဘုရားသခင်သည် ၎င်းတို့စိတ်နှလုံးများထဲ၌ မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နေနေသာသာ မကြောက်ကြပေ။ ၎င်းတို့လုပ်သမျှသည် မိမိတို့ကိုယ်ကို ချီးမြှောက်သည်၊ သက်သေခံပြီး အခြားသူများ၏ လေးစားအားကျမှု ရရှိဖို့ ဝါကြွားသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့အကြောင်း၊ ၎င်းတို့လုပ်ပြီးဖြစ်သည့်အရာအကြောင်း၊ ၎င်းတို့မည်မျှ ဒုက္ခခံပြီးကြောင်း၊ ဘုရားသခင်ကို ၎င်းတို့မည်မျှ စိတ်ကျေနပ်စေကြောင်း၊ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါ ၎င်းတို့မည်မျှ သည်းညည်းခံကြကြောင်း ကြွားလုံးထုတ်ကြသည်၊ အားလုံးမှာ လူများ၏ စာနာမှုနှင့် လေးစားအားကျမှုတို့ကို ရရှိဖို့ဖြစ်သည်။ ဤလူများသည် အန္တိခရစ်များကဲ့သို့ လူတစ်မျိုးတစ်စားတည်း ဖြစ်ကြသည်၊ ၎င်းတို့သည် ပေါလု၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့၏အန္တိမ အဆုံးသတ်မှာ အဘယ်နည်း။ (၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်။) ထိုသို့သောရလဒ်မျိုးက သူတို့ကို စောင့်ကြိုနေကြောင်း ဤလူတို့ သိကြသလော။ (သိကြပါသည်။) သူတို့ သိကြသလော။ သိလျှင် သူတို့ပြုသည့်အတိုင်း အဘယ့်ကြောင့် ဆက်၍ပြုလုပ်ကြသနည်း။ အမှန်တွင် သူတို့က မသိကြပေ။ သူတို့၏ လုပ်ရပ်များက ကောင်းမွန်ပြီး မှန်ကန်သည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့ပြုလုပ်သည့် အရာများထဲမှ မည်သည့်အရာက ဘုရားသခင်ကို ဆန့်ကျင်သည်၊ သို့မဟုတ် ဘုရားသခင်ကို မကျေနပ်စေသည်၊ သို့တည်းမဟုတ် သူတို့နောက်ကွယ်၌ ရည်ရွယ်ချက်တစ်ခုခုရှိသည်၊ သို့မဟုတ် သူတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်းက မည်သည့်လမ်းကြောင်းဖြစ်သည်တို့ကို တွေ့ရှိရန် မိမိဘာသာ လုံးဝ မဆန်းစစ်ကြချေ။ ထိုကဲ့သို့သော အရာများနှင့်ပတ်သက်၍ ၎င်းတို့သည် မိမိကိုယ်ကို ဆန်းစစ်ခြင်း လုံးဝ မရှိကြချေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ဤမေးခွန်းများကို သင်တို့ စဉ်းစားဖူးသလော။ ဘုရားသခင် ကျွန်ုပ်အား အပ်နှင်းထားသော တာဝန်ပေးစေခိုင်းချက်မှာ သာမန်နောက်လိုက်တစ်ဦး၏ သာမန်တာဝန်မဟုတ်ဘဲ အထူးတာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ဤတာဝန်၌ အထူးတာဝန်ပါရှိပြီး အထူးအရေးပါမှုရှိသည်။ ထို့ကြောင့် ဤအထူးလုပ်ငန်းကို ဆောင်ရွက်ခြင်းနှင့် ဤတာဝန်ကို ထမ်းဆောင်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဖြစ်စေရန် သို့မဟုတ် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အလွန်မုန်းတီးစက်ဆုပ်မှုကို ရှောင်ရှားရန် မည်သည့်လမ်းကို လျှောက်သင့်သနည်း။ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရဖို့နှင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်ပြီး ထိုသို့ဖြင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို ရှောင်ကြဉ်ဖို့ မည်ကဲ့သို့ လိုက်လျှောက်သင့်သနည်း။ ဤမေးခွန်းများကို သင်တို့ စဉ်းစားဖူးပါသလော။ (ခေါင်းဆောင်တစ်ဦးအဖြစ် စတင်အမှုထမ်းစဉ်တွင် ဘုရားသခင်သည် ကျွန်ုပ်အား ချီးမြှောက်ခဲ့သည်ဟု ကျွန်ုပ်ခံစားမိသည်။ သမ္မာတရားကို လိုက်လျှောက်ပြီး မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်ကြောင်း သိသော်လည်း ကျွန်ုပ်၏ မာနထောင်လွှားသော သဘာဝကြောင့် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အမြဲတမ်း မလိုက်လျှောက်ဘဲ မနေနိုင်ချေ။ ဤသည်ကို သတိပြုပြီးနောက်မှ ကျွန်ုပ်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အဖြေတစ်ခုရှာဖို့ သူ၏နှုတ်ကပတ်တော်ထဲမှ သက်ဆိုင်သော ကျမ်းပိုဒ်များကို ရှာဖွေနိုင်ခဲ့သည်။ ထိုအချိန်၌ ကျွန်ုပ်၏လမ်းကြောင်းကို အနည်းငယ် နောက်ကြောင်းလှည့်နိုင်ခဲ့သော်လည်း အနာဂတ်တွင် ဤအခြေအနေ ထပ်၍ဖြစ်လာနိုင်သည့်အပြင် စိတ်နှလုံးထဲ၌ မိမိကိုယ်ကို မုန်းတီးမိသော်လည်း ဤပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရခက်ပေသည်။) သင်သည် သင်၏ အတွေးအမြင်များကို မထိန်းချုပ်နိုင်ဘဲ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားလိုသော သင်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကိုလည်း သင်မထိန်းချုပ်နိုင်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်စိတ်နှလုံးထဲတွင် အမြစ်တွယ်နေပြီဖြစ်ကြောင်း သက်သေဖြစ်သည်။ ဤသည်မှာ တဒင်္ဂစိတ်ခံစားချက် သို့မဟုတ် တခဏတာ စိတ်ခံစားမှုမဟုတ်သကဲ့သို့ သင့်အပေါ် အခြားသူများက သွတ်သွင်းထားခြင်းလည်း မဟုတ်ချေ။ ယင်းကို သင့်အား အခြားတစ်ယောက်ယောက်က သင်ပေးစရာမလိုပေ။ ယင်းမှာ သင့်အတွေးအမြင်၏ သဘာဝအထုံပါရမီနှင့် သင့်လုပ်ဆောင်ချက်၏ သဘာဝလမ်းကြောင်းဖြစ်သည်။ ဤအရာမှာ သင်၏သဘာဝဖြစ်၏။ လူတစ်ဦး၏သဘာဝထဲက ရှိရင်းစွဲ အရာများမှာ ပြောင်းလဲရန် အလားအလာမရှိဆုံးသော အရာများဖြစ်သည်။ ထို့ကြောင့် စာတန်ဆန်သော သဘာဝကြောင့်၊ လူများသည် ဂုဏ်အဆင့်အတန်း ရသည်နှင့်တစ်ပြိုင်နက်၊ ထို့နောက်တွင် ၎င်းတို့သည် အန္တရာယ်ရှိကြသည်။ ထို့ကြောင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့တွင် လိုက်လျှောက်ဖို့ လမ်းကြောင်း မရှိသလော။ ၎င်းတို့သည် ထိုအန္တရာယ်ရှိသော အခြေအနေကို ကျရောက်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့အတွက် ပြန်လှည့်ရန်လမ်း မရှိတော့ပြီလော။ ငါ့ကိုပြောလော့၊ ဖောက်ပြန်ပျက်စီးသော လူတို့ အဆင့်အတန်း ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ မည်သူပင် ဖြစ်ပါစေ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြသလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သလော။ (သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်၊ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်ဖြစ်၏၊ သို့သော် သမ္မာတရားကို ၎င်းတို့ လိုက်စားလျှင် ဖြစ်ကြလိမ့်မည်မဟုတ်။) ယင်းက လုံးဝ မှန်ကန်ပေသည်။ လူများသည် သမ္မာတရားကို မလိုက်စားလျှင်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာဖို့ သေချာပေသည်။ ပြီးလျှင် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သော သူများအားလုံးသည် ဂုဏ်အဆင့်အတန်းကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်သည်မှာ မှန်ကန်သလော။ မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ မှန်ကန်သောလူများ မဟုတ်သောကြောင့် အဓိက ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည့်လူများအားလုံးသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့သည် ဒေသနာမည်မျှကို ကြားပြီးဖြစ်စေ၊ ထိုသို့သော လူများသည် သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် လမ်းကြောင်းအမှန်ကို မလျှောက်ကြဘဲ မရိုးဖြောင့်သော လမ်းကြောင်းဆီသို့သွားရန် ဆုံးဖြတ်ထားကြပေသည်။ ဤသည်မှာ လူတို့ စားသည့်ပုံနှင့် ဆင်တူ၏။ အချို့သည် မိမိတို့၏ ကိုယ်ခန္ဓာကို အာဟာရဖြည့်တင်းပေးနိုင်ပြီး မိမိတို့၏ ပုံမှန်တည်ရှိမှုကို ထောက်ပံ့ပေးနိုင်သည့် အစားအစာကို မစားသောက်ကြဘဲ၊ နောက်ဆုံးတွင် မိမိကိုယ်ကို ဆိုးကျိုးဖြစ်စေလျက်၊ ဘေးဖြစ်စေသော အရာများကိုသာ မလျှော့တမ်း စားသုံးကြသည်။ ဤသည်မှာ လူတို့ မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည့် ရွေးချယ်မှုတစ်ခု မဟုတ်လော။ ဖယ်ရှားရှင်းလင်းခြင်းခံရပြီးသည့်နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်အချို့က “ခေါင်းဆောင် ဖြစ်အောင်မလုပ်နဲ့၊ ပြီးတော့ ဂုဏ်အဆင့်အတန်း ရှိအောင်မလုပ်နဲ့။ လူတွေက ဂုဏ်အဆင့်အတန်းရတဲ့ တဒင်္ဂတွင်းမှာ အန္တရာယ်ရှိကြပြီး ဘုရားသခင်က သူတို့ကို ထုတ်ဖော်လိမ့်မယ်။ သူတို့ ထုတ်ဖော်ခံရတာနဲ့တစ်ပြိုင်နက် သူတို့ဟာ သာမန် ယုံကြည်သူတွေဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်သလို၊ ဘာကောင်းချီးမင်္ဂလာမှ လုံးဝ ရမှာ မဟုတ်ဘူး။” ဟု ပြောလျက် အယူအဆများ ဖြန့်ဝေကြသည်။ ထိုသို့ပြောစရာလော။ အညှာတာဆုံးဆိုရလျှင်၊ ယင်းက ဘုရားသခင်ကို နားလည်မှုလွဲခြင်းအား ဖော်ပြပါသည်။ ကုန်ကုန်ပြောရလျှင်၊ ယင်းသည် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်၏။ သင်သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ပါက၊ သမ္မာတရားကို မလိုက်စားသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို လိုက်မလျှောက်ဘဲ၊ ထိုအစား အန္တိခရစ်များ၏ လမ်းကြောင်းကို မလျှော့တမ်း လျှောက်ပြီး ပေါလု၏လမ်းကြောင်းတွင် အဆုံးသတ်ကာ၊ နောက်ဆုံး၌ ပေါလုကဲ့သို့ အဆုံးသတ်ဖြစ်သည့် အလားတူ အဆုံးသတ်ကို ကြုံရ၍၊ ဘုရားသခင်ကို စောဒကတက်ဆဲဖြစ်ပြီး ဘုရားသခင်ကို မဖြောင့်မတ်ဟု ဝေဖန်အကဲဖြတ်နေဆဲဖြစ်ပါက၊ သင်သည် စစ်မှန်သော အန္တိခရစ်အမျိုးတစ်ဦးသာ မဟုတ်လော။ ထိုသို့သော အပြုအမူသည် ကျိန်ဆိုခြင်းခံရသည်။ လူများသည် သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအားဖြင့် အစဉ် အသက်ရှင်သန်ကြပြီး ဘုရားသခင်ကို မကြာခဏ နားလည်မှုလွဲကာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏အယူအဆများနှင့် မကိုက်ညီဟု ခံစားကြရသည်၊ ယင်းက ၎င်းတို့၌ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို ဖြစ်ပေါ်စေသည်။ ဤအရာဖြစ်ပျက်သည်မှာ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်ခြင်းက အလွန် သေးနုပ်ကာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် နုနယ်ပြီး နည်းပါးလွန်းသော သမ္မာတရားကိုသာ ၎င်းတို့ နားလည်သောကြောင့် ၎င်းတို့က အပျက်သဘောဆောင်သော အရာများပြောကာ စောဒကတက်ကြ၏။ ယင်းတို့အားလုံးက ခွင့်လွှတ်ဖွယ်ရာဖြစ်ပြီး ဘုရားသခင်က ယင်းတို့ကို မအောက်မေ့ပေ။ သို့သော် လမ်းကြောင်းအမှန်ကို မလျှောက်သည့်သူ၊ ဘုရားသခင်ကို လှည့်စား၊ ခုခံပြီး သစ္စာဖောက်ကာ ဘုရားသခင်နှင့် ဆန့်ကျင်တိုက်ခိုက်သော လမ်းကြောင်းကို အထူးသဖြင့် လျှောက်သည့် သူများရှိပေသည်။ ဤလူများသည် အဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံကြရကာ၊ ထာဝရအပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ထိုးဆင်းကြသည်။ ၎င်းတို့သည် မည်သို့များ ဤအခြေအနေသို့ ရောက်ရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်းနှင့် သိမြင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ မဆင်မခြင်ပြုကာ၊ တစ်ဇွတ်ထိုးနိုင်ပြီး နောင်တရဖို့ ခေါင်းမာစွာ ငြင်းဆန်ကာ ၎င်းတို့ ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံကြရပြီးသည့်နောက် ဘုရားသခင်သည် မဖြောင့်မတ်ဟုဆိုလျက်၊ ဘုရားသခင်နှင့်ပတ်သက်၍ပင် ညည်းညူကြသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်းကို ခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့ ကယ်တင်ခြင်း မခံရနိုင်ပါ။ သို့ဖြစ်၍ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည့် လူတိုင်းသည် လုံးလုံး ကယ်တင်ခြင်းမခံရနိုင်လောက်အောင် ဖြစ်ကြသည်မှာ မှန်ကန်သလော။ ၎င်းတို့သည် လုံးဝ ရွေးနုတ်မရနိုင်လောက်အောင် ဖြစ်သည်ဟု ပြော၍မရပေ။ အလွန်နည်းပါးသော သမ္မာတရားများကို နားလည်သူ၊ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသူများလည်း ရှိကြသည်။ ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များ ဖြစ်လာပြီး ဂုဏ်အဆင့်အတန်း ရှိလာသည်နှင့်၊ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ လမ်းညွှန်ခြင်းကို ခံရကာ ဂုဏ်အဆင့်အတန်းကို လိုက်စားပြီး ဂုဏ်အဆင့်အတန်းကို အရသာတွေ့သောကြောင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို အလိုလို လျှောက်ကြသည့် သူများလည်း ရှိသည်။ ထုတ်ဖော်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံရပြီးသည့်နောက်၊ ၎င်းတို့သည် နိနေဝေမြို့သားများကဲ့သို့ ဆိုးယုတ်ခြင်းကို စွန့်လွှတ်လျက်၊ ၎င်းတို့ လျှောက်ခဲ့ဖူးသကဲ့သို့ ဆိုးယုတ်သည့် လမ်းကြောင်းကို မလျှောက်တော့ဘဲ၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်တကယ် နောင်တရပါက၊ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရှိသေးသည်။ သို့ရာတွင် ထိုသို့သော အခွင့်အရေးတစ်ခု၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အမှန်တကယ် နောင်တရကာ၊ သမ္မာတရားကို လက်ခံနိုင်ရမည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့၌ မျှော်လင့်ချက်အချို့ ရှိနေသေးသည့်သဘောဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိ၊ သမ္မာတရားကို လုံးဝလက်မခံဘဲ အမှန်တကယ် နောင်တရဖို့ ရည်ရွယ်ချက် မရှိပါက၊ ၎င်းတို့သည် လုံးလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။
“အဆင့်အတန်း” ဟူသော စကားလုံးကိုယ်၌သည် စမ်းသပ်မှု မဟုတ်သကဲ့သို့ စုံစမ်းသွေးဆောင်ခြင်းလည်း မဟုတ်ပေ။ ယင်းမှာ အဆင့်အတန်းကို လူတို့ ကိုင်တွယ်ပုံအပေါ်၌ မူတည်သည်။ ခေါင်းဆောင်အလုပ်ကို သင့်တာဝန်အဖြစ်၊ သင်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားအဖြစ် ခံယူထားလျှင် သင်သည် အဆင့်အတန်း၏ ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်ပေ။ ယင်းကို တရားဝင်ဂုဏ်ပုဒ်၊ သို့မဟုတ် ရာထူးတစ်ခုအဖြစ် လက်ခံထားပါက သင်သည် ဒုက္ခရောက်ပြီး ကျရှုံးမည်မှာ အသေအချာဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်၏ ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦး ဖြစ်လာရာတွင် လူတစ်ဦးခံယူသင့်သည့် စိတ်ဓာတ်ကား အဘယ်နည်း။ သင်၏လိုက်စားမှုကို မည်သည့်နေရာတွင် အာရုံစိုက်သင့်သနည်း။ သင့်တွင် လမ်းကြောင်းရှိရမည်။ အကယ်၍ သင်သည် သမ္မာတရားကို မရှာဖွေဘဲ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း မရှိပါက သင်၏ ဤအဆင့်အတန်းသည် သင်၏ထောင်ချောက် ဖြစ်လာမည်ဖြစ်ပြီး သင်ကျရှုံးသွားလိမ့်မည်။ အချို့လူတို့သည် အဆင့်အတန်းတစ်ခု ရလာသည်နှင့် တစ်ပြိုင်နက် ကွာခြားလာပြီး သူတို့၏စိတ်ဓာတ်မှာ ပြောင်းလဲသွားတတ်သည်။ သူတို့ကိုယ်သူတို့ မည်သို့ဝတ်စားရမည်၊ အခြားသူများကို မည်သို့ပြောဆိုရမည်၊ မည်သည့်လေသံမျိုးကို ခံယူကျင့်သုံးရမည်၊ လူတို့နှင့် မည်သို့ဆက်ဆံရမည်၊ သို့မဟုတ် မည်သို့ ဟန်ပန်အမူအရာ ထားရမည်ဟူသည်ကို မသိကြတော့ချေ။ ရလဒ်အနေဖြင့် သူတို့ကိုယ်သူတို့ ပုံရိပ်တစ်ခုကို စတင်ဖန်တီးကြသည်။ ဤသည်မှာ ဖောက်ပြန်ခြင်းမဟုတ်လော။ အချို့သောလူတို့သည် ဘာသာတရားမရှိသူများ၏ ဆံပင်ပုံစံများ၊ သူတို့ဝတ်ဆင်သည့် အဝတ်အစားများ၊ ၎င်းတို့၏အပြောအဆိုနှင့် ဟန်ပန်အမူအရာ အရည်အသွေးများကို အလေးဂရုပြုကြသည်။ ထိုသူတို့သည် ၎င်းတို့အား အတုယူကာ ဤလမ်းစဉ်အတိုင်း ဘာသာတရားမရှိသူများ၏ လမ်းညွှန်မှုနောက် လိုက်ကြသည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာလော။ (မဟုတ်ပါပေ။) ဤတွင် ဘာဖြစ်နေသနည်း။ ဤသည်တို့ကို အပေါ်ယံ အလေ့အကျင့်များအဖြစ် မြင်ရသော်လည်း ယင်းတို့သည် အမှန်တကယ် လိုက်စားမှုတစ်မျိုးဖြစ်သည်။ ယင်းတို့မှာ အတုခိုးခြင်း ဖြစ်၏။ ဤသည်မှာ မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ယခုတွင် သင်တို့သည် ဤထင်ရှားသော ဟန်ဆောင်မှုများနှင့် မျက်နှာဖုံးများတွင် အမှားနှင့်အမှန်ကို ခွဲခြားသိနိုင်သော်လည်း ငြင်းဆိုပြီး အမှားကို ပုန်ကန်နိုင်သလော။ (ယင်းကို သတိပြုမိသောအခါ ပုန်ကန်နိုင်၏။) ဤသည်မှာ သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုပင် ဖြစ်သည်။ ဤအတွေးများက သင့်စိတ်နှလုံးထဲ၌ အသစ်ဖြစ်သောအခါ ယင်းတို့ကို ထိုးထွင်းသိမြင်ပြီး ခွဲခြားနိုင်သည်။ အကယ်၍ သင်သည် အဆင့်အတန်းကို လိုက်စားရန် လှုံ့ဆော်ခံရပါက ဤဆန္ဒကို သင်ကိုယ်တိုင် ထိန်းညှိနိုင်သည်၊ ထိုသို့ဖြင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားသော သားရဲတိရစ္ဆာန်ကဲ့သို့ မိမိ၏ စံထားရသူနောက် လိုက်နေသည့် အစွဲအလမ်းကြီးသော ပရိသတ်နှင့် တူမည်မဟုတ်တော့ပေ။ ကိုယ်တိုင်ကိုယ်ကျအားဖြင့် သင်သည် ထိုအယူအဆများကို ခွဲခြားဖော်ထုတ်နိုင်လေသည်။ သင်သည် လူတို့၏ ဝိုင်းရံခြင်းမရှိသောအခါ မည်သည့်စုံစမ်းသွေးဆောင်မှုမျှ မရှိတော့ဘဲ သင်၏ ဇာတိပကတိကို ပုန်ကန်နိုင်သည်။ သို့သော် လူတို့က သင့်နောက်လိုက်ခဲ့ပါက၊ သင့်ကို အာရုံစိုက်ဗဟိုပြုခဲ့ပါက၊ သင်၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ခဲ့ပါက၊ သင့်ကို ကျွေးမွေးပြီး အဝတ်ဆင်ယင်ပေးကာ သင်၏လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးခဲ့ပါက အဘယ်သို့ဖြစ်မည်နည်း။ သင်၏စိတ်နှလုံးထဲ၌ မည်သည့်ခံစားချက်များ လှုပ်ရှားလာမည်နည်း။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့နေမည် မဟုတ်လော။ သို့ဖြစ်လျှင် သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်ဦးမည်လော။ လူတို့က သင့်ပတ်လည်တွင် စုပြုံသောအခါ၊ သင်သည် ကြယ်တစ်ပွင့်ကဲ့သို့ သင့်ပတ်လည်တွင် ၎င်းတို့ ဝိုင်းရံနေသောအခါ သင်၏အဆင့်အတန်းကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သင်၏ အသိစိတ်ထဲက အရာများ၊ ဆိုလိုသည်မှာ သင်၏ အတွေးနှင့် စိတ်ကူးများထဲမှအရာများ ဖြစ်သည့်အဆင့်အတန်းအား တန်ဖိုးထားခြင်း၊ အဆင့်အတန်းအား မွေ့လျော်ခြင်း၊ အဆင့်အတန်းအတွက် အငမ်းမရဖြစ်ခြင်း၊ သို့မဟုတ် အရူးအမူးစွဲလမ်းခြင်းပင် ဖြစ်သည့် ဤအရာများအား တွေ့ရှိရန် သင်၏ စိတ်နှလုံးကို ဆန်းစစ်နိုင်သလော။ ယင်းတို့ကို သင်သတိပြုမိနိုင်သလော။ သင်သည် သင့်စိတ်နှလုံးထဲမှ ဤအရာများကို ဆန်းစစ်ပြီး သတိပြုနိုင်ပါက သင်သည် ထိုအခြေအနေ၌ ဇာတိပကတိကို ပုန်ကန်နိုင်မည်လော။ သင်၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒမရှိပါက သင်သည် ဤအရာများကို ပုန်ကန်မည်မဟုတ်ပါ။ ၎င်းတို့ကို မွေ့လျော်ပြီး အကြိုက်တွေ့လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုအပြည့်ဖြင့် သင်သည် “ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် အဆင့်အတန်းရှိခြင်းက အမှန်တကယ် ကောင်းမွန်ပေသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် လူတိုင်းက ကျွန်ုပ်ပြောသည့်အတိုင်း လုပ်ကြသည်။ ထူးကဲသော ခံစားချက်ပါတကား။ ငါသည် ဤလူတို့ကို ဦးဆောင်ပြီး ရေလောင်းပေးသောသူဖြစ်၏။ ယခု သူတို့သည် ကျွန်ုပ်ကို နာခံနေကြပြီ။ အရှေ့သို့ သွားလော့ဟုဆိုသောအခါ မည်သူမျှ အနောက်သို့မသွားပေ။ ဆုတောင်းလော့ဟု ဆိုသောအခါ မည်သူမျှ သီချင်းမဆိုဝံ့ကြပေ။ ယင်းသည် အောင်မြင်မှုတစ်ခုဖြစ်သည်” ဟု ဆိုလိမ့်မည်။ ထို့နောက် သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စတင်၍ မွေ့လျော်ပြီးဖြစ်လိမ့်မည်။ သို့ဆိုလျှင် အဆင့်အတန်းသည် သင့်အတွက် မည်သည့်အရာ ဖြစ်တော့မည်နည်း။ (အဆိပ်ဖြစ်တော့မည်။) အဆိပ်ဖြစ်သော်ငြားလည်း ၎င်းကို ကြောက်ရွံ့ရန် မလိုအပ်ပေ။ ဤအခြေအနေတွင် သင်သည် မှန်ကန်သောလိုက်စားမှုနှင့် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းရှိရန် လိုအပ်သည်မှာ အတိအကျပင် ဖြစ်သည်။ များသောအားဖြင့် လူတို့တွင် အဆင့်အတန်း ရှိသော်လည်း ၎င်းတို့၏အလုပ်က ရလဒ်များ မရသေးသောအခါ “ကျွန်ုပ်သည် အဆင့်အတန်းကို ပျော်မွေ့ခြင်းမရှိ၊ ထို့ပြင် ထိုအဆင့်အတန်းက ကျွန်ုပ်အား ပေးသမျှအရာတိုင်းကို ပျော်မွေ့ခြင်းမရှိ” ဟု သူတို့ဆိုလိမ့်မည်။ သို့သော်လည်း ၎င်းတို့၏ အလုပ်သည် အောင်မြင်မှုအနည်းငယ်ကို ပြသပြီး ၎င်းတို့၏ အဆင့်အတန်းက လုံခြုံပြီဟု ခံစားသည်နှင့်တစ်ပြိုင်နက် ဆင်ခြင်တုံတရားဆုံးရှုံးပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားကြတော့သည်။ သင်သည် စုံစမ်းသွေးဆောင်မှုကို သတိပြုမိနိုင်ရုံဖြင့် ဇာတိကပတိကို ပုန်ကန်နိုင်သည်ဟု သင်ယုံကြည်သလော။ သင်၌ ထိုဝိညာဉ်ရင့်သန်မှုမျိုး တကယ်ရှိသလော။ အမှန်မှာ သင်၌ မရှိပေ။ သင်၏ သတိပြုမိခြင်းနှင့် ပုန်ကန်ခြင်းတို့ကို လူ၏အသိတရားနှင့် လူသားတို့ပိုင်ဆိုင်ထားသော အခြေခံ ဆင်ခြင်တုံတရားအားဖြင့်သာလျှင် ရရှိခြင်းဖြစ်သည်။ ယင်းတို့မှာ သင့်အား ဤနည်းအတိုင်း မလုပ်ဆောင်ရန် သတိပေးသောအရာများ ဖြစ်သည်။ ယင်းသည် သင့်ကိုကူညီသော၊ သို့မဟုတ် သင့်ကို မှားယွင်းသောလမ်းကြောင်းမှ တားဆီးပေးသော အသိတရားစံနှုန်းနှင့် ဘုရားသခင်၌ ယုံကြည်မှုကို တွေ့ရှိခြင်းမှ သင်ရရှိသည့် ဆင်ခြင်တုံတရားအနည်းငယ် ဖြစ်သည်။ ဤအတွက် ဆက်စပ်သည့် အကြောင်းအရာကား အဘယ်နည်း။ သင်သည် အဆင့်အတန်းကို နှစ်သက်သော်လည်း မရရှိသေးသောအခါ သင်သည် သင်၏ အသိတရားနှင့် ဆင်ခြင်နိုင်စွမ်း အနည်းငယ်ကို ပိုင်ဆိုင်ထားနိုင်သေးခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် သင့်ကို ချုပ်တည်းနိုင်သေးကာ အဆင့်အတန်းအား ပျော်မွေ့ခြင်းသည် မကောင်းသည့်အပြင် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ယင်းသည် မှန်ကန်သော နည်းလမ်း မဟုတ်သည့်အပြင် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို မကျေမနပ် ဖြစ်စေကြောင်း သဘောပေါက်စေနိုင်သည်။ ထိုအချိန်တွင် သင်သည် ဇာတိပကတိကို သတိရှိစွာ ပုန်ကန်ပြီး အဆင့်အတန်းအား ပျော်မွေ့ခြင်းကို စွန့်ပစ်နိုင်သည်။ သင်၌ ပြသစရာ အောင်မြင်မှုများနှင့် ကောင်းကျိုးများမရှိသောအခါ ဇာတိပကတိကို ပုန်ကန်နိုင်သော်လည်း သင်၌ ချီးမွမ်းထိုက်သော အလုပ်ကို လုပ်ဆောင်ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် သင်၏ရှက်စိတ်၊ သင်၏အသိတရား၊ သင်၏ ဆင်ခြင်တုံတရားနှင့် သင်၏ ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများက သင့်ကို ချုပ်တည်းထားမည်လော။ သင်ပိုင်ဆိုင်သော အသိတရားစံနှုန်းလေးက ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်း၏ အနီးအနားသို့ မရောက်သည့်အပြင် သင်၏သေးငယ်သော ယုံကြည်ခြင်းက လုံးဝ အရာရောက်မည် မဟုတ်ပေ။ ထို့ကြောင့် ယခု သင်ပိုင်ဆိုင်သော ထိုအသိတရား အနည်းငယ်သည် သမ္မာတရား လက်တွေ့ကျမှုနှင့် ညီမျှနေသလော။ မညီမျှသည်မှာ သိသာ၏။ ထို့အပြင် ယင်းသည် သမ္မာတရား လက်တွေ့ကျမှု မဟုတ်သောကြောင့် သင်တတ်စွမ်းနိုင်သောအရာသည် လူ၏အသိတရားနှင့် လူ၏ဆင်ခြင်တုံတရားတို့၏ ကန့်သတ်မှုများမှသာလျှင် လာခြင်းဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များ အသက်ဖြစ်လာသည့် ဤလက်တွေ့ကျမှုကို ယခုမရရှိသဖြင့် သင်တို့တွင် အဆင့်အတန်းနှင့် တရားဝင်ရာထူးများရရှိပါက သင်တို့ မည်ကဲ့သို့ ဖြစ်လာမည်နည်း။ သင်တို့သည် အန္တိခရစ် လမ်းကြောင်းကို လျှောက်မည်လော။ (ယင်းသည် မသေချာပေ။) ဤအချိန်က အကြီးမားဆုံး အန္တရာယ်ဖြစ်၏။ ဤသည်ကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သလော။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရသည်မှာ အန္တရာယ်ရှိသလော၊ ငါ့ကိုပြောလော့။ (ရှိပါသည်။) အန္တရာယ်ကို သိလျက်ပင် သင်တို့သည် ဤတာဝန်ကို ထမ်းဆောင်လိုစိတ် ရှိသေးသလော။ (ရှိပါသေးသည်။) တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိခြင်းသည် လူသား၏ဆန္ဒဖြစ်ပြီး ယင်းက အပြုသဘောဆောင်သောအရာ ဖြစ်၏။ သို့သော်လည်း ဤအပြုသဘောဆောင်သည့် အရာတစ်ခုတည်းက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပြုမည်လော။ ဇာတိပကတိ၏အလိုများကို ပုန်ကန်နိုင်မည်လော။ လူ၏ ကောင်းသောရည်ရွယ်ချက်များနှင့် လူ့စိတ်အလိုကို အားကိုးပြီး လူ့ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်ကို အားကိုးခြင်းဖြင့် သင်သည် သင်၏စိတ်ဆန္ဒကို ပြည့်ဝစေနိုင်မည်လော။ (မပြည့်ဝစေနိုင်ပါ။) သို့ဆိုလျှင် သင်၏ဆန္ဒများ၊ သင်၏ရည်သန်မျှော်မှန်းချက်များနှင့် သင့်စိတ်အလိုတို့ကို သင်၏ လက်တွေကျမှုနှင့် သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုသို့ ရောက်စေရန် သင်တို့ ဘာလုပ်ရမည်ကို စဉ်းစားရပါမည်။ ယင်းက အမှန်တွင် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ စစ်မှန်သောပြဿနာမှာ လူသား၏ လက်ရှိအခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုကို ထောက်ရှုပြီး သူ၏ လူ့သဘာဝအရည်အသွေးများကို ထောက်ရှုရလျှင် သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့်သက်ဆိုင်သော သတ်မှတ်ချက်များကို ပြည့်မီရန် အလှမ်းဝေးနေခြင်းဖြစ်သည်။ သင်တို့၏ လူ့စရိုက်လက္ခဏာသည် သမ္မာတရားကို လိုက်စားလိုသော ဆန္ဒမဟုတ်ဘဲ အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်သာလျှင် ဖြစ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်တို့သည် ဝတ်ကျေတမ်းကျေ လုပ်လိုသည့် ဆန္ဒရှိကောင်းရှိမည် မဟုတ်သည်သာမက၊ ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားလိုသည့် ဆန္ဒလည်းရှိမည် မဟုတ်သော်လည်း ထိုသို့ပြုလိမ့်မည်ဖြစ်သည်။ သင်တို့၏ လက်ရှိ တကယ့်အခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုကို ထောက်ရှုလျှင် သင်တို့သည် အန္တရာယ်ရှိသော နေရာသို့ ရောက်နေပြီဖြစ်သည်။ အဆင့်အတန်းရှိခြင်းက အန္တရာယ်ရှိပြီး မရှိခြင်းက ဘေးကင်းသည်ဟု သင်တို့ဆက်လက် ခံယူထားဦးမည်လော။ အမှန်တွင် အဆင့်အတန်း မရှိခြင်းသည်လည်း အန္တရာယ်ရှိ၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် သင်အသက်ရှင်နေသမျှ ကာလပတ်လုံး သင်သည် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သို့ဆိုလျှင် ခေါင်းဆောင် မဟုတ်သောသူများက လုံခြုံသော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းကသာ အန္တရာယ်ရှိသည့် သဘောဖြစ်သလော။ (မဟုတ်ပါ။) သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်ဘဲ သမ္မာတရား လက်တွေ့ကျမှုကို စိုးစဉ်းမျှမပိုင်ဆိုင်ပါက သင်သည် ခေါင်းဆောင်တစ်ဦး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အန္တရာယ်ကျရောက်နေသည်။ ထို့ကြောင့် ဤအန္တရာယ်မှ လွတ်မြောက်ရန် သမ္မာတရားကို မည်သို့ လိုက်စားသင့်သနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားဖူးသလော။ သင့်တွင် ဆန္ဒအနည်းငယ်သာရှိပြီး စည်းမျဉ်းစည်းကမ်းအချို့ကို ပုံသေစောင့်ထိန်းရုံသာ ဖြစ်လျှင် ယင်းက အလုပ်ဖြစ်မည်လော။ ဤနည်းဖြင့် သင်အမှန်တကယ် ဘေးအန္တရာယ်အနေအထားမှ လွတ်မြောက်နိုင်မည်လော။ ရေတိုတွင် အလုပ်ဖြစ်နိုင်သော်လည်း ရေရှည်တွင် မည်သည့်အရာ ဖြစ်လာမည်ကို ပြောဖို့ခက်သည်။ သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ သမ္မာတရားကို လိုက်စားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ လုံးဝမှန်ကန်သော်လည်း သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မည်သည့်နည်းဖြင့် လိုက်စားရမည်နည်း။ ပြီးလျှင် ၎င်း၏ အသက် ကြီးထွားရန်အတွက်မှာရော။ ဤအရာတစ်ခုမျှ ရိုးရှင်းသော ကိစ္စများမဟုတ်ပေ။ ပထမဆုံးအနေဖြင့် သမ္မာတရားကို နားလည်ရမည်၊ ထို့နောက် ယင်းကို လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို နားလည်သရွေ့ ဤပြဿနာများတစ်ဝက်က ဖြေရှင်းပြီးသားဖြစ်သည်။ သူတို့သည် မိမိတို့၏ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ယင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။ သူတို့သည် သူတို့နေထိုင်နေသော ဘေးအန္တရာယ်ကို ခံစားမိလိမ့်မည်။ သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် လူတစ်ဦးအား ဘုရားသခင်ကို ကျိုးနွံနာခံမှုဆီသို့ အလိုအလျောက် ပို့ဆောင်ပေးသည်။ ဘုရားသခင်ကို ကျိုးနွံနာခံသူသည် အန္တရာယ်ကင်းသလော။ သင်သည် အမှန်တကယ် အဖြေလိုအပ်သလော။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများသည် ဘုရားသခင်ကို သစ္စာဖောက်ရန်ဝေးစွ၊ ဘုရားသခင်အား ပုန်ကန်ခြင်း၊ သို့မဟုတ် ဆန့်ကျင်ခြင်း ပြုမည်မဟုတ်တော့ပေ။ သူတို့၏ကယ်တင်ခြင်းသည် သေချာပြီဖြစ်သည်။ ထိုသို့သောလူသည် လုံးလုံးလျားလျား အန္တရာယ်ကင်းသည် မဟုတ်လော။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကို လေးနက်စွာခံယူပြီး သမ္မာတရားကို ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်။ လူတို့က သမ္မာတရားကို အမှန်တကယ် နားလည်ထားလျှင် ပြဿနာအားလုံး ပြေလည်သွားလိမ့်မည်။
သင်တို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက ထူးခြားသနည်း။ (တာဝန်ပိုယူခြင်းဖြစ်သည်။) တာဝန်ယူမှုမှာ ယင်း၏ အစိတ်အပိုင်းဖြစ်သည်။ ဤသည်မှာ သင်တို့အားလုံး သတိရှိနေသည့်အရာ ဖြစ်သည်၊ သို့သော် သင်၏တာဝန်များကို သင်မည်ကဲ့သို့ ကောင်းစွာ ဖြည့်ဆည်းနိုင်မည်နည်း။ မည်သည့်နေရာမှ စတင်ရမည်နည်း။ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ “တာဝန်ယူမှု” ဟူသော စကားလုံးသည် ၎င်းနှင့်ပတ်သက်သည့် ထူးခြားမှုတစ်ခု ရှိနေသယောင် ထင်ရသော်လည်း နောက်ဆုံးစိစစ်တွေ့ရှိမှုအရ ယင်းသည် မိမိ၏တာဝန်ပင်ဖြစ်သည်။ သင်တို့အတွက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းမှာ မလွယ်ကူပေ၊ အဘယ့်ကြောင့်ဆိုသော် သင်တို့အနေဖြင့် ဖြတ်ကျော်သွားရန် အခက်ခဲဆုံးဖြစ်သည့် အဆင့်အတန်းအတားအဆီးကဲ့သို့သော သင့်ကို အဟန့်အတား ဖြစ်စေသည့်အရာများ သင့်ရှေ့တွင် များစွာ ရှိနေသောကြောင့်ဖြစ်သည်။ သင်၌ မည်သည့်အဆင့်အတန်းမျှ မရှိဘဲ သာမန်ယုံကြည်သူသာ ဖြစ်ပါက ပို၍နည်းပါးသော စုံစမ်းသွေးဆောင်မှုများ ကြုံတွေ့ရနိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။ သာမန်လူများကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် သင်၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း နေ့တိုင်း ဝိညာဉ်ရေးအသက်တာဖြင့် အသက်ရှင်နိုင်သည်။ ဤသည်မှာ လုံလောက်ပေ၏။ သို့သော် အကယ်၍ သင်၌ အဆင့်အတန်းရှိပါက သင်သည် ထိုအဆင့်အတန်းက ပေးသည့် အတားအဆီးကို ဦးစွာ ဖြတ်ကျော်ရပါမည်။ ဤစမ်းသပ်မှုကို ဦးစွာ အောင်မြင်ရမည်။ ဤအတားအဆီးကို မည်သို့ဖြတ်ကျော်နိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူ့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် သာမန်လူများအတွက် ဤအရာက မလွယ်ကူပေ။ လူတို့အားလုံးသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် နေထိုင်ကြပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းအား ပင်ကိုအားဖြင့် စွဲမက်ကြသည်။ ထိုသို့သော အခက်အခဲနှင့် အဆင့်အတန်းကို နောက်ဆုံး ရရှိပြီးနောက် ယင်း၏အကျိုးကျေးဇူးများကို မည်သူသည် အပြည့်အဝ မမွေ့လျော်ဘဲနေမည်နည်း။ သင့်စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိပါက သင်သည် သင့်အဆင့်အတန်းကို ဂရုတစိုက်နှင့် သတိကြီးစွာ ကိုင်တွယ်မည်ဖြစ်ကာ သင်၏ တာဝန်ထမ်းဆောင်မှုတွင်လည်း သမ္မာတရားကို ရှာဖွေနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် သင့်စိတ်နှလုံးထဲတွင် နေရာမရှိသကဲ့သို့ သင်၏ တာဝန်ထမ်းဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေမည် မဟုတ်ပေ။ သင်သည် ဝိညာဉ်ရင့်သန်မှု အလွန်သေးငယ်ပါက မကြာခဏ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကို ထိန်းထားရပေမည်။ အချို့သော အရာများကို လုပ်ဆောင်ရန် နည်းလမ်းများ၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်နှင့် အချို့သော စုံစမ်းသွေးဆောင်မှုများကို သတိရှိရှိ ရှောင်ရှားရန် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဆိုပါစို့။ သင်သည် သာမန်ညီအစ်ကို မောင်နှမအချို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ သင်သည် ၎င်းတို့ထက် အတော်လေးသာလွန်သည်ဟု သူတို့ ထင်ကြသည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ယင်းကို ဤနည်းအတိုင်း မြင်ကြမည်ဖြစ်ပြီး ဤသည်မှာ သင့်အတွက် စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ စမ်းသပ်မှုမဟုတ်၊ စုံစမ်းသွေးဆောင်မှုတစ်ခုပင် ဖြစ်ချေ၏။ သင်သည်လည်း ၎င်းတို့ထက်သာလွန်သည်ဟု သင်ယုံကြည်ပါက ဤသည်မှာ အလွန်အန္တရာယ်ရှိသည်၊ သို့သော် ၎င်းတို့သည် သင်နှင့် တန်းတူဖြစ်သည်ဟု သင်ထင်ပါက သင်၏စိတ်ဓာတ်သည် ပုံမှန်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နှောင့်ယှက်ခြင်းခံရမည်မဟုတ်ပေ။ ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏အဆင့်အတန်းသည် ၎င်းတို့အဆင့်အတန်းထက် ပို၍ကြီးမြတ်သည်ဟု သင်ထင်ပါက သူတို့ သင့်ကို မည်သို့ဆက်ဆံကြမည်နည်း။ (သူတို့က ခေါင်းဆောင်ကို ကြည်ညိုကြလိမ့်မည်။) သူတို့က သင့်ကို ကြည်ညိုလေးစားရုံဖြစ်ပြီး ဘာမျှမပိုတော့သလော။ မဟုတ်ပေ။ သူတို့သည် ထိုအပေါ်မူတည်၍ ပြောဆိုလုပ်ဆောင်ရတော့မည်။ ဥပမာအားဖြင့် သင်အအေးမိပြီး သာမန် ညီအစ်ကို မောင်နှမတစ်ဦးလည်း အအေးမိပါက သူတို့က မည်သူ့ကို ဦးစွာဂရုစိုက်မည်နည်း။ (ခေါင်းဆောင်ကိုဖြစ်သည်။) ယင်းက ဦးစားပေးခြင်းမဟုတ်သလော။ ဤသည်မှာ အဆင့်အတန်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုမဟုတ်လော။ အကယ်၍ သင်သည် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးနှင့် အငြင်းပွားမှုဖြစ်လျှင် သင့်အဆင့်အတန်းကြောင့် သင့်အား မျှတစွာ ဆက်ဆံကြမည်လော။ သမ္မာတရားဘက်မှ ရပ်တည်ကြမည်လော။ (မရပ်တည်တော့ပါ။) ဤအရာများသည် သင်ရင်ဆိုင်နေရသော စုံစမ်းသွေးဆောင်မှုများ ဖြစ်သည်။ ယင်းတို့ကို သင်ရှောင်နိုင်သလော။ ဤအရာကို သင်မည်သို့ ကိုင်တွယ်သင့်သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်အား ညံ့ဖျင်းစွာ ဆက်ဆံလျှင် သင်သည် ၎င်းတို့အား နှစ်သက်မည် မဟုတ်ဘဲ ၎င်းတို့အား မည်သို့တိုက်ခိုက်ရမည်၊ မည်သို့ဖယ်ထုတ်ပြီး မည်သို့လက်စားချေရမည်ကို စဉ်းစားကောင်း စဉ်းစားမည်ဖြစ်သည်။ အမှန်တွင် ထိုလူနှင့်ပတ်သက်၍ အမှားအယွင်းမရှိပေ။ အခြားတစ်ဖက်တွင် အချို့သောလူတို့က သင့်ကို မြှောက်ပင့်တတ်ပြီး သင်သည် ယင်းကို မကန့်ကွက်သည်သာမက ထိုခံစားချက်ကို အမှန်ပင် ပျော်မွေ့ကောင်း ပျော်မွေ့မည်ဖြစ်သည်။ ယင်းက ဒုက္ခပေးနေသည် မဟုတ်လော။ ထိုသူတို့သည် သင်၏ လူယုံဖြစ်လာပြီး သင်၏အမိန့်ကို ပြုလုပ်ရန်အတွက် သင့်အား မြှောက်ပင့်သူများကို ချက်ချင်းပင် စတင်၍ ရာထူးတိုးကာ လေ့ကျင့်သင်ကြားမည် မဟုတ်လော။ ထိုသို့ပြုပါက သင်သည် မည်သည့်လမ်းကြောင်း၌ ရှိနေတော့မည်နည်း။ (အန္တိခရစ်များ၏ လမ်းကြောင်းဖြစ်သည်။) ဤစုံစမ်းသွေးဆောင်မှုများထဲသို့ သင်ကျရောက်ပါက အန္တရာယ်ရှိနေပြီ ဖြစ်သည်။ သင်၏ အနီးအနားတစ်ဝိုက်တွင် တစ်နေ့လုံး လူများရှိနေခြင်းသည် ကောင်းသောအရာတစ်ခုလော။ အချို့လူများက ခေါင်းဆောင်ဖြစ်လာပြီးနောက် ကိုယ့်အလုပ်ကိုယ် မလုပ်ကြောင်း၊ သို့မဟုတ် လက်တွေ့ရင်ဆိုင်ရသော ပြဿနာများကို မဖြေရှင်းကြကြောင်း ငါကြားပြီးပြီ။ ထိုအစား သူတို့စဉ်းစားသမျှမှာ ဇာတိပကတိ၏ သာယာမှုများဖြစ်သည်။ တစ်ခါတစ်ရံ သူတို့၏ ညစ်ပတ်သောအဝတ်အစားများကို အခြားသူများအား လျှော်ဖွပ်စေလျက် သူတို့အတွက် သီးသန့်လုပ်ထားသော အစားအစာများကိုပင် စားကြသည်။ အချိန်ကာလတစ်ခုအပြီး သူတို့သည် ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ဖြင့် ဇာတ်သိမ်းကြလေသည်။ သင်တို့သည် ဤအရာမျိုးကို ကြုံတွေ့ရလျှင် ဘာလုပ်သင့်သနည်း။ သင်သည် အဆင့်အတန်းကို ပိုင်ဆိုင်ပါက လူတို့ သင့်ကို မြှောက်ပင့်ပေးကာ သင့်ကို အထူးအရေးစိုက်မှုနှင့် ဆက်ဆံကြလိမ့်မည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများကို ကျော်လွှားနိုင်ပြီး ငြင်းဆန်နိုင်ကာ သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ လူတို့ကို တရားမျှတစွာ ဆက်လက်၍ ဆက်ဆံနိုင်ပါက ဤအရာက သင်သည် မှန်ကန်သော လူအမျိုးအစားဖြစ်ကြောင်းကို သက်သေပြသည်။ သင်သည် အဆင့်အတန်းကို ပိုင်ဆိုင်ပါက လူအချို့က သင့်ကို ကြည်ညိုကြလိမ့်မည်။ သူတို့သည် သင့်အနီးတစ်ဝိုက်တွင် အမြဲနေကာ ဖော်လံဖားပြီး မြှောက်ပင့်ကြလိမ့်မည်။ ဤသည်ကို သင်အဆုံးသတ်နိုင်သလော။ ထိုသို့သော အခြေအနေများကို သင်တို့ မည်သို့ကိုင်တွယ်မည်နည်း။ သင်တို့သည် ဂရုစိုက်ဖို့ မလိုအပ်သော်လည်း တစ်စုံတစ်ယောက်က သင်တို့အား “ဖေးမသောလက်တစ်စုံ” ကို ကမ်းပေးပြီး သင်တို့အား အလိုဖြည့်ပေးပါက သင်တို့သည် အဆင့်အတန်းရှိခြင်းက သင်တို့ကို ထူးခြားစေသည်၊ ထို့ပြင် အရေးပေးဆက်ဆံမှုကို အပြည့်အဝ ခံစားဖို့ဖြစ်သည်ဟု စဉ်းစားကာ တိတ်တဆိတ် ဝမ်းမြောက်မိပေမည်။ ထိုကဲ့သို့သောအရာများ ဖြစ်တတ်သည် မဟုတ်လော။ ဤအရာက တကယ့်ပြဿနာ မဟုတ်သလော။ ထိုသို့သောအရာများကို သင်ကြုံရသောအခါ သင်၏စိတ်နှလုံးက သင့်ကို အပြစ်တင်သလော။ ရွံရှာစက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးခြင်းကို ခံစားရသလော။ တစ်စုံတစ်ယောက်သည် ရွံရှာစက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးခြင်းကို မခံစားရဘဲ ယင်းကို မငြင်းပယ်သည့်အပြင် စိတ်နှလုံး၌ စွပ်စွဲခြင်းနှင့် ပြစ်တင်ခြင်းမှ ကင်းလွတ်သော်လည်း ထိုအစား ဤအရာများကို ပျော်မွေ့လိုပြီး အဆင့်အတန်းရှိခြင်းက ကောင်းသည်ဟု ခံစားနေလျှင် ထိုကဲ့သို့သောသူ၌ အသိတရားရှိသလော။ ထိုသူ၌ ဆင်ခြင်တုံတရား ရှိသလော။ ဤသူသည် သမ္မာတရားကို လိုက်စားသောသူဖြစ်သလော။ (မဟုတ်ပါ။) ဤအရာက ဘာကိုပြသနည်း။ ဤသည်မှာ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို တပ်မက်ခြင်းဖြစ်၏။ ဤအရာသည် သင့်ကို အန္တိခရစ်အဖြစ် မသတ်မှတ်သော်လည်း သင်သည် အန္တိခရစ်များ၏ လမ်းကြောင်း၌ စလျှောက်နေပြီဖြစ်သည်။ အရေးပေးဆက်ဆံမှုကို သင်မွေ့လျော်နေကျ ဖြစ်လာသောအခါ တစ်နေ့တွင် ထိုကဲ့သို့ အရေးပေးဆက်ဆံမှုကို မရရှိနိုင်တော့ပါက သင်စိတ်ဆိုးမည် မဟုတ်လော။ ညီအစ်ကို မောင်နှမအချို့က ဆင်းရဲပြီး သင့်ကိုဧည့်ခံဖို့ ပိုက်ဆံမရှိလျှင် သင်သည် ၎င်းတို့ကို မျှမျှတတ ဆက်ဆံမည်လော။ အကယ်၍ ၎င်းတို့က သင့်ကိုမကျေနပ်စေသည့် အမှန်တရားတစ်ခုကို သင့်အားပြောပါက သင်သည် ၎င်းတို့အပေါ် သြဇာအာဏာကို အသုံးပြုပြီး ၎င်းတို့အား မည်ကဲ့သို့ အပြစ်ပေးရမည်ကို တွေးတောနေမည်လော။ ၎င်းတို့ကို တွေ့သောအခါ မကျေနပ်မှုကို ခံစားရပြီး သင်ခန်းစာ ပေးလိုစိတ် ရှိမည်လော။ ဤအတွေးများ သင့်ထံ ရောက်လာသောအခါ သင်သည် မကောင်းမှုကျူးလွန်ဖို့ မဝေးတော့သည်မဟုတ်လော။ လူတို့အနေဖြင့် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်လှမ်းရန် လွယ်ကူသလော။ အန္တိခရစ်ဖြစ်လာဖို့ လွယ်ကူသလော။ (လွယ်ကူသည်။) ဤသည်မှာ ဒေါပွစရာအလွန်ကောင်း၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အရာခပ်သိမ်း၌ သမ္မာတရားကို မရှာဖွေပါက သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်လှမ်းနေခြင်း ဖြစ်ပေသည်။
လူအချို့သည် ဘုရားသခင်၏အလုပ်ကို နားမလည်ကြသည့်အပြင် ဘုရားသခင်က မည်သို့ကယ်တင်မည်ကိုဖြစ်စေ၊ မည်သူ့ကို ကယ်တင်မည်ကိုဖြစ်စေ မသိကြပေ။ လူအားလုံးသည် အန္တိခရစ်များ၏ စိတ်သဘောထား ရှိကြပြီး အန္တိခရစ်၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်သည်ကို သူတို့မြင်ကြသောကြောင့် ထိုသို့သောလူများသည် ကယ်တင်ခြင်းမျှော်လင့်ချက်မရှိရဟု ခံစားကြရသည်။ အဆုံးတွင် သူတို့အားလုံးသည် အန္တိခရစ်များအဖြစ် စီရင်ခြင်းခံရလိမ့်မည်။ ထိုသူတို့သည် ကယ်တင်ခြင်းသို့ မရောက်နိုင်ဘဲ အားလုံးပျက်စီးကြရမည်။ ထိုသို့သော အတွေးများနှင့် အမြင်များသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။ ဦးစွာ သင်သည် ဘုရားသခင်၏ အလုပ်ကို နားလည်မှုရှိရမည်။ ဘုရားသခင် ကယ်တင်သောသူမှာ ဖောက်ပြန်ပျက်စီးသောလူကို ဖြစ်၏။ ဖောက်ပြန်ပျက်စီးသောသူသည် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်သည်။ ထို့အတွက်ကြောင့် သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်မည့်အစား လူသည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်အောင် မည်သို့ လုပ်ဆောင်နိုင်သနည်း။ သူသည် သမ္မာတရားကို နားလည်ခြင်း၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် သိမြင်ခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းနှင့် မိမိကိုယ်တိုင်၏ စာတန်ဆန်သော သဘာဝကို သိခြင်းရှိရမည်။ ထို့နောက် သူသည် သမ္မာတရားကို ဆက်လက်ရှာဖွေပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်ဖြစ်သည်။ သို့မှသာ သင်သည် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်လှမ်းဘဲ သင်ကိုယ်တိုင် အန္တိခရစ်ဖြစ်လာခြင်းမှ ရှောင်ကြဉ်ကာ ဘုရားသခင် ပစ်ပစ်ခါခါငြင်းသောသူ ဖြစ်လာခြင်းမှ ရှောင်ကြဉ်ရန် သေချာစေနိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် သဘာဝလွန်နည်းလမ်းများဖြင့် အလုပ်မလုပ်ပေ။ ထို့ထက် သူသည် လူတို့၏ စိတ်နှလုံးကို နက်နဲစွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အမြဲပျော်မွေ့ခံစားနေပါက ဘုရားသခင်သည် သင့်အား အပြစ်ဖော်ဆုံးမမည်သာ ဖြစ်သည်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ကာ ဤအရာသည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် သူ မနှစ်သက်ကြောင်း သိရန်အတွက် ဤအပြစ်ကို သင့်အား ဘုရားသခင် သတိပြုစေမည်ဖြစ်သည်။ သင်သည် ဤသဘောပေါက်မှုကို ရရှိလာပြီး သင့်ကိုယ်သင် ပြန်လည်သုံးသပ်ကာ သိနားလည်နိုင်ပါက ပြဿနာကို ဖြေရှင်းရန် အခက်အခဲရှိမည်မဟုတ်ပေ။ သို့သော် သင်သည် ထိုကဲ့သို့သော အခြေအနေတွင် အချိန်ကြာမြင့်စွာ အသက်ရှင်ပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အမြဲပျော်မွေ့ခံစားနေပါက ဘုရားသခင်ထံ ဆုတောင်းရန် သို့မဟုတ် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရန် ပျက်ကွက်ပြီး သမ္မာတရားကို ရှာဖွေရန် ပျက်ကွက်ပါက ဘုရားသခင်သည် မည်သည့်အရာမျှ လုပ်ဆောင်မည် မဟုတ်ပါ။ သူသည် သင်နှင့်အတူပါရှိသည်ဟု မခံစားရစေရန် သူက သင့်အား စွန့်ပစ်မည်ဖြစ်သည်။ ဤကဲ့သို့ ဆက်သွားပါက သင်သည် ဘုရားသခင် စက်ဆုပ်ရွံရှာစရာ ဖြစ်လာမည်မှာ သေချာကြောင်း ဘုရားသခင်က သင့်အား နားလည်သဘောပေါက်စေမည်။ ဤလမ်းကြောင်းက မှားယွင်းကြောင်း၊ သင်၏နေထိုင်မှုနည်းလမ်း မှားယွင်းကြောင်းကို ဘုရားသခင်သည် သင့်အား သိစေလိမ့်မည်။ လူတို့အား ထိုသို့သောနားလည်သဘောပေါက်မှု ပေးရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ မှန်ကန်သောလုပ်ရပ်များနှင့် မှားယွင်းသောလုပ်ရပ်များကို ၎င်းတို့အားသိရှိစေရန်ဖြစ်ပြီး မှန်ကန်သောရွေးချယ်မှု ပြုလုပ်ခွင့်ပေးရန် ဖြစ်သည်။ သို့သော်လည်း လူတစ်ဦးက မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်နိုင်ခြင်း ရှိမရှိသည် ၎င်းတို့၏ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဤအရာများကို လုပ်ဆောင်သောအခါ သင့်အား သမ္မာတရားကို နားလည်ခြင်းဆီသို့ လမ်းပြပေးသည်၊ သို့သော် ထိုမျှမက သူသည် သင့်အတွက် ရွေးချယ်ခွင့်အာဏာကို ချန်ထားခဲ့ကာ ယင်းသည် သင့်အနေဖြင့် မှန်ကန်သောလမ်းကြောင်း လျှောက်လှမ်းနေခြင်း ရှိမရှိသာ ဖြစ်ပါသည်။ ဘုရားသခင်က သင့်အပေါ် မည်သည့်အခါမျှ သတ်မှတ်ပြဋ္ဌာန်းခြင်း မရှိပေ။ သူသည် သင့်ကို ဤအရာထိုအရာ ပြုလုပ်စေလျက် သင့်ကို အတင်းအကျပ် ချုပ်ကိုင်ခြင်း သို့မဟုတ် တစ်စုံတစ်ခုပြုလုပ်ရန် သင့်အား အမိန့်ပေးခြင်း မပြု။ ဘုရားသခင်သည် ထိုသို့မပြုမူ။ သူသည် သင့်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသည်။ ထိုအချိန်မျိုး၌ ဘာလုပ်သင့်သနည်း။ သင်လုပ်နေသောအရာ မှားနေကြောင်း၊ သင်၏နေထိုင်မှုပုံစံ မှားနေကြောင်း သင်သဘောပေါက်သည့်အခါ မှန်ကန်သော နည်းလမ်းများနှင့်အညီ သင်ချက်ချင်းထ၍ လက်တွေ့လုပ်ဆောင်နိုင်သလော။ ယင်းမှာ အလွန်ခက်လိမ့်မည်။ လူတို့ချစ်မြတ်နိုးသော အရာများသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်၌ရပ်တည်သော စာတန်၏အတွေးအခေါ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သောကြောင့် ယင်းတွင် တိုက်ပွဲဝင်စရာရှိသည်။ တစ်ခါတစ်ရံတွင် သင်သည် မည်သည့်အရာ မှန်မည်၊ မှားမည်ကိုသိကာ သင့်စိတ်နှလုံးထဲတွင် တိုက်ပွဲတစ်ခုရှိနေသည်။ ထိုတိုက်ပွဲမျိုးရှိနေစဉ် သင်သည် မကြာခဏ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်အား သင့်ကို လမ်းပြစေကာ သင်မလုပ်သင့်သောအရာများကို သိရှိလာစေရန် ဘုရားသခင်အား ပြစ်တင်မောင်းမဲခွင့်ပေးလော့။ ထို့နောက်တွင် ထိုသို့သော စုံစမ်းသွေးဆောင်မှုများမှ တက်ကြွစွာ ပုန်ကန်ကာ ရှောင်ကြဉ်ပြီး တိမ်းရှောင်လော့။ ဤအရာက သင်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ တိုက်ပွဲအတွင်း သင်သည် အမှားလုပ်မိဦးမည်ဖြစ်ပြီး လမ်းကြောင်းမှားကို လျှောက်ရန် လွယ်ကူသည်။ သင်သည် စိတ်နှလုံးထဲတွင် လမ်းကြောင်းမှန်ကို ရွေးချယ်ကောင်း ရွေးချယ်နိုင်သော်လည်း သင်သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းမည်ဟု မသေချာပေ။ ဤအရာသည် အမှန်တကယ် ဖြစ်သည့်ပုံမဟုတ်လော။ ခဏတာပေါ့လျော့မှုကြောင့် လမ်းကြောင်းမှားကို သင်လျှောက်လိမ့်မည်။ ဤနေရာတွင် “ခဏတာ ပေါ့လျော့မှု” ဟူသည် အဘယ်နည်း။ စုံစမ်းသွေးဆောင်မှုက ကြီးမားလွန်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သင့်အတွက်မှာမူ ဤအရာသည် ဂုဏ်သိက္ခာ သို့မဟုတ် သင့်စိတ်နေစိတ်ထား သို့မဟုတ် အထူးအကြောင်းအရာအချို့ သို့မဟုတ် အထူးပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခြင်းတို့ပင် ဖြစ်နိုင်သည်။ အလေးနက်ဆုံးအချက်မှာ အမှန်တွင် သင့်ကို လွှမ်းမိုးပြီး ချုပ်ကိုင်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤအရာမှာ သင့်အတွက် လမ်းကြောင်းမှန်ကို လိုက်ရန် ခက်ခဲစေသည့်အရာ ဖြစ်သည်။ သင့်တွင် ယုံကြည်ချက်အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း အခြေအနေကြောင့် မတင်မချ မပြတ်မသား ဖြစ်နေဆဲဖြစ်၏။ သင်သည် ပြုပြင်ခြင်းကို မခံရမချင်း၊ အပြစ်ဒဏ်ပေးခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို မခံရမချင်း၊ အတားအဆီးများက သင့်လမ်း၌ ရှုပ်ပွနေပြီး ရှေ့ဆက်လမ်းကို သင်မတွေ့ရမချင်း သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းက လမ်းမှန်မဟုတ်ဘဲ ဘုရားသခင် အလွန်မုန်းတီးပြီး ကျိန်ဆဲသောအရာ ဖြစ်ကြောင်း၊ ဘုရားသခင်တောင်းဆိုသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် အသက်တာအတွက် သင့်လျော်သော လမ်းဖြစ်ကြောင်းနှင့် ဤလမ်းကို လျှောက်လှမ်းရာ၌ သင်သည် စိတ်ပိုင်းဖြတ်ချက် မရှိလျှင် လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကြောင်း သဘောပေါက်လိမ့်မည် မဟုတ်ပေ။ လူတို့သည် ခေါင်းတလားကို မတွေ့မချင်း မငိုကြပေ။ သို့ရာတွင် ဤတိုက်ပွဲဖြစ်နေစဉ် လူတစ်ဦးသည် ကြီးမားသော ယုံကြည်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် ခိုင်မာသောသန္နိဋ္ဌာန်နှင့် သမ္မာတရားကို လိုက်စားရန် စိတ်စွမ်းအား ရှိပါက ဤစုံစမ်းသွေးဆောင်မှုများကို ကျော်လွှားရန် သူ့အတွက် ပိုမိုလွယ်ကူမည်ဖြစ်သည်။ သင်၏ ပဓာနကျသော အားနည်းချက်မှာ ဂုဏ်သိက္ခာကို အထူးဂရုစိုက်ခြင်းနှင့် အဆင့်အတန်းကို ချစ်မြတ်နိုးမှု၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် လောဘဇောနှင့် ဇာတိပကတိ၏ သာယာမှုများဖြစ်ပြီး ဤအရာများသည် သင်၏စိတ်ထဲတွင် အထူးသဖြင့် အားကောင်းပါက သင့်အတွက် အောင်မြင်စွာ လွတ်မြောက်လာရန် ခက်ခဲလိမ့်မည်။ အောင်မြင်စွာ လွတ်မြောက်လာရန် ခက်ခဲလိမ့်မည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရား လိုက်စားသည့်လမ်းကြောင်းကို ရွေးချယ်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဟု ဆိုလိုပြီး ထို့ကြောင့် ထိုအစား သင်သည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်လျက် ဘုရားသခင် သင့်ကို အလွန်မုန်းတီးကာ စွန့်ပယ်စေနိုင်လေသည်။ သို့ရာတွင် သင်သည် အမြဲဂရုစိုက်ပြီး ဆင်ခြင်ချိန်ဆကာ ပြစ်တင်မောင်းမဲခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းခံရရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ ရောက်လာနိုင်ပါက သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မပျော်မွေ့သကဲ့သို့ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် ဇာတိပကတိ၏ စည်းစိမ်တို့ကို လိုချင်တပ်မက်ခြင်း မရှိပါက၊ ထို့အပြင် ထိုသို့သော အတွေးများရှိသောအခါ သင်သည် ယင်းတို့အား အစွမ်းကုန် ပုန်ကန်ရန် ဘုရားသခင်အား မှီခိုအားထား၍ ထိုအတွေးများသည် လုပ်ရပ်များ မဖြစ်လာမီ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကာ နောက်ဆုံးတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ခြင်းရှိပါက မည်သို့ပင်ရှိစေကာမူ သင်သည် ကြီးမားသော စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသောအခါ လမ်းမှန်ကို ရွေးချယ်ရန် အလားအလာ ပိုရှိမည်မဟုတ်လော။ (မှန်ပါသည်။) ဤအရာက သင်၏ စုဆောင်းထားနေကျ အရာများပေါ်တွင် မူတည်လေသည်။ ငါ့ကိုပြောလော့။ လူတစ်ဦးသည် ကြီးမားသော စုံစမ်းသွေးဆောင်မှုတစ်ခုကို ကြုံတွေ့ရပါက ၎င်း၏ ရှိရင်းစွဲ ဝိညာဉ်ရင့်ကျက်မှုအပေါ်သာဖြစ်စေ၊ ၎င်း၏ကိုယ်ပိုင်စိတ်စွမ်းအားအပေါ်သာဖြစ်စေ၊ ၎င်း၏ စုဆောင်းထားနေကျ အရာများအပေါ်သာဖြစ်စေ အမှီပြုခြင်းဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အပြည့်အဝ အထမြောက်အောင် ဆောင်ရွက်နိုင်သလော။ (မဆောင်ရွက်နိုင်ပါ။) သူသည် ယင်းကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်နိုင်သလော။ (ဆောင်ရွက်နိုင်ပါသည်။) လူသည် ယင်းကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သော်လည်း ကြီးစွာသော အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါတွင် ဘုရားသခင်၏ ကြားဝင်ဆောင်ရွက်ပေးမှု လိုအပ်လေသည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပါက သမ္မာတရားအပေါ် လူ၏နားလည်မှုနှင့် လူ၏ဆန္ဒကိုသာ အမှီပြုခြင်းသည် သင့်အား ပြီးပြည့်စုံသော ကာကွယ်မှုကို မပေးနိုင်သကဲ့သို့ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်ခြင်းနှင့် မကောင်းမှုကို လုံးဝ ရှောင်ကြဉ်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ အဓိကသော့ချက်မှာ လူသားသည် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားရမည့်အပြင် ကျန်သည့်အရာများအတွက် ဘုရားသခင်၏ အလုပ်ကို အားကိုးရမည်ဖြစ်သည်။ သင်က “ကျွန်ုပ်သည် ဤအပိုင်း၌ ကြီးမားသော အားထုတ်မှုပြုခဲ့ပြီး တတ်နိုင်သမျှ လုပ်ခဲ့ပြီးပြီ။ အနာဂတ်တွင် မည်သည့် စုံစမ်းသွေးဆောင်မှုများ သို့မဟုတ် အခြေအနေများ ကြုံတွေ့ပါစေ၊ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ဤမျှသာဖြစ်ပြီး ကျွန်ုပ်သည် ဤအတိုင်းအတာအထိသာ လုပ်ဆောင်နိုင်တော့၏” ဟု ပြောသည်ဆိုပါစို့။ သင် ထိုသို့ပြုမူသည်ကို မြင်လျှင် ဘုရားသခင် ဘာလုပ်မည်နည်း။ ဤစုံစမ်းသွေးဆောင်မှုများမှ သင့်အား ဘုရားသခင် ကာကွယ်ပေးလိမ့်မည်။ ဘုရားသခင်သည် သင့်အား ဤစုံစမ်းသွေးဆောင်မှုများမှ ကာကွယ်ပေးသောအခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သင်၏ယုံကြည်ခြင်း ပိုမိုခိုင်မာလာကာ သင်၏ ဝိညာဉ်ရင့်ကျက်မှုက တဖြည်းဖြည်း ကြီးထွားလာမည်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။